ယောင်းရီနှင့်ထျန်းဝူမှာကျန့်စစ်ဝင်လာပြီး လူငယ်လေးကိုပွေ့ကာခေါ်သွားပုံကို အသက်ပင်မရှုရဲဘဲရပ်ကြည့်နေမိကြသည်။
ကျန့်စစ်ခြံဝန်းထဲကထွက်သွားပြီး လူငယ်လေးကိုကားထဲခေါ်သွားမှသာ ယောင်းရီသူ့ရင်ဘတ်ကိုပုတ်ကာ ချဲ့ကားပြောဆိုမိသည်။
"ဘုရားရေ၊ ခုနကစစ်ကောရဲ့မျက်လုံးတွေငါ့ကိုသေအောင်ကြောက်သွားစေတာ၊ ဇွန်ဘီတွေထက်ကြောက်ဖို့ကောင်းတယ်။"
ထျန်းဝူမှာအနည်းငယ်ရိုးသားပွင့်လင်းကာ မတုံ့မဆိုင်းမေးမြန်းလာသည်။
"သူ့ကိုမနှိုးကြရအောင်လား။ ဒီတစ်ခေါက်ညဘက်လျှောက်သွားတာကအရင်ကထက်ပိုဆိုးသလိုပဲနော်။"
အတိတ်မှာတုန်းကအများဆုံး သူကနေရာတိုင်းမှာလူရှာ၊ မဟုတ်ဘူး၊ အတိအကျပြောရရင် ဇွန်ဘီအနည်းငယ်ကိုလိုက်ရှာတတ်သည်။ ကျန့်စစ်မှာညဘက်လျှောက်သွားစဥ်အတောအတွင်းမှာသူ့ချစ်သူကဇွန်ဘီတစ်ကောင်ဟုထင်နေပုံရသည်။ ဒါပေမဲ့ဒီတစ်ခေါက်ကမတူပေ၊ ဒီတစ်ခေါက်သူကတစ်စုံတစ်ယောက်ကိုဒီအတိုင်းပွေ့ကာခေါ်သွားရုံသာ။
"ငါ့ကိုပြောစေချင်ရင် လက္ခဏာတွေကသိသိသာသာကိုလျော့ပါးသွားပြီပဲ။"
ယောင်းရီမေးစေ့ကိုပွတ်ကာ စမ်းစစ်ကြည့်လိုက်သည်။
"မင်းမြင်တဲ့အတိုင်းပဲ၊ အတိတ်မှာတုန်းက နေရာတိုင်းမှာဇွန်ဘီတွေကိုလိုက်ရှာခဲ့တော့ အကိုက်ခံရလွယ်တယ်။ အခုပစ်မှတ်ကရှင်းလင်းသွားပြီဆိုတော့ သူအကိုက်မခံရတော့ဘူးလေ၊ ဒီတော့ဒါကပိုပြီးတော့အန္တရာယ်မကင်းဘူးလား။"
"....ငါ့အထင် လင်လူကြီးမင်းနိုးလာလို့ရှိရင်သူ့ကိုကိုက်ပစ်လိုက်နိုင်တယ်နော်။"
ထျန်းဝူတုံ့ဆိုင်းနေမိသည်။
"ဘာမှမဖြစ်ပါဘူး၊ လင်လူကြီးမင်းကဇွန်ဘီမှမဟုတ်တာ။ အများဆုံးတော့ကိုက်ချက်ကခဏနာရုံပဲပေါ့။ ငါ့အထင် စစ်ကောကလင်လူကြီးမင်းကိုလူစားထိုးအဖြစ်သုံးသင့်တယ်နော်။ လင်လူကြီးမင်းကအသားဖြူပြီးတော့ကြည့်ကောင်းတယ်။ သူကမိန်းကလေးနဲ့တူတဲ့အပြင် သူ့ပုံစံကအရင်ကစစ်ကောရှာတွေ့ခဲ့တဲ့ဇွန်ဘီလေးတွေနဲ့နည်းနည်းဆင်တယ်လေ။"
ယောင်းရီစမ်းစစ်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်စကားပြောပြီးနောက် သူတို့ကကား၏အခြေအနေကိုပြတင်းပေါက်မှတဆင့်ခဏကြာစူးစမ်းကြည့်မိသည်။ လှုပ်ရှားမှုစိုးစဥ်းမျှမရှိတာကိုမြင်လိုက်ရရင်း သူတို့တဖြည်းဖြည်းချင်းစိတ်အေးသွားကာ ထိုအကြောင်းဂရုမစိုက်တော့ပေ။
ကားထဲတွင် အနောက်ထိုင်ခုံမှာအောက်ချကာ ကူရှင်နှင့်အုပ်ထားပြီး ရိုးရှင်းသောအိပ်ရာအဖြစ်ပြောင်းထားသည်။
ကျန့်စစ်ကအိပ်ပျော်နေသည့်ကောင်လေးကိုကူရှင်ပေါ်မှာညင်သာစွာတင်ပေးကာ သူ့ကိုယ်အပေါ်ပိုင်းကိုသူ့လက်မောင်းကြားထဲမှာမှီစေပြီး သူ၏သွေးနီရောင်မျက်ဝန်းများမှာနူးညံ့သိမ်မွေ့အပြည့်ဖြင့် နူးညံ့စွာတီးတိုးဆိုမိသည်။
"ကလေးလေး၊ ကလေးလေး...."
လင်ခုံးလုကဘာကြောင့်မှန်းမသိ အသက်ရှုမှန်မှန်အိပ်မောကျလျက်ရှိသည်။ 0687မှာသူ့ကိုအကြိမ်ပေါင်းများစွာလှမ်းခေါ်ပေမဲ့ သူ့ကိုနိူးဖို့ကျရှုံးသွားလေရာ သက်ပြင်းတစ်ချက်နှင့်အတူလက်လျှော့လိုက်တော့သည်။
ကျန့်စစ်မှာလူငယ်လေး၏ဖြူဖွေးသောပါးပြင်ကိုထိကာ ညအိပ်ဝတ်ရုံပေါ်ကကြောင်နားရွက်များကိုဖျစ်ညှစ်ပြီး သူ့ကိုကျေနပ်တင်းတိမ်စွာပွေ့ဖက်ကာ သက်ပြင်းချလိုက်သည်။
"ကလေးလေး၊ ကိုယ်နောက်ဆုံးတော့မင်းကိုပြန်ရှာတွေ့ပြီ။ မင်းဘာလို့လူသားတွေနဲ့အတူနေနေတာလဲ။ သူတို့ကမင်းကိုထိခိုက်အောင်လုပ်လိမ့်မယ်...."
"ထားလိုက်တော့၊ မင်းသဘောကျရင် မင်းနဲ့ကစားဖို့ကိုယ်သူတို့ကိုမသတ်ဘဲချန်ထားပေးမယ်။ ဒါပေမဲ့ ကလေးလေး၊ သူတို့နဲ့ကစားပြီး ကိုယ့်ကိုမေ့မသွားနဲ့နော်...."
ကျန့်စစ်၏မျက်နှာထားမှာပိုမိုနူးညံ့လာကာ "ကိုယ့်ကိုမေ့မသွားနဲ့နော်"ဟုပြောလိုက်ချိန်တွင် သူ့မျက်ဝန်းထဲမှာနာကျည်းချက်အနည်းငယ်ရှိလို့နေသည်။
နောက်တစ်နေ့လင်ခုံးလုနိုးလာချိန်မှာ သူကနူးညံ့သောအိပ်ရာပေါ်မှာမဟုတ်ဘဲ ကားသေးသေးလေးထဲမှာရှိနေတာကိုတွေ့လိုက်ရသဖြင့် သူလုံးဝအိပ်ချင်ပြေသွားပေသည်။
နေပါအုံး၊ သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတာဘယ်သူလဲ။
သူတောင့်တင်းစွာခေါင်းလှည့်ကြည့်မိတော့ ကျန့်စစ်၏ဆွဲဆောင်မှုရှိသောအာဒမ်ပန်းသီးနှင့်တင့်တယ်သောမေးဖျားကိုမြင်လိုက်ရသည်။
သူ့လက်မောင်းကြားထဲကလှုပ်ရှားမှုကိုသတိထားမိပုံရသွားကာ ဒီအခိုက်အတန့်မှာကျန့်စစ်ဟာလည်းမျက်လုံးများဖွင့်ကြည့်လာသည်။ သူပထမဆုံးမြင်လိုက်ရသည့်အရာမှာညအိပ်ဝတ်စုံခေါင်းစွပ်ပေါ်ကကြောင်နားရွက်နှစ်ဖက်ဖြစ်ပြီး ထို့နောက်လူငယ်လေး၏ဗလာကျင်းကာမိန်းမောနေသောမျက်နှာဖြစ်ပေသည်။
ကျန့်စစ်: "....."
လင်ခုံးလု: "?!"
နှစ်ယောက်သားချက်ချင်းလူချင်းခွာလိုက်ကြပြီး ကျန့်စစ်မှာရှားရှားပါးပါးရှော့ခ်ရကာမျက်မှောင်ကြုတ်မိသည်။
"မင်းဘာလို့..."
လင်ခုံးလုကသူ့ထက်ပင်ပို၍ရှော့ခ်ရနေပြှး မျက်မှောင်ကြုတ်ကာပြောမိသည်။
"ကျွန်တော်ဘာလို့ကားထဲမှာရောက်နေတာလဲ။ ခင်ဗျား၊ ခင်ဗျားမနေ့ညကဘာလုပ်ခဲ့တာလဲ။"
ကျန့်စစ်မျက်မှောင်ကြုတ်မိပြီး တစ်အောင့်ကြာသော်သူ့မျက်နှာထားမှာမထူးခြားမခြားနားပြန်ဖြစ်သွားကာ ပြောလိုက်သည်။
"ငါကမင်းကိုညလယ်ခေါင်ကြီးသွားခေါ်လာခဲ့တာလို့တော့မင်းထင်နေတာမဟုတ်ဘူးမလား။"
လင်ခုံးလု: "မဟုတ်လို့လား။"
"ဟက်၊ ပေါက်ပေါက်ရှာရှာ။"
ကျန့်စစ်မှာသူထိုကဲ့သို့လုပ်ရပ်မျိုးကိုလုပ်မိလိမ့်မည်ဟုမထင်ပေ။ တစ်အောင့်ကြာမှ သူ့ကိုပြန်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"မင်းတမင်ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးဆိုရင် မင်းမှာအိပ်နေရင်းလမ်းထလျှောက်တတ်တဲ့အကျင့်ရှိလို့ဖြစ်နိုင်တယ်။"
"အိပ်နေရင်းလမ်းထလျှောက်တယ်?"
လင်ခုံးလုမှာပဟေဠိဖြစ်သောမျက်နှာထားဖြင့်စနစ်ကိုမေးလိုက်မိသည်။
"ဘာဖြစ်သွားတာလဲ။"
0687: "အဟမ်း၊ သူမင်းကိုပွေ့ခေါ်သွားတာ။"
လင်ခုံးလု: "အိုး၊ ငါသိပြီ၊ ငါ့မှာအိပ်နေရင်းလမ်းထလျှောက်တဲ့အကျင့်ဘယ်လိုလုပ်ရှိနိုင်မှာလဲ။"
သူခပ်ဖွဖွနှာမှုတ်လိုက်မိပြီး သူ့မျက်လုံးများကကားရှေ့ခန်းကဗလာကျင်းနေသည့်စားစရာဗူးပေါ်ကျရောက်သွားကာ ဗူးလက်ကိုင်ကိုချက်ချင်းလှမ်းကိုင်ပြီး နှာမှုတ်ကာပြောလိုက်သည်။
"ငါ့အထင် စိတ်နှစ်ခွရှိတဲ့လူတွေက ပူနွေးတဲ့စားစရာကိုမစားဘဲ ညဘက်ကျမှအေးစက်နေတဲ့စားစရာကိုတိတ်တိတ်လေးစားပြီးတော့ ငါ့ကိုညလယ်ခေါင်ကြီးဒီခေါ်လာပြီး ဝန်ခံဖို့ငြင်းဆန်နေသတဲ့။"
ကျန့်စစ်မှာလည်းဗလာကျင်းနေသည့်စားစရာဗူးကိုမြင်သွားကာ မျက်မှောင်ကြုတ်လျက်ပြောမိသည်။
"ငါမဟုတ်ဘူး။"
သူစားစရာဗူးကိုတကယ်မထိခဲ့တာမို့ သူစားခဲ့တာမဖြစ်နိုင်။
"မင်းညတုန်းကဗိုက်ဆာပြီးစားလိုက်တာဖြစ်မယ်။"
ကျန့်စစ်၏အသံမှာမထူးခြားမခြားနားပင်။
လင်ခုံးလု: "...." သေစမ်း၊ သူဒီလောက်အရေထူတာကိုငါအရင်ကဘာလို့မသိခဲ့တာလဲ။
သူကားတံခါးကိုဆွဲဖွင့်ကာ ကားထဲကခုန်ထွက်ပြီး အခုလေးတင်ဗီလာအပြင်ထွက်ကာ ခြံဝန်းထဲမှာမတ်တပ်ရပ်ရင်းလေကျင့်ခန်းလုပ်နေသည့်ယောင်းရီကိုအော်ခေါ်လိုက်သည်။
"ယောင်းသာ့ကော၊ မနေ့ညကဘယ်သူစောင့်ကြည့်တာလဲ။"
"အာ?" ယောင်းရီတန့်သွားကာအလိုလိုပြောမိသည်။
"ကျွန်တော်နဲ့ထျန်းဝူလေ။"
လင်ခုံးလု: "ကောင်းတယ်၊ ကျွန်တော့်ကိုပြောပြ၊ ကျွန်တော်မနေ့ညကကားထဲဘယ်လိုဝင်သွားတာလဲ။"
ယောင်းရီ: "အာ၊ ဒါ...."
ယောင်းရီမပြောရဲပေ၊ သူပြောလိုက်ရင် စစ်ကောရဲ့ညဘက်လျှောက်သွားပြီးဇွန်ဘီတွေကိုလိုက်ရှာတာကပေါ်သွားမှာမဟုတ်ဘူးလား။ ဒါကမကောင်းဘူး။
ဒါပေမဲ့ဘာမှမပြောဘဲ လင်လူကြီးမင်းအပြစ်တင်ဖို့မလွယ်ဘူးလေ၊ အထူးသဖြင့်သူတို့ကလင်လူကြီးမင်းချက်တာစားပြီး လင်လူကြီးမင်းရဲ့နေရာမှာနေ.....
"ဘာလို့တုံ့ဆိုင်းနေတာလဲ၊ မမြင်လိုက်ဘူးလား။"
လင်ခုံးလုမျက်မှောင်ကြုတ်ကာမေးလိုက်သည်။
ယောင်းရီချိတုံချတုံဖြစ်သွားရကာ သူမမြင်လိုက်ဘူးဟုတကယ်ပြောချင်ပေမဲ့ ထိုစဥ်ကျန့်စစ်ဟာလည်းကားထဲကထွက်လာကာ သူ့ကိုမထူးခြားမခြားနားကြည့်ပြီး အေးစက်စက်ပြောလာသည်။
"ပြောလေ။"
အကြောက်တရားကစိုးမိုးသွားကာ သူအလိုလိုပြောမိသည်။
"ဟုတ်ကဲ့၊ ထျန်းဝူကအိပ်နေရင်းလမ်းထလျှောက်ပြီးတော့ ညလယ်ခေါင်ကြီးလင်လူကြီးမင်းကိုကားထဲပို့သွားတာပါ။"
လင်ခုံးလု: "....."
ကျန့်စစ်: "....."
ဒုတိယထပ်မှာ အခုလေးတင်အိပ်ရာထလာပြီး ဒီအခိုက်အတန့်မှာပြတင်းပေါက်ကိုတွန်းဖွင့်လိုက်သည့်ထျန်းဝူ: "???"
သူကဘာလို့သူ့ကိုပွေ့တဲ့တစ်ယောက်ဖြစ်ရတာလဲ။ မင်းရိုးသားတဲ့လူတွေကိုဒီလိုမျိုးအနိုင်မကျင့်လို့မရဘူးလား။
ယောင်းရီကအောက်မှာရပ်ကာ ဒါကိုမြင်လိုက်ရချိန်မှာသူ့ကိုအဆက်မပြတ်မျက်စိတစ်ဖက်မှိတ်ပြလိုက်ရသည်မှာ သူ့မျက်လုံးများအကြောကပ်လုနီးပါးပင်။
ထျန်းဝူမှာသူဘာကိုဆိုလိုမှန်းနားလည်သွားကာ ကျန့်စစ်၏ညဘက်အိပ်နေရင်းလမ်းထလျှောက်မှုကိုထုတ်ပြောမရသဖြင့် ခပ်တည်တည်ဝန်ခံလိုက်သည်။
"ကျွန်တော့်မှာအိပ်နေရင်းလမ်းထလျှောက်တတ်တဲ့အကျင့်ရှိနေပုံပဲ။"
ထိုစဥ်ရွှီကျားကျားမှာသမ်းဝေကာ ဗလာအပြင်ကိုထွက်လာရာ ထိုစကားများကိုကြားလိုက်ရချိန်အလိုလိုခေါင်းမော့ကြည့်မိသည်။
"အာ၊ လောင်ထျန်း၊ ရှင့်မှာလည်းအိပ်နေရင်းလမ်းထလျှောက်တတ်တဲ့အကျင့်ရှိတယ်လား။"
လင်ခုံးလု: "....." လည်း? ဘယ်သူ့မှာရှိသေးလို့လဲ။
ဟုတ်တာပေါ့၊ ယောင်းရီကတမင်ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားမှန်းသူကြားပေမဲ့ သူမဖော်ထုတ်လိုက်ပေ။ သူခပ်ဖွဖွနှာမှုတ်ကာ ဒေါသထွက်ချင်ယောင်ဆောင်လျက်ထွက်သွားလိုက်သည်။
ယောင်းရီမှာတစ်ခဏမျှအပြစ်ရှိစိတ်ခံစားလိုက်ရပြီး သူ့မျက်နှာထားမှာအနည်းငယ်စိုးရိမ်ပူပင်လာသည်။ သူလိုက်သွားကာရှင်းပြချင်ပေမဲ့ ကျန့်စစ်ကတစ်ခုခုနားလည်သွားသည့်အလား ကားဘေးမှာမျက်မှောင်အသာကြုတ်ရင်းရပ်နေတာကိုမြင်လိုက်ရရင်း သူအရမ်းသိသိသာသာကြီးမသွားရဲတော့ပေ။
ကံကောင်းစွာဖြင့် ထိုစဥ်ရွှီကျားကျားကတစ်ခုခုသတိထားမိသွားကာ သူ့ကိုဧည့်ခန်းထဲဆွဲခေါ်သွားပြီး ခပ်တိုးတိုးမေးလာသည်။
"ဘာဖြစ်တာလဲ။ လေထုကထူးဆန်းတယ်၊ လင်လူကြီးမင်းလည်းဒေါသထွက်သွားတဲ့ပုံပဲ။"
ယောင်းရီသူမကိုထိုအကြောင်းအမြန်ပြောပြလိုက်ပြီးမှ ခါးသက်သောမျက်နှာဖြင့်ပြောမိသည်။
"စစ်ကောဒေါသထွက်သွားမှာမစိုးရိမ်ဘူးလား။ သူကနေ့ဘက်မှာပုံမှန်ဆိုပေမဲ့ညဘက်သူလျှောက်သွားတဲ့အချိန်ကျရင်...သူ့ကြည့်ရတာအသိစိတ်လွတ်နေသလိုပဲ။"
သိသိသာသာကိုပင် စိတ်ခံစားချက်နာကျင်မှုကြောင့်လှုံ့ဆော်ခံလိုက်ရတာဖြစ်သည်။
"သိပြီ။" ရွှီကျားကျားခေါင်းငြိမ့်လိုက်ပေမဲ့ခပ်မြန်မြန်ပြောမိသည်။
"ဒါပေမဲ့ လောင်ထျန်းကိုအပြစ်တင်လို့မရဘူးလေ၊ လင်လူကြီးမင်းကိုရှင်းရှင်းလင်းလင်းရှင်းပြသင့်တယ်။"
"ငါသွားမရှင်းပြရဲဘူး။"
ယောင်းရီပြောမိသည်။
"ထားလိုက်တော့၊ မလှုပ်နဲ့၊ ကျွန်မသွားလိုက်မယ်။"
ရွှီကျားကျားသူ့ပုခုံးကိုပုတ်ကာသူ့ကိုတားလိုက်သည်။
မိန်းကလေးတစ်ယောက်အနေဖြင့် သူကလင်လူကြီးမင်းစိတ်အခြေအနေကိုကောင်းကောင်းနားလည်ပေးနိုင်သည်။ အိပ်မောကျသွားပြီးနောက် တစ်ပါးသူ၏အိပ်ရာထဲကိုအကြောင်းမဲ့ပွေ့ခေါ်သွားခံခဲ့ရပြီး နိုးလာပြီးနောက် တစ်ဖက်လူကအိပ်ရာပေါ်တွယ်တက်လာသည်ဟုမှားယွင်းစွာတွေးထင်သွားနိုင်သည်။ ဒါကသည်းမခံနိုင်လောက်စရာပဲ။
"အဟမ်း၊ လင်....လင်လူကြီးမင်း၊ အဆင်ပြေရဲ့လား။"
သူမတတိယထပ်ကအိပ်ခန်းတံခါးကိုခေါက်ကာ သတိရှိရှိမေးလိုက်မိသည်။
လင်ခုံးလုတံခါးဖွင့်ကာ သူမကိုပြုံးပြပြီးပြောလိုက်သည်။
"ကျွန်တော်အဆင်ပြေပါတယ်ဗျ၊ အစ်မကျားကျားမှာကျွန်တော့်ကိုပြောစရာတစ်ခုခုရှိလို့လား။"
"အို၊ အစ်မမင်းကိုလာရှင်းပြတာပါကွယ်၊ မနေ့ညကလေ....စစ်ကောကမောင်လေးကိုကားထဲခေါ်သွားခဲ့တာပါ။"
ရွှီကျားကျားမှာခက်ခက်ခဲခဲပြောလိုက်ရသည်။
"ဒါပေမဲ့သူ့ကိုအပြစ်မတင်ပါနဲ့၊ သူတမင်လုပ်တာမဟုတ်ပါဘူး၊ သူ့မှာအိပ်နေရင်းလမ်းထလျှောက်တတ်တဲ့အကျင့်ရှိလို့ပါ..."
လင်ခုံးလု: အိပ်နေရင်းလမ်းထလျှောက်ပြန်ပြီလား။ မင်းတို့ကအိပ်နေရင်းလမ်းထလျှောက်တဲ့စကွက်လား။
"အို၊ ဒီကိစ္စကိုဘယ်လိုပြောရပါ့မလဲနော်။"
ရွှီကျားကျားသူမဆံပင်ကိုကုတ်ကာ အတိုချုံးနိဂုံးချုပ်လိုက်သည်။
"စစ်ကောကတစ်စုံတစ်ယောက်နဲ့အရင်ကနက်ရှိုင်းတဲ့ဆက်ဆံရေးရှိခဲ့ပေမဲ့ သူတို့နောက်ပိုင်းကွဲသွားပြီးတော့ တစ်ဖက်လူကအခုသေသွားပြီး ဇွန်ဘီဖြစ်သွားလောက်ပြီရယ်။"
လင်ခုံးလု: "?" ဘယ်သူ့ကိုသေသွားပြီလို့ပြောလိုက်တာ?
"စစ်ကောကအရမ်းစိတ်ထိခိုက်သွားတာမို့ ညဘက်အိပ်နေရင်းလမ်းထလျှောက်တဲ့အကျင့်ပေါ်လာပြီး ညတိုင်းအဲ့လူကိုသွားသွားရှာတယ်။ သူမနေ့ညကမောင်လေးကိုအဲ့လူလို့ထင်ပြီး ကားထဲကိုခေါ်သွားတာဖြစ်မယ်။"
ရွီကျားကျားသေချာဂရုတစိုက်ရှင်းပြမိသည်။
"အဲ့ဒါကြောင့် သူ့ကိုစိတ်မဆိုးပါနဲ့နော်။"
လင်ခုံးလု: "ဟုတ်ကဲ့၊ ကျွန်တော်ကဦးနှောက်မကောင်းတဲ့လူကိုဂရုမစိုက်တတ်ဘူးရယ်။"
ရွှီကျားကျား: "...." တစ်ခုခုမှားနေပုံရပေမဲ့ ဘာမှမှားနေပုံမပေါ်ဘူး။
မနက်စာစားပြီးနောက် ကျန့်စစ်၏အဖွဲ့မှာထွက်သွားဖို့ပြင်လိုက်ပေမဲ့ တောင်ပေါ်မှာအာလူးနှင့်ကန်စွန်းဥလေးများရှိသည်ဟုယောင်းရီကြားတာမို့ သူတချို့တူးသွားချင်မိသည်။
အဆုံး၌ အခုအချိန်ဟာကမ္ဘာပျက်ကပ်မို့ စားစရာရဖို့မလွယ်သည့်အပြင် သိုလှောင်ထားလို့ရတာအနည်းငယ်သာရှိသည်။ သူ့မှာနေရာလွတ်စွမ်းရည်ရှိသဖြင့် ပစ္စည်းအရမ်းများနေမည်ကိုမစိုးရိမ်ဘဲ မလုံလောက်မှာစိုးရိမ်နေမိသည်။ ထို့အပြင် သူတို့ကလည်းလင်လူကြီးမင်းစုဆောင်းထားသည့်အာလူးများကိုစားခဲ့တာမို့ သူတို့တချို့တူးပြီးပြန်မပေးသင့်ပေဘူးလား။
ကျန့်စစ်မှာကားထဲတွင်နေလျက် သူ့မနက်စာမှာဘီစကစ်ဖြစ်သည်။ ဒါပေမဲ့ထူးဆန်းတာက သူဒီမနက်ဗိုက်အရမ်းဆာနေပုံမရပေ၊ သူမနေ့ညကသိပ်မစားခဲ့ပါဘဲနဲ့။
သူမျက်မှောင်ကြုတ်ကာ ဗလာကျင်းနေသည့်စားစရာဗူးကိုအလိုလိုတွေးမိသည်၊ ဖြစ်နိုင်တာက.....
မဖြစ်နိုင်ဘူး၊ သေချာပေါက်သူမဖြစ်နိုင်ဘူး။
သူတောင်ပေါ်တက်ချင်သည်ဟုယောင်းရီပြောလာချိန်တွင် ကျန့်စစ်၏မျက်နှာမှာချဥ်တူးနေလျက် ဒါကိုကြားလိုက်ရသော်မကန့်ကွက်လိုက်ပေ။ သူကားတံခါးဖွင့်ကာခပ်တိုးတိုးပြောလိုက်သည်။
"ငါလည်းလိုက်မယ်။"
ယောင်းရီပြာယာခတ်သွားကာတွေးမိသည်: စစ်ကော၊ မင်းလက်တွေကဇွန်ဘီသတ်ဖို့အတွက်သီးသန့်ပဲ၊ မင်းဘယ်လိုလုပ်ပြီးတော့ငါတို့မျှစ်နှင့်အာလူးလေးတွေတူးတာကိုကူညီနိုင်မှာလဲ။ ငါတို့ဘာသာငါတို့တူးလို့ရပါတယ်။
ဒါပေမဲ့ သူသိသိသာသာကိုအတွေးလွန်းသွားမိသည်ပင်။ တောင်ပေါ်တက်ပြီးနောက် ကျန့်စစ်ကတူးသမျှအရာတိုင်းကိုလင်ခုံးလု၏ခြင်းတောင်းလေးထဲပစ်ထည့်ပစ်လိုက်သည်။
အပြည့်ပစ်ထည့်ပြီးနောက် ခြင်းတောင်းမှာသေးလွန်းသည်ဟုတွေးမိသည့်အလား သူမျက်မှောင်ကြုတ်လိုက်သည်။
ယောင်းရီ: "...." စစ်ကော၊ မင်းငါ့ခြင်းတောင်းထဲပစ်ထည့်လို့ရပါတယ်။ ပြည့်သွားရင်ငါနေရာလွတ်ထဲထည့်လိုက်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် အဖွဲ့ရဲ့ခွဲဝေမှုစနစ်ကမျှတတာမို့ အနာဂတ်မှာလူတိုင်းအတူစားရမှာပဲကို။
လင်ခုံးလုမှာမျက်ကန်းမဟုတ်တာမို့ ကျန့်စစ်၏လုပ်ရပ်များကိုမြင်နိုင်သည်။
သူနှုတ်ခမ်းစေ့ကာပြုံးလိုက်မိပြီး တောင်အောက်ဆင်းချိန်မှာ တမင်သက်သက်အနောက်ကနှေးနှေးလေးလျှောက်နေခဲ့လိုက်သည်။ သေချာတာပေါ့၊ ကျန့်စစ်လည်းနှေးကျသွားပြီး နောက်ဆုံးကလျှောက်သွားပုံမှာ အရှေ့ကလူတို့ကိုသတိပေးရန်အလား။
လင်ခုံးလုချောင်းအသာဟမ့်ကာ ခပ်တိုးတိုးမေးမိသည်။
"အင်း၊ မနက်ဖြန်သွားကြတော့မှာလား။"
ကျန့်စစ်က"အင်း"ဟုဆိုသည်။
"ဒါဆိုကျွန်တော်ကောလိုက်လို့ရလား။"
လင်ခုံးလုချက်ချင်းမေးလိုက်မိသည်။
လူငယ်လေးကစွန့်ပစ်ခံရမှာစိုးသည့်အကောင်ငယ်လေးပမာ ခေါင်းမော့ကာကျန့်စစ်ကို သတိရှိပြီးမျှော်လင့်တကြီးမျက်နှာထားဖြင့်ကြည့်လို့နေသည်။
ကျန့်စစ်မသိမသာတန့်သွားကာ သူ့ကိုခေါင်းလှည့်ကြည့်ပြီး မျက်နှာအမူအရာကင်းမဲ့စွာပြောလိုက်သည်။
"ဘာလို့စုန့်မျိုးရိုးကLamborghiniမောင်းပြီးတော့မင်းကိုမခေါ်သွားတာလဲ။ မင်းကိုမလိုချင်တော့လို့လား။"
"ခင်ဗျား----"
လင်ခုံးလုမှာအမိခံလိုက်ရသည့်အလားသီးသွားကာ ရှက်လွန်းလို့ဘာပြောရမလဲမရွေးနိုင်တော့ပေ။
"အဲ့နေ့ကခင်ဗျားကစုန့်လူကြီးမင်းရဲ့ခေါင်းပေါ်မှာဦးထုပ်စိမ်းဆောင်းပေးလိုက်တော့ သူကျွန်တော့်ကိုမခေါ်သွားတော့ဘူးပေါ့။"
ကျန့်စစ်၏အမူအရာမဲ့မျက်နှာမှာတမဟုတ်ချင်းအေးစက်သွားပြီး သူ့ဘေးကလက်ကသတ္ထုဆူးချွန်များကိုတိုက်ရိုက်ဖန်တီးလိုက်သည်။
သူကစုန့်မျိုးရိုးကိုဦးထုပ်စိမ်းဆောင်းပေးတယ်? ဟက်၊ စုန့်မျိုးရိုးကမှသူ့ကိုလုယူသွားပြီး သူ့ကိုဦးထုပ်စိမ်းဆောင်းပေးခဲ့တာမဟုတ်ဘူးလား။
ဒါပေမဲ့လူငယ်လေးကသူ့စကားလုံးများကိုအလွန်ဒေါသထွက်သွားပုံရကာ ဒေါသဖြင့်"ဦးထုပ်စိမ်း"ဟုပြောပြီးသွားသည်နှင့် သူကနီရဲသောမျက်ဝန်းတို့ဖြင့်အရှေ့ကိုဆူပုတ်ပုတ်လျှောက်သွားသည်။
သူကားခြင်းတောင်းလေးလွယ်ထားပြီး နှုတ်ဆိတ်နေပုံရရာ... တော်တော်လေးသနားစရာကောင်းသယောင်။
ကျန့်စစ်တစ်အောင့်ကြာတိတ်ဆိတ်သွားရကာ ရုတ်တရက်ရှေ့တိုးပြီးသူ့ခြင်းတောင်းလေးကိုဆွဲယူလိုက်ပေမဲ့ သူ့မျက်နှာမှာအေးစက်လျက် သူ့လေသံမှာအတက်အကျမရှိပေ။
"မင်းငါနဲ့အတူခေါ်သွားရမဲ့အကြောင်းရင်းကိုပြော။ အကြောင်းပြချက်ကောင်းရင် မဖြစ်နိုင်တာမဟုတ်ဘူး။"
ဒါကိုပြောပြီးနောက် သူကားအနည်းငယ်ပျင်းရိသွားပြန်ပုံပင်။
ငါCမြို့တော်ကိုဖြတ်လာတာ ဒီကောင်လေးကိုလက်မလွှတ်နိုင်လို့မဟုတ်ဘူးလား။ ငါအစကသူ့ကိုခေါ်သွားဖို့စီစဥ်ထားပေမဲ့ စကားလုံးတွေထွက်ကျလာတော့ ဘာလို့ဒီလိုဖြစ်သွားတာလဲ။
မင်းကိုယ်မင်းမကယ်နိုင်ခဲ့လို့လား၊ မင်းပြန်မပေါင်းထုပ်နိုင်ခဲ့လို့လား။ "ရွှေသခင်ကြီး"ဆီကစွန့်ပစ်ခံရပြီးနောက်ပိုင်းမှာ မင်းကလူငယ်လေးအတွက်နောက်ထပ်အကောင်းဆုံးရွေးချယ်မှုသက်သက်ဖြစ်တယ်လို့မင်းခံစားရလို့လား။
လူငယ်လေးကသူ့လေသံထဲရှိတောင့်တင်းမှုကိုသတိထားမိပုံမပေါ်ဘဲ သူသဘောထားပြောင်းလဲလိုက်ပြီဟုတွေးမိရင်း ချက်ချင်းပြောလိုက်သည်။
"ကျွန်တော်ကခင်ဗျားရဲ့ကလေးကိုလွယ်ထားရတာကို ခင်ဗျားတာဝန်မယူပေးသင့်ဘူးလား။"
ကျန့်စစ်: "...." ဘာလို့ဒီကိစ္စကမပြီးသေးတာလဲ။ ထပ်ပြီးတော့လား?
"သင့်တော်တဲ့အကြောင်းပြချက်ပေးစမ်းပါ။" သူဗလာသက်သက်ပြောလိုက်သည်၊ သိသိသာသာကိုကိုယ်ဝန်ရှိမှန်းသူမယုံကြည်ဘဲ ကောင်လေးကအမှန်အတိုင်းပြောဖို့ပင်ဆန္ဒမရှိဟုခံစားလိုက်ရသည်။
လင်ခုံးလု: ဘာလဲဟ....ထားလိုက်ပါတော့လေ၊ သက်သေနဲ့တကွပြောတာပေါ့။
သူဒီနေ့ကိုယ်ဝန်စမ်းသပ်ကိရိယာယူခဲ့တာကိုသတိရသွားကာ ရုတ်ခြည်းပြောလိုက်သည်။
"ခဏစောင့်။"
သူကကျန့်စစ်ကိုအာလူးတူးသည့်ဂေါ်ပြားကိုကမ်းပေးလိုက်ပြီးမှ သူ့ကိုပြဖို့သူ့အိတ်ကပ်ထဲကကိုယ်ဝန်စမ်းသပ်ကိရိယာကိုထုတ်လိုက်ပြီး ထို့နောက်ဘေးကသစ်ပင်ငယ်လေးဆီကိုပြေးသွားကာ သူ့ခေါင်းကိုငုံ့ပြီး သူ့ဘောင်းဘီကိုကြယ်သီးဖြုတ်လိုက်သည်....
ကျန့်စစ်: "...." သူချက်ချင်းအနောက်လှည့်ကာ လူငယ်လေးကိုကျောပေးလိုက်ပေမဲ့ စဥ်းစားကြည့်ပြီးနောက် ရုတ်တရက်အန္တရာယ်တစ်ခုခုဖြစ်သွားမှာစိုးကာ ခပ်မြန်မြန်ပြန်လှည့်လိုက်မိသည်။
လင်ခုံးလုသိပ်မကြာခင်ပြီးသွားသည်၊ သူ့လက်ဆေးဖို့ရေမရှိတာမို့ သူ့မှာအသန့်ကြိုက်ရောဂါရှိသဖြင့် သူ့လက်များက်ုသဘောမကျတော့ပေ။
"ဒီမှာ။" သူကိုယ်ဝန်စမ်းသပ်ကိရိယာကိုကိုင်ကာ တစ်ဖက်လူကိုပြပြီး ပြောလိုက်သည်။
"မျဥ်းနှစ်တန်း။"
ကျန့်စစ်နှုတ်ဆိတ်သွားကာ တစ်အောင့်ကြာမှပြောလိုက်သည်။
"မင်းမှာဝှေးစေ့ကင်ဆာရှိနေတာဖြစ်မယ်။"
လင်ခုံးလု: "?" ဘာ၊ ဘာကင်ဆာ?
"ဝှေးစေ့ကင်ဆာ။" 0687ကရှင်းပြသည်။
"ကိုယ်ဝန်စမ်းသပ်ကိရိယာက β hCG (human chorionic gonadotropin)ကိုအဓိကတိုင်းတာတယ်။ ဒီဟော်မုန်းကကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်နဲ့ဆီးထဲမှာတိုးလာလိမ့်မယ်။ အမျိုးသားတွေမှာအဲ့လိုကင်ဆာရှိလာရင် ဒီဟော်မုန်းကလည်းမြင့်တက်လာနိုင်တာမို့ မျဥ်းနှစ်တန်းပေါ်နိုင်ချေရှိတယ်။"
လင်ခုံးလု: "..."
ကျန့်စစ်၏မျက်နှာထားမှာရှုပ်ထွေးနေပြီး သူအရှိုက်ထိသွားသည်ဟုတွေးမိသည့်အလား သူ့ကိုနှစ်သိမ့်ပေးလာသည်။
"ဒီရောဂါကကုသရမခက်ပါဘူး၊ ပြန်ကောင်းလာပြီးရင်လုပ်ငန်းစဥ်ကိုမသက်ရောက်ဘူး။"
လင်ခုံးလု: မင်းဘွားအေခြေထောက်ကိုဘဲကုသလိုက်!
သူဒေါသထွက်သွားကာ ဂေါ်ပြားငယ်လေးနှင့်ခြင်းတောင်းလေးကိုပြန်ဆွဲယူကာ သူ့ဘာသာသူသယ်ပြီး ဒေါသတကြီးထွက်သွားမိတော့သည်။
"ဂေါ်ပြားကိုပဲသယ်ပြီး သူ့ကိုခြင်းတောင်းသယ်ခိုင်းလိုက်ပါလား။"
0687ကအကြုံပြုသည်။
"မင်းကကိုယ်ဝန်ရှိနေတော့ အလေးအပင်မလို့မရဘူးလေ။"
ခြင်းတောင်းလေးမှာသိပ်မလေးပေမဲ့ ကိုယ်ဝန်ကနှစ်လသာရှိသေးသဖြင့် မတည်ငြိမ်သေးပေ။
"လေဥဥသွားတာ၊ ထားလိုက်တော့။"
လင်ခုံးလုပြောလိုက်သည်။
"ဟေ့၊ အဲ့လိုမပြောနဲ့လေ၊ ကလေးကြားသွားရင်မကောင်းဘူး။"
0687ကစည်းရုံးပြန်သည်။
"ကြားတယ်? သူ/သူမတကယ်ကြားနိုင်ရင် အခြားအဖေတစ်ယောက်ရဲ့ဗိုက်ထဲပြောင်းသွားသင့်တယ်၊ အဲ့လူဘာကင်ဆာဖြစ်မလဲကြည့်တာပေါ့။"
လင်ခုံးလုဒေါသတကြီးအံကြိတ်လိုက်မိသည်။
0687: "...."
ဒီဖြစ်ရပ်ကြောင့် လင်ခုံးလုကကျန့်စစ်ကိုတစ်လမ်းလုံးစကားမပြောတော့သည့်အပြင် ညဘက်ချက်ပြုတ်ချိန်မှာသူ့အတွက်မပြင်ဆင်ပေးပေ။
ကံကောင်းစွာဖြင့် ကျန့်စစ်ကလည်းစားဖို့အစီအစဥ်မရှိပေ။ သူကခြံဝန်းအပြင်မှာမီးမွှေးပြီး အာလူးလေးအချို့ကိုကင်ကာ ငရုတ်ကောင်းနှင့်ဆားတချို့ဖြူးလိုက်သည်။
ဗီလာထဲတွင် ယောင်းရီနှင့်အခြားလူတို့မှာစားပွဲပေါ်က မွှေးကြိုင်နေသည့်အာလူးနှပ်၊ မျှစ်နှင့် ဟင်းသီးဟင်းရွက်ခြောက်များနှင့်မုန်လာဥနီစွပ်ပြုတ်ကိုကြည့်လိုက်ပြီးနောက် အာလူးများကိုကင်ပြီး မည်းသွားမှအခွံနှာကာမျက်မှောင်ကြုတ်လျက်စားနေသည့်ကျန့်စစ်ကိုကြည့်ကာ ရုတ်တရက်အနည်းငယ်အပြစ်ရှိစိတ်ခံစားလိုက်ရသည်။
သူတို့ကဒီမှာကောင်းကောင်းစားသောက်နေပေမဲ့ စစ်ကောကအပြင်မှာတစ်ယောက်ထဲခံစားနေရတာက မကောင်းဘူးမလား။
"စစ်ကောကလင်လူကြီးမင်းကိုစိတ်ဆိုးအောင်လုပ်ခဲ့တာလား။"
လင်ခုံးလုမီးဖိုချောင်မှာစွပ်ပြုတ်သွားယူနေစဥ် ရွှီကျားကျားခပ်တိုးတိုးမေးမိသည်။
"မနက်တုန်းကမင်းသူ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့တာမဟုတ်ဘူးလား။"
ထျန်းဝူကဆိုသည်။
ရွှီကျားကျား: "ဒါပေမဲ့ ကျွန်မတို့တွေညနေကျပြန်တည့်သွားကြတယ်မဟုတ်ဘူးလား။ စစ်ကောကလည်းလင်လူကြီးကိုအာလူးကူတူးပေးခဲ့တယ်လေ။"
ယောင်းရီ: "ငါနားမလည်ဘူး၊ ဒါပေမဲ့သူတို့ကြည့်ရတာအချင်းချင်းသိတာကြာပြီထင်တယ်။"
"လင်လူကြီးမင်းကငါတို့နဲ့အတူလိုက်မှာလား။"
ထျန်းဝူကပြောသည်။
"သူ့အချက်အပြုတ်စကေးက ကျားကျားနဲ့ရှားယင်တို့ထက်ပိုကောင်းတယ်။"
အဖွဲ့ထဲကအမွှာညီအစ်ကိုနှစ်ယောက်မှာချက်ချင်းခေါင်းငြိမ့်လိုက်ကြပြီး အကြီးကောင်ကျောက်မင်ကသဘောတူသည်။
"အထူးသဖြင့်အစ်မကျားကျားချက်တဲ့စားစရာကဆူပွက်နေတဲ့ရေလိုပဲ။"
"ဟုတ်တယ်။" အငယ်လေးကျောက်ဖန်ကသံယောင်လိုက်သည်။
"အစ်မကျားယင်ရဲ့အချက်အပြုတ်စကေးကပိုကောင်းတယ်။"
အလှလေးနှစ်ယောက်မှာဒါကိုကြားသော် သူတို့ကိုသစ်ချသီးချက်ချင်းပေးလိုက်သည်။
"ဒါစားကောင်းတယ်၊ ဘာလို့မစားတာလဲ။"
ရွှီကျားကျားကဒေါသတကြီးဆိုသည်။
ရှားယင်: "အခုကစပြီး ကိုယ့်ဘာသာကိုယ်ချက်ကြတော့။"
"အဓိကအချက်က။"
ယောင်းရီစွပ်ပြုတ်တစ်ငုံသောက်ကာထပ်ပေါင်းပြောလိုက်သည်။
"လင်လူကြီးမင်းသာငါတို့နဲ့အတူလိုက်ရင် စစ်ကောကညဘက်ကျဇွန်ဘီထွက်ရှာတော့မှာမဟုတ်ဘူး။"
အခြားသူများ: "အာ...."
မနေ့ညကဟာကတိုက်ဆိုင်မှုသက်သက်ဆိုရင်ကော? ပြီးတော့လင်လူကြီးမင်းကိုဇွန်ဘီတစ်ကောင်ရဲ့လူစားထိုးလိုပြုမူခိုင်းဖို့မလွယ်ဘူးလားလို့?
ဒီဖြစ်ရပ်ကြောင့်ဖြစ်လောက်မည်၊ လူတိုင်းမှာရုတ်တရက်ညအိပ်မရတော့ပေ။
ညဘက်စောင့်ကြည့်ဖို့တာဝန်ကျသည့်အမွှာနှစ်ကောင်မှအပ၊ လူတိုင်းဟာလည်းတစ်ခုခုကိုစောင့်နေသည့်အလား ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်နေကြသည်။
လင်ခုံးလုမှာစောစောအပေါ်တက်သွားပေမဲ့ သူလည်းမအိပ်ပေ။
"ငါထပ်ပြီးအိပ်ပျော်သွားရင် မင်းငါ့ကိုနှိုးကိုနှိုးရမယ်နော်။"
သူမျက်စိမှိတ်ကာစနစ်ကိုပြောလိုက်သည်။
"သူခိုးကိုဖမ်းပြီး အခိုးခံလိုက်ရတဲ့ပစ္စည်းတွေကိုပြန်ယူဖို့ ဒီညသူ့ကိုလက်ပူးလက်ကြပ်ဖမ်းရမယ်။"
မနက်၁နာရီတွင် ဧည့်ခန်းထဲကလူတိုင်းမှာအလိုလိုအသက်အောင့်လိုက်မိပြီး သိပ်မကြာခင်ကားတံခါးပွင့်လာကာ ကျန့်စစ်ကမျက်လုံးနီနီတို့ဖြင့်ကားထဲကထွက်လာပြန်သည်။
"အောင်မယ်လေး၊ သူလာပြီဟ။"
ယောင်းရီမှာသူ့ပါးစပ်သူအလိုလိုပိတ်ကာ ဆိုဖာအနောက်မှာပုန်းလိုက်မိသည်။
ထျန်းဝူမှာတော်တော်လေးလူကောင်ကြီးပေမဲ့ သူ့ကဲ့သို့လိုက်ပုန်းသည်။
"ရှင်တို့ဘယ်လောက်ကတိတည်ကြလဲကြည့်။"
ရွှီကျားကျားပြောလိုက်သည်။
"ဒါကအိပ်နေရင်းလမ်းထလျှောက်ရုံလေးပါပဲ။"
ယောင်းရီနှင့်ထျန်းဝူမှအပ၊ အဖွဲ့ထဲကအခြားလူများမှာကျန့်စစ်၏"ညဘက်လမ်းထလျှောက်မှု"ကိုတစ်ခါမှမမြင်ဖူးပေ။
ရွှီကျားကျားမှာမကြောက်မိဘဲ အနည်းငယ်ပင်သိချင်လာပေမဲ့ သူမမော့ကြည့်လိုက်ချိန်တွင် ပြတင်းပေါက်မှတဆင့်ကျန့်စစ်၏သွေးနီရောင်မျက်ဝန်းတစ်စုံနှင့်ဆုံသွားရာ သူမရုတ်ခြည်းအသက်ရှုတန့်သွားရသည်။
သူမဝိညာဥ်အနက်ရှိုင်းဆုံးမှအကြောက်တရားကားသူမကိုထိန်းချုပ်မရအောင်တုန်ရီသွားစေသည်မှာ အဆင့်မြင့်ဇွန်ဘီတစ်ကောင်ထံမှစိုက်ကြည့်ခံရပြီး ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိသည့်အလား။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူတို့ကြုံခဲ့ရတဲ့ခွန်အားအကြီးဆုံးဇွန်ဘီတွေကလူတွေကိုဒီလိုကြောက်စရာခံစားမှုမျိုးမပေးဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူမဘာတွေစဥ်းစားနေမိတာလဲ၊ စစ်ကောကလူသားတစ်ယောက်ကို ဘာလို့ဇွန်ဘီတွေကိုဥပမာအနေနဲ့သုံးရမှာလဲ။
မနေ့ညကအတိုင်း၊ ကျန့်စစ်ကဗီလာတံခါးကိုကျွမ်းကျင်စွာဖွင့်ကာ ဧည့်ခန်းထဲကလူတိုင်းကိုလျစ်လျူရှုပြီး တတိယထပ်ကိုတည့်တည့်မတ်မတ်တက်သွားသည်။
သူဝင်လာချိန်တွင် လေထုမှာရပ်တန့်သွားပုံရကာ သူဖြတ်သွားပြီးနောက်မှသာ လူတိုင်းအသက်ရှုရဲတော့သည်။
အိပ်နေရင်းလမ်းထလျှောက်တတ်သည့်စကွက်ထဲကလူတိုင်းသက်မချမိသည်။ "....." ကျွန်တော်တို့ကိုလေလိုမျိုးဆက်ဆံပေးသွားတဲ့စစ်ကောကိုကျေးဇူးတင်ပါတယ်။
ဒါပေမဲ့သိပ်မကြာခင်မှာ ကျန့်စစ်တစ်ယောက်လူငယ်လေးကိုပွေ့ပြီး အောက်ထပ်ပြန်ဆင်းလာသည်။
ဧည့်ခန်းကိုထပ်အဖြတ်၊ သူမသိမသာတန့်သွားကာ ခေါင်းအသာစောင်းပြီး အဖွဲ့ထဲကလူတိုင်းကိုသွေးနီရောင်မျက်ဝန်းတို့ဖြင့်ကြည့်လာသည်။ သူ၏အာဒမ်ပန်းသီးမှာလှုပ်သွားပုံရပြီး ဆာလောင်နေသောဝံပုလွေတစ်ကောင်ကအသတ်ခံရဖို့စောင့်နေသည့်သိုးငယ်လေးကိုစိုက်ကြည့်နေသည့်ပမာ သွေးဆာသောအလင်းရောင်ကသူ့မျက်ဝန်းထဲမှာပေါ်လာသည်။
ငတုံးကနေ့ဘက်မှာဘာမှစားထားပုံမရဘူး၊ သူဗိုက်ဆာတယ်။
ဒါပေမဲ့ထိုစဥ် သူ့လက်မောင်းကြားထဲကကောင်လေးမှာလှုပ်လာရာ သူချက်ချင်းအကြည့်လွှဲလိုက်ပြီး သူ့အနီရောင်မျက်ဝန်းထဲကအေးစက်မှုမှာနူးညံ့သိမ်မွေ့မှုအဖြစ်ပြောင်းသွားကာ သေချာဂရုတစိုက်ချော့မြူလိုက်သည်။
"ကလေးလေးမကြောက်ပါနဲ့ကွာ...."
ချော့နေစဥ်
သူကကောင်လေးကိုလက်မောင်းထဲမှာပွေ့လျက်သားဖြင့်ဧည့်ခန်းထဲကထွက်သွားကာ ကားဆီလျှောက်သွားသည်။
သူထွက်သွားတာအတော်ကြာပြီးနောက် ဧည့်ခန်းထဲကမည်သူကမျှအသံမထွက်ရဲကြပေ၊ တစ်စုံတစ်ယောက်ကမအောင့်နိုင်ဘဲ ကျယ်လောင်စွာလေလည်လိုက်ပြီး အခန်း၏တိတ်ဆိတ်မှုကိုချိုးဖျက်လိုက်သည်။
"အာ၊ ငါနေ့ခင်းတုန်းကမုန်လာဥနီအများကြီးစားလိုက်မိတယ်။"
ထျန်းဝူကရှက်ရွံ့စွာဝန်ခံသည်။
လူတိုင်း: "....." စစ်ကောထွက်သွားပြီးမှလွှတ်လိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ရွှီကျားကျား"ဝါး"ဟုဆိုကာ ငိုမိတော့မည်ပင်။
"ကျွန်မခုနကသေတော့မယ်ထင်တာ၊ သိရဲ့လား။"
အခြားသူများမှာခေါင်းငြိမ့်မိကြသည်၊ သူတို့သိတယ်၊ သူတို့လည်းအဲ့လိုခံစားလိုက်ရတယ်။
"ယောင်းရီ၊ မင်းအရင်ကသူနဲ့ဝင်တိုးတုန်းကဘာလို့မကြောက်တာလဲ။"
ကျောက်မင်ကမေးသည်။
ယောင်းရီ: "...အရင်တုန်းကနေ့တိုင်းလမ်းထမလျှောက်ပါဘူး၊ ဒါပေမဲ့အခုတလောပိုပိုစိတ်လာတယ်၊ အစကအရမ်းကြောက်စရာမကောင်းဘူး။ ကံကောင်းချင်တော့ လင်လူကြီးမင်းကိုခုနကလှုပ်လိုက်ပေလို့ပဲ။"
"စစ်ကောကလင်လူကြီးမင်းကိုကလေးလေးလို့လည်းခေါ်သွားသေးတယ်..."
အခြားသူများမှာဒါကိုကြားသော် ချက်ချင်းဆွေးနွေးမိကြသည်။
"လင်လူကြီးမင်းကငါ့အသက်ကိုကယ်လိုက်သလိုခံစားလိုက်ရတယ်။"
"ငါတို့မနက်ဖြန်ကျရင်လင်လူကြီးမင်းကိုငါတို့နဲ့အတူလိုက်ခဲ့ဖို့စည်းရုံးရမယ်။"
ကားထဲတွင် 0687မှာချပ်စ်ပြားမီးတောက်မတတ်အော်ခေါ်လိုက်ရပြီးမှသာ လင်ခုံးလုကိုနှိုးလိုက်နိုင်သည်။
0687: "..." ကိုယ်ဝန်ရှိနေလို့ဖြစ်ရမယ်။ ပုံမှန်လူတစ်ယောက်ကဘယ်လိုလုပ်ပြီးဒီလိုအိပ်ပျော်နိုင်မှာလဲ။
လင်ခုံးလုမှာအိပ်မောကျနေခဲ့ပြီး သူမျက်လုံးဖွင့်လိုက်ချိန်မှာ သွေးနီရောင်မျက်ဝန်းတစ်စုံနှင့်ဆုံသွားတော့ တစ်ဖက်လူ၏လက်မောင်းကြားထဲကိုအလန့်တကြားကျသွားလုမတတ်ဖြစ်သွားရသည်။
ကျန့်စစ်သူ့ကိုခပ်မြန်မြန်ထိန်းကိုင်ကာ စိုးရိမ်တကြီးပြောမိသည်။
"ဂရုစိုက်လေ၊ ကလေးလေးရဲ့။"
ကလေးလေး?
လင်ခုံးလုတစ်အောင့်ကြာကြောင်အမ်းသွားရပေမဲ့ သူ့ရှေ့ကလူဟာသူဒီကိုစရောက်လာသည့်ညတုန်းကကျန်းစစ်နှင့်အတူတူဖြစ်ကြောင်း ခပ်မြန်မြန်သဘောပေါက်သွားသည်။
"ခင်ဗျား----"
သူစကားပြောဖို့တုံ့ဆိုင်းသွားပေမဲ့ သူပြောလို့မပြီးသေးခင် ကျန့်စစ်ကမျက်မှောင်ကြုတ်ကာသူ့ကိုပြောလာသည်။
"ကလေးလေးဘာလို့နိုးလာတာလဲ။ ဗိုက်ဆာလို့လား။"
သူပြောရင်းဖြင့် သူ့အကြည့်ကိုကားအပြင်ပို့လိုက်ပြီး တစ်အောင့်ကြာအောင်ဟိုဟိုဒီဒီလှည့်ပတ်လိုက်ပြီးမှ အာလူးမီးကျွမ်းအနည်းငယ်ထံရောက်သွားသည်။
တမဟုတ်ချင်းပင် ၊ သူ့မျက်လုံးများအေးစက်သွားကာ သူ့အရှိန်အဝါမှာပိုမိုအေးစက်လာသည်။ သူဒေါသတကြီးဆိုမိသည်။
"အဲ့အရူးကနေ့ဘက်မှာမင်းကိုဒါတွေကျွေးနေတာလား။ ကိုယ်တို့ကဇွန်ဘီတွေဆိုတာသူမသိဘူးလား၊ ကိုယ်တို့ကလတ်လတ်ဆတ်ဆတ်အသွေးအသားကိုပဲစားချင်တာလေ!"
လင်ခုံးလု: "!!!"
ဘာမှားနေလဲသူနောက်ဆုံးတော့နားလည်သွားပြီ၊ ဒါ ဒါကအရင်တစ်ခေါက်တုန်းကသူ့ကြောင့်သွယ်ဝိုက်နည်းနှင့်ဇွန်ဘီတစ်ကောင်အဖြစ်ပြောင်းသွားတဲ့ကျန်းစစ်မဟုတ်ဘူးလား။
သူအစကမမှတ်မိတာမဆန်းပေ၊ နဂိုဇာတ်ညွှန်းထဲမှာကျန့်စစ်ကနောက်ဆုံးမှာဇွန်ဘီဘုရင်ဖြစ်လာပြီး လူသားအားလုံးနှင့်ဇွန်ဘီတိုင်းကိုကြောက်ရွံ့စေလိမ့်မည်ပင်။ ဒါပေမဲ့ ဇာတ်ကြောင်း၏စောစီးသောအပိုင်းမှာဟိုဟိုဒီဒီပတ်ခုန်နေရသည့်အမြှောက်စာဇာတ်ကောင်လေးအနေဖြင့် သူကားကျန့်စစ်တစ်ယောက်ဇွန်ဘီဖြစ်သွားပြီးနောက်ပိုင်းမှာသူ့ဇာတ်ကွက်ပြီးသွားပြီပင်။
ဇာတ်ကွက်အပြီးမှာ စနစ်၏ကျရှုံးမှုကြောင့် သူအချိန်မီမထွက်သွားနိုင်ဘဲ အခြားဇွန်ဘီများသတ်တာခံရတော့မည့်ဆဲဆဲကျန့်ဇွန်ဘီကိုကယ်တင်ဖြစ်ခဲ့ကာ အချိန်တစ်စုစာမျှနေ့တိုင်းကြက်တစ်ကောင်၊ နှစ်ကောင်ကျွေးနေခဲ့သည်။
ဒါပေမဲ့ကြက်အကောင်တစ်ရာထက်မနည်းကျွေးပြီးနောက် သူဒီကမ္ဘာမှအောင်မြင်စွာထွက်လာနိုင်ခဲ့သည်။ ကျန့်စစ်တစ်ယောက်ဇွန်ဘီဘုရင်ဖြစ်လာတာကိုသူလုံးဝမမြင်ဖူးခဲ့ပေ။
မဟုတ်သေးဘူး၊ အဲ့ဒီ့ကျန်းစစ်သာတကယ်ပြန်မွေးဖွားလာလို့ရှိရင် သူ့ သူ့ကိုမုန်းနေသင့်တာလေ။
"ကလေးလေး၊ ကြက်သားစားမလား။"
ကျန့်စစ်ရုတ်တရက်နူးညံ့စွာမေးလိုက်သည်။
လင်ခုံးလုမဖော်ပြနိုင်လောက်အောင်ကြောက်လန့်သွားရကာ စနစ်ကိုအလိုလိုမေးမိသည်။
"မကောင်းတဲ့စိတ်တန်ဖိုး၊ နှစ်သက်မှုတန်ဖိုး။"
0687အမြန်စစ်ကြည့်ကာပြောလိုက်သည်။
"နှစ်သက်မှုတန်ဖိုး၉၉၊ မကောင်းတဲ့စိတ်တန်ဖိုး၉၉။"
လင်ခုံးလု: "...." ကောင်းရော၊ ဒီထက်ပိုမကောင်းနိုင်တော့ဘူး။
ဒီဟာကနေ့ဘက်ကကျန့်စစ်လောက်မကောင်းပေ။ နှစ်သက်မှုတန်ဖိုးနိမ့်ပေမဲ့လည်း မကောင်းတဲ့စိတ်တန်ဖိုးဟာလည်းနိမ့်ပေသည်။
"ကလေးလေးဘာလို့တုန်နေတာလဲ။ ချမ်းလို့လား။"
ကျန့်စစ်မျက်မှောင်ကြုတ်မိသည်။
လင်ခုံးလု: "မ မချမ်းပါဘူး။"
ကျန့်စစ်ကမျက်ခုံးအနည်းငယ်ပြေလျော့သွားကာမေးလာပြန်သည်။
"ဒါဆိုကြက်သားစားမလား။"
"ဟင့်အင်း၊ မစားဘူး။"
လင်ခုံးလုတိုးတိုးပြောမိသည်။
"ကိုယ်တို့တွေဘာမှမစားဘဲနေလို့မရဘူးလေ။ ကိုယ်တို့ကဇွန်ဘီတွေကို။"
ကျန့်စစ်ခပ်တိုးတိုးချော့လိုက်သည်။
တကယ်တော့ သူဗီလာထဲကအဲ့လူတွေကိုဖမ်းပြီး ကလေးလေးကိုကိုက်စေချင်ပေမဲ့ ကလေးလေးကလူသားတွေကိုကိုက်ရတာမကြိုက်တဲ့အပြင် သူ့ကိုလည်းကိုက်ခိုင်းမှာမဟုတ်ဘူး။ ဒီတော့သူတို့တွေကြက်သားစားရုံပဲတတ်နိုင်တော့တယ်။
______________________________________