အပိုင်း ၄၉၄
Viewers 62k

အခန်း ၄၉၄

အဆက်မပြတ်ပေါက်ကွဲမှု


အမှန်ပင်ဖြစ်ပါသည်။


ပုဖန်က ၁၀မိုင်အကွာလောက်ကပင် မွှေးပျံ့ကြိုင်လှိုင်သည့်ရနံ့ကိုရန်ိုင်သော ကမာနှလုံးသားပန်ကိတ်ကိုပြုလုပ်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။တို့ဟူးပုပ်က အနံ့အဆိုးဆိုးသော ဟင်းပွဲဖြစ်လျှင် ကမာနှလုံးသားပန်ကိတ်ထက် မွှေးပျံ့သည့် ဟင်းပွဲမျိုးလည်း ရှိနိုင်တော့မည့်မဟုတ်ပေ။


ပို၍ တိတိကျကျပြောရလျှင် ကျွပ်ကျွပ်ရွရွကြော်ထားသည့် စားစရာများထဲတွင် ကမာနှလုံးသားပန်ကိတ်ကသာ အမွှေးဆုံးဖြစ်လေသည်။ထိုအကြံကို အကြာကြီးစဉ်းစားပြီးမှသာ သူရရှိလာခြင်းဖြစ်သည်။သို့သော်လည်း သာမန်ကမာနှလုံးသားပန်ကိတ်က လူအုပ်ကြီးကိူ အံ့အားသင့်သွားအောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။


ထို့ကြောင့် သူက ပို၍ အံ့အားသင့်ဖွယ်အဆင့်ထိရောက်သွားရအောင် ပါဝင်ပစ္စည်းများကို ပြောင်းလဲအသုံးပြုထားလေသည်။


"မင်းအဲ့ဒီ ပုပ်စပ်တဲ့ ဟင်းပွဲတွေ မချက်သရွေ့ အဆင်ပြေတယ်...သူ့ရဲ့ အရသာကတော်တော်ကောင်းတယ်ဆိုပေမယ့်လည်း သူအနံ့က တော်တော်ကိုကြောက်ဖို့ကောင်းလွန်းတယ်..."


ဒိုင်လူကြီးမင်းက ပုဖန်ချက်ပြုတ်မည့် ဟင်းပွဲကို အချိန်တော်တော်ကြာ လေ့လာကြည့်ရှုပြီး မည်သည့်အမှားမှ မတွေ့မှသာလျှင် ပြောလိုက်သည်။ယခုချက်မည့်ဟင်းပွဲက သာမန်ဟင်းပွဲပဲ ဖြစ်ပေလိမ့်မည်။အနံ့ဆိုးများဖုံးလွှမ်းမသွားသရွေ့ ပြဿနာရှိမည်မဟုတ်ပေ။


ပါဝင်ယှဉ်ပြိုင်သူများအားလုံးက သူတို့၏ စင်မြင့်များဆီသို့ တက်လိုက်ကြပြီး ယှဉ်ပြိုင်ရန် အသင့်ပြင်လိုက်ကြသည်။သူတို့အားလုံးက ပုဖန်ကို စူးစမ်းကြည့်ဖြင့် ကြည့်လိုက်သည်။


ယခုအကြိမ်ယှဉ်ပြိုင်ပွဲ၌လဲ ဆေးဆရာအဆိပ်သခင်နှင့် ပြိုင်ပွဲတွင် ထုတ်ပယ်ခံရမှုအနည်းဆုံးဖြစ်သော အဂ္ဂိရတ်ပညာရှင်များပါဝင်လေသည်။တခြားသူများက အဂ္ဂိရတ်ပညာရှင်များနှင့် နှိုင်းယှဉ်လိုက်လျှင် အလွန်အားနည်းလှသည်။


ထိုသူများကပင် ပုဖန်ကဲ့သို့သော စားဖိုမှူးတစ်ယောက် အခုပြိုင်ပွဲအထိ ပါဝင်နေဦးမည်ဟု မမျှော်လင့်ထားမိပေ။ထိုဖြစ်ရပ်က အံ့အားသင့်စရာကောင်းလှသည်။


"ဟေ့ ...ဒီကိုမြန်မြန်လေး ကြည့်လိုက်ကြစမ်း အဲ့ဒါ မနေ့က ယှဉ်ပြိုင်ကွင်းမှာ လူသိများသွားတဲ့ စားဖိုမှူးမဟုတ်လား...အခုနောက်ဆုံးရွေးချယ်ပွဲထိတောင် ရှိနေသေးတာလား..."


"ဒီတစ်ကြိမ် သူဘာဟင်းချက်မလဲလို့ ငါသိချင်နေပြီ...မနေ့က ချက်တဲ့ တို့ဟူးပုပ်ကတော့ အရမ်းကိုပဲ အနံ့ဆိုးလွန်းတယ်...သူဒီတစ်ကြိမ်ကိုလည်း ဖြတ်ကျော်နိုင်ဦးမလားလို့ ငါရုတ်တရက်ကြီး သိချင်လာပြီနော်..."


"စားဖိုမှူးတစ်ယောက်သာ ထိပ်သီး ငါးဆယ်ထဲကို ပါသွားမယ်ဆိုရင် အရမ်းကို ရယ်စရာကောင်းမယ်လို့ မင်းတို့မထင်ကြဘူးလား..."


ပြိုင်ကွင်းရှစ်၌ ကြည့်ရှုသူများက ပုဖန်ကို လာကြည့်သည့်သူ များလေသည်။သူတို့က ပထမနေ့မှ ပုဖန်၏ လုပ်ဆောင်မှုများကို ကြားသိခဲ့ရလေသည်။ထို့ကြောင့် ဒီနေ့တွင် ပုဖန်ကိုကြည့်ရန်သာ တကူးတကလာခဲ့ကြခြင်းဖြစ်၏။


လူအများစုကမူ ပဉ္စလက်ပြိုင်ပွဲတွင် စားဖိုမှူးတစ်ယောက် ပါဝင်ယှဉ်ပြိုင်သည်ဟု ကြားလိုက်ရကတည်းက အံ့သြတကြီးဖြင့် လာရောက်စပ်စုခြင်းဖြစ်သည်။


ပါဝင်ယှဉ်ပြိုင်သူများကလည်း ထိုများပြားလှသော ကြည့်ရှုသူများကိုကြည့်၍ အံ့အားသင့်နေကြသည်။


"အခုမှ ရွေးချယ်ပွဲပဲရှိသေးတယ်လေ...ဘယ်လိုဖြစ်ပြီး ဒီလောက်ကြည့်သူများနေတာလဲ..."


ပါဝင်ယှဉ်ပြိုင်သူများကလည်း ပထမနေ့မှ ပုဖန်၏ လုပ်ဆောင်ချက်များကိုကြားခဲ့ရသော်လည်း အများစုက ထိုအကြောင်းကို ဟာသတစ်ခုအဖြစ်သာ ရယ်မောကြလေသည်။


"စားဖိုမှူးတစ်ယောက်က အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို အနိုင်ယူမယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူက ပါရမီရှင်အဂ္ဂိရတ်ပညာရှင်တွေတောင် သန့်စင်နိုင်တဲ့ သက်စောင့်ဆေးတွေကို ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ..."


သူတို့အားလုံးက ပုဖန် ဒီတစ်ကြိမ်ကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူတို့မထင်ကြပေ။ပါဝင်ယှဉ်ပြိုင်သူများကလည်း ပုဖန်ဆီမှ အကြည့်လွှဲလိုက်ပြီး သူတို့၏ ယှဉ်ပြိုင်မှုကိုသာ အာရုံစိုက်လိုက်သည်။


"သူက ချက်ပြုတ်မှာပဲလေ...သူက ဒီလူအုပ်ကြီးကို ပျော်တော်ဆက်မယ့် လူပြက်သာသာပဲ..."


စိမ်းပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူတစ်ယောက်က ပုဖန်ကို အထင်အမြင်သေးစွာကြည့်၍ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ထိုသို့ ဂုဏ်မောက်နေရခြင်းမှာလည်း သူက ကောင်းကင်ဆေးမြို့တော်၏ ဆေးအဆောက်အဦးမှ အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။


"သူ့လို အဂ္ဂိရတ်ပညာရှင်တစ်ယောက်က စားဖိုမှူးတစ်ယောက်ကိုတောင် မနိုင်နိုင်ဘူးဆိုရင် သူအမှိုက်ဖြစ်သွားမှာပေါ့...မဟုတ်ဘူးလား..."


ပဉ္စလက်စုဝေးပွဲ ယှဉ်ပြိုင်ပွဲ၌ မြောက်များလှစွာသော ပါရမီရှင်အဂ္ဂိရတ်ပညာရှင်များပါဝင်ကြသည်။ထိုစိမ်းပြာရောင်ဝတ်စုံနှင့်သူကလည်း ထိုပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သည်။


စားဖိုမှူးတစ်ယောက်က သူတို့၏ ကျွမ်းကျင်မှုတွေကိုပင် သူတို့ကို စိန်ခေါ်နေပေသည်။သို့သော်အဂ္ဂိရတ်ပညာရှင်အများစုက ထိုသူကို ပြိုင်ဘက်ဟုမမြင်ကြပေ။


 စားဖိုမှူးနှင့် အဂ္ဂိရတ်ပညာရှင်တို့အကြား၌ ကွာခြားမှုက အလွန့်အလွန်ကြီးမားလှ၏။ထို့ကြောင့် ယှဉ်ပြိုင်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။


ပြိုင်ပွဲဝင်များ၏ အထင်အမြင်သေးသည့် အကြည့်များကို ပုဖန် လုံးဝ ဂရုမစိုက်ပေ။သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကိုသာ အသာအယာသာ ဝှေ့ယမ်းကစားနေလေသည်။


ခဏအကြာ၌ ဒိုင်လူကြီးက ပြိုင်ကွင်း၏ အလယ်သို့ ရောက်သွားလိုက်ပြီး ပြိုင်ပွဲ၏ စည်းမျဉ်းများကို ကြေငြာလိုက်သည်။


"ဒီတစ်ကြိမ်က ပမာဏ ရွေးချယ်မှုပြီးနောက် နောက်ဆုံးရွေးချယ်မှုရဲ့ ပထမအချီပဲ...ပမာဏ ရွေးချယ်မှုနှင့် ယှဉ်လိုက်ရင်တော့ ယှဉ်ပြိုင်မှုတွေက ပိုပြီး တင်းကျပ်တယ်...ပြိုင်ပွဲဝင်တွေရဲ့ စွမ်းဆောင်ရည်က အရမ်းမြင့်မားနေဖို့ လိုအပ်တယ်..."


ဒိုင်လူကြီးက သူတို့အားလုံးကို ဝေ့ဝဲကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ချပြီးနောက် ပြောလိုက်သည်။ယခုယှဉ်ပြိုင်သူများထဲ၌ ထက်မြက်လွန်းလှသော အဂ္ဂိရတ်ပညာရှင်များပါသည်ကို သူသိပေသည်။သို့သော်လည်း ပြိုင်ပွဲစည်းကမ်းများက ထပ်မံ၍ ပြောကြားရန် လိုအပ်နေပေသေးသည်။


"အခုတစ်ကြိမ်မှာတော့ ပြိုင်ပွဲဝင်များအားလုံးက အနည်းဆုံး အဆင့် ၉ သက်စောင့်ဆေးနဲ့ အာနိသင်တူညီတဲ့ ဆေးလုံးကို နာရီဝက်အတွင်း ဖော်စပ်ရမယ်...ပြီးတော့ ဆေးလုံးရဲ့ အရည်အသွေးကလည်း အလယ်အလတ်အဆင့်ရှိရမယ်...မင်းတို့ရဲ့ ဆေးလုံးက အရည်အသွေးမပြည့်မီဘူးဆိုရင်တော့ ပြိုင်ပွဲကို ကျရှုံးတယ်...နာရီဝက်ပြည့်ပြီးသွားရင်တော့ မင်းတို့ ပြုလုပ်လိုက်တဲ့ ပစ္စည်းတွေအားလုံးကို အစီအရင်ထဲမှာ စစ်ဆေးမယ်...လိုအပ်တဲ့ စွမ်းဆောင်မှုကို ပြနိုင်တယ်ဆိုရင်တော့ ဒီပြိုင်ပွဲကို မင်းတို့ ကျော်ဖြတ်နိုင်ပြီ..."


အဆင့် ၉ သက်စောင့်ဆေးလုံးကို နာရီဝက်ထဲနှင့် ဖော်စပ်ရမည်မှာ တကယ့်တကယ်ကို ခက်ခဲလွန်းလှပေသည်။ထိုစည်းမျဉ်းကိုကြားလိုက်သည်နှင့် လူအားလုံးက ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှုရှိုက်လိုက်ကြသည်။


နောက်ဆုံးရွေးချယ်ပွဲက အလွန်ခက်ခဲမည်ဖြစ်ကြောင်း သူတို့သိပေသည်။သို့သော်လည်း သူတို့ထင်ထားသည်ထက်ပင် ပို၍ ခက်ခဲနေပေသည်။တိမ်တစ်စအဂ္ဂ်ိရတ်ပညာရှင်များပင်လျှင် အချိန်နာရီဝက်အတွင်း၌ အဆင့် ၉ သက်စောင့်ဆေးလုံးများက်ို ဖော်စပ်နိုင်ရန် အလွန်ခက်ခဲပေမည်။


တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်နှင့် အဆင့်ချင်းပင်မယှဉ်နိုင်သော ယှဉ်ပြိုင်သူများဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။ယှဉ်ပြိုင်သူများအားလုံးက သူတို့၏ စွမ်းဆောင်ရည်များကိုပြနိုင်ရန်အတွက် အထူးအာရုံစိုက်ထားလိုက်ကြသည်။


နေရာပေါင်းစုံမှနေ၍ မီးတောက်အမျိုးအစားပေါင်းစွာ ပေါ်ထွက်လာလေသည်။


ငရဲမီး၊ စိတ်ဝိညာဉ်မီး စသည်ဖြင့် မီးတောက်များ၏။ အရှိန်က ကောင်းကင်ယံထိပင် လွင့်တက်နေပေသည်။


ပုဖန်က သူ့၏ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မှုတ်ထုတ်လိုက်သည်။


စားဖိုမှူးတစ်ယောက်ဖြစ်သောပုဖန်က ကောင်းကင်ကမ္ဘာမြေမီးလျှံကိုသုံး၍ ချက်ပြုတ်ခြင်းဖြစ်ကြောင်းအားလုံးသိထားကြပေသည်။သို့သော်လည်း လက်တွေ့မြင်လိုက်ရသည့်အခါ၌ သူတို့နှလုံးသားများပင် အောင့်ခနဲ ဖြစ်သွားလေသည်။သူတို့ သူ့ကိုမနာလိုကြီးစွာ ဖြစ်မိလေ၏။


အဆင့်မြင့် မီးလျှံဖြင့် အဂ္ဂိရတ်ပညာလေ့ကျင့်ရန်အတွက်လိုအပ်ချက်များ အလွန်မြင့်မားလေသည်။အကယ်၍ အဂ္ဂိရတ်ပညာရှင်တစ်ဦးက ကောင်းမွန်သည့် ကောင်းကင်ကမ္ဘာမြေမီးလျှံကို ရရှိခဲ့မည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှု၌ အဆမတန် အကျိုးရှိပေလိမ့်မည်။


"ကောင်းကင်ကမ္ဘာမြေမီးလျှံကို ဒီလိုဖြုန်းတီးနေတာပဲ..."


အဆင့်မြင့်မီးလျှံဖြင့် ဟင်းချက်နေသည်ကို မြင်သောအခါ၌ သူတို့အားလုံး၏ စိတ်ထဲ၌ မကျေမနပ်ဖြင့် မြည်တွန်မိကြသည်။သူတို့၏ စိတ်ထဲ၌ ပုဖန်ကို တကယ့်ကို မုန်းတီးနေမိကြပေပြီ။


နေမင်းကဲ့သို့ပင် တောက်ပနေသော ရွှေရောင်မီးလျှံက ဒယ်အိုးနက်ကြီးအောက်သို့ပင် ရောက်သွားပြီး စတင်လောင်ကျွမ်းလာတော့သည်။ဒယ်အိုးအတွင်းရှိ ဆီများလည်း လျှင်မြန်စွာ ဆူပွက်လာလေ၏။


ဆီများဆူပွက်လာသည်နှင့် ပုဖန်က သူ့၏ ကောင်းမွန်လှသော အဖြတ်အတောက် ကျွမ်းကျင်မှုကို စတင်ထုတ်ဖော်လိုက်တော့သည်။သူ့လက်လောက်ဝတ်လေးကို ဝှေ့ယမ်းလိုက်ရုံနှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက သူ့လက်ထဲ၌ ကခုန်နေတော့သည်။


ပတ်ပတ်လည်နေသောကြောင့် လေချွန်သံ ခပ်တိုးတိုးပင်ထုတ်လွင့်နေ၏။ထိုရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ အရှိန်အဝါက လေထုကို ဖြတ်ပိုင်းတော့မလိုပင် ထင်ရသောကြောင့် ကြည့်ရှုနေသူများအားလုံး မှင်သက်နေမိကြသည်။ထို့နောက် ပုဖန်က လက်တစ်ဖက်ဖြင့် အဆင့် ၈ စ်ိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်ပြီး မုန်လာဥကဲ့သို့ပင် ခြစ်ချလိုက်လေသည်။


အမျှင်ရှည်လေးများက ပုဖန်၏ ထိန်းချုပ်မှုအောက်တွင် လေထုထဲ ကနေသလိုပင် ဖြစ်ပေါ်နေ၏။ထို့နောက် စားပွဲပေါ်တွင် အဆင်သင့်ပြင်ထားပြီးသော ကြွေပန်းကန်ထဲသို့ လှပစွာပြုတ်ကျလာလေသည်။အံ့အားတသင့်ဖြစ်နေသော ကြည့်ရှုသူများထံမှ အသံမ်ျိုးစုံပင် ထွက်ပေါ်နေလေသည်။


ဟာ...ဟင်...


မြူကောင်းကင်မြို့ထဲ၌ စားသောက်ဆိုင်တစ်ဆိုင်တွေ့ဖို့ပင် ခဲယဉ်းလေရာ စားဖိုမှူးတစ်ယောက်၏ ချက်ပြုတ်မှုကိုဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။ထို့ကြောင့် ဒီမြင်ကွင်းက သူတို့ကိုကြောင်အမှင်သက်နေစေသည်။


ပုဖန်၏ လှုပ်ရှားမှုက အလွန်ပင်မြန်ဆန်လှလေရာ သူတို့ မျက်စိဖြင့်အမှီလိုက်ကြည့်ဖို့ပင် မတတ်နိုင်တော့ပေ။


သူတို့အားလုံးက ပါဝင်ပစ္စည်းများကို ဖြတ်တောက်ရာမှ ထွက်ပေါ်လာသော အသံကိုသာ ကြားနေရသည်။ထို့အပြင် ထိုဖြတ်တောက်ထားသော ပစ္စည်းများကလည်း ညီညာသပ်ရပ်ပြီး တစ်ခုနှင့် တစ်ခု အရွယ်အစားလုံးဝတူညီနေလေသည်။


ပုဖန်၏ အဖြတ်အတောက်စကေးကို မြင်ရသောကြည့်ရှုသူများအားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။ထိုအသံများကြောင့် အနား၌ရှိနေကြသော အဂ္ဂိရတ်ပညာရှင်များအားလုံး စိတ်အနှောင့်အယှက်ဖြစ်နေကြသည်။


ဘာတွေဖြစ်နေတာလဲ ...


သူက ပါဝင်ပစ္စည်းတွေ လှီးဖြတ်နေတာလေ...ဘာတွေကို အဲ့ဒီလောက်ထိ ဆူညံပွက်လောရိုက်နေရတာလဲ တိတ်တိတ်ဆိတ်ဆိတ်မနေတက်ဘူးလား...


သူတို့စိတ်ထဲ၌ မကျေနပ်မှုများပြည့်နက်နေသော်လည်း ဆေးလုံးစတင်သန့်စင်နေပြီဖြစ်သောကြောင့် လှည့်၍ မပြောနိုင်ကြပေ။


ဆေးလုံးသန့်စင်ခြင်းနှင့် ချက်ပြုတ်ခြင်းတို့က လုံးဝ ကွဲပြာခြားနားသည်။


အဂ္ဂိရတ်ပညာရှင်များက သူတို့၏ ဆေးလုံးပုံသဏ္ဍာန်အမျိုးမျိုးကို မပြုလုပ်မီ စိတ်ဝိညာဉ်ဆေးပင်များမှ ဆေးရည်များကို စစ်ထုတ်ယူရသည်။အဆင့်တိုင်းက အလွန်ပင်တိကျပြီး အလွန်ပင် ခက်ခဲလှသည်။ထို့ကြောင့်ပင် သူတို့၏ စိတ်စွမ်းအားကို အကောင်းဆုံးအခြေအနေနှင့် အမြဲတမ်းထိန်းထားမှသာလျှင် အဆင့်တိုင်းကို လုံးဝ ပြီးပြည့်စုံနေပေလိမ့်မည်။


ဒိုင်လူကြီးမင်းကလည်း ပုဖန်၏ အဖြတ်အတောက်ကျွမ်းကျင်မှုကို ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်သည်။ထို့ကြောင့် သူလည်း အံ့အားမှင်သက်နေမိ၏။သို့သော်လည်း မည်မျှပင် အံ့အားသင့်စေကာမူ သူက ဒိုင်လူကြီးမင်းတစ်ယောက်သာဖြစ်သောကြောင့် တခြားပြိုင်ပွဲဝင်များကိုလည်း ကြည့်ရှုရပေဦးမည်။


ပြိုင်ပွဲကွင်းနေရာမှ အော်ဟစ်နေကြသော ကြည့်ရှုသူများကို လက်ဝှေ့ယမ်းပြ၍ တိတ်ဆိတ်ခိုင်းလိုက်သည်။လူအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်မှ သူပုဖန်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။


ပထမဦးဆုံးအနေဖြင့် စားဖိုမှူးတစ်ယောက်၏ လုပ်ကိုင်ပုံများကို မြင်ဖူးခြင်းဖြစ်လေရာ သူတို့အားလုံးအတွက် အသစ်အဆန်းဖြစ်နေလေသည်။ပြိုင်ကွင်းရှစ်ဝန်းကျင်၌ လူများ ပို၍ပို၍ပင် များပြားလာလေသည်။


ပုဖန်ဆီအိုး၏ အပေါ်၌ လက်ဖဝါးဖြင့် ဆီ၏ အပူချိန်ကို ခံစားကြည့်လိုက်သည်။လိုအပ်သည့် အပူချိန်သို့ ရောက်နေမှသာလျှင် သူ ပြုလုပ်ပြီးသား ဆန်အနှစ်ကမာနှလုံးသားပန်ကိတ်လေးများကို အိုးထဲသို့ ထည့်လိုက်သည်။


ရွဲ...ရွဲ...


ချက်ချင်းပင် တရှဲရှဲမြည်သံများအဆက်မပြတ်ထွက်ပေါ်လာပြီး အိုးထဲမှ အပူအခိုးအငွေ့လေးများတက်လာလေသည်။ပုဖန် သူ့၏ အစစ်အမှန်စွမ်းအင်များကို လှည့်လည်စေလိုက်ပြီး ထိန်းချုပ်ကာ အိုးထဲသို့ စီးဆင်းစေလိုက်သည်။


ဆီပူများက ရေဝဲကန်တော့သဏ္ဍာန် စတင်၍ လည်ပတ်နေလေသည်။ထိုခဏ၌ အိုးထဲမှ ပန်ကိတ်များ၏ ပုံသဏ္ဍာန်ကအနည်းငယ်ပင် ပြောင်းလဲသွားလေသည်။ပတ်ပတ်လည်၌ စိတ်ဝိညာဉ် စွမ်းအင်များ တောက်ပလာပြီး ကောင်းကင်ယံသို့ ပျံတက်တော့မလိုပင်ထင်ရသည်။


၎င်းက ကောင်းကင်ယံပေါ်ပစ်လွှတ်လိုက်သော အလင်းစက်ကွင်းများကဲ့သို့...မီးရှူးမီးပန်းများကဲ့သို့ မျက်စိကျိန်းလောက်စရာအလင်းရောင်များက အဘက်ဘက်သို့ ပြန့်နှံ့နေပေသည်။


"ဝါး...အရမ်းလှတာပဲ"


" ဒီတော့ ဒါမျိုးကမှ ချက်ပြုတ်တယ်ခေါ်တာလား မိုက်လိုက်တာ..."


"မွှေးလိုက်တာ မင်းတို့ ဘယ်သူမှ အနံ့မရကြဘူးလား..."


ပြိုင်ကွင်းပတ်လည်မှ ကြည့်ရှုနေသူများက နောက်တစ်ကြိမ်ထပ်မံအော်ကျပြန်လေသည်။ဒယ်အိုးထဲမှ အလွန်မွှေးပျံ့လှသော ရနံ့များထွက်ပေါ်လာသည်။ထိုအနံ့များက တကယ့်ကို အားကောင်းလှသည်။


ကောင်းကင်ယံထက်သို့ လွင့်တက်နေသော အပူငွေ့များနှင့်အတူ ပါလာသော မွှေးရနံ့များက ပြိုင်ကွင်းတစ်ခုလုံးကိုလွှမ်းခြုံထားလေသည်။မွှေးရနံ့များကို ရှုရှိုက်လိုက်မိသည့် ကြည့်ရှုသူများ၏ အမူအရာက ပြောင်းလဲသွားသည်။သူတ်ို့၏ ခံတွင်းထဲ၌ တံတွေးများစိုစွတ်လာပြီး...ဆွဲဆောင်ခံလိုက်ရလေပြီ။


သူတို့မထိန်းနိုင်ပဲ နှုတ်ခမ်းများပင် သပ်လိုက်မိသည်။ထိုမွှေးရနံ့များက နှာခေါင်းပေါက်မှတစ်ဆင့် ဝင်သွားသည်နှင့် သူတို့၏ အရသာခံအာရုံများကိုပင် နှိုးဆွလိုက်ပြီး ပိုးအိမ်မျှင်ထဲ ကျရောက်သွားသလိုပင် ခံစားလိုက်ရသည်။


သူတို့ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ ရနံ့မျိုးတစ်ခါမှ မရခဲ့ဖူးပေ။


"မွှေးလိုက်တာ ဒါဘာရနံ့လဲ..."


"ဆေးလုံးရနံ့လား..."


"မဟုတ်ဘူး...ဆေးလုံးတွေရဲ့ ရနံ့က အဲ့ဒီလောက်ထိမမွှေးနိုင်ဘူး...ဒါကဘယ်လိုအရာမျိုးများဖြစ်နေမလဲ..."


အနည်းငယ် ဝေးကွာသော နေရာမှ ကြည့်ရှုသူများပင်လျှင် မွှေးရနံ့များကိုရရှိလေရာ ဒိုင်လူကြီးမင်းက အနံ့မရပဲ မည်သို့ဖြစ်ပါမည်နည်း။


ဒိုင်လူကြီးမင်းက အလွန်ကျေနပ်နှစ်သိမ့်နေမိသည်။ထိုကောင်လေးက ယခင်နေ့ကဲ့သို့ ပုပ်စပ်သော ဟင်းပွဲကို မချက်ရုံသာမက အလွန့်အလွန်မွှေးပျံ့သည့် ဟင်းပွဲတစ်ခုကိုပင် ချက်ပြုတ်နေလေသည်။


ကမာနှလုံးသားပန်ကိတ်မှ ထွက်ပေါ်လာသော ရနံ့ကြောင့် ဒိုင်လူကြီးမင်းပင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ပေ။သူ့၏ နှုတ်ခမ်းများကိုလျှာဖြင့် သပ်လိုက်မိသည်။ သူ့၏ ပါးစပ်ထဲ၌လည်း တံတွေးများဖြင့် စိုစွတ်နေပေပြီ။သူ့၏ အကြည့်များကလည်း ပုဖန်၏ စင်မြင့်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေလေ၏။


ရုတ်တရက် ဒိုင်လူကြီးမင်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့မျက်နာကလည်း စိုးရိမ်ပူပန်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားလေသည်။သူ့၏ ခန္ဓာကိုယ်ကလည်း သစ်ရွက်တစ်ရွက်ကဲ့သို့ပင် တုန်ခါနေလေ၏။


ဘန်း...


ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခုက ပြိုင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ထိုဆေးမီးဖို ပေါက်ကွဲသွားသော ဆေးဆရာ၏ မျက်နာ၌ စိတ်ပျက်မှုများ ပြည့်နှက်နေကာ သူ့ဆံပင်ကို သူဆောင့်ဆွဲနေမိသည်။သူ့၏ မျက်ဝန်းများကလည်း သွေးကဲ့သို့ပင် နီရဲနေပြီး အလွန်အမင်းဒေါသထွက်နေသည်ဟု ထင်ရ၏။


"မွှေးရနံ့...သောက်ကျိုးနဲ မွှေးရနံ့ ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်အနံ့ကောင်းနေရတာလဲ..."


မွှေးကြိုင်သင်းပျံ့သော ရနံ့များကို သူရှုရှိုက်လိုက်မိသည့်ခဏ၌ သူ့၏ စွမ်းအင်များက ရေဝဲတစ်ခုကဲ့သို့ပင် အားကောင်းသွားသလို ခံစားလိုက်မိသည်။ထို့ကြောင့် သူ့၏ ဆေးမီးဖိုက ပေါက်ကွဲထွက်သွားလေသည်။သူ ကြိုးစားအားထုတ်ခဲ့သမျှက အလဟဿဖြစ်သွားလေသည်။


"ဘယ်လောက်ဒေါသထွက်စရာကောင်းလိုက်သလဲ..."


သက်ရောက်မှုခံရသည်က ထိုဆေးဆရာတစ်ယောက်တည်းမဟုတ်ပေ။မွှေးပျံ့သော ရနံ့များက ပြိုင်ကွင်းတစ်ခုလုံးကို ပြန့်နှံ့သွားသည်နှင့် လေထုကလည်း ပြောင်းလဲသွားလေသည်။


ဒိုင်လူကြီးမင်း၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားကာ သူပတ်ပတ်လည်ကို စိုးရိမ် ပူပန်မှုအပြည့်ဖြင့် အကဲခတ်ကြည့်ရှုလိုက်သည်။


တကယ့်တကယ်မှာလည်း ထို ယခုလက်ရှ်ိအချိန်၌ ပြိုင်ပွဲဝင်များ၏ မျက်နာအမူအရာက ရုပ်ဆိုးနေပေပြီ။မွှေးရနံ့များက သူတို့၏ နှာခေါင်းပေါက်ထဲ အလုအယက်တိုးဝင်သွားသည်နှင့် သူတို့ စားကောင်းသောက်ဖွယ်များ၏ သွေးဆောင်မှုကိုခံလိုက်ရသလ်ိုမျိုးဆာလောင်လာလေသည်။ထို့အပြင် ပြိုင်ပွဲဝင်များက ထိုကဲ့သို့မွှေးရနံ့မျိုးများကိုလည်း မရခဲ့ဖူးလေရာ သူတို့ မည်ကဲ့သို့ တောင့်ခံနိုင်ပါမည်နည်း။


ဘန်း...ဘန်း...ဘန်း


အဆက်မပြတ်ထွက်ပေါ်လာသော ဆေးမီးဖိုများ၏ ပေါက်ကွဲသံက ပြိုင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံနေလေတော့သည်။ပေါက်ကွဲမှုကြောင့် ဒိုင်လူကြီးမင်းတစ်ယောက်တည်းသာ ကြောင်အနေခြင်းမဟုတ်ပဲ ကြည့်ရှုသူများအားလုံးကလည်း အံ့အားသင့်နေကြသည်။


မွှေးရနံ့ထဲ မျောပါနေသော သူတို့ စိတ်အာရုံများကို အခုမှသာ ပြန်လည် ရရှိလာလေသည်။


ပုဖန်က ပုံမှန်အတိုင်းအေးဆေးတည်ငြိမ်နေဆဲပင်ဖြစ်ပြီး ဒယ်အိုးထဲမှ သူ့၏ ပန်ကိတ်များကိုသာ အာရုံစိုက်ထားလေသည်။


သူ့၏လက်ကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ရွှေရောင်သန်းပြီး ကျွပ်ရွနေသော ကမာနှလုံးသားပန်ကိတ်က အိုးထဲမှနေ၍ ပန်းကန်ထဲရောက်လာလေသည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ အလင်းရောင်တစ်ချက်ဖြတ်ခနဲလက်သွားပြီးနောက် ကမာနှလုံးသားပန်ကိတ်က နှစ်ပိုင်းပိုင်းသွားလေသည်။


အပေါ်ယံအလွှာကို ပိုင်းဖြတ်လိုက်သည်နှင့် အထဲထဲမှ ထည့်ထားသော အဆာများစွာလည်းထွက်ပေါ်လာသည်။များပြားလှသော ကမာအသားများနှင့်အတူ သိပ်သည်းလှသော မွှေးရနံ့က ကပ်လျက်ပါလာလေသည်။


"ဒါက ငါ့ရဲ့ အဆင့်မြင့် ကမာနှလုံးသားပန်ကိတ်... ကြော်လို့ပြီးသွားပြီ..."


ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ခေါင်းမော့၍ ခပ်တည်တည်ဖြင့်ပင် ပြောလိုက်သည်။


သူ့စကားဆုံးသည်နှင့် အနောက်ဘက်မှ ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာလေသည်။