အပိုင်း ၄၈၇
Viewers 53k

အခန်း ၄၈၇

မြူကောင်းကင်မြို့၏လက်ရှိအခြေနေ


ပုဖန်၏ တို့ဟူးပုပ်ကို သူမမြည်းစမ်းခဲ့ရသောကြောင့် နန်ကုန်းဝမ် အနည်းငယ် စိတ်မကောင်းဖြစ်နေမိသည်။သူမ ထိုဟင်းပွဲကို ပထမဦးဆုံးအကြိမ် မြည်းစမ်းခဲ့ပြီးနောက် ရွံရှာမှုမှသည် ချစ်ခြင်းတရားအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုဟင်းပွဲက မည်မျှအံ့အားသင့်စရာကောင်းသည်ကို သူမ နားလည်သဘောပေါက်ခဲ့သည်။


နန်ကုန်းဝမ်နှင့် ပုဖန်တို့ တောင်ဘက်ပိုင်းမှ ထွက်လာပြီးနောက် စိတ်ဝိညာဉ်သားရဲဆွဲသည့် ရထားလုံးကို စီးကာ တိမ်ခိုးစားသောက်ဆီရှိရာဆီသို့ ပြန်လာခဲ့သည်။စားသောက်ဆိုင်၏ ပတ်ဝန်းကျင်ဧရိယာက ယခင်အတိုင်း ရှုပ်ပွနေဆဲဖြစ်သော်လည်း နန်ကုန်းမိသားစုမှ စေလွှတ်လိုက်သော လူအများအပြားက ပြန်လည် ပြုပြင်ရေးလုပ်ငန်းများလုပ်ဆောင်နေသည်ကို တွေ့ရလေသည်။


လူအများအပြားက ထိုနေရာတွင် ဝင်ထွက်သွားလာနေသောကြောင့် ဆူညံစည်ကားနေလေသည်။ပုဖန်တို့ စားသောက်ဆီသို့ ပြန်ရောက်ပြီးသည်နှင့် နန်ကုန်းဝမ်က ရထားလုံးက်ိုဆက်လက်စီး၍ သူမအိမ်သို့ ပြန်သွားလိုက်သည်။


သူမ၏ သက်စောင့်ဆေးဆိုင်လည်း ဖျက်စီးခံလိုက်ရထဲပါလေရာ ဒီကိစ္စကိုလွယ်လွယ်နှင့် ကျော်မသွားပေးနိုင်ပေ။တရားခံကိုတွေ့အောင်ရှာ၍ ကောင်းကောင်းသင်ခန်းစာပေးရပေမည်။ဒေါသထွက်နေသည့် အမျိုးသမီးတစ်ယောက်က ကြောက်စရာအကောင်းဆုံး တည်ရှိမှုမျိုးဖြစ်သည်။ထို့ကြောင့် ယခုလက်ရှိအခြေအနေ၌ နန်ကုန်းဝမ်ကလည်း ကြောက်စရာကောင်းလှပေသည်။


သို့သော်လည်း ထိုကိစ္စအားလုံးက ပုဖန်နှင့် ဘာမှမပတ်သက်ပေ။သူဆိုင်သို့ ပြန်ရောက်ပြီးသည်နှင့် ဆိုင်ဖွင့်လိုက်သည်။ဒီနေ့ဆိုင်ထဲတွင် စားသုံးသူ အနည်းငယ်သာရှိသည်။အဘယ့်ကြောင့်ဆိုသော် ဘေးပတ်ပတ်လည်ရှိ ဆိုင်များက ပျက်စီးနေသောကြောင့် ထိုအရာကလည်း သူ့ဆိုင်သို့ သက်ရောက်မှုရှိလေသည်။ပုဖန်က ထိုကဲ့သို့ အားယားနေသည့်အချိန်ကို မကြိုက်တာမျိုးမဖြစ်ပေ။


သူ ခုံတစ်ခုံကိုဆွဲယူ၍ ဆိုင်ရှေ့တွင်ထိုင်လိုက်သည်။နွေးထွေးလှသော နေရောင်ခြည်က အနားယူနေသည့် သူ့အပေါ်သို့ ဖြာကျနေလေရာ သူ ငိုက်မြည်းလာလေသည်။


ဆိုင်တွင်း၌မူ နယ်သာရီက အရှေ့အနောက် ခြေဗလာဖြင့် လျှောက်လှမ်းနေ၏။သူမကို ကြည့်ရသည်မှာ အလွန် ပျင်းရိနေပုံပေါ်သည်။


သူလည်း ပုဖန်ကဲ့သို့ပင် ထိုင်ခုံတစ်ခုံကိုဆွဲယူ၍ ပုဖန်ဘေးနားတွင်ထိုင်လိုက်သည်။သို့သော်လည်း နေရောင်ခြည်ကို မခံနိုင်သောကြောင့် ထိုနေရာတွင်ကြာကြာမထိုင်နိုင်ပဲ ခပ်မြန်မြန်ထပြေးလေသည်။ထို့နောက် ခွေးဘုရင်နားသို့ လျှောက်သွားလိုက်ကာ တပလ္လင်ခွေ ထိုင်ချလိုက်ပြီး ဆိုင်ပတ်ပတ်လည်ကိုသာ ကြည့်ရှုလေ့လာနေတော့သည်။


.....


နန်ကုန်းမိသားစု၏ ခြံဝန်းထဲ၌


 နန်ကုန်းဝူချယ် လက်နှစ်ဖက်ကိုနောက်ပစ်၍ မတ်တပ်ရပ်နေသည်။သူ့၏ မျက်နာအမူအရာကလည်း မဲမှောင်နေလေသည်။


"မင်းဘာရှာတွေ့ခဲ့လဲ...မနေ့ကကိစ္စရဲ့ နောက်ကွယ်မှာဘယ်သူရှိနေလဲ..."


သူ့၏ တည်ကြည်ခန့်ညားလှသော အသံထွက်ပေါ်လာသည်။


"ဆက်ခံသူ အဲ့ဒီကိစ္စကို ငါစုံစမ်းပြီးပါပြီ...အဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာ ကျန်းမိသားစုရဲ့ တစ်ယောက်ယောက်ရှိနေလိမ့်မယ်...ဘာလို့လဲဆိုတော့ အဲ့ဒီနေ့မတိုင်ခင်က ကျန်းမိသားစုအဖွဲ့မှူး ကျန်းဟယ်က ဘယ်ကိုထွက်သွားတယ်ဆိုတာကို ဘယ်သူမှမသိလိုက်ဘူး ပြီးတော့ ဒီနေ့ထက်ထိ သူပြန်မလာသေးဘူး...ကျန်းမိသားစုတွေကလည်း ဒေါသထွက်နေကြတယ် ဒါပေမယ့် သူတို့က အဲ့ဒီကိစ္စကို လူသိအောင်မလုပ်ပဲနဲ့ လျှို့ဝှက်ထားကြတယ်...ဒါက မသင်္ကာစရာကောင်းတယ် ..."


ထိုအကြီးအကဲက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


နန်ကုန်းဝူချယ် ခေါင်းတဆတ်ဆတ်ညိမ့်၍ အနား၌ ပတ်လျှောက်နေလိုက်သည်။ထို့နောက် သူ မျက်မှောင်အနည်းငယ်ကြုတ်၍ ပြောလိုက်သည်။


"ဒါတကယ်ပဲ မသင်္ကာစရာကောင်းတယ်...ကျန်းမိသားစုရဲ့ စိတ်ထားနဲ့ဆိုလို့ရှိရင် တကယ်လို့ သူတို့ရဲ့ အဖွဲ့မှူးတစ်ယောက်သာ ပျောက်ဆုံးသွားမယ်ဆိုရင် မြူကောင်းကင်မြို့တစ်ခုလုံးတောင်မှ လှုပ်ခတ်သွားအောင်လုပ်ပြီးသွားပြီ ...ဒါပေမယ့် အခု သူတို့ ဘာဆိုဘာမှ မလုပ်ဘူး အဲ့ဒီတော့ သူတို့ တစ်ခုခုကို ဖုံးကွယ်ထားတယ် ဒါကြောင့်မို့ မလှုပ်ရှားရဲတာပဲ..."


"ဒါပေမယ့်လည်း ကျန်းဟယ်က ဘာလို့ပျောက်သွားရတာလဲ သူအသတ်ခံလိုက်ရတာလား..."


အကြီးအကဲက ဇဝေဇဝါဖြင့်မေးလိုက်သည်။ရုတ်တရက် နန်ကုန်းဝူချယ် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။သူ ပုဖန်၏ ဆိုင်က မည်သည့်ပျက်စီးမှုမှ မရှိကြောင်းက်ို မှတ်မိသွား၏။ထိုကျန်းဟယ်က စားသောက်ဆိုင်မှ တစ်စုံတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကောင်းဖြစ်နိုင်ပေသည်။


အကယ်၍ ကျန်းဟယ်သာ တစ်ခြားသက်စောင့်ဆေးဆိုင်များကို ဖျက်စီးသကဲ့သို့ စားသောက်ဆိုင်ကိုလုပ်ခဲ့မည်ဆိုလျှင် သူတို့၏ ဒေါသနှင့် သေချာပေါက်ရင်ဆိုင်ရပေလိမ့်မည်။


ဘယ်သူကများ ကျန်းဟယ်ကို တိတ်တဆိတ်သတ်ဖြတ်လိုက်တာ ဖြစ်နိုင်မလဲ...


ထိုကြောက်စရာကောင်းသော ငရဲ ကမ္ဘာအမျိုးသမီးမှလွဲ၍ တစ်ခြား ဘယ်သူမှမဖြစ်နိုင်ပေ။သူ ထိုအကြောင်းကို တွေးလိုက်မိပြီးနောက် တုန်ယင်သွားမိသည်။


"ကောင်းပြီလေ...အခု ငါ့အတွက် ရထားလုံး ပြင်ပေးထား ငါ ကျန်းမိသားစုဆီသွားရမယ် ...ဒီတိုင်းပဲထိုင်ပြီး အရှုံးပေးလို့မရဘူး တုံ့ပြန်ရမယ်..."


အကြီးအကဲက နန်ကုန်းဝူချယ်၏ စကားကြောင့် သူ့ကိုကြောင်အစွာ ကြည့်လိုက်အိသည်။သူ့၏ မျက်နာကလည်း အနည်းငယ် မဲမှောင်သွားပေသည်။


ထားလ်ိုက်ပါတော့လေ ဆက်ခံသူကယုံကြည်ရမယ့်ပုံပေါ်ပါတယ်...


.....


မြူကောင်းကင်မြို့၏ ပို့ဆောင်ရေးအစီအရင်တွင် ဆူညံသံများနှင့် စည်းကားသိုက်မြိုက်နေသည်။အစီအရင် တစ်ကြိမ်လှုပ်ရှားသက်ဝင်လာတိုင်း လူများစွာ ထွက်ပေါ်လာလေသည်။


လူအမြောက်အများတိုးပွားလာနေခြင်းမှာ အစီအရင်တစ်ခုထဲမှပင်မကပဲ ကြီးမားလှစွာသော စစ်သင်္ဘောကြီးများလည်း ပါလေသည်။


ထိုသင်္ဘောကြီးများထဲတွင် ဂိုဏ်းကြီးများထဲမှ ထူးချွန်သည့် လူများစွာဖြင့် ပြည့်နေသည်။


ထို့အပြင် အဂ္ဂိရတ်ပညာရှင်မြောက်များစွာလည်း မြို့တော်ဆီသို့ လာနေကြသည်။အဂ္ဂိရတ်ပညာရှင်များက ဆေးနန်းတော်မှအပြင် တစ်ခြားဆေးမြို့တော်ဖြစ်သော ကောင်းကင်ဆေးမြို့တော်နှင့် တောက်ပကောင်းကင်မြို့တော်တို့မှ ဖြစ်လေသည်။


မြောက်များလှစွာသောလူများ မြို့တော်သို့ လာနေရခြင်းမှာ ဒီတစ်ကြိမ် ပဉ္ဇလက်စုဝေးပွဲကို မြူကောင်းကင်မြို့၌ ကျင်းပခြင်းကြောင့်ဖြစ်သည်။


များပြားလှစွာသော သင်္ဘောများကြား၌ နက်ရှိုင်းမြို့အိမ်တော်ဟု ရေးထားသော စစ်သင်္ဘောတစ်စင်းလည်း ပါနေလေသည်။


ထိုနက်ရှိုင်းမြို့အိမ်တော်က ကောင်းကင်ဆေးမြို့တော်မှ ထိပ်တန်း သက်စောင့်ဆေးဆိုင်တစ်ဆိုင်ဖြစ်သည်။သူ့၏ တည်ရှိမှုက မြူကောင်းကင်မြို့တော်မှ စီးဆင်းတိမ်ဆိုင်ကဲ့သို့ အဆင့်အတန်းတူညီလှသည်။


ထိပ်တန်း သက်စောင့်ဆေးဆိုင်တိုင်း၏ နောက်တွင် ထိပ်တန်းအဂ္ဂိရတ်ပညာရှင်များ ရှိလေသည်။ထိုနက်ရှိုင်းမြို့အိမ်တော်၏ သင်္ဘောပေါ်တွင် တိမ်လေးစ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပါလာသည်။ထိုသူက ပဉ္ဇလက်စုဝေးပွဲတွင် အကဲခတ်ဖြတ်သုံးသပ်မည့်လူတစ်ယောက်ဖြစ်သည်။


တောက်ပကောင်းကင်မြို့တော်၏ ထွန်းလင်းနေမင်းအိမ်တော် သင်္ဘောလည်း ဆိုက်ကပ်လာသည်။


ထိုကောင်းကင်ဆေးမြို့တော်နှင့် တောက်ပကောင်းကင်တို့၏ သင်္ဘောပေါ်တွင် အဂ္ဂိရတ်ပညာရှင်မြောက်များစွာ ပါရှိလာလေသည်။ထိုဆေးမြို့တော်များထဲ၌ မြူကောင်းကင်မြို့တော်က အားအနည်းဆုံးဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် သူတို့တွင် တိမ်လေးစ အဂ္ဂိရတ်ပညာရှင်တစ်ယောက်သာရှိလေသည်။


အကဲဖြတ်ဒိုင်ပြုလုပ်ပေးမည့် တိမ်လေးစ အဂ္ဂိရတ်ပညာရှင် ငါးယောက်တွင် လေးယောက်က တောက်ပကောင်းကင်မြို့တော်နှင့် ဆေးမြို့တော်တို့မှ ဖြစ်သည်။


ထိုသူများကို မြူကောင်းကင်မြို့အရှင်ကိုယ်တိုင် သူ့နန်းတော်သို့ လာရောက်ဖိတ်ခေါ်လေသည်။


ထိုကဲ့သို့ ထိပ်တန်း အဂ္ဂိရတ်ပညာရှင်များ ရောက်ရှိလာသောအခါ၌ မြို့တော်က ပို၍ပင် စည်းကားသိုက်မြိုက်နေလေသည်။


ဝီ...


ပို့ဆောင်ရေးအစီအရင်မှ အလင်းရောင်များ တဖြတ်ဖြတ်တောက်ပလာပြီးနောက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူတစ်ယောက်လှမ်းထွက်လာသည်။ထိုသူ၏ ကျောပေါ်၌ ကြေးခေါင်းတလားကို သယ်ဆောင်ထားပြီး သူ့၏ ခန္ဓာကိုယ်မှလည်း မှောင်မိုက်လှသော အော်ရာများကို ထုတ်လွင့်နေသည်။


"ငါ့ရဲ့ ညီငယ်နှစ်ယောက်က လျှို့ဝှက်နယ်ပယ်ထဲမှာ သေဆုံးသွားခဲ့တယ်လို့ ငါကြားခဲ့တယ် ဟုတ်တယ်မဟုတ်လား...အဲ့ဒီကနေပြီး လူအမြောက်အများ အသက်ရှင်ရက်လွတ်မြောက်လာတယ်လို့လည်းငါကြားတယ်...ငါတို့ရုပ်သေးဂိုဏ်းက အဖွဲ့ဝင်တွေ သေဆုံးသွားတာကို မြင်ရဲ့သားနဲ့ အဲ့ဒီလူတွေက ဘာလို့ သူတို့ကို မကူညီခဲ့တာလဲ..."


ထိုလူက ခေါင်းမော့လိုက်လေရာ အနက်ရောင်ခေါင်းစွပ်ဖြင့် အုပ်ကွယ်ထားသော သူ့မျက်လုံးမှာမှ ထိတ်လန့်အံ့သြဖွယ်ကောင်းလှသော အလင်းရောင်တစ်ချက်ဖြတ်ခနဲ လက်သွားလေသည်။


လေမိုးကြိုးမျှော်စင်မှ ပညာရှင်တစ်ယောက်လည်း အစီအရင်ထဲမှ ထွက်ပေါ်လာသည်။လေမိုးကြိုးမျှော်စင်ဂိုဏ်းမှ ရှောင်ချမ်းယွင်၏ အဆင့်အတန်းက အလွန်မြင့်မားလာသည်။ထိုသို့ဖြစ်လေရာ သူ့၏ သေဆုံးခြင်းကို စုံစမ်းစစ်ဆေးရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပေသည်။


လေမိုးကြိုးမျှော်စင်ဂိုဏ်းသာမက တစ်ခြားဂိုဏ်းများစွာကလည်း လျှို့ဝှက်နယ်ပယ်ထဲတွင် သေဆုံးသွားခဲ့ရသော သူတို့ တပည့်များအတွက် လက်စားချေရန် မြူကောင်းကင်မြို့သို ရောက်ရှိလာကြပေသည်။


အဘယ့်ကြောင့်ဆိုသော် သူတို့စေလွှတ်ခဲ့သော ထိုတပည့်များက ပါရမီရှိသော ထိပ်တန်းတပည့်များဖြစ်နေခြင်းကြောင့်ဖြစ်သည်။


ပို့ဆောင်ရေးအစီအရင်ထဲမှနေ၍ ကြီးမားလှသော ဓားကို သယ်ဆောင်ထားသည့် မဟာဂိုဏ်းမှ လူတစ်ယောက်လည်း ထွက်လာသည်။


ထိုသူက မဟာဂိုဏ်း၏ ကောင်းကင်ဘုံဆယ်ပါး အမွေခံထဲတွင် ပါဝင်သော နတ်ဆိုးဓားသခင် ရှီးမန်ရွှမ်ပင်ဖြစ်သည်။ကြီးမားလေးလံလှသော ဓားတစ်လက်ကိုကိုင်သည့် ဓားသမားတစ်ယောက်ဖြစ်သည်။မဟာဂိုဏ်း၏ ထိပ်ဆုံး တပည့် သုံးဦးထဲမှ တစ်ဦးလည်းဖြစ်သည်။


သူ့၏ စွမ်းအင်အဆင့်ကလည်း မြင့်မားလှပြီး မသေမျိုးခန္ဓာအဆင့် အတားအဆီးသုံးခုကိုပင် ချိုးဖောက်ပြီးသွားလေပြီ။


ရှေးဟောင်းရှုရမြို့တော်မှ ကျွမ်းကျင်ပညာရှင်များလည်း ရောက်လာကြသည်။လူငယ်လေးတစ်ယောက်၏ ဘေးတွင် လေးစားစွာရပ်နေသည့် မီရှကိုလည်းတွေ့လိုက်ရသည်။


ထိုလူငယ်လေး၏ အဆင့်အတန်းက အလွန်မြင့်မားလှသည်။သူက ရှေးဟောင်းရှုရမြို့တော်၏ အင်ပါယာမိသားစု တိုက်ရိုက်မျိုးဆက်မှ ဆင်းသက်လာသူဖြစ်သည်။


"သခင်လေး ထုံဟယ် မြူကောင်းကင်မြို့ထဲမှ ရှုရမျှော်စင်ကို ငါမြင်ခဲ့တယ်...ငါမျက်လုံးနဲ့ ငါကိုယ်တိုင်မြင်ခဲ့တာ..."


 မီရှပြောလိုက်သည်။


လူငယ်လေးက ခန့်ညားလှသော မျက်နာထားရှိပြီး သွေးနီရောင်ကဲ့သို့ တောက်ပနေသော ဆံနွယ်များလည်းရှိလေသည်။ထိုလူငယ်လေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။


"ရှုရမျှော်စင်ရဲ့ စွမ်းအင်လှိုင်းတွေကို ငါခံစားမိတယ်...အဲ့ဒီရှုရမျှော်စင်က ငါတို့ ရှေးဟောင်းရှုရမြို့တော်ဂိုဏ်းရဲ့ အထွဋ်အမြတ်ထားရတဲ့ လက်နက်ပဲ...ဘယ်လိုနည်းနဲ့မှ အပြင်မှာ ချန်မထားနိုင်ဘူး..."


နောက်ထပ်ပညာရှင်များလည်း ထပ်ရောက်လာရာ မြူကောင်းကင်မြို့တော်၏ လူဦးရေက တိုးသထက်တိုးပွားလာနေသည်။


သို့သော်လည်း မြို့ထဲ၌ မည်မျှပင် လူစည်းကားနေစေကာမူ ပုဖန်ကတော့ သူ့၏ ဆိုင်ရှေ့တွင် နေပူဆာလှုံရင်းပျင်းရိစွာ ထိုင်နေလေသည်။


သူ့၏ မျက်ဝန်းများကို မှေးစင်း၍ လွင့်မျောနေသော တိမ်ဖြူဖြူများကို သက်တောင့်သက်သာဖြင့် ငေးကြည့်နေလေသည်။


စားသုံးသူများရောက်ရှိလာသောအခါ၌ သူမီးဖိုချောင်သို့ သွားလိုက်ပြီး မှာသည့်ဟင်းပွဲကို ပြုလုပ်ပေးလိုက်သည်။ထို့နောက် သူ့၏ နေရာသို့သာ ပြန်လာ၍ ဆက်လက်ထိုင်နေလေသည်။


စားသုံးသူများကလည်း ပုဖန်၏ ရယ်စရာကောင်းလှသော ပျင်းရိမှုကို သတိပြုမိကြလေသည်။


စားသောက်ဆိုင်တစ်ဝိုက်၌ ရှင်းလင်းထားပြီးပေပြီ။ဆေးဆိုင်များ ပြိုကျထားသော ပျက်စီးပုံများကို ရှင်းလင်းပြီးဖြစ်သောကြောင့် သဲများသာ ကျန်နေတော့သည်။


ထို့ကြောင့် ပတ်ဝန်းကျင်က နေရာအလွတ်ကြီးဖြစ်နေလေသည်။ထို့ကြောင့် သူ့၏ စားသောက်ဆိုင်က ထ်ိုနေရာ၌ သိသာစွာပင် ထီးထီးကြီးဖြစ်နေလေ၏။


နန်ကုန်းမိသားစုမှသူများကလည်း အလုပ်မလုပ်ကြတော့ပဲ သူတို့၏ အိမ်သို့ ပြန်သွားကြသောကြောင့် ဆိုင်၏ စားသုံးသူအရေအတွက်ကလည်း လျော့နည်းလာသည်။


နေဝင်ချိန်အထိ ပုဖန် ဆိုင်ရှေ့တွင်ထိုင်နေခဲ့သည်။နေအလင်းရောင်မှေးမှိန်လာသည်နှင့်မျှ ဆိုင်အရိပ် ရှည်ထွက်လာသည်ကို သူငေးမောကြည့်ရှုနေခဲ့သည်။


ထိုအချိန်၌


အဝေးတစ်နေရာဆီမှ လူနှစ်ယောက်သူဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ထိုသူများက သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့၏ အနီရောင်ဆံပင်များကလည်း ဆည်းဆာနေရောင်အောက်တွင် တောက်ပနေလေသည်။


ပုဖန် သူတို့နှစ်ယောက်ကို အေးဆေးတည်ငြိမ်စွာသာကြည့်နေလိုက်သည်။


မီရှက ပုဖန်နားသို့ ရောက်သောအခါ၌ သူလေအေးတစ်ရှိုက်ရှုရှိုက်လိုက်မိသည်။ကြောက်စရာကောင်းလှသော သွေးလွှမ်းလူသားနှင့် ရင်ဆိုင်တွေ့ခဲ့ရသော်လည်း လွှတ်မြောက်လာသည့် သူ့ရှေ့မှလူငယ်ကို သူဂရုမဲ့မပြုမူရဲချေ။


အဘယ့်ကြောင့် ဆိုသော် သွေးလွှမ်းလူသား၏ စွမ်းအင်က အလွန်ပင်အားကောင်းလှလေရာ ထိုလူငယ်ကလည်း အားကောင်းသည်ဆ်ိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။


မီရှဘေးမှ လူငယ်လေး၏ ချောမောလှသော မျက်နာတွင် အပြုံးတစ်ခုထင်ဟပ်လာသည်။သူ့နှုတ်ခမ်းလေး တွန့်ကွေးလိုက်ပုံကပင် အနုပညာလက်ရာတစ်ခုလား ထင်မှတ်ရလေသည်။


"ဒီလူခန္ဓာကိုယ်ကနေ ရှုရမျှော်စင်ရဲ့အော်ရာတွေ ထွက်ပေါ်နေတယ်...ကြည့်ရတာတော့ နောက်ဆုံး ရှုရမျှော်စင်ကို ရသွားတဲ့သူက တန်ခိုးရှင်အဆင့်ကိုတောင်မချိုးဖြတ်ရသေးတဲ့ လူတစ်ယောက်ဖြစ်နေပုံပဲ..."