အပိုင်း ၄၉၅
Viewers 52k

အခန်း ၄၉၅

မင်္ဂလာဦးည ကျော်ဖြတ်ရသလို...


ဘန်း...ဘန်း...


ပေါက်ကွဲသံများက ပြိုင်ကွင်းတစ်ခုလုံး၌ ပဲ့တင်ထပ်နေလေသည်။ထိုဖြစ်ရပ်ကြောင့် ဒိုင်လူကြီးတွေသာမက စင်အောက်၌ ကြည့်ရှုနေကြသူများက အံ့သြကြောင်အနေမိသည်။


"ဆေးမီးဖိုတွေ ပေါက်ကွဲနေတယ် ဘယ်လိုဖြစ်လို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲနေတာလဲ..."


"ဒီပြိုင်ကွင်းရှစ်က ဆေးမီးဖို ပေါက်ကွဲ ပြိုင်ပွဲလား...အရင်နေ့ကလည်း ဆေးမီးဖိုတွေ အများကြီး ပေါက်ကွဲတယ်...ဒီနေ့လည်းပဲ အများကြီး ထပ်ပေါက်ကွဲပြန်ပြီ ဒါက အရမ်းအရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတယ်..."


ဆေးဆရာများ အဂ္ဂိရတ်ပညာရှင်များ၏ ဆေးမီးဖိုများပေါက်ကွဲနေသည်ကိုကြည့်၍ လူအများစုက စိတ်လှုပ်ရှား၍ အော်ဟစ်မိမတတ် ဖြစ်နေကြသည်။


 ပြိုင်ကွင်းဧရိယာတစ်ခွင်၌ ဆေးအနှစ်များပြန့်ကျဲနေပြီး ညှော်နံ့များလည်း ဖုံးလွှမ်းနေလေ၏။


ကံမကောင်းသော တစ်ချို့သူများက ဆေးမီးဖိုပေါက်ကွဲမှုကြောင့် မီးအလောင်ပင်ခံလိုက်ရသည်။


သူတို့က ကြောင်အနက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသလိုပင်။သူတို့၏ မျကနှာက နက်မှောင်မဲသည်းနေ၏။သူတို့၏ ပါးစပ်မှပင် အခိုးအငွေ့များပင် ထွက်လာလေသည်။


ထိုသူများ၏ မျက်ဝန်းထဲ၌လည်း ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်နေသည်။သူတို့ ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ဒေါသထွက်နေသော သူတို့၏ အပြုအမူက ပုဖန်ကို အညှာတာမဲ့စွာ ရိုက်နှက်ချင်နေကြောင်း သိသာလှသည်။


ဒိုင်လူကြီးခဗျာ ကြောင်အမှင်သက်နေလေသည်။နောက်ဆုံးတော့ သူ့နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုအကြောင်းကို သူနားလည်သွားပေသည်။လူငယ်က ပြိုင်ကွင်းရှစ်တစ်ခုလုံးကို ရှုပ်ထွေးအောင် ပြုလုပ်သွားပြန်သည်။


ပုဖန်ကို ယခင်နေ့ကကဲ့သို့ တို့ဟူးပုပ်မချက်ရန် တောင်းဆိုခဲ့ရခြင်းမှာလည်း ယခုလိုတခြားပြိုင်ပွဲဝင်များအပေါ် သက်ရောက်ရှိမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ပုဖန်က ပြန်လည် ခွန်းတုံ့ပြန်ခြင်းမရှိပဲ နာခံမှုရှိရှိ သဘောတူသည်ကို မြင်ရသောအခါ၌ ထိုကောင်လေးကို လူတော်တစ်ယောက်ဟုပင် ခံစားခဲ့မိသည်။


သို့သော်ရလဒ်က အဘယ်နည်း။


အဆုံးသတ်၌ ပြိုင်ကွင်းရှစ်တစ်ခုလုံးကို ရှုပ်ထွေးအောင်သာ လုပ်ဆောင်သွားပြန်သည်။


"ဒီလောက်ထိတောင် သူက အံ့သြစရာကောင်းနေမှတော့ ဘာကြောင့်များ ကောင်းကင်ဘုံကို တက်မသွားသေးတာလဲ...သူက တကယ်ပဲ အနံ့ဆိုးတဲ့ ဟင်းပွဲတွေ မလုပ်ပါဘူးလို့ သဘောတူခဲ့တယ်...တကယ့်တကယ်တမ်းကျတော့ အရမ်းကို မွှေးပျံ့တဲ့ ဟင်းပွဲတွေ လုပ်လိုက်တယ်...အဲ့ဒီအနံ့တွေက တခြားပြိုင်ပွဲဝင်တွေကို သွားပြီးတော့ သက်ရောက်မှုရှိတယ်လေ..."


ပုဖန်၏ ဟင်းပွဲမှ ထွက်လာသော မွှေးရနံ့များက တခြားသူများ၏ စိတ်အာရုံကို အနှောင့်အယှက်ပေးခဲ့သည်။ထို့အပြင် ထိုမွှေးရနံ့၏ သက်ရောက်မှုက ယခင်နေ့က အနံ့ဆိုးသော ဟင်းပွဲထက်ပင် ပို၍ ပြင်းထန်နေသည်။


ပြောရမည်ဆိုလျှင် ယခင်နေ့က တို့ဟူးပုပ်ကြောင့် ဆေးမီးဖိုများစွာ မပေါက်ကွဲခဲ့ပေ။ယခုမူ ပေါက်ကွဲမှုများက စည်းချက် ကျနစွာပင် ထွက်ပော်နေလေသည်။


ကောင်းကင်ဆေးမြို့တော်နှင့် တောက်ပကောင်းကင်မြို့တော်တို့မှ တကယ့်အစစ်အမှန် ပါရမီရှင် အဂ္ဂိရတ်ပညာရှင်များသာလျှင် ထိန်းချုပ်နိုင်စွမ်းရှိကြသည်။


သို့သော်လည်း ယခုလက်ရှိ၌ ထိုပါရမီရှင်များပင်လျှင် အလွန်အမင်း အခြေအနေကောင်းမွန်နေခြင်းမဟုတ်ပေ။သူတို့၏ နဖူးမှ ချွေးများသီးနေပြီး ပြူးသထက်ပြူးထားရသော မျက်ဝန်းက မည်မျှ အာရုံစိုက်ထားရကြောင်း ဖော်ပြနေပေသည်။


သူတို့၏ နှာခေါင်းနား၌ ဝေ့ဝဲနေသော မွှေးရနံ့များက သူတို့၏ အလိုဆန္ဒများကို နှိူးဆွနေသလိုပင်။ထိုသို့သော ခံစားမှုမျိုးကို သူတို့ဘဝတွင် တခါမှ မခံစားဖူးပေ။ထိုအရာက သူတို့ကို ညှင်းပန်းနှိပ်စက်နေသလိုပင်။


သူတို့ ခေါင်းပင်မမော့နိုင်တော့ပေ။မျက်နာများကလည်း ရှက်ရွံ့မှုဖြင့် ရဲရဲနီနေပေပြီ။သက်စောင့်ဆေးသန့်စင်ရာ၌လည်း ကိုယ့်ကိုကိုယ် ဖိအားပေး၍ အားစိုက်ထားရပေသည်။ထိုလူကြောင့် သူတို့ တကယ့်ကိုအရှက်ရရပေ၏။သူတို့အထင်အမြင်သေးခဲ့သည့် စားဖိုမှူးက တကယ့်ကိုပင် ကောက်ကျစ်တတ်သည့်သူဖြစ်ကြောင်း သိလိုက်ရလေသည်။ဟင်းပွဲမှ ထွက်ပေါ်နေဆဲသော ဖြစ်သော မွှေးရနံ့များက သူတို့၏ စိတ်ရုံကို အနှောင့်အယှက်ပေးနေလေသည်။


"သေပါတော့..."


ယခုလက်ရှိ၌ စိတ်ပျက်လက်ပျက်ဆုံး ဖြစ်သောသူကို ပြရမည်ဆိုလျှင် ဒိုင်လူကြီးပင်ဖြစ်သည်။သူ ဘေးနားပတ်ဝန်းကျင်ပတ်လည်၌ ပေါက်ကွဲနေသော မီးဖိုကြည့်၍ ငိုမိမတတ်ဖြစ်နေပေပြီ။ထိုသူများက ချက်ချင်းပင်ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရသည်။


ဒီနေ့သည်လည်း နောက်ထပ်အဆူခံရမည့် နေ့တစ်နေ့ ဖြစ်လာမည်ကို သူသိလိုက်ပေသည်။ပြိုင်ပွဲကွင်းထဲမှ ထုတ်ပယ်ခံလိုက်ရသူများ တဖြေးဖြေးများပြားလာသည်။ထို့နောက် ကွင်းထဲ၌ ပုဖန်အပါအဝင် လူငါးယောက်သာရှိတော့သည်။


"ဘုရားရေ...စားဖိုမှူးက ငါ့ကို နတ်ပြည်ကို တိုက်ရိုက်နည်းနဲ့ ပို့နေတာလား..."


ဒိုင်လူကြီးမင်းလည်း စိတ်အချဉ်ပေါက်စွာ တွေးလိုက်မိသည်။ပထမပြိုင်ပွဲတုန်းကပင် လူလေးယောက် ဖြတ်ကျော်နိုင်ခဲ့သေးသည်။ယခု ပြိုင်ပွဲ၌ လူသုံးယောက် ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် တော်တော်ကို အံ့အားသင့်စရာကောင်းနေပေသည်။


ဘန်း...


သူတွေးနေစဉ်မှာပင် နောက်ထပ် ဆေးမီးဖို ပေါက်ကွဲသံကို ကြားလိုက်ရပြန်သည်။


"ဒိုင်လူကြီးမင်း ဒါကို ဘယ်လိုဖြေရှင်းမှာလဲ ငါတို့ သွားပြီး တိုင်ကြရလိမ့်မယ်..."


နောက်ဆုံး မီးဖိုပေါက်ကွဲသွားသော အဂ္ဂိရတ်ပညာရှင်က အလွန်ပင် ဒေါသထွက်နေလေသည်။သူ ပေါက်ကွဲသွားသောမီးဖိုအပိုင်းအစများကို ကောက်ယူလိုက်ပြီး မြေပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် လွှင့်ပစ်လိုက်သည်။ထို့နောက် ဒေါသတကြီးပြောလိုက်လေသည်။


တခြားအဂ္ဂိရတ်ပညာရှင်များကလည်း ပုဖန်ကို ဝိုင်းဝန်းအပြစ်တင်နေကြသည်။ပြိုင်ကွင်းရှစ်မှ ပွဲကြည့်သူများကမူ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။


သူတို့ နောက်ထပ် ဟာသပွဲတစ်ခုကို ကြည့်ရပေဦးတော့မည်။သူတို့က ရယ်စရာပွဲတစ်ခုကို ကြည့်နေရသရွေ့ ပြင်းထန်တင်းမာလာသော အခြေအနေကို ဂရုစိုက်မည်မဟုတ်ပေ။


"ဒိုင်လူကြီးမင်း ငါက ငါ့ရဲ့ ပစ္စည်းကို ပြုလုပ်ပြီးသွားပြီး ကျေးဇူးပြုပြီး ဒါကို အရင်စစ်ဆေးပေးပါ..."


ပုဖန်က မျက်နာသေဖြင့်ပင် သူကို ပြစ်တင်ရှုံ့ချနေသူများကို လျစ်လျူရှုလိုက်ပြီး မရှုနိုင်မကယ်နိုင်ဖြစ်နေသော ဒိုင်လူကြီးဘက်သို့သာ လှည့်ကြည့်လိုက်သည်။


ဒိုင်လူကြီးမင်းလည်း အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီးနောက် ပုဖန်၏ စင်မြင်ရှေ့သို့ လျှောက်သွားလိုက်သည်။


သူအနီးသို့ ရောက်လေလေမွှေးရနံ့များက ပို၍ ပြင်းထန်လာလေလေပင်။ရွှေရောင်သန်းနေသော ပေါင်မုန့်ကြော်နှင့်တူသည့် စားစရာတစ်ခုက ပန်းကန်ထဲရှိနေပေသည်။ထိုစားစရာ၏ အလယ် ပိုင်းဖြတ်ထားရာနေရာမှ အပူအငွေ့များနှင့် စိတ်ဝိညာဉ်စွမ်းအင်များလည်း ပေါ်ထွက်နေသည်။


ထိုအငွေ့အသက်လေးများက အလင်းရောင်များ တဖြတ်ဖြတ်လက်နေသကဲ့သို့ ဖြစ်နေပြီး ဟင်းပွဲကိုပင် ပို၍ လှပနေစေသည်။ထိုလှပမှုနှင့် ချိုမြသော မွှေးရနံ့က ဒိုင်လူကြီး၏ ဝမ်းနည်းစိတ်ပျက်နေမှုများကိုပင် ဖယ်ရှားပစ်လိုက်ပြီး စားစရာများကို စားချင်လာအောင် ဆွဲဆောင်လိုက်ပေသည်။


"မင်း ဒီနေ့ ဘာချက်ထားတာလဲ..."


ဒိုင်လူကြီးမင်းက မေးလိုက်သည်။


"ဒါကို ကမာနှလုံးသား ပန်ကိတ်လို့ခေါ်တယ်...မိုင် ဆယ်ချီအောင်မွှေးပျံ့မယ့် ကမာနှလုံးသားပန်ကိတ်..."


ပုဖန်က စိတ်အားထက်သန်စွာဖြင့် ပြန်လည်ပြောလိုက်သည်။ဒိုင်လူကြီး၏ မျက်ဝန်းများက နက်မှောင်သွားလေ၏။


"မိုင်ဆယ်ချီအောင် မွှေးပျံ့တယ်...ဟမ်း...ဒါကို မိုင်ဆယ်ချီအောင် ဆေးမီးဖိုတွေ ပေါက်ကွဲမယ့် ကမာနှလုံးသားပန်ကိတ်လ်ို့ပဲ ခေါ်သင့်တယ်..."


တကယ့်ကိုပင် ဒီဟင်းပွဲက မြောက်များလှစွာသော အဂ္ဂိရတ်ပညာရှင်များ၏ ဆေးမီးဖိုများကို ပေါက်ကွဲစေခဲ့သည်။သူ့စိတ်ထဲမှာ လှောင်ပြောင်နေမိသော်လည်းလက်တွေ့တွင်တော့ အဆောင်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်သည်။


အဆောင်ပြားမှ အစီအရင်ပုံသဏ္ဍာန်ပေါ်လာပြီး ကမာနှလုံးသားပန်ကိတ်ကို လွှမ်းခြုံသွားလေသည်။ပန်ကိတ်၏ ဘေးနား၌ ကြယ်ပွင့်လေးများကဲ့သို့ အလင်းအပျောက်အငယ်လေးများ ဝိုင်းရံလာပြီးနောက် အစီအရင်က တောက်ပသထက်တောက်ပလာသည်။


"ဒီစိတ်ဝိညာဉ်စွမ်အားးတွေက အရမ်းသိပ်သည်းပြင်းထန်တာပဲ ဒါက မနေ့က တို့ဟူးပုပ်ထက်တောင်မှ ပိုပြီး အားကောင်းသေးတယ်..."


ဒိုင်လူကြီးမင်းလည်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိသည်။သူ့မျက်နာပေါ်၌လည်း အံ့သြနေဟန် အထင်းသားပေါ်လွင်နေသည်။ထိုကမာနှလုံးးပန်ကိတ်မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအားများက မည်သည့်အဆင့် ၉သက်စောင့်ဆေးနှင့် ယှဉ်လျှင်မှ အားနည်းနေမည်မဟုတ်ပေ။ထို့အပြင် ထိုစွမ်းအားများက အဆင့် ၉ သက်စောင့်ဆေး အလယ်အလတ် အဆင့်နှင့်ပင် တူညီနေပုံပော်သည်။


"ဒီလိုမျိုး ဆီပူထဲထည့်ကြော်လိုက်တဲ့ ပေါင်မုန့်ကြော်လေးတစ်ခုကတောင် ဒီလောက်အံ့သြသင့်စရာကောင်းနိုင်သေးတာလား..."


ဒိုင်လူကြီးမင်းလည်း မည်သည့်စကားမှ ဆိုမနေတော့ပဲ ပန်ကိတ်တစ်ပိုင်းကို ကောက်ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။


အာ...


ကြည့်ရှုနေသူအားလုံးက စိတ်မထိန်းနိုင်တော့ပဲ ဒိုင်လူကြီး ပါးစပ်ဟလိုက်သည်နှင့် သူတို့ပါ တစ်ပြိုင်တည်း လိုက်ဟမိကြသည်။စူးစိုက်နေသော အကြည့်များအောက်မှာပင် ဒိုင်လူကြီး၏ နှုတ်ခမ်းထောင့်စွန်းမှ ဆီလေးများ ဝေ့ဝဲကျလာသည်ကို တွေ့လိုက်ရသည်။


ဂျွတ်...


ကျွပ်ရွသော အသံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံကပင် အံ့အားသင့်စရာစွမ်းအားများပိုင်ဆိုင်ထားသကဲ့သို့ လေထဲရစ်ဝဲနေလေသည်။ထိုအသံကို ကြားလိုက်ရသူအားလုံးက တံတွေးတစ်လုတ်ဆီ မျိုချလိုက်မိသည်။


"ကြည့်ရတာ အရမ်းအရသာရှိမယ့်ပုံပဲ..."


"သောက်ကျိုးနဲ... ငါ့ကိုကြည့်စမ်းပါဦး သရေတွေ ကျလာပြီ..."


"ငါအကြာကြီး အသက်ရှင်နေထိုင်ခဲ့ရတာတောင်မှပဲ အခုထက်ထိ တကယ့်ဟင်းပွဲ ကောင်းကောင်းတစ်ပွဲ မစားဖူးသေးဘူး...အရင်တုန်းက အဆာခံဆေးလုံးတွေပဲ စားခဲ့ဖူးတာ အခုငါတကယ်ပဲ အဲ့ဒီပန်ကိတ်ကို စားချင်တယ်..."


သရေတများများ စီးကျနေသော ကြည့်ရှုသူများအားလုံးက ဒိုင်လူကြီးကို မနာလို အားကျသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။


ရှလွတ်...ရှလွတ်...


တစ်ချက်နှစ်ချက် ဝါးလိုက်သည်နှင့် ပန်ကိတ်အတွင်းထဲမှ ကမာအသား၏ အရသာက ပေါက်ကွဲ ထွက်ပေါ်လာလေသည်။ပြောမပြတက်အောင် ကောင်းလွန်းသော ပင်လယ်စာ၏ အရသာက သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားလေသည်။


အွန်း...


ဒိုင်လူကြီး၏ နှုတ်ခမ်းဖျားမှပင် ကျေနပ်စွာဖြင့် ငြီးလိုက်သံ ထွက်ပေါ်လာလေသည်။


"ဒါက အရမ်းကို ကျွပ်ရွပြီး အရသာရှိတယ်..."


ထိုခဏ၌ ဒိုင်လူကြီးမင်းလည်း ငိုချမိမလိုပင် ခံစားမိနေလေသည်။ကောင်းမွန်လှသည့် အရသာက သူ့စိတ်အာရုံတစ်ခုလုံးကို ထိန်းချုပ်သွားပြီး ပန်ကိတ်၏ သက်ရောက်မှုများအားလုံးကိုပင် မေ့ပျောက်သွားလေသည်။ထိုအရသာက သူမင်္ဂလာဦးညကို ကျော်ဖြတ်နေရသကဲ့သို့ပင် စိတ်ကျေနပ်မှုကို ခံစားရမိသည်။


သူအငမ်းမရ စားသုံးမှုကြောင့် အချိန်ခဏအတွင်းမှာပင် ပန်းကန်ထဲမှ ပန်ကိတ်နှစ်ပိုင်း ကုန်သွားလေသည်။ဒိုင်လူကြီးက တူများကိုပင် လျှာဖြင့် သပ်လိုက်သေးလေသည်။


သူ့အပြုအမူက ကြည့်ရှုနေသူများအားလုံးကိုပင် မနှစ်မြှို့မှု ဖြစ်စေလေသည်။


"သောက်ကျိုးနဲ ဒီဒိုင်က ရူးနေပြီဆိုတဲ့အကြောင်း ငါတို့ သွားပြီး သတင်းပို့မှရတော့မယ်..."


"မင်းရဲ့ ဟင်းပွဲက အရမ်းအရသာရှိလွန်းတယ်...ငါသူရဲ့အရသာကို ဘယ်လိုမှ မငြင်းပယ်နိုင်ဘူး ပြီးတော့ သူ့ရဲ့ အကျိုးသက်ရောက်မှုကလည်း အဆင့် ၉ သက်စောင့်ဆေးလုံးနဲ့ တူတူပဲ...ပြီးတော့ ငါသာမမှားဘူးဆိုရင် ဒီကမာနှလုံးသားပန်ကိတ်က တစ်စုံတစ်ယောက်ရဲ့ အစစ်အမှန်စွမ်းအားတွေကို အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးနိုင်တယ် ဟုတ်တယ်မဟုတ်လား..."


"ငါက အစစ်အမှန်စွမ်းအင်တွေ သုံးစွဲမထားတဲ့အတွက် အဲ့ဒီပြန်လည်ဖြည့်တင်းမှုကိုတော့ ငါမခံစားမိဘူး...ဒါပေမယ့် ငါ့ရဲ့ အစစ်အမှန်စွမ်းအားတွေ လှည့်ပတ်မှုက အရင်ကထက် အဆပေါင်းများစွာ ပိုမြန်လာတယ်ဆိုတာကိုတော့ ခံစားမိတယ်..."


"ဒီအဓိပ္ပါယ်က လူတစ်ယောက်ရဲ့ အစစ်အမှန်စွမ်းအားတွေကို သာမန်ထက် ငါးဆမြန်တဲ့နှုန်းနဲ့ ဖြည့်တင်းနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ..."


ဒိုင်လူကြီးမင်း၏ မျက်နာက နီရဲနေပြီး သူ့၏ မျက်ဝန်းများကလည်းရီဝေနေလေသည်။


"ငါးဆ မြင့်တင်နိုင်တယ်...ဘယ်လိုလုပ် ဒီဟင်းပွဲက အရမ်းအံ့အားသင့်စရာကောင်းနေရတာလဲ..."


ပုဖန်ကို လှောင်ပြောင်ခဲ့သော အဂ္ဂိရတ်ပညာရှင်များအားလုံးထိုစကားကြောင့် အံ့အားသင့်သွားကြသည်။သူတို့တွင်သာမက ပြိုင်ကွင်းရှစ်၌ ရှိနေကြသော ကြည့်ရှုသူများအားလုံးမှာ ကြောင်အနေမိလေသည်။အဆင့် ၉ သက်စောင့်ဆေး ချီစွမ်းအင် စုစည်းဆေးလုံးပင်လျှင် ထိုကဲ့သ်ို့ ငါးဆမြန်သည့် နှုန်းဖြင့် ပြန်လည်မဖြည့်တင်းနိုင်ပေ။ထ်ိုပန်ကိတ်၏ သက်ရောက်မှုနှုန်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။


ငါးဆမြင့်တင်ပေးနိုင်သည်ဆိုမှာ ဘာအဓိပ္ပါယ်လဲ...


ထိုအဓိပ္ပါယ်က သူ့၏ စွမ်းအင် သုံးဆယ်ရာခိုင်နှုန်းပဲရှိတော့သည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ထိုပန်ကိတ်ကို စားလိုက်မည်ဆိုလျှင် လက်ဖက်ရည်တစ်ခွက် ဖျော်ချိန်အတွင်းမှာပင် သူ့၏ စွမ်းအားများ ပြန်လည် ဖြည့်တင်းနိုင်မည်ဟု ဆိုလ်ိုခြင်းဖြစ်သည်။


ထိုသက်ရောက်မှုက အဆင့် ၉သက်စောင့်ဆေးလုံးထက် ကျော်လွန်နေပေပြီ။


အားလုံးကြောင်အနေစဉ်မှာပင် ပုဖန် ခပ်တည်တည်ဖြင့် သူ့၏ သိုလှောင်နယ်မြေထဲမှ ဆိုင်းဘုတ်ကြီးကို ထုတ်ယူလိုက်သည်။


ထန်...


သူ့၏ စင်မြင့်ပေါ်သို့ တင်လိုက်ရာထန်ခနဲ အသံကျယ်ပဲ့တင်ထွက်ပေါ်လာလေသည်။


"တိမ်ခိုးစားသောက်ဆိူင်ရဲ့ ဟင်းပွဲအသစ် မိုင်ဆယ်ချီမွှေးရနံ့ ကမာနှလုံးသားပန်ကိတ် ...စားသောက်ဆိုင်ကနေ လူတစ်ယောက်ကို နှစ်ခု ဝယ်ခွင့်ပြုတယ်...သူ့ရဲ့ သက်ရောက်မှုကတော့ စွမ်းအင်ကို ဆတိုးပိုပွားများစေတယ်...အရင်လာတဲ့သူ အရင်ရမယ်..."


ပုဖန်က ခပ်တည်တည်ဖြင့်ပင် သူ့၏ စားသောက်ဆိုင်အကြောင်း ကြော်ငြာဝင်လိုက်ပြန်သည်။သူ့ကြေညာနေသည့်ပုံစံကို ကြည့်ရသည်မှာ တကယ့်ကို ရယ်စရာကောင်းလှသည်။


သို့သော်လည်း ကြည့်ရှုနေသူမည်သူမှ သူ့ကို မရယ်ကြပေ။ယခုအချိန်၌ သူ့၏ ကြေငြာမှုက သူတို့အားလုံးကိုဆွဲဆောင်ထားပေသည်။


"အဲ့ဒီ စားသောက်ဆိုင်ကို ဒီစားဖိုမှူး ဦးစီးနေတာလား...မြူကောင်းကင်မြို့ထဲက တိမ်ခိုးစားသောက်ဆိုင်မှာဒီကမာနှလုံးသားပန်ကိတ်ကိုရတယ်ပေါ့...ကြည့်ရတာတော့ သူတို့ အဲ့ဒီဆိုင်ကို သွားကြည့်ရတော့မယ်ထင်တယ်..."


ဒီတစ်ကြိမ်၌ ဒိုင်လူကြီးမင်းလည်း ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။ထိုကောင်လေးက ပြိုင်ပွဲအလယ်၌ပင် သူ့ဆိုင်းဘုတ်ကိုယူ၍ စားသောက်ဆိုင်အကြောင်း ကြော်ငြာနေပေသည်။


"အဟွတ်...အဟွတ်...ယှဉ်ပြိုင်သူပုဖန်က စကာတင်စစ်ဆေးမှု ပထမအကြိမ်ကို ဖြတ်ကျော်နိုင်သွားပြီ အဲ့ဒီတော့ သွားပြီးတော့ ဒုတိယအကြိမ်အတွက် ပြင်ဆင်ထားလိုက် ဒုတိယအကြိမ်က နောက်လေးနာရီအတွင်း စတင်မယ်..."


ထိုစကားကြောင့် ပုဖန်အံ့အားသင့်သွားမိသည်။သူ သူ့ဆိုင်းဘုတ်ကို ပြန်သိမ်းပြီးသည့်အခါမှသာလျှင် နောက်တစ်ကြိမ် စစ်ဆေးမှု ကျန်နေသေးကြောင်းကို သိလိုက်ရသည်။သို့သော်လည်း နောက်တစ်ကြိမ်ကလည်း သူ့ကို ခက်ခဲအောင်လုပ်နိုင်မည်မဟုတ်ပေ။ကမာနှလုံးသားပန်ကိတ်ရှိနေသရွေ့ သူနောက်တစ်ကြိမ်ကိုလည်း အေးဆေးစွာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။


သူ့၏ ကမာနှလုံးသားပန်ကိတ်ကို အလွန်ပင် ယုံကြည်မှုရှိပေသည်။အကယ်၍ ပန်ကိတ်၏ စွမ်းရည်က မလုံလောက်သေးဘူးဆိုလျှင်ပင် သူ့၏ ပုစွန်ပိစိလေးကို ဆီအိုးထဲကူးခတ်ခိုင်းပြီး စွမ်းအင်မြင့်တင်၍ ရသေးပေသည်။


အဂ္ဂိရတ်ပညာရှင်အားလုံးက ပုဖန် ထိုကဲ့သို့ အလွယ်တကူ ဖြတ်ကျော်သွားနိုင်ခြင်းကို မကျေမနပ် စိတ်ဆိုးဒေါသထွက်နေကြသည်။သူတို့ မကျေမနပ်ဖြင့် ဒိုင်လူကြီးကိုပင် ဝိုင်းထားလိုက်သည်။သို့သော်လည်း ပထမနေ့ကို ဖြတ်သန်းတွေ့ကြုံပြီးသည့်နောက် ဒိုင်လူကြီးက ပို၍ပင် လူမိုက်ဆန်လာလေသည်။


"အစီအရင်က ဘာအမှားအယွင်းမှ မရှိဘူး...အဲ့ဒီဟင်းပွဲရဲ့ သက်ရောက်မှုကလည်း ဘာအမှားအယွင်းမှ မရှိဘူး...ဒီဟင်းပွဲရဲ့ ရနံ့က အရမ်းမွှေးတယ်ဆိုပေမယ့် အဲ့ဒီ စွမ်းဆောင်မှုကို မခုခံနိုင်တာက မင်းတို့ရဲ့ အမှားပဲလေ...ပြီးတော့ ပြောရမယ်ဆိုရင် အစစ်အမှန်သက်စောင့်ဆေးရဲ့ မွှေးရနံ့ကလည်းပုဖန်ရဲ့ ဟင်းပွဲထက်တော့ အားနည်းမှာမဟုတ်ဘူး...အဲ့ဒီလိုအချိန်မှာသာဆိုရင် မင်းတို့ ဘယ်လိုဆင်ခြေပေးဦးမလဲ..."


ဒိုင်လူကြီးမင်း၏ ပြောင်ကျလှသော စကားများက အဂ္ဂိရတ်ပညာရှင်အားလုံးကို ပြောစရာစကားမဲ့သွားစေသည်။


....


နောက်ဆုံး၌ ကျန်ရှိနေသေးသည့် အဂ္ဂိရတ်ပညာရှင်သုံးယောက်က သူတို့၏ ဆေးလုံးများကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။


ဒိုင်လူကြီးမင်း၏ မျက်နာပေါ်၌ ချက်ချင်းပင် အပြုံးတစ်ခုပေါ်လာလေသည်။သူ မျှော်လင့်ထားသည့်အတိုင်းပင် ထိုကောင်းကင်ဆေးမြို့တော်နှင့် တောက်ပကောင်းကင်မြို့တော်တို့မှ ပါရမီရှင်များက သူ့ကို စိတ်မပျက်စေခဲ့ပေ။


ဒီနေ့လည်း လူလေးယောက်ဖြတ်ကျော်နိုင်သောကြောင့် မနေ့ကရလဒ်ထက် အခြေအနေဆိုးတော့မည်မဟုတ်ပေ။သူ သူ့ကိုယ်သူတခြားပြိုင်ကွင်းများနှင့် မနှိုင်းယှဉ်သရွေ့သူနာကျင်ရမည်မဟုတ်ပေ။


ပြိုင်ပွဲဝင်လေးယောက်သာ ကျန်တော့သည်ကို မြင်သည့်အခါက သူတကယ့်ကို စိုးရိမ်ပူပန်သွားခဲ့ရသည်။သို့သော်လည်း လေးယောက်လုံး ဖြတ်ကျော်နိုင်သွားသည်ကို သိလိုက်သောအခါ၌မူသူစိတ်ကျေနပ်သွားသည်။


သူ့ကိုယ်သူ အရူးတစ်ယောက် ဖြစ်နေသလိုပင် ခံစားလိုက်မိသည်။


.သို့သော်လည်း သူ့တို့၏ သက်စောင့်ဆေးများကို အစီအရင်ဖြင့် စစ်ဆေးပြီးသည့်အခါ၌မူ ဒိုင်လူကြီးတကယ့်ကို ရူးသွားတော့မည်ဟု ခံစားလိုက်မိသည်။