အပိုင်း ၅၀၄
Viewers 62k

အခန်း ၅၀၄

စိတ်ပျက်ဝမ်နည်းနေသော ဒိုင်လူကြီးချုပ်


ကောင်းကင်ထက်တွင် ပြင်းထန်လှသော အော်ရာများ ထုတ်လွင့်နေသည့် ကြီးမားလှသော စစ်သင်္ဘောကြီးများ ရွေ့လျားလာနေသည်။တိမ်များကို ဖြတ်၍ ရွက်လွှင့်လာပုံက အလွန်ကြည့်လို့ကောင်းလှ၏။


စစ်သင်္ဘောကြီးထဲမှ လူတစ်ချို့၏ ပုံရိပ်ထွက်ပေါ်လာသည်။ထိုလူများက သာမန်အဂ္ဂိရတ်ပညာရှင်များနှင့် ကွဲပြားခြားနားသော ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။သူတို့၏ ဝတ်ရုံက အဆင့်အတန်းမြင့်လှသော ပစ္စည်းများကို အသုံးပြု၍ ပြုလုပ်ထားသောကြောင့် အတော်လေး သာမန်ထက်ထူးခြားနေလေသည်။


ဝတ်ရုံပေါ်တွင် သေးငယ်သော အဖြူရောင်တိမ်ပုံစံလေးများ ရေးဆွဲထားသည်။ထိုပုံစံကိုကြည့်ရသည်မှာ လေထဲတွင် မျောလွင့်နေသလိုပင်ထင်ရသည်။


ထိုလူများက ပြိုင်ပွဲကို သုံးသပ် ဆုံးဖြတ်ပေးမည့် တိမ်လေးစ အဂ္ဂိရတ်ပညာရှင်များဖြစ်ကြသည်။သူတို့အားလုံးက ဆေးနန်းတော်တွင် မြင့်မားသော အဆင့်အတန်းရှိရုံသာမက ဒီပဉ္စလက်စုဝေးပွဲတွင်လည်း အာဏာရှိသော သူများဖြစ်သည်။


တစ်ယောက်ချင်းစီကလည်း ဆေးမြို့တော်အသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်သည်။သူတို့၏ ပုံရိပ်က ပညာရှိများကဲ့သို့ ဝင့်ကြွားလှပြီး မသေမျိုးနတ်ဘုရားများနှင့် ဆင်တူလှသည်။


ထိုသူများထဲတွင် မြူကောင်းကင်မြို့မှ တိမ်လေးစ အဂ္ဂိရတ်ပညာရှင်လည်း ပါဝင်နေသည်။ထိုသူက မြူကောင်းကင်မြို့တွင် အသန်မာဆုံးဖြစ်သော တိမ်လေးစ အဂ္ဂိရတ်ပညာရှင် မဟာသခင် ရွှမ်မင် ဖြစ်သည်။


စကာတင်ရွေးချယ်ပွဲ အဆုံးသတ်သွားပြီးနောက် ထိပ်ဆုံးအယောက်၁၀၀၏ နာမည်များကို ထုတ်ဖော်ပြသခဲ့သည်။ထိုသူများက ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်သည်။


ဒိုင်လူကြီးများက စီစစ်ပြီးနောက် ထိုအယောက် ၁၀၀က အဓိက စင်မြင့်ဆီသို့ လျှောက်သွားလေသည်။ပရိတ်သတ်များကလည်း ဆူညံကျယ်လောင်စွာ အော်ဟစ်နေကြသည်။


သူတို့က ထိုကြီးကျယ်မြင့်မြတ်သော အဂ္ဂိရတ်ပညာရှင်များကိုကြည့်၍ စိတ်လှုပ်ရှားမှုများ မထိန်းချုပ်နိုင်ကြတော့ပေ။ထိုသူများက သူတို့၏ စံပြပုဂ္ဂိုလ်များပင်ဖြစ်သည်။


အဂ္ဂိရတ်ပညာ သန်မာအားကောင်းသည့် သူတစ်ယောက်က ဆေးနန်းတော်တွင်လည်း ပိုမိုမြင့်မားသည့် အဆင့်အတန်းတစ်ခုရှိနေပေလိမ့်မည်။ဆေးနန်းတော်၌လည်း တိမ်ငါးစ အဂ္ဂိရတ်ပညာရှင်များက လွန်စွာ ရှားပါးလှပြီး တစ်ယောက်ချင်းစီတိုင်းကလည်း ကျော်ကြားကြသည်။


........


ဒိုင်လူကြီးချုပ်က ပုဖန် ပြိုင်ပွဲသို့ တက်ရောက်နိုင်သည်ဟု ကြော်ငြာလိုက်ပြီးနောက် ခေါင်းငုံ့၍ သူ့၏ ငရုတ်စင်းကော ငါးခေါင်းဟင်းကို ပြန်လည်ဆက်စားနေသည်။


နဖူးမှ ချွေးများ စီးကျနေပြီး သူ့၏ မျက်နာပြင် နီရဲနေပေပြီ။သူ့နှုတ်ခမ်းကလည်း မီးလောင်ထားသကဲ့သို့ပင် ပူလောင်ပြီး ရောင်ကိုင်းနေသည်။သို့သော်လည်း သူမရပ်တန့်နိုင်ပေ။


အံ့သြဖွယ်ရာ အရသာက မူးယစ်ဆေးဝါးတစ်မျိုးကဲ့သို့ပင် သူကို လုံးဝ ချုပ်ကိုင်ထားပေသည်။ဒိုင်လူကြီးမင်းက ထိန်းချုပ်မှု ကင်းလွတ်နေပုံဖြင့် သူ့၏ နှုတ်ခမ်းထောင့်မှ စီးကျနေသော ဆီများကိုပင် လျှာဖြင့် လျက်လိုက်သည်။ 


အစပ်ရနံ့များက လေထဲ ပြည့်နှက်နေတုန်းဖြစ်သည်။ပရိတ်သတ်များ၏ မျက်နာပေါ်တွင်လည်း ကြောင်အနေသည့် အမူအရာက အထင်အရှားပေါ်လွင်နေသည်။အစပ်ရနံ့များက သူတို့အပေါ် ဆိုးကျိုးမရှိတော့ပုံရလေသည်။


သူတို့အငမ်းမရ စားနေသော ဒိုင်လူကြီးကိုကြည့်လေလေ ပို၍ပင်ထိန်းချုပ်မှု ခက်ခဲလာလေလေဖြစ်ပြီး နှုတ်ခမ်းများပင် သပ်လိုက်မိသည်။ထိုဟင်းပွဲက အရမ်းကို အရသာရှိပုံပေါ်လေသည်။


"ဒိုင်လူကြီးချုပ် ခင်ဗျားဘာလုပ်နေတာလဲ...ဒီမှာ အကဲဖြတ်စစ်ဆေးသူတွေက ပြိုင်ပွဲကိုကျော်ဖြတ်နိုင်တဲ့ သူတွေ အဓိကစင်မြင့်မှာ လာရောက်စုဝေးဖို့ ပြောနေပြီ..."


တခြားဒိုင်လူကြီးတစ်ယောက်က ဒိုင်လူကြီးချုပ်ဆီသို့ လျှင်မြန်စွာ အော်ပြောလိုက်သည်။


ထိုစကားကိုကြားလိုက်သောအခါ ဒိုင်လူကြီးချုပ်က ခဏမျှ တောင့်တင်းသွားပြီးနောက် သူ ခေါင်းမြန်မြန်မော့ကြည့်လိုက်သည်။ကောင်းကင်ထက်မှ တိမ်လေးစ အဂ္ဂိရတ်ပညာရှင်များကို ကြည့်လိုက်ပြီးနောက် သူ့၏ မျက်နာအမူအရာက လေးနက်သွားသည်။


"မြန်မြန်လုပ် အဓိက စင်မြင့်ဆီကို သွားမယ် ငါ့နောက်ကိုလိုက်ခဲ့..."


ဒိုင်လူကြီးချုပ်က ပုဖန်ပြန်ပြောသည်ကို မစောင့်နေပဲ သူ့၏ ပါးစပ်ကို လျှင်မြန်စွာ သုတ်လိုက်သည်။ထို့နောက် ပုဖန်ကို ဆွဲခေါ်၍ အဓိက စင်မြင့်ဆီသို့ ဦးတည်လိုက်သည်။


ပုဖန်က ရွံရှာစွာဖြင့် ထိုဒိုင်လူကြီးမင်း၏ ဆီပေနေသည့် လက်ကို ရ်ိုက်ထုတ်လ်ိုက်သည်။ထို့နောက် သူ့၏ ဆိုင်းဘုတ်ကြီးကို ကောက်ယူလိုက်ပြီး စင်ပေါ်မှ လျှောက်ထွက်လာခဲ့သည်။


ဒိုင်လူကြီးမင်းက အသာအယာပင် ပြုံးလိုက်ပြီးနောက် ပုဖန်နောက်က လိုက်လာခဲ့သည်။


စင်ပေါ်၌ ကြေကွဲငိုကြွေးနေကြသော အဂ္ဂိရတ်ပညာရှင်များသာ ကျန်ခဲ့လေသည်။


ပုဖန်ထွက်သွားပြီးနောက် လူစုလည်း ပြိုကွဲသွားသည်။သူတို့ကလည်း ပထမပြိုင်ပွဲမှနေ၍ ပင်မပြိုင်ကွင်း ဆီသို့ ရွေ့သွားလေသည်။


......


ပင်မစင်မြင့်က ရင်ပြင်ကျယ်၏ အလယ်ဗဟိုတည့်တည့်တွင်တည်ရှိသည်။ထိုစင်မြင့်က အလွန်ကြီးမားပြီး ရင်ပြင်နေရာတော်တော်များကို ယူထားလေသည်။


စင်၏ အောက်ခြေ၌ လူများစုရုံး ရောက်ရှိလာကြသည်။မကြာခင်မှာပင် စင်ပတ်ပတ်လည်၌ ငါးသေတ္တာဘူးကဲ့သို့ ပြည့်ကျပ်သွားလေသည်။စကာတင်ရွေးချယ်ပွဲ ပြီးဆုံးသွားသည်နှင့် လူအများက ပဉ္စလက်ပြိုင်ပွဲကို ပို၍ ဂရုစိုက်လာကြသည်။


လေထဲတွင်ရှိနေသော စစ်သင်္ဘောဆီမှ တိမ်လေးစ အဂ္ဂိရတ်ပညာရှင်အနည်းငယ် ထွက်ပေါ်လာပြီး စင်မြင့်ထက်ဆီသို့ ညှင်သာစွာ ဆင်းသက်လာကြသည်။သူတို့၏ ခြေထောက်နှင့် စင်မြင့်ထိလိုက်သည်နှင့် ပတ်ပတ်လည်၌ အစီအရင်တစ်ခု ဖုံးလွှမ်းလာသည်။အစီအရင်မှ အလင်းရောင်များက စက်ဝိုင်းတစ်ခုကဲ့သို့ စတင်လည်ပတ်လာပြီး လူအများ၏ အာရုံစိုက်စရာ ဖြစ်လာလေသည်။


အစီအရင်က ပုံရိပ်လွှဲပြောင်းအစီအရင်တစ်ခုဖြစ်သည်။အစီအရင်ထဲ၌ရှိနေသော ပုံရိပ်အမျိုးမျိုးကို သိမ်းဆည်းထားပြီးနောက် မြို့အသီးသီးမှာရှိနေသော ဆေးနန်းတော်များဆီသို့ ပြန်လည်လွှဲပြောင်းပေးလေသည်။အလွန်ထူးခြားဆန်းကြယ်လှသည့် နည်းလမ်းပင်ဖြစ်သည်။


ထိုသို့ပြုလုပ်လိုက်လေရာ အကြောင်းအမျိုးမျိုးကြောင့် မြူကောင်းကင်မြို့သို့ မရောက်လာနိုင်သူများလည်း ပဉ္စလက်စုဝေးပွဲကို ကြည့်ခွင့်ရသွားလေပြီ။


အကဲဖြတ်လူကြီးမင်းများ၏ အကြည့်များက ရံဖန်ရံခါ၌ စင်မြင့်ပေါ်သို့ တက်လာသော ငယ်ရွယ်သည့် အဂ္ဂိရတ်ပညာရှင်များဆီသို့ ရောက်သွားတက်သည်။


စင်ပေါ်မှအဂ္ဂိရတ်ပညာရှင်များက ထိုလူငယ်များကို ခေါင်းညိတ်ပြ၍ သူတို့အချင်းချင်း စကားပြောဆိုနေကြလေသည်။ရုတ်တရက် စကားဝိုင်းအတွင်းမှ တိမ်လေးစ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က ခပ်လှမ်းလှမ်းဆီသို့ သင်္ကာမကင်းဟန်ဖြင့် လှမ်းကြည့်လိုက်သည်။


သူ့၏ အာရုံကို ဆွဲဆောင်လိုက်သော ပုံရိပ်တစ်ခုက ပင်မစင်မြင့်ဆီသို့ လျှောက်လှမ်းလာနေပေပြီ။ထိုသူက ကြီးမားလှသော ဆိုင်းဘုတ်ကိုကိုင်ထားသည့် လူတစ်ယောက်ဖြစ်သည်။


"အဲ့ဒီ အဂ္ဂိရတ်ပညာရှင်က ဘယ်မြို့ကလဲ...သူက ဘာကြောင့် စင်ပေါ်ကို ဆိုင်းဘုတ်ကြီးယူလာရတာလဲ..."


တိမ်လေးစ ပညာရှင်က ဇဝေဇဝါဖြင့် မျက်မှောက်ကြုတ်၍ မေးလိုက်မိသည်။သူ တဖြေးဖြေးနီးကပ်လာသော ပုံရိပ်ကို သေချာစွာကြည့်လိုက်သောအခါ ထိုလူငယ်၏ မျက်နာကို မရင်းနီးဖြစ်နေလေသည်။


"အဲ့ဒီကောင်လေးက တောက်ပကောင်းကင်မြို့က အဂ္ဂိရတ်ပညာရှင်မဖြစ်နိုင်ဘူး...ဒီလူအိုကြီးက အခုပြိုင်ပွဲလာကြတဲ့ တောက်ပကောင်းကင်မြို့က အဂ္ဂိရတ်ပညာရှင်တိုင်းကို မှတ်မိတယ်..."


တောက်ပကောင်းကင်မြို့ကတိမ်လေးစ အဂ္ဂိရတ်ပညာရှင် မဟာသခင် ယောင်ကွမ်းက ပြောလိုက်သည်။


"ဟေး...သူကငါတို့ ကောင်းကင်ဆေးမြို့တော်ကလည်း မဟုတ်ဘူးနော် ကြည့်ရတာတော့ သူက ရွှမ်မင်တို့ရဲ့ မြူကောင်းကင်မြို့ ဆေးအဆောက်အဦးကပဲဖြစ်မယ်...ဘယ်ကပဲ ဖြစ်ဖြစ်ပါ အဲ့ဒီကောင်လေးကဆိုင်းဘုတ်ကြီး စင်ပေါ်သယ်လာပြီး ဘာလုပ်မလို့တုန်း..."


မဟာသခင် ကုဟယ်က ရယ်မောပြောဆိုလိုက်သည်။


မဟာသခင်ရွှမ်မင်ကလည်း ထိုလူငယ်၏ မျက်နာကို သေချာစွာ စိုက်ကြည့်လိုက်ပြီးနောက် ဖြေးညှင်းစွာ ခေါင်းခါယမ်းလိုက်သည်။


"မဖြစ်နိုင်ဘူး...သူက ငါတို့ မြူကောင်းကင်မြို့က အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူး..."


သူက မြူကောင်းကင်မြို့က မဟုတ်သလို တောက်ပကောင်းကင်မြို့နှင့် ဆေးမြို့တော်တို့က အဂ္ဂိရတ်ပညာရှင်များ မဟုတ်လေရာ ဒါဆိုရင် သူဘယ်ကလဲ။


တိမ်လေးစ အဂ္ဂိရတ်ပညာရှင်များ ခဏမျှကြောင်အသွားပြီးနောက် တစ်ယောက်ကို တစ်ယောက် ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။


"ဖြစ်နိုင်တာက ဒီလူငယ်လေးက ထူးခြားတဲ့ ပါရမီရှိတဲ့ သူများလား ...ဒါဆိုရင် ဒီပြိုင်ပွဲမှာ ထူးခြားတဲ့ ပါရမီရှိတဲ့ တစ်ယောက်ယောက်ကများ ထိပ်သီး အယောက်တစ်ရာထဲကို ဝင်နိုင်ခဲ့တာလား..."


တိမ်လေးစ အဂ္ဂိရတ်ပညာရှင်များက လေအေးတစ်ချက်ရှုရှိုက်လိုက်ပြီးနောက် ပုဖန်ကို စူးစမ်းသည့်အကြည့်များနှင့် အကဲခတ်လိုက်သည်။ထူးခြားသည့် ပါရမီရှိသော စွမ်းဆောင်ရည်ရှိသည့် လူတစ်ယောက်က မြို့သုံးမြို့မှ အဂ္ဂိရတ်ပညာရှင်များအားလုံးကို ဖြတ်ကျော်၍ ထိပ်သီး အယောက်တစ်ရာထဲ ဝင်လာခဲ့သည်ဆိုလျှင် သူက မြင်ရနေသလောက် မရိုးရှင်းတော့ပေ။


တိမ်လေးစ အဂ္ဂိရတ်ပညာရှင်များ၏ စိတ်ထဲ၌ အသိအမှတ်ပြု တန်ဖိုးထားသည့်ခံစားချက်များပေါ်ပေါက်လာသည်။အကယ်၍ ပုဖန်က ထိပ်ဆုံး အယောက်တစ်ရာအတွင်း မည်ကဲ့သို့ ဝင်ရောက်လာသည်ကို သိခဲ့ပါက အသိမှတ်ပြု တန်ဖိုးထားမည့်အစား သတ်ချင်စိတ်များ ဖြစ်ပေါ်လာနိုင်ပေသည်။


....


ဒိုင်လူကြီးချုပ်က အလွန်စိတ်မသက်မသာဖြစ်နေသည်။ပြိုင်ကွင်းထဲသို့ ရောက်လာကြသော အဂ္ဂိရတ်ပညာရှင်များက ခန့်ညားကြီးကျယ်မှုတို့ပေါ်လွင်နေသည်။သို့သော်လည်း သူ့ဘေးနားမှ လူကမူ ဆိုင်းဘုတ်ကြီးတစ်ခုကို ကိုင်ဆောင်ထားရုံသာမက အဂ္ဂိရတ်ပညာရှင်မဟုတ်ပဲ စားဖိုမှူးတစ်ယောက်သာ ဖြစ်နေလေသည်။


ထို့အပြင် တခြားပြိုင်ပွဲများမှ ပြိုင်ပွဲဝင်များအများအပြား ပါလာသော်လည်း သူ့ထံ၌မူ တစ်ယောက်သာပါလေသည်။ကွဲပြားခြားနားမှုက ကြီးမားလှသည်။


ထူးဆန်းနားမလည်သည့် အကြည့်များ သူ့ဆီသို့ ရောက်လာသောကြောင့် ဒိုင်လူကြီး၏ မျက်နာက ပို၍ပင် နီရဲလာလေသည်။


အဟမ်း...


ဒိုင်လူကြီးချုပ်က ချောင်းခြောက်တစ်ချက်ဟန့်လိုက်ပြီး သူ့၏ စိတ်မသက်သာမှုနှင့် အရှက်ရမှုကို ဖုံးကွယ်ထားလိုက်သည်။


တခြားတစ်ဘက်၌မူ ပုဖန်က အေးဆေးတည်ငြိမ်နေသည်။သူက လူအများကြားတွင် ကြီးမားသည့် ဆိုင်းဘုတ်ကိုသယ်ဆောင်ရင်း ခပ်တည်တည်ဖြင့်သာ ရပ်နေလေသည်။သူ့ဘေးပတ်လည်၌ ရှိနေသော အဂ္ဂိရတ်ပညာရှင်အများစုကလည်း ပုဖန်ကို မှတ်မိကြသည်။


သူနှင့် ခပ်လှမ်းလှမ်းတွင်ရှိနေသော နန်ကုန်းဝူချယ်က မျက်စိတစ်ဖက်မှိတ်ပြ၍ လှမ်းနှုတ်ဆတ်လိုက်သော်လည်း ပုဖန်ကမူ လျစ်လျုရှုထားလိုက်လေသည်။


တခြားတစ်ဘက်၌ရှိနေသော ယန်မိန်ကျီကလည်း လှည့်ကြည့်လိုက်လေရာ ပုဖန်ကို တွေ့လိုက်ရသောကြောင့် အံ့သြသွားလေသည်။ကျော်ကြားနေသည့် စားဖိုမှုးက တကယ့်ကိုပင် ပုဖန်ဖြစ်နေလေသည်။


"ပုဖန်က တကယ်ပဲ ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်နိုင်ခဲ့တာလား...တကယ်ကို ကြောက်မက်ဖွယ်ပဲ သူက ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ စားဖိုမှူးပေါ့လေ...ပြီးတော့ သူက အဂ္ဂိရတ်ပညာရှင်တွေအားလုံးရဲ့ ရန်သူလည်းဖြစ်နေပြီပေါ့..."


သို့သော်လည်း ပုဖန်အကြောင်းကို သိစဉ်၌ အလွန်အံ့အားသင့်ခဲ့ရသည်က နန်ကုန်းဝူချယ်မဟုတ်သလို ယန်မိန်ကျီလည်းမဟုတ်ပေ။ထိုအစား သူတို့နဲ့ဝေးရာမှာရပ်နေသော တခြားသူတစ်ဦးဖြစ်နေလေသည်။ထိုသူက ပုဖန်၏ နောက်ကျောကိုလိုက်ကြည့်ရင်း တစ်ကိုယ်လုံးတုန်ယင်နေပေသည်။


ထိုသူက သွမ့်ယင်ပင်ဖြစ်သည်။


သူအလွန်ပင် ထိတ်လန့်နေပေသည်။သူမည်မျှပင်တွေးတော စဉ်းစားခဲ့ပါစေ သူ့၏ထင်မြင်ချက်များက လွဲချော်သွားပေသည်။ဒီနေရာ၌ ပုဖန်ကို တွေ့ရမည်ဟု လုံးဝ မထင်ထားမိပေ။


ပိုင်ရှင်ပုဖြစ်နေတာလား...


သွမ့်ယင်၏ လှုပ်ရှားမှုများက တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသလိုပင် တုံ့ဆိုင်းဆိုင်းဖြစ်နေလေသည်။


"သူက တောင်ပိုင်းမှာရှိနေရမယ့် သူမဟုတ်ဘူးလား...သူက အဲ့ဒီက တောင်ပိုင်းမြို့နယ်က သေးငယ်တဲ့ ဆိုင်လေးကို ကာကွယ်မယ့် သူမဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ ဒီနေရာမှာ ပေါ်လာတာလဲ..."


.....


ပုဖန်ကမူ သူနောက်မှ တစ်စုံတစ်ယောက်က ကြောက်ရွံ့ထိတ်လန့်စွာကြည့်နေသည်ကို သတိမပြုမိပေ။သူ ဆိုင်းဘုတ်ကိုကိုင်၍ ရပ်နေရင်း စိတ်မရှည်ဖြစ်နေလေသည်။


နောက်ဆုံးစကာတင်ပွဲတွင် အဆင့်တက်ရောက်နိုင်သူများက လာရောက်စုဝေးရမည်ကို သူမသိခဲ့ပေ။သူက ဆိုင်သို့ပြန်၍ ဆိုင်ဖွင့်ရန် စဉ်းစားနေခဲ့ခြင်းဖြစ်သည်။


"အဟမ်း... ပထမဦးဆုံးအနေနဲ့ မင်းတို့ နောက်ဆုံးစကာတင် ရွေးချယ်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...ပြိုင်ပွဲဝင် တစ်သောင်းကျော်ထဲကနေမှ မင်းတို့က ထိပ်ဆုံးအယောက် ၁၀၀ ထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ သူတွေဖြစ်တယ်..."


မြူကောင်းကင်မြို့မှ တိမ်လေးစ အဂ္ဂိရတ်ပညာရှင် မဟာသခင် ရွှမ်မင်က လက်ကို ဝှေ့ယမ်း၍ ထရပ်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ပြိုင်ပွဲဝင်များကို ကြည့်လိုက်သည်။


ရုတ်တရက် သူ့၏ အသံက ပြတ်တောက်သွားသည်။စင်ပေါ်၌ လူတစ်ရာရှိရမည့်အသား ၉၁ ယောက်သာရှိသည်ကို သတိပြုမိလိုက်၏။


"ဘာတွေ ဖြစ်နေတာလဲ တစ်ခုခုမှားသွားတာလား..."


ပွဲကြည့် ပရိတ်သတ်များကလည်း ဒိုင်လူကြီး၏ ဇဝေဇဝါဖြစ်မှုကို သတိထားမိသွားပြီးနောက် သူတို့က ပုဖန်ရှိရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။သူတို့၏ အကြည့်များ ပုဖန်ဆီကျရောက်လာသည်နှင့် ပထမပြိုင်ကွင်းမှ ကျော်ဖြတ်လာသူများနေရာတွင် သူတစ်ယောက်တည်းသာ ရပ်နေကြောင်းကို သတိပြုမိလိုက်ကြသည်။


ပုဖန်က ဆိုင်းဘုတ်ကိုပိုက်၍ မျက်နာသေဖြင့်သာ ရပ်နေလေသည်။ဆူညံသံများ ပွက်လောရိုက် ထွက်ပေါ်လာလေသည်။တခြားသူများက ဆူညံနေသည့်အချိန်၌ အဂ္ဂိရတ်ပညာရှင် ပြိုင်ပွဲဝင်များလည်းငြိမ်သက်မနေကြတော့ပေ။


"ပထမကွင်းကနေ ကျော်ဖြတ်လာနိုင်တဲ့သူက ဒီတစ်ယောက်တည်းရှိတာလား ဒီဟာသက ရယ်စရာမကောင်းဘူးနော်..."


လူအုပ်ထဲတွင်ရှိနေသော စီနီယာအကိုကျန်း၏ နှလုံးသားက အခုန်မြန်သွားပြီး သူတူန်တုန်လှုပ်လှုပ်ဖြစ်သွားသည်။ပြိုင်ပွဲမှ ကျရှုံးသွားသော အဂ္ဂိရတ်ပညာရှင်များ၏ ကိုယ်စားပင် နာကျင်မိလေသည်။


"ဘယ်လိုများ ကံဆိုးပြီးတော့ မကောင်းဆိုးဝါး တစ်ကောင်နဲ့ တွေ့ခဲ့တာလဲကွာ..."


ဒိုင်လူကြီးချုပ်၏ နီရဲနေသော မျက်နာက ယခုအခ်ျိန်၌ ပြာနှမ်းလုနီးနီးပင်ဖြစ်နေလေသည်။ဒါက တကယ့်ကို ရှက်ဖို့ကောင်းလှသည်။ဒိုင်လူကြီးချုပ်တစ်ယောက်ဖြစ်သော သူကိုယ်တိုင်ဦးစီးခဲ့သည့် ပထမပြိုင်ကွင်းမှ လူတစ်ယောက်တည်းသာဖြတ်ကျော်နိုင်ခဲ့သည်။သူလည်း အရေအတွက်ပြည့်မီစေချင်ခဲ့သော်လည်း မီးဖိုများအားလုံး ပေါက်ကွဲသွားလေရာ မည်ကဲ့သို့ အရေအတွက် ပြည့်မီပါတော့မည်နည်း။


အဆိုးရွားဆုံး အခြေအနေမှာ လူအများဖြတ်သန်းနိုင်ရန်ပူအတွက် အနောက်တံခါးကိုဖွင့်ထားခဲ့သော်လည်း မည်သူမှ ဖြတ်မလာနိုင်ခဲ့ခြင်းပင်ဖြစ်သည်။


ဒိုင်လူကြီးချုပ်၏ စိတ်ထဲ၌လည်း မခံမရပ်နိုင်အောင် နာကျင်နေမိသည်။


မဟာသခင်ရွှမ်မင်၏ အေးစက်စက်အကြည့်များကိူ လက်ခံလိုက်ရသောအခါ၌ သူပြင်းထန်သော ဝမ်းနည်းပူဆွေးမှုကြောင့် သတ်ိလစ်လုမတက်ပင်ဖြစ်သွားလေသည်။


သို့သော်လည်း မဟာသခင်ရွှမ်မင်က ထိုကိစ္စအကြောင်းကို ပြောမလာတော့ပဲ ပြိုင်ပွဲ၏ စည်းကမ်းများအကြောင်းကိုသာ ရှင်းပြပြောဆိုလိုက်သည်။


"ယခုပြိုင်ပွဲကတော့ အကြိုဗိုလ်လုပွဲပဲ...အကြိုဗိုလ်လုပွဲ ဆိုတာကတော့ အားလုံးသိထားကြတဲ့အတိုင်း ပြိုင်ပွဲငယ်အသေးလေးတွေ ပါဝင်မယ်...မင်းတို့ရဲ့ ပြိုင်ဘက်ကို မဲနှိုက်ပြီး ကြုံရာရွေးချယ်မယ်...မင်းတို့ကျမယ့် ပြိုင်ဘက်ကတော့ မင်းတို့ ကံကောင်းမှုအပေါ် မူတည်နေတယ်...မင်းတို့ရဲ့ ပြိုင်ဘက်ကို အနိုင်ရရှိမှသာလျှင် ထိပ်ဆုံး ငါးဆယ်ပဲ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲထဲကို ဝင်ရောက်နိုင်မယ်..."


"မင်းတို့ စကာတင်ရွေးချယ်ပွဲကို ရက်ပေါင်းများစွာ ကျင်းပခဲ့ရတာကြောင့် ပင်ပန်းနေမယ်ဆိုတာသေချာတယ်...ဒါကြောင့် မင်းတို့ကို ၃ ရက်နားခွင့် ပေးလိမ့်မယ်...မင်းတို့ အားလုံး ကောင်းကောင်းအနားယူပြီး ပြိုင်ပွဲအတွက် သေချာစွာ ပြင်ဆင်ကြပါ...၃ရက်ကြာပြီးလို့ရှိရင်တော့ အကြိုဗိုလ်လုပွဲကို တရားဝင်ကျင်းပမယ် ...ဒါပေမယ့်လည်း မင်းတို့ရဲ့ ပြိုင်ဘက်တွေနဲ့ကတော့ အခုပဲ တွဲစပ်ပေးလိမ့်မယ်..."


မဟာသခင်ရွှမ်မင်က ပြောရင်းဖြင့် သူ့၏ အင်္ကျီလက်စထဲမှ အဝါရောင်တောက်တောက် အဆောင်ကျောက်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ထိုကျောက်ပြားပေါ်၌ ရှုပ်ထွေးလှသော ပုံသဏ္ဍာန်များ ရေးဆွဲထားလေသည်။


ဒိုင်လူကြီးများက ပင်မစင်မြင့်ပေါ်တွင်ရှိနေကြသော ပြိုင်ပွဲဝင်များအားလုံးကို ကျောက်စိမ်းပြားတစ်ခုစီ ပေးအပ်လေသည်။မဟူသခင်ရွှမ်မင်က သူ့၏ အဝါတောက်တောက် ကျောက်ပြားထဲသို့ အစစ်အမှန် စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် ပြိုင်ပွဲဝင်များ၏ လက်ထဲမှ ကျောက်စိမ်းပြားကလည်း အလင်းရောင်များ တောက်ပလာလေသည်။


ဝီ...


ထို့နောက် ပြိုင်ပွဲစင်ပေါ်၌ ဆန်းကြယ်လှသော စွမ်းအင်လှိုင်းများထွက်ပေါ်လာလေသည်။


ပုဖန်က သူ့လက်ထဲမှ ပြိုင်ပွဲဝင်သင်္ကေတ ကျောက်စိမ်းပြားကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။အချိန်ခဏမျှကြာပြီးနောက် ကျောက်စိမ်းပြားပေါ်၌ နာမည်တစ်ခုထွက်ပေါ်လာလေသည်။


"အားရှန့်...ဒီလူက ငါနောက်တစ်ပွဲမှာ တွေ့ရမယ့် ပြိုင်ဘက်ပေါ့ဟုတ်လား..."


ပုဖန်က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။


သူ့ဘေးနား၌ ရပ်နေသော ဒိုင်လူကြီးချုပ်ကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် ပုဖန်ပုခုံးကို ကျော်၍ လှမ်းစူးစမ်းလိုက်သည်။ကျောက်ပြားပေါ်မှ နာမည်ကို တွေ့လိုက်သည်နှင့် သူ့အမူအရာက ထိတ်လန့်သွားလေသည်။


"မင်းရဲ့ ပြိုင်ဘက်က တောက်ပ ကောင်းကင်မြို့တော်က ပါရမီရှင် အန်းရှန့်လား..."