အပိုင်း ၅၀၀
Viewers 62k

အခန်း ၅၀၀

အပြစ်ကင်းလှသော ပိုင်ရှင်ပု


"ကြော်ငြာ..."


"နောက်တစ်ခေါက်ကြော်ငြာပြန်တာလား..."


ပရိတ်သတ်များအားလုံး လုံးဝပြောစရာစကားမဲ့သွားလေသည်။ထိုစားဖိုမှူးက သူချက်ပြုတ်ပြီးစီးသွားသည်နှင့် သူ့၏ တိမ်ခိုးစားသောက်ဆိုင်အကြောင်းကို စတင်ကြော်ငြာပေလိမ့်မည်။


သူတို့အားလုံး ပုဖန်ကိုသင်္ကာမကင်းပင်ဖြစ်လာမိသည်။


"သူ ပဉ္စလက်စုဝေးပွဲကို ဝင်ပြိုင်တာက သူ့ဆိုင်ကို ကြော်ငြာချင်လို့လား..."


နယ်သာရီက အလွန်ကျေနပ်ပျော်ရွှင်နေပြီး သူမ၏ ပါးစပ်၌လည်း ဆီများကွက်နေပေသည်။နယ်သာရီကဲ့သို့ လှပလှသော နတ်သမီးလေးတစ်ပါးက သူမ၏ ပုံရိပ်ကို ဂရုမစိုက်သည်ကို မြင်လိုက်သောအခါ၌ အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။


သူမ ထိုကဲ့သို့ စားသောက်သည်က ထူးဆန်သည်ဟု ထင်မိသော်လဲ သူတို့မျက်လုံးထဲတွင် လှပနေဆဲဖြစ်သည်။


သတိပြန်ဝင်လာသော ဒိုင်လူကြီးချုပ်က မျက်လုံးကိုဖွင့်၍ နယ်သာရီကို ကြည့်လိုက်သည်။သူ၏ မျက်ဝန်းထဲ၌ စိတ်မကျေမနပ်ဖြစ်မှုများပင် ပြည့်နှက်နေပေသည်။


"ဒီအမျိုးသမီးက စင်ပေါ်ကို ဘယ်ချိန်တုန်းကရောက်လာတာလဲ...ငါတို့ဒီမှာပြိုင်ပွဲလုပ်နေတာလေ...ဒီလိုမျိူးစင်ပေါ်ကို ကြုံရာကျပန်းလူတွေ ဘယ်ချိန်တုန်းက တက်လို့ရသွားတာလဲ..."


ဒိုင်လူကြီးချုပ်က အေးစက်စွာပြောလိုက်သည်။ဂဏာန်းသားများကို ပလုတ်ပလောင်းစားနေသော နယ်သာရီကိုကြည့်ရသည်က အလွန်နာကျင်စရာကောင်းလှသည်။


ပြိုင်ပွဲကွင်းတွင်စောင့်နေသော အစောင့်များက ဒိုင်လူကြီး၏ ဒေါသတကြီးအော်သံကို ကြားလိုက်သည်နှင့် စင်ပေါ်သို့ အလျှင်အမြန်ပြေးတက်သွားပြီး နယ်သာရီကို ဝိုင်းထားလိုက်သည်။


ဒိုင်လူကြီးချုပ်က အလွန့်ကို ဒေါသထွက်နေပေသည်။အရသာရှိလှသော ဂဏာန်းပေါင်းကို သူတစ်လုတ်မျှသာ စားရသေးသည့်အချိန်တွင် ထိုအမျိုးသမီးက ဗြုန်းစားရောက်လာပြီး သူ့ဆီမှ လုယူသွားလေသည်။ထိုကဲ့သို့ အရှက်မရှိလှသော အမျိုးသမီးမျိုးကို သူတခါမှ မမြင်ခဲ့ဖူးပေ။


ရုတ်တရက် စားပွဲပေါ်တွင်ကျန်နေဆဲဖြစ်သည့် ဂဏာန်းခွံတစ်ခုကို သူသတိပြုမိသွားသည်။အနီရောင်ဂဏာန်းခွံထဲတွင်ရှိနေသည့် အဖြူရောင်ဂဏာန်းသားလေးများမှလည်း မွှေးရနံ့များ ထွက်ပေါ်လာသည်။


ဒိုင်လူကြီးချုပ်က ထိုဂဏာန်းခွံကို ကောက်ယူလိုက်ပြီး အတွင်းထဲ၌ ကျန်နေသည့် ဂဏာန်းသားများကို တူဖြင့်ခြစ်ချ၍ ပါးစပ်ထဲ ထည့်လိုက်သည်။


"ဒီအမျိုးသမီးက ငါ့တိမ်ခိုးစားသောက်ဆိုင်က အလုပ်သမားပါ..."


ပုဖန် ရှင်းပြလိုက်သည်။ထိုအမျိုးသမီး ရုတ်တရက် ပေါ်လာပြီး အနည်းငယ် ပြဿနာ ရှာလိုက်သည်ဆိုသော်လည်း သူ ရှင်းပြဖို့လိုအပ်နေပေသေးသည်။


သူတို့ နယ်သာရီကို အနာတရဖြစ်အောင်ပြုလုပ်မည်ကို သူမကြောက်ပေ။တကယ်တမ်းတွင် သူမကို တစ်ခုခုလုပ်ရန်ကြိုးစားရာမှ သူတို့ မန္တရာယ်ဖြစ်မှာကိုသာ ပို၍ စိုးရိမ်မိသည်။


နယ်သာရီက ငရဲကမ္ဘာမှအမျိုးသမီးဖြစ်သည်။ပုဖန်ကိုယ်တိုင်ပင် သူမ၏ စွမ်းဆောင်ရည်များကို မသိပေ။သူသိသည်ဆို၍ သူမအလွန်သန်မာသည်ဟုသာ သိလေသည်။


ထို့အပြင် သူပဉ္စလက်စုဝေးပွဲပြိုင်ပွဲသို့ ဝင်ရောက်လာခြင်းမှာ သူ့ဆိုင်ကို ကြော်ငြာလို၍သာ ဖြစ်ပြီး မည်သည့်ပြဿနာမှရှာဖို့မဟုတ်ပေ။သူ့၏ ရည်ရွယ်ချက်က ရိုးရှင်းပြီးအပြစ်ကင်းလှပေသည်။


အကယ်၍ အဂ္ဂ်ိရတ်ပညာရှင်များသာ ပုဖန်၏ အတွေးကို သိသွားလျှင် သူတို့တံတွေးနှင့် ဝိုင်းထွေး၍ ပုဖန် တံတွေးပင်လယ်ထဲ မျောရပေလိမ့်မည်။


ပြိုင်ပွဲဝင်ကတည်းက အဆုံးမရှိသော ပြဿနာမြောက်များစွာကို ရှာခဲ့သည်။သို့သော် မည်သည့်ပြဿနာမှမရှာဟုဆိုသည်က ဘယ်လိုအဓိပ္ပါယ်ပါနည်း။


သူ့၏ ရည်ရွယ်ချက်က ရိုးရှင်းပြီး အပြစ်ကင်းစင်လှသည်ဆိုသည်ကကော မည်သည့် အဓိပ္ပါယ်ပါနည်း။


ဒီကမ္ဘာကြီးထဲတွင် ပုဖန်ကသာ စိတ်ဝင်စားစရာအကောင်းဆုံး စားဖိုမှူးဖြစ်မည်မှာ သေချာသလောက်ပင်။


"အာ...ဒိုင်လူကြီးချုပ်အို ငါတို့ ဘာလုပ်ရမှာလဲ..."


ပုဖန်၏ ရှင်းပြမှုကိုကြားပြီးသော အစောင့်များက ဘာဆက်လုပ်ရမည်မသိတော့ပေ။ထို့ကြောင့် သူတို့ ဇဝေဇဝါဖြင့် ဒိုင်လူကြီးချုပ်ဘက်သို့ လှည့်ကြည့်လိုက်သည်။


သို့သော်လည်း ထိုအချိန်ခဏလေး၌ ဒိုင်လူကြီးက ပျော်ရွှင်စွာ စားသောက်နေပေ၏။သူ့၏ ပါးစပ်ထောင့်မှ ရွှေဝါရောင် ဂဏာန်းအဆီများပေကျံနေပုံမှာ အစားကြီးသူတစ်ယောက်ဟုပင် ထင်မှတ်မှားစေသည်။အစောင့်များအားလုံး စွံ့အသွားကြသည်။


"ထားလိုက်တော့ သွားကြမယ်...ငါတို့သွားကြမယ်..."


ထိုအစောင့်က အသဲကွဲနေသော လူတစ်ယောက်၏ မျက်နာအမူအရာမျိုးဖြင့် တီးတိုးရေရွတ်လိုက်သည်။မွှေးရနံ့များက သူနှင့် ပိုမိုနီးကပ်နေသောကြောင့် ထ်ိန်းချုပ်မှု လွတ်တော့မလို ဖြစ်နေလေသည်။


လခွမ်းပဲ...ဒီဒိုင်လူကြီးချုပ်က ငါ့ကိုသရေကျအောင်လုပ်နေတာပဲ...


ဒိုင်လူကြီးချုပ်က သူအသားထုတ်စားပြီးသွားသော ဂဏာန်းခွံကို လျှာဖြင့်လျက်နေလေသည်။ကောင်းမွန်လှသော အရသာက သူ့ကို လက်မလွှတ်ချင်အောင် ဆွဲဆောင်ထားပေသည်။


"တကယ့်ကို အရသာရှိလိုက်တာ..."


ဒိုင်လူကြီးချုက်က သက်ပြင်းတစ်ချက်ချလိုက်သည်။အရသာရှိလှသော စားစရာတစ်ခုကို စားဖူးခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ထိုခံစားမှုက ဖော်မပြနိုင်လောက်အောင် ကောင်းမွန်လှသည်။


အဆာခံဆေးလုံးများနှင့် ဒီဟင်းပွဲကို ဘာကြောင့် နှိုင်းယှဉ်ရမည်နည်း သူတို့က အဆင့်ခြင်းပင် မတူပေ။


တကယ့်ကို နှိုင်းယှဉ်ပြီးပြောရမည်ဆိုလျှင်လည်း သူတို့နှစ်ခုက နံ့သာဆီနှင့် အီးလို ကွာခြားလှလေသည်။


ဒိုင်လူကြီး ခေါင်းမော့လိုက်သောအခါ သူ့၏ နှလုံးသားက ကိုက်ခဲလာပြန်သည်။အဘယ့်ကြောင့်ဆိုသော် သူဘာမှမစားရသေးခင်မှာပင် နယ်သာရီက အများဆုံးစားသွားသောကြောင့် ဖြစ်သည်။


ယခုလက်ရှိပင် သူမက သူ့၏ ရှေ့မှောက်မှာ ဂဏာန်းလက်မကြီးကို အားရပါးရ ကိုက်နေလေသည်။ထိုအမျိုးသမီး၏ စားသောက်ပုံက ကြောက်စရာကောင်းလှသည်။သူမ ဂဏာန်းလက်မအခွံကို ကိုက်လိုက်တိုင်း တကျွတ်ကျွတ်မြည်သံများ ထွက်ပေါ်နေ၏။သူမက အခွံကိုပင် ထွေးထုတ်ခြင်းမပြုပဲ အားလုံး မျိုချလိုက်၏။ 


"သောက်ကျိုးနဲ သူမအစာအိမ်က သံနဲ့လုပ်ထားတာလား..."


"ဒိုင်လူကြီးချုပ် ငါ နောက်တစ်ဆင့်တက်ဖို့ အရည်အချင်းပြည့်မီရဲ့လား..."


ပုဖန်က နယ်သာရီကို မုန်းတီးစွာစိုက်ကြည့်နေသော ဒိုင်လူကြီးချုပ်ကို မေးလိုက်သည်။ဒိုင်လူကြီးချုပ်က သူမကြောင့် ခါးသီးမှုကို ခံစားနေရပုံပေါ်လေသည်။


ကျွတ်...ကျွတ်...


ထိုအချိန်၌ နယ်သာရီက နောက်ထပ်လက်မတစ်ချောင်းကို ကိုက်လိုက်ရာမှ ထွက်ပေါ်လာသော အသံများက အားလုံး၏ စိတ်နှလုံးကို တုန်ယင်စေသည်။ဒိုင်လူကြီးချုပ်က တံတွေးတစ်လုတ်မျိုချပြီးနောက် ပုဖန်ကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။


"မင်းအောင်တယ်...မင်းအောင်သွားပြီ...မကြာခင် ဒီစကာတင် ရွေးချယ်ပွဲ တတိယအကြိမ်ကို ပြိုင်ရမယ်...မင်းအဲ့ဒီပြိုင်ပွဲကို ဖြတ်ကျော်နိုင်ပြီဆိုတာနဲ့ အကြို ဗိုလ်လုပွဲကို တက်ရောက်နိုင်ပြီ..."


"နောက်ထပ်ပြိုင်ပွဲ..."


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သို့သော် ခဏအတွင်းမှာပင် ပြန်လည်တည်ငြိမ်သွားသည်။


ဒါက နောက်ထပ် စကာတင် ရွေးချယ်ပွဲလေးပဲ မဟုတ်ဘူးလား...ဘာများခက်လို့လဲ...သူနောက်ထပ် ဂဏာန်းတစ်လုံးထပ်ချက်လိုက်ရုံပေါ့...


ပုဖန် ခေါင်းညိတ်လိုက်ပြီးနောက် သူ့၏ စင်ပေါ်၌ ရှိနေသော အရာအားလုံးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ထို့နောက် ကြီးမားလှသော ဆိုင်းဘုတ်ကြီးကို ကိုင်၍ စင်ပေါ်မှ ဆင်းလာလိုက်လေသည်။


နယ်သာရီဆီမှ တကျွတ်ကျွတ်ထွက်ပေါ်နေသော အသံများကလည်း တဖြေးဖြေး လျော့ပါးလာလေသည်။ထို့နောက် သူ နောက်ဆုံးသောအသံတစ်သံကို ထုတ်လွင့်လိုက်ပြီး ခြေထောက်အသာကြွ၍ လှမ်းလိုက်ကာပုဖန်နောက်မှ လိုက်ပါလာလေသည်။


......


"ပြိုင်ပွဲကွင်း ၅ မှာလည်း နောက်ထပ်ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လေ..."


"အဲ့ဒီစားဖိုမှူးက သူနဲ့ တစ်နေရာတည်းပြိုင်ရတဲ့လူ အဂ္ဂိရတ်ပညာရှင်အားလုံးကို လုံးဝ ရှင်းထုတ်လိုက်တာ .."


".ကောင်းကင်ဆေးမြို့တော်မှ ပါရမီရှင်တစ်ယောက်နှင့် တောက်ပကောင်းကင်မြို့က ပါရမီရှင်တစ်ယောက်ပဲ ကျော်ဖြတ်နိုင်ခဲ့တယ်...သူကတော့ အဂ္ဂိရတ်ပညာရှင်အားလုံးရဲ့ ရန်သူ ဖြစ်သွားပြီ.... "


"သူ အဂ္ဂိရတ်ပညာရှင်အမြောက်အများကို နင်းချေပြီး နောက်ထပ် ပြိုင်ပွဲတစ်ပွဲကို ထပ်ဝင်ရောက်နိုင်သွားပြီ..."


လူအများက ဆူညံပွက်လောရိုက်နေကြသည်။ထိုသတင်းက တောမီးပမာ ပြန့်နှံ့သွားသောကြောင့် ရင်ပြင်ကျယ်တစ်ခုလုံး စိတ်လှုပ်ရှားဆူပူမှုများနှင့် အသက်ဝင်လာလေသည်။


နောက်တစ်ဆင့်သို့ ဝင်ရောက်သွားနိုင်ပြီဖြစ်သော သွမ့်ယင်က သူ့၏ ဆေးမီးဖိုကို ကောက်ယူသိမ်းဆည်းလိုက်သည်။သူ့စိတ်ထဲ၌လည်း ပျော်ရွှင်မှုများပြည့်နေလေပြီ။အဘယ့်ကြောင့်ဆိုသော် သူ့၏ ပန်းတိုင်နှင့် နောက်ထပ်တစ်လှမ်း နီးကပ်လာပေပြီ။


သူစင်မြင့်မှ ထွက်ခွာလာသော အခါမှသာလျှင် ရင်ပြင်တစ်ခုလုံး ပြန့်နေပြီဖြစ်သော ပုဖန်၏ သတင်းသစ်ကို ကြားလိုက်ရသည်။ထိုသတင်းကြောင့် သွမ့်ယင် အံ့အားသင့်သွားမိသည်။


"အဲ့ဒီစားဖိုမှူးက သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းရည်တွေကို ထုတ်ပြလိုက်တာလား...စီနီယာအကိုကျန်းကော ဒီတစ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့ရဲ့လား...ဒီကြောက်ဖို့ကောင်းတဲ့ စားဖိုမှူး... သူက ရင်းနီးတဲ့ ခံစားချက်မျိုးပေးနိုင်တယ်.."


သွမ့်ယင်တတွတ်တွတ်ရေရွတ်နေမိသည်။ထိုကြောက်ဖို့ကောင်းသည့် စားဖိုမှူးမျိုးကို သူတစ်ကြိမ်တွေ့ဆုံခဲ့ဖူးလေသည်။ထိုသူက တောင်ပိုင်းနယ်စပ် မြို့လေးမှ ပိုင်ရှင်ပုဖြစ်သည်။


ယခုဒီပဉ္စလက်စုဝေးပွဲ၌ နောက်ထပ်ကြောက်မက်ဖွယ်ကောင်းလှသော စားဖိုမှူးတစ်ယောက် ထွက်ပေါ်လာပြန်သည်။


ထိုစားဖိုမှူးနှစ်ယောက်၏ မူလဇစ်မြစ်ကလည်း တူနေသည်ဟု ခံစားမိနေသည်။


ဖြစ်နိုင်သည်က... နဂါးမြို့ဟောင်းတိုက်ကြီးမှ မွေးဖွားလာသော စားဖိုမှူးများတွင် လျှို့ဝှက်စွမ်းအားများ ရှိနေသည်လား...


အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကဲ့သို့ အစွမ်းရှိသော စားဖိုမှူးတစ်ယောက် ...စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းလွန်းလှသည်။


သွမ့်ယင် ကောင်းကင်ဆေးမြို့တော် စစ်သင်္ဘောပေါ်သို့ ပြန်ရောက်သောအခါ၌ လေထုက တင်းမာနေသည်ကို ခံစားလိုက်မိသည်။စီနီယာအကိုကျန်းက လေးနက်တည်ငြိမ်သော မျက်နာဖြင့် သင်္ဘောဘေးတွင် ထိုင်နေပြီး သက်ပြင်းအဆက်မပြတ်ချနေလေသည်။


"စီနီယာအကိုကျန်း မင်းနောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့လား..."


သွမ့်ယင်က အလျှင်အမြန်ပင် မေးလိုက်သည်။


"အင်း...ငါနောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်...ဒါပေမယ့် ငါ့စိတ်ထဲမှာ မအေးချမ်းဘူး...အဲ့ဒီစားဖိုမှူးရဲ့ ငါ့အပေါ်သက်ရောက်မှုကြီးက တော်တော်ကြီးမားလွန်းတယ်..."


စီနီယာအကိုကျန်းက စ်ိတ်ဓာတ်ကျနေသော မျက်နာထားဖြင့် ပြောလိုက်သည်။တိတိကျကျပြောရလျှင် သူရှုံးနိမ့်လုနီးပါးဖြစ်ခဲ့သည်။စားဖိုမှူးတစ်ယောက်၏ လက်ချက်ဖြင့်ရှုံးနိမ့်ရသည်မှာ သူ့လို မာနထာင်လွှားသည့် လူတစ်ယောက်အနေဖြင့် လက်ခံဖို့ခက်ခဲလှသည်။


"မနက်ဖြန်နောက်ဆုံးပွဲမှာလည်း ဒီကောက်ဘာချက်ပြုတ်မယ်ဆိုတာကို ငါမသိဘူး...စင်ပေါ်မှ အဲ့ဒီလောက်မီးဖိုများများတစ်ပြိုင်တည်းပေါက်ကွဲတာကို မင်းတို့ဘယ်သူမှမြင်ဖူးကြမှာမဟုတ်ဘူး ငါ့နှလုံးသားတောင်ခုန်ပေါက်ထွက်လာတော့မတက်ပဲ..."


သူက အနည်းငယ်ကြောက်ရွံ့နေသော ခံစားချက်မျိုးဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။


သူနှင့်မလှမ်းမကမ်းတွင်ရှိနေပြီး သင်္ဘောလက်တန်းကိုမှီနေသော စီနီယာအကို၏ မျက်နာတွင်လည်း စိတ်ဓာတ်ကျမှုများ စိတ်ပျက်မှုများ ထင်ဟပ်နေပေသည်။


သွမ့်ယင် မျက်မှောင်ကြုတ်လိုက်မိသည်။ပဉ္စလက်စုဝေးပွဲက ထိုစားဖိုမှူးကြောင့် တစ်စုံတစ်ရာ ကွဲပြားခြားနားသွားသည်ဟု ခံစားလိုက်မိသည်။


ပုဖန်၏ အကြောင်းကို ထိုကောင်းကင်ဆေးမြို့တော်မှ စစ်သင်္ဘောတွင်သာ ဆွေးနွေးပြောဆိုနေကြခြင်းမဟုတ်ပေ။ဆေးမြို့တော်သုံးစုမှ အင်အားစုတိုင်းလိုလို ဒီနေ့ပုဖန်အကြောင်း ပြောဆိုနေကြသည်။


ကျိုးကြောင်းမဆီလျော်သော နည်းလမ်းများကို သုံး၍ အဂ္ဂိရတ်ပညာရှင်တို့၏ မီးဖိုများကို ပေါက်ကွဲစေခဲ့သော ထိုစားဖိုမှူးက နောက်တစ်ပွဲသို့ တက်ရောက်သွားပေပြီ။အဂ္ဂိရတ်ပညာရှင်များအားလုံး အမျက်ဒေါသ ထွက်နေကြပေပြီ။ဝင့်ကြွားလေ့ရှ်ိသော အဂ္ဂိရတ်ပညာရှင်များအတွက် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို လက်မခံပေးနိုင်ပေ။


အဂ္ဂိရတ်ပညာရှင်အများစုက ပုဖန်ကို သူတို့၏ ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ကြပြီး လုံးဝ အမြစ်ပြတ်ချေမှုန်းပစ်ချင်နေပေပြီ။


.......


နန်ကုန်းမောင်နှမနှစ်ယောက် ထိုသတင်းကြားသောအခါ၌ အံ့အားသင့်ရလွန်း၍ ပါးစပ်အဟောင်းသားပင်ဖြစ်သွားမိသည်။


"သောက်ကျိုးနဲ... ပိုင်ရှင်ပုက တကယ်အံ့သြစရာကောင်းတာပဲ...ငါတို့က သူ ဒီတစ်ကြိမ် ထွက်ရပြီလို့ ထင်ထားတာ သူနောက်ထပ်ပွဲကို ထပ်တက်သွားနိုင်မယ်လို့ မထင်ထားမိဘူး..."


"ပုဖန်ရဲ့ ဒီလိုတိုက်ခိုက်မှူက ဘာအတွက်လဲ သူကထိပ်ဆုံးတစ်ရာထဲကို ဝင်ဖို့ရည်ရွယ်ထားလား..."


နန်ကုန်းဝမ်က ပြိုင်ပွဲမှ ထုတ်ပယ်ခံရပြီဖြစ်သည်။သို့သော်လည်း သူမက ထိုအကြောင်းအရာနှင့်ပတ်သတ်၍ အများကြီးဂရုစိူင်မနေပေ။ပဉ္စလက်စုဝေးပွဲကို ဝင်ကတည်းက သူမ၏ စွမ်းဆောင်ရည်အတိုင်းအတာကို သူမသိပေသည်။


နန်ကုန်းဝူချယ်ကမူ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ကောင်းကင်ကမ္ဘာမြေမီးလျှံကို မပိုင်ဆိုင်ထားခြင်းက သူ့၏ အဂ္ဂိရတ်ပညာတွေ အနည်းငယ်သက်ရောက်မှုရှိခဲ့သော်လည်း... သူက နန်ကုန်းဝူချယ်သာဖြစ်သည်။ဒုတိယအကြိမ်ကို ကျော်ဖြတ်နိုင်ဖို့က သူ့အတွက်မခက်ခဲလှပေ။


..........


စားဖိုမှူးတစ်ယောက်တတိယအကြိမ်ကို တက်လှမ်းနိုင်သည်ကို ကြားလိုက်သောအခါ၌ ယန်မိန်ကျီ တစ်ယောက် အံ့သြကြောင်အသွားမိသည်။


"စားဖိုမှူးက ပုဖန်လား ..."


မြူကောင်းကင်မြို့တော်တွင် စားဖိုမှူးဟူ၍ ပုဖန်သာရှိလေရာ သူပဲ ဖြစ်နိုင်ပေသည်။


"အဲ့ဒီလူက ကောင်းကင်ကို ထိုးတက်မလို့ ကြံနေတာလား...သူတကယ်ကြီး တတိယအချီကို တက်နိုင်သွားတယ်လား..."


သူစဉ်စားမိသည်နှင့် ယန်မ်ိန်ကျီ စားသောက်ဆိုင်သို့ အလျှင်အမြန်ပြန်ဖို့ပြင်လိုက်သည်။သူမပုဖန်ကို မေးချင်သည့် အကြောင်းအများစွာရှိပေသည်။


သို့သော်လည်း သူမ၏ ဆရာ မဟာသခင်ရွှမ်ပေက သူမကို စူးစိုက်ကြည့်နေသည်ကို သတိပြုမိသွားသောကြောင့် အရှေ့သို့ ခြေတစ်လှမ်းမှမတိုးရဲတော့ပေ။ထို့ကြောင့် ဆေးအဆောက်အဦး၌သာ နေ၍ နောက်တစ်နေ့ယှဉ်ပြိုင်မည့်ပွဲအတွက် ဆေးဖော်မြူလာများကို နာနာခံခံနှင့် ပြင်ဆင်ရန်သာ တတ်နိုင်ပေသည်။


......


ပုဖန်ဆိုင်သို့ ပြန်ရောက်သည့်အခ်ျိန်၌ ကောင်းကင်က မှောင်မိုက်နေပေပြီ။ထွန်းလင်းနေသော လနှစ်စင်းပင် အလင်းပိတ်ကျဲစလေးဖြင့် ကမ္ဘာမြေကို လွှမ်းခြုံထားပေပြီ။


သူဆိုင်တံခါးကို ပိတ်ရန် ပြင်လိုက်သည်ချိန် သူ့မျက်နာပေါ်၌ အံ့အားသင့်သည့် အမူအရာပေါ်လာသည်။


သူအဝေးတစ်နေရာဆီသို့ သင်္ကာမကင်းဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ထိုနေရာမှ တစ်စုံတစ်ခုလာနေပုံရလေသည်။နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီးနောက် ဂရုစိုက်မနေတော့ပဲ တံခါးကို ဘန်းခနဲမြည်အောင်ပိတ်ချ၍ မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားလိုက်သည်။


အမှောင်ထဲမှနေ၍ မီရှ၏ ပုံရိပ်ပေါ်ထွက်လာသည်။သူ့၏ မျက်နာအမူအရာက မဲမှောင်နေပြီး လေးပင်စွာ သက်ပြင်းချလိုက်သည်။


ထိုအမျိုးသမီး ဆိုင်ထဲမှ ရှိနေသမျှသူ့ဆီက ရှူရ မျှော်စင်ကို ခိုးယူနိုင်မည်မဟုတ်ပေ။


သူတို့ရှုရမြို့တော်၏ ရှေးဟောင်းပစ္စည်းက တခြားသူ၏ လက်ထဲတွင် အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ်ရှိနေပေသည်။


ဒီပြဿနာကို ဒီတိုင်းထားလို့မရပေ။သူ အရှင်ထုံဟယ်ဆီသို့ သတင်းပို့ရပေမည်။အရှင်ထုံဟယ်က ရှုရမြို့တော်နှင့် ဆက်သွယ်ပြီးနောက် ပြဿနာကို ဖြေရှင်းရန် ကျွမ်းကျင်ပညာရှင် စေလွှတ်ပေးပေလိမ့်မည်။ဒီလိုမှမဟုတ်လျှင် ရှုရမျှော်စင်ကို ပြန်လည်ရယူနိုင်စရါအကြောင်းမရှိပေ။


ခဏမျှစဉ်းစားပြီးနောက် မီရှ၏ ပုံရိပ်က အမှောင်ထဲသို့ တဖြေးဖြေးတိုးဝင်ပျောက်ကွယ်သွားလေသည်။


.......


ပုဖန် မီးဖိုချောင်ထဲသို့ ဝင်ရောက်ပြီးနောက် ဘလက်ကီအတွက် နံရိုးချိုချဉ်ကြော်ကို ပြင်ဆင်ပေးလိုက်သည်။သို့သော် နယ်သာရီအတွက်မူ မပြင်ဆင်ပေးပေ။


ထိုအမျိုးသမီးက စင်ပေါ်သို့ တက်လာပြီး သူ ပြိုင်ပွဲအတွက် ပြင်ဆင်ထားသောဟင်းပွဲကို ဒိုင်လူကြီးလက်ထဲမှလုယူ၍ စားသောက်ပစ်ခဲ့သည်။


သူမကို ထမင်းကြော်ပြင်ပေးသင့်သေးရဲ့လား။


ထိုသို့သာ ဆက်သွားနေလျှင် နယ်သာရီကလည်း ဘလက်ကီကဲ့သို့ ဖတ်တီးပုပ်ဖြစ်လာပေလိမ့်မည်။


ထို့ကြောင့် နယ်သာရီ သူ့ကို မည်မျှပင် စိုက်ကြည့်နေစေမူ လုံးဝ မချက်ပြုတ်ပေးပေ


။ခုံပေါ်တွင် ထိုင်နေသော ဘလက်ကီက နယ်သာရီ၏ မီးသွေးကဲ့သို့ မဲမှောင်နေသောမျက်နာကိုကြည့်၍ အတောမသတ်ရယ်မောလိုက်လေသည်။


နယ်သာရီကလည်း မျက်နာသေဖြင့်ပင် ပြန်ကြည့်လိုက်သည်။ထိုခွေးက အတောမသတ်နိုင်ရယ်မောနေသောကြောင့် သူမ မျက်မှောင်ကြုတ်လိုက်မိ၏။


"ကောင်မလေး ခွေးဘုရင်ရဲ့ အသားတွေကို လာမလုနဲ့နော်...ဝု..."


ပုဖန်မီးဖိုခန်းထဲ၌ ဓားဆယ့်သုံးကွက် အရှင်သခင်နည်းလမ်းကို လေ့ကျင့်နေစဉ်မှာပင် ဘလက်ကီ၏ ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်။


သူ ထိုနှစ်ယောက်ဘက်သို့ တစ်ချက်မျှသာလှမ်းကြည့်လိုက်ပြီးနောက် ဆက်လက်၍ လေ့ကျင့်နေလေလိုက်သည်။


လေ့ကျင့်ပြီးနောက် နောက်တစ်နေ့တွင် ယှဉ်ပြိုင်မည့် တတိယအချီအတွက် ပြုလုပ်မည့်ဟင်းပွဲကို စဉ်းစားနေလိုက်သည်။


 ဒီတစ်ကြိမ်အရေးကြီးလှသောကြောင့် ယှဉ်ပြိုင်မှုပို၍ပြင်းထန်မည်မှန်းသူသိပေသည်။ကြည့်ရှုသူများကလည်း ပို၍ များပြားပေလိမ့်မည်။ထို့ကြောင့် အားလုံးကို တုန်လှုပ်သွားစေမည့် ဟင်းပွဲမျိုး ပြင်ဆင်သင့်သည်ဟု သူခံစားမိသည်။


"ဘယ်လိုဟင်းပွဲမျိုးကများ လူအကုန်လုံးကို အံ့အားသင့်သွားစေနိုင်မလဲ ..."


ထိုအရာက အရေးကြီးလှသည့် မေးခွန်းပင် ...


ပုဖန်သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ကစားရင်း အတွေးနက်နေမိသည်။


"ငါက အနံ့ဆိုးတဲ့ ဟင်းပွဲရော အနံ့မွှေးတဲ့ဟင်းပွဲရော လုပ်ပြီးသွားပြီဆိုတော့...မနက်ဖြန်ကျရင် စပ်တဲ့ တစ်ခုခု ချက်ကြတာပေါ့...