သူတို့ထွက်လာပြီးနောက် ခရီးစဥ်မှာအလွန်တိတ်ဆိတ်လို့နေပုံမှာ မြို့ထဲကဇွန်ဘီအကုန်လုံးမနေ့ညကပျောက်ကွယ်သွားသည့်အလား။
ဤပုံမှန်မဟုတ်သောတိတ်ဆိတ်မှုကလူတို့ကိုအဆင်မပြေဖြစ်စေလေရာ ကားမောင်းနေသည့်ယောင်းရီမှာမနေနိုင်ဘဲရေရွတ်မိသည်။
"အနီးနားမှာအခြားဇွန်ဘီတွေကိုခြောက်လွှတ်လိုက်တဲ့အဆင့်မြင့်ဇွန်ဘီတချို့ရှိနေတာများလား။"
လင်ခုံးလု: "...." အမှန်ပဲ။ ဇွန်ဘီဘုရင်ကမင်းအနောက်တည့်တည့်မှာရှိတယ်။
ကျန့်စစ်ကစကားမပြောပေမဲ့ အမြဲတစေသတိရှိကာအခြေအနေကိုဂရုစိုက်တတ်သဖြင့် သိသိသာသာကိုမူမမှန်ဟုခံစားနေရသည်။
လင်ခုံးလုတစ်ယောက်သာနှလုံးသားမရှိသယောင်။ ကားထဲဝင်ပြီးနောက် သူပြတင်းပေါက်ပေါ်ခေါင်းမှီကာ အိပ်ချင်မိသည်။
ကျန့်စစ်: "...."
သူကောင်လေး၏ခေါင်းကိုတိတ်တိတ်လေးလှည့်ကာသူ့ပုခုံးပေါ်မှီစေလိုက်ပြီး တစ်အောင့်ကြာတွေးကြည့်ပြီးမှ သူ့ကုတ်အကျီကိုထုတ်ကာကောင်လေးကိုခြုံပေးလိုက်သည်။
လင်ခုံးလုနှုတ်ခမ်းကော့တက်သွားကာ မျက်လုံးဖွင့်ပြီး သူ့ကိုတမင်ကြည့်လိုက်သည်။
ကျန့်စစ်ကအနည်းငယ်မသက်မသာဖြစ်နေပုံကာ ခပ်ဖွဖွချောင်းဟမ့်ပြီးဆိုလာသည်။
"ကားပြတင်းကိုမှီအိပ်တာကအန္တရာယ်များတယ်။ ဇွန်ဘီတစ်ကောင်ကောင်ကကားပြတင်းပေါက်ကိုချိုးပြီးတိုက်ခိုက်လာရင် မင်းခေါင်းပါသွားလိမ့်မယ်။"
ပိုပြီးတော့ရိုမန်တစ်ဆန်(ဟာသဉာဏ်ရွှင်)ပေးလို့ရမလား။
သူတို့အုပ်စုမှာမြို့တော်ဗဟိုကသင့်တော်သည့်ရှော့ပင်းမောလ်ကိုတောက်လျှောက်မောင်းလာခဲ့ပြီး လမ်းတစ်လျှောက်ဇွန်ဘီနှင့်လုံးဝမကြုံရပေ။
ရှော့ပင်းမောလ်ထဲဝင်လာပြီးနောက် ပျံ့ကြဲနေသည့်ဇွန်ဘီတချို့ကိုသာမြင်လိုက်ရသည်။ ဒီမြို့ထဲကဇွန်ဘီအကုန်လုံးများလည်းကျန့်ဇွန်ဘီခြောက်လွှတ်တာခံလိုက်ရမှန်းလင်ခုံးလုခန့်မှန်းမိသည်။
ဒါပေမဲ့ဒီတစ်ခေါက်သူတို့ကံကောင်းသည်၊ မောလ်မှာသိပ်အစီးမခံထားရဘဲ ရိက္ခာများစွာရှိနေတုန်းပင်။ ငါးထပ်ကိုဖြတ်သွားချိန်တွင် ကျန့်စစ်ကသိပ်မဝေးသောနေရာမှာချိတ်ထားသည့်ကလေးအဝတ်အစားအတန်းလိုက်ကိုမြင်သွားသည်။
သူ့စိတ်အသာလှုပ်ခတ်သွားရကာ အလိုလိုလျှောက်သွားပြီး ပန်းရောင်နှင့်နူးညံ့သောအဝတ်အစားလေးတချို့ယူလိုက်မိသည်။ ယူပြီးနောက် သူအနောက်လှည့်လိုက်ရာ လူတိုင်းကသူ့ကိုအံ့သြတကြီးကြည့်နေတာကိုမြင်လိုက်ရသဖြင့် သူ့မျက်နှာမှာရုတ်ခြည်းမည်းမှောင်သွားရပြန်သည်။
စိတ်အေးအေးထား! သူတော့တစ်ခုခုမှားနေပြီ၊ အချစ်ပြိုင်ဘက်ရဲ့ကလေးကိုပြုစုပျိုးထောင်တာကနေဘာမျှော်လင့်နေတာလဲ။
လင်ခုံးလုအံ့သြစွာသက်ပြင်းချမိသည်။
"ဝိုး၊ ကလေးအဖေကအမျှော်အမြင်ရှိတာပဲ၊ ကလေးအတွက်အဝတ်အစားလေးတွေပြင်ဆင်ဖို့ငါတောင်မတွေးခဲ့မိဘူး။"
0687: "...." မင်းတို့အဖေတစ်ယောက်ကမှယုံကြည်ကိုးစားမရဘူးပဲ။
လင်ခုံးလု၎င်းကိုလျစ်လျူရှုကာ အမြန်ပြေးသွားပြီး အနည်းငယ်ယူဖို့ကြံရွယ်လိုက်သည်။
သူပြေးလာတာကိုမြင်လိုက်ရသော် သူကိုယ်ဝန်ရှိနေမှန်းကျန့်စစ်သတိရသွားသဖြင့် သူ့ကိုခပ်မြန်မြန်ကူတွဲပေးကာ မျက်မှောင်ကြုတ်လျက်ပြောလိုက်မိသည်။
"ဖြေးဖြေး။"
ငါးထပ်မှာလူလတ်ပိုင်းအဝတ်အစားများလည်းရှိသည်။ ဒါကိုမြင်လိုက်ရသော် အခြားလူများဟာလည်းသူတို့ကိုယ်တိုင်အတွက်အနည်းငယ်ယူလိုက်ကြသည်။
သူတို့စူပါမားကတ်ကိုရောက်သွားချိန်တွင် ဇွန်ဘီတစ်ကောင်မှမရှိပြန်ရာ လူတိုင်းမှာအဖွဲ့၂ဖွဲ့၊ ၃ဖွဲ့ခွဲပြီး ရိက္ခာများကိုသီးခြားစုဆောင်းကြသည်။
လင်ခုံးလုကထုံးစံအတိုင်းကျန့်စစ်နှင့်ဖြစ်ပေမဲ့ သူ၏ရေးဆွဲပုံမှာအနည်းငယ်မတူပေ။ အခြားသူများမှာစားစရာကိုအရင်ယူပေမဲ့ သူကတော့ရေမွှေးနှင့်အမွှေးတိုင်မျိုးစုံကိုအရင်ယူသည်။
နည်းလမ်းမရှိပေ၊ ဒီကမ္ဘာကသူနှင့်စိမ်းသက်လွန်းတော့ သူကဆင်ဆာနှင့်ရေမွှေးကိုသာအားကိုးနေရသည်။
ဒါကိုမြင်လိုက်ရသော် ကျန့်စစ်တစ်အောင့်ကြာတုံ့ဆိုင်းသွားရကာ ကလေးပေါင်ဒါပုလင်းအနည်းငယ်ယူလိုက်သည်။
လင်ခုံးလု: "ဝိုး၊ သူကအဖေဖြစ်မှန်းပိုပိုပြီးအသိတရားဝင်လာတာပဲ။"
0687: "...မင်းဒိုက်ဗာနဲ့နို့မှုန့်သွားမယူဘူးလား။"
သူတို့ပြောရင်းဖြင့် စင်နောက်လှည့်လိုက်ရာဖုန့်ရှောင်းနှင့်ဝင်တိုးသည်။
ဖုန့်ရှောင်းကစျေးဝယ်တွန်းလှည်းကိုတွန်းလာပြီး တွန်းလှည်းထဲမှာနို့မှုန့်ဗူးတချို့ရှိနေပေသည်။
ကျန့်စစ်၏မျက်လုံးများကိုနို့မှုန့်ကတမဟုတ်ချင်းဆွဲဆောင်သွားကာ သူမေးလိုက်မိသည်။
"ဒါဘယ်ကရလာတာလဲ။"
ဖုန့်ရှောင်းကနေရာညွှန်ပြလိုက်ပေမဲ့ တုံ့ဆိုင်းကာပြောမိသည်။
"သုံးဗူးပဲကျန်တော့တယ်။"
စုစုပေါင်းငါးဗူးရှိပြီး သူကနှစ်ဗူးယူလာခဲ့သည်။
ကျန့်စစ်နှုတ်ဆိတ်သွားကာ တစ်အောင့်ကြာမှမေးလိုက်မိသည်။
"မင်းမှာပျိုးထောင်စရာကလေးရှိလို့လား။"
ဖုန့်ရှောင်းရှက်သွားကာ ခေါင်းခါလျက်ပြောမိသည်။ "မရှိပါဘူး။"
သူကကျန်းရှောင်ဟွေး၏အာဟာရကိုထောက်ပံ့ချင်ရုံသာဖြစ်သည်။
ကျန့်စစ်သက်မချမိကာပြောလိုက်သည်။
"မင်းငါ့ကိုဒီနှစ်ဗူးကောပေးလို့ရလား။ ငါမင်းကိုစည်သွတ်အသားဗူးအစားပြန်ပေးမယ်။"
သူနှင့်လင်ခုံးလုတို့ကလေးအဝတ်အစားများယူခဲ့တာကိုဖုန့်ရှောင်သတိရသွားကာ သူတို့မှာပြုစုပျိုးထောင်စရာရှိလောက်မည်ဟုခန့်မှန်းမိရင်း ချက်ချင်းခေါင်းငြိမ့်ကာပြောလိုက်သည်။
"ရပါတယ်။"
သူနို့မှုန့်ကိုကျန့်စစ်ဆီအမြန်ပေးလိုက်ပြီး အခြားနှစ်ဗူးကိုစည်သွတ်အသားဗူးအချို့နှင့်လဲလိုက်ပြီးနောက် သူတို့ကိုလက်ကျန်သုံးဗူးယူဖို့ခေါ်သွားလိုက်သည်။
ယူပြီးနောက်တစ်အောင့်ကြာတုံ့ဆိုင်းနေမိပြီး သူရှက်ရွံ့စွာမေးလိုက်သည်။
"မင်းဒိုက်ဗာလိုသေးလား။ ဟိုမှာဒိုက်ဗာတွေအများကြီးရှိတာကျွန်တော်မြင်လိုက်တယ်။"
ကျန့်စစ်နှုတ်ဆိတ်သွားကာ တွေးကြည့်မိသည်: ငါကလေးပြုစုပျိုးထောင်တဲ့နေရာမှာတအားတက်ကြွလွန်းအားကြီးသွားလား။
လင်ခုံးလုခေါင်းငြိမ့်ကာအမြန်ပြောလိုက်သည်။
"လိုတယ် လိုတယ်။"
ထူးဆန်းတယ်၊ ဒီဖုန့်ရှောင်းကကလေးပစ္စည်းရှာတဲ့နေရာမှာအရမ်းတော်နေသလိုပဲနော်?
ဖုန့်ရှောင်းကသူဘာစဥ်းစားနေမှန်းမြင်ပုံရကာ ပြုံးပြီးပြောလာသည်။
"ကျွန်တော်ကဒီနားမှာနေဖူးတယ်၊ ကျွန်တော်ဒီကစူပါမားကတ်မှာမကြာခဏစျေးဝယ်ထွက်လေ့ရှိတယ်လေ။"
"အို။"
လင်ခုံးလုခေါင်းငြိမ့်ကာသိချင်စိတ်ဖြင့်မေးမိသည်။
"မင်းကကပ္ပတိန်ရှဲ့နောက်တစ်ချိန်လုံးလိုက်ခဲ့တာမဟုတ်ဘူးပေါ့? ဒီမြို့ရောက်ပြီးမှကပ္ပတိန်ရှဲ့နဲ့ပေါင်းမိခဲ့တာလား။"
ဖုန့်ရှောင်း၏အပြုံးပျောက်ကွယ်သွားကာပြောလိုက်သည်။
"ကျွန်တော်ကမဟုတ်ဘူး၊ ဒါပေမဲ့ရှောင်ဟွေးနဲ့အခြားသူတွေကတော့ဟုတ်တယ်။"
"အော်။"
ကျန်းရှောင်ဟွေးအကြောင်းပြောလာတော့ လင်ခုံးလုပို၍ပင်သိချင်စိတ်ဖြစ်လာကာမေးမိသည်။
"ဒါဆိုမင်းနဲ့ကျန်းရှောင်---"
"မင်းဘယ်ကနေဒီလောက်သိချင်စိတ်အများကြီးရလာတာလဲ။"
ကျန့်စစ်ကရုတ်တရက်သူ့ပါးစပ်ထဲစုပ်လုံးထိုးထည့်ကာ ဗလာမျက်နှာထားဖြင့်ဖြတ်ပြောလာသည်။
လင်ခုံးလုသူ့ကိုဒေါသတကြီးစူးစိုက်ကြည့်လိုက်မိသည်...ဟေး၊ စုပ်လုံးကြီး!
ကျန့်စစ်သူ့ဆံပင်ကိုရည်ရွယ်ချက်ရှိရှိဖွပစ်ကာ မသိမသာချဥ်တူးနေသောလေသံဖြင့်ပြောလိုက်သည်။
"သကြားများများစား၊ စကားနည်းနည်းပြော။"
လင်ခုံးလုသူ့ကိုဗလာအကြည့်တစ်ချက်ပေးကာတွေးလိုက်သည်: အူတိုနေတာပဲ။
ဖုန့်ရှောင်းကကျန်းရှောင်ဟွေးကိုအလွန်စိတ်ပူနေခဲ့မှန်းသူမြင်ခဲ့ရပြီး ကျန်းရှောင်ဟွေး၏အခြေအနေအကြောင်းပြောပြရမလားဆိုတာတုံ့ဆိုင်းနေမိသဖြင့် စကားလုံးအနည်းငယ်ပိုပြောမိရုံသာ။
နှစ်ယောက်ကြားကဆက်ဆံရေးကိုကြည့်နေရင်း ဖုန့်ရှောင်းရင်ထဲမှာအနည်းငယ်မနာလိုဖြစ်သွားသကဲ့သို့ ရင်ဖွင့်လိုသည့်စိတ်ဆန္ဒလည်းရှိလာသည်။
သူကသူကိုယ်တိုင်နှင့်ကျန်းရှောင်ဟွေးအကြောင်းပြောပြကာ လင်ခုံးလု၏မပြီးဆုံးသွားသောမေးခွန်းကိုဖြေလိုက်သည်။
ဤသည်ကားရိုးရှင်းသောခွေးသွေးဇာတ်လမ်းတစ်ပုဒ်ပင်။ သူနှင့်ကျန်းရှောင်ဟွေးကတက္ကသိုလ်မှာချစ်ကျွမ်းဝင်ခဲ့ကြပေမဲ့ သူ့အမေသိသွားပြီးနောက် သူမကသူတို့နှစ်ယောက်ကိုခွဲဖို့အတတ်နိုင်ဆုံးကြိုးစားတော့သည်။ ဖြစ်ချင်တော့ထိုအချိန်သူ့မှာသေလုနီးပါးရောဂါရှိနေပြီး ခွဲစိတ်မှု၏အောင်မြင်နှုန်းကအလွန်နိမ့်သည်။
သူ့မိခင်၏ဖိအားအောက်မှာ သူ့အသက်မရှည်မှန်းသိနေရင်း ဖုန့်ရှောင်းအသည်းကွဲခံကာသူနှင့်လမ်းခွဲခံသည်။ ကျန်းရှောင်ဟွေးသူ့ကိုလက်လျှော့သွားစေရန်အလို့ငှာ သူတမင်သက်သက်အလိမ်အညာများပြောပြီးတစ်ဖက်လူကိုလှည့်စားခဲ့သည်၊ သူကမိန်းကလေးများကိုသာနှစ်သက်သဖြင့် လက်ထပ်တော့မည်ဟု။
ကျန်းရှောင်ဟွေးကသူ့ကိုမချစ်တော့ဘဲ ဘဝသစ်စလိမ့်မည်ဟုသူထင်ထားမိပေမဲ့ ကျန်းရှောင်ဟွေးမှာကျောင်းတုန်းကကျောင်းတွင်းအကြမ်းဖက်ခံခဲ့ရသဖြင့် စိတ်ဒဏ်ရာရခဲ့ကာ အမြဲတမ်းပြဿနာတချို့ရှိနေခဲ့တာကိုသူမသိခဲ့ပေ။
လမ်းခွဲပြီးနောက်ပိုင်း သူ၏"မိန်းကလေးတွေကိုနှစ်သက်တယ်"ဟူသည့်အပြောကြောင့်လှုံ့ဆော်ခံလိုက်ရတာဖြစ်လောက်မည်၊ ကျန်းရှောင်ဟွေးကမိန်းမအဝတ်အစားများကိုစတင်ဝတ်ဆင်ကာ သူ့ကိုယ်သူမိန်းကလေးတစ်ယောက်အဖြစ်ဆင်မြန်းခဲ့သည်။ တဖြည်းဖြည်းချင်းနှင့် သူကစိတ်နစ်ဝင်လာကာ သူ့ကိုယ်သူမိန်းကလေးတစ်ယောက်ဟုတကယ်ထင်လာသည်။
ထိုအခိုက်အတန့်မှာခုန်းမောက်ရန်ပေါ်လာပြီး မိန်းမအဝတ်အစားနှင့်ကျန်းရှောင်ဟွေးကြောင့်ရှော့ခ်ရသွားကာ သူ့ကိုရူးမိုက်စွာလိုက်ပိုးတော့သည်။ ကျန်းရှောင်းဟွေးမှာအစကသူ့ကိုမတုံ့ပြန်ပေမဲ့ ကားမတော်တဆမှုအပြီးမှာ သူကခုန်းမောက်ရန်ကိုချစ်သွားသည့်အလား ရုတ်တရက်သဘောထားပြောင်းလိုက်သည်။
ထိုအချိန်မှာသူဟာတကယ်တော့ယောက်က်ျားတစ်ယောက်ဖြစ်မှန်းခုန်းမောက်ရန်သိသွားပြီး သူ့သဘောထားမှာချက်ချင်းပြောင်းသွားကာ ဆိုးဝါးသောစကားလုံးမျိုးစုံထုတ်ပြောလေသည်။
ပို၍ဒရာမာဆန်သောအရာမှာ ဖုန့်ရှောင်းမှာနိုင်ငံခြားသွားပြီးနောက် ခွဲစိတ်မှုအောင်မြင်သွားကာ အသက်ရှင်လျက်ပြန်လာသည်။
"ဒါပေမဲ့အဲ့အချိန်မှာရှောင်ဟွေးကခုန်းမောက်ရန်ကိုချစ်နေပြီ။" ဖုန့်ရှောင်းခပ်တိုးတိုးပြောမိသည်။
"ကျွန်တော်သူ့ကိုစိတ်ရောဂါဆရာဝန်နဲ့ပြခိုင်းလိုက်တော့ သူတဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာပြီး သူဟာမိန်းကလေးမဟုတ်မှန်းသဘောပေါက်သွားပေမဲ့ သူကခုန်းမောက်ရန်ဘက်ပါနေတုန်းပဲ။"
လင်ခုံးလု: "အာ၊ ဒါ..."
ဖုန့်ရှောင်းကကျန်းရှောင်ဟွေးအနောက်မှာဆောင့်ကြောင့်ထိုင်နေတာကိုမမြင်ရခင် သူအနည်းငယ်ထူးဆန်းနေသေးပေမဲ့ အခုတော့သူနောက်ဆုံးမှာနားလည်သွားလေပြီ။
အကြောင်းတချို့ကြောင့် ကျန့်စစ်ကလည်းဖြစ်စဥ်တစ်ခုလုံးကိုမနှောင့်ယှက်ဘဲ ဇာတ်လမ်းကိုပြီးအောင်နားထောင်ပေးခဲ့သည်။
ဒါပေမဲ့ သူတို့သုံးယောက်ဒိုက်ဗာယူပြီးလို့ လှည့်ထွက်ဖို့ပြင်လိုက်ချိန်မှာ ကျန်းရှောင်ဟွေးကဝမ်းမနည်းသကဲ့သို့ ပျော်လည်းမပျော်ရွှင်သောမျက်နှာထားဖြင့် ခပ်လှမ်းလှမ်းကစင်နောက်မှာရပ်တောကိုမြင်လိုက်ရသည်။
လင်ခုံးလု: "အာ၊ ဒါ.."
သူစုပ်လုံးအစုပ်ရပ်ကာ ကျန့်စစ်ကိုမော့ကြည့်လိုက်မိသည်။
ကျန့်စစ်ကလည်းသူ့ကိုမျက်နှာထားမဲ့စွာငုံ့ကြည့်သည်။
လင်ခုံးလု: ရှက်စရာကောင်းလိုက်တာ။
ကျန့်စစ်: ရှက်မနေနဲ့တော့၊ ဘယ်သူကမင်းကိုဇာတ်လမ်းနားထောင်ခိုင်းလို့လဲ၊ အခုသိပြီမလား။
ဖုန့်ရှောင်းမှာသိသိသာသာကိုအေးခဲသွားကာ ခက်ခဲသောအသံဖြင့်ပြောမိသည်။
"ရှောင်ဟွေး..."
ကျန်းရှောင်ဟွေးသူ့ကိုတစ်ချက်ကြည့်ကာ ရုတ်တရက်သူ့ကိုအမှားပြင်ပေးလိုက်သည်။
"မင်းမှားတယ်၊ ငါသူ့ကိုမကြိုက်ဘူး၊ ငါသူ့ကိုအသက်ကြွေးတင်နေတာ။ ငါကားတိုက်မှုဖြစ်တုန်းက သူကငါ့ကိုဆေးရုံခေါ်လာပေးတဲ့တစ်ယောက်ပဲ။ သူကငါ့ရဲ့ကျောက်ကပ်အစားထိုးဖို့ သူ့ရဲ့စုငွေပိုက်ဆံအကုန်သုံးခဲ့တာ။ နောက်ကျငါကယောက်ျားတစ်ယောက်မှန်းသူသိသွားတယ်။ အဲ့တုန်းကသူ့အမေအိမ်မှာသတိလစ်သွားပြီးတော့ ဆရာဝန်ဆီအချိန်မီမပို့ခဲ့မိတဲ့အပြင် နောက်ထပ်ခွဲစိတ်မှုအတွက်ပိုက်ဆံမရှိလို့ဆုံးသွားတယ်။"
သူကားမိန်းမောနေပုံရကာ တန့်သွားပြီးမှပြောလာသည်။
"ငါကသူ့အမေရဲ့စုငွေကိုသုံးခဲ့မိတယ်၊ ငါသူ့ကိုအသက်ကြွေးတင်နေတာ၊ ငါသူ့ကိုသဘောကျလို့မဟုတ်ဘူး။"
ဖုန့်ရှောင်း၏မျက်လုံးမှာဒါကိုကြားလိုက်ရသော်နီမြန်းသွားကာ အံကြိတ်လိုက်သည်။
"သူမင်းအဲ့လိုပြောတယ်ပေါ့? သူလိမ်တာ၊ သူကမင်းကိုဆေးရုံပို့ခဲ့တယ်ပေါ့၊ ဟုတ်လား။ အစားထိုးပေးခဲ့တဲ့ကျောက်ကပ်ကကိုယ်မင်းအတွက်ရှာပေးခဲ့တာ၊ မင်းကိုဆေးရုံပို့ပေးပြီးမင်းကယောက်ျားတစ်ယောက်မှန်းသူသိသွားပြီးတော့ သူလှည့်ထွက်သွားခဲ့တာ။ သူ့အမေရဲ့စုငွေကလည်းသူလောင်းကစားလုပ်ပြီးဖြုန်းခဲ့တာ၊ မင်းနဲ့ဘာမှမဆိုင်ဘူး!"
ကျန်းရှောင်ဟွေးမိန်းမောသွားရကာ တစ်အောင့်ကြာမှသူရေရွတ်လိုက်မိသည်။
"အဲ့လိုကိုး။"
ခဏတန့်သွားပြီးနောက် စိတ်သက်သာရာရမှုအချို့နှင့်ပြောလာသည်။
"ကောင်းတယ်၊ ငါဘယ်သူ့ကိုမှအကြွေးမတင်တော့ဘူး။"
ဖုန့်ရှောင်း၏အသံမှာဆို့နင့်သွားရကာ သူပြောမိသည်။
"သူမင်းကိုဒီလိုလိမ်ထားခဲ့မှန်းကိုယ်မသိခဲ့ဘူး၊ ကိုယ်ထင်တာက..."
မင်းသူ့ကိုတကယ်ကြိုက်တယ်ထင်ခဲ့တာ။
ကျန်းရှောင်ဟွေးခေါင်းစောင်းကာ ထူးဆန်းစွာပြောလိုက်သည်။
"မင်းဘာလို့စောစောမပြောခဲ့တာလဲ။"
သူ့လေသံမှာအနည်းငယ်နောင်တရပုံပေါ်ပေမဲ့ သူသိပ်အရေးမစိုက်ပေ။
နောက်ဆုံးကြိုးမျှင်ပြတ်သွားသည့်အလား သူ့မှာအသက်ရှင်လိုစိတ်မရှိတော့တာကိုလင်ခုံးလုမြင်ရသည်။
သူသက်ပြင်းချလိုက်မိပြီး ကျန့်စစ်ကသူ့ကိုအကျီကော်လာမှတဆင့် ဆွဲခေါ်သွားသည်။
"အနာဂတ်မှာအခြားသူတွေရဲ့ကိစ္စကိုမသိချင်နဲ့တော့။" ကျန့်စစ်ခပ်ဖွဖွပြောလိုက်သည်။
"အိုး။" လင်ခုံးလုခေါင်းငြိမ့်လိုက်ပေမဲ့ သက်ပြင်းမချဘဲမနေနိုင်ဆဲ။
"ပွင့်လင်းမှုမရှိတဲ့ပါးစပ်ကတကယ်လူသတ်တာပဲ၊ မင်းမှာသေလုမျောပါးရောဂါရှိရင်ဘာလို့ဒီအတိုင်းမပြောပြလိုက်တာလဲ။"
ကျန်းရှောင်ဟွေးမှာလည်းကံမကောင်းပေ၊ တစ်ဖက်လူကသူ့ကိုလိမ်ခဲ့တဲ့အပြင် သူဟာမိန်းကလေးများကိုသာသဘောကျသည်ဟုပြောခဲ့သည်။ သူ့မှာစိတ်ပိုင်းဆိုင်ရာပြဿနာများရှိပြီး ဒီလူနှစ်ယောက်နှင့်ဆုံခဲ့ပေမဲ့ ယခုမူသူသေဆုံးရတော့မည်ပင်။
လင်ခုံးလုမှာကျန်းရှောင်ဟွေး၏ကူးစက်ခံရမှုအကြောင်းဖုန့်ရှောင်းကိုအသိပေးဖို့တုံ့ဆိုင်းနေခဲ့မိပေမဲ့ ယခုတော့လိုအပ်သည်ဟုမထင်ပေ။
ကျန်းရှောင်ဟွေးကသေချာပေါက်သူတို့နှင့်အတူထွက်သွားလိမ့်မည်မဟုတ်ဘဲ ဖုန့်ရှောင်းကနေချင်လောက်ပေမဲ့ ဖုန့်ရှောင်းကိုထွက်သွားစေရန်အလို့ငှာ ကျန်းရှောင်ဟွေးကထိုကိစ္စကိုသေချာပေါက်ပြောပြလိမ့်မည်ပင်။
ကျန့်စစ်မှာသူ့စကားကိုနားထောင်ပြီးနောက် အတွေးများသွားသည်။
ပွင့်လင်းမှုမရှိတဲ့ပါးစပ်? မဟုတ်ဘူးလား။ မင်းမှာပြောစရာတစ်ခုခုရှိရင် ဘာလို့ဒီအတိုင်းမပြောလိုက်တာလဲ။
သူဟာတကယ်တော့ချမ်းသာကြောင်း၊ လူငယ်လေးမှာအနာဂတ်အတွက်စိတ်ပူစရာမလိုကြောင်း၊ အဲ့စုန့်မျိုးရိုးကလူကောင်းတစ်ယောက်မဟုတ်ကြောင်း သူသာလူငယ်လေးကိုစိတ်ရှည်လက်ရှည်ရှင်းပြခဲ့ရင် သူတို့လွဲချော်သွားခဲ့လိမ့်မည်လား။
ဖြစ်နိုင်တာက အခုဆိုကောင်လေးကသူ့ကလေးကိုလွယ်ထားရလောက်သည်။
ကလေးကိုတွေးမိရင်း ကျန့်စစ်စိတ်ညစ်သွားရသည်။
ဒါပေမဲ့သူကဖုန့်ရှောင်းထက်စာရင်ပိုကံကောင်းသည်၊ ဖုန့်ရှောင်းမှာပြန်ပေါင်းထုပ်ဖို့အခွင့်အရေးမရှိပေမဲ့ သူ့မှာတော့ရှိနေသေးသည်။
ဒါကိုတွေးမိရင်း ကျန့်စစ်စိတ်ပြန်ရွှင်သွားကာ လူငယ်လေး၏လက်ကိုဆုပ်ကိုင်လျက် နားထဲမှာတိုးတိုးလေးပြောလိုက်သည်။
"စိတ်ချပါ၊ ရှောင်လု၊ ကိုယ်ကလေးကိုကိုယ့်ကလေးအရင်းလိုဆက်ဆံမှာပါ။"
လင်ခုံးလု: "?!" အစထဲကမင်းကလေးပဲကို၊ သန္ဓေတည်သွားတဲ့နည်းလမ်းကထူးခြားတာကြောင့်နဲ့မင်းငြင်းလို့မရဘူးနော်?
ဒီဖြစ်ရပ်ကြောင့်လှုံ့ဆော်ခံလိုက်ရတာဖြစ်လောက်မည်၊ ကျန့်စစ်ကစူပါမားကတ်ထဲရှိဒိုက်ဗာအကုန်လုံးကိုရှာယူကာ ပန်းကန်ခွက်ယောက်အစုံအလင်၊ အရုပ်လေးများနှင့်တိရစ္ဆာန်ငယ်လေးပုံများထွင်းထားသည့်အစာကျွေးပုလင်းမျိုးစုံရှာယူခဲ့သည်။
အောက်ထပ်ဆင်းလာချိန် ငါးထပ်ကဖြတ်သွားရင်း သူကကလေးအဝတ်အစားတချို့အပြင် ကလေးဖိနပ်များကိုပါသွားယူလိုက်သည်။ သူကိုယ်ဝန်ဆောင်အဝတ်များကိုမြင်လိုက်ရချိန် သူတစ်အောင့်ကြာတုံ့ဆိုင်းသွားရသည်....
ယောင်းရီမှာသူ့နေရာလွတ်ထဲဒီပစ္စည်းများထည့်လိုက်ရချိန်မိန်းမောနေမိသည်၊ စစ်ကော၊ ဒါကဘာအတွက်လဲ။ Tမြို့တော်အခြေစိုက်စခန်းကိုသွားပြီး ကလေးမီးဖွားရေးကလပ်ဖွင့်မလို့လား။
စူပါမားကတ်ထဲမှာ ကျန့်စစ်နှင့်အခြားသူများထွက်သွားပြီးနောက် ကျန်းရှောင်ဟွေးကသူဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတကယ်ထုတ်ပြောလာသည်။
ဖုန့်ရှောင်းကမယုံပေ၊ ကျန်းရှောင်ဟွေးဘာမှမဆိုဘဲ သူ့အကျီလက်ကိုလိပ်တင်ကာသူ့ကိုပြလိုက်သည်။
အနက်ရောင်ပြောင်းလဲစပြုနေသည့်ဒဏ်ရာကိုမြင်လိုက်ရသော် ဖုန်းရှောင်းကြောင်အမ်းသွားရသည်။
သူဒီဒဏ်ရာကိုသိသည်။ မတိုင်ခင်တုန်းကခုန်းမောက်ရန်ကရှောင်ဟွေးကိုတွန်းကာ ဇွန်ဘီများကိုပိတ်ပင်ချင်ခဲ့သည်။ သူရှောင်ဟွေးကိုအချိန်မီလှမ်းဆွဲခဲ့ပေမဲ့လည်း တစ်ဖက်လူ၏လက်မောင်းမှာလက်နက်အချွန်ဖြင့်ခြစ်မိသွားဆဲပင်....
ဖုန့်ရှောင်းရုတ်တရက်ပြင်းထန်စွာတုန်ရီသွားလျက် ကျန်းရှောင်ဟွေးကိုပွေ့ဖက်ကာခါးသီးစွာငိုကြွေးမိသည်။
ကျန်းရှောင်ဟွေး၏မျက်နှာထားမှာအလွန်တည်ငြိမ်နေကာ အေးဆေးစွာပြောလာသည်။
"ဒီတော့မင်းမြန်မြန်သွားလိုက်တော့။"
"ဟင့်အင်း၊ မသွားဘူး၊ ကိုယ်မင်းနဲ့အတူနေမယ်။"
"မင်းသဘောပဲ။"
ကျန်းရှောင်ဟွေးတည်ငြိမ်စွာပြောကာ ဟင်းလင်းပြင်ထဲကိုကြည့်လိုက်မိသည်။
သူဒီစကားကိုမယုံပေ။ ဖုန့်ရှောင်းကိုသူ့ကိုတစ်ခါထွက်သွားနိုင်တာပဲလေ၊ ဘာလို့သူ့ကိုဒုတိယအကြိမ်မထွက်သွားနိုင်မှာလဲ။ ပြီးတော့ဘယ်သူကအသက်မရှင်ချင်လို့လဲ။ မင်းသေလူတစ်ယောက်ကိုစောင့်ကြပ်ပြီးဘာလုပ်မလို့လဲ။
သေချာတာပေါ့၊ ဖုန့်ရှောင်းကတစ်အောင့်ကြာငိုနေပြီးနောက် ရုတ်တရက်မျက်ရည်သုတ်ကာ သူ့ကိုထိုင်ဖို့ကူညီပေးပြီး အနောက်လှည့်ကာအပြင်ထွက်သွားတော့သည်။
ကျန်းရှောင်ဟွေးမှာသူ့ကျောပြင်ကိုတစ်ချက်ကြည့်လိုက်ပြီး စကားမပြောဘဲဖြည်းညှင်းစွာမျက်လုံးမှိတ်လိုက်သည်။
ဘာလို့သန္ဓေပြောင်းဖို့နှစ်ရက်ကြာတာလဲ။ တကယ်ခက်ခဲတယ်....
လူပြန်စုချိန်တွင် လင်ခုံးလုမှာကျန်းရှောင်ဟွေးနှင့်ဖုန်ရှောင်းကိုတကယ်မမြင်မိပေမဲ့ ထူးဆန်းသောအရာမှာစျေးပေါပေါပါးစပ်နှင့်တစ်ယောက်ခုန်းမောက်ရန်လည်းပေါ်မလာပေ။
ရှဲ့လင်ရှင်းမျက်မှောင်ကြုတ်ကာပြောမိသည်။
"ဘာလို့သူတို့ဖြစ်ပြန်တာလဲ။"
ကျန်းရှောင်ဟွေးကအဆင်ပြေတယ်၊ သူကထွက်သွားဖို့ပြောပြီးသား၊ ဒါပေမဲ့ အခြားနှစ်ယောက်ကဘာဖြစ်တာလဲ။
သူသိချင်နေစဥ် ဖုန့်ရှောင်းကအေးစက်စက်မျက်နှာထားဖြင့်ထွက်လာကာ ပြောလာသည်။
"ရှောင်ဟွေးနဲ့ကျွန်တော်နေခဲ့မယ်။ ခုန်းမောက်ရန်ကတော့ သူကရှောင်ဟွေးကိုဗိုင်းရပ်စ်ကူးအောင်လုပ်ခဲ့တာမို့ ကျွန်တော်သူ့အသက်ကိုပြန်ပေးဆပ်ခိုင်းပြီးပြီ၊ မင်းတို့သူ့ကိုစောင့်နေစရာမလိုတော့ဘူး။"
လူတိုင်းရှော့ခ်ရသွားသည်။
ဖုန့်ရှောင်းမှာပြောပြီးနောက် သူတို့ကိုဦးညွှတ်ပြန်ကာ သူ့မျက်လုံးများမှာနီစွေးလျက်ပြောမိသည်။
"ကျွန်တော်ဒီရက်တွေမှာအားလုံးကိုဒုက္ခဖြစ်စေခဲ့တဲ့အတွက်တောင်းပန်ပါတယ်။"
ခုန်းမောက်ရန်ကဒီလိုသေသွားလိမ့်မည်ဟုဘယ်သူမှမထင်မထားမိပေ။
လင်ခုံးလုမအံ့သြမိပေ။ သူ့အာရုံထဲမှာ တစ်ဖက်လူကဒီနှစ်ရက်အတွင်းနေ့လည်စာဗူးရရှိခဲ့သည့်တစ်ယောက်ဖြစ်သည်။
ဖုန့်ရှောင်းကကျန်းရှောင်ဟွေးနှင့်အတူနေခဲ့ဖို့ဆုံးဖြတ်ထားတာကိုမြင်လိုက်ရရင်း လင်ခုံးလုတစ်အောင့်ကြာတုံ့ဆိုင်းသွားမိပေမဲ့ သူ့ဆီသွားကာတိုးတိုးလေးပြောလိုက်သည်။
"မင်းအရင်စူပါမားကတ်ကိုပြန်သွားပြီး စားစရာပိုယူလို့ရတယ်နော်။"
ထိုစူပါမားကတ်မှာသတ္ထုစွမ်းရည်နှင့်ကျန့်စစ်အတင်းဝင်ရောက်ခဲ့တာဖြစ်ပြီး အန္တရာယ်ကင်းနေဆဲဖြစ်သည့်အပြင် ဒီမြို့တော်ထဲကဇွန်ဘီအကုန်နီးပါးမှာကျန့်ဇွန်ဘီခြောက်လွှတ်လိုက်သဖြင့် ခြုံပြောရရင်အန္တရာယ်မရှိလောက်ပေ။
"သူဇွန်ဘီဖြစ်သွားရင် မင်းသူ့အသိစိတ်နိုးလာအောင်ကြိုးစားလို့ရတယ်။"
လင်ခုံးလုအသံနိမ့်ကာပြောလိုက်သည်။
"သူ့ကိုသလင်းကျောက်များများစုပ်ယူခိုင်းလိုက်။"
သလင်းကျောက်များမှာဇွန်ဘီတို့၏ခေါင်းထဲတွင်ဖြစ်ပေါ်လာသည့်အရာများဖြစ်ပြီး သိပ္ပံပညာက၎င်းတို့ကိုမရှင်းပြနိုင်ပေ။ ၎င်းကသဘာဝလွန်သက်ရှိနှင့်အဆင့်မြင့်ဇွန်ဘီများ၏ခွန်အားကိုတိုးစေသည်။
ကျန်းရှောင်ဟွေးသာအဆင့်မြင့်ဇွန်ဘီအဖြစ်ပြောင်းလဲတိုးတက်သွားနိုင်ရင် သူအယောင်ဆောင်ကာရှင်သန်နေထိုင်လို့ရသည်။ ပရော်ဖက်ဆာကုနှင့်အခြားသူတို့ဖြေဆေးဖော်နိုင်တဲ့အချိန်ကျရင် အရာအားလုံးအတွက်မျှော်လင့်ချက်ရှိလိမ့်မည်။
ဒါပေမဲ့ယခုမူ ဘယ်သူကမှကူးစက်မှုနှင့်ပတ်သတ်ပြီးဘာမှမလုပ်မပေးနိုင်ပေ၊ လင်ခုံးလုတောင်မှပေါ့။
ဒါကိုပြောပြီးနောက် လင်ခုံးလုသက်ပြင်းချကာ ကျန့်စစ်ဆီပြန်လျှောက်သွားလိုက်သည်။ ကျန့်စစ်ကသူ့ကိုငုံ့ကြည့်လာပေမဲ့ဘာမှမဆိုပေ။
ကျန်းရှောင်ဟွေးကူးစက်ခံခဲ့ရမှန်းသိလိုက်ရတော့ ရှဲ့လင်ရှင်းဘာမှထပ်မပြောတော့ဘဲ သူတို့ကိုနေခွင့်ပေးလိုက်သည်။ ဤသို့ဖြင့် သူမအဖွဲ့ထဲမှာလူလေးငါးယောက်သာကျန်ခဲ့ပြီး သူတို့အနက်တစ်ယောက်မှာအကာအကွယ်ခံရဖို့လိုအပ်သည့်ပရော်ဖက်ဆာကုဖြစ်သည်။
ဇာတ်ညွှန်းထဲတွင် ပရော်ဖက်ဆာကုကဖြေဆေးဖော်ရာမှာမျှော်လင့်ချက်တစ်ခုဖြစ်သည်။
လင်ခုံးလုမှာကျန့်စစ်၏လက်ကိုအမြန်လှမ်းကိုင်ကာ သူ့ကိုမျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြပြီးပြောလိုက်သည်။
"ကျွန်တော်တို့တွေပရော်ဖက်ဆာကုနဲ့အခြားသူတွေကိုခေါ်သွားကြမလား။"
ကျန့်စစ်သူ့ဝမ်းဗိုက်အောက်ပိုင်းကိုတစ်ချက်ကြည့်ကာ ထူးဆန်းသောမျက်နှာထားဖြင့်ပြောလိုက်သည်။
"အဲ့ဒါကနဂိုအစီအစဥ်ပဲလေ။"
လင်ခုံးလု: "?" မင်းဘာလုပ်မလို့လဲ။ မင်းပရော်ဖက်ဆာကုကိုသားဖွားဆရာဝန်လို့တော့မထင်ဘူးမလား။
ဟုတ်တာပေါ့၊ ကျန့်စစ်ကပရော်ဖက်ဆာကုကိုသားဖွားဆရာဝန်အဖြစ်ဆက်ဆံလိမ့်မည်မဟုတ်။ ပရော်ဖက်ဆာကုကကောင်လေး၏ကိုယ်ဝန်အကြောင်းသိထားပြီး လူကောင်းတစ်ယောက်ဟုထင်မိရုံသာ။
အဆုံးတွင် ယောက်ျားသားတို့ကိုယ်ဝန်ရှိလာဖို့ဆိုတာရှားပါးသဖြင့် ကောင်လေးကိုဂြိုဟ်သားအဖြစ်အဆက်ဆံမခံရစေချင်ပေ။
"ရှောင်လု။" ကားထဲဝင်ပြီးနောက် သူကောင်လေး၏လက်ကိုဆုပ်ကိုင်ကာ နူးညံ့စွာပြောလိုက်သည်။
"မင်းအခြေစိုက်စခန်းရောက်တဲ့အခါကျရင် မိန်းမအဝတ်အစားတွေဝတ်ရမယ်နော်။"
လင်ခုံးလု: "ဟမ်?"
ကျန့်စစ်တုံ့ဆိုင်းသွားပေမဲ့ပြောလိုက်ဆဲပင်။
"လိမ္မာတဲ့ကောင်လေး၊ ဒါကမင်းကောင်းဖို့အတွက်ပါ။"
လင်ခုံးလုရှော့ခ်ရသွားသည်။
"သူ့မှာအဲ့လိုဝါသနာရှိမယ်မထင်ထားခဲ့ဘူး။"
0687: "...."
ကားရှေ့ခန်းမှာထိုင်နေသည့်ယောင်းရီမှာလည်းရှော့ခ်ရသွားသည်။
စစ်ကော၊ ဒါမများလွန်းဘူးလား။ လူတစ်ယောက်ကိုညဘက်လမ်းထလျှောက်ချိန်မှာအစားထိုးအဖြစ်သုံးတာအဆင်ပြေပေမဲ့ အခုကျနေ့ဘက်မှာပါလူတစ်ယောက်ကိုအသုံးချတော့မလို့လား။ မိန်းမအဝတ်အစားဝတ်ခိုင်းပြီးတော့လေ?
ကျန့်စစ်ကအလုပ်နှင့်သက်သေပြသောလူတစ်ယောက်ပင်။ သူညဘက်အနားယူချိန်မှာ ယောင်းရီကိုသူစုထားသည့်အဝတ်အစားများထုတ်ခိုင်းလိုက်သည်။
သူကလေးအဝတ်အစားယူတုန်းက ဗိုက်ကိုကာပေးနိုင်သည့်ပြေလျော့လျော့အဝတ်အစားအနည်းငယ်ကိုပါယူခဲ့သည်၊ ၎င်းမှာ....အမျိုးသမီးမော်ဒယ်လ်အလား။
လင်ခုံးလုမှာရေသောက်နေရင်း ထိုအဝတ်အစားများကိုမြင်လိုက်ရသော် သီးလုမတတ်ဖြစ်သွားရသည်၊ ဘာလဲဟ....အဲ့ဒါကိုယ်ဝန်ဆောင်သည်အဝတ်အစားတွေမဟုတ်ဘူးလား။ ပြီးတော့ပန်းရောင်ကြီး?
"ပန်းရောင်ကအထက်စီးဆန်မှုရဲ့သကေ်တပဲ။ ဆိုရိုးစကားအရဆိုရင် 'မင်းပန်းရောင်သန်းလေလေ တစ်စုံတစ်ယောက်ကိုပိုပြင်းပြင်းရိုက်နိုင်လေလေပဲ'၊ ကြိုးစားထား၊ Host!"
0687သူ့ကိုအားပေးလိုက်သည်။
လင်ခုံးလု: "...သွားစမ်းပါ။"
အရင်ကမ္ဘာမှာသူလန့်စ်ကိုအရူးလုပ်တုန်းကသူပြောခဲ့တဲ့စကားမဟုတ်ဘူးလား။ သေချာတာပေါ့၊ ကံကံ၏အကျိုးပဲ၊ လက်တုံ့ပြန်တာကမကောင်းဘူး၊ သူကအဲ့ကမ္ဘာမှာသူ့ချစ်သူရဲ့မက်ခါကိုပန်းရောင်ဆိုးပေးခဲ့တာမို့ ဒီကမ္ဘာမှာသူ့ချစ်သူကသူ့ကိုတိုက်ရိုက်ပန်းရောင်ဆင်ပေးလာတယ်။
အဓိကအချက်မှာပရော်ဖက်ဆာကုဒါကိုမြင်သွားချိန်မှာ ခေါင်းငြိမ့်ပြီးပြောလာသည်။
"ရှောင်လုကခပ်လျော့လျော့အဝတ်အစားတွေဝတ်သင့်တာပဲ၊ ရှောင်ကျန်းကတကယ်အမျှော်အမြင်ရှိတယ်။"
"မဝတ်ဘူး။" လင်ခုံးလုပြင်းထန်စွာခေါင်းခါလိုက်သည်။
"ကျွန်တော်လုံးဝမဝတ်ဘူးနော်။"
သူတကယ်ဆန္ဒမရှိမှန်းမြင်လိုက်ရတော့
ကျန့်စစ်မှာရွေးချယ်စရာမရှိပါဘဲလက်လျှော့လိုက်ရသည်။
"ဒါဖြင့် မနက်ဖြန်ကျရင်ကျားမမရွေးအကုန်ဝတ်လို့ရတဲ့အဝတ်အစားတချို့လိုက်ရှာလိုက်မယ်။" သူကောင်လေး၏ခေါင်းကိုပုတ်ကာ တစ်အောင့်ကြာတွေးပြီးနောက် အသံနှိမ့်လိုက်သည်။
"ဒါပေမဲ့ မင်းမိန်းကလေးယောင်ဆောင်ဖို့လိုနေတုန်းပဲ။ မင်းဆံပင်ကအခုအရှည်လုံလောက်နေပြီဆိုတော့ မင်းဆံပင်တုဝတ်စရာမလိုဘူး၊ နေအုံး။ မင်းအခြေစိုက်စခန်းရောက်ရင် စကားနည်းနည်းပဲပြောဖို့သတိရအုံး၊ မင်းကယောက်ျားတစ်ယောက်ဆိုတာနဲ့ကိုယ်ဝန်ရှိနေတာကိုလူတွေမသိစေနဲ့၊ ကလေးမီးဖွားပြီးရင်ကိုယ်တို့အခြေစိုက်စခန်းပြောင်းကြမယ်။"
လင်ခုံးလု၏ဆံပင်မှာမညှပ်တာကြာပြီမို့ တကယ့်ကိုအနည်းငယ်စည်းလို့ရတဲ့အထိလုံလောက်စွာရှည်နေပြီပင်။ သူ့မျက်နှာသေးသေးလေး၊ အသားဖြူဖြူ၊ ပိန်ပါးပါးကိုယ်နှင့် ခပ်လျော့လျော့အဝတ်အစားနှင့်ဆိုရင် အရပ်ရှည်ရှည်မိန်းကလေးဟုတကယ်အထင်မှားသွားစေနိုင်သည်။
သူအဝတ်အစားပိုရှာဖို့လိုအပ်သည်ဟုကျန့်စစ်ပြောလာတာကိုကြားလိုက်ရရင်း လင်ခုံးလုချက်ချင်းတုံ့ဆိုင်းသွားရကာ မလိုအပ်ဘူးဟုထင်မိသည်။ အဆုံးတွင် ကျန့်စစ်ကကျန့်ဇွန်ဘီမဟုတ်တာမို့ သူ့မှာဘုရင်တစ်ပါး၏အရှိန်အဝါမရှိပေ။ သူအန္တရာယ်ရှိရင်ကော?
"တကယ်တော့...ဝတ်ဖို့မဖြစ်နိုင်တာမဟုတ်ဘူး။" သူတုံ့ဆိုင်းသွားရသည်။
"ခင်ဗျားအဝတ်အစားတွေကိုအရင်ချွတ်လိုက်။"
သူဒီပန်းရောင်နှင့်နူးညံ့သောအဝတ်အစားများကိုမဝတ်ခင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတချို့လုပ်မှရမည်ဟုလင်ခုံးလုခံစားလိုက်ရပေမဲ့ ညလယ်ခေါင်မှာ ကျန့်ဇွန်ဘီဘုရင်ကမျက်လုံးဖွင့်လာသည်။
သူ့မှာရေဒါတပ်ထားသည့်အလား သူထရပ်ကာလင်ခုံးလု၏တဲဆီတည့်တည့်မတ်မတ်လျှောက်သွားသည်။
စောင့်ကြပ်သူမှာရှဲ့လင်ရှင်းပင်။ သူမကတစ်ချက်လှမ်းကြည့်လိုက်ပြီး အရေးသိပ်မစိုက်ပေ။
ကျန့်စစ်တဲထဲဝင်သွားပြီးနောက် သူ့မျက်လုံးနီတို့ကထိုအဝတ်အစားများပေါ်ကျရောက်သွားကာ ရုတ်ခြည်းအကြည့်မလွှဲနိုင်တော့ပေ။
ကလေးလေးကိုယ်ပိုင်အသိစိတ်မရှိသည့်ဇွန်ဘီတစ်ကောင်ဖြစ်နေတုန်းက သူဟာကလေးလေးကိုအဝတ်အစားဆင်ပေးကာ ကလေးလေးကိုလှပသောအဝတ်အစားမျိုးစုံဆင်ပေးရတာကိုသဘောကျမှန်းသူသတိရသွားသည်။ ယခုသူထိုကဲ့သို့အဝတ်အစားလှလှလေးများကိုမြင်လိုက်ရချိန်တွင် သူ့လက်များရုတ်ခြည်းယားယံလာသည်။
"ကလေးလေး၊ ကလေးလေး...."
သူလင်ခုံးလုကိုနှိုးလိုက်ပြီး သူ့မျက်လုံးနီတို့မှာသူ့ကိုမျက်တောင်မခတ်စိုက်ကြည့်လျက် မျှော်လင့်တကြီးပြောလိုက်သည်။
"ကိုယ်မင်းကိုဒီအဝတ်အစားတွေနဲ့မြင်ချင်တယ်။"
အခုပဲနိုးလာပြီး ဇဝေဇဝါမျက်နှာနှင့်လင်ခုံးလု: "...." ကောင်းရော၊ သူတို့မှာမတူညီတဲ့ပင်ကိုယ်စရိုက်ရှိပေမဲ့ သူတို့ရဲ့အကြိုက်ကတော့ထူးထူးဆန်းဆန်းကိုတူညီနေတာပဲ။
မြင့်မားသောမကောင်းတဲ့စိတ်တန်ဖိုးနှင့်ရင်ဆိုင်လိုက်ရတော့ လင်ခုံးလုရှက်ရွံ့စွာအရှုံးပေးလိုက်ရပေမဲ့ ဝတ်ပြီးနောက်ပိုင်း....
လင်ခုံးလု: "ဟေ့၊ တကယ်တော်တော်လေးပေါ့ပါးပြီးသက်တောင့်သက်တာရှိသား။"
0687: "အမျိုးသမီးအဝတ်အစားကမိုက်တယ်၊ အမျိုးသမီးအဝတ်အစားကအမြဲမိုက်တယ်။"
လင်ခုံးလု: "လစ်လိုက်တော့။"
အဝတ်အစားအရောင်မှာအလွန်ပန်းရောင်ဖြစ်နေသော်လည်း သနပ်ခါးရောင်လေကာဂျက်ကတ်ကိုအပေါ်ကထပ်ဝတ်လိုက်တော့ ကော်လာပေါ်မှာရိုက်နှိပ်ထားသည့်ယုန်နားရွက်အနည်းငယ်သာပေါ်တော့သဖြင့် သိပ်လက်မခံနိုင်စရာမရှိပေ။
အထူးသဖြင့်ဒီလိုအဝတ်အစားမျိုးဟာနူးညံ့ကာပေါ့ပါးပြီး ဝတ်ရတာအလွန်သက်တောင့်သက်သာရှိသည်။ လင်ခုံးလုမှာတမဟုတ်ချင်းသဘောကျသွားကာ ကျန့်စစ်ရင်ခွင်ထဲတွင်ယုန်ညအိပ်ဝတ်စုံဝတ်ရင်းအိပ်မောကျသွားသည်။
နောက်တစ်နေ့ကျန့်စစ်နိုးလာတော့ သူ၏မျက်လုံးနက်တို့ကိုဖွင့်လိုက်ချိန်မှာ ကောင်လေးအဝတ်ပေါ်ကယုန်နားရွက်များကိုမြင်လိုက်ရသဖြင့် မပြုံးမိဘဲမနေနိုင်ပေ။
ကျန့်စစ်မှာနောက်တစ်ခေါက်ထွက်ခွာသည်အထိစိတ်အခြေအနေကောင်းနေပေသည်။
အခြားသူများမှာလည်းစိတ်အခြေအနေကောင်းလို့နေသည်၊ ဘာလို့လဲဆိုတော့ တစ်ခုခုမဖြစ်ရင် သူတို့Tမြို့တော်ကိုဒီညရောက်လိမ့်မည်ဖြစ်ရာ တစ်စုံတစ်ယောက်ကလမ်းပေါ်မှာသီချင်းပင်ညည်းနေလေသည်။
ဒါပေမဲ့ ထွက်လာပြီးနှစ်နာရီအကြာမှာ သူတို့နှင့်ကီလိုမီတာဝက်အကွာအဝေးကဂတ်စ်ဆိုင်မှရုတ်တရက်အသံကျယ်တစ်ခုထွက်လာသည်။
ယာဥ်အများအပြားမှာပြိုင်တူဘရိတ်အုပ်လိုက်မိပြီး ကျန့်စစ်ကပထမဆုံးတုံ့ပြန်ကာ ချက်ချင်းပြောလာသည်။
"ကားထဲကထွက်၊ မြေကြီးပေါ်မှာတံတောင်ဆစ်နဲ့ဒူးတင်ထားပြီးတော့ မင်းတို့ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကိုကာကွယ်ထား။"
သူပြောရင်းဖြင့် ကြောင်အမ်းနေသည့်လင်ခုံးလုကိုပါကားထဲကဆွဲထုတ်ကာ ကာကွယ်ထားပြီး သတ္ထုဒြပ်စင်ကိုထိန်းချုပ်ကာ အရှေ့ကိုပိတ်ဆို့ဖို့သီးခြားသတ္ထုနံရံများဖန်တီးလိုက်သည်။
သိပ်မကြာခင် ပေါက်ကွဲမှု၏ရှော့ခ်စရာလှိုင်းရောက်လာပြီး သတ္ထုနံရံကြောင့်လျော့ကျသွားပေမဲ့ ၎င်းကလင်ခုံးလုကိုပျို့အန်ချင်အောင်လှုပ်ခါသွားဆဲပင်။ ကံကောင်းစွာဖြင့် 0687ကကလေးကိုကာကွယ်ဖို့ကူညီပေးခဲ့သည်၊ မဟုတ်ရင်ကလေးတစ်ခုခုဖြစ်သွားမှာတကယ်စိုးရိမ်မိသည်။
ရှော့ခ်စရာလှိုင်းဖြတ်သွားပြီးနောက် တစ်ယောက်ကခပ်မြန်မြန်ထရပ်ချင်ပေမဲ့ ကျန့်စစ်ထပ်မံအသိပေးလိုက်သည်။
"နေအုံး၊ ဒုတိယပေါက်ကွဲမှုရှိနိုင်တယ်။"
ထို့နောက်သိပ်မကြာခင် ပိုကျယ်သောပေါက်ကွဲမှုရှိလာသည်။
လုံးဝတိတ်ဆိတ်သွားပြီးနောက် လူတိုင်းထရပ်ရဲသွားကာ တချို့မှာမနေနိုင်ဘဲတိတ်တခိုး"ဖာ့ခ်"ဟုဆဲရေးမိကြသည်။ ဒါဘယ်သူလုပ်တာလဲ။ ဂတ်စ်ဆိုင်တွေကိုဖောက်ခွဲပစ်တာအဆင်ပြေလို့လား။
ကျန့်စစ်ကလင်ခုံးလုကိုထူပေးကာ သူ့မျက်လုံးထဲမှာစိုးရိမ်မှုဖြတ်ပြေးသွားပြီး စိတ်ပူစွာမေးလိုက်မိသည်။
"ဘယ်လိုနေလဲ။"
လင်ခုံးလုခေါင်းခါကာပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။"
ထို့နောက်သူဂတ်စ်ဆိုင်ကိုမော့ကြည့်ကာပြောလိုက်သည်။
"ဘယ်သူကမှအကြောင်းမရှိဘဲဖောက်ခွဲပစ်မှာမဟုတ်ဘူး။ အဲ့မှာအဆင့်မြင့်ဇွန်ဘီတွေရှိရမယ်။"
ဒါကိုကြားလိုက်ရသော် အဖွဲ့ထဲကလူတိုင်းတမဟုတ်ချင်းမျက်နှာထားပြောင်းလဲသွားကြသည်။
"ဒါပေမဲ့လည်း ဒီလိုပေါက်ကွဲမှုကြီးနဲ့ဆိုရင် သူသေသွားလောက်ပါပြီ။"
သူထပ်ပေါင်းပြောလိုက်သည်။
လူတိုင်း: "ဟင်း!" မင်းတစ်ခါထဲပြီးအောင်ပြောစမ်းပါ၊ ညီလေးရာ။
လင်ခုံးလုအဆင်ပြေမှန်းကျန့်စစ်အတည်ပြုပြီးနောက် သူလူတိုင်းကိုပြောလိုက်သည်။
"ကားထဲအရင်ပြန်ဝင်ကြ။"
"ရှေ့မှာအသက်ရှင်ကျန်ရစ်သူတွေရှိလောက်တယ်၊ ငါတို့တွေသူတို့လက်နက်ကိုသွားမယူသင့်ဘူးလား။"
တစ်ယောက်ကတီးတိုးဆိုသည်။
အဆုံးတွင် ကမ္ဘာကြီးကပြောင်းလဲသွားပြီမို့ အခြားသူများကိုမယုံကြည်မိဖို့ကအရေးကြီးသည်။
"ဒီလိုပေါက်ကွဲမှုကြီးနဲ့ဆိုတော့ အသက်ရှင်ကျန်သူရှိမယ်မထင်ဘူး..."
စကားဆုံးရုံရှိသေး၊ ယာဥ်အများအပြားကမီးခိုးငွေ့တလူလူနှင့်ဂတ်စ်ဆိုင်ထဲမှတဟုန်ထိုးထွက်လာကာ သူတို့ဆီတည့်တည့်မတ်မတ်မောင်းဝင်လာသည်။
လူတိုင်း: "ဖာ့ခ်! လက်နက်သွားယူကြ!"
ပေါက်ကွဲမှုဗဟိုကတဟုန်ထိုးထွက်လာပြီးနောက် ကားမှာပျက်စီးမှုမရှိပေ။ ဒီလူစုကအားမနည်းဘဲ သူတို့မှာသန်မာသောဒိုင်းကာစွမ်းရည်ရှိနေလောက်မှန်းမြင်နိုင်သည်။
ကျန့်စစ်သူတို့ကိုတစ်ချက်ကြည့်လိုက်ပေမဲ့ပြောလိုက်သည်။
"လူတိုင်းကားထဲဝင်ပြီး ပုံမှန်အတိုင်းလုပ်ကြ။"
ဒီရူးမိုက်မှုကဘယ်ကရောက်လာတာလဲ။ လမ်းတစ်ဖက်မှာရပ်ပြီး တစ်ဖက်လူရောက်လာတာကိုစောင့်နေတဲ့လူတစ်ယောက်မှမရှိပေ၊ တစ်ဖက်လူမှာမကောင်းတဲ့ရည်ရွယ်ချက်ရှိရင်တောင် ကားထဲမှာပြန်ဆုတ်ဖို့ကလွယ်သည်။
သူပြောပြီးနောက် အဖွဲ့ဝင်များမှာကားထဲချက်ချင်းဝင်လိုက်ကြသည်။ ကားစက်နှိုးလိုက်ချိန်မှာ အခြားတစ်ဖက်ကယာဥ်တစ်စီးကအနားရောက်လာသည်။
တစ်ဖက်လူမှာမကောင်းတဲ့ရည်ရွယ်ချက်ရှိပုံမရပေ။ သူတို့ကိုမြင်လိုက်ရသော် သူတို့ကကားပြတင်းပေါက်ချကာ အသိပေးလာသည်။
"ညီအစ်ကိုတို့၊ ရှေ့ကလမ်းပိတ်နေပြီ၊ ပြန်လှည့်ကြတော့။"
ကျန့်စစ်ဘက်ကကားပြတင်းပေါက်များမှာရှော့ခ်စရာလှိုင်းကြောင့်ပျက်စီးသွားသဖြင့် ခေါင်းမော့ကြည့်လိုက်သည်နှင့် အခြားတစ်ဖက်ကိုအကာအရံမရှိဘဲမြင်နိုင်သည်။
လင်ခုံးလုခေါင်းလှည့်ကာ တစ်ဖက်ကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။ တစ်ဖက်ကယာဥ်၏ပြတင်းပေါက်များဟာလည်းဖွင့်ထားသဖြင့် အနောက်ထိုင်ခုံမှာထိုင်နေသည့်စုန့်ယွင်ဝေမှာထိုပခိုက်ခေါင်းလှည့်လိုက်မိသည်။
မျက်လုံးလေးလုံးဆုံသွားရာ ၎င်းတို့ရှော့ခ်ရသွားကြသည်။
လင်ခုံးလု: "ဟေ့ကောင်၊ ငါမှန်တယ်မလား။ ဒါကငါ့ရဲ့စပွန်ဆာကြီးမလား။"
0687: "အေး။"
"သေပြီ။"
လင်ခုံးလုအဆက်မပြတ်ပြောမိသည်။
"ငါဗီလာကနေပေါင်းအိုးနဲ့ဒယ်အိုးတွေယူပြီးတော့ သူ့စောင်ကိုပါယူလာခဲ့မိတယ်။"
သူ့ကိုမြင်လိုက်ရတော့ စုန့်ယွင်ဝေ၏မျက်နှာထားမှာချက်ချင်းပြောင်းလဲသွားကာအော်ခေါ်လိုက်မိသည်။
"ရှောင်လု?!"
လင်ခုံးလုကြောက်လန့်တကြားကျုံ့ကာ ကျန့်စစ်၏လက်မောင်းထဲကျုံ့ဝင်သွားမိသည်။
ကျန့်စစ်ဟာလည်းသိသာစွာဖြင့်စုန့်ယွင်ဝေကိုမြင်သွားပြီး သူ့မျက်နှာမှာတမဟုတ်ချင်းကြောက်စရာကောင်းလောက်အောင်မည်းမှောင်သွားကာ အံကြိတ်လျက်ပြောလိုက်သည်။
"သူပေါ်လာရဲသေးတယ်ပေါ့?"
_____________________________________