အခန်း ၄၉၂
တို့ဟူးပုပ်က ကြောက်ဖို့ကောင်းတယ်
သူ ထိုတို့ဟူးပုပ်ကို မည်မျှပင်မစားချင်သော်လည်း အားတင်း၍ စားရပေမည်။
ပုဖန် ထိုဟင်းပွဲကို မည်သို့ပင် လှပအောင်ပြင်ဆင်ထားသော်လည်း မည်သူ့၏ စားချင်စိတ်ကိုမှ ဆွဲဆောင်ရန်မဖြစ်နိုင်ပေ။
အားလုံး၏ အကြည့်များအောက်မှာပင် ဒိုင်လူကြီးမင်းက တို့ဟူးတစ်တုံးကို ကောက်ယူလိုက်ပြီးနောက် ခဏမျှ တောင့်တင်းသွားသည် ။ထို့နောက် သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ချိုမြလှသော အရသာက သူ့ပါးစပ်ထဲ ပေါက်ကွဲထွက်လာပြီး ရုတ်တရက် သက်တောင့်သက်သာဖြစ်မှုကိုခံစားလိုက်ရသည်။
အနံ့ဆိုးများဖုံးလွှမ်းနေသော ထိုဟင်းပွဲ၏အရသာက ထင်မထားလောက်အောင်ပင်ကောင်းလွန်းလှသည်။ကြွပ် ရွသော တို့ဟူးသားကို သွားနှင့်ဖိကိုက်လိုက်သည်နှင့် တစ်ပြိုင်နက်ချိုမြသော အရသာနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်များပါ ပေါက်ကွဲထွက်ပေါ်လာသည်။
သူမရပ်တန့်နိုင်တော့ပဲ အဆက်မပြတ် ဝါးနေမိတော့သည်။ဒိုင်လူကြီး၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေပြီး ပုဖန်ကို ငေးကြည့်နေမိသည်။ဒီဟင်းပွဲက သက်စောင့်ဆေးကဲ့သို့သော အကျိုးသက်ရောက်မှုရှိသောကြောင့် သူတကယ့်ကို အံ့အားသင့်နေမိသည်။
ထို့အပြင် အရသာကလည်း အံ့အားသင့်ဖွယ်ကောင်းလှသည်။အစီအရင်၏ ဆုံးဖြတ်မှုက အမှားအယွင်းမရှိလေပြီ။ပြစ်ချက်ဆို၍ ဒီဟင်းပွဲက ပုံမှန်နှင့်မတူတာသာ ပြောစရာရှိလေသည်။
ဆေးဆရာများနှင့် တစ်ခြားပြိုင်ပွဲဝင်များကလည်း မြည်းကြည့်နေသော ဒိုင်လူကြီး၏ မျက်နာကို စူးစိုက်၍ မလွှဲတမ်းကြည့်နေကြသည်။သူတို့၏ ပုံစံက အနည်းငယ်မျှပင် စောင့်စားနိုင်ခြင်းမရှိတော့ပုံပေါ်လေသည်။
ပုပ်စပ်လှသော ဟင်းပွဲ၏ အရသာကလည်း ကြောက်စရာကောင်းပေလိမ့်မည်။သူတို့အားလုံးက ဒိုင်လူကြီး စိုက်ကြည့်နေသော ထိုလူငယ်လေးကို သနားမိလာကြသည်။ဟင်းပွဲကို မြည်းကြည့်ပြီးသည်နှင့် ကျိန်းသေပေါက် သူကန်ထုတ်ခံရပေတော့မည်။
ပြောရမည်ဆိုလျှင် ယခုကဲ့သို့ သောပြိုင်ပွဲကြီး၌ အသုံးမဝင်သည့် အမှိုက်သရိုက်ကို ဖန်တီးခဲ့လေရာ အပြစ်ပေးခံရသင့်ပေသည်။သို့သော်လည်း တစ်ချို့ပြိုင်ပွဲဝင်များစွာကလည်း ပုဖန်၏ ကံမကောင်းမှုကြောင့် အလွန်ပင်ကျေနပ်အားရမိနေကြသည်။
ပုဖန်ကြောင့် သူတို့၏ အိပ်မက်များပြိုကွဲသွားလေရာ သူသည်လည်း စစ်ဆေးမှုကို မကျော်ဖြတ်နိုင်သင့်ပေ။
ထိုသူများ၏ အကြည့်ထဲမှ ရည်ရွယ်ချက်များကို သတ်ိပြုမိလ်ိုက်သောကြောင့် ပုဖန်စွံ့အသွားမိသည်။
အင်း...မင်းတို့တွေက အမှန်တရားကိုမှမသိကြသေးတာ...
ပွဲကြည့်သူများကလည်း တို့ဟူးကြော်ကို ထည့်လိုက်သည့်ခဏ တောင့်တင်းသွားသော ဒိုင်လူကြီးကိုကြည့်၍ သက်ပြင်းချလိုက်ကြသည်။သို့သော်လည်း နောက်ခဏအတွင်းမှာပင် မြင်လိုက်ရသောမြင်ကွင်းကြောင့် သူတို့အံ့အားသင့်သွားကြ၏။
ဒိုင်လူကြီးမင်းက တို့ဟူးပုပ်ကိုပျော်ပျော်ကြီး စတင်ဝါးနေပေပြီ။ထိုအချင်းအရာက သူတို့မျှော်လင့်ထားသည်နှင့် လုံးဝ ကွဲလွဲနေပေသည်။သူက မထွေးထုတ်လိုက်သည့်အပြင် နောက်ထက်တို့ဟူးတစ်ခုကိုပင် ထပ်ယူ၍ ဆက်လက်ဝါးနေပေသည်။
"သူရူးသွားတာလား..."
"သူက အဲ့ဒါကိုကြိုက်တယ်...ကြည့်ရတာတော့ သူက အနံ့ဆိုးတွေကို စွဲလမ်းမှုရှိပုံရတယ်..."
"သူစားလိုက်တယ်လား...ကြည့်လိုက် ခဏနေရင် သူလဲကျသွားလိမ့်မယ်...အဲ့ဒီဟင်းပွဲက အဆိပ်တွေပဲ..."
အားလုံးက ဒိုင်လူကြီးကို မယုံကြည်နိုင်စွာဖြင့်ကြည့်၍ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြလေသည်။
ဒိုင်လူကြီးမင်းက တို့ဟူးပုပ်များကို အဆက်မပြတ် ပလုတ်ပလောင်းစားနေသည်။သူ့ပုံစံက လပေါင်းများစွာအဆာရေစာ ငတ်ပြတ်ပြီးသေသွားသော သရဲတစ်ကောင်နှင့်တူနေလေသည်။
ရှလွတ်...ရှလွတ်...
အားလုံးအံ့သြမှင်သက်နေသောကြောင့် ပြိုင်ပွဲကွင်းတစ်ခုလုံးက အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားပေသည်။ထို့ကြောင့်ပင် ဒိုင်လူကြီး၏ ပါးစပ်မှထွက်ပေါ်လာသော တို့ဟူးဝါးသည့်အသံကို ပြတ်ပြတ်သားသားပင်ကြားနေရသည်။
ထိုအသံက သူတို့အားလုံးကို ကြက်သီးမွှေးညှင်းပင်ထသွားစေသည်။အားရပါးရ စားသောက်နေသည်ကိုကြည့်၍ မထိန်းနိုင်ပဲ တံတွေးတစ်လုတ်စီ မြိုချလိုက်ကြသည်။
ထိုအချိန်၌ ဒိုင်လူကြီး၏ မျက်နာက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေပြီ။တို့ဟူးများကို စားလေလေ သူ့မျက်လုံးများက အရောင်တောက်ပလာလေလေဖြစ်သည်။
သူက တို့ဟူးပေါ်၌ စမ်းထားသော ဆော့စ်ပင် အပြင်သို့ လွင့်စင်ကျမသွားစေရန် သေချာစွာ ဂရုစိုက်၍ ပါးစပ်ထဲသို့ ထည့်သွင်းလေသည်။ထိုဆော့စ်အရည်လေးများက သူ့၏ ပါးစပ်ထောင့်စွန်းတွင်ပေကျံနေသောကြောင့် သူ့ကိုကြည့်ရသည်မှာပင် ရယ်စရာကောင်းနေတော့သည်။
အားလုံးက သူ တို့ဟူးများ တစ်ခုပြီးတစ်ခုစားနေသည်ကိုသာ ကြည့်နေရတော့လေသည်။ဒိုင်လူကြီးမင်းက ပုဖန်ရှေ့၌ တို့ဟူးကြော်များကုန်သွားသည်မှသာ စားသောက်ခြင်းကို ရပ်တန့်လိုက်သည်။သူလျှာဖြင့် နှုတ်ခမ်းပါးများကိုသပ်လိုက်၏။
ဂေ့...
ဒိုင်လူကြီးမင်းက တို့ဟူးများကုန်သွားသည်၌ ပန်းကန်ကိုပင်လျက်လိုက်သေး၏ ထို့နောက် ပျော်ရွှင်စွာဖြင့်ပင် လေတက်လိုက်သည်။သူ့၏ လေချဉ်ထဲ၌ပင် တို့ဟူးနံ့များပါဝင်နေပေသည်။ထိုအပြူအမူကိုကြည့်၍ အားလုံး၏ အမူအရာများက ပြောင်းလဲသွားသည်။
"ဒီဒိုင်လူကြီးမင်းတော့ တကယ်ကို ရူးသွားပြီ..."
"ဘယ်လိုလဲ ငါ စစ်ဆေးမှုကို အောင်မြင်လား..."
ပုဖန်က တည်ငြိမ်စွာပင်မေးလိုက်သည်။ယုံကြည်မှုရှိစွာဖြင့် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးနေသည်။သူက ပန်းကန်ကိုပင် ပြောင်စင်အောင်လျက်နေသည့် ဒိုင်လူကြီးကိုသာ စိုက်ကြည့်နေသည်။
ပုဖန်၏ ယုံကြည်ချက်ပြည့်ဝနေသည့် အကြည့်များက ပြိုင်ပွဲကွင်းတွင်ရှိနေသော ဆေးဆရာများကို စိတ်မကျေမနပ်ဖြစ်သွားစေသည်။
"ဒီကောင်လေးက တအားကို မောက်မာထောင်လွှားနေတာပဲ..."
ဒိုင်လူကြီးမင်းက နှုတ်ခမ်းပါးများကို သပ်ပြီးမှ ပုဖန်ကို အံ့အားသင့်မှု အပြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။
"ငါလုံးဝကို မမျှော်လင့်ထားမိဘူး...ဒီတို့ဟူးပုပ်က အရမ်းအရသာရှိတာပဲ..."
"အရသာရှိတယ်..."
ဒိုင်လူကြီး၏ စကားကြောင့် အားလုံး ကြောင်အသွားကြသည်။
"ငါတို့မှာ နှာခေါင်းမပါဘူး ဒါမှမဟုတ်ရင် ငါတို့နှာခေါင်းက အလုပ်မလုပ်ဘူးလို့ မင်းထင်နေတာလား...ဒီလောက်တောင်ပုပ်စပ်နေတဲ့ဟင်းက အရသာရှိတယ်လို့ပြောရဲတယ်..."
သို့သော်လည်း သူတို့ ဒိုင်လူကြီး၏ စားသောက်ပုံကို ပြန်လည်သတိရသွားကြသည်။ထိုပုံစံက တကယ့်ကို စားကောင်းသောက်ဖွယ်တစ်ခုစားနေပုံနှင့်တူနေသည်။
"အဲ့ဒီတို့ဟူးပုပ်က တကယ့်ကိုပဲ အရသာရှိတာလား..."
သူတို့အားလုံး အခြေအနေများကို ပြန်လည်တွေးတောနေမိသည်။
"ဒီဟင်းပွဲနာမည်ကဘာလဲ..."
ဒိုင်လူကြီးမင်းက သိချင်စိတ်အပြည့်ဖြင့် ပုဖန်ကိုမေးလိုက်သည်။
"ချိုစပ်တို့ဟူးပုပ်..."
ပုဖန်က သာမန်ပင် ပြန်ပြောလိုက်သည်။တစ်ချိန်တည်းမှာပင် သူ့ရဲ့ဆိုင်းဘုတ်ကို ကိုင်မြှောက်လိုက်သည်။လူအားလုံးမြင်နိုင်ရန်အတွက် ဆိုင်းဘုတ်ကို စင်မြင့်အပေါ်တွင်တင်ထားလိုက်၏။
"ချိုစပ်တို့ဟူးပုပ်ကြော်ကို တိမ်ခိုးစားသောက်ဆိုင်မှာရနိုင်တယ်...ထိုတိမ်ခိုးစားသောက်ဆိုင်ရဲ့ အဓိကစားဖိုမှူးကိုယ်တိုင် ဒီတို့ဟူးပုပ်ကြော်ကို ချက်ပြုတ်ပေးတယ်...အဲ့ဒါက အရသာရှိတယ်...ဒါကြောင့်မလို့ ခင်ဗျားတို့အားလုံး လာရောက်ပြီးတော့ စားကြည့်ကြဖို့ ဖိတ်ခေါ်တယ်..."
ပုဖန်က ခပ်တည်တည်ဖြင့်ပင် ဆိုင်းဘုတ်ပေါ်တွင်ရှိနေသော စကားလုံးသုံးလုံးကို လက်ညှ်ိုးလေးဖြင့်ထောက်ပြ၍ ကြော်ငြာဝင်လိုက်သည်။
ဖူး...
အားလုံးအံ့အားသင့်လွန်း၍ ပါးစပ်ဟောင်းလောင်းဖြစ်သွားကြသည်။
"သောက်ကျိုးနဲ...သူက အရောင်းမြင့်တင်ရေး လာလုပ်နေတာလား..."
ဒိုင်လူကြီးမင်းလည်း ခဏမျှအံ့အားသင့်သွားပြီးနောက် နှစ်ခြိုက်စွာ ရယ်မောလိုက်သည်။ထို့နောက် နှစ်လိုဖွယ်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။
"ရုတ်တရက်ကြီး အဲ့ဒီစားသောက်ဆိုင်အကြောင်းကိုတောင် ပိုပြီးသိချင်လာပြီ...ငါ အားတဲ့အချိန်ကျရင် သေချာပေါက်ဆိုင်ကိုလာပြီး အားပေးဦးမယ်...ဒီတို့ဟူးပုပ်ရဲ့ အရသာက အရမ်းကို ထူးကဲတယ်..."
ဒိုင်လူကြီးမင်းက ပြောပြီးနောက် နှုတ်ခမ်းတစ်ချက်ထပ်သပ်လိုက်သေးသည်။
"အဲ့ဒါဆိုရင် ငါအကြိုစစ်ဆေးပွဲကို အောင်မြင်သွားပြီလား..."
ပုဖန် နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
"မင်းပထမအကြိမ်ကိုတော့ အောင်မြင်သွားပြီ ...ဒါပေမယ့် နောက်ထပ်နှစ်ကြိမ်ကျန်သေးတယ်...နောက်ထပ်နှစ်ကြိမ်ကိုပါ ဖြတ်ကျော်နိုင်ပြီဆိုရင်တော့ အောင်မြင်ပြီလို့ ပြောလို့ရပါတယ်...ကံကောင်းပါစေ ကောင်လေး..."
ဒိုင်လူကြီး၏ သူ့၏ အစီအရင်အဆောင်ပြားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် ပုဖန်မှင်သက်သွားမိသည်။
"နောက်နှစ်ကြိမ်တောင်ကျန်သေးတယ်..."
ဆေးနန်းတော်က ဦးစီးကျင်းပသော ပြိုင်ပွဲဆိုသည့်အတိုင်းပင် ခက်ခဲရှုပ်ထွေးသည့် ပုံစံများဖြင့် ဖွဲ့စည်းထားပေသည်။
သို့သော်လည်း ထိုကဲ့သို့ စစ်ဆေးမှုအများအပြားထားရသည့်အကြောင်းအရင်းကို သူ နားလည်ပေသည်။ပဉ္စလက်စုဝေးပွဲ၌ ပါဝင်ချင်သူများပြားလှသည်။ထိုမှသာ အရည်အချင်းမပြည့်မီသူများကို ဖယ်ထုတ်ပစ်လိုက်နိုင်ပေမည်။
"ကျန်နေသေးတဲ့ စစ်ဆေးမှုနှစ်ကြိမ်ကို မနက်ဖြန်မှပဲ ကျင်းပလိုက်မယ်...မင်းမနက်ဖြန်ကျရင် ပြန်လာမယ်လို့ ငါမျှော်လင့်ပါတယ်...ဒါပေမယ့်လည်း တခြားပြိုင်ပွဲဝင်တွေပော် သက်ရောက်မှုရှိစေမဲ့ ဒီလိုမျိုးအနံ့ဆိုးတဲ့ ဟင်းပွဲတွေကိုတော့ ထပ်မချက်ပြုတ်ပါနဲ့..."
ဒိုင်လူကြီးက အလေးအနက်မှာကြားလိုက်သည်။ထိုစကားကြားသောအခါ အနားရှိ ပြိုင်ပွဲဝင်တစ်ချို့မှာ မျက်ရည်များစီးကျတော့မလို ဖြစ်သွားသည်။ထိုအပုပ်အစပ်အနံ့က သူတို့အပေါ်အကျိုးသက်ရောက်မှုရှိယုံသက်သက်မဟုတ်ပဲ သူတို့၏ အိပ်မက်များကိုလည်း ဆုံးရှုံးစေခဲ့သည်။
"ကောင်းပြီ ငါမနက်ဖြန်ကျရင် တို့ဟူးပုပ်ထပ်မလုပ်တော့ဘူး..."
ပုဖန်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ထို့နောက် သူ့၏ မီးဖိုချောင်သုံးပစ္စည်းများကို သိမ်းလိုက်ပြီး ဆိုင်းဘုတ်ကိုကိုင်ကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။ပွဲကြည့်နေကြသူ အားလုံးက မသိလိုက် မသိဘာသာဖြင့်ပင် ပုဖန်အတွက် လမ်းကြောင်း ရှင်းပေးလိုက်မိပြီးနောက် သူပျောက်ကွယ်သွားသည်အထိ လိုက်လံကြည့်ရှုနေမိကြသည်။
..
"ဒိုင်လူကြီးမင်း ဘယ်လိုလုပ်ပြီး သူ့ကို ဒီတိုင်းပဲ ကျော်ဖြတ်သွားခွင့်ပေးလိုက်ရတာလဲ..."
ရလဒ်ကိုမယုံကြည်နိုင်သေးသူ တစ်ချို့က ဒေါသတကြီးဖြင့်ပင် အော်ဟစ်နေကြသည်။ဒိုင်လူကြီးမင်းက အော်ဟစ်နေသော ဆေးဆရာများဘက်သို့ လှည့်၍ အေးစက်စက်တစ်ချက်ကြည့်လိုက်၏။
"ဘာလဲ ...မင်းတို့က ငါ့ဆုံးဖြတ်မှုကို မယုံကြည်ဘူးပေါ့...မင်းတို့ကဒိုင်လား ငါက ဒိုင်လား..."
ထိုသူများလည်း ခဏမျှရပ်တန့်သွားသည်။သို့သော်လည်း သူတို့ ကနောက်မဆုတ်လိုက်ပဲ ဆက်လက်၍ ပြောဆိုနေလေသည်။
"ဒီအကြောင်းကို စစ်ဆေးကြီးကြပ်ရေးမှူးဆီ ငါတို့သွားပြီးတင်ပြရလိမ့်မယ်..."
ဟင်းပွဲတစ်ပွဲက သက်စောင့်ဆေးကဲ့သို့သော သက်ရောက်မှုရှိမည်ဟု သူတို့မယုံကြည်ကြပေ။ဒီဒိုင်လူကြီးမင်းက ထိုကောင်လေးကို လျှို့ဝှက်ကူညီပေးနေသည်မှာ သေချာပေသည်။သူတို့နှစ်ယောက်ကြား၌ လူသိမခံလိုသော လျှို့ဝှက်ဆက်သွယ်ချက်ရှိရပေမည်။
သူတို့၏စကားကြောင့် ဒိုင်လူကြီးလည်း အမျက်ထွက်သွားသည်။
"မင်းတို့အားလုံးက အရှုံးသမားတွေကြီးပဲ မင်းတို့က စစ်ဆေးမှုကနေ ထုတ်ပယ်မခံရဖို့အတွက် တရားမျှတမှုဆိုပြီး အကြောင်းပြနေတာ...မင်းတို့သွားတိုင်ကြ...ငါဒီမှာရပ်စောင့်နေမယ်...ငါကလည်း ဆေးနန်းတော်က တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်ပဲ မင်းတို့ကို ငါကကြောက်ရမှာလား..."
ဒိုင်လူကြီးမင်းလည်း စိတ်ရှည်သည်းခံမှုမရှိတော့ပဲ ဒေါသချောင်းချောင်းဖြင့် ပြင်းပြင်းထန်ထန်ပြောလိုက်သည်။
"ဆေးနန်းတော်က တိမ်တစ်စပညာရှင်..."
အများစုက အံ့အသင့်သွားပြီး ကြောက်လန့်သွားကြသည်။သူတို့ခဏမျှ တွန့်ဆုတ်နေပြီးနောက် အင်္ကျီလက်စများကို ယမ်းခါ၍ မကျေမနပ်ထွက်သွားကြလေသည်။
ဒိုင်လူကြီးက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့၏ နှုတ်ခမ်းပါးများကို လျှာဖြင့်သပ်လိုက်သည်။သူတို့ဟူးစားခဲ့ပြီးနောက်အလွန်ပင် ကျေနပ်နှစ်သိမ့်နေမိသည်။
ဆေးဆရာများထွက်ခွာသွားပြီးနောက် သူတို့၏ ဆေးလုံးများကို သန့်စင်ပြီးပြီဖြစ်သော အဂ္ဂိရတ်ပညာရှင်များသာ ကျန်တော့သည်။သူတို့၏ မျက်နာ၌လည်း ချွေးများစိုရွှဲနေလေသည်။
ဒိုင်လူကြီးက အဆောင်ပြားကို တစ်ဖန်ထုတ်ယူလိုက်ပြီး အစီအရင်ကို အသက်သွင်းလိုက်ကာ သူတို့၏ ထုတ်ကုန်ပစ္စည်းများကို စစ်ဆေးလိုက်သည်။
"ဒီဆေးလုံးက အရည်အသွေးမပြည့်မီဘူး ကျရှုံးတယ်..."
"ဒီဆေးရဲ့ သက်ရောက်မှုက အဆင့်၉ သက်စောင့်ဆေးလုံးနဲ့ မယှဉ်နိုင်ဘူး ကျရှုံးတယ်..."
"ဟမ်...မင်းဘာတွေကိုများသန့်စင်ထားတာလဲ ကျရှုံးတယ်..."
သူတို့၏ ပစ္စည်းများကို စစ်ဆေးပြီးနောက် ဒိုင်လူကြီး၏ စိတ်ကျေနပ်နေသော အမူအရာက ပြောင်းလဲသွားပေပြီ။သူ့နဖူး၌ပင် ချွေးများသီးနေပေပြီ။
အဂ္ဂိရတ်ပညာရှင်များစွာ ထွက်ခွာသွားရပြီး အချို့သာလျှင် အဆင့် ၉ သက်စောင့်ဆေးလုံးနှင့် အာနိသင်တူသည့်ဆေးကို သန့်စင်နိုင်ပေသည်။
ဒီဖြစ်ရပ်က စိတ်ကူးနိုင်သည်ထက်ပင်ကျော်လွန်နေပေပြီ။
သူ့၏ အတွေ့အကြုံအရဆိုလျှင် ပထမဆဆင့်၌ အဂ္ဂိရတ်ပညာရှင်တစ်ဝက်ကျော်ကျော်စစ်ဆေးအောင်မြင်နိုင်ပေရမည်။အားလုံးစစ်ဆေးပြီးနောက် ဒိုင်လူကြီးမှာ ငိုချင်နေပေပြီ။
ယှဉ်ပြိုင်သူငါးဆယ်ကျော်ရှိသည့်အထဲမှ ပုဖန်နှင့် တစ်ခြားသုံးယောက်သာ အောင်မြင်လေသည်။
ထိုတို့ဟူးပုပ်၏ အကျိုးသက်ရောက်မှုက ကြောက်စရာကောင်းလွန်းလှပေသည်။
အောင်မြင်ခဲ့သည့် သုံးယောက်၏ မျက်နာ၌လည်း ကြောက်ရွံ့ထိတ်လန့်မှုများပြည့်နေသည်။တကယ်တမ်းသူတို့အောင်မြင်ခဲ့ရခြင်းမှာလည်း သူတို့၏ ဆေးမီးပြင်းဖိုများက အလွန်ကောင်းနေသောကြောင့်ဖြစ်သည်။
ကြည့်ရှုသူများ၏ မျက်နာအမူအရာကလည်း အမျိုးမျိုးအဖုံဖုံဖြင့်ပြောင်းလဲနေလေသည်။ထိုမြင်ကွင်းက တကယ့်ကို ရယ်စရာကောင်းလှပေသည်။ပထမအကြိမ် စစ်ဆေးမှုမှာပင် လူငါးဆယ်ကျော်ထဲမှ လေးယောက်သာအောက်မြင်လေသည်။
တကယ့်ကို အကြင်အနာတရားမဲ့လှသော စစ်ဆေးမှုအဖြစ် သမိုင်းတွင်နေပေတော့မည်။
ဒိုင်လူကြီး၏ မျက်နာကလည်း မဲမှောင်နေသည်။သို့သော်လည်း သူ့၌ ထိုရလဒ်ကို ပြောင်းလဲပစ်နိုင်စရာနည်းလမ်းမရှိပေ။သူ ရလဒ်ကို သတင်းပို့ရန်သာ သူ့ကိုယ်သူ ရဲဆေးတင်လိုက်သည်။
ပထမတစ်သုတ်ပြီးသွားပြီးနောက် ပြိုင်ကွင်းရှစ်၌ နောက်ထပ်အသစ်တစ်သုတါထပ်ရောက်လာသည်။
ပါဝင်ယှဉ်ပြိုင်သူမြောက်များစွာရှိသောကြောင့် ပြိုင်ကွင်းတစ်နေရာ၌ အနည်းဆုံး ၇ကြိမ်၈ကြိမ်ခန့် စစ်ဆေးမှုပြုလုပ်ရပေသည်။ပထမတစ်ကြိမ်စစ်ဆေးမှုကပင် တစ်ရက်လုံးကြာတတ်သည်။
နောက်အကြိမ်စစ်ဆေးမှုများ၌ ပြိုင်ကွင်းရှစ်၏ ရလဒ်များက ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။ပထမအဆင့်စစ်ဆေးမှုကိုကျော်ဖြတ်နိုင်သူ အနည်းဆုံး ၁၀ယောက်ရှိလာပေပြီ။
ပထမဆုံးအကြိမ် စစ်ဆေးမှုက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရခြင်းမှာလည်း ပုပ်စပ်လှသော ဟင်းပွဲ၏ ရနံ့ကြောင့်ဆိုသည်ကို အားလုံးသိကြပေသည်။
ပုဖန်နှင့် တူတူယှဉ်ပြိုင်ခဲ့ရသောသူများက စိတ်ဖိစီးလွန်းပြီး သွေးတစ်လုတ်ပင်အန်မိကြလေသည်။
"မင်းတို့အားလုံး ကြားပြီးပြီလား...ပြိုင်ကွင်းရှစ်ရဲ့ ပထမဆုံးပြိုင်ပွဲမှာလေ အယောက် ၅၀ ကျော်က လေးယောက်ပဲ အောင်မြင်တယ်တဲ့..."
"ဘာလို့လဲ ပထမဦးဆုံးအကြိမ်က အရမ်းခက်လို့လား...အော်သိပြီ အဲ့ဒီလူတွေက အမှိုက်လိုလူတွေပဲဖြစ်ရမယ်..."
"မဟုတ်ဘူး မဟုတ်ဘူး...မင်းတို့အားလုံးမှားတယ် ငါကြားခဲ့တာတော့ အဲ့ဒါ စားဖိုမှူးတစ်ယောက်ကြောင့်တဲ့ကွ..."
ပထမအကြိမ်စစ်ဆေးမှူပြီးဆုံးသည်နှင့် ဖြစ်ပျက်ခဲ့သမျှ ကိစ္စများက အချိန်ခဏအတွင်းပင် သတင်းပြန့်နှံ့သွားလေသည်။ထိုသို့ ပြိုင်ပွဲအတွင်း၌ ဖြစ်ပွားခဲ့သည့် စိတ်ဝင်စားစရာကိစ္စရပ်တစ်ရပ်မှာ သတင်းမပြန်ပဲ အဘယ်သို့ရှိပါမည်နည်း။
ပုဖန်၏ ပထမဦးဆုံးအကြိမ် လှုပ်ရှားမှုက အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။လူများစွာက သူ့၏ နာမည်ကိုမသိကြသော်လည်း ဆိုင်းဘုတ်ကိုင်ထားသော ကောင်လေးဟူ၍ ရည်ညွှန်းကြလေသည်။ထိုလူများစွာက သူ့၏ နောက်တစ်ကြိမ်ပြိုင်ပွဲအတွက်ပင် ဂရုစိုက်မိနေကြပေပြီ။
နန်ကုန်းမောင်နှမနှစ်ယောက်ကလည်း သူတို့၏ ပထမအချီ ပြိုင်ပွဲကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။သူတို့ ပုဖန်၏ အကြောင်းများကြားသောအခါ၌ မထိန်းနိုင်ပဲ ဝါးလုံးကွဲ ရယ်လိုက်ကြသည်။
သို့သော် သူတို့ခဏအကြာ၌ အနည်းငယ် တိတ်ဆိတ်ငြိမ်သက်မိသွားသည်။မနက်ဖြန်တွင် ကံဆိုးသူ မောင်ရှင်က မည်သူဖြစ်မည်ကို သူတို့မသိနိုင်သေးပေ။
သို့သော်လည်း ဒိုင်လူကြီးကတော့ ပုဖန်ကို ပြိုင်ပွဲ၌ အပုပ်အစပ်များထက်မချက်ရန် သတိပေးလိုက်ပုံပေါ်လေသည်။
ယခုတစ်ကြိမ် ပဉ္စလက်စုဝေးပွဲ ပြိုင်ပွဲက သမိုင်းတလျောက်. ရယ်စရာအကောင်းဆုံးနှင့် ဟာသအမြောက်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။