အပိုင်း ၅၀၃
Viewers 53k

အခန်း ၅၀၃

အပူအစပ်က မျက်နှာမလိုက်ဘူး...


စပ်ပြဲလန် ငရုတ်စင်းကောနှင့် အစပ်ရနံ့များထုံသင်းနေသည့် ငါးခေါင်း...


ထုံသင်းလှသော အစပ်ရနံ့များက လေထဲ မျောလွင့်နေသည်။ငါးခေါင်းအပေါ်တွင် ငရုတ်စိမ်း ငရုတ်နီများ ဒင်းကြမ်းဖုံးလွှမ်းနေခြင်းက ကြည့်၍ပင်ကောင်းလှသည်။


ပုဖန် သူ့ ဟင်းပွဲကို အလွန်စိတ်ကျေနပ်နေမိသည်။


ငါး၏ အသားလေးများက ကြည်လင်တောက်ပနေပြီး ဟင်းပွဲ၏ အပေါ်တွင်လည်း စိတ်ဝိညာဉ်စွမ်းရည်များလွင့်မျောနေသည်။သူ မီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်း၏ လက္ခဏာပင်ဖြစ်သည်။ပါဝင်သော စိတ်ဝိညာဉ်ဆေးပင်များ၏ အနှစ်သာရများကိုလည်း ငါးအသားမှ ကောင်းမွန်စွာ စုပ်ယူထားနိုင်ပေသည်။


သို့သော် စင်ပေါ်ရှ်ိ အဂ္ဂိရတ်ပညာရှင်များကမူ ပုဖန်၏ ဟင်းပွဲကို မုန်းနေကြပေပြီ။ထိုဟင်းပွဲမှ ထုတ်လွင့်လိုက်သော အစပ်ရနံ့များက လေထဲတွင် လွင့်ပါနေသည်။ထိုရနံ့များတွင်ပင် အစပ်အရသာပါ ယှဉ်တွဲပါနေ၏။ထိုအစပ်အရသာများက သူတို့၏ ဘေးပတ်လည်တွင်ဖုံးလွှမ်းနေပေသည်။


အဂ္ဂိရတ်ပညာရှင်များက အနံ့ခံနိုင်မှုမရှိအောင် သူတို့၏ နှာခေါင်းကို ပိတ်ထားသည်ဆိုသော်လည်း ပါးစပ်နှင့်အသက်ရှုနေတုန်းဖြစ်သည်။သူတို့ဖွင့်ဟလိုက်သည်နှင့် ထိုအစပ်အရသာများက ပါးစပ်ထဲ အလုံးအရင်းတိုးဝင်သွားပြီး လည်ချောင်းထဲသို့ စီးဝင်သွားသည်။


အဂ္ဂိရတ်ပညာရှင်များက သူတို့၏ ဆေးမီးဖိုများ ပေါက်ကွဲမသွားအောင် ထိန်းချုပ်တားဆီးလိုကြသည်။အစပ်ရနံ့များ သူတို့နှလုံးသားတစ်ခုလုံး ဖုံးလွှမ်းသွားမည်ကိုလည်း ကြောက်ရွံ့နေမိသည်။


"လခွမ်း ဒီကောင်က ဘာတွေ ချက်ပြုတ်နေပြန်တာတုန်း..."


ထိုခဏမှာပင် သူတို့လျှာများထုံကျင်လာသည်ကို ခံစားလိုက်မိသည်။သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်လောင်နေသော မီးတောက်များမှ ဝါးမြိုသွားသလို ခံစားမိသွား၏။


ဘန်း...ဘန်း...ဘန်း


ထို့နောက် မီးဖိုများပေါက်ကွဲသံကို ကြားလိုက်ရလေ၏။ဒီတစ်ကြိမ်၌ ပေါက်ကွဲသံများက တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာလေသည်။ပထမဦးဆုံး ထိန်းချုပ်မှုကို ဖွင့်လှစ်လိုက်သည်နှင့် ပေါက်ကွဲလာသလိုမျိုးပင်။အဂ္ဂိရတ်ပညာရှင်များက သူတို့၏ ဆေးမီးဖိုများကို အမှားနည်းသထက်နည်းအောင် ထိန်းချုပ်ထားကြသည်။


ပြောရမည်ဆိုလျှင်လည်း မည်သူမှ သူတို့၏ မီးဖိုများကို မပေါက်ကွဲစေလိုကြပေ။သို့သော်လည်း သူတို့၏ လျှာများလောင်ကျွမ်းသွားသလို ခံစားရပြီးနောက် စိတ်အာရုံကို ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပေ။


မျက်ဝန်းများနီလာပြီး မျက်နာပေါ်တွင် မျက်ရည်မိုးရွာသွန်းသကဲ့သို့ မျက်ရည်များစီးကျလာလေသည်။သူတို့၏ မျက်ရည်ကျသံကပင် ကျယ်လောင်နေပေသည်။သူတို့၏ နှလုံးသားထဲ၌လည်း နာကျင်ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး အသက်ရှုရန်ပင် ခက်ခဲလွန်းနေသည်။


"ကျဆုံးသွားပြီ...သူတို့ ကျဆုံးသွားပြီ..."


အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူ...


 တကယ်တမ်းတွင်လည်း ထိုနာမည်က အလကားသက်သက်မဟုတ်ပေ။ထ်ိုအစပ်အရသာလေးကပင် သူတို့ကို ကောင်းကင်ပော်ပို့ပေးနိုင်ပေပြီ။


ဒိုင်လူကြီးချုပ်ကလည်း ထိုကောင်လေးကြောင့် ငိုချင်နေပေပြီ။သူနှာခေါင်းထဲသို့ အစပ်ရနံ့များ ဝင်လာသည့်အချိန်ကထက်ပင် ပို၍ ငိုချင်နေပေပြီ။ထ်ိုအစပ်အရသာကိုရင်ထဲ အသည်းထဲမှာပင် မုန်းတီးနေမိသည်။သူလည်း အဂ္ဂိရတိပညာရှင်များကဲ့သို့ နှာခေါင်းကို အုပ်ထားလိုက်သော်လည်း အစပ်အခိုးအငွေ့များက သူ့၏ မျက်လုံးများ ပါးစပ်များထဲသို့ တိုးဝင်သွားလေသည်။မျက်ရည်များကလည်းမိုးရွာသွန်းသကဲ့သို့ အဆက်မပြတ်ကျဆင်းလာလေသည်။


"ဒါ ဘာလို့ အဲ့ဒီလောက်တောင် ခက်ခဲနေရတာလဲ သူမငိုချင်တာတောင်မှ ဘာလို့ မျက်ရည်ကို ရပ်တန့်လို့မရတာလဲ..."


ပထမပြိုင်ကွင်းတွင်ရှိနေကြသော ပရိတ်သတ်များကလည်း အံ့အားသင့်ထိတ်လန့်နေကြသည်။သူတို့က မျက်နာပေါ်တွင် ရှိနေသည့် ဘူးသီးလုံးလောက်မျက်ရည်များကို မျက်တောင်တဖျက်ဖျက်ခတ်၍ ဖယ်ရှားပစ်နေရသည်။


တစ်ချိန်တည်းမှာပင် စင်ပေါ်ရှိ မီးဖိုပေါက်ကွဲသွားသော အဂ္ဂိရတ်ပညာရှင်များကလည်း ငိုကြွေးနေကြလေသည်။


ဒိုင်လူကြီးက ငိုကြွေးရင်း မြေပြင်ပေါ် တွားသွားလိုက်သည်။အရမ်းစပ်လွန်းသောကြောင့် အသက်ပုံမှန်ပင် မရှုနိုင်တော့ပေ။


"ဘယ်လိုတွေ ဖြစ်ပျက်နေရတာလဲ..."


ထိုကဲ့သို့ ဖြစ်ပျက်နေမှုကြီးက တခြားပြိုင်ပွဲတွင်ရှိနေသော ပရိတ်သတ်များ၏ အာရုံကိုပင် ဆွဲဆောင်သွားလေသည်။သူတို့က သိချင်စိတ်အပြည့်ဖြင့် လှမ်းကြည့်လာကြသည်။ထိုမြင်ကွင်းကြောင့် သူတို့၏ မျက်နာပေါ်၌လည်း ထူးဆန်းသည့်အမူအရာများဖြစ်ပျက်သွားလေ၏။


"အဂ္ဂိရတ်ပညာရှင်တွေပဲ ငိုကြွေးနေတာမဟုတ်ပဲ...ပရိတ်သတ်တွေကလည်း ငိုနေတယ်...ဒိုင်လူကြီးချုပ်တောင်မှ ငိုနေသေးတယ်..."


" ဘာဖြစ်တာလဲ အဲ့ဒီမှာ အကြီးအကျယ် ဆုံးရှုံးပျက်စီးသွားတာလား..."


သိချင်စိတ်ပြင်းပြနေသော ပရိတ်သတ်များအားလုံးက အခြေအနေကို စူးစမ်းရန်အတွက် ပထမကွင်းရှိရာဆီသို့ လာခဲ့ကြသည်။ပရိတ်သတ်များ ပထမကွင်းသို့ ရောက်သည်နှင့် သူတို့လည်း စတင်ငိုကြွေးရလေသည်။ထိုအနံ့များက နှာခေါင်းမှတစ်ဆင့် သူတို့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားသည်။


သည်းမခံနိုင်စရာ လောင်ကျွမ်းသည့်ခံစားမှုမျိုးကို ခံစားလိုက်သည်။ထို့အပြင် အစပ်အခိုးအငွေ့များကလည်း သူတို့ မျက်ရည်လုံးထဲ တိုးဝင်သွားသည်နှင့် မျက်ရည်များ စီးကျလာတော့သည်။


လူအများအပြား ငိုကြွေးနေရသည့်အကြောင်းအရင်းကို သူတို့ သိသွားကြပေသည်။


ထိုအရာအားလုံးက အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူဖြစ်သော စားဖိုမှူးကြောင့်ပင်။


"ဒီအစပ်ရဲ့ ရနံ့က အရမ်းကြောက်ဖို့ကောင်းတယ်..."


 သူတို့ ထိုကဲ့သို့ အနံ့မျိုးတစ်ခါမှ မရဖူးပေ။ဒီအစပ်အနံ့က အနံ့ဖြင့်ပင် လူသတ်နိုင်ပေသည်။


အချိန်အတော်ကြာပြီးနောက် 


ဒိုင်လူကြီးလည်း မြေပြင်မှ ပြန်လည်ထရပ်နိုင်သွားသည်။သူ့၏ မျက်ဝန်းများကလည်း ငိုကြွေးထားရသောကြောင့် နီရဲဖောင်းမို့နေပေသည်။


သူ့နှာခေါင်းများက ရဲရဲနီနေပြီး မူးယစ်နေသည့်သူနှင့်ပင် တူလှသည်။သူ့၏ နှုတ်ခမ်းများကလည်း နီရဲရောင်ကိုင်းပြီး ပူနေလေသည်။သူမျက်နာပေါ်၌ မျက်ရည်များကို သုတ်လိုက်သည်။သူယခုချိန်၌ ပုဖန်ကို လည်ပင်းညှစ်သတ်ချင်စိတ်ပေါက်နေပေပြီ။


"ဒီကောင်လေးက ဒီလောက်လူအများကြီးကြားထဲမှာတောင် အဆိပ်အငွေ့တွေ ထုတ်လွင့်ရဲတယ်...ပြီးတော့ အရေးကြီးဆုံးက သူက ဒီအဆိပ်အငွေ့တွေ မထုတ်လွင့်ခင်မှာ တခြားသူတွေကို သတိပေးစကားတောင်မပြောခဲ့ဘူး..."


ဒိုင်လူကြီးက ထိုကောင်လေးကို အများကြီးယုံကြည်ပေးခဲ့သည်။မည်သို့ပင်ဆိုစေ ထိုကောင်လေးက မွှေးပျံ့သည့်အရာများသာချက်ပြုတ်လိမ့်မည်ဟု ထင်ခဲ့သည်။ယခုဘာများလုပ်ခဲ့သနည်း။


"ဒီလောက်စပ်နေရအောင် ဘယ်လိုငရုတ်သီးကိုများ သုံးခဲ့တာလဲ...ဘာကြောင့် အဲ့ဒီလောက်ထိ စပ်နေရတာလဲ..."


အစပ်နံ့များထွက်ပေါ်လာသည်နှင့် အဂ္ဂိရတ်ပညာရှင်များအားလုံး၏ ဆေးမီးဖိုများပေါက်ကွဲသွားခြင်းဖြစ်သည်။ဒီတစ်ကြိမ်၌ လွတ်မြောက်သည့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်မှမရှိခဲ့ပေ။ဒိုင်လူကြီးမင်းက ပုဖန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီးနောက် ဖြေးညှင်းစွာလျှောက်လာပြီး သူရှေ့၌ ရပ်လိုက်သည်။


ဒီနေ့ပြိုင်ပွဲက လုံးဝ ပျက်စီးသွားပြီ ဖြစ်ကြောင်း သူသိပေသည်။ယခင်နေ့က အောင်မြင်နိုင်ခဲ့သူ သုံးယောက်သာရှိသော်လည်း ဒီနေ့တွင် တစ်ယောက်သာရှိလေသည်။


ထိုတစ်ယောက်သောသူကလည်း အဂ္ဂိရတ်ပညာရှင်မဟုတ်ပဲ တရားခံဖြစ်သောစားဖိုမှူးသာဖြစ်လေသည်။


အဂ္ဂိရတ်ပညာရှင် တစ်ဖွဲ့လုံးကို စားဖိုမှူးတစ်ယောက်တည်းက ရိုက်ချပစ်လိုက်သည်။ဒါက အလွန်ရှက်စရာကောင်းလှသည်။


"အင်း ဝါဝွေ ရုပ်ရိုက်ရဲ ချိုရာ အင်းတိရား..."


ဒိုင်လူကြီးက ဒေါသတကြီးအော်လိုက်သော်လည်း သူ့၏ နှုတ်ခမ်းများ ရောင်ကိုင်းနေသောကြောင့် ဝေဝေဝါးဝါးအသံများသာ ထွက်ပေါ်လာသည်။သူစကားလုံးအနည်းငယ်ကို ကြိုးစားထိန်းချုပ်ပြီး ပြောလိုက်သည်။


သူ့ကိုယ်သူလဲ လည်း နောင်တရနေမိသည်။ဘာကြောင့်များ သူ ပုဖန်ရဲ့ လှည့်ကွက်တွေကို မတားဆီးခဲ့တာလဲ။


"ခင်ဗျား ဘာပြောလိုက်တာလဲ...သဲသဲကွဲကွဲ ပြန်ပြောပေးနိုင်မလား..."


ပုဖန်က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်ကြည့်ပြီး ပြန်မေးလိုက်သည်။ဒိုင်လူကြီးမင်းက မျက်လုံးပြူးကြည့်လိုက်ပြီးနောက် မသဲမကွဲ ပြန်ပြောလိုက်သည်။


"ခင်ဗျား ရှင်းရှင်းလင်းလင်းပြောလေ...ခင်ဗျားကမသဲမကွဲလုပ်နေရင် ခင်ဗျားဘာပြောချင်တယ်ဆိုတာကို ကျုပ်က ဘယ်လိုလုပ်နားလည်နိုင်မလဲ..."


ပုဖန်၏ စိတ်ရှုပ်ထွေးနေသော အမူအရာကိုကြည့်၍ ဒိုင်လူကြီးမင်း သွေးအန်ချင်စိတ်ပေါက်သွားသည်။သူ့၏ ပါးစပ်တွင် ရောင်နေခြင်းမဟုတ်ပဲ လျှာများပါ ထုံကျင်နေသောကြောင့် စကားပီပီသသမပြောနိုင်ပေ။


"ဒီလိုဆိုလည်း ငါ့ရဲ့ ဟင်းပွဲကိုသာ အဆုံးအဖြတ်ပေးပါတော့..."


ပုဖန်က ခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။ဒိုင်လူကြီးမင်းက တကယ့်ကိုငိုချင်နေပေပြီ။သူလည်း စိတ်လည်းမောပန်းနေပေပြီ။စကားပြောဖို့ မကြိုးစားတော့ပဲ အဆောင်ပြားကိုသာ ထုတ်ယူလိုက်သည်။ထို့နောက် အစစ်အမှန် စွမ်းအင်များကိုထည့်သွင်းလိုက်သည်နှင့် အဆောင်ပြားမှ အလင်းရောင်များ ထွက်ပေါ်လာသည်။


ကြီးမားသည့် အစီအရင်တစ်ခုပေါ်လာပြီးနောက် ငရုတ်စင်းကော ငါးခေါင်းဟင်းကို ဖုံးလွှမ်းသွားလေသည်။စင်အောက်မှ ပရိတ်သတ်များကလည်း အငိုတိတ်သွားပေပြီ ။တစ်ချို့က နှာရည်များကို သုတ်လိုက်ပြီး စင်ပေါ်မှ စစ်ဆေးမှုများကို ကြည့်ရှုနေကြသည်။


ထိုအစပ်၏ သက်ရောက်မှုကိုခံခဲ့ရသောကြောင့် တစ်ချို့က စိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။သို့သော်လည်း ထိုမျှပြင်းထန်သည့် အစပ်ရနံ့များထုတ်လွင့်နိုင်သည့် ဟင်းပွဲကိုလည်း သူတို့စိတ်ဝင်စားနေပြန်သေးသည်။


"ဒီဟင်းပွဲက တကယ်ပဲ ဖြတ်ကျော်နိုင်ဖို့ အရည်အသွေးပြည့်မီမလား..."


အဂ္ဂိရတ်ပညာရှင်များစွာလည်း တူညီသော ထိုအတွေးကိုသာ တွေးနေကြသည်။


"ဒီလောက်မျက်လုံးပူအောင် စပ်တဲ့ ဟင်းပွဲက တကယ်ပဲ အောင်မြင်နိုင်ပါ့မလား..."


သို့သော်လည်း မကြာခင်မှာပင် ထိုမယုံမကြည်ဖြစ်နေကြသော သူများအားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။အစီအရင်မှ ထွက်ပေါ်လာသော အလင်းရောင်များက မျက်စိကန်းမတက် တောက်ပလွန်းလှသည်။


ထိုအလင်းရောင်များကိုကြည့်ရုံဖြင့် ဟင်းပွဲတွင် ပါဝင်နေသည့် စိတ်ဝိညာဉ်စွမ်းအင်ပမာဏက သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။ထိုဟင်းပွဲတွင် သက်စောင့်ဆေးထက် စိတ်ဝိညာဉ် စွမ်းအင် ပမာဏ မြောက်များစွာ ပါဝင်ပေလိမ့်မည်။


"ဒီဟင်းပွဲက သက်စောင့်ဆေးထက်တောင် စိတ်ဝိညာဉ် စွမ်းအင်ပမာဏ ပိုများတယ်...တကယ်ပဲ သူချက်ခဲ့တာလား ဒါအရမ်းကြောက်ဖို့ကောင်းလွန်းတယ်..."


ဒိုင်လူကြီးမင်းလည်း ထွက်ပေါ်လာသော ရလဒ်ကို မယုံမကြည်ဖြင့် အံ့အားသင့်နေမိသည်။ပုဖန် ချက်သည့် ဟင်းပွဲ၌ ထိုမျှ စိတ်ဝိညာဉ်စွမ်းအင်ပမာဏ များစွာ ပါဝင်နေမည်ဟု မထင်ထားခဲ့မိပေ။


"မြည်းကြည့်ပါ...သူ့ရဲ့အရသာက တော်တော်လေးကောင်းတယ်...အကျိုးသက်ရောက်မှုကလည်း နည်းနည်းလေးမှ နောက်မကျစေရဘူး..."


ပုဖန်က ညှင်သာစွာ ပြောလိုက်သည်။ထ်ိုခဏ၌ ဒိုင်လူကြီးမင်း၏ နှလုံးသားက အကြမ်းပတမ်းခုန်လှုပ်သွားပြီး သူ သတိလစ်မတက်ပင် ဖြစ်သွားမိသည်။သူခေါင်းမော့ကြည့်လိုက်ရာ အားပေးတိုက်တွန်းမှုများပြည့်နေသည့် ပုဖန်၏ အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။


"မင်းက ဂျင်းထည့်နေတာလား...ဒီလို ဟာကို သူကော စားရဲလို့လား..."


ဟင်းပွဲမှ ထွက်ပေါ်လာသည့် ရနံ့ကပင် သူ့၏ မျှော်လင့်ချက်များကို ဆုံးရှုံးစေခဲ့သည်။အရသာကို မြည်းကြည့်ရမည်ဆိုလျှင် သူ့ဘဝအတွက်ပင် မေးခွန်းထုတ်ရပေလိမ့်မည်။


"ဒိုင်လူကြီးချုပ် ငါတို့မင်းကို ယုံကြည်တယ်..."


"ဟင့်...ရွှတ်... ရွတ်...အဲ့ဒါက အရမ်းစပ်တယ်..."


"စားလိုက်ပါ ဒိုင်လူကြီးချုပ် ငါတို့ ဒုက္ခရောက်တာကို အလဟဿမဖြစ်ပါစေနဲ့..."


"ဒီလောက်ငရုတ်သီးတွေ တအားများနေတာ ကြည့်ရတာနဲ့တင် ငါ့ရဲ့ ပါးစပ်တွေ ထုံကျင်နေပြီ..."


ပရိတ်သတ်များ၏ မျက်ဝန်းများက နီရဲတွတ်နေကြသော်လည်း သူတို့က မြင်းအီးပေါက်သလို တတွတ်တွတ်ပြောနေကြခြင်းဖြစ်သည်။သူတို့က ကြက်သွေးထိုးထားသကဲ့သ်ို့ တက်ကြွနေပေ၏။


ပျော်ပွဲရွှင်ပွဲတွင်ပါဝင်ဖို့ အလွန်ပင် စိတ်အားထက်သန်နေကြသည်။ပွဲကောင်းတစ်ခုကိုကြည့်ဖို့အတွက် ဒုက္ခသုတ္ခခံခဲ့ရလေရာ အဘယ့်ကြောင့် ပွဲမစခင် ထွက်ခွာသွားရမည်နည်း။


ထိုဟင်းပွဲ၏ အနံ့က မျက်ရည်ကျလောက်အောင်ပင် စပ်လေရာအကယ်၍ တစ်စုံတစ်ယောက်ကများ စားလိုက်ပါက ရူးသွပ်သွားမည်လား။


"စားကြည့်ပါ..."


ပုဖန်က ဒိုင်လူကြီးချုပ်ကို ချော့မော့သည့် လေသံဖြင့် ပြောလိုက်သည်။ထိုဒိုင်လူကြီးချုပ်က ဒီဟင်းပွဲကို စားပြီးလျှင် သူဆိူင်ကို အလကားကြော်ငြာတော့မည်မှန်း သူသိနေပေသည်။ကြော်ငြာပြီးလျှင်လည်း သူ့၏ စီးပွားရေးလုပ်ငန်းက ပို၍ လွယ်ကူစွာ လုပ်ဆောင်နိုင်ပေတော့မည်။


ဒိုင်လူကြီးချုပ်ကမူ တံတွေးမျိုချလိုက်သည်။သူ့စိတ်ထဲ၌မူ ပုဖန်၏ အကြံဉာဏ်ကို ငြင်းပယ်နေ၏။


ဘယ်လိုလုပ်များ ဒ်ီစကာတင် ရွေးချယ်ပွဲမှာ ဒိုင်လူကြီးလုပ်ဖို့ ဆန္ဒရှိခဲ့ရတာလဲ အခုတော့ သူ့၏ ဆုံးဖြတ်ချက်ကို သူနောင်တရနေပေပြီ။


သို့သော်လည်း နောင်တကို ကုစားနိုင်သည့် ဆေးမရှိပေ။အချိန်များနောက်ပြန်လှည့်၍ သူ့၏ ဆုံးဖြတ်ချက်ကိုလည်း မပြောင်းလဲနိုင်ပေ။ထို့ကြောင့် တုန်တုန်ရီဖြင့်ပင် တူတစ်စုံကို ကောက်ယူလိုက်သည်။


သူတကယ်ပဲ စားရတော့မှာလား...


သူက လက်တုန်တုန်ဖြင့်ပင် ငါးခေါင်းပေါ်မှ ငရုတ်ရည်များကို ဖယ်ရှားလိုက်သည်။ဟင်းအနှစ်ရည်ထဲတွင် ပေါလောပေါ်နေသည့် ငရုတ်နီနီများက သူဘေးဖယ်လိုက်သည်နှင့် ရနံ့ပြင်းပြင်းများ ထုတ်လွင့်လာလေသည်။ထိုရနံ့များက သူ့နှာခေါင်းထဲ တိုးဝင်သွားသည်နှင့် ဒိုင်လူကြီး၏ မျက်ဝန်းများက တောက်ပသွားသည်။


ထိုရနံ့တွင်အစပ်အရသာများပါဝင်နေဆဲဖြစ်သော်လည်း တကယ်တမ်းအနားရောက်ချိန်၌ အစောကလောက် ကြောက်စရာမကောင်းပေ။အနည်းငယ် အားတင်း၍ ငါးအသားလေးကို တူဖြင့် ညှပ်ယူလိုက်သည်။အပူငွေ့လေးများထွက်နေဆဲဖြစ်သည့် ငါးအသားက အလွန်ပင် နူးညံ့ပျော့ပျောင်းနေကြောင်း မြင်နိုင်ပေသည်။


သူ့၏ တူကြားမှ ငါးအသားလေးက သလင်းကျောက်ကဲ့သို့ပင် ကြည်လင်တောက်ပနေပြီး အနည်းငယ် တုန်ခါနေ၏။ ပြည့်ဝလှသော စိတ်ဝိညာဉ်စွမ်းအင်များကလည်း ထ်ိုဟင်းပွဲ၏ ပတ်ပတ်လည်လည်တွင် ရစ်ဝဲနေ၏။ကြည့်ရသည်မှာ အရသာက ကောင်းမည့်ပုံပေါ်လေသည်။


ဒိုင်လူကြီးချုပ်က ငါးအသားဖတ်ကိုကြည့်၍ အံ့အားသင့်နေမိသည်။ထိုငါးအသားက ငရုတ်သီးများ၏ သက်ရောက်မှုမရှိပဲ လုံးဝ ဖြူဖွေးနူးညံ့နေလေသည်။သူ အသားဖတ်ကို ပါးစပ်ထဲထည့်လိုပ်သည်နှင့် နွေးထွေးသည့် စွမ်းအင်စီးကြောင်းများ ပြန့်ထွက်လာသည်။အသားက တကယ့်ကို နူးညံ့နေပေသည်။


လှုပ်ရှားမှုများက ရပ်တန့်သွားသလိုပင်ထင်ရသည်။ငါးအသားဖတ်က သူ့၏ လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲသို့ လျှောကျသွားသည်နှင့် တစ်ပြိုင်နက် သူ့ပါးစပ်ထဲတွင် မွှေးပျံ့လှသောရနံ့နှင့်အတူ အလွန် ပြင်းထန်သည့် အစပ်ရနံ့များ ပေါက်ကွဲထွက်ပေါ်လာသည်။


သူပါးစပ်ထဲမှ အစပ်၏အရသာက သီးနင်သွားခြင်းမရှိသလို ရနံ့ကလည်း ကသ်ိကအောင့် ဖြစ်မသွားစေပေ။သူ တောက်လောင်နေသည့် ပူလောင်မှုကို ခံစားလိုက်ရပြီးနောက် သူ့၏ အရိုးအဆစ်များအားလုံးက အလွန်ပင် သက်တောင့်သက်သာရှ်ိသည့် နည်းဖြင့် ပွင့်ထွက်သွားလေသည်။


"ဒါက အရမ်းအရသာရှိတယ်..."


ဒိုင်လူကြီး၏ မျက်ဝန်းများက လင်းလက်တောက်ပသွားသည်။ပုဖန်လုပ်ထားသည့်ဟင်းပွဲက သူမျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။


ထိုဟင်းပွဲမှ ထွက်ပေါ်လာသော အစပ်ရနံ့များကိုလည်း ရုတ်တရက် လက်ခံရမခက်ခဲတော့သည်ကို တွေ့လိုက်ရသည်။နောက်ထပ်ငါးအသားတစ်ဖတ်ကို ကောက်ယူ၍ ပါးစပ်ထဲထည့်လိုက်ပြန်သည်။


ငါးအသားတွင် မွှေးပျံ့မှုနှင့် အစပ်အရသာ အချိုးကျပါဝင်နေသည်။ငါးအသားထဲ စိမ့်ဝင်နေသော အစပ်အရသာကလည်း နူးညံ့ပျော့ပျောင်းလှသည်။ပရိတ်သတ်များက ပို၍ စားလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်နေသော ဒိုင်လူကြီး၏ အမူအရာကိုကြည့်၍ အံ့အားသင့်သွားကြသည်။


"ဟေး ... ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ...ဒာက ဇာတ်ညွှန်းနဲ့မတူတော့ဘူး..."


"ဒီဟင်းပွဲက အရမ်းစပ်ရမှာမဟုတ်ဘူးလား...သူကဘယ်လိုဖြစ်လို့ စိတ်လှုပ်ရှားနေရတာလဲ..."


"စားနေတာကိုလည်း ကြည့်ပါဦး ဒီဟင်းပွဲက လုံးဝ မစပ်တဲ့ပုံပဲ..."


ထန်...


ဒိုင်လူကြီးက ငရုတ်စင်းကော ငါးခေါင်းကို ပျော်ပျော်ကြီးစားနေသည့်အချိန်မှာပင် ပုဖန်က သူ့၏ ဆိုင်းဘုတ်ကိုထုတ်ယူ၍ စင်မြင့်နှင့် ရိုက်လိုက်သည်။ထို့နောက် တည်ကြည်လေးနက်လှသော မျက်နာထားဖြင့် သူ့ဆိုင်ကိုစတင်၍ ကြော်ငြာလေတော့သည်။


ယခုအချိန်၌ ပရိတ်သတ်များကလည်း ပုဖန်၏ ကြော်ငြာများနှင့် ရင်းနီးနေပေပြီ။ထိုလူက ပြိုင်ပွဲတိုင်း သူ့၏ ကြောငြာမှုကို ကျိန်းသေပေါက်လုပ်ပေလိမ့်မည်။ယခုလက်ရှ်ိအချိန်တွင် တိမ်ခိုးစားသောက်ဆိုင်၏ တည်ရှိမှုကို လူများစွာသိရှိနေပေပြီ။


ဒီပြိုင်ပွဲကြီးပြီးသွားသည်နှင့် မြူကောင်းကင်မြို့အတွင်းမှ တိမ်ခိုးစားသောက်ဆိုင်၏ ဂုဏ်သတင်းက တရှိန်ထိုး ကျော်ကြားလာပေလိမ့်မည်။


စကာတင် ရွေးချယ်ပွဲ တတိယအကြိမ်ပြီးဆုံးသွားပေပြီ။ပထမပြိုင်ကွင်း၌ ပုဖန်ကသာလျှင် တစ်ဦးတည်းသော အရည်အချင်းပြည့်မီသူ ဖြစ်သည်။


ထိုကဲ့သို့ ဖြစ်ပျက်သွားလိမ့်မည်ဟု သူတို့မျှော်လင့်ထားခဲ့ပြီဖြစ်သော်လည်း တကယ်တမ်း တစ်ယောက်တည်းဖြတ်ကျော်သွားချိန်မှာတော့ အံ့အားသင့်မိတုန်းပင်ဖြစ်သည်။နောက်ဆုံးစကာတင် ရွေးချယ်ပွဲ ပြီးဆုံးသွားသည်နှင့် ရင်ပြင်ကျယ်၏ လေထုကလည်း ပြောင်းလဲသွားပေသည်။


....


ကောင်းကင်ယံ၌ ...


နေ၏ အလင်းရောင်ကိုပင် ပိတ်ဆို့ထားနိုင်သော ကြီးမားလှသောစစ်သင်္ဘောကြီးများ နေရာအနှံ့အပြားမှ ထွက်ပေါ်လာလေသည်။စစ်သင်္ဘောများမှ ဖိနှိပ်နိုင်စွမ်းသော အော်ရာများလည်း ထုတ်လွင့်နေလေသည်။


ထိုစစ်သင်္ဘောကြီးများအတွင်းမှ လူအနည်းငယ်လျှောက်ထွက်လာလေသည်။