အပိုင်း ၅၀၂
Viewers 62k

အခန်း ၅၀၂

ငါ့ရဲ့ အချက်အပြုတ်ကျွမ်းကျင်မှုကို ထိရှ သွားတာလား...


ကြည့်ရှုနေသူအပေါင်းက ထိတ်လန့်အံ့သြသင့်နေကြသည်။သူတို့အားလုံး ပုဖန်၏ လှုပ်ရှားမှုများကြောင့် စွံ့အမှုနှင့်ရှုပ်ထွေးမှုကို ခံစားရလေသည်။


ဝဖြိုးလှသည့် အသားကို ပစ်လိုက်ပြီး ကြောက်စရာကောင်းသည့်ခေါင်းပိုင်းကိုသာ ယူထားလိုက်သည်။


ထိုခေါင်းကို ဘယ်လိုနည်းဖြင့် စားရမည်နည်း။ထိုခေါင်းက ကြည့်လို့ပင်မကောင်းပေ။


"ငားခေါင်းက ဖြူဖွေးနူးညံ့တဲ့ အသားထက် ပိုပြီး စွဲဆောင်မှုရှိလို့လား...ဒါက မြင်းအရှေ့မှာ လှည်းကိုထားလိုက်သလိုပဲ မဟုတ်ဘူးလား...ဒီစားဖိုမှူးက ချက်ပြုတ်ရတာ များလွန်းလို့ ကြောင်တောင်တောင်ဖြစ်သွားတာလား..."


ဒိုင်လူကြီးချုပ်လည်း စိတ်ရှုပ်ထွေးနေပေမယ့် တ်ိတိတ်ဆိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။သူက ပုဖန်ကို အသာအယာသာ စောင့်ကြည့်နေလိုက်၏။


ထိုကောင်လေးက အမှားများလုပ်ရန် စိတ်အားတက်ကြွနေမှတော့ သူကလဲ တခြားစားဖိုမှူးများကို ထိုသတင်းမျှဝေရန် တွန့်တိုနေမည်မဟုတ်ပေ။


သူ့အနေဖြင့် ပြောရမည်ဆိုလျှင်လည်း ဒီတစ်ချီ၌ ထိုစားဖိုမှူးကျဆုံးသွားသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။ထိုသို့သာဆိုလျှင် နောက်အကြိမ်များ၌ မည်သည့် မတော်တဆဖြစ်ရပ်မှ ဖြစ်လာတော့မည်မဟုတ်ပေ။


စင်ပေါ်တွင်ရှိနေကြသော ပြိုင်ပွဲဝင်အားလုံးကလည်း ပုဖန်ကို အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ကြသည်။


ပုဖန်ကျရှုံးတော့မည်ဟု ခံစားမိနေသည်။ပြောရမည်ဆိုလျှင် ပါဝင်ပစ္စည်းကို မှားယွင်းစွာ ရွေးချယ်လိုက်လေရာ ထိုအရာဖြင့် ဘာများချက်ပြုတ်နိုင်ပါဦးမည်နည်း။


သို့သော်လည်း သူတို့၏ အကာအကွယ်များကိုမူ လျှောမချလိုက်ပေ။သူတို့၏ နှာခေါင်းများကို ပိတ်ထားဆဲဖြစ်ပြီး ကြားဖြတ်ဝင်ရောက်နှောင့်ယှက်လာမည့် အန္တရာယ်များမှ ကာကွယ်ထားလိုက်သည်။


တစ်ဘက်တွင်မူ ပုဖန်က သူကိုကြည့်နေသည့်သူများ အမျိုးမျိုးအဖုံဖုံ တွေးတောနေကြသည်ကို မသိရှိပေ။အကယ်၍ သူသိရှိလျှင်လည်း ဂရုစိုက်လိမ့်မည်မဟုတ်ပေ။


ရုတ်တရက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက စွဲမက်ဖွယ်ကောင်းလှသော ရွှေပြားအသွင်ပြောင်းလဲသွားသလို ထင်လိုက်ရသည်။ဓားမှ နဂါးတစ်ကောင်၏ စွမ်းအားမျိုးထွက်ပေါ်လာလေသည်။


ထိုအချိန်ကျမှာသာလျှင် ကြည့်ရှုနေသူများကပုဖန်၏ ဓားကို သတိထားမိလာကြသည်။ထိုဓားက သာမန်ဓားတစ်လက်ဖြစ်ပုံမရပေ။သူ့၏ စွမ်းအားများက နတ်ဘုရားတစ်ပိုင်းလက်နက်များထက်ပင် အားကောင်းလှသည်။


ဒယ်အိုးကို အပူပေးရန် ကောင်းကင်ကမ္ဘာမြေမီးလျှံကို အသုံးပြုခဲ့ပြီး နတ်ဘုရားတစ်ပိုင်းလက်နက်ကိုလည်း မီးဖိုချောင်သုံးဓားအဖြစ် အသုံးပြုခဲ့သည်။


"ဒီစားဖိုမှူးက ကောင်းကင်ဘုံကို ကြွမြန်းတော့မှာလား...တကယ့်ကို ချမ်းသာတဲ့ သခင်လေးပဲ..."


သူက ပုံစံပြောင်းသွားသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို အသုံးပြု၍ ခေါင်းမှ အကြေးခွံများကို ချွတ်လိုက်သည်။ထို့နောက် သူ ခေါင်းကို ထက်ခြမ်းခြမ်းလိုက်၏။သို့သော်လည်း တိတိပပပိုင်းပြတ်သွားအောင် ခြမ်းလိုက်ခြင်းမဟုတ်ပဲ အလယ်မှ ပိုင်းဖြတ်၍ ပြားသွားအောင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။


ပြီးနောက် နွေဦးစမ်းရေဖြင့် သေချာစွာ ဂရုတစိုက်ဆေးကြောလိုက်သည်။ထို့နောက် စနစ်၏ သိုလှောင်နယ်မြေထဲမှ စိတ်ဝိညာဉ်ဆေးပင်များကို ထုတ်ယူလိုက်၏။


သူ ထိုဆေးပင်များကို ကြိတ်ခြေ၍ အရည်ညှစ်ပြီး ငါးတွင် သုတ်လိမ်းလိုက်သည်။အသားထဲသို့ သေချာစွာ စိမ့်ဝင်သွားစေရန်အတွက် သူအထူးနည်းလမ်းကို အသုံးပြု၍ ပွတ်လိုက်၏။


ထို့နောက် ကြိုတင်ပြင်ဆင်ထားသည့် ဇလုံကြီးထဲသို့ ထည့်လိုက်ပြီး အရသာအမှုန့်တစ်ချို့ထည့်ကာ နယ်လိုက်သည်။ ငါးခေါင်းကို ခဏမျှနှပ်ထားပြီးနောက် သူနုတ်နုတ်စင်းထားသည့် ငရုတ်သီးများနှင့်ရော၍ ထပ်နယ်လိုက်၏။


ငရုတ်သီးများ၏ အစပ်အနံ့ ထွက်ပေါ်လာလေသည်။


ငရုတ်သီး၏ အစပ်အခိုးအငွေ့များက သူမျက်လုံးနှင့် နှာခေါင်းများသို့ လာရောက်ရိုက်ခတ်လေသည်။အနားမှာရှိနေကြသော အဂ္ဂိရတ်ပညာရှင်များ၏ အမူအရာကလည်း တင်းမာသွားသည်။ဒီအချီက နောက်ဆုံးအကြိမ်ဖြစ်သောကြောင့် သူတို့အားလုံးအတွက် အလွန်အရေးကြီးပေသည်။


သူတို့ အနည်းငယ်မှပင် သတိလက်လွတ်မနေရဲပဲ အကောင်းဆုံးသက်စောင့်ဆေးကို ထုတ်ဖော်နိုင်ရန်အတွက် အားစိုက်ထားရသည်။သူတို့ ပုဖန်၏ ချက်ပြုတ်ခြင်းကို အနည်းငယ်မျှပင် ကြည့်ရှုရန်မဖြစ်နိုင်ပေ။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်ပြီး ထုံးစံအတိုင်း အသံမြည်အောင် ချလိုက်သည်။ထို့နောက် ကောင်းကင်ကမ္ဘာမြေမီးလျှ့ကိုမှုတ်ထုတ်၍ အပူပေးလိုက်သည်။တောက်ပလင်းလက်လှသော မီးလျှံလေးများက ကြည့်၍ပင်ကောင်းလှသည်။


သို့သော်လည်း ကောင်းကင်ကမ္ဘာမြေမီးလျှံကို သုံးခြင်းက ကြည့်၍ ကောင်းလှသော်လည်း တကယ့်ကို အလဟဿဖြုန်းတီးပစ်ခြင်းဖြစ်သည်။


ဒီမြင်ကွင်းကို မြင်တိုင်း ဒိုင်လူကြီးချုပ်က သွေးအန်မိမတက်ခံစားမိဆဲဖြစ်သည်။သူက ထိုကောင်လေးကို တကယ့်ကို ဆူပူရိုက်နှက်ပစ်ချင်လှသည်။


"တကယ်လို့ အဲ့ဒီကောင်းကင်ကမ္ဘာမြေမီးလျှံကိုသာ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို ပေးလိုက်မယ်ဆိုရင် တိမ်လေးစ အဂ္ဂိရတ်ပညာရှင်ဆစ်ယောက်ပေါ်ထွက်လာဖို့ မျှော်လင့်လို့ရတယ်..."


ဒိုင်လူကြီးက မျက်ထောင့်နီများဖြင့် ပုဖန်၏ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မလွှဲတမ်းကြည့်နေတော့သည်။ပုဖန်က ဒယ်အိုးထဲသို့ နွေဦးစမ်းရေများလောင်းထည့်လိုက်ပြီးနောက် စိတ်ဝိညာဉ်ဆေးပင်အဆီအနှစ်များကို ထည့်လိုက်သည်။


ထိုဆေးပင်များ၏ အဆင့်က အရမ်းမမြင့်မားပေ။အများစုက အဆင့် ၅ အဆင့် ၆လောက်သာဖြစ်သည်။သို့သော်လည်း ဆေးပင်အဆီအနှစ်များ ဒယ်အိုးထဲရောက်သွားသည်နှင့် သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များထွက်ပေါ်လာသည်။


ဒယ်အိုးထဲမှ ရေများဆူပွက်သည်နှင့် သူနောက်တစ်ဆင့်ကို စတင်လှုပ်ရှားလိုက်သည်။သူသေချာစွာပြင်ဆင်ထားသည့် ငါးခေါင်းကိုထည့်ထားသော ပေါင်းအိုးကို ယူလိုက်သည်။


သူ သေချာစွာနယ်ထားသည့် ငါးခေါင်း၏ ဘေးနားတွင် ငရုတ်အစိမ်း၊အနီများက ဝန်းရံနေလေရာ တကယ့်ကို မျက်စိမလွှဲနိုင်စရာ အရောင်ကောင်းလှသည်။


"သူက တကယ်ပဲ ငါးခေါင်းကို ချက်မှာလား..."


"ငါးခေါင်း... အဲ့ဒါစားလို့ကောရရဲ့လား... ပြီးတော့လည်း ငရုတ်သီးတွေက အရမ်းများတယ်..."


"ဒါက ဆိုးရွားတဲ့ ဟင်းပွဲများဖြစ်နိုင်မလား..."


"ကြည့်ရတာတော့ တော်တော်လေးကြောက်ဖို့ကောင်းတယ် အဲ့ဒါကို စားမယ့်အစားငါအသေပဲ ခံလိုက်မယ်..."


ပရိတ်သတ်များကြား၌ ကျယ်လောင်စွာဆွေးနွေးပြောဆိုသံများထွက်ပေါ်နေလေသည်။သူတို့က ပုဖန်ပြင်ဆင်သည့် ဟင်းပွဲက ထူးဆန်းသည်ဟု ထင်မြင်နေကြသည်


။ငါးခေါင်းပဲ ချက်သည်ကို မေ့ထားလိုက်လျှင်တောင်... အဘယ့်ကြောင့်ငရုတ်သီးများအများအပြားထည့်ရသနည်း။ယခုငရုတ်သီးများက ငါးခေါင်းတစ်ခုလုံးကို ဖုံးလွှမ်းနေပေပြီ။


ထိုဟင်းပွဲက စားလို့ပင်ရပါမည်လား...အရမ်းပဲ စပ်နေမည်မဟုတ်ဘူးလား...


တကယ်တမ်းတွင်လည်း ပုဖန်က အစပ်အရသာက်ို လိုအပ်နေခြင်းဖြစ်သည်။ပြောရမည်ဆိုလျှင် သူ့ဟင်းပွဲ၏ ခေါင်းစဉ်ကိုက အစပ်ဖြစ်သည်။


ပုဖန် ပေါင်းအိုးထုတ်ယူလိုက်သည်ကို မြင်သည်နှင့် ဒိုင်လူကြီး၏မျက်နာက လုံးဝ မပျော်မရွှင်ဖြစ်သွားလေသည်။သူက ယခုအခ်ျိန်တွင် ပေါင်းအိုးကိုပင်ကြောက်နေပေပြီ။ယခင်နေ့ကလည်း ပုဖန်က ပေါင်းအိုးကိုအသုံးပြု၍ ဂဏာန်းပေါင်းခဲ့သေးသည်။


ဒီနေ့ကော တူညီသည့်အများဖြစ်ပေါ်လာဦးမည်လား...လူများကို နောက်ထပ်စွဲဆောင်မှုရှိလှသော မွှေးရနံ့များ ပေါက်ကွဲထွက်လာဦးမည်လား...


ပလောက်...ပလောက်...


ဒယ်အိုးထဲတွင် အိုးအောက်ခြေမှ ရေငွေ့လေးများက ပွက်ပွက်ဆူလာပြီးနောက် အပေါ်သို့ ပျံတက်လာခါ ပေါင်းအိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။


ပုဖန်က ပေါင်းအိုးအပေါ်တွင် လက်တင်လိုက်ပြီးနောက် ဒယ်အိုးအောက်ခြေမှထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအင်များကို ပေါင်းအိုးထဲသို့ ဝင်ရောက်သွားအောင် ထိန်းကြောင်းပေးနေသည်။


"ထူးခြားတဲ့နည်းလမ်းပဲ..."


ဒိုင်လူကြီး၏ မျက်ဝန်းများက တောက်ပသွားသည်။သူပုဖန်ကိုသာ စူးစိုက်ကြည့်နေမိ၏။ပုဖန်၏ စိတ်စွမ်းအားလှည့်ပတ်မှုများက အလွန်ပင် လျှင်မြန်လှသည်ကို သူခံစားမိသည်။ကြည့်ရသည်မှာ တကယ့်ကို အံ့ဖွယ်ကောင်းလှသည့် ဟင်းတစ်ပွဲကို ချက်ရသည်မှာမလွယ်ကူပုံပေါ်သည်။


အချိန်များကုန်ဆုံးလာပြီးနောက် ကြည့်ရှုသူများလည်း ပျင်းရိလာကြသည်။ပုဖန်၏ လှုပ်ရှားမှုက စွဲဆောင်နိုင်သည်ဆိုသော်လည်း သူတို့ စိတ်လှုပ်ရှားမှုမရှိကြပေ။သူတို့ မြင်ချင်သည်က ဆေးမီးဖိုများ ပေါက်ကွဲမှုဖြစ်သည်။


"ဘယ်မှာလဲပေါက်ကွဲမှု..."


စင်ပေါ်မှ အဂ္ဂိရတ်ပညာရှင်များကသာပရိတ်သတ်များ၏ တောင်းတမှုကို သိလျှင် သွေးအန်ရပေလိမ့်မည်။


အချိန်တော်တော်ကြာပြီးနောက် ပရိတ်သတ်များက စတင်၍ စိတ်လှုပ်ရှားလာကြသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်က လှုပ်ရှားလာပေပြီ။သူဒယ်အိုးထဲမှ ပေါင်းအိုးကိုထုတ်လိုက်ပြီး စင်ပေါ်တင်လိုက်သည်။


"ထုတ်ပြတော့မှာလား..."


ဒါက သူတို့မျှော်လင့်နေသည့်အချိန်ပင်။ထိုစားဖိုမှူးက ငါးခေါင်းကို မည်သို့မည်ပုံချက်ပြုတ်ထားမည်ကို သိချင်လွန်းလှသည်။သို့သော်လည်း ပုဖန်က သူတို့မျှော်လင့်နေသလို မဖွင့်လိုက်ပဲ စနစ်၏ သိုလှောင်နယ်မြေထဲမှ သလင်းကျောက်ဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။


ထို့နောက် သူ မဟူရာလိပ်ခုံးဒယ်အိုးကိုသန့်ရှင်းလိုက်ပြီး ဆီအနည်းငယ်လောင်းထည့်လိုက်သည်။ထို့နောက် ပူစပ်စပ်ငရုတ်နှစ်ဘူးကို ဖွင့်လိုက်၏။ပြင်းထန်သော အစပ်ရနံ့က သူ့ကိုပင်တွန့်ဆုတ်သွားစေ၏။


ငရုတ်ဘူးထဲမှ ဇွန်းတစ်ဝက်ခပ်လိုက်ပြီး အိုးထဲသို့ ခေါက်ချလိုက်သည်။ခဏမျှစဉ်းစားပြီးနောက် နောက်ထပ်ဇွန်းတစ်ဝက်ထပ်ခပ်ကာ အိုးထဲသို့ ထပ်ထည့်လိုက်ပြန်သည်။


ဒီနေ့ ခေါင်းစဉ်ကိုက အစပ်ဖြစ်သည်။ထို့အပြင် သူက ထိုဟင်းကို စားမည့်သူလည်မဟုတ်လေရာ ဘာကြောင့် ငရုတ်သီးထပ်မထည့်ပဲ နေရမည်နည်း။


အိုးထဲသို့ ငရုတ်သီးထည့်လိုက်သည်နှင့် ရှဲခနဲ မြည်သံအကျယ်ထွက်ပေါ်လာသည်။သူအမြန်ပင် ငရုတ်နှစ်များကို မွှေလိုက်လေရာ ပူစပ်လှသည့် ရနံ့က လွင့်ပျံထွက်လာလေသည်။


ဒယ်အိုးထဲမှ ထွက်ပေါ်လာသော အပူငွေ့များကပင် အနီရောင်ဖျော့ဖျော့သန်းနေလေ၏။လေ၏ တိုက်ခိုက်မှုကြောင့် ထိုအစပ်ရနံ့များက စင်အောက်ဘက်ဆီသို့ လွင့်သွားလေ၏။ဒိုင်လူကြီးချုပ်ကလည်း ထိုအရောင်ရှိသော အငွေ့များကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။


ဒီစားဖိုမှူးက နတ်ဘုရားစွမ်းရည်ရှိတာလား...သူက အရောင်ရှိတဲ့ အခိုးအငွေ့တောင်ထုတ်နိုင်တယ်...နောက်ထပ်မွှေးရနံ့များဖြစ်နေမလား...


ထိုအစပ်အငွေ့များက သူ့နားသို့ရောက်လာသောအခါ ပုဖန်၏ စွမ်းရည်ကို ယုံကြည်သော ဒိုင်လူကြီးချုပ်က အသက်ပြင်းပြင်းရှိုက်လိုက်သည်။


"ဒီမွှေးရနံ့က..."


ဒိုင်လူကြီးက စွံ့အမှင်သက်နေလေသည်။ထိုရနံ့များသူ့၏ နှာခေါင်းထဲသို့ ဝင်ရောက်သွားသည်နှင့် မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားသည်။သူ့၏ နှာခေါင်းက စတင်လောင်ကျွမ်းလာသလို ခံစားရပြီး နှာခေါင်းတစ်ခုလုံး ရဲရဲနီသွားလေသည်။


"အား...ဒါဘာအနံ့ကြီးလဲ..."


ဒိုင်လူကြီးချုပ် ခေါင်းမော့လိုက်လေရာ သူ့၏ မျက်ဝန်းများက သွေးနီရောင်ရဲရဲနီနေပေပြီ။သူ့၏ အသားအရောင်ကလည်း မျက်လုံးဖြင့် မြင်နိုင်သော နှုန်းဖြင့် အနီရောင်ပြောင်းလာသည်။နှာခေါင်းကိုဖိကိုင်ထားလိုက်ပြီးအနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။


ထပ်...ထပ်...ထပ်...


သူ့၏နှာခေါင်းပင်မရှိတော့သလို ခံစားလိုက်မိ၏။မီးလောင်ကျွမ်းခံလိုက်ရသလို ရဲရဲနီလာပြီး အလွန်နာကျင်စွာ ခံစားရလေသည်။


ပုဖန်ကမူ အေးဆေးတည်ငြိမ်စွာပင် ငရုတ်သီးအနှစ်များကို ကြော်နေလိုက်သည်။


ရနံ့များက ပို၍ ပြင်းထန်လာသော်လည်း သူ့ကို သက်ရောက်မှုမရှိပေ။အဘယ့်ကြောင့်ဆိုသော် သူက မချက်ပြုတ်ခင်ထဲက ကြိုတင်ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။


"ဒီလူဘာတွေ ဖြစ်နေတာလဲ..."


ပုဖန်က သူ့၏ အဝတ်အစားများကို ဆွဲချွတ်ပစ်တော့မလို ဖြစ်နေသော ဒိုင်လူကြီးကိုကြည့်၍ အံ့အားသင့်နေမိသည်။


အစပ်ရနံ့များက ဆက်လက်၍ ပြန့်နှံ့နေပေသည်။


ပရိတ်သတ်များက သူတို့ဘက်ဆီသို့ ရနံ့များလွင့်လာသည်ကို မြင်လိုက်သောအခါ၌ အသားကုန်ရှုရှိုက်ရန်ပြင်ဆင်ထားလိုက်သည်။


"ဒီအနံ့ကဘယ်ကရလာတာလဲ...ပြီးတော့ ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်ပြင်းထန်ရတာလဲ..."


သတိထားမိသည့်အချိန်၌ အနံ့များက နှာခေါင်းပေါက်ထဲသို့ တိုးဝင်သွားပြီ ဖြစ်ပြီး သူတို့၏ မျက်နာများကို နီရဲလာစေပေပြီ။သူတို့၏ မျက်ဝန်းများကလည်း သွေးနီရောင်ပြောင်းသွားလေပြီ။နောက်ဆုံးတော့ ဒိုင်လူကြီးချုပ် ဘာကြောင့် အော်ဟစ်နေမှန်း သူတို့ သဘောပေါက်သွားလေပြီ။


ဒီအနံ့က...


 ခံစားရတာအရမ်းဆိုးတယ် ။


ဆိုးရွားလွန်းလို့ သူတို့ ငိုချင်နေပေပြီ။


"အဟွတ်...အဟွတ်...ဒီစားဖိုမှူးက သူတို့ကို သတ်ဖို့ ကြံစည်နေတာလား..."


"ပူတယ်...အရမ်းပူတာပဲ...ဒီအနံ့က သေနိုင်တယ်..."


"ငါက သူက်ိုအများကြီးယုံကြည်ထားတာ အဲ့ဒါကိုသူက ဒီလိုရနံ့မျိုးလုပ်လိုက်တယ်...ငါသူကို ထိုးပစ်လိုက်ချင်တယ်..."


ကြည့်ရှုသူများအားလုံးက သူ့ကို ဒေါသထွက်လာကြသည်။အဘယ့်ကြောင့်ဆိုသော် ထိုပြင်းထန်လှသည့် ရနံ့များကြောင့် သူတို့ ချောင်းအဆက်မပြတ်ဆိုးပြီး မျက်လုံးများနီရဲလာပေသည်။တစ်ချို့ဆိုလျှင် မျက်ရည်များပင် စီးကျလာလေသည်။


ထိုရနံ့က ပထမဦးစွာ ပူလောင်သည့်ခံစားချက်မျိုးကို ပေးစွမ်းသည်။ထို့နောက်သူတို့ကို သီးနင်စေသည်။ထိုခံစားချက်က အလွန်နာကျင်လှသည်။


သူတို့သူများကိစ္စတွေကို ဝင်ရောက်စွက်ဖက်လို့ အတုံ့အလှည့်ခံရတာများလား။


ဒိုင်လူကြီးကလည်း မျှော်လင့်ချက်များပျောက်ဆုံးသွားရသကဲ့သို့ပင် ခံစားလိုက်ရသည်။သူစိတ်ပျက်လက်ပျက်ပင် နေရာတွင်ပင်ထိုင်ချလိုက်သည်။ သူ့၏ မျက်ဝန်းမှလည်း ရေတံခွန်ကဲ့သို့ မျက်ရည်များစီးကျနေပေသည်။


တကယ်တမ်းတွင် အများဆုံးဒုက္ခရောက်နေကြသူများမှာဒိုင်လူကြီးမဟုတ်သလို ပရိတ်သတ်များလည်းမဟုတ်ကြပေ။စင်ပေါ်တွင် သူတို့၏ သက်စောင့်ဆေးဖော်စပ်နိုင်ရန် ကြိုးစားနေကြသည့် ပြိုင်ပွဲဝင်များပင် ဖြစ်သည်။


သူတို့၏ နှာခေါင်းများကိုပိတ်ဆို့ထားခဲ့သည်ဆိုသော်လည်း ပါးစပ်ကိုသုံး၍ အသက်ရှုနေပေးသေးသည်။ထို့နောက် ထိုအစပ်ရနံ့များက လေနှင့်အတူလွင့်ပါလာပြီး သူတို့၏ ပါးစပ်ထဲဝင်ရောက်သွားသည်။သူတို့၏ ပါးစပ်ထဲ မီးပူလောင်သွားသလို ခံစားလိုက်ရပြီး မျက်ဝန်းများပင် ပြူးကျယ်သွားလေသည်။


သူတို့အဆက်မပြတ် ချောင်းဆိုးလိုက်ကြပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကလည်း လှိုင်းထန်လာသည်။သူတို့က သက်စောင့်ဆေးများကို ကြိုးစားဖော်ထုတ်နေသလို သူတို့၏ မီးဖိုများမပေါက်ကွဲအောင်လည်း ထိန်းသိမ်းထားရဦးမည်ဖြစ်သည်။


ဘန်း...ဘန်း...ဘန်း...


ကံမကောင်းစွာပင် မကြာခင်မှာပင် စင်ပေါ်၌ ပေါက်ကွဲမှုများစတင်လာလေသည်။မြင်ကွင်းက အလွန်ပြင်းထန်လှသည်။


သို့သော်လည်း ယခုအချိန်၌မူ ပရိတ်သတ်များကလည်း ထိုမြင်ကွင်းကို မကြည့်နိုင်ပေ။အဂ္ဂိရတ်ပညာရှင်များက ထိုစားဖိုမှူးကို အဘယ့်ကြောင့် မကျေမနပ်ဖြစ်နေသည်ကို ယခုသူတို့နားလည်လာပေပြီ။သူတို့ကိုယ်တိုင်ကလည်း ထိုစားဖိုမှူးအား အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေပေပြီ။


ပုဖန်က ငရုတ်အနှစ်များကို ပျော်ဝင်သွားအောင် ဇွန်းဖြင့် ဖိချေနေလေသည်။


ထိုအခိုက် ...သူ ရှိုက်ငင်နေကြသော ပရိတ်သတ်များနှင့် ဒိုင်လူကြီးကိုကြည့်မိပြီး စိတ်ရှုပ်ထွေးသွားလေသည်။


လူတွေက ငါရဲ့ အချက်အပြုတ်စွမ်းရည်ကို ထိရှခံစားသွားကြရတာလား...ဒီလိုဆိုမှတော့ ဆက်ငိုကြ...


သူဇွန်း ကိုင်ထားရင်း ပေါင်းအိုးအဖုံးကို ဖွင့်လိုက်သည်။


ဖူး...


ရေနွေးငွေ့များက လျှင်မြန်စွာ မြင့်တက်လာလေသည်။ထိုးတက်လာသော အပူငွေ့များက လေထဲ၌ မှိုပွင့်သဏ္ဍာန်ပုံနှင့်ပင် တူနေလေသည်။ပုဖန်က မျက်မှောင်ပင် တစ်ချက်မကြုတ်ပဲ ဆူပွက်နေပြီဖြစ်သော ငရုတ်နှစ်များကို ခပ်ယူ၍ နုတ်နုတ်စင်းထားသော ငရုတ်သီးများပေါ်သို့ လောင်းထည့်လိုက်သည်။


ဝီ...


မမြင်နိုင်သော စွမ်းအင် လှ်ိုင်းများပင်ပြန့်နှံ့ထွက်လာလေသည်။ထိုအချိန်၌ ပေါင်းအိုးအတွင်းမှ စိုလဲ့သော အရောင်က ပို၍ပင်တောက်ပလာသည်။အစပ်ရနံ့ကလည်း ပို၍ သိပ်သည်းလာပြီး မုန်တိုင်းတစ်ခုကဲ့သို့ လွှမ်းခြုံသွားလေသည်။


ငရုတ်စိမ်း ငရုတ်နီများ ဖုံးလွှမ်းထားသော ငါးခေါင်းပေါ်သို့ နီရဲပူပြင်းသည့် ပူစပ်စပ်ငရုတ်ရည် လောင်းထည့်လိုက်သောအခါ ငါးအသားလေးများက အနည်းငယ်တုန်ခါသွားပြီး မွှေးပျံ့သော အစပ်ရနံ့ ပတ်ဝန်းကျင်ကို လွှမ်းခြုံလာလေသည်။


ကမ္ဘာကြီးဆီသို့ သူတို့၏ တောက်ပမှုကို ထုတ်ဖော်ပြနေသောပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ပင်။ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် မျက်လုံးများမှေးကျင်းလိုက်သည်။


"ငရုတ်စင်းကော ငါးခေါင်း... ပြီးသွားပြီ"