Arc(3): Extra(1) | နတ်ဘုရားကျန့်Vsလင်ခုံးလု |
ကျန့်စစ်စာအုပ်များကိုင်လျက်စာကြည့်တိုက်သွားနေတုန်း လျှပ်စစ်စကူတာလေး၏အရှိန်ကြောင့်ရေများရွှဲရွှဲစိုသွားသည်။
ဆိုင်ကယ်စီးနေသည့်ကောင်လေးမှာအမြန်ရပ်လိုက်ပြီး ခေါင်းပေါ်မှာသမင်ဦးချိုနှင့်ဆိုင်ကယ်ဦးထုပ်ဝတ်ထားပြီး ပြေးဆင်းကာပြောလာသည်။
"စိတ်မရှိပါနဲ့၊ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်မရည်ရွယ်ပါဘူး၊ ကိုကို၊ အဆင်ပြေရဲ့လား။"
Xသမင်ပလက်ဖောင်းကစားစရာအော်ဒါလိုက်ပို့တဲ့ဝန်ထမ်းလား။
ကျန့်စစ်ခြေတစ်လှမ်းနောက်ဆုတ်ကာ တစ်ဖက်လူကိုတည်ငြိမ်စွာကြည့်လိုက်သည်။
"ကိုကို ကျွန်တော်အလျင်လိုနေလို့ wechatအကောင့်လဲပေးပါလား၊ ကျွန်တော်အဝတ်ပြန်လျှော်ပေးမယ်လေ။"
လူငယ်လေးကသူ့ကိုလှပသောမျက်ဝန်းတစ်စုံဖြင့်ကြည့်ကာဆိုသည်။
ကျန့်စစ်: "......"
0687ကလင်ခုံးလုစိတ်ထဲမှာသက်ပြင်းချလာသည်။
"အရမ်းသိသာလွန်းတယ်။"
လင်ခုံးလု၏အပြုံးအေးခဲသွားရကာ ၎င်းကိုပြင်ဆင်ရန်အလား အမွှေးထူထူသမင်ဦးချိုခေါင်းဆောင်းကိုအမြန်ချွတ်ကာ ပြောလိုက်သည်။
"ကျွန်တော်ကိုကို့ကိုဒါပေးမယ်လေ၊ ဒါကကျွန်တော့်တို့ဆိုင်ရဲ့လက်ဆောင်ပါ။ ခရစ်စမတ်ရောက်ခါနီးပြီဆိုတော့ ကိုကို့ကောင်မလေးကိုကိုကိုပေးလို့ရတာပေါ့။"
သူကားအလွန်ငယ်ရွယ်ပုံပေါက်ပြီး လှပသောမျက်ဝန်းတစ်စုံရှိကာ ရိုးသားစစ်မှန်စွာပြုံးပြနေသဖြင့် ငြင်းဆန်ရခက်လှသည်။
ကျန့်စစ်မထူးခြားမခြားနားတစ်ချက်ကြည့်လိုက်ပြီးမှအကြည့်လွှဲကာပြောလိုက်သည်။
"မလိုဘူး။"
ဒီကောင်လေးမှာဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိမယ်ဆိုတာသူသေချာတယ်၊ ခုနကသူ့ကိုတမင်ရည်ရွယ်ချက်ရှိရှိရေစင်အောင်လုပ်ခဲ့တာဖြစ်နိုင်တယ်။
သေချာတာပေါ့၊ နောက်ရက်အနည်းငယ်အတွင်းမှာ ထိုကောင်လေးလျှပ်စစ်စကူတာစီးလျက်သူ့ဘေးကဖြတ်သွားတာကိုသူမကြာခဏမြင်ရတယ်၊ တစ်ခါတရံအဆောင်ထဲမှာ၊ တစ်ခါတလေစာသင်ဆောင်အနားမှာ၊ တစ်ခါတရံကန်တင်းမှာတောင်....ဟင်? လက်ရှိစားစရာပို့တဲ့ပလက်ဖောင်းကတက္ကသိုလ်ကန်တင်းဝင်ပေါက်ထိတောင်ရောက်နေပြီလား။
ဒီလျှပ်စစ်စကူတာလေးကဒီလိုလျှောက်ပတ်သွားနေမယ်ဆိုရင် တက္ကသိုလ်ကစားစရာလှမ်းမှာတာကိုအနှေးနှင့်အမြန်ဘမ်းပစ်လိုက်လိမ့်မည်ဟုကျန့်စစ်ခံစားလိုက်ရသည်။
"ဟေ၊ မောင်လေးရှောင်လုပါလား။"
သူတစ်နေရာကိုဆက်တိုက်ကြည့်နေမှန်းမြင်လိုက်ရတော့ သူ့ကိုတစ်ခုခုပြောဖို့လိုက်ရှာနေသည့်မိန်းကလေးမှာလည်းမနေနိုင်ဘဲလိုက်ကြည့်မိရာ အံ့သြတကြီးရေရွတ်လိုက်မိသည်။
ကျန့်စစ်အကြည့်ပြန်ရုတ်ကာခပ်ပေါ့ပေါ့မေးလိုက်သည်။
"သူ့ကိုသိလို့လား။"
"သိတာပေါ့၊ သူကအချောဆုံးဒလီဗာရီကောင်လေးပဲလေ။ သူကအခုတလောAတက္ကသိုလ်မှာအရမ်းနာမည်ကြီးနေတာ။ ဘာလို့လဲဆိုတော့သူကအော်ဒါလာပို့တိုင်းXသမင်ပလက်ဖောင်းရဲ့သမင်ဦးချိုခေါင်းဆောင်းကိုအမြဲဝတ်ထားလို့ လူအများစုကသူ့ကိုမောင်လေး/ညီလေးရှောင်လု(သမင်လေး)လို့ခေါ်ကြတယ်။"
မိန်းကလေးကရယ်မောကာ စနောက်မေးလာပြန်သည်။
"နတ်ဘုရားကျန့်ကကျောင်းဖိုရမ်မဖတ်ဘူးလား။"
ထိုအခါမှသာလျှင် ကျောင်းထဲကမိန်းကလေးအများစုမှာကောင်လေးကိုသိကြပြီး သူတို့ကသူ့ကိုဖိုရမ်ပေါ်မှာ"အော်ဒါလိုက်ပို့တဲ့မင်းသားလေး"ဟုခေါ်ကြမှန်းကျန့်စစ်သိလိုက်ရသည်။
ကျန့်စစ်ခုနကနေရာကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။ ကောင်လေးကတကယ်ကြည့်ကောင်းသည်၊ ထူးကဲသောမျက်ခုံး၊ အသားဖြူဖြူနှင့်ပြုံးလိုက်ရင်အနည်းငယ်ချစ်စရာကောင်းလှသည်။ ထိုမိန်းကလေး၏စကားထဲမှာ သူကားနို့ခဲလေးပမာလိမ်မာကာချိုသာလှသည်။
ကောင်လေးကအဆောင်အောက်ထပ်မှာသူ့ဆိုင်ကယ်ကိုပါကင်ထိုးပြီး အပေါထကပ်ကလူများကိုလှမ်းခေါ်လိုက်သည်။
"ဝေ့၊ နိဟောင်၊ လူကြီးမင်းတို့မှာထားတာရပါပြီဗျ၊ အဆောင်မန်နေဂျာကကျွန်တော့်ကိုအပေါ်ထပ်တက်ခွင့်မပေးတာမို့ အောက်ဆင်းပြီးလာယူကြပါနော်။"
ကောင်လေးမှာအခြားသူတို့နှင့်စကားပြောတိုင်း အသံလေးမှာအလွန်နူးညံ့ပျော့ပြောင်းလှပြီး အဆုံးသတ်မှာမသိမသာကော့တက်သွားပုံမှာ လူတို့၏နှလုံးသားကိုဆွဲဆောင်လိုက်သည့်ချိတ်ကောက်လေးပမာ။
ကျန့်စစ်၏အကြည့်ကသိသာလွန်းသောကြောင့်ဖြစ်လိမ့်မည်၊ ကောင်လေးကသူ့ကိုသတိထားမိသွားကာ အော်ဒါပို့ပြီးနောက် လျှပ်စစ်စကူတာလေးကိုသူ့ဘက်တမင်မောင်းလာကာ မသိမသာပျော်ရွှင်သောလေသံဖြင့်-
"နိဟောင် ကိုကို၊ ကျွန်တော့်ကိုမှတ်မိသေးလား။ ကျွန်တော်ကအဲ့နေ့က...."
"ကိုယ့်ကိုရေစိုအောင်လုပ်သွားတဲ့ညီလေးရှောင်လု။"
ကျန့်စစ်စကားဝိုင်းကိုယူပြောလိုက်ပြီးမှ ခေါင်းအသာငြိမ့်ကာပြောလိုက်သည်။
"ကိုယ်မှတ်မိတယ်။"
"အာ၊ ကျွန်တော်အဲ့နေ့ကတမင်ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူးဗျာ။" လင်ခုံးလုရှက်ရွံ့သွားကာခေါင်းကုတ်လိုက်ပေမဲ့ သူ့ခေါင်းပေါ်မှာမာကြောကြောခေါင်းဆောင်းဝတ်ထားသဖြင့် မာကြောကြောခေါင်းဆောင်းပေါ်ကသမင်ဦးချိုများကိုသာကုတ်မိသွားသည်။ သမင်ဦးချိုများမှာအလှဖြစ်သဖြင့် အထိခံလိုက်ရပြီးနောက် ၎င်းတို့ကဦးခေါင်းထက်မှာတွဲလောင်းကျလာသည်။
"ဝါး၊ ချစ်ဖို့ကောင်းလိုက်တာဟယ်။"
သူ့ဘေးကမိန်းကလေးမှာမစိုက်ကြည့်ဘဲမနေနိုင်ပေ။
ထိုအခါမှသာ လုစစ်ဘေးမှာမိန်းကလေးတစ်ယောက်ရပ်နေမှန်းလင်ခုံးလုသတိထားမိသွားကာ မဝံ့မရဲမေးလိုက်မိသည်။
"ကိုကို့ကောင်မလေးလား။"
"မဟုတ်ပါဘူး။" ကောင်မလေးကချက်ချင်းခေါင်းခါကာအပြုံးလေးနှင့်ဆိုသည်။
"မမမှာကောင်လေးမရှိသေးပါဘူး၊ မောင်လေးမမကိုစဥ်းစားပေးချင်လားဟင်?"
ကောင်လေး၏မျက်နှာမှာနီရဲသွားပုံပေါ်ကာ တစ်အောင့်ကြာတော့သူ့အိတ်ကပ်ထဲကသမင်ဦးချိုခေါင်းဆောင်းတစ်ခုထုတ်ကာ မိန်းကလေးကိုလှမ်းပေးရင်း ပြောလိုက်သည်။
"ဒါဆိုဒါကမမအတွက်ပါ၊ ဒါကကျွန်တော်တို့ပလက်ဖောင်းကလက်ဆောင်လေ၊ ခရစ်စမတ်ရောက်တော့မယ်ဆိုတော့ မမသဘောကျတဲ့တစ်စုံတစ်ယောက်နဲ့အမြန်ဆုံးတွေ့ပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်နော်။ ဒါနဲ့ ကျွန်တော်တို့ပလက်ဖောင်းကိုသုံးပြီးအော်ဒါမကြာမကြာလေးမှာပေးပါလို့။"
ကျန့်စစ်: "....." မင်းဒီခေါင်းဆောင်းဦးထုပ်တွေကိုလက်ကားလိုက်ပို့နေတာလား။
ပြန်လာပြီးနောက် ကျန့်စစ်မှာမတော်တဆဖြင့်အကြိမ်ပေါင်းများစွာအော်ဒါလှမ်းမှာခဲ့ပေမဲ့ တစ်ခုကမှကောင်လေးလာပို့တာမဟုတ်ခဲ့ပေ။
သူအနည်းငယ်နောင်တရသွားမိပေမဲ့ သူထူးဆန်းနေသည်ဟုပါခံစားလိုက်ရသည်။ အနီးနားမှာအော်ဒါလိုက်ပို့တဲ့လူအများကြီးရှိတာကို ကောင်လေးတစ်ယောက်ပဲလိုက်ပို့နေတာကပုံမှန်မဟုတ်ဘူးမလား။
ညကျအခန်းဖော်ပြန်လာချိန်တွင် သူ့စားပွဲမှာအသီး၊ အဆာပြေမုန့်နှင့်အသင့်စားအစားအစာများပြည့်နေတာကိုမြင်လိုက်ရသည်။ သူမအံ့သြမိဘဲမနေနိုင်ပေ။
"စစ်ကော၊ မင်းဘာလို့ဒီလောက်အများကြီးဝယ်ထားတာလဲ။ ဒါကကမ္ဘာပျက်ကပ်မို့လို့ စားစရာသိုလှောင်နေတာလား။"
"မင်းစားလိုက်လို့ရတယ်။" ကျန့်စစ်ရုတ်ခြည်းထရပ်ကာအောက်ထပ်ဆင်းသွားလိုက်သည်။
ကျောင်းဂိတ်ဝကဖြတ်သွားချိန် ကောင်လေးကလမ်းမဘေးမှာဆောင့်ကြောင့်ထိုင်ကာ လျှပ်စစ်စကူတာလေးကိုကလိနေတာကိုမြင်လိုက်ရသည်။
ကျန့်စစ်အလိုလိုလျှောက်သွားမိကာ တည်ငြိမ်စွာမေးလိုက်သည်။
"ဆိုင်ကယ်ပျက်သွားလို့လား။"
လင်ခုံးလုခေါင်းမော့လိုက်တော့ သူ့မျက်နှာဖြူဖြူမှာစက်ဆီပေနေပြီး ကြောင်လေးပမာ သူမျက်လုံးများမှာနီစွေးလျက် "အင်း"ဟုဝမ်းနည်းစွာဆိုလိုက်သည်။
ကျန့်စစ်မျက်လုံးပင့်ကြည့်လိုက်တော့ မြေကြီးပေါ်မှာသိသိသာသာကိုလုံးဝအေးစက်သွားပြီဖြစ်သည့်ပို့စရာစားစရာများရှိနေသေးတာကိုမြင်လိုက်ရသည်။
လင်ခုံးလုသူ့အကြည့်ကိုသတိထားမိသွားကာရေရွတ်လိုက်သည်။
"အော်ဒါပြန်အမ်းလိုက်ပြီ။"
ကျန့်စစ်စကားမပြောဘဲ ဆောင့်ကြောင့်ထိုင်ကာလျှပ်စစ်စကူတာလေးကိုပြင်ပေးလိုက်သည်။
ထို့နောက်သူကောင်လေးကိုလျှပ်စစ်စကူတာပေါ်တင်မောင်းကာမေးလိုက်သည်။
"မင်းအလုပ်ဆင်းပြီလား။ ဘယ်မှာနေတာလဲ။"
ကောင်လေးကလိပ်စာပြောပြလာပြီး သူသတိမထားမိချိန် သူ့ခေါင်းပေါ်သမင်ဦးချိုခေါင်းဆောင်လေးဝတ်ကာ တမင်မေးလာသည်။
"ကိုကိုကျွန်တော်နဲ့အတူလျှပ်စစ်စကူတာလိုက်စီးလို့ ကိုကို့ကောင်မလေးသိသွားရင်ဒေါသထွက်မှာမဟုတ်ဘူးလား။"*
ဒါကအင်တာနက်မီမီမှန်းကျန့်စစ်သိသည့်အပြင် ကောင်လေးကသူ့ကိုရည်ရွယ်ချက်ရှိရှိစမ်းသပ်နေမှန်းလည်းသိသည်။ သူကအနည်းငယ်အကြံရှိပေမဲ့ အရမ်းချစ်ဖို့ကောင်းလှသည်။
သူ့နှုတ်ခမ်းမသိမသာကော့တက်သွားကာ တည်ငြိမ်စွာပြောလိုက်သည်။
"ကိုယ့်မှာကောင်မလေးမရှိဘူး။"
လင်ခုံးလု: "အော်။"
"ကောင်လေးလဲမရှိဘူး။"
ကျန့်စစ်ထပ်ဖြည့်ပြောလိုက်သည်။
လင်ခုံးလု: "အော်အော်၊ စင်ဂယ်ဘဝကအမြန်ဆုံးကျွတ်ပါစေလို့ဆုတောင်းပေးပါတယ်နော်~"
ကျန့်စစ်: "...." ဒီသမင်ငတုံးလေးတကယ်နားမလည်ဘူးလား။
0687ကလည်းလင်ခုံးလုစိတ်ထဲမှာဆိုသည်။
"ဝေ့၊ ပြီးခါနီးပြီမဟုတ်ဘူးလား။ မင်းဘာလို့နားမလည်ချင်ယောင်ဆောင်နေတာလဲ။"
လင်ခုံးလု: "ရဖို့ခက်ခက်ခဲခဲကစားရတာကိုနားလည်လား။ ဒီဟာကအရေးကြီးတဲ့ကာလပဲ။"
ကျန့်စစ်မှာမကြာခဏအော်ဒါမှာသကဲ့သို့ အဆောင်အောက်ထပ်မှမတော်တဆဖြတ်သွားချင်ယောင်ဆောင်ကာ ကောင်လေးလာပို့သည့်အော်ဒါများကိုအပေါ်ထပ်ကူသယ်ပေးလိုက်သည်။
ထိုတွေ့ဆုံမှုကားအမှန်တော့သူစီစဥ်ထားခဲ့တာမှန်းကောင်လေးမသိပေ။
လင်ခုံးလုကသူတို့အဆောင်နားမှာသာနေ့တိုင်းအော်ဒါလိုက်ပို့မှန်းကျန့်စစ်မသိပေ။
ခရစ်စမတ်အပြီးတွင် ကောင်လေးကရက်အတော်ကြာအဆောင်အောက်ထပ်မှာမပေါ်လာမှန်းကျန့်စစ်သိလိုက်ရသည်။
သူအစကအလွန်စိတ်ပူသွားပေမဲ့ နောက်ကျတော့ကောင်လေးမှာအခုတလော သူတို့ဘေးကCတက္ကသိုလ်ထံမှအော်ဒါလက်ခံရရှိခဲ့ပြီး အထူးသဖြင့်Cတက္ကသိုလ်၏ကျောင်းမြက်လေးထံမှအော်ဒါများဖြစ်ကြောင်းသိလိုက်ရသည်။
ကောင်လေးကတစ်ဖက်လူဆီစားစရာသွားပို့ကာ ထိုသူ့ကို"အစ်ကို"ဟုချိုသာစွာခေါ်တာကိုပါ သူတစ်ကြိမ်ထက်မကပိုမြင်ခဲ့ရသည်။
ကျန့်စစ်၏မျက်လုံးများမည်းမှောင်သွားရသည်၊ ဒီသမင်ငတုံးလေးကငါးတစ်ကောင်ထက်ပိုပြီးဖမ်းနေတဲ့ပုံပဲ။
0687ကလည်းလင်ခုံးလုကိုသိချင်စိတ်ဖြစ်စွာမေးမိသည်။
"ဘာလို့မင်းအခုတလောဇာတ်လိုက်ကိုသွားမတိုက်ခိုက်တာလဲ။"
လင်ခုံးလု: "ဒါကအကွက်ရွှေ့တာလို့ခေါ်တယ်။ စိတ်ခံစားချက်ဆိုင်ရာမြင်ကွင်းတွေကတွန်းလိုက်ဆွဲလိုက်လုပ်ဖို့လိုအပ်တယ်ကွ။ ငါသူ့နောက်လိုက်တာကစိတ်ဝင်စားစရာကောင်းတယ်။ သူ့ကိုဆက်တိုက်လိုက်ရင်မကောင်းတော့ဘူး။ ခဏစောင့်နေလိုက်၊ ကျန့်စစ်ဒီအတိုင်းနေမှာမနေဘူး။"
ထိုစဥ်ကျန့်စစ်ကလည်းတွေးနေသည်၊ သူဒီငါးကိုလိုက်ဖမ်းချင်ရင် လောကကြီးထဲမှာဒီလောက်ကောင်းတဲ့အရာရှိအုံးမယ်တဲ့လား။
နှစ်သစ်ကူးညမှာ လင်ခုံးလုကရှားရှားပါးပါးAတက္ကသိုလ်မှအော်ဒါနောက်တစ်ခုယူခဲ့ပေမဲ့ သွားပို့ပြီးနောက် ကျန့်စစ်ကသူ့ကိုဖမ်းကာအဆောင်နောက်ကအရိပ်ထဲခေါ်သွားသည်။
ကျန့်စစ်ကားအရက်မူးနေပုံရပြီး သူ့ကိုနံရံပေါ်ဖိကပ်ကာ ခါးကိုင်းပြီးမေးလာသည်။
"မင်းဘာလို့ခုတလောကိုယ့်အော်ဒါကိုလာမပို့တာလဲ။"
လင်ခုံးလုမှာအပြစ်ကင်းစင်ဟန်ဖြင့်ပြောလိုက်သည်။
"ပလက်ဖောင်းကတာဝန်ကျတဲ့ဧရိယာကိုပြောင်းလဲသတ်မှတ်လိုက်တယ်လေ၊ ကျွန်တော်ဒီဘက်ကိုတာဝန်မကျတော့တာ။"
"တကယ်လား။" ကျန့်စစ်ရယ်မောလိုက်ပြီး သူ့လက်ချောင်းထိပ်များဖြင့်ကောင်လေး၏ပါးပြင်တစ်လျှောက်ပွတ်သပ်ကာ လျှပ်စီးကြောင်းပမာထူးဆန်းမှုတစ်စွန်းတစနှိုးဆွလိုက်သည်။
လင်ခုံးလုအနည်းငယ်မသက်မသာဖြစ်သွားကာဘေးကိုရွှေ့လိုက်ပေမဲ့ ကျန့်စစ်ကသူ့ခေါင်းဆောင်းပေါ်ကသမင်ဦးချိုများကိုအမြန်လှမ်းကိုင်ကာသူ့ကိုပြန်ဆွဲခေါ်လိုက်သည်။
လင်ခုံးလု: "?"
ကျန့်စစ်သူ့ကိုသူ့တစ်ကိုယ်လုံးနှင့်အုပ်မိုးလိုက်ပြီး သူ၏အေးစက်သောမျက်နှာထားမှာမည်းမှောင်မှုတို့ရောယှက်နေလျက် သူမေးလိုက်သည်။
"ဒါဆိုမင်းCတက္ကသိုလ်ကကုမင်ဆီကိုနေ့တိုင်းအော်ဒါသွားပို့တာကတိုက်ဆိုင်မှုသက်သက်ပဲလား။"
"ဘာလို့လဲဆိုတော့သူကတစ်မြို့လုံးမှာအော်ဒါမှာပြီးတော့ ခရီးစရိတ်ကအရမ်းများတဲ့အပြင် သူကကျွန်တော့်ကိုဘောက်ဆူးပါပေးလို့လေ။"
လင်ခုံးလုမှာအလွန်ဖြောင့်မတ်လျက်။ ပြောပြီးနောက် သူ့ကိုတစ်ချက်ကြည့်ကာခပ်တိုးတိုးမေးလိုက်သည်။
"ကိုကိုမူးနေတာလား။ ကိုကိုစကားပြောတာထူးဆန်းနေသလိုပဲ၊ ကျွန်တော်ဘယ်သူ့အော်ဒါကိုယူမိလို့လဲ...."
ကျန့်စစ်အကာအကွယ်မဲ့သွားကာ သူ့ကိုသူ့ရင်ခွင်ထဲဆွဲထည့်ပြီး နားထဲတိုးတိုးပြောလိုက်သည်။
"အနာဂတ်မှာ ကိုယ်အော်ဒါလည်းမှာမယ်၊ ဘောက်ဆူးလည်းပေးမယ်လေ။ သူ့အော်ဒါကိုလက်မခံပါနဲ့နော်။"
လင်ခုံးလု: "အာ။"
သူဒိန်းခနဲရင်ခုန်သွားကာ တစ်ဖက်လူ၏ကျောပြင်ကိုပုတ်ပေးရင်း အထိတ်အလန့်ပြောလိုက်မိသည်။
"ကိုကိုတကယ်မူးနေတာပဲ၊ ဝေ့ ဝေ့!"
ကျန့်စစ်ဒါကိုပြောပြီးနောက် သူ့ပါးပြင်နှင့်နားရွက်များမှာပူလောင်လို့နေပြီး ကောင်လေး၏တုံ့ပြန်မှုကိုမကြည့်ရဲပေ။ သူအရက်မူးနေသည်ဟုကောင်လေးပြောလာချိန်တွင် သူအရက်မူးချင်ယောင်ဆောင်လိုက်မိသည်။
ကျန့်စစ်"မူး"နေမှန်းသိသွားတော့ လင်ခုံးလုကူကယ်ရာမဲ့သွားကာ သူ့ကိုအဆောင်ခန်းဆီလိုက်ပို့ပေးရုံသာတတ်နိုင်သည်။
သူအရင်ကကျန့်စစ်၏အော်ဒါကိုလိုက်ပို့ဖူးသဖြင့် တစ်ဖက်လူဘယ်အဆောင်မှာနေလဲ၊ အဆောင်ခဘယ်လောက်ရှိလဲသိထားသည်။
နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သောကြောင့် ကျောင်းသားအများစုမှာကျောင်းကထွက်သွားကြသဖြင့် အဆောင်၏စီမံခန့်ခွဲမှုကိုမတင်းကြပ်ထားသည့်အပြင် ယောက်ျားလေးအဆောင်ဖြစ်ပေရာ လင်ခုံးလုအတွက်အထဲဝင်ရလွယ်သည်။
အဆောင်ခန်းထဲမှာ ကျန့်စစ်၏အခန်းဖော်များလည်းမရှိပေ၊ လက်မှတ်ဝယ်ပြီးအိမ်ပြန်သွားကြသကဲ့သို့ ကောင်မလေးနှင့်ခရီးထွက်သွားကြသည်။
လင်ခုံးလုကကျန့်စစ်ကိုကုတင်ပေါ်တင်ပေးလိုက်ပြီး သူထဖို့ပြင်လိုက်ချိန်တွင် ကျန့်စစ်ကသူ့အကျီလက်ကိုလှမ်းဆွဲကာသူ့ကိုဆောင့်ဆွဲလိုက်သဖြင့် သူ့ပေါ်ကျသွားပြန်ရသည်။
ကျန့်စစ်ဗလုံးဗထွေးနှာမှုတ်လိုက်ပြီး ဖိအားကြောင့်"နိုး"လာသည့်အလား မျက်လုံးဖွင့်ကာသူ့ကိုအလေးအနက်ကြည့်လိုက်ပေမဲ့ တစ်အောင့်ကြာမှပြောလိုက်သည်။
"ကိုယ်အခုကစပြီးတစ်မြို့လုံးအနှံ့အော်ဒါမှာမယ်..."
လင်ခုံးလုအမည်းစင်းများပေါ်သွားရပြီး သူအရက်မူးနေတာဖြစ်ရမည်ဟုတွေးလိုက်မိပေမဲ့...အရက်မူးတာကောင်းတာပဲ။
ကျန့်စစ်မျက်လုံးပြန်မှိတ်သွားချိန်တွင် သူတစ်ဖက်လူ၏အကျီကော်လာပေါ် အပြစ်ရှိသောအသိစိတ်ဖြင့်လက်တင်ကာ ကြယ်သီးနှစ်လုံးဖြုတ်လိုက်သည်။
0687: "!!!" Host၊ မင်းဘာလုပ်မလို့လဲ။အနုပညာဆိုတာကကိုယ့်ကိုယ်ကိုရောင်းစားတာမဟုတ်ဘူးလို့မင်းမပြောခဲ့ဘူးလား။
လင်ခုံးလု: "မင်းဘာသိလို့လဲ။ ဒါကို'ရာဇဝတ်မှု'ဖန်တီးတဲ့မြင်ကွင်းလို့ခေါ်တယ်။ သူမနက်ဖြန်နိုးလာတဲ့အထိစောင့်လိုက်၊ ဟမ့်။"
သူတစ်ဖက်လူ၏ရှပ်အကျီဖြူကိုအမြန်ချေမွပစ်ကာ သူ့ကုတ်အကျီကိုချွတ်ပြီး ကုတ်အကျီ၏ကြယ်သီးနှစ်လုံးကိုဖြုတ်ကာ ညှပ်ရိုးပေါ်မှာအမှတ်အသားနှစ်ခုဖြစ်အောင်ဆွဲဆိတ်ပြီးမှ ကျေနပ်စွာလှဲချလိုက်တော့သည်။
လင်ခုံးလုဘယ်အချိန်အိပ်ပျော်သွားမှန်းမသိပေ၊ အဆက်မပြတ်မျက်လုံးမှိတ်ထားသည့်ကျန့်စစ်မှာပြုံးလိုက်ပြီး ဟိုဘက်လှည့်ကာ သူ့ကိုရင်ခွင်ထဲညင်သာစွာဆွဲသွင်းပစ်လိုက်သည်။
နောက်တစ်နေ့သူနိုးလာချိန်တွင် လင်ခုံးလုကောင်းကင်ပြိုကျသွားသည့်နှယ် အထိတ်အလန့်ပြောလိုက်သည်။
"ကို ကိုကို ၊ ကျွန်တော်တို့ညကဘာဖြစ်ခဲ့တာလဲဟင်?"
ကျန့်စစ်သူသရုပ်ဆောင်ပြီးတာကိုတည်ငြိမ်စွာကြည့်လျက် အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ကိုယ်တာဝန်ယူမယ်။"
လင်ခုံးလု: "?" ကိုကို၊ မင်းတအားပူးပေါင်းဆောင်ရွက်နေတယ်ဆိုတော့ လုံးဝသံသယမဖြစ်မိဘူးလား။
"တွဲကြစို့။" ကျန့်စစ်လေးနက်သောအကြည့်ဖြင့်ရုတ်တရက်ပြောလိုက်သည်။
ဤသို့ဖြင့် လင်ခုံးလုမှာAတက္ကသိုလ်ကပန်းလေးကိုမိန်းမောစွာကောက်ရခဲ့ပေသည်။
လဝက်ကြာပြီးနောက် Aတက္ကသိုလ်ကရုတ်တရက်အော်ဒါမှာမှုကိုဘမ်းပစ်လိုက်သဖြင့် လင်ခုံးလုမှာရွေးချယ်စရာမရှိဘဲသူ့လျှပ်စစ်စကူတာလေးကိုကျောင်းဆီမစီးသွားရတော့ပေ။ ဒါပေမဲ့ကိစ္စမရှိပေ၊ သူ့ရည်မှန်းချက်ပန်းတိုင်အောင်မြင်သွားပြီပင်။
သူအော်ဒါလိုက်ပို့ရတာခက်ခဲမှန်းကျန့်စစ်သိသဖြင့် သူ့ကိုအလုပ်ထွက်ခိုင်းကာကျောင်းနားမှာအိမ်တစ်လုံးငှားပေးခဲ့သည်။
လင်ခုံးလုသက်ပြင်းချမိသည်: "စပွန်ဆာကြီးမပေါ်လာသေးပေမဲ့ ငါကတော့'ထောက်ပံ့'ခံရတဲ့ဘဝမှာကြိုပြီးနေနေရပြီပဲ။"
0687: "...."
"ကျန့်စစ်ကအတန်းတက်ရတာမို့ ဒီကိုလာခဲတယ်။ ငါအနာဂတ်မှာဘယ်လိုလုပ်ရမလဲ။ ဒီတာဝန်ကတကယ်ရိုးရှင်းလွန်းတယ်၊ ခစ်ခစ်။"
"မဟုတ်ဘူး။" 0687ကဆိုသည်။
"ကျန့်စစ်ခုနကစာအုပ်ဆိုင်ကိုသွားခဲ့တယ်။"
လင်ခုံးလု: "?"
"သူကမင်းအတွက်သင်ကြားရေးအထောက်အကူပစ္စည်းအများကြီးဝယ်ခဲ့တယ်၊ 'ပဥ္စမနှစ်အလယ်တန်းကျောင်းဝင်ခွင့်စာမေးပွဲ၏သုံးနှစ်စာမေးခွန်းဟောင်း'ဘာညာ...."
လင်ခုံးလု: "သူဘာလုပ်မလို့ပါလိမ့်?"
သိပ်မကြာခင်လင်ခုံးလုအဖြေသိလိုက်ရသည်။
ကျန့်စစ်ကသူ့ကိုသင်ကြားရေးအထောက်အကူစာအုပ်အထူလိုက်ကြီးပေးကာ အလေးအနက်ဆိုလာသည်။
"ရှောင်လု၊ သေချာစဥ်းစားကြည့်လိုက်တော့ မင်းကျောင်းပြန်တက်သင့်တယ်လို့ကိုယ်ထင်တယ်။ မင်းကဂျူနီယာအထက်တန်းကျောင်းကထွက်လာပြီးအားနည်းတဲ့အုတ်မြစ်ရှိပေမဲ့ မင်းကဉာဏ်ကောင်းတယ်။ ကိုယ့်ရဲ့သင်ပြပေးမှုနဲ့ဆိုရင် မင်းAအဆင့်အထက်တန်းကျောင်းတက်ဖို့ပြဿနာမရှိဘူး၊ ကိုယ်မင်းကိုမနက်ဖြန်ကစပြီးစာသင်ပေးမယ်၊ အချိန်ဇယားစီစဥ်ပြီးသွားပြီ။"
လင်ခုံးလု: "?" ကောင်းကင်ပြာမှမိုးချုန်းသံတစ်ချက်၊ ငါဒီမှာစာလေ့လာတာမဟုတ်ဘူးလေ!"
"မင်းစာကြိုးစားလေ့လာရမယ်နော်၊ မင်းအိမ်စာမပြီးရင်အပြစ်ပေးခံရမယ်။"
ကျန့်စစ်ကအလေးအနက်ဆိုသည်။
လင်ခုံးလု: "???" မင်းငါ့ကိုဒီလောက်အများကြီးဝယ်ပေးထားတာ၊ ကမ္ဘာပျက်ကပ်ရောက်တဲ့အထိငါရေးလို့ပြီးမှာမဟုတ်ဘူးရယ်။
___________________________