အပိုင်း ၄၉၇
Viewers 53k

အခန်း ၄၉၇

အော့ကြောလန်စားဖိုမှူး...


"ဂဏာန်းတစ်ကောင်"


" ဂဏာန်းအကြီးကြီးလား..."


ဒိုင်လူကြီးပင် အနည်းငယ် အံ့အားသင့်သွားမိသည်။အကယ်၍ သူသာမမှားလျှင် ထိုဂဏာန်းက အဆင့် ၈ ရေဝိညာဉ်သားရဲပင် ဖြစ်ပေလိမ့်မည်။ထိုအဆင့် ၈ ရေဝိညာဉ်သားရဲက အဆုံးမဲ့ပင်လယ်တွင် နေထိုင်ခြင်းဖြစ်သည်။ထိုသတ္တဝါမျိုးကို ကုန်းပေါ်တွင် တွေ့ရခဲလေသည်။


အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေဖြင့် သူသည်လည်း ထိုရေဝိညာဉ်သားရဲကို ယခင်က မြင်ခဲ့ဖူးလေသည်။သို့သော်လည်း သူ ရှေးဟောင်းမှတ်တမ်းများထဲ၌ မြင်ခဲ့ဖူးခြင်းသာဖြစ်သည်။


ထိုဂဏာန်း၏ ဥများကို ဆေးဖော်စပ်ရာတွင်သုံးနိုင်သည်။ထို့အပြင် အမျိုးသမီး ကျင့်ကြံသူများက သူမတို့၏ အသားအရည် ချောမွေ့နူးညံ့စေဖို့အတွက်လည်း အသုံးပြကြသည်။ပုဖန်က ထိုမျှလောက်ကြီးမားသည့်ဂဏာန်းနှင့် ဘာလုပ်ဖို့ စီစဉ်နေသနည်း။


"သူ တကယ်ပဲ ချက်ပြုတ်ဖို့ စဉ်းစားနေတာလား..."


စင်ပေါ်ရှိ အဂ္ဂိရတ်ပညာရှင်များက သူတို့၏ ရန်သူနှင့်ရင်ဆိုင်နေရသကဲ့သို့ ပြုမူနေပေသည်။သူတို့က ပုဖန် နောက်ထပ်ဘာလုပ်မည်ကို မသိကြပေ။သို့သော်လည်း တိုက်ပွဲတစ်ရာအတွင်း သင်ကိုယ်တိုင်နှင့်သင့်ရန်သူကို သိအောင်လုပ်ပါဆိုသည့် ဆိုရာစကားရှိသည့်အတိုင်း ပုဖန်၏ အရင်အပြုမူများမှနေ၍ သင်ယူလေ့လာနေကြသည်။


ပထမဦးဆုံး ပြိုင်ပွဲတွင် အလွန်ဆိုးရွားသော အရာတစ်ခုကို ဖန်တီးခဲ့သောကြောင့် လူဒါဇင်ခန့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။သို့သော်လည်း ပုဖန်ကမူ ထိုပွဲကို အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခဲ့သည်။


ဒုတိယပြိုင်ပွဲတွင်မူ ထိုသူက မည်သည့်အနံ့ဆိုးသည့် ဟင်းပွဲကိုမှ ပြုလုပ်ခြင်းမရှိပဲ ဆန့်ကျင်ဘက် အလွန်ချိုမြသော ရနံ့ရှိသည့် ကမာနှလုံးသားပန်ကိတ်ကို ပြုလုပ်ခဲ့သည်။သို့သော်လည်းပဲ ထိုဟင်းပွဲကလည်း အဂ္ဂိရတ်ပညာရှင်အများအပြားကို ကျရှုံးသွားစေခဲ့သည်။


ထိုပွဲ၌ ကောင်းကင်ဆေးမြို့တော်မှ ပါရမီရှိလွန်းသော ပါရမီရှင်အဂ္ဂိရတ်ပညာရှင်များပါ ကျရှုံးခဲ့ရသည်။သို့သော်လည်း ပုဖန်ကတော့ ကျော်ဖြတ်သွားနိုင်ပေခဲ့သည်။ယခုနောက်ထပ် မည်သည့်အရာမျိုးပြုလုပ်မည်ကို ဘုရားမှသာသိပေလိမ့်မည်။


ဒိုင်လူကြီး၏ အကြည့်များက စူးရှထက်မြက်သော အကြည့်များဖြင့် ပြောင်းလဲသွားပြီး ပုဖန်ကို စိုက်ကြည့်နေလေသည်။ထို ကောင်လေးက အဘယ့်ကြောင့် အမြဲတမ်း ပြဿနာပြုလုပ်နေရသလဲဟု သူစဉ်းစားနေရမိသည်။


"ဒီဒုတိယတစ်ကြိမ် စကာတင်ရွေးချယ်ပွဲကလည်း ပထမတစ်ကြိမ်လိုပဲ ခက်လိမ့်မယ်...ဒီတစ်ကြိမ်မှာတော့ မင်းတို့ နာရီဝက်အတွင်း အဆင့် ၉ သက်စောင့်ဆေးလုံးနဲ့ အာနိသင်တူတဲ့ တစ်စုံတစ်ရာကို ပြုလုပ်ရမယ်...ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ငါတို့မှာ သတ်မှတ်ချက်လေးတစ်ခုရှိတယ် ပထမဦးဆုံး ပြီးတဲ့ ၁၀ယောက်ပဲ ပြိုင်ပွဲကို ဖြတ်ကျော်ခွင့်ရပြီး ကျန်တဲ့လူတွေအားလုံးက အလိုအလျောက်ကျဆုံးတယ်..."


ဒိုင်လူကြီးမင်းက အေးစက်တည်ငြိမ်လှသော အသံဖြင့် ပြိုင်ပွဲစည်းမျဉ်းများကို ကြော်ငြာလိုက်သည်။သို့သော်လည်း သူကြေငြာပြီးသည်နှင့် တစ်ပြိုင်နက် သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် လူအများကြားထဲမှ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုသံနှင့် ခပ်တိုးတိုးကြိတ်ရယ်သံလေးများထွက်ပေါ်လာသည်။


"ပြီးမြောက်နိုင်တဲ့လူက ၁၀ ယောက်ထက်နည်းရင်ကောဘယ်လိုလုပ်မလဲ..."


"ငါထင်တယ် အဲ့ဒီဒိုင်လူကြီး ရူးသွားလိမ့်မယ်..."


"ဒီစားဖိုမှူးရဲ့ လွှမ်းမိုးမှုက ဘယ်လိုလဲဆိုတာကို ဒီဒိုင်လူကြီး မကြာခင်သိသွားလိမ့်မယ်..."


ထိုသူများ၏ တီးတိုးပြောစကားများကြောင့် ဒိုင်လူကြီးချုပ်၏ မျက်နာက မဲမှောင်သွားလေသည်။ဒီပွဲကြည့်သူများက သူတစ်ပါး၏ ကံမကောင်းမှုများကို ဘာကြောင့်ကျေနပ်ပျော်ရွှင်နေသလဲဟု သိချင်လာမိသည်။


"ဟေ့ ... ဒီဟာက လုံးဝ အလေးအနက် ပြိုင်ပွဲတစ်ခုမှန်းသိကြသေးရဲ့လား...တိတ်တိတ်နေကြ...အခု ငါ ငါပြောထားတဲ့ စည်းကမ်းတွေကို မှတ်မိကြလား...အခုပဲ ဒုတိယအကြိမ် စကာတင်ရွေးချယ်ပွဲစတင်ပြီ..."


ပရိတ်သတ်များအတွင်း၌ တာဝန်မှ ယာယီရပ်ဆိုင်းထားခြင်းခံရသော ဒိုင်လူကြီးမင်းလည်းရှိနေပေသည်။သူက မျက်လုံးကိုကျယ်ကျယ်ဖွင့်၍ ပွဲကိုကြည့်နေလေသည်။သူတာဝန်မှ ရပ်ဆိုင်းထားခံခဲ့ရသော်လည်း ဝမ်းနည်းရမည့်အစား စိတ်သက်သာရာရနေပေသည်။ထိုအစား သူက ပုဖန် ယခုပွဲ၌ ဘာများဖန်တီးပြုလုပ်မည်ကိုသာ ကြည့်နေမိသည်။


ဂဏာန်းတစ်ကောင် သူက တကယ်ပဲ ဂဏာန်းချက်မှာလား...တကယ်လို့ သူ ဂဏာန်းပဲချက်မှာဆိုရင် တခြားပြိုင်ပွဲဝင်တွေအပေါ်ကိုတော့ သက်ရောက်မှုမရှိသင့်ဘူး ဟုတ်တယ်မဟုတ်လား...


ဒိုင်လူကြီးချုပ်က ပြိုင်ပွဲစတင်ကြောင်းကြေငြာပြီးသည်နှင့်တစ်ပြိုင်နက် စင်ပေါ်၌ စတင်၍ လှုပ်ရှားမှုများရှိလာပြီး မကြာခင်မှာပင် အရောင်အမျိုးမျိုးကွဲပြားသော မီးတောက်များပေါ်လာလေသည်။


ဒီတစ်ကြိမ်၌ ပုဖန်၌လည်း မြင့်မားသည့် ဂုဏ်သတင်းရှိနေပေသည်။ထို့ကြောင့် သူ့၏ ယှဉ်ပြိုင်မှုက လူအများစု၏ အာရုံများကို စုစည်းထားနိုင်ပေသည်။


ဟုန်...ဟုန်...ဟုန်...


အမျိုးမျိုးသော မီးတောက်များ တောက်ပလင်းလက်လာသည်နှင့် စင်ပေါ်ရှိအပူချိန်ကလည်း တိုးမြင့်လာသည်။အများစုက အဂ္ဂိရတ်ပညာရှင်များပင်ဖြစ်ကြသည်။ယခုပြိုင်ပွဲ၌ ဆေးဆရာနှင့် အဆိပ်သခင်များကို မြင်ရသည်မှာ ရှားပါးလှသည်။စင်ပေါ်၌ ပုဖန်သည်သာလျှင် အဂ္ဂိရတ်ပညာရှင်မဟုတ်သော တစ်ယောက်တည်းသော သူသာဖြစ်သည်။


သို့သော်လည်း လူတိုင်းက သူ့လို အခြေအနေကောင်းနေခြင်းတော့မဟုတ်ပေ။သူသည်သာ ပဉ္စလက်စုဝေးပွဲပြိုင်ပွဲတွင် အကြီးမားဆုံး ဖျက်မြင်းတစ်ကောင် ဖြစ်လာခြင်းဖြစ်သည်။


ကြည့်ရှုနေသူ ပရိတ်သတ်များထဲမှ လူတစ်ချို့က ပုဖန် အကြိုယှဉ်ပြိုင်ပွဲသို့ တက်ရန် အခွင့်အရေးများစွာရှိသည်ဟု တွေးမိကြသည်။အနည်းဆုံးတော့ သူ ထိပ်ဆုံးတစ်ရာတည်းတွင် ပါဝင်နိုင်ပေမည်။


ယခုအချိန်တွင် ပုဖန်က သူ့၏ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မထုတ်ယူပဲနှင့် ဂဏာန်းကြီးကိုသာ စိုက်ကြည့်နေလေသည်။ထိုဂဏာန်းက သမုဒ္ဒရာမျိုးစိတ်တစ်မျိုးဖြစ်ပြီး သူ မဟာမြွေလူသားမြို့တော်ကို သွားသည့်ခရီး၌ ဖမ်းခဲ့ခြင်းဖြစ်သည်။


ထိုအချိန်က ပေါ်ထွက်လာသော အဏ္ဏဝါမျိုးစိတ်မျိုးစုံက မဟာမြွေလူသားမြို့တော်အတွက် အိပ်မက်ဆိုးဖြစ်သော်လည်း ပုဖန်အတွက်မူ ရှားပါးလှသော တန်ဖိုးကြီး ပစ္စည်းများပင်ဖြစ်သည်။ပုဖန်က အခုတစ်ကြိမ်၌ ဒီဂဏာန်းကို ရွေးချယ်ရန် စီစဉ်ထားလိုက်သည်။


ပထမအကြိမ်၌ သူအလွန်မွှေးပျံ့လှသော ကမာနှလုံးသားပန်ကိတ်ကို ပြုလုပ်ခဲ့ပြီးပြီဖြစ်လေရာ ဆိုင်၏ ကျော်ကြားမှုက လမ်းကြောင်းပွင့်သွားပေပြီ။ဒီတစ်ကြိမ်၌လည်း မွှေးရနံ့ကိုသာ အခြေထား၍ ပြုလုပ်ရပေမည်။


ဂဏာန်းကိုချက်ပြုတ်လိုက်လျှင် ကောင်းမွန်သည့် မွှေးရနံ့ရှ်ိလားလ်ို့ မေးလာခဲ့လျှင် အဖြေက ဟုတ်ပါသည်ဟုသာ ဖြေရပေမည်။ပန်းဂဏာန်းကြော်က တကယ့်ကို မွှေးပျံ့ လှသည်။


အဆင့် ၈ သားရဲ ပန်းဂဏာန်းကြော်မှ မမွှေးလျှင် မည်သည့် ဟင်းပွဲက မွှေးပျံ့နိုင်ပါတော့မည်နည်း။ အဆင့်၈ ဂဏာန်းက သာမန်ဂဏာန်းများထက် ပို၍ အနံ့အရသာပြည့်စုံလှပေသည်။


ပုဖန်လက်မှ အစိမ်းရောင်အခိုးအငွေ့များ ပေါ်လာပြီးနောက် ထွက်ပေါ်လာသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် လေထုထဲသို့ တစ်ချက်နှစ်ချက်ဝှေ့ယမ်းလိုက်ပြီး အောက်သို့ လွှဲခုတ်ချကာ ဂဏာန်းကြီးကိုချည်ထားသော ကြိုးများကို ဖြတ်တောက်လိုက်သည်။


ရွှစ်...ရွှစ်...


ကြိုးများပြတ်တောက်သွားပြီး မကြာခင်မှာပင် အမြှုပ်များတစီစီထွက်နေသော ဂဏာန်းကြီးက ရုတ်တရက် ပြန်လည်လှုပ်ရှားလာလေသည်။ခြေချောင်းရှစ်ချောင်း၌ အကြီးမားဆုံးဖြစ်သော လက်မကြီးနှစ်ချောင်းက ပုံမှန်အတိုင်း တက်တက်ကြွကြွ ပြန်လည်လှုပ်ရှားနေလေသည်။


ဒင်...ဒေါင်...ဒင်...ဒေါင်...


ဂဏာန်းလက်နှင့် စင်မြင့်တို့ထိခတ်ရာမှ ထွက်ပေါ်လာသော အသံက ပရိတ်သတ်၏ အာရုံကို ပို၍ ဆွဲဆောင်ထားပေသည်။မြူကောင်းကင်မြို့တွင် နေထိုင်ကြသော သူများက ထိုကဲ့သို့ ကြီးမားလှသော အဏ္ဏဝါမျိုးစိတ်ဂဏာန်းကို တခါမှ မမြင်ခဲ့ဖူးကြပေ။


စိတ်လှုပ်ရှားဆူညံစွာဖြင့်ပင် ထိုလှုပ်ရှားနေသော ဂဏာန်းလက်မများကို အံ့အားတသင့်ကြည့်နေကြသည်။ပြိုင်ပွဲဝင်နေကြသော အဂ္ဂိရတ်ပညာရှင်များပင်လျှင် မတော်တဆ လှည့်ကြည့်လိုက်မိကြသည်။ဧရာမ ဂဏာန်းကြီးကို တွေ့လိုက်သောအခါ၌ သူတို့ ကူကယ်ရာမဲ့စွာလေအေးတစ်ချက်ရှုရှိုက်လိုက်မိသည်။


"အဲ့ဒီကောင်က ဒီနေရာမှာ ဟာသလာလုပ်နေပြန်တာလား ... ဒီလောက်အခွံအမာကြီးနဲ့ဟာကို ဘယ်လိုစားမလဲ...ဒါကြီးက တော်တော်ကို စိတ်ပျက်ဖို့ကောင်းတယ် ငါကတော့ အဲ့ဒီဂဏာန်းနဲ့ လုပ်ထားတဲ့ တစ်ခုခုကိုစားရမယ့်အစား သေသာသေပစ်လိုက်မယ်..."


ကြည့်ရှုနေသူများက တစ်ယောက်တစ်ပေါက်ဆူညံနေကြသော်လည်း ပုဖန်ကမူ ထိုဂဏာန်း၏ အကြမ်းပတမ်းလှုပ်ရှားမှုများကို မျှော်လင့်ထားပြီးသည့်အတိုင်း အလွန်တည်ငြိမ်နေပေသည်။


ဒိုင်လူကြီးချုပ်၏ မျက်နာကလည်း မဲမှောင်နေပေသည်။ပြိုင်ပွဲက ယခုမှ စတင်ရုံသာရှိသေးသော်လည်း ပုဖန်ကမူ ထိုကဲ့သို့ ဆူညံမှုများကို ပြုလုပ်နေပေသည်။သို့သော်လည်း သူ ပုဖန်ကို မည်သို့မှ အပြစ်မတင်ပေ။


အဘယ့်ကြောင့်ဆိုသော် ထ်ိုစားဖိုမှူးက သူ့၏ ပါဝင်ပစ္စည်ူများက်ို ပြင်ဆင်နေခြင်းဖြစ်သည်။ထိုအချင်းအရာက အဂ္ဂိရတ်ပညာရှင်များနှင့်လည်း နည်းလမ်းတူပေသည်။သူတို့၏ ပစ္စည်းများကို စတင်ပြင်ဆင်နေသော အဂ္ဂိရတ်ပညာရှင်များကိုလည်း သူသွားရောက်တားဆီးလိမ့်မည်မဟုတ်ပေ။


ထို့ကြောင့် သူ့၌ ရွေးချယ်စရာမရှိပဲ မတ်တပ်ရပ်၍သာ ကြည့်နေရလေသည်။


စင်ပေါ်၌ ရှိနေကြသော အဂ္ဂိရတ်ပညာရှင်များက ခေါင်းပြန်လွှဲလိုက်ကြပြီး သူတို့၏ သက်စောင့်ဆေးဖော်စပ်မှုကိုသာ အာရုံစူးစိုက်လိုက်ကြသည်။


ခ...ခ...ခ...ခ...


ကြီးမားလှသော ဂဏာန်းကြီးက သူ့၏ ပြူးကျယ်သော မျက်လုံးကြီးဖြင့် ပုဖန်ကို စူးစူးရဲရဲကြည့်နေလေသည်။ကြီးမားလှသော ညှပ်လက်မကြီး နှစ်ချောင်းကလည်း ကြမ်းတမ်းစွာ လှုပ်ရမ်းနေသည်။ထိုလက်မ လေထုထဲ ဖြတ်သွားတိုင်း ထွက်ပေါ်လာသော အသံများက ကြည့်ရှုနေသူများကိုပင် ကြောက်ရွံ့နေစေသည်။


စီနီယာအကိုကျန်းက အသက်ပြင်းပြင်းတစ်ချက်ချပြီး စိတ်လျှော့ချလိုက်သည်။


ဟင်း.... ဒီတစ်ကြိမ်တော့ ဘာမှစိတ်ပူစရာမရှိဘူး..."


သူ့အဆင့်အရ သူလည်း နောက်ပြိုင်ပွဲတစ်ဆင့်သို့ တက်နိုင်သင့်ပေသည်။


ရုတ်တရက်ဆူညံသံများထွက်ပေါ်လာလေသည်။စီနီယာအကိုကျန်း၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး သူ့၏ ဆေးမီးဖိုမှ မီးတောက်က အပူချိန်ကလည်း တိုးမြှင့်လာလေသည်။သူ့စိတ်ထဲ၌ တုန်လှုပ်သွားရုံသာမက ခိုင်မာနေသည့် စိတ်ကလေးပင် ပြိုလဲကျသွားမတက်ဖြစ်သွားလေသည်။


"ဘာတွေဖြစ်သွားတာလဲ..."


စင်ပေါ်၌ရှိနေသော တခြားအဂ္ဂိရတ်ပညာရှင်များကလည်း ပုဖန်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။သူတို့အားလုံး စွံ့အသွားကြပေသည်။


ပုဖန်က ဒေါသတကြီး လက်များဝှေ့ယမ်းနေသည့် ဂဏာန်းကောင်ကိုကြည့်၍ တစ်ချက်မဲ့လိုက်သည်။ထို့နောက် သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို ကောက်ယူ၍ လွှဲရိုက်ချလိုက်သည်။


ဒေါင်...


မဟူရာလိပ်ခုံးဒယ်အိုးက ဘယ်လောက်လေးလံသလဲ။


တကယ်တမ်းတွင်တော့ ပုဖန်လည်း သေသေချာချာမသိပေ။သို့သော်လည်း ထ်ိုရိုက်ချက်ကတော့ ပြင်းထန်လှကြောင်း သူသိပေသည်။ဂဏာန်းကောင်မှာ ရှောင်ချိန်မရလိုက်ပဲ ကြေးနီရောင် စင်မြင့်ပေါ်မှ လွင့်ကျသွားလေသည်။ထို့ကြောင့် ပုဖန်ရပ်နေရာ စင်တစ်ခုလုံးပင် တုန်ခါသွား၏။


ဒိုင်လူကြီးချုပ်အပါအဝင် လုတိုင်း ပုဖန်၏ စင်မြင့်ထက်ဆီသို့ ကြည့်လိုက်ကြသည်။ထိုဂဏာန်းက တစ်ကြိမ်တည်းဖြင့် သေဆုံးမသွားပဲ သူ့၏လက်များကို တလှုပ်လှုပ်တယမ်းယမ်းဖြင့် ပြန်လည်ထရန် ကြိုးပမ်းနေပေသည်။ပုဖန်မျက်မှောင်ကြုတ်လိုက်ပြီး ဒယ်အိုးဖြင့် အဆက်မပြတ် လွှဲရိုက်ချလိုက်လေသည်။


ဒေါင်...ဒေါင်...ဒေါင်...


ဧရာမ ဂဏာန်းကို သုံးကြိမ်ရိုက်ပြီးနောက် ခိုင်ခံ့လှသော သံစင်ပင် တောင့်မခံနိုင်တော့ပဲ စင်ထဲသို့ ကျွံသွားလေသည်။ဂဏာန်းကို ဒယ်အိုးနှင့်လွှဲရိုက်လိုက်သည့်အခ်ျိန်၌ လူတိုင်း၏ စိတ်ထဲ၌ တုန်ယင်သွားလေသည်။သူတို့၏ နှလုံးသားများကလည်း တလှပ်လှပ်တုန်ခါနေပေသည်။


အဟွတ် ...အဟွတ်...


သို့သော်လည်း အဂ္ဂိရတ်ပညာရှင်များကမူ ချောင်းတဟွတ်ဟွတ်ဆ်ိုး၍ သွေးအန်မတက်ဖြစ်နေလေပြီ။ပုဖန် ဒယ်အိုးကို တစ်ချက်လွှဲလိုက်လေတိုင်း သူတို့၏ မီးတောက်များက အနောက်ကိုလိုက်ယမ်းနေလေရာ သူတို့ စိတ်ဝိညာဉ်စွမ်းအားပါ မထိန်းချုပ်နိုင်ပဲ နာကျင်ရလေသည်။


အာရုံစိုက်မှု အားနည်းသော တစ်ချို့အဂ္ဂိရတ်ပညာရှင်များ၏ ဆေးမီးဖိုများဆိုလျင်ချက်ချင်းပင်ပေါက်ကွဲသွားနိုင်ပေသည်။သို့သော်လည်း ဒီတစ်ကြိမ်၌ ကံကောင်းထောက်မစွာ လူတစ်ယောက်၏ ဆေးမီးဖိုသာ ပေါက်ကွဲလေသည်။


သူတို့စိတ်အာရုံများ တင်းကျပ်နေကြသည်။ ဒေါသထွက်လွန်း၍ ငိုချင်သော်လည်း မျက်ရည်ပင်မကျနိုင်ပေ။


သူတို့ဒီအခြေအနေနှင့် ဆေးလုံးသန့်စင်နိုင်ပါ့မလား။ထိုဂဏာန်းက်ို ထုချေသည့်အားက ငလျင်လှုပ်သည်နှင့်ပင် မခြားနားပေ။


ဒိုင်လူကြီးချုပ်က အသက်ပြင်းပြင်းရှိုက်လိုက်သည်။သူ့၏ မျက်နာကလည်း ပို၍ မဲသည်းမှောင်မိုက်နေပေပြီ။


ဒါ့ကြောင့် အရင်ဒိုင်လူကြီးက တာဝန်ရပ်ဆိုင်းခံရခြင်းကို အလွန်လိုလားနေခြင်းဖြစ်ပေလိမ့်မည်။ယခုကဲ့သို့သော ပြိုင်ပွဲဝင်မျိုးနှင့် ရင်ဆိုင်ရလျှင် မည်သူမဆို ကသိကအောင့် ဖြစ်ပေလိမ့်မည်။


ဂဏာန်းကို ထုနှက်ပြီးနောက် ပုဖန်ချက်ပြုတ်ရန် စတင်လိုက်သည်။သူ့၏ လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ရာ ဓားသွားမှ တောက်ပလှသော အလင်းရောင်ပြန်များ ထင်ဟပ်လာပေသည်။ပုဖန်က ဂဏာန်းခွံကို ဖိကိုင်လိုက်သည်။သို့သော်လည်း သူ ဂဏာန်းအခွံကိုခွာရန် စိတ်ကူးမရှိပေ။ထို့နောက် သူ့၏ ခြေလက်များကိုသာ အလွန်လျှင်မြန်စွာဖြင့် ဖြတ်တောက်လိုက်သည်။


သူဂဏာန်းခြေထောက်တစ်ချောင်းကို ယူလိုက်ပြီး ဓားဖြင့် ဖိထောက်၍ ခုတ်ချလိုက်သည်။ဂဏာန်းခွံ ကွဲဟသွားသည်နှင့် အထဲမှ ပေါ်လာသော ကြည်လင်လှသည့် အဖြူရောင်အသားများကို ထုတ်ယူလိုက်သည်။


သူပြုလုပ်မှုများက အလွန်ပင် သိမ့်မွေ့ညှင်သာလှသောကြောင့် ကြည့်ရှုသူများအားလုံး တဟင်ဟင်တဟာဟာဖြစ်နေကြသည်။


ပုဖန်က ဂဏာန်းခြေထောက်ထဲမှ အသားများအားလုံးကို ထုတ်ယူပြီး ပန်းကန်လုံးထဲသို့ ထည့်ထားလိုက်သည်။


ထို့နောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ်လောင်းထည့်လိုက်ကာ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မှုတ်ထုတ်လိုက်၏။ကြည့်ရှုနေသူများးလုံးက အံ့သြမှုထဲသာ လုံးဝ ကျဆုံးနေပေသည်။


ဒိုင်လူကြီးချုပ်၏ မျက်နာက ပို၍ပို၍ပင် မဲမှောင်နေပေပြီ။


ဒီစားဖိုမှူးက တကယ်ပဲ ကောင်းပင်ကမ္ဘာမြေမီးလျှံကိုချက်ပြုတ်ဖို့သုံးတယ်လား...ဘာကြောင့် သူ အဲ့ဒီ စားဖိုမှူးနဲ့ အရင်ဆုံးမတွေ့ခဲ့ရတာလဲ...အဲ့ဒီလိုသာဆိုရင် သူကို ကန်ထုတ်ပစ်လိုက်ပြီ...


ဆီဆူလာသည်နှင့် ဂဏာန်းသားလေးများကို ဆီအိုးထဲ ပစ်ထည့်လိုက်သည်။ဂဏာန်းသားထည့်ပြီး မကြာခင်မှာပင် သင်းပျံ့လှသော မွှေးရနံ့များ ထွက်ပေါ်လာပေပြီ။ထိုမွှေးရနံ့က ကမာနှလုံးသားပန်ကိတ်ထက်ပင် သာလွန်နေပေ၏။


ဒိုင်လူကြီးချုပ်၏ မျက်နာက တောင့်တင်းသွားသည်။


ပရိတ်သိတ်များက အံ့သြတုန်လှုပ်သွားကြ၏။


အဂ္ဂိရတ်ပညာရှင်များကမူ ထပ်မံ၍ စိတ်အနှောင့်အယှက်ဖြစ်သွားရပေသည်။


သို့သော်လည်း ထိုမွှေးရနံ့များက အချိန်အကြာကြီး ရစ်ဝဲမနေပေ။ပုဖန် ပေါင်းအိုးကို ထုတ်ယူလိုက်ပြီးနောက် ဒယ်အိုးထဲမှ ဂဏာန်းအသားရော အရည်ပါမကျန်ထုတ်ယူလိုက်သည်။


ထို့နောက် ပေါင်းအိုးထဲသို့ နတ်ဝိညာဉ် ရေကန်မှ နွေဦးစမ်းရေတစ်ချို့လောင်းထည့်လိုက်ပြီး ဂဏာန်းကိုထည့်၍ အဖုံးဖုံးလိုက်သည်။ထိုသို့ပြုလုပ်လိုက်သည်နှင့် ရစ်ဝဲနေသော မွှေးရနံ့များက ချက်ချင်းပျောက်ကွယ်သွားလေသည်။ထိုအခါမှသာ အဂ္ဂိရတ်ပညာရှင်များအားလုံး စိတ်သက်သာရာရသွားကြသည်။


ဒိုင်လူကြီးချုပ်က စိတ်အေးလက်အေးရှိနေသော ပုဖန်ကို ကြည့်လိုက်သည်။


ရုတ်တရက် သူ့နှလုံးသားထဲ၌ အတိတ်နမိတ်မကောင်းသော ခံစားချက်များ ပြည့်လျှံလာပေသည်။