Chapter(51)
Viewers 12k

မှတ်ဉာဏ်ပြန်ရလာပြီးနောက် စရိုက်ခွဲနှစ်ခုလုံးမှာပေါင်းစည်းဖို့ငြင်းဆန်နေကြသည်။


ကျန့်စစ်၏မျက်လုံးနက်ထဲမှာအေးစက်မှုတစ်ချက်ဖြတ်ပြေးသွားကာ အံကြိတ်လျက်ပြောမိသည်။

"ငါမသိတဲ့အချိန်ကလေးလေးကိုဖြားယောင်းပြီးတော့ သူနဲ့ငါ့ကလေးကိုလက်ဝါးကြီးအုပ်ချင်တယ်လား၊ မင်းသိပ်ကိုရဲတင်းလွန်းတာပဲ!"


နောက်တစ်ခဏတွင် သူ့မျက်လုံးများမှာတစ်ဖန်နီရဲသွားကာ လှောင်ပြုံးပြုံးလိုက်သည်။

"မင်းကအဲ့လိုပြောတယ်လား။ မင်းကကလေးလေးကိုမေ့ချင်ခဲ့တာမဟုတ်ဘူးလား။ မင်းဘာလို့သူ့ကိုငါ့ဆီကလုယူသွားပြန်တာလဲ။ ပြီးတော့ ကလေးကငါ့ကလေးပဲ၊ ပုတီးစေ့ကိုငါကျွေးခဲ့တာလေ။"


သိသိသာသာကိုပင် မျက်လုံးနီကျန့်၏အိုင်ကျူမှာလည်းပုံမှန်ဖြစ်သည်။


မျက်လုံးနက်ကျန့်မှာလည်းလှောင်ပြုံးပြုံးမိသည်၊ ဘာလို့သူ့ကလေးမဟုတ်ရမှာလဲ။ ဟက်၊ အဲ့အသက်ပုတီးစေ့ကသူတို့စွမ်းအားထည့်ထားတာမို့ ကလေးကသူ့ကလေးလဲဟုတ်တယ်လေ!


ထားလိုက်တော့၊ သူစိတ်ပိုင်းဆိုင်ရာချို့ယွင်းနေလားဆိုတာဂရုမစိုက်ဘူး။


"မင်းဦးနှောက်ကပုံမှန်မဟုတ်ဘူး၊ ဒီတော့နောက်ကျရင်ထွက်မလာနဲ့တော့။"

မျက်လုံးနက်ကျန့်ပြောလိုက်သည်။


"အော်၊ အရူးကသာနည်းနည်းပဲထွက်လာသင့်တာ။"

မျက်လုံးနီကျန့်ကဆိုသည်။


ကားထဲကအခုပဲထွက်လာပြီး သူ့အခြေအနေကိုလာစစ်ဆေးချင်တဲ့စုန့်ယွင်ဝေ: "......"


သွားပြီ၊ ငါ့ယောက်ဖကအဆင့်၉ဇွန်ဘီကြောင့်ဒဏ်ရာရပြီးတော့ရူးသွားတာပဲ၊ သူပြန်သွားရင်သူ့ညီလေးကိုဘယ်လိုရှင်းပြရမလဲ။


ကျန့်စစ်အနောက်လှည့်သွားပြီးနောက် သူဟာတမဟုတ်ချင်းပုံမှန်ပြန်ဖြစ်သွားကာ အေးစက်စက်ပြောလိုက်သည်။

"ရပြီ၊ အရင်ဆုံးကားထဲဝင်ပြီးပြန်ကြစို့။"


စုန့်ယွင်ဝေ: "...." ကျွတ်၊ ဒီကောင်လေးကဒေါသကြီးလာပြီ။


ဒါပေမဲ့ထားလိုက်တော့၊ တစ်ဖက်လူကအခုလေးတင်အသက်ဘေးကလွတ်လာမှတော့ သူဂရုမစိုက်တော့ဘူး။ ထားလိုက်တော့၊ ဘယ်သူကသူ့ကိုဦးလေးဖြစ်အောင်လုပ်ခဲ့တာလဲ။


စုန့်ယွင်ဝေလက်မြှောက်ကာ အဆင့်၉ဇွန်ဘီသေနှစ်ကောင်ထံအပြာရောင်လျှပ်စီးအနည်းငယ်ပစ်လွှတ်ကာ ၎င်းတို့ကိုပြာမှုန့်ဖြစ်အောင်ရှော့ခ်တိုက်ပစ်ပြီးမှ သလင်းကျောက်များထုတ်ယူလိုက်သည်။


ကားပေါ်တက်ပြီးနောက် သူ့လူများကိုအရင်မောင်းခိုင်းလိုက်ပြီးမှ ကျန့်စစ်ကိုသလင်းကျောက်လှမ်းပေးကာပြောလိုက်သည်။

"ခေါင်းကိုပစ်ပြီးရင်လှည့်ထွက်လာတာကတကယ်မိုက်ပေမဲ့ မိမိုက်နေတုန်းလေးသလင်းကျောက်ထုတ်ဖို့သတိရပေးလို့ရမလား၊ ဒါကအဆင့်၉ဇွန်ဘီကွ!"


ပထမတစ်ခါလဲမဟုတ်ဘူး၊ ဒုတိယတစ်ခါကွ!


ဒါပေမဲ့ပြောရရင် ကျန့်စစ်၏ခွန်အားကကြောက်မက်ဖွယ်ကောင်းလွန်းသည်။ အဆင့်၉ဇွန်ဘီနှစ်ကောင်၏ခေါင်းများကိုတမဟုတ်ချင်းဖောက်ခွဲပစ်ခဲ့ပြီး ထိုသို့လုပ်နိုင်သည့်အခြားသဘာဝလွန်စွမ်းအားရှင်တစ်ယောက်မှရှိလိမ့်မည်မဟုတ်။


ကားထဲရှိလူများမှာလည်းတိတ်တခိုးရှော့ခ်နေကြပြီး ကျန့်စစ်၏အေးတိအေးစက်မျက်နှာကြောင့် သူတို့တစ်အောင့်ကြာမကြည့်ရဲဘဲ မျက်လုံးထောင့်မှတဆင့်သာခိုးကြည့်ဖြစ်ကြသည်။


စုန့်ယွင်ဝေနောက်တစ်ခုကိုအမြန်တွေးမိသွားကာ မျက်မှောင်ကြုတ်လျက်ပြောမိသည်။

"ဒီအဆင့်၉ဇွန်ဘီနှစ်ကောင်ကနည်းနည်းတော့ထူးဆန်းသလိုပဲ...."


ကျန့်စစ်ကလှောင်ပြုံးပြုံးကာဆိုသည်။

"တစ်ယောက်ယောက်ကသူတို့ကိုအဝေးကမောင်းလွှတ်လိုက်တာ။"


စုန့်ယွင်ဝေအံ့သြသွားပြီးမှ သူ့မျက်လုံးများမှာဒေါသတစ်ချက်လက်သွားကာ ပြောလိုက်သည်။

"ဘယ်ကလဲသိလား။"


တစ်ယောက်ယောက်ကသူ့ကိုတမင်သက်သက်ထောင်ချောက်ဆင်ခဲ့တာဆိုရင် သူမလွှတ်ပေးနိုင်ပေ။


"ထွက်ပြေးသွားလောက်ပြီ။"

ကျန့်စစ်အေးစက်စွာနှာမှုတ်လိုက်ပြီး တစ်အောင့်ကြာသော် လှောင်ရယ်ရယ်လိုက်ပြန်သည်။

"အို၊ သူထွက်ပြေးတော့ကောဘာဖြစ်တုန်း? ဘယ်သူလဲငါသိတယ်။"


သူဒါကိုပြောလိုက်ချိန်တွင် သူ့မျက်လုံးမှာတစ်အောင့်ကြာအနီနှင့်အနက်ပြောင်းသွားသည်။


စုန့်ယွင်ဝေတွေးလိုက်သည်: ငါပြန်ရောက်ရင်ငါ့ညီလေးကိုပြောပြရမယ်၊ ဒါမှသူ့ယောက်ဖကိုမျက်စိရောဂါဌာနကိုခေါ်သွားဖို့သတိရမှာ။ အိုးဟုတ်သား၊ စိတ်ရောဂါဌာနလည်းပြခိုင်းရမယ်။ သူဘာလို့တစ်ယောက်ထဲစကားပြောပြောနေတာလဲမသိ။


အဆင့်၉ဇွန်ဘီနှစ်ကောင်လဲကျသွားတုန်းက နဥ်ကျယ်မှန်ပြောင်းကိုချက်ချင်းပစ်ချကာ လှည့်ထွက်လာမိသည်။ သူဇွန်ဘီမောင်းတုန်းကစိတ်စွမ်းအားများစွာသုံးလိုက်မိသဖြင့် သူ့သွေးများဆူပွက်လျက် သူ့လည်ပင်းမှာသံချေးအရသာဖြင့်ပြည့်နေပေမဲ့ သူလုံးဝမရပ်တန့်ရဲပေ။


ကျန့်စစ်ကခွန်အားကြီးလွန်းတာမို့ သူ့ကိုတစ်ဖက်လူလုံးဝရှာတွေ့သွားလို့မဖြစ်ပေ၊ မဟုတ်ရင်သူသေချာပေါက်သေရလိမ့်မည်။


သူ့ရင်ထဲမှာသူ့ကိုယ်သူအဆက်မပြတ်ပြောရင်း ကားပေါ်တက်ပြီးနောက်အရှိန်ကုန်တင်မောင်းလိုက်ပြီး လမ်းတစ်လျှောက်လုံးတင်းမာလျက် သူကျန့်စစ်နှင့်အခြားသူတို့ထက်အရင်အ​ခြေစိုက်စခန်းကိုရောက်သွားမှသာ သူတိတ်တခိုးသက်မချလိုက်မိသည်။


အခြေစိုက်စခန်းမှာလုဖုန်း၏လူတို့ကိုမြင်လိုက်ရတော့ သူ့မျက်နှာထားအနည်းငယ်ပြေလျော့သွားကာ တွေးလိုက်မိသည်: ဘာမှမဖြစ်ဘူး၊ ကျန့်စစ်မသေပေမဲ့လည်း လုဖုန်းကအခြေစိုက်စခန်းကိုအောင်အောင်မြင်မြင်သိမ်းလိုက်နိုင်တာပဲ။ 


သူတွေးမိရုံသာရှိသေး၊ ကျန့်စစ်နှင့်အခြားသူတို့၏ကားဆိုက်ရောက်လာသည်။


ကျန့်စစ်ကားပေါ်ကတိုက်ရိုက်ဆင်းကာ သူ့ကိုမထူးခြားမခြားနားမျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။

"နဥ်လူကြီးမင်းဖုန်တွေသဲတွေပေနေတယ်ဆိုတော့ အခုမှအပြင်ကပြန်လာတာလား။"


နဥ်ကျယ်မှာကားပေါ်ကဆင်းလိုက်သည်နှင့်တစ်ပြိုင်နက်သူနှင့်တိုးလေရာ ရယ်မောလိုက်မိသည်။

"မဟုတ်ပါဘူး၊ ကျွန်တော်ကအပြင်သွားမလို့ပါ..."


ကျန့်စစ်: "အော်?"


နဥ်ကျယ်စိုးရိမ်ပူပင်နေမိပြီး အဆင့်၉ဇွန့ဘီနှစ်ကောင်ကိုသူမောင်းလွှတ်လိုက်မှန်းသူခန့်မှန်းမိသွားမှာစိုးရိမ်နေမိကာ ထိုညကကဲ့သို့ရုတ်တရက်သူ့ကိုရှင်းပစ်လာလိမ့်မည်ကိုပို၍ပင်စိုးရိမ်နေမိလေရာ သာမန်ကာလျှံကာပြောလိုက်သည်။

"ခင်ဗျားကအပြင်မှာဆိုတော့မသိလောက်ဘူး၊ အခုဆိုလုဖုန်းကအခြေစိုက်စခန်းကိုသိမ်းလိုက်ပြီ၊ ခင်ဗျားကောင်လေးကလည်းသူ့ဆီမှာသွားခိုလှုံ​လိုက်ပုံရတယ်...."


သူဟာကျန့်စစ်၏မြင်ကွင်းထဲမှခပ်မြန်မြန်ထွက်သွားချင်ရုံသာဖြစ်ပြီး သူဒီလိုပြောလိုက်ရင် တစ်ဖက်လူကလင်ခုံးလုနှင့်လုဖုန်းကိုအပြေးအလွှားသွားရှာလိမ့်မည်ဖြစ်ကာ သူဘေးကင်းလိမ့်မည်ဟုတွေးနေမိသည်။


ထို့အပြင် သူပေါက်ကရပြောနေတာမဟုတ်ပေ။ အရင်ဘဝတုန်းက ထိုလက်ဖက်စိမ်းလေးကကျန့်စစ်အဖြစ်ကိုကြားကာ လုဖုန်းနှင့်သွားပူးပေါင်းခဲ့သည်။ အခြေစိုက်စခန်း၏လက်ရှိအခြေအနေမှာအရင်ဘဝကနှင့်ဆင်တူသည်ဟုယူဆရသည်။ လက်ဖက်စိမ်းလေးရဲ့ရွေးချယ်မှုကပြောင်းလဲသွားမှာလား။


ကျန့်စစ်အရင်ဘဝကအခြေအနေကိုမှတ်မိပေမဲ့ ယခုမူ ထိုအချိန်ကသူတစ်ခုခုဖြစ်သွားသည်ဟုခံစားလိုက်ရသည်။ ရှောင်လုမှာသဘာဝလွန်စွမ်းအားမရှိဘဲ သူ့ကိုယ်သူမကာကွယ်နိုင်တာမို့ လုဖုန်းကိုအားကိုးတာအပြင်ဘာလုပ်နိုင်လို့လဲ။


ဒါပေမဲ့ သူလုဖုန်းဆီမှာသွားခိုလှုံရင်တောင် နဥ်ကျယ်ကရှောင်လုကိုလွှတ်မပေးဘဲ အခြေစိုက်စခန်းအပြင်မောင်းထုတ်ပစ်ခဲ့သည်။


လုစစ်၏မျက်လုံးများတဖျတ်ဖျတ်လှုပ်ခါသွားပေမဲ့ တစ်အောင့်ကြာသော်သူရုတ်ခြည်းပြုံးကာပြောလိုက်သည်။

"အဲ့လိုဆိုမှတော့ ငါကောင်းကောင်းမလုပ်ခဲ့မိလို့ ရှောင်လုကအခြားသူဆီမှာသွားခိုလှုံတာဖြစ်ရမယ်။"


နဥ်ကျယ်၏မျက်နှာထားမှာမဖော်ပြနိုင်လောက်အောင်ပင်၊ ဇာတ်လိုက်ကဦးနှောက်ပြဿနာရှိသည်ဟုတွေးလိုက်မိပေမဲ့ ဒီဟာကြောင့် သူ့သတိတရားကိုတဖြည်းဖြည်းချင်းလျှော့ချလိုက်မိသည်။


ဒါပေမဲ့ ထိုစဥ် သတ္ထုဆူးချွန်အများအပြားကသူ့ခေါင်းနှင့်နှလုံးကိုအနောက်မှရုတ်တရက်ထိုးဖောက်သွားသည်။


"အား။" နဥ်ကျယ်အကာအကွယ်မဲ့သွားကာ အရှေ့ကိုသာစိုက်ကြည့်နေမိသည်။


ကျန့်စစ်ပြင်ဆင်ထားခဲ့တာကြာပြီဖြစ်ကာ တမင်သက်သက်သူ့သတိကိုလျှော့ချစေခဲ့သည်။ ဒါမှသာ သူလွတ်မြောက်ဖို့နေရာလွတ်စွမ်းအားမသုံးနိုင်ခင်သေသွားမှာဖြစ်သည်။


ကျန့်စစ်၏စိတ်စွမ်းအားကတစ်ဖက်လူကိုတမဟုတ်ချင်းဖိနှိပ်ပစ်လိုက်ကာ သူအသက်ထွက်သွားချိန်တွင်နဥ်ကျယ့်ကိုနာကျင်စွာအော်ဟစ်သွားစေသည်။


ကျန့်စစ်မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ဖက်လူသေသွားချိန်မှာစိတ်ဝိညာဥ်ကိုယ်ထည်တည်ရှိနေအုံးမည်ဟုမထင်ထားမိသဖြင့် သူစိတ်စွမ်းအားထုတ်ကာသူ့ဝိညာဥ်ကိုချေမွလိုက်ပြန်သည်။


ပင်မကမ္ဘာ၊ လျို့ဝှက်အခြေစိုက်စခန်း-


"နံပါတ်၃ကျရှုံးသွားပြန်ပြီ။"


"သေသွားတာပဲလား။"


"မဟုတ်ဘူး၊ ဒါပေမဲ့စိတ်ဒဏ်ရာကပြင်းထန်လွန်းလို့ ကမ္ဘာငယ်လေးဆီကိုဝင်နိုင်တော့မှာမဟုတ်ဘူး။"


"သေစမ်း၊ နတ်ဘုရားရဲ့စွမ်းအားပဲလား။"


"စွမ်းအားကမတူဘူး၊ ဒါပေမဲ့အဲ့ဒီ့အာဏာရှင်လုပ်တယ်ဆိုတာသေချာတယ်။"


"ဘာရယ်? ဒါဖြင့်ရင် အရင်တစ်ခေါက်တုန်းကနံပါတ်တစ်ကိုသတ်လိုက်တာကသူမဟုတ်ဘူးပေါ့?"


"နတ်ဘုရားပဲ၊ နံပါတ်တစ်ကိုသတ်လိုက်တာကနတ်ဘုရားပဲဖြစ်ရမယ်!"


"နတ်ဘုရားကအသက်ရှင်နေတုန်းပဲ၊ သူလက်တုံ့ပြန်ဖို့ဒီရောက်လာပြီ၊ ငါတို့သူ့ကိုအကျဥ်းချပြီးတော့သူ့ကိုသတ်ပစ်ခဲ့တာ၊ သူလက်စားလာပြန်ချေတာဖြစ်ရမယ်!"


"တိတ်စမ်း!"


စုန့်ယွင်ဝေကားထဲကထွက်လာပြီး စကားလုံးအနည်းငယ်ကိုကြားလိုက်ရကာ ကျန့်စစ်ကနဥ်ကျယ်ကိုသတ်ပစ်လိုက်မှန်းမြင်လိုက်ရတော့ သူမျက်မှောင်ကြုတ်ကာမေးမိသည်။

"သူလုပ်ခဲ့တာလား။"


ကျန့်စစ်ကမဖြေဘဲ စုန့်ယွင်ဝေထပ်မမေးချင်တော့ပေရာ ခပ်မြန်မြန်စိုးရိမ်တကြီးမေးလိုက်မိသည်။

"ခုနကသူဘာကိုဆိုလိုတာလဲ။ ရှောင်လု...."


ကျန့်စစ်သူ့စွမ်းရည်ကိုတိုက်ရိုက်ရုတ်သိမ်းကာ ဝင်ပေါက်ကိုစောင့်ကြပ်နေသည့်လူများကိုကြည့်ပြီး မျက်လုံးအသာမှေးစင်းကာပြောလိုက်သည်။

"အထဲဝင်ပြီးတစ်ချက်သွားကြည့်ရင်သိလိမ့်မယ်။"


ဝင်ပေါက်ဝကိုစောင့်ကြပ်နေသူတို့မှာလုဖုန်းအဖမ်းခံထားရမှန်းမသိပေမဲ့ သူတို့ကိုမတားရဲကြပေ။ ခုနကကျန့်စစ်ကနဥ်ကျယ်ကိုသတ်ပစ်လိုက်တုန်းက ခွန်အားကြီးသောစိတ်စွမ်းအားကသူတို့အကုန်လုံးကိုကြောက်လန့်သွားစေကာ တစ်ယောက်မှတစ်အောင့်ကြာမလှုပ်ရဲကြတော့ပေ။


ကျန့်စစ်နှင့်စုန့်ယွင်ဝေတို့ကားထဲအမြန်ပြန်ဝင်လိုက်ပြီး သူတို့ကားမှာမြို့တော်ဗဟိုရှိဟိုတယ်ထံတောက်လျှောက်ဝှီးခနဲမောင်းချသွားသည်။


စုန့်ယွင်ဝေမှာသူ့ညီလေးကိုစိတ်ပူနေပေမဲ့ ကျန့်စစ်၏မျက်နှာကတောက်လျှောက်မှုန်သုန်နေတာကိုမြင်လိုက်ရတော့ သူ့ညီလေးအတွက်အလိုလိုပြောလိုက်မိသည်။

"ရှောင်လုကအဲ့လိုလူမျိုးမဟုတ်ဘူး၊ နဥ်ကျယ်ရဲ့စကားလုံးတွေလွှမ်းမိုးတာမခံနဲ့။"


"အင်း၊ ကျွန်တော်သိတယ်။" ကျန့်စစ်တည်ငြိမ်စွာပြောလိုက်ပြီး သူ့မျက်နှာထားမှာဘာမှပြောင်းလဲသွားပုံမပေါ်ပေမဲ့ သူ့လက်များမှာခပ်တင်းတင်းဆုပ်ထားလျက်။


လူငယ်လေးလုဖုန်းကိုအားကိုးတာမကိုးတာကိုသူလုံးဝအရေးမစိုက်ဘဲ တစ်ဖက်လူအဆင်ပြေဖို့မျှော်လင့်မိရုံသာ။


အဆင်ပြေမှာပါ၊ ဟုတ်တယ်မလား။ အဆုံးမှာ ဒီတစ်ခေါက်ကောင်လေးမှာသဘာဝလွန်စွမ်းအားရှိတာပဲလေ.....


ကျန့်စစ်မသေချာမရေရာတွေးလိုက်မိပြီး သူဟိုတယ်နှင့်နီးလာလေလေ သူပိုမိုမသက်မသာဖြစ်လာလေလေပင်။


ဟိုတယ်ထဲမှာ လင်ခုံးလုကဆိုဖာဘေးမှာထိုင်နေသည်။ သူအနားယူပြီးမကြာခင်ပြန်ကောင်းလာပြီးနောက် သူထပ်ပြောလိုက်သည်။

"ကျွန်တော့်ကိုလူတချို့ငှားပေး၊ ကျွန်တော်သွားကယ်..."


သူပြောမပြီးသေးခင် မီးတောက်အများအပြားကသူ့ကိုတိုက်ခိုက်လာသည်။ လင်ခုံးလုလှည့်ကြည့်လိုက်တော့ လုဖုန်းလွတ်သွားတာကိုမြင်လိုက်ရသည်။


သူ့မှာမီးစွမ်းရည်ရှိပြီး သူဟာမတိုင်ခင်ကသိသိသာသာကိုသတိလစ်ချင်ယောင်ဆောင်ခဲ့ရုံသာ။ လင်ခုံးလုနှင့်အခြားသူတို့အခန်းထဲကထွက်သွားပြီးနောက် သူ့ကတုပ်ထားသည့်ကြိုးကိုချက်ချင်းမီးရှို့ပစ်လိုက်သည်။


လင်ခုံးလုကဆိုဖာပေါ်ထိုင်လျက် ကိုယ်ဝန်ရှိနေသဖြင့် အမြန်ထွက်ပြေးဖို့ခက်ခဲလုနီးပါးပင်။


ဒါပေမဲ့မီးတောက်များကသူ့ကိုထိတော့မည့်အချိန်တွက် သူ့ရှေ့မှာသတ္ထုနံရံတစ်ချပ်ရုတ်ခြည်းနြင့်တက်လာပြီးနောက် အော်သံတစ်ခုထွက်လာကာ လေထဲကထွက်လာသည့်သတ္ထုဆူးချွန်ကလုဖုန်း၏လက်ဖဝါးနှင့်ညာခြေထောက်ကိုထိုးဖောက်သွားသည်။


သူ့လက်များမှာသုံးမရတော့ဘဲ သူ့​ခြေထောက်များမှာကျိုးသွားသည်။


အရင်ဘဝတုန်းက သူဟာကျန့်စစ်လက်ကိုတက်နင်းကာ သူ့ကိုဇွန်ဘီအုပ်ထဲကျအောင်လုပ်ခဲ့သည်။ ယခုတော့ထိုခြေထောက်မှာကျိုးသွားခဲ့ပြီ။


လင်ခုံးလုအလိုလိုခေါင်းလှည့်ကြည့်မိတော့ ကျန့်စစ်နှင့်စုန့်ယွင်ဝေတို့ခြေလှမ်းကျယ်ဖြင့်ဝင်လာတာကိုမြင်လိုက်ရသည်။


သူဖြည်းညှင်းစွာထရပ်လိုက်မိပြီး သူတို့မျက်လုံးချင်းဆုံသွားချိန်တွင် သူနှင့်ကျန့်စစ်တို့နှစ်ယောက်လုံးမှာ ကပ်ဘေးအပြီးအသက်ရှင်ကျန်ရစ်ခဲ့သည့်ပျော်ရွှင်မှုကိုတစ်ယောက်မျက်လုံးထဲမှာတစ်ယောက်မြင်လိုက်ရသည်။


လင်ခုံးလုအသာပြုံးကာပြောလိုက်မိသည်။

"ခင်ဗျားပြန်လာပြီပေါ့?"


ကျန့်စစ်လည်းပြုံးလိုက်မိပြီး တစ်လှမ်းချင်းအနားတိုးသွားကာ တုန်ရီမှုအနည်းငယ်ကိုဖုံးဖိထားသည့်နူးညံ့သောအသံဖြင့်ပြောလိုက်သည်။

"ကိုယ်ပြန်လာပြီ။"


တစ်ဘဝစာအပြီးမှာ နောက်ဆုံးတော့သူ့ချစ်သူကိုပြန်မြင်လိုက်ရပြီ။


ဒါပေမဲ့ထို့နောက် သူ့မျက်လုံးမှာမကျေနပ်ချက်တစ်ချက်လက်သွားသည့်အလားနီရဲသွားပြီးမှ ပိုမိုနူးညံ့စွာပြောလိုက်သည်။

"ကိုယ်လဲပြန်လာပြီ၊ ကလေး​လေး။"


လင်ခုံးလု: "အာ။"


သူ့အပြုံးအေးခဲသွားရကာ ရုတ်တရက်အနည်းငယ်မသက်မသာခံစားလိုက်ရသည်။


သူအဆင်ပြေမှန်းမြင်လိုက်ရတော့ စုန့်ယွင်ဝေလည်းစိတ်သက်သာရသွားကာ မနေနိုင်ဘဲရှေ့တိုးပြီးသူ့ကိုပွေ့ဖက်ကာ ကျောပြင်ကိုပုတ်ပေးလျက်ပြောလိုက်မိသည်။

"မင်းအဆင်ပြေတာကောင်းတယ်။ ကျန့်စစ်နဲ့ကိုယ်တို့ခုနကသေလောက်အောင်ကြောက်သွားခဲ့တာ။"


မျက်လုံးနက်ကျန့်: "....." ဘာလို့ဦးလေးကသူ့ကိုအရင်ဖက်သွားတာလဲ။


မျက်လုံးနီကျန့်: မင်းကနှေးလွန်းတာကိုး။


မျက်လုံးနက်ကျန့်: ဟက်၊ မင်းသာရုတ်တရက်မထွက်လာရင် ငါသူ့ကိုဖက်ပြီးနေလောက်ပြီ။


လုဖုန်းမှာအချုပ်ခံလိုက်ရပြီး သူကဥက္ကဌယန်ကိုသတ်ခဲ့သဖြင့် ဖူကျန့်ဖင်းကသူ့ကိုသေချာပေါက်အသက်ရှင်ခွင့်ပေးလိမ့်မည်မဟုတ်။


လုဖုန်း၏ငယ်သားများကိုတော့ ပြင်းထန်သောပြစ်မှုကျူးလွန်ခဲ့သူများမှာအခြေစိုက်စခန်းအပြင်အမြန်ကန်ထုတ်ခံလိုက်ရပြီး သေးငယ်သောအမှားများကိုသာကျူးလွန်ခဲ့သူများကိုတော့နေခွင့်ပေးထားပေမဲ့ သူတို့အမှားကိုပြင်ဆင်ရန်အ​​ခြေစိုက်စခန်းအတွက်အလုပ်လုပ်ပေးလိမ့်မည်။


ဒါပေမဲ့အဲ့ဒါတွေကနောက်ပိုင်းမှဖြစ်သည်။ ကျန့်စစ်ကလုဖုန်းကိုဖမ်းပြီးနောက် အရေးမစိုက်တော့ဘဲ ဖူကျန့်ဖင်းကိုကိုင်တွယ်စေသည်။


သူကလင်ခုံးလုကိုအခန်းထဲပြန်ခေါ်သွားကာ အခန်းထဲဝင်ပြီးသည်နှင့်တံခါးကိုလော့ချလိုက်ပြီးမှ လင်ခုံးလုကိုပွေ့ဖက်ကာသက်ပြင်းအသာချမိသည်။

"ကလေးလေး၊ ကလေးလေး..."


လမ်းလျှောက်နှေးလွန်းသွားသောကြောင့်အခန်းအပြင်မှာကျန်နေခဲ့သည့်စုန့်ယွင်ဝေ: "ငါ@#&ý...."


လင်ခုံးလုမှာကျန့်စစ်၏နား၊ လည်တိုင်၊ လက်ဖမိုးအစရှိသဖြင့်...တို့ကိုအမြန်ထိကြည့်မိရာ သူဒဏ်ရာမရမှန်းမြင်လိုက်ရသဖြင့် လုံးဝစိတ်သက်သာရာရသွားတော့သည်။


ဒါပေမဲ့ထို့နောက် သူကျန့်စစ်၏မျက်လုံးနီများကိုကြည့်ကာထူးဆန်းစွာမေးမိသည်။

"ခင်ဗျားဘာလို့နေ့ဘက်မှာထွက်လာတာလဲ။"


ထိုစကားများထွက်လာသည်နှင့် မျက်လုံးနီမှာမျက်လုံးနက်ပြောင်းသွားပြီး ကျန့်စစ်ကခပ်တိုးတိုးဆိုသည်။

"ကလေးလေး၊ မင်းကိုယ့်ကိုလိမ်ခဲ့တယ်နော်...."


လင်ခုံးလု: "?!" ဘယ်လိုအ​ခြေအနေကြီးတုန်း?


"မင်းကသူ့ကိုကိုယ့်ထက်ပိုပြီးကောင်းကောင်းဆက်ဆံတယ်။"

ကျန့်စစ်ကချဥ်တူးသောလေသံဖြင့်ဆိုသည်။

"မင်းကသူ့ကိုအချစ်ဆုံးလို့ပြောခဲ့တယ်၊ ပြီးတော့ကိုယ်မင်းကိုအမျိုးသမီးအဝတ်အစားဝတ်ခိုင်းတုန်းကမင်းငြင်းပြီးတော့ သူမင်းကိုဝတ်ခိုင်းတဲ့အခါကျတော့မင်းချက်ချင်းဝတ်လိုက်တယ်။ ကိုယ်တို့နမ်းတုန်းက ကိုယ်မင်းကို'ကလေးလေး'လို့ခေါ်တာကိုကြားတာနဲ့ မင်းကိုယ့်ကိုချက်ချင်းတွန်းထုတ်ပစ်ခဲ့တယ်လေ..."


ဘာကြီး? သူကတတိယလူကို ရှက်စရာမကောင်းဘူးလား။ ဒါမှမဟုတ်အခုအဲ့ခေါင်းစဥ်ကမျက်လုံးနီအတွက်သီးသန့်လား။


"မင်းတို့တွေကကလေးအကြောင်းကိုယ့်ကိုမပြောဖို့ပြောနေခဲ့ကြသေးတယ်။"

ကျန့်စစ်မှာအူတိုရလွန်းလို့ သူ့မျက်လုံးများမှာနီရဲလာပြီပင်။


"အာ...." လင်ခုံးလုအပြစ်ရှိစိတ်ခံစားလိုက်ရပေမဲ့ အဲ့ဒါကသိသိသာသာကိုမျက်လုံးနီကျန့်ကိုကိုင်တွယ်ဖို့သက်သက်ပဲလေ?


ဒါပေမဲ့သူဘာမှမပြောရသေးခင် နောက်တစ်စက္ကန့်မှာ မျက်လုံးနက်ကနီသွားပြန်သည်။


ကျန့်စစ်၏လေသံမှာအတူတူပင်ဖြစ်ပေမဲ့ သိသိသာသာကိုပို၍ချဥ်တူးလို့နေသည်။

"သူကပေါက်ကရတွေပြောနေတာ၊ ကလေးလေး၊ မင်းကသိသိသာသာကိုသူ့ကိုပိုအရေးပေးခဲ့တာ၊ မင်းကသူ့ကိုလည်း'အချစ်ဆုံး'လို့ပြောပြီးတော့ သူ့ကိုသလင်းကျောက်ပါပေးပြီး နေ့ဘက်မှာစုပ်ယူဖို့ပြောပြီး သူ့ကိုကျွေးတောင်ကျွေးလိုက်သေးတယ်။"


သူသလင်းကျောက်ကိုဂရုမစိုက်ပေမဲ့ ကလေးလေး၏အတွေးကိုတော့အရေးစိုက်သည်။


"ဟက်၊ ငါကသလင်းကျောက်ယူခဲ့တဲ့တစ်ယောက်ပဲလေ။"

မျက်လုံးနက်ကျန့်ကသရော်သည်။


"ဟက်၊ ကလေးကနဂိုထဲကငါ့ကလေးနော်။"

မျက်လုံးနီကျန့်ကလည်းသရော်သည်။


"မင်း!" မျက်လုံးနက်ကျန့်၏မျက်လုံးများမှာအလွန်အမင်းဒေါသထွက်လျက် သူလင်ခုံးလုဘက်လှည့်ကာပြောလိုက်သည်။

"ကလေးလေး၊ ကိုယ့်ကိုလည်းတစ်ယောက်မွေးပေး။"


လင်ခုံးလုအမည်းစင်းများပေါ်လာလျက် သူ့နောက်စိကိုတိုက်ရိုက်ဖြတ်ရိုက်ချကာပြောလိုက်သည်။

"တိတ်ကြတော့။"


သူအပြစ်ရှိစိတ်မဖြစ်တော့ဘူး၊ သူကဘာလို့အပြစ်ရှိစိတ်ဖြစ်ရမှာလဲ။ သူဘယ်ညာချော့နေရတာ ၊ နှစ်ခုလုံးကတွန်းအားပေးနေတာမဟုတ်ဘူးလား။


သူကျန့်စစ်နဲ့အခြေမကျသေးဘူး၊ သူစရိုက်ကွဲထွက်သွားတာကဘာမှမဆိုင်ပေမဲ့ လူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်တာကသူ့ကိုလှေနံနှစ်ဖက်နင်းသလိုဖြစ်သွားစေခဲ့တယ်။ ဘာလို့စရိုက်ခွဲ၂၂မျိုးခွဲထွက်ပြီးတော့ ခေါင်းထဲမှာဘောလုံးမကစားလိုက်ကြတာလဲ။


ပြီးတော့အခုအခြေအနေကဘာကြီးလဲ။ ဘာလို့စရိုက်နှစ်မျိုးလုံးပေါ်လာတာလဲ။ သူတို့နှစ်​ယောက်လုံးမှာမှတ်ဉာဏ်အပြည့်အစုံရှိပေမဲ့ သူတို့ဘာလို့မပေါင်းစည်းသွားကြတာလဲ။


နာရီဝက်ကြာပြီးနောက် လင်ခုံးလုကကျန့်စစ်ကိုခေါ်ကာ ပရော်ဖက်ဆာကိုရှာပြီး စိတ်ရောဂါကုဆရာဝန်အကြောင်းသွားမေးသည်။


ပရော်ဖက်ဆာကုမှာဥက္ကဌယန်၏သေဆုံးမှုကြောင့်ဝမ်းနည်းနေသဖြင့် စကားသိပ်မပြောဘဲသူတို့ကိုမိတ်ဆက်ပေးသည်။


လင်ခုံးလုသူ့ကိုကျေးဇူးတင်ကာ ဝမ်းနည်းကြောင်းပြောလိုက်သည်။


ပရော်ဖက်ဆာကုအခန်းထဲကထွက်လာပြီးနောက် မျက်လုံးနက်ကျန့်ကမျက်မှောင်ကြုတ်ကာဆိုသည်။

"သိပ်ပြီးစိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့၊ ကိုယ်အခုအဆင်ပြေပါတယ်။"


"ဟုတ်တယ် ကလေးလေး၊ မင်းမှာကိုယ်ဝန်ရှိနေတာမို့ ကိုယ်တို့ကိုစိတ်မပူနဲ့နော်။ ဒါနဲ့ ကလေးဒီနေ့အဆင်ပြေရဲ့လား။"

မျက်လုံးနီကျန့်ကစိုးရိမ်စွာမေးသည်။


လင်ခုံးလု: "...." ဘယ်လိုလုပ်ကောင်းမှာလဲ။ ငါမင်းတို့ကြောင့်နှစ်ခြမ်းကွဲတော့မလိုပဲ။


"မရဘူး၊ ကုကိုကုရမယ်!"

လင်ခုံးလုအခိုင်အမာပြောလိုက်သည်။


ဒါပေမဲ့စိတ်ရောဂါကုဆရာဝန်နှင့်တွေ့ပြီးနောက် ဆရာဝန်မှာကျန့်စစ်၏အခြေအနေနှင့်ပတ်သတ်ပြီးတူညီသောအတွေးရှိနေကာပြောလာသည်။

"စရိုက်နှစ်မျိုးကတစ်ခုနဲ့တစ်ခုမပေါင်းစပ်ချင်ကြဘူး။ ခဏလောက်ဘာမှလုပ်လို့မရမှာစိုးတယ်။ ဒါပေမဲ့အခြေအနေကတော့ကောင်းပါတယ်၊ အနည်းဆုံးတော့သူတို့တွေအေးအေးချမ်းချမ်းနေနေတာ သူတို့တွေမှာအချင်းချင်းဝါးမျိုဖျက်ဆီးပစ်ဖို့စိတ်ကူးမရှိကြဘူး။ အဲ့တော့လောလောဆယ်မှာစိတ်ဝိညာဥ်ကိုထိခိုက်စေမှာမဟုတ်ပါဘူး။"


လင်ခုံးလု: "...." ဒါကအေးချမ်းတယ်လို့ခေါ်တာလား။ ငါ ငါ့ကိုယ်ငါနဲ့အချင်းများလို့ရတယ်၊ တစ်ခုထဲသောကွာခြားမှုကဘယ်နဲ့ညာလက်ကအပြန်အလှန်တိုက်ခိုက်နေကြတာပဲ။


"တကယ်တော့အကျိုးအမြတ်လည်းရှိပါတယ်။" 0687ကသူ့ကိုနှစ်သိမ့်သည်။

"မှတ်ဉာဏ်ပေါင်းစပ်မှုအပြီးမှာ တစ်ယောက်ရဲ့နှစ်သက်မှုနှုန်းကဝုန်းခနဲခုန်တက်သွားပြီးတော့ တစ်ယောက်ရဲ့မကောင်းတဲ့စိတ်တန်ဖိုးကလည်းကျသွားတယ်။ အခုဆိုအနီနဲ့အနက်ရဲ့နှစ်သက်မှုနှုန်းက၉၉.၉ရှိပြီးတော့ မကောင်းတဲ့စိတ်တန်ဖိုးက၅နဲ့၁၁အသီးသီးရှိတယ်။"


"ဒါနဲ့ မျက်လုံးနက်ပထမဆုံးမှတ်ဉာဏ်ပြန်ရလာတုန်းက မကောင်းတဲ့စိတ်တန်ဖိုးကဝုန်းခနဲတက်သွားပေမဲ့ မင်းကိုမြင်ပြီးနောက်မှာ ၅ကိုအမြန်ကျသွားတယ်။"


လင်ခုံးလု: "...."


"ကြည့်ရတာတော့မကောင်းတဲ့စိတ်တန်ဖိုးက ငါသူ့ကိုဘယ်တော့မှထပ်ထားသွားမှာမဟုတ်ဘူးလို့သူခံစားရတဲ့အချိန်မှသာအပြီးအပိုင်ရှင်းထုတ်ပစ်လို့ရမဲ့ပုံပဲ။"

သူအမျှော်အမြင်ရှိရှိတွေးလိုက်သည်။

"အဲ့အခါကျမှ စရိုက်နှစ်ခုကအပြန်အလှန်လက်ခံပြီးပေါင်းစပ်သွားကြလောက်တယ်။"


0687"..." Host၊ မင်းငါ့ကိုဆေးထိုးနေတာမဟုတ်ဘူးမလား။ မင်းဒီကမ္ဘာမှာအကြာကြီးနေချင်တာလား။


"အိုင်း၊ ကြည့်ရတာတော့အထက်အာဏာပိုင်ကိုတင်ပြပြီး ရေရှည်နေခွင့်တောင်းဖို့ငါမင်းကိုဒုက္ခပေးရတော့မဲ့ပုံပဲ။"

သေချာတာပေါ့၊ လင်ခုံးလုကထိုစကားကို"ငါမလုပ်ချင်ပေမဲ့ငါမတတ်နိုင်လို့ပါကွာ"ဟူသည့်ကူကယ်ရာမဲ့သောအကြည့်ဖြင့်ပြောလိုက်တာဖြစ်သည်။


0687: "...."


လုဖုန်းနှင့်အခြားသူတို့ကိုရှင်းထုတ်ပြီးနောက် အခြေစိုက်စခန်းမှာခပ်မြန်မြန်ပင်ပုံမှန်ပြန်ဖြစ်သွားသည်။


အခုဆိုTမြို့တော်ကအခြေစိုက်စခန်းမှာအဆင်ပြေသွားပြီး သူ့ကိုဘယ်သူမှပြဿနာလာမရှာသဖြင့် ဘေးကင်းလုံခြုံသည်ဟုကျန့်စစ်ခံစားလိုက်ရသည်။


အဆုံးတွင် သူကားဇွန်ဘီဘုရင်မို့ သူသာမြို့ထဲမှာရှိနေရင် မိုင်ထောင်ပေါင်းများစွာအကွာအဝေးမှာ ဇွန်ဘီတစ်ကောင်တောင်ဖြတ်မသွားရဲပေ။


တစ်ခါတရံဆို​အဆင့်မြင့်ဇွန်ဘီအနည်းငယ်ကလှည့်လည်သွားလာကာ သစ္စာလာခံချင်ကြသေးသည်။ ကျန့်ဇွန်ဘီဘုရင်ကလူသားများနှင့်အတူနေရတာကိုသဘောကျမှန်းမြင်လိုက်ရတော့ သူတို့၏သစ္စာရှိမှုပြသရန်အလို့ငှာ သူတို့ကအခြားသူတို့ကိုထိခိုက်အောင်မလုပ်ရဲဘဲ ကြက်သေ၊ ဘဲသေနှင့်ယုန်သေတချို့ကိုယူဆောင်လာကြသည်။


လင်ခုံးလု: "...." ဒါပေမဲ့ ကြက်၊ ဘဲနဲ့ယုန်ကဘာအမှားလုပ်ခဲ့မိလို့လဲ။


0687: "မင်းအရင်ဘဝတုန်းကအများကြီးဖမ်းခဲ့တာပဲလေ။"


ကျန့်စစ်ကဒါကိုလည်းသဘောမကျပေ၊ အရင်ဘဝတုန်းကသူအော့အန်လုနီးပါးဖြစ်ခဲ့ရသည်။ ထို့အပြင် ဒီကြက်၊ ဘဲနှင့်ယုန်တို့ကိုဇွန်ဘီများသတ်ခဲ့တာဖြစ်သည်။ ၎င်းတို့မှာဗိုင်းရပ်စ်ရှိနေတာမို့ လူတွေကစားလို့ရမယ်တဲ့လား။


ရလဒ်အနေဖြင့် အဆင့်​​မြင့်ဇွန်ဘီများမှာအချိန်တိုင်းစိတ်လှုပ်ရှားစွာလာခဲ့ကြပေမဲ့ နောက်ဆုံးစိတ်ပျက်လက်ပျက်ထွက်သွားရလေ့ရှိသည်။


အခြေစိုက်စခန်းကလူတို့မှာအဖြစ်မှန်ကိုမသိဘဲ အဆင့်မြင့်ဇွန်ဘီများကအခြေစိုက်စခန်းကိုတိုက်ခိုက်ဖို့လာခဲ့ကြပေမဲ့ သူတို့ကိုကျန့်စစ်ကခြောက်လွှတ်လိုက်သည်ဟုထင်ကာ တိတ်တခိုးပြောမိကြသည်။


"မင်းတို့ကြားပြီးပြီလား။ ကပ္ပတိန်ကျန့်ကသိပ်ကိုစွမ်းအားကြီးတာကွ၊ သူကအဆင့်၉ဇွန်ဘီတွေကိုကိုယ်တိုင်​ခြောက်လွှတ်ပစ်ခဲ့တာ။"


"မင်းတို့ကြားပြီးပြီလား။ ကပ္ပတိန်ကျန့်ကအဆင့်၉ဇွန်ဘီတွေကိုတစ်​ယောက်ထဲခြောက်လွှတ်ပစ်လိုက်တာတဲ့။"


"မင်းတို့ကြားပြီးပြီလား။ အဆင့်၉ဇွန်ဘီတွေကဇွန်ဘီအများကြီးကိုငါတို့အခြေစိုက်စခန်းကိုတိုက်ခိုက်ဖို့လွှတ်လိုက်ပေမဲ့ ကပ္ပတိန်ကျန့်ကကိုယ်တိုင်ခြောက်လွှတ်ပစ်ခဲ့တာတဲ့ကွ။"


"ငါကြားမိတာကတော့ မနေ့ကအခြေစိုက်စခန်းအဝိုင်းခံခဲ့ရပြီး ကပ္ပတိန်ကျန့်ကမြို့တော်နံရံပေါ်ကတစ်ယောက်ထဲခုန်ချပြီး ဇွန်ဘီအများကြီးနဲ့သွေးချင်းတိုက်ပွဲဆင်နွှဲခဲ့တယ်ဆို?"


"အယ်၊ သူအကိုက်မခံရဘူးလား။"


"မင်းဘာတွေတွေးနေတာလဲ။ ကပ္ပတိန်ကျန့်မှာသတ္ထုစွမ်းရည်ရှိပြီးတော့ သူကလောကကြီးထဲမှာစွမ်းအားအကြီးဆုံးယောက်ျားတစ်ယောက်ပဲ။ သူ့မှာသူ့ခန္ဓာကိုယ်ကိုကာကွယ်ဖို့သတ္ထုချပ်ဝတ်ရှိတယ်လေ။ သူမြို့တော်နံရံပေါ်ကခုန်ချတုန်းက သူကသိပ်ကိုစူးရှတောက်ပနေတာကွ။"


"အာ၊ ငါတို့ကပ္ပတိန်ကျန့်ကိုအခြေစိုက်စခန်းခေါင်းဆောင်အဖြစ်ရွေးချယ်သင့်တယ်။"


လင်ခုံးလုနှင့်အတူလျှောက်သွားစဥ် သူတို့ပြောနေတာကိုကြားလိုက်ရတဲ့ကျန့်စစ်: "....."


ဒီလူတွေသူ့ကိုနတ်ဘုရားလို့ပဲခေါ်လိုက်ပါတော့လား။ ပြီးတော့သူကအဆင့်၉ဇွန်ဘီနှစ်ကောင်၊ အဆင့်၈ဇွန်ဘီသုံးကောင်ကို ​မြို့တော်နံရံပေါ်ကမခုန်ချခဲ့တဲ့အပြင် သွေးချင်းတိုက်ပွဲမဆင်နွှဲဘဲနဲ့ ဒီအတိုင်းခြောက်လွှတ်လိုက်တာပါနော်။


လင်ခုံးလုထိန်းချုပ်မရစွာရယ်မောကာ ကျန့်စစ်ပုခုံးကိုကူတွဲပြီးပြောလိုက်သည်။

"ဒေါသမထွက်နဲ့၊ ကိစ္စကြီးမှမဟုတ်တာ။"


ဒါပေမဲ့သူပြောပြီးသည်နှင့် သူ့ဘေးကတစ်စုံတစ်ယောက်ကမှတ်ချက်ပေးလာသည်။


"ဝေ့၊ သတ္ထုစွမ်းရည်ကဘာလဲ။ ငါပြောမယ်၊ ကပ္ပတိန်ကျန့်ဘေးကလင်လူကြီးမင်းကအံ့သြစရာကောင်းတာကွ၊ ငါ့သူငယ်ချင်းဆီကငါကြားမိတာကတော့ လင်လူကြီးမင်းမှာအသံစွမ်းရည်ရှိပြီး သူစကားပြောလိုက်တာနဲ့ သူကစစ်မြေပြင်တစ်ခုလုံးကိုဝုန်းခနဲတိုက်ခိုက်နိုင်တယ်ဆိုပဲ။"


"ဟုတ်တယ်၊ ငါကြားမိတယ်။ သူပုံမှန်ဆိုစကားပြောလို့မရဘူးတဲ့၊ သူစကားပြောရင်လူတိုင်းသေလိမ့်မယ်လို့ပြောကြတာပဲ။"


"ပြောတာကတော့လုဖုန်းနဲ့သူ့ငယ်သားတွေအဲ့လိုသေသွားတာတဲ့။"


"ကြောက်စရာကြီး!"


လင်ခုံးလု: "...."


ကျန့်စစ်: "ဒေါသမထွက်ပါနဲ့  ကလေးလေး၊ ကိစ္စကြီးမှမဟုတ်တာ။"


ဒါပေမဲ့လည်း အခြေစိုက်စခန်းကိုသိမ်းလိုက်သည့်ကိစ္စကိုသတိရသွားတော့ ဖူကျန့်ဖင်းကကျန့်စစ်ကိုတစ်ကြိမ်ထက်မကချဥ်းကပ်ခဲ့ပေမဲ့ ကျန့်စစ်ကငြင်းဆန်ခဲ့သည်။


အဆုံးတွင်သူကားအရင်တုန်းကဇွန်ဘီဘုရင်ပင်ဖြစ်ခဲ့ပြီး အခုဆိုသူ့မှာရည်မှန်းချက်ပန်းတိုင်မရှိတော့ပေ။ သူကသူ့ဇနီးလေးနှင့်အတူရှိချင်ရုံသာဖြစ်သဖြင့် ဖူကျန့်ဖင်းကိုပြောလိုက်သည်။

"ခင်ဗျားပဲဂရုစိုက်လိုက်။ အခက်အခဲတစ်ခုခုရှိရင် ကျွန်တော့်ကိုလာရှာလို့ရတယ်။"


သူတာဝန်ယူထားတာကြောင့် အနီးအနားရှိဇွန်ဘီတစ်ကောင်ကမျှသူ့ကိုလာမနှောင့်ယှက်ရဲပေ။ အ​ခြေစိုက်စခန်းကကြီးသထက်ကြီးမားလာသည်။ ဒုတိယနှစ်နွေဦး၊ လင်ခုံးလု၏ဦးဆောင်မှုအောက်မှာ လူတိုငိးကပတ်ဝန်းကျင်ရှိစိုက်ပျိုးမြေမှာစားစရာစိုက်ပျိုးခဲ့သည်။


ဒါပေမဲ့လင်ခုံးလုကဒီကိစ္စမှာဦးဆောင်မှုသာပြုပေးခဲ့သည်။ အကြောင်းမှာသူမကြာခင်မွေးတော့မှာမို့လို့ပင်။


ကလေးမွေးချိန်တွင် ကျန့်စစ်နှင့်စုန့်ယွင်ဝေနှစ်ယောက်လုံးမှာမီးဖွားခန်းအပြင်မှာရပ်ကာ တစ်ယောက်ကအခြားတစ်ယောက်ထက်စိတ်ပိုပူနေပြီး မျက်လုံးနက်နှင့်မျက်လုံးနီမှာကြုံတောင့်ကြုံခဲဖြစ်စွာအငြင်းမပွားကြပေ။


"မင်းပြောကြည့်၊ ယောက်ျားတစ်ယော​က်ကကလေးဘယ်လိုမွေးမှာလဲ။"

စုန့်ယွင်ဝေစိတ်ပူနေမိသည်။ 

"ခွဲမွေးမှာလား။"


"အဲ့အကြောင်းမပြောနဲ့တော့။" ကျန့်စစ်မှာ"ခွဲမွေးမယ်"ဆိုသည့်စကားလုံးကိုကြားလိုက်ရချိန်စိတ်ပူလွန်းလို့ မတ်တပ်ပင်ရပ်မနေနိုင်တော့ဘဲပြောမိသည်။

"ကျွန်တော်ရှောင်လုအတွက်ရေမွှေးမပြင်ပေးထားမိဘူး၊ ကျွန်တော်ဘာလုပ်ရမလဲ။ သူကသွေးနံ့ခံလို့မရဘူးလေ။"


စုန့်ယွင်ဝေ: "ဟမ်? ဒါဖြင့်ရင်ဆရာဝန်ကိုမြန်မြန်ပြောလိုက်လေ၊ သူ့ကိုမေ့ဆေးပေးဖို့လိုအပ်လား။"


သူပြောပြီးသည်နှင့် ကလေးငိုသံကအခန်းထဲမှထွက်လာသည်။


ကျန့်စစ်၏တင်းမာနေသောအာရုံကြောများမှာရုတ်ခြည်းပြေလျော့သွားပြီး သူ့ပုံရိပ်မှာမသိမသာယိမ်းထိုးသွားကာ ပြိုလဲကျလုနီးပါးဖြစ်သွားသည်။


"ကလေးလေးဘယ်လိုနေလဲ။"

ဆရာဝန်ထွက်လာသည်နှင့် သူအပြေးအလွှားသွားမေးမိသည်။


"ကလေးလေးကအရမ်းကျန်းမာပါတယ်။ ယောက်ျားလေးပါ။ ကွန်ဂရက်ကျူလေးရှင်းပါဗျာ။"

ဆရာဝန်ကအပြုံးတစ်ပွင့်ဖြင့်ဆိုသည်။


"မဟုတ်ဘူး၊ ကျွန်တော်ကရှောင်လုဘယ်လိုနေလဲမေးနေတာ။"

ကျန့်စစ်ကားစိုးရိမ်ပူပင်နေသယောင်။


ဆရာဝန်: "အာ?"


"အိုင်း!" စုန့်ယွင်ဝေအလျင်စလိုဖြစ်နေပြီး ရှေ့တိုးကာကျန့်စစ်ကိုတွန်းဖယ်ပြီး ဆရာဝန်ကိုမေးလိုက်သည်။

"ကျွန်တော့်ညီလေးဘယ်လိုနေလဲ။"


"အိုး၊ သူ့ကိုပြောတာလား။ သူသွေးမြင်ပြီးတော့ ခွဲ​မွေးနေရင်းတန်းလန်းသတိလစ်သွားတယ်လေ။"


ကျန့်စစ်နှင့်စုန့်ယွင်ဝေ: "......"


ထိတ်လန့်မှုအပြီးတွင် ကျန့်စစ်မှာအခန်းထဲကကုတင်ဘေးမှာထိုင်ကာ လင်ခုံးလု၏လက်ကိုခပ်ဖွဖွဆုပ်ကိုင်ရင်း သူ့ချစ်ရသူနှင့်ကလေးကိုအမြတ်တနိုးမျက်လုံးများဖြင့်ကြည့်နေမိသည်။


မျက်လုံးနက်ကျန့်: "ငါအဖေဖြစ်ပြီ။"


မျက်လုံးနီကျန့်: "ငါကအဖေတစ်​ယောက်...."


"အတူတူပဲ။" သူတို့ရင်ထဲမှာတစ်ခုခုတိတ်တိတ်လေးပြောင်းလဲသွားသည့်အလား သူတို့သက်ပြင်းချလိုက်မိသည်။


"တင်၊ နှစ်သက်မှုနှုန်း၁၀၀။"


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုးသုည။"


"တင်၊ ဝေ့၊ ဘာလို့စရိုက်တစ်ခုပဲပေါ်တာလဲ.."


လင်ခုံးလုမျက်လုံးဖွင့်ကာ ကျန့်စစ်ကိုပြုံးပြလိုက်သည်။


ကျန့်စစ်လည်းပြုံးလိုက်ပြီး သူ့မျက်နှာထက်နူးညံ့သောအကြည့်ဖြင့် ခါးကိုင်းကာသူ့နှဖူးပေါ်အနမ်းတစ်ပွင့်ဖိကပ်နမ်းရှိုက်လိုက်သည်။ ဤအခိုက်အတန့်တွင် စရိုက်နှစ်မျိုးမှာနောက်ဆုံးအပြန်အလှန်အသိအမှတ်ပြုကာလက်ခံလိုက်ကြပြီး ပေါင်းစည်းစပြုလာသည်။


"ကလေးလေး၊ ကိုယ်မင်းကိုချစ်တယ်။"

ပြန်မွေးဖွားလာပြီးနောက်ပိုင်း သူနောက်ဆုံးမှာနောင်တမရတော့ပေ။


"အင်း။" လင်ခုံးလုသူ့လည်တိုင်ကိုချိတ်ကာ သူ့နှုတ်ခမ်းများကိုနမ်းပြီး နူးညံ့စွာပြောလိုက်သည်။

"ကျွန်တော်ကောပဲ။"


လေထုကပိုမိုညှို့အားပြင်းလာချိန်မှာ ကလေးငိုသံကရုတ်တရက်ဖောက်ထွက်လာသည်။


လင်ခုံးလု: ဟမ်? ဘယ်ကကလေးငိုနေတာလဲဟ?


0687: "မင်းမွေးလိုက်တာလေ။"


လင်ခုံးလု: "....." မေ့သွားတာ။


ကျန့်စစ်ကကလေးကိုချက်ချင်းအပြေးသွားချော့ပေမဲ့ သူချော့လေလေ ကလေးကပိုငိုလေလေပင်။


ကျန့်စစ်ကူကယ်ရာမဲ့သွားကာ လင်ခုံးလုကိုလှည့်ကြည့်လိုက်မိသည်။


လင်ခုံးလုမှာအပြစ်ကင်းစင်သယောင်: ငါဘာမှမလုပ်တတ်ဘူးနော်။


အဆုံးမှာ သူနာပြုကကြားသွားကာတစ်ချက်လာကြည့်ပြီးဆိုသည်။

"ဗိုက်ဆာနေတာဖြစ်မယ်။"


ကျန့်စစ်လမ်းပျောက်သွားရပြန်ကာ လင်ခုံးလုကိုကြည့်လိုက်မိပြန်သည်။


လင်ခုံးလုပြိုလဲသွားရသည်: ငါ့မှာတိုက်စရာနို့တောင်မရှိဘူးရယ်။


0687သက်ပြင်းချမိသည်။

"အိမ်း၊ တစ်ယောက်မှအဖေနဲ့မတူဘူး။"


နောက်ဆုံးတွင် သူနာပြု၏သင်ပြမှုအောက်မှာ ကျန့်စစ်ကနို့တစ်ပုလင်းအမြန်လောင်းထည့်လိုက်သည်။ နို့တိုက်ပြီးနောက် ကလေးမှာအငိုရပ်သွားရာ ကျန့်စစ်နှင့်လင်ခုံးလုတို့သက်မချမိသည်။


ကျန့်စစ်ကသူ့နှဖူးပေါ်ကချွေးကိုပင်သုတ်လိုက်သေးသည်။


သူတို့ဆေးရုံကဆင်းလာချိန်တွင် ဖူကျန့်ဖင်းကသူတို့အတွက်အိမ်ဖယ်ပေးထားပြီး ၎င်းမှာလုံခြုံမှု​မြင့်မားကာဘေးကင်းပေသည်။


ကလေးမွေးပြီးရင်သူသက်သာသွားလိမ့်မည်ဟုလင်ခုံးလုထင်ထားခဲ့ပေမဲ့ ဟိုဟိုဒီဒီပြေးလွှားရသည့်နေ့ရက်များမှာအခုမှစတင်မည်ဟုမထင်ထားမိပေ။


ကလေးလေးမှာအိပ်နေချိန်တအားချစ်ဖို့ကောင်းလှသည်။ သူပထမဆုံးအကြိမ်ကလေးပြုစုပျိုးထောင်ဖူးခြင်းပင်။ သူအလွန်သိချင်စိတ်ဖြစ်မိကာ မကြာခဏမတို့ထိကြည့်ဘဲမနေနိုင်ပေ။ ဒါပေမဲ့ကလေးလေးနိုးလာချိန်မှာပင်ပန်းလှပေသည်။ သူဗိုက်ဆာရင်ငိုတယ်၊ ပင်ပန်းရင်ငိုတယ်၊ တစ်ယောက်မှသူနဲ့မကစားပေးရင်ငိုတယ်....


နေ့ဘက်မှာအဆင်ပြေပေမဲ့ ညဘက်မှာဆိုသူနှင့်ကျန့်စစ်တို့ချစ်ကြည်နူးကြချိန်မှာ ဒီအကြွေးရှင်လေးကဝင်နှောင့်လိမ့်မည်ပင်။


လင်ခုံးလုအစကတော့သူ့ကိုမကြာခဏထချော့လေ့ရှိပေမဲ့ နောက်ပိုင်းသူပင်ပန်းလာသည်။ ကလေးငိုတိုင်း သူကျန့်စစ်ကိုကန်လိုက်သည်---


"ခင်ဗျားသားငိုနေပြီ။"


"ခင်ဗျားသားငိုနေပြန်ပြီ။"


"ခင်ဗျားသားဘာလို့ငိုနေသေးတာလဲ။"


ကမ္ဘာပျက်ကပ်ရောက်လာတုန်းက ကျန့်စစ်ဝိတ်သိပ်မကျသွားပေမဲ့ နှစ်ဝက်ကြာကလေးပြုစုပြီးနောက်မှာတော့ သူဟာမြင်နိုင်လောက်အောင်ဝိတ်ကျသွားသည်။


စုန့်ယွင်ဝေကBမြို့တော်ကိုပြန်သွားခဲ့ပြီး သူ့ကိုပြန်လာတွေ့ချိန်မှာသက်ပြင်းချလေသည်။

"ကြောက်စရာပဲ။ ငါအနာဂတ်မှာဘယ်တော့မှလက်ထပ်ပြီးကလေးမမွေးတော့ဘူး။"


လင်ဇိုင်းဇိုင်းတစ်နှစ်သားအရွယ်မှာ ပရော်ဖက်ဆာကုကဖြေဆေးဖော်နိုင်ခဲ့ပြီး ကျန့်စစ်နှင့်လင်ခုံးလုတို့လည်းTမြို့တော်ကထွက်ကာ ကလေးကိုခေါ်ပြီး ဒီကမ္ဘာကလင်ခုံးလု၏မိဘနှစ်ပါးကိုသွားတွေ့ရန်Bမြို့တော်ကိုသွားလိုက်သည်။


ဒါပေါ့၊ အဓိကကပရော်ဖက်ဆာကုပေးလိုက်တဲ့ဖြေဆေး၏သုတေသနရလဒ်တွေကိုBမြို့တော်ကစီနီယာစီမံခန့်ခွဲမှုဌာနဆီကိုလမ်းကြုံယူသွားပေးဖို့ဖြစ်သည်။


လမ်းပေါ်မှာ သူတို့ရှဲ့လင်ရှင်း၏အဖွဲ့နှင့်ပထမဆုံးဆုံခဲ့သည့်မြို့တော်ကိုဖြတ်သွားတော့ ကျန်းရှောင်ဟွေးနှင့်ဖုန့်ရှောင်းတို့နှင့်ပြန်တွေ့သည်။


ကျန့်ရှောင်ဟွေးကအဆင့်မြင့်ဇွန်ဘီအဖြစ်ပြောင်းသွားပြီး ပုံမှန်အသိစိတ်ပြန်ရလာပေမဲ့ ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ပေ။ ဖုန့်ရှောင်းကသူနှင့်အတူရှိနေခဲ့ပြီး သူ့အတွက်ကြက်၊ ဘဲ၊ ငါးနှင့်ယုန်များဖမ်းပေးသည်။


လင်ခုံးလုမှာအရင်ဘဝကသူ့ကိုယ်သူကိုပြန်တွေးမိသွားသည်။ သူထွက်လာတော့ သူနှင့်ကျန့်စစ်ကဖြေဆေးအချို့ပေးခဲ့သည်။


ကျန်းရှောင်ဟွေးကသူတို့ကိုကျေးဇူးတင်ကာမြို့တော်ကထွက်သွားသည်။ ဖုန့်ရှောင်းကတောက်လျှောက်တိတ်တိတ်လေးလိုက်သွားခဲ့ပြီး အဆုံးမှာသူဘယ်ရောက်သွားမှန်းမသိပေ။


သူတို့Bမြို့တော်ကိုရောက်သွားတော့ စုန့်ပါးပါးနှင့်စုန့်မာမားမှာသူတို့နှစ်ယောက်ကိုမြင်လိုက်ရချိန်အလွန်စိတ်လှုပ်ရှားကာပျော်ရွှင်နေကြပြီး စုန့်ယွင်ဝေကိုဆူငေါက်ကာ အကုန်လုံးကသူ့အမှားဖြစ်ပြီး မဟုတ်ရင်ဒီမိသားစုကကမ္ဘာပျက်ကပ်မတိုင်ခင်ပြန်ဆုံဖြစ်လိမ့်မည်ဟုဆို၏။


ဦးလေးကကောင်းကောင်းလုပ်ခဲ့သည်ဟုကျန့်စစ်ခံစားလိုက်ရသည်။ မဟုတ်ရင်သူနှင့်ကလေးလေးဘယ်တော့ပြန်ဆုံမလဲဆိုတာသိလိမ့်မည်မဟုတ်။


ဒါကိုတွေးမိရင်း သူမနေနိုင်ဘဲလင်ခုံးလုကိုလှည့်ကြည့်မိတော့ သူကလည်းသူ့ကိုပြန်လှည့်လာသည်။


သူတို့မျက်လုံးများမှာကြည်လင်သောအပြုံးဖြင့်အကြည့်ချင်းဆုံသွားကြပြီး လင်ဇိုင်းဇိုင်းကမျက်နှာထက်သိချင်သောမျက်နှာအမူအယာလေးဖြင့်အလယ်မှာရှိနေသည်။


လင်ဇိုင်းဇိုင်းကြီးလာချိန်မှာ သူကဒုတိယနှစ်အလယ်တန်းကျောင်းသားဖြစ်လာပြီး နေ့တိုင်းကမ္ဘာကြီးကိုသိမ်းပိုက်ဖို့စိတ်ကူးယဥ်အိပ်မက်မက်နေတတ်သည်။


တစ်နေ့ကျ သူ့ဖေကြီးကဇွန်ဘီသန်းပေါင်းများစွာနှင့်သွေးချင်းတိုက်ပွဲဆင်နွှဲခဲ့ကာ သူ့ဖေငယ်ကပါးစပ်ဟလိုက်ရုံနှင့်လူသတ်နိုင်စွမ်းရှိကြောင်းကြားလိုက်ရသဖြင့် အိမ်ကိုအပြေးပြန်လာကာ အဖေနှစ်ယောက်၏အိပ်ခန်းတံခါးကိုတွန်းဖွင့်ပြီး အော်ပြောလိုက်မိသည်။

"ဖေကြီးနဲ့ဖေငယ်၊ သားကိုမှော်အစွမ်းသင်ပေး၊ သားလည်းဇွန်ဘီတွေနဲ့သွေးချင်းတိုက်ပွဲဆင်နွှဲချင်တယ်!"


ကျန့်စစ်ကလင်ခုံးလုကိုဖက်ကာအိပ်ရာဝင်ဖို့ပြင်နေပြီး သူအထဲဇွတ်ဝင်လာတာကိုမြင်လိုက်ရတော့ သူလိပ်ပြာလွင့်မတတ်လန့်သွားကာ မည်းမှောင်သောမျက်နှာဖြင့်ပြောလိုက်သည်။

"ဘာဇွန်ဘီတွေနဲ့တိုက်ခိုက်တဲ့သွေးချင်းတိုက်ပွဲလဲ၊ မင်းဦးလေးရဲ့ပေါက်ကရစကားတွေကိုနားမထောင်နဲ့။"


ထို့နောက်သူစုန့်အိမ်တော်ကိုဖုန်းဆက်ကာ စုန့်ယွင်ဝေကိုကလေးလာခေါ်ခိုင်းလိုက်သည်။


စိတ်ပျက်စရာကောင်လေးထွက်သွားပြီးနောက် ကျန့်စစ်သက်မချကာလင်ခုံးလုကိုကြည့်လိုက်မိပြန်သည်။


လင်ခုံးလု: "အဟမ်း၊ ခင်ဗျားအဆင်ပြေရဲ့လား။" ဒီလိုဝင်နှောင့်ခံရတာဘယ်နှခေါက်ရှိပြီလဲ။


ကျန့်စစ်၏မျက်နှာတမဟုတ်ချင်းမည်းမှောင်သွားရကာ အံကြိတ်လျက်ပြောလိုက်သည်။

"မင်းစမ်းကြည့်ရင်သိလိမ့်မယ်။"


စမ်းကြည့်မယ်...ဒါဆိုငါသေသွားလိမ့်မယ်ဟ။


သူ့စရိုက်နှစ်မျိုးပေါင်းစည်းသွားတာကိုလင်ခုံးလုကျေးဇူးတင်မိသည်၊ မဟုတ်ရင်သူတကယ်တောင့်ခံနိုင်မှာမဟုတ်လှ။


_____________________