အခန်း ၄၉၆
အဂ္ဂိရတ်ပညာရှင်များ၏ဘုံရန်သူ...
အစီအရင်မှထွက်ပေါ်လာသော ရလဒ်ကို မြင်လိုက်သည်နှင့် ဒိုင်လူကြီး၏ အမူအရာက တောင့်တင်းသွားလေသည်။သူ့၏ ပျော်ရွှင်မှုလေးများက ကြက်ပျောက်ငှက်ပျောက်ပျောက်သွားလေပြီ ။
ကြည့်ရှုနေသူများအားလုံးလည်း ကြောင်အသွားကြသည်။သူတို့တွေ့မြင်လိုက်သည်က မယုံနိုင်စရာကောင်းလှသည်။
ကောင်းကင်ဆေးမြို့တော်နှင့် တောက်ပကောင်းကင်မြို့တော်တို့မှ အဂ္ဂိရတ်ပညာရှင်တပည့်များ၏ ခန္ဓာကိုယ်ကလည်း တုန်ရီနေကြသည်။
"သူတို့ ကျရှုံးတယ်..."
သူတို့အားလုံး ကျရှုံးပေသည်။သူတို့၏ သက်စောင့်ဆေးလုံးများက လိုအပ်ချက်နှင့်မကိုက်ညီပေ။ထို့ကြောင့် ဒီစကာတင်ရွေးချယ်မှုကို သူတို့ မဖြတ်ကျော်နိုင်ပေ။အားလုံးထဲ၌ ပုဖန်တစ်ယောက်သာလျှင် အေးဆေးတည်ငြိမ်နေလေသည်။သူက တိမ်ခိုးစားသောက်ဆိုင် ဆိုင်းဘုတ်ကို ကိုင်လိုက်ပြီး ပုခုံးပေါ်သို့ မြှောက်တင်လိုက်ကာ ပြိုင်ကွင်းထဲမှ အေးဆေးစွာ လျှောက်ထွက်လာလိုက်သည်။
အံ့အားသင့်နေကြသော ကြည့်ရှုသူများက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ပြိုင်ကွင်းရှစ်၌ တစ်ယောက်တည်းသာလျှင် ဖြတ်ကျော်နိုင်သည်။ထိုသူကလည်း ပဉ္စလက်စုဝေးပွဲတွင် တစ်ယောက်တည်းသာပါဝင်သော စားဖိုမှူးဖြစ်ပေသည်။
သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် လေအေးများ ရှုရှ်ိုက်လ်ိုက်မိကြသည်။အဖြစ်အပျက်များက အလွန်အံ့သြစရာကောင်းပြီး ရလဒ်ကလည်း မျှော်လင့်ထားသည်နှင့် ခြားနားနေပေသည်။
ယခုအချိန်၌ တောက်ပကောင်းကင်မြို့တော်နှင့် ကောင်းကင်ဆေးမြို့တော်တို့မှ အဂ္ဂိရတ်ပညာရှင်များက တွေဝေငေးမောနေကြသည်။သူတို့ တစ်ယောက်မှ စိတ်အခြေအနေမကောင်းကြပေ။
သူတို့အားလုံးက စွမ်းဆောင်ရည်မြင့်မားသော ပါရမီရှင်များအဖြစ် သတ်မှတ်ခံထားကြသူများဖြစ်သည်။သို့သော်လည်း ယခု စကာတင် ရွေးချယ်ပွဲကို သူတို့ တစ်ယောက်မှ ဖြတ်ကျော်နိုင်ခဲ့ခြင်းမရှိပဲ အဆုံးသတ်သွားပေသည်။ထိုအရာက သူတို့အကြီးအကျယ်ထိုးနှက်ခံလိုက်ရခြင်းပင်ဖြစ်သည်။
"တကယ်လို့ အဲ့ဒီမွှေးရနံ့တွေရဲ့ နှောင့်ယှက်မှုကြောင့်သာမဟုတ်ရင် ငါရဲ့ သက်စောင့်ဆေးလုံးက ဘယ်လိုလုပ်ပြီး ဒီလိုအမှိုက်သရိုက်တစ်ခုလို အဆုံးသတ်ရမှာလဲ..."
တောက်ပကောင်းကင်မြို့တော်မှ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က မကျေမနပ်ဖြစ်နေပြီး ဒေါသများ ပေါက်ကွဲထွက်မတကတိဖြစ်နေလေသည်။သူ့၏ ခန္ဓာကိုယ်ပင် ဒေါသတရားကြောင့် တဆတ်ဆတ်တုန်ယင်နေသည်။
သူနှင့်မတူစွာပင် ဆေးကောင်းကင်မြို့တော်မှ အဂ္ဂိရတ်ပညာရှင်က ခေါင်းအသာခါယမ်းရင်း သက်ပြင်းတစ်ချက်သာချလိုက်သည်။
တောက်ပကောင်းကင်မြို့တော်မှ သူများကပို၍ စိတ်သဘောထားပြည့်ဝနေပေသည်။သို့သော်လည်း ပုဖန်ကို ဒေါသမထွက်ဟုပြောလျှင်တော့ သူလိမ်နေသည်သာ ဖြစ်ပေလိမ့်မည်။အကယ်၍ ပုဖန် ချက်ပြုတ်မှု ထွက်လာသော မွှေးရနံ့များ၏ ဆွဲဆောင်မှုကြောင့်သာမဟုတ်လျှင် သူ ဒီတစ်ကြိမ်၌ အဆုံးသတ်သွားလိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူသည်ကလည်း ထိပ်ဆုံး ငါးဆယ်တွင်ဝင်ရောက်နိုင်မည်ဟု ထင်ကြေးပေးခံထားရသော အဂ္ဂိရတ်ပညာရှင်သာဖြစ်သည်။
သို့သော် စိတ်မကောင်းစရာက ဒီကမ္ဘာကြီးပေါ်၌ "တကယ်လို့" ဆိုသည့်ဖြစ်ရပ်မျိုးမရှိပေ။
"ကျရှုံးတယ်...ဒါကလည်း ငါတို့ရဲ့ ကျွမ်းကျင်မှုကလည်း လုံလောက်အောင်မကောင်းမွန်သေးတာကြောင့် ငါတို့ကိုယ်ငါတို့ပဲ အပြစ်တင်နိုင်မယ်...အဂ္ဂိရတ်ပညာရှင်လမ်းကြောင်းကို ကြိုးကြိုးစားနဲ့ ဆက်ပြီးလျှောက်လှမ်းရမယ်..."
အဂ္ဂိရတ်ပညာရှင်အားလုံးလည်း သက်ပြင်းချလိုက်ကြပြီး ပြိုင်ကွင်းစင်ပေါ်မှနေ၍ ဆင်းသွားလိုက်ကြလေသည်။အားလုံးထဲတွင် ဒိုင်လူကြီးက စိတ်အခြေအနေ အဆိုးဝါးဆုံးဖြစ်နေလေသည်။သူ့၏ အဆောင်ပြားကို ပြန်လည်သိမ်းဆည်းလိုက်သည်။သူတို့၏ ခေါင်းဆောင်အကြီးအကဲဆီမှ ဆူပူမှုများ မုန်တိုင်းကဲ့သို့ တိုက်ခိုက်လာတော့မည်ကို သူခံစားမိလေသည်။
ပထမနေ့ကမူ အနည်းဆုံးလေးယောက် ကျော်ဖြတ်နိုင်ခဲ့သေးသည်။သို့သော် ယခုမူ တစ်ယောက်တည်းသာလျှင် ကျော်ဖြတ်နိုင်ခဲ့သည်။ထိုကဲ့သို့သော ကိစ္စမျိုးပဉ္စလက်စုဝေးပွဲတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ဒိုင်လူကြီးမင်းလည်း သူ့ခေါင်းကိုပင် တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ရုတ်တရက် ပုဖန်သူ့ဆီသို့ နောက်တစ်ခေါက်ပြန်ရောက်လာမည်ကို ကြောက်ရွံ့လာမိသည်။ထိုကောင်လေး စင်ပေါ်သို့ တက်နေသမျှ ကာလပတ်လုံး ကောင်းသည့်အရာများ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
"လခွမ်းပဲ သူသာငါဆီတစ်ခေါက်ပြန်ရောက်လာလျှင် ငါဒိုင်လူကြီးအဖြစ်ကနေ နှုတ်ထွက်တော့မယ် သူက တကယ်ကိုပဲ ငါ့ကို နှလုံးရောဂါရအောင်လုပ်နေတာ..."
ဒိုင်လူကြီးမင်း ငိုကြွေးမတက် ဖြစ်နေသည့်အချိန်၌ပင် ကြည့်ရှုသူများကမူ စိတ်လှုပ်ရှားမှုဖြင့် ဆူညံ ပွက်လောရိုက်နေကြလေသည်။အချိန်အတိုအတွင်းမှာပင် ပြိုင်ကွင်းရှစ်၏ စိတ်လှုပ်ရှားစရာကောင်းလှသော သတင်းအသစ်က ပြန့်နှံ့သွားလေပြီ။
ယှဉ်ပြိုင်သူ ငါးဆယ့်တစ်ယောက် ရှိသည့်အနက်မှာ တောက်ပကောင်းကင်မြို့တော်နှင့် ဆေးကောင်းကင်မြို့တော်တို့မှ ပါရမီရှင် အဂ္ဂိရတ်ပညာရှင်များပါမကျန် အားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး တစ်ယောက်တည်းသာလျှင် ဖြတ်ကျော်နိုင်ခဲ့သည်။
ထိုဖြတ်ကျော်နိုင်ခဲ့သည့် ယှဉ်ပြိုင်သူကလည်း အဂ္ဂိရတ်ပညာရှင် ဆေးဆရာ (သို့မဟုတ်) အဆိပ်သခင်ပင်မဟုတ်ပေ။ထိုသူက စားဖိုမှူးတစ်ယောက်သာဖြစ်သည်။
ပဉ္စလက်စုဝေးပွဲတွင် စားဖိုမှူးတစ်ယောက်ပါဝင်လာခဲ့ပြီး ထိုသူက အားလုံးကို ဖြတ်ကျော်၍ ရပ်တည်နိုင်ခဲ့လေသည်။
"သူနဲ့အတူ ယှဉ်ပြိုင်တဲ့ အဂ္ဂိရတ်ပညာရှင်တွေက သုံးမရတဲ့သူတွေလား..."
ထိုသတင်းပြန့်နှံ့သွားသည်နှင့် ကြည့်ရှုသူများအားလုံးက စိတ်လှုပ်ရှားအံ့အားသင့်သွားကြသည်။ပြိုင်ပွဲတွင် ပေါ်လာသော ဖျက်မြင်း တစ်ကောင်က ပရိတ်သတ်ကို ဆွဲဆောင်နိုင်မြဲပင်ဖြစ်သည်။
တခြားသူများနှင့် ကွဲပြားခြားနားစွာပင် အဂ္ဂိရတ်ပညာရှင်များအားလုံးက ပုဖန်ကို ဆန့်ကျင်သည့်ဘက်၌သာ အခိုင်အမာ ရပ်တည်လိုက်ကြသည်။မည်သို့ပင်ဆိုစေ သူတို့အားလုံးက အဂ္ဂိရတ်ပညာရှင်များဖြစ်လေရာ အဂ္ဂိရတ်ပညာရှင်များ၏ ဂုဏ်သတင်းကို ကာကွယ်ရပေမည်။
ထိုစားဖိုမှူးက သူတို့အဂ္ဂိရတ်ပညာရှင်များအားလုံး၏ ဘုံရန်သူပင်ဖြစ်သည်။
အဂ္ဂိရတ်ပညာရှင်များက ပုဖန်ကို ဒေါသထွက်နေကြသော်လည်း တကယ်တမ်းအများဆုံးခံစားရသည်မှာ ဒိုင်လူကြီးမင်းသာဖြစ်သည်။သူမျှော်လင့်ထားသည့်အတိုင်းပင် အကြီးအကဲချုပ်က သူ့ကိုဆူပူသောင်းကျန်းသွားလေရာ သူမကျေမနပ်နှင့် ဆို့နစ်ကျန်ခဲ့ရလေသည်။
အထူးသဖြင့် မြောက်များလှစွာသော တိုင်ကြားချက်များကို လက်ခံခဲ့ရသောကြောင့် ဒိုင်လူကြီးမင်းအဖြစ်မှ ဆိုင်းငံ့ခံထားလိုက်ရလေသည်။
ဘယ်လောက်တောင်သနားစရာကောင်းလိုက်လဲ
သူက ဘက်လိုက်မှုကင်းပြီး အပြစ်ကင်းသောကြောင့် အမှန်တကယ်ကို နစ်နာလှပေသည်။
သို့သော်လည်း သူအကြောင်းအရာတစ်ချို့ကို တွေးတောလိုက်ပြီးနောက် စိတ်သက်သာရာရသွားလေသည်။အကယ်၍သူသာ ဒိုင်လူကြီးအဖြစ်မှ ရပ်ဆိုင်းခြင်းမခံရပါက ထိုဆိုင်းဘုတ်သယ်ဆောင်ထားသော စားဖိုမှူးပုဖန်က သူ့ဆီသို့ နောက်တစ်ခေါက်ရောက်လာနိုင်ပေသေးသည်။
......
"ငါတို့ရဲ့ စီနီယာ အကိုလျှိုက ပြိုင်ပွဲက ထွက်လိုက်ရပြီ...ဟုတ်လား..."
ကြားလိုက်ရသော သတင်းကြောင့် သွမ့်ယင်၏ မျက်ဝန်းများ ပြူးကျယ်သွားလေသည်။ဆေးကောင်းကင်မြို့တော်၏ ဆေးအဆောက်အဦးတွင် ထိပ်ဆုံးငါးဆယ်ထဲ ပါဝင်သော ပါရမီရှင်တစ်ယောက်က စကာတင်ရွေးချယ် ပွဲ၌ပင် ထွက်လိုက်ရလေသည်။ထိုသတင်းက သူ့ကို တကယ်ရှော့ရသွားစေသည်။
ကောင်းကင်ဆေးမြို့တော်၏ စစ်သင်္ဘောထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသော စီနီယာ အကိုလျှိုက တွေဝေငေးမောနေပုံရလေသည်။ပဉ္စလက်စုဝေးပွဲက အဂ္ဂိရတ်ပညာရှင်များအတွက် သူတို့ကိုယ်သူတို့ သက်သေပြခွင့် ရသော ပွဲတစ်ခုပင်ဖြစ်သည်။
ထိုပြိုင်ပွဲက သူတို့အဂ္ဂိရတ်ပညာရှင်များအတွက် အလွန်ပင်အရေးကြီးသည်။လူအများကို အံ့အားသင့်သွားစေသည့် ကျွမ်းကျင်မှုများကို ပြသရန်အတွက် အကြိမ်ပေါင်းမရေတွက်နိုင်အောင် ပြင်ဆင်ထားခဲ့ရသည်။
စီနီယာအကိုလျှိုက သူ့၏ အစစ်အမှန်ကျွမ်းကျင်မှုများကို ထုတ်မပြရသေးခင်မှာပင် ကျရှုံးခဲ့လေသည်။ထိုအရာက သူ့ကို တကယ်ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ခြင်းပင်ဖြစ်သည်။
"ပြောကြတာတော့ စီနီယာအကိုလျှိုပါဝင်တဲ့ ပြိုင်ပွဲမှာ လူငါးဆယ်လုံး ကျရှုံးခဲ့ပြီး တစ်ယောက်တည်းပဲ ဖြတ်ကျော်နိုင်ခဲ့တယ်တဲ့ ပြီးတော့ အဲ့ဒီတစ်ယောက်ကလည်း အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူး..."
ကောင်းကင်ဆေးမြို့တော်မှ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချ၍ ဝင်ပြောလိုက်သည်။ထိုစကားကြောင့် သွမ့်ယင် အံ့အားသင့်သွားသည်။ကြည့်ရသည်မှာ ထ်ိုပြိုင်ပွဲက အလွန်ခက်ခဲပုံပေါ်လေသည်။ပြိုင်ပွဲဝင် ငါးဆယ့်တစ်ယောက်အနက် တစ်ယောက်သာလျှင် ဖြတ်ကျော်နိုင်ခဲ့သည်။
"ဘယ်လိုလုပ်ပြီးများ ဒီလိုဖြစ်ရတာလဲ..."
သူပာဝင်သော ပြိုင်ကွင်း၌ ပြိုင်ပွဲဝင်ငါးဆယ်ထဲမှ ၁၅ယောက်က ဖြတ်ကျော်နိုင်ခဲ့ပြီး အကြိုပြိုင်ပွဲသို့ တက်ရောက်သွားနိုင်ခဲ့သည်။
"ငါတို့ရဲ့ စီနီယာအကိုလျှိုကို အနိုင်ယူလိုက်တဲ့သူက စားဖိုမှူးတစ်ယောက်ဖြစ်တယ်ဆိုတာ ငါသိလိုက်ရတုန်းက ဘယ်လောက်တောင်အံ့အားသင့်သွားလဲဆိုတာမင်းသိလား..."
"စားဖိုမှူး..."
သူ့စကားများကြောင့် သွမ့်ယွင်ထပ်မံ အံ့အားသင့်သွားသည်။
"စားဖိုမှူးတစ်ယောက်ကလည်း ပဉ္စလက်စုဝေးပွဲမှာ ပါဝင်နိုင်တာလား..."
"ဟုတ်တယ် စားဖိုမှူးတစ်ယောက်။ အဲ့ဒီစားဖိုမှူးက အရမ်းမွှေးကြိုင်တဲ့ ဟင်းတစ်ခွက်ကို ချက်ပြုတ်လိုက်ပြီးတော့ တခြားသူတွေ သူတို့ဆေးလုံးသန့်စင်တဲ့နေရာမှာ အာရုံမစိုက်နိုင်အောင်လို့ နှောင့်ယှက်ခဲ့တယ်...လူပေါင်း လေးဆယ်ကျော်က သူတို့ရဲ့ ဆေးမီးဖိုတွေကို ဖောက်ကွဲပစ်ခဲ့တယ်လို့ပြောကြတယ်...အဲ့ဒီစားဖိုမှူးက တကယ့်ကို ရူးသွပ်နေတာပဲ..."
ထိုအဂ္ဂိရတ်ပညာရှင်က အံ့အားသင့်နေသည့် လေသံဖြင့် ရှင်းပြပြောဆိုလိုက်သည်။ထိုသတင်းစကားများက ယုံဖို့ရန်ပင် ခက်ခဲလွန်းလှသောကြောင့် သွမ့်ယင် အသက်ပြင်းပြင်းပင်ရှိုက်လိုက်မိသည်။
"ထိုစားဖိုမှူးက အဂ္ဂိရတ်ပညာရှင်တိုင်းကို စိန်ခေါ်ဖို့ ကြိုးစားနေတာလား..."
"အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်... သူဘာလို့ အဲ့ဒီလောက်သောင်းကျန်းနေမှာလဲ..."
"ဂျူနီယာညီလေးသွမ့်ယင် ငါမင်းကို အရေးကြီးတာပြောဖို့ကျန်သေးတယ် ...အဲ့ဒီစားဖိုမှူး ချက်တဲ့ဟင်းပွဲတိုင်းကလည်း အဆင့်၉ သက်စောင့်ဆေးလုံးနဲ့ ယှဉ်နိုင်တယ်...ဒါကြောင့်မလို့လည်း သူတို့ ပြိုင်ပွဲကို ဖြတ်ကျော်ခွင့်ပေးလိုက်ရတာ...အဲ့ဒါက မယုံနိုင်စရာအကောင်းဆုံးပဲ...အဲ့ဒီလိုမျိုးသက်ရောက်မှုရှိတဲ့ ဟင်းပွဲပေါ်လာတာက အဂ္ဂိရတ်ပညာရှင်တွေရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့ မင်းမထင်ဘူးလား..."
ထိုသတင်းစကားကြား သောအခါ သူ့ခန္ဓာကိုယ်ပင် တုန်ရီလာသည်ဟု ခံစားမိလာသောကြောင့် သွမ့်ယင် အသက်ပြင်းပြင်းတစ်ချက် ထပ်မံရှူရှိုက်လိုက်မိသည်။
နေပါဦး...သက်စောင့်ဆေးနဲ့တောင် အကျိူးသက်ရောက်မှု တူတဲ့ ဟင်းပွဲတစ်ပွဲ အဲ့ဒါက သူနဲ့ ရင်းနီးနေတယ်လို့ ခံစားရတယ်...
ရုတ်တရက် တောင်ပိုင်းနယ်စပ်နယ်မြေ၊ သေးငယ်သော နိုင်ငံလေးတစ်ခုအတွင်းမှ သေးငယ်သော စားသောက်ဆိုင်လေးတစ်ဆ်ိုင်ကို သူသတိရသွားမိသည်။ထိုစားသောက်ဆိုင်ငယ်လေးက တကယ့်က်ို ဝေးကွားလှသော နေရာတွင်တည်ရှိသော်လည်း အလွန်အဖိုးတန်ဆဲပင် ဖြစ်သည်။
ထိုစားသောက်ဆိုင်မှ ဟင်းပွဲများက သက်စောင့်ဆေးနှင့် တူညီလှသည်။ထိုဟင်းပွဲကို စားလိုက်ရာမှ ရရှိသော အကျိုးကျေးဇူးများက သက်စာင့်ဆေးများထက် အားနည်းလိမ့်မည်မဟုတ်ပေ။
အခုပြိုင်ပွဲဝင်နေတာက ပိုင်ရှင်ပုရဲ့ ဂျူနီဟာညီလေး ဒါမှမဟုတ်ရင် စီနီယာအကိုများဖြစ်နေမလား...လခွမ်း သေပါတော့...
ထိုသို့သာဆိုလျှင် သူ့ကိုစောင့်ကြိုနေသည်က ခက်ခဲသည့် ခါးသီးမှုများပြည့်နေသည့် ပြိုင်ပွဲတစ်ခုသာဖြစ်ပေလိမ့်မည်။လှုပ်ရှားမှုများမရှိပါပဲ သွမ့်ယင်၏ ခန္ဓာကိုယ်က တုန်ယင်နေလေသည်။ပိုင်ရှင်ပု၏ ကျွမ်းကျင်မှုက မည်မျှပင် အားကောင်းလှကြောင်း သူနက်နက်နဲနဲနားလည်ထားပေသည်။
"စီနီယာအကို အဲ့ဒီစားဖိုမှူးရဲ့ နောက်တစ်ပွဲက ဘယ်ခ်ျိန်ကျင်းပမှာလဲဆိုတာ သိလား ငါသွားကြည့်ချင်တယ်..."
သွမ့်ယင်၏ မေးခွန်းကြောင့် စီနီယာအကိုက အံ့အားသင့်သွားသော်လည်း သူခေါင်းခါ၍ အတွေးရှင်းလိုက်ပြီး ဆက်ပြောလိုက်သည်။
"အဲ့ဒီစားဖိုမှူး ပါဝင်တဲ့ ပွဲတိုင်းက အရမ်းလူစည်ကားပြီး ဆူညံပွက်လောရိုက်လွန်းတယ်...နောက်ထပ်ပွဲကို ပြိုင်ကွင်း ငါး နေရာမှာ ကျင်းပလိမ့်မယ်ထင်တယ်...ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင်အဆက်အသွယ်တွေကနေ ရထားတဲ့ သတင်းအရတော့ အဲ့ဒီပွဲကို ဒိုင်လူကြီးချုပ် ကိုယ်တိုင် ကြီးကြပ်လိမ့်မယ်..."
"ပြိုင်ကွင်းငါးလား..."
ထိုစကားကြောင့် သွမ့်ယင်ပို၍ပင် ထိတ်လန့်သွားပြီး သူ့အမူအရာက ရုပ်ဆိုးသွားလေသည်။
"စီနီယာအကိုကျန်း မင်းကလည်း ပြိုင်ကွင်းငါးမှာ ပြိုင်ရမှာမဟုတ်ဘူးလား..."
သွမ့်ယင်စကားကြောင့် သူရှေ့မှလူထံမှ အသံတိုးသဲ့သဲ့ထွက်ပေါ်လာလေသည်။
"အမ်...ငါကလည်း ပြိုင်ကွင်းငါးမှာ ပြိုင်ရမှာလား...လခွမ်း ငါကအဲ့ဒီစားဖိုမှူးရဲ့ ပြိုင်ကွင်းနေရာကို ခန့်မှန်းနေတာနဲ့ပဲ ငါရဲ့ပြိုင်ပွဲနေရာကို စစ်ဆေးဖို့မေ့နေတယ်..."
ထိုလူငယ်၏ မျက်နာက ဖြူဖျော့သွားပြီး သူ အပြင်ဘက်သို့ ချာခနဲလှည့်ထွက်သွားလေသည်။
ခဏအကြာ၌ တစ်စုံတစ်ယောက်၏ စိတ်ပျက်မှုအပြည့်ဖြင့် အော်လ်ိုက်သော အသံကျယ်ကျယ်ကို သွမ့်ယင်ကြားလိုက်ရလေသည်။
"သောက်ကျိုးနဲ သေလိုက်ပါတော့..."
......
ပြိုင်ကွင်း ငါး။
စကာတင် ရွေးချယ်မှု ဒုတိယအကြိမ်။
အချိန်လေးနာရီက လျှင်မြန်စွာပင် ကုန်ဆုံးသွားလေသည်။
ပုဖန် တိမ်ခိုးစားသောက်ဆိုင် ဆိုင်းဘုတ်ကိုကိုင်၍ ပြိုင်ကွင်း ငါးရှေ့သို့ ရောက်လာခဲ့သည်။
ပြိုင်ကွင်းငါး နေရာ၌ ပြည့်ကျပ်နေသော လူအုပ်ကြီးကိုကြည့်၍ သူအံ့အားသင့်သွားမိသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
သူဘေးနားမှ လိုက်ပါလာသော နယ်သာရီကလည်း ထိုလူအုပ်ကြီးကို အေးစက်စွာကြည့်နေလေသည်။သူမက ပုဖန်၏ လက်ရှိအကျပ်အတည်းကို နားလည်ပုံပေါ်လေသည်။သူခြေဗလာဖြင့်ပင် အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ပုဖန်ရှေ့ရပ်ကာ သွယ်လျသော လက်ကလေးကို မြှောက်လိုက်သည်။
"လမ်းဖယ်ပေး..."
အေးစက်လှသောအသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူ့လက်မှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာသည်။လူပင်လယ်ကြီးကို အတင်းအကျပ်ဖိအားပေးရင်း လမ်းကြောင်းတစ်ကြောင်း ပြုလုပ်လိုက်သောကြောင့် တွန်းတိုက်သံများပင် ထွက်ပေါ်လာသည်။
လူအုပ်ကြီးက တစ်ဖက်တစ်ချက်ဆီသို့ လဲပြိုကျကုန်လေ၏။ထိုမြင်ကွင်းကြောင့် ပုဖန်၏ နှုတ်ခမ်းများတွန့်ရှုံ့သွားလေသည်။နယ်သာရီက တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိလှပေသည်။
သူမက ပုဖန်ကို ဂုဏ်ယူမှုအပြည့်ဖြင့် ကြည့်လိုက်၏။
ပွဲကြည့်နေသူများအားလုံးက ထုံထိုင်းမူးဝေနေသောကြောင့် ပြိုင်ကွင်းဆီသို့ ဖြေးညှင်းစွာလျှောက်သွားသော ပုဖန်ကို ကြောင်အမ်းအမ်းဖြင့်သာ ကြည့်နေကြသည်။
အေးစက်ပြီး တသီးတခြားဆန်လှသော နတ်ဘုရားမလေးက ပြိုင်ကွင်း၏ ဘေးနားတွင်ရပ်နေလေသည်။သို့သော်လည်း သူမဆီမှ ကြောက်စရာကောင်းလှသော အငွေ့အသက်များကို ထုတ်လွင့်နေသောကြောင့် သူမနှင့် မီတာအနည်းငယ်အတွင်းသို့မည်သူမှ ဝင်မလာရဲပေ။
ပုဖန်က သူ့၏ စင်မြင့်ထက်သို့ လျှောက်သွားပြီးနောက် သယ်ဆောင်လာသော ဆိုင်းဘုတ်ကို နေရာချလိုက်သည်။ထို့နောက် ပုံမှန်အတိုင်း မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်၍တင်လိုက်ရာ စင်ပင်အနည်းငယ် လှုပ်ခါသွားလေသည်။
ထို့နောက် တခြားပြိုင်ပွဲဝင်များလည်းစင်ပေါ်သို့ ရောက်ရှိလာကြသည်။
ယခုပုဖန်၏ ပုံရိပ်က ယခင်ကနှင့် မတူတော့ပေ။သူရောက်ခါစကလို လူမသိသည့် အခြေအနေမဟုတ်တော့ပေ။
အဂ္ဂိရတ်ပညာရှင်များက ပုဖန်နှင့် တူတူယှဉ်ပြိုင်ရမည်ကို တွေ့လိုက်ရသောအခါ၌ သောင်းချီသော ခွေးအုပ်ကြီးထဲသို့ ကျရောက်သွားသလို သူတို့၏ နှလုံးသားများ လေးလံသွားလေသည်။
ကောင်းကင်ဆေးမြို့တော်မှ စီနီယာအကိုကျန်း၏ မျက်နာက ဇီးရွက်တမျှ သေးငယ်ပြီး သေမတတ်ဖြူဖျော့နေပေသည်။
"မကြာခင်စတော့မယ်...ဒီတစ်ကြိမ်ကော လူဘယ်လောက်များများ ထွက်သွားရမလဲဆိုတာငါသိချင်လာပြီ..."
"ဒီပဉ္စလက်စုဝေးပွဲမှာ အဲ့ဒီစားဖိုမှူးနဲ့ ပြိုင်ကွင်းတစ်ခုတည်းကျတဲ့လူတွေက တကယ့်ကို သနားစ ရာအကောင်းဆုံးအခြေအနေဖြစ်နေပြီ..."
"ငါကတော့ အဲ့ဒီစားဖိုမှူးထိပ်ဆုံးငါးဆယ်ထဲပါပြီး တကယ့်ပါရမီကောင်းမွန်တဲ့ အဂ္ဂိရတ်ပညာရှင်တွေနဲ့ ယှဉ်ပြိုင်မယ့်အချိန်ကို မျှော်လင့်နေမယ်...အဲ့ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ မင်းတို့ကော မထင်ဘူးလား..."
ကြည့်ရှုသူများကြား၌ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေသည့်အချိန်၌ အဂ္ဂိရတ်ပညာရှင်များကမူ စိတ်များတင်းကျပ်နေကြသည်။သို့သော်လည်း သူတို့ အနည်းငယ်မျှပင် မဖြေလျှော့ရဲကြပေ။
ထိုအချိန်၌ ဒိုင်လူကြီး အကြီးအကဲ ရောက်လာလေသည်။ထိုသူက ဂုဏ်သရေရှိလှသော မြူကောင်းကင်မြို့ ဆေးလုံးအဆောက်အဦးမှ တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။
သူ့၏ အမူအရာက တည်ကြည်လေးနက်လှသည်။သူ လက်နှစ်ဖက်နောက်ပစ်၍ ပြိုင်ကွင်းထဲ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဓားကဲ့သို့ စူးရှထက်မြက်လှသောအကြည့်များက ပုဖန်ဆီသို့ ကျရောက်လာသည်။
ဒီကောင်လေးက ပြိုင်ဘက်အများအပြားကို ဖယ်ရှားပစ်ခဲ့တယ်ဆိုတဲ့ စားဖိုမှူးလား...
ယခုထိုကောင်လေး မည်သည့်လှည့်ကွက်မျိုးသုံးမလဲဟု သူသိချင်နေပေသည်။သူ့ရှေ့၌ ထိုကဲ့သို့ အပေါစားလှည့်ကွက်မျိုးကို သုံးရဲသူ မည်သူမှမရှိပေ။
ပုဖန် ထိုဒိုင်လူကြီး၏ အကြည့်များကို ခံစားမိပုံဖြင့် ခေါင်းမော့ကြည့်လိုက်ရာ စူးရှပြင်းထန်သည့် အကြည့်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။နှုတ်ခမ်းတွန့်ရုံမဲ့လိုက်ပြီးနောက် မျက်လုံးလှည့်လိုက်မိသည်။
သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်၍ ကစားလိုက်ပြီး စဉ့်နှီးတုံးပေါ်သို့ စ်ိုက်ချလိုက်သည်။
ထို့နောက် လူအများအပြား၏ အကြည့်များအောက်မှာပင် သူ့၏ သိုလှောင်နယ်မြေထဲမှ ကြီးမားလှသောဂဏာန်းတစ်ကောင်ကို ထုတ်ယူလိုက်သည်။
ဂဏာန်းကြီးကို ကြိုးများဖြင့် ချည်နှောင်ထား၏။ဂဏာန်း၏ ပါးစပ်မှလည်း အမြှုပ်များ တစီစီထွက်နေတုန်းဖြစ်၏။ထိုအခြေအနေကြောင့် အားလုံး အံ့အားသင့်သွားကြပြန်သည်။
"ဘာလဲဟ ...ဒီစားဖိုမှူးက ဟင်းပွဲအသစ်ချက်ဦးမှာလား..."