Chapter(50)
Viewers 12k

ကျန့်စစ်၏စကားများကိုကြားလိုက်ရချိန် သူ့လင်ခုံးလုကမီးဖိုခန်းထဲမှာအာလူးထောင်းလုပ်နေတာဖြစ်ပြီးမျက်နှာပေါ်မှာမေးခွန်းသကေ်တတစ်ခုချက်ချင်းပေါ်လာကာပြောလိုက်သည်။"ဒါပေမဲ့ကျွန်တော်လဲကိုကြီးကိုကောင်းကောင်းမသိဘူးလေ။"


ကျန့်စစ်ကဒါကိုကြားရတာသဘောကျပေမဲ့ လင်ခုံးလုချက်ချင်းပြောလိုက်သည်။

"ဘာလို့အဲ့လောက်အရေးစိုက်နေတာလဲ။ လူတွေချစ်ကျွမ်းဝင်တာမဝင်တာကခင်ဗျားနဲ့ဘာဆိုင်လို့တုန်း?"


အချိန်ကောင်းအပြီးတွင်

အေးစက်သောနတ်ဘုရားကြီးမှာ အောင်သွယ်တော်တစ်ယောက်၏နှလုံးသားရှိလာသည်ပင်။


လင်ခုံးလုဆွံ့အသွားရကာ သူ့ကိုအာလူးပြုတ်များဆီတိုက်ရိုက်ဆွဲခေါ်သွားပြီးပြောလိုက်သည်။

"ခင်ဗျားအားနေရင် ကျွန်တော့်ကိုအာလူးကူထောင်း​ပေးလို့ရတယ်နော်။"


ကျန့်စစ်မှာပန်းကန်လုံးနှင့်အကူပစ္စည်းများယူရန်တွန်းအားပေးခံလိုက်ရကာ တွေးမိသည်: သူသာမီးသီးလာမလုပ်ရင် ကိုယ်သူ့ကိုဂရုမစိုက်ပါဘူးနော်။


"ဒါနဲ့ ကိုကြီးအတွက်ပါ နည်းနည်းပိုလုပ်လိုက်နော်။" လင်ခုံးလုဘေးမှာရပ်ကာညွှန်ကြားလိုက်သည်။


ကျန့်စစ်: "......"


သူရုတ်ခြည်းပန်းကန်လုံးကိုတချွင်ချွင်မြည်အောင်ထောင်းပစ်လိုက်သည်။


ညစာစားပြီးနောက် ကျန့်စစ်ကလင်ခုံးလုအခန်းထဲဝင်သွားပြီး အဆင့်၈ဇွန်ဘီ၏သလင်းကျောက်ကိုပေးကာ ပြောလိုက်သည်။

"မင်းဒါကိုသိမ်းထားလို့ရတယ်။"


သူကဇွန်ဘီအများကြီးကိုတစ်ခါတည်းသတ်ပစ်လိုက်တာလေ။


လင်ခုံးလုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"ခင်ဗျားသုံးဖို့သိမ်းထားသင့်တယ်။"


မတော်တဆမဖြစ်ရင် သူအ​ခြေစိုက်စခန်းမှာတစ်ချိန်လုံးနေတာအန္တရာယ်မရှိပေမဲ့ ကျန့်စစ်ကတော့နို့မှုန့်အတွက်ပိုက်ဆံရှာရန်မကြာခဏအပြင်ထွက်သွားရပေမည်။


သူမလိုချင်မှန်းမြင်လိုက်ရတော့ ကျန့်စစ်တွန်းအားမပေးဘဲ သူ့ကိုယ်စားအရင်သိမ်းထားအေးကာ သူလိုအပ်ရင်ပေးဖို့စီစဥ်ထားလိုက်သည်။


ဒါကို​မြင်လိုက်ရသော် လင်ခုံးလုအသိပေးလိုက်သည်။

"နေ့ဘက်မှာသုံးဖို့သတိရနော်။"


ညဘက်ကတစ်ယောက်ကလုံလောက်စွာခွန်အားကြီးနေပြီမို့ မလိုအပ်ပေ။


ကျန့်စစ်အခန်းထဲကထွက်လာချိန်မှာ စုန့်ယွင်ဝေကဧည့်ခန်းထဲမှာထိုင်နေဆဲဖြစ်ကြောင်းမြင်လိုက်ရသည်။


သူကလက်ထဲမှာစာအုပ်ကိုင်လျက် စာဖတ်ချင်ယောင်ဆောင်နေပေမဲ့ အမှန်တော့ဒီအခန်းဘက်ကိုခဏခဏကြည့်နေခြင်းပင်။


ကျန့်စစ်တစ်ခဏမျှပြောစရာစကားမဲ့သွားရပြီး စုန့်ယွင်ဝေကအနည်းငယ်ရှက်သွားကာ ခပ်ဖွဖွချောင်းဟမ့်လျက်အသိပေးလာသည်။

"ရှောင်လုကိုယ်ဝန်ရှိတာနှစ်လကျော်ပဲရှိသေးတယ်နော်။"


မတည်ငြိမ်သေးတာမို့ မင်းတို့နှစ်ယောက်အခန်းမျှသုံးဖို့မသင့်တော်ဘူး။


ကျန့်စစ်: "...." ကျစ်၊ ရှေးခေတ်ကသီလရှင်လိုပဲ။


ညီလေးကိုဒီလောက်ပမာဏအထိထိန်းချုပ်တဲ့လူတစ်ယောက်မျှမရှိ။


ကျန့်စစ်သူ့ကိုအရေးမစိုက်ဘဲ သူ့အခန်းတံခါးကိုတွန်းဖွင့်ကာ အိပ်ရာပေါ်တက်လှဲပြီး အိပ်နေရင်းလမ်းထလျှောက်မည့်အချိန်ကိုစောင့်နေမိသည်။


သို့သော်လည်း စုန့်ယွင်ဝေဒီမှာလာနေတာကောင်းကျိုးများရှိသည်။


လင်ခုံးလုတွေးသလိုမျိုး သူကအခြေစိုက်စခန်းမှာတစ်ချိန်လုံးမနေနိုင်ဘဲ သူ့ကလေးအတွက်နို့မှုန့်ဖိုးရှာရန်ခဏခဏမစ်ရှင်သွားလုပ်ရပေမည်။ လင်ခုံးလုမှာကိုယ်ဝန်ရှိနေသဖြင့် သူနှင့်အတူအပြင်ထွက်ဖို့မဖြစ်နိုင်ပေမဲ့ အခြေစိုက်စခန်းမှာသူ့ကိုတစ်ယောက်တည်းထားခဲ့ရမည်ကိုကျန့်စစ်စိတ်ပူနေခဲ့သည်။


ဒီတော့နောက်တစ်နေ့မှာ သူစုန့်ယွင်ဝေနှင့်ဆွေးနွေးခဲ့သည်။ သူအခြေစိုက်စခန်းကထွက်သွားချိန်မှာ စုန့်ယွင်ဝေကကောင်လေးကိုဂရုစိုက်ဖို့နေခဲ့ပြီး စုန့်ယွင်ဝေအ​ခြေစိုက်စခန်းကထွက်သွားချိန်မှာ သူနေခဲ့မည်။


ခြုံပြောရရင် နှစ်ယောက်လုံးတစ်ချိန်တည်းထွက်သွားလို့မရပေ။


စုန့်ယွင်ဝေလည်းထိုသို့တွေးမိသဖြင့် နှစ်ယောက်သားအစကကောင်းမွန်စွာပူးပေါင်းခဲ့ကြသည်။


ဒါပေမဲ့တစ်လကြာပြီးနောက် တစ်ခုခုမှားနေမှန်းစုန့်ယွင်ဝေတဖြည်းဖြည်းချင်းသဘောပေါက်လာသည်။ ကျန့်စစ်မစ်ရှင်သွားလုပ်ချိန်မှာနဥ်မျိုးရိုးကောင်ကပါဘာလို့အပြင်ထွက်သွားတာလဲ။ ကျန့်စစ်အနားယူချိန်မှာ နဥ်မျိုးရိုးကောင်ကလည်းအနားယူသည်။


ဒီနေ့ကျန့်စစ်နောက်မစ်ရှင်တစ်ခုသွားလုပ်ရမှာဖြစ်ပြီး အဖွဲ့ထဲကရွှီကျားကျားမှာခြေကျင်းဝတ်အဆစ်လွဲမှုကြောင့်သူနှင့်အတူမလိုက်သွားပေ။


စုန့်ယွင်ဝေကမိန်းမငယ်လေးကိုရှာကာအပြုံးတစ်ပွင့်နှင့်မေးလိုက်သည်။

"ရွှီမိန်းကလေး၊ တစ်ဆိတ်လောက်ခင်ဗျ။ မင်းမစ်ရှင်သွားလုပ်တုန်းက အခြေစိုက်စခန်းထဲကအခြားအဖွဲ့တွေနဲ့မကြာခဏဆုံဖြစ်လား။"


သူကားချောမောခန့်ညားကာ ကောင်းမွန်သောပင်ကိုယ်စရိုက်ရှိပြီး ပြုံးလိုက်တိုင်းရည်မွန်လှသည်။

ရွှီကျားကျားမှာကျန့်စစ်၏ရုပ်ရည်နှင့်ကျင့်သားရနေပြီဖြစ်ပေမဲ့လည်း သူမမနေနိုင်ဘဲရှက်သွေးဖြာသွားကာအလိုလိုပြန်ဖြေမိသည်။

"အာ၊ ရှိသလိုပဲ။ ကျွန်မတို့ဆယ်ခါမှာ၆ခါ၇ခါလောက်ဆုံဖြစ်တယ်။"


"သူတို့အကုန်လုံးကနဥ်ကျယ်ရဲ့အဖွဲ့လား။" စုန့်ယွင်ဝေစိတ်ရှည်လက်ရှည်ထပ်မေးလိုက်သည်။


ရွှီကျားကျားကတစ်အောင့်ကြာပြန်တွေးကာဆိုသည်။

"ဟုတ်သလိုပဲ။"


သူမကစုန့်ယွင်ဝေဘာကိုဆိုလိုမှန်းခန့်မှန်းမိကာအမြန်ထပ်ပေါင်းပြောလာသည်။

"ဒါပေမဲ့နဥ်လူကြီးမင်းကအရင်ကလိုမျိုးစစ်ကောကိုမနှောင့်ယှက်တော့ပါဘူး၊ ပြီးတော့စစ်ကောကလဲသူ့ကိုစကားမပြောဘူးရယ်။"


"ဟုတ်ပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်။" စုန့်ယွင်ဝေအပြုံးလေးနှင့်ပြောလိုက်သည်။


ဘာမှမပြောတာကအရေးကြီးလို့လား။ အရေးကြီးတဲ့ကိစ္စကအဲ့နဥ်မျိုးရိုးကောင်ကသိသိသာသာကိုအကြာကြီးငါးမျှားပြီးတော့ ဖြည်းဖြည်းချင်းချဥ်းကပ်ဖို့ကြံနေတာပဲ။


ထိုနေ့လယ်ခင်းမှာ လင်ခုံးလုတစ်မှေးအိပ်ပြီးနိုးလာချိန် ကျန့်စစ်၏အခန်းတံခါးဝမှာ ပျံလွှားနေသောပုံစံဖြင့်ရေးသားထားသည့်စကားလုံးအနည်းငယ်ပါသည့်စာရွက်တစ်ရွက်ကပ်ထားတာကိုမြင်လိုက်ရသည်: ယောက်ျားတစ်ယောက်ရဲ့သီလသမာဓိ၊ ယောက်ျားတစ်ယောက်ရဲ့သီလသမာဓိ၊ ယောက်ျားတစ်ယောက်ရဲ့သီလသမာဓိကိုမလိုက်နာရင် XXကျိုးလိမ့်မည်။


သူစာရွက်ကိုစိုက်ကြည့်နေမှန်းမြင်လိုက်ရတော့ စုန့်ယွင်ဝေသူ့ကိုအသိပေးလိုက်သည်။

"သွားမဖယ်နဲ့၊ အဲ့ဒါကျန့်စစ်အတွက်။"


လင်ခုံးလု: "...." ကိုကြီးအခုတလောအင်တာနက်သုံးစကားအများကြီးလေ့လာထားတာပဲ။


ကျန့်စစ်ပြန်လာပြီးဒီစာရွက်ကိုမြင်သွားချိန်မှာ သူလည်းတစ်အောင့်ကြာဆွံ့အသွားရကာ တိုက်ရိုက်ဆွဲခွာပစ်လိုက်သည်။


စုန့်ယွင်ဝေကဖြတ်သွားပြီးမြင်လိုက်ရတော့ ဘာမှမပြောဘဲအသိပေးလိုက်သည်။

"အဲ့နဥ်မျိုးရိုးကောင်ရဲ့ရည်ရွယ်ချက်ကမသန့်ရှင်းဘူး၊ သူ့ကိုခဏလွှတ်ပေးထားလို့ရတယ်။ ငါ့အထင်သူကလုဖုန်းအုပ်စုနဲ့အဆက်အသွယ်ရှိတဲ့ပုံပဲ။"


စုန့်ယွင်ဝေမှာသိသိသာသာကိုသူနှင့်စကားပြောချင်နေပြီး သူထပ်မေးလိုက်သည်။

"မင်းအားလား။ ငါမင်းကိုသောက်ဖို့ဖိတ်ချင်တယ်။"


သူ့အသိပေးချက်ကအဓိပ္ပါယ်ရှိမှန်းကျန့်စစ်သိတာမို့ တစ်​အောင့်ကြာတွေးကာပြောလိုက်သည်။

"အောက်ထပ်သွားမယ်။"


ရှောင်လုမှာကိုယ်ဝန်ရှိနေတာမို့ ဝိုင်နံ့ခံတာသူ့အတွက်မကောင်းဘူး။


ဟိုတယ်ပထမထပ်မှာအပန်းဖြေဧရိယာတစ်ခုရှိပြီး ၎င်းမှာစီးပွားရေးလုပ်ဆောင်ချက်များလုပ်သည့်နေရာအနည်းစုထဲကတစ်ခုဖြစ်သည်။


ကျန့်စစ်နှင့်စုန့်ယွင်ဝေကဘားထဲဝင်ကာ ဝိုင်နှစ်ခွက်မှာပြီး စကားပြောဖို့ထောင့်တစ်နေရာမှာထိုင်လိုက်သည်။


ကျန့်စစ်မှာထွက်သွားဖို့အစီအစဥ်ရှိပေမဲ့ ထိုမတိုင်ခင် အခြားအခြေစိုက်စခန်းများ၏အ​ခြေအနေကိုစုံစမ်းရမည်ဖြစ်ရာ သူစုန့်ယွင်ဝေကိုမေးလိုက်သည်။

"Bမြို့တော်ကအခြေစိုက်စခန်းကဘယ်လိုနေလဲ။"


စုန့်ယွင်ဝေကသက်ပြင်းချကာဆိုသည်။

"နည်းနည်းဆင်းရဲတယ်။ အဆုံးမှာတော့ အစိုးရကဖွင့်ထားတဲ့အခြေစိုက်စခန်းကြီးပဲလေ။ ခိုလှုံတဲ့လူအရေအတွက်အရမ်းများပေမဲ့ စားနပ်ရိက္ခာနည်းတယ်။ နေထိုင်မှုပုံစံကTမြို့တော်ကဟာနဲ့သေချာပေါက်မယှဥ်နိုင်ဘူးပေါ့။ ပြီးတော့ အခြေစိုက်စခန်းကကြီးမားတာမို့ အစပိုင်းစီမံခန့်ခွဲမှုကနည်းနည်းဖရိုဖရဲဖြစ်နေတော့ နေရာတချို့မှာလိမ်လည်မှုဖြစ်စဥ်တွေဖြစ်သွားစေတယ်။"


"ဒါပေမဲ့အစိုးရကဖွင့်ထားတာမို့လို့ အမိန့်ကပုံမှန်ဖြစ်နေတုန်းပဲ၊ Tမြို့တော်ကဟာနဲ့ဆင်တယ်။ အချိန်ခဏလောက်တော့ ဘယ်သူကမှဥပဒေကိုမချိုးဖောက်ရဲဘူး။ ငါ့အထင်အခြေအနေတဖြည်းဖြည်းတည်ငြိမ်သွားတာနဲ့ အဲ့ကအခြေအနေကပိုကောင်းလာလောက်ပါတယ်...."


သူတို့စကားပြောနေစဥ် မသိလိုက်မသိဘာသာဖြင့်ခွက်များစွာသောက်လိုက်မိကြသည်။ နောက်ကျတော့စုန့်ယွင်ဝေကိုသူ့ငယ်သားများကခေါ်သွားပြီး ကျန့်စစ်တစ်အောင့်ကြာထိုင်နေပြီးမှထထွက်လာလိုက်သည်။


အပန်းဖြေဧရိယာရှိရေကူးကန်ဘေးကဖြတ်လာချိန်မှာ နဥ်ကျယ်ကဘယ်ကမှန်းမသိပေါ်လာပြီး ရုတ်ခြည်းသူ့ဆီလျှောက်လာကာ အပြုံးချိုချိုဖြင့်ဆိုသည်။

"ခဏလောက်စကားပြောရင်စိတ်မရှိဘူးမလား။"


ကျန့်စစ်မှာတော်တော်လေးစိုးရိမ်နေသဖြင့် သူ့ကိုကျော်သွားကာတည့်တည့်လျှောက်သွားလိုက်သည်။


ဒါပေမဲ့သူကကျန့်စစ်၏အကျီလက်ကိုရုတ်တရက်လှမ်းဆွဲကာ ငိုမဲ့မဲ့ပြောလာသည်။

"ခင်ဗျားဘာလို့ကျွန်တော့်ကိုဒီလောက်မုန်းနေရတာလဲဟင်? ကျွန်တော်ခင်ဗျားကိုစိတ်ဆိုးအောင်လုပ်ခဲ့မိလို့လား။ ဒါမှမဟုတ် ခင်ဗျားကောင်လေးကစိတ်ရှိလို့ အဲ့ဒါကြောင့်ခင်ဗျား...."


နဥ်ကျယ်မှာရွေးချယ်စရာမရှိတော့ပေ။ သူကျန့်စစ်ကိုစကားတစ်ခွန်းပင်မပြောဘဲအချိန်တစ်လကျော်နေခဲ့ပြီး ကျန့်စစ်ကထိုလက်ဖက်စိမ်းလေးကိုသာသဘောကျတာလားသိချင်နေခဲ့သည်။


ကျန့်စစ်၏ဦးခေါင်းခွံထုံကျင်သွားရသည်၊ ဒီကောင့်မှာခေါင်းပြဿနာရှိတာလား။


သူအေးစက်သွားကာ သူ့ကိုတွန်းဖယ်ဖို့ပြင်လိုက်ပေမဲ့ ခပ်လှမ်းလှမ်းကရွှီကျားကျားမှာရုတ်ခြည်းကျယ်လောင်စွာအော်ပြောလာသည်။

"အာ၊ မောင်လေးရှောင်လု၊ ဘာလို့ဒီရောက်လာတာလဲ။"


ကျန့်စစ်လှမ်းကြည့်မိတော့ ရွှီကျားကျားကလင်ခုံးလုကိုပိတ်ရပ်ကာ သူ့ကိုဆက်တိုက်မျက်စိတစ်ဖက်မှိတ်ပြနေတာကိုမြင်လိုက်ရသည်။


ဒါကိုမြင်လိုက်ရသော် နဥ်ကျယ်ပျော်သွားသည်၊ သွေးခွဲဖို့အခွင့်ကောင်းပါလား!


သို့သော်လည်း သူမတုံ့ပြန်ရသေးခင် ကျန့်စစ်ကသူ့ကိုရေကူးကန်ထဲရုတ်ခြည်းတွန်းချပစ်လာသည်။ သူရုန်းကန်ရင်းခေါင်းထုတ်လိုက်ရုံသာရှိသေး သတ္ထုပန်းကန်ပြားကဘယ်ကမှန်းမသိရောက်လာကာ သူ့ကိုပြန်တွန်းထည့်လိုက်သည်။


နဥ်ကျယ်: "ကျန့် ဂလု ဂလု...ကျွန်တော်က ဂလု ဂလု...ခင်ဗျား..."


ထိုစဥ်လင်ခုံးလုရောက်လာပြီး ကျန့်စစ်မျက်နှာထားတင်းမာနေတာကိုမြင်လိုက်ရတော့ ထူးဆန်းစွာမေးလိုက်မိသည်။

"ခင်ဗျားဘာဖြစ်နေတာလဲ။"


ပြောပြီးနောက် သူအနားတိုးကပ်လိုက်သည်။ ရှုကြည့်ပြီးနောက် သူမျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"သောက်လာတာပဲ။"


"အဟမ်း၊ ဘာမှမဟုတ်ပါဘူး၊ အစ်ကိုကြီးကနည်းနည်းသောက်ဖို့ကိုယ့်ကိုခေါ်လာခဲ့တာ။"

ကျန့်စစ်မှာစိုးရိမ်သွားကာ လင်ခုံးလုကိုလက်ဆွဲခေါ်သွားပြီး လမ်းလျှောက်ရင်းပြောလိုက်သည်။

"ဘာလို့ဒီရောက်လာတာလဲ။ ကလေးဒီနေ့အဆင်ပြေတယ်မလား..."


ဦးလေးကတကယ်လှည့်စားသွားတာပဲ၊ သူကသူ့ကိုသောက်ဖို့ခေါ်ပေမဲ့ သူကထွက်ပြေးသွားတော့ သူကျတော့နဥ်ကျယ်နဲ့လာတိုးတယ်။ နဥ်ကျယ်ကသူ့ဆီကအရက်နံ့ရသွားတယ်၊ နဥ်ကျယ်သာရှောင်လုရှေ့မှာကြုံရာကျပန်းစကားလုံးတချို့လုပ်ကြံပြောလိုက်ရင် သူတကယ်ရေကူးကန်ထဲခုန်ဆင်းရင်တောင် သူ့ကိုယ်သူဆေးကြောနိုင်မှာမဟုတ်တော့ဘူး။


လင်ခုံးလုမှာခြေလှမ်းအနည်းငယ်ဆွဲခေါ်ခံသွားရပြီးနောက် ရုတ်ခြည်းခေါင်းလှည့်ကာပြောမိသည်။

"ရေထဲမှာတစ်ခုခုရှိတာလား။ ပူစီဖောင်းထနေသလိုပဲ။"


"အဲ့မှာလား။ မရှိပါဘူး။" ကျန့်စစ်တည်ငြိမ်ချင်ယောင်ဆောင်ကာသူ့ကိုဆွဲခေါ်သွားလိုက်သည်။


နဥ်ကျယ်: "ဂလု ဂလု...."


သူရေအောက်မှာလက်ခလယ်ကြိုးစားထောင်ပြလိုက်ပြီး နောက်ဆုံးတွားသွားတက်လာကာ ရေတစ်ငုံသောက်ပြီး ခါးသက်စွာပြောလိုက်မိသည်။

"သောက်ဇာတ်လိုက်၊ လောင်ဇီမင်းကိုအနှေးနဲ့အမြန်သတ်ပစ်မယ်။"


လင်ခုံးလုသူတို့အခန်းဆီပြန်သွားပြီးနောက် သူ့လက်ကိုရုတ်ခြည်းလွှတ်ချကာ "ယောက်ျားတစ်​ယောက်ရဲ့သီလသမာဓိ"စာရွက်ကိုကျန့်စစ်၏အခန်းတံခါးဝမှာကပ်လိုက်ပြန်သည်။


ကျန့်စစ်: "!"


လင်ခုံးလုတစ်ခုခုမြင်သွားမှန်းသူသက်ာမကင်းဖြစ်မိကာသတိချပ်လိုက်မိသည်။


"ရှောင်လု၊ ကိုယ်...."


"ရှူး၊ ဒါကခင်ဗျားကိုဆုပေးတာ၊ ခင်ဗျားကောင်းကောင်းလုပ်ခဲ့တယ်။" လင်ခုံးလုပြုံးလိုက်ပေမဲ့ အမှန်တော့ရင်ထဲမှာအံကြိတ်နေခြင်းပင်။


ကျန့်စစ်ကသူ့နောက်ကွယ်မှာတကယ်ကြီးသွားသောက်ရဲပြီး နဥ်ကျယ်နဲ့သွားတိုးတယ်၊ သူ့အရက်သောက်စွမ်းရည်ဘယ်လောက်နိမ့်မှန်းဒီလူမသိဘူးလား။ အရင်တုန်းကသူအရက်မူးနေလို့သူ့ကိုအကွက်ဆင်နိုင်ခဲ့တာ၊ ဒါပေမဲ့အခုသူအမှတ်မရှိတာ သူ့ကိုတကယ်စိတ်ဆိုးစေတယ်။


"ခွက်တစ်ထောင်ကမမူးစေနိုင်"ဆိုသည့်ခေါင်းစဥ်ရှိသည့်ကျန့်စစ်: "...."


ပြီးသွားပြီ၊ ရှောင်လုတကယ်မြင်သွားပြီ၊ ဦးလေးကတကယ်ပြဿနာအိုးပဲ။


လင်ခုံးလုထွက်သွားပြီးနောက် သူတံခါးပေါ်ကစာရွက်ကိုတိတ်တိတ်လေးခွာကာ အခန်းထဲပြန်ဝင်သွားပြီး အောက်မှာစာကြောင်းတစ်ကြောင်းထပ်ဖြည့်လိုက်သည်: မနက်ဖြန်ကျရင်ရှောင်လုကိုတောင်းပန်ဖို့သတိရ။


ညဘက် မျက်လုံးနီကျန့်မျက်လုံးဖွင့်လိုက်ပြီး စာရွက်ပေါ်ကစကားလုံးများကိုကြည့်ကာသံသယဝင်သွားသည်။


တောင်းပန်ရမယ်? အဲ့အရူးကနေ့ဘက်မှာကလေးလေးကိုစိတ်ဆိုးအောင်လုပ်ပြန်ပြီလား။


ရုတ်တရက်သူ့စိတ်ထဲမှာမပြည့်စုံသောပုံရိပ်တစ်ခုဖျတ်ခနဲပေါ်လာသည်: ရေကူးကန်ဘေးမှာ အဖြူရောင်ဝတ်စုံနှင့်ယောကျ်ားတစ်​ယောက်ကပြုံးကာသူ့အကျီလက်ကိုဆွဲထားပြီး ကလေးလေးနှင့်အမျိုးသမီးတစ်ယောက်ကခပ်လှမ်းလှမ်းရပ်နေသည်....


ဒီဟာကသူ့မှာမရှိသည့်မှတ်ဉာဏ်ဖြစ်ပေမဲ့ အဖြူရောင်နှင့်ယောက်ျားကိုသူအလွန်ရင်းနှီးသည်၊ ၎င်းမှာသူနှင့်ကလေးလေးကြားမှာသွေးခွဲကာ သူနှင့်ကလေးလေးကိုစိတ်ဝမ်းကွဲစေပြီး နောက်လူတစ်ယောက်နှင့်ပေါင်းကာသူ့ကိုဇွန်ဘီအဖြစ်ပြောင်းသွားအောင်လုပ်ပြီး ကလေးလေးကိုအခြေစိုက်စခန်းအပြင်မောင်းထုတ်ခဲ့သည့်လူဖြစ်သည်၊ သူ့နာမည်က....


ကျန့်စစ်တစ်အောင့်ကြာခေါင်းကိုက်သွားရပေမဲ့ဘာမှမမှတ်မိနိုင်ပေ။


ထားလိုက်တော့၊ သူ့နာမည်ကိုသိဖို့မလိုဘူး၊ ဒီအတိုင်းသူ့ကိုသွားသတ်လိုက်ရုံပဲ။


သူခေါင်းပြန်မော့လိုက်ချိန်တွင် ကျန့်စစ်၏မျက်လုံးတစ်စုံမှာရန်လိုမှုနှင့်အတူပို၍သွေးနီရောင်လွှမ်းသွားသယောင်။


သူရှားရှားပါးပါးမျက်လုံးဖွင့်ဖွင့်ချင်းလင်ခုံးလုကိုမရှာဘဲ တံခါးဖွင့်ကာထွက်သွားပြီးအောက်ထပ်တည့်မတ်စွာဆင်းသွားလိုက်သည်။


လင်ခုံးလုမှာနေ့ဘက်တုန်းကအများကြီးအိပ်ထားသဖြင့် သူဒီအခိုက်အတန့်မှာအိပ်မရဘဲ မျက်လုံးဖွင့်ကာမျက်လုံးနီကျန့်ရောက်လာမှာကိုစောင့်နေလိုက်သည်။


ဒါပေမဲ့လည်း ဘေးအခန်းတံခါးကပွင့်သွားပေမဲ့ အချိန်အတော်ကြာအောင်သူ့ဆီဘယ်သူမှရောက်မလာပေ၊ ဘာဖြစ်လို့ပါလိမ့်?


သိချင်စိတ်ဖြင့်သူထရပ်ကာတံခါးဖွင့်ပြီးအပြင်ထွက်ကြည့်လိုက်တော့ မျက်လုံးနီကျန့်ကနိုးလာပြီးနောက်မှာသူ့ကိုလာမရှာဘဲ တကယ်ကြီးအပြင်ထွက်သွားတာကိုမြင်လိုက်ရတာလား။


ကျန့်စစ်မပြည့်စုံသောမှတ်ဉာဏ်နောက်လိုက်ကာရှာဖွေလိုက်တော့ သေချာတာပေါ့၊ နဥ်ကျယ်ကပထမထပ်မှာရှိနေတာကို​မြင်လိုက်ရသည်။


နဥ်ကျယ်သူ့ကိုမြင်လိုက်ရချိန် သူ့မျက်လုံးထဲမှာအံ့အားသင့်မှုတစ်ချက်ဖြတ်သွားသည်။


သူနေ့ဘက်တုန်းကစောင့်ကြည့်ကင်မရာကိုကြည့်လိုက်တော့ လင်ခုံးလုအဲ့မှာရှိနေလို့ ကျန့်စစ်ကသူ့ကိုရေထဲတွန်းချခဲ့မှန်းမြင်လိုက်ရသဖြင့် လင်ခုံးလုသိသွားမှာစိုးလို့ကျန့်စစ်ကထိုသို့လုပ်ခဲ့တာဖြစ်လောက်ကြောင်း၊ သူကသူ့အပေါ်မထူးခြားမခြားနားခံစားရတာမဟုတ်တာကြောင့်မဟုတ်လောက်မှန်းသံသယဝင်ခဲ့မိသည်။


သေချာတာပေါ့၊ ညဘက်ဘယ်သူမှမရှိတဲ့အချိန်မှာကျန့်စစ်ကသူ့ဆီရောက်လာတယ်ပေါ့?


သူပြုံးကာ တမင်သက်သက်ဖြည်းညှင်းစွာရှေ့တိုးပြီး လည်ချောင်းရှင်းကာပြောလိုက်သည်။

"ခင်...."


"ခင်ဗျား"ဆိုသည့်စကားလုံးမပြီးသေးခင် ကျန့်စစ်ကရုတ်ခြည်းသူ့လည်တိုင်ကိုဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများမှာသေလူကိုကြည့်နေသယောင်။


"မင်းကကလေးလေးကိုအနိုင်ကျင့်ခဲ့တာကို ပေါ်လာရဲသေးတယ်လား။"

ကျန့်စစ်၏မျက်လုံးများမှာအေးစက်နေပြီး သူ့လက်ငါးချောင်းမှာပိုမိုတင်းကြပ်သထက်တင်းကြပ်သွားကာ သန်မာသောစိတ်စွမ်းအားကနဥ်ကျယ်၏ပါးစပ်၊ နှာခေါင်းနှင့်နားရွက်တို့ကိုသွေးထွက်လာစေသည်။


"ကျွန် ကျွန်တော်...."

နဥ်ကျယ်သူ့လက်ကော​က်ဝတ်ကိုလှမ်းကိုင်ကာအဆက်မပြတ်ရုန်းကန်နေမိသည်။ နောက်ဆုံးတွင်သူမလွတ်မြောက်နိုင်ဘဲသေတော့မည်ကိုမြင်လိုက်ရရင်း သူ့ပုံရိပ်မှာရုတ်ခြည်းဖျတ်ခနဲလက်သွားကာ လေထဲပျောက်ကွယ်သွားသည်။


ကျန့်စစ်၏လက်မှာတမဟုတ်ချင်းဆုပ်ညှစ်လိုက်ပေမဲ့ လေထုကိုသာဖမ်းဆုပ်မိလိုက်ကာ သူ့မျက်ဝန်းနီထဲမှာသံသယတစ်ချက်ဖြတ်ပြေးသွားသည်။


ထိုစဥ်လင်ခုံးလုရောက်လာကာ ထူးဆန်းစွာမေးလိုက်သည်။

"ခင်ဗျားဒီမှာဘာလုပ်နေတာလဲ။"


သူ့လက်ပေါ်မှာသွေးရှိမှန်းကျန့်စစ်ရုတ်ခြည်းသတိရသွားကာ သူ့လက်ကိုအမြန်နောက်ပစ်ပြီးပြောလိုက်ရသည်။

"ဟင့်အင်း၊ ဘာမှမဟုတ်ပါဘူး။"


ကလေးလေးကသွေးကိုသဘောမကျဘူး၊ သူဒီနည်းလမ်းသုံးပြီးလူသတ်တာကိုလည်းမကြိုက်ဘူး။ သူ့ကိုကလေးလေးတွေ့သွားလို့မဖြစ်ဘူး။


လင်ခုံးလုအနားတိုးကပ်သွားရင်း သွေးနံ့တကယ်ရလိုက်သဖြင့် မနေနိုင်ဘဲခြေတစ်လှမ်းနောက်ဆုတ်လိုက်မိသည်။


သူဖုံးကွယ်မရမှန်းမြင်လိုက်ရတော့ ကျန့်စစ်ရွေးချယ်စရာမရှိဘဲလိမ်လိုက်ရကာ သူ့မျက်လုံးများမှာဝေ့ဝဲကာဖြင့် အပြစ်ရှိစွာပြောလိုက်သည်။

"ကိုယ်...ကိုယ်ဗိုက်ဆာလို့ ကြက်တစ်ကောင်ထွက်ရှာစားတာ။"


လင်ခုံးလု: "....."


"သွေးတွေကိုမြန်မြန်ဆေးပစ်လိုက်။"

လင်ခုံးလုပြောလိုက်သည်။


ကျန့်စစ်သန့်ရှင်းရေးလုပ်ပြီးနောက် လင်ခုံးလုကသူ့ကိုပြန်ခေါ်သွားကာ သူ့အတွက်အာလူးတစ်အိုးပြုတ်ပေးပြီး သူ့ကိုသင်ပေးလိုက်သည်။

"ညလယ်ခေါင်ကြီးမှာအပြင်ထွက်ပြီးကြက်သွားမခိုးရဘူးနော်။"


ပိုးကောင်မဟုတ်ဘူးလေ။


ကျန့်စစ်မှာအလွန်ပျော်ရွှင်သွားပြီး အာလူးပြုတ်တစ်အိုးလုံးကုန်အောင်စားပစ်လိုက်သည်။ ထွက်ပြေးသွားတဲ့လူကိုတော့ မနက်ဖြန်ညကျရင်ဖမ်းဖို့ဆုံးဖြတ်ထားတယ်။


နဥ်ကျယ်မှာဟိုတယ်ထဲကလွတ်လာပြွးနောက် သိပ်မဝေးသောနေရာကလမ်းကြားထဲဒယိမ်းဒယိုင်ပြေးဝင်ကာ နောက်ဆုံးတောင့်မထားနိုင်တော့ဘဲ မြေကြီးပေါ်လဲကျသွားသည်။


"ခွေးကောင်၊ သောက်ဇာတ်လိုက်၊ လောင်ဇီသူ့ကိုသတ်ပစ်ချင်တယ်၊ လောင်ဇီသူ့ကိုသတ်ကိုသတ်ပစ်ရမယ် အဟွတ် အဟွတ်...."


သူသွေးအန်လိုက်ပြီး သွေးအန်ရင်းဆဲဆိုမိသည်။


"ရို့၊ ဒါကနဥ်လူကြီးမင်းမဟုတ်လား။ ဘာလို့ဒီလိုဖရိုဖရဲဖြစ်နေတာတုန်း၊ မင်းကိုဘယ်သူရိုက်လိုက်တာလဲ။"

ကောက်ကျစ်သောအသံတစ်ခုရုတ်တရက်ထွက်လာသည်။


နဥ်ကျယ်အတတ်နိုင်ဆုံးခေါင်းကြိုးစားမော့ကြည့်လိုက်တော့ လုဖုန်း၏လက်ပါးစေမှန်းမြင်လိုက်ရရာ မနေနိုင်ဘဲပြုံးလိုက်မိသည်။


ဘာကျန့်စစ်လဲ၊ မင်းကငါနဲ့ငြိမ်းချမ်းရေးဝိုင်မသောက်ချင်မှတော့ ရိုင်းစိုင်းမိတဲ့အတွက်ငါ့ကိုအပြစ်မတင်နဲ့။


"ရွှယ်ခိုင်။" သူ့ကိုစကား​ပြောလိုက်သည့်လူကိုလက်ချောင်းများကွေးပြကာပြောလိုက်သည်။

"ငါ့ကိုလုဖုန်းကိုတွေ့ဖို့ခေါ်သွားပေးပါ။"


"မင်းကဖုန်းကောကိုတွေ့ချင်တယ်လား။" ရွှယ်ခိုင်ကဒါကိုကြားလိုက်ရသော် မျက်ဝန်းထဲမှာကောက်ကျစ်သောအပြုံးတစ်ပွင့်ပေါ်လာသည်။

"ရပါတယ်၊ ဒါပေမဲ့ငါမင်းကိုအဲ့ကိုခေါ်သွားရင် ငါကဘာအကျိုးအမြတ်ရမှာလဲ။"


နဥ်ကျယ်၏မျက်လုံးများမှာရွံရှာမှုတစ်ချက်လက်သွားသည်၊ ကမ္ဘာငယ်လေးကနိမ့်ကျတဲ့လူသားကသူ့ကိုတပ်မက်ဖို့ထိုက်တန်လို့လား။


သူလှောင်ပြုံးပြုံးလိုက်မိပြီး သူစကားထပ်ပြောလိုက်ချိန်တွင် သူ့အသံကစိတ်စွမ်းအားလွှတ်ကာပြောလိုက်သည်။

"ငါမင်းကိုအမိန့်ပေးတယ်၊ ငါ့ကိုအဲ့ကိုခေါ်သွားချေ။"


ရွှယ်ခိုင်ခေါင်းငြိမ့်လိုက်မိပြီး သူ့မျက်လုံးများမှာဇဝေဇဝါဖြစ်လျက်ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်မင်းကိုအဲ့ကိုခေါ်သွားပါ့မယ်။"


နဥ်ကျယ်ကလုဖုန်းကိုမြင်လိုက်ရချိန် သူ့ရည်ရွယ်ချက်ကိုတည့်တိုးပြောလိုက်သည်။

"ကျန့်စစ်နဲ့အဲ့လူတွေကိုရှင်းပစ်ဖို့ပူးပေါင်းရအောင်။"


အခုတလောလုဖုန်းမှာစိတ်အခြေအနေအလွန်ဆိုးဝါးလို့နေသည်။ ကျန့်စစ်ကမစ်ရှင်ခဏခဏသွားလုပ်ကာ အခြေစိုက်စခန်းအတွက်အခက်အခဲများစွာကိုဖြေရှင်းပေးခဲ့သဖြင့် သူ့ဂုဏ်သတင်းကပိုမိုမြင့်သထက်မြင့်မားလာပေရာ သူ့ကိုမကျေမနပ်ဖြစ်စေသည်။


ဒါပေမဲ့သူထိပ်တိုက်သွားရင်ဆိုင်ရင်လည်း ကျန့်စစ်ကိုမနိုင်ပေရာ သူသည်းညည်းခံရုံသာတတ်နိုင်သည်။ ထို့ကြောင့်သူသည်းညည်းခံရလေလေ သူပိုမိုဒေါသထွက်လာလေလေပင်။


ဒီတစ်ခေါက်နဥ်ကျယ်ဒီရောက်လာတော့ သူဟာသေနတ်ပြောင်းဝမှာရှိနေခြင်းပင်။


ဒီကောင်လေးကမျက်နှာပြောင်တိုက်လွန်းလှသည်ဟုလုဖုန်းခံစားလိုက်ရသည်၊ သူတောင်ကျန့်စစ်ကိုမနိုင်တာ ဒီနဥ်မျိုးရိုးကနိုင်မယ်တဲ့လား။


"ဟက်၊ ဘယ်လိုပူးပေါင်းမှာလဲ။ မင်းရဲ့ပလွေစွမ်းရည်နဲ့လား။"

သူသရော်လိုက်သည်။


ပတ်ဝန်းကျင်ရှိငယ်သားများမှာထိုစကားများကိုကြားလိုက်ရချိန် သူတို့ချက်ချင်းရယ်သွမ်းလိုက်ကြသည်။


နဥ်ကျယ်နှာမှုတ်လိုက်ပြီး ရွှယ်ခိုင်ဘက်လှည့်ကာပြောလိုက်သည်။

"အပြင်မှာသွားဒူးထောက်ပြီးတော့ မင်းကအရူးပါလို့ဆယ်ကြိမ်အော်ချေ။"


ရွှယ်ခိုင်မှာပုံမှန်ဆိုသွေးပူလွယ်ပေမဲ့ ဒီအခိုက်အတန့်မှာသူကအလွန်နာခံမှုရှိနေကာ အပြင်မှာဒူးသွားထောက်ပြီး စအော်လေတော့သည်။

"ကျွန်တော်ကအရူးပါ! ကျွန်တော်က...."


အခန်းထဲကလူတိုင်း၏မျက်နှာမှာတမဟုတ်ချင်းပြောင်းလဲသွားပြီး လုဖုန်းမျက်မှောင်ကြုတ်ကာပြောမိသည်။

"မင်းသူ့ကိုဘာလုပ်လိုက်တာလဲ။"


"ငါသူ့ကိုဘာလုပ်ခဲ့လဲဆိုတာအရေးမကြီးပါဘူး၊ အရေးကြီးတာကမင်းသေတော့မယ်ဆိုတာပဲ။"

နဥ်ကျယ်ကတခစ်ခစ်ရယ်မောကာ ထိုညကဥက္ကဌယန်၏တံခါးအပြင်မှာအသံဖမ်းခဲ့သည့်အသံမှတ်တမ်းကိုဖွင့်ပြလိုက်သည်။


လုဖုန်းနားထောင်ပြီးနောက် သူပြောလိုက်ပြန်သည်။

"မြင်လား၊ အဖိုးကြီးယန်နဲ့ဖူကျန့်ဖင်းတို့နှစ်ယောက်လုံးကအခြေစိုက်စခန်းကိုကျန့်စစ်ဆီလွှဲပေးချင်နေကြတယ်။ မင်းကတော့ဘာမှမသိဘဲ သိပ်မကြာခင်ရှင်းထုတ်ခံလိုက်ရလောက်တယ်။"


"တိတ်စမ်း!" လုဖုန်း၏မျက်နှာမှာဖြူဖျော့လို့နေကာမေးလိုက်သည်။

"ဘယ်လိုပူးပေါင်းမှာလဲ။"


နဥ်ကျယ်ကပြုံးကာဆိုသည်။

"အရမ်းရိုးရှင်းပါတယ်၊ ငါနည်းလမ်းရှာပြီးတော့ကျန့်စစ်နဲ့စုန့်ယွင်ဝေတို့နှစ်ယောက်လုံးကိုအခြေစိုက်စခန်းအပြင်သွေးဆောင်သွားမယ်၊ မင်းကသူတို့ကိုရှင်းပစ်ဖို့တာဝန်ရှိတယ်။"


တစ်ဖက်လူလက်မခံမှာစိုးလို့ သူပြောလိုက်သည်။

"အခြေစိုက်စခန်းက အဖိုးကြီးယန်နဲ့ဖူကျန့်ဖင်းကိုတော့ မင်းမရှင်းပစ်နိုင်ဘူးမလား။ ဒီကိစ္စအောင်မြင်သွားတာနဲ့ မင်းကအ​ခြေစိုက်စခန်းရဲ့ဘော့စ်ဖြစ်လာမှာ၊ အိုး ဟုတ်သားပဲ၊ ကျန့်စစ်ဘေးကအလှလေးကလည်းမင်းအပိုင်ဖြစ်လာလိမ့်မယ်။"


လုဖုန်းဘာကိုစိတ်အဝင်စားဆုံးဖြစ်မှန်းသူသိသဖြင့် တမင်သက်သက်သူ့ကိုအသိပေးလိုက်သည်။


ဒါကိုကြားလိုက်ရသော် လုဖုန်းမှာနက်နဲသောအဓိပ္ပါယ်ဖြင့်ပြုံးကာပြောလိုက်သည်။

"ဒါဆိုပျော်ပျော်ကြီးပူးပေါင်းကြတာပေါ့။"


နှစ်ရက်ကြာပြီးနောက် လင်ခုံးလုနှင့်ကျန့်စစ်ညစာအတူစားနေချိန်မှာ စုန့်ယွင်ဝေ၏ငယ်သားအနက်တစ်ယောက်ကရုတ်တရက်ပြန်လာကာအထိတ်တလန့်ပြောလာသည်။

"စုန့်လူကြီးမင်းမတော်တဆဖြစ်သွားတယ်။ ကျွန်တော်တို့တွေရှင်းယွမ်မြို့နယ်မှာစားနပ်ရိက္ခာရှာနေတုန်း ရုတ်တရက်အဆင့်မြင့်ဇွန်ဘီတွေနဲ့ကြုံလိုက်ရတယ်။ စုန့်လူကြီးမင်းနဲ့အခြားသူတွေကစူပါမားကတ်ထဲမှာအဝိုင်းခံထားရတယ်...."


စုန့်ယွင်ဝေမှာယမန်နေ့တုန်းကမစ်ရှင်သွားလုပ်ရန်အဖွဲ့ကိုခေါ်ဆောင်သွားခဲ့ပြီး သူတို့မနေ့ညကပြန်လာဖို့ရည်ရွယ်ထားပေမဲ့ အခုတော့ဆယ်နာရီနောက်ကျသွားခဲ့ပြီ။


လင်ခုံးလုနှင့်ကျန့်စစ်မှာစိတ်ပူနေခဲ့ကြခြင်းပင်။ တစ်ခုခုဖြစ်သွားကြောင်းသူတို့ကြားလိုက်ရသော် သူတို့ချက်ချင်းသူတို့ကိုသွားကယ်ဖို့ဆုံးဖြတ်လိုက်ကြသည်။


လင်ခုံးလုလည်းသူနှင့်အတူသွားချင်ပေမဲ့ ကျန့်စစ်ကသူ၏ဖောင်းကားနေသည့်ဗိုက်ကိုတစ်ချက်ကြည့်ကာပြောလာသည်။

"အန္တရာယ်အရမ်းများတယ်၊ မလိုက်နဲ့နော်၊ စိတ်မပူနဲ့၊ ကိုယ်သူ့ကိုသေချာပေါက်ပြန်ခေါ်လာခဲ့မယ်။"


လင်ခုံးလုခေါင်းမမာနိုင်ဘဲသဘောတူလိုက်ရပေမဲ့ ကျန့်စစ်ထွက်သွားပြီးနောက် တစ်ခုခုမှားနေမှန်းရေးတေးတေးခံစားလိုက်ရသည်။


သူအဆင်မပြေဖြစ်နေချိန်မှာ ခြေထောက်ဒဏ်ရာပြန်မကောင်းသေးသည့်ရွှီကျားကျားရုတ်ခြည်းထော့နဲ့ထော့နဲ့ရောက်လာကာ  စိုးရိမ်တကြီးပြောလာသည်။

"မောင်လေးရှောင်လု၊ အစ်မနဲ့လိုက်ခဲ့၊ အခြေစိုက်စခန်းမှာတစ်ခုခုဖြစ်နေပြီ။"


လင်ခုံးလုသူမကိုကူတွဲပေးကာ မျက်မှောင်ကြုတ်လျက်မေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ။"


ရွှီကျားကျားကစိုးရိမ်တကြီးဆိုသည်။

"အဲ့ဒီ့လုဖုန်းလေ၊ အစ်မကြားတာကတော့သူကဥက္ကဌယန်ကိုသတ်ပြီးအခြေစိုက်စခန်းကိုလုယူဖို့လူတွေဦးဆောင်လာတယ်တဲ့။ အခုဆိုသူကလူတွေကိုဒီခေါ်လာနေပြီ၊ ဖူလူကြီးမင်းနဲ့ပရော်ဖက်ဆာကုကကံကောင်းချင်တော့လွတ်သွားပြီးပုန်းနေလောက်ပြီ၊ မင်းအစ်မနဲ့အတူလိုက်ပုန်းရမယ်နော်။"


လင်ခုံးလု: "ဖာ့ခ်။"


သူ့ဘက်မှာဒီလိုဆိုတော့ ကျန့်စစ်ဘက်မှာဆို...


မဟုတ်ဘူး၊ ကျန့်စစ်ကခုလေးတင်အ​ခြေစိုက်စခန်းထဲကထွက်သွားခဲ့တာ၊ လုဖုန်းစီစဥ်ခဲ့တဲ့လူကဒီလောက်မြန်မြန်ကြီးလှုပ်ရှားမှုလုပ်မှာမဟုတ်ဘူး၊ သူလုဖုန်းကိုဆွဲချပြီးတစ်ဖက်လူကိုပြန်ဆုတ်ခိုင်းလိုက်ရင်...


ဒါကိုတွေးမိရင်း လင်ခုံးလုလှောင်ပြုံးပြုံးကာပြောလိုက်သည်။

"လုဖုန်းကိုသွားတွေ့မယ်။"


ပြောပြီးနောက် သူ0687ကိုအံကြိတ်ပြောလိုက်ပြန်သည်။

"ငါ့အတွက်'ဓားမြှောင်ပျံလေး'ဖွင့်...မဟုတ်ဘူး 'စိန်ကျမ်း'ဖွင့်လိုက်။"


သူတစ်ဖက်လူကိုသူ့အသံစွမ်းအားဖြင့်ရွတ်ဖတ်ပြပြီးသေသွားစေချင်သည်။


သူပထမဆုံးအကြိမ်ဒေါသထွက်တာကိုမြင်လိုက်ရတော့ ရွှီကျားကျားမတောင့်တင်းသွားဘဲမနေနိုင်။ မောင်လေးရှောင်လုကပုံမှန်ဆိုချစ်စရာကောင်းပြီးရင်းကောင်းနေပေမဲ့ သူဒေါသထွက်လာရင်တော့....ကြောက်စရာကောင်းတယ်ရော်။


လင်ခုံးလုသူ့ဝမ်းဗိုက်အောက်ပိုင်းကိုကာရန်တမင်သက်သက်လေကာအကျီဝတ်သွားလိုက်သည်။ သူဟိုတယ်အပြင်ထွက်လာချိန်မှာ လုဖုန်းနှင့်အခြားသူတို့နှင့်ဆုံသည်။


သူ့ကိုမြင်လိုက်ရသော်လုဖုန်းကရယ်မောကာဆိုသည်။

"မင်းနာမည်ကရှောင်လုမလား။ မင်းရဲ့အစ်ကိုကြီးနဲ့ကျန့်စစ်တို့နှစ်ယောက်လုံးမတော်တဆဖြစ်သွားတယ်လို့ကိုယ်ကြားမိတယ်။ ဘယ်လိုလုပ်မလဲ။ မင်းတစ်ယောက်ယောက်ကိုအားကိုးချင်လား။"


လင်ခုံးလုပြုံးလိုက်သည်။

"မင်းရဲ့ခေါင်းကိုပြောင်းလိုက်လေ။"


လုဖုန်းနောက်ကလူတို့မှာချက်ချင်းရှုံ့ချလာကြသည်။

"မင်းကဖုန်းကောကိုအဲ့လိုပြောရဲတယ်လား။"


လုဖုန်းလက်မြှောက်ကာတားလိုက်ပြီး အပြုံးတစ်ဝက်ဖြင့်ပြောလိုက်သည်။

"ရတယ်၊ အလှလေးတွေမှာခေါင်းမာခွင့်ရှိတယ်။"


ဒါပေမဲ့နော​က်တစ်စက္ကန့်မှာ သူ့အသံကအေးစက်သွားသည်။

"ဟိုတယ်ကိုဝိုင်းပြီးတော့ အဲ့အရူးကောင်ဖူကျန့်ဖင်းကိုရှာ၊ သူ့ကိုတော့...."


သူကပြောရင်းလင်ခုံးလုကိုကြည့်ကာဆိုသည်။

"သန့်ရှင်းရေးလုပ်ပြီး ငါ့အခန်းထဲပို့လိုက်။"


"ဟားဟားဟား...."


ထိုစကားများထွက်ကျသွားသည်နှင့် သူ့နောက်ကလူတို့မှာရယ်မောလိုက်ကြသည်။


လုဖုန်းကလင်ခုံးလုကိုတကယ်သဘောကျတာမဟုတ်ဘဲ ဒါကကျန့်စစ်၏လူဖြစ်ပေမဲ့ အဆုံးမှာသူ့လက်ထဲရောက်လာမှန်းတွေးမိလိုက်ချိန်တွင်စိတ်သက်သာရာရသွားရုံသာ။


လင်ခုံးလုမျက်မှောင်ကြုတ်လိုက်မိသည်။ အထူးသဖြင့်ဒီအခိုက်အတန့်မှာဓားတစ်ချောင်းရှိပါစေဆုတောင်းမိသည်၊ ဒါမှသူတိုက်ရိုက်သတ်ပစ်လိုက်လို့ရမှာဖြစ်သည်။


သူ့မှာအသံစွမ်းရည်ရှိတာမို့ သူအရမ်းမမိမိုက်နိုင်တာသနားစရာပင်၊ ထို့ကြောင့်သူသက်ပြင်းချရုံသာတတ်နိုင်ကာ သူ့စိတ်စွမ်းအားထုတ်ပြီး "စိန်ကျမ်း"ကိုတီးတိုးရွတ်လိုက်သည်။


အသံလှိုင်းမှာလူတိုင်းကိုတမဟုတ်ချင်းတိုက်ခိုက်လိုက်သည်။ လုဖုန်းနှင့်အခြားသူတို့မှာချက်ချင်းနားအုပ်လိုက်ပေမဲ့အသုံးမဝင်ပေ။ မမြင်နိုင်သောစွမ်းအားကဆက်လက်တိုက်ခိုက်နေပြီး ဦးနှောက်ထဲကိုဖြတ်နေသည့်လွှစက်ပမာ နာကျင်မှုမှာအလွန်ပြင်းထန်လှသည်။


အားနည်းသူတို့မှာသိပ်မကြာခင်သတိလစ်မေ့လဲသွားကြပြီး အဆုံးမှာလုဖုန်းနှင့်သူ၏သန်မာသောငယ်သားတို့သာကျန်ခဲ့သည်။ ဒါပေမဲ့ထိုငယ်သားများမှာမခံနိုင်တော့ဘဲ မြေကြီးပေါ်လူးလိမ့်ကာ အော်ဟစ်မိကြပြီး သူတို့နားနှင့်နှာခေါင်းထဲကသွေးများထွက်လာသည်။


ရွှီကျားကျားမှာခပ်လှမ်းလှမ်းကဟိုတယ်ထဲမှာပုန်းနေပြီး သူမနားကိုအုပ်ထားပေမဲ့ ကြီးစွာနာကျင်လျက်သာ။


လင်ခုံးလုမှာဘာကိုမှအရေးမစိုက်ဘဲ လုဖုန်းပါမလဲကျသွားမချင်းဆက်တိုက်ရွတ်နေလိုက်သည်။ ထိုနောက်သူကအခုလေးတင်တစ်ယောက်ယောက်နှင့်အတူရောက်လာသည့်ဖူကျန့်ဖင်းကိုပြောလိုက်သည်။

"သူတို့ကိုကြိုးတုပ်ပြီး သန့်ရှင်းအောင်ဆေးကြောပြီးမှနှိုးလိုက်။ ကျွန်တော့်မှာတစ်ခုခုမေးစရာရှိတယ်။"


လုဖုန်းနှင့်အခြားသူတို့ရေပက်ဖြန်းမှုကြောင့်နိုးလာချိန်တွင် သူတို့မိန်းမောလျက် ကောင်းကင်ဘုံရောက်နေသည့်အလားခံစားလိုက်ရသည်။


"ဝေ့။"


ချိုသာသောကောင်လေးတစ်ယောက်အသံထွက်လာပေမဲ့ သူတို့တောင်းတင်းသွားကြပြီး ကြောက်လန့်စွာဖြင့်သူတို့နားကိုချက်ချင်းအုပ်လိုက်မိပေမဲ့ သူတို့လှုပ်လိုက်သည်နှင့် သူတို့လက်နှင့်​ခြေထောက်များမှာကြိုးတုပ်ခံထားရမှန်းသိလိုက်ရသည်။


လုဖုန်း၏မျက်နှာမှာတစ်အောင့်ကြာဖြူဖတ်ဖြူရော်ဖြစ်သွားကာ အံကြိတ်လျက်ပြောမိသည်။

"ခွေးကောင်လေး---"


လင်ခုံးလုဗလာကျင်းစွာပြောလိုက်သည်။

"အုံ(မ်) ရှို့လီ ရှို့လီ မဟာ ရှို့လီ..."*


"မလုပ် မလုပ်ပါနဲ့၊ မရွတ်လိုက်ပါနဲ့၊ ဆရာရယ်၊ မရွတ်လိုက်ပါနဲ့ဗျာ...."

လုဖုန်း၏ငယ်သားမှာချက်ချင်းနာကျင်စွာငိုကြွေးမိကြသည်။


လုဖုန်းလည်းအံကြိတ်လိုက်ရပြီး သူ့မျက်နှာမှာတမဟုတ်ချင်းဖြူဖျော့သွားသည်။


ဖူကျန့်ဖင်းလည်းခေါင်းကိုအုပ်လိုက်မိပြီး ဘာဖြစ်သွားမှန်းနားမလည်သေးခင် ပြေးဝင်လာသည့်ရွှီကျားကျားကသူ့ကိုအပြင်ဆွဲထုတ်သွားသည်။


လင်ခုံးလုရပ်တန့်ကာမေးလိုက်သည်။

"မင်းအတိအကျပြောပြနိုင်လား။"


လုဖုန်းအံကြိတ်လိုက်သည်။

"ပြော။"


လင်ခုံးလု: "ကျန့်စစ်ကိုရှင်းပစ်ဖို့လွှတ်ထားတဲ့လူတွေအကုန်လုံးကိုပြန်ခေါ်လိုက်၊ ပြီးတော့နဥ်ကျယ်ဘယ်မှာလဲ။"


လုဖုန်း: "အိပ်မက်မက်နေလိုက်!"


လင်ခုံးလု: "အုံ(မ်) ရှို့လီ ရှို့လီ မဟာ ရှို့လီ..."


"ဆရာ မရွတ်ပါနဲ့ ၊ မရွတ်ပါနဲ့ဗျာ..." လုဖုန်း၏ငယ်သားများကချက်ချင်းငိုကြွေးကြပြန်သည်။


လုဖုန်းအစကတောင့်ခံနိုင်ပေမဲ့ တစ်မိနစ်ကြာပြီးနောက် သူမတောင့်ထားနိုင်တော့ဘဲ သူပါနာကျင်စွာအော်ဟစ်မိသည်။


"ရပ်တော့!" သူလေးလံစွာမောဟိုက်လျက် ခက်ခက်ခဲခဲပြောလိုက်ရသည်။

"ငါပြောပြမယ်၊ ငါပြောပြပါမယ်...."


သူကားရေထဲကအခုလေးတင်ထွက်လာသည်နှင့်တူကာ သူ့မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့်နားတို့မှာသွေးတို့ထွက်လျက်။


လင်ခုံးလုရွံရှာစွာခြေတစ်လှမ်းနောက်ဆုတ်လိုက်မိပြီး သူ့နှာဖျားပေါ်ရေမွှေးပုလင်းလေးတင်ကာသွေးနံ့ကိုဖုံးလျက် သူပြောတာနားထောင်ပြီးနောက် စာလုံးအနည်းငယ်ရွတ်ကာ လူတို့ကိုထပ်မံသတိလစ်အောင်လုပ်ပြီးမှလှည့်ထွက်လာလိုက်သည်။


"ခင်ဗျားကသူပြောတဲ့နည်းလမ်းအတိုင်းသူလွှတ်လိုက်တဲ့လူတွေကိုပြန်ခေါ်လိုက်။ ပြီးတော့ကျွန်တော့်ကိုလူတချို့ငှားအုံး။ ကျွန်တော်အပြင်ထွက်ပြီးလူသွားကယ်ချင်တယ်။"

လင်ခုံးလုမှာဖူကျန့်ဖင်းကိုပြောလိုက်ပေမဲ့ ပြောပြီးသည်နှင့်သူ့ခန္ဓာကိုယ်တုန်တက်သွားကာ ခေါင်းမူးလာသည်။


0687ကသက်ပြင်းချကာဆိုသည်။

"စိတ်စွမ်းအားအသုံးလွန်သွားတာ၊ မင်းကိုယ်တိုင်နဲ့ကလေးအတွက် အပြင်မထွက်သွားတာပိုကောင်းမယ်။ ဇာတ်လိုက်ကသေချာပေါက်အဆင်ပြေမှာပါ၊ သူကမင်းထက်ပိုသန်မာတာမို့ မင်းစိတ်မပူပါနဲ့။"


ရှင်းယွမ်မြို့ပြင်မှာ လုဖုန်းကလူတစ်ယောက်မှမလွှတ်လာမှန်းနဥ်ကျယ်မြင်လိုက်ရတော့ သူ့မျက်နှာမှာဒေါသဖြင့်ဖြူဖျော့သွားရကာ သူ့ပလွေကိုထုတ်ပြီးအံကြိတ်လျက်တီးမှုတ်ရုံသာတတ်နိုင်သည်။


သိပ်မကြာခင် အဆင့်၉ဇွန်ဘီနှစ်ကောင်ကမြို့ထဲမှာပေါ်လာသည်။


မြို့ထဲကစူပါမားကတ်ထဲတွင် ကျန့်စစ်ကစုန့်ယွင်ဝေကိုကယ်ပြီး အတူထွက်သွားဖို့ပြင်လိုက်ပေမဲ့ အန္တရာယ်ချဥ်းကပ်လာမှုကိုထက်ရှစွာသတိထားမိလိုက်ကာ စုန့်ယွင်ဝေကိုအလိုလိုတွန်းထုတ်ပြီးပြောလိုက်မိသည်။

"သွားတော့!"


စုန့်ယွင်ဝေမှာကားထဲတွန်းထည့်ခံလိုက်ရပြီး ခေါင်းလှည့်ကြည့်မိတော့ အဆင့်၉ဌွန်ဘီနှစ်ကောင်ကကျန့်စစ်ပေါ်ခုန်အုပ်လိုက်တာကိုမြင်လိုက်ရရာ သူ့မျက်နှာမှာတမဟုတ်ချင်းဖြူဖျော့သွားသည်။


ချက်ချင်းပင်၊ လက်ရှိလူတိုင်း၏စိတ်ထဲမှာအတွေးတစ်ခုသာရှိတော့သည်: ကျန့်စစ်တော့သွားပြီ။


ထိုတင်မကသေး၊ သူတို့လည်းသွားပြီ၊ အခွင့်အရေးမရှိဘူး၊ သူတို့မလွတ်နိုင်တော့ဘူး။


၎င်းတို့မှာအဆင့်၉ဇွန်ဘီများဖြစ်ပြီး ခွန်အားအရာမှာဇွန်ဘီဘုရင်ပြီးရင်ဒုတိယဖြစ်ရာ ၎င်းတို့ကTမြို့တော်ကအခြေစိုက်စခန်းကိုတိုက်ရိုက်ပင်ဖျက်ဆီးပစ်နိုင်သည်။


နဥ်ကျယ်လည်းပ​လွေမှုတ်ရပ်ကာ နှုတ်ခမ်းစေ့ပြီးပြုံးလိုက်သည်။ အဆင့်၉ဇွန်ဘီနှစ်ကောင်ကိုအတင်းမောင်းထုတ်တာကပြင်းထန်သောပြဿနာဖြစ်စေပေမဲ့လည်း ရလဒ်ကသိပ်ကိုအားရစရာမကောင်းပေဘူးလား။


ကျန့်စစ်သေသွားရင် နတ်ဘုရားကချီးမြှင့်ပေးထားတဲ့တစ်ဖက်လူရဲ့စွမ်းအားကိုသူယူလို့ရ...မဟုတ်ဘူး၊ နေစမ်းပါအုံး!


နဥ်ကျယ်၏မျက်စိသူငယ်အိမ်များမှာရုတ်ခြည်းကျုံ့သွားပြီး သူ့ရှေ့ကမြင်ကွင်းကိုမယုံကြည်နိုင်ဖြစ်စွာကြည့်လိုက်မိသည်။


ကျန့်စစ်၏မျက်လုံးမှာရုတ်ခြည်းသွေးနီရောင်ပြောင်းသွားပြီး သူ့စိတ်စွမ်းအားမှာလည်းကြောက်မက်ဖွယ်အရှိန်အဝါဖြင့်တမဟုတ်ချင်းမြင့်တက်လာသည်မှာ သူ့လည်ပင်းကိုညှစ်ခဲ့သည့်ထိုညတုန်းကကဲ့သို့ပင်။


ခဏအကြာ သိပ်မကြာသေးခင်ကအလွန်အကျူးမောက်မာကာကျန့်စစ်ကိုသတ်ပစ်ချင်ခဲ့သည့်ထိုအဆင့်၉ဇွန်ဘီနှစ်ကောင်မှာတုန်ရီနေသည့်တိရစ္ဆာန်များပမာရုတ်တရက်ဒူးထောက်လိုက်ကြပေမဲ့ သူတို့ဒူးခေါင်းကမြေကြီးနှင့်မထိခင် သူတို့ခေါင်းပေါက်ကွဲသွားသည်။


ကျန့်စစ်ကဒီမြင်ကွင်းကိုမျက်နှာအမူအရာကင်းမဲ့စွာရပ်ကြည့်နေပြီး တစ်အောင့်ကြာသော် သူ့ခေါင်းကိုနာကျင်စွာအုပ်လိုက်မိသည်။


အဖြူရောင်ပုတီးစေ့၊ ကိုယ်ဝန်ရှိ၊ ကလေး... သူ့မှာအိပ်နေရင်းလမ်းထလျှောက်တတ်တဲ့အကျင့်ရှိတာမဟုတ်ဘဲ ညဘက်ကလူကသူမဟုတ်တာလား။


နမ်းတာ၊ ကျွေးတာ၊ မင်းကိုအချစ်ဆုံး...ဒီတော့ကလေးလေးကလည်းဒီအရူးကောင်ကိုအဲ့လိုပြောခဲ့တာလား။


မရေတွက်နိုင်သောမှတ်ဉာဏ်များဝင်ရောက်လာပြီး တချို့မှာဆင်တူပြီး အချို့မှာတစ်ခါမှမမြင်ဖူးပေ...ဒါပေမဲ့ ၎င်းတို့အကုန်လုံးမှာသူ့မှတ်ဉာဏ်ဖြစ်မှန်းသံသယဝင်စရာမရှိ။


အမှန်တော့သူပြန်မွေးဖွားလာခဲ့တာကြာပြီမှန်းကျန့်စစ်အမြန်နားလည်သွားသည်။


အရင်ဘဝတုန်းကသူဟာဇွန်ဘီဘုရင်ဖြစ်လာခဲ့ပေမဲ့ သူ့ချစ်သူကိုမကယ်နိုင်ခဲ့ပေ။ အဆုံးမှာ သူစရိုက်နှစ်ခုကွဲထွက်သွားပြီး တစ်ခုကကျိုးကြောင်းဆက်စပ်နိုင်ကာ သူမေ့ပစ်လိုက်ရင်နာကျင်မှုရှိတော့မှာမဟုတ်ဟုတွေးရင်းအကုန်မေ့ပစ်လိုက်ပေမဲ့ အခြားတစ်ခုကတော့ဖြင့်ရူးမိုက်စွာဖြင့်မေ့ပစ်ဖို့ဆန္ဒမရှိပေ။


ပြန်မွေးဖွားလာပြီးနောက်ပိုင်း ကျိုးကြောင်းဆက်စပ်နိုင်သည့်စရိုက်ခွဲကမှတ်ဉာဏ်ပျောက်သွားပေမဲ့ အခြားစရိုက်ခွဲကတော့....


ကျန့်စစ်အသာပြုံးကာ သူ့ကိုယ်သူလှောင်လိုက်သည်။

"မင်းကစိတ်ပိုင်းဆိုင်ရာချို့ယွင်း​နေတဲ့ကောင်လား။"


ခဏကြာတော့ သူ့မျက်လုံးအရောင်ပြောင်းသွားကာ သူ့အသံကဒေါသထွက်လာပြန်သည်။

"မင်းကအဲ့အရူးကောင်ပေါ့?"


____________________________________