အခန်း ၄၈၅
စားဖိုမှူးလား...အဆိပ်သခင်လား...
ပုဖန် ဒယ်အိုး တစ်လုံး ထုတ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားမိပေ။သူတို့မြင်လိုက်ရသည်က ဒယ်အိုးတစ်လုံးဖြစ်ပြီး အဂ္ဂိရတ်ပညာရှင်များ ဆေးလုံးသန့်စင်ရာတွင် သုံးသည့် မီးပြင်းဖိုမဟုတ်ပေ။
ပထမဦးဆုံး သူတို့ထင်လိုက်သည်က ပုဖန် မီးပြင်းဖိုတစ်ခု ထုတ်ယူလိုက်သည်ဟုပင်။သို့သော် သူတို့ ခဏမျှ ကြည့်ရှုပြီးသည့်အခါ၌ မထိန်းနိုင်စွာ ရယ်မောလိုက်မိကြသည်။သူတို့၏ ရယ်သံကျယ်များပ လှောင်ပြောင်သံများ စွက်နေလေသည်။
"ပထမဦးဆုံး ငါထင်လိုက်တာက အဂ္ဂိရတ်ပညာရှင် အသစ်တစ်ယောက်ထွက်ပေါ်လာပြီလို့လေ...ဒါပေမယ့် သူက ဒယ်အိုးတစ်လုံးကို ထုတ်လိုက်တယ်တဲ့လား...ဟား ဟား ဟား..."
"ဟုတ်ပါပြီ သူက ဒယ်အိုးတစ်လုံး ထုတ်ပြီးတော့ ဆေးသန့်စင်မှာလား...ဒါမှမဟုတ် အဆိပ်သန့်စင်မှာလား သူက ဆေးဆရာတစ်ယောက်လား..."
"ဒယ်အိုးနဲ့ ဆေးလုံး သန့်စင်တဲ့ တစ်ယောက်ယောက်ကိုများ မင်းမြင်ဖူးလို့လား...ဆေးဆရာတွေတောင်မှ သူတို့ ဆေးကျိုချက်ရင် မီးပြင်ဖိုကိုပဲသုံးတာ..."
ကြည့်ရှုသူများကြားထဲမှ ဆေးနွေးမှုများနှင့် ငြင်းခုံမှုများ ဖြစ်ပေါ်နေလေသည်။ပြိုင်ပွဲဝင်လေးဦးက ပုဖန်နှင့် နီးနီးကပ်ကပ်ရပ်နေကြသည်ဖြစ်လေရာ သူထုတ်ယူလိုက်သည့် ဒယ်အိုးကို ရှင်းလင်းစွာ မြင်ကြရလေသည်။ထို့အပြင် သူက ဒယ်အိုးတစ်ခုတည်းတင် မဟုတ်ပဲ မီးဖိုချောင်သုံး ဓားတစ်လက်ပါပါနေသေးသည်။
သူ့၏ မီးဖိုချောင်သုံးဓားကို ကိုင်မြှောက် လိုက်သောအခါ၌ ပြိုင်ပွဲကွင်းတစ်ခုလုံးကို ဆူဆူညံညံဖြစ်သွားစေသည်။
"ဘုရားရေ သူက ဘာလုပ်မှာလဲ...ဒီကောင်လေးက တကယ်ပဲ ဟင်းတစ်ပွဲချက်မှာလား ..."
"ဒီရွေးချယ်ခံနေရာမှာ ချက်ပြုတ်ဖို့ ခွင့်ပြုထားလို့လား...ဒါမှမဟုတ် သူက ငါတို့ကိုလာပြီး ဟာသလာလုပ်ပြနေတာလား..."
ကြည့်ရှုသူများက အံ့အားတကြီး စိတ်ရှုပ်ထွေးနေကြသည်။ပုဖန်က မီးဖိုချောင်သုံးဓားနှင့် ဒယ်အိုးကို ထုတ်ယူလိုက်ပြီးသည့်နောက်... သူ မချက်ပြုတ်ပါဟု ပြောလျှင်ပင် မည်သူမှ ယုံကြတော့မည်မဟုတ်ပေ။ဖုပါ့ကလည်း ခပ်ဖွဖွရယ်မောရင်းပြောလိုက်သည်။
"မိန်းကလေး နန်ကုန်း သူတော့ အခု ရယ်စရာဖြစ်နေပြီ.."
သို့သော်လည်း သူမျှော်လင့်ထားသကဲ့သို့ နန်ကုန်းဝမ်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ထိုအစား သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားကာ အဓိပ္ပါယ်ပြည့်ဝသည့် အပြုံးတစ်ခုကို လှစ်ဟလိုက်သည်။
ဖုပါ့ သူမကို အကြာကြီး ကြည့်နေမိပြီးမှ ပြိုင်ပွဲရှိရာဆီသို့ ပြန်လွှဲလိုက်သည်။
တစ်ခြား ပြိုင်ပွဲဝင်လေးယောက်ကလည်း ပုဖန် ဟာသ လာလုပ်သည်ဟု ယူဆမိသောကြောင့် သူ့ကို အာရုံမစိုက်တော့ပေ။အပေါ်မှ စွမ်းအင်လှိုင်းများကို ထုတ်ဖော်လိုက်ပြီး သိုလှောင်ပစ္စည်းများထဲမှ ဆေးမီးဖိုကို ထုတ်ယူလိုက်သည်။
ထိုသူများထဲမှ သုံးယောက်က ဆေးဆရာဖြစ်ပြီး တစ်ယောက်က အဆိပ်သခင်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်မျိုးစလုံးက ဆေးဝါးသန့်စင်ရာတွင် ဆေးမီးဖိုကိုသာ အသုံးပြုကြသည်။
ဆေးမီးဖိုက ဆေးလုံးမီးပြင်းဖိုထက်နိမ့်သော်လည်း ၎င်းကို ပို၍ ထိန်းချုပ်ရလွယ်ကူသည်။တစ်ခြားပြိုင်ပွဲဝင်လေးဦးက မြောက်များလှစွာသော စိတ်ဝိညာဉ်ဆေးများကို သူတို့၏ ကြေးဝါ စင်မြင့်ပေါ်တွင် တင်လိုက်သည်။
ထိုဆေးများမှ ထုတ်လွင့်နေသောမွှေးရနံ့နှင့် စိတ်ဝိညာဉ် စွမ်းအင်များက လေထဲ၌ ဝေ့ဝဲနေသည်။ရလဒ်အနေဖြင့် ကြည့်ရှုသူများ၏ စိတ်နှလုံးတွင် သက်ရောက်မှုရှိလေသည်။
ဆေးဆရာတစ်ဦး၏ မျက်ဝန်းများက စူးရှလေးနက်လာသည်။သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် စိတ်ဝိညာဉ်ဆေးပင်များကို ကြိတ်ချေလိုက်၏။ထို့နောက် ဆေးမီးဖိုထဲသို့ လောင်းထည့်လိုက်သည်။
ဆေးမီးဖိုက နီရဲစွာ တောက်ပလာပြီးနောက် အခိုးအငွေ့များ စတင်ထွက်ပေါ်လာသည်။စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီးနောက် သူ အနီရောင် သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။ထို့နောက် လက်နှစ်ဖက်ဖြင့် ဖိညှစ်ချေလိုက်၏။
ကြည့်ရှုနေသူများကလည်း စိတ်လှုပ်ရှားကြီးစွာဖြင့် ကြည့်နေကြသည်။ထိုဆေးဆရာအသုံးပြုလိုက်သောနည်းလမ်းက ပါဝင်ပစ္စည်းများအတွက် အလွန်အရေးကြီးပေသည်။အကယ်၍ သူသာပါဝင်ပစ္စည်းများကို သေချာစွာ မကိုင်တွယ်ခဲ့လျှင် မည်သည့်နည်းဖြင့် ကောင်းမွန်သည့် ဆေးလုံးကို သန့်စင်နိုင်ပါမည်နည်း။
အဆိပ်သခင်၏ လက်ထဲ၌လည်း ရှည်လျားလှသော အနီရဲရဲ မြွေတစ်ကောင်ပေါ်လာသည်။သူ့ဆီမှ မှောင်မိုက်သော အော်ရာများကို ထုတ်လွင့်နေ၏။ထိုမြွေ၏ မည်းနက်နေသော အစွယ်များက အလွန်အဆိပ်ရှိပုံပေါ်လေသည်။
အဆိပ်သခင်၏ အမူအရာက အနည်းငယ်မျှပင် စိတ်လှုပ်ရှား ပြောင်းလဲနေခြင်းမရှိပေ။သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး မြွေခေါင်းနှင့် ခုနစ်လက်မအကွာ နေရာသို့ ဖွင့်လိုက်သည်။သူ့၏ လက်မနှင့် လက်ညှိုးကိုအသုံးပြုပြီး ထိုနေရာမှ အနက်ရောက်သည်းခြေအိတ်ကို ဆွဲထုတ်လိုက်သည်။
ထိုသည်းခြေအိတ်ကို နှာခေါင်းနားသို့ တိုးကပ်၍ အနံ့ရှူကြည့်လိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးတက်သွားပေသည်။
အဆိပ်သခင်များက ဆေးဆရာများထက် အရေအတွက် နည်းပါးလှသည်။အဘယ့်ကြောင့်ဆိုသော် သူတို့၏ အလုပ်က အန္တရာယ်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။အဆိပ်သခင်များက မကြာခဏဆိုသလို သူတို့၏ အဆိပ်ဖြင့်ပင် သေဆုံးလေ့ရှိကြသည်။
သို့သော်လည်း အဆိပ်သခင်များက ဆေးဆရာများထက်ပို၍ အဂ္ဂိရတ်ပညာရှင်များကို စိန်ခေါ်နိုင်သည့် အခွင့်အရေးပိုများကြောင်း အားလုံးသိကြပေသည်။
ထိုအခြင်းအရာက ကံဆိုးကံကောင်းဒွန်တွဲနေသည်ဟူသော သဘောတရားပင်။
အဆိပ်သခင်များ၏ လုပ်ငန်းက အန္တရာယ်များနှင့် ပြည့်နှက်နေသည်ဟု ဆိုကြသော်လည်း သူတို့က အလွန်အံ့အားသင့်ထိတ်လန့်ဖွယ်ကောင်းသော သက်ရောက်မှုမျိုးရှိသည့် အဆိပ်များကို လွယ်ကူစွာ သန့်စင်နိုင်နိုင်တုန်းပင်ဖြစ်သည်။
ယခင်တစ်ချိန်က ပဉ္ဇလက်စုဝေးပွဲတွင် အဆိပ်သခင်များက ထိပ်သီး သုံးဆယ် အတွင်းပင် ပါဝင်နိုင်ခဲ့သည်။ထိုအချိန်က သူတို့အားလုံးအတွက် ထူးခြားလှသော အချိန်ကာလကြီး တစ်ခုပင်ဖြစ်ခဲ့သည်။
ထိပ်ဆုံး ငါးဆယ်အတွင်း ဝင်သည့်လူတိုင်းက လက်ဆောင်မွန်များကို ပိုင်ဆိုင်ထားကြသည့် ထိပ်သီးပါရမီရှင်များ ဖြစ်ကြောင်း သိထားရပေမည်။
တစ်ခြားပြိုင်ပွဲဝင်လေးယောက်က သူတို့၏ ကျွမ်းကျင်မှုများကို ထုတ်ပြဖို့တွန့်ဆုတ်မနေကြပေ။ဒီစစ်ဆေးမှုက အစမ်းရွေးချယ်မှုလေးသာဖြစ်သော်လည်း သူတို့ အနည်းငယ်မျှ မပေါ့ဆရဲကြပေ။
အဘယ့်ကြောင့်ဆိုသော် ဆေးများသန့်စင်ရာတွင် သူတို့ အပြည့်အဝ အာရုံ စိုက်ထားရန် လိုအပ်ပေသည်။သေးငယ်သော အမှားလေးတစ်ခုကပင် သန့်စင်သည့် ဖြစ်စဉ်တစ်ခုလုံးကို ကျရှုံးသွားစေနိုင်သည်။
ထို ဆုံးရှုံးမှု၏ ကြီးမားသောတန်ဖိုးက သူတို့ပေးနိုင်သည့်အရာလည်းမဟုတ်ပေ။
သူတို့၏ အလုပ်ပေါ်တွင် အာရုံစိုက်ထားစဉ်မှာပင် ဆိုး ရွားသော အနံ့ဖျော့ဖျော့တစ်ခု ရစ်ဝဲလာလေသည်။
"အနံ့ဆိုး...ဘယ်သူက သူ့ရဲ့ သန့်စင်မှု ဖြစ်စဉ်ကို ကျရှုံးခဲ့တာလဲ...သူရဲ့ ပစ္စည်းတွေအားလုံးကို မီးဖိုထဲမှာ ထည့်လောင်ကျွမ်းလိုက်ပြီလား..."
ထိုအတွေးက သူတို့ပထမဦးဆုံး တွေးမိသည့်အတွေးဖြစ်သည်။သူတို့ နှာခေါင်းကို ခဏမျှ ရှုံ့ပွရှုံ့ပွ လုပ်ကြည့်ပြီးနောက် ထို အနံ့က အရာဝတ္တုများလောင်ကျွမ်းသည့် အနံ့မဟုတ်ကြောင်းသတိပြုမိလ်ိုက်သည်။ဆေးဆရာတစ်ယောက်က မထိန်းနိုင်ပဲ အနံ့ဆိုးထွက်လာရာနေရာကို လှည့်ကြည့်လိုက်သည်။
ပုဖန်က မြေအိုးတစ်ခုကိုယူ၍ သူ့စင်မြင့်ပေါ်တင်လိုက်သည်ကို မြင်လိုက်ရသည်။ထိုအနံ့ဆိုးများက ထ်ိုအိုးမှထွက်လာခြင်းဖြစ်သည်။
ပုဖန် သူ့၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ရာ ကြယ်တစ်စင်းကြွေကျလာသလို အလင်းရောင်ဖျက်ခနဲ လက်သွားသည်ကိုသာ မြင်လိုက်ရသည်။
ကြည့်ရှုနေကြသူများက ပုဖန် ပါဝင်ပစ္စည်းများဖြတ်တောက်သည်ကို သတိမပြုမိခင်တွင် အလင်းရောင်ကိုသာ သတိထားမိလိုက်သည်။ပုဖန်က ပါဝင်ပစ္စည်းများကို ဒယ်အိုးအတွင်းသို့ထည့်၍ ရောနှောကြော်လှော်လိုက်သည်။တရှဲရှဲ မြည်သံများကလည်း ပတ်ဝန်းကျင်တစ်ခွင်ကို လွှမ်းခြုံထားလေသည်။ကြည့်ရှုနေသူများက အငွေ့တထောင်းထောင်းထနေသော ဒယ်အိုးကိုကြည့်၍ စွံ့အနေမိကြသည်။
"ဒီကောင်လေးက တကယ်ကြီးပဲ စင်ပေါ်မှာ ချက်ပြုတ်နေတာလား..."
ဒယ်အိုးအတွင်းမှ မွှေးရနံ့ဖျော့ဖျော့နှင့်အတူ ထူးဆန်းသည့်အနံ့ဆိုးဖျော့ဖျော့ပါထွက်လာလေသည်။ထိုကဲ့သို့သော ဆန့်ကျင်ဘက် နှစ်ခုပေါင်းစပ်မှုက လူတိုင်းကို စွံ့အနေစေ၏။
တစ်ခြားပြိုင်ပွဲဝင်လေးယောက်၏ အကြည့်များကိုလည်း ပုဖန်က သိမ်းပိုက်ထားပေသည်။သူတို့လေးယောက်သား ခဏအကြာမှ ကြိုးစား၍ အကြည့်လွှဲဖယ်လိုက်ရသည်။
သူတို့က ပုဖန်ကို ထပ်မံ စိတ်ဝင်စားခြင်းမရှိတော့ပေ။ထိုအနံ့များက ထူးဆန်းသည်ဆိုသော်လည်း သူတို့အပေါ်တွင် သက်ရောက်နေခြင်းလည်းမဟုတ်ပေ။
သူတို့၏ သန့်စင်ခြင်းလုပ်ငန်းကိုသာ ပို၍ အာရုံစိုက်လိုက်ကြသည်။ပုဖန်က ချက်ပြုတ်ခြင်းနောက်တစ်ဆင့်ကို စတင်နေပေပြီ။သူ စင်ပေါ်တင်ထားသည့် အိုးအဖုံးကို ရိုက်၍ ဖွင့်လိုက်သည်။
ပျံ့လွှင့်နေသည့် အနံ့ဆိုးဖျော့ဖျော့က ပို၍ ပြင်းထန်လာသည်။ထိုအရာက အီးအပုပ်အစပ်ကို တစ်စုံတစ်ယောက်၏ နှာခေါင်းနား တေ့၍ ပေါက်လိုက်သလိုပင်။
"လခွမ်း...သောက်ကျိုးနဲ ဒါဘာအနံ့ကြီးလဲ..."
"ဒီကောင်လေးက ဘာတွေလုပ်နေတာလဲ ဘယ်လိုဖြစ်လို့ အဲ့ဒီလောက် အနံ့ဆိုးရတာလဲ...အဲ့ဒီ သူစင်ပေါ်တင်ထားတဲ့ အိုးထဲမှာ မစင်တွေများရှိနေတာလား..."
"သူက ဟင်းချက်နေတာဟုတ်ရဲ့လား...သေလိုက်ပါတော့ ငါတကယ်ကို ယုံကြည်မိတော့မလို့...လူပြက်ကောင်က ဘယ်ကနေရောက်လာတာလဲ ...သူက မစင်တွေကို ကျိူချက်နေတာလား..."
ကြည့်ရှုနေကြသူများ၏ အမူအရာက အံ့အားသင့်နေရာမှ ဒေါသထွက်နေရာအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ နှာခေါင်းများကို ဖုံးကွယ်ထားလိုက်သည်။သူတို့က ထိုမြေအိုးထဲမှနေ၍ အနက်ရောင်တုံးလေးများကို အေးဆေးတည်ငြိမ်စွာ ထုတ်ယူနေသည့် ပုဖန်ကို ကြည့်နေကြသည်။
ထိုအနက်ရောင်အတုံးလေးများမှနေ၍ အနံ့ဆိုးထွက်နေသည့် အနက်ရောင်အရည်များလည်း စီးကျနေသည်။
ဖုပါ့၏ အမူအရာက မဲမှောင်သွားပြီး သူ့နဖူးထက်တွင် အပြာရောင်သွေးကြောများပင် ပေါ်လာလေသည်။
သို့သော်လည်း နန်ကုန်းဝမ်ကမူ ရယ်ချင်စိတ်နှင့် အနည်းငယ် စိတ်မသက်မသာဖြစ်မှုကို ခံစားရသည်။ပုဖန် ယခုကဲ့သို့ ဟင်းပွဲမျိုး ပြုလုပ်မည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။
"မိန်းကလေးနန်ကုန်း မင်းက ငါ့ကို ပွင့်ပွင့်လင်းလင်း မပြောဘူး...သူက အဆိပ်သခင် တစ်ယောက် ဟုတ်တယ်မဟုတ်လား...တကယ်လ်ို့ မဟုတ်ဘူးဆိုရင် ဘယ်လိုဖြစ်ပြီး ဒီလောက်ဆိုးရွားတဲ့ အရာမျိုး သူ့မှာရှိနေမှာလဲ..."
ပုဖန် သူ့ကိုယ်လှည့်သွားစားသည်ဟု ခံစားရသောကြောင့် ဖုပါ့၏ အမူအရာက မဲမှောင်နေသည်။
"စားဖိုမှူး...သေလိုက်ပါလား...ဒီလိုပုံစံမျိုးနဲ့ ဘယ်သူက စားဖိုမှူးဖြစ်မှာလဲ..."
ရွဲ...ရွဲ...ရွဲ...
ပုဖန်က အနက်ရောင်တို့ဟူးတုံးလေးများကို ဆီအိုးထဲ ပစ်ထည့်လိုက်သောကြောင့် တရှဲရှဲမြည်သံများအဆက်မပြတ်ထွက်နေကာ ဆီများလည်း အဘက်ဘက်သို့ လွင့်စင်နေသည်။အိုးမှ ပြန့်လွှင့်လာသော အနံ့ဆိုးက ပို၍ သိပ်သည်းလာကာ ပြိုင်ပွဲကွင်းတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
ဘန်း...
စင်ပေါ်မှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ပုဖန်နှင့် အနီးဆုံးတွင်ရှိနေသော ဆေးဆရာတစ်ယောက်က ထိုအနံ့ဆိုးများကြောင့် မျက်ရည်များစီးကျနေကာ သူ့လည်ပင်းကို ဆုပ်ကိုင်ထားလေသည်။သူက သူ့၏ စင်မြင့်ကို အားပြု၍ မှီနေရသည်။သူရှေ့မှ ဆေးမီးဖိုကလည်းပေါက်ကွဲထွက်သွားသောကြောင့် ဆေးအနှစ်များက မြေပြင်ပေါ် ပြန့်ကျဲနေပေသည်။
"အဲ့ဒီအနံ့က အရမ်းဆိုးလွန်းလွန်းလို့ ငါဘယ်လိုမှ အာရုံစိုက်လို့မရတော့ဘူး..."
ထိုဆေးဆရာက ပုဖန်ကို မကျေမနပ်ဖြင့် စူးစူးရဲရဲကြည့်လိုက်သည်။
"ဒီလူက ဒါတွေအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်သက်သက် လုပ်နေတာပဲ..."
လက်ရှိ အချိန်တွင် တခြားဆေးဆရာနှစ်ဦးကလည်း အခြေအနေမကောင်းကြပေ။သူတို့၏ နှာခေါင်းကို လက်တစ်ဘက်ဖြင့် အုပ်ကာထားပြီး သူတို့၏ မျက်နာက အဆိပ်မိထားသကဲ့သို့ မှောင်မဲနေလေသည်။သူတိုရှေ့မှ ဆေးမီးဖိုကလည်း ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ကြည့်ရသည်မှာ မကြာမီ ပေါက်ကွဲတော့မည့်ပုံပေါ်သည်။
ထိုဆေးဆရာနှစ်ယောက်စလုံးက ပြင်းထန်သည့် အနံ့ဆိုးများကြောင့် သူတို့၏ အာရုံကို သေချာစွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ယခုအခ်ျိန်ထိ တည်ငြိမ်စွာဖြင့် ကျန်နေသေးသည့်သူမှ အဆိပ်သခင်သာဖြစ်သည်။သူက နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေး၍ ပုဖန်ကို ကြည့်လိုက်သည်။
"လတ်စသတ်တော့ ဒီလူကလည်း ငါနဲ့ တူနေတာပဲ...သူ လုပ်နေတာက တကယ့်ကို ဆိုး ရွားလွန်းတယ်..."
အဆိပ်သခင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လ်ိုက်ရာ အနံ့ဆိုးများက နှာခေါင်းပေါက်ထဲ အလုအယက် တိုးဝင်သွားလေသည်။
"တကယ့်ကိုပဲ အနံ့ဆိုးလွန်းတာပဲ...ဒါပေမယ့် ငါကြိုက်တယ်..."
အဆိပ်သခင်က ခပ်ပြုံးပြုံးဖြင့် ကောက်ချက်ချလိုက်သည်။သူ ပင့်ကူနက်တစ်ကောင်ကို ထုတ်ယူ၍ ဆေးမီးဖိုထဲ ပစ်လိုက်သည်။ထို့နောက် မီးအပူရှိန်က်ို တိုးမြှင့်လိုက်၏။
သူ့၏ ဆေးမီးဖိုမှ အပူရှိန်မြင့်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် အခိုးအငွေ့များထွက်ပေါ်လာကာ အနံ့ဆိုးဖျော့ဖျော့လည်း ထွက်လာသည်။
ဘန်း...ဘန်း...
ကျန်နေသေးသည့် ဆေးဆရာနှစ်ယောက်၏ ဆေးမီးဖိုကလည်း ပေါက်ကွဲထွက်သွားပြီး ကျောက်တုံးများ လွင့်စင်လာသည်။ဆေးအနှစ်များကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားလေသည်။
ယခုအချိန်၌ ဆေးဆရာများ၏ မျက်နာအမူအရာက လုံးဝ မဲမှောင်နေပေပြီ။ထိုဆေးမီးဖိုများ ပေါက်ကွဲသွားသည့် အဓိပ္ပါယ်က သူတို့ ရွေးချယ်မှုကို ကျဆုံးသွားသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
"ဒါက တော်တော်ကို ဆိုးရွားလွန်းတယ်...ဘယ်လိုဖြစ်ပြီး ဒီလောက်ရက်စက်ကြောက်စရာကောင်းတဲ့လူ ပေါ်လာရတာလဲ..."
ပုဖန်၏ အမူအရာက နဂိုအတိုင်း တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူ ဒယ်အိုးထဲမှ အနက်ရောင်တို့ဟူးတုံးလေးများကို မွှေလိုက်ရာအနံ့ဆိုးက အနည်းငယ်ပြောင်းလဲသွားလေသည်။
အချိန်အတော်ကြာပြီးနောက် သေချာစွာကြော်ထားသည့် တို့ဟူးတုံးလေးများကို အိုးထဲမှ ဆယ်ယူပြီးနောက် ကြွေပန်းကန်လုံးထဲ ထည့်လိုက်သည်။ထို့နောက် သူ ကြိုတင်ပြင်ဆင်ထားခဲ့သော ချိုချိုစပ်စပ် အရည်ကို အပေါ်မှ စမ်းလိုက်သည်။
ချိုစပ် တို့ဟူးပုပ် ဟင်းပွဲ ချက်ပြုတ် ပြီးစီးသွားလေပြီ။