အခန်း ၄၈၆
ငါတို့က ငှက်မွှေးလေးတွေလို လွင့်ထွက်သွားရတာလား...
"ဘာလဲ ဒီဟာအားလုံး ဘာဖြစ်သွားပြီလလဲ..."
ဆေးဆရာများက ဒေါသအကြီးအကျယ်ထွက်သွားကြသည်။သူတို့ ပုဖန်၏ အပြစ်ကင်းစင်လှသော မျက်နာကိုတွေ့သောအခါ၌ ဖိနပ်ကိုချွတ်၍ ကောက်ပစ်ချင်လာသည်။သူသာ သူတို့အာရုံကို သက်ရောက်စေသော အနံ့ဆိုးသည့်အရာများ မချက်လျှင် သူတို့ ဆေးမီးဖိုများ ပေါက်ကွဲသွားအောင် အမှားများ ပြုလုပ်လိမ့်မည်မဟုတ်ပေ။အရာအားလုံးက ဒီခွေးသားကြောင့်ပင်။
အစပိုင်းတွင် ထိုသူက အပြစ်ကင်းစင်သည့်သူဟု ထင်ခဲ့မိသည်။သို့သော်လည်း မည်သူက ထင်မိမည်နည်း။ထိုသူက ယုတ်မာကောက်ကျစ် အကြံပက်စက်လှသည်။ပြိုင်ပွဲတွင်း ဧရိယာတစ်ခုလုံးကို ချီးနံ့များ ဖုံးလွှမ်းသွားအောင် လုပ်ပစ်ခဲ့သည်။
"ဒီလူက ဒီထက်ပိုပြီး အရှက်မဲ့နိုင်သေးလား..."
ပုဖန် ထိုဆေးဆရာ သုံးယောက်၏ မကျေမနပ်အကြည့်များကြောင့် အံ့အားသင့်သွားသည်။
"ဒီလူသုံးယောက်က ဘာလဲဟ...ရူးနေတာလား..."
ပုဖန် သူတို့ကို ဂရုမစိုက်တော့ပဲ လျစ်လျူရှုလိုက်ပြီး စစ်ဆေးသူဘက်သို့လှည့်၍ ပြောလိုက်သည်။
"ဒါက ငါ့ရဲ့ ပစ္စည်းပဲ အခု ပြီးသွားပြီ...သတ်မှတ်ထားတဲ့ အချိန်တစ်နာရီအတွင်း ပြီးတယ်..."
အံ့အားသင့်နေသော စစ်ဆေးသူလည်း ယခုမှ သတိပြန်ဝင်လာပြီး ပုဖန်ရှိရာဆီသို့ လျှောက်လာကာ ဟင်းပွဲကို ကြည့်လိုက်သည်။
"ပုံပန်းသွင်ပြင်ကတော့ မထင်ထားလောက်အောင်ပဲ တော်တော်လေး ကောင်းတယ်..."
ပုဖန်၏ အချက်အပြုတ်စွမ်းရည်က စနစ်၏ လေ့ကျင့်မှုများကို မဖြတ်ကျော်ခဲ့ရသေးဘူးဆိုလျှင်တောင်မှ အရင်ကမ္ဘာတွေလည်း စားဖိုမှူးတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် ဟင်းပွဲအတွက် သူတော်တော်လေး ယုံကြည်ချက်ရှိပေသည်။
မည်သို့ပင်ဆိုဆို ထိုဟင်းပွဲများက သူ့အတွက် လွယ်ကူလှသည်။
ဝင်ခွင့် စစ်ဆေးသူက ကြီးကြပ်သူအဖြစ် လုပ်ကိုင်လာခဲ့သူမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း စင်ပေါ်တွင် ချက်ပြုတ်သည့်သူကို ပထမဦးဆုံးကြုံဖူးခြင်းဖြစ်သည်။
ထို့ကြောင့်ပင် သူ ဒီဟင်းပွဲကို တော်တော်လေး သိချင်စိတ်ပြင်းပြနေသည်။သူ ဟင်းပွဲနားကပ်၍ အနည်းငယ် နှာခေါင်းရှုံ့ အနံ့ခံလိုက်သည်နှင့် ဟင်းပွဲ၏ ရနံ့က နှာခေါင်းပေါက်များထဲမှ တိုးဝင်သွားပြီး သူ့မျက်နာမှောင်မဲသွားလေသည်။
"ဒါ ဘာအနံ့ကြီးလဲ ..."
စစ်ဆေးသူက ဟင်းပွဲကို လွှတ်ပစ်လုနီးပါးဖြစ်သွားလေသည်။ချိုစပ်တို့ဟူးကို ကြောက်စရာကောင်းစွာ စိုက်ကြည့်လိုက်သည်။
"ဒါက အပုပ်နံ့လေ..."
ပုဖန်က မျက်နာသေဖြင့်ပင် ရှင်းပြလိုက်သည်။
"မင်းက အဆိပ်သခင်လား...လက်ရှိ အဆိပ်သခင်တွေက သူတ်ို့ရဲ့ လုပ်ငန်းတွေကို တိုးတက်သထက်တိုးတက်အောင်လို့ သင်ယူနေကြတာလေ...မင်းကတော့ ဒီလို စပ်ဆုပ်စရာကောင်းတဲ့ အရာတစ်ခုကို ပြုလုပ်ခဲ့တယ်...မင်းလူတွေကို ဒီရွံ့စရာကောင်းတဲ့ဟာတွေနဲ့ အနှောင့်အယှက်ပေးချင်တာမဟုတ်လား..."
စစ်ဆေးသူက စူးစိုက်ကြည့်၍ ပြောလိုက်သည်။ခပ်လှမ်းလှမ်းမှနေ၍ ပုဖန်ကို မကျေမနပ်ကြည့်နေသော ဆေးဆရာသုံးယောက်ကလည်း ပြိုင်တူ ခေါင်းငြိမ့်လိုက်၏။
"ဒီလူရဲ့ ပါဝင်ခွင့်ကို ချက်ချင်းပဲ ရုတ်သိမ်းသင့်တယ်...ဒီလိုမှမဟုတ်ပဲနဲ့ ပဉ္ဇလက်စုဝေးပွဲမှာ ဒီလိုရွံ့စရာကောင်းတဲ့ဟာတွေ ဆက်လုပ်ဦးမယ်ဆိုရင် ငါတို့ မြူကောင်းကင်မြို့ရဲ့ သိက္ခာကျစေလိမ့်မယ်..."
ဆေးဆရာတစ်ယောက်က ပုဖန်ကို ပြိုင်ပွဲမှ ထုတ်ပယ်ရန် တိုက်တွန်းလိုက်သည်။ပုဖန် မျက်မှောင်ကြုတ်၍ လှည့်ကြည့်လိုက်သည်။
"ဒီငတုံးသုံးကောင်ကတော့...ပါးစပ်ပိတ်ထား...မင်းတို့ထပ်ပြောရဲမယ်ဆိုရင် ငါရိုက်သတ်တော့မှ အပြစ်မတင်နဲ့..."
"အာ...ဒီကောင်လေးရဲ့ စကားတွေက မောက်မာလိုက်တာ..."
ဆေးဆရာသုံးယောက်က ပို၍ပင် စိတ်ဆိုးသွားကြလေသည်။သူတို့က ပုဖန်ကို မည်ကဲ့သို့ ကြောက်ပါမည်နည်း။သူတို့ထဲမှ တစ်ယောက်က တန်ခိုးရှင်အဆင့် အထွဋ်အထိပ်အဆင့်ကို ချိုးဖျက်ပြီး မသေမျိုးခန္ဓာအဆင့်သို့ ရောက်ရှိနေသူ တစ်ယောက်ဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်ကလည်း တန်ခိုးရှင်အဆင့်များဖြစ်ကြသည်။ထို့ကြောင့်သူတို့က တန်ခိုးရှင်အဆင့်သာရှိသေးသည့် ထိုကောင်လေးကို မည်သို့ ကြောက်ပါမည်နည်း။
"အဲ့ဒီတော့ အခု ငါ့ကိုပြော ဒီပစ္စည်းကို ဘယ်လိုမျိုးသုံးရမှာလဲ ...ဒီတိုင်းပဲ စားလ်ိုက်ရမှာလား..."
စစ်ဆေးသူက ဆေးဆရာသုံးယောက်ကို ဟန့်တားလိုက်ပြီးနောက် ချိုစပ်တို့ဟူးပုပ်ပန်းကန်ဆီသို့ အကြည့်ပြန်လွှဲလိုက်သည်။
"ဟုတ်တယ်...ဒီတိုင်းစားလိုက်ရုံပဲ..."
ပုဖန်က ခပ်တည်တည်ပင် ပြောလိုက်သည်။
"ဒီတိုင်း...ဒီတိုင်း စားရမယ်...ဒီ...ဒီလို အပုပ်နံ့ထွက်နေတဲ့ဟာကိုလေ ..."
စစ်ဆေးသူတံတွေးပင် မြိုချလိုက်မိသည်။သူ ပုဖန်ကို ကြည့်လိုက်ရာ သူ့၏ အကြည့်များက အမှန်တကယ်ရိုးသားနေခြင်းကို သတိပြုမိလိုက်သည်။ထိုအကြည့်များက အားပေးနေသလိုပင် ။
ကြည့်ရှုသူများခုံမှာထိုင်နေသော ဖုပါ့နဲ့ နန်ကုန်းဝမ်လည်း ထိုမြင်ကွင်းကို မျက်တောက်မခတ်လှမ်းကြည့်နေကြသည်။
"ကြည့်ရတာတော့...အဲ့ဒီကောင်လေးက သူ့ဖန်တီးမှု ကိုလုပ်ပြီးသွားပြီထင်တယ်...ငါတို့ သွားပြီးတော့ ဆင်းကြည့်ရအောင်..."
ဖုပါ့က ပြောပြီးသည်နှင့် ကြည့်ရှုစင်ပေါ်မှ ဆင်းလိုက်သည်။ထိုထောင်လွှားနေသော ကောင်လေးက ပဉ္ဇလက်စုဝေးပွဲတွင် ဝင်ပါရန်အတွက် မည်ကဲ့သို့ အရည်အချင်းမျိုးရှိသည်ဆိုတာကို လူတိုင်းသိချင်လှသည်။
သူ့၏ ဟင်းပွဲက သူ့၏ မောက်မာမှုနှင့် ထိုက်တန်ပါရဲ့လား။
စစ်ဆေးသူက ထိုဟင်းပွဲကို စားကြည့်ရန် တွန့်ဆုတ်နေစဉ်မှာပင် ဖုပါ့နှင့် နန်ကုန်းဝမ်တို့ ရောက်လာကြသည်။ဖုပါ့ကို မြင်လိုက်သည့်ခဏ၌ စစ်ဆေးသူ၏ မျက်ဝန်းများ တောက်ပသွားလေသည်။
"ဆရာလာကြည့်တာလား..."
စစ်ဆေးသူက ရိုသေမှုအပြည့်ဖြင့်ပြောလိုက်သည်။
"ဟင်းပွဲက ဒီကောင်လေးလုပ်ထားတာလား..."
ဖုပါ့က ချိုစပ် တို့ဟူးပုပ်ဟင်းပွဲကို မျက်လုံးများမှေးစင်း၍ ကြည့်လိုက်သည်။အနံ့ဆိုးပြင်းပြင်းနှင့် ချိုမြသည့် မွှေးရနံ့ ရောနှောသည့် ထ်ိုဟင်းပွဲက လူကို ထူးဆန်းသည့် ခံစားချက်မျိုးပေးစွမ်းလေသည်။ထိုအချက်ကို သတိထားမိလိုက်သော ဖုပါ့၏ မျက်ဝန်းမှာ ပြူးကျယ်သွားသည်။ထိုဟင်းပွဲမှ ထွက်နေသော အနံ့ဆိုးများက သူ့ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များကိုပင် ထောင်ထသွားစေသည်။
သူကြည့်ရှူစင်ပေါ်တွင် ထိုနေချိန်တုန်းက ထိုဟင်းပွဲ အနံ့ဆိုးလှကြောင်းကို သိခဲ့သည်။သို့သော် ယခု အနီးကပ်ရောက်သည့်အချိန်တွင် ပို၍ အနံ့ဆိုးနေကြောင်း သိလိုက်ရသည်။သူ့၏ အနံ့က အဆိပ်သခင်များ၏ အဆိပ်ထက်ပင် ပိုအနံ့ပြင်းနေသည်။
"စားဖိုမှူး ...သူက စားဖိုမှူးကော ဟုတ်ရဲ့လား..."
ထိုအနံ့ကြောင့် သူ မူးလဲတော့မလိုပင် ခံစားနေရသည်။
"ကောင်းပြီ...မင်းကိုမင်း တွန်းအားပေးမနေပါနဲ့တော့ ငါကိုယ်တိုင်ပဲ သူ့ကို စစ်ဆေးလိုက်မယ်..."
ဖုပါ့က နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြောလိုက်သည်။စစ်ဆေးသူလည်း စိတ်သက်သာရာရသွားပြီး သူ့လက်ထဲမှ ပန်းကန်ကို ဖုပါ့ဆီသို့ မြန်မြန်လွှဲပေးလိုက်သည်။
ထို့နောက် ဖုပါ့နှင့် ဝေးရာဆီသို့ပင် ရွှေ့သွားလိုက်လေသည်။
"ဖုပါ့ ရှင်မြည်းကြည့်မှာလား...မမြည်းကြည့်ဘူးလား...တကယ်လို့ ရှင်မမြည်းကြည့်ဘူးဆိုရင်လည်း ကျွန်မအစမ်းမြည်းကြည့်ပေးမယ်..."
နန်ကုန်းဝမ်က နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။ဟင်းပွဲမှ ရနံ့များကလည်း သူမအပေါ်ကို သက်ရောက်နေပေသည်။ထိုတို့ဟူးက ပုဖန် သူ့ဆိုင်တွင် ပြုလုပ်နေကြ တို့ဟူးပုပ်ထက် အဆများစွာ ကောင်းမွန်နေပေသည်။
နန်ကုန်းဝမ်၏ စကားကြောင့် ဖုပါ့ အံ့အားသင့်သွားသည်။သူမက နန်ကုန်းမိသားစုရဲ့ မင်းသမီးလေးပင်ဖြစ်သည်။
ထိုသို့သော သူမက ဒီလိုရွံစရာကောင်းသည့် ဟင်းပွဲမျိုးကို စားမယ်တဲ့လား...ဒီဟင်းပွဲထဲမှာ လျှို့ဝှက်ချက်တွေရှိနေတာလား...
သူ တို့ဟူးတစ်ဖဲ့ကို ယူလိုက်သည်။သူ့တူကြားမှ တို့ဟူးပိုင်းလေးက အနည်းငယ်အဝါရောင်သန်းနေပေ၏။ထူးဆန်းသည့် အနံ့များထွက်ပေါ်နေသလို ဆီလေးများကလည်း တစ်စက်စက်ကျနေသည်။
သူ့ဗိုက်ထဲမှာပင် အော်ဂလီဆန်သွားသလို ခံစားလိုက်ရသည်။သူ ဒီဟင်းပွဲကို စစ်ဆေးဖို့အတွက် သူ့ဘဝတစ်ခုလုံးကို လောင်းကြေးထပ်ထားရပေသည်။
သူမျက်လုံးမှိတ်၍ တို့ဟူးပိုင်းကို ပါးစပ်ထဲထည့်လိုက်သည်။ထို့နောက် စိတ်ခိုင်ခိုင်ထား၍ စတင်ဝါးလိုက်လေသည်။နူးညံ့ချောမွေ့မှုကို ခံစားလိုက်ရသည့် သူ့ပါးစပ်ထဲတွင် နို့အရသာလေးပျော်ဝင်သွားသလိုပင် ထို့အပြင်သူ့၏ ပါးစပ်ကို တစ်စုံတစ်ယောက်က လာရောက်နှိပ်နယ်ပေးသလို သက်တောင့်သက်သာ ဖြစ်မှုကိုပါ ခံစားလိုက်ရသည်။
မထင်မှတ်ထားစွာပင် ကောင်းလွန်းလှသည်။ဖုပါ့က အံ့အားတသင့် မျက်လုံးများဖျက်ခနဲ ဖွင့်လိုက်ပြီး သူ အာမေဍိတ်သံပင် ပြုလုပ်မိသွားသည်။တို့ဟူးပုပ်က ဆီအများအပြားကိုစုပ်ယူထားသောကြောင့် ကိုက်လိုက်ရာတွင် ဆီအနည်းငယ်စိမ့်ထွက်လာသည်။
ဖုပါ့ ထိုဟင်းပွဲကို စားလိုက်သည့် ပထမဆုံး သတ်မှတ်ချက်ကတော့ နူးညံ့မှုနှင့် ချိုမြမှုပင်ဖြစ်သည်။ထိုဟင်းပွဲ၏ ချိုမြမှုလေးကို ခံစားလိုက်ရပေသည်။
တကယ်ပဲ သူ ချိုမြမှုကို ရှာတွေ့ခဲ့တာလား...
သူ့ဦးနှောက်မကောင်းဖြစ်သွားသည်ဟုပင် ဖုပါ့ကထင်လိုက်မိသည်။သို့သော်လည်း တကယ်တမ်း အရသာချိုမြမှုကို ခံစားခဲ့ရခြင်းဖြစ်သည်။ထိုဟင်းပွဲက လုံးဝ ဆိုးရွားမနေပေ။ဖုပါ့၏ မျက်နာ၌ မယုံကြည်နိုင်မှုများပြည့်နှက်နေသည်။ထိုကဲ့သို့ ကြီးမားလှစွာသော ဆန့်ကျင်ဘက်ကြီးက သူ့ကို လုံးဝ အံ့အားသင့်သွားစေသည်။
တို့ဟူး ၏အရသာက စပ်သည်။ကျွပ်ရွသည်။ချိုသည်။ချိုစပ်တို့ဟူးပုပ်က ဖုပါ့ကို ကြီးမားသော စိတ်လှုပ်ရှားမှုများခံစားရစေသည်။
သူက မူးယစ်ဆေး စွဲလမ်းသွားသော လူတစ်ယောက်ကဲ့သို့ပင် တို့ဟူးတုံးကို နောက်တစ်ခါ ထပ်လှမ်းလိုက်ပြီး ပါးစပ်ထဲ အလျှင်အမြန် ကောက်ထည့်လိုက်သည်။
ရှလွတ်...ရှလွတ်...
သူ ပိုစားလေလေ ပိုမြန်မြန်လေလေပင်။
ထိုမြင်ကွင်းကိုကြည့်နေကြသော ဆေးဆရာသုံးယောက်လည်း ဆွံ့အသွားကြသည်။အဘယ့်ကြောင့် ဖုပါ့ ထိုကဲ့သို့ မက်မက်မောမော ဖြစ်နေသည်ကို သူတို့ တွေးမရပေ။
"အခု ဘာတွေ ဖြစ်နေတာလဲ...ပထမတုန်းက ကြောက်မက်ဖွယ်မျက်နာထားနဲ့ ဖုပါ့က အခုဘယ်လိုဖြစ်ပြီးမက်မက်မောမောဖြစ်နေရတာလဲ...အနံ့ဆိုးတွေ ထွက်နေတဲ့ဟာက ရွံစရာကောင်းတယ်မဟုတ်ဘူးလား..."
ဆေးဆရာသုံးယောက်လည်း တကယ့်ကို တွေးမရဖြစ်နေသည်။
"အရသာရှိတယ်...ဒါက တကယ့်တကယ်ကို အရသာရှိတယ်..."
ဖုပါ့က အံ့အားသင့်မှု အပြည့်ဖြင့် ထုတ်ပြောလိုက်သည်။ပုဖန်ကမူ ထိုချီးကျူးစကားများနှင့် ရင်ဆိုင်ရသည့်တိုင်အောင် တည်ငြိမ်အေးဆေးနေတုန်းပင်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် ထိုဟင်းပွဲ၏ သက်ရောက်မှုက အရသာတစ်ခုတည်းသာမဟုတ်ပဲ သူ့၏ စိတ်ဝိညာဉ်စွမ်းအားများပင် ဖြစ်သည်။
ပုဖန်မျှော်လင့်နေခဲ့သည့်အတိုင်းပင် တ်ို့ဟူးနှစ်ခုသုံးခုစားပြီးနောက် ဖုပါ့၏ ခန္ဓာကိုယ်က စတင်၍ တုန်ယင်လာသည်။သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ အလွန်လျှင်မြန်စွာ စတင်လှည့်ပတ်လာသည်ကို ဖုပါ့ ခံစားလိုက်မိသည်။သူ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကိုလည်း သန့်စင်၍ ထုတ်လွှတ်ရန်ဖိအားပေးနေသည်ကို ခံစားလိုက်ရ၏။
ဘူ...ဘူ...ဘူ...
အကြိမ်ပေါင်းအနည်းငယ် အဆက်မပြတ် အီးပေါက်သံကြောင့် လူအားလုံး ဆွံ့အသွားကြသည်။
နန်ကုန်းဝမ်က ပထဦးဆုံး အလွန်လျှင်မြန်စွာပင် တုံ့ပြန်လိုက်သည်။ သူမ၏ အင်္ကျီလက်စဖြင့် နှာခေါင်းကို ကွယ်လိုက်ပြီး သူနှင့်ဝေးရာဆီသို့ ခုန်ဆုတ်ထားလိုက်သည်။
ပုဖန်ကလည်း သူမနည်းတူပင် အဝေးသို့ ဆုတ်ခွာလိုက်သည်။
တစ်ဘက်တွင်မူ ဖုပါ့က မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လှသော အီးလုံးများကို ဆက်တိုက်ထုတ်လွှင့်နေသည်။အဘယ့်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်အတွင်းထဲ၌ အညစ်အကြေးများကိုအတင်းအဓ္ဓမ ဖိအားပေး၍ ထုတ်လွင့်နေစေခြင်းကြောင့်ဖြစ်သည်။
အီးတစ်လုံးပေါက်တိုင်းတွင် သူ့ခန္ဓာကိုယ်က ပို၍ ပေါ့ပါးလာပြီး ပို၍ သက်တောင့်သက်သာရှိလာသည်ကို ခံစားမိလေသည်။ထိုအချင်းအရာက ရုတ်တရက် သူ ငယ်ရွယ်သွားသကဲ့သို့ပင်။
ဟင်းပွဲ၏ စိတ်ကျေနပ်စရာကောင်းမှုကို သူ တွေ့ကြုံခံစားလိုက်ရသည်။ဟင်းပွဲ၏ အကျိုးသက်ရောက်မှုက အဆင့် ၉ သက်စောင့်ဆေး စိတ်ခန္ဓာပေါင်းစပ်ဆေးလုံးထက်ပင်ပိုလေသည်။
ဖုပါ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့ညွှတ်သွားသည်။ဒီကလေးကို သူ အကဲခတ်မှားယွင်းခဲ့မိပေသည်။အဆင့် ၉ ဆေးလုံးဖြင့်ပင် ယှဉ်နိုင်သော ဟင်းပွဲက တကယ့်ကို သာမန်မဟုတ်ပေ။
ဖုပါ့အီးပေါက်သော အနံ့က တို့ဟူးပုပ်ထက်ပင် အနံ့ဆိုးနေလေသည်။
ဘန်း...
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဆိပ်သခင်၏ ဆေးမီးဖိုကလည်း ပေါက်ကွဲ လွင့်စင်ထွက်သွားသည်။အဆိပ်သခင်၏ မျက်နာကတုန်လှုပ်နေပြီး သူ့မျက်နညပေါ်တွင် အစိမ်းရောင်အနှစ်များလည်း ပေကျံနေပေသည်။
ဆိုးရွားလှသော အီးနံ့က အဆိပ်သခင်၏ စိတ်အာရုံကို ဝင်ရောက်နှောင့်ယှက်လိုက်သောကြောင့် သူ၏ မီးဖိုက ပေါက်ကွဲသွားရခြင်းဖြစ်သည်။အဆိပ်သခင်လည်း နာကျင်လွန်းရသောကြောင့် အသက်ပင် အနိုင်အနိုင်ရှူနေရသည်။သူငိုကြွေးလုမတက်ပင်ဖြစ်နေမိသည်။ဆေးအနှစ်က ပြီးဆုံးကာနီးဖြစ်နေပေပြီ။ထို့ကြောင့် သူရူးသွပ်မတက်ပင် ခံစားနေရသည်။
ဖုပါ့လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်သောကြောင့် အနည်းငယ် ရှက်ရွံ့နေမိသည်။သူလုံးဝကို ဖိအားပေးခံထားရပေသည်။အကြိမ်အနည်းငယ်မျှ အီးသံ တဘူဘူ ဆက်ထွက်ပေါ်ပြီးနောက် ဆေး၏ သက်ရောက်မှုက အားနည်းလာသည်။
တစ်ခြားတစ်ဘက်၌ သူ့၏ စိတ်အစင်က ပို၍ ကြည်လင်ပြီး ပေါ့ပါးလာသည်ကိုလည်း ခံစားမိလိုက်သည်။ဟင်းပွဲ၏ သက်ရောက်မှုက အံ့သြထိတ်လန့်စရာကောင်းလှသည်။
"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်...မင်းအောင်တယ်...မင်းအောင်သွားပြီ..."
ချက်ပြုတ်ခြင်းပညာရပ်တစ်ခုက ဒီလိုအဆင့်ထိရောက်လာသည်မှာ အလွန်လည်း အံ့အားသင့်စရာကောင်းလှသည်။စ်ဆေးသူနှင့် ဆေးဆရာသုံးယောက်က ဖုပါ့၏ စကားကြောင့် အံ့သြသင့်နေကြသည်။
"သူက ဒီလိုပဲ အောင်မြင်သွားတာလား...ဒါကြီးက အဓိပ္ပါယ်မရှိဘူး..."
သို့သော်လည်း ပုဖန်ကတော့ သူတို့၏ ထင်မြင်ချက်များကို ဂရုမစိုက်ပေ။သူ ပဉ္ဇလက်စုဝေးပွဲတွင် ပါဝင်ခွင့်ရသွားပြီဖြစ်သောကြောင့် ဒီနေရာ၌ ထပ်နေရန် အကြောင်းမရှိတော့ပေ။သူ ပြန်၍ ဆိုင်ဖွင့်ရပေမည်။ပုဖန်က ထိုနေရာမှ လှည့်ထွက်လိုက်ပြီး ထွက်ပေါက်ဆီသို့ ဦးတည်လျှောက်လှမ်းလိုက်သည်။
"ပါရမီရှင် ပုဖန် မင်းက ပဉ္ဇလက်စုဝေးပွဲမှာ ပါဝင်ခွင့်ရသွားခဲ့ပါပြီ...ဒါကြောင့် ပမာဏ ရွေးချယ်ပွဲကို ပြိုင်ဖို့အတွက် မြူကောင်းကင်မြို့ ရင်ပြင်ကျယ်ကို သုံးရက်အတွင်း လာဖို့ မမေ့နဲ့နော်..."
ပုဖန်၏ ပုံရိပ် သူမြင်ကွင်းထဲမှ ပျောက်တော့မည့်အချိန်မှသာ ပြန်လည်သတိဝင်လာပြီးနောက် ဖုပါ့ အလျှင်အမြန်အော်ပြောလိုက်သည်။
ဖုပါ့ အလွန် စိတ်လှုပ်ရှားနေမိသည်။ပုဖန်ပေါ်ထွက်လာမှုက တစ်ခြားသော ပါရမီရှင်များအတွက် ပြိုင်ပွဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာသကဲ့သို့ပင်။ထိုလူငယ်လေးက မမေ့နိုင်စရာ ဒဏ္ဍာရီတစ်ခုနှင့် ကောင်းမွန်လှသော အောင်မြင်မှုများကို ဖန်တီးနိုင်ပေလိမ့်မည်။
"အကြီးအကဲဖု ငါတို့ တကယ်လက်မခံနိုင်ဘူး...ဒီကောင်လေး ဖန်တီးတဲ့ ပစ္စည်းက ငါတို့ကို အနှောင့်အယှက်ဖြစ်စေတယ်...ဒါတောင်မှ ဘာကြောင့်သူက ဝင်ခွင့်ရသွားတာလဲ..."
ဆေးဆရာတစ်ယောက်က ဖုပါ့ကို စိုက်ကြည့်၍ ဖြေရှင်းချက်တောင်းခံလိုက်သည်။သူတို့အားလုံးက ထိပ်သီး အယောက် ၅၀ ထဲတွင် ပါဝင်နိုင်ရန်အတွက် မျှော်လင့်ထားသူများ ဖြစ်ကြသည်။သို့ဖြစ်လေရာ သူတို့ ပြိုင်ပွဲတွင် ဝင်ပြိုင်ခွင့်ပင် မရှိလိုက်ပဲ ထွက်ခွာရသည့်အဖြစ်မျိုး မည်သို့ သည်းခံနိုင်ပါမည်နည်း။
ထို့ပြင် ထပ်လောင်းပြောရလျှင် သူတို့ကို အလွယ်တကူ ရှုံးနိမ့်စေခဲ့သည့် ကောင်လေးက ပြိုင်ပွဲတွင် ဝင်ပြိုင်သွားခွင့်ရခဲ့သည်။သူတို့ မည်ကဲ့သို့ လက်သင့်ခံနိုင်ပါမည်နည်း။
ဖုပါ့က နှုတ်ခမ်းများကို သပ်လိုက်ပြီးနောက် စကားတစ်ခွန်းမှမဆိုပဲ သူတို့ကို တည်ငြိမ်စွာကြည့်လိုက်သည်။ထို့နောက် ကျန်ရှိနေသေးသော တို့ဟူးပန်းကန်ကို သူတို့ဆီသို့ လှမ်းပေးလိုက်သည်။
"ဒါကို မြည်းစမ်းကြည့်လိုက်...ဘာကြောင့်လဲ ဆိုတာ သိသွားလိမ့်မယ်..."
ဆေးဆရာများက အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက်ရှုံ့မဲ့၍ ပန်းကန်ထဲမှ လက်ကျန်တို့ဟူးပုပ်ကို ကြည့်လိုက်ကြ၏။