Chapter(47)
Viewers 10k

ကားနှစ်စီးအပြန်အလှန်ဖြတ်သွားချိန်တွင် စုန့်ယွင်ဝေနောက်ဆုံးမှာအသိပြန်ဝင်လာပြီး ရှေ့ခန်းကဒရိုက်ဘာကိုအ​မြန်ပြောလိုက်သည်။

"ရပ်လိုက်! မဟုတ်ဘူး မဟုတ်ဘူး၊ ပြန်လှည့်!"


လင်ခုံးလု: "ဘုရားရေ၊ စပွန်ဆာကြီးကအရမ်းစိတ်လှုပ်ရှားနေပါလား။ သူ့ဆီကပေါင်းအိုး၊ ဒယ်အိုးနဲ့ စောင်တွေပဲယူ၊ အိုး ဟုတ်သားပဲ၊ ဂတ်စ်တစ်အိုးပဲယူခဲ့တာပါဟ။"


0687: "သူကအဲ့လိုကပ်စေးနဲတဲ့လူတစ်​ယောက်လို့တော့ငါမထင်ဘူးနော်၊ အခြားအကြောင်းရင်းရှိလောက်မယ်။"


စုန့်ယွင်ဝေကတစ်စုံတစ်ယောက်ကိုနောက်ပြန်လှည့်ကာကျန့်စစ်နောက်လိုက်ခိုင်းတာကိုမြင်လိုက်ရရင်း အေးစက်မှုကကျန့်စစ်မျက်ဝန်းထဲမှာတစ်ချက်လက်သွားသည်။ သေချာတာပေါ့၊ သူယောင်းရီကိုအမြန်မောင်းကာတစ်ဖက်လူဆီကဝေးဝေးထွက်သွားစေချင်သည်၊ ဒါမှထိုလူရှောင်လုကိုမမြင်နိုင်မှာဖြစ်သည်၊ ဒါပေမဲ့...


သူကဘာလို့ရှောင်ရမှာလဲ။ သူအဲ့လူကိုသင်ခန်းစာမပေးရသေးဘူး။


"ရပ်လိုက်။" ကျန့်စစ်အေးစက်စွာပြောလိုက်သည်။


ကားရပ်သွားပြီးနောက် အနောက်ကလိုကလာသည့်ကားမှာလည်းရပ်သွားသည်။


ဒါပေမဲ့လုံးဝမရပ်သွားခင် စုန့်ယွင်ဝေကကားတံခါးကိုတွန်းဖွင့်ကာ ​ခြေလှမ်းကျယ်များဖြင့်တဟုန်ထိုးပြေးထွက်လာပြီး စိုးရိမ်ပူပင်မှုနှင့်ရှော့ခ်မှုတို့ရှိပေမဲ့ အံ့အားသင့်မှုကပိုသည့်မျက်နှာထားဖြင့် ပြတင်းပေါက်ကိုဖြတ်၍ လင်ခုံးလု၏ပုခုံးကိုလှမ်းဆွဲလိုက်သည်။


"ရှောင်လု? တကယ်မင်းပဲ၊ သိပ်ကောင်းတယ်၊ မင်းအသက်ရှင်နေတုန်းပဲ၊ မင်း..."

သူပျော်ရွှင်စွာပြောလိုက်ပေမဲ့ နောက်တစ်စက္ကန့်မှာအေးစက်စက်သတ္ထုဆူးချွန်ကသူ့လည်ပင်းကိုရိုက်ခတ်လာသည်။


ကျန့်စစ်၏မျက်လုံးများမှာသွေးအေးလျက် သူ့လေသံမှာအေးစက်လို့နေသည်။

"သူ့ကိုလွှတ်လိုက်။"


ထိုအခါမှသာလျှင် သူအခုလေးတင်ရှာတွေ့သွားသည့်ညီငယ်လေးကားယောက်ျားတစ်ယောက်၏ရင်ခွင်ထဲမှာရှိနေမှန်း စုန့်ယွင်ဝေအချိန်နှောင်းမှသိလိုက်ရသည်။


သူဒီမျက်နှာကိုရင်းနှီးသည်၊ ၎င်းမှာကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းက သူ့ညီငယ်လေးကိုလှည့်စားကာထိန်းသိမ်းထားခဲ့သည့်Aအရွယ်အစားမျက်နှာဖြူလေးဖြစ်သည်။


စုန့်ယွင်ဝေမျက်လုံးကျဥ်းမြောင်းလိုက်ပြီး သူ့မျက်ဝန်းထဲမှာအန္တရာယ်တစ်ချက်ဖြတ်ပြေးသွားကာ သူကသူ့လည်ပင်းပေါ်ရှိသတ္ထုဆူးချွန်ကိုလုံးဝကြောက်ပုံမရဘဲ သူ့ညာလက်ချောင်းထိပ်ကကားအပြင်ကိုယ်ထည်ပေါ်တင်လိုက်ချိန်မှာ အပြာရောင်လျှပ်စီးကြောင်းကစတင်ခုန်ထွက်လာသည်။


လေထုမှာတစ်အောင့်ကြာတင်းမာလျက်၊ ဒါကိုမြင်လိုက်ရသော် အပြန်အလှန်ကြည့်နေကြသည့်လူနှစ်အုပ်၏မျက်နှာထားတို့မှာခက်ထန်လာသည်။


ယောင်းရီမှာရှေ့ခန်းမှာထိုင်ရင်း ကြောက်ရွံ့မှုကြောင့်ချွေးစေးပြန်လာသည်: သွားပြီ၊ စစ်မြေပြင်မှာငါ့အသက်ကိုဘယ်လိုကယ်ရမလဲ။ ရှောင်လုရဲ့ကောင်လေးအစစ်ကသူ့ကိုရှာတွေ့သွားတာဖြစ်ရမယ်။ စစ်ကောကသူ့ကိုအစားထိုးအဖြစ်သုံးခဲ့ပေမဲ့ အခုတော့ဆုံးဖြတ်ချိန်ရောက်ပြီပင်။


စုန့်ယွင်ဝေ၏ငယ်သား: ဒီမျက်နှာဖြူလေးကစုန့်လူကြီးမင်းရှေ့မှာသခင်လေးကိုမြူဆွယ်ရဲတယ်။ သူအသက်ရှင်ရတာငြီးငွေ့ပြီး ဓာတ်လိုက်သေချင်နေတာလား။


ရှဲ့လင်ရှင်း: ဒီအဖွဲ့ကဘာလို့မလုံခြုံရတာလဲ။ ငါအခုလေးတင်သုံးပွင့်ဆိုင်အချစ်ထဲကထွက်လာပေမဲ့ နောက်ထပ်သုံးပွင့်ဆိုင်အချစ်နဲ့တွေ့ပြန်ပြီ၊ ငါသုံးပွင့်ဆိုင်တွေကိုကြည့်ဖို့ကံပါလာတာလား။


လင်ခုံးလုကားသက်တောင့်သက်တာမရှိဆုံးပင်။ ကျန့်စစ်၏စိတ်စွမ်းအားမှာမနိမ့်ပေ၊ စုန့်ယွင်ဝေမှာလည်းနိမ့်ပုံမရ။ သန်မာသောလူနှစ်ယောက်ကသူတို့၏မျက်လုံးတို့ဖြင့်အပြန်အလှန်ထိပ်တိုက်တွေ့နေကြသည်။ သူကအလယ်မှာအဖမ်းခံထားရပြီး သူဒီမြင်ကွင်းကြောင့်အကြိမ်ကြိမ်အသတ်ခံလိုက်ရပြီဟုခံစားလိုက်ရသည်။


"အဲ့ဒါ..."

သူအားနည်းစွာလက်မြှောက်ကာ အကြံပြုလိုက်သည်။

"ကျွန်တော့်အထင် လူတိုင်းအထင်လွဲနေတာဖြစ်လောက်မယ်၊ ကားထဲကထွက်ပြီးစကားပြောရအောင်၊ ကားထဲကထွက်ပြီးစကားပြောရအောင်လေနော်?"


သူဗီလာဆီကယူခဲ့သည့်ပစ္စည်းအကုန်လုံးကိုစုန့်ယွင်ဝေကိုပြန်ပေးပြီးနောက်ကိစ္စကိုဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပေမဲ့ ဒီကိစ္စပေါ်သွားသည်နှင့်...သူ့အရင်ဘဝကဇာတ်ကြောင်းအရ မွေးစားခံခဲ့ရသည့်ကိစ္စနှင့်ဆိုင်လောက်သည်။


ယောင်းရီကကားထဲတွင်ရှိနေဆဲဖြစ်ရာ သူထိုအကြောင်းကိုတိတ်တခိုးပြောမှရမည်ပင်။


စုန့်ယွင်ဝေကလင်ခုံးလုကိုထိခိုက်အောင်လုပ်မိမှာစိတ်ပူနေမိသည်။ တစ်ခဏတာထိပ်တိုက်တွေ့ပြီးနောက် သူနောက်ဆုံးမှာသူ့စွမ်းရည်ကိုရုတ်သိမ်းလိုက်ပြီး ကျန့်စစ်ကိုစိုက်ကြည့်ကာ ဖြည်းညှင်းစွာလက်ရုတ်လိုက်သည်။ ကျန့်စစ်၏သတ္ထုစွမ်းရည်မှာမတော်တဆထိခိုက်ဒဏ်ရာရဖို့မလွယ်ပေမဲ့ စုန့်ယွင်ဝေကလင်ခုံးလုကိုထိခိုက်အောင်လုပ်မှာစိုးလို့ သူနောက်ဆုံးမှာသတ္ထုဆူးချွန်ကိုရုတ်သိမ်းလိုက်သည်။


လင်ခုံးလုနောက်ဆုံးမှာသက်မချမိကာ သူ့ဘက်ကကားတံခါးကိုဖွင့်ဖို့လက်မြှောက်လိုက်ပေမဲ့ ကျန့်စစ်ကရုတ်တရက်သူ့လက်ကိုဆုပ်ကိုင်ကာ သူ့ကိုကား၏အခြားတစ်ဖက်မှဆွဲခေါ်ထုတ်သွားသည်။


လင်ခုံးလုကသူ့ကိုလိမ်လိမ်မာမာလိုက်သွားပြီး ဒီမြင်ကွင်းကို​မြင်လိုက်ရသော် စုန့်ယွင်ဝေမှာအလွန်အမင်းစူးစိုက်ကြည့်မိသည်။


ဒီကောင်လေးကံကောင်းသည်၊ သူလည်းသဘာဝလွန်စွမ်းရည်နိုးထလာခဲ့သည်။ ဒီဟာကြောင့် သူ့ညီငယ်လေးကရွေးချယ်စရာမရှိဘဲဒီလူ့အနားကပ်ခဲ့ရတာဖြစ်နိုင်သည်။ သူသာသူ့ညီလေးကိုထပ်မပျောက်သွားဘဲ သူ့ညီလေးကိုကာကွယ်ပေးခဲ့ရင် သူဒီကောင်လေးလှည့်စားတာခံရပြန်မယ်တဲ့လား။


ကျန့်စစ်ကလင်ခုံးလုကိုခပ်လှမ်းလှမ်းနေရာဆီဦးဆောင်ခေါ်သွားတာကို​မြင်လိုက်ရရင်း စုန့်ယွင်ဝေတည်တင်းသောမျက်နှာဖြင့်လိုက်သွားလိုက်သည်။


လင်ခုံးလုမှာသူတို့တကယ်တိုက်ခိုက်ကြမှာစိုးရိမ်သဖြင့် ရပ်ကာအမြန်ပြောမိသည်။

"အဲ့စုန့်လူ...."


ဒါကိုကြားလိုက်ရသော်စုန့်ယွင်ဝေအပြစ်ရှိစိတ်ခံစားလိုက်ရကာ ခပ်တိုးတိုးပြောမိသည်။

"ရှောင်လုကိုယ့်ကိုကိုကိုလို့ခေါ်လို့ရတယ်၊ တကယ်တော့..."


ကျန့်စစ်ကသူပြောတာကိုနားထောင်ပြီး ရင်ထဲတွင်မသက်မသာဖြစ်လာကာ အေးစက်စက်လေသံဖြင့်ဖြတ်ပြောမိသည်။

"စုန့်လူကြီးမင်းကအသက်မငယ်တော့ဘူးမလား။ သုံးဆယ်ထဲရောက်နေတဲ့ပုံပဲနော်? ရှောင်လုကအခုမှအရွယ်ရောက်ခါစရှိသေးတယ်။ ကျွန်တော့်အထင် သူခင်ဗျားကိုဦးလေးလို့ခေါ်သင့်တာ။"


ဘာကိုကိုလဲ။ ရှောင်လုကသူတစ်​ယောက်ထဲကိုပဲကိုကိုလို့ခေါ်လို့ရတယ်။


လင်ခုံးလု: "...." သုံးဆယ့်တစ်ပဲရှိသေးတာပါဟ? အမှန်ပြောရရင် လေးဆယ်နားနီးနေတဲ့ပုံပဲ။


စုန့်ယွင်ဝေမျက်မှောင်ကြုတ်ကာ ဒီကောင်လေးကတကယ်စိတ်ပျက်စရာကောင်းသည်ဟုခံစားလိုက်ရသည်။ သူကသူ့ညီလေးကိုပြော​နေတဲ့ဟာ ဒီကောင်ကဘာလာဖြစ်နေတာလဲ။


လင်ခုံးလုကကျန့်စစ်ကိုတိတ်တခိုးစိုက်ကြည့်ကာ ပြဿနာမရှာဖို့ပြောလိုက်ပြီးမှ စုန့်ယွင်ဝေကိုဆက်ပြောလိုက်သည်။

"ဘယ်လိုခေါ်ခေါ်ကိစ္စမရှိပါဘူး၊ ဒါပေမဲ့စုန့်လူကြီးမင်းမြင်တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ဗီလာမှာနေတုန်းက ဘာသဘောတူညီချက်မှလက်မှတ်မထိုးခဲ့တာမို့ ကျွန်တော်ကအမြဲလွတ်လပ်နေပြီးသားပါ။ ကမ္ဘာပျက်ကပ်မှာ ကျွန်တော်လူကြီးမင်းရဲ့ဗီလာဆီကနေပစ္စည်းတွေယူလာခဲ့မိတယ်။ ကျွန်တော်လူကြီးမင်းကိုအခုချက်ချင်းပြန်ပေးပြီးတော့ အာလူးလေးတွေနဲ့ပြန်လျော်ပေး..."


"ကိစ္စမရှိပါဘူး၊ ကိုယ့်ဟာတွေကမင်းဟာတွေပဲလေ၊  မင်းလိုချင်ရင်သုံးလိုက်လို့ရတယ်။"

စုန့်ယွင်ဝေကရုတ်တရက်ညင်သာသောအသံဖြင့်ဖြတ်ပြောလိုက်သည်။


လင်ခုံးလု: "အာ?"


ကျန့်စစ်မျက်မှောင်ကြုတ်မိသည်: ခင်ဗျားဘာကိုဆိုလိုတာလဲ။


ဒီ"အဖိုးကြီး"ကပြတ်ပြတ်သားသားလမ်းခွဲဖို့မလိုလားဘူးလား။


"တကယ်တော့ ကိုယ်မင်းကိုမပြောရသေးတာတစ်ခုရှိတယ်။"

စုန့်ယွင်ဝေကောင်လေးကိုကြည့်ကာ သူ့အသံမှာရုတ်ခြည်းတင်းမာကာအပြစ်ရှိစိတ်ထင်ဟပ်လျက်။

"မင်းကအမှန်တော့...ကိုယ့်ညီလေးပါ။"


လင်ခုံးလု: "အာ?"


ကျန့်စစ်၏မျက်ခုံးများမှာပို၍ပင်တွန့်ခေါက်သွားသည်။


"ညီ၊ ညီလေး?"

လင်ခုံးလုသတိရှိရှိမေးလိုက်မိပြီး အနည်းငယ်မသေချာမရေရာပေ။


"ညီအစ်ကိုအရင်း၊ တစ်မအေတစ်ဖအေထဲကမွေးတာ။"

စုန့်ယွင်ဝေအက်ရှရှပြောလိုက်သည်။


လူငယ်လေးကအရမ်းသတိရှိနေတာကိုမြင်လိုက်ရရင်း သူမသက်မသာဖြစ်သွားရပြန်သည်။ သူ့ညီလေးကကြမ်းတမ်းတဲ့ဘဝမှာသတိရှိရှိပြုမူပြီး လူတိုင်းကိုအဆင်မပြေဖြစ်နေမဲ့အစား ချမ်းသာတဲ့ဘဝမှာဂုဏ်ယူဝံ့ကြွားစွာနေခဲ့ရသင့်တာ။


သူ့စကားကိုကြားလိုက်ရပြီးနောက် ကျန့်စစ်နှင့်လင်ခုံးလုတို့နှစ်ယောက်လုံးတိတ်ကျသွားရသည်။


လင်ခုံးလု: "ဘယ်တုန်းကဇာတ်ကြောင်းစီစဥ်တဲ့ဌာနရဲ့ဇာတ်ညွှန်းရေးဆရာကငါ့ကိုအစ်ကိုတစ်​ယောက်ရေးပေးခဲ့တာလဲ။"


0687: "မဟုတ်ဘုး၊ ဒီကမ္ဘာစည်းမျဥ်းရဲ့အလိုအလျောက်ပြီးမြောက်မှုတည်ဆောက်ပုံဖြစ်လိမ့်မယ်။"


ကျန့်စစ်၏စိတ်အခြေအနေမှာပို၍ပင်ရှုပ်ထွေးသွားရသည်၊ အစ်ကို၊ တကယ့်အစ်ကိုအရင်းလား။


အသက်အရွယ်ကွာခြားမှုကလည်းနည်းနည်း...မဟုတ်ဘူး၊ ဒီအစ်ကိုလုပ်ခဲ့တာကနည်းနည်းအဆင်အခြင်မမဲ့လွန်းဘူးလား။ မင်းမိသားစုဝင်ကိုအသိအမှတ်ပြုမယ်ဆိုပြုလိုက်ပေါ့။ ဘာလို့ကျွေးမွေးပြုစုပျိုးထောင်တာလိုမျိုးလုပ်နေသေးတာလဲ။


ဒါမှမဟုတ် ကောင်လေးကအစကတည်းကအထင်လွဲပြီး သူ့ကိုမှားပြောခဲ့တာလား။ ဒီအရူးလေး၏တုံးအသောခေါင်းကိုတွေးကြည့်မိတော့ အထင်မှားတာကပုံမှန်ဖြစ်သည်။


ဒီဟာကြောင့်သူတို့အရင်ကလမ်းခွဲခဲ့တာကိုတွေးမိရင်း၊ ဒီအတိုင်း..


နေပါအုံး၊ အစ်ကိုအရင်း?


အဲ့ကလေး...


ကျန့်စစ်ရုတ်တရက်လင်ခုံးလုကိုထိတ်လန့်တကြားကြည့်လိုက်မိပြီးနောက် သူ့မျက်လုံးများကဖြည်းညှင်းစွာအောက်ဆင်းသွားကာ သူ့ဝမ်းဗိုက်အောက်ပိုင်းပေါ်ရောက်သွားသည်။


လင်ခုံးလု: "???" မင်းဘာကိုဆိုလိုတာလဲ။


"ကိုယ့်ကလေး..." ကျန့်စစ်၏အသံမှာခက်ခဲလျက်။


လင်ခုံးလု: "!!!" 


"သူဒီကလေးကိုငါနဲ့စုန့်ယွင်ဝေနဲ့ရတာလို့ထင်နေခဲ့တာမဟုတ်ဘူးမလား။"

သူစိတ်ထဲမှာရှော့ခ်ရသွားသည်။


"သိသာနေတာပဲကို။"

0687မှာရှုပ်ထွေးသောနှလုံးသားရှိလာသည်၊ ဘုရားရေ၊ ဒီအဖေတွေကယုံကြည်ကိုးစားလို့ရရဲ့လား။


လင်ခုံးလု: "....."


"ခင်ဗျားဘာကိုဆိုလိုတာလဲ။"

သူဒေါသထွက်သွားကာ ကျန့်စစ်လက်ကိုဖြန်းခနဲခါချပြီး ဘေးမှာရပ်နေဆဲစုန့်ယွင်ဝေကိုလျစ်လျူရှုကာ ပြောလိုက်သည်။

"ကျွန်တော်ခင်ဗျားကိုဦးထုပ်စိမ်းဆောင်းပေးခဲ့တယ်လို့ထင်နေတာလား။"


စူပါမားကတ်မှာတုန်းက "ကိုယ်ကလေးကိုကိုယ့်ကလေးအရင်းလိုဆက်ဆံမှာပါ"ဟု ဒီလူသူ့ကိုရုတ်တရက်ပြောလာတာမဆန်းပေ၊ သူကကလေးကိုတစ်စုံတစ်ယောက်ပိုင်ဆိုင်တာဟုအမြဲထင်နေခဲ့တာများလား။


လင်ခုံးလုတစ်အောင့်ကြာပြောစရာစကားမဲ့သွားရသည်၊ သူကဖော်ပြမရစွာကိုယ်ဝန်ရှိလာခဲ့ပြီး ကလေးအဖေကသူ့ကို"ထပ်ခါတလဲလဲ"အသိအမှတ်ပြုဖို့ငြင်းဆန်နေလေသည်။ နောက်ဆုံးသူ့ကိုအသိအမှတ်ပြုလိုက်ပြီးနောက် သူကသူ့ကိုဦးထုပ်စိမ်းဆောင်းပေးခဲ့တယ်လို့ခံစား​နေရတယ်တဲ့လား။


"သိပ်ကောင်းလွန်းတယ်!"

လင်ခုံးလုသူ့ကိုဗလာအကြည့်တစ်ချက်ပေးကာ အံကြိတ်ပြောလိုက်သည်။


သူပြောပြီးနောက် လှည့်ထွက်လာကာ ဒေါသထွက်ဖို့ဆုံးဖြတ်ထားပြီး အလွန်လေးနက်စွာဖြင့်လွယ်လင့်တကူချော့လို့မရတဲ့အထိပင်။


ကျန့်စစ်နှင့်စုန့်ယွင်ဝေကတော့ တိုက်ပါစေ တိုက်ပါစေ သူအရေးမစိုက်ဘူး သူတို့နှစ်ယောက်လုံးမရှုံးမချင်းတိုက်နေကြရင်ပိုကောင်းတယ်။


ကျန့်စစ်လန့်သွားပြီး သူ၏ပုံမှန်မျက်နှာသေမှာမသိမသာပြာယာခတ်သွားကာ တစ်ခဏမျှဆွံ့အသွားပြီး ကောင်လေးလက်ကိုလှမ်းဆွဲကာ စိုးရိမ်တကြီးပြောလိုက်မိသည်။

"ရှောင်လု၊ ကိုယ်..."


လင်ခုံးလုသူ့ကိုပစ်ထုတ်ကာ ဒေါသတကြီးပြောလိုက်သည်။

"စကားလာမပြောနဲ့! ကျွန်တော်ခင်ဗျားကိုအခုမြင်ရတာစိတ်ပျက်တယ်။"


အခုတော့မင်းကမျက်လုံးနီကျန့်လောက်မကောင်းဘူး။ မျက်လုံးနီမှာမြင့်မားတဲ့မကောင်းတဲ့စိတ်တန်ဖိုးရှိပေမဲ့လည်း သစ္စာရှိပြီးတော့လိမ်မာတယ်။ မျက်လုံးနက်ကျန့်၊ မင်းကတော့အပေါ်ယံမှာလိမ်မာပေမဲ့ မင်းရဲ့စိတ်ကအပြင်ဘက်နေရာလွတ်နဲ့ဆက်နွယ်နေတာ။


0687: "တကယ်တော့ သေချာစဥ်းစားကြည့်ရင် ပုံမှန်လူတွေက အနမ်းကတဆင့်ကိုယ်ဝန်ရတာလိုမျိုးအရာမျိုးကိုယုံကြည်ရခက်ကြတာပါပဲ။"


"မင်းလည်းပါးစပ်ပိတ်ထား။"

လင်ခုံးလုဒေါသထွက်သွားသည်။

"ငါ့ကိုဘယ်သူလှည့်စားခဲ့တာလဲ။ မင်းသာအရင်ဘဝမှာမရှုံးဘဲ ချောချောမွေ့မွေ့ထွက်သွားနိုင်ရင်..."


ငါဒုတိယဘဝကိုလာရမှာမဟုတ်လောက်၊ ငါ့ချစ်သူနဲ့ဆုံရမှာမဟုတ်လောက်။


"အဟမ်း၊ ဘာပဲဖြစ်ဖြစ် တိတ်တိတ်နေတော့။"

လင်ခုံးလုချက်ချင်းရပ်တန့်ကာ ကိစ္စကိုမဖော်ထုတ်တော့ပေ။


ကျန့်စစ်မှာသူ့နောက်လိုက်နေပြီး သူ့မျက်နှာထားမှာကူကယ်ရာမဲ့ရာမှအဆင်မပြေဘဲနောင်တရမှုအဖြစ်ပြောင်းလဲသွားသည်။


နေရာမှာကျန်နေခဲ့သည့်စုန့်ယွင်ဝေမှာလည်းကြောင်အမ်းနေမိသည်။


ကလေး? ဦးထုပ်စိမ်း? ဘာကိုဆိုလိုတာလဲ။


မျက်စိတစ်မှိတ်အတွင်း သူပြန်တွေးကြည့်လိုက်တော့ လင်ခုံးလုက...လေကာကုတ်အကျီအောက်မှာပန်းရောင်မိန်းမအဝတ်အစားဝတ်ထားပုံရသလားလို့?


ဒီကောင်လေးကသူ့ညီလေးကိုမိန်းမအဝတ်အစားဝတ်ခိုင်းပြီးတော့ သူ့ညီလေးကိုမိန်းမတစ်ယောက်လိုဆက်ဆံနေတာလား။ ပြီးတော့သူ့ညီလေးကိုသူ့ရဲ့ကလေး​ကိုပြုစုပျိုးထောင်ခိုင်းတာလား။ ပြီးတော့သူ့ကိုဦးထုပ်စိမ်းဆောင်းပေးတယ်ဆိုပြီးတော့ သူ့ညီလေးကိုချောက်ချခဲ့တာလား။


ဒီဆန်ကုန်မြေလေးကတော့!


စုန့်ယွင်ဝေ၏မျက်နှာမှာတမဟုတ်ချင်းကြောက်စရာကောင်းအောင်ရုပ်ဆိုးသွားရကာ ရုတ်တရက်​ခြေလှမ်းကျယ်တို့ဖြင့် လင်ခုံးလုနောက်လိုက်နေသည့်ကျန့်စစ်ကိုလှမ်းဆွဲလိုက်သည်။


သူ့လက်မောင်းအဆွဲခံလိုက်ရမှန်းကျန့်စစ်သတိထားမိသွားကာ မျက်မှောင်ကြုတ်ပြီးလှည့်ကြည့်လိုက်မိသည်။ ၎င်းမှာစုန့်ယွင်ဝေမှန်းမြင်လိုက်ရသော် သူအလိုလိုပြောမိသည်။

"အစ်ကိုကြီး...."


"ဘယ်သူကမင်းအစ်ကိုကြီးလဲ?"

စုန့်ယွင်ဝေသူ့ကိုတည်တင်းသောမျက်နှာဖြင့်ထိုးလိုက်သည်။


ကျန့်စစ်ရှောင်လို့ရပေမဲ့ လင်ခုံးလုခေါင်းလှည့်ကြည့်လာတာကို​မြင်လိုက်ရချိန် သူရုတ်တရက်ရပ်ကာအထိုးခံလိုက်သည်။


သေချာတာပေါ့၊ လင်ခုံးလုချက်ချင်းအနောက်လှည့်ကာသူ့ကိုကူတွဲပေးပြီး စိုးရိမ်စွာ​မေးမိသည်။

"ခင်ဗျား၊ အဆင်ပြေရဲ့လား။"


ကျန့်စစ်သူ့နှုတ်ခမ်းထောင့်ကိုဖိကာ စိမ်းသွားလောက်သည်ဟုခန့်မှန်းမိပြီးနောက်လွှတ်ပေးကာ "ခက်ခက်ခဲခဲ"ပြောလိုက်ရသည်။

"ကိုယ်ဘာမှမဖြစ်ပါဘူး၊ ဒေါသမထွက်ပါနဲ့ရှောင်လု...."


သူ့နှုတ်ခမ်းထောင့်မှာခပ်မြန်မြန်ခရမ်းရောင်ပြောင်းသွားပြီး သူ့ပုံစံမှာမသိမသာထိခိုက်သွားတာကိုလင်ခုံးလုမြင်လိုက်ရသဖြင့် မနေနိုင်ဘဲစုန့်ယွင်ဝေကိုမော့ကြည့်ကာ ရဲရင့်စွာပြောလိုက်သည်။

"စုန့်၊ စုန့်လူကြီးမင်း၊ ခင်...."


"မင်းကိုယ့်ကိုကိုကြီးလို့ခေါ်လို့ရတယ်။"

စုန့်ယွင်ဝေဖြတ်ပြောကာ ကျန့်စစ်ကိုတစ်ချက်ကြည့်ပြီး သြရှရှအသံဖြင့်ပြောလိုက်သည်။

"သူမင်းကိုအနိုင်ကျင့်ရင် ကိုကြီးမင်းအတွက်သူ့ကိုသင်ခန်းစာပေးလိုက်မယ်။"


ဒီကောင်လေးကတအားအရှက်မဲ့လွန်းတယ်၊ ခုနကဒီကောင်သူ့နှုတ်ခမ်းထောင့်ကိုခပ်ပြင်းပြင်းဖိလိုက်တာကိုသူမမြင်လိုက်ဘူးမထင်နဲ့၊ ဟက်၊ သူကခါးသီးတဲ့လှည့်ကွက်သုံးတဲ့နေရာမှာတော်တော်တော်တာပဲ။


ဒါပေမဲ့ ဒါဟာလည်းသူ့အရင်ခန့်မှန်းချက်ကိုပြောင်းပြန်လှန်သွားသည်။ ဒီကောင်လေးကသူ့ညီလေးကိုအလေးအနက်ဖြစ်နေပုံရသဖြင့် ကိုင်တွယ်ရခက်သည်။


ဒါကိုတွေးမိရင်း သူလင်ခုံးလုကိုကြည့်ကာ ခပ်တိုးတိုးမေးမိသည်။

"ရှောင်လု၊ ကိုကြီးမင်းနဲ့နှစ်ယောက်ထဲစကားနည်းနည်းလောက်ပြောလို့ရမလား။"


ဒီကိစ္စကိုဖြေရှင်းရမည်ဟုလင်ခုံးလုတွေးမိသဖြင့် သူသဘောတူညီစွာခေါင်းငြိမ့်လိုက်သည်။ ဒါပေမဲ့ သူထရပ်ကာထွက်သွားဖို့ပြင်လိုက်ချိန်တွင် ကျန့်စစ်ကသူ့လက်ကိုလှမ်းဆွဲကာ တိတ်ဆိတ်နေသည်။


လင်ခုံးလုသူ့ကိုကြည့်ကာ တမင်ရည်ရွယ်ချက်ရှိရှိမျက်နှာတင်းတင်းဖြင့်ပြောလိုက်သည်။

"ကျွန်တော်ဒေါသထွက်နေတုန်းပဲ။"


ကျန့်စစ်ချက်ချင်းလွှတ်ပေးလိုက်ပြီး သူနှင့်စုန့်ယွင်ဝေတို့အဝေးလျှောက်သွားတာကိုကြည့်ရင်း မျက်နှာထားမဲ့စွာဖြင့်တစ်အောင့်ကြာတိတ်ဆိတ်နေမိပြီးမှ ရုတ်တရက်သူ့နှဖူးကိုနောင်တရစွာအုပ်လိုက်မိသည်။


ရှက်စရာကောင်းလိုက်တာ၊ ငါ့ဘဝမှာဒီလောက်လုံးဝအရှက်မရခဲ့ဖူးဘူး!


ထိုစဥ် ​ယောင်းရီနောက်ဆုံးမှာကားထဲကထွက်လာရဲပြီး သူ့ဆီပြေးလာကာ စိုးရိမ်စွာ(အတင်းအဖျင်း)မေးလိုက်သည်။

"စစ်ကော၊ အဆင်ပြေရဲ့လား။ စစ်ကော၊ မင်းခုနကဘာလို့ပုန်းတာလဲ။ အဲ့လူကဘယ်သူလဲ။ သူကဘာလို့မင်းနဲ့ရှောင်လုကိုရှာ...."


ကျန့်စစ်သူ့ကိုအကြည့်တစ်ချက်ပေးကာဖြတ်မေးလိုက်သည်။

"မင်းဒီလောက်မေးခွန်းတွေအများကြီးဘယ်ကရလာတာလဲ။"


ယောင်းရီ: "အာ။" ဒီအတိုင်းသိချင်လို့ပါဗျာ။


ကျန့်စစ်သူ့ကိုလျစ်လျူရှုကာ မြေကြီးပေါ်လက်တစ်ဖက်ထောက်ရင်းထရပ်လိုက်ပြီး သူ့အောက်နှုတ်ခမ်းကိုလက်ဖမိုးနှင့်သုတ်လိုက်ရာ ဆစ်ခနဲအလိုလိုညည်းလိုက်မိသည်။


ဖာ့ခ်၊ ခပ်ပြင်းပြင်းဖိလိုက်မိတာပဲ။


ယောင်းရီကအလျင်စလိုမေးလာပြန်သည်။

"စစ်ကော၊ ဆေးလိုလား။"


ကျန့်စစ်သူ့ကိုကြည့်ကာမေးလိုက်သည်။

"ဒဏ်ရာပြင်းတဲ့ပုံပေါက်စေတဲ့ဆေးရှိလား။"


"ခရမ်းရောင်အရည်၊ ခရမ်းရောင်အရည်ကိုသုံး၊ ခက်ထန်ပြီး ကြောက်စရာကောင်းစေဖို့အာမခံတယ်။"

ယောင်းရီအကြုံပြုလိုက်သည်။


ကျန့်စစ်: "....ဒါဆိုနည်းနည်းသွားယူခဲ့။"


ယောင်းရီ: "ဟုတ်ကဲ့၊ စစ်ကော၊ ခဏစောင့်နော်၊ ကျွန်တော်ပရော်ဖက်ဆာကုဆီကသွားယူလိုက်အုံးမယ်။"


လင်ခုံးလုနှင့်စုန့်ယွင်ဝေတို့ခုနကနေရာကိုပြန်လျှောက်လာသည်။


ရပ်မြဲရပ်နေရင်း လင်ခုံးလုတုံ့ဆိုင်းစွာမေးမိသည်။

"စုန့်လူကြီးမင်း၊ လူကြီးမင်း...လူကြီးမင်းပြောတာအမှန်ပဲလား။"


"အမှန်ပဲ။" စုန့်ယွင်ဝေခေါင်းငြိမ့်ကာ သူ့မျက်နှာကိုတစ်အောင့်ကြာစိုက်ကြည့်ပြီးမှ သက်​ပြင်းချမိသည်။

"မင်းကအမေနဲ့အရမ်းတူတယ်၊ ကိုယ်မင်းကိုခေါ်ပြီးဗီလာကိုသွားတဲ့နေ့က ကိုယ်သွေးစစ်ချက်ရလဒ်ရလာခဲ့တာ။"


လင်ခုံးလု: "ဟမ်?" အဲ့နေ့ကကျွန်တော့်ကိုလက်မှတ်ထိုးခိုင်းဖို့ရည်ရွယ်ထားတဲ့စာချုပ်ယူခဲ့တာမဟုတ်ဘူးပေါ့?


သူအနည်းငယ်ရှက်ရွံ့သွားရကာမေးလိုက်မိသည်။

"ဒါဆို...ဘာလို့အဲ့တုန်းကမပြောခဲ့တာလဲ။"


ဒါကိုကြားလိုက်ရချိန်စုန့်ယွင်ဝေအပြစ်ရှိစိတ်ခံစားလိုက်ရကာပြောမိသည်။

"ဘာလို့လဲဆိုတော့ မင်းငယ်ငယ်တုန်းကကိုယ်မင်းကိုအဝေးခေါ်သွားခဲ့မိလို့ပဲ..."


ထိုနှစ်ကသူအသက်ဆယ့်ငါးနှစ်ရှိပြီး သူ့ညီလေးမှာနှစ်နှစ်သာရှိသေးကာ သူ့မိဘနှစ်ပါးမှာအလုပ်ရှုပ်နေကြသဖြင့် သူတို့ကသူ့ညီလေးကိုစောင့်ရှောက်ခိုင်းခဲ့ပေမဲ့ သူ့သူငယ်ချင်းကသူ့ကိုဘောလုံးကစားဖို့လာခေါ်ခဲ့သည်။


သူကအလွန်အဆော့သန်ပေရာ သူ့ညီလေးကိုခေါ်သွားပြီး သူ့ဘေးမှာထားခဲ့သည်။ ထို့နောက်သူဘောလုံးကစားနေချိန်တွင် သူ့ညီလေးမှာစုပ်လုံးနှင့်လှည့်စားခေါ်သွားခံခဲ့ရသည်။


ထိုနောက်ပိုင်း၁၆နှစ်လုံးလုံး ထိုနေ့ကသူ့ညီလေးကိုမခေါ်သွားသင့်ဟုစုန့်ယွင်ဝေမရေတွက်နိုင်သောအကြိမ်ပေါင်းများစွာနောင်တရမိပေမဲ့အသုံးမဝင်ပေ။


"တောင်းပန်ပါတယ်။" သူခပ်တိုးတိုးပြောမိသည်။

"ကိုယ်မင်းကိုအဲ့နေ့ကမြင်လိုက်ရတော့ ဘာပြောရမယ်မှန်းမသိတော့ဘူး၊ ကိုယ်မင်းကိုမပြောရဲခဲ့တာ။ ကိုယ်အလုပ်ခရီးကပြန်လာမှမင်းကိုပြောချင်ခဲ့တာ။ ဘူ်သူသိမှာလဲ...."


ဘယ်သူသိမှာလဲ၊ ကမ္ဘာပျက်ကပ်ဖြစ်သွားမယ်လို့လေ။


လင်ခုံးလု: "...." ဒါကအရမ်းခွေးသွေးဆန်တာပဲ။


စုန့်ယွင်ဝေတစ်အောင့်ကြာတုံ့ဆိုင်းသွားရကာ မဝံ့မရဲပြောမိသည်။

"ရှောင်လု၊ ကိုယ်မင်းကိုရှာတွေ့ကတည်းက မင်းကိုယ်နဲ့အတူBမြို့တော်ကိုသွားနိုင်ဖို့ကိုကြီးမျှော်လင့်ထားခဲ့တာ။ ကမ္ဘာကြီးကအခုဆိုမလုံခြုံတော့ဘူး၊ အနာဂတ်မှာကိုကြီးမင်းကိုကာကွယ်ပေးမယ်၊ ကိုကြီးတို့မိဘတွေကလည်းမင်းကိုအဲ့မှာစောင့်နေကြတယ်။"


"ကျွန်တော့်မှာမိဘတွေရှိသေးတယ်လား။"

လင်ခုံးလုအလိုလိုအံ့သြသွားရသည်။


စုန့်ယွင်ဝေမှာထူးဆန်းသွားပုံပင်: "....." မင်းကျောက်တုံးအက်ကွဲကြောင်းထဲကခုန်ထွက်လာတာမဟုတ်ပါဘူးကွာ။


လင်ခုံးလု: "အာ၊ ကျွန်တော်ဆိုလိုတာက ကျွန်တော့်မှာမိသားစုဝင်အများကြီးရှိနေမယ်မထင်ထားမိဘူးလေ။"


စုန့်ယွင်ဝေ၏မျက်လုံးများမှာစိတ်သောကရောက်မှုဖြင့်တစ်ချက်လက်သွားပြန်ကာပြောလိုက်သည်။

"မင်းဒီကိစ္စကိုချက်ချင်းကြီးလက်မခံနိုင်မှန်းကိုယ်သိပါတယ်၊ မင်းကိုကြီးကိုခွင့်လွှတ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့...."


"ဟင့်အင်း၊ မဟုတ်ပါဘူး။"

လင်ခုံးလုအလျင်စလိုလက်ဝှေ့ရမ်းကာပြောလိုက်သည်။

"ကျွန်တော်ကိုကြီးကိုအပြစ်မတင်ပါဘူး၊ ကျွန်တော်ကဒီအတိုင်းအံ့သြသွားရုံပါ။"


ထိုစကားကိုကြားလိုက်ရသော် စုန့်ယွင်ဝေ၏မျက်လုံးများမသိမသာတောက်သွားကာပြောမိသည်။

"ဒါဆို..."


"ဒါပေမဲ့ကျွန်တော်Bမြို့တော်ကိုအခုမသွားချင်သေးဘူး။"

လင်ခုံးလုတောင်းပန်စွာဖြတ်ပြောလိုက်ရသည်။

"နောက်ပိုင်းကျွန်တော့်မှာအခွင့်အရေးရှိလာတဲ့အချိန်ကျမှ ကျွန်တော်Bမြို့တော်ကိုလာပြီးကိုကြီးတို့ကိုလာတွေ့ပါမယ်။"


နည်းလမ်းမရှိပေ၊ ဇာတ်ကြောင်းနှင့်ကျန့်စစ်ကလတ်တလောTမြို့တော်မှာရှိနေသည်။


စုန့်ယွင်ဝေသူ့အကြည့်နောက်လိုက်ကြည့်မိတော့ ခပ်လှမ်းလှမ်းမှာရပ်နေသည့်ကျန့်စစ်ကိုမြင်လိုက်ရသဖြင့် သူ့မျက်နှာမသိမသာနစ်မြုပ်သွားကာ နူးညံ့စွာမေးမိသည်။

"မင်းသူ့ကိုသဘောကျလို့လား။"


လင်ခုံးလုအကြည့်လွှဲလိုက်ပြီး သူ့နားရွက်များမှာတဖြည်းဖြည်းချင်းနီရဲသွားချေသည်။


သူ့တုံ့ပြန်မှုကိုမြင်လိုက်ရတော့ စုန့်ယွင်ဝေနားမလည်ဘဲနေပါ့မလား။ ဒါပေမဲ့ အဲ့ကောင်လေးကသူ့ညီလေးနှင့်မတန်ပေ။


"သူမင်းကိုအထင်လွဲပြီး သူနဲ့အခြားလူရဲ့ကလေးကိုမင်းကိုပြုစုပျိုးထောင်ခိုင်းပြီးတော့....မင်းကိုမိန်းမအဝတ်အစားဝတ်ခိုင်းတာတောင်မှလား။"

စုန့်ယွင်ဝေအဆုံးမှာအံကြိတ်လိုက်မိသည်။


လင်ခုံးလုမှာရှက်လွန်းလို့ မြေကြီးထဲကအက်ကွဲကြောင်းကိုရှာချင်နေမိကာ တိုးတိုးလေးပြောမိသည်။

"ကိုကြီးအထင်လွဲနေပြီ၊ အခြားသူရဲ့ကလေးမဟုတ်ဘူး၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင်မိန်းမအဝတ်အစားကိုလိုလိုလားလားဝတ်ခဲ့တာပါ။"


ဒါကိုကြားသော်စုန့်ယွင်ဝေ၏မျက်နှာမှာရုပ်ဆိုးသွားကာပြောလိုက်မိသည်။

"မင်းကိုသူဦးနှောက်ဆေးထားတာပဲ။"


"မဟုတ်ပါဘူးဗျာ။"

လင်ခုံးလုခေါင်းကိုက်လာပြီ။


စုန့်ကိုကြီးကလည်းဦးနှောက်အပေါက်ရှိတဲ့လူတစ်ယောက်ပဲ၊ သူဘယ်လိုရှင်းပြရမတုန်း? ဒါမှမဟုတ် သူတို့နှစ်ယောက်ကိုတိုက်ခိုင်းလိုက်ရင်ကောင်းမလား။


0687: "ငါအခုပဲစစ်ကြည့်ပြီးပြီ။ စုန့်ယွင်ဝေကမင်းကို၁၆နှစ်လုံးလုံးတကယ်လိုက်ရှာနေခဲ့တာ။ သူကမင်းကိုတကယ်ဂရုစိုက်ပြီးတော့ယုံကြည်လို့ရတယ်။ မင်းဘာလို့သူ့ကိုအမှန်အတိုင်းမပြောပြတာလဲ။"


လင်ခုံးလု: "...." ဒါပေမဲ့အရမ်းရှက်ဖို့ကောင်းတယ်လေ။


သူကျည်ဆံကိုက်ကာထစ်ထစ်အအပြောလိုက်မိသည်။

"အ-အမှန်တော့ ကျွန်တော်နဲ့သူ့ကလေးပါ၊ မမွေးလာသေးတာ။"


စုန့်ယွင်ဝေမှာလန့်သွားကာ ပဟေဠိဖြစ်သွားသယောင်။


လင်ခုံးလုသူ့ဝမ်းဗိုက်အောက်ပိုင်းကိုညွှန်ပြကာတိုးတိုးပြောလိုက်သည်။

"ဒီမှာရှိနေတာ ၊ အဲ့ဒါက...ကျွန်တော့်ခန္ဓာကိုယ်ကထူးခြားနေတာဖြစ်လောက်မယ်။"


စုန့်ယွင်ဝေမှာသူပြောတာကိုနားထောင်ပြီးနောက် သူ့မျက်နှာထားမှာပိုမိုတည်တင်းလာကာ ဘာပြောရမယ်မှန်းတစ်အောင့်ကြာမသိလေတော့။


မင်းပျော်ရဲ့လား။ အင်း။


စိတ်သောကရောက်လား။ အင်း။


ရူးတော့မှာပဲ၊ အရမ်းများလွန်းတယ်!


သူပါးစပ်မဟခင် လင်ခုံးလုအမြန်ပြောလိုက်သည်။

"ဒါကြောင့် ကျွန်တော်ကိုကြီးနဲ့အတူBမြို့တော်ကိုမသွားနိုင်တာ၊ အဓိကအကြောင်းရင်းက..."


"အဓိကအကြောင်းရင်းက လမ်းကအန္တရာယ်အရမ်းများတယ်၊ ရှောင်လုကကိုယ်ဝန်၂လပဲရှိသေးတော့ သူသာခုနကပေါက်ကွဲမှုကြောင့်ထိတ်လန့်သွားရင် ကလေးနဲ့လူကြီးအတွက်မကောင်းဘူး၊ ခင်ဗျားလက်ခံမှရမယ်၊ အစ်! ကို! ကြီး!"

ကျန့်စစ်ကရုတ်တရက်ရောက်လာကာ လင်ခုံးလု၏လက်ကိုဆွဲကိုင်ပြီး မသိမသာအေးစက်သောလေသံဖြင့်ပြောလိုက်သည်။


၎င်းကအမှန်လားအမှားလားမသိပေ။ သူ့ရှောင်လုကိုမပါမခံစေချင်ရင်တော့ နည်းလမ်းမရှိပေ။


စုန့်ယွင်ဝေနှုတ်ဆိတ်နေမိသည်။ ညီလေးမှာကိုယ်ဝန်ရှိနေရင် ခရီးရှည်ကြီးထွက်ရတာကအဆင်မပြေဖြစ်လိမ့်မည်ပင်၊ အထူးသဖြင့်လမ်းကအန္တရာယ်များလွန်းရင်ပေါ့။ ဥပမာဆိုရင် သိပ်မကြာသေးခင်က သူတို့သာဂတ်စ်ဆိုင်ကိုမဖောက်ခွဲလိုက်လို့ရှိရင် သူတို့အဆင့်မြင့်ဇွန်ဘီကိုမသတ်နိုင်လောက်ပေ၊ ဒါပေမဲ့...


ဒီကောင်လေးကဘာလို့ဒီလောက်စကားပြောဆိုးဝါးနေရတာလဲ။


လင်ခုံးလုလည်းတစ်အောင့်ကြာရှက်ရွံ့သွားရကာ ကျန့်စစ်ကိုစိုက်ကြည့်လိုက်ချင်ပေမဲ့ တစ်ဖက်လူ၏မျက်နှာကိုရှင်းလင်းစွာမြင်လိုက်ရချိန်မှာ သူလန့်သွားကာထိတ်လန့်စွာပြောမိသည်။

"ခင်ဗျား၊ ဘာလို့ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာလဲ။"


ရုပ်ပျက်ဆင်းပျက်သွားတဲ့ခင်ပွန်းကိုလိုချင်သေးလား။


0687: "...." မျက်နှာကိုဒီလိုထိန်းချုပ်လို့မရဘူးမလား။


ကျန့်စစ်၏မျက်နှာတစ်ခြမ်းမှာခရမ်းရောင်အရည်နှင့်ဖုံးလွှမ်းနေတာကိုမြင်လိုက်ရချိန်တွင် စုန့်ယွင်ဝေမှာလည်းတိတ်ကျသွားရသည်။


သူဒီလောက်ပြင်းပြင်းထန်ထန်ထိုးလိုက်မိလို့လား။ ဟင့်အင်း။


ကျန့်စစ်ကသူ့နှုတ်ခမ်းထောင့်ကိုလက်ချောင်းထိပ်ဖြင့်ထိကာ ဆစ်ခနဲညည်းလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့။"


"ဘယ်သူကခင်ဗျားကိုစိတ်ပူလို့လဲ။ ကြည့်ရတာအလိမ်းလွန်သွားတဲ့ပုံပဲ။"

လင်ခုံးလုသဘောပေါက်သွားပြီးနောက် သူ့လက်ကိုပစ်ထုတ်ကာ ဒေါသတကြီးပြောလိုက်သည်။

"ခရမ်းရောင်အရည်မှာကင်ဆာဖြစ်စေတဲ့အကျိုးသက်ရောက်မှုရှိတယ်ဆိုပဲ၊ ဒီတော့သတိထားအုံး။"


ကျန့်စစ်: "....."


လင်ခုံးလုပြောပြီးသည်နှင့် စုန့်ယွင်ဝေကိုခေါင်းငြိမ့်ပြီးနောက် လှည့်ထွက်သွားသည်။


ကျန့်စစ်မှာစကားမပြောဘဲ တိတ်တိတ်လေးလိုက်သွားသည်။


လင်ခုံးလုခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် အနောက်လှည့်ကာမေးလိုက်သည်။

"ဘာလို့ကျွန်တော့်နောက်လိုက်နေတာလဲ။"


ကျန့်စစ်နှုတ်ခမ်းစေ့ကာ တိုးတိုးလေးပြောလိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်။"


"ကျွန်တော်ခင်ဗျားကိုခွင့်မလွှတ်ဘူး။"

လင်ခုံးလုပြောကာလှည့်ထွက်သွားသည်။


ကျန့်စစ်ကချက်ချင်းလိုက်သွားသည်။


စုန့်ယွင်ဝေမှာမျက်နှာထက်ဝမ်းနည်းသောမျက်နှာထားဖြင့် နေရာမှာရပ်နေမိသည်။


သူ့ညီလေးကအဲ့ကောင်လေးအနိုင်ကျင့်တာခံခဲ့ရပြီးတော့ အဲ့ကောင်လေးရဲ့ကလေးလွယ်လိုက်ရတယ်၊ သောက်ကျိုးနည်း..ငါဒေါသထွက်လာပြီ။


ဒါပေမဲ့နောက်၈လအကြာတွင် သူ့မှာချစ်စရာကောင်းသောတူ/တူမလေးရှိလာတော့မှာကိုတွေးမိရင်း သူခံစားရအနည်းငယ်ပိုကောင်းသွားသည်။


ဒါကိုမြင်လိုက်ရသော် သူ့ငယ်သားလော့ကျွင့်ခွင်းကရှေ့တိုးကာပြောလာသည်။

"သခင်လေးကလူကြီးမင်းနဲ့အတူမသွားဘူးပေါ့?"

အမှန်တော့သူခန့်မှန်းနိုင်သည်။


စုန့်ယွင်ဝေခေါင်းအသာငြိမ့်ပြလိုက်သည်။


လော့ကျွင့်ခွင်းမှာ"ထင်ထားတဲ့အတိုင်းပဲ"ဟူသည့်မျက်နှာထားကိုဖော်ပြလိုက်မိပြီး တစ်အောင့်ကြာတုံ့ဆိုင်းသွားပြီးမှပြောလိုက်သည်။

"သူတို့ကိုအတူဆက်ရှိခွင့်ပေးမှာလား။"


စုန့်ယွင်ဝေအံကြိတ်လိုက်မိသည်။

"မဟုတ်ရင်ကော?"


ကောင်လေးကအခုဆို"အဖေကကလေးထက်ပိုစျေးကြီးတယ်"ဖြစ်နေပြီလေ၊ သူဘာလုပ်နိုင်မှာလဲ။ ခွင့်မလွှတ်ဘူးလို့သူ့ညီလေးပြောသွားပေမဲ့အမှန်တော့ တစ်ဖက်လူရဲ့မျက်နှာကိုသစ်ပေးဖို့ရေသွားရှာတာကိုမင်းမမြင်ဘူးလား။


"မင်းတို့တွေရှောင်လုနဲ့အခြားသူတွေကိုငါနဲ့အတူTမြို့တော်ကိုအရင်ခေါ်သွားမယ်။" စုန့်ယွင်ဝေထိုနှစ်ယောက်၏ပုံရိပ်ကိုကြည့်ကာအမိန့်ပေးလိုက်သည်။

"Tမြို့တော်ကိုရောက်မှ Bမြို့တော်ကိုဆက်သွယ်ဖို့နည်းလမ်းရှာတာပေါ့။"


ကားဘေးမှာ လင်ခုံးလုကလက်ကိုင်ပုဝါထဲရေတချို့လောင်းထည့်ကာ ကျန့်စစ်၏မျက်နှာပေါ်ကခရမ်းရောင်အရည်များကိုဗလာမျက်နှာထားဖြင့်ကူသုတ်ပေးလိုက်သည်။


ကျန့်စစ်ကခေါင်းအသာငုံ့ကာ သူသုတ်ရလွယ်အောင်လုပ်ပေးသည်။


"ကိုယ်တောင်းပန်ပါတယ်နော်။"

ကောင်လေးသုတ်လို့ပြီးတော့မည့်အချိန်တွင် ကျန့်စစ်ထပ်တောင်းပန်ကာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။


လင်ခုံးလုသူ့ကိုတစ်ချက်ကြည့်ကာတွေးကြည့်မိသည်: ထားလိုက်တော့၊ ဒီလိုသန္ဓေတည်တဲ့နည်းလမ်းကတကယ်ထူးခြားဆန်းကြယ်လွန်းလို့ ငါတောင်အစကမယုံကြည်ခဲ့ဘူးလေ။


"အဟမ်း။" သူလည်ချောင်းရှင်းကာလေးအနက်ပြောလိုက်သည်။

"ကျွန်တော်ခင်ဗျားကိုနောက်ဆုံးတစ်ခေါက်ရှင်းပြမယ်၊ အဲ့ညကခင်ဗျားကျွန်တော့ကိုလာနမ်းပြီးတော့ အဖြူရောင်ပုတီးစေလေးကျွေးခဲ့တယ်၊ ပုတီးစေ့ကလေစီးကြောင်းအဖြစ်ပြောင်းသွားပြီးတော့ ကျွန်တော့်ဗိုက်ထဲရောက်သွားတာ၊ အဲ့ဒါပဲ။"


ကျန့်စစ်: "..." ကိုယ်ကမကောင်းဆိုးဝါးလား။ ပုတီးစေ့ကဗိုက်ထဲဝင်သွားပြီးတော့ကလေးဖြစ်လာတာလား။


"ခြုံပြောရရင် ကျွန်တော်မျိုးရိုးဗီဇစမ်းသပ်ချက်လုပ်ရရင်တောင် ကျွန်တော်မကြောက်ဘူး။ ယုံချင်ယုံမယုံချင်နေ၊ ဒါပေမဲ့ကျွန်တော်တစ်ယောက်ယောက်နဲ့ဖြစ်တယ်ဆိုပြီး ခင်ဗျားတွေးရဲရင်တော့...."


ကျန့်စစ်ရုတ်တရက်သူ့ပါးစပ်ကိုအုပ်ကာကြားဖြတ်ပြောလိုက်သည်။

"ကိုယ့်အမှားပါ၊ ဘယ်သူမှမဟုတ်ဘူး၊ ကိုယ်ပဲ!"


လင်ခုံးလု: သိပ်မဆိုးဘူးပဲ။


ဒါပေမဲ့သူတစ်ဖက်လူ၏လက်ကိုဆွဲကာပြောလိုက်သေးသည်။

"ကျွန်တော်ခင်ဗျားကိုခွင့်မလွှတ်သေးဘူးနော်။"


ဒီကိစ္စကြောင့်နှောင့်နှေးမှုနှင့် ရှေ့ကလမ်းပိတ်သွားမှုကြောင့် သူတို့အနောက်လှည့်ကာလမ်းရှာရပြန်သဖြင့် Tမြို့တော်ကိုမမှောင်ခင်ရောက်ဖို့ကျရှုံးသွားသည်။


"တကယ်တော့သိပ်မဆိုးပါဘူး၊ ငါတို့အဲ့ကိုမနက်ဖြန်မနက်ရောက်မယ်ထင်တယ်။" သူတို့စခန်းချချိန်တွင်ယောင်းရီလူတိုင်းကိုတိုက်တွန်းပြီးနောက် ကျန့်စစ်ကိုသွားမေးလိုက်သည်။

"စစ်ကော၊ ကျွန်တော့်အထင် စုန့်လူကြီးမင်းနဲ့သူ့တဲတွေကလုံလောက်ပုံမရဘူး၊ မင်းသူတို့ကိုနှစ်ခုပေးချင်လား။"


ဟုတ်တယ်၊ စုန့်ယွင်ဝေရဲ့​အဖွဲ့ကလည်းသူတို့နှင့်အတူလာခဲ့တယ်။ တစ်ဖက်လူကစစ်ကောနဲ့ရှောင်လုကိုလာမခွဲပေမဲ့ လာပေါင်း....အဟမ်း။


ယောင်းရီသူ၏အတွေးများကိုအမြန်ရပ်ပစ်ကာ ကျန့်စစ်ကိုသေချာလေးတစ်ချက်ကြည့်လိုက်သည်။


ကျန့်စစ်ကစုန့်ယွင်ဝေကိုလှမ်းကြည့်ကာ အေးစက်စက်ဆိုသည်။

"ဒါဆိုနှစ်ခုပေးလိုက်။"


ယောင်းရီ: "ဟုတ်။"


"နေအုံး။" ကျန့်စစ်ရုတ်ခြည်းသူ့ကိုတားကာ တုံ့ဆိုင်းစွာပြောလိုက်သည်။

"ရှောင်လုရှေ့မှာလုပ်ဖို့မမေ့နဲ့၊ မင်းစိတ်မရှိရင် ငါမင်းကိုလုပ်ခိုင်းတာလို့ပြော။"


သူကားသူ့နာမည်ကိုမချန်ရစ်ဘဲ ကုသိုလ်လုပ်သည့်လူတစ်ယောက်မဟုတ်ပေ။


ယောင်းရီ: "...." စစ်ကော၊ မင်းပြောင်းလဲသွားပြီ၊ အခုတော့မင်းအရင်လိုမဟုတ်တော့ဘူး၊ သီးခြားမဆန်တော့ဘူးပဲ။


စုန့်ယွင်ဝေကတဲကိုမြင်လိုက်ရပြီးနောက် "မဆိုးပါဘူး"ဟုမှတ်ချက်ပေးသည်။


လင်ခုံးလုတန်းအိပ်ပျော်သွားပြီး တစ်နေ့ကုန်ကားစီးပြီးနောက်အလွန်ပင်ပန်းနေပြီမို့ သူလှဲချကာ မထချင်တော့ပေ။


ဒါပေမဲ့ဝေဝေဝါးဝါးဖြင့် သူတစ်ခုခုကိုမေ့နေသယောင်တဝိုးတဝါးခံစားလိုက်ရသည်။


ညလယ်ခေါင်၁၂နာရီတွင် ညဘက်စောင့်ကြည့်နေသည့်ကျန့်စစ်မှာရုတ်တရက်ပင်ပန်းလာကာတဖြည်းဖြည်းချင်းမျက်စိမှိတ်လိုက်မိသည်။ ဆယ်မိနစ်ကြာပြီးနောက် သူရုတ်တရက်ခေါင်းမော့လာပြန်ကာ သူ့မျက်လုံးနီတို့ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။


"ကလေး​လေး။" သူနူးညံ့စွာရေရွတ်လိုက်ပြီး သူ့မျက်လုံးနီတို့ကတဲများပေါ်တွင်ဝေ့ဝဲသွားကာ သူခပ်မြန်မြန်ပစ်မှတ်ကိုရှာပြီး ထရပ်ကာတည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။


စုန့်ယွင်ဝေလည်းစောင့်ကြပ်နေပြီး သူရုတ်တရက်ထရပ်လိုက်တာကိုမြင်ပေမဲ့ အစကအရေးမစိုက်မိပေ။ ဒါပေမဲ့သူကလင်ခုံးလု၏တဲဆီသွားနေတာကိုမြင်လိုက်ရတော့ သူရုတ်တရက်စိတ်မကောင်းဖြစ်လာသည်။


ညလယ်ခေါင်မှာ ရှောင်လုကကိုယ်ဝန်ရှိနေသေးတာကို ဒီကျန့်မျိုးရိုးကတဲထဲမှာဘာလုပ်ဖို့ကြိုးစားနေတာလဲ။


သူတည်တင်းသောမျက်နှာဖြင့်အရှေ့လျှောက်သွားကာ တဲကိုပင့်တင်ဖို့ပြင်နေသည့်ကျန့်စစ်၏လက်ကိုပိတ်တားလိုက်ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"မင်းဘာလုပ်နေတာလဲ။"


ကျန့်စစ်ခေါင်းလှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးနီနီတို့မှာမသိမသာကျဥ်းမြောင်းသွားကာ သူ့မျက်နှာထားမှာအန္တရာယ်တစ်ချက်ဖြတ်ပြေးသွားသည်။


စုန့်ယွင်ဝေမှာသူ့ကိုတုန်ရီသွားစေသည့်အရှိန်အဝါတစ်ခုကိုရုတ်ခြည်းခံစားလိုက်ရသဖြင့် မအံ့သြမိဘဲမနေနိုင်။


ကျန့်စစ်ကဒီလောက်သန်မာတယ်လား။


ဒါပေမဲ့ သူ့ရဲ့အရှိန်အဝါပျောက်သွားလို့မရဘူးလေ၊ သူ့မျက်လုံးနီနေတော့ကောဘာဖြစ်လဲ?


"မင်းအိပ်ချင်ရင် မင်းအခြားတဲကိုသွားလို့ရတယ်၊ ရှောင်လုကိုအနှောင့်အယှက်မပေးနဲ့၊ ပြီးတော့...."


စုန့်ယွင်ဝေတန့်သွားကာ ဖိအားအောက်မှာပြောလိုက်သည်။

"ရှောင်လုကမင်းကိုခွင့်မလွှတ်သေးဘူး၊ မနက်ဖြန်သူနိုးလာရင် ဒေါသထွက်သွားမှာမကြောက်ဘူးလား။"


ဒေါသထွက်မယ်?


ကျန့်စစ်တစ်အောင့်မျှကြောင်အမ်းသွားရကာ သူ့မျက်ဝန်းထဲမှာသံသယတစ်ချက်လက်သွားသည်။


သူကလေးလေးကိုဘယ်တုန်းကစိတ်ဆိုးအောင်လုပ်ခဲ့မိလို့လဲ။ အော်၊ သိပြီ၊ နေ့ဘက်ကအရူးဖြစ်မယ်။


ဒါပေမဲ့ အမှားကအဲ့အရူးလုပ်တာကို သူကဘာလို့ဆွဲသွင်းခံရမှာလဲ။


ငါစိတ်မကောင်းဖြစ်မိတယ်၊ ငါအဲ့အရူးကိုထိုးပစ်ချင်ပေမဲ့ ငါလုပ်လို့မရမှတော့...


ငါ့ရှေ့ကတစ်ယောက်ဆိုရင်ကော?


ကျန့်စစ်၏မျက်လုံးနီထဲမှာစိတ်လှုပ်ရှားမှုတစ်ချက်ဖြတ်ပြေးသွားကာ သူ့အနားကအရှိန်အဝါမှာရုတ်ခြည်းခက်ထန်လာသည်။


အန္တရာယ်ကိုအာရုံခံမိရင်း စုန့်ယွင်ဝေသူ့ကိုချက်ချင်းလွှတ်ပေးကာ ​ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိပြီး သူ့လက်ဖဝါးထဲမှာအပြာရောင်လျှပ်စီးကြောင်းပေါ်လာသည်။


တိုက်ပွဲစတော့မည့်အချိန်တွင် လင်ခုံးလုနောက်ဆုံးမှာစနစ်ကြောင့်နိုးလာပြီး တဟုန်ထိုးပြေးထွက်ကာသူတို့ကိုတားလိုက်ရသည်။

"မတိုက်နဲ့!"


သူကားယုန်ညအိပ်ဝတ်စုံဝတ်ထားဆဲဖြစ်သဖြင့် ကျန့်စစ်ကိုခေါင်းကိုက်စွာနှစ်သိမ့်ပေးကာပြောလိုက်ရသည်။

"ဒါကျွန်တော့်ကိုကြီး၊ သူ့ကိုမထိနဲ့။"


ထို့နောက်သူစုန့်ယွင်ဝေကိုပြောလိုက်သည်။

"ကျွန်တော်တောင်းပန်ပါတယ်၊ ဒီ...သူကညဘက်ကျရင်ဒီနေရာမှာပြဿနာရှိလို့ပါ။"


သူကူကယ်ရာမဲ့သောမျက်နှာထားဖြင့် ခေါင်းကိုညွှန်ပြလိုက်မိသည်။


ကျန့်စစ်နှင့်စုန့်ယွင်ဝေတို့နေ့ဘက်တိုက်ခိုက်လို့ရှိရင် လင်ခုံးလုသေချာပေါက်စိတ်ပူမှာမဟုတ်။ သူတို့နှစ်ယောက်လုံးကကျိုးကြောင်းဆက်စပ်နိုင်ကာ အတိုင်းအတာကိုသိသည်။


ဒါပေမဲ့ ဒီည....ကျန့်စစ်ကစုန့်ယွင်ဝေကိုတိုက်ရိုက်သတ်ပစ်လိုက်မှာသူတကယ်စိုးရိမ်မိတယ်။ အဆုံးတွင် ဒါကဇွန်ဘီအကောင်တစ်သိန်းကိုခြောက်လွှတ်နိုင်တဲ့ဇွန်ဘီဘုရင်လူကြီးမင်းလေ။


အိုး၊ ဒီဟာကိုဘယ်လိုခေါ်ပါလိမ့်။


_________