ကျန့်စစ်က"ခွဲစိတ်တတ်လား"ဟုမေးလာတာကိုကြားလိုက်ရရင်း ရှဲ့လင်ရှင်းတစ်အောင့်မျှသတိချပ်သွားကာ သူ့အနောက်ကလူတို့ကိုလှမ်းကြည့်ပြီး မေးလိုက်မိသည်။
"ရှင်တို့ထဲကတစ်ယောက်ယောက်ဒဏ်ရာရထားလို့လား။"
ကမ္ဘာပျက်ကပ်ဖြစ်တာနှစ်လသာရှိသေးသဖြင့် လူ့သဘာဝစရိုက်မှာလုံးဝမပျောက်သွားသေးပေ၊ လူတိုင်းကသူတို့၏ဒဏ်ရာရထားသောအပေါင်းအဖော်ကိုအနောက်မှာချန်ထားခဲ့လိမ့်မည်မဟုတ်၊ လမ်းမှာဒဏ်ရာရခဲ့သည့်လူအများစုမှာဇွန်ဘီတို့ထံမှအကုတ်ခံရ(သို့)အကိုက်ခံရတာဖြစ်သည်။ သာမန်ဒဏ်ရာဆိုရင်တောင် ဒဏ်ရာနက်ပြီးပတ်တီးစီးပုံမမှန်ရင် ဇွန်ဘီတို့နှင့်အနီးကပ်ထိတွေ့ချိန်အတောအတွင်းမှာကူးစက်ခံရတတ်သည်။
သူတို့ထဲမှာထိုကဲ့သို့လူရှိမရှိရှဲ့လင်ရှန်းမသ်ိပေမဲ့ သူမမျက်နှာထားမှာသိသိသာသာကိုတင်းမလာကာ သူမနောက်ကလူတို့ဟာလည်းသူတို့၏လက်နက်များကိုဆုပ်ကိုင်လိုက်ကြသည်။
ကျန့်စစ်၏မျက်လုံးများအေးစက်သွားရကာ သူတို့ကိုတစ်ချက်ကြည့်ပြီးပြောလိုက်သည်။
"မဟုတ်ဘူး၊ အဲ့ဒါက----"
"အဲ့ဒါကသူ့ဦးနှောက်ရောဂါပါ!"
သူထိုကင်ဆာကိုထုတ်ပြောလိုက်မှာလင်ခုံးလုစိုးရိမ်သဖြင့် သူ့ပါးစပ်ကိုအမြန်အုပ်ကာလိုက်ရသည်။
သူကကျန့်စစ်ထက်အတော်လေးပုသည့်အပြင် သူ့အနောက်မှာကွယ်နေတာဖြစ်သည်။ သူသာတစ်ဖက်လူ၏ပါးစပ့ကိုအုပ်ကာချင်လို့ရှိရင် ခြေဖျားထောက်ကာသူ့လက်မောင်းများကိုဆန့်ရပေလိမ့်မည်။ သို့ဖြစ်၍ သူတို့နှစ်ဦး၏ကိုယ်နေဟန်ထားမှာသူကကျန့်စစ်ကိုအနောက်ကဖက်ထားပြီး သူ့ကိုယ်အပေါ်ပိုင်းဟာလည်းတစ်ဖက်လူပေါ်တင်းကြပ်စွာဖိကပ်လျက်ရှိပေသည်။
ကျန့်စစ်မှာတစ်အောင့်ကြာတောင့်တင်းသွားရပြီး ခဏကြာမှဖြည်းညှင်းစွာခေါင်းလှည့်ကြည့်မိတော့ သူ၏မျက်လုံးနက်တို့ကကောင်လေး၏အကြည့်နှင့်ဆုံသွားသည်။
လူငယ်လေးကအလွန်အသန့်ကြိုက်ပြီး လေထဲကဆိုးဝါးညစ်ညမ်းသောအနံ့ကိုမကြိုက်လောက်ဖြစ်မည်။ သူကမကြာခဏသူ့လည်တိုင်မှာရေမွှေးပုလင်းလေးဆွဲထားတတ်သည်။ သူပြေးဝင်လာချိန်မှာ ခပ်ဖျော့ဖျော့ရနံ့ကသူ့ကိုတမဟုတ်ချင်းထွေးပွေ့သွားသည်။ လူငယ်လေး၏လက်များမှာသိပ်မကြီးဘဲ အနည်းငယ်နူးညံ့ကာ လက်ချောင်းထိပ်တို့မှာအသားမာတို့ရှိပြီး သူ့ပါးစပ်ကိုအုပ်ထားသည့်ခွန်အားမှာမပြင်းထန်ပေမဲ့ သူရုန်းမထွက်မိရုံသာ။
နှစ်ဖက်လုံးရှိလူတို့မှာတစ်ခုခုမှားနေသည်ဟုခံစားလိုက်ကြရသည်။ ဘာလို့လေထုက....ရုတ်တရက်ပန်းရောင်ပြောင်းသွားတာတုန်း?
လင်ခုံးလုမှာကျန့်စစ်စိုက်ကြည့်တာခံမေရသဖြင့်အနည်းငယ်မသက်မသာဖြစ်လာကာ ချောင်းအသာဟမ့်ပြီးပြောမိသည်။
"ဇွန်ဘီတွေကိုဆွဲဆောင်မိအောင် တံခါးဝမှာရပ်ပြီးစကားပြောဖို့စီစဥ်နေကြတာလား။"
ကျန့်စစ်နောက်ဆုံးမှာအသိပြန်ဝင်လာကာ သူ့လက်ကိုဆွဲချပြီး တည်ငြိမ်စွာပြောလိုက်သည်။
"အထဲအရင်ဝင်ရအောင်။"
ဒါပေမဲ့လက်ကိုဆွဲချပြီးနောက် သူမလွှတ်ပေးဘဲ တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
ရှဲ့လင်ရှင်းကသူတို့၏တွဲထားသည့်လက်များကို မျက်နှာထက်ထူးဆန်းသောမျက်နှာထားဖြင့်တစ်ချက်ကြည့်လိုက်ပြီးမှ သူမလူတို့ဘက်လှည့်ကာပြောလိုက်သည်။
"အရင်ဝင်ကြစို့။"
ကောင်းကင်မှာမှောင်နေပြီးဖြစ်ရာ အပြင်မှာအပြန်အလှန်ထိပ်တိုက်တွေ့တာကတကယ်အန္တရာယ်မကင်းပေ။
နှစ်ဖက်လုံးကလူတို့မှာအတူပူးပေါင်းပြီးစူပါမားကတ်တံခါးကိုဖွင့်လိုက်ကြပေမဲ့ သူတို့ဝင်သွားချိန်မှာ ရှဲ့လင်ရှင်းဘေးရှိဂျပုကရုတ်တရက်ခပ်တိုးတိုးရေရွတ်လိုက်သည်။
"သောက်ဂေးတွေ၊ ရွံစရာကောင်းလိုက်တာ။"
သူပြောလို့ပြီးသွားသည်နှင့် သူ့လည်တိုင်ထက်အေးစက်စက်လေတစ်ချက်ဝှေ့တိုက်သွားပြီး ကျန့်စစ်၏အသံကရေခဲပမာ အေးစက်သောမျက်နှာထားဖြင့်ပြောလာသည်။
"မင်းဘယ်သူ့ကိုပြောတာလဲ။"
ဂျပုမှာလည်တိုင်ထက်အေးစက်မှုကိုသာခံစားလိုက်ရပြီး အောက်ငုံ့ကြည့်မိတော့ စူးရှသောသတ္ထုဆူးချွန်တစ်ချောင်းကသူ့လည်ပင်းကိုထိုးဖောက်မတတ်ဖြစ်နေတာကိုသာမြင်လိုက်ရသည်။
ကျန့်စစ်ကားခုနကကားထဲမှတဆင့် ဇွန်ဘီတို့ကိုရုန်းကန်စေခဲ့သည်။ သူကသတ္ထုစွမ်းရည်ကိုအသုံးပြုခဲ့သည့်တစ်ယောက်မှန်းဂျပုမသိပေရာ ရုတ်တရက်ချွေးစေးပြန်လာပြီး အလျင်စလိုစကားပြောင်းပြောလိုက်ရသည်။
"ငါ ငါမင်းကိုပြောတာမဟုတ်ပါဘူး၊ ငါကလူတွေကိုလှည့်စားသွားတဲ့ကောင်ကိုပြောတာပါ။"
ဒါကိုပြောပြီးနောက် သူ့ရှေ့ကိုလျှောက်လာသည့်ပိန်ပိန်ပါးပါးနှင့်လူငယ်လေးမှာမြင်နိုင်လောက်အောင်အေးခဲသွားချေသည်။ ဒါပေမဲ့သူဘာမှမပြောရသေးခင် သူ့ဘေးကအရပ်ရှည်ရှည်နှင့်တစ်ယောက်ကသူ့ကိုစူပါမားကတ်ထဲဆွဲခေါ်သွားတော့သည်။
ကျန့်စစ်၏ဆူးချွန်များမှာပြန်မရုတ်သေးဘဲ သူ့မျက်လုံးမှာအေးစက်လျက်။ လင်ခုံးလုသူ့လက်ကိုဆောင့်ဆွဲကာ သူ့ကိုခပ်တိုးတိုးစည်းရုံးလိုက်သည်။
"ထားလိုက်ပါတော့၊ ဒီကသွေးတွေကဇွန်ဘီတွေကိုဆွဲဆောင်သွားလိမ့်မယ်။"
အဓိကအကြောင်းရင်းမှာသူသွေးကြောက်တတ်လို့ပင်၊ သွေးနံ့အရမ်းပြင်းရင် သူ့ကိုယ်ပေါ်မှာရေမွှေးပုလင်းလေးဆွဲထားတာကအသုံးမဝင်ဖြစ်သွားမှာမို့ သူ့နှာခေါင်းပေါ်မှာချိတ်ထားလိုက်ရင် သူမွှန်သေသွားလိမ့်မည်ပင်။
ရှဲ့လင်ရှင်းကလည်းလှုပ်ရှားမှုကိုသတိထားမိသွားကာ လာမေးသည်။
"ဘာဖြစ်တာလဲ။"
ကျန့်စစ်သူ့ဆူးချွန်ကိုပြန်ရုတ်ကာ ဂျပုကိုအေးစက်စက်အကြည့်တစ်ချက်ပေးပြီးပြောလိုက်သည်။
"မင်းလူရဲ့ပါးစပ်ကမသန့်ဘူး။"
ရှဲ့လင်ရှန်းမှာတစ်ခုခုခန့်မှန်းမိသွားကာ မျက်မှောင်ကြုတ်လျက်ဆိုသည်။
"ခုန်းမောက်ရန်၊ နင်ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါတို့အဖွဲ့ကထွက်သွားလိုက်တော့။"
သိသိသာသာကိုပင်၊ ဒီခုန်းမောက်ရန်၏ဆိုးဝါးသောပါးစပ်ကလူတို့ကိုစိတ်ဆိုးအောင်လုပ်တာတစ်ကြိမ်နှစ်ကြိမ်မကတော့ပေ။
စူပါမားကတ်ထဲဝင်ပြီးနောက် ရှဲ့လင်ရှင်းမှာအခြားလူများဆီကဘာဖြစ်ခဲ့မှန်းသိသွားကာ ခပ်တိုးတိုးရှင်းပြလိုက်ရသည်။
"စိတ်မရှိပါနဲ့၊ ခုန်းမျိုးရိုးနဲ့တစ်ယောက်ကအရင်ကကောင်မလေးတစ်ယောက်ကိုလိုက်ပိုးခဲ့ပေမဲ့ နောက်ကျတစ်ဖက်လူကမိန်းမအဝတ်ဝတ်ထားတဲ့ယောက်ျားဖြစ်နေလို့ သူလှုံ့ဆော်ခံလိုက်ရတာပါ။ ရှင်တို့သူ့စကားကိုလေလည်သလိုမျိုးမှတ်ယူလိုက်ပါနော်..."
ကျန့်စစ်မှာအေးစက်စက်ပင်ဖြစ်ပြီး သူ့မျက်လုံးများကကုတ်အဖြူနှင့်အဖိုးအိုဆီကျရောက်သွားပြန်သည်။
ရှဲ့လင်ရှင်းတမဟုတ်ချင်းနားလည်သွားပြီး သူမမျက်နှာသာပေးကာအမှားပြင်ဆင်ချင်ပေမဲ့ ကြိုမေးမိဆဲပင်။
"ရှင်တို့ထဲကတစ်ယောက်ယောက်ဒဏ်ရာရထားလား။"
ကျန့်စစ်ခေါင်းခါကာပြောလိုက်သည်။
"တစ်ယောက်ယောက်နေမကောင်းဖြစ်နေလောက်ရုံပါ။"
လင်ခုံးလု: "?"
ရှဲ့လင်ရှင်း: "ဟုတ်ပြီလေ၊ ကျွန်မ...."
"နေပါအုံး!" လင်ခုံးလုရုတ်ခြည်းဖြတ်ပြောကာ ကျန့်စစ်၏အကျီလက်ကိုလှမ်းဆွဲလျက် အလေးအနက်မျက်နှာထားဖြင့်ထွက်လာခဲ့လိုက်သည်။
ဖြစ်နိုင်ရင် သူတစ်ဖက်လူရဲ့နားရွက်ကိုဆွဲချင်တာ။
သူကျန့်စစ်ကိုစင်နောက်ခေါ်သွားကာ လေးနက်စွာပြောလိုက်သည်။
"ကျွန်တော်နေကောင်းတယ်။"
ကျန့်စစ်၏မျက်နှာထားမှာလည်းအလွန်လေးနက်လို့နေကာ သူကနူးညံ့စွာစည်းရုံးလာသည်။
"မင်းရဲ့ရောဂါကိုဖုန်းကွယ်ပြီး ဆေးကုသဖို့မရှောင်ပါနဲ့၊ ဖြစ်နိုင်ချေပဲရှိတာပါ။ ဘေးကင်းအောင်လို့ဆရာဝန်ကိုတစ်ချက်ကြည့်ခိုင်းရအောင်လေ။"
"ခင်ဗျား----"
လင်ခုံးလုမှာသူ့ကိုဒေါသထွက်ရလွန်းလို့သေဆုံးသွားတော့မည်ပင်၊ နောက်ဆုံးတော့သူ့ကိုအရှုံးပေးလိုက်သည်။
"ပြီးရော၊ ကြည့်ကြတာပေါ့၊ ကင်ဆာမဟုတ်တာကိုကင်ဆာလို့မြင်နေသေးမယ်ဆိုတာကျွန်တော်မယုံဘူး၊ ကျွန်တော်ပြန်လာပြီးတော့ တကယ်နေကောင်းတယ်ဆိုတာသက်သေပြမယ်၊ ခင်ဗျား...ဟမ့်!"
ခင်ဗျားဟာကိုဖြတ်ပစ်လိုက်တော့၊ လင်ခုံးလုခါးသက်စွာတွေးလိုက်သည်။
စူပါမားကတ်မှာဗလာကျင်းနေပြီး ပစ္စည်းတစ်ခုမျှမရှိပေရာ သိသိသာသာကိုဝင်ရောက်စီးနင်းခံထားရတာဖြစ်ပေမဲ့ ကံကောင်းစွာဖြင့် ဇွန်ဘီလုံးဝမရှိသဖြင့် သူတို့တစ်ညတာအိပ်စက်အနားယူဖို့လုံလောက်ပေသည်။
ကျန့်စစ်ကဝင်ပေါက်၊ ထွက်ပေါက်နှင့်ပြတင်းပေါက်များကိုသတ္ထုစွမ်းရည်နှင့်ချိပ်ပိတ်ပြီး ဘေးကင်းကြောင်းသေချာအောင်လုပ်ပြီးမှ လင်ခုံးလုကိုဆရာဝန်ဆီခေါ်သွားသည်။
အဖိုးအိုမှာကုမျိုးရိုးဖြစ်ပြီး ရှဲ့လင်ရှင်းကသူ့ကိုပရော်ဖက်ဆာကုဟုခေါ်သည်။
သူကဆရာဝန်ဟုပြောဖို့မတိကျပေ။ သူ၏တကယ့်သရုပ်မှန်မှာရောဂါပိုးမွှားဗေဒကျွမ်းကျင်ပညာ
သေချာတာပေါ့၊ ရှဲ့လင်ရှင်းဟာခိုလှုံသူတစ်ယောက်မဟုတ်ဘဲ ကွန်မန်ဒိုအဖွဲ့၏ကပ္ပတိန်ဖြစ်ကာ သူမ၏မစ်ရှင်ကားပရော်ဖက်ဆာကုကိုTမြို့တော်ဆီလိုက်ပို့ပေးဖို့ဖြစ်သည်။ မတိုင်ခင်ကလမ်းပေါ်မှာသူတို့ကိုဇွန်ဘီတို့ကတိုက်ခိုက်ခဲ့သဖြင့် သူတို့လူများပျောက်ဆုံးသွားကာ အသစ်ရောက်လာသူမှာခွန်အားမရှိသည့်ခုန်းမောက်ရန်ဖြစ်သည်။
ဤသည်မှာလည်းရှဲ့လင်ရှင်းတစ်ယောက်ကျန့်စစ်နှင့်ပူးပေါင်းဆောင်ရွက်ချင်ရသည့်အကြောင်းရင်းဖြစ်၏။ အဆုံးတွင် ကျန့်စစ်ကအလွန်သန်မာပြီး သူ့အနောက်မှာလူအနည်းငယ်ခေါ်သွားရတာကိုမကြိုက်ပေ။ သူမပူးပေါင်းချင်ရင်သူမစိတ်ကောင်းပြသရပေမည်။
လင်ခုံးလုလည်းအရင်ဘဝမှာပရော်ဖက်ဆာကုနှင့်တွေ့ဖူးသဖြင့် ရှဲ့လင်ရှင်းကဲ့သို့ပင် သူဟာမကောင်းသောလူတစ်ယောက်မဟုတ်မှန်းသိတာမို့ သူ့မှာကိုယ်ဝန်ရှိနေမှန်းသိသွားမှာကိုမစိုးရိမ်ပေ။
တကယ်တမ်း သူ့မှာကိုယ်ဝန်ရှိနေတာကိုဒီပရော်ဖက်ဆာအိုကြီးမြင်နိုင်စွမ်းမရှိမှာစိတ်ပူမိသည်။ အဆုံးတွင် တစ်ဖက်လူမှာ ဘာမှယူမလာသည့်အလား လက်နှစ်ဖက်လုံးဗလာကျင်းနေသည့်အပြင် သူဟာမျက်စိမလျင်ပေ။ သူမမြင်နိုင်ရင် အနာဂတ်မှာသူ့မှာကင်ဆာရှိသည်ဟုကျန့်စစ်ကထင်လိမ့်မည်...အာ၊ တွေးရင်းမေ့လဲချင်လာပြီ။
ဒါပေမဲ့သူသိသိသာသာကိုအတွေးလွန်နေမိခြင်းပင်။ ပရော်ဖက်ဆာအိုကြီးကရောဂါပိုးမွှားဗေဒမှာကျွမ်းကျင်ပညာရှင်ဖြစ်သော်လည်း သူ့မှာဆေးဝါးကုသမှုအတွေ့အကြုံများစွာရှိသဖြင့် ဓားကိုင်တာနှင့်ပတ်သတ်ပြီးပြဿနာမရှိဟုပြောလို့ရသည်။
ဒါကိုကြားလိုက်သော် လင်ခုံးလုအလိုလိုတုန်တက်သွားရသည်။
ကျန့်စစ်ကသူ့အနောက်မှာရပ်ပြီး လက်မြှောက်၍သူ့ကိုကူတွဲပေးကာ ခပ်တိုးတိုးနှစ်သိမ့်လာသည်။
"မကြောက်နဲ့။"
လင်ခုံးလုသူ့ကိုလှည့်ကြည့်ကာတွေးမိသည်: မင်းကကြောက်စရာအကောင်းဆုံးပဲ။
ကံကောင်းစွာဖြင့် ထို့နောက်ပရော်ဖက်ဆာကုကပြောလာသည်။
"လက်ဆန့်ပေးပါအုံး၊ ကျုပ်ကတရုတ်ဆေးဝါးအကြောင်းနည်းနည်းပဲသိတော့ သွေးကြောအရင်စမ်းကြည့်ပါအုံးမယ်။"
သွေးကြောစမ်းမယ်? သွေးကြောစမ်းတာကဓားထက်စာရင်ပိုကောင်းတယ်။
လင်ခုံးလုအမြန်လက်ဆန့်ပေးလိုက်သည်။
ပရော်ဖက်ဆာအိုကြီးကအလွန်သဘောကောင်းပြီး သူ့မျက်နှာထက်မှာအမြဲအပြုံးတစ်ပွင့်ရှိနေပေမဲ့ သွေးကြောစမ်းပြီးနောက်မှာ အပြုံးကရုတ်ခြည်းပျောက်ကွယ်သွားသည်။
ဒါကိုမြင်လိုက်ရတော့ ကျန့်စစ်၏မျက်နှာထားမှာမြင်နိုင်လောက်အောင်တင်းမာလာသည်။
ပရော်ဖက်ဆာအိုကြီးကခေါင်းမော့ကာ လင်ခုံးလုကိုသက်ာမကင်းကြည့်လာပြီး ရုတ်တရက်လက်ညိုးမြှောက်၍ သူ့အာဒမ်ပန်းသီးကိုထိုးကာပြောလာသည်။
"ဒါအမှန်ပဲလား။"
လင်ခုံးလုရှက်ရွံ့စွာချောင်းဟမ့်ကာ တမင်ရည်ရွယ်ချက်ရှိရှိအက်ရှရှအသံဖြင့်ပြောလိုက်သည်။
"ဒါပေါ့၊ အမှန်ပါပဲ။"
ပရော်ဖက်ဆာအိုကြီးမှာသူ့ဆေးပညာအရည်အချင်းကိုရုတ်ခြည်းသံသယဝင်မိသွားကာ သွေးကြောထပ်စမ်းကြည့်ပြီးနောက် တုံ့ဆိုင်းသွားကာပြောမိသည်။
"သွေးထုတ်ရအောင်၊ သွေးစစ်တာကတိကျတယ်။"
သူမယုံသေးပေ၊ ယောက်ျားတစ်ယောက်ကတကယ်ကိုယ်ဝန်ရနိုင်လို့လား။
"အာ?" လင်ခုံးလုလန့်သွားကာပြောမိသည်။
"အင်း၊ သွေးနံ့က...."
ပရော်ဖက်ဆာအိုကြီး: "ဘာမှမဖြစ်ပါဘူး၊ နည်းနည်းမှုတ်လိုက်ရင် သွေးနံ့ကဝေးဝေးရောက်သွားမှာမဟုတ်ဘူး။"
"ဒါပေမဲ့ကျွန်တော်နာမှာ(သွေး)ကြောက်တယ်။" လင်ခုံးလုမျက်နှာဖြူဖျော့သွားသည်။
ဒါကိုမြင်လိုက်ရသော် ကျန့်စစ်ကရှားရှားပါးပါးသဘောထားပျော့ပြောင်းကာ နူးညံ့သောအသံဖြင့်စည်းရုံးလိုက်သည်။
"ရှောင်လုကလိမ်မာပါတယ်၊ ဆေးကုရမှာမကြောက်နဲ့နော်။"
တကယ်အဲ့လိုရောဂါသာဆိုရင် အများဆုံးတစ်ခါထဲလုပ်လိုက်ရင် ဘာမှမသက်ရောက်ပါဘူး။
လင်ခုံးလု: မင်းရဲ့အရွယ်အစားကိုဂရုမစိုက်ဘူးကွ၊ ရူးလိုက်တာ!
ယောက်ျားတစ်ယောက်ဖြစ်ပါရက်နှင့်သူဒီလောက်"တွန့်ဆုတ်"နေတာကိုမြင်လိုက်ရတော့ ရှဲ့လင်ရှင်းတကယ်သည်းမခံနိုင်တော့ဘဲ သူ့ကိုအကျီလက်လိပ်တင်ပေးကာ ပရော်ဖက်ဆာအိုကြီးကိုပြောလိုက်သည်။
"လုပ်လိုက်တော့။"
ဒါပေမဲ့ နေပါအုံး၊ ဒီကလေးမှာတကယ်လက်မောင်းပိန်ပိန်လေးနဲ့ဖြူဖွေးတဲ့အသားအရည်ရှိတာကို သူကမိန်းကလေးမဖြစ်နိုင်မလား။
လင်ခုံးလု: "ဝူး။"
သူမကြည့်ရဲဘဲ ခေါင်းလှည့်ကာကျန့်စစ်၏လက်မောင်းကြားထဲမှာမျက်နှာအပ်ထားမိသည်။
ကျန့်စစ်မှာမထင်မှတ်ထားစွာနူးညံ့နေပြီး မလှောင်ရုံတင်သာမက သူ့ကိုသူ့လက်မောင်းကြားထဲမှာထည့်ထားကာ သူ့ကျောပြင်ကိုပွတ်သပ်ရင်း ချော့မြူလိုက်သည်။
"ရှောင်လုမကြောက်နဲ့နော်၊ မနာပါဘူး။"
ခွေးစာစားဖို့တွန်းအားပေးခံရသည့်ရှဲ့လင်ရှင်း: "...."
သူမသွားကိုက်လာပြီ။
သွေးထုတ်ပြီးနောက် ကျန့်စစ်ကလင်ခုံးလုကိုဂွမ်းစကူသိပ်ပေးသည်။
သွေးစစ်တာကအချိန်ကြာတာမို့ ပရော်ဖက်ဆာအိုကြီးကအဖွဲ့ထဲကလူတို့ကို သူ့ပစ္စည်းကိရိယာများရွှေ့ခိုင်းပြီးနောက် အလုပ်သွားလုပ်တော့သည်။
လင်ခုံးလုမှာကျန့်စစ်ဆီကတစ်ချိန်လုံးအဖက်ခံထားရပြီး သူ့လက်မောင်းများကိုမကြည့်ရဲပေ။
ကျန့်စစ်ဂွမ်းစကိုလွှင့်ပစ်လိုက်ချိန်မှာ သူတစ်ဖက်လူ၏လက်မောင်းကြားထဲကထွက်လာပြီး ရေမွှေးပုလင်းလေးကိုထုတ်ကာ သူ့လက်မောင်းပေါ်ဖြန်းပြီး သွေးပေနေသည့်ဂွမ်းစပေါ်ဖြန်းလိုက်ပြီးမှ ကျန့်စစ်ကိုခါးသီးစွာစူးစိုက်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် ခုန်းမောက်ရန်ကဒီမြင်ကွင်းကိုမြင်သွားပြီး သူ့မျက်လုံးများကရွံရှာမှုတစ်ချက်လက်သွားကာ မကောင်းတာတစ်ခုခုပြောလိုက်ချင်ပေမဲ့ ကျန့်စစ်၏မျက်လုံးများနှင့်မတော်တဆဆုံသွားရာ ကြောက်သွားပြီးချက်ချင်းတိတ်ကျသွားသည်။
တစ်အောင့်ကြာသော် ကျန့်စစ်ဟိုဘက်လှည့်ကာအကြည့်လွှဲသွားတာကိုမြင်လိုက်ရတော့ သူစိတ်သက်သာရာရသွားပေမဲ့ သေချာစဥ်းစားကြည့်ပြီးနောက် ဒေါသထွက်လာရပြန်ကာ သူ့ဘေးကလူကိုကန်ပြီးပြောလိုက်သည်။
"ငါ့အတွက်စားစရာတချို့သွားယူလာပေးစမ်း။"
ဒါကိုမြင်လိုက်ရတော့ တစ်မီတာအကွာမှာရှိနေသည့်အရပ်ရှည်ရှည်နှင့်လူဖုန့်ရှောင်းကချက်ချင်းထရပ်ကာ သူ့ကိုလက်ညိုးထိုးပြီးပြောလိုက်မိသည်။
"မင်းသူ့ကိုထပ်ကန်ရဲရင် ငါမင်းခြေထောက်ကိုချိုးပစ်မယ်!"
ပိန်ပါးပါးကောင်လေးမှာသတိထားမိပုံမရဘဲ တိတ်တဆိတ်ထရပ်ကာ
နေရာလွတ်စွမ်းရည်နှင့်အဖွဲ့ဝင်များရှေ့လျှောက်သွားပြီး စားစရာအချို့ခပ်တိုးတိုးတောင်းဆိုလိုက်သည်။
ဒါကိုမြင်လိုက်ရသော် ခုန်းမောက်ရန်ကဖုန့်ရှောင်းကိုတစ်ချက်ကြည့်ကာ ပြောလာသည်။
"ဒါကကျန်းရှောင်ဟွေးငါ့ကိုအကြွေးတင်နေတဲ့အရာပဲ။"
ဖုန့်ရှောင်း၏မျက်နှာရုပ်ဆိုးသွားရပေမဲ့ သူသည်းခံလိုက်ပုံပေါ်ကာ နောက်ဆုံးမှာသူ့ကိုဘာမှမလုပ်တော့ပေ။
လင်ခုံးလုမှာခုန်းမောက်ရန်၏မသိမသာရက်စက်သောမျက်လုံးများကိုသတိထားမိပေမဲ့ ဂရုမစိုက်ဘဲ ကြက်သားသွားနှပ်လိုက်သည်။
အရင်ဘဝမှာသူလည်းဒီလူကိုတွေ့ဖူးပေမဲ့ သူကအမြှောက်စာဇာတ်ကောင်သာသာပေမို့ သူ့ထက်အခန်းကဏ္ဍပိုနည်းသည်။ သူဒီနှစ်ရက်အတွင်းမှာနေ့လည်စာဗူးရခဲ့တာမို့ ဘာပဲဖြစ်ဖြစ်Tမြို့တော်ကိုမလိုက်ခဲ့ရပေ။
လင်ခုံးလုစိတ်ဗလာဖြင့်တွေးနေရင်း မီးမွှေးကာ ဒယ်အိုးကိုအပူပေးပြီး ကြက်သားနှပ်ဖို့ပြင်ဆင်လိုက်သည်။
သူဗီလာကထွက်လာတုန်းက သူနှင့်အတူဂတ်စ်အိုး၊ ရေနွေးအိုးနှင့်ဒယ်အိုးများယူလာခဲ့ပြီး လမ်းမှာဂတ်စ်မီးဖိုလေးတစ်ခုကောက်ရခဲ့ကာ ၎င်းတို့ကိုယောင်းရီ၏နေရာလွတ်ထဲထည့်ထားပြီး အခုယောင်းရီကိုအပြင်ထုတ်ခိုင်းလိုက်သည်။
ကြက်ကားလမ်းမှာအနားယူစဥ်ကကျန့်စစ်သတ်ခဲ့တာဖြစ်ပြီး ၎င်းကိုအပိုင်းပိုင်းခုတ်ကာ သွေးနံ့မရအောင် ဖြည့်စွက်အစာများနှင့်နယ်ထားသည်။
သူကြက်သားနှပ်တော့မည်မှန်း အိပ်နေရင်းလမ်းထလျှောက်တဲ့အဖွဲ့ဝင်များသိသွားကာ ဒယ်အိုးနားမှာအတန်းလိုက်ချက်ချင်းထိုင်လိုက်ကြသည်။ တစ်ယောက်ချင်းစီကပန်းကန်လုံးတစ်လုံးကိုင်ထားကြပုံမှာ သူငယ်တန်းကလေးများပမာ။
လင်ခုံးလုမှာကမ္ဘာပေါင်းများစွာကူးပြောင်းခဲ့ပေမဲ့ သူ့အချက်အပြုတ်စကေးမှာသိပ်မကောင်းပေမဲ့ သေချာပေါက်မဆိုးဝါးပေ။ သူကကြက်သားတုံးများကိုဆီပူပူထဲမှာကြော်လိုက်ပြီး တစ်အောင့်ကြာတော့အိုးမှာတပွက်ပွက်ဆူလာကာ ရနံ့မွှေးမွှေးထွက်လာတော့သည်။
အသားကနည်းပြီးလူကများသဖြင့် လင်ခုံးလုကအိုးထဲမှာအာလူးနှင့်မှိုငယ်လေးများစွာထပ်ထည့်လိုက်သည်။
"ဝက်ပေါင်ခြောက်မှုန့်တချို့ထည့်ရအောင်လေ။ အဲ့ဒါကလည်းအသားလို့ယူဆရတာပဲ။" ရွှီကျားကျားကအကြုံပြုသည်။
"အရွက်စိမ်းတချို့ထည့်ချင်လား။"
ရှားယင်ကဆိုသည်။
"မှိုကော?"
"ငရုပ်သီးစိမ်းရှိတာမှတ်မိတယ်။ တစ်ထောင့်လှီးထည့်လိုက်လေ။ အဲ့ဒါကကြက်သားနှပ်နဲ့တူတော့ အရသာရှိမှာပဲ။"
"ထမင်းဖြူကုန်နေပြီ။"
"အိုင်း၊ ဘီစကစ်စားရတာအဆင်ပြေပါတယ်။"
သိပ်မဝေးသောနေရာရှိ ဘီစကစ်ကိုင်လျက် စားဖို့ပြင်နေသည့်ရှဲ့လင်ရှင်း၏လက်အောက်ငယ်သားများ: "....."
သူတို့အတွက်ဘီစကစ်စားရဖို့ခက်ပေမဲ့ ဒီလူတစ်စုကတော့အဲ့ဒါကိုယာယီအစားထိုးလို့ခေါ်ကြတယ်လား။
ဒါပေမဲ့ အခြားဟာထက် ကြက်သားနှပ်ကတကယ်အရသာရှိမဲ့ပုံပေါ်တာမို့ သူတို့တကယ်နည်းနည်းလောက်စားချင်မိသည်။
ကျန့်စစ်ကအိုးနားမှာမထိုင်ဘဲ ခပ်လှမ်းလှမ်းမှာတစ်ယောက်ထဲထိုင်လျက် အထီးကျန်ဝံပုလွေပမာ ဘီစကစ်ထုပ်ကိုတိတ်တဆိတ်ဖြဲဖွင့်လိုက်သည်။
လင်ခုံးလုအစကသူ့ကိုဒေါသနည်းနည်းထွက်နေပေမဲ့ သူ့ကိုဒီလိုမြင်လိုက်ရတော့ သူမဖော်ပြနိုင်လောက်အောင်အထီးကျန်သွားရသည်။
သူပန်းကန်လုံးတစ်လုံးကိုကြက်သားတုံးနှင့်အာလူးအပြည့်ဖြည့်လိုက်ပြီးနောက် ကျန့်စစ်ဘေးမှာသွားထိုင်ပြီး ခေါင်းစောင်းကာမေးလိုက်သည်။
"ခင်ဗျားမစားချင်ဘူးလား။"
ကျန့်စစ်ကသူ့ကိုတစ်ချက်ကြည့်လာပြီး ဘာမှမဆိုဘဲ တိတ်တိတ်လေးဘီစကစ်စားလိုက်သည်။
လင်ခုံးလုအာလူးတစ်ဖတ်ကိုတမင်သက်သက်ယူကာ သူ့ရှေ့မှာဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ကျွန်တော်ချက်တာကောင်းတယ်နော်။"
ကျန့်စစ်ကမမြင်နိုင်ပုံရကာ တိတ်ဆိတ်လျက်။
လင်ခုံးလုသက်ပြင်းချမိပြီး အာလူးဖတ်များကိုယူကာသူ့ကိုယ်တိုင်စားဖို့စီစဥ်လိုက်ပြီး သူ့ပါးစပ်ထဲထည့်ဖို့ပြင်လိုက်သည်နှင့် ကျန့်စစ်ကရုတ်တရက်ခေါင်းလှည့်ကာ အနားကပ်လာပြီး အာလူးဖတ်များကိုသူ့ပါးစပ်နှင့်လုယူသွားရာ သူ့နှုတ်ခမ်းများကိုထိလုမတတ်ဖြစ်သွားသည်။
လင်ခုံးလုကြက်သေသေမိလျက် သူ့တူတစ်စုံကိုလွှတ်ချမိလုနီးပါးဖြစ်သွားရသည်။
ကျန့်စစ်ကစားပြီးနောက် သူ့ကိုတစ်ချက်ကြည့်ကာတည်ငြိမ်စွာပြောလာသည်။
"ငါဒီအာလူးဖတ်ကိုတူးခဲ့တာဖြစ်နိုင်တယ်။"
လင်ခုံးလု: "....."
သူကြက်သားနောက်တစ်တုံးယူကာ ကျန့်စစ်ပါးစပ်နားကပ်ပေးလိုက်သည်။
ကျန့်စစ်ကစားပြီးနောက်ပြောလာသည်။
"ငါလည်းဒီကြက်ကိုသတ်ဖို့ကူညီခဲ့တယ်။"
လင်ခုံးလု: "...." အေးပါ၊ ငါသိပါပြီကွာ၊ မင်းကဒီပန်းကန်လုံးထဲကအာလူးတွေကိုတူးခဲ့ပြီးတော့ ကြက်ပါသတ်ပေးခဲ့သေးပါတယ်၊ ဟုတ်ပြီလား။
တကယ်တော့ ကျန့်စစ်ဘာစဥ်းစားနေလဲဆိုတာသူအနည်းနှင့်အများခန့်မှန်းလို့ရသည်။ အရင်ကသူ့စားစရာကိုမစားခဲ့တာက သူ့အတွက်စုန့်လူကြီးမင်းချန်သွားခဲ့သည်ဟုထင်ခဲ့တာမို့ဖြစ်လောက်သည်။ နောက်ကျမဟုတ်မှန်းသိသွားပေမဲ့ သူအရင်ကမစားခဲ့တာမို့ တစ်အောင့်ကြာသည်းမခံနိုင်တော့ပေ။
ကျစ်၊ tsundereကြီး!
လင်ခုံးလုသူ့ကိုကြက်သားအာလူးတစ်ပန်းကန်ကျွေးပြီးနောက် သူနောက်ဆုံးမှာကျေနပ်သွားရသည်။
ဗိုက်ပြည့်နေတာအကောင်းဆုံးပဲ။ မင်းနေ့ဘက်ဗိုက်ပြည့်နေရင် ညဘက်ထွက်လာတဲ့အခါကျရင် လူသားစားဖို့စဥ်းစားနေတော့မှာမဟုတ်ဘူး။ အခန်းထဲကလူတွေကိုကြည့်လိုက်အုံး။ ကျန့်ဇွန်ဘီဘုရင်ရဲ့မျက်လုံးထဲမှာ သူတို့တွေအကုန်လုံးကပါဝင်ပစ္စည်းတွေချည်းပဲ။
လင်ခုံးလုလက်ထဲမှာပန်းကန်လုံးကိုင်လျက် အိုးဆီပြန်သွားလိုက်သည်။ သူထိုင်ပြီးသိပ်မကြာခင်မှာ ဆန့်ကျင်ဘက်အဖွဲ့ကတစ်ယောက်ယောက်ရောက်လာသည်။ ၎င်းမှာခုနကခုန်းမောက်ရန်ခြေထောက်ကိုချိုးတော့မည့်အရပ်ရှည်ရှည်နှင့်လူဖုန့်ရှောင်းဖြစ်သည်။
ဒါကိုမြင်လိုက်ရသော် ကျန့်စစ်လည်းထရပ်ကာအိုးဆီလျှောက်သွားလိုက်သည်။
ဖုန့်ရှောင်းမှာသိသိသာသာကိုမကောင်းသောရည်ရွယ်ချက်မရှိပါဘဲ သူ့ကိုယ်နေဟန်ထားကိုပင်အနည်းငယ်နှိမ့်ချလာသည်။ သူကခါးကိုင်းကာမေးလာသည်။
"တစ်ဆိတ်လောက်၊ ဟိုလေ....မင်းကျွန်တော့်ကိုကြက်သားအာလူးတစ်ပန်းကန်လောက်ပေးလို့ရနိုင်မလား။ ကျွန်တော်အခြားအရာနဲ့လဲပါ့မယ်။"
သိချင်စိတ်ဖြစ်သွားကာ လင်ခုံးလုခေါင်းမော့ပြီးမေးမိသည်။
"ဘာလဲချင်တာလဲ။"
ဖုန့်ရှောင်းကမဖြေဘဲ သူ့အိတ်ကပ်ထဲကဖောက်မြင်ရသောအထုပ်လေးကိုထုတ်ကာ ခက်ခက်ခဲခဲပြောလာသည်။
"ဒါလေး။"
နို့မှုန့်?
လင်ခုံးလုချက်ချင်းသတိရသွားကာ သူ့ဝမ်းဗိုက်အောက်ပိုင်းပေါ်အလိုလိုလက်တင်ပြီး ခေါင်းငြိမ့်ကာပြောမိသည်။
"ရပါတယ်။"
သူဒီအရာကိုမမြင်ခဲ့ရင် သူမနက်ဖြန်ရိက္ခာသွားရှာချိန်ကျ နို့မှုန့်နှင့်သေးခံရှာကြည့်ဖို့မေ့သွားလောက်သည်။
အိုင်း၊ ကမ္ဘာပျက်ကပ်မှာကလေးတစ်ယောက်မွေးရတာကတကယ်ခက်ပါလားနော်။ သူမမွေးလာခင်ဆင်းရဲဒုက္ခခံနေရပြီ။ ထားလိုက်တော့၊ ကလေးအဖေကိုရှာခိုင်းတာပေါ့။
0687: "...." ငါစဥ်းစားကြည့်လိုက်တော့ မင်းကိုယ်ဝန်ရလာပြီးနောက်ပိုင်း စားတာသောက်တာအိပ်တာကလွဲပြီး ဘာမှသိပ်မလုပ်ပါဘူး။
အဆုံးတွင် လင်ခုံးလုမှာကြက်သားအာလူးတစ်ပန်းကန်နှင့် တစ်ဖက်လူ၏နို့မှုန့်၁၀ထုပ်ကိုလဲလှယ်ခဲ့ပြီး ၁ထုပ်ကတစ်ခွက်ဖျော်ဖို့လုံလောက်လောက်သည်။
သူတစ်ပါးသူကိုအခွင့်ကောင်းမယူချင်သဖြင့် ကြက်သားများများနှင့်အာလူးနည်းနည်းထည့်ပေးလိုက်သည်။
ဖုန့်ရှောင်းကပန်းကန်လုံးကိုယူသွားပြီးနောက် သူ့ဘာသာကိုမစားဘဲ ပိန်ပါးပါးကောင်လေးကျန်းရှောင်ဟွေးကိုတိတ်တိတ်လေးပေးလိုက်သည်။
ကျန်းရှောင်ဟွေးကတစ်ချက်သာကြည့်ပြီးနောက် တစ်ဖက်လှည့်ကာ နူးညံ့စွာပြောလိုက်သည်။
"ခင်ဗျားဘာသာခင်ဗျားစားပါ၊ ကျွန်တော်ကအသုံးမှမဝင်ဘဲ။"
ထိုစကားကိုကြားလိုက်ရချိန်ဖုန့်ရှောင်း၏မျက်လုံးများနီရဲသွားကာပြောလိုက်မိသည်။
"အသုံးမဝင်တာဘာမှမရှိဘူး၊ မင်းစားလိုက်နော်။"
ကျန်းရှောင်ဟွေးမလှုပ်တာကိုမြင်လိုက်ရရင်း သူဆောင့်ကြောင့်ထိုင်ချကာ ခပ်တိုးတိုးပြောလိုက်သည်။
"ရှောင်ဟွေး၊ နည်းနည်းတော့စားလိုက်ပါကွာ။"
ဒါကိုမြင်လိုက်ရသော် ခုန်းမောက်ရန်မှာကျန့်ရှောင်ဟွေးအဲ့ဒါကိုယူပြီးသူ့ကိုတကယ်ပေးလာစေချင်သည်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အခြမ်းကကောင်လေးကလည်းသူ့လက်နှစ်ဖက်နှင့်ကိုယ်တိုင်ချက်ထားသဖြင့် ဖုန့်ရှောင်းကတစ်ပန်းကန်ဝယ်လာခဲ့ရင်တောင် သူ့အစာအိမ်ထဲကျလာဖို့မဖြစ်နိုင်ပေ။
သူတကယ်စားရဲရင် မျက်နှာဖြူလေးနောက်ကွယ်ကကျန့်စစ်ကသူ့ခေါင်းကိုဖြတ်ပစ်လာလောက်သည်။
သူမစားရလို့ ချဥ်တူးစွာရေရွတ်လိုက်မိသည်။
"ဘယ်လိုကြက်သားနှပ်လဲ၊ အနံ့အရမ်းပြင်းရင် ဇွန်ဘီတွေကိုဆွဲဆောင်နေမှာပဲ။"
လင်ခုံးလုသူ့ကိုအဖြူရောင်အကြည့်တစ်ချက်အေးကာပြောလိုက်သည်။
"စားစရာအနံ့ကဇွန်ဘီတွေကိုဆွဲဆောင်မှာမဟုတ်ပေမဲ့ သွေးနံ့ကတော့လုပ်လိမ့်မယ်။ တချို့လူတွေမှာဒီလိုစျေးပေါတဲ့ပါးစပ်ပေါက်ရှိတော့ လည်မျိုထဲဆူးချွန်မဝင်အောင်သတိထားပေါ့။ တော်ကြာသွေးထွက်လာလို့ ဇွန်ဘီတွေကိုဆွဲဆောင်မိနေအုံးမယ်။"
သူနေ့လည်စာဗူးရတော့မည့်ဒီလူနှင့်အချင်းမပွားချင်ပေမဲ့ ဒီလူကသင်ခန်းစာလုံးဝမရသေးမှန်းမထင်မိသဖြင့် သူအဆုံးမဲ့ပြောလွှတ်လိုက်သည်။
"မင်း!" ခုန်းမောက်ရန်၏မျက်နှာတစ်အောင့်ကြာရုပ်ဆိုးသွားပေမဲ့ သူ့ဘေးမှာရပ်နေသည့်ကျန့်စစ်ကိုမြင်လိုက်ရတော့ သူဘာမှမပြောရဲတော့ဘဲ တစ်ဖက်လှည့်ကာ ကျန်းရှောင်ဟွိုင်ကိုကန်ပြီးပြောလိုက်သည်။
"မင်းသေနေလား၊ ငါရေဆာနေတာမမြင်ဘူးလား။"
ကျန်းရှောင်ဟွေးမှာဘာကြောင့်မှန်းမသိ လင်ခုံးလုက"သွေးနံ့"ဟုပြောလိုက်ချိန်မှာ သူ့မျက်နှာဖြူဖျော့သွားပြီး မသိမသာပင်တုန်ရီသွားရသည်။
ရှဲ့လင်ရှင်း၏အဖွဲ့ထဲကလူတို့မှာသူ၏နာခံသောပုံစံနှင့်ကျင့်သားရနေပြီဖြစ်ရာ သက်ပြင်းချမိသည်မှတစ်ပါးဘာမှမပြောပေမဲ့ ဖုန့်ရှောင်းကရုတ်တရက်အေးစက်စက်မျက်နှာဆင်မြန်းကာ ခုန်းမောက်ရန်၏ခြေကျင်းဝတ်ပေါ်တက်နင်းလိုက်သည်။
ခုန်းမောက်ရန်ကရုတ်ခြည်းအော်လိုက်သည်။ လင်ခုံးလုမျက်မှောင်ကြုတ်ကာတွေးမိသည်: ဒါကဇွန်ဘီတွေကိုဆွဲဆောင်သွားလိမ့်မယ်မလား။
ကျန့်စစ်လည်းသိသိသာသာကိုထိုသို့တွေးမိကာ ရှဲ့လင်ရှန်းကိုတိုက်ရိုက်ပြောလိုက်သည်။
"တစ်ယောက်ယောက်သူ့ပါးစပ်ကိုတစ်ခုခုသွားဆို့ထားလိုက်။"
အခုလေးတင်စင်နောက်ကထွက်လာသည့်ရှဲ့လင်ရှင်း: "....."
သူမပရော်ဖက်ဆာကိုစကားနည်းနည်းသွားပြောတာ၊ ဒီလူတွေကဘာလို့ပြဿနာရှာနေပြန်တာတုန်း?
ခုန်းမောက်ရန်နှင့်အခြားလူသုံးယောက်က"ပြဿနာရှာနေ"ကြတာကိုမြင်လိုက်ရရင်း သူမခေါင်းမှာပို၍ပင်နာကျင်လာသည်။ သူတို့သုံးယောက်လုံးမှာသူမအဖွဲ့ထဲဝင်ခါစဖြစ်သဖြင့် သူတို့မှာဘာပဋိပက္ခရှိနေမှန်းမရှင်းလင်းပေမဲ့ သူတို့နေ့တိုင်း"ပြဿနာရှာ"တာကတော့အမှန်ဖြစ်သည်။
ခုန်းမောက်ရန်ကကျန်းရှောင်ဟွိုင်ကိုအနိုင်ကျင့်တာသူမစမြင်တုန်းက သူမသူ့ကိုသတိပေးချက်များစွာပေးခဲ့ပေမဲ့ နောက်ပိုင်းသူတို့နှစ်ဦးကတိုက်ခိုက်ကာခံစားလိုစိတ်ရှိနေကြပြီး အလယ်မှာဖုန့်ရှောင်းပါနေတာကိုသိလိုက်ရသည်။
သူမနောက်ပိုင်းအရေးမစိုက်တော့ပေမဲ့ အခုခုန်းမောက်ရန်အရိုက်ခံရတာကိုမြင်လိုက်ရတော့ သူမဘာမှမပြောဘဲ သူမငယ်သားများကိုတိုက်ရိုက်အမိန့်ပေးလိုက်သည်။
"သူ့ပါးစပ်ကိုတစ်ခုခုဆို့ထားလိုက်၊ ဇွန်ဘီတွေကိုမဆွဲဆောင်မိစေနဲ့။"
သူမTမြို့တော်ပြန်ရောက်ရင် သူမအဖွဲ့အသစ်ပြန်ဖွဲ့ရမည်၊ သေချာပေါက်ဒီအုပ်စုနှင့်မဟုတ်။
ရှဲ့လင်ရှင်းထွက်လာပြီးနောက် လင်ခုံးလုတစ်ဖက်လူကိုအာရုံစိုက်မနေတော့ပေ။ စားသောက်ပြီးနောက် သူအိပ်ချင်လာသည်။
သူကူရှင်ဖြန့်ကာစောင်ထုပ်ပြီးသူ့ကိုယ်သူခြုံလိုက်သည်။ ဒါပေမဲ့တစ်အောင်ကြာလှဲပြီးနောက် မသက်မသာခံစားရသဖြင့် ထထိုင်ကာကျန့်စစ်ချွတ်ထားသည့်ကုတ်အကျီကိုခေါက်ပြီး သူ့ခေါင်းအောက်မှာထားလိုက်သည်။
ကျန့်စစ်: "...."
ဒီလိုအပြုအမူလေးကအသိုက်ဆောက်နေတာလို့သူ့ကိုမဖော်ပြနိုင်လောက်အောင်စဥ်းစားမိသွားစေတယ်၊ အရမ်း....ချစ်ဖို့ကောင်းတာပဲ။
ကျန့်စစ်အလိုလိုပြုံးလိုက်ပြီး ခပ်လှမ်းလှမ်းမှာထိုင်ကာလူငယ်လေးကိုကြည့်နေမိသည်။
ဒါပေမဲ့ အရင်နှစ်ရက်မှာသုံးနာရီသာအိပ်ရသေးလို့လားမသိပေ။ တစ်အောင့်ကြာထိုင်ပြီးနောက် သူတဖြည်းဖြည်းချင်းအိပ်ငိုက်လာသည်။
အပြင်ကလမ်းမှာအလွန်တိတ်ဆိတ်ကာ လရောင်ဖျော့ဖျော့ကအဆောက်အအုံပေါ်ဖြာကျနေသဖြင့် ခြောက်ခြားဖွယ်ခံစားချက်ကိုပေးစွမ်းလျက်ရှိသည်။
စူပါမားကတ်ထဲကလူတို့မှာတဖြည်းဖြည်းအိပ်ငိုက်လာသည်။ ညဘက်စောင့်ကြပ်ဖို့တာဝန်ကျသည့်လူနည်းစုမှအပ၊ လူတိုင်းမှာမှီဖို့နေရာရှာလိုက်ကြသည်။
တဖြည်းဖြည်းချင်းနှင့် အပြင်မှာလေပြင်းတစ်ချက်တိုက်ခတ်သွားကာ တရှပ်ရှပ်မြည်သံဖျော့ဖျော့များထွက်လာပြီး ၎င်းတို့မှာတစ်ခုပြီးတစ်ခုပိုမိုသိသာသထက်သိသာလာသည်။
ရုတ်တရက် ကျန့်စစ်ခေါင်းမော့လိုက်တော့ သူ့မျက်လုံးများမှာသွေးနီရောင်ဖြစ်နေသည်။
ညဘက်စောင့်ကြပ်သူမှာသတိချပ်သွားကာ သူ့ကိုအလိုလိုကြည့်လိုက်မိသည်။
ကျန့်စစ်ခေါင်းလှည့်ကာ စူပါမားကတ်အပြင်ကိုကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ။" ရှဲ့လင်ရှင်းထရပ်ကာ စူပါမားကတ်အပြင်ကိုကြည့်လိုက်မိသည်။
ကျန့်စစ်ဘာမှမဆိုဘဲ တိတ်တဆိတ်ထရပ်ကာ အိပ်ပျော်နေသည့်လင်ခုံးလုဆီလျှောက်သွားပြီး သူ့ကိုစောင်နှင့်ပွေ့ဖက်ကာ နူးညံ့စွာရေရွတ်လိုက်သည်။
"ကလေးလေး...."
ကိုယ်နောက်ဆုံးမှာထပ်ထွက်လာပြီ။
ရှဲ့လင်ရှင်း: "?!" သေစမ်း၊ ဒီယောက်ျားကြီးနှစ်ယောက်ကတော့တကယ်ပင်ပန်းတယ်။
ယောင်းရီမှာဒီတစ်ခေါက်စောင့်ကြပ်ရသဖြင့် ကျန့်စစ်၏မျက်လုံးနီများကိုမြင်လိုက်ရချိန်မှာ သူ့နှလုံးအခုန်ရပ်သွားလုမတတ်ပင်။ လူအများကြီးအိပ်နေကြပြီဆိုပေမဲ့လည်း ဆယ်နာရီကျော်ပဲရှိသေးတာကို စစ်ကောကဒီနေ့ဘာလို့ဒီလောက်အစောကြီးနိုးလာတာတုန်း?
ဒါပေမဲ့ကံကောင်းစွာဖြင့် ဒီတစ်ခေါက်ထိုကြောက်မက်ဖွယ်အရှိန်အဝါကိုမခံစားရဘဲ အလျင်စလိုရှေ့တိုးကာရှဲ့လင်ရှင်း၏မြင်ကွင်းရှေ့မှာပိတ်ရပ်ပြီး လှောင်ပြုံးတစ်ပွင့်နှင့်ပြောလိုက်မိသည်။
"အင်း....စစ်ကောကညဘက်ကျရင်တွယ်ကပ်တတ်လို့ပါ၊ ဘာမှမဟုတ်ပါဘူး။"
"သိပြီ။" ရှဲ့လင်ရှင်းအမူအရာမဲ့စွာပြောလိုက်သည်။
သူမအဖွဲ့ဆီပြန်သွားဖို့အနောက်လှည့်လိုက်ပေမဲ့ ခြေနှစ်လှမ်းလှမ်းရုံရှိသေး အပြင်ကတရှပ်ရှပ်အသံများကိုရုတ်ခြည်းကြားလိုက်ရသည်။
သူမကားသန်မာပြီး သူမ၏အာရုံငါးပါးမှာအခြားသူတို့ထက်ပိုစူးရှသည်။ အစတုန်းကသူမအာရုံမစိုက်ခဲ့ပေမဲ့ အကြိမ်အနည်းငယ်ပိုနားထောင်ကြည့်မိပြီးနောက်မှာ ၎င်းကလေတိုက်သံမဟုတ်ဘဲ...ဇွန်ဘီတို့လမ်းလျှောက်သံနှင့်တူနေမှန်း သိပ်မကြာခင်သဘောပေါက်သွားသည်။
ဒါပေမဲ့ အရပ်တိုင်းကလာနေတဲ့တရှပ်ရှပ်မြည်သံအများကြီးဆိုတော့.....
ရှဲ့လင်ရှင်း၏မျက်နှာရုတ်ခြည်းပြောင်းသွားကာ ညကြည့်မှန်ပြောင်းကိုလှည့်ယူလိုက်သည်။
သတ္ထုချောင်းများဖြင့်ချိပ်ပိတ်ထားသည့်ပြတင်းပေါက်မှတဆင့်အပြင်ကိုကြည့်လိုက်တော့ သူမမျက်နှာမှာတဖြည်းဖြည်းချင်းဖြူဖျော့သွားကာ သူမလက်များပင်တုန်ရီလာပြီး မှန်ပြောင်းကိုပင်မကိုင်ထားနိုင်တော့ပေ။
ခပ်လှမ်းလှမ်းရှိ အေးစက်စက်လရောင်ဖြူအောက်မှာ မရေတွက်နိုင်သည့်အနက်ရောင်ပုံရိပ်တို့ကဒီကိုရွေ့လာနေကြပြီး အနည်းဆုံးအကောင်တစ်သောင်းခန့်ရှိသည်။ အသံကိုအကဲဖြတ်ခြင်းအားဖြင့် အရပ်တိုင်းကလူတို့ဖြစ်ရမည်။ ၎င်းတို့သာထပ်ပေါင်းလာရင် တစ်သိန်းမရှိပေမဲ့ ၇သောင်း၊ ၈သောင်းခန့်ရှိလောက်မည်....
သူတို့ဝန်းရံခံရရင် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ဒီအတွေးကရှဲ့လင်ရှင်းစိတ်ထဲမှာချက်ချင်းပေါ်လာသည်၊ ဇွန်ဘီတွေကသူတို့ကိုမတိုက်ခိုက်ရင်တောင်မှ သူတို့ပေါ်တက်နင်းသွားရုံကတင်သူတို့နှင့်စူပါမားကတ်ကိုတစစီကြေမွသွားစေနိုင်သည်။
ဒါပေမဲ့ဒါကကြောက်စရာအကောင်းဆုံးအချက်မဟုတ်ပေ၊ ဒီလောက်များတဲ့ဇွန်ဘီတွေကတစ်နေရာထဲကိုသွားနေကြတော့ ကြည့်ရတာ...အဆင့်မြင့်ဇွန်ဘီတွေမောင်းထုတ်တာခံလိုက်ရတာဖြစ်ရမည်။
ခုနကကျန့်စစ်၏လုပ်ရပ်များကိုရှဲ့လင်ရှင်းရုတ်ခြည်းနားလည်သွားသည်။ သူကားသန်မာသဖြင့် တရှပ်ရှပ်မြည်သံကိုကြားလိုက်ရချိန်မှာအပြင်ကအခြေအနေကိုခန့်မှန်းမိတာဖြစ်ရမည်။
သူတို့သေတော့မည်မှန်း သူဘယ်လောက်ကြိုးစားရုန်းကန်ပါစေ အသုံးမဝင်မှန်းသူသိသဖြင့် သူ့ချစ်သူကိုပွေ့ဖက်ကာ သူ့ဘဝ၏နောက်ဆုံးအချိန်ကိုအတူကုန်ဆုံးသွားဖို့စီစဥ်ထားတာဖြစ်သည်။
သူမဖြူဖျော့သောမျက်နှာဖြင့်အရိုင်းဆန်စွာတွေးမိနေစဥ် ပရော်ဖက်ဆာကုကထွက်လာကာ"ဟေး"ဟုဆိုပြီး "ရှောင်ရှဲ့၊ မင်းရဲ့အသားအရောင်မကောင်းပါလား။"
ရှဲ့လင်ရှင်းတုန်ရီသွားရကာ တစ်အောင့်မျှမတုံ့ပြန်မိပေမဲ့ ကျန့်စစ်ကသူ၏သွေးနီရောင်မျက်လုံးများကိုပင့်ကြည့်လာသည်။
နောက်ကျစွာနေခြင်းကြောင့် သူ့မျက်လုံးများမှာနေ့ဘက်တွင်အနည်းငယ်နီနေသဖြင့် ယခုမူပို၍ပင်နီရဲလာပေမဲ့လည်း ပရော်ဖက်ဆာကုနှင့်ရှဲ့လင်ရှင်းမှာနေသားကျနေပြီမို့ မူမမှန်ဟုမခံစားရပေ။
သူအိပ်မနေမှန်းမြင်လိုက်ရတော့ ပရော်ဖက်ဆာကုအလျင်စလိုရှေ့တိုးကာပြောလိုက်သည်။
"ရှောင်ကျန့်၊ အိုင်း၊ ရလဒ်ထွက်လာပြီ။ မယုံကြည်နိုင်စရာပဲ။ ဒီလင်လူကြီးမင်းကတကယ်...."
သူအနားတိုးကပ်လာတာကိုမြင်လိုက်ရသော် ကျန့်စစ်မှာရုတ်တရက်ပြင်းထန်သောအရှိန်အဝါထုတ်လွှတ်လိုက်ပြီး သူ့မျက်ဝန်းထဲရှိသွေးနီရောင်မှာပို၍ပင်တောက်ပလာသည်။
ပရော်ဖက်ဆာကုခြေလှမ်းတန့်ကာ ရုတ်တရက်စကားပြောရပ်လိုက်မိပြီး သူ့ဝိညာဥ်အနက်ရှိုင်းဆုံးမှာအကြောက်တရားနှင့်တုန်ရီလာတာကိုသာခံစားလိုက်ရသည်။
ရှဲ့လင်ရှင်းလည်းခံစားမိပေမဲ့ သူမသိသိသာသာကိုအထင်လွဲသွားကာ ၎င်းဟာအပြင်ကအဆင့်မြင့်ဇွန်ဘီတစ်ကောင်ထုတ်လွှတ်လိုက်သည့်အရှိန်အဝါဟုထင်သွားသည်။
သူမမျက်စိမှိတ်ကာရုတ်ခြည်းပြောလိုက်မိသည်။
"အားလုံးပဲ၊ ထကြတော့။"
သိပ်မကြာခင်စူပါမားကတ်ထဲကလူတိုင်းနိုးလာကြပြီး မနိုးသေးသူတို့မှာသူတို့ဘေးကလူတို့၏တွန်းနိုးတာခံလိုက်ရသည်။
လင်ခုံးလုလည်း0687ကြောင့်နိုးလာပြီး သူမျက်လုံးဖွင့်လိုက်ချိန်မှာအနည်းငယ်ဇဝေဇဝါဖြစ်နေမိတုန်းပင်။ သူခေါင်းမော့လိုက်ချိန်တွင် ကျန့်စစ်၏သွေးနီရောင်မျက်လုံးများကိုမြင်လိုက်ရသဖြင့် တမဟုတ်ချင်းလန့်သွားရသည်။
"မင်း၊ မင်း...." ဘယ်လိုထွက်လာတာလဲ။
သူ၏ထိတ်လန့်သွားသောမျက်နှာထားကိုမြင်လိုက်ရတော့ ကျန့်စစ်၏မျက်လုံးနီနီတို့မှာနာကျည်းချက်တစ်ချက်လက်သွားကာ မေးလာသည်။
"ကလေးလေးကကိုယ့်ကိုသဘောမကျဘူးလား။"
"မဟုတ်၊ မဟုတ်ဘူး။"
လင်ခုံးလုအမြန်လေးတိုးတိုးငြင်းဆိုလိုက်ရသည်။
နောက်နေတာလား၊ ဒီမကောင်းတဲ့စိတ်တန်ဖိုးကအရမ်းမြင့်နိုင်တယ်နော်ယ
ကျန့်စစ်မယုံပေ၊ ထိုသောက်ရူးကနေ့ဘက်မအိပ်တာမို့ သူထွက်မလာရတာနှစ်ရက်ရှိပြီ။ နောက်ဆုံးထွက်လာရချိန်မှာ ကလေးလေးကသူ့ကိုမြင်ရလို့မအံ့သြသွားဘဲ ထိတ်လန့်သွားတယ်။ ဖြစ်နိုင်တာက...."
"မင်းနေ့ဘက်ကအဲ့အရူးကိုသဘောကျတာလား။"
ကျန့်စစ်နှုတ်ခမ်းစေ့ကာမေးလိုက်သည်။
လင်ခုံးလု: "အာ..." နှစ်ယောက်လုံးမင်းပဲမဟုတ်ဘူးလား။
မဟုတ်ဘူး၊ နေအုံး!
သိခြင်း: မျက်လုံးနီကမျက်လုံးနက်ရဲ့တည်ရှိမှုကိုသိပေမဲ့ မျက်လုံးနက်ကမျက်လုံးနီရဲ့တည်ရှိမှုကိုမသိဘူး။
မေးခွန်း: သူတို့ရန်ဖြစ်ရင်ငါဘယ်သူ့ဘက်ပါရမှာလဲ။
ဘာ့၊ ဘယ်မှာရန်ဖြစ်မှာလဲ။ သူတို့နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်မမြင်ရပေ။
လင်ခုံးလုဒီမေးခွန်းကိုဘယ်လိုဖြေရမလဲနားလည်သွားကာ ကျန့်စစ်ကိုမော့ကြည့်ပြီး အမြတ်တနိုးပြောလိုက်သည်။
"ဘယ်ကသာ၊ ကျွန်တော်ခင်ဗျားကိုအချစ်ဆုံးပဲ။"
ကျန့်စစ်မှာသိသိသာသာပင်အဖြေကိုကျေနပ်သွားပြီး သူ့မျက်လုံးနီတို့မှေးစင်းသွားပုံမှာ အမွှေးပွတ်ခံရသည့်ကြောင်ကြီးတစ်ကောင်ပမာ လူတစ်ကိုယ်လုံးကသာယာသောအရှိန်အဝါကိုထုတ်လွှတ်နေသည်။
သိပ်မဝေးသောနေရာမှာ ရှဲ့လင်ရှင်းကလေးနက်ပေမဲ့တုန်ရီသောအသံဖြင့်ပြောလိုက်သည်။
"လူတိုင်းပဲ စားစရာဝေမျှပြီးအလုပ်ကြိုးစားပြီးတော့ ဘဝရဲ့နောက်ဆုံးအချိန်ကိုခံစားကြရအောင်။"
လင်ခုံးလု: "?"
သူကမကောင်းတဲ့စိတ်ရှိတဲ့ဘော့စ်ရဲ့ဆံပင်ကိုအခုလေးတင်ပွတ်လို့ပြီးသွားတာကို ဘာလို့သူ့ဘဝရဲ့နောက်ဆုံးအချိန်ဖြစ်ရမှာတုန်း?
_________________________