အပိုင်း ၄၈၄
Viewers 53k

အခန်း.၄၈၄

အထင်သေးခံရတဲ့ ပိုင်ရှင်ပု...


သူရှေ့မှကောင်လေး၏ သဘောထားကြောင့် ဖုပါ့ မကျေမနပ်ဖြစ်နေမိသည်။


ပြိုင်ပွဲမှ ငါအနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ခင်ဗျား စိတ်ပူစရာမလိုဘူး...


"သူဘယ်လိုလုပ်များ ပြောနိုင်ရတာလဲ...ငါက ဒီစာရင်းသွင်းတဲ့ နေရာမှာ တာဝန်ရှိတဲ့ လူလေ...သူတို့ အရည်အသွေးမှီမမှီဆိုတာကိုကြည့်ရမှာပေါ့..."


တစ်ခြားပါရမီရှိသူများက အဂ္ဂိရတ်ပညာရှင်များအရေအတွက်ထက် များပြားလေသည်။အဘယ့်ကြောင့်ဆိုသော် မြောက်များလှစွာသော လူများက ထိုလမ်းကြောင်းကိုလျှောက်ဖို့ မသင့်တော်သောကြောင့် လူနည်းစုသာ အဂ္ဂိရတ်ပညာရှင်ဖြစ်လာကြခြင်းဖြစ်သည်။


ထို့ကြောင့် အဂ္ဂိရတ်ပညာရှင်မလုပ်နိုင်သော သူများက ဆေးဆရာ သို့မဟုတ် အဆိပ်သခင်များအဖြစ် ရွေးချယ်ခဲ့ကြသည်။လာရောက်စာရင်းသွင်းသမျှ သူများကိုသာ ပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုလျှင် သူ တစ်နေ့လုံး နာမည် စာရင်းမှတ်နေစရာပင်မလိုပေ။မြောက်များလှစွာသော လူများက ပြိုင်ပွဲကို ရေလွှမ်းမိုးသကဲ့သို့ ဖြစ်သွားသည်။


"စာဖိုးမှူးဆိုတာက ကြားရကောင်းတဲ့ နာမည်တစ်ခုပေမယ့် ...ဒါက ချက်ပြုတ်တာလေးပဲလေ...ဒီစားသောက်ဖို့ ချက်ပြုတ်တဲ့လူက ဘာကြောင့် ပြိုင်ပွဲကို ဝင်ပါချင်တာလဲ..."


ထို့အပြင် မြူကောင်းကင်မြို့ထဲ၌ ချက်ပြုတ်နိုင်သူ ဘယ်လောက်များများ ရှိနေနိုင်ဦးမည်နည်း ။အကယ်၍ သူတို့၏ အချက်အပြုတ်ကျွမ်းကျင်မှုကသာ အလွန်အံ့အားသင့်စရာကောင်းနေလျှင် အစာခံ ဆေးလုံးများ၏ ဖိအားကြောင့် ဆိုင်ပိတ်သိမ်းရလိမ့်မည်မဟုတ်ပေ။စာဖိုးမှူးများအနေဖြင့် အဂ္ဂိရတ်ပညာရှင်များကို ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းမရှိပေ။


"ဆရာ မိန်းကလေး နန်ကုန်း လာတယ်လို့ ငါကြား..."


ပုဖန်နှင့် ဖုပါ့တို့ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေတုန်းမှာပင် တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်၍ ပျော်ရွှင်စွာ ဝင်ရောက်လာလေသည်။


တောက်ပလှသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် ငယ်ရွယ်ချောမောသည့် လူတစ်ယောက်ဖြစ်သည်။


သူက ဖုပါ့၏ တပည့်တစ်ယောက်ဖြစ်ပြီး ဆေးပညာရပ်ဆိုင်ရာ ထူးချွန်ကျွမ်းကျင်လှသည့် ဆရာငယ်တစ်ယောက်ဖြစ်သည်။


"မိန်းကလေး နန်ကုန်း ငါတို့ မတွေ့ရတာတောင်ကြာပြီ...ဒါပေမယ့် နင်ကတော့ အရင်အတိုင်း လှပချောမောနေတုန်းပဲ..."


အခန်းထဲမှ နန်ကုန်းဝမ်ကို မြင်လိုက်သောအခါ ထိုလူငယ်၏ မျက်ဝန်းများက လင်းလက်တောက်ပသွားလေသည်။နန်ကုန်းဝမ်က ပြုံးသည်ဆိုရုံသာပြုံး၍ ခေါင်းငြိမ့်ပြလိုက်ပြီး စကားပြန်မဆိုပေ။


"ဖုပါ့ ကျွန်မသူငယ်ချင်းရဲ့ နာမည်ကိုသာ စာရင်းသွင်းပေးပါ...သူ တကယ်ပဲ ပဉ္ဇလက်စုဝေးပွဲမှာ ဝင်ပြိုင်ချင်နေတာ..."


လူအိုကြီးက မျက်နာသေဖြင့် ရပ်နေသော ပုဖန်ကိုကြည့်လိုက်သည်။ထို့နောက် သူ့၏ ဝင့်ကြွားလှသော စကားလုံးများကို ပြန်လည်သတိရသွားပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။


"သေချာတာပေါ့ ငါသူကို စာရင်းသွင်းပေးနိုင်ပါတယ်...ငါကအမြဲ မျှမျှတတပဲ လုပ်တယ်...ဒါပေမယ့် မင်းရဲ့ သူငယ်ချင်းက အခြေခံ စစ်ဆေးမှုကိုတောင် မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ ငါသူကို ပယ်ဖျက်လို့ အပြစ်မတင်နဲ့နော်...ကျန်း... ဒီသခင်လေးကို သူပါဝင်ရွေးချယ်ခံနိုင်တဲ့ ပဉ္စမအုပ်စုဆီ ခေါ်သွားလိုက်ပါ..."


လူလေးက ပုဖန်ကို အံ့အားသင့်သင့် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


"ငါနဲ့ လိုက်ခဲ့ပါ..."


ထို့နောက် သူ ပုဖန်ကို ဦးဆောင်၍ အခန်းထဲမှ ထွက်သွားလေသည်။နန်ကုန်းဝမ်က သူတို့နဲ့ မလိုက်သွားပဲ အခန်းထဲတွင် ကျန်ခဲ့လိုက်ပြီး ခုံ၌ ဝင်ထိုင်လိုက်သည်။


.....


"မင်းဟိုနေရာကိုတွေ့လား...အဲ့ဒီကိုသွားပြီး မင်းပြိုင်ပွဲမှာ ဝင်ဖို့အတွက် လာရွေးချယ်ခံတာပါလို့ ပြောလိုက်...သူတို့ မင်းကို ပါဝင်ခွင့်ပြုလိမ့်မယ်...ဒါပေမယ့် ငါပြောလိုက်မယ်...အဲ့ဒီနေရာမှာ စားဖိုမှူးတွေအတွက် နေရာမရှိဘူး..."


ထိုလူငယ်က ပုဖန်ကို အံ့အားသင့်နေသည့် လေသံဖြင့်ပင်ပြောလိုက်သည်။စားဖိုမှူးတစ်ယောက်... အကယ်၍ သူက အလွန်ထူးချွန်နေသည် ဆိုလျှင်ပင် လုံလောက်နေဦးမည်မဟုတ်ပေ။


ဆေးဆရာများ အဆိပ်သခင်များက တစ်နေ့နေ့ သူတို့၏ ကျွမ်းကျင်မှုများက အဂ္ဂိရတ်ပညာရှင်များထက် သာလွန်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကြိုးစားနေကြတုန်းပင်ဖြစ်သည်။သူ့ကဲ့သို့ စားဖိုမှူးတစ်ယောက်က အဂ္ဂိရတ်ပညာရှင်များကို စိန်ခေါ်မည်ဟုဆိုပါက လူတိုင်းရယ်ကြပေလိမ့်မည်။


"ဒီပဉ္ဇလက်စုဝေးပွဲကို ကျင်းပလာတဲ့သမိုင်းတစ်လျှောက်မှာ မင်းက ပထမဦးဆုံး စာရင်းသွင်းတဲ့ စားဖိုမှူးပဲ...မင်းအခြေခံ ရွေးချယ်မှုကို ကျော်ဖြတ်နိုင်ဖို့မျှော်လင့်ပါတယ်...ရွေးချယ်မခံရဘူးဆိုရင်တော့ အိမ်ပြန်ယုံပဲပေါ့ ...အိမ်ပြန်ရေချိုးပြီး အိပ်လိုက်တော့..."


ထိုလူငယ်က ပုဖန်ကို ကဲ့ရဲ့လိုက်သည်။သူက ပုဖန်ကို အထင်အမြင်သေးနေခြင်းကြောင့်မဟုတ်သော်လည်း ပုဖန်၏ မျှော်လင့်ချက်ကြီးက အလွန်ပင် လွဲမှားနေသည်ဟု ယုံကြည်မိလေသည်။


ပုဖန်က ထိုသူကို စကားတစ်ခွန်းမှမဆိုပဲ အေးဆေးစွာပင် ကြည့်လိုက်သည်။တစ်ချို့သော အကြောင်းအရာများက ရှင်းပြရန်မလိုအပ်ပေ။ထို့အပြင် ရှင်းပြရန်လည်း သူအလွန်ပျင်းနေမိသည်။ထပ်လောင်းပြောရလျှင် ထိုလူငယ်က သူထံမှ ရှင်းပြချက်ရရန် အရည်အချင်းမလုံလောက်ပေ။


ထိုသူက စားဖိုမှူးများ အကြောင်းဘာမှမသိပေ။


ထိုလူငယ်က ပုဖန်၏ နောက်ကျောကို လှောင်ပြောင်ဟန်အပြည့်ဖြင့် ကြည့်နေလိုက်သည်။ထ်ို့နောက် ချာခနဲလှည့်ကာ နန်ကုန်းဝမ်ထိုင်နေသော နေရာဆီသို့ ပြန်သွားလိုက်သည်။


...


"မင်းက ပြိုင်ပွဲဝင်ဖို့အတွက် လာအရွေးချယ်ခံတာလား...ဒါဆိုရင် မင်းရဲ့ နာမည်နဲ့ ကျွမ်းကျင်မှုကိုပြော...ပြီးရင် ဟိုထောင့်မှာ သွားရပ်နေပြီးမင်းအလှည့်ရောက်တဲ့ထိစောင့်..."


စစ်ဆေးသူက ပုဖန်ကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။


"ပုဖန်...စားဖိုမှူး ..."


စစ်ဆေးသူက အံ့အားသင့်သွားသည်။သူ မျက်မှောင်ကြုတ်၍ ပုဖန်ကို ကြည့်လိုက်သည်။


"သေသေချာချာပြောမင်းအခုပြောလိုက်တာ ...ကျွမ်းကျင်မှုက ဘာ..."


"စားဖိုမှူး..."


ပုဖန်က စစ်ဆေးသူကို ဥာဏ်မမှီသည့်လူတစ်ယောက်လိုကြည့်၍ ပြန်ဖြေကြားလိုက်သည်။


စစ်ဆေးသူလည်း စွံ့အနေမိသည်။ပြိုင်ပွဲဝင်သည့် များစွာလှသော ဆေးဆရာများ အဆိပ်သခင်များကို မြင်ဖူးသော်လည်း စားဖိုမှူးတစ်ယောက်ကိုမူ ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်သည်။


"ဒီကောင်လေးက လာနောက်နေတာလား..."


သို့သော်လည်း ထိုကောင်လေးက စစ်ဆေးသည့် နေရာသို့ ရောက်လာပြီဆိုလေရာ စာရင်းသွင်းသူ ဖုပါ့ကို ကျော်ဖြတ်ခဲ့ပြီးပြီးဖြစ်သည်။သို့သော် သူ့အတွက် မည်သည့်စစ်ဆေးမှုမျိုး စီစဉ်ပေးရမည်မှန်းသူမသိပေ။


ဒီကိစ္စနှင့်ပတ်သတ်၍ သူခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။ထို့နောက် စစ်ဆေးသူက ပုဖန်ကိုကြည့်လိုက်ပြီး လက်ခါပြ၍ ထွက်သွားခိုင်းလိုက်သည်။


"အဲ့ဒီနေရာက အုပ်စုနဲ့ သွားရပ်နေလိုက် ...ပြီးလို့ရှိရင် မင်းတို့အုပ်စုကို ပါဝင်ဖို့အတွက် အရည်အချင်းစစ်လိမ့်မယ်...စစ်ဆေးသူတစ်ယောက်ကလာပြီး မင်းပြုလုပ်တဲ့ ပစ္စည်းတွေကို စစ်ဆေးပေးပြီးတော့ ပဉ္ဇလက်စုဝေးပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မမီဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်..."


ပုဖန်လည်း ခေါင်းညိတ်ပြလိုက်ပြီး လူလေးယောက်ရှိနေသော အဖွဲ့ဆီသို့ သွားပူးပေါင်းလိုက်သည်။စာရင်းသွင်းသည့်နေရာ၌ မျက်စိတစ်ဖက်လပ်လူကြီးက နန်ကုန်းဝမ်နှင့်အတူ ရွှင်လန်းစွာဖြင့် စကားပြောနေသည်။


ယခုလက်ရှိအချိန်၌ နန်ကုန်းမိသားစု၏ အခြေအနေက မတည်မငြိမ်ဖြစ်နေသည်ဆိုသော်လည်း သူနန်ကုန်းဝမ်နှင့် မိတ်ဆွေဖွဲ့ခြင်းကို လက်မလျှော့လိုက်ပေ။


အဘယ့်ကြောင့်ဆိုသော် ပိန်ပါးသော ကုလားအုပ်ပင် မြင်းထက်ကြီးသည်ဟူသော အဆိုရှိလေသည်။နန်ကုန်းမိသားစုက ကျဆင်းသည့်အချိန်ကို ရောက်နေသည်ဆိုသော်လည်း လွယ်လွယ်ကူကူ အပြစ်ပြုလုပ်လို့မရသည့် အနေအထားမျိုးပင်ဖြစ်သည်။


"မိန်းကလေးနန်ကုန်း ...မင်းရဲ့သူငယ်ချင်းက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်...စားဖိုမှူး တစ်ယောက်က မီးဖိုချောင်ထဲမှာပဲ ချက်ပြုတ်နေသင့်တယ် မဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီး ပဉ္ဇလက်စုဝေးပွဲမှာ ပါဝင်ချင်ရတာလဲ...ပြီးတော့ မြူကောင်းကင်မြို့တော်မှာ စားဖိုမှူးရှိသေးတာကို ငါတော်တော်လေး အံ့အားသင့်မိတယ်..."


"ဖုပါ့ ကျွန်မရဲ့ သူငယ်ချင်းကို အထင်မသေးပါနဲ့ သူရဲ့ အရည်အချင်းက တကယ့်ကိုထူးဆန်းပြီးအံ့အားသင့်စရာကောင်းလွန်းတယ် ...အဲ့ဒါမျိုး တစ်ခါမှတောင် မြင်ဖူးမှာမဟုတ်ဘူး..."


ပုဖန်၏ အချက်အပြုတ်စွမ်းရည်က ထိုသူများကို သေချာပေါက် အံ့အားသင့်သွားအောင် ပြုလုပ်နိုင်မည်မှန်း သူမ ယုံကြည်မှုရှိပေသည်။သူမပင်လျှင် ပထမဦးဆုံးအကြိမ် သက်စောင့်ဆေးနှင့်ပင် ယှဉ်ပြိုင်နိုင်သော ဟင်းပွဲကို စားသောက်ခဲ့ရတုန်းက အလွန် အံ့အားတသင့်ဖြစ်ခဲ့ရလေသည်။


သူမ၏ အတွေ့အကြုံအရ ပြောရလျှင် သူ့၏ ဟင်းပွဲက သက်စောင့်ဆေးများ၏ အရသာထက်ပိုမိုသာလွန်ပြီး သက်ရောက်မှုကလည်း နည်းနည်းမှ လျော့ကျနေခြင်းမရှိပေ။ထိုကိစ္စက တကယ့်ကိုအံ့အားသင့်စရာကောင်းလွန်းသည်။


"ကြည့်ရတာတော့ မင်းကလည်း မင်းသူငယ်ချင်းအပေါ်မှာ တော်တော်လေး ယုံကြည်မှုရှိပုံပဲ...ဒီလိုဆိုမှတော့ ငါတို့ စောင့်ကြည့်ကြတာပေါ့ ..."


ဖုပါ့က ထိုကဲ့သို့ ပြောလိုက်သော်လည်း စားဖိုမှူးတစ်ယောက်က အံ့အားသင့်စရာများ သယ်လာလိမ့်မည်ဟု သူမယုံကြည်ပေ။


ထိပ်တန်းဆေးဆရာတစ်ယောက်ပင်လျှင် တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်နှင့် မျက်နာချင်းဆိုင်ရပါက ရှုံးနိမ့်သွားအောင် ဖိနှိမ့်ခံရပေလိမ့်မည်။ထိုသို့ဖြစ်ရာ စားဖိုမှူးတစ်ယောက်က ဘာများ လုပ်နိုင်ပါဦးမည်နည်း။


"ဒါဆိုလည်း သွားကြည့်ကြိစို့ ...စစ်ဆေးမှုက မကြာခင်မှာပဲ စတော့မယ်လေ..."


နန်ကုန်းဝမ်က အေးဆေးစွာပြောလိုက်သည်။


......


သူတို့ရောက်နေသော ပြိုင်ပွဲကွင်း၏ အပေါ်ပိုင်းနေရာကျယ်ကျယ်ကို ဖွင့်ဟထားသည်။ထိုနေရာမှ ဝင်ရောက်လာသော အလင်းရောင်က စင်မြင့်ပေါ် ဖြာကျနေပြီး ထိန်လင်းနေစေသည်။


ပုဖန်နှင့် တခြားလေးယောက်က ထိုပြိုင်ပွဲကွင်းထဲသို့ ဝင်ရောက်လိုက်သည်။


ထိုပြိုင်ပွဲနေရာတွင် စင်မြင့် ငါးခုရှိသည်။တစ်ယောက်ချင်းစီက သူတို့၏ နေရာ၌ စစ်ဆေးမှုကိုကျော်ဖြတ်ရပေမည်။


ပုဖန်က သူရှေ့၌ ရှိနေသော ကြေးဝါစင်မြင့်ကို လက်သီးနှင့် ထိုးနှက်ကြည့်လိုက်သည်။ထိုထိတွေ့မှုမှာ သူ့၏ လက်သီးပင် အဆမတန် နာကျင်သွားသောကြောင့် မျက်မှောင်ပင်ကြုတ်လိုက်မိသည်။


စစ်ဆေးသူက ပြိုင်ပွဲကွင်း၏ အလယ်တည့်တည့်တွင် ရပ်နေသည်။ထို့နောက် သူက စစ်ဆေးမှု၏ စည်းကမ်းများအကြောင်းကို စတင်ရှင်းပြလိုက်သည်။


ဒီနေရာ၌ တိကျ ရှုပ်ထွေးသော စည်းမျဉ်းများမရှိပေ။တစ်ယောက်ချင်ီးက အဆင့် ၈သက်စောင့် ဆေးလုံးနှင့် အာနိသင်ချင်းတူသည့် တစ်စုံတစ်ခုကို ပြုလုပ်ဖို့သာ လိုအပ်သည်။


ထို လိုအပ်ချက်က မြင့်မားသည်ဟု ဆို၍မရပေ။တကယ်တမ်းပြောရမည်ဆိုလျှင် အဂ္ဂိရတ်ပညာရှင်များအဖို့ အဆင့် ၈ ဆေးလုံး သန့်စင်ရန်မှာ အလွန်ပင် လွယ်ကူလှသောကြောင့်နိမ့်သည်ဟုပင် ဆိုနိုင်သည်။ထို့အပြင် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်များက အလွန်ပင် ကြောက်စရာကောင်းသည့် သက်ရောက်မှုမျိုးရှိသော စိတ်ဝိညာဉ်ဆေးလုံးများကိုပင် သန့်စင်နိုင်လေသည်။


ပုဖန်က သူ့အဖွဲ့ထဲရှိ အခြားသူများကို အကဲခတ်ကြည့်လိုက်သည်။ထိုသူများက အလွန်တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။သူတို့က သူတို့၏ အရည်အချည်းပေါ် တော်တော်လေး ယုံကြည်မှုရှိသည်ဟု ထင်ရသည်။


ပွဲကြည့် လေ့လာသူများနေရာ(ပွဲကြည့်စင် )တွင်ထိုင်နေသောဖုပါ့က ခပ်ပြုံးပြုံးဖြင့် နန်ကုန်းဝမ်ဘက်သို့ လှည့်ပြောလိုက်သည်။


"ဒီလေးယောက်ရဲ့ အရည်အချင်းက တော်တော်လေး ထူးခြားတယ်...သူတို့က ထိပ်ဆုံး အယောက်၁၀၀ ထဲ ပါနိုင်ဖို့တောင်မှ မျှော်လင့်ထားနိုင်တယ်..မင်းရဲ့ သူငယ်ချင်းက သူတို့နဲ့ သွားပူးပေါင်းလိုက်တာက သူရပ်တည်ဖို့ တော်တော်ခက်လိမ့်မယ်..."


ထိုစကားကြောင့် နန်ကုန်းဝမ် ခပ်ဖွဖွသာရယ်မောလိုက်သည်။သူမကလည်း ပုဖန်၏ အရည်အချင်းကို ယုံကြည်ပေသည်။


"စစ်ဆေးမှုကို အခုပဲ စတင်မယ်...အချိန်သတ်မှတ်ချက်ကတော့ တစ်နာရီပဲ...တကယ်လို့ မင်းတို့ အဲ့ဒီအချိန်ထက် ကျော်သွားမယ်ဆ်ိုရင်တော့ ချက်ချင်းပဲ အရည်အချင်းစစ်ပွဲ ကျရှုံးတယ်..."


စစ်ဆေးသူ၏ ကြေငြာသံ ပြီးဆုံးသည်နှင့် စင်ပေါ်တွင် ရှိနေသောသူများကသူတို့၏ အလုပ်များကို စတင်၍ လုပ်ဆောင်လေသည်။ယခုစစ်ဆေးမှုကို ကြည့်ရှုနေသော လူများစွာ ရှိပေသည်။အဘယ့်ကြောင့်ဆိုသော် ဖုပါ့ ပြောခဲ့သလိုပင် ထိုလေးယောက်၏ ဂုဏ်သတင်းက ကျော်ဇောလှသည်။သူတို့၏ လှုပ်ရှားမှုများကို လာရောက်ကြည့်ရှုခြင်းက သေချာပေါက် အကျိုးရှိပေလိမ့်မည်။


လူအများက ထိုလေးယောက်ကြားရောနှောနေသည့် ပုဖန်ကိုသတိပြုမိကြသည်။သူတို့လေးယောက်နှင့် တွေ့ဆုံခြင်းက သူ့အတွက် ရပ်တည်ဖို့ ခက်ခဲလိမ့်မည်ဟု သူတို့ ယုံကြည်သောကြောင့် ပုဖန်ကို စာနာသနားသည့်အကြည့်များဖြင့် ကြည့်နေကြသည်။


လူငယ်က ပြိုင်ပွဲဝင်ဖို့ ရွေးချယ်ခံသည့်နေရာတွင် ပထမဦးဆုံးအကြိမ် ပါဝင်ခြင်းဖြစ်မည်ဟုသူတို့ထင်မိကြသည်။အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်၏ မျက်နာကို သူတို့ မရင်းနီးသောကြောင့်ဖြစ်သည်။


ပုဖန်ကံဆိုးသည်ဟု သူတို့ထင်မိကြသည်။သူတို့ထဲက တစ်ယောက်မှ ပုဖန်အတွက် မျှော်လင့်ချက်မထားကြောင်း သိသာလှပေသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူ၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်ကို သူတို့ မြင်လိုက်သောအခါ ပြိုင်ပွဲကွင်းတစ်ခုလုံး အပ်ကျသံမကြားအောင် တိတ်ဆိတ်သွားလေသည်။ထို့နောက် နားကွဲမတက် ရယ်သံကျယ်များ အဆက်မပြတ်ထွက်ပေါ်လာလေ၏။


"ဒီကောင်လေးက ဒီနေရာကိုလာပြီး သူတို့ကို ဟာသ လာလုပ်တာလား...ဒယ်အိုးထုတ်ယူပြီး ဘာလုပ်ဖို့လဲ...ဟင်းချက်ဖို့လား..."