အပိုင်း ၄၉၃
Viewers 53k

အခန်း ၄၉၃

နောက်တကြိမ် ပြိုင်ပွဲ


ကျွီ...


တိမ်ခိုးစားသောက်ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။သူဆိုင်သို့ ပြန်ရောက်လာပြီး တံခါးတွန်းဖွင့်လိုက်ချင်းမှာပင် အနက်ရောင်မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။ဆိုင်ထဲတွင် ထိုင်နေသော နယ်သာရီက ဆာလောင်မွတ်သိပ်နေသော မျက်ဝန်းအစုံဖြင့် သူ့ကို ကြည့်နေလေသည်။


ခွေးဘုရင်ကမူ သိမြင်မှုသစ်သီးပင်ဘေးနားတွင် လဲလျောင်း၍ အိပ်ပျော်နေပေသည်။သူထင်ထားသကဲ့သို့ပင် ထိုခွေးက အိပ်ခြင်းမှလွဲ၍ ဘာမှအလုပ်မရှိသကဲ့သို့ပင်။ သူပြန်လာသည်အထိ အိပ်နေတုန်းပင်ဖြစ်သည်။ပုဖန်ကို မြင်လိုက်သည့်အခါ၌ နယ်သာရီ၏ မျက်ဝန်းလေးများက တောက်ပသွားသည်။


"ပုဖန် ငါဗိုက်ဆာနေပြီ..."


သူမက ချက်ချင်းအလောတကြီးပြောလိုက်လေသည်။


ပုဖန်လည်း မည်သည့်စကားမှဆိုမနေတော့ပဲ ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်သည်။ထို့နောက် မီးဖိုချောင်ခန်းထဲသို့ လျှောက်ဝင်သွားလိုက်၏။အချိန်ခဏအတွင်းမှာပင် မွှေးကြိုင်သင်းပျံ့သော ရနံ့များထွက်ပေါ်လာလေသည်။


သူချက်ပြုတ်နေရင်းဖြင့်လည်း နောက်တစ်နေ့ပြိုင်ပွဲတွင် မည်သည့်ဟင်းလျာများချက်ပြုတ်ရမည့်အကြောင်းကို စဉ်းစားနေမိသည်။


"ငါဘာချက်သင့်လဲ..."


ပြိုင်ပွဲတစ်လျှောက်သူ့၏ တို့းဟူးပုပ်ကို မသုံးရတော့သည့်အတွက် သူအနည်းငယ်တော့ စိတ်ပျက်လက်ပျက်ဖြစ်မိလေသည်။ပြောရလျှင် သူက ဟင်းပွဲ၏ ပြင်းထန်သည့်ရနံ့အရသာကြောင့် စစ်ဆေးမှုသုံးခုလုံးတွင် အသုံးပြုလိုခြင်းဖြစ်သည်။


ထိုမှသာလျှင် အနံ့ဆိုးလှသော်လည်း ချိုမြသောရနံ့ပါဝင်နေသည့် ထိုဟင်းပွဲက လူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။


ရွဲ...ရွဲ...


ဒယ်အိုးမှ အပူငွေ့များ တရှဲရှဲထွက်ပေါ်နေပြီး မွှေးပျံ့သင်းကြိုင်သောရနံ့နှင့်အတူ စိတ်ဝိညာဉ်စွမ်းအားများပါ ပြန့်လွင့်နေသည်။အိုးထဲမှ ထမင်းကြော်များကို တစ်ချက်နှစ်ချက်လှုပ်ခါလိုက်ပြီးနောက် ပြင်းထန်သည့် မီးအပူအချိန်ကို လျှော့ချလိုက်သည်။


ပုဖန်၏ ပုခုံးပေါ်တွင်ရှိနေသော ပုစွန်ပိစိက အိပ်မောကျနေလေသည်။ သူ့ အမူအကျင့်များက အတော်လေးကောင်းမွန်လှပေသည်။အချိန်အများစုတွင် သူက အိပ်နေသည်သာဖြစ်ပြီး နှိုးလာသည့်အချိန်တွင်လည်း သူ့၏ မျက်ဝန်းများကိုလှည့်၍သာ အနည်းငယ် စူးစမ်းလေသည်။


သူနဂါးသွေးထမင်းကြော် ကြော်ပြီးသည်နှင့် နံရိုးချိုချဉ်ကြော်ကိုပါ ချက်လိုက်သည်။ဟင်းပွဲများထဲတွင် မည်သူ့ပင်မေးမေး ထိုဟင်းနှစ်ပွဲကို သူအကျွမ်းကျင်ဆုံး ဖြစ်နေပြီဖြစ်ကြောင်း သိကြပေသည်။


ဟင်းပွဲနှစ်ပွဲကို စားပွဲပေါ်တင်ပြီးနောက် ထိုအစားသောင်းကျန်းလှသော အမျိုးသမီးနှင့် ခွေးတစ်ကောင်တို့ကို လျစ်လျူရှုထားလိုက်တော့သည်။


သူ မီးဖိုခန်းထဲသို့သာ ပြန်လာလိုက်ပြီး နောက်တစ်နေ့ပြိုင်ပွဲတွင် မည်သည့်ဟင်းလျာပြင်ဆင်သင့်သည့်အကြောင်းကိုသာ တွေးတောနေလိုက်သည်။


"မနက်ဖြန်ကျရင် ဘာဟင်းပွဲ ပြုလုပ်ရင်ကောင်းမလဲ ..."


ပုဖန်လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို အသာအယာဝှေ့ယမ်းရင်း စဉ်းစားနေမိသည်။


ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် သူ့၏ မျက်ဝန်းများ တောက်ပသွားသည်။


"သူတို့က အနံ့ဆိုးတဲ့ဟာတွေ မချက်ရဘူးဆိုမှတော့ ငါဘာလို့ မွှေးကြိုင်သင်းပျံ့တဲ့ဟာမျိုး မချက်ရမှာလဲ..."


ကျေနပ်မှုဖြင့် ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။အနံ့ဆိုးသည့် တို့ဟူးကိုမချက်ရလျှင် မွှေးပျံ့သည့် တစ်ခုကို သူချက်နိုင်ပေသည်။ထိုနည်းလမ်းဖြင့်လည်း တိမ်ခိုးစားသောက်ဆိုင်၏ နာမည်သတင်းကို လူအများသိရှိသွားအောင် ပြုလုပ်နိုင်ပေသည်။


သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ခပ်တင်းတင်းပင် ဆုပ်ကိုင်လိုက်မိသည်။ဟင်းပွဲကို စဉ်းစားပြီးသွားပြီဖြစ်သောကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။


ထို့နောက် သူ ဓားဆယ့်သုံးကွက် အရှင်သခင် နည်းလမ်းကို ခဏမျှလေ့ကျင့်လိုက်ပြီးနောက် အနီရောင်အသားနှပ်ဟင်းတစ်ပွဲကို ချက်ပြုတ်လိုက်ကာ စားသောက်ခန်းထဲသို့ ပြန်လာလိုက်သည်။


ထို့နောက် သူ ခွေးဘုရင်နှင့် နယ်သာရီတို့ဘေးနား၌ပင် ထိုင်၍ စားသောက်လိုက်သည်။


ခွေးဘုရင်နှင့် နယ်သာရီတို့နှစ်ယောက်က ဗိုက်ပြည့်သွားပြီဖြစ်သောကြောင့် ပြန်လည်အိပ်စက်ဖို့ပြင်နေလေပြီ။


စားသောက်ပြီးနောက် သူ့၏ အခန်းထဲသို့ ပြန်သွားလိုက်ပြီး ရေမိုးချိုး အိပ်စက်အနားယူလိုက်လေသည်။


....


နောက်တစ်နေ့၌ ပုဖန် မနက်စောစောထ၍ နယ်သာရီနှင့် ဘလက်ကီတို့အတွက် မနက်စာကို ပြင်ဆင်လိုက်သည်။ထို့နောက် ဆိုင်တံခါးကိုဖွင့်လိုက်ပြီး သူ့၏ တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်းကိုစတင်လိုက်သည်။


ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သည့်အတွက် ပိုက်ဆံရမည့်အချိန်ကို မည်သည့်နည်းနှင့်မှ အလဟသမဖြစ်ခံနိူင်ပေ။ထို့အပြင် သူ့၏ အမြတ်သလင်းကျောက်များကလည်း စွမ်းအင်ကျင့်ကြံခြင်းအဆင့်သို့ ပြောင်းလဲနိုင်ပေသည်။မနက်ခင်းစောစော၌လည်း စားသုံးသူမြောက်များစွာ လာနိုင်ပေသေးသည်။


စားသုံးသူများအားလုံးကလည်း ပုဖန်ပဉ္စလက်စုဝေးပွဲပြိုင်ပွဲတွင် ဝင်ရောင်ယှဉ်ပြိုင်နိုင်မှန်းသိကြပေသည်။သူတို့က ပုဖန်၏ ယှဉ်ပြိုင်မှုအတွက် အမြင်ကောင်းမရှိသော်လည်း ပုဖန်ကို အားပေးကြလေသည်။မည်သို့ပင်ဆိုစေ ပုဖန်လိုစားဖိုမှူးတစ်ယောက်က အဂ္ဂိရတ်ပညာရှင်များကို စိန်ခေါ်သည့်ပွဲဖြစ်နေလေသည်။


ထို့ကြောင့် နောက်ထပ် ပြိုင်ပွဲများကို ဖြတ်ကျော်ရာမှာ သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။သူတို့အားလုံးက ပုဖန် ခပ်ဝေးဝေးသွားနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


နန်ကုန်းမောင်နှမနှစ်ယောက်က ဒီမနက်ခင်းတွင် ရောက် မလာပေ။


သူ ဟင်းပွဲတစ်ချို့ရောင်းပြီးနောက် ဆိုင်တံခါးကို ပြန်လည် ပိတ်လိုက်သည်။


ထို့နောက် ကျန်နေသေးသည့် ယှဉ်ပြိုင်ပွဲများကို ပါဝင်ရန်အတွက် လက်နှစ်ဘက်ကိုနောက်ပစ်၍ အေးဆေးစွာ ထွက်လာလိုက်လေသည်။


နယ်သာရီက ခြေဗလာဖြင့်ပင် ပုဖန်နောက်မှ တိတ်တိတ်လေးလိုက်လာခဲ့လေသည်။ပုဖန်သူမကို သတိပြုမိသွားပြီး လှည့်ကြည့်လိုက်သည်။သို့သော်လည်း သူမကို မတားရက်နိုင်ပေ။


ထိုအမျိုးသမီးက ဆိုင်၌ အကြာကြီးနေနေရသောကြောင့် ပျင်းရိနေပေပြီ။


နယ်သာရီအနေဖြင့် ပထမဦးဆုံးအကြိမ် စည်းကားသိုက်မြိုက်လှသော မြူကောင်းကင်မြို့ကို တွေ့ဖူးခြင်းဖြစ်သည်။မျက်နာသေဖြင့်ပင် အမြဲရှိနေတက်သော သူမ၏ မျက်ဝန်းလေးထဲမှာပင် လှုပ်ရှားမှုလေးအနည်းငယ် တွေ့နိုင်ပေသည်။


သူမ မြင့်မားလှသော အဆောက်အဦးများကို တော်တော်လေးစိတ်ဝင်စားနေမိသည်။ထို့အပြင် စိတ်ဝိညာဉ်သားရဲဆွဲသော ရထားလုံးများကဲ့သို့သော တခြားအရာများကိုလည်း စပ်စုနေပေသည်။


"ငါ့အနောက်ကနေပဲ ကပ်လိုက်ခဲ့...လျှောက်မသွားနဲ့...ငါတို့ ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းပြန်ကြမယ်..."


ပုဖန်၏ အလေးအနက်သတိပေးစကားကိုနယ်သာရီက အေးဆေးတည်ငြိမ်စွာပင် ကြည့်၍တုံ့ပြန်သည်။သူမက ဘာမှမပြောသလို ဘာမှလည်းမလုပ်ပေ။


သူတို့နှစ်ဦးသား မြူကောင်းကင်မြို့လယ် ရင်ပြင်ကျယ်ဆီသို့ ရောက်လာခဲ့ကြသည်။ထိုနေရာ၌ လူများ ဆူညံစည်းကားနေပေသည်။ကြည့်ရှုသူများကလည်း ပထမနေ့ပွဲစဉ်များထက် ပို၍ များပြားနေ၏။


နယ်သာရီက အလွန်လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် မည်သည့်နေရာပင်ရောက်ရောက် လူအများ၏ ကြည့်ရှုခြင်းကို ခံရလေသည်။


ပုဖန် သူမနေ့က မည်မျှပင် နိမ့်ကျခဲ့ပြီး အဆုံးမှသာ လူအများ၏ အာရုံစိုက်ခြင်းကိုခံခဲ့ရသော အကြောင်းကို ပြန်လည် တွေးတောမိသည်။ယခုမူ သူက အားလုံး၏ အာရုံစူးစိုက်ရာ ဖြစ်နေလေသည်။


သို့သော် လူအများစု၏ အကြည့်များက သူ့နောက်တွင်ပါလာသော နယ်သာရီ၏ ခန္ဓာကိုယ်ပေါ်တွင်သာရှိနေလေသည်။


အနက်ရောင်ဆံပင် အနက်ရောင်ဝတ်စုံနှင့် ကျောက်စိမ်းတမျှဖြူဖွေးလှသော ခြေတံလေးများက အားလုံး၏ စိတ်အာရုံကို ဆွဲဆောင်ထားနိုင်ပေသည်။


နန်ကုန်းမောင်နှမနှစ်ယောက်လည်း ပုဖန်ကို အလွယ်တကူပင် တွေ့မြင်သွားလေသည်။


နန်ကုန်းဝူချယ်၏ မြင်ကွင်းထဲသို့ နယ်သာရီဝင်ရောက်လာသောအခါ၌ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။သူထိုနေရာမှနေ၍ အလျှင်အမြန်ပင် ထွက်ပြေးသွားချင်သည်။သို့သော်လည်း နယ်သာရီ၏ အကြည့် သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ရေခဲရုပ်တုသကဲ့သို့ တောင့်တင်းသွားလေသည်။


ထ်ိုအမျိုးသမီး မည်မျှကြောက်စရာကောင်းသည်ကို ရှင်းရှင်းလင်းလင်း သိသောကြောင့် သူအလွန်ကြောက်ရွံ့မိပေသည်။


နန်ကုန်းဝမ်ကမူ ချိုမြသောအပြုံးလေးဖြင့် နယ်သာရီကို လှမ်းကြည့်လိုက်သည်။နယ်သာရီက မိန်းမလှတစ်ယောက်ဖြစ်သည်ဆိုလျှင် သူမကလည်း ရုပ်ဆိုးနေခြင်း မဟုတ်ပေ။လှပသော အမျိုးသမီးတစ်ယောက်အဖြစ် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိပေသည်။


ပြိုင်ပွဲကွင်းတွင် လှပလှသော နတ်ဘုရားမနှစ်ပါးကို မြင်လိုက်ရသောကြောင့် လူများအားလုံး ဆူညံ ပွက်လောရိုက်သွားလေသည်။ပုဖန်က ထိုကဲ့သို့ လူသိများထင်ရှားကျော်ကြားခြင်း ခံစားချက်နှင့် မရင်းနီးပေ။သူစိတ်ရှုပ်စွာပင် မျက်မှောင်ကြုတ်လိုက်မိသည်။


"ဘော်ဒာပုရေ ဖိုင်နယ်စစ်ဆေးမှုတွေက ပထမဆုံး စစ်ဆေးမှုနှင့်မတူဘူး ...အခုချိန်မှာ သူတို့တွေက လူရွေး စစ်ထုတ်မှာဖြစ်တဲ့အတွက် စစ်ဆေးမှုတွေကလည်း ခက်ခဲလှတယ်...ပြီးတော့ လူတိုင်းက သူတ်ို့ရဲ့ ကျွမ်းကျင်မှုတွေကို အစွမ်းကုန် ထုတ်ပြမှာဖြစ်တဲ့အတွက် မင်းပိုပြီးတော့ ဂရုစိုက်ရမယ်..."


နန်ကုန်းဝူချယ်က ပုဖန်၏ လက်ကို အနားသို့ လှမ်းဆွဲလိုက်ပြီး သတိပေးမှာကြားလိုက်သည်။


"မင်းလိုစားဖိုမှူးတစ်ယောက်က ပဉ္စလက်ပြိုင်ပွဲမှာ ထိပ်ဆုံး ငါးဆယ်ထဲမှာသာ ပါသွားမယ်ဆိုရင် အဲ့ဒီ လူအိုကြီးတွေရဲ့ မျက်နာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငါကြည့်ချင်နေပြီ...ဟ..ဟ.."


ပုဖန် ခေါင်းညိတ်ပြလိုက်သည်။ယခုပြိုင်ပွဲက သူ့၏ ယာယီမစ်ရှင်နှင့်လည်း ဆက်စပ်နေပေသည်။ထို့ကြောင့် သူ ပေါ့ပေါ့တန်တန်လုပ်လိမ့်မည်မဟုတ်ပေ။


လူများက တဖွဲဖွဲ ပိုမိုများပြားလာသည်။လေထဲ၌လည်း စစ်သင်္ဘောတစ်ချို့ ဆိုက်ကပ်လာသည်။ထိုသင်္ဘောများမှ ပြင်းထန်လှသော အော်ရာနှင့် စိတ်ဝိညာဉ်စွမ်းအင်ရောင်စဉ်များ ထွက်ပေါ်နေသည်။


သင်္ဘောပေါ်မှနေ၍ လူအများအပြား ရင်ပြင်ကျယ်အလယ်သို့ ခုန်ဆင်းလာသည်။ထိုသူများက တောက်ပကောင်းကင်မြို့တော်နှင့် ကောင်းကင်ဆေးမြို့တော်တို့မှ ပညာ ရှင်များဖြစ်သည်။


ပုဖန် သူ့၏ ပြိုင်ပွဲနေရာကို စစ်ဆေးကြည့်လိုက်ရာ ပြိုင်ကွင်း ရှစ်၌ပင်ဖြစ်နေကြောင်းတွေ့လိုက်ရသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် တူညီသည့် ပြိုင်ကွင်း၌ပင် ယှဉ်ပြိုင်ရလေ၏။


မနေ့က ကျင်းပခဲ့သော ပမာဏရွေးချယ်ပွဲအပြီး၌ လူတစ်ဝက်ကျော်ကျော်ကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ယနေ့နောက်ဆုံးရွေးချယ်ပွဲ အပြီး၌ လူအယောက် တစ်ရာ ကျန်နေပေလိမ့်မည်။ထိုအယောက် တစ်ရာက အကြိုယှဉ်ပြိုင်ပွဲသို့ တက်ရောက်ရပေလိမ့်မည်။


သူ့၏ ပြိုင်ကွင်းရှစ်ကို ရောက်သောအခါ၌ ပထမနေ့က ဒိုင်လူကြီးကိုပင် မြင်လိုက်ရသည်။ထိုဒိုင်လူကြီးကလည်း ပုဖန်ကိုမြင်သောအခါ၌ သူ့၏အမူအရာကမဲမှောင်သွားလေသည်။


ပထမနေ့က သူ ကြီးမှူးရသော ပြိုင်ကွင်းရှစ်၌ လူလေးယောက်သာလျှင် ဖြတ်ကျော်နိုင်ခဲ့သောကြောင့် အကြီးအကဲများ၏ ဆူပူခြင်းကို ခံခဲ့ရလေသည်။


ဒီနေ့ ပုဖန်လက်မှ လွတ်လိမ့်မည်ဟု သူတွေးထင်ခဲ့သော်လည်း ပုဖန်က ပြိုင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့ပေသည်။ပုဖန်ကို ထပ်မံတာဝန်ယူရခြင်းတွက် သူ စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။


"စိတ်လျှော့...စိတ်လျှော့...စိတ်လျှော့...ဒီချက်ပြုတ်တဲ့သူက နောက်ထပ်အနံ့ဆိုးဟင်းပွဲတွေ မချက်တော့ဘူး...သူက ဘေးနားမှာရှိတဲ့ ဘယ်သူကိုမှ အကျိုးသက်ရောက်မှုရှိစေမှာမဟုတ်ဘူး..."


ဒိုင်လူကြီးမင်းက သူ့ကိုယ်သူ ပြန်လည် နှစ်သိမ့်နေမိသည်။


ပုဖန် ဒိုင်လူကြီးကို ခေါင်းတစ်ချက်ဆတ်၍ နှုတ်ဆက်လိုက်ပြီးနောက် သူ့၏ စင်မြင့်ပေါ်သို့ တက်သွားလေသည်။နောက်ဆုံးရွေးချယ်ပွဲသို့ ရောက်လာသည်နှင့်အမျှ ပြိုင်ဘက်များ၏ အရည်အချင်းကလည်း သိသိသာသာအားကောင်းလာပေပြီ။


ယခုရွေးချယ်ပွဲက ရွှံ့နွံရေထဲတွင် ရုန်းကန်လှုပ်ရှားနေရသည့် ငါးလေးများကို ဖယ်ရှားပစ်ပေလိမ့်မည်။


ဒိူင်လူကြီးမင်းက ပြိုင်ပွဲဝင်များကို စစ်ဆေးအကဲခတ်ပြီးနောက် သူ့ကိုယ်သူ ပိုမို၍ ယုံကြည်မှုရှိလာလေသည်။


တစ်ယောက်က ကောင်းကင်ဆေးမြို့တော်မှ တပည့်တစ်ယောက်ဖြစ်ပြီး ပါရမီရှင် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။


တစ်ယောက်က တောက်ပကောင်းကင်မြို့တော်မှ ဆရာသခင်အဆင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ တပည့်ရင်းတစ်ယောက်ဖြစ်သည်။သူ့၏ ကျွမ်းကျင်မှုကလည်း အောချလောက်စရာကောင်းလှသည်။


ပါရမီရှင်များကိုပိုတွေ့လေလေ သူပို၍ ယုံကြည်မှုရှိလေလေပင်။


တစ်နည်းအားဖြင့် ထိုသူများက အဂ္ဂိရတ်ပညာရှင်လောကတွင် ကျော်ကြားသူများပင် ဖြစ်သည်။ထို့ကြောင့် သူတို့၏ စိတ်ဝိညာဉ်ကလည်း သန်မာလှပေရာ တစ်ခြားအရာများ၏ အကျိုးသက်ရောက်မှုခံရဖို့ မဖြစ်နိုင်ပေ။


ထိုကောင်လေးက ပေါက်ကရများထပ်လုပ်ဦးမည်ဆိုလျှင်တောင်မှ ဒုက္ခအကြီးအကျယ်ရောက်လိမ့်မည်မဟုတ်ပေ။မနေ့က အခြေနေမျိုး ထပ်မံဖြစ်ပွားတော့မည်မဟုတ်ပေ။


သူယုံကြည်မှုပိုရှိလာပြီဆိုသော်လည်း စိုးရိမ်ပူပန်မှု ရှိနေဆဲဖြစ်သည်။သူ မျက်နာထားတင်းတင်းဖြင့် အနား၌ရှိနေသော ပုဖန်ကို ကြည့်လိုက်သည်။


ထိုကောင်လေး နောက်တစ်ကြိမ် အသစ်အသစ်တွေဖန်တီးလိမ့်ဦးမည်ဟု သူမသိစိတ်ထဲမှာ သတိပေးနေလေသည်။ပုဖန်၏ လက်ပေါ်မှ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးထွက်ပေါ်လာသည်။


ဒယ်အိုးက စင်မြင့်နှင့်ရိုက်မိသွားပြီး အနည်းငယ်ပင် တုန်ခါသွားလေသည်။ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ကြွေပန်းကန်လုံးနှင့် လိုအပ်သည့် ပစ္စည်းများကို ထုတ်ယူလိုက်သည်။


ဒိုင်လူကြီးမင်းက ပုဖန်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေလေ၏ပုဖန်ပြင်ဆင်လိုက်သော ပစ္စည်းများကို မြင်သည်နှင့် သူလေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။


မျှော်လင့်ထားသည့်အတိုင်းပင် သူက နောက်တစ်ခါ ဟင်းပွဲဖန်တီးပေးဦးမည်။ပုဖန်၏ လက်ထဲ၌ မြေအိုးကိုမြင်လိုက်သည့်အခါ သူအမြန်အဆန် နှာခေါင်းပိတ်လိုက်ပြီး မျက်ဝန်းများကျဉ်းမြောင်းလိုက်သည်။


"ယုံကြည်မှုတွေကို ဘယ်ခွေးစားသွားပြီလဲ...မင်းမနေ့ကတုန်းက တို့ဟူးပုပ် ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့တယ်လေ...ဒီမြေအိုးကို ငါ ဘာလို့ အရမ်းကို ရင်းနီးနေရတာလဲ... "


ဒိုင်လူကြီးမင်းက ဒေါသထွက်လာပြီး ပုဖန်ကိုအော်ဟစ်လိုက်သည်။


"ယှဉ်ပြိုင်သူ ငါမနေ့ကတုန်းက သေချာပြောခဲ့ပြီးပြီ...ဒီပြိုင်ပွဲတွင်းမှာ တို့ဟူးပုပ် လုံးဝ ထပ်မချက်ရတော့ဘူးလို့..."


ပုဖန်၏ မျက်နာထားက ထူးဆန်းသွားပြီး သူအူကြောင်ကြောင်ဖြင့် ခေါင်း ညိတ်ပြလိုက်သည်။


"ငါသိတယ်လေ ငါလည်း တို့ဟူးပုပ်ချက်မှာမဟုတ်ပါဘူး..."


ပုဖန်က ဇဝေဇဝါဖြစ်ဟန်ဖြင့် ပြောလိုက်ပြီးနောက် သူ့၏ မြေအိုးအဖုံးကို ဖွင့်လိုက်သည်။မြေအိုးထဲမှ မည်သည့်အနံ့ဆိုးမှ ထွက်ပေါ်လာခြင်းမရှိပေ။


ဒိုင်လူကြီးမင်းက နှာတရှုံ့ရှုံ့ဖြင့် လေထဲအနံ့ခံကြည့်လိုက်သည်။မည်သည့်အနံ့ဆိုးမှမရသောအခါမှသာ သူစိတ်သက်သာရာရသွား၏။


ထို့နောက် ပုဖန်က မြေအိုးထဲမှ တစ်စုံတစ်ရာကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်သည်ကို မြင်လိုက်ရ၏။ထွက်ပေါ်လာသော အရာများက ရွှေဝါရောင်သန်းနေသည့် ဆီများပင်ဖြစ်သည်။


"သူက ဒယ်အိုးအပြည့်ဆီဖြည့်လိုက်တယ်ဆိုတော့ သူတစ်စုံတစ်ခု ကြော်မလို့လား..."


ဒိုင်လူကြီးမင်းလည်း သူ့ဘာသာသူတွေးနေမိသည်။


ပုဖန်က နောက်ထပ် အနံ့ဆိုးသော တို့ဟူးပုပ်ကြော်ခွင့်မရှိတော့သောကြောင့် အလွန့်အလွန် မွှေးပျံ့လှသော အဆင့်မြင့်ထားသည့် ကမာနှလုံးသားပန်ကိတ်ကို ရွေးချယ်လိုက်သည်။