အခန်း ၄၉၁
တရားမျှတမှုအတွက်...
အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် အနံ့ဆိုးများက ဒိုင်လူကြီး၏ မျက်နာကို လာရောက်ရိုက်ခတ်လေသည်။ပြင်းထန်လှသည့် အနံ့များက သူ့နှာခေါင်းပေါက်ထဲ တိုးဝင်သွားသောကြောင့် သူ့မျက်နာအမူအရာက တောင့်တင်းသွားလေသည်။
မျက်နှာအရောင်ကလည်း အဝါမှ ခရမ်းရောင်သို့ ကူးပြောင်းသွားပြီး အနက်ရောင်သို့ပင် ရောက်ရှိသွားကာ အန်ချပစ်တော့မလိုဖြစ်နေလေသည်။
"လခွမ်း...ဘာအနံ့ကြီးလဲဟ..."
ဒိုင်လူကြီးက ပျို့တက်လာသောကြောင့် သူ့ပါးစပ်ကိုအလျှင်အမြန်ပိတ်၍ အနောက်သို့ ဆုတ်လိုက်လေရာ ဖင်ထိုင်လျက်လဲကျသွားလေသည်။
ပုဖန်က ထိုလူ၏ မျက်နာကို ကြည့်၍ နှုတ်ခမ်းထောင့်လေးများတွန့်ကွေးသွားသည်။ထို့နောက် အိုးထဲမှ တို့ဟူးအနည်းငယ်ကိုထုတ်ယူလိုက်သည်။
အနံ့ပြင်းထန်လှသော တို့ဟူးပုပ်မှ နေ၍ အနက်ရောင် အရည်လေးများလည်း တစက်စက်စီးကျနေသည်။ထိုအနံ့များက လေနှင်ရာအရပ်ဆီသို့ တဖြေးဖြေး တဖြေးဖြေးလွင့်ပါသွားလေသည်။
ဒိုင်လူကြီးလည်း မတ်တပ်ထရပ်ဖို့ ကြိုးစားလိုက်သည်။သူ ပုဖန်မေးခဲ့သော ဘာလို့ ငါနဲ့ ဝေးဝေးမှာမနေသလဲဆိုသည့် မေးခွန်းကို သတိရသွားသည်။
"အိုးထဲမှာ ရွံ့စရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ...ဒီအိုးထဲမှာ ဘယ်လိုသောက်ကျိုးနဲ အရာတွေရှိနေတာလဲ...မစင်တွေများလား..."
ထိုဧရိယာတစ်ဝိုက်တွင်းရှိနေကြသော သူများကလည်း အနံ့ဆိုးများကိုရရှိသွားပြီးနောက် မျက်လုံးပြူးများဖြင့် ပုဖန်ဆီသို့ ကြည့်လိုက်ကြသည်။
"အဲ့ဒီအိုးက ဘာအိုးလဲ..."
အဲ့ဒီ ဆိုးရွားတဲ့ အနံ့ကြောင့် သူတို့ရဲ့ ရွေးချယ်ခံမှုကျဆုံးခဲ့လျှင် ထိုအရာအားလုံးက ဒီလူရဲ့ အပြစ်ပေ။
ပုဖန်က ထိုကဲ့သို့ အနံ့ဆိုးလှသည့် ပစ္စည်းမျိူး ပြိုင်ကွင်းနေရာသို့ ယူဆောင်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
"ဒီလိုလူထူထပ်တဲ့နေရာမျိုးကို ဘာတွေသယ်လာတာလဲ...လူတွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ရမှာကို မကြောက်ဘူးလား..."
ပုဖန် လက်ကိုဝှေ့ယမ်း၍ သူ့၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်၍ တို့ဟူးများကို ဖုံးလွှမ်းလိုက်သည်။
သူ တို့ဟူးပုပ်ကို ရွေးချယ်ခဲ့ရခြင်းမှာလူအားလုံး၏ အာရုံကို ဆွဲဆောင်လိုခြင်းကြောင့် ဖြစ်သည်။တို့ဟူးပုပ်၏ ပြင်းထန်သော ရနံ့က လူအများ၏ အာရုံဆွဲဆောင်ရာ၌ အလွန်အသုံးဝင်ပေသည်။
လူတို့၏ သဘာဝကိုက စပ်စုတတ်ကြလေသည်။ထိုကဲ့သို့ အနံ့ဆိုးများကိုရရှ်ိလိုက်သည်နှင့် ထိုအနံ့မည်သည့်နေရာမှလာသည်ကို စူးစမ်းကြပေလိမ့်မည်။သူတို့၏ အာရုံကို ဆွဲဆောင်နိုင်လိုက်သည်နှင့် သူ့၏ တိမ်ခိုးစားသောက်ဆိုင်ကို ကြေငြာဖို့ အခွင့်အရေးတစ်ခု ရပေလိမ့်မည်။တို့ဟူးပုပ်လေးတစ်ခုကပင် အကြိုရွေးချယ်ပွဲကို သူကျော်ဖြတ်နိုင်ဖို့ လုံလောက်ပေလိမ့်မည်။
အာရုံများစွာကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်လေရာ ဘာကြောင့် သူ ထိုပစ္စည်းကို မသုံးပဲနေရမည်နည်း။
အနံ့ဆိုးများက ပြိုင်ပွဲကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသောကြောင့် ပြိုင်ပွဲဝင်များလည်း ထိုအနံ့ကိုရရှိလိုက်ကြသည်။ထိုဆိုးရွားလှသော ရနံ့ကြောင့် သူတို့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်ထသွားသလိုပင် ခံစားလိုက်ရ၏။
"ဒါဘာအနံ့ကြီးလဲ...ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်တောင်ပုပ်စပ်နေရတာလဲ..."
ပြိုင်ပွဲဝင်များ၏ အမူအရာက ပြောင်းလဲသွားကြသည်။အဂ္ဂိရတ်ပညာရှင်များအားလုံး၏ မျက်နာပေါ်တွင် စ်ိုးရိမ်ပူပန်မှု ထိတ်လန့်မှုတို့ပေါ်လာလေသည်။ဆေးလုံးသန့်စင်ရာ၌ သူတို့၏ ငရဲမီးတောက်ကို သူတို့၏ စိတ်စွမ်းအားဖြင့် ထိန်းညှိရန် လိုအပ်ပေသည်။
အနည်းငယ်လေးမျှပင် အာရုံလွဲချော်သွား၍ မရပေ။ယခုထွက်ပေါ်လာသော အနံ့ဆိုးများက သူတို့၏ စိတ်အပေါ် သက်ရောက်မှုရှိသောကြောင့် စိတ်စွမ်းအားများက မတည်မငြိမ်ဖြစ်လာသည်။
သို့သော်လည်း ယခုပုဖန်နှင့်အတူ ရွေးချယ်ခံနေသော အဂ္ဂိရတ်ပညာရှင်များက ဆေးဆရာများထက် အဆပေါင်းများစွာ သန်မာလှပေသည်။အနံ့ဆိုးများက သူတို့အပေါ်သက်ရောက်သွားသော်လည်း သူတို့၏ ဆေးမီးပြင်းဖိုများက ပေါက်ကွဲသွားခြင်းမရှိပေ။
သို့သော်လည်း ထိုအနံ့ဆိုးက သူတို့၏ အာရုံစူးစိုက်မှုကို လာရောက်ဖျက်စီးသောကြောင့် သည်းမခံနိုင်အောင် ဒေါသထွက်မိကြသည်။အထူးသဖြင့် သူတို့ ပြိုင်ပွဲအတွင်း ဆေးလုံးသန့်စင်နေသော အချိန်တွင် ဖြစ်သည်။သူတို့ဒေါသတကြီးဖြင့် အနံ့ဆိုးထွက်ပေါ်လာရာနေရာကို လှည့်ကြည့်လိုက်ကြသည် ။
ထိုအခ်ျိန်၌ ပုဖန်က သက်တောင့်သက်သာဖြင့်ပင် သူ့၏ တို့ဟူးပုပ်ကို ဆက်လက်ကြော်နေသည်။သူက ဒီတစ်ကြိမ်၌လည်း ချိုစပ်တို့ဟူးပုပ်ကို အသုံးပြုရန်ပင် ရည်ရွယ်ထားခြင်းဖြစ်၏။
"ဒီအရူးကောင်ကတော့ ပြိုင်ပွဲကွင်းမှာ အပုပ်အစပ်တွေ လာချက်နေတာလား..."
အနားရှိပြိုင်ပွဲဝင်များအားလုံးက ဒေါသတကြီးဖြင့် စူးစိုက်ကြည့်နေကြသည်။သူတို့ပို၍ ဒေါသထွက်ရခြင်းမှာ ပုဖန်က ထိုအပုပ်အစပ်များကို ချက်ရာတွင် ကောင်းကင်ကမ္ဘာမြေမီးလျှံကို အသုံးပြုခြင်းကြောင့် ဖြစ်သည်။
"ဒီလိုအသုံးမဝင်တဲ့ အမှိုက်သရိုက်မျိုး ကမ္ဘာကြီးပေါ်မှာ ဘယ်လိုလုပ်ရှိနေတာလဲ...သူ့လက်ထဲမှာ ကောင်းကင်ကမ္ဘာမြေမီးလျှံရှိနေတာက အလဟဿပဲ..."
ဒေါသများ ပိုမိုထွက်လာပြီး သူတို့၏ မျက်နာအမူအရာများက တင်းမားခတ်ထန်လာသည်။
ဘန်း...ဘန်း...
ပြိုင်ပွဲကွင်းနေရာ၌ ဆေးဆရာများ၏ ဆေးမီးဖိုများ ပေါက်ကွဲသံထွက်ပေါ်လာသည်။သူတို့၏ ထိန်းချုပ်နိုင်မှုစွမ်းအားက ပြိုကွဲသွားပြီး လက်များပင်တဆတ်ဆတ်တုန်ခါနေသည်။ဆေးမီးဖိုပေါက်ကွဲသွားခြင်းကြောင့် သူတို့၏ စိတ်အာရုံကလည်း တုန်ယင်နေပေ၏။ဆေးအနှစ်များကလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။
အဂ္ဂိရတ်ပညာရှင်များက ဆေးဆရာများထက် အခြေအနေပိုကောင်းပေသည်။သူတို့၏ ငရဲမီးတောက်ကတုန်ခါနေသော်လည်း သူတို့၏ ထိန်းချုပ်မှုအောက်မှာပင် ရှိနေသေးသည်။သူတို့၏ မျက်နာအမူအရာကလည်း အလွန်တရာမဲမှောင်နေသည်။
ဒိုင်လူကြီး၏ အမူအရာကလည်း တင်းမာခက်ထန်နေပေပြီ။ သူက ပုဖန်နှင့် အနီးဆုံးတွင်ရှိနေသော သူပင်ဖြစ်သည်။
ထို့ကြောင့် အနံ့ဆိုး၏ ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်။ထိုအနံ့က အလွန်တရာကြောက်စရာကောင်းလှပေသည်။
"မင်းဘာတွေလုပ်နေတာလဲ..."
ဒိုင်လူကြီးက အံကြိတ်သံဖြင့် ပြောလိုက်သည်။ဒေါသတရားကြောင့် သူ့နှုတ်ခမ်းများပင်တဆတ်ဆတ်တုန်နေလေသည်။ပုဖန်က ပြိုင်ပွဲတွင် ပြဿနာလာရှာနေသည်ဟုပဲ သူခံစားရလေသည်။
"ဒီလောက်အနံ့ဆိုးတဲ့ဟာက ဘယ်လိုလုပ် သက်စောင့်ဆေးနဲ့ ယှဉ်နိုင်ပါ့မလဲ..."
ပုဖန်က စကားတစ်ခွန်းမှမဆိုပဲ သူ့ကို အေးဆေးစွာသာကြည့်လိုက်သည်။ထို့နောက် သူ့၏ တို့ဟူးကိုသာ ဆက်လက်ကြော်နေလေသည်။တို့ဟူး၏ အနားသတ်လေးများက ရွှေဝါရောင်သန်းလာသည်နှင့် ဒယ်အိုးထဲမှ ဆယ်ထုတ်ကာ ပန်းကန်ပြားထဲ ထည့်ထားလိုက်သည်။
သူရောစပ်ပြီးထား ဆော့စ်ကိုအပေါ်မှ လောင်းထည့်လိုက်သည်။တို့ဟူးက ပြောင်လက်နေပြီး အလွန်ပင်လှပလှသော ချိုစပ်တို့ဟူးပုပ် ပြင်ဆင်၍ ပြီးသွားလေပြီ။
"ငါ ပြင်ဆင်ပြီးသွားပြီ ..."
ပုဖန်က လက်သုတ်ပဝါဖြင့် သူ့၏ လက်များကို သန့်စင်လိုက်ပြီးနောက် ဒိုင်လူကြီးကို အေးဆေးစွာ လှမ်းပြောလိုက်သည်။ဒေါသထွက်နေသော ဒိုင်က ပုဖန်စကားကြောင့်ပင် ကြောင်အသွားမိသည်။
"မင်းက ပြီးပြီ...ဒီလောက်မမြန်သင့်ဘူးလေအခုမှ နာရီဝက်တောင်မရှိသေးဘူး..."
ဒိုင်လူကြီးလည်း သူ့၏ ဒေါသများကို မြိုသိပ်လိုက်ပြီး တို့ဟူးပန်းကန်ကို လှမ်းကြည့်လိုက်သည်။
"ဒီကောင်လေးက တကယ်ပဲဟင်းပွဲတစ်ပွဲနှင့် ပဉ္စလက်ပြိုင်ပွဲကို လာပြိုင်တာလား..."
ဒိုင်လူကြီးက အသက်တစ်ချက်ရှိုက်လိုက်လေရာ ဆိုးရွားသော အနံ့များက သူ့နှာခေါင်းထဲ တိုးဝင်သွားပြန်ပြီး မရပ်မနားချောင်းဆိုးလိုက်မိသည်။
"ဆိုးရွားလိုက်တဲ့ အနံ့...ကောင်းပြီလေ မင်းက ပြီးပြီဆိုတော့လည်း မင်းရဲ့ ဟင်းပွဲကို စစ်ဆေးအကဲဖြတ်ပေးရမှာပေါ့..."
ဒိုင်လူကြီး၏ မျက်ဝန်းထဲ၌ မကောင်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ထို့နောက် သူ့၏ ရင်ဘတ်ထဲမှ အဆောင်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းအဆောင်ပြားက ထွင်းဖောက်မြင်နိုင်သော အရောင်ရှိပြီး အပေါ်၌ မြောက်များလှစွာသော အစီအရင်များကို ရေးဆွဲထားလေသည်။ဒိုင်လူကြီးက သူ့၏ အစစ်အမှန်စွမ်းအားများကို အဆောင်ပြားစီ ထည့်သွင်းလိုက်သည်နှင့် စတင်၍ တောက်ပလာ၏။
ထိုအဆောင်ပြား၏ အထက်၌ လက်ဆေးဇလုံ အရွယ်အစားခန့်ရှိသော အစီအရင်တစ်ခုပေါ်လာပြီး သူ့၏ လက်ပေါ်မှာပင် စတင်၍ လည်ပတ်လာသည်။
"ဒါက မင်းတို့ ပြုလုပ်လိုက်တဲ့ပစ္စည်းထဲမှာ ပါဝင်နေတဲ့ စိတ်ဝိညာဉ်စွမ်းအင်ပမာဏကို စမ်းသပ်ပေးနိုင်တဲ့ အစီအရင်ပဲ...မင်းတို့ရဲ့ ထုတ်ကုန်က စိတ်ဝိညာဉ်ပမာဏများလေလေ လူ့ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မှု အကျိုးလည်း များလေလေ...ဒါကြောင့် ဒီအခင်းအကျင်းက ထုတ်ကုန်ပစ္စည်းမှာပါတဲ့ စွမ်းအင်ပမာဏကိုသာမက လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကိုလည်း တွက်ချက်ပေးနိုင်တယ်...ဒီအစီအရင်နဲ့ ရင်ဆ်ိုင်တွေ့မယ်ဆိုရင် ဘယ်သူမှ လိမ်လည် လှည့်ဖျားလို့မရဘူး..."
ဒိုင်လူကြီးက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။သူက ပုဖန်၏ အတွေးများကို ဖောက်ထွင်းမြင်ချင်သောအကြည့်များဖြင့် ခြိမ်းခြောက်ဟန်ကြည့်လိုက်သည်။
သို့သော်လည်း သူ့၏ လုပ်ဆောင်မှုက မအောင်မြင်ပေ။
ပုဖန်၏ မျက်နာပေါ်တွင် စိတ်လှုပ်ရှားမှုကင်းမဲ့နေပြီး အပြောင်းအလဲ လုံးဝမရှိပေ။
"စစ်ဆေးပါ..."
ပုဖန်က တည်ငြိမ်နေဆဲဖြစ်သည်။သ်ို့သော်လည်း သူ့စိတ်ထဲ၌ ထိုကဲ့သို့ အစီအရင်မျိုးရှိနေခြင်းအပေါ်ကိုအနည်းငယ် အံ့အားသင့်နေမိသည်။
ဒိုင်လူကြီးက အေးစက်စွာနှာမှုတ်လိုက်သည်။ထို့နောက် သူ့နှာခေါင်းကိုပ်ိတ်၍ ဟင်းပွဲနားသို့ တိုးကပ်သွားလိုက်သည်။
အနံ့ဆိုးများကြားထဲတွင် ချိုမြသော မွှေးရနံ့လေးလည်း ရောနှောပါဝင်နေသည်။ထိုကဲ့သို့ ထူးဆန်းလှသော ရနံ့က အနားရှိ လူများကို မူးယစ်စေလေ၏။
အဂ္ဂိရတ်ပညာရှင်များ၏ နဖူးတွင် ချွေးများသီးနေပြီး သူတို့ တစ်ယောက်မှ ပုဖန်ဘက် မလှည့်ကြည့်ရဲကျချေ။ဆေးမီးဖိုထဲတွင်ရှိနေသော သန့်စင်နေသည့် ဆေးလုံးကိုသာ အာရုံအပြည့်အဝ စူးစိုက်ထားရပေသည်။
ဝီ...
ဒိုင်လူကြီးက အစီအရင်ကို ထိန်းချုပ်ပြီး ဟင်းပွဲကို ဖုံးလွှမ်းစေလိုက်သည်။ကြယ်ပွင့်လေးများနှင့်တူသည့် အလင်းအစက်အပျောက်ငယ်လေးများက စတင်၍ လည်ပတ်လာပြီး ဟင်းပွဲကို အပြန်ပြန်အလှန်လှန်စစ်ဆေးနေပုံရလေသည်။
အစီအရင် လည်ပတ်လေလေ... ထုတ်လွင့်နေသော အလင်းရောင်များကလည်း တောက်ပသထက်တောက်ပလေလေ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ဒိုင်လူကြီး၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး သူ့မျက်နှာတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
"အလင်းရောင်က ဘယ်လိုဖြစ်ပြီး သိပ်သည်းလာရတာလဲ..ဒါဘယ်လိုမှ နည်းလမ်းမကျဘူး...ဒီ အပုပ်အစပ်ပစ္စည်းက တကယ်ကိုပဲ အဆင့် ၉ သက်စောင့်ဆေးနဲ့ တူညီနေတာလား..."
ထွက်ပေါ်လာသည့် ရလဒ်က ယုံကြည်စရာမကောင်းပေ။သို့သော်လည်း အစီအရင်က မည်သည့်နည်းနှင့်မှ အမှားအယွင်းမဖြစ်နိုင်ကြောင်း သူကောင်းစွာ သိပေသည်။
ယခုအချိန်၌ ဟင်းပွဲမှ ထွက်ပေါ်နေသည့် အနံ့ဆိုးများကိုပင် ဂရုစိုက်နိုင်ခြင်းမရှိတော့ပေ။သူအလင်းရောင်များနှင့် နီးကပ်သထက်နီးကပ်အောင်တိုးကပ်သွားပြီး သေချာစွာ စစ်ဆေးလိုက်သည်။သူ့၏ မျက်နာပေါ်မှ အမူအရာကလည်း အကြိမ်ပေါင်းများစွာ တဖြတ်ဖြတ်ပြောင်းလဲနေလေသည်။
"ဒါမဖြစ်နိုင်ဘူး...ဒါ လုံးဝကို အမှားကြီးပဲ.."
"ခင်ဗျားကိုယ်တိုင်စားကြည့်လိုက်လေ...ဒီရလဒ်က အစစ်ဟုတ်မဟုတ်ဆိုတာ သိရမှာပေါ့..."
ပုဖန်က အေးဆေးစွာပင် အကြုံပြုလိုက်သည်။
"ဒီလောက် ပုပ်စပ်နေတဲ့ဟာကို ငါဘယ်လိုလုပ်စားကြည့်ရမှာလဲ..."
ပုဖန်၏ စကားကြောင့် ဒိုင်လူကြီးဒေါသထွက်သွားပြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။သို့သော် ပုဖန်၏ အမူအရာက အနည်းငယ်မျှပင်ပြောင်းလဲသွားခြင်းမရှိပဲ အေးဆေးစွာပင် ပြန်ကြည့်နေလေသည်။
"အဲ့ဒီလိုဆိုရင် ငါအခု စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ပြီလို့ တွေးလို့ရလား..."
ပုဖန် အမေးကြောင့် သူ ပြောစရာစကားမဲ့သွားလေသည်။အကယ်၍ အစီအရင်၏ ဆုံးဖြတ်မှုကို မူတည်ပြီး ပြောရလျှင် ပုဖန်က အကြိုစစ်ဆေးပွဲကို ဖြတ်ကျော်သွားနိုင်ပြီဖြစ်ကြောင်းသံသယရှိစရာမလိုပေ။သို့သော်လည်း ထိုဆိုးရွားလှသောဟင်းပွဲက အဆင့် ၉ သက်စောင့်ဆေးနဲ့ ယှဉ်နိုင်မည်ဟုလည်း သူမယုံကြည်ပေ။
"လူကြီးမင်း ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မှာလဲ...သူ့ရဲ့ ဟင်းပွဲကို စားကြည့်ပြီးတော့ သူ့ရဲ့ ဖုံးကွယ်ထားမှုကို မြင်သာအောင်ပြလိုက်ပါ..."
"လူကြီးမင်း ခင်ဗျားစားကြည့်သင့်တယ်...သူဒီလို ပုပ်စပ်တဲ့ တို့ဟူးကို လုပ်တယ်ဆိုတာ ခင်ဗျားမစားရဲအောင်လို့ပဲ...ခင်ဗျားစားလိုက်မှသာ သူ့ရဲ့ အစစ်အမှန်ကို လူမြင်အောင်ပြနိုင်မှာ..."
"သူ့ရဲ့ဟင်းပွဲကြောင့် ငါတို့ကျရှုံးခဲ့ရတာ ခင်ဗျားသူ့ကို ဒီလိုမျိုး အလွယ်တကူ ကျော်ဖြတ်ခွင့်မပြုသင်ဘူး...တကယ်လို့ ခင်ဗျားသူ့ကို ဒီတိုင်းပဲ ကျော်ဖြတ်ခွင့်ပေးလိုက်မယ်ဆိုရင် ငါတို့ ပဉ္စလက်စုဝေးပွဲရဲ့ အကြီးအကဲဆီကို သွားပြီး သတင်းပို့ရလိမ့်မယ်..."
စစ်ဆေးပွဲကို ကျရှုံးသွားပြီဖြစ်သော ပြိုင်ပွဲဝင်များက ဒေါသတကြီးဖြင့် တစ်ယောက်တစ်ခွန်းပြောဆိုနေကြသည်။
သူတို့၏ စကားများကြောင့် ဒိုင်လူကြီး၏ မျက်နာက ပို၍ မှောင်မဲလာလေသည်။
"လခွမ်း...မင်းတို့က စားရမယ့်သူတွေမဟုတ်တော့ ဒီလိုစကားကို အလွယ်လေးပြောနိုင်ကြတာပေါ့..."
အဖြစ်အပျက်က ပြိုင်ပွဲကွင်းတွင်ရှိနေသော လူအားလုံး၏ အာရုံကို ဆွဲဆောင်ထားပြီး အုပ်အော်သောင်းနင်း ဖြစ်နေစေသည်။တခြားနေရာမှ ပွဲကြည့်သူများကလည်း ပြိုင်ကွင်းရှစ် ကို စူးစမ်းစွာဖြင့် ကြည့်နေကြသည်။
သူတို့ ရယ်စရာကောင်းလှသော မြင်ကွင်းမျိုးကို မျက်မြင်တွေ့ကြုံလိုကြပေသည်။
ထိုပြိုင်ကွင်းရှစ်ရှိ ပြိုင်ပွဲဝင်များက အပုပ်အစပ်များက်ို ချက်ပြုတ်သော ပြိုင်ပွဲဝင်တစ်ယောက်၏ နှောင့်ယှက်မှုကို ခံခဲ့ရသည်။ထို့အပြင် ထ်ိုသူက အကြိုပြိုင်ပွဲကို ဖြတ်သန်းအောင်မြင်သွားသည်။သူတို့က ထိုရလဒ်ကိုမကျေနပ်သောကြောင့် ဒိုင်လူကြီးကို ဖိအားပေး၍ ထိုအပုပ်အစပ်များကို စားခိုင်းလေသည်။
"ဒါက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ် စိတ်ဝင်စားစရာပဲ..."
"စားပါ...စားပါ...ဒိုင်လူကြီးတစ်ယောက်အနေနဲ့ တရားမျှတမှုကို ရှာဖွေသင့်တယ်..."
"မြန်မြန်စားလိုက် သူ့ကို ဒီလိုမျိုး အခွင့်အရေးယူခွင့်မပေးနဲ့..."
"ဒိုင်လူကြီးမင်း ငါတို့အားလုံး မင်းအတွက် အားပေးနေမယ်...စားလိုက်ပါ..."
ပွဲကြည့်နေသူများကလည်း သူတို့၏ ထိုင်ခုံမှထ၍ ကျယ်လောင်စွာ အော်ဟစ်အားပေးလာကြသည်။ထိုအော်သံများကြောင့် ဒိုင်လူကြီး၏ မျက်နာက မဲသထက်မဲလာလေသည်။
"မင်းတို့အတွက် ပြောရတာက လွယ်တာပေါ့ တကယ်လို့ မင်းတို့သာငါနေရာမှာဆိုရင် ဒါကို စားမှာလား...မင်းတို့အားလုံးက တစ်ခြားသူရဲ့ ကံမကောင်းမှုကို ကျေနပ်ပျော်ရွှင်နေတဲ့ မကောင်းတဲ့လူတွေပဲ..."
ဒိုင်လူကြီးမင်းလည်း အော်ဟစ်ငိုချင်နေပေပြီ။သူ့ဆီသို့ ကျရောက်နေသော အကြည့်များကြောင့် စိတ်ထဲ၌လည်း မသက်မသာ ခံစားနေမိသည်။ထိုအကြည့်များထဲ၌ ပဉ္စလက်စုဝေးပွဲ၏ အဓိကကျသူ လူတစ်ချို့ပင် ပါဝင်နေသေးသည်။
သူတို့၏ နေရာက သူနှင့် ဝေးလှသော်လည်း စူးစမ်းစွာဖြင့် လှမ်းကြည့်နေကြတုန်းဖြစ်သည်။သူ့၏ အမူအရာက မဲမှောင်နေသေးသော်လည်း စိတ်ငြိမ်ငြိမ်ထား၍ လည်ပင်းမတ်မတ်ဆန့်လိုက်သည်။ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြောလိုက်၏။
"ကောင်းပြီလေ...ပြဿနာရှာမနေနဲ့တော့...တရားမျှတမှုကို ရှာဖွေဖို့အတွက် ငါ...အဲ့ဒါကို... စားမယ်..."