Chapter(40)
Viewers 12k

ကံကောင်းစွာဖြင့် သူတစ်ချက်သာကြည့်မိကာ သွေးကိုမထိမိခဲ့ပေ။ လင်ခုံးလု၏မျက်နှာမှာဖြူဖျော့သွားပေမဲ့လည်း သူမမေ့လဲသွားပေ။


ကော်ရစ်ဒါကအမျိုးသားမှာသတိကပ်သွားပြီး ရုတ်တရက်တံခါးကိုပြင်းထန်စွာစတင်ထုရိုက်လာတော့သည်။ "ဟိုးဟိုး"ဆိုသည့်အသံကတံခါးတစ်လျှောက်ပျံ့လွင့်လာပုံမှာ သူ့နားထဲတွင်မြည်ဟည်းနေသည့်အလား။


လင်ခုံးလု၏ဦးခေါင်းခွံမှာထုံကျင်သွားရပေမဲ့ သူ့ကိုသည်းမခံနိုင်ဆုံးဖြစ်စေသည့်အရာက တံခါးအက်ကွဲကြောင်းမှတဆင့်အခန်းထဲပျံ့နှံ့လာသည့်သွေးညှီနံ့ဖြစ်သည်။


သူနေမကောင်းချင်ဖြစ်သွားရကာ တံခါးကိုလော့ချပြီးနောက် လေးလံသောမဟော်ဂနီစားပွဲကိုတံခါးရှေ့မှာချက်ချင်းဆွဲပိတ်ကာ စားပွဲဆီကအမျိုးသားရေမွှေးပုလင်းကိုမြန်​မြန်ထုတ်ပြီး အခန်းထဲမှာဖြန်းပစ်လိုက်ရသည်။


ဖြန်းပြီးနောက် သူပင့်သက်ရှိုက်လိုက်ကာပိုမိုသက်တောင့်သက်သာဖြစ်သွားပေမဲ့ သိပ်မကြာခင်ခပ်ပြင်းပြင်းနှာချေလိုက်မိပြန်သည်။


တံခါးအပြင်မှာ နှာချေသံကြောင့် နှေးကျသွားသည့်ထုရိုက်သံမှာပြင်းထန်လာပြန်သည်။


0687: "....."


"အချစ်လေး၊ ဆင်ဆာဖျက်ပေးဖို့လိုသေးလား။"

၎င်းမှာရှုပ်ထွေးသောခံစားချက်များဖြင့်မေးလိုက်မိသည်။


ပထမတစ်ခေါက်တုန်းက Hostကဇွန်ဘီနှင့်သွေးရှိသည့်နေရာအားလုံးကိုဆင်ဆာဖျက်ခိုင်းခဲ့သဖြင့် ကမ္ဘာတစ်ခုလုံးကိုအဖာအထေးနှင့်တူသွားစေသည်။


ထိုအချိန်တုန်းက Hostဟာကမ္ဘာပျက်ကပ်ထဲကိုပထမဆုံးဝင်လာတာမို့ကြောက်နေတာဖြစ်မည်ဟုထင်ခဲ့ပေမဲ့ အခုတော့တစ်ဖက်လူတကယ်တမ်းသွေးကြောက်တတ်တာဖြစ်မှန်းသိလိုက်ရသည်။


လင်ခုံးလုစိတ်ငြိမ်သွားသည်နှင့် အံကြိတ်ကာမေးလိုက်သည်။

"မေးဖို့လိုသေးလို့လား။"


0687မှာသူ့အတွက်ခပ်မြန်​မြန်ပုံရိပ်ဝါးပေးလိုက်ရသည်။ ထုရိုက်သံကြောင့် ဗီလာထဲရှိအခြားဇွန်ဘီများမှာခပ်​မြန်မြန်ထွက်လာကာ အိပ်ခန်းဆီစုပြုံလာကြသည်။


ဒီဟာကို0687ပြသောLiveကတဆင့်မြင်လိုက်ရသည့်လင်ခုံးလု: "....."


ဆင်ဆာဖျက်ပြီးနောက်ပိုင်း သူသွေးမြင်ရင်အဆင်မပြေဖြစ်သည့်အခြေအနေကိုဖြေရှင်းနိုင်သော်လည်း ချို့ယွင်းချက်တို့ရှိပေသည်။


ဥပမာ၊ အခု Liveထဲမှာ ဇွန်ဘီတစ်ကောင်ကအခြားလတ်လတ်ဆတ်ဆတ်ဇွန်ဘီကိုဖက်ရင်း ၎င်းကိုခြံဝန်းထဲမှာဝါးစားနေတာကိုသူမြင်လိုက်ရပေမဲ့ သူ့ရှေ့ကမြင်ကွင်းကတော့ဖြင့် လူပုံစံအရာတစ်ခုကအ​ခြားလူပုံစံတစ်ခုကိုဖက်ပြီး......နမ်းနေတာနဲ့တူနေသလားလို့?


ခပ်လှမ်းလှမ်းရှိလမ်းမပေါ်မှာဇွန်ဘီတစ်အုပ်ကိုက်နေကြတာကိုသူလည်းမြင်ရပေမဲ့ သူ့ရှေ့ကမြင်ကွင်းမှာတော့ လူပုံစံအရာတစ်စုကအတူနပမ်းကျနေပုံနှင့်တူနေပေသည်....


လင်ခုံးလု: "အာ၊ ခပ်ပါးပါးအလွှာကိုသုံးလိုက်ရင် အနီရောင်ကိုဖယ်ရှားဖို့လုံလောက်ပါတယ်ဟ။"


ခပ်ပါးပါးအလွှာသုံးလိုက်ရင် ဇာတ်ကောင်များကိုချက်ချင်းခွဲခြားလို့ရသည်။ ဥပမာဆိုရင် ဗီလာထဲမှာ အေပရွန်နှင့်ထမင်းချက်၊ အနက်ရောင်နှင့်ဘောဒီဂတ်ရှိပြီး တွန်းလှည်းသေးသေးလေးကိုတွန်းနေသည့်ဥယျာဥ်မှူး....


ခြုံပြောရရင် ကျန့်စစ်မပြောနှင့် သက်ရှိလူတစ်ယောက်မှမရှိပေ။


လင်ခုံးလုအံကြိတ်လိုက်မိသည်။ မနေ့ညကအနမ်းအပြီးမှာ ဒီကမ္ဘာကကျန့်စစ်ကအရင်နှစ်ကမ္ဘာတုန်းကလိုမျိုးသူ့ချစ်သူဖြစ်ပေမဲ့ သူတို့မဟုတ်မှန်းသေချာသည်။


အခုဒီလိုကြီးမားသောရုန်းရင်းဆန်ခတ်ဖြစ်မှုရှိနေတာကို တစ်ဖက်လူကမပေါ်လာတာမို့ သူမနက်ပိုင်းစောစောထွက်သွားတာဖြစ်ရမည်။


မနေ့ကသူကသူ့ကိုပွေ့ဖက်ပြီး အမြတ်တနိုးနမ်းသွားပေမဲ့ ဒီနေ့ကျသူပျောက်သွားသည်။ သူက"ကလေးလေး(ပေါင်းပေါင်း)"ဖြစ်နေဆဲပင်။


လင်ခုံးလုမှာမျှော်လင့်ချက်မရှိတာမို့ သူ့ကိုယ်သူကယ်တင်ရုံသာတတ်နိုင်သည်။


သူကမက်စ်ထဲမှာအရင်ဆုံးရေမွှေးတချို့ဖြန်းလိုက်ပြီးမှ အဝတ်ခန်းထဲမှာလေကာကုတ်အကျီရှည်နှင့်လည်စည်းရှာကာ သူ့ကိုယ်သူတင်းကြပ်စွာထုပ်ပိုးပြီး မျက်လုံးနှစ်လုံးသာဖော်ထားပြီးနောက် ထိုင်ခုံခြေထောက်ကိုချိုးလိုက်သည်။


အရာအားလုံးအဆင်သင့်ဖြစ်သွားပြီးနောက် သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးအများအပြားပေးပြီးမှသာ မဟော်ဂနီစားပွဲကိုတွန်းဖယ်လိုက်သည်။


တံခါးပွင့်သွားသည်နှင့် တံခါးကိုထုရိုက်ခဲ့သည့်မျက်နှာတစ်​ခြမ်းညီအစ်ကိုကတဟုန်ထိုးပြေးဝင်လာသည်။ လင်ခုံးလုအံကြိတ်ကာ ထိုင်ခုံခြေထောက်ကိုသုံးပြီးသူ့ကိုတည့်တိုးတိုက်ခိုက်လိုက်သည်။


ထိုင်ခုံခြေထောက်များမှာအလွန်ပိန်ပါးပြီ သတ္ထုနှင့်လုပ်ထားသဖြင့် ၎င်းတို့ကမျက်နှာတစ်ခြမ်းညီအစ်ကို၏ခေါင်းကိုတမဟုတ်ချင်းထိုးစိုက်သွားကာ "ဇွက်"ခနဲအသံထွက်လာသည်။


လင်ခုံးလုမှာပုံရိပ်ဝါးထားတာကိုသာမြင်လိုက်ရပေမဲ့ ၎င်းကသွေးဖြစ်မှန်းသူ့ရင်ထဲမှာသိနေသဖြင့် သူသေချာပေါက်အသက်ရှုရခက်လာကာ သတိလစ်ချင်လာဆဲပင်။


"တောင့်ထား၊ တောင့်ထား၊ ဒါတွေကိုသုတ်ဆေးလိုဆက်ဆံလိုက်စမ်းပါ။"

0687ကသူ့ကိုအားပေးသည်။


လင်ခုံးလု: "....." အပြောကတော့လွယ်တယ်၊ မင်းကလုပ်ရတဲ့တစ်ယောက်မှမဟုတ်တာ။


0687: "မြန်မြန်လုပ်၊ နောက်တစ်ကောင်ကလှေကားပေါ်တက်လာပြီ။" 


လင်ခုံးလု: "ဖာ့ခ်!"


ကမ္ဘာပျက်ကပ်၏စောစီးသောနေ့ရက်များကိုကျေးဇူးတင်ရမည်၊ ဇွန်ဘီအများစုမှာသိပ်မသန်မာပေ။ အဆက်မပြတ်စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုနှင့်သတ္ထုထိုင်ခုံခြေထောက်ကိုမှီခိုအားထားရင်း အဆုံးတွင်လင်ခုံးလုတစ်ယောက် ဗီလာထဲကဇွန်ဘီအားလုံးကိုရှင်းပစ်လိုက်နိုင်သည်။


ဗီလာအပြင်ကတော့....


သူခြံဝန်းထဲမှာတွန်းလှည်းတွန်းနေသည့်ဥယျာဥ်မှူးဇွန်ဘီကိုတစ်ချက်ကြည့်ကာ သက်ပြင်းချမိသည်။

"ဒီတွန်းလှည်းကဇွန်ဘီအထိခံရပြီးတဲ့နောက်မှာ အလိုလိုတန်ပြန်တိုက်စစ်ဆင်ပြီးတော့ ဇွန်ဘီကိုတွန်းပြီးသေအောင်လုပ်သင့်တာမဟုတ်ဘူးလား။"


0687: "...." မင်းဂိမ်းဆော့တာများပြီး နေကြာပန်းနှင့်ပဲစေ့ပစ်တဲ့ကောင်တွေကိုကြီးထွားစေချင်တုန်းပဲလား။


လင်ခုံးလု: "ထားလိုက်တော့၊ ပထမနဲ့ဒုတိယအထပ်ကနေထိုင်ဖို့မသင့်တော်ဘူး၊ ငါတတိယအထပ်ကိုသွားကြည့်ကြည့်မယ်။"


တတိယအထပ်ကား"ရွှေသခင်ကြီး"၏အိပ်ခန်းဖြစ်ပြီး အိပ်ခန်းထဲရှိကုတင်ဘေးကအံဆွဲထဲမှာပစ္စတိုတစ်လက်ရှိတာကိုသူမှတ်မိသည်။ ဟေး၊ "ရွှေသခင်ကြီး"ကဘာလုပ်လဲမသိပေမဲ့ သူ့မှာသေနတ်ရှိနေတုန်းပဲလေ။


ဒါပေမဲ့ကမ္ဘာပျက်ကပ်မှာ တစ်ဖက်လူကလုံးဝပြန်မလာခဲ့ပေရာ လင်ခုံးလုထိုသေနတ်ကို"ငှား"ဖို့စီစဥ်လိုက်သည်။


ပထမတစ်ခေါက်တုန်းက ဗလာရှေ့ကဖြတ်သွားသည့်ကျန့်စစ်ကယ်တာမခံရခင် သူကဇာတ်ညွှန်းကပေးတဲ့တာဝန်အရ ဗီလာထဲမှာနှစ်လပြည့်အောင်နေခဲ့ရသည်။


အခုတော့ကျန့်စစ်ဘယ်သွားလဲမသိတဲ့အပြင် တစ်ဖက်လူကိုဘယ်မှာသွားရှာရမလဲဆိုတာမသိပေ။ အရင်တစ်ခေါက်ကလုပ်ခဲ့သလိုမျိုးဗီလာထဲမှာစောင့်နေရုံသာတတ်နိုင်လောက်သည်။


သေနတ်ရလာပြီးနောက် လင်ခုံးလုစိတ်သက်သာရာရသွားကာ ရေချိုးခန်းမှာရေသွားချိုးပြီးနောက် ​တစ်ခုခုစားရန်အောက်ထပ်ဆင်းသွားလိုက်သည်။


သူအလောင်းကိုဖြတ်လာရသည်နှင့် သက်ပြင်းနင့်နင့်နဲနဲချမိပြန်သည်။


ခက်ခဲလိုက်တာ၊ ဒီလောက်ဆင်ဆာတွေအများကြီးနဲ့ ကျန့်စစ်ဒီမှာရှိနေရင်သိပ်ကောင်းမှာပဲ၊ သူသာဆိုဒါတွေကိုရှင်းပစ်ဖို့သေချာပေါက်ကူညီလိမ့်မယ်။


လင်ခုံးလုလျစ်လျူရှုကာ မီးဖိုချောင်ထဲမှာတစ်ခုခုသွားရှာစားပြီး အပေါ်ထပ်တက်ကာသွားအိပ်လိုက်သည်။


တစ်ညလုံးအနားယူပြီးနောက် သူနောက်ဆုံးမှာခွန်အားတချို့ပြန်ရလာကာ မီးဖိုချောင်ကိုသွားပြီး သူ့တူများကိုသွားသွေးကာ လောက်လေးခွတစ်ခုလုပ်ပြီး ခြံဝန်းထဲကတွန်းလှည်းဇွန်ဘီများကိုရှင်းပစ်လိုက်သည်။


ပစ်သံမှာကျယ်လောင်လွန်းသဖြင့် ခပ်လှမ်းလှမ်းရှိလမ်းမပေါ်ကဇွန်ဘီများကိုဆွဲဆောင်မိမှာစိုးကာ သေနတ်မှာကျည်ဆန်အများကြီးမရှိတာမို့ ချွေတာသုံးရမည်။


သူကဒီမှာနှစ်လနေဖို့ဆုံးဖြတ်ထားတာမို့ဖြစ်နိုင်သည်၊ သူဘာမှလုပ်ချင်စိတ်မရှိဘဲ အချိန်ယူမိသည်။


ဒီနေ့ခြံဝန်းထဲကဇွန်ဘီများကိုရှင်းပစ်ပြီးနောက်ပိုင်း သူအလုပ်လုပ်တာရပ်လိုက်ပြန်သည်။ နောက်တစ်နေ့ နေမြင့်လာတဲ့အထိအိပ်ပြီးမှ အိပ်ရာထကာမီးဖိုချောင်ထဲမှာစားစရာသွားရှာလိုက်ပြီး ထို့နောက်သက်ပြင်းတစ်ချက်နှင့်အတူသူ့ကိုယ်သူတင်းကြပ်စွာထုပ်ပိုးကာ မူးဝေမှုကိုသည်းခံရင်းအလောင်းရှင်းရသည်။


သုံးရက်ကြာပြီးနောက် သူနောက်ဆုံးမှာအလောင်းအားလုံးကိုဗီလာအပြင်ရွှေ့နိုင်ခဲ့ပြီး ၎င်းတို့ကိုခြံဝန်းထဲကအလောင်းများနှင့်အတူမြုပ်ပေးလိုက်သည်။


ငါးရက်ကြာပြီးနောက် သူရေမွှေးနံ့ရှုရင်းသည်းခံလျက် ဗီလာထဲကသွေးပေနေသည့်အရာဝတ္ထုများအားလုံးကိုသန့်ရှင်းရေးလုပ်ကာ မီးရှို့လို့ရသည့်အရာအားလုံးကိုမီးရှို့ပစ်လိုက်သည်။


၇ရက်ကြာပြီးနောက် သူဗီလာထဲကစားစရာအားလုံးကိုစားပစ်ခဲ့သဖြင့် အပြင်ထွက်ပြီးစားစရာရှာဖို့လိုလာသည်။


ဗီလာကားတောင်ပေါ်မှာဖြစ်ပေရာ သူစားစရာကုန်သွားပြီးနောက်ပိုင်း နေ့တိုင်းတောင်ကိုပတ်လျှောက်ရသည်။ တဖြည်းဖြည်းနှင့် ဗီလာမီးဖိုချောင်ထဲမှာအာလူး၊ မှို၊ ကန်စွန်းဥနှင့်သစ်ချသီး၊ သစ်သီးရိုင်းခြင်းများရှိလာသည်....


ထိုနောက်ပိုင်း ခြံဝန်းမှာလည်းအာလူးချိုချိုလေး၊ မှို၊ မျှစ်များအပြင်....


မျှစ်ချဥ်၊ မုန်လာဥချဥ်၊ ဟင်းသီးဟင်းရွက်ချဥ်များနှင့်ပြည့်လာသည်....


သူကဘယ်ကရောက်လာမှန်းမသိသည့်ကြက်နှင့်ဘဲအနည်းငယ်ကိုပင်ဖမ်းမိလာကာ ၎င်းတို့ကိုခြံဝန်းထဲမှာထိန်းသိမ်းထားသည်။


ကြက်များကိုအစာကျွေးပြီးနောက် လင်ခုံးလုသူ့နှဖူးပေါ်ကချွေးစေးများကိုသုတ်ကာ မြေကြီးပေါ်ကကြက်ချေးများကိုတစ်ချက်ကြည့်ပြီး ရွံရှာစွာပြောမိသည်။

"စားစရာကြောင့်မဟုတ်ရင် ငါသူတို့ကိုမွေးမှာမဟုတ်ဘူး။"


0687: "...ကြက်တွေကိုသတ်ပစ်တာကသွေးမြင်ရမှာနော်၊ အချစ်လေး။"


လင်ခုံးလု: "ကျန့်စစ်ကိုသတ်ဖို့စောင့်နေတာ။"


0687: "....."


လင်ခုံးလု: "နှစ်လတောင်ပြည့်တော့မယ်၊ ကျန့်စစ်ဘာလို့မလာသေးတာလဲ။ သူမလာရင် ကမ္ဘာပျက်ကပ်ဇာတ်ညွှန်းကသိပ်မကြာခင်စိုက်ပျိုးမွေးမြူရေးဇာတ်ညွှန်းဖြစ်သွားတော့မယ်။"


သူဆာလောင်ပြီးသေတော့မည့်အချိန်မှာကျန့်စစ်ကသူ့ကိုကယ်သွားသည်ဟုဇာတ်ညွှန်းကဆိုသော်လည်း သူကသူ့ကိုယ်သူတကယ်ပစ်ထားမည့်လူတစ်ယောက်မဟုတ်ပေ။ ပထမတစ်ခေါက်တုန်းက သူမကြာမကြာစားစရာထွက်ရှာလေ့ရှိပြီး ကျန့်စစ်ရောက်လာသည့်နေ့မှသာတမင်အဆာခံခဲ့တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်းကသူဆာလောင်နေချိိန်မှာအကယ်ခံခိုင်းဖို့လိုအပ်မှတော့ သူအကယ်မခံရမချင်းအဆာခံဖို့မလိုအပ်ပါပေ။


ဒီတစ်ခေါက်ကတော့....


သူ့ဝမ်းဗိုက်အောက်ပိုင်းကိုအလိုလိုထိကြည့်ကာပြောမိသည်။

"ငါအခုတလောဝိတ်တက်လာသလိုပဲ။"


"မဖြစ်နိုင်တာ?"

0687အလိုလိုပြောမိသည်။

"မင်းအခုတလောဘာစားစားပျို့အန်နေတာကို၊ အခြေအနေကမျှစ်ချဥ်နဲ့ထမင်းစားတုန်းကထက်ပိုကောင်းလာ...သလားလို့?"


စကားဝိုင်းအဆုံးမှာ စနစ်နှင့်လင်ခုံးလုတို့နှစ်ယောက်စလုံးတစ်ခုခုမှားနေသည်ဟုရုတ်ခြည်းခံစားလိုက်ရသည်။


"ငါမင်းကိုစစ်ကြည့်မယ်။"

0687ချက်ချင်းပြောလိုက်သည်။


"မင်းဘာတွေစဥ်းစားနေတာလဲ။"

ဒီစကားများကိုကြားလိုက်ရချိန်လင်ခုံးလု၏မျက်နှာမှာတမဟုတ်ချင်းမည်းမှောင်သွားရကာ ပြောမိသည်။

"ငါကယောက်ျားတစ်ယောက်နော်၊ ပြီးတော့ဒါကကမ္ဘာပျက်ကပ်ဇာတ်အိမ်၊ ကလေးမွေးတဲ့ဇာတ်အိမ်မဟုတ်ဘူး၊ ဒီတော့အဲ့အကြောင်း​လေထဲတိုက်အိမ်ဆောက်မနေနဲ့။"


သို့သော်လည်း စနစ်ကသူ့ကိုစမ်းသပ်ကြည့်ပြီးနောက် ၎င်းမှာအလွန်ရှုပ်ထွေးသွားရကာ ပြောပင်မပြောဝံ့တော့ပေ။


"အဲ့ဒါက။"

0687သတိရှိရှိပြောမိသည်။

"မင်း...ကိုယ်ဝန်ရှိနေတဲ့ပုံပဲ။"


လင်ခုံးလု: "?!"


"မင်းရဲ့ချပ်စ်ပြားလောင်သွားတာလား၊ ဒါမှမဟုတ်ဗိုင်းရပ်စ်ဝင်နေတာလား။"

အသိပြန်ဝင်လာပြီးနောက် သူမယုံသက်ာပြောမိသည်။


ကိုယ်ဝန်?


ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ABOကမ္ဘာမှာတုန်းကတောင်ကိုယ်ဝန်မရခဲ့တာ၊ ဒီကမ္ဘာကပထမတစ်ခေါက်တုန်းကမပြောနှင့်၊ သူဘယ်သူနဲ့မှsexမလုပ်ခဲ့တာကို လေထဲကကိုယ်ဝန်ရလာတာလား။


"အင်း...သေချာစဥ်းစားကြည့်ရင် မင်းအခုတလောသွေးနဲ့ဇွန်ဘီတွေမမြင်ရဘဲနဲ့ မင်းအကြောင်းမရှိဘဲပျို့အန်နေတာ ပုံမှန်မဟုတ်ဘူးမလား။"

0687ကသေချာဂရုတစိုက်အသိပေးလာသည်။


"အဲ့ဒါမလုံလောက်သေးဘူး။"

လင်ခုံးလုမျက်မှောင်ကြုတ်ကာခွန်းတုံ့ပြန်မိသည်။


"ပြီးတော့လည်း ငါ့ချပ်စ်ပြားကသေချာပေါက်ဘာမှမဖြစ်ဘူး။ မင်းကိုယ်ထဲမှာသန္ဓေတည်နေတဲ့သက်ရှိတစ်ခုတကယ်ရှိနေတာ။ နှစ်လရှိနေပြီ။ အဲ့နေ့ကမင်းကိုဇာတ်လိုက်နမ်းသွားတုန်းကသူပေးသွားတဲ့ပုတီးစေ့လုံးအဖြူနဲ့ဆက်စပ်နေမယ်လို့ ငါသံသယဝင်မိတယ်။"

0687ကစမ်းစစ်ကြည့်ပြန်သည်။


လင်ခုံးလု: "...."


သောက်အနမ်းလေးတစ်ခုလောက်နဲ့ ကိုယ်ဝန်ရှိသွားတယ်ဆိုတာဖြစ်နိုင်လို့လား။


သူမိန်းမောနေမိပြီး ညဘက်အိပ်ရာဝင်ချိန်မှာ သူပထမဆုံးအကြိမ်အိပ်မပျော်သည့်ရောဂါခံစားလိုက်ရသည်။ 


ကိုယ်ဝန်?


သူဝမ်းဗိုက်အောက်ပိုင်းကိုထိကြည့်လိုက်ပေမဲ့ အထဲမှာကလေးတစ်ယောက်ရှိနေတယ်ဆိုတာမယုံကြည်နိုင်ဖြစ်မိဆဲပင်။


နောက်တစ်နေ့ သူဆေးခန်းကိုအရဲစွန့်သွားကာစမ်းသပ်ကြည့်လိုက်ပြီးနောက် ဘားတန်းနှစ်တန်းရှေ့မှာအတွေးထဲနစ်သွားရသည်။


အမှန်ပဲ၊ အနမ်းတစ်ပွင့်လောက်နဲ့ကိုယ်ဝန်ရသွားတာက သိပ်ကိုကြောက်စရာကောင်းလောက်အောင်မစစ်မှန်ဘူးပဲ။


ဗီလာဆီပြန်လာပြီးနောက် လင်ခုံးလုမှာကြက်များကိုအစာမကျွေးချင်တော့၊ ဘဲများကိုမမွေးချင်တော့ပေ။ သူကလေးကိုဘာလုပ်ရမလဲဆိုတာနဲ့ပတ်သတ်ပြီးနေ့တိုင်းစိတ်ပူနေမိသည်။


၇ရက်ကြာပြီးနောက်ညနေခင်းမှာ ကားနှစ်စီးကဗီလာရှေ့မှာ ဖြည်းညှင်းစွာရပ်သွားသည်။


"စစ်ကော၊ မှောင်လာပြီ၊ အရှေ့မှာ​ဗီလာရှိတယ်၊ ကျွန်တော်တို့ဒီမှာဒီညအနားယူကြမလား။"

ယောင်းရီကကားစတီယာတိုင်ကိုကိုင်ကာ ဘေးမှာထိုင်နေသည့်လူငယ်ကိုခေါင်းစောင်းကာမေးလိုက်သည်။


လူငယ်ကားအနက်ရောင်ယူနီဖောင်းကိုဝတ်ထားပြီး သူ့ခြေတံရှည်များမှာထိုင်ခုံများကြားတွင်ကွေးထားပြီး ထိုင်ခုံများရှေ့ကနေရာလွတ်ကိုအနည်းငယ်ကျဥ်းမြောင်းသွားစေသည်။ သူ့မျက်နှာထားမှာမထူးခြားမခြားနားဖြစ်ပြီး ဆံနွယ်စတို့ဖြင့်မသိမသာအုပ်နေသည့်သူ့မျက်လုံးများမှာနက်မှောင်ကာသာမန်ကာလျှံကာဆန်ပြီး သူဗီလာကိုမော့ကြည့်လိုက်ချိန်မှသာ နက်နဲသောအဓိပ္ပါယ်တစ်ချက်ဖြတ်ပြေးသွားသည်။


သူကားလင်ခုံးလုစောင့်နေသည့်ကျန့်စစ်ဖြစ်သည်။


ယောင်းရီ၏စကားများကိုကြားလိုက်ရပြီးနောက် သူကခပ်ဖွဖွ"အမ်း"ဟုသာဆိုပြီးနောက် အနားယူနေသည့်အလားမျက်လုံးမှိတ်လိုက်ပြန်သည်။


ယောင်းရီမှာသူ့ဘော့စ်ဆီကဒီလိုတုံ့ပြန်မှုမျိုးနှင့်နေသားကျနေပြီဖြစ်ပြီး အနောက်ထိုင်ခုံကလူတို့ကဘာမှမပြောကြပေ။


သို့ပေမဲ့လည်း သူ့ကိုဘော့စ်လို့ပြောတာကယောင်းရီ၏ဆန္ဒဖြစ်သည်။


ကမ္ဘာပျက်ကပ်စရောက်လာတုန်းက သူနှင့်ကျန့်စစ်ကCမြို့တော်ကလေဆိပ်မှာပိတ်မိခဲ့ကြသည်။ ကျန့်စစ်ကAတက္ကသိုလ်မှာကျော်ကြားသောပုံရိ​ပ်တစ်ခုဖြစ်ပြီး သူကလည်းAတက္ကသိုလ်ကကျောင်းသားဖြစ်သဖြင့် သူ့ကိုချက်ချင်းမှတ်မိသွားသည်။


ကျန့်စစ်ကသူ့ကိုမသိပေမဲ့လည်း သူကကျောင်းသားဟောင်းမှန်းသိတာမို့ သူ့ကိုအေးစက်စက်မျက်နှာဖြင့်တစ်ခါတရံဂရုစိုက်လိမ့်မည်ပင်။ ထိုအချိန်တုန်းက လေဆိပ်မှာဇွန်ဘီထောင်ပေါင်းများစွာရှိနေပြီး အချို့လူများစွမ်းအင်တချို့စတင်နိုးထလာသည်အထိ သူတို့မှာလဝက်ထက်ပိုပြီးပိတ်မိနေခဲ့ကြသည်။


ကျန့်စစ်ကားနောက်ကျမှနိုးထလာသည့်တစ်ယောက်ဖြစ်ပေမဲ့ အလွန်သန်မာလှသဖြင့် ယောင်းရီမှာသူ့ခြေသလုံးကိုဖက်ဖို့လုံလောက်စွာကံကောင်းခဲ့သည်။


သူတို့Aမြို့တော်ကထွက်လာပြီးနောက်ပိုင်း လမ်းမှာလူအများကြီးနှင့်ဆုံကာ တဖြည်းဖြည်းချင်းနှင့်ဒီနေ့လိုမျိုးအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ကျန့်စစ်ကအသန်မာဆုံးမို့ လူတိုင်းကသူ့စကားကိုအလိုလိုနားထောင်ကြသည်။


သူတို့ကTမြို့တော်ကအခြေစိုက်စခန်းကိုသွားနေကြတာဖြစ်ပြီး သူတို့ကCမြို့တော်ကိုဖြတ်သွားဖို့မလိုပေမဲ့ ကျန့်စစ်ကအကြောင်းမဲ့စွာ"Cမြို့တော်ကဖြတ်သွား"ဟုခပ်ဖွဖွပြောလာခဲ့သည်။


ဒီတော့သူတို့ဒီရောက်လာကြသည်။


နေမဝင်ခင်ဗီလာတစ်လုံးကိုမြင်လိုက်ရတာကံကောင်းသည်၊ မဟုတ်ရင်သူတို့ဒီညယာယီတဲထိုးစခန်းချရလိမ့်မည်ပင်။


အပြင်မှာအိပ်ရတာကအခုဆိုရင်ကမ္ဘာပျက်ကပ်မရောက်ခင်တုန်းကထက်ပိုပြီးမလုံခြုလှပေ။


သူတို့ဗီလာရှေ့ရောက်သွားချိန်မှာ ခပ်တိုးတိုးသီချင်းဆိုသံကိုယောင်းရီနှင့်အခြားလူတို့ကြားလိုက်ရသည်။ သူတို့ချက်ချင်းအ​ခြေအနေကိုသတိရှိရှိစူးစမ်းကြည့်ပေမဲ့ နောက်တစ်စက္ကန့်မှာသူတို့ရှေ့ကမြင်ကွင်းကြောင့်ရှော့ခ်ရသွားသည်။


နေဝင်ချိန်အလင်းရောင်ကနှင်းဆီပန်းတို့ကာရံနေသည့်သံစည်းရိုးပေါ်ဖြာကျလျက်။ ခြံဝန်းထဲမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်များအတန်းများက ပြန်လည်မွမ်းမံထားသည့်မြေကြီးနှစ်ပိုင်းပေါ်မှာသပ်ရပ်စွာစိုက်ပျိုးထားရာ ၎င်းမှာနူးညံ့ကာသာယာမှုရှိလာသည်။


သိပ်မဝေးသောနေရာမှာ ကြက်နှင့်ဘဲအနည်းငယ်ကမြက်ထဲကစားစရာကိုထိုးဆိတ်စားနေကြပြီး အမျိုးမျိုးသောဟင်းသီးဟင်းရွက်နှင့်သစ်သီးများကိုဘေးရှိစင်ပေါ်မှာအခြောက်လှမ်းထားသည်....


ဗီလာ၏မျက်စိအဖမ်းစားဆုံးတတိယထပ်မှာ အဖြူရောင်ဝတ်စုံနှင့်"မိန်းကလေး"ကပြတင်းပေါက်ဘောင်ပေါ်မှာထိုင်ကာ ​ခြေထောက်မှာလွှဲရမ်းလျက် အမည်မသိသီချင်းကိုနူးညံ့စွာညည်းနေပေသည်။


နေဝင်ချိန်အလင်းရောင်က"မိန်းကလေး"ပေါ်ကျရောက်လို့နေကာ ၎င်းမှာအလွန်မြင့်မြတ်ကာလှပလှပေသည်။


၎င်းကပုံရိပ်ယောင်ဟုတ်မဟုတ်မသိပေမဲ့ သီချင်းသံကသူတို့၏မောပန်းနွမ်းနယ်မှုကိုရှင်းပစ်ကာ သဘာဝလွန်စွမ်းအားအသုံးမှုကြောင့်ပင်ပန်းနွမ်းနယ်သွားသည့်သူတို့၏စိတ်ဝိညာဥ်စွမ်းအားအများအပြားကိုပြန်ရလာစေသယောင်။


"ငါပုံရိပ်ယောင်ထဲကျရောက်သွားတာများလား။"

တစ်စုံတစ်ယောက်ကမနေနိုင်ဘဲရေရွတ်မိသည်။


ကျန့်စစ်မှာလည်းမသိမသာစိတ်ဗလာကျင်းသွားသည်။ သူ့ရှေ့ကမြင်ကွင်းမှာရင်းနှီးပုံရပေမဲ့ သူ့အသင်းဖော်များ၏စကားလုံးများကသူ့ကိုတမဟုတ်ချင်းနိုးသွားစေသည်။


သူမျက်မှောင်ကြုတ်ကာ ယောင်းရီကိုကြည့်ပြီးပြောလိုက်သည်။

"သွားနှုတ်ဆက်လိုက်။"


"အာ? အိုး။"

ယောင်းရီချက်ချင်းအသိပြန်ဝင်လာသည်။


သူတတိယထပ်က"မိန်းကလေး"ကိုမော့ကြည့်ကာ လည်ချောင်းရှင်းပြီးစကားပြောဖို့ပြင်လိုက်သည်။


ဒါပေမဲ့"မိန်းကလေး"ကလည်းသူတို့ကိုတွေ့သွားကာ ရုတ်ခြည်းသာယာစွာပြောလာသည်။

"ကိုကို၊ ကျွန်တော့်ကိုလာခေါ်တာလား။"


လူတိုင်းဆွံ့အသွားကြသည်၊ အာ၊ ယောက်ျားလေးပဲ။


ကျန့်စစ်ကလူငယ်လေးကိုတစ်ချက်ကြည့်ကာ စကားတစ်ခွန်းမဆိုဘဲ လှည့်ကာကားဆီပြန်လျှောက်သွားသည်။


ပြတင်းပေါက်ဘောင်ပေါ်ကကောင်လေးမှာအေးခဲသွားကာ အနည်းငယ်အထီးကျန်နေသယောင်။


လင်ခုံးလု: "ကျစ်၊ သူတော်တော်စိတ်မရှည်တာပဲ၊ သူများကိုဗိုက်ကြီးအောင်လုပ်ပြီးတာဝန်မယူတဲ့ဆန်ကုန်မြေလေးကောင်။"


"မင်းအရင်လမ်းခွဲလိုက်တာလေ။"

0687မသိမသာချွေးပြန်သွားသည်။


လင်ခုံးလု: "ငါအရင်လမ်းခွဲလိုက်တယ်၊ နောက်ကျသူဗိုက်ကြီးသွားပြီးတယ်၊ ဒါပေမဲ့သူက ကလေးနဲ့ကလေးအဖေကိုလျစ်လျူရှု​​နေတုန်းပဲ။ သူကပိုပြီးတော့တောင်ဆန်ကုန်မြေလေးမဆန်သွားဘူးလား။"


0687: "....."


ကျန့်စစ်ရုတ်ခြည်းအနောက်လှည့်သွားတာကိုမြင်လိုက်ရရင်း ယောင်းရီနှင့်အခြားလူတို့မှာထူးဆန်းသည်ဟုတွေးလိုက်မိပေမဲ့ သူတို့ဒီညဒီမှာတစ်ညနေချင်နေတုန်းပဲလေ၊ ဟုတ်တယ်မလား။


ဒါကိုတွေးမိရင်း ယောင်းရီအနောက်လှည့်ကာ ပြတင်းပေါက်ဘောင်ပေါ်ကလင်ခုံးလုကိုကြည့်ပြီး ယဥ်ကျေးစွာဖြင့်တစ်ညပေးနေဖို့ခွင့်တောင်းလိုက်သည်။


လင်ခုံးလုသဘောတူလိုက်သည်၊ ထိုတင်မက သူတို့ကိုညစာနွေးထွေးစွာဧည့်ခံလိုက်သည်။


ကျန့်စစ်ကမလာဘဲ ကားထဲမှာနေကာ နေဝင်ချိန်အလင်းရောင်ကတဖြည်းဖြည်းချင်းကောင်းကင်ထဲကွယ်ပျောက်သွားပုံကိုကြည့်ရင်း ခုနကကောင်လေးပြတင်းပေါက်ဘောင်ပေါ်မှာသူ့ကိုပြုံးပြလာပုံကိုအမြန်ပြန်တွေးကြည့်မိသည်။


ကိုကို? ဟက်၊ မင်းလမ်းခွဲတုန်းကဘာလို့မင်းရဲ့မျိုးရိုးကိုကျန့်လို့မပြောင်းလိုက်တာလဲ။ ပြီးတော့သူလုံးဝပေါ်မလာစေနဲ့။


_______________________________