Chapter(45)
Viewers 10k

လင်ခုံးလုနောက်ဆုံးမှာလေထုကမူမမှန်မှန်းသတိထားမိသွားကာ ထရပ်ပြီး သူ့ကိုတွယ်ကပ်နေသည့်ကျန့်စစ်ကိုဆွဲလျက် ရှေ့တိုးကာမေးလိုက်မိသည်။

"ဘာဖြစ်တာလဲ။"


နိုးလာသည့်အခြားလူတို့မှာလည်းအလွန်ဇဝေဇဝါဖြစ်နေကြကာ ဘာဖြစ်တာလဲဟုရှဲ့လင်ရှင်းကိုမေးမိကြသည်။


ရှဲ့လင်ရှင်းစိတ်ထိန်းကာ ညကြည့်မှန်ပြောင်းကိုသူမဘေးကလူဆီကမ်းပေးကာ ဖြူဖျော့ဖျော့မျက်နှာဖြင့်ပြောလိုက်သည်။

"မင်းတို့ကိုယ်တိုင်ကြည့်လိုက်ကြတော့။"


မှန်ပြောင်းယူလိုက်သည့်တစ်ယောက်မှာပြတင်းပေါက်ဆီအ​မြန်လျှောက်သွားပြီး တစ်အောင့်ကြာကြည့်ပြီးနောက် သူ့မျက်နှာဖြူဖျော့သွားကာ လက်များမှာတုန်ရီလာသည်။ သူကမှန်ပြောင်းကိုသူ့ဘေးကသိချင်နေသည့်လူဆီကမ်းပေးလိုက်သည်။ အခြားတစ်ယောက်ကကြည့်လိုက်ပြီး သူ့ကဲ့သို့တုံ့ပြန်မှုရှိလာပြီးနောက် နောက်လူတစ်ယောက်ဆီကမ်းပေးလိုက်သည်....


တဖြည်းဖြည်းချင်းနှင့် ၎င်းကိုကြည့်လိုက်ကြသည့်လူတိုင်းမှာစတင်တုန်ရီလာပြီး အကြောက်တရားနှင့်စိုးရိမ်ပူပင်မှုကစူပါမားကတ်ထဲမှာစတင်ပျံ့နှံ့လာသည်။


လင်ခုံးလုမှန်ပြောင်းကိုသွားမယူဘဲ စနစ်ကိုအပြင်ကအခြေအနေကိုတိုက်ရိုက်ပြခိုင်းလိုက်ပြီး ကြည့်ပြီးနောက်သူဆိုးဝါးသယောင်ခံစားလိုက်ရသည်။


လင်ခုံးလု: "သောက်ကျိုးနည်း၊ ဒီလောက်ဇွန်ဘီအများကြီးကဘာလုပ်ဖို့လဲ။ ငါမင်းကိုစောင့်ကြည့်ခိုင်းထားရက်နဲ့။"


0687: "ငါဆက်တိုက်စောင့်ကြည့်နေပြီးတော့ မင်းကိုအော်ခေါ်ပေမဲ့ မင်းကိုယ်ဝန်ရလာကတည်းက အိပ်ပျော်သွားတာနဲ့နှိုးရခက်လာတယ်။"

အော်ခေါ်ပြီးနောက် သူ့ချပ်စ်ပြားမှာလောင်ကျွမ်းမတတ်ပင်။


ကျန့်စစ်ကဒီလူတို့ဘာလုပ်နေမှန်းမသိပေ၊ ဒါမှမဟုတ် သူသိရင်တောင် သူအရေးမစိုက်ပေ။ ကလေးလေးကဒီလူတွေကြောင့်ရုတ်တရက်အနှောင့်အယှက်ဖြစ်သွားကာ သူ့ကိုဆွဲခေါ်သွားတာကိုသာသူဂရုစိုက်သည်။


"ကလေးလေး။" သူရန်လိုစွာရှေ့တိုးလိုက်ပြီး သူ၏အရပ်ရှည်ရှည်နှင့်ပိန်သွယ်သောပုံရိပ်ကကောင်လေးကိုအနောက်ကဖုံးအုပ်သွားသည်။


ဒီနာမ်စားကိုကြားလိုက်ရတဲ့လူတိုင်း: "......"


လင်ခုံးလု: "...." ထုံနေပါပြီ။


သို့သော်လည်း ဒီလှုပ်ရှားမှုကအဆက်မပြတ်တိတ်ဆိတ်မှုကိုချိုးဖောက်သွားသည်။ ခုနကအေးခဲနေဆဲလူတို့မှာရုတ်ခြည်းခပ်တိုးတိုးစတင်စကားပြောလာကြသည်။


"ငါတို့ဘာလုပ်သင့်လဲ။"


"သေချင်နေတာလား။"


"ငါတို့မတိုက်ခိုက်နိုင်တာသေချာတယ်၊ ငါမပြေးထွက်နိုင်ဘူး..."


"ငါသာသိခဲ့ရင် ဒီကိုလာခဲ့မှာမဟုတ်ဘူး။"


"ငါမသေချင်သေးဘူး...."


"သူတို့ကိုဆွဲဆောင်တဲ့အနံ့တစ်ခုရှိရမယ်။" ခုန်းမောက်ရန်၏မျက်နှာမှာဖြူဖျော့လျက် သူ့အသံမှာတုန်ရီနေကာ သူရုတ်တရက်လင်ခုံးလုကိုကြည့်ကာ သူ့ကိုစွပ်စွဲလိုက်သည်။

"မင်းကြက်သားနှပ်လို့မရဘူးလို့ငါပြောသားပဲ၊ ဒါပေမဲ့တချို့လူတွေကနားမထောင်ဘူး။ အခုဇွန်ဘီတွေအကုန်လုံးကငါတို့ကိုလာသတ်တော့မယ်။"


သူပြောလိုက်သည်နှင့် လူများစွာကသူနှင့်လင်ခုံးလုကိုကြည့်လာကြသည်။


ကျန်းရှောင်ဟွေးတစ်ယောက်သာခေါင်းငုံ့ထားပြီး သူ့မျက်နှာမှာဖြူဖျော့နေကာ သူ့ခန္ဓာကိုယ်မှာမသိမသာတုန်ရီနေသည်။ ဒါကိုမြင်လိုက်ရသော် ဖုန့်​ရှောင်း၏မျက်နှာထားမှာစိတ်ပူမှုတစ်ချက်ဖြတ်ပြေးသွားကာ သူ့ကိုကူညီဖို့လက်မြှောက်လာပေမဲ့ သူအလိုလိုရှောင်လိုက်မိသည်။


ကျန့်စစ်မျက်လုံးမှေးစင်းကာ ခုန်းမောက်ရန်ကိုကြည့်လိုက်မိသည်။


ခုန်းမောက်ရန်ကြောက်လန့်တကြားတုန်ရီသွားပေမဲ့ သူ့မှာစဥ်းစားဖို့သတ္တိရှိလာသည်: မင်းဘာကြောက်နေတာလဲ၊ ဘာပဲဖြစ်ဖြစ်လူတိုင်းကသေတော့မှာပဲကို။


ထိုစဥ်လင်ခုံးလုမျက်မှောင်ကြုတ်ကာရှင်းပြလိုက်သည်။

"စားစရာရနံ့ကဇွန်ဘီတွေကိုမဆွဲဆောင်ဘူး၊ သွေးနံ့ကပဲဆွဲဆောင်လိမ့်မယ်။"


လူတိုင်းဒါကိုသိတာမို့ လူနည်းစုသာခုန်းမောက်ရန်ကိုယုံကြသည်။


ဒါပေမဲ့ခုန်းမောက်ရန်ကစိတ်လှုပ်ရှားစွာပြောလာသည်။

"ဘယ်သူသိမှာလဲ။ ကြက်သတ်တာကညှီနံ့မထွက်ဘူးလား။ မင်းကကြက်ကိုအနံ့အရမ်းပြင်းအောင်နှပ်ခဲ့တယ်လေ၊ အဲ့ဒါအပြင် ဘာကများဇွန်ဘီတွေကိုဆွဲဆောင်နိုင်မှာလဲ။"


အကြောက်တရားကြောင့်အသက်ရှင်လိုသည့်လိုအင်ဆန္ဒပေါ်ထွက်လာမို့ဖြစ်လောက်မည်၊ သူကရုတ်တရက်စူးရှစွာတိုက်တွန်းလာသည်။

"ငါတို့တွေလက်သည်တရားခံကိုအပြစ်ပေးပြီးတော့ သူ့ကိုအပြင်ပစ်ထုတ်ပြီး ဇွန်ဘီတွေကိုဆွဲဆောင်ခိုင်းပြီးတော့ ငါတို့ကိုကာဗာလုပ်ခိုင်းလိုက်သင့်တယ်။"


တစ်အောင့်ကြာသော် သူကသူ့ကိုယ်သူပြောလိုက်သည်။

"ဟုတ်တယ်၊ ဒီလိုဖြစ်သင့်တယ်၊ ငါတို့မှာလွတ်မြောက်ဖို့အခွင့်အရေးရှိနေသေးလောက်တယ်၊ ငါတို့မသေနိုင်ပါဘူး၊ ငါတို့မ..."


လူတိုင်းအံ့အားသင့်သွားပုံရပေမဲ့ သူကြောက်ရွံ့နေသည်ဟုခံစားလိုက်ရသဖြင့် အများစုကသူ့ကိုလျစ်လျူရှုလိုက်ကြသည်။


လူနည်းစုကသူ့အကြံကိုနားထောင်ပြီး မျက်လုံးများတောက်သွားပေမဲ့ အပြင်မှာဇွန်ဘီအများကြီးရှိနေသဖြင့် တစ်ယောက်ပစ်ထုတ်ဖို့မပြောနှင့် သူတို့အကုန်လုံးကိုပစ်ထုတ်ရင်တောင်မလုံလောက်လောက်တာကိုတွေးမိသွားကာ ချက်ချင်းထိုအကြံကိုလက်လျှော့လိုက်သည်။


ထိုအစား ကျန်းရှောင်ဟွေးကရုတ်ခြည်းတုန်ရီစွာလက်မြှောက်ကာပြောလာသည်။

"ကျွန်၊ ကျွန်တော်အပြင်ထွက်ပြီးလူတိုင်းအတွက်စတေး...."


"ရှောင်ဟွေး၊ မင်းရူးနေလား။" သူပြောလို့မပြီးသေးခင် ဖုန့်ရှောင်းရှော့ခ်ရစွာဖြတ်ပြောလိုက်မိသည်။


သူကအနည်းငယ်ထူးဆန်းသည်ဟုလင်ခုံးလုခံစားလိုက်ရပေမဲ့ပြောလိုက်သည်။

"အသုံးမဝင်ဘူး၊ ဇွန်ဘီတွေအရမ်းများလို့ မင်းသူတို့ကိုမဆွဲဆောင်နိုင်ဘူး။"


ခုန်းမောက်ရန်ကကြားသော် ထူးဆန်းသောလေသံဖြင့်ပြောလာသည်။

"တစ်ယောက်မလုပ်နိုင်ရင် နှစ်ယောက်ကကောမလုပ်နိုင်ဘူးလား။ မင်းတို့နှစ်ယောက်..."


ကျန့်စစ်ရုတ်တရက်လင်ခုံးလုကိုလွှတ်ကာ မျက်နှာထက်အမူအရာမရှိပါဘဲသူ့ဆီတစ်လှမ်းချင်းလျှောက်သွားလိုက်သည်။


ခုန်းမောက်ရန်တိတ်ကျသွားရကာ အရင်ကထက်ပိုသန်မာသောအကြောက်တရားကသူ့ဝိညာဥ်အနက်ရှိုင်းဆုံးဆီကမြင့်တက်လာသည်။ သူကြောက်လွန်းလို့ သူ့မျက်နှာဖြူဖျော့သွားကာ မတုန်ရီဘဲမနေနိုင်ပေ။ သူအနောက်ဆုတ်ချင်ပေမဲ့ သူ့ခြေဖဝါးမှာလုံးဝလှုပ်မရကြောင်းသိလိုက်ရသည်။


ကျန့်စစ်၏မျက်လုံးနီမှာအန္တရာယ်တစ်ချက်ဖြတ်ပြေးသွားကာ သူ့အနားရှိရန်လိုစိတ်ကကြောက်စရာကောင်းလွန်းလို့ ဘယ်သူကမှသူ့အနားမကပ်ရဲပေ။


သူနောက်ဆုံးတော့ဘာဖြစ်နေမှန်းနားလည်သွားပြီ၊ ဆူညံပူညံလုပ်နေတဲ့ကောင်ကသူ့ကလေးလေးကိုကြက်သားစားတဲ့အတွက်အပြစ်တင်နေတာဖြစ်သည်။


ကြက်သားကဘာဖြစ်လို့လဲ။ ဗိုက်ဆာရင်ကြက်သားမစားသင့်ဘူးလား။ မင်းကြက်သားမစားချင်ရင်....


သူရုတ်တရက်လက်မြှောက်ကာ ခုန်းမောက်ရန်၏လည်မျိုကိုညှစ်ပြီး သူ့ခြေဖဝါးကိုကြမ်းပြင်ပေါ်ကလွတ်အောင်မကာ သူ့လက်ငါးချောင်းကိုတင်းကြပ်ရင်း မည်းမှောင်စွာပြောလိုက်သည်။

"ကြက်သားစားတာကဘာဖြစ်လို့လဲ။ မင်းဗိုက်ဆာလို့ကြက်သားမစားရင် ဘာစားချင်လို့လဲ။"


ခုန်းမောက်ရန်၏မျက်နှာမှာလည်ပင်းညှစ်ခံရမှုကြောင့်နီရဲသွားပြီး သူအဆက်မပြတ်ရုန်းကန်ရင်း သူ့လည်ချောင်းမှ"ဟိုးဟိုး"ဟူသည့်အသံကိုသာပြုလုပ်နိုင်ပေသည်။ အနားကလူတို့မှာကျန့်စစ်၏လုပ်ရပ်ကြောင့်ကြောက်လန့်နေကြပြီး ဘယ်သူကမှရှေ့တိုးကာသူ့ကိုမတားရဲပေ။


ကျန့်စစ်ပြောပြီးနောက် ရွံရှာသွားသည်။

"မင်းကဒီလောက်ရုပ်ဆိုးတာကို တန်လို့လား။"


သူ့မျက်လုံးနီမှာပိုမိုသွေးနီရောင်သန်းလာပြီး သူခုန်းမောက်ရန်၏လည်ပင်းကိုချိုးပစ်ဖို့ပြင်လိုက်သည်။ လင်ခုံးလုနောက်ဆုံးအသိပြန်ဝင်လာကာ အလျင်စလိုရှေ့တိုးပြီးစည်းရုံးလိုက်ရသည်။

"မလုပ်နဲ့၊ ကျွန်တော်သွေးကြောက်တတ်တယ်၊ မတန်ပါဘူး...."


ဒါတွေအားလုံးကအဓိကမဟုတ်ပေ၊ အရေးကြီးဆုံးအရာမှာလည်ပင်းတကယ်ကျိုးသွားရင် သွေးနံ့ပျံ့သွားလိမ့်မည်။ ဇွန်ဘီတွေကိုဆွဲဆောင်ဖို့မပြောနှင့် ကျန့်စစ်ကိုပါလှုံ့ဆော်သွားနိုင်သည်။


အဆုံးတွင် အခုဒါကကျန့်ဇွန်ဘီဘုရင်ဖြစ်သည်။ သူကလတ်လတ်ဆတ်ဆတ်သွေးနံ့ရရင် သူ့ကိုယ်သူတစ်အောင့်ကြာထိန်းမရဘဲ ချက်ချင်းအသားစားကာသွေးသောက်ဖို့လှုပ်ရှား...နေပါအုံး? ဇွန်ဘီဘုရင်?


လင်ခုံးလုရုတ်တရက်တစ်ခုခုသဘောပေါက်သွားသည်။ ခုန်းမောက်ရန်ကို"ကယ်"ပြီးနောက် သူကျန့်စစ်ကိုအမြန်ဆွဲကာပုန်းလိုက်ပြီး ခပ်တိုးတိုးမေးမိသည်။

"အင်း၊ စစ် စစ်...."


"မင်းကိုယ့်ကိုအားစစ်လို့ခေါ်လို့ရတယ်။"

ကျန့်စစ်နှုတ်ခမ်းစေ့ကာ ရန်လိုစွာပြောလိုက်သည်။


တကယ်တော့ သူ၏တဝိုးတဝါးမှတ်ဉာဏ်ထဲမှာ ကလေးလေးကသူ့ကို"ကိုကို"ဟုခေါ်ပုံရပေမဲ့ ၎င်းမှာသူဇွန်ဘီဖြစ်မလာခင်ကပင်။ သူတကယ်မမှတ်မိပေ။ သူဇွန်ဘီဖြစ်လာပြီးနောက်ပိုင်းမှာ ကလေးလေးကသူ့ကို"ကျန့်စစ်"(သို့)"အားစစ်"ဟုခေါ်တာကိုသာသူမမှတ်မိသည်။


"အို၊ အားစစ်။" လင်ခုံးလုခေါင်းငြိမ့်ကာတိုးတိုးလေးပြောလိုက်သည်။

"ခင်ဗျားအဲ့ကောင်တွေကိုဝေးဝေးသွားခိုင်းလို့ရလား။"


ကျန့်စစ်ခေါင်းငြိမ့်ကာမေးလိုက်သည်။

"ကလေးလေးကသူတို့ကိုသဘောမကျဘူးလား။"


"ဒါပေါ့၊ သဘောမကျဘူး၊ ဘယ်ကသူဇွန်ဘီတွေကိုသဘောကျမှာလဲ။"

လင်ခုံးလုအလိုလိုပြောလိုက်မိသည်။


ကျန့်စစ်နှုတ်ခမ်းစေ့လိုက်မိပြီး သူ့မျက်လုံးနီနီများမှာနာကျည်းချက်တစ်ချက်လက်သွားသည်။


လင်ခုံးလု: "အာ..."


"ခင်ဗျားကလွဲလို့ပေါ့၊ ခင်ဗျားကသူတို့နဲ့မတူဘူး၊ ကျွန်တော်ခင်ဗျားကိုအချစ်ဆုံးပဲ။"

တုံ့ပြန်ပြီးနောက်သူအမြန်အမှားပြင်လိုက်သည်။


မျက်လုံးနီကျန့်စစ်မှာအလွန်အချော့ကြိုက်လှသည်။ ဒါကိုကြားလိုက်ရတော့ သူ့မျက်လုံးထဲမှာမသိမသာအပြုံးတစ်ချက်လက်သွားကာ ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

"အင်း၊ ကိုယ်ကသူတို့နဲ့မတူဘူး။ ကိုယ်ကသန့်သန့်ရှင်းရှင်းနေရတာကြိုက်တယ်။"


ဟုတ်တယ်၊ ကလေးလေးကသန့်သန့်ရှင်းရှင်းနေရတာကြိုက်ပြီးတော့ အဲ့ညစ်ပတ်ပြီးနံစော်နေတဲ့ဇွန်ဘီတွေကိုသဘောမကျဘူး၊ သူကအဲ့ရုပ်ဆိုးကောင်တွေနဲ့မတူဘူး။


ဒါကိုတွေးမိရင်း သူလင်ခုံးလုခေါင်းကိုပုတ်ကာချော့လိုက်သည်။

"ကလေးလေး၊ ကိုယ့်ကိုခဏစောင့်နော်။"


ပြောပြီးနောက် သူပြတင်းပေါက်ဆီလျှောက်သွားလိုက်ပြီး သူ့မျက်လုံးနီတို့ကထူးဆန်းသောအရောင်ဖြင့်တောက်ပနေကာ သူ၏ခွန်အားကြီးမားသောစိတ်စွမ်းအားကသူ့တစ်ကိုယ်လုံးထဲမှပျံ့နှံ့လာပြီး မမြင်နိုင်သောဂယက်ငယ်များကစက်ဝန်းသဏ္ဍာန်ယိမ်းယိုင်သွားသည့်အလား အဆောက်အအုံကိုဖြတ်ကျော်၍ ဒယိမ်းဒယိုင်ဇွန်ဘီများကိုဖြတ်သွားသည်။


ဒီအခိုက်အတန့်မှာ ကျန့်စစ်ကတစ်ခုခုကွဲပြားနေမှန်းလင်ခုံးလုချက်ချင်းခံစားလိုက်ရသည်။


စူပါမားကတ်ထဲကလူတို့မှာထိုကဲ့သို့စွမ်းအားကိုတောင့်မခံနိုင်ဘဲ အကုန်လုံးမှာခေါင်းကိုအုပ်ကာနာကျင်စွာဆောင့်​ကြောင့်ထိုင်လျက် ရင်ထဲမှာပို၍ပင်ကြောက်လာကြသည်။


ဒီလိုခွန်အားကြီးမားတဲ့စိတ်စွမ်းအားမှာပြိုင်ဖက်ကင်းပြီးမကြားဖူးပေ။ ဒီလိုအဆင့်မြင့်ပုံကအပြင်ကအဆင့်​မြင့်ဇွန်ဘီဖြစ်ရမည်။


တစ်အောင့်ကြာသော် စူပါမားကတ်ထဲကလူတို့သတိလစ်သွားကြသည်။


ကျန့်စစ်ကအဆင့်မြင့်ဇွန်ဘီနှစ်ကောင်ကိုသူ၏စိတ်စွမ်းအားနှင့်တိုက်ရိုက်သတ်ပစ်လိုက်ပြီးနောက် တုန်ရီနေကြသည့်အဆင့်နိမ့်ဇွန်ဘီများကိုတိတ်တိတ်လေး"လှိမ့်"သွားဖို့ပြောလိုက်သည်။


ဇွန်ဘီတို့မှာကိုယ်ပိုင်အသိဉာဏ်မရှိပေမဲ့ သူတို့ကသူ့ကိုအလိုလိုကြောက်ကြသဖြင့် ခပ်မြန်မြန်အနောက်လှည့်ကာ ဆန့်ကျင်ဘက်အရပ်ကိုထော့နဲ့ထော့နဲ့ထွက်သွားကြသည်။


လင်ခုံးလု: "....."


ဒီတော့သူတို့ဘာလို့ဒီရက်တွေမှာပုန်းနေမိတာလဲ။ ကျန့်လူကြီးမင်းနှင့်ဆိုရင် "အလောင်း"မရှိတဲ့နေရာတစ်ခုကိုဖြတ်သွား​ရတာကဘယ်လိုနေမလဲ။ ဘော့စ်ကညဘက်ကျမှပေါ်လာတာသနားစရာပဲ။


0687: "မင်းအရင်ကသူ့ကိုကြောက်လို့ သူအပြင်ထွက်မလာဖို့မျှော်လင့်နေခဲ့တာမဟုတ်ဘူးလား။"


လင်ခုံးလု: "ငါမှားသွားတယ်၊ ဇွန်ဘီဘုရင်ကတကယ်ကောင်းတယ်၊ မကောင်းတဲ့စိတ်တန်ဖိုးလျော့သွားရင်ပိုကောင်းလိမ့်မယ်။ အခုကစပြီး မျက်လုံးနက်ကျန့်ညဘက်မအိပ်ရင် သူ့ကိုရိုက်ပြီးတော့ မျက်လုံးနီကိုညဘက်ထွက်လာပြီးစောင့်ကြပ်ခိုင်းတာကပိုအန္တရာယ်ကင်းတယ်။"


0687: "...." Host၊ မင်းနာမည်ပြောင်းလို့ရပြီ။


ကျန့်စစ်ကဇွန်ဘီများကိုမောင်းထုတ်ပြီးနောက် လင်ခုံးလုဆီပြန်လျှောက်လာသည်။ သူ့မျက်လုံးနီတို့ကတောက်ပနေပြီး သူကချီးကျူးခံရဖို့စောင့်နေသည့်ခွေးကြီးပမာ လင်ခုံးလုကိုမျှော်လင့်တကြီးကြည့်လာသည်။


လင်ခုံးလုမြင်လိုက်ရသဖြင့် သူ့ခေါင်းကိုပုတ်ပေးကာ ခပ်တိုးတိုးချီးကျူးလိုက်သည်။

"အားစစ်ကတကယ်အံ့သြစရာကောင်းတယ်။"


တစ်ချက်တန့်သွားပြီးနောက် ကျန့်စစ်ကျေနပ်ပုံမပေါ်တာကိုမြင်လိုက်ရသော် သူထပ်ပေါင်းပြောလိုက်သည်။

"ကျွန်တော်အားစစ်ကိုအချစ်ဆုံးပဲ။"


ကျန့်စစ်ကကျေနပ်သွားပေမဲ့ ရှေ့တိုးလာသည်။

"ကလေးလေး၊ ကိုယ်မင်းကိုနမ်းချင်တယ်။"


လင်ခုံးလု: "အာ။"


ကျန့်ဇွန်ဘီဘုရင်ကားအရိပ်အခြေသိသူတစ်ယောက်ဖြစ်ပြီး လင်ခုံးလုမကန့်ကွက်တာကိုမြင်လိုက်ရသော် သူကသူ့ကိုသူ့ရင်ခွင်ထဲထည့်ကာ နမ်းလိုက်သည်။


နမ်းနေစဥ် သူတဝိုးတဝါးမေးလိုက်သည်။

"ကလေးလေး၊ ကိုယ်ကနေ့ဘက်ကအဲ့အရူးထက်ပိုကောင်းတယ်မလား။"


လင်ခုံးလု: "အင်း...." နှစ်ယောက်လုံးမင်းပဲမဟုတ်ဘူးလား။


"မင်းသူ့ကိုသဘောကျလို့မရဘူး၊ ကိုယ့်ကိုပဲကြိုက်ရမယ်။"

ကျန့်စစ်ပိုင်စိုးပိုင်နင်းဆန်စွာပြောလိုက်သည်။


လင်ခုံးလု: "အာ.." သောက်ကျိုးနည်းဉ နမ်းတာရပ်ပါတော့ဟ၊ ငါအသက်ရှုရခက်နေပြီ။


ကျန့်စစ်: "သူ့ကိုကလေးကိစ္စမပြောနဲ့။"


လင်ခုံးလု: "...." သူမနက်ဖြန်ကျသိသွားမှာစိုးတယ်။


ကျန့်စစ်: "ကလေးကိုသူ့ကိုအဖေလို့မခေါ်ခိုင်းနဲ့။"


လင်ခုံးလု: "...." မင်းတို့အရင်တိုက်ခိုက်ကြရင်ကော?


လူတိုင်းသိသွားရင် ကျန့်စစ်လည်းထိုသို့တွေးမိသည်။


နေ့ဘက်ကအဲ့အရူးကအရမ်းတုံးတယ်၊ သူအနှေးနှင့်အမြန်သူ့ကိုသတ်ဖို့နည်းလမ်းရှာရမယ်၊ ဒါမှခန္ဓာကိုယ်ကသူတစ်ယောက်တည်းအပိုင်ဖြစ်မှာ။ အချိန်ကျလာရင် ကလေးလေးကသူ့အပိုင်ဖြစ်မယ်၊ ကလေးကလည်းသူ့အပိုင်ဖြစ်မယ်၊ သူတို့အကုန်လုံးသူ့အပိုင်ဖြစ်လာလိမ့်မယ်။


လင်ခုံးလုမှာအနမ်းခံရခြင်းကြောင့်အသက်ရှုကြပ်လာပြီး သူနောက်ဆုံးလွှတ်ပေးလာချိန်မှာ သူခပ်မြန်မြန်အကြောင်းအရာပြောင်းကာမေးလိုက်ရသည်။

"အဲ့ဇွန်ဘီတွေဒီမှာဘာလို့စုဝေးနေလဲသိလား။"


ကျန့်စစ်ကသူ့နှုတ်ခမ်းကိုစိုက်ကြည့်လျက် သိပ်စိတ်မဝင်စားဘဲပြောလာသည်။

"အသုံးမဝင်တဲ့အကျိုးမရှိတဲ့ဇွန်ဘီနှစ်ကောင်ကအနီးနားမှာတိုက်ခိုက်နေကြတာ။ သူတို့တစ်ယောက်ကိုတစ်ယောက်မချနိုင်မှာစိုးလို့ အခြားဇွန်ဘီတွေကိုကူညီခိုင်းဖို့ခေါ်လိုက်တာ။"


လင်ခုံးလု: "အို။" အဆင့်မြင့်ဇွန်ဘီနှစ်ကောင်ကအနီးနားမှာတိုက်ခိုက်နေကြတာကိုး။


"ဒါဆိုပစ်မှတ်ကကျွန်တော်တို့မဟုတ်တာမို့ သွေးနံ့နဲ့ဘာမှမဆိုင်တဲ့ပုံပဲ။"


ကျန့်စစ်ကခေါင်းငြိမ့်လိုက်ပြီး သူ့လေသံမှာစိတ်ဝင်စားမှုကင်းမဲ့နေသေးကာပြောလာသည်။

"ဒါပေမဲ့ဒီမှာတစ်​ယောက်ယောက်ဒဏ်ရာရထားတယ်။"


လင်ခုံးလုတစ်အောင့်ကြာလန့်သွားပြီးမှ 

ဘယ်သူလဲခန့်မှန်းမိသွားကာ မျက်မှောင်ကြုတ်လျက်ပြောမိသည်။

"သူနဲ့ဘာမှမဆိုင်လောက်ဘူး။ ကျွန်တော်တို့သွေးနံ့မရဘူးလေ။"


ထို့အပြင် စူပါမားကတ်အပြင်မှာချဥ်စုပ်စုပ်အနံ့ထုတ်လွှတ်နေသည့်လတ်လတ်ဆတ်ဆတ်အသတ်ခံထားရသည့်ဇွန်ဘီများရှိကြသည်။ နံရံနှင့်ထိုကဲ့သို့ရှည်လျားသောအကွာအဝေးကိုဖြတ်၍ ခပ်လှမ်းလှမ်းကဇွန်ဘီတို့မှာသွေးနံ့ရနိုင်ချေမရှိပေ။


"ဟုတ်တယ်။" ကျန့်စစ်မှာစိတ်ဗလာကျင်းလျက် ဒီကိစ္စကိုလုံးဝအရေးမစိုက်ပေ။


သူရုတ်ခြည်းတိတ်တိတိလေးတိုးကပ်သွားပြန်ကာ မျှော်လင့်တကြီးပြောမိသည်။

"ကလေးလေး၊ ကိုယ်ထပ်နမ်းလို့ရလားဟင်?"


လင်ခုံးလု: "...." မရဘူး၊ မင်းနမ်းတာကတအားကြာလွန်းတယ်!


ဒါပေမဲ့ငြင်းဆန်ဖို့မသင့်တော်ပေ။ ကျန့်ဇွန်ဘီဘုရင်၏မကောင်းတဲ့စိတ်တန်ဖိုးမှာအလွန်မြင့်သည်။ သူစိတ်ကျေနပ်မှုမရှိရင် မကောင်းတဲ့စိတ်တန်ဖိုးကတိတ်တဆိတ်မြင့်တက်လာလိမ့်မည်။ နောက်ဆုံးသူ့ကိုဖြေသိမ့်ပြီးနောက် ၎င်းကအနည်းငယ်လျော့သွားလိမ့်မည်ဖြစ်ကာ သူမသိလိုက်ခင်ပြန်တက်လိမ့်မည်ပင်။


လင်ခုံးလုပင်ပန်းနေသဖြင့် ပြောလိုက်ရသည်။ "နမ်း၊ နမ်း။"


ကျန့်စစ်နောက်တစ်နေ့နိုးလာချိန်တွင် သူ့မျက်လုံးများမှာပုံမှန်ပြန်ဖြစ်သွားလေပြီ။


သူကလင်ခုံးလုကိုပွေ့ဖက်ထားမိပြန်တာကိုမြင်လိုက်ရရင်း သူတည်ငြိမ်စွာလက်ခံလိုက်ပြီး အိပ်နေရင်းလမ်းထလျှောက်တဲ့အကျင့်ပြန်ထလာပြီဟုတွေးလိုက်သည်။


သူကောင်လေးကိုနူးညံ့သောကူရှင်ပေါ်မှာညင်သာစွာတင်ကာ စောင်ခြုံပေးကြီးနောက် မတ််တပ်ထရပ်လိုက်တော့ကြောင်အမ်းသွားရသည်။


ဒီလူတစ်စုကနေရာအနှံ့မှာလဲကျနေတာကဘာကိုဆိုလိုတာလဲ။


သူပရော်ဖက်ဆာကုဆီလျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ချပြီး သူ့ကိုတွန်းနှိုးကာ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

"ပရော်ဖက်ဆာ၊ ဘာဖြစ်တာလဲ။ ခင်ဗျား..."


ပရော်ဖက်ဆာကုမှာတွန်းနှိုးခံလိုက်ရချိန်မိန်း​မောနေမိဆဲဖြစ်ပေမဲ့ အသိပြန်ဝင်လာချိန်ချက်ချင်းအံ့သြတကြီးပြောမိသည်။

"ငါတို့မသေဘူးလား။"


သူ့အသံမှာမနိမ့်ပေရာ အခြားသူများမှာအမြန်နိုးလာကြပြီး သူတို့အသက်ရှင်နေသေးကြောင်းမြင်လိုက်ရချိန်သူတို့အကုန်လုံးမိန်းမောသွားကြသည်။


"ငါတို့မသေဘူးလား။ ငါတို့အသက်ရှင်နေသေးတယ်ပေါ့?"


လူတိုင်းတစ်အောင့်ကြာမိန်းမောနေပြီးမှ ရုတ်တရက်ပျော်ရွှင်သွားကြသည်။


မနေ့ညကဘာဖြစ်ခဲ့လောက်မှန်းကျန့်စစ်အကြမ်းဖျင်းခန့်မှန်းမိပေမဲ့ သူမေးဖို့အချိန်မရခင် သူ့မျက်လုံးများကိုကြမ်းပြင်ပေါ်ကျနေသည့်စာရွက်အပိုင်းအစကဆွဲဆောင်သွားသည်။


သူထိုစာရွက်ပိုင်းကိုကောက်ကာ တုံ့ဆိုင်းစွာကြည့်လိုက်မိသည်။


ပရော်ဖက်ဆာကုကမျက်မှန်ကိုထိကာ ကောက်တပ်လိုက်ပြီး သူစာရွက်ကိုစိုက်ကြည့်နေမှန်းမြင်လိုက်ရတော့ အလျင်စလိုပြောလိုက်မိသည်။

"အို၊ ဒါပဲ၊ ငါမနေ့ညကမင်းကိုဒီအကြောင်းလာပြောမလို့ပဲ..."


သူဟိုဟိုဒီဒီဝေ့ဝဲကြည့်လိုက်ပြီးနောက် ထိုအကြောင်းစဥ်းစားကြည့်ကာ အနားတိုးသွားပြီး အသံနိမ့်ချကာပြောလိုက်သည်။

"မင်းရဲ့ချစ်သူကောင်လေးမှာ....ကိုယ်ဝန်ရှိနေပြီ။"


ပြောပြီးနောက် သူကကျန့်စစ်ပုခုံးကိုပုတ်ကာ အပြုံးတစ်ပွင့်နှင့်ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်ကွာ။"


ဒီကိစ္စကတော်တော်လေးမထင်မှတ်စရာကောင်းကာကျိုးကြောင်းမဆီလျော်ပေမဲ့လည်း ဇွန်ဘီနှင့်စွမ်းရည်တွေပေါ်လာနိုင်မှတော့ ဘာကမပေါ်လာနိုင်မှာတုန်း? အခုဆိုရင်ပရော်ဖက်ဆာအိုကြီးကသူ့အသိပညာကိုကျော်လွန်ပြီး ဒီကိစ္စကိုတည်ငြိမ်စွာလက်ခံလိုက်သည်။


ကျန့်စစ်မှင်တက်သွားရကာ သူ့တစ်ကိုယ်လုံးတိမ်ပေါ်မျောလွင့်လျက် မစစ်မှန်သယောင်ခံစားလိုက်ရသည်။


ကောင်လေးမှာ...တကယ်ကိုယ်ဝန်ရှိနေတာလား။ ရောဂါမဟုတ်ဘူးပေါ့?


သူ့မှာရှောင်လုနဲ့ကလေးရှိနေခဲ့တာလား။


သူအဖေဖြစ်တော့မှာပေါ့?!


သူ့ရင်ထဲမှာတုနှိုင်းမဲ့ပျော်ရွှင်မှုဖြင့်ပြည့်နေသည်။ ကျန့်စစ်ဒီခံစားချက်ကိုပင်မဖော်ပြတတ်ပေ။ သူအလိုလိုခေါင်းမော့ပြီး မယုံကြည်နိုင်သေးသည့်အလား ပရော်ဖက်ဆာကုကိုကြည့်လိုက်မိသည်။


ပရော်ဖက်ဆာကုကသူ့စိတ်အခြေအနေကိုနားလည်ကာ အပြုံးတစ်ပွင့်နှင့်ထပ်ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်ကွာ၊ နှစ်လရှိနေပြီ!"


ပရော်ဖက်ဆာအိုကြီးမှာတွေးမိသည်၊ သူ့ဘဝလက်ကျန်မှာဒီလိုသတင်းကောင်းတွေသိရတာကကြီးမားတဲ့ပျော်ရွှင်မှုဖြစ်မှာပဲ။


ဒါကိုကြားလိုက်ရသော် ကျန့်စစ်မှာနှုတ်ခမ်းပါးကိုတင်းကြပ်စွာစေ့လိုက်မိပေမဲ့ သူ့နှုတ်ခမ်းထောင့်မှာထိန်းချုပ်မရစွာကော့တက်လာသည်။


ဟုတ်တယ်၊ သူအဖေဖြစ်တော့မှာ...မဟုတ်ဘူး၊ နေပါအုံး၊ သူနှင့်ကောင်လေးကြားမှာဘာမှမဖြစ်ရသေးဘူးလေ?


ကျန့်စစ်နှုတ်ခမ်းထောင့်ကအပြုံးမှာအေးခဲသွားရသည်၊ နှစ်လ....


လွန်ခဲ့တဲ့နှစ်လက သူနှင့်ကောင်လေးအဆက်အသွယ်ရှိခဲ့တဲ့အချိန်က သူAမြို့တော်ကိုပြန်သွားဖို့လေယာဥ်လက်မှတ်ဝယ်ခဲ့တဲ့ညဖြစ်သည်။


ဒါပေမဲ့ ထိုညကသူတို့ဘာမှမဖြစ်ခဲ့ပေ။ သူနိူးလာတော့ သူ့အဝတ်အစားများမှာသန့်ရှင်းသပ်ရပ်နေပြီး ကောင်လေးလည်းအတူတူပင်ဖြစ်သည်။


ပြီးတော့သူလေဆိပ်မှာစောင့်နေတုန်း အသိစိတ်လွတ်သွားပြီးတော့ သုံးနာရီကြာပြီးနောက်ဗီလာမှာနိုးလာခဲ့သည်။ လေဆိပ်ကနေဗီလာကို တက်စီနှင့်သွားရင်အနည်းဆုံးနှစ်နာရီခွဲကြာသည်၊ ဗီလာထဲခိုးဝင်သွားတဲ့အချိန်ကိုနှုတ်လိုက်ရင် ကျန်တဲ့အချိန်ကနာရီဝက်အောက်သာ။


သူနာရီဝက်အတွင်းမှာဘာလုပ်နိုင်မှာလဲ။


တကယ်တစ်ခုခုလုပ်ရင် အဝတ်ချွတ်ဖို့အချိန်လိုတယ်၊ ပြီးရင်၁၀မိနစ်ပဲကျန်တော့တယ်။


၁၀မိနစ်အတွင်းမှာ သူအဲ့လောက်မြန်သည်ဟုကျန့်စစ်မယုံကြည်ပေ။


ထို့အပြင် ထိုညကသူတို့နမ်းသာနမ်းခဲ့သည်ဟုကောင်လေးကပြောခဲ့ပြီး သူတို့အနမ်းကတဆင့်ကိုယ်ဝန်ရသွားသည်ဟုလည်းပြောခဲ့သည်ပင်....


အနမ်းကတဆင့်ကိုယ်ဝန်ရဖို့ဆိုတာဖြစ်နိုင်လို့လား။


ကျန့်စစ်မျက်လုံးမှိတ်လိုက်မိပြီး သူ့မျက်နှာထက်မှာနာကျင်မှုအရိပ်အယောင်ဖြတ်ပြေးသွားသည်။


သူ့ကောင်လေးကိုလှည့်စားခေါ်သွားသည့်ချမ်းသာသောသူဌေးကြီးစုန့်ယွင်ဝေကိုတွေးမိသွားသည်။


အသက်၃၀နားနီးနေတဲ့"အဖိုးကြီး"ကလှပတဲ့ကောင်လေးတစ်ယောက်ကိုမြို့ဆင်ခြေဖုံးကဗီလာထဲမှာကျွေးမွေးဖို့ပိုက်ဆံဖြုန်းတီးခဲ့တယ်၊ သူဘာမှမလုပ်ဘဲနေမယ်တဲ့လား။


ကျန့်စစ်ရုတ်တရက်သူ့လက်ထဲကစာရွက်ကိုဆုပ်လိုက်မိပြီး သူ့လက်ဆစ်များမှာအဖြူရောင်ပြောင်းသွားကာ ကြမ်းပြင်ကိုပြင်းထန်စွာထိုးလိုက်သည်။


သူအရင်ထဲကတွေးမိခဲ့သင့်တာ၊ တွေးမိခဲ့သင့်တာ...


ပရော်ဖက်ဆာကုမှာသူ့ကြောင့်တောင့်တင်းသွားကာ သူ့ကိုယ်သူတွေးမိသည်:

ပျော်လွန်းအားကြီးပြီးတော့ မြေကြီးကိုထိုးလိုက်တာလား။


ကျန့်စစ်ရုတ်ခြည်းထရပ်ကာ အနောက်လှည့်ပြီး ကူရှင်ဆီတစ်လှမ်းချင်းစီလျှောက်သွားလိုက်မိသည်။


လင်ခုံးလုမှာအခုလေးတင်နိုးလာကာ ကူရှင်ပေါ်မှာထိုင်ပြီး သူ၏အိပ်ချင်မူးတူးမျက်လုံးများကိုပွတ်သပ်လို့နေကာ သူလာနေတာကိုမြင်လိုက်ရချိန် သူချက်ချင်းသူ့ကိုနှုတ်ဆက်လိုက်သည်။

"နိုးလာပြီလား။"


ကျန့်စစ်သူ့ကိုတိတ်တဆိတ်ကြည့်လိုက်ပြီး သူ၏မျက်လုံးနက်တို့မှာတစ်ခုခုကိုဖိနှိပ်နေရပုံပင်။


လေထုမှာမူမမှန်မှန်းလင်ခုံးလုခံစားမိကာ ခေါင်းမော့ကြည့်မိတော့ သူ့မျက်နှာထားမှာအနည်းငယ်ဝမ်းနည်းနေတာကိုမြင်လိုက်ရသဖြင့် မနေနိုင်ဘဲတောင့်တင်းသွားရကာမေးလိုက်မိသည်။

"ခင်ဗျားဘာဖြစ်တာလဲ။"


ကျန့်စစ်ဖြည်းညှင်းစွာဆောင့်ကြောင့်ထိုင်ချကာ အက်ရှရှပြောလိုက်သည်။

"ပရော်ဖက်ဆာကပြောတယ်၊ မင်းမှာတကယ်....ကလေးရှိနေတယ်တဲ့။"


လင်ခုံးလု: "အာ။" သိပြီးပြီပေါ့?


ကျန့်စစ်မှာဒီစကားကိုရုန်းကန်ကာပြောလိုက်ရပြီးနောက် ကောင်လေး၏နှုတ်ခမ်းများမှာအနည်းငယ်ဖူးယောင်နေတာကိုမြင်လိုက်ရသည်။ မနေ့ညကသူ၏"အိပ်ရင်းလမ်းထလျှောက်မှု"အတွင်းမှာသူ၏အနမ်းကြောင့်မှန်းသဘောပေါက်သွားသဖြင့် မနေနိုင်ဘဲလက်မြှောက်ကာထိကြည့်လိုက်မိသည်။


လင်ခုံးလုညည်းလိုက်မိသည်။


ကျန့်စစ်မှာဓာတ်လိုက်သွားသည့်နှယ်လက်ပြန်ရုတ်လိုက်မိပြီး ကောင်လေးကစုန့်ယွင်ဝေနှင့်ရသည့်ကလေးကိုလွယ်ထားရတာကိုတွေးမိရင်း သူ့ကိုယ်သူအတင်းနိုးထစေကာ အံကြိတ်ပြီးမေးလိုက်သည်။

"အဲ့အရူးကောင်....သူမင်းကိုထိခဲ့တာလား။"


"?!" လင်ခုံးလု၏မျက်လုံးများမှာတမဟုတ်ချင်းပြူးကျယ်သွားရကာ မဖော်ပြနိုင်လောက်အောင်အပြစ်ရှိစိတ်အနည်းငယ်ခံစားလိုက်ရသည်။


ကျန့်စစ်ကသူ့နှုတ်ခမ်းကိုထိကာ ဒီစကားကိုပြောလာတာမို့ သူသိသိသာသာကိုအထင်လွဲသွားကာ သူ့ကိုယ်သူတွေးမိသည်: သူကကျန့်ဇွန်ဘီဘုရင်အကြောင်းပြောနေတာလား။ မျက်လုံးနက်ကလည်းမျက်လုံးနီရဲ့တည်ရှိမှုကိုသိသွားပြီပေါ့?


သူ့တုံ့ပြန်မှုကိုမြင်လိုက်ရသော် ကျန့်စစ်ဟာလည်းအထင်လွဲသွားသည်။


သူ၏မျက်တောင်များမှာမသိမသာတုန်ရီသွားပြီး သူ၏မျက်လုံးနက်တို့မှာနာကျင်မှုတစ်ချက်ဖြတ်ပြေးသွားကာ သူ၏ပုံမှန်မထူးခြားမခြားနားမျက်နှာထားမှာပျက်ယွင်းသွားရသည်။


သူကောင်လေးကိုကောင်းကောင်းမကာကွယ်ပေးခဲ့ဘူးပဲ၊ သူအဲ့နေ့ဘာလို့ဒေါသထွက်သွားမိတာလဲ။ ဘာလို့ကောင်လေးဆီကရန်စကားအပြောခံရပြီးနောက်ပိုင်းမှာလေယာဥ်လက်မှတ်ဝယ်ပြီးထွက်သွားခဲ့မိတာလဲ။ မင်းဘာလို့ကောင်လေးကိုအတင်းခေါ်မသွားခဲ့မိတာလဲ။ ဘာလို့ဒေါသထွက်ပြီးတော့ ကောင်လေးကခံစားရပြီးနောက်မှာ သူ့ရဲ့ကောင်းမွန်မှုကိုနားလည်ပြီး သူ့ဆီပြန်လာမယ်လို့တွေးခဲ့မိတာလဲ။


ကောင်လေးကတုံးတယ်၊ သူကလည်းတုံးတယ်? စုန့်မျိုးရိုးဘာလုပ်ဖို့ကြိုးစားနေမှန်းမင်းမသိဘူးလား။


ကောင်လေးကပညာသိပ်မရှိဘဲ ဖြူစင်ကာအမြင်သိပ်မရှိတာမို့ လူချမ်းသာဆီကအရူးလုပ်ခံရတာပုံမှန်ဖြစ်ပေမဲ့ သူကတစ်ဖက်လူကိုအလွယ်လေးလှည့်စားခံခဲ့တဲ့အတွက်အပြစ်တင်နေမိတုန်းပဲ။ သူကောင်လေးကိုအပြစ်ပေးနေတာလား၊ ဒါမှမဟုတ် သူ့ကိုယ်သူအပြစ်ပေးနေတာလား။


သူ့တွေးခေါ်ပုံကထိုမျှတက်ကြွပြီး သူ့ဦးနှောက်ကထိုမျှကြီးမားလိမ့်မည်ဟုလင်ခုံးလုလုံးဝမထင်ထားမိပေ၊ သူကားတစ်ခဏလေးအတွင်းမှာအများကြီးစဥ်းစားနိုင်ပေသည်။ သူ့မျက်နှာထားပေါ်ကလျှပ်တပြက်နာကျင်မှုကိုမြင်လိုက်ရသော် သူစိုးရိမ်စွာမေးမိသည်။

"ခင်ဗျားဘာဖြစ်တာလဲ။"


ကျန့်စစ်ကသူ့ကိုရုတ်တရက်ရင်ခွင်ထဲထည့်ကာ တင်းကြပ်စွာပွေ့ဖက်လိုက်ပြီး သူ၏အေးစက်သောအသံကမသိမသာတုန်ရီလျက်။

"ရှောင်လု၊ ကိုယ်မင်းကိုလုံးဝထပ်ပြီးထားသွားခွင့်မပေးတော့ဘူး။"


လင်ခုံးလု: "အာ?" ဘာတုန်းဟ? တော်တော်လေး....ရုတ်ခြည်းဆန်သလိုပဲ။


သူကလေးရှိနေမှန်းသိလိုက်ရပြီးနောက်ပိုင်းမှာ သူဒီလောက်အများကြီးပြောင်းလဲသွားတယ်လား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နှစ်သက်မှုတန်ဖိုးရဖို့အခွင့်အရေးပဲ။


သူကျန့်စစ်ကိုအမြန်ဖက်ကာ တစ်ဖက်လူ၏ကျောပြင်ကိုပုတ်ပြီး တီးတိုးပြောလိုက်သည်။

"ကျွန်တော်လည်းခင်ဗျားကိုမထားသွားဘူး။"


ထားသွားဖို့ဆိုတာမဖြစ်နိုင်ဘူး၊ မျက်လုံးနီကသေချာပေါက်သူ့ကိုလိုက်ကပ်မှာ၊ နေပါအုံး၊ မျက်လုံးနီနဲ့မျက်လုံးနက်ကမှတ်ဉာဏ်တွေကိုမမျှဝေဘူးမလား။ မမျှဝေသင့်တဲ့ပုံပဲနော်။


ရပါတယ်၊ ဘာမှမသိလောက်ပါဘူး။


လင်ခုံးလုစိတ်သက်သာရာရသွားကာ ကျန့်စစ်၏ကျောပြင်ကိုပုတ်ပေးလိုက်ပြန်သည်။


ထိုစဥ်ကျန့်စစ်သူ့ကိုလွှတ်ပေးလိုက်ပြီး သူ့မျက်လုံးမှာနီ​မြန်းသွားသည်။


သူတစ်ခုခုပြောချင်ပုံရပေမဲ့ အခြားသူတို့ကအံ့သြလို့ပြီးသွားပြီဖြစ်ကာ သူတို့ပစ္စည်းများကိုစတင်ထုပ်ပိုးပြီး ထွက်သွားဖို့စီစဥ်လိုက်ကြသည်။


ရှဲ့လင်ရှင်းကလာမေးသည်။

"ရှင်တို့ဘာဆက်လုပ်မှာလဲ။ အတူပူးပေါင်းဖို့အဆင်ပြေလား။"


ကျန့်စစ်ထရပ်ကာသူမကိုတစ်ချက်ကြည့်ပြီးနောက် ပရော်ဖက်ဆာကုကိုကြည့်လိုက်ပြီး သူ့အသံမှာတည်ငြိမ်အေးဆေးလျက်ပြောလိုက်သည်။

"ငါတို့တွေရိက္ခာပြန်ဖြည့်ဖို့စူပါမားကတ်ရှာဖို့လိုတယ်။ ဒါနဲ့ စွန့်ပစ်ကားဆီကဆီတချို့ယူရအုံးမယ်။"


ရှဲ့လင်ရှင်းမှာဒါကိုကြားလိုက်ရချိန်ချက်ချင်းပြောလိုက်မိသည်။

"ကျွန်မတို့လည်းစားစရာကုန်သွားလို့ ရိက္ခာလိုနေတာ၊ ကျွန်မတို့ဘာလို့အတူမသွားရမှာလဲ။"


သူတို့ရိက္ခာမလိုရင်တောင် ရှဲ့လင်ရှင်းမှာသူတို့နှင့်အတူသွားဖို့စီစဥ်ထားသည်။ နည်းလမ်းမရှိပေ၊ သူမဘက်ကလူအများစုမှာလုံလောက်စွာမသန်မာပေရာ သူတို့သာကျန့်စစ်နှင့်အတူရှိရင် အခြေအနေပိုကောင်းသွားလိမ့်မည်။


ကျန့်စစ်ခေါင်းအသာငြိမ့်လိုက်ပေမဲ့ မငြင်းဆန်ပေ။


သူအနောက်လှည့်ကာလင်ခုံးလုကိုကူရှင်နှင့်စောင်များကူသိမ်းပေးလိုက်ပေမဲ သူမော့ကြည့်လိုက်ချိန်တွင် ကောင်လေးကသူ့ဝမ်းဗိုက်အောက်ပိုင်းကိုအသာအယာပွတ်သပ်နေတာကိုမြင်လိုက်ရသည်။


ကျန့်စစ်၏မျက်လုံးများမှိန်ကျသွားရသည်၊ သူကောင်လေးကိုဒီကလေးမယူဖို့ပွင့်ပွင့်လင်းလင်းပြောလိုက်ချင်ပေမဲ့ သူ့မှာပြောစရာဘာအခွင့်ရှိလို့လဲ။


ထို့အပြင် ကောင်လေးကဒီကလေးကိုအလွန်သဘောကျပုံရပြီး သူ့ကိုယ်သူနှင့်ကလေးအတွက်ထောက်တိုင်ရှာချင်ရုံမျှဖြင့် သူ့ကိုကျောပေးသွားနိုင်သည်။


ဒီဖြစ်နိုင်ချေကိုတွေးမိရင်း ကျန့်စစ်ရင်ထဲမှာထုံကျင်သွားရကာ ကူရှင်နှင့်စောင်သယ်လျက် ရှေ့ကတစ်လှမ်းကြို၍စူပါမားကတ်ထဲကထွက်လာခဲ့မိသည်။


လင်ခုံးလုသူ့နောက်လိုက်သွားလိုက်ပြီး သူခုနကသူ့ဗိုက်ကိုထိကြည့်နေခြင်းအကြောင်းမှာ0687ပြောတာကိုနားထောင်နေသောကြောင့်ဖြစ်သည်။


"မင်းပြောတာအမှန်ပဲလား။"


0687: "အေးဆို၊ ငါမင်းကိုစမ်းသပ်ကြည့်ကြီးပြီ။ ကလေးရဲ့မျိုးရိုးဗီဇကမင်းရဲ့ဇာတ်လိုက်ရဲ့မျိုးရိုးဗီဇနဲ့ဆက်နွယ်နေတာ။ ပုံမှန်သန္ဓေတည်လာတဲ့ကလေးလိုပဲ။ မျိုးရိုးဗီဇစမ်းသပ်ချက်ကလုံးဝကို၉၉.၉%တူညီမှုရှိတယ်။"


လင်ခုံးလု: "...တကယ်ထူးဆန်းတာပဲ။"


0687: "ဟေ့၊ မဟုတ်ဘူးလို့ဘယ်သူပြောလဲ။ နောက်တစ်ခါကဘယ်စရိုက်ကကလေးကိုသူ့ကလေးမဟုတ်ဘူးလို့ပြောရဲရင် မင်းသူ့ကိုယုံကြည်မှုရှိရှိရိုက်လို့ရပြီ။"


လင်ခုံးလု: "ဟီး၊ ငါတိုက်ခိုက်လို့ရတယ်လား။"


0687: "..ဒါဆိုသူတို့နှစ်ယောက်ကိုတိုက်ခိုက်ခိုင်းလိုက်ပေါ့။"


စူပါမားကတ်ကထွက်လာပြီးနောက် လမ်းမှာလုံးဝတိတ်ဆိတ်နေပြီး စနစ်ကအနီးအနားရှိလမ်းထဲကအခြေအနေကိုတိုက်ရိုက်ပြပေးပေမဲ့ ဇွန်ဘီတစ်ကောင်မျှမရှိပေ။


လင်ခုံးလု: "...." မြို့ထဲကဇွန်ဘီတွေအကုန်လုံး မနေ့ညကကျန့်ဇွန်ဘီမောင်းထုတ်တာခံလိုက်ရတာများလား။


အခြားသူများမှာလည်းအံ့သြသွားပေမဲ့ ဇွန်ဘီမမြင်ရတာကောင်းတဲ့အရာဖြစ်သည်။ လူတိုင်းကားထဲဝင်ကာသွားဖို့အသင့်ဖြစ်နေကြသည်။


ကျန်းရှောင်ဟွေး၏မျက်နှာမှာဖြူဖျော့လျက် သူကစူပါမားကတ်၏တံခါးဝမှာရပ်မြဲရပ်နေဆဲပင်။


ဒါကိုမြင်လိုက်ရသော် ဖုန့်ရှောင်းလျှောက်သွားကာမေးလိုက်မိသည်။

"မင်းဘာလို့မသွားတာလဲ။"


ကျန်းရှောင်ဟွေးခေါင်းခါကာပြောလိုက်သည်။

"ခင်ဗျားတို့တွေသွားကြပါ၊ ကျွန်တော်အဖွဲ့နောက်ထပ်မလိုက်ချင်တော့ဘူး။"


ထိုစကားများထွက်လာသည်နှင့် အခြားသူတို့အကုန်လုံးမှာသူတို့ကိုကြည့်လာကြသည်။


လင်ခုံးလုလည်းသူ့ကိုနောက်တစ်ချက်ကြည့်လိုက်မိပြီး အကြောင်းရင်းကိုအမြန်ခန့်မှန်းမိသွားသည်။ ကျန်းရှောင်ဟွေးကားမနေ့ကကျန့်ဇွန်ဘီဘုရင်ပြောသည့်ဒဏ်ရာရထားသောလူဖြစ်ရမည်။


အခြားသူများမှာသိသိသာသာကိုထိုအကြောင်းမသိပေ၊ ဖုန့်ရှောင်းမှာနားမလည်ဘဲ သူ့ကိုချက်ချင်းစည်းရုံးချင်ပေမဲ့ ခုန်းမောက်ရန်ကရုတ်တရက်အရင်ထေ့ငေါ့စွာပြောလိုက်သည်။

"အဖွဲ့ကထွက်မယ်? ဟက်၊ မင်းငါ့ကိုအကြွေးတင်နေတဲ့ဟာကကော?"


လင်ခုံးလုမှာသူ့ကြောင့်ဆွံ့အသွားရကာမနေနိုင်ဘဲမေးလိုက်မိသည်။

"ဒါဆိုမင်းသူနဲ့အတူအဖွဲ့ကထွက်သွားလိုက်ပါလား။"


ခုန်းမောက်ရန်တစ်အောင့်ကြာနင်သွားရကာ ပြန်ပြောချင်ပေမဲ့ ကျန့်စစ်ကရုတ်တရက်မျက်လုံးပင့်ကာသူ့ကိုကြည့်လာသဖြင့် သူ့အားမနေ့ညကသေလောက်အောင်ရုန်းကန်စေခဲ့သည့်အကြောက်တရားကိုတမဟုတ်ချင်းပြန်တွေးမိသွားစေကာ သူကြောက်လန့်သွားပြီးခပ်​မြန်​မြန်လည်ပင်းရုတ်လိုက်မိသည်။


ကျန့်စစ်အကြည့်ပြန်ရုတ်ကာ ကျန်းရှောင်ဟွေးနှင့်ဖုန့်ရှောင်းကိုခပ်ဖွဖွတစ်ချက်ကြည့်လိုက်သည်။


သူဒီလူနှစ်ယောက်ကြောင့်အချိန်မဖြုန်းချင်သဖြင့် ဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းရန်ရှဲ့လင်ရှင်းကိုအချက်ပြလိုက်သည်။


ရှဲဲ့လင်ရှင်းမှာအလွန်ကူကယ်ရာမဲ့သွားလျက် ရှေ့တိုးကာပြောလိုက်ရသည်။

"မင်းအဖွဲ့ကထွက်သွားချင်ရင်တောင် မင်းမှာစားစရာရှိအုံးမှလေ၊ ဟုတ်တယ်မလား။"


ထိုစဥ်ဖုန့်ရှောင်းကလည်းပြောလာသည်။

"မင်းအဖွဲ့ကထွက်ရင် ကိုယ်လဲမင်းနဲ့အတူလိုက်ခဲ့မယ်။"


လင်ခုံးလုသူတို့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"ကားထဲအရင်ဝင်ပြီးတော့ ရိက္ခာသွားရှာကြအောင်ပါ။"


ကျန်းရှောင်ဟွေးကကူးစက်ခံထားရလောက်သည်ဟုသူခန့်မှန်းမိသည်။


မင်းသာဇွန်ဘီတစ်ကောင်ဆီကတိုက်ရိုက်အကုတ်ခံရရင်၊ ဒါမှမဟုတ်အကိုက်ခံရရင် မြန်ရင်မိနစ်အနည်းငယ်အတွင်းမှာသန္ဓေပြောင်းသွားလိမ့်မည်ဖြစ်ကာ နှေးရင်ဆယ်နာရီအတွင်းမှာပြောင်းသွားလိမ့်မည်ပင်။


သို့သော်လည်း သူတို့မနေ့ညကဆုံကတည်းကဆိုရင်ဆယ်နာရီကျော်သွားပြီဖြစ်ပေမဲ့ ကျန်းရှောင်ဟွေးကအဆင်ပြေနေသေးပေရာ ဒဏ်ရာမှာတိုက်ရိုက်အကုတ်ခံရ(သို့)အကိုက်ခံရတာမဟုတ်ဘဲ ဒဏ်ရာမှာသာမန်ဒဏ်ရာရပြီးနောက်မှာလေထဲရှိအလောင်းအ​ဆိပ်ဆီကကူးစက်ခံရတာဟုဆိုလိုခြင်းပင်။ သူကဒဏ်ရာကိုကောင်းကောင်းမကုဘဲ အလောင်းအဆိပ်သင့်ဧရိယာထဲမှာနေထိုင်ခဲ့သည်ဟုခန့်မှန်းမိသည်။


ဤကဲ့သို့ကူးစက်မှုမျိုးကားပုံမှန်အားဖြင့်၇ရက်ကြာပြီးနောက်မှာသန္ဓေပြောင်းသွားလေ့ရှိပြီး သန္ဓေမပြောင်းခင်နှစ်ရက်အလိုမှာ ရှာတွေ့ဖို့လွယ်သည့် လည်ပင်း၊ လက်နှင့်မျက်နှာထက်တွင်အပြာစင်းများပေါ်လာလိမ့်မည်ဖြစ်ပြီး အန္တရာယ်မဖြစ်စေပေ။


ကျန်းရှောင်ဟွေးကအခုပုံမှန်ဖြစ်နေဆဲဖြစ်ကာ သူ၏လက်နှင့်လည်ပင်းတို့မှာအဆင်ပြေနေသဖြင့် အနည်းဆုံး၂ရက်၊ သုံးရက်အတွင်းမှာသန္ဓေပြောင်းလိမ့်မည်မဟုတ်။


ဒါကိုတွေးမိရင်း လင်ခုံးလုသက်ပြင်းချကာကျန့်စစ်ကိုလှည့်ကြည့်လိုက်မိသည်။


ကျန့်စစ်ကားအရင်ဘဝတုန်းကအကိုက်ခံခဲ့ရကာ မိနစ်အနည်းငယ်အတွင်းမှာသန္ဓေပြောင်းသွားခဲ့သည်။


သူမနေနိုင်ဘဲသူ့ကိုပွေ့ဖက်ကာနူးညံ့စွာပြောမိသည်။

"ခင်ဗျားကောင်းနေရမယ်နော်။" ဇွန်ဘီအဖြစ်မပြောင်းသွားနဲ့တော့။


အရင်ဘဝတုန်းက သူ့မှာကြက်ဖမ်းရသည့်ခက်ခဲသောအချိန်ရှိခဲ့သည်။


ကျန့်စစ်မှာသူဘာကြောင့်ရုတ်တရက်ဝမ်းနည်းသွားမှန်းမသိပေမဲ့ ကောင်လေးသူ့အပေါ်မှီခိုအားထားနေသည့်ခံစားချက်ကိုသဘောကျသည်။


သူရုတ်ခြည်းစိတ်သက်သာရာရသွားကာတိတ်တိတ်လေးတွေးမိသည်: ထားလိုက်တော့၊ ရှောင်လုပျော်သရွေ့ ကလေးကိုသူ့ကလေးအဖြစ်ဆက်ဆံရုံပေါ့၊ ကလေးကဖြူစင်တာမို့ သူဂရုစိုက်ပေးရလိမ့်မယ်။


ထိုအကြောင်းသေချာတွေးကြည့်မိတော့ စုန့်မျိုးရိုးကောင်လေးကြီးလာရင်သူ့ကိုအဖေလို့ခေါ်မှာဆိုတော့ အနည်းငယ်စိတ်သက်သာရာရသွားသလားလို့?


____________________________________