Chapter(49)
Viewers 12k

လင်ခုံးလုရုတ်ခြည်းရှက်သွားရကာ အမြန်ရှင်းပြလိုက်ရသည်။

"စုန့်လူ...ကိုကြီး၊ ကိုကြီးအထင်လွဲနေတာပါ၊ တကယ်တော့ကျွန်တော်သူနဲ့ဟာသပြောနေတာရယ်?"


"ဟာသ?" စုန့်ယွင်ဝေလက်ချောင်းကြားရှိအပြာရောင်လျှပ်စီးကွေးမှာအနည်းငယ်မှိန်သွားသည်။


ကျန့်စစ်ကမှင်သေသေဆိုသည်။

"အဆုံးမှာ မျိုးဆက်ကွာဟမှုရှိနေတော့ သူနားမလည်တာပုံမှန်ပါပဲလေ။"


စုန့်ယွင်ဝေ: "....." မင်းတို့ရဲ့ဝါသနာတွေကိုငါတော်တော်လေးနားမလည်ဘူးရယ်။


သူဒီကောင့်ကိုအာရုံမစိုက်တော့ဘဲ သူ့စွမ်းရည်ကိုသိမ်းကာ ဟိုဘက်လှည့်ပြီးသူ့ညီလေးကိုကြည့်ကာ မသိမသာချဥ်တူးနေသောလေသံဖြင့်-

"ရှောင်လု၊ မင်းကိုယ့်ကိုကျကိုကိုလို့တစ်ခါမှမခေါ်ဖူးဘူးနော်။"


လင်ခုံးလု: "အာ။" ကိုကြီးကကိုကိုနဲ့အတူတူပဲမဟုတ်ဘူးလား။


သူတစ်အောင့်ကြာတုံ့ဆိုင်းသွားပြီးမှပြောလိုက်သည်။

"ဒါဆို....ကိုကို?"


စုန့်ယွင်ဝေပြုံးလိုက်ပြီး သူ့မျက်လုံးများမှာပျော်ရွှင်မှုအပြည့်နှင့်ပင်။


ကျန့်စစ်မဖော်ပြနိုင်လောက်အောင်ဝမ်းနည်းသွားရကာ လင်ခုံးလုမျက်နှာကိုစိုက်ကြည့်ပြီး အလေးအနက်ပြောမိသည်။

"သူ့ကြောင့်မင်းကိုယ်နဲ့လမ်းခွဲပြီးကတည်းက မင်းကိုယ့်ကိုကိုကိုလို့သိပ်မခေါ်တော့ဘူးနော်။"


ဘာပဲဖြစ်ဖြစ် သူလည်းကြားချင်တယ်။


လင်ခုံးလု: "?" ဒါကလည်းသဝန်တိုဖို့ထိုက်တန်တာလား။


စုန့်ယွင်ဝေ: "...." ဘာလို့ဒီယောက်ဖကသိပ်ကိုစိတ်ပျက်စရာကောင်းရတာလဲ။


လုံးဝလျစ်လျူရှုခံထားရသည့်နဥ်ကျယ်ကဆိုသည်: "....."


သူမိန်းမောလျက်တွေးမိသည်: ဘာတွေဖြစ်ကုန်တာလဲ။ လူနှစ်ယောက်ကယောက်ျားတစ်ယောက်အတွက်ပြိုင်ဆိုင်နေကြတာလား။ ငါ့ရှေ့ကလက်ဖက်စိမ်းလေးကတကယ်ကြီးလှေနံနှစ်ဖက်နင်းနေတာလားဟ။ နိုးနိုး၊ အရှင်သခင်သွမ့်ရွှေပြောတာမှန်တယ်၊ သူအတော်လေးအောင်အောင်မြင်မြင်လုပ်ခဲ့တာပဲ။


ဒါပေမဲ့ အရင်ဘဝတုန်းက ဒီလက်ဖက်စိမ်းလေးဟာဇာတ်လိုက်နှင့်လမ်းခွဲပြီးနောက်ပိုင်းပြန်ကပ်ချင်ကာ ဇာတ်လိုက်ကိုနည်းမျိုးစုံဖြင့်စတော့ခ်ပေမဲ့ ကျရှုံးသွားခဲ့သည့်အမြှောက်စာဇာတ်ကောင်သက်သက်ဖြစ်ကြောင်းသူမှတ်မိသည်။


ဇာတ်လိုက်၏ဇာတ်ကောင်စရိုက်ဟာလည်းအပြောနှင့်မညီပေ။ ဘယ်မှာလဲသွေးအေးတဲ့ဇာတ်လိုက်? လူမှားတာလား။ သေစမ်း၊ သူကတော့လက်ဖက်စိမ်းအရူးလုပ်တာခံနေရတဲ့ငတုံးတစ်ကောင်ကိုပဲမြင်တယ်။


လင်ခုံးလုသူ့အကြည့်ကိုသတိထားမိပေမဲ့ စကားတစ်ခွန်းမဆိုဘဲပြုံးလိုက်သည်။


လက်ဖက်ရည်ကအဓိကမဟုတ်ဘူး၊ အဓိကကလက်ဖက်ရည်ဖျော်တဲ့သူကွ။ လက်ဖက်ရည်ကြိုက်တဲ့သူတွေကချစ်စရာကောင်းတယ်လို့ခံစားရမှာပဲ၊ မကြိုက်တဲ့သူတွေကတော့ နဥ်ကျယ်ယောင်ဆောင်တာအသုံးမဝင်ဘူး။


သူတို့ကြားရှိလေထုအနည်းငယ်ထူးဆန်းလာချိန်မှာ သဘာဝလွန်စွမ်းအားရှင်အများအပြားကကားထဲမှခုန်ထွက်လာကြသည်။


ခေါင်းဆောင်မှာအသက်လေးဆယ်ခန့်ရှိပြီး ယူနီဖောင်းဝတ်ထားကာ ကားထဲကထွက်လာပြီးနောက်ကျန့်စစ်နှင့်သူတို့သုံးဦးဆီလျှောက်လာကာ စိတ်အားထက်သန်စွာဆိုသည်။

"မင်းတို့တွေအခြေစိုက်စခန်းကိုလာကြတာလား။ အိုး၊ ကြိုဆိုပါတယ်ကွာ၊ မင်းတို့ပထမဆုံးရောက်လာချိန်မှာငါတို့ကိုမျက်နှာသာအကြီးကြီးပေးလိုက်တာပဲကွ။"


ဖူကျန့်ဖင်းမှာအလွန်စိတ်လှုပ်ရှားလျက်၊ ထိုအဆင့်၈ဇွန်ဘီမှာသူ့ရှေ့ကလူနှစ်ယောက်သတ်တာခံလိုက်ရမှန်း ခုနကသူကားထဲမှာမြင်ခဲ့ရသည်။


ထိုတင်မကသေး၊ ဒီလူတချို့မှာအထူးစွမ်းရည်များရှိသဖြင့် ဇွန်ဘီထောင်ချီတို့၏ဦးခေါင်းများကိုတမဟုတ်ချင်းဖောက်ခွဲပစ်နိုင်ခဲ့သည်။ ထိုလူကဘယ်သူမှန်းသူမမြင်လိုက်ပေမဲ့လည်း ဇွန်ဘီများလဲကျသွားသည့်နေရာပေါ်အခြေခံကြည့်ရင် တစ်ဖက်လူကအသစ်ရောက်လာသူများထဲကမှန်းသူသေချာသိသည်။


ဒီလူတွေကရှားပါးတဲ့ပါရမီရှင်မို့ သူတို့ကိုအခြေစိုက်စခန်းထဲမှာထားရမည်ပင်။


ကျန့်စစ်ကဖော်ရွေခြင်းမရှိဘဲ ထိုစကားများကိုကြားလိုက်ရအပြီးတွင်သူက"အင်း"ဟုခေါင်းအသာငြိမ့်ကာတုံ့ပြန်လိုက်ပြီးမှ မေးလိုက်သည်။

"မြို့ထဲကိုဝင်ဖို့ဘာလိုအပ်လဲ။ ဘယ်လောက်ကြာမှာလဲ။"


ဖူကျန့်ဖင်းကအလျင်အမြန်လက်ဝေ့ယမ်းကာဆိုသည်။

"သိပ်မကြာပါဘူးကွ၊ သွေးစစ်ပြီးတော့ သီးသန့်ထားပြီး လေ့လာစမ်းစစ်တာ ၂၄နာရီလောက်ပဲကြာမှာ။"


"သွေး...." လင်ခုံးလုမေ့လဲချင်လာသည်။


"စိတ်မပူပါနဲ့၊ မနာပါဘူး။"

ကျန့်စစ်နှစ်သိမ့်လိုက်ပေမဲ့ သူ့မျက်ခုံးများမှာမသိမသာတွန့်ခေါက်သွားသည်။


သွေးစစ်ချက်ကရှောင်လုမှာကိုယ်ဝန်ရှိနေမှန်းဖော်ထုတ်လိုက်ရင်....


ထိုစဥ်ပရော်ဖက်ဆာကုလည်းကားထဲကထွက်လာကာ သူ့စိုးရိမ်ပူပင်မှုများကိုသိထားရင်း သူ့ကိုနှစ်သိမ့်ပေးလာသည်။

"စိတ်မပူပါနဲ့ကွာ၊ ပုံမှန်ဆိုရင်ဇွန်ဘီဗိုင်းရပ်စ်ကူးစက်မှုရှိမရှိကိုပဲစစ်ဆေးတာပါကွ။"


"ဟုတ်ပါတယ်။" ဖူကျန့်ဖင်းခေါင်းငြိမ့်လိုက်ပြီး သူခေါင်းလှည့်ကာလူကိုကြည့်လိုက်ချိန်တွင် သူအံ့သြသွားရသည်။

"ခင်ဗျားကပရော်ဖက်ဆာကုမလား။ ဘုရားရေ၊ နောက်ဆုံးတော့ခင်ဗျားဒီရောက်လာပြီပေါ့။ ခင်ဗျားကိုသွားခေါ်ဖို့တာဝန်ကျတဲ့ရှောင်ရှဲ့ကောဘယ်မှာလဲ။"


ရှဲ့လင်ရှင်းမျက်လုံးလှိမ့်လိုက်မိပြီး ရှေ့တိုးကာပြောလိုက်သည်။

"သေပြီ။"


ဖူကျန့်ဖင်းသူမအတွက်စီစဥ်ပေးခဲ့သည့်ဝန်ထမ်းမှာသေဆုံးသွားတာကြာပြီပင်၊ သူမရဲ့ကံကောင်းမှုကိုကျေးဇူးတင်ရမည်၊ သူမကျန့်စစ်၊ စုန့်ယွင်ဝေနှင့်အခြားသူတို့နှင့်တွေ့ဆုံခဲ့ရသည်။


ဖူကျန့်ဖင်းရှက်သွားသည်။

"ဒီမိန်းကလေးစကားပြောပုံကိုကြည့်အုံး၊ သူမဘာလို့သေသွားရတာလဲ။"


ဒါပေမဲ့ ရောဂါပိုးမွှားဗေဒပညာရှင်ရောက်လာသည့်အပြင် အခြေစိုက်စခန်းမှာသဘာဝလွန်စွမ်းအားရှင်အနည်းငယ်ထပ်ပေါင်းလာတော့မည်ကိုတွေးမိရင်း သူပျော်ရွှင်သွားရပြန်ကာ စိတ်အားထက်သန်စွာပြောလိုက်သည်။

"သွားကြစို့၊ လူတိုင်းပဲ ဒီအလောင်းပုံထဲမှာရပ်မနေဘဲ မြို့ထဲကိုအမြန်သွားကြရအောင်။"


နှုတ်ခွန်းဆက်မှုအောက်တွင် လူတစ်စုမှာအမြန်အပြန်အလှန်နှုတ်ဆက်ပြီး ရှေ့ဆက်သွားကြသည်။


လုံးဝလျစ်လျူရှုခံထားရသည့်နင်ကျယ်: "......"


သူဒီမှာတစ်ယောက်ထဲရပ်နေတာကို ဒီလူတစ်စုမှာမျက်လုံးမပါကြဘူးလား။


အဆုံးတွင် ဖူကျန့်ဖင်းကသူ့ကိုတွေးမိသွားကာ အမြန်နောက်လှည့်ပြီးပြောလာသည်။

"အယ်၊ ရှောင်နဥ်၊ ဘာလို့အဲ့မှာရပ်နေသေးတာတုန်း? မင်းမြို့တော်ကိုပြန်သွားရမယ်လေ။"


နဥ်ကျယ်မှာသူ၏မည်းမှောင်မှုကိုချက်ချင်းဖြုတ်ချကာ ပြုံးလျက်ပြောလိုက်ရသည်။

"ကျွန်တော်အဲ့မှာရှိနေပါ့မယ်။"


ထိုသို့ပြောပြီးနောက် သူ့အပြုံးမှာတဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။


တစ်ခုခုတော့မှားနေပြီ၊ ဇာတ်လိုက်ရဲ့ဇာတ်ကြောင်းနဲ့ဇာတ်ကောင်စရိုက်ကပျက်စီးသွားပြီ၊ ဒီဟာတွေအားလုံးရဲ့အရင်းအမြစ်ကလင်ခုံးလုဖြစ်ပုံရတယ်။ တစ်ဖက်လူကသူ့လိုမျိုးပင်မကမ္ဘာကတာဝန်ထမ်းဆောင်သူများဖြစ်နေမလား။


သူသိသလောက်ကတော့ ကမ္ဘာငယ်လေးတွေကိုဖြတ်သန်းသွားနေတဲ့လူနှစ်စုရှိတယ်၊ တစ်ခုကသူတို့ဘုရားကျောင်း၊ နောက်တစ်ခုကအင်ပါယာရဲ့တရားစီရင်ပိုင်ခွင့်အောက်ရှိနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနပဲ။ ဘုရားကျောင်းကတစ်ယောက်ယောက်သာဆိုရင် သူမသိတာမဖြစ်နိုင်ဘူး၊ ဒါဆို....


နဥ်ကျယ်၏စိတ်မသိမသာလှုပ်ခတ်သွားကာ ရုတ်ခြည်းလင်ခုံးလုဆီလျှောက်သွားကာမဝံ့မရဲပြောလိုက်သည်။

"မင်းလင်ကျင်းစစ်ကိုသိလား။"


ဒီဟာကပင်မကမ္ဘာကအာဏာရှင်ရဲ့နာမည်ပဲ၊ လက်ဖက်စိမ်းလေးကနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကအဖွဲ့ဝင်တစ်ယောက်သာဆိုရင် သူဒီဘော့စ်ကြီးရဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာသေချာပေါက်တုံ့ပြန်မှာပဲ။


ဒါပေမဲ့လည်း ဒီဟာကိုကြားလိုက်ရပြီးနောက်လင်ခုံးလုလန့်သွားကာ သူ့မျက်လုံးများမှာဗလာကျင်းသွားသည်။


သူ့တုံ့ပြန်မှုကိုမြင်လိုက်ရတော့ နဥ်ကျယ်ပဟေဠိဖြစ်သွားရပြန်ကာ တွေးမိသည်: ငါခန့်မှန်းတာမှားသွားတာလား။


လင်ခုံးလု: "လင်ကျင်းစစ်ကဘယ်သူလဲ။ ဒီbugလေးကငါ့ကိုဘာလို့ရုတ်တရက်ဒီနာမည်ပြောလာတာလဲ။"


0687: "ဘုရားရေ၊ ဒါကငါတို့အရှင်မင်းကြီးရဲ့နာမည်၊ မင်းကိုလစာပေးနေတဲ့တစ်ယောက်လေ။"


လင်ခုံးလု: "အော်၊ အရင်ကမ္ဘာကငါ့ချစ်သူရဲ့နာမည်နဲ့တော်တော်လေးဆင်တယ်နော်။"


0687: "...." အဲ့တော့ဘာဖြစ်တုန်း?


အဲ့တော့ဘာမှမဖြစ်ဘူးလေ၊ လင်ခုံးလုခေါင်းနှစ်ချက်ခါလိုက်ရုံသာရှိသေး၊ ကျန့်စစ်ကသူ့ကိုဆွဲခေါ်သွားသည်။


"သူ့ကိုစကားမပြောနဲ့။" ကျန့်စစ်အသံနှိမ့်လိုက်သည်။ "ဒီလူကလျို့ဝှက်တယ်၊ သူတမင်သက်သက်ချဥ်းကပ်လာတာ၊ သူ့ရည်ရွယ်ချက်ကမသန့်ရှင်းဘူး။"


လင်ခုံးလုအံ့သြသွားရသည်: "ကိုကိုကတအားအံ့သြစရာကောင်းတာပဲ။"


မင်းတကယ်မြင်တာကို အရင်ကဘာလို့ငါ့ကိုမမြင်ခဲ့တာလဲဟ။ မင်းအဆောင်အောက်ထပ်ကိုနေ့တိုင်းစားစရာလာလာပို့နေခဲ့တာလေ၊ ရည်ရွယ်ချက်ကတကယ်မသန့်ရှင်းဘူးမလား။


ကျန့်စစ်ကသူဘာစဥ်းစားနေမှန်းခန့်မှန်းမိပုံရကာ ရုတ်ခြည်းသူ့နားထဲတီးတိုးပြောလာသည်။

"အဲ့တုန်းကမင်းရဲ့ရည်ရွယ်ချက်ကအရမ်းရိုးစင်းတယ်၊ အမြဲတမ်းကိုယ်ဖြစ်နေခဲ့တာကို။"


လင်ခုံးလု: "...." ဖာ့ခ်၊ သူအဖော်ခံလိုက်ရတာကြာပြီကိုး။


ကျန့်စစ်အပြုံးကိုဖိနှိပ်လိုက်သည်၊ သူလူငယ်လေးကိုပြောမှာမဟုတ်။ အမှန်တော့ ထိုအချိန်တုန်းကသူအဆောင်အောက်ထပ်မှာတမင်ရည်ရွယ်ချက်ရှိရှိမကြာခဏနေထိုင်ခဲ့ပြီး လူငယ်လေးလျှပ်စစ်စကူတာလေးနှင့်ရောက်လာတိုင်း သူအဆောင်ကိုအခုမှပြန်လာချင်ယောင်ဆောင်ကာ ပါဆယ်ကိုအပေါ်ထပ်သယ်သွားဖို့သူ့အကူအညီလိုလားဟုတစ်ဖက်လူကိုမေးခဲ့တာဖြစ်သည်။


ထိုအချိန်ကသူဟာကျန့်စစ်ကိုအကွက်ဆင်နေခဲ့သည့်တစ်ယောက်ဟုလင်ခုံးလုအမြဲထင်နေခဲ့သည်။ ဒါပေမဲ့ကျန့်စစ်အမြင်မှာတော့ သူယက်ထားတဲ့ပိုက်ကွန်ထဲဖြည်းဖြည်းချင်းကျလာခဲ့တဲ့ယုန်ဖြူလေးတစ်ကောင်ဖြစ်သည်။


ဒီလူအနည်းငယ်ကိုအခြေစိုက်စခန်းထဲချက်ချင်းခေါ်သွားနိုင်ဖို့ဖူကျန့်ဖင်းဆန္ဒရှိပေမဲ့လည်း စည်းမျဥ်းအရ အခြေစိုက်စခန်းထဲကိုဘယ်သူပဲဝင်ချင်ပါစေ သူတို့ကိုသီးသန့်ထားမှရမည်ပင်။


သဘာဝကျကျပင်၊ လင်ခုံးလုနှင့်အခြားသူတို့မှာကန့်ကွက်ချက်မရှိပေမဲ့ ၂၄နာရီကွာရန်တင်းဝင်ချိန်မှာ နဥ်ကျယ်ကကွာရန်တင်းအခန်းထဲသုံးကြိမ်ဝင်သွားခဲ့သည်။


မျက်ကန်းများပင်သူ၏တကယ့်ပစ်မှတ်ကိုမြင်နိုင်ပေရာ သူတို့မနေနိုင်ဘဲလင်ခုံးလုကိုသနားစွာကြည့်လိုက်မိသည်။


လင်ခုံးလု: "....." ဘာလို့မင်းတို့ရဲ့မျက်နှာအမူအရာတွေက"ငါဦးထုပ်စိမ်းအဆောင်းခံရတော့မယ်"ဆိုပြီးဖြစ်နေကြတာတုန်း? ကျန့်စစ်ကလုပ်ရဲလို့လား။


ဟုတ်တာပေါ့၊ ကျန့်စစ်ကမလုပ်ရဲပေ၊ ဒါပေမဲ့၎င်းကလူတိုင်းသူ့ကိုနှစ်သိမ့်မရပ်စေပေ။


"ညီလေးရှောင်လု၊ စစ်ကောကသူ့ကိုသေချာပေါက်သဘောမကျပါဘူး။"


"ညီလေးရှောင်လု၊ ကျန့်စစ်မင်းကိုငြင်းရဲရင် မင်းငါတို့စုန့်လူကြီးမင်းနဲ့သွားလို့ရတယ်နော်။"


"ညီလေးရှောင်လု၊ မင်းကိုယ့်ကိုဘယ်လိုထင်လဲဟင်?"


လူတိုင်း: "???" နေပါအုံးဟ၊ မင်းကဘယ်ကရောက်လာတာတုန်း?


လင်ခုံးလုလည်းသံသယဖြင့်ကြည့်လိုက်ပြီးမှမှတ်မိသွားသည်။


၎င်းမှာမနေ့ကစွမ်းရည်အသုံးလွန်မှုကြောင့်သွေးအန်ခဲ့တာမို့ သူရေမွှေးပုလင်းလေးပစ်ပေးခဲ့တဲ့လူငယ်လေးဖြစ်သည်။ စွင်းယင့်ရန်ဟုခေါ်ပုံပင်။


လူတိုင်းသူ့ကိုကြည့်နေမှန်းစွင်းယင့်ရန်သတိထားမိသွားပြီး တမဟုတ်ချင်းရှက်သွေးဖြာသွားကာထစ်ထစ်အအပြောမိသည်။

"ဟုတ်သား၊ စုန့်လူကြီးမင်းကကျွန်တော့်ကိုအဲ့လိုပြောခိုင်းလိုက်တာရယ်။"


လူတိုင်း: လစ်လိုက်တော့၊ သတ္တိကြောင်ချက်!


စုန့်ယွင်ဝေကသူ့ဘေးမှာရှိနေကာ ခပ်မိုက်မိုက်ပြောလာသည်။

"ဖိုက်တင်း ရှောင်စွင်းရ၊ မင်းကိုယ့်​ညီလေးကိုလိုက်နိုင်ရင်မင်းကိုကပ္ပတိန်အဖြစ်ရာထူးတိုးပေးမယ်၊ မနေ့ကရှောင်လုကမင်းအတွက်သီချင်းဆိုပေးခဲ့တော့ မျှော်လင့်ချက်ရှိပါတယ်။"


ထိုစကားကိုကြားလိုက်ရချိန် စွင်းယင့်ရန်မှာပို၍ပင်ရှက်သွေးဖြာသွားတော့သည်။


လင်ခုံးလုမှာစုန့်ယွင်ဝေကိုဆွံ့အစွာကြည့်ကာပြောမိသည်။

"ကိုကြီး၊ ပြဿနာမရှာပါနဲ့တော့ဗျာ။"


စုန့်ယွင်ဝေကဖရဲသီးစေ့စားကာ ပျင်းရိပျင်းတွဲပြောလာသည်။

"ကိုယ်ပြဿနာမရှာပါဘူး၊ ယောက်ျားသီလကိုမလိုက်နာရင် ဘာဖြစ်မလဲဆိုတာတစ်ယောက်ယောက်ကိုအသိပေးဖို့မင်းကိုကူညီနေရုံတင်ပါ။"


"ခွီး ဟားဟား--"


ဒါကိုကြားလိုက်ရသော် အခန်းထဲလူတိုင်းမှာချက်ချင်းအော်ရယ်မိကြပေမဲ့ အပြုံးတစ်ပွင့်နှင့် ပတ်ဝန်းကျင်ရှိလေထုမှာအေးစက်လာသ​ယောင်....


လူတိုင်းမော့ကြည့်မိတော့ ကျန့်စစ်မှာတံခါးဝမှာရပ်လျက် သူတို့ကိုအေးစက်စွာကြည့်နေတာကိုမြင်လိုက်ရတော့သည်။


"ရယ်ရလား။" ကျန့်စစ်ဗလာကျင်းစွာ​မေးလိုက်သည်။


လူတိုင်း: "အာ။" မရယ်ရပါဘူး။


ကျန့်စစ်သူတို့ကိုလျစ်လျူရှုကာ လင်ခုံးလုကိုခေါ်သွားလိုက်ပေမဲ့ သူထွက်သွားချိန်မှာ စွင်းယင့်ရန်ကိုနောက်တစ်ချက်ကြည့်လိုက်သည်။


သူကားသန်မာပြီး သူ့အရှိန်အဝါကိုမချုပ်တည်းထားသဖြင့် စွင်းယင့်ရန်မှာကြောက်လန့်သွားသည်။


စုန့်ယွင်ဝေ"ကျစ်"ခနဲစုတ်သပ်ကာ ဖရဲသီးစေ့ကိုပစ်လျက်ပြောလိုက်သည်။

"မင်းဘာလို့အခြားကလေးတွေကိုခြောက်နေတာလဲ။ အားနည်းသူကိုအနိုင်ကျင့်တာလား။ ဒီစွမ်းအားနဲ့ အဲ့ဒီ့နဥ်ဆိုတဲ့ကောင်ကိုဘာလို့သွားမခြောက်တာလဲ။"


ကျန့်စစ်ကန်းနေပြီဟုသူထင်မိသည်၊ သူTမြို့တော်ကအခြေစိုက်စခန်းကိုဆက်တိုက်သွားချင်နေတာမဆန်းပါဘူး၊ သေချာတာပေါ့၊ သူပထမဆုံးရောက်လာချိန်မှာသူ့နောက်လိုက်နေတဲ့လူငယ်အချောလေးရှိနေတာကိုး။ ဟက်၊ သူ့ညီလေးကိုအနိုင်ကျင့်နေတာမဟုတ်ဘူးလား။


ဒီကိုနာရီအနည်းငယ်တိုင်းပြေးလာ​နေတဲ့အဲ့နဥ်ဆိုတဲ့ကောင်လည်းရှိသေးတယ်၊ စိတ်ပျက်စရာမကောင်းဘူးလား။


ကျန့်စစ်ဖရဲသီးစေ့ပြန်ပစ်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ဒီမှာမျဥ်းနီဆွဲဖို့အစ်ကိုကြီးမှာအစွမ်းအစရှိရင် ဘာလို့ကိုယ်တိုင်မဆွဲလိုက်တာလဲ၊ ဒါမှအစ်ကိုကြီးမှာလုပ်စရာတစ်ခုခုရှိလာမှာပေါ့၊ ရှောင်လုနဲ့ကျွန်တော်လည်းစိတ်ရှင်းသွားမှာ။"


စုန့်ယွင်ဝေ: "....." ဖာ့ခ်၊ ငါ့ကိုတစ်ကိုယ်တော်ခွေးဆိုပြီးလှောင်နေတာပဲ။


လင်ခုံးလုအတွေးလွန်သွားမည်ကိုကျန့်စစ်တကယ်စိုးရိမ်သဖြင့် သူ့ကိုအပြင်ခေါ်ထုတ်သွားပြီးနောက် ခပ်တိုးတိုးရှင်းပြလိုက်သည်။

"ရှောင်လု၊ ကိုယ်အဲ့တစ်ယောက်ကိုတကယ်မသိပါဘူး၊ သူ့ကိုအရင်ကတစ်ခါမှမမြင်ဖူးဘူး၊ ကိုယ်ခုနကသူ့ကိုလျစ်လျူရှုခဲ့တယ်လေ။"


အဲ့နဥ်မျိုးရိုးကောင်ကဘာဖြစ်နေမှန်းမသိဘူး၊ သူ့ကြည့်ရတာလူစကားနားမလည်နိုင်တဲ့ပုံပဲ။


ဘာဖြစ်နေမှန်းလင်ခုံးလုနားလည်သွားကာကျန့်စစ်ကိုယုံကြည်လိုက်သည်။ အဆုံးတွင် သူ့နှစ်သက်မှုနှုန်းက၉၀ရောက်ခါနီးနေပြီဆိုတော့ သူလိမ်ပြောမှာမဟုတ်ဘူး။


"အင်း၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ်။"

သူအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်ပြီး ထိုအကြောင်းစဥ်းစားကြည့်ပြီးနောက် တစ်ဖက်လူ၏လက်ချောင်းလေးကိုမနေနိုင်ဘဲဆွဲဆိတ်ကာစလိုက်သည်။

"ယောက်ျားတစ်ယောက်ရဲ့သီလသမာဓိကမဆိုးဘူးပဲ။"


ကျန့်စစ်မျက်နှာမှာသံသယဖြစ်ဖွယ်ကောင်းစွာနီမြန်းသွားကာ ​ကောင်လေးကိုအခန်းထဲတိတ်တဆိတ်ပြန်ခေါ်သွားသည်။


အခန်းထဲဝင်ပြီးနောက် သူတံခါးကိုရုတ်ခြည်းပိတ်ကာ လူငယ်လေးကိုတံခါးဆီဖိကပ်ပြီး ခါးကိုင်းကာနူးညံ့စွာမေးလိုက်သည်။

"ရှောင်လု၊ မင်းကိုယ့်ကိုအချစ်ဆုံးမလား။"


လင်ခုံးလု: "!!!"


သူဒီမေးခွန်းကိုရင်းနှီးလွန်းလို့ စဥ်းပင်မစဥ်းစားဘဲ​ပြန်​ဖြေလိုက်သည်။

"ဒါပေါ့၊ ကျွန်တော်ခင်ဗျားကိုအချစ်ဆုံးပဲ။"


ကျန့်စစ်ပြုံးလိုက်မိပြီး သူ၏လက်ချောင်းထိပ်များကိုကောင်လေး၏နီစွေးစွေးနှုတ်ခမ်းပေါ်ဖိကပ်ကာ မှိန်ပျပျပြောလိုက်သည်။

"ကိုယ်မင်းကိုနမ်းချင်တယ်။"


လင်ခုံးလု: "အာ။"


ကျန့်စစ်၏စကားလုံးများမှာသတိပေးမှုအလား၊ သူပြောပြီးနောက် သူ၏ခွင့်ပြုချက်ကိုမစောင့်ဘဲ ခါးကိုင်းကာဖိကပ်လာသည်။


သူ့အနမ်းမှာမျက်လုံးနီကျန့်ထက်အတော်လေးပိုမိုနူးညံ့ကာ ရန်လိုမှုအနည်းငယ်လျော့နည်းပေမဲ့ ပိုမိုငြိတွယ်စရာကောင်းကာပိုမို...အဆင်ပြေလှသည်။


လင်ခုံးလုနှာမှုတ်ကာ အနည်းငယ်စွဲလမ်းသွားရပြီး မနေနိုင်ဘဲလက်မြှော​က်ကာသူ့လည်တိုင်ကိုချိတ်လိုက်ပြီး ခေါင်းအသာမော့ကာအနမ်းတောင်းလိုက်သည်။


ကျန့်စစ်ရုတ်ခြည်းသူ့ခါးကိုတင်းတင်းဖက်လိုက်ပြီး သူ၏အေးစက်စက်အသံမှာအက်ရှလာကာသူ့နားထဲတိုးတိုးပြောလာသည်။

"ရှောင်လု၊ ကလေးလေး...."


လင်ခုံးလု: "!!!"


သူလန့်သွားကာကျန့်စစ်ကိုတွန်းထုတ်လိုက်မိပြီး အလိုလိုကောင်းကင်ကိုမော့ကြည့်လိုက်တော့ တောက်ပနေတုန်းပဲ၊ ထို့နောက်ကျန့်စစ်၏မျက်လုံးများကိုကြည့်လိုက်တော့ အနက်ရောင်....


အာ၊ အဆင်ပြေတယ်၊ အဆင်ပြေတယ်။


ကျန့်စစ်မှာအကာအကွယ်မဲ့စွာတွန်းထုတ်ခံလိုက်ရပြီး သူ့မျက်နှာထက်ဖော်ပြမရသောအမူအရာရှိနေပြီး ပို၍ဖော်ပြမရတာက သူ့ချစ်သူမှာလည်းအပြစ်ရှိသောမျက်နှာထားရှိနေပုံမှာ သူ့အပေါ်ဖောက်ပြန်နေတာကိုသူမိသွားသည့်အလား....


နေအုံး! ဒါကဘယ်လိုထူးဆန်းတဲ့အတွေးကြီးလဲ။ သူကသူ့ကောင်လေးကိုမျှမျှတတနဲ့ရိုးရိုးသားသားနမ်းနေတာလေ၊ သူဘယ်သူ့အချစ်ကိုခိုးခဲ့မိလို့လဲ။


လင်ခုံးလုအသိပြန်ဝင်လာပြီးနောက် သူ့မျက်နှာပေါ်မှာလည်းဖော်ပြမရသောအမူအရာရှိနေကာ အချိန်နှောင်းမှတွေးလိုက်မိသည်: မဟုတ်သေးဘူး၊ မျက်လုံးနက်နဲ့မျက်လုံးနီနှစ်​​ယောက်လုံးကလူတစ်ယောက်ထဲပဲလေ၊ ငါ့ရင်ထဲမှာဘာလို့ဒီလိုခံစားနေရမှာလဲ။


ကွာရန်တင်းအဆုံးမှာ ဖူကျန့်ဖင်းကသူတို့ကိုကိုယ်တိုင်မောင်းတင်ကာ အခြေစိုက်စခန်းကိုတာဝန်ယူသည့်လူနှင့်သူတို့ကိုမိတ်ဆက်ပေးမည်ဟုပြောလာသည်။


သူရောက်လာမှန်းမြင်လိုက်ရတော့ ကျန့်စစ်တိတ်တခိုးသက်မချမိသည်။


ကံကောင်းချင်တော့ နဥ်ကျယ်မဟုတ်ဘူးပဲ၊ မဟုတ်ရင်ဦးလေးကသူ့ကိုပြဿနာရှာနေအုံးမယ်။


"စုန့်ယွင်ဝေကBမြို့တော်ကိုပြန်မသွားဘူးလား။" အနားမှာဘယ်သူမှမရှိချိန် ကျန့်စစ်ကလင်ခုံးလုကိုမေးလိုက်သည်။


လင်ခုံးလု: "ဟွန်? သူပြောတာကတော့ကလေးမွေးလာတာကိုမြင်ချင်တယ်တဲ့။"


ကျန့်စစ်: "...." သူတကယ်ပျင်းတာပဲ။


Tမြို့တော်ကအခြေစိုက်စခန်းကိုတာဝန်ယူသည့်လူ၏အမည်မှာယန်ပေါ်အန်းဖြစ်ပြီး ဖူကျန့်ဖင်းကသူ့ကိုအလွန်ရိုသေလေးစားသောလေသံဖြင့် ဥက္ကဌယန်ဟုခေါ်သည်။


"ဥက္ကဌယန်ကအရင်တုန်းကစစ်သားတစ်ယောက်ဖြစ်ခဲ့တယ်။ စစ်တပ်ကအနားယူပြီးနောက်ပိုင်းမှာ သူကလုံခြုံရေးကုမ္ပဏီတစ်ခုဖွင့်ခဲ့တယ်။ ကမ္ဘာပျက်ကပ်မှာ Tမြို့တော်ဖရိုဖရဲဖြစ်သွားတော့ သူကလူတိုင်းကိုဦးဆောင်ပြီးအခြေစိုက်စခန်းတည်ဆောက်ခဲ့တယ်။ ပြောရရင် သူနဲ့ပရော်ဖက်ဆာကုကသူငယ်ချင်းဟောင်းတွေဖြစ်နေကြသေးတယ်။ သူတို့ကအရမ်းကောင်းတဲ့လူတွေပဲ။ မင်းတို့မြင်ရင်သိလိမ့်မယ်။"

ဖူကျန့်ဖင်းကကားမောင်းရင်းဆိုသည်။


ဒီလူကိုပြောရရင် လင်ခုံးလုမှာလည်းသူကတကယ့်ကိုအကြံဉာဏ်ကောင်းများနှင့်ဖြောင့်မတ်မှန်ကန်မှုရှိသည့်လူတစ်ယောက်ဟုထင်မိသည်။ ဒါပေမဲ့ သနားစရာကပရော်ဖက်ဆာကုနှင့်သက်တူရွယ်တူဆိုပေမဲ့ သူ့ခန္ဓာကိုယ်ကပရော်ဖက်တာကုလောက်မကောင်းဘဲ နောက်ကျဗီလိန်များလှည့်စားတာခံခဲ့ရသည်....


"ဒါနဲ့ နောက်ကျရင်မင်းတို့လုဖုန်းလို့ခေါ်တဲ့နောက်လူတစ်ယောက်နဲ့ဆုံနိုင်တယ်။"


သူစဥ်းစားနေရင်း ဖူကျန့်ဖင်းကထို"ဗီလိန်"ကိုဖော်ညွှန်းလာသည်။


"ငါကလူတွေရဲ့နောက်ကွယ်မှာမကောင်းတဲ့အရာတွေကိုအမြဲပြောရတာကြိုက်တဲ့လူမဟုတ်ဘူး။ ခြုံပြောရရင် မင်းတို့သူနဲ့အဆက်အဆံမလုပ်ဖို့ငါအကြံပေးချင်တယ်။ သူကအရမ်းကောက်ကျစ်တယ်။"


အမှန်ပဲ၊ လင်ခုံးလုတိတ်တခိုးခေါင်းငြိမ့်လိုက်သည်။


အရင်ဘဝ၏ဇာတ်ကြောင်းထဲတွင် ဥက္ကဌယန်မှာသူကြာရှည်မခံနိုင်တော့မှန်းသိသဖြင့် အခြေစိုက်စခန်းအတွက်ခေါင်းဆောင်နောက်တစ်ယောက်ဖို့အမြဲရှာချင်နေခဲ့သည်။ နောက်ပိုင်း သူကကျန့်စစ်ကိုသဘောတွေ့သွားပေမဲ့ ဒီကိစ္စကြောင့်ကျန့်စစ်အကွက်ဆင်ခံလိုက်ရမည်ဟုသူမထင်ထားမိပေ။


ဒါပေမဲ့ နှစ်ဝက်ကြာသွားပြီး ကျန့်စစ်ကိုထောက်ချောက်ဆင်ခဲ့သည့်လူမှာလုဖုန်းဖြစ်သည်။


ဘာလို့လဲဆိုတော့ကျန့်စစ်မရောက်လာခင် လုဖုန်းကားအခြေစိုက်စခန်းထဲမှာစွမ်းအားအကြီးဆုံးလူတစ်ယောက်ဖြစ်သည်။ သူကအခြေစိုက်စခန်း၏ဘော့စ်အနှေးနှင့်အမြန်ဖြစ်လာလိမ့်မည်ဟုသူအမြဲထင်ထားခဲ့ပေမဲ့ အဆုံးမှာဥက္ကဌယန်ကကျန့်စစ်ကိုရွေးချယ်သွားလိမ့်မည်ဟုလုံးဝမထင်မှတ်ထားခဲ့ပေ။


လင်ခုံးလုသေချာနားထောင်နေမှန်းမြင်လိုက်ရတော့ ကျန့်စစ်မနေနိုင်ဘဲစိတ်ဝင်စားလာကာ ဖူကျန့်ဖင်းကိုဆက်ပြောဖို့အမူအရာပြလိုက်သည်။


ဖူကျန့်ဖင်းကသက်ပြင်းချသည်။

"အမှန်တော့လုဖုန်းကအခြေစိုက်စခန်းကိုလူတစ်စုနဲ့အတူဝင်လာခဲ့တာ။ သူ့ခွန်အားကြောင့် သူကသဘာဝရွေးချယ်မှုလိုမျိုးတစ်ခုခုလုပ်ပြီးတော့ အခြေစိုက်စခန်းမှာအသန်မာဆုံးရှင်ကျန်သူတစ်ယောက်ဖြစ်ချင်တယ်။ ပြောင်ပြောင်တင်းတင်းပြောရရင်ကွာ၊ မင်းကသန်မာရင် မင်းလုပ်ချင်တာဘာမဆိုလုပ်လို့ရတယ်၊ စားစရာလုယူတာ၊ အမျိုးသမီးတွေကိုသိမ်းပိုက်တာ၊ အားနည်းသူကိုအနိုင်ကျင့်တာတွေကိုဆိုလိုတာပေါ့။"


"သေမျိုးပျက်စီးမှုနဲ့လူသားမျိုးနွယ်မျိုးသုန်းမှုနဲ့ဆိုရင် အခုဆိုနေရာအများစုမှာအနည်းနဲ့အများဒီလိုမျိုးဖြစ်နေတယ်ဆိုတာငါသိပေမဲ့ ငါတို့အခြေစိုက်စခန်းကတော့အဲ့လိုမလုပ်ဘူး၊ ဥက္ကဌယန်ကသူ့ကိုအဲ့လိုလုပ်ခွင့်မပေးတာမို့ သူမကျေမနပ်ဖြစ်ပြီးတော့ ရင်ထဲမှာဒေါသကိုလက်ကိုင်ထားပြီး နေရာတိုင်းမှာဂိုဏ်းအုပ်စုတွေဖွဲ့ပြီးတော့ စွမ်းအားရှိပြီးကောက်ကျစ်တဲ့သဘာဝလွန်စွမ်းအားရှင်အုပ်စုကိုစုစည်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ၊ သူအနှေးနဲ့အမြန်ပြဿနာရှာလာလိမ့်မယ်လို့ငါထင်တယ်...."


"ဒါဆိုခင်ဗျားတို့ဘာလို့သူတို့ကိုဒီအတိုင်းမောင်းမထုတ်လိုက်တာလဲ။"

လင်ခုံးလုသိချင်စိတ်ဖြစ်စွာမေးလိုက်မိသည်။


ဒါကိုကြားလိုက်ရသော် ဖူကျန့်ဖင်းမှာအနည်းငယ်ရှက်ရွံ့သွားသည်။


အစတုန်းက လုမျိုးရိုးကမကောင်းတဲ့လူတစ်ယောက်ဟုမထင်ခဲ့ပေ။ နောက်ပိုင်းတစ်ဖက်လူကတဖြည်းဖြည်းချင်းသန်မာလာသဖြင့် သူတို့မောင်းထုတ်ချင်ရင်တောင်သူ့ကိုမောင်းထုတ်လို့မရပေ။ သူတို့ဥက္ကဌယန်၏နာမည်ကိုသုံးကာသူ့ကိုအရင်ဆုံးဖိနှိပ်ထားရုံသာတတ်နိုင်ပေမဲ့ သူတို့သူ့ကိုအကြာကြီးဖိနှိပ်ထားနိုင်စွမ်းမရှိမှာစိုးသည်။


လင်ခုံးလုအကြောင်းရင်းကိုအမြန်ခန့်မှန်းမိသွားရာ သက်ပြင်းမချဘဲမနေနိုင်ပေ။ နှစ်ဝက်ကြာပြီးနောက်မှသာလုဖုန်းထကြွလာမည်ဟုသူထင်ထားမိပေမဲ့ ဒီလောက်စောလိမ့်မည်ဟုမထင်မှတ်ထားမိပေ....


"ကိုယ်တို့ရောက်ပြီ၊ ကားထဲကအရင်ထွက်ကြတာပေါ့။"

ကျန့်စစ်၏အသံကသူ့အတွေးများကိုရုတ်ခြည်းဖြတ်တောက်လိုက်သည်။


သူခေါင်းလှည့်ကာကျန့်စစ်ကိုကြည့်မိပြီး သူ့လက်ကိုအလိုလိုညှစ်လိုက်မိသည်။


ဒီဘဝမှာ ကျန့်စစ်မှာဇာတ်ကြောင်းနှင့်ကိုက်ညီခဲ့သည့်ဇွန်ဘီဘုရင်ကိုယ်ခွဲရှိနေပြီးပြီမို့ လုဖုန်းကြောင့်ဇွန်ဘီဖြစ်သွားစရာမလိုအပ်တော့ဘူးမလား။


မရဘူး၊ အဲ့လိုဖြစ်ရမယ်ဆိုရင်တောင်သူခွင့်ပြုမှာမဟုတ်ဘူး။


ဒါကိုတွေးမိရင်း သူမနေနိုင်ဘဲကျန့်စစ်လက်ကိုအနည်းငယ်ပိုပြင်းပြင်းညှစ်လိုက်မိသည်။


လုဖုန်း၏အကျင့်စရိုက်အကြောင်းကြားပြီးနောက်သူအနည်းငယ်ကြောက်သွားသည်ဟုကျန့်စစ်တွေးမိသွားကာ မနေနိုင်ဘဲအသံနှိမ့်ကာသူ့ကိုနှစ်သိမ့်ပေးလိုက်မိသည်။

"မကြောက်နဲ့၊ ကိုယ်တို့ဒီမှာခဏပဲနေမှာလေ။" ကလေးမွေးပြီးရင်ထွက်သွားကြမယ်။


အခုဆိုရင်ကျန့်စစ်လည်းနောင်တရနေမိသည်။ မတိုင်ခင်တုန်းက Tမြို့တော်ရှိအခြေစိုက်စခန်း၏အခြေစိုက်စခန်းမှာကောင်းမွန်ပြီး အမိန့်မှာကမ္ဘာပျက်ကပ်မတိုင်ခင်ကနှင့်တူညီမှန်းသေချာသဖြင့် သူကောင်လေးကိုဒီခေါ်လာရဲခဲ့ခြင်းပင်။ မမျှော်လင့်ထားစွာဖြင့် သူတို့ဒီရောက်လာချိန်မှာ အခြေအနေကသူတို့ထင်ထားတာထက်ပိုရှုပ်ထွေးမှန်းသိလိုက်ရသည်။


ကျန့်စစ်နှင့်အ​ခြားသူတို့ကအခြေစိုက်စခန်း၏ပြဿနာများကိုကူဖြေရှင်းပေးပြီး ပရော်ဖက်ဆာကုကိုအောင်မြင်စွာလိုက်ပါပို့ဆောင်ပေးခဲ့သောကြောင့် ဒါရိုက်တာယန်မှာအလွန်ပျော်ရွှင်နေပြီး သူတို့အပန်းဖြေရန်မြို့တော်ဗဟိုကအကောင်းဆုံးဟိုတယ်မှာစားသောက်ပွဲတော်ပြင်ဆင်ပေးခဲ့သည်။


အခြေစိုက်စခန်းမှာစားနပ်ရိက္ခာရှားပါးနေသဖြင့် စားသောက်ပွဲမှာသိပ်မခမ်းနားပေမဲ့ ဂရုတစိုက်ပြင်ဆင်ပေးထားမှန်းမြင်နိုင်သည့်ဟင်းပွဲနှင့်စွပ်ပြုတ်များရှိသည်။


ပရော်ဖက်ဆာကုမှာလင်ခုံးလုနှင့်အခြားသူတို့နှင့်မတွေ့ခင်အထိ တောက်လျှောက်ဟင်းသီးဟင်းရွက်များသာစားခဲ့ရပြီး သူ၏အစားအသောက်စံသတ်မှတ်ချက်ကပိုကောင်းသည်။ ဒါကိုမြင်လိုက်ရသော် သူမနေနိုင်ဘဲလှုပ်ခတ်သွားရကာပြောမိသည်။

"လောင်ယန်၊ မင်းကတော့ပိုက်ဆံအများကြီးဖြုန်းနေတာပဲ။"


ဥက္ကဌယန်ကရယ်မောကာဆိုသည်။

"ငါတို့နှစ်ယောက်ကရာစုနှစ်ကြာသူငယ်ချင်းဖြစ်ခဲ့တာကို မင်းဘာလို့ငါ့ကိုယဥ်ကျေးနေတာတုန်း? စားစား ၊ မဖြုန်းတီးနဲ့၊ စားစရာကအခုဆိုအဖိုးတန်တယ်ကွ။"


ပြောပြီးနောက် သူကကျန့်စစ်နှင့်အခြားသူများကိုပြောလာသည်။

"မင်းတို့ကရှောင်ကျန့်နဲ့ရှောင်စုန့်လား၊ မြန်မြန်ထိုင်ကြလေကွာ၊ ဒီတစ်ခေါက်အခြေစိုက်စခန်းကိုကူညီပေးခဲ့တဲ့အတွက်မင်းတို့ကိုကျေးဇူးမတင်ရသေးဘူး။"


စားသောက်ဆိုင်မှာပျော်ရွှင်မှုနှင့်ပြည့်နေပေမဲ့ သိပ်မဝေးသောနောက်စားပွဲတစ်ခု၌ လုဖုန်းနှင့်သူ့ငယ်သားများမှာမရယ်မောဘဲမနေနိုင်ပေ။


"ဒီကိစ္စမှာဒီအဖိုးကြီးငါတို့ကိုငိုယိုပြီးတောင်းဆိုခယလိမ့်မယ်ထင်ထားခဲ့တာ၊ ဒါပေမဲ့လမ်းတစ်ဝက်မှာကယ်တင်ရှင်ပေါ်လာမယ်မထင်ထားမိဘူး။"


"အဲ့အသစ်ရောက်ရှိလာသူတွေထဲမှာ ဇွန်ဘီအများကြီးကိုချက်ချင်းသတ်ပစ်နိုင်တဲ့တစ်စုံတစ်ယောက်တကယ်ရှိတာလား။" လုဖုန်းမျက်မှောင်ကြုတ်မိသည်။


"ဘယ်လိုဖြစ်နိုင်မှာလဲ။ ချဲ့ကားပြောနေတာပါကွာ၊ အဆုံးမှာအခြားဇွန်ဘီတွေကိုဝါးမျိုချင်နေတဲ့အဆင့်မြင့်ဇွန်ဘီတစ်ကောင်က သူ့ခေါင်းသူတမင်သက်သက်ဖောက်ခွဲပစ်လိုက်တာနေမှာ။"


"ဟုတ်တယ်၊ သူတို့အဲ့လောက်အစွမ်းရှိမယ်မထင်ပါဘူး၊ ဒါပေမဲ့သူတို့အကုန်လုံးကတော်တော်လေးကြည့်ကောင်းကြတယ်။ အထူးသဖြင့်ကျန့်မျိုးရိုးရဲ့ညာဘက်မှာထိုင်နေတဲ့အလှလေးပေါ့၊ ကျွတ်ကျွတ်၊ သူလေးမျက်နှာကတို့ဖူးလေးလိုနူးညံ့နေတာပဲ။"


လုဖုန်းမျက်လုံးပင့်ကာလင်ခုံးလုကိုကြည့်လိုက်ပြီး အဓိပ္ပါယ်ရှိရှိပြုံးလိုက်သည်။


ဒါကိုမြင်လိုက်ရသော် ငယ်သားများမှာချက်ချင်းပြာယာခတ်သွားသည်။

"ပြောရရင် အလှလေးတွေကိုသန်မာတဲ့သူကပဲသိမ်းပိုက်သင့်တာ၊ ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ် သူတို့ကလှပပေမဲ့ခွန်အားမရှိမှတော့ သူတို့ရဲ့ကံကြမ္မာကိုလက်ခံပြီး သန််မာတဲ့လူအောက်မှာလိမ်လိမ်မာမာလေးလှဲနေရမှာလေ။ အဲ့ယန်မျိုးရိုးအဖိုးကြီးလိုချင်တဲ့တရားမျှတမှုနဲ့အမိန့်ကဘာလဲ၊ ကျွတ်၊ အခုကကမ္ဘာပျက်ကပ်ရောက်နေပြီကို သောက်ရမ်းတုံးအလိုက်တာကွာ!"


"အမှန်ပဲ၊ ဟိုဘက်ကအလှလေးလိုမျိုးပေါ့၊ သူလေးက...."


သူပြောမပြီးသေးခင် လုဖုန်းကလက်မြှောက်ကာသူ့ကိုတားလိုက်သည်။


"အလျင်မလိုပါဘူး။" သူဝိုင်ခွက်ကိုယူကာ မျက်နှာထက်ဆော့ကစားလိုသောအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

"အဲ့လူတွေရဲ့ခွန်အားကိုအရင်သွားစမ်းသပ်ကြည့်လိုက်။"


သူ့ငယ်သားများမှာဒါကိုကြားလိုက်ရသော် ချက်ချင်းထရပ်ကာသူနှင့်အတူရှေ့တိုးသွားလိုက်သည်။


ကျန့်စစ်မှာလင်ခုံးလုအတွက်စိတ်ရှည်လက်ရှည်ဖြင့်စားစရာယူပေးနေတုန်း ရုတ်တရက်အရိပ်တစ်ခုကွယ်သွားသဖြင့် သူခေါင်းမော့ကြည့်မိတော့ လုဖုန်းနှင့်အခြားသူများကိုမြင်လိုက်ရပေရာ သူခပ်ဖျော့ဖျော့မေးလိုက်သည်။

"ဘာကိစ္စလဲ။"


စားသောက်ဆိုင်မှာရုတ်ခြည်းတိတ်ကျသွားပြီး သူတို့အကုန်လုံးကသူတို့ကိုကြည့်လိုက်ကြသည်။


ရန်စသူကလုဖုန်းမှန်းမြင်လိုက်ရတော့ အတွင်းလူမှာသနားသောမျက်နှာထားဖြင့်တိတ်တခိုးခေါင်းခါလိုက်မိသည်။ ယောင်းရီ၊ စွင်းယန်ရန်နှင့်အခြားသူများကဲ့သို့သောမသိသူများမှာတော့ပဟေဠိဖြစ်သွားပုံရကာတွေးမိကြသည်: သူတို့ကစစ်ကော/ကျန့်လူကြီးမင်းကိုပြဿနာရှာရဲတယ်လား၊ ဘယ်လောက်သတ္တိရှိလိုက်လဲ!


ဥက္ကဌယန်နှင့်ဖူကျန့်ဖင်းတို့နှစ်ဦးစလုံးမှာအနည်းငယ်အရုပ်ဆိုးသွားကြကာ ဥက္ကဌယန်ကဆူငေါက်လိုက်သည်။

"လုဖုန်း၊ မင်းဘာလုပ်မလို့လဲ။"


လုဖုန်းကမျက်ခုံးပင့်ကာပြုံးလျက်ဆိုလာသည်။

"ယန်လူကြီးမင်း၊ ခင်ဗျားကျုပ်ကိုမျက်မုန်းကျိုးနေပါလား၊ ဒီတစ်ခေါက်ဒီကိုသဘာဝလွန်စွမ်းအားရှင်တွေအများကြီးရောက်လာတယ်ကြားလို့ စားသောက်ပွဲပြင်ဆင်ပြီးကြိုဆိုကြတာ အပြန်အလှန်သိချင်စေလို့ပဲမလား။ ကျုပ်ကဒီအတိုင်းအကြံဉာဏ်တောင်းမလို့ကို ဘာလို့ပြဿနာရှာတယ်ပြောရတာလဲ။"


ပြောပြီးနောက် သူကကျန့်စစ်ကိုထပ်ကြည့်ကာ ရန်စွပြောလိုက်သည်။

"ဘယ်လိုလဲ။ မင်းလုပ်ရဲလား။"


စုန့်ယွင်ဝေကလင်ခုံးလု၏ဘယ်ဘက်မှာထိုင်နေပြီး ကျန့်စစ်ကသူ့ညီလေးဘေးမှာဖြစ်သည်။ ထိုစကားများကိုကြားလိုက်ရသော် သူကရှိုးကြည့်နေသည့်အလားကျန့်စစ်ကိုမေးလိုက်သည်။

"အကူအညီလိုလားဟေ့?"


ကျန့်စစ်ကလျစ်လျူရှုထားကာ လုဖုန်းကိုမျက်ခုံးပင့်ကြည့်ပြီးမေးလိုက်သည်။

"ဘယ်လိုယှဥ်မှာလဲ။"


"လွယ်ပါတယ်။" လုဖုန်း၏မျက်လုံးများမှာရက်စက်မှုတစ်ချက်ဖြတ်သွားသည်။

"အကွက်သုံးကွက်ကရလဒ်ကိုဆုံးဖြတ်မယ်၊ သေခြင်းနဲ့ရှင်ခြင်းကမူတည်...."


"ဒါဆိုစကြတာပေါ့။" သူပြောမပြီးခင် ကျန့်စစ်ရုတ်ခြည်းဖြတ်ပြောလိုက်သည်။


လုဖုန်းကြောင်အမ်းသွားသည်။


ဘာကိုဆိုလိုတာလဲ။ ဒါကစမှာလား။ ဒါပေမဲ့ဒီကောင်လေးကသူ့ဘေးကအလှလေးအတွက်စားစရာကိုကိုင်ထားတုန်းပဲ။ ဒီဟာကသူလုံးဝလျစ်လျူရှုခံလိုက်ရတယ်လို့ဆိုလိုတာလား။


ကျန့်စစ်ကလင်ခုံးလုကိုတူဖြင့်ဟင်းအနည်းငယ်ကျွေးပြီးနောက် သူအချိန်အတော်ကြာမလှုပ်တော့မှန်းမြင်လိုက်ရတော့ သူခေါင်းမော့ကာမေးလိုက်သည်။

"တစ်နှစ်သုံးရေတွက်ဖို့လိုသေးလို့လား။"


စားပွဲကတစ်စုံတစ်ယောက်မှာမနေနိုင်ဘဲရယ်မောလိုက်မိပြီး လုဖုန်း၏မျက်နှာမှာရုတ်ခြည်းရုပ်ဆိုးသွားရကာ အံကြိတ်လျက်ပြောလိုက်သည်။

"မလိုဘူး!"


သူပြောပြီးနောက် စိတ်စွမ်းအားထုတ်လိုက်ပေမဲ့ တမဟုတ်ချင်းပင်ဖော်ပြမရအောင်စွမ်းအားကြီးသောစိတ်စွမ်းအားတစ်ခုကတောင်ထွတ်ပမာဖိချလာကာ စားပွဲပေါ်ရှိသတ္ထုတူများမှာဓားချွန်အဖြစ်ချက်ချင်းပြောင်းသွားပြီး သူ့လည်ပင်းထံဝှစ်ခနဲပျံသန်းလာပေမဲ့ စင်တီမီတာဝက်အကွာမှာရပ်သွားကာ စက်ဝန်းတစ်ခုဖြစ်တည်လာသည်။


လုဖုန်း၏မျက်နှာမှာချက်ချင်းဖြူဖျော့သွားရကာ သူ့စိတ်စွမ်းအားကိုသုံးပြီးသူ့စွမ်းရည်ထုတ်ဖို့မပြောနှင့် အခုဆိုသူအသက်ပင်မရှုနိုင်ပေ။


စုန့်ယွင်ဝေဟာလည်းဒီစိတ်စွမ်းအားကြောင့်တုန်လှုပ်သွားရကာ တိတ်တခိုးတောင့်တင်းသွားရသည်: ဒီကောင်လေးကနေ့ဘက်မှာဘာလို့ဒီလောက်စွမ်းအားကြီးနေရတာလဲ။


ကျန့်စစ်ကလုဖုန်းကိုကြည့်ကာတည်ငြိမ်စွာပြောလိုက်သည်။

"ခင်ဗျားမှာသုံးကွက်ရှိနေတုန်းပဲ၊ လှုပ်ရှားမှုလုပ်ချင်လား။"


လုဖုန်းအံကြိတ်ကာ ရုပ်ဆိုးသောမျက်နှာဖြင့်ပြောလိုက်ရသည်။

"ဟင့်အင်း မလိုဘူး၊ ငါအရှုံးကိုဝန်ခံတယ်။"


"အော်။" ကျန့်စစ်သူ့စွမ်းရည်နှင့်စိတ်စွမ်းအားကိုပြန်ရုတ်ကာသတိပေးလိုက်သည်။

"ဒါဆိုအခုကစပြီးကျုပ်တို့နဲ့ဝေးဝေးနေ။"


ပြောပြီးနောက် သူကလင်ခုံးလုအတွက်အသီးအရွက်ဆက်ရွေးပေးလိုက်သည်။


"ကောင်းပြီလေ။" လုဖုန်းသူတို့ကိုနင့်နင့်နဲနဲတစ်ချက်ကြည့်ကာ အံကြိတ်လျက်ထွက်သွားသည်။


စားပွဲကအခြားသူတို့၏မျက်နှာများမှာလည်းဖြူဖျော့လျက်၊ သူတို့တဖြည်းဖြည်းချင်းပြန်ကောင်းလာဖို့ခဏကြာသွားသည်။ လင်ခုံးလုမှာဘော့စ်ဆီကတည်ငြိမ်သောမျက်နှာထားဖြင့်ခွံ့ကျွေးခံနေတာကိုမြင်လိုက်ရသော် သူတို့မနေနိုင်ဘဲအံ့သြသောအကြည့်ထုတ်ပြမိကြသည်။


"ညီလေးရှောင်လုကအတော်ဆုံးပဲ။"


"ညီလေးရှောင်လုကနတ်ဘုရားပဲ၊ သူကကြီးမားတဲ့အရာတွေကိုပြီးမြောက်စေနိုင်တဲ့လူတစ်ယောက်ပဲကိုး။"


လင်ခုံးလုကူကယ်ရာမဲ့စွာတွေးမိသည်: ဒါကအကောင်းဆုံးနည်းလမ်းပဲ၊ ကျန့်ဇွန်ဘီဘုရင်ကတကယ်စွမ်းအားကြီးတယ်။


ဤပြောင်းလဲမှုများအပြီးတွင် ဒါရိုက်တာယန်ကကျန့်စစ်နှင့်အခြားသူတို့ကိုထပ်ကြည့်မိချိန် သူ့မျက်လုံးများမှာအနည်းငယ်ပိုမစဥ်းစားဘဲမနေနိုင်။


စားသောက်ပွဲပြီးနောက် ဖူကျန့်ဖင်းကဥက္ကဌယန်နားကပ်ကာတိတ်တိတ်လေးပြောလာသည်။

"အဲ့လူတွေကိုဘယ်လိုမြင်လဲ။ ကျွန်တော်မမှားဘူး၊ အထူးသဖြင့်လုဖုန်းကိုသေချာပေါက်ဖိနှိပ်လိုက်နိုင်တဲ့ရှောင်ကျန့်ပေါ့။"


"ကောင်းတယ်၊ အထူးသဖြင့်ခုနကလုဖုန်းကတမင်သက်သက်ရန်လာစတာ။ ရှောင်ကျန့်ကသနားကရုဏာရှိတယ်၊ သူကလူသတ်ချင်စိတ်ရှိပြီးမကောင်းတဲ့စိတ်ရှိတဲ့လူတစ်ယောက်ဖြစ်ပုံမရဘူး၊ သူကလူကောင်းလို့လောင်ကုကလည်းပြောတယ်၊ ဒါပေမဲ့....အင်း၊ သေချာလေးလေ့လာကြည့်ကြတာပေါ့။"

ဥက္ကဌယန်သက်ပြင်းချမိသည်။


"အိုင်း၊ ဟုတ်ကဲ့၊ သတိထားတာပိုကောင်းပါတယ်၊ လုဖုန်းနောက်တစ်ယောက်ရှိလို့မဖြစ်ဘူး။"


တံခါးအပြင်၌ နဥ်ကျယ်ကထိုနေရာမှာဘယ်တုန်းကရပ်နေမှန်းမသိပေ။ တစ်အောင့်ကြာအသံဖမ်းပြီးနောက် သူနှုတ်ခမ်းစေ့ကာပြုံးလိုက်ပြီးမှ တိတ်တိတ်လေးထွက်သွားသည်။


ဖူကျန့်ဖင်းကသူ့ကိုနိုင်စေချင်သောကြောင့် လင်ခုံးလုနှင့်အခြားသူတို့မှာမြို့တော်ဗဟိုရှိဟိုတယ်မှာနေဖို့စီစဥ်ခဲ့ရသည်။


ဟိုတယ်ဟုဆိုပေမဲ့ တကယ်တော့စီးပွားရေးမလုပ်တော့ဘဲ ဧည့်သည်များကိုနေထိုင်စေရာနေရာဖြစ်သည်။


"အစကတော့မင်းတို့အတွက်အဲ့လိုရပ်ကွက်ကအိမ်တွေစီစဥ်ပေးလျင်ပေမဲ့ မနေ့ကရောက်လာတဲ့လူတွေကိုနေခွင့်ပေးလိုက်ပြီးပြီရယ်။"

ဖူကျန့်ဖင်းမှာအနည်းငယ်စိတ်မကောင်းဖြစ်နေဆဲ၊ အဆုံးတွင်ဟိုတယ်ထဲမှာလူအရမ်းများနေပြီပင်။


"ရပါတယ်၊ အဆင်ပြေနေပါပြီဗျာ။"

လူအများအပြားကအရေးမစိုက်ဘဲ သလင်းကျောက်များပေးချေလိုက်သည်။


လင်ခုံးလုနှင့်ကျန့်စစ်မှာဧည့်ခန်းပါအခန်းယူလိုက်ပေမဲ့ ကမ္ဘာပျက်ကပ်တွင် အခန်းထဲကအလုပ်ခန်းနှစ်ခန်းဟာလည်းအိပ်ခန်းများအဖြစ်ပြောင်းလိုက်သဖြင့် အခုဆိုအိပ်ခန်းသုံးခန်းနှင့်ဧည့်ခန်းတစ်ခန်းဖြစ်သွားသည်။


မပြောင်းဘဲအိပ်ခန်းတစ်ခန်းသာထားရင် ၊ ဒါမှမဟုတ် သူနှင့်​ရှောင်လုအတွက်အိပ်ခန်းကြီးတစ်ခန်းပြောင်းပေးရင် ပိုကောင်းလိမ့်မည်ဟုကျန့်စစ်ခံစားလိုက်ရသည်။


ဒါပေမဲ့ကိစ္စမရှိပေ၊ ဘာပဲဖြစ်ဖြစ် သူကညဘက်လမ်းထလျှောက်မိတိုင်းရှောင်လုကိုဖက်ပြီးအတူအိပ်လို့ရပေရာ သူ့ကိုဘယ်သူကတားနိုင်မှာလဲ။


မထင်မှတ်ထားစွာဖြင့် ထိုသို့တွေးမိရုံသာရှိသေး၊ စုန့်ယွင်ဝေကတံခါးဖွင့်ကာအထဲဝင်လာသည်။


သူ့ကိုမြင်လိုက်ရတော့ကျန့်စစ်မျက်မှောင်ကြုတ်ကာမေးမိသည်။

"ခင်ဗျားဘာလို့ဒီရောက်လာတာလဲ။"


စုန့်ယွင်ဝေ: ကျစ်၊ သန်မာလာပြီးနောက်မှာ မင်းကငါ့ကိုအစ်ကိုကြီးလို့တောင်မခေါ်တော့ဘူးပေါ့လေ? ဒေါသထွက်ချင်စရာပဲ။


သူဆိုဖာပေါ်ထိုင်ချကာ အိပ်ခန်းကိုညွှန်ပြပြီးအသိပေးလိုက်သည်။

"အိပ်ခန်းသုံးခန်း။" ဆိုတော့ငါတစ်ခန်းယူမယ်။


ကျန့်စစ်: "....."


"ဟုတ်သား။" စုန့်ယွင်ဝေရုတ်တရက်အဆင့်၈ဇွန်ဘီ၏သလင်းကျောက်ကိုထုတ်ကာ ကော်ဖီစားပွဲပေါ်တင်ပေးပြီးလက်ဟန်ပြလိုက်သည်။

"မင်းဟာ။"


ထိုအချိန်ကသူလည်းတိုက်ခိုက်ခဲ့ပေမဲ့လည်း အဆင့်၈ဇွန်ဘီကကျန့်စစ်သတ်တာခံလိုက်ရမှန်းသိသာနေပေရာ သူ့ယောက်ဖပစ္စည်းများကိုလောဘတက်လိမ့်မည်မဟုတ်။


ကျန့်စစ်သူ့ကိုယဥ်ကျေးမနေဘဲပြောလိုက်သည်။

"ကျွန်တော်ရှောင်လုအတွက်လက်ခံလိုက်မယ်။"


စုန့်ယွင်ဝေကျေနပ်စွာခေါင်းငြိမ့်လိုက်သည်: သိပ်မဆိုးဘူးပဲ။


ကျန့်စစ်သလင်းကျောက်ကိုယူကာ အနောက်လှည့်ပြီးလင်ခုံးလုကိုသွားရှာကာဆွေးနွေးလိုက်မိသည်။

"ပြော၊ မင်းကိုကြီးအချစ်တွေ့ဖို့အချိန်တန်ပြီမလား။"


သူနဲ့ရှောင်လုနားမှာတစ်ချိန်လုံးမီးသီးလိုလိုက်ကပ်နေတာကဘာသဘောလဲ။


____________________________________