အပိုင်း ၄၈၉
Viewers 53k

အခန်း ၄၈၉

ငါ့ယောက်ဖက ထူးဆန်းအံသြဖွယ်ရာတွေ ဖန်တီးပြလိမ့်မယ်...

မြူကောင်းကင်မြို့၏ ရင်ပြင်ကျယ်က မြို့လယ်ခေါင်တည့်တည့်တွင်တည်ရှိသည်။သူ့၏ ပတ်ဝန်းကျင်တွင်လည်း မြင့်မားလှသော အဆောက်အဦးများဖြင့် ဝန်းရံထားလေသည်။ထိုအဆောက်အဦးများကို မိသားစုကြီးများမှ ပိုင်ဆိုင်ကြသည်။လင်း၊ ကျန်းမိသားစုနှင့် နန်ကုန်းမိသားစုတို့ကလည်း အချို့ပိုင်ဆိုင်လေသည်။

စီးဆင်းတိမ်အိမ်တော်ပင်လျှင် ကိုယ်ပိုင်အဆောက်အဦးရှိလေသည်။စီးဆင်းတိမ်အိမ်တော်မှ ပိုင်ဆိုင်ထားသော အဆောက်အဦးက ထိုမိသားစုကြီးသုံးစုပိုင်ဆိုင်ထားသော အဆောက်အဦးများထက်ပင်ပို၍ မြင့်မားလေသည်။

အဆောက်အဦးအတွင်း၌လည်း ခမ်းနားထည်ဝါလှသော ရွှေ ကျောက် သံ ပတ္တမြားများဖြင့် တန်ဆာဆင်ထားသည်။ဆေးလုံးအဆောက်အဦးကမူ မြို့လယ်ခေါင် ရင်ပြင်ကျယ်နှင့် အတော်အတန်ခန့်ဝေးကွာလေသည်။

ဆေးလုံးအဆောက်အဦးမှ သိပ်သည်းလှသော ဆေးစွမ်းအင်များကို ထုတ်လွင့်သောကြောင့် မြို့လယ်ခေါင်၌သာ ထားလျှင် မြို့အပေါ်သက်ရောက်မှုရှိပေလိမ့်မည်။

ကောင်းကင်ဆေးမြို့တော်မှ ဆေးအဆောက်အဦးဖြစ်စေ တောက်ပကောင်းကင်မြို့တော်မှ ဆေးလုံးအဆောက်အဦးဖြစ်စေ မြူကောင်းကင်မြို့မှ ဆေးလုံးအဆောက်အဦးဖြစ်စေ မည်သည့်ဆေးလုံးအဆောက်အဦးမဆို မြို့လယ်ခေါင်နှင့် အလှမ်းဝေးသည့်နေရာတွင်သာ တည်ဆောက်ထားပေသည်။

ပုဖန် လမ်းသွယ်လေးများကို ဖြတ်ကျော်လာပြီး မြင့်မားလှသည့် အဆောက်အဦးကြီးများရှိရာဆီသို့ ခပ်သွက်သွက်လျှောက်လှမ်းလာသည်။အဆောက်အဦးများ၏ ပတ်ဝန်းကျင်၌ လူများပြည့်ကျပ်နေသည်ကို သူမြင်တွေ့နေရသည်။

စိတ်ဝိညာဉ်သားရဲဆွဲသော ရထားလုံးများကလည်း သူ့ကို ဆူညံစွာဖြင့် ဖြတ်ကျော်သွားသောကြောင့် လေကြမ်းများပင် ရိုက်ခတ်မိနေသည်။

လူများစွာက ပုဖန်ကို သတိပြုမိလိုက်ကြပြီး လှည့်ကြည့်လိုက်ကြသည်။ယခုလက်ရှိအချိန်၌ ဆိုင်းဘုတ်ကြီးကြီး ကိုင်ဆောင်၍ ပေါ်ထွက်လာသော သူ့ပုံစံက အနည်းငယ်ထူးဆန်းနေပေသည်။

ထိုဆိုင်းဘုတ်ကြီးပေါ်၌လည်း တိမ်ခိုးစားသောက်ဆိုင်ဟူသော စကားလုံးသုံးလုံးကိုရေးဆွဲထားသည်။လူများစွာက သူ့ကိုမြင်ပြီးနောက် မထိန်းနိုင်ပဲ စတင်ရယ်မောလိုက်ကြသည်။

"စားသောက်ဆိုင်...တိမ်ခိုးစားသောက်ဆိုင်...မြူကောင်းကင်မြို့ထဲမှာ စားသောက်ဆိုင်ရှိနေသေးတာလား..."

မြူကောင်းကင်မြို့တော်က ကြီးမားကျယ်ပြန့်လေရာ မြို့သူမြို့သားအများစုပင်လျှင် စားသောက်ဆိုင်ရှိမှန်းမသိကြပေ။ထို့အပြင် သူတို့အဓိကစားသုံးသည်က အဆာခံဆေးလုံးများဖြစ်လေရာမည်သည့်နေရာ၌ စားသောက်ဆိုင်ရှိမှန်းသတ်ိကိုမပြုမိကြပေ။

မှန်ပေသည်။တစ်ချို့သူများကလည်း ပုဖန်ကိုသိကြပေ၏။ပုဖန်ကို မြင်လိုက်သောအခါ၌ သူတို့အံ့အားသင့်သွားကြသည်။

"ပိုင်ရှင်ပု ဘယ်လိုဖြစ်ပြီးဆိုင် ဆိုင်းဘုတ်ကြဖိးကိုင်လာရတာလဲ..."

"ငါ ပဉ္ဇလက်စုဝေးပွဲမှာ ဝင်ပြိုင်မလို့..."

ပုဖန်က အေးဆေးစွာသာ ပြန်ပြောလိုက်ပြီး အရှေ့သ်ို့ ဆက်လျှောက်သွားလိုက်သည်။

"ပဉ္ဇလက်စုဝေးပွဲမှာ ဝင်ပြိုင်မယ်...ပိုင်ရှင်ပု မင်းက စားဖိုမှူးလေ...ပေါက်ကရတွေ မလုပ်စမ်းပါနဲ့..."

ထိုသူက ပုဖန်စကားကြောင့် အံ့အားသင့်သွားသည်။ပဉ္ဇလက်စုဝေးပွဲက အဓိကအားဖြင့် အဂ္ဂိရတ်ပညာရှင်များအတွက်ဖြစ်သည်။သူ့လို စားဖိုမှူးတစ်ယောက်က ဘာဝင်လုပ်မည်နည်း။

လူအားလုံးက ပုဖန် နောက်ပြောင်ကျီစယ်သည်ဟုသာ မှတ်ထင်ထားလိုက်သည်။သို့သော်လည်း ပုဖန်က နောက်ပြောက်နေခြင်းမဟုတ်ပေ။သူလမ်းတစ်လျှောက်တွင်ခရင်းနီးနေသည့် မျက်နာများစွာကိုလည်းတွေ့ခဲ့ရသည်။ထိုသူများအားလုံးက စုဝေးပွဲပြိုင်ကွင်းကို လာရောက်ကြည့် ရှူကြခြင်းဖြစ်သည်။

ပဉ္ဇလက်စုဝေးပွဲက ဆေးနန်းတော်မှ ကြီးမှူးကျင်းပသော ကြီးမားသည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည်။ထို့ကြောင့် သာမန်သူများကိုပင် ပြိုင်ပွဲလာကြည့်ချင်အောင် ဆွဲဆောင်ထားနိုင်ပေသည်။သူတို့ ပြိုင်ပွဲကို လာရောက်ကြည့်ရှုလျှင် မြောက်များလှစွာသော နာမည်ကျော် အဂ္ဂိရတ်ပညာရှင်များကိုလည်း တွေ့နိုင်ပေသည်။

ထို့အပြင် ဆေးနန်းတော်မှ အဆင့်မြင့် အဖွဲ့ဝင်များကိုပင် တွေ့ကောင်းတွေ့နိုင်ပေလိမ့်မည်။ထိုသူများအားလုံးက သူတို့အတွက် အိုင်ဒေါလ်တစ်ယောက်လို တည်ရှိမှုမျိုးဖြစ်သည်။

ရင်းနီးနေသော သူများပင်လျှင် ပုဖန်လို စားဖိုမှူးတစ်ယောက်က ပြိုင်ပွဲတွင် ဝင်ပြိုင်မည်ဟု ပြောလိုက်ခြင်းကြောင့် အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ကြသည်။

အဆောက်အဦးများစွာကို ဖြတ်ကျော်လာပြီးနောက် ပုဖန်၏ မျက်ဝန်းများက တောက်ပသွားလေသည်။အဆောက်အဦးများ၏ အလယ်၌ အလွန်ကျယ်ပြန့်လှသော ရင်ပြင်ကျယ်တစ်ခုရှိနေပေသည်။

"ပိုင်ရှင်ပု ငါတို့ဒီမှာ... ဒီကိုကြည့်လိုက်..."

ပုဖန် အော်သံတစ်ချို့ကိုကြားလ်ိုက်ရသောကြောင့် သူအသံလာရာဆီ ဝေ့ဝဲကြည့်လိုက်သည်။သူတို့လက်များကို မြှောက်၍ ဝေ့ယမ်းပြနေသော နန်ကုန်းမောင်နှမနှစ်ယောက်ကို မြင်လိုက်ရလေ၏။

သူတို့၏ ခုံနေရာက ပုဖန်နှင့် အနည်းငယ်လှမ်းနေပေသည်။ပုဖန်က သူတို့ဆီသို့ လျှောက်လှမ်းသွားလိုက်၏။ပုဖန် ဆိုင်းဘုတ်ကြီးကို သယ်လာသည်ကို မြင်သောအခါ၌ နန်ကုန်းဝူချယ်၏ အကြည့်များကလည်း ထူးဆန်းသွားပေသည်။ထိုအခြေအနေမျိုးကို သူမမျှော်လင့်ထားမှန်းသိသာလှပေ၏။

"ဘော်ဒါပု မင်း ဒီဆိုင်းဘုတ်ကြီးကို ဘာလို့ သယ်လာရတာလဲ...ပြိုင်ပွဲဝင်မပြိုင်တော့ဘူးလား..."

"ငါ့ဆိုင်ရဲ့ နာမည်ကို လူအများသိစေချင်တယ်လေတကယ်လို့ ငါသာ ဆိုင်းဘုတ်မကိုင်ထားဘူးဆိုရင် ငါက တိမ်ခိုးစားသောက်ဆိုင်ကို ကိုယ်စားပြုမှန်းသူတို့ ဘယ်လိုလုပ်သိတော့မှာလဲ ..."

ပုဖန်က ယုံကြည်ချက်ရှိရှိဖြင့် ရှင်းလင်းပြတ်သားစွာပြောလိုက်သည်။

"ဟုတ်ပါတယ် မင်းပြောတဲ့ စကားက မှန်ပါတယ်...ငါမင်းကိုလည်းမချေပနိုင်တော့ပါဘူး..."

ယခုမှသာလျှင် ပုဖန်ပြိုင်ပွဲဝင်ရသည့်ရည်ရွယ်ချက်ကို သူပြန်လည် အမှတ်ရသွားသည်။သူ့စကားနှင့် ရည်ရွယ်ချက်ကတော့ ကောင်းလှပေသည်။

"ဒါပေမယ့် ဒီနည်းလမ်းကြီးက တအား ချဲ့ကားလွန်းနေတယ်မဟုတ်ဘူးလား..."

နန်ကုန်းဝမ်က မျက်ဝန်းများမှေးကျင်း၍ သူ့ကိုကြည့်လိုက်သည်။တကယ်တမ်းတွင် သူမက ပုဖန်အနိုင်ရသွားပြီးဆိုင်းဘုတ်ကြီးပိုက်၍ စင်ပေါ်ရဲဝံ့စွာ ဆင်းသက်လာမည့်ပုံစံကို မြင်ရန်မျှော်လင့်နေပေသည်။ထိုသို့သာဖြစ်လာလျှင် လူအားလုံးက မှင်သက်အံ့သြသင့်နေပြီး သူတို့မျက်လုံးက လင်ကွင်းလောက်ပင် ပြူးကျယ်သွားနိုင်လေသည်။

သူတို့ သုံးယောက် စကားစမြည်ပြောနေစဉ်မှာပင် ရင်ပြင်ကျယ်ထဲ၌ လူများတဖြေးဖြေးတိုးပွားလာသည်။ထို့နောက် ထိုအချိန်၌ ကြီးမားလှသော သံသင်္ဘောတစ်စင်း ဆင်းသက်လာသောကြောင့် လေပြင်းများ တိုးဝှေ့သွားလေသည်။ထိုသင်္ဘောပေါ်မှ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဂ္ဂိရတ်ပညာရှင်များ ဆင်းသက်လာသည်။

မီးခိုးရောင်ဆံနွယ်များနှင့် သွမ့်ယင်က ကောင်းကင်ဆေးမြို့တော် စစ်သင်္ဘောပေါ်မှ ဆင်းသက်လာသည်။ပြင်းထန်လှသောလေဖိအားကြောင့် အသက်ပင်ကောင်းကောင်းမရှူနိုင်ပဲ ဆံပင်များလည်း လွင့်ခါနေလေသည်။

သူက ပဉ္ဖလက်စုဝေးပွဲတွင် ထိပ်တန်းဆယ်နေရာထဲ၌ နေရာတစ်နေရာရဖို့ သေချာပေသည်။သူတောင်ပိုင်းနယ်စပ်မှ ပြန်လာပြီးနောက် သူ့၏ အဂ္ဂိရတ်ပညာစွမ်းအင်ကို တိုးတက်လာအောင် တိတ်တဆိတ် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

သူ့၏ ခရီးစဉ်အတွင်း တွေ့ကြုံခဲ့ရသော သူများကလည်း သူ့အပေါ်လှုံ့ဆော်မှုများပေးခဲ့သည်။စားသောက်ဆိုင်၌ သက်စောင့်ဆေးများထက်ပင် ပို၍ အစွမ်းထက်သော ဟင်းပွဲကောင်းများစားခဲ့ရပေသည်။သူ့လို အဂ္ဂိရတ်ပညာရှင်များက ထိုဖြစ်ရပ်ကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

အကယ်၍ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က စားဖိုမှူးတစ်ယောက်ကိုပင် အောင်မြင်နိုင်မှုမရှိလျှင် တိုက်ကြီးတစ်တိုက်လုံးတွင် အမြင့်ဆုံးတည်ရှိမှုအဖြစ် မည်ကဲ့သို့ ရပ်တည်နိုင်ပါမည်နည်း။

"သွမ့်ယင် ဒီပြိုင်ပွဲမှာ မင်းအကောင်းဆုံး လုပ်ဆောင်ရမယ်...မင်းရဲ့ လက်ရှိအဆင့်နှင့်ဆိုရင် ထိပ်သီး ငါးဆယ်အတွင်း ဝင်ဖို့က လုံးဝ မခက်ခဲလောက်ဘူး..."

စစ်သင်္ဘောပေါ်မှ ဆင်းသက်လာသော လူကြီးက သွမ့်ယင်၏ ပုခုံးကိုပုတ်၍ အပြုံးတစ်စဖြင့်ပြောလိုက်သည်။သွမ့်ယင်က ထိုလူကြီးကို လေးစားမှုအပြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

ထိုအဖိုးအိုက ကောင်းကင်ဆေးမြို့တော်၏ သူလေးစားရသော ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သော သူ့၏ ဆရာဖြစ်သည်။ထိုလူက တိမ်လေးစ အဂ္ဂိရတ်ပညာရှင် ကူဟယ်ဖြစ်သည်။

ဆရာသခင် ကူဟယ်က ပဉ္ဇလက်စုဝေးပွဲတွင် အကဲဖြတ်မည့် ဒိုင်တစ်ယောက်ဖြစ်သည်။

သွမ့်ယင်က တက်ကြစွာဖြင့် ခေါင်းညိတ်လိုက်သည်။သူ့၏ မျက်ဝန်းအကြည့်များကလည်းခိုင်မာလေးနက်လှပေသည်။

"ကောင်းပြီ...မင်းရဲ့ စီနီယာ အကိုအမတွေနဲ့အတူ သွားပြီး ပြင်ဆင်ထားလိုက်တော့ ...မင်းတို့ ဘယ်သူမှ ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်တယ်...မင်းတို့ အပြင်သူတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာငါတို့ ကောင်းကင်ဆေးမြို့တော်ရဲ့ သိက္ခာကို မချစေနဲ့..."

ဆရာသခင်ကူဟယ်က သူ့၏ တပည့်များကို မှာကြားပြီးနောက် မုတ်ဆွေးမွှေးကိုပွတ်သပ်ရင်း ခပ်ဖွဖွရယ်ကာ ထွက်ခွာသွားလေသည်။

သွမ့်ယင်က သူ့၏ စီနီယာအကိုအမများနောက်မှလိုက်၍ ရင်ပြင်ကျယ်ထဲသို့ ဝင်ရောက်သွားလိုက်သည်။

"မြူကောင်းကင်မြို့က အဂ္ဂိရတ်ပညာရှင်တွေရဲ့အဆင့်က ငါတို့ ကောင်းကင်မြို့တော်နဲ့ နှိုင်းယှဉ်လိုက်လျှင် ပိုပြီးတော့ နိမ့်တယ်...ငါတို့ မြူကောင်းကင်မြို့က သူတွေကို တကယ့်အစစ်အမှန် အဂ္ဂိပညာရှင်တစ်ယောက်ရဲ့ စွမ်းအင်ဆိုတာ ဘာလဲဆိုတာ မျက်ဝါးထင်ထင်မြင်ခွင့်ပေးလိုက်...ဆေးနန်းတော်ရဲ့ ဂိုဏ်းတွေကြားထဲမှ ငါတို့ ကောင်းကင်ဆေးမြို့တော်က အသန်မာဆုံးပဲ..."

"မင်းတို့အားလုံး ဟိုနေရာကို ကြည့်လိုက်စမ်း...တစ်ယောက်ယော်က ပြိုင်ပွဲလာပြိုင်တာတောင်မှပဲ ဆိုင်းဘုတ်ကြီးကိုင်လာတယ်..."

သူ့၏ စီနီယာများနောက်မှလိုက်လာသော သွမ့်ယင်က ပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်နေသည်။ရုတ်တရက် စီနီယာတစ်ယောက်ရဲ့ အံ့အားတကြီး ရေရွတ်သံကိုကြားလိုက်ရသည်။

ထိုစီနီယာညွှန်ပြသည့်နေရာသို့ သူလှည့်ကြည့်လိုက်လေရာ ပိန်ပါးသည့် လူတစ်ယောက်က ကြီးမားသည့်ဆိုင်းဘုတ်ကြီးကို သယ်ဆောင်၍ စာရင်းပေးသည့်နေရာသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်ကို မြင်လိုက်သည့်ခဏ၌ ရင်းနီးကျွမ်းဝင်နေသည်ကို တွေ့လိုက်ရသည်။သူဇဝေဇဝါဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်မိသည်။ထိုပုံရိပ်ကို သူ တစ်နေရာရာတွင် ရင်းနီးခဲ့ဖူးပုံပေါ်သည်။သို့သော်လည်း အချိန်အတော်ကြာအောင် စဉ်းစားသည့်တ်ိုင်အောင် မည်သည့်နေရာမှန်းစဉ်းစား၍ မရပေ။

သူခေါင်းရှုပ်နေစဉ်မှာပင် သူ့၏ စီနီယာများက သူ့ကို စာရင်းသွင်းသည့်နေရာဆီသို့ ဆွဲခေါ်သွားကြသည်။

ကျယ်ပြောလှသော ရင်ပြင်ကျယ်အလယ်တွင် ပြိုင်ကွင်းရှစ်နေရာရှိသည်။အကြိုယှဉ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သူများပြားလေရာ ရှစ်နေရာခန့်ပြင်ဆင်ထားခြင်းဖြစ်သည်။

ပုဖန်ဆိုင်းဘုတ်ကိုင်၍ စာရင်းသွင်းသည့်နေရာသို့ ရောက်သွားသောအခါ၌ ထိုနေရာ၌ရှိနေသော သူက သူ့ကို ကြည့်၍ အနည်းငယ်တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။သူအနေဖြင့် ယှဉ်ပြိုင်ပွဲတွင် စားဖိုမှူးတစ်ယောက်လာရောက်ခြင်းကို ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်သည်။ထို့အပြင် ဆိုင်းဘုတ်သယ်လာသည့် သူမျိုးကိုလည်း ပထမဦးဆုံးကြုံဖူးခြင်းဖြစ်၏။

ဒီလူပြက်ကို ဘယ်သူက ပြိုင်ပွဲဖိတ်လိုက်တာလဲ...ပြိုင်ပွဲပိုပြီး မြူးကြွလာအောင်လို့ ဖိတ်လိုက်တာလား...

...

"ဘော်ဒါပု မင်းမှာ အထူးအရည်အချင်းတွေရှိနေတယ်ဆိုတော့ ဒီစစ်ဆေးမှုကို လွယ်လွယ်လေးပဲ ကျော်ဖြတ်နိုင်မှာပါ...မင်းရဲ့ ပြိုင်ဘက်က အဆိပ်သခင်လည်း ဖြစ်နိုင်သလို အဂ္ဂိရတ်ပညာရှင်လည်းဖြစ်နိုင်တယ်...မင်းပြိုင်ပွဲကနေ အစောဆုံးမထွက်ခွာရအောင်လို့ တက်နိုင်သမျှ အကောင်းဆုံးကြိုးစားရမယ်နော်..."

နန်ကုန်းဝူချယ်က သူ့၏ နံပါတ်ပြားကိုယူလိုက်ပြီးနောက် ပုဖန်ကို သတိပေးပြောကြားလိုက်သည်။

ပုဖန် သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

ပုဖန်၏ နံပါတ်ပြားပေါ်တွင် ရေးထားသည်က ပြိုင်ကွင်းရှစ်ဖြစ်သည်။

ပြိုင်ကွင်းရှစ်က ရင်ပြင်ကျယ်၏ ထောင့်စွန်း ဝေးကွာသည့်နေရာ၌ တည်ရှိနေသည်။သို့သော်လည်း ပုဖန်က ထ်ိုအရာများကို ဂရုမစိုက်ပေ။

နန်ကုန်းဝူချယ်က ပြိုင်ကွင်း သုံးတွင် ကျရောက်ပြီး ထိုနေရာက အလယ်ခေါင်တည့်တည့်တွင် ရှိနေ၏။နန်ကုန်းဝမ်က ပြိုင်ကွင်း ၆ တွင် ကျရောက်သည်။သူတို့သုံးယောက်လုံးက မတူကွဲပြားသည့်နေရာများတွင် ယှဉ်ပြိုင်ရပေမည်။

"နန်ကုန်းဝူချယ် အဲ့ဒီ ဆိုင်းဘုတ်သယ်လာတဲ့အရူးက မင်းသူငယ်ချင်းလား...ဒီလိုအမှိုက်သရိုက်လည်း ပြိုင်ပွဲဝင်ပြိုင်ရဲသေးတယ်လား..."

နန်ကုန်းဝူချယ် တတိယပြိုင်ကွင်းသို့ မရောက်သေးခင်မှာပင် လှောင်ပြောင်သံတစ်ခုကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သည်။ထိုသူက အဂ္ဂိရတ်ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသော ကြည်လင်သန့်ရှင်းသည့် သူတစ်ယောက်ဖြစ်သည်။

သူဆီမှ ထုတ်လွင့်နေသော အော်ရာများကလည်း အားကောင်းသန်မာလှသည်။သူ့၏ မျက်နာထက်၌ လှောင်ပြောင်ဟန် မျက်နာထားကို ချိတ်ဆွဲထားလေသည်။

"လင်းမိသားစုရဲ့ တတိယသခင်လေးပါလား... မင်းက ငါ့ယောက်ဖရဲ့ ကျွမ်းကျင်မှုကို ဘာမှမသိဘူး အဲ့ဒီတော့ မင်းပါးစပ်ပိတ်ထား..."

နန်ကုန်းဝူချယ်က တစ်ချက်မဲ့၍ အေးစက်စက်တုံ့ပြန်လိုက်သည်။လင်းမိသားစု၏ တတိယသခင်လေးက လင်းမိသားစု၏ ပါရမီရှင် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။

သူ နန်ကုန်းဝူချယ်ကို ကြည့်၍ ခေါင်းခါယမ်းလိုက်မိသည်။နန်ကုန်းဝူချယ်က ငကြောင်တစ်ကောင်ဖြစ်သလို သူ့သူငယ်ချင်းကလည်း ငကြောင်ဖြစ်နေပေသည်။

"မင်းယောက်ဖရဲ့ ကျွမ်းကျင်မှု... စားဖိုမှူးတစ်ယောက်ရဲ့ ကျွမ်းကျင်မှုလား...နန်ကုန်းဝူချယ် မင်းအသိဉာဏ်မရှိတာနဲ့ပဲ တခြားသူတွေလည်း မင်းလိုပဲလို့ ထင်မနေနဲ့လေ...သူ့လို စားဖိုမှူး တစ်ယောက်က အကြိုစစ်ဆေးပွဲကိုတောင် ဖြတ်နိုင်မှာမဟုတ်ဘူး...ငါအနေနဲ့လည်း ပထမဦးဆုံးအကြိမ် ပဉ္ဇလက်စုဝေးပွဲမှာ စားဖိုမှူးတစ်ယောက်ဝင်ပြိုင်တာမြင်ဖူးတာပဲ..."

နန်ကုန်းဝူချယ်က သူ့ကိုတည့်တည့်စိုက်ကြည့်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်း၍ လျစ်လျူရှုလိုက်သည်။

"ငါ့ယောက်ဖက အံ့သြဖွယ်ရာ ကိစ္စတွေကို ဖန်တီးပြလိမ့်မယ် မင်းသူ့အကြောင်းဘာသိလို့လဲ... ဘာမှမသိဘူးဆိုရင် မျက်လုံးကျယ်ကျယ်ဖွင့်ပြီးကြည့်ထား..."

နန်ကုန်းဝူချယ်က ခပ်ပြတ်ပြတ်ပြောပြီးနောက် လင်းငပေါကောင်ကို လျစ်လျူရှုလိုက်ကာသူ့ပြိုင်ကွင်းနေရာဆီသို့သာ ဦးတည်သွားလိုက်သည်။

"စားဖိုမှူးတစ်ယောက်က ဘယ်လိုအံ့သြဖွယ်ရာတွေများ ဖန်တီးနိုင်မှာ မလို့လဲ..."

လင်းငပေါကလည်း မျက်လုံးလှန်လိုက်မိသည်။ထို့နောက် သူ့၏ ပြိုင်ကွင်းနေရာသို့ ဝင်ရောက်လိုက်သည်။နန်ကုန်းဝူချယ်၏ စကားကို သူနောက်ပြောင်မှူတစ်ခုအဖြစ်သာမှတ်ယူလိုက်လေသည်။

တစ်ခြားတစ်ဘက်၌မူ

 ပြိုင်ကွင်းရှစ်နေရာ၌...

 ပုဖန်က သူ့၏ ဆိုင်းဘုတ်ကို သယ်ဆောင်ထားရင်း ပြိုင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ဒိုင်လူကြီးများ၏ အံ့သြနေသည့် အကြည့်များအောက်မှာပင် စင်မြင့်ဆီသ်ို့ လျှောက်လာ၏။ပြိုင်ပွဲဝင်များကလည်း သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ တွေးထင်နေကြသည်။

"သူကပြိုင်ပွဲထဲကို ဆိုင်းဘုတ်ကြီး သယ်လာပြီး ဘာလုပ်တာလဲ..."

"ဆိုင်းဘုတ်မှာ ဘာတွေရေးထားတာလဲ...တိမ်ခိုးစားသောက်ဆိုင်ဟုတ်လား...သူက ပြိုင်ပွဲလာဝင်တာလား စားသောက်ဆိုင်လာဖွင့်တာလား..."

"သူက ဒီကလူတွေကို ဖျော်ဖြေမလို့ဆိုရင်တောင် ဒါကြီးကတော့ တော်တော်များသွားပြီ မဟုတ်ဘူးလား..."

သူတို့၏ အတွေးများနောက် မျက်မြင်တွေ့လိုက်ရသော နောက်ထပ်မြင်ကွင်းက ပို၍ စိတ်ရှုပ်ထွေးသွားစေသည်။

ဟွမ်....

ဒယ်အိုးနက်တစ်လုံးက စင်မြင့်ကို ရိုက်ခတ်သွားပြီး စင်ပင် အနည်းငယ် တုန်ခါသွားသည်။ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံး ဓားကို ဝှေ့ယမ်းရင်း စင်မြင့်ပေါ်တင်လိုက်သည်။သူက စဉ့်နှီတုံး ကြွေပန်းကန်လုံးနှင့် တစ်ခြားလိုအပ်သည့် အရာများကိုလည်း ထုတ်ယူလိုက်သည်။

သူပစ္စည်းများထုတ်ယူလေလေ လူများက ပို၍ အံ့အားသင့်လေလေပင်။

"မီးဖိုချောင်းသုံးဓား ၊ စဉ်းနှီတုံး ၊ အိုးအနက်တစ်လုံး ပြီးတော့ ကြွေပန်းကန်ပြား ပြီးတော့ ဆိုင်ဆိုင်းဘုတ် ...ဒီလူက ပြိုင်ပွဲကွင်းမှာ စားသောက်ဆိုင်လာဖွင့်တာလား...ဒီလူရွှင်တော်က ဘယ်ကရောက်လာတာလဲ..."

ပစ္စည်းအားလုံး ထုတ်ယူပြီးနောက် ပုဖန်က ခေါင်းမော့၍ သူ့ဆံပင်များကို သိုးမွှေးကြိုးဖြင့် ခပ်မြောက်မြောက် စည်းချည်လိုက်သည်။ထို့နောက် ဒိုင်လူကြီးများဘက်သို့ ရိုးသားမှုအပြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

"ငါအဆင်သင့်ဖြစ်ပါပြီ..."

ပုဖန်က အသက်တစ်ချက်ရှူရှိုက်လိုက်ပြီး ပြောလိုက်သည်။