Chapter(43)
Viewers 10k

လင်ခုံးလုငိုမိတော့မည်ပင်၊ သူဘယ်တုန်းကဇွန်ဘီဖြစ်သွားတာလဲ။ မဟုတ်ဘူး၊ အရင်ဘဝသူထွက်လာတုန်းက ကျန်ရစ်ခဲ့တဲ့ခန္ဓာကိုယ်ကဇွန်ဘီဖြစ်လာပြီးတော့ တဖြည်းဖြည်းအသိစိတ်ရလာတဲ့ကျန့်စစ်ပျိုးထောင်တာခံခဲ့ရတာများလား။


"လိမ်မာပါ၊ ကလေးလေးရယ်။ မင်းဗိုက်ဆာရင် လတ်ဆတ်တဲ့အသွေးအသားစားဖို့လိုအပ်တယ်လေ။ ကိုယ်မင်းအတွက်ကြက်တစ်ကောင်ဖမ်းပေးမယ်နော်။"

ကျန့်စစ်နူးညံ့စွာချော့မြူလိုက်ပြီး သူ၏မျက်ဝန်းနီနီတို့မှာ ပြတင်းပေါက်ကိုဖြတ်၍ ခြံဝန်းထဲကအသိုက်ထဲမှာအိပ်တန်းတက်နေကြသည့်ကြက်ကလေးများပေါ်မှာမြဲမြံစွာရှိနေလျက်။


လင်ခုံးလု: "....." ငါ့ကြက်တွေကိုစဥ်းတောင်မစဥ်းစားနဲ့။


နေပါအုံး၊ သူသာအရင်ဘဝတုန်းကတကယ်ဇွန်ဘီတစ်ကောင်ဖြစ်လာပြီး ကျန့်စစ်ပျိုးထောင်တာခံခဲ့ရမယ်ဆိုရင်....သူသွေးနီရောင်အသားတကယ်စားခဲ့မှာမဟုတ်ဘူးလား။


ဒါကိုတွေးမိရင်း လင်ခုံးလု၏မျက်နှာမှာရုတ်ခြည်းဖြူဖျော့သွားရကာ တစ်အောင့်ကြာပျို့အန်ချင်စိတ်ဖြစ်လာရသည်။


0687ကအမြန်နှစ်သိမ့်လာသည်။

"အဲ့ဒါကအရင်ဘဝတုန်းက မင်းထွက်လာပြီးနောက်ပိုင်းကမင်းရဲ့ခန္ဓာကိုယ်လေ၊ မင်းရဲ့လက်ရှိခန္ဓာကိုယ်မဟုတ်တာမို့ အများကြီးစိတ်ပူမနေပါနဲ့။"


"အရင်ဘဝကနောက်ပိုင်းမှတ်တမ်းရှိလား။"

လင်ခုံးလုအားနည်းစွာမေးလိုက်သည်။


0687ကရှာပြီးပြီဖြစ်ရာ စိတ်မကောင်းစွာပြောလာသည်။

"ဟင့်အင်း။"


လင်ခုံးလု: "...." ပိုမကောင်းနိုင်တော့ဘူး။


ဒီတော့အရင်ဘဝမှာဘာဖြစ်ခဲ့တာလဲ။ ဘာလို့ကျန့်စစ်ကရက်စက်တဲ့ဇွန်ဘီဘုရင်မဖြစ်လာဘဲ သူ့အသိစိတ်အပြည့်အဝပြန်မရသေးတဲ့အတိုင်း အနည်းငယ်ရူးနှမ်းနေရတာတုန်း?


ဒါပေမဲ့ ပြောရခက်သည်၊ အဆုံးတွင် မကောင်းတဲ့စိတ်တန်ဖိုး၉၉နှင့်ဆိုရင် တစ်စက္ကန့်မှာနူးညံ့သိမ်မွေ့ပြီး နောက်တစ်စက္ကန့်မှာလူသတ်လိမ့်မည်ပင်။


သူ့လက်မောင်းကြားထဲကလူမှာတစ်ချိန်လုံးတုန်ရီလျက် သူ့မျက်နှာမှာဖြူဖျော့နေကာ အန်ချင်နေပုံပေါက်နေတာကိုကျန့်စစ်သတိထားမိလိုက်သည်။


သူမျက်မှောင်မကြုတ်ဘဲမနေနိုင်၊ ကလေးလေးကဘာလို့တုန်ရီပြီး အန်ချင်နေရတာလဲ။ အခုဆိုရင်သူ့ကိုယ်သူသန့်ရှင်းထားသဖြင့် သွေးနံ့မပြောနှင့် သူ့ကိုယ်ပေါ်မှာအမာရွတ်လုံးဝရှိမနေ​ပေ။


"ကလေးလေး၊ ကိုယ့်ကိုကြောက်နေတာလား။"

သူဒီအကြောင်းပြချက်ကိုသာစဥ်းစားလို့ရသဖြင့် သူ့မျက်ဝန်းနီနီထဲမှာနာကျည်းချက်အနည်းငယ်ပေါ်လာသည်။


ဇွန်ဘီများစွာကသူ့ကိုကြောက်ကြသည့်အပြင် သူပထမဆုံးဇွန်ဘီဖြစ်လာတုန်းကကလေးလေးကလည်းသူ့ကိုကြောက်ခဲ့တာကိုသူသိပေမဲ့ သူကလေးလေးကိုအတတ်နိုင်ဆုံးကြိုးစားကောင်းပေးနေတယ်လေ၊ ဘာလို့အသုံးမဝင်တာလဲ။


ဇွန်ဘီဖြစ်မလာခင်ကျန့်စစ်၏မှတ်ဉာဏ်များမှာအလွန်ဝိုးတိုးဝါးတားပင်။ သူ့မှာချစ်ရသူတစ်ယောက်ရှိပြီး ၎င်းမှာသူ့လက်မောင်းထဲမှာကလေးလေးဆိုတာကိုသာသူမှတ်မိသည်။ သူတို့အတူပျော်ရွှင်ခဲ့ကြပြီး သူကသူ့ကိုလျှပ်စစ်မြည်းလေးပေါ်မှာတင်မောင်းသွားလိမ့်မည်ပင်။


ဒါပေမဲ့တစ်နေ့ကျတော့ကလေးလေးကိုချမ်းသာသော"ရွှေသခင်ကြီး"ကအလစ်သုတ်သွားခဲ့သည်။ သူအလွန်ဒေါသထွက်သွားခဲ့သည်။ သူကလေးလေးကအမြန်ရှာခဲ့ပေမဲ့လည်း တမင်သက်သက်အေးစက်စက်မျက်နှာထားဆင်မြန်းကာ သူ့ကိုလျစ်လျူရှုထားခဲ့သည်။ ဒီတော့အခြေအနေကိုအခွင့်ကောင်းယူသည့်လူဆိုးများကသူနှင့်ကလေးလေးကြားမှာသွေးခွဲခဲ့သည်။ နောက်ပိုင်းသူအသတ်ခံရကာဇွန်ဘီအဖြစ်ပြောင်းသွားပြီး ကလေးလေးမှာလည်းအ​ခြေစိုက်စခန်းအပြင်ကိုကန်ထုတ်ခံခဲ့ရသည်။


သူဇွန်ဘီပထမဆုံးဖြစ်လာတုန်းက သူကလုံးဝရှင်လျက်သေနေပြီး ထိုရုပ်ဆိုးကာညစ်ပတ်ပြီးအသိစိတ်မရှိသည့်အမှိုက်ဇွန်ဘီကောင်များနှင့်ကွာခြားမှုမရှိပေ။ ဒါပေမဲ့ကလေးလေးကသူ့ကိုရှာတွေ့သွားကာ သူ့ကိုသဘောမကျပေမဲ့ သူ့ကိုဂရုစိုက်ပေးခဲ့သည်။


ကလေးလေးကအသန့်ကြိုက်ပြီး သွေးကြောက်တတ်ပေမဲ့ သူ့ကိုကျွေးဖို့ နေ့တိုင်းကြက်နှင့်ယုန်တို့ကိုသွားဖမ်းလေ့ရှိသည်။


ကလေးလေးကသူ့ကိုလူသားစားခွင့်မပေးသကဲ့သို့ လတ်လတ်ဆတ်ဆတ်ဇွန်ဘီများ၏အသားကိုလည်းကိုက်ခွင့်မပေးဘဲ သူ့ကိုအမြဲနူးညံ့စွာချော့မြူလေ့ရှိသည်။

"မင်းကAတက္ကသိုလ်ကအေးစက်ပြီးသန့်ရှင်းတဲ့နတ်ဘုရားကျန့်စစ်ပဲ၊ မင်းဇွန်ဘီဖြစ်လာရင်တောင် အနာဂတ်ဇွန်ဘီဘုရင်ဖြစ်မှာ။ မင်းသာလူနဲ့အသေကောင်တွေကိုလိုက်စားနေမယ်ဆိုရင် အဆင့်နိမ့်ဇွန်ဘီတွေနဲ့ဘာကွာသွားမှာမို့လို့လဲ။ အနာဂတ်မှာအသိစိတ်ပြန်ရလာတဲ့အခါကျရင်မင်းလက်ခံနိုင်မှာမဟုတ်ဘူးနော်။"


ထိုအချိန်တုန်းကကျန့်စစ်ဇဝေဇဝါဖြစ်ကာ နားမလည်နိုင်ဖြစ်မိသည်။ ဒါပေမဲ့ကလေးလေးကသူ့ကိုစားခွင့်မပေးမှတော့ သူစားမှာမဟုတ်ဘူး၊ သူကလေးလေးပြောတာနားထောင်မယ်။


နောက်ပိုင်းသူအတွေးနှင့်မှတ်ဉာဏ်တချို့ပြန်ရလာပေမဲ့ ကလေးလေးကဇွန်ဘီအကိုက်ခံရကာ အခြားအဆင့်နိမ့်ဇွန်ဘီတို့နှင့်ကွာခြားမှုမရှိသည့်ဇွန်ဘီလေးအဖြစ်ပြောင်းသွားခဲ့သည်။


ကျန့်စစ်အလွန်ဝမ်းနည်းမိပေမဲ့ သူ့ကလေး​လေးကဇွန်ဘီအဖြစ်ပြောင်းသွားရင်တောင် သူဟာအလှပဆုံးဇွန်ဘီလေးတစ်ကောင်ဖြစ်နေအုံးမှာပင်။ အရင်တုန်းကကလေးလေးသူ့ကိုပျိုးထောင်ပေးခဲ့သလိုမျိုး သူကလေးလေးကိုသေချာဂရုတစိုက်ပျိုးထောင်ခဲ့သည်။


တစ်နေ့ကျရင် ကလေးလေးကသူ့လိုမျိုးအသိစိတ်နှင့်မှတ်ဉာဏ်တဖြည်းဖြည်းပြန်ရလာလိမ့်မည်ဟုသူမျှော်လင့်ထားခဲ့သည်။ ဒါပေမဲ့ သူမရှိတုန်းလူသားအများအပြားကတဲထဲဖောက်ဝင်လာကာ သူ့ကလေးလေးကိုသတ်ပစ်သွားကြသည်။


ကျန့်စစ်ကြေကွဲသွားရပြီး ကလေးလေးကိုယ်စားလက်တုံ့ပြန်ခဲ့ကာ ထိုလူတို့ဆီကပုတီးစေ့များပင်လုယူခဲ့သည်။ ၎င်းကအသက်ပုတီးစေ့တစ်မျိုးဖြစ်သည်ဟုသူတို့ပြောကြသည်၊ သူကကလေးလေးကိုအသက်ပြန်သွင်းချင်တာမို့ သူပုတီးစေ့ထဲစွမ်းအားထည့်ခဲ့သည်။


ဒါပေမဲ့ သူ့စွမ်းအား၏ထိုအစိတ်အပိုင်းကလင်ခုံးလုထံမှလာမှန်းသူမသိခဲ့ပေ၊ စိတ်စွမ်းအားနှစ်ခုမှာအသက်ပုတီးစေ့ကြောင့်ဓာတ်ပြုသွားပြီး ဘဝသစ်တစ်ခုမွေးဖွားပေးလာသည်။


သူပြန်မွေးဖွားလာပြီးနောက်ပိုင်း နေရာလွတ်ထဲမှာထားထားသည့်ပုတီးစေ့မှာလည်းသူ့နောက်ပါလာခဲ့သည်။


ဒီအခိုက်အတန့်တွင် လင်ခုံးလု၏မျက်နှာမှာဖြူဖျော့လျက် သူ့ကိုကျန့်စစ်ကတင်းကြပ်စွာပွေ့ဖက်ထားကာ 0687ကသူ့နားထဲမှာတိုးတိုးပြောနေပေသည်။

"မကောင်းတဲ့စိတ်တန်ဖိုးက၉၉.၃ရှိနေပြီ၊ နှစ်သက်မှုတန်ဖိုးက၉၉ပဲ၊ သိသိသာသာကိုချစ်လွန်းလို့မုန်းသွားတာ၊ မင်းသူ့ကိုကြောက်တယ်လို့သူ့ကိုမတွေးစေနဲ့၊ မင်းသူ့ကိုချစ်တယ်ဆိုတာမင်းဖော်ပြရမယ်!!!"


လင်ခုံးလု: "......" ၉၉.၃၊ ဒါကတစ်ရာပြည့်သွားတော့မယ်လို့ဆိုလိုတာလား။


အခြားနည်းဖြင့်ဆိုရသော် နှစ်တစ်ရာကြာပြီးနောက်ပိုင်းမှာ "ကိုယ်မင်းကိုချစ်လို့ မင်းကိုသတ်ပစ်ပြီး ကိုယ့်ဗိုက်ထဲမျိုချလိုက်ရင် ကိုယ်တို့ရဲ့အသွေးအသားတွေကတစ်ခုတည်းဖြစ်လာမှာလား။"ဆိုတဲ့အတွေးမျိုးရှိလာအုံးမှာလား။


"ကလေးလေး၊ ကိုယ့်ကိုမကြောက်ပါနဲ့။"

ကျန့်စစ်သူ့မျက်နှာကိုပွတ်သပ်လိုက်ပြီး သူ့အသံမှာနာကျည်းချက်အပြည့်နှင့်ပင်။


"ကျွန်တော်ခင်ဗျားကိုမကြောက်ပါဘူး။"

လင်ခုံးလုမှာဦးခေါင်းခွံထုံကျင်လျက်သားဖြင့် စိုးရိမ်ပူပင်စွာပြောလိုက်မိသည်။


စနစ်ပြောတာမှန်တယ်လို့ထင်တယ်၊ သူတစ်ဖက်လူအရင်ဆုံးစိတ်ငြိမ်အောင်လုပ်သင့်တယ်၊ အနည်းဆုံးတော့မကောင်းတဲ့စိတ်တန်ဖိုးကိုအရင်လျှော့ချပစ်ရမယ်။


"ကျွန်တော့်မှာ....ကိုယ်ဝန်ရှိနေပြီ။"

သူအံကြိတ်ကာမျက်စိမှိတ်လိုက်မိသည်။


ကျန့်စစ်မိန်းမောသွားရပြီး သူ့မျက်လုံးနီနီတို့မှာ သူနားမလည်သည့်အလား သံသယဖြင့်တစ်ချက်လက်သွားသည်။


သူမတုံ့ပြန်မှန်းမြင်လိုက်ရတော့ လင်ခုံးလုအကုန်ထုတ်ပြောဖို့ဆုံးဖြတ်ကာ သူ့လက်ကိုဆွဲယူပြီး သူ့ဝမ်းဗိုက်​အောက်ပိုင်းပေါ်တင်ပေးကာပြောလိုက်သည်။

"ဒီထဲမှာခင်ဗျားရဲ့ကလေးရှိတယ်၊ အဲ့နေ့ကခင်ဗျားကျွေးခဲ့တဲ့ပုတီးစေ့အဖြူလုံးကြောင့်လေ၊ မှတ်မိလား။"


ကျန့်စစ်မျက်တောင်ခတ်လိုက်မိပြီး နားလည်သွားသ​ယောင်။


ဒါပေမဲ့အကြောင်းတချို့ကြောင့် သူနှင့်လင်ခုံးလုတို့နှစ်ယောက်စလုံးမှာဇွန်ဘီဖြစ်သည်ဟုခေါင်းမာစွာယုံကြည်နေမိသည်။ အရင်ကဗိုက်အကြီးကြီးနှင့်ဇွန်ဘီအမတစ်ကောင်ရှိပြီး သူမဗိုက်ထဲကကလေးမှာလည်းဇွန်ဘီလေးအဖြစ်ပြောင်းသွားပြီးနောက် ဗိုက်ထဲကတွားသွားထွက်လာတာကိုသူမြင်ဖူးတာကိုခပ်မြန်​မြန်မှတ်မိသွားသည်။


ကျန့်စစ်၏မျက်နှာချက်ချင်းပြောင်းလဲသွားရကာ သူ့မျက်နှာထားမှာအန္တရာယ်တစ်ချက်ဖြတ်ပြေးသွားပြီး သူပြောလိုက်သည်။

"မဖြစ်ဘူး။"


လင်ခုံးလု: "???"


"မကြောက်နဲ့နော်၊ ကလေးလေး၊ ကိုယ်မင်းဆီကတူးထုတ်ပေးမယ်။"

သူ့ဗိုက်ကိုစိုက်ကြည့်လာသည်။


လင်ခုံးလု: "!!!"


"ဘာလုပ်မလို့လဲ။"

မကောင်းတဲ့စိတ်တန်ဖိုးတက်တာမတက်တာကိုအသာခေါက်ထားပြီး

သူတစ်ဖက်လူ၏လက်ကိုချက်ချင်းတွန်းဖယ်ကာ သူ့ဝမ်းဗိုက်အောက်ပိုင်းကိုကာပြီး ဘေးမှာပုန်းလိုက်သည်။


0687မှာလည်းကြက်သေသေသွားကာတွေးမိသည်: ဒီလူတွေကဘယ်လိုကြီးလဲ။


အဖေHostကလုံလောက်စွာမယုံကြည်နိုင်စရာကောင်းတယ်လို့သူထင်မိပေမဲ့ အခြားတစ်ယောက်ကသူ့ထက်ပိုပြီးတော့​တောင်မယုံကြည်နိုင်စရာကောင်းမယ်လို့သူမမျှော်လင့်ထားမိပေ။ နေ့ဘက်မှာ သူကကလေးကိုအသိအမှတ်ပြုလိမ့်မည်မဟုတ်၊ ညဘက်ကျတော့သူကကလေးကိုတိုက်ရိုက်တူးထုတ်လိမ့်မည်ပင်။


လင်ခုံးလုကထိုကလေးကြောင့်သူ့ကိုရှောင်သွားတာကိုကျန့်စစ်မြင်လိုက်ရသဖြင့် သူ့မျက်လုံးနီတို့မှာနာကျည်းချက်တစ်ချက်ဖြတ်ပြေးသွားပြန်ကာ ပြောလိုက်မိသည်။

"အဲ့ဒါကဇွန်ဘီလေးပဲ၊ အနာဂတ်မှာကလေး​လေးရဲ့ဗိုက်ထဲကနေတွားသွားထွက်လာလိမ့်မယ်။ ကိုယ်ကလေးလေးကိုနာကျင်အောင်လုပ်ခွင့်မပေးနိုင်ဘူး။"


လင်ခုံးလု: "....."


သူ့မှာရုတ်တရက်အမည်းစင်းများပေါ်လာပေမဲ့ ကျန့်စစ်တစ်ခုခုလုပ်မှာစိုးသဖြင့် ကျည်ဆန်ကိုသာကိုက်ကာသေချာဂရုတစိုက်ချော့ပြောလိုက်ရသည်။

"ဘယ်လိုလုပ်ဇွန်ဘီလေးဖြစ်နိုင်မှာလဲ။ ဒါကခင်ဗျားရဲ့ကလေးလေ၊ သူဘယ်လောက်တိတ်ဆိတ်နေလဲကြည့်၊ ခင်ဗျားသူနဲ့နည်းနည်းပိုကြာကြာနေပြီးတော့ သူ့ကိုလိမ်မာအောင်သင်ပြပေးလိုက်ရင် တွားသွားထွက်လာမှာမဟုတ်ပါဘူး။"


ကျန့်စစ်မျက်လုံးနီနီတို့ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့စကားလုံးများကအဓိပ္ပါယ်ရှိသည်ဟုခံစားရသည့်အလား သူ့ဝမ်းဗိုက်ကိုသိချင်စိတ်ဖြစ်စွာကြည့်လိုက်သည်။


ဟုတ်သားပဲ၊ ဇွန်ဘီတွေအားလုံးကသူ့ကိုကြောက်ကြတာမို့ ဒီကလေးကလည်းသူ့ကိုကြောက်မှာပဲ။ သူဒီကလေးကိုကလေးလေးကိုထိခိုက်အောင်မလုပ်ဖို့အမိန့်ပေးလိုက်ရင် အဲ့ကလေးမနာခံရဲမှာမဟုတ်ဘူး။


ဒါကိုစဥ်းစားမိရင်း ကျန့်စစ်၏နှလုံးသားမှာစိတ်သက်သာရာရသွားပြီးနောက် ဒီကလေးကသူနှင့်ကလေးလေး၏ကလေးဖြစ်ကြောင်းတွေးမိရင်း သူ့မနေနိုင်ဘဲမျက်နှာထားပျော့ပြောင်းမိကာ နူးညံ့စွာမေးလိုက်မိသည်။

"ကိုယ်ထိကြည့်လို့ရလား။"


"ဒါပေါ့၊ ရတယ်။"

လင်ခုံးလုတောင့်တင်းသောအပြုံးနှင့်ပြောလိုက်ရသည်။


ကျန့်စစ်သူ့ဝမ်းဗိုက်ကိုထိကြည့်ပြီး ပထမဆုံးအကြိမ်ဖခင်တစ်ယောက်ဖြစ်ရခြင်း၏ပျော်ရွှင်မှုကိုနောက်ကျမှခံစားလိုက်ရကာ နူးညံ့စွာပြောမိသည်။

"ကလေးလေးကအရမ်းပင်ပန်းနေမှာပဲ၊ ကိုယ်မင်းအတွက်ကြက်တစ်ကောင်ဖမ်းပေးမယ်နော်။"


သူပြောရင်းဖြင့် ခြံဝန်းထဲကကြက်ကလေးများကိုကြည့်လိုက်ပြန်သည်။


လင်ခုံးလု: "...." အာ၊ မြန်မြန်နေထွက်ပါတော့၊ သူတကယ်တောင့်မခံနိုင်တော့ဘူး။


နောက်ဆုံးတော့ကျန့်စစ်ကိုစည်းရုံးရင်း သူ့ကိုလတ်လတ်ဆတ်ဆတ်အသွေးအသားကျွေးချင်သည့်တစ်ဖက်လူ၏အတွေးကိုဖီဆန်ရင်း လင်ခုံးလုမှာတစ်ဖက်လူဆီကပင်ပန်းနွမ်းနယ်စွာအဖက်ခံထားလျက် မျက်လုံးမှိတ်ကာအိပ်ချင်ယောင်ဆောင်လိုက်ရသည်။


သူအစကကျန့်စစ်အိပ်ပျော်သွားစဥ်ဗီလာကိုခိုးပြန်ချင်ပေမဲ့ သူအရင်ကတအားတင်းထားလို့လားမသိ၊ သူတစ်အောင့်ကြာစိတ်လျှော့လိုက်ပြီးနောက် တဖြည်းဖြည်းချင်းအိပ်ပျော်သွားပေသည်။


နောက်တစ်နေ့ ကျန့်စစ်အရင်နိုးလာသည်။


သူ့မျက်လုံးများမှာပုံမှန်သို့ပြန်မည်းနက်သွားပြီဖြစ်သည်။ သူ့လက်မောင်းကြားထဲကလင်ခုံးလုကိုမြင်လိုက်ရချိန် သူ့မျက်နှာထားမှာတစ်စက္ကန့်မျှဗလာကျင်းသွားရပြီးမှ မျက်မှောင်ကြုတ်လိုက်မိသည်။


ဒီလိုဖြစ်နေတာနှစ်ရက်ဆက်တိုက်ရှိပြီ၊ ဘာမူမမှန်မှုကိုမှသတိမထားမိဘူးဆိုရင် ငတုံးဖြစ်လိမ့်မယ်။


လင်ခုံးလုမှာမနေ့ကသူနှင့်အချင်းများပြီး သူ့ကိုတစ်ညနေလုံးတစ်ဖက်သတ်စစ်အေးတိုက်ပွဲနွှဲနေခဲ့သည်။ ညဘက်သူ့လက်မောင်းကြားထဲပြန်ပြေးဝင်လာဖို့တကယ်မဖြစ်နိုင်ပေ၊ တကယ်အိပ်နေရင်းလမ်းထလျှောက်တာမဖြစ်နိုင်ဘူးမလား။


ထိုစဥ် လင်ခုံးလုလည်းနိုးလာသည်။


0687ကတိုးတိုးပြောလာပြန်သည်။

"နှစ်သက်မှုက၃၉၊ မကောင်းတဲ့စိတ်တန်ဖိုး၇။"


လင်ခုံးလုသမ်းဝေလိုက်ပြီး မော့ကြည့်မိတော့ ကျန့်စစ်၏နက်မှောင်သောမျက်ဝန်းတို့ကသူ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရသည်။


အင်း၊ အနက်ရောင်ပဲ။


နေ့ဘက်ကမျက်ဝန်းနက်နှင့်တစ်ယောက်ကပုံမှန်ကျန့်စစ်ဖြစ်ပြီး ညဘက်ကမျက်ဝန်းနီနှင့်တစ်ယောက်ကဇွန်ဘီဘုရင်ကျန့်စစ်ဖြစ်ကြောင်း သူနားလည်သွားပြီ....


ကောင်းရော၊ သူ့ကံကြမ္မာကဘာကြီးတုန်း? ဒီကမ္ဘာကသွေးအပြည့်ပဲမို့ သူမနှစ်မြို့တာကအဆင်ပြေတယ်၊ ဒါပေမဲ့ သူ့ချစ်သူကမတူညီတဲ့မကောင်းတဲ့စိတ်တန်ဖိုးနှင့်နှစ်သက်မှုတန်ဖိုးရှိတဲ့နှစ်ယောက်အဖြစ်ကွဲထွက်သွားတာမို့ သူနှစ်ယောက်လုံးကိုတစ်ခါတည်းကိုင်တွယ်မှရမယ်။


လင်ခုံးလုပင်ပန်းသွားရသည်၊ အထူးသဖြင့်သူမနေ့ညကဇွန်ဘီဘုရင်ကျန့်စစ်ကိုချော့မြူရာမှာခွန်အားအများကြီးသုံးလိုက်မိတုန်းကပင်၊ အခုသူကျန့်စစ်နှင့်လုံးဝအချင်းမများချင်တော့သဖြင့် တစ်ဖက်လူပါးစပ်ဖွင့်မလာခင် သူရိုးရှင်းစွာပြောလိုက်သည်။

"စိတ်မရှိပါနဲ့၊ ကျွန်တော့်မှာညဘက်အိပ်နေရင်းလမ်းထလျှောက်တတ်တဲ့အကျင့်ရှိလို့။"


ပြောပြီးနောက် သူကားတံခါးဖွင့်ကာလျှောက်ထွက်သွားသည်။


ကျန့်စစ်: "....."


သူဘာကြောင့်မှန်းမသိ နှုတ်ခမ်းတင်းတင်းစေ့ကာကားထဲကထွက်လာမိသည်။


ခြံဝန်းထဲမှာ အခုလေးတင်နိုးလာကြသည့်အိပ်နေရင်းလမ်းထလျှောက်သည့်စကွက်အဖွဲ့ဝင်များမှာစကားစမြည်ပြောရင်း လေ့ကျင့်ခန်းလုပ်နေကြသည်။ သူတို့နှစ်ယောက်ကားထဲကထွက်လာတာကိုမြင်လိုက်ရသော် သူတို့အကုန်လုံးရုတ်ခြည်းအေးခဲသွားကြကာ ထျန်းဝူကိုတို့လိုက်ကြသည်။


ထျန်းဝူ: "......"


သူကျည်ဆန်ကိုက်ကာပြောလိုက်ရသည်။

"အာ....ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်မနေ့ညကအိပ်နေရင်းလမ်းထလျှောက်ခဲ့မိတာ။"


လင်ခုံးလုနှင့်ကျန်းစစ်: "....."


ပြဿနာကားသူကိုယ်တိုင်ဖြစ်နေမှန်းကျန့်စစ်မခန့်မှန်းမိသေးရင် သူရူးနေလို့ဖြစ်လိမ့်မည်။


လင်ခုံးလုဗီလာထဲဝင်သွားချိန်တွင် သူယောင်းရီကိုခြံဝန်းအပြင်ခေါ်ထုတ်ကာ ခပ်နိမ့်နိမ့်မေးလိုက်သည်။

"ငါ့ကိုပြော၊ ဘာဖြစ်သွားတာလဲ။"


သူသိနေလားဆိုတာယောင်းရီအနည်းငယ်မသေချာတာမို့ သတိရှိရှိပြောလိုက်မိသည်။

"ပြောရမယ်၊ ဘာကိုလဲ။"


ကျန့်စစ်သူ့ကိုတစ်ချက်ကြည့်ကာ အမူအရာမဲ့စွာပြောလိုက်သည်။

"အိပ်ရင်းလမ်းထလျှောက်တဲ့ကိစ္စ။"


"အာ။" ယောင်းရီဖုံးကွယ်ဖို့စီစဥ်ထားပေရာတုံ့ဆိုင်းသွားမိသည်။

"လောင်ထျန်းမှာအဲ့အကျင့်ရှိလို့ပါ။ ညတုန်းက လင်လူကြီးမင်း...."


"မင်းဖုံးကွယ်နေအုံးမယ်ဆိုရင် မင်းငါ့နောက်လိုက်စရာမလိုတော့ဘူး။"

ကျန့်စစ်ရုတ်တရက်အေးစက်စက်အသံဖြင့်ဖြတ်ပြောလိုက်သည်။


သူ့အနားကလေထုကားရုတ်ခြည်းပြင်းထန်လာပေရာ ယောင်းရီကြောက်လန့်တကြားတုန်ရီသွားရကာ မဖုံးကွယ်ထားရဲတော့ဘဲ သူသိသမျှအရာအားလုံးကိုခပ်မြန်မြန်ဖွင့်ပြောလိုက်ရသည်။


သေချာတာပေါ့၊ ထင်ထားတဲ့အတိုင်း၊ ကျန့်စစ်မှာအဖြစ်မှန်ကိုသိလိုက်ရပြီးနောက် သူ့မျက်နှာထားမှာကြောက်စရာကောင်းလောက်အောင်ရုပ်ဆိုးသွားတော့သည်။


တစ်အောင့်ကြာသော် သူအံကြိတ်ကာပြောလိုက်သည်။

"နောက်ဆိုရင် ဒီလိုကိစ္စမျိုးကိုငါ့ကိုဖုံးကွယ်ထားစရာမလိုဘူး။"


ယောင်းရီ: "ဟုတ်၊ ဟုတ်၊ ဟုတ်!"


အစ်ကိုကြီးကမနေ့ညကလိုမျိုးမဖြစ်လာတာကိုမြင်လိုက်ရရင်း သူစိတ်သက်သာရာရသွားကာ ထိုအကြောင်းတွေးပြီး ရဲတင်းစွာမေးမိပြန်သည်။

"စစ်ကော၊ လင်လူကြီးမင်းကကျွန်တော်တို့နဲ့အတူလိုက်မှာလား။"


အတူသွားကြစို့၊ အတူသွားကြအောင်လေနော်၊ မဟုတ်ရင်စစ်ကောညဘက်အပြင်ထွက်ရင် သူတို့ဘယ်လိုလုပ်ကြမတုန်း?


ဒီကိစ္စပြောလိုက်တော့ ကျန့်စစ်၏မျက်နှာပြန်လည်​အေးစက်သွားပေမဲ့ သူပြောလာချိန်မှာသူ့အသံကအနည်းငယ်ဗလုံးဗထွေးဖြစ်နေလျက်။

"မင်းသူ့ကိုမေးလို့ရတယ်။"


သူ့လေသံကအနည်းငယ်ထူးဆန်းသယောင် ယောင်းရီမဖော်ပြနိုင်လောက်အောင်ခံစားလိုက်ရသည်။


အာ၊ ထင်ယောင်ထင်မှားဖြစ်သွားတာပဲ၊ စစ်ကောကကိစ္စတိုင်းကိုရက်စက်ပြတ်သားစွာလုပ်လေ့ရှိတာကို သူကဘယ်လိုလုပ်ပြီးထူးဆန်းနေမှာလဲ။


တကယ်တော့လင်ခုံးလုမှာသူ၏အထုပ်အပိုးငယ်လေးကိုထုပ်ပိုးပြီးဖြစ်ပေမဲ့ ယောင်းရီလာမေးချိန်တွင် သံစည်းရိုးအပြင်ကကျန့်စစ်ကိုတမင်သက်သက်တစ်ချက်စိုက်ကြည့်လိုက်ပြီး အထီးကျန်ချင်ယောင်ဆောင်ကာပြောလိုက်သည်။

"မသိဘူး၊ ကျွန်တော့်မှာစွမ်းအားမရှိတော့ အစ်ကိုတို့ကိုဆွဲချမိလောက်တယ်။ အစ်ကိုတို့အတွက်ဒုက္ခမများဘူးလား။"


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လင်လူကြီးမင်းရ၊ မင်းရဲ့အချက်အပြုတ်စလေးကအရသာရှိပါတယ်။"


"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းမွေးထားတဲ့ကြက်တွေကအရမ်းဝဖြိုးတဲ့အပြင် မင်းစိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေဆိုရင်လည်းအရမ်းစိမ်းနေတာပဲ။"


"မင်းညည်းတဲ့သီချင်းကလည်းကောင်းတော့ ပင်ပန်းနွမ်းနယ်မှုကိုပြေလျော့စေပြီးစိတ်ခွန်အားဖြစ်စေတယ်..."


အိပ်နေရင်းလမ်းထလျှောက်တဲ့အဖွဲ့ဝင်များကသူ့ကိုချက်ချင်းချီးကျူးမြှောက်ပင့်လာကြသည်၊ အရေးကြီးဆုံးအရာမှာသူတို့ကညဘက်လျှောက်သွားပြီးဇွန်ဘီလိုက်ရှာရတာသဘောကျသည့်ကျန့်အစ်ကိုကြီးကိုတည်ငြိမ်စေဖို့ လင်လူကြီးမင်းအပေါ်မှာမှီခိုရမှာဖြစ်လေသည်။


လင်ခုံးလုနှုတ်ခမ်းစေ့ကာပြုံးလိုက်သည်။ ဟုတ်တာပေါ့၊ သူ၏သီချင်းဆိုသံကထူးခြားမှန်းသူသိသည်။ ဤသည်ကားသူနိုးထလာသည့်စွမ်းရည်ဖြစ်သည်။ သူတို့အဖွဲ့ရောက်လာသည့်နေ့တုန်းက သူတမင်သက်သက်ပြတင်းပေါက်ဘောင်ပေါ်မှာထိုင်ကာ သီချင်းညည်းပြီး အကျိုးသက်ရောက်မှုကိုစမ်းသပ်လိုက်တာဖြစ်သည်။


တကယ်တော့ အရင်ဘဝတုန်းကထိုကဲ့သို့အရာမျိုးမရှိပေ၊ 0687ကသူ့ကိုစမ်းစစ်ကြည့်ပြီးနောက် "ပုတီးစေ့ရဲ့အကျိုးသက်ရောက်မှုဖြစ်နိုင်တယ်"ဟုပြောလာသည်။


ဒါပေမဲ့ လူတိုင်းကသူတို့ကိုနွေးထွေးစွာဖိတ်ခေါ်နေကြသော်လည်း သူစိုးရိမ်ပူပင်ချင်ယောင်ဆောင်ကာပြောလိုက်သေးသည်။

"ဒါပေမဲ့....ခင်ဗျားတို့ရဲ့ကပ္ပတိန်ကကျွန်တော့်ကိုသိပ်ပြီးကြိုဆိုချင်ပုံမရဘူး။"


လူတိုင်းတောင့်ခဲသွားရကာ သံစည်းရိုးအပြင်ဘက်ကိုခေါင်းလှည့်ကာ  သာမန်ကာလျှံကာပုံပေါက်ပေမဲ့ တကယ်တော့သူတို့ပြောတာကိုနားစွင့်နေသည့်ကျန့်စစ်ကိုကြည့်လိုက်ကြသည်။


လူတိုင်း: အာ၊ စစ်ကောကအရင်လိုမထူးခြားမခြားနားဖြစ်နေတုန်းဆိုပေမဲ့ သူကမနေ့ညကတုန်းကအဲ့လိုမဟုတ်ဘူးနော်။


ယောင်းရီ: "မဟုတ်ဘူး၊ တကယ်တော့စစ်ကောကမင်းကိုအရမ်းကြိုဆိုပါတယ်၊ သူကမင်းကျွန်တော်တို့နဲ့အတူသွားချင်လားဆိုတာမေးခိုင်းလိုက်တာ။"


အခြားသူများ: "ဟုတ်ပါ့။"


ယောင်းရီ: "သူမနေ့ညကမင်းကိုကားထဲပွေ့ခေါ်သွားတုန်းကဆိုရင် သူ့မျက်နှာပေါ်မှာအရမ်းနူးညံ့သိမ်မွေ့နေတာဗျာ။"

ဘာပဲဖြစ်ဖြစ် စစ်ကောကဒီအကြောင်းသိပြီးသားပဲလေ။


အခြားသူများ: "ဟုတ်ပါ့။"

ငါတို့ကိုကြည့်လာတော့ လူသတ်တော့မဲ့အတိုင်းပဲ။


ယောင်းရီ: "သူကမင်းကိုကလေးလေးလို့ခေါ်သေးတယ်။"


အခြားသူများ: "ဟုတ်ပါ့။" ဒါပေမဲ့နားကလော်စရာကြီး။


လင်ခုံးလု: "...." မင်းတို့တကယ်ကြီးအဲ့လိုကြောက်စရာကောင်းတဲ့နာမ်စားကိုကြားလိုက်ကြတယ်ပေါ့?


ယောင်းရီ: "သူက...."


"ယောင်းရီ၊ မင်းပစ္စည်းတွေအကုန်ထုပ်ပိုးပြီးပြီလား။"

ကျန့်စစ်ရုတ်တရက်သူတို့ကိုမည်းမှောင်သောမျက်နှာဖြင့်ဖြတ်ပြောလိုက်ပြီး သူ့အသံမှာအေးခဲတော့မယောင်။


ယောင်းရီ: "အာ။" တိုးတိုးလေးပြောလိုက်တာကို ကြားသွားသေးတာလား။"


"ကျွန်တော်အထုပ်အပိုးသွားပြင်လိုက်အုံးမယ်နော်။"

သူခပ်မြန်မြန်လှည့်ကာရှောင်ထွက်သွားသည်။


ကျန့်စစ်သူ့နာမည်ခေါ်ပြီးနောက် အခြားသူများကိုပါခေါ်လိုက်သည်။


"လောင်ထျန်း၊ အဲ့ကြက်နဲ့ဘဲတွေကိုကြိုးနဲ့ချည်ပြီးတော့ ကားထဲမှာသွားထား။ ရှားယင်၊ ရွှီကျားကျား၊ ခြံဝန်းထဲကဟင်းသီးဟင်းရွက်တွေကိုသွားဆွဲနှုတ်။ ပြီးတော့ကျောက်မင်၊ ကျောက်ဖန်၊ မင်းတို့ကမီးဖိုချောင်မှာသန့်ရှင်းရေးသွားလုပ်ချည်။"


နာမည်ခေါ်ပြီးနောက် သူကလင်ခုံးလုကိုကြည့်ကာပြောလိုက်သည်။

"မင်းကအဲ့မှာဘာလုပ်နေသေးတာလဲ။ အထုပ်အပိုးသွားမပြင်ဘူးလား။"


လင်ခုံးလုပြုံးလိုက်ပြီး တမင်ရည်ရွယ်ချက်ရှိရှိလျှောက်သွားကာ သံစည်းရိုးမှတဆင့်မေးလိုက်သည်။

"ကျွန်တော့်ကိုခေါ်သွားမလို့လား။"


ကျန့်စစ်အကြည့်ပြန်ရုတ်ကာ မထူးခြားမခြားနားပြောလိုက်သည်။

"မင်းဒီကမထွက်သွားရင် ရောဂါကိုဘယ်လိုသွားကုမှာလဲ။"


ရောဂါကုမယ်?


လင်ခုံးလုကြောင်အမ်းသွားရကာ တစ်အောင့်မျှမတုံ့ပြန်နိုင်ပေ။


0687ကခပ်တိုးတိုးအသိပေးလာသည်။

"အဲ့ဒီ့ကင်ဆာလေ။"


လင်ခုံးလု: သောက်ကျိုးနည်း၊ သူဘယ်သူလဲဆိုတာကြောင့်မဟုတ်ရင် ငါသူ့ကိုရိုက်လိုက်တာကြာပြီ။


ညဘက်အိပ်ရင်းလမ်းလျှောက်သည့်အဖွဲ့ဝင်များမှာအလွန်​မြန်ဆန်ကြပြီး အချိန်တိုလေးအတွင်းမှာ ဟင်းသီးဟင်းရွက်များဆွဲနှုတ်ခြင်း၊ ကြက်နှင့်ဘဲများကိုကြိုးတုပ်ခြင်း၊ ကုန်​ခြောက်နှင့်ဟင်းသီးဟင်းရွက်ချဥ်များကိုပင်ထုတ်ပိုးကာ သူတို့နှင့်အတူယူသွားသည်။


ဒါပေမဲ့သူတို့ထွက်လာပြီးနှစ်ရက်အကြာမှာ ကားအများအပြားကဗီလာထဲမောင်းဝင်လာပြီး သက်တော်စောင့်များစွာကကားပေါ်မှဆင်းလာကာ သူတို့ထဲက၆ယောက်၇ယောက်က ဗီလာထဲဝင်ရှာကြပြီး ကျန်သူများကကားနားမှာဝိုင်းစောင့်နေကြသည်။


ကားတံခါးမှာခပ်မြန်မြန်ပွင့်လာပြီး အစိမ်းရင့်ရောင်ယူနီဖောင်းနှင့်လူငယ်တစ်ယောက်ထွက်လာသည်။ သူကသူ့ကိုဝန်းရံထားသည့်သက်တော်စောင့်များကိုလျစ်လျူရှုကာ ဗီလာဆီလျှောက်သွားသည်။


ဒါပေမဲ့သူတံခါးဆီမရောက်ခင် အပေါ်သွားစစ်ဆေးသည့်လူကဆင်းလာကာ ခပ်တိုးတိုးတင်ပြလာသည်။

"လူကြီးမင်း၊ သခင်လေးကိုရှာမတွေ့ပါဘူး။"


စုန့်ယွင်ဝေမှာမသိမသာတောင့်တင်းသွားကာမေးမိသည်။

"အခြားသူတွေကောဒီမှာမရှိဘူးလား။"


"ဟင့်အင်း၊ မရှိပါဘူး။ အပြင်လူတွေဝင်သွားတဲ့အရိပ်အယောင်ပဲရှိတယ်၊ သူတို့ပစ္စည်းတချို့ယူသွားတာဖြစ်မယ်။"


စုန့်ယွင်ဝေမျက်စိမှိတ်လိုက်မိပြီး သူ့ငယ်သားကချက်ချင်းနှစ်သိမ့်လာသည်။

"လူကြီးမင်း၊ စိတ်မပူပါနဲ့၊ ဘယ်သူ့ကိုမှရှာမတွေ့တာကောင်းတဲ့ကိစ္စပဲ၊ သခင်လေးကိုအခြားသူတွေကယ်သွားတာဖြစ်လောက်မယ်။"


စုန့်ယွင်ဝေမှာစိတ်မပြေလျော့သွားပေ၊ သူဆယ့်ငါးနှစ်တုန်းကသူ့ညီလေးပျောက်သွားပြီး သူ့ကိုလိုက်ရှာနေခဲ့တာ၁၆နှစ်ကြာပြီဖြစ်သည်။


ဒါပေမဲ့သူရှာတွေ့ချိန်မှာ သူ့ညီလေးဟာဂျူနီယာအထက်တန်းကျောင်းကထွက်ပြီး နှစ်အများအပြားကြာအောင်အလုပ်လုပ်နေခဲ့ပြီဖြစ်သည်။ သူကအသက်ငယ်ငယ်မှာစားဝတ်နေရေးအတွက်ရုန်းကန်နေခဲ့ရပြီး အများကြီးခံစားခဲ့ရကာ တက္ကသိုလ်ကျောင်းသားတစ်ဦး၏လှည့်ကွက်ထဲကျရောက်သွားခဲ့သည်။


စုန့်ယွင်ဝေဒီအရာကိုပထမဆုံးမြင်လိုက်ရတုန်းက သူ့နှလုံးသားမှာသွေးစိမ်းရှင်ရှင်ထွက်လာခဲ့သည်။ ထိုAတက္ကသိုလ်ကျောင်းသားကခွေးတစ်ကောင်ပမာကြီးပျင်းလာပေမဲ့ သူသာသူ့ညီလေးကိုတကယ်သဘောကျရင် သူ့ကိုငှက်ကလေးတစ်ကောင်မွေးသလိုမျိုးအိမ်တစ်လုံးငှားပေးမဲ့အစား ဘာလို့သူ့ကိုကျောင်းပြန်မထားပေးခဲ့တာလဲ။


ပင်ကိုယ်အားဖြင့် စုန့်ယွင်ဝေမှာသူတို့ကိုအတူမရှိစေလိုသဖြင့် သူ့ညီလေးကိုCမြို့တော်ကိုပြန်ခေါ်လာကာ သူ့ကိုအကောင်းဆုံးအထက်တန်းကျောင်းကိုပို့ပေးဖို့စီစဥ်ထားခဲ့သည်။ ဒါပေမဲ့သူ့ညီလေးကိုသူတကယ်မျက်နှာချင်းဆိုင်မိချိန်မှာ သူအမှန်တရားကိုမပြောနိုင်ပေ။


အဆုံး၌ သူသာအရင်တုန်းကအမှားမလုပ်ခဲ့ရင် သူ့ညီလေးပျောက်သွားပြီးတော့ဒီလောက်ခံစားခဲ့ရမှာမဟုတ်ပေ။ ထိုနေ့ကရုံးခွဲတစ်ခုမှာတစ်ခုခုဖြစ်သွားသဖြင့် သူအလျင်စလိုသွားဖြေရှင်းရတာမို့ သူပြန်လာသည့်အခါကျမှထိုအကြောင်းပြောဖို့စီစဥ်ထားပေမဲ့ သူထွက်သွားပြီးနောက်ပိုင်းကမ္ဘာကြီးကဇောက်ထိုးမိုးမျှော်ဖြစ်သွားလိမ့်မည်ဟုမည်သူသိမည်နည်း။


ထိုစဥ်အနောက်ခြံဝန်းမှာသွားရှာသည့်လူတို့ကပြန်လာတင်ပြသည်။

"အနောက်ခြံဝန်းထဲမှာအုတ်ဂူအများကြီးရှာတွေ့တယ်။"


စုန့်ယွင်ဝေခက်ထန်စွာမျက်လုံးဖွင့်လိုက်သည်။

"တူးလိုက်!"


အုတ်ဂူများမှာအမြန်တူးဖော်ခံလိုက်ရပြီး မြှုပ်နှံခံထားရသူတို့မှာအရင်ကဗီလာမှာအလုပ်လုပ်ခဲ့သူများဖြစ်သည်။


စုန့်ယွင်ဝေယိမ်းထိုးသွားကာ မကြည့်ရဲဖြစ်နေပေမဲ့ ကံကောင်းစွာဖြင့်တစ်စုံတစ်ယောက်ကမကြာခင်မှာလာတင်ပြသည်။

"သခင်လေးမပါပါဘူး။"


သူစိတ်သက်သာရာရသွားကာ သူ့ကိုယ်သူတိတ်တခိုးနှစ်သိမ့်လိုက်မိသည်: သူကလူတွေကိုကူမြှုပ်ပေးခဲ့တာပဲ၊ ကျူးကျော်သူကရက်စက်တဲ့လူတစ်ယောက်မဟုတ်လောက်ဘူး၊ ငါ့ညီလေးတကယ်အကယ်ခံခဲ့ရတာဖြစ်မယ်။


စုန့်ယွင်ဝေမှာထိုနေ့ကသူ၏တုံ့ဆိုင်းမှုကိုနောင်တရမိသည်၊ သူအဖြစ်မှန်ကိုတည့်တိုးပြောပြီးတော့ သူ့ညီလေးကိုအလုပ်ခရီးမှာတစ်ခါတည်းခေါ်သွားခဲ့သင့်သည်။ ဒါပေမဲ့သူမလုပ်ခဲ့လို့ သူ့ညီလေးကိုထပ်ပျောက်သွားရပြန်ရာ သူပြန်ရှာရတော့မည်ပင်။


လင်ခုံးလုကဒါကိုလုံးဝမသိပေ။ သူ၏အမြှောက်စာဇာတ်ကောင်မှာဇာတ်ကြောင်းစီစဥ်သည့်ဌာနကဇာတ်ညွှန်းတရာရေးခဲ့တာဖြစ်ပြီး ထိုသူကရှုပ်ထွေးလွန်းသောနောက်ခံအသိုင်းအဝိုင်းကိုမထည့်သွင်းထားပေ။ ဒီလိုဇာတ်ကောင်ဆက်ဆံရေး၏၈၀ရာခိုင်နှုန်းမှာကမ္ဘာငယ်ပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာစည်းမျဥ်းတို့ကထည့်ခဲ့တာဖြစ်လောက်သည်။


သူတို့Cမြို့တော်ကထွက်လာချိန်တွင် အဝေးပြေးလမ်းမ၏လမ်းဆုံမှာကားနှင့်ဇွန်ဘီတို့ပြည့်နေသဖြင့် သူတို့လမ်းမကြီးအတိုင်းတိုက်ရိုက်မောင်းကာ ဖြတ်သန်းဂိတ်ကိုဖြတ်ကျော်လာပြီး အကွာအဝေးတစ်ခုစာမောင်းလာပြီးနောက် လမ်းမပေါ်ကအဝေးပြေးလမ်းကိုရှာလိုက်သည်။


ကမ္ဘာပျက်ကပ်စကတည်းကနှစ်လသာရှိသေးသော်လည်း လမ်းတစ်လျှောက်ဂတ်ဆိုင်နှင့်ကျန်ဧရိယာများမှာဖြတ်သွားဖြတ်လာခိုလှုံသူများကရှာဖွေယူသွားကြသဖြင့် ဆီမပြောနှင့် ဘီစကစ်ထုပ်ပင်မရှိပေ။


ယောင်းရီသက်ပြင်းချကာပြောမိသည်။

"ငါတို့ဆီမဖြည့်နိုင်ရင် ကားကိုစွန့်ပစ်ပြီးလမ်းလျှောက်ရလိမ့်မယ်။ ငါတို့Tမြို့တော်ကိုဘယ်အချိန်ရောက်မလဲမသိဘူး။"


Cမြို့တော်ကသူတို့လိုမျိုးခိုလှုံသူများဝင်နေလို့ရအောင်ကောင်းမွန်စွာစီမံထားသည့်အခြေစိုက်စခန်းတည်ထောင်ထားသည်ဟုကြားသည်။ ထိုနေရာမှာစားစရာသောက်စရာရှိသည်။ သူတို့လိုမျိုးစိတ်စွမ်းအားအချို့ရှိသည့်အဖွဲ့မှာ တရားဝင်ထုတ်ပြန်ထားသည့်တာဝန်တချို့ကိုအောင်မြင်အောင်လုပ်နိုင်ဏင် အခြေခံအားဖြင့်ကောင်းမွန်သောဘဝတစ်ခုမှာနေနိုင်သည်။


ကျန့်စစ်မှာမျက်စိမှိတ်အနားယူနေပြီး ထိုစကားများကိုကြားလိုက်ရချိန်တွင် သူမျက်လုံးဖွင့်ကာအက်ရှရှအသံဖြင့်ပြောလိုက်သည်။

"ရှေ့ဆက်သွားပြီး ကားလမ်းကဖြတ်ပြီးတော့ မြို့ထဲတည့်တည့်ဝင်ပြီး လမ်းဘေးမှာစွန့်ပစ်ထားတဲ့ကားတစ်စီးဆီကဆီစုပ်ပြီးတော့ လမ်းကစူပါမားကတ်မှာလိုအပ်တဲ့ရိက္ခာဝင်ယူကြမယ်။"


သူအခုတလောအကြောင်းမဲ့ရူးသွားခဲ့သည်။ သူနှစ်ရက်နှင့်နှစ်ညမအိပ်ရသေးသဖြင့် သူ့မျက်လုံးများမှာနီရဲလို့နေရာ ပထမဆုံးအကြည့်တစ်ချက်မျှဖြင့် ကျန့်ဇွန်ဘီနှင့်အနည်းငယ်တူနေပေသည်။


လင်ခုံးလုမေးလိုက်သည်။

"ခဏနားချင်လား။"


ကျန့်စစ်သူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"မလိုဘူး။"


ဒါပေမဲ့သူပြောပြီးနောက်မျက်စိမှိတ်လိုက်ပြီး နှစ်မိနစ်အတွင်းမှာသူရုတ်တရက်ခေါင်းစောင်းသွားကာလင်ခုံးလု၏ပုခုံးပေါ်ကျလာပြီး အိပ်ပျော်သွားလေပြီ။


လင်ခုံးလု: "...." မျက်နှာဖြတ်ရိုက်တာကဒီလောက်မြန်​မြန်ကြီးရောက်လာမယ်မထင်ထားဘူး။


သူ၏မောပန်းနွမ်းနယ်မှုကြောင့်လား၊ နေ့အချ်ိန်ကြောင့်လားမသိ၊ အိပ်ပျော်သွားပြီးနောက်ပိုင်း မျက်လုံးနီကျန့်စစ်ပေါ်မလာပေ။


လင်ခုံးလုကူကယ်ရာမဲ့သွားကာ ယောင်းရီကိုတိုးတိုးလေးလှမ်းပြောလိုက်သည်။

"ရှေ့မှာလုံခြုံတဲ့နေရာရှာရပ်ပြီး သူ့ကိုခဏအိပ်ခိုင်းလိုက်ပါလား။"


ကျန့်စစ်ကားအဖွဲ့၏အဓိကထောက်တိုင်ဖြစ်သည်။ သူတစ်ခုခုဖြစ်သွားရင် အဖွဲ့ကပြီးဆုံးသွားပြီပင်။


သူအနားယူသင့်ပြီမှန်းယောင်းရီလည်းခံစားမိသဖြင့် မြင်ကွင်းကျယ်ရှိပြီးပတ်ဝန်းကျင်မှာဇွန်ဘီမရှိသည့်လမ်းထဲကိုကားမောင်းဝင်ကာ ဖြည်းညှင်းစွာရပ်လိုက်သည်။


လူတိုင်းအနားယူဖို့ကားပေါ်ကဆင်းသွားကြပြီး လင်ခုံးလုလည်းအောက်ဆင်းပြီး ခါးနှင့်ခြေထောက်ဆန့်ဖို့စီစဥ်လိုက်သည်။ အဆုံးတွင် သူကားထဲမှာတစ်ချိန်လုံးထိုင်ကာကွေးနေခဲ့ရသည်ပင်။


ဒါပေမဲ့သူလှုပ်ဖို့ပြင်လိုက်သည်နှင့် ကျန့်စစ်ကသူ့ကိုခပ်တင်းတင်းပွေ့ဖက်ကာရေရွတ်လာသည်။

"ရှောင်လု၊ သူနဲ့မသွားပါနဲ့...."


လင်ခုံးလု: "???" မင်းတကယ်အိပ်ပျော်နေတာလား၊ အိပ်ချင်ယောင်ဆောင်နေတာလား။


သူကျန့်စစ်၏နားရွက်ကိုအသာဆွဲဆိတ်လိုက်ပေမဲ့ တုံ့ပြန်မှုမရှိပေ၊ သူတစ်ဖက်လူ၏လည်ပင်းထဲလက်ထည့်လိုက်ပေမဲ့ တုံ့ပြန်မှုမရှိဆဲသာ။


လင်ခုံးလုသူ့ကိုယ်သူပြောလိုက်မိသည်။

"သူတကယ်အိပ်ပျော်နေတဲ့ပုံပဲ။"


ကျန့်စစ်မှာသုံးနာရီကြာအိပ်ပျော်နေပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် နေဝင်ချိန်အလင်းရောင်ကကောင်းကင်တစ်ဝက်ကိုလိမ္မော်ရောင်ပြောင်းလိုက်ပြီဖြစ်သည်။


သူအချိန်အကြာကြီးဒီလောက်နက်နက်ရှိင်းရှိုင်းမအိပ်ခဲ့ရသည့်အလား တောင့်တင်းသွားရသည်။ ဒါပေမဲ့သိပ်မကြာခင် သူကတစ်ယောက်ယောက်ကိုပွေ့ဖက်ထားတာကိုတွေ့လိုက်ရပြီး ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် လင်ခုံးလုကသူ့ကိုမျက်တောင်ခတ်ပြနေတာကိုမြင်လိုက်ရတော့သည်။


ကျန့်စစ်: "......"


သူချက်ချင်းတစ်ဖက်လူကိုလွှတ်ပေးကာ သူ့မျက်ခုံးနှစ်ဖက်ကြားကအသားကိုဖျစ်ညှစ်ပြီး ခေါင်းကိုက်စွာပြောမိသည်။

"စိတ်မရှိပါနဲ့၊ ငါအိပ်နေရင်းလမ်းလျှောက်မိပြန်ပြီ။"


"မဟုတ်ဘူး။" လင်ခုံးလုအမှားပြင်လိုက်သည်။

"ခင်ဗျားဒီတစ်ခေါက်အိပ်နေရင်းလမ်းမလျှောက်ဘဲ အိပ်နေရင်းစကားပြောနေတာ။"


ကျန့်စစ်: "....."


"ခင်ဗျားကကျွန်တော့်ကိုထွက်မသွားဖို့တောင်းဆိုနေတာ။"

လင်ခုံးလုမှာ"တောင်းဆို"ဆိုသည့်စကားလုံးကိုတမင်ထပ်ပေါင်းပြောလိုက်ပြီးမှ သူ့နားတိုးကပ်ကာသိချင်စိတ်ဖြင့်မေးမိသည်။

"ဒီတော့ ဘာတွေအိပ်မက်နေတာလဲ။"


"မင်းအတွေးလွန်နေပြီ၊ အဲ့ဒါကအိပ်နေရင်းလမ်းလျှောက်တာပဲ။"

ကျန့်စစ်ချက်ချင်းသူ့အကြည့်ကိုရှောင်လွှဲလိုက်ပြီး သူ့မျက်လုံးများမှာအနည်းငယ်ပြာယာခတ်နေပေမဲ့ သူ့လေသံမှာတည်ငြိမ်အေးဆေးလျက်။

"ငါအိပ်နေရင်းလမ်းလျှောက်ချိန်မှာငါ့ရဲ့တွေးခေါ်ပုံကနည်းနည်းပုံမှန်မဟုတ်လောက်တာမို့ မင်းအလေးအနက်ထားစရာမလိုပါဘူး။"


ခြုံပြောရရင် အိပ်နေရင်းလမ်းလျှောက်တာကြောင့်မဟုတ်ရင် သူအဲ့လိုကိစ္စမျိုးလုံးဝလုပ်မှာမဟုတ်ဘူး။


လင်ခုံးလု: "အော်။" ဟီးဟီး။


သူတစ်ဖက်လူကိုအရူးမလုပ်တော့ဘဲ ခါးနှင့်ခြေထောက်ဆန့်ရန်ကားအပြင်ထွက်လိုက်သည်။


အဖွဲ့မှာကားဘေးမှာထိုင်ရင်း အာလူးဖုတ်နေကြပြီး သူတို့ကသူဆင်းလာတာကိုမြင်သွားချိန်မှာ သူတို့အကုန်လုံးကသူ့ကို"အလုပ်ကြိုးစားခဲ့တာပဲ"ဟူသည့်မျက်နှာထားဖော်ပြလိုက်ကြသည်။


ညစာစားပြီးနောက် အဖွဲ့မှာဆက်လက်မောင်းနှင်ပြီး နောက်ဆုံးတော့မမှောင်ခင် မြို့ထဲရောက်လာကြသည်။


ဤမြို့တော်ကားCမြို့တော်နှင့်အတူတူဖြစ်သည်။ သက်ရှိလူသားအကုန်လုံးထွက်ပြေးလွတ်မြောက်သွားကြပြီး လေလွင့်ဇွန်ဘီများနှင့်ဇွန်ဘီအဖြစ်ပြောင်းသွားသည့်တိရစ္ဆာန်တချို့သာကျန်ခဲ့သည်။


လင်ခုံးလုမှာမြို့တော်နှင့်ရင်းနှီးချင်ယောင်ဆောင်ကာ စူပါမားကတ်ရှိသည့်နေရာကိုသိသည်ဟုဆိုလိုက်ပြီးနောက် စနစ်၏အချိန်မှန်လိုက်ဗ်နှင့်အတူ သူကယောင်းရီကိုဇွန်ဘီအများကြီးရှိသည့်ဧရိယာကိုရှောင်ခိုင်းကာ အလတ်စားစူပါမားကတ်၏ဝင်ပေါက်ဆီတိုက်ရိုက်ညွှန်ပြလိုက်သည်။


ကျန့်စစ်ကကားထဲမှာရှိနေစဥ် အပြင်ကသတ္ထုအရာဝတ္ထုများကိုထိန်းချုပ်နိုင်ပေရာ အနီးအနားကလေလွင့်ဇွန်ဘီအကောင်တစ်ရာကိုတမဟုတ်ချင်းရုန်းကန်သွားစေသည်။


နေရာရှင်းပြီးနောက် အဖွဲ့ထဲရှိလူတိုင်းကားထဲကထွက်လိုက်ကြသည်။ ဒါပေမဲ့ထိုစဥ် ဆန့်ကျင်ဘက်ကကားနှစ်စီး၏တံခါးများမှာလည်းရုတ်ခြည်းပွင့်လာကာ ယောက်ျားနှင့်မိန်း၇ယောက်၈ယောက်ထွက်လာကြသည်။


ခေါင်းဆောင်မှာခပ်မြင့်မြင့်ပိုနီတေးနှင့်လည်သာဂျက်ကတ်ဝတ်ထားသည့်အမျိုးသမီးတစ်ဦးဖြစ်ပြီး အလွန်စွမ်းဆောင်နိုင်ပုံရသည်။ သူမအနောက်မှာရပ်နေတာက အသက်၅၀၊ ၆၀အရွယ်ရှိသည့်အဖိုးအိုတစ်ယောက်ဖြစ်ပြီး အဖြူရောင်ကုတ်ကိုဝတ်ထားကာ ဆရာဝန်နှင့်တူသည်။


အိပ်နေရင်းလမ်းထလျှောက်တဲ့စကွက်ကလူတိုင်း: "....." ကောင်းရော၊ ဒီမှာဇွန်ဘီနည်းနည်းလေးပဲရှိတာအံ့သြစရာမရှိပါဘူး၊ တစ်ယောက်​ယောက်ကနေရာရှင်းထားတာကိုး။


နှစ်ဖက်သားမှာအပြန်အလှန်ကြည့်ကာ လေထုမှာရုတ်ခြည်းတင်းမာလာသည်။


ကျန့်စစ်မှာလင်ခုံးလုရှေ့မှာအလိုလိုကွယ်ရပ်ပြီး အခြားတစ်ဖက်ကိုမသိမသာအေးစက်သောမျက်နှာထားဖြင့်ကြည့်လိုက်သည်။


ကလေးအဖေကနောက်ဆုံးအဓိပ္ပါယ်ရှိတာလုပ်ခဲ့ပြီဟုလင်ခုံးလုချီးကျူးမိသည်။


ဒါပေမဲ့အခြားတစ်ဖက်ကအဖွဲ့ကိုသူသိသည်၊ ခေါင်းဆောင်အမျိုးသမီးမှာရှဲ့လင်ရှင်းဖြစ်ပြီး သူမကသိပ်မဆိုးဘဲ နောက်ပိုင်းကျန့်စစ်၏အဖွဲ့ထဲဝင်ခဲ့ပေမဲ့ သူမကသူ့ကိုမုန်းပေသည်။


အာ၊ ဘာလို့လဲဆိုတော့သူကအမြဲနှေးဖင့်ကာ ကျန့်စစ်ကိုဒုက္ခဖြစ်စေပြီး သူ့ကိုကယ်ဖို့ကျန့်စစ်ကိုပင်ဒုက္ခပေးခဲ့လို့ဖြစ်သည်။


မာထန်သောလေထုကိုမြင်လိုက်ရရင်း ရှဲ့လင်ရှင်းရုတ်ခြည်းပြုံးကာပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ကျွန်မမှာမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး၊ ကျွန်မတို့အကုန်လုံးကခိုလှုံသူတွေပဲမို့ အချင်းချင်းကူညီကြတာပေါ့။"


ဤသည်ကားစိတ်ကောင်းထုတ်ပြပြီး ပူးပေါင်းဆောင်ရွက်လိုသည့်အဓိပ္ပါယ်ဖြစ်၏။


ကျန့်စစ်၏မျက်နှာထားမှာမပြောင်းလဲသွားပေမဲ့ သူကအဖိုးအိုဆီအကြည့်ပို့ကာမေးလိုက်သည်။

"သူကဆရာဝန်လား။"


ရှဲ့လင်ရှင်း: "ဒါ....ဟုတ်တယ်။"


"ခင်ဗျားခွဲစိတ်တတ်လား။"

ကျန့်စစ်အမူအရာမဲ့စွာမေးလိုက်သည်။


လင်ခုံးလု: "?" မင်းဘယ်သူ့ကိုခွဲစိတ်ခိုင်းမလို့လဲ။


____________________________________