အပိုင်း ၄၈၈
Viewers 53k

အခန်း ၄၈၈

ဆိုင်းဘုတ်ကိုင်ပြီးပြိုင်မယ်


ဆည်းဆာနေရောင်က ထိုသူနှစ်ယောက်အပေါ်ကျရောက်နေသောကြောင့် သူတို့၏ အရိပ်က ရှည်လျားသထက် ရှည်လျားလာခဲ့သည်။


ပုဖန် မတ်တပ်ထရပ်၍ အကြောအချဉ်ဆန့်လိုက်သည်။ထို့နောက် ဆိုင်တံခါးကိုပိတ်ရန် ပြင်လိုက်၏။တစ်နေ့တာအတွက် ဆိုင်ဖွင့်ချိန်ကုန်ဆုံးသွားပေပြီ။


ခပ်လှမ်းလှမ်းဆီမှ လူနှစ်ယောက်ကလည်း သူ့ဆီသ်ို့ တဖြေးဖြေးနီးကပ်လာလေသည်။ထိုသူနှစ်ယောက်နင်းချေလိုက်သော ကျောက်တုံးကျောက်ခဲများ၏ အသံက ဧရိယာတစ်ခွင်လုံးကို လွှမ်းခြုံနေလေ၏။


ထုံဟယ်၏ ဆံနွယ်များက လေ၌ တဖြတ်ဖြတ်ခါနေပြီး သူ့၏ ညှင်သာတည်ငြိမ်လှသော အကြည့်များကလည်း ပုဖန်ပေါ်တွင်သာ ကျရောက်နေသည်။ပို၍ တ်ိတိကျကျပြောရမည်ဆိုလျှင် သူ့အကြည့်များက ပုဖန်၏ လည်ပင်း၌ ရစ်ဝဲနေခြင်းဖြစ်သည်။


ထိုမျှော်စင်ငယ်လေးက ရှုရမျှော်စင်မှလွဲ၍ တခြားမဖြစ်နိုင်ပေ။


ထိုခဏ၌ ထုံဟယ်က ပို၍ပင် စိတ်လှုပ်ရှားလာမိသည်။သူ ရှုရမျှော်စင်ကို ရှာဖွေနေခဲ့သည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်ပြီး နောက်ဆုံး၌ ပြန်လည်၍ တွေ့မြင်ရပေပြီ။


"သခင်လေး စိတ်ထိန်းပါ အဲ့ဒီလူက မြင်နေရသလို မရိုးရှင်းဘူး..."


ထုံဟယ်၏ စိတ်လှုပ်ရှားလောကြီးမှုကို ခံစားမိလိုက်သည့်ခဏ၌ မီရှနှလုံးခုန်သံများပင် မြန်လာခဲ့သည်။သူထုံဟယ်၏ လက်မောင်းကိုလှမ်းဆွဲ၍ ပြောလိုက်၏။


ထုံဟယ်၏ စိတ်အခြေအနေက ပြန်လည်တည်ငြိမ်သွားသည်။အကယ်၍ မီရှပြောသည့်စကားသာမှန်လျှင် ထိုလူငယ်လေး၌ အင်အားကြီးမှုအချို့ ရှိနေပေလိမ့်မည်။


ထိုလူငယ်လေးက ကြောက်စရာကောင်းလှသည့် အန္တရာယ်များနှင့် ပြည့်နှက်နေသော တိမ်ပင်လယ်လျှို့ဝှက်နယ်ပယ်ထဲမှပင် ထိုရှုရမျှော်စင်ကို ခိုးထုတ်ယူနိုင်ခဲ့သည်ဆိုလျှင်... ပုဖန်နှင့် ရင်ဆိုင်သည့်အခါ၌ ပို၍ သတိကြီးကြီးထားမည်ဖြစ်ကြောင်းသိလိုက်ပေသည်။


ထုံဟယ်က တည်ငြိမ်လှသော မျက်နာထားဖြင့် ဆိုင်ရှိရာဆီသို့ ဖြေးညှင်းစွာ ဆက်လျှောက်လာခဲ့သည်။


ပုဖန် သူ့ဆိုင်သို့ တည့်တည့်လျှောက်လာသော လူနှစ်ယောက်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ထိုသူနှစ်ယောက်ကို ကြည့်ရသည်မှာ မြင်ဖူးသည်ဟု ခံစားမိလိုက်သည်။သို့သော်လည်း သူ မည်သည့်အချိန်ကမြင်ဖူးခဲ့မှန်းကို တွေးမရပေ။


သူမမှတ်မိနိုင်မှတော့ ခေါင်းရှုပ်ခံ၍ စဉ်းစားမနေတော့ပေ။


ထုံဟယ်က ဆိုင်ကို တစ်ချက်မျှ ဝေ့ဝဲအကဲခတ်ကြည့်လိုက်ပြီးနောက် ပုဖန်ကို နွေးထွေးစွာ ကြည့်လိုက်သည်။


"ဒီက မိတ်ဆွေက ဒီဆိုင်ရဲ့ ပိုင်ရှင်များလား..."


"ဟုတ်တယ်...ငါပါ..."


ပုဖန်က တည်ငြိမ်စွာပင် ပြန်တုံ့ပြန်လိုက်သည်။


ထို့နောက်ထုံဟယ်၏ အကြည့်များက ပုဖန်၏ လည်ပင်းဆီသို့ ကျရောက်သွားပြီး သူ့မျက်ဝန်းထဲတွင် ဘောဘကြီးသည့်အရိပ်အယောင်များဖြစ်ပေါ်လာသည်။


ဒါတကယ်ကိုပဲ ရှုရှဂိုဏ်းရဲ့ အလေးအနက်ထားရတဲ့လက်နက် ရှုရမျှော်စင်ပဲ...ဒီလိုတန်ဖိုးကြီးတဲ့ရတနာကို သူဘယ်လိုလုပ်ပြီး ပေါ့ပေါ့တန်တန်သဘောထားရတာလဲ...


ထုံဟယ်၏ အကြည့်ကြောင့် ပုဖန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။


ပုဖန်၏ အမူအရာကိုပြောင်းလဲသွားသည်ကို မီရှမြင်လိုက်သည်နှင့် ထုံဟယ်၏ လက်မောင်းကို ဆက်ခနဲဆွဲ၍ သတိထပ်ပေးလိုက်သည်။


ထုံဟယ်သတိပြန်ဝင်လာပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ အပြုံးလေးဖြင့် ယဉ်ကျေးစွာ စကားဆိုလိုက်သည်။


"ပထမဦးဆုံးအကြိမ်အဖြစ် မြူကောင်းကင်မြို့ထဲမှာ ငါ စားသောက်ဆိုင်တစ်ဆိုင်တွေ့ဖူးတာပါ...မင်းရဲ့ကောင်းမွန်လှတဲ့ ဟင်းပွဲတွေကို မြည်းစမ်းခွင့်များရနိုင်မလား..."


သူတို့ပုဖန်ဆီကနေ လုယက်ဖို့လည်းမဖြစ်နိုင်သောကြောင့် တခြားနည်းလမ်းသုံးပြီး ချဉ်းကပ်ရန်သာ တွေးတောလိုက်သည်။သူတို့ မည်သည့်လှုပ်ရှားမှုမှမလုပ်သေးခင် ပထမဦးဆုံး ပုဖန်၏ ခွန်အားအစစ်အမှန်ကို သိရှိရအောင်လုပ်ရပေမည်။


"အော်... ဒီတော့ မင်းတို့က ဒီမှာလာစားကြတာလား...ဆိုင်ကပိတ်သွားပြီ...မနက်ဖြန်ကျမှ ပြန်လာခဲ့ကြ..."


ပုဖန်တည်ငြိမ်စွာပင်ပြောလိုက်ပြီးနောက် ဆိုင်အတွင်းသို့လှည့်ဝင်လိုက်ကာ တံခါးပိတ်ရန်ပြင်လိုက်သည်။


ပုဖန်၏ အမူအရာကြောင့် ထုံဟယ်စွံ့အမှင်သက်သွားမိသည်။


သူကဘာကြောင့် အခုဆိုင်ပိတ်မှာလဲ...


သူရှုရမျှော်စင်ကို အခုပင်မြင်လိုက်သည်ဖြစ်လေရာ ဘယ်လိုနည်းနှင့်မှ ဒီတိုင်းလက်မလွှတ်နိုင်ပေ။သူလျှင်မြန်စွာပင် လက်ကိုမြှောက်၍ တံခါးပိတ်နေခြင်းကို တားဆီးလိုက်သည်။


"နေပါဦး ငါတတ်နိုင်ပါတယ်...ကျသင့်တဲ့ ဟင်းပွဲရဲ့ တန်ဖိုးထက် အဆပေါင်းများစွာ ငါပေးနိုင်ပါတယ်..."


ပုဖန်ကလည်း ပိုက်ဆံရဖို့အတွက်စျေးရောင်းနေခြင်းဖြစ်သည်။အကယ်၍ စနစ်၏ စည်းမျဉ်းများသာ ပြောင်းလဲသွားမည်ဆိုလျှင် သူထုံဟယ်ကို ပျော်ပျော်ကြီးပင် ရောင်းချလိမ့်ပေမည်။


သို့သော်လည်း စိတ်မကောင်းစရာကောင်းလှစွာပင် စနစ်၏ စည်းမျဉ်းများက ပြောင်းလဲသွားခြင်းမရှိသေးပေ။ထို့ကြောင့် သူ ထုံဟယ်နှင့် အချိန်ဖြုန်းမနေတော့ပေ။


သူတံခါးကိုကိုင်ထားသည့်ထုံဟယ်၏ လက်ကိုသာ တည်ငြိမ်စွာ တစ်ချက်လှမ်းကြည့်လိုက်သည်။


ထိုခဏ၌ ထုံဟယ် နိမိတ်မကောင်းသည့် ခံစားချက်ကို ခံစားလိုက်ရသည်။သူ တံခါးက်ို မလွှတ်ပေးချင်သောကြောင့်သာ အံတင်းတင်းကြိတ်ထားလိုက်ရ၏။သူကဲ့သို့ အဆင့်သုံးဆင့် ချိုးဖျက်ပြီးသော မသေမျိုးခန္ဓာပညာရှင်က ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရပေမည်။ဒေါသထွက်လွန်းသောကြောင့် ပေါက်ကွဲမိမတက်ပင်ဖြစ်နေမိသည်။


"သခင်လေး စိတ်လျှော့ပါ..."


မီရှက လျှင်မြန်စွာ သတိပေးလိုက်ရ၏။


ဘန်း...


ကျယ်လောင်လှသော အသံနှင့်အတူ ဆိုင်တံခါးက ပိတ်သွားပေပြီ။ဆိုင်ဝ၌ ရပ်နေသော ထုံဟယ်က ဆိုင်အပြင်၌ ကျန်ခဲ့လေပြီ။လေအေးများ သူ့မျက်နာကို ရိုက်ခတ်လာသောကြောင့် သူတုန်ပင်တုန်သွားမိသည်။


သူ့ကို မည်သူမှ ထိုကဲ့သို့ မဆက်ဆံရဲကြပေ။သူ ရှုရရှေးဟောင်းမြို့တော်တွင်ရှိနေစဉ်က လူတိုင်းတလေးတစားဆက်ဆံသည်ကိုသာ ခံခဲ့ရသည်။ယခုမူ ပုရွတ်ဆိတ်ကဲ့သို့သော သူတစ်ယောက်က သူ့၏ မျက်နာကိုမူ တံခါးဖြင့် ဖြတ်ရိုက်မည့်မတတ် မရိုမသေလုပ်သွားပေသည်။


"ငါလုံးဝ ထပ်မစောင့်နိုင်တော့ဘူး...ခိုးယူရမယ်ဆိုရင်တောင်မှပဲ ဒီနေ့ပဲ ရှုရမျှော်စင်ကို ကျိန်းသေပေါက် ပြန်ယူရမယ်..."


ထုံဟယ်က အသက်ပြင်းပြင်းရှုလိုက်ပြီး အေးစက်စွာပြောလိုက်သည်။ထိုစကားကိုဆုံးသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ဖြာထွက်လာကာ အကြည့်များကလည်း ရေခဲတမျှအေးစက်သွားပေသည်။


ထို့နောက် သူ့လက်ဖဝါးကိုမြှောက်လိုက်ရာ လက်ဖဝါးပေါ်၌ လှည့်လည်နေသော အစစ်အမှန်စွမ်းအင်လှ်ိုင်းလုံးတစ်ခုကိုပင် တွေ့မြင်လိုက်ရပေသည်။သူအားအပြည့်ဖြင့် ဆိုင်တံခါးကို ဖျက်စီးတော့မည့် ခဏမှာပင် ဆိုင်တံခါးက ပြန်လည်ပွင့်လာလေသည်။


ရုတ်တရက် တံခါးပွင့်လာသောကြောင့် မီရှနှင့် ထုံဟယ်နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။


သို့သော် ယခုတစ်ခေါက်၌ ဆိုင်အပေါက်ဝ၌ ရပ်နေသူက ပုဖန်မဟုတ်ပေ။


ထုံဟယ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူ့၏ အကြည့်များက သူ့ရှေ့မှ အမျိုးသမီးအပေါ်သို့ ကျရေုက်သွားသည်။


ထိုအနက်ရောင်ဆံနွယ်ရှည်များနှင့် အမျိုးသမီးကလည်း သူ့ကို တည့်တည့်မတ်မတ်ပြန်စိုက်ကြည့်နေလေသည်။


ဘယ်လိုကြောင့် ဒီအမျိုးသမီး ရုတ်တရက်ပေါ်လာရတာလဲ...


နယ်သာရီ၏ အေးစက်လှသော အကြည့်များက ထုံဟယ်အပေါ်ကျရောက်နေလေရာ သူ့ခန္ဓာကိုယ်၌ ကြက်သီးမွှေးညှင်းများထလာသလိုပင် ခံစားလိုက်ရသည်။


"သူစိတ်ပြောင်းသွားပြီလား...ငါတို့ကို အထဲဝင်ခွင့်ပြုလိုက်တာလား..."


ထုံဟယ်က စွမ်းအင်များကို ပြန်သိမ်းလိုက်ပြီး နွေးထွေးစွာပြုံးလိုက်သည်။ယခုကဲ့သို့ လှပသော အမျိုးသမီးရှေ့တွင် သူ့၏ ဟန်အမူအရာကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း သိသေးပေသည်။


ထိုခဏ၌ ထုံဟယ်က သူ့ဘေးနားတွင်ရပ်နေသော မီရှကို သတိမပြုမိလိုက်ပေ။


နယ်သာရီထွက်ပေါ်လာသည်ကို မြင်လိုက်သည့်ခဏ၌ မီရှ၏ အမူအရာက လုံးဝပြောင်းလဲသွားပေပြီ။သူ တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသလို ထွက်ပြေးချင်နေပေပြီ။သူ့၏ မျက်နာက သေမတက်ဖြူဖျော့နေကာ နှုတ်ခမ်းများက တစ်ဆက်ဆက်တုန်ယင်နေ၏။နယ်သာရီကို မြင်သည့်ခဏ၌ မိုးကြိုးပစ်ခံလိုက်သလိုပင် ခံစားလိုက်ရသည်။


ထုံဟယ်က ထိုအမျိုးသမီးကို မသိသော်လည်း လျှ်ို့ဝှက်နယ်ပယ်ထဲသို့ ဝင်ခဲ့ဖူးသည့် မီရှကမူ သူ့၏ ဂုဏ်သတင်းကို သေချာပေါက်သိနေပေသည်။သူမက ငရဲကမ္ဘာသင်္ဘော၏ ငရဲကမ္ဘာအမျိုးသမီးဖြစ်သည်။


သူက ငရဲကမ္ဘာအမျိုးသမီးမဟုတ်ဘူးလား...ဒီမှာဘာလုပ်နေတာလဲ...သူလျှို့ဝှက်နယ်ပယ်ထဲမှာပဲ ရှိသင့်တာမဟုတ်ဘူးလား...


ထိုအမျိုးသမီး၏ ခွန်အားကို သူမမှန်းနိုင်ပေ။သို့သော်လည်း လျှို့ဝှက်နယ်ပယ်ထဲတွင် သူမနှင့်တွေ့ဆုံခြင်းက သေမင်းနှင့်တွေ့ဆုံခြင်းနှင့်အတူတူပင်ဖြစ်သည်ကိုတော့ မီရှိသိပေသည်။


သို့ဖြစ်လေရာ ထိုအမျိုးသမီး၏ တည်ရှိမှုက ကြောက်စရာကောင်းလှပေသည်။


"သခင်လေး ငါတို့ အခုပဲ ထွက်သွားသင့်ပြီ..."


မီရှ၏အကြည့်များက ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။သူ့၏ နှလုံးသားကလည်းအဆက်မပြတ် တုန်ယင်နေပြီး ထုံဟယ်၏ လက်မောင်းကို ဆွဲလိုက်သည်။


"ထွက်သွားစမ်း..."


နယ်သာရီ၏ နှင်းဆီရောင်နှုတ်ခမ်းပါးလေးများက ဖြေးညှင်းစွာ ဖွင့်ဟလာသည်။ထို့နောက်သူမက ကြက်ကလေးငှက်ကလေးများကို မောင်းထုတ်သကဲ့သို့ သူတို့နှစ်ယောက်ကို ရှူးခနဲမောင်းထုတ်လေသည်။


သူမ ထုံဟယ်ဆီမှ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ခံစားမိလေသည်။အကယ်၍ လျှို့ဝှက်နယ်မြေထဲမှာသာဆိုလျှင် သူမ အရင်ဦးဆုံး တိုက်ခိုက်ပြီးပေပြီ။ထိုသို့သော သူများက သူမရှေ့၌ သုံးစက္ကန့်ကျော်အောင် အသက်ရှင်လိမ့်မည်မဟုတ်ပေ။


"အမ်...ထွက်သွားရမယ် ..."


ထုံဟယ်က ကြောင်အသွားရာမှ သတိပြန်ဝင်လာပြီး သူ့အမူအရာကမဲမှောင်သွားလေသည်။အမျိုးသမီးက သူ့ကို မလေးမစားဆက်ဆံရဲပေသည်။နယ်သာရီ၏ စွမ်းအင်အဆင့်ကို သူဖောက်ထွင်းမမြင်နိုင်သော်လည်း သူမကို သူမကြောက်ပေ။အဘယ့်ကြောင့်ဆိုသော် သူမက ကြောက်စရာကောင်းလှသော မွန်းစတားအိုကြီးများထဲမှ တစ်ယောက်ဖြစ်နေမည့် အသက်အရွယ်လည်းမဟုတ်ပေ။


သူနှင့် ရွယ်တူ မျိုးဆက်များထဲမှ ဘယ်သူကိုမှ သူမကြောက်ပေ။


"ကောင်းပြီ...ကောင်းပြီ...ထွက်သွားမယ်...ထွက်သွားကြမယ်...အခုချက်ချင်း..."


မီရှ ကမန်းကတန်းပြောလိုက်သည်။ကြောက်ရွံ့လွန်းသောကြောင့် သူ့နှလုံးသားပင် လည်ချောင်းထဲမှ ဆန်တက်လာတော့မလိုပင်ထင်ရသည်။


ထုံဟယ်က နှာခေါင်းရှုံ့၍ လက်ကိုမြှောက်လိုက်သည်။သူ့စိတ်ထဲ၌ ရှုရမျှော်စင်ကို ပြန်ရဖို့ကိုသာ စဉ်းစားနေမိသည်၏သူ ဒီဆိုင်ကို အတင်းတွန်းဖွင့်၍ ပုဖန်ကို ဖိအားပေးပြီး ရှုရမျှော်စင်ကို လက်လွှဲခိုင်းရပေမည်။


ရုတ်တရက် သူ့မျက်လုံးရှေ့၌ ရှည်လျားသွယ်လျသော လက်ချောင်းလေးတစ်ချောင်းကို မြင်လိုက်ရပြီး အချိန်များရပ်တန့်သွားသလို ခံစားလိုက်ရသည်။ထိုလက်ချောင်းလေးကို သူ့နဖူးကို အသာထိလိုက်လေသည်။


ဝီ...


သူ့ခေါင်းက ပေါက်ကွဲထွက်တော့မလို ခံစားလိုက်မိပြီး ပြင်းထန်သော နာကျင်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာလေသည်။ထိုလက်ချောင်းလေးမှလာသော အင်အားက သူ့တစ်ကိုယ်လုံးကို လွင့်ထွက်သွားစေပြီး မိုင်အနည်းငယ်အဝေးထိ လွင့်ပစ်ခံလိုက်ရလေသည်။


နယ်သာရီ၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ၌ မီရှ၏ နှလုံးသားက ပြင်းပြင်းထန်ထန်ထပ်မံ ခုန်ပေါက်လာပြီး သူ ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းလိုက်လေသည်။


ဒီငရဲကမ္ဘာအမျိုးသမီးက တကယ်ကြီး ဆိုင်ကို ကာကွယ်ပေးနေတယ်...ဒီဆိုင်ရဲ့ မူလရင်းမြစ်က ဘာများပါလိမ့်...


ထုံဟယ်က မြေပြင်ပေါ်မှ ကုန်းရုန်းထလာသည်။သူ့၏ ခေါင်းက မူးယစ်နာကျင်နေပြီး ကြောက်ရွံ့တုန်လှုပ်မှုများပြည့်နှက်နေလေ၏။နဖူးကလည်း ယောင်လာသည်။အသားအရောင်က အနီရောင်အဖြစ်ပြောင်းသွားပြီးနောက် ထိုမှတစ်ဖန် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲလာလေသည်။သူ့ခေါင်းတစ်ခုလုံး ပွင့်ထွက်သွားတော့မလို ခံစားနေရ၏။


လက်ညှိုးတစ်ချောင်း...


ထိုလက်ညှိုးလေးတစ်ချောင်းက သူ မည်သည့်လှုပ်ရှားမှုမှ မလုပ်ရသေးခင်မှာပင် သူ့ကို အဝေးသ်ို့လွင့်သွားအောင်တိုက်ထုတ်လိုက်နိုင်ပေသည်။တကယ်တမ်း သူမမည်ကဲ့သို့ လှုပ်ရှားလိုက်သလဲပင် သူရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။


"သူမက ကြောက်စရာကောင်းလွန်းတယ်...ဒီအမျိုးသမီးက ဘယ်သူလဲ..."


သူတို့မျိုးဆက်ထဲတွင် သူ့ကိုထိုကဲ့သို့ တိုက်ခိုက်နိုင်သည့်သူ မည်သူမှမရှိပေ။သူစဉ်းစားမိသော တစ်ခုတည်းသော အကြောင်းအရာက ထိုအမျိုးသမီးက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက လာသူဖြစ်ပေလိမ့်မည်။


"စားသောက်ဆိုင်ရဲ့ နောက်ခံက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးလား..."


"သခင်လေး မင်းအဆင်ပြေရဲ့လား..."


မီရှက ထုံဟယ်မသေသည်ကို တွေ့သောအခါမှသာလျှင် စိတ်အေးသွားမိသည်။


"ဒီစားသောက်ဆိုင်က ထူးဆန်းတယ်...ဒီနေ့ကစပြီးတော့ မင်း ဒီဆိုင်ကို သေချာစောင့်ကြည့်ထား...အဲ့ဒီကောင်လေးလက်ထဲက ရှုရမျှော်စင်ကို ပြန်လည်ရယူဖို့ အခွင့်အရေးရှာရမယ်..."


ထုံဟယ်က ခဏမျှစဉ်းစားနေပြီးနောက် အေးစက်သော အမူအရာနှင့် မတ်တပ်ထရပ်လိုက်သည်။ထို့နောက် သူညွှန်ကြားချက်ပေးလိုက်ပြီး ထွက်ခွာသွားလိုက်သည်။


နောက်ဆုံး၌ မီရှစိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်နိုင်ပေပြီ။သူထင်ထားသကဲ့သို့ ထုံဟယ်က အရူးထစွာဖြင့် စားသောက်ဆိုင်ကို အလောတကြီးမတိုက်ခိုက်ပေ။အကယ်၍သာ သူစားသောက်ဆိုင်ကို တိုက်ခိုက်ခဲ့မည်ဆိုပါက သူတို့ မည်ကဲ့သို့ သေသွားမည်ကိုပင် သိလိမ့်မည်မဟုတ်ပေ။


အဘယ့်ကြောင့်ဆိုသော် ထိုအမျိုးသမီးက ငရဲကမ္ဘာအမျိုးသမီးဖြစ်နေပေသည်။


သူ့သခင်လေးက ငရဲကမ္ဘာအမျိုးသမီးကူညီနေသော သူတစ်ယောက်ကိုရန်သွားစခဲ့လေရာ သွေးထွက်သံယိုဖြစ်အောင်ရိုက်ခံရလျှင်ပင်အံ့သြစရာမဟုတ်ပေ။


နောက်တစ်ခေါက်ဆိုလျှင်ရှုရမျှော်စင်ရရှိအောင်ပြုလုပ်ရန်မှာ ပို၍ပင် ဂရုစိုက်ရပေမည်။အနောက်မှလိုက်လာသောမီရှ၏ စိတ်ထဲ၌ အတွေးများပြေးလွှားနေပေသည်။ရုတ်တရက်သူ့၏ မျက်ဝန်းများလက်ခနဲတောက်ပသွားသည်။


တကယ်လို့လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကသာ ငရဲကမ္ဘာအမျိုးသမီးကို ဒီဆိုင်မှာ ဖွက် မွေးထားတယ်လို့သိသွားမယ်ဆိုရင်ဘာတွေဖြစ်လာမလဲ...


လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးက ပုန်းကွယ်နဂါးတိုက်ကြီး၏ အထွဋ်အမြတ်ထားရသော ထိပ်တန်းနယ်မြေတစ်ခုဖြစ်သည်။မည်သည့်ပထမတန်းစားဂိုဏ်းများထက်မဆိုပို၍အင်အားကြီးမားသည့် တည်ရှိမှုမျိုးဖြစ်သည်။


သူတို့၏ ရှေးဟောင်းရှုရမြို့တော်က အင်အားကြီးမားလှသည်ဆိုသော်လည်း လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးနှင့် နှိုင်းယှဉ်မည်ဆိုလျှုင်အလှမ်းကွာဝေးလှလွန်းသည်။


သို့သော်လည်း သူစဉ်းစားပြီးနောက် ထိုအတွေးကိုစွန့်လွှတ်လိုက်သည်။သူ ငရဲကမ္ဘာအမျိုးသမီးကိုစိတ်ဆိုးအောင်လုပ်မိလျှင် ဖြစ်ပေါ်လာမည့် အကျိုးအဆက်များကို ခံစားနိုင်လိမ့်မည်မဟုတ်ပေ။ထို့အပြင် လျှို့ဝှက်နဂါးတော်ဝင်အဖွဲ့ရုံးမှ သူများကိုလည်း သူစိတ်ဆိုးအောင်မလုပ်နိုင်ပေ။


.....


အချိန်သုံးရက်က လျှင်မြန်စွာပင် ကုန်ဆုံးသွားလေသည်။


မနက်ခင်းနေခြည်နုနုက သူ့ခန္ဓာကိုယ်ပေါ်ကျရောက်လာသောအခါ၌ ပုဖန် မျက်ဝန်းများဖွင့်ပြီး အိပ်ယာထလိုက်သည်။မျက်နာသစ် သန့်ရှင်းပြီးနောက် ထုံးစံအတိုင်း မနက်ခင်းလေ့ကျင့်ခန်းများကို စတင်လိုက်သည်။ထို့နောက်နယ်သာရီနှင့် ဘလက်ကီတို့အတွက် မနက်စာချက်ပြုတ်ပေးပြီး ဆိုင်မှ ထွက်ခွာလာလိုက်သည်။


ဖုပါ့ အော်ပြောလိုက်သည်များကို အခုထိမှတ်မိနေတုန်းဖြစ်သည်။ပဉ္ဇလက်စုဝေးပွဲ၏ အစမ်းယှဉ်ပြိုင်ပွဲကို ဒီနေ့၌ မြူကောင်းကင်မြို့ ရင်ပြင်ကျယ်တွင်ကျင်းပမည်ဖြစ်သည်။သူ ထိုပြိုင်ပွဲကို လက်လွှတ်လိုက်နိုင်စရာအကြောင်းမရှိပေ။


ပုဖန်က ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။သူဆိုင်ပြင်သို့ထွက်လိုက်ပြီးနောက် လေထဲခုန်တက်၍ တိမ်ခိုးစားသောက်ဆိုင်၏ ဆိုင်းဘုတ်ကို ဖြုတ်ယူလိုက်သည်။ဆိုင်ဘုတ်ပေါ်တွင်ရေးထားသည့် စကားလုံးကြီးကြီးသုံးလုံးကိုကြည့်၍ သူ့နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးလိုက်၏။


ထို့နောက် ဆိုင်းဘုတ်ကိုသယ်ဆောင်၍ မြို့လယ်ခေါင်သို့ ဦးတည်လျှောက်သွားလိုက်သည်။


သူ ယှဉ်ပြိုင်ကွင်းထဲ ပါဝင်သည့်အခါ၌ ဒီဆိုင်းဘုတ်ကို ကိုင်ထားပေမည်။သူက တိမ်ခိုးစားသောက်ဆိုင်ကိုကိုယ်စားပြုကြောင်း လူအားလုံးကို သိစေပေမည်။


ဒီနေ့မှစ၍ တိမ်ခိုးစားသောက်ဆိုင်ရဲ့ နာမည်ဂုဏ်သတင်းမြင့်တက်လာမှု စတင်ပေတော့မည်။