Chapter(53)
Viewers 12k

Arc(3): Extra(2) | ကျန့်ဇွန်ဘီဘုရင်နှင့်လင်ပေါင်းပေါင်း |


အခြေစိုက်စခန်းအပြင်ကကျန့်စစ်အဖြစ်ကိုလင်ခုံးလုကြားလိုက်ရချိန်မှာ သူနစ်အောင့်ကြာလမ်းပျောက်သွားရပေမဲ့ ဒီထူးဆန်းသောခံစားချက်အမြန်ပျောက်ကွယ်သွားပုံမှာဆွဲထုတ်ခံလိုက်ရပြီးမတည်ရှိသင့်သည့်အလား။


သူနောက်တစ်စက္ကန့်မှာပုံမှန်ပြန်ဖြစ်သွားကာ စနစ်ကိုမေးလိုက်မိသည်။

"ငါပြီးခါနီးပြီလား။"


0687: "အေး၊ နှစ်ခုပဲကျန်တော့တယ်။"


လင်ခုံးလုသက်ပြင်းချလိုက်မိသည်။

"နောက်ဆုံးတော့ငါတို့သွားရတော့မှာပဲ၊ အိုင်း၊ ဒီကမ္ဘာကအရမ်းခက်ခဲလွန်းတယ်၊ စားဖို့သောက်ဖို့ကလည်းရှိသေးသလို နေ့တိုင်းဇွန်ဘီတွေဆီကပုန်းရသေးတယ်။"


"စိတ်ရှည်ရှည်ထား၊ လုဖုန်းရောက်လာရင် မင်းသူ့ဆီမှာခိုလှုံချင်ယောင်ဆောင်လိုက်အုံး။"

0687ကဆိုသည်။


"အေးပါ၊ ငါသိပါတယ်။" လင်ခုံးလုပြောလိုက်သည်။


သူဇာတ်ကြောင်းကိုအမြဲဂရုစိုက်ပေမဲ့ ၎င်းကသူလုဖုန်းကိုဘာမဆိုတကယ်လုပ်ခွင့်ပေးမည်ဟုမဆိုလိုပေရာ နဥ်ကျယ်သူ့ကိုအခြေစိုက်စခန်းအပြင်မောင်းထုတ်လာချိန်ကျရင် သူချက်ချင်းလျှောထွက်လာခဲ့လိုက်သည်။


အပြင်ကကျယ်ပြောသောလောကကြီးထဲမှာ လင်ခုံးလုသက်မချကာပြောလိုက်သည်။

"နောက်ကျငါဇွန်ဘီအကိုက်ခံလိုက်ရင် နောက်ဆုံးဇာတ်ကြောင်းပြီးသွားလိမ့်မယ်။ ကြည့်ရအောင်၊ ဘယ်ချစ်စရာလေးကိုကိုက်ခိုင်းရမလဲ။"


0687: "မင်းမျက်လုံးကဆင်ဆာနဲ့ပြည့်နေတာကို ဇွန်ဘီတွေကချစ်ဖို့ကောင်းမကောင်းပြောနိုင်တယ်လား။"


လင်ခုံးလု: "အလွှာပါးလေးထည့်ပြီးတော့ ကြည့်ကောင်းပြီးသန့်ရှင်းတဲ့တစ်ကောင်ကိုသေချာလေးရွေးလိုက်၊ ငါသွေးချင်းနီရဲနေတဲ့ဇွန်ဘီဆီကအကိုက်မခံချင်ဘူးနော်။"


0687ရွေးချယ်စရာမရှိဘဲအလွှာပါးရိုက်ထည့်ကာ သူ့ကိုဇွန်ဘီတစ်ကောင်ပြီးတစ်ကောင်ထုတ်ပြလိုက်သည်။


"ဒီတစ်ကောင်ဘယ်လိုလဲ။"


"ဟင့်အင်း၊ တအားရုပ်ဆိုးလွန်းတယ်။"


"ဒီတစ်ကောင်ဆိုရင်ကော? သန္ဓေပြောင်းတာသိပ်မကြာသေးတဲ့အပြင် ကြည့်ကောင်းပြီးတော့ ဘယ်သူ့ကိုမှမကိုက်ရသေးဘူး။"


"ဝေ့၊ သူ့သွားတွေကဝါထိန်နေတာပဲ။ သန္ဓေမပြောင်းခင်တုန်းက သူကဆေးလိပ်သမားဖြစ်ရမယ်။ မကြိုက်ဘူး။"


"ဒါဆို ဒီကောင်..."


"ဝလွန်းတယ်။"


"ဒီဟာ...."


"ပိန်လွန်းတယ်ရော်...."


"တော်တော်ချေးများတာပဲ။"

0687တိုးတိုးလေးပြောမိသည်။


လင်ခုံးလု: "အကိုက်ခံရတာအရမ်းနာမှာပဲလို့ငါတွေးမိရုံလေးပါ၊ ဟီးဟီးဟီးဟီး။"


0687: "...ထားလိုက်တော့၊ မင်းဘာသာမင်းတစ်ကောင်ရွေးလိုက်တော့။"


လင်ခုံးလုသက်ပြင်းချလိုက်မိပြီး အချိန်အတော်ကြာရွေးကြည့်နေပြီး နောက်ကျောမှနေ၍ကြည့်ကောင်းသောဇွန်ဘီတစ်ကောင်ကိုတကယ်ရွေးလိုက်သည်။


"အဲ့ဒါပဲ၊ ဆင်ဆာနဲ့တောင်ဒီလောက်ကြည့်ကောင်းနေတာ၊ အရှေ့ဘက်ဆိုသေချာပေါက်ဆိုးမှာမဟုတ်ဘူး။"

သူနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်ပေမဲ့ သိပ်မကြာခင်သိချင်လာမိသည်။

"ဒါပေမဲ့သူ့ကြည့်ရတာရင်းနှီးနေသလိုပဲလို့ငါဘာလို့ထင်မိတာပါလိမ့်?"


ထိုဇွန်ဘီအချောလေးမှာနောက်ဇွန်ဘီတစ်​ကောင်ကိုတိုက်ခိုက်လိုက်ပြီး မျက်နှာလှည့်လာချိန် လင်ခုံးလုနှင့်စနစ်တို့မှာ"ဖာ့ခ်"ဟုပြိုင်တူဆိုမိကြသည်။


"ကျန့်စစ်ကြီးမလား?!"


လင်ခုံးလုထိတ်လန့်အံံ့သြသွားရကာ စဥ်းတောင်မစဥ်းစားဘဲ သူချက်ချင်းတုတ်တစ်ချောင်းကောက်ကာရှေ့တိုးပြီး ကျန့်စစ်လက်မောင်းကိုကိုက်ထားသည့်အဆင့်နိမ့်ဇွန်ဘီတစ်ကောင်၏နောက်စိပေါ်တိုက်ရိုက်လွှဲရမ်းပစ်လိုက်သည်။


အဆင့်နိမ့်ဇွန်ဘီမှာအသတ်ခံလိုက်ရပြီး ကျန့်စစ်ကခေါင်းမော့ကာ သူ့ကိုမျက်လုံးနီတို့ဖြင့်ထုံထုံအအကြည့်လာပြီးမှ သူ့ဆီဖြည်းညှင်းစွာရွေ့လာသည်။


သိသိသာသာကိုပင်၊ သူ့မှာကျိုးကြောင်းဆက်စပ်နိုင်စွမ်းမရှိလေတော့။ သူကားသီးသန့်ဆန်ကာအေးစက်ပြီးကြည့်ကောင်းခဲ့ဖူးပေမဲ့ ဇွန်ဘီအဖြစ်ပြောင်းသွားပြီးနောက်ပိုင်းမှာ သူဟာအသတ်ခံလိုက်ရသည့်အဆင့်နိမ့်ဇွန်ဘီနှင့်သိပ်မကွာတော့ပေ...


လင်ခုံးလု၏လည်ချောင်းအသာနင်သွားရပေမဲ့ ဒီခံစားချက်မှာချက်ချင်းဆွဲထုတ်ခံလိုက်ရသည့်အလားလျင်မြန်စွာပျောက်ကွယ်သွားပြီး အလွန်မြန်ဆန်လှသဖြင့်သူသတိမထားမိခဲ့ပေ။


သူတစ်အောင့်ကြာမိန်းမောနေမိပြီး သူအသိပြန်ဝင်လာချိန်တွင် ကျန့်စစ်အနားကပ်လာမှန်းမြင်လိုက်ရတော့ သူရုတ်ခြည်းမျက်စိမှိတ်ကာခေါင်းအသာမော့လျက် သူ၏သေးသွယ်သောလည်တိုင်ကိုလှစ်ဟပြလိုက်သည်။


အဲ့ဒါပဲ၊ အခြားဇွန်ဘီတွေဆီကအကိုက်ခံရတာထက်စာရင် ကျန့်စစ်ဆီကအကိုက်ခံရတာပိုကောင်းတယ်။


လင်ခုံးလုအံကြိတ်ကာတွေးလိုက်မိသည်၊ သူသာဗိုက်အရမ်းဆာတယ်လို့မပြောခဲ့ရင် ကျန့်စစ်ကအပြင်ထွက်ပြီးစားစရာသွားရှာကာလုဖုန်းအလွယ်လေးအကွက်ဆင်တာခံခဲ့ရလိမ့်မည်မဟုတ်။ တစ်ဖက်လူဒီလိုဖြစ်လာတာ၊ အမှန်တော့သူဟာသွယ်ဝိုက်လှည့်စားခံလိုက်ရသည်ပင်။


ဒါပေမဲ့ကျန့်စစ်ကမကိုက်ပေ။ သူကကောင်လေးကိုတစ်အောင့်ကြာဗလာသက်သက်စိုက်ကြည့်နေပြီးမှ ရုတ်ခြည်းဆောင့်ကြောင့်ထိုင်ကာဇွန်ဘီအသေကိုကောက်လိုက်သည်။


လင်ခုံးလုမှာနာကျင်မှုကိုမခံစားမိသဖြင့် အလိုလိုမျက်လုံးပြန်ဖွင့်ကြည့်မိတော့ ကျန့်စစ်ကဇွန်ဘီအသေ၏လက်မောင်းကိုကိုင်ကာဝါးစားဖို့ကြိုးစားနေတာကိုမြင်လိုက်ရသည်။


"ပါးစပ်ပိတ်!" လင်ခုံးလုစဥ်းပင်မစဥ်းစားဘဲ တုတ်ချောင်းကိုဆန့်ထုတ်ပြီးတားလိုက်သည်။


ကျန့်စစ်ကတုတ်ချောင်းကိုကိုက်လိုက်ပြီး ဂျွတ်ခနဲအသံနှင့်အတူ တုတ်ချောင်းကျိုးသွားသည်။


လင်ခုံးလု: "အာ...." ကောင်းလိုက်တဲ့သွား။


ဇွန်ဘီတစ်ကောင်ဖြစ်လာပြီးနောက်ပိုင်း ကျန့်စစ်မှာအလွန်ထူးဆန်းလှသည်။ သူကလူ၊ ဇွန်ဘီ၊ ယုန်၊ ကြက်နှင့်ဘဲများကိုတိုက်ခိုက်ပေမဲ့ လင်ခုံးလုကိုတော့ဖြင့်မတိုက်ခိုက်ပေ။


ထိုတင်မကသေး၊ သူကမဖော်ပြနိုင်လောက်အောင်လင်ခုံးလုစကားနားထောင်သည်။ လင်ခုံးလုကသူ့ကိုဇွန်ဘီအသေမကိုက်ဖို့ပြောသဖြင့် သူတကယ်ရပ်တန့်လိုက်သည်။


လင်ခုံးလုသူ့ကိုတစ်ယောက်တည်းမထားသွားနိုင်ပေ၊ ထိုစဥ်0687ကသူစက်ချို့ယွင်းသဖြင့် ထွက်မသွားခင်ခဏလောက်ပြန်ပြင်ရမည်ဟုရုတ်ခြည်းဆိုလာသည်။


လင်ခုံးလုသက်ပြင်းချလိုက်မိသည်။ ကံကောင်းစွာဖြင့် ဆင်ဆာလုပ်ဆောင်မှုကပြင်ဆင်ဆဲကာလအတွင်းမှာဘာမှမဖြစ်သွားပေ။


စနစ်ထွက်သွားပြီးနောက် သူကျန့်စစ်ကိုပြောလိုက်သည်။

"အာ၊ ပါးစပ်ဟ။"


ကျန့်စစ်ကလိမ်လိမ်မာမာလေးပါးစပ်ဟလာသည်။


လင်ခုံးလု: အင်း၊ အရမ်းကောင်းတယ်။ သွားပေါ်မှာဆင်ဆာမရှိဘူးဆိုတော့ သွေးမရှိဘူးလို့ဆိုလိုတာပဲ၊ သူဘယ်သူ့ကိုမှမကိုက်ရသေးဘူးပဲ။


လင်ခုံးလုကကျန့်စစ်ကိုခေါ်သွားလိုက်သည်။ Tမြို့တော်ကအခြေစိုက်စခန်းအနီးမှာတောင်များစွာရှိသည်။ သူတောအုပ်တစ်ခုရှာကာ ရိုးရှင်းသောသစ်လုံးအိမ်ငယ်လေးတစ်အိမ်ဆောက်ကာ ထိုနေရာမှာကျန့်စစ်နှင့်အတူနေသည်။


သူကျန့်စစ်ကိုပြောလိုက်သည်။

"အနာဂတ်မှာလူတွေကိုမကိုက်ရဘူး၊ အခြားဇွန်ဘီတွေနဲ့မတိုက်ခိုက်ရဘူးနော်။"


ကျန့်စစ်ဇွန်ဘီဖြစ်လာတာနှစ်ရက်သာရှိသေးသဖြင့် အခြားဇွန်ဘီများကိုသိပ်မနိုင်ပေ။


ကျန့်စစ်ကအသိစိတ်ကင်းမဲ့လျက် ထုံထိုင်းသောမျက်ဝန်းတစ်စုံဖြင့်ခေါင်းငြိမ့်ပြသည်။


ဒါပေမဲ့ သူဟာဇွန်ဘီတစ်ကောင်မို့ လတ်ဆတ်သောအသွေးအသားများကိုအလိုလိုကိုက်စားချင်ပြီး မကိုက်ရရင်အဆင်မပြေဖြစ်လိမ့်မည်ပင်။ သူ့ရှေ့မှာယုန်တစ်ကောင်ပြေးလွှားနေတာကိုမြင်လိုက်ရချိန် သူ့မျက်လုံးများမှာထိုယုန်ကဲ့သို့တမဟုတ်ချင်းနီရဲသွားကာ ၎င်းထံတဟုန်ထိုးပြေးသွားလိုက်သည်။


လင်ခုံးလုကလည်းဒါကိုသိပေရာ အမဲလိုက်ရန်အတွက်တောင်နှင့်တောထဲမှာထောင်ချောက်များစွာဆင်ထားခဲ့သည်။ ဒါပေမဲ့ထောင်ချောက်ကသားကောင်ကိုမဖမ်းမိဘဲ ငတုံးကျန့်စစ်တက်နင်းတာခံလိုက်ရမည်ဟုဘယ်သူသိမှာလဲ။


လင်ခုံးလု: "အာ၊ ထားလိုက်ပါတော့လေ၊ မင်းကိုက်စားဖို့တောင်အောက်ဆင်းပြီးကြက်သွားဖမ်းကြတာပေါ့။"


ကျန့်စစ်၏တုံးအသောမျက်လုံးများမှာတောက်ပသွားပုံရကာ သူကခဲရာခဲဆစ်ဆိုလာသည်။

"သွား..ချင်.."


"ဟမ်? မင်းအခုစကားပြောနိုင်ပြီပေါ့လေ?" လင်ခုံးလုအတော်လေးပျော်ရွှင်သွားရပြီး ထိုအခိုက်အတန့်ကပျော်ရွှင်မှုကသူပြုစုပျိုးထောင်လာသည့်ကလေးကသူ့ကိုရုတ်တရက်"ပါးပါး"ဟုခေါ်လာသည့်ပမာ။


သူကကျန့်စစ်ကိုခေါ်ကာတောင်အောက်အတူဆင်းသွားလိုက်တော့ တောင်အောက်မှာရွာနှင့်မြို့အနည်းငယ်ရှိနေပေသည်။ ကမ္ဘာပျက်ကပ်အတွင်းမှာ လယ်သမားများမွေးထားသည့်ကြက်များစွာမှာခြံစည်းရိုးထဲကပြေးထွက်ပြီး ဟိုဟိုဒီဒီလျှောက်သွားကာအစာရှာစားနေကြသည်။


ဒါပေမဲ့ဒီဟာကြောင့်လည်း ထိုကြက်တို့၏အတောင်ပံမှာသန်မာလာပြီး ၎င်းတို့အကုန်လုံးမှာခပ်မြန်မြန်နှင့်ခပ်မြင့်မြင့်ပျံသန်းလာနိုင်ကြသည်။


လင်ခုံးလုနှင့်ကျန့်စစ်တို့တစ်နေ့လယ်ခင်းလုံးလိုက်ဖမ်းတာ ကြက်၇ကောင်၈ကောင်သာဖမ်းမိလိုက်သည်။


အိမ်ပြန်လမ်းမှာ အဆင့်၂ဇွန်ဘီနှင့်ကြုံသည်။


ဇွန်ဘီကလင်ခုံးလုကိုမြင်သွားချိန်မှာ တဟုန်ထိုးပြေးလာပြီး ကျန့်စစ်ကစကားတစ်ခွန်းမဆိုဘဲရှေ့တိုးကာကြက်များနှင့်ရိုက်ချပစ်လိုက်သည်။ တစ်အောင့်ကြာကြက်မွှေးများပျံဝဲသွားပြီးနောက် သူတကယ်အနိုင်ရသွားသည်။


လင်ခုံးလု၏မျက်နှာမှာထုံထိုင်းလျက်တွေးမိသည်: အနာဂတ်ဇွန်ဘီဘုရင်ဆိုတဲ့အတိုင်း၊ ဇွန်ဘီဖြစ်လာတာတစ်ပတ်မပြည့်သေးပေမဲ့ ဇွန်ဘီတွေကိုဝုန်းခနဲရိုက်ပစ်နိုင်စွမ်းရှိလာပြီပဲ။


ကျန့်စစ်ကအဆင့်၂ဇွန်ဘီကိုသတ်လိုက်ပြီးနောက် ချီးကျူးခံချင်သည့်အလားလင်ခုံးလုကိုထိုတစ်ကောင်ဆီချက်ချင်းဆွဲခေါ်သွားသည်။


"မလုပ်..." လင်ခုံးလုမှာသွေးနံ့ရလိုက်ချိန်အမြန်နောက်ဆုတ်လိုက်ရသည်။


ကျန့်စစ်၏မျက်လုံးများမှာဇဝေဇဝါဖြစ်စွာတစ်ချက်လက်သွားပြီး စိတ်ပျက်လက်ပျက်ခေါင်းအမြန်ငုံ့လိုက်မိသည်။


လင်ခုံးလုအမြန်ချီးကျူးပေးလိုက်သည်။

"မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ငါကသွေးကြောက်တတ်တယ်လေ။"


တစ်အောင့်ကြာတွေးတောပြီးနောက် သူ့အိတ်ကပ်ထဲကသလင်းကျောက်နောက်တစ်ခုထုတ်ကာပြောလိုက်သည်။

"ဒါနဲ့ သူ့ခေါင်းထဲကဒီဟာကိုမြင်လား။ သူ့မှာဒီဟာရှိရင် မင်းကလော်ထုတ်ပြီးတော့ဆေးကြောပြီးစွမ်းအားစုပ်ယူလို့ရတယ်။"


သလင်းကျောက်စွမ်းအားကိုစုပ်ယူတာကအဆင့်နိမ့်ဇွန်ဘီများကိုအမြန်အဆင့်တက်စေနိုင်သဖြင့် သူကျန့်စစ်ကိုအမြန်သင်ပေးရမှာကိုသူမေ့သွားသည်။


သူ့ကိုမမုန်းမှန်းမြင်လိုက်ရတော့ ကျန့်စစ်မှာသလင်းကျောက်များကိုချက်ချင်းပျော်ပျော်ကြီးသွားကလော်ထုတ်တော့သည်။


လင်ခုံးလုကသူ့ကိုဘယ်လိုသင်ပေးရမလဲစိတ်ပူနေမိပေမဲ့ သူတူးအပြီးမှာ သလင်းကျောက်ထဲကစွမ်းအားကိုတိုက်ရိုက်စုပ်ယူလိုက်လိမ့်မည်ဟုသူမထင်ထားခဲ့မိပေ။


လင်ခုံးလု: "..." အနာဂတ်ဇွန်ဘီဘုရင်ဆိုတဲ့အတိုင်း ဒါကိုကျလုံးဝသင်စရာမလိုဘူးပဲ။


နှစ်ဦးသားမှာဆုရအတွေ့အကြုံနှင့်အတူပြန်လာခဲ့ကြသည်။ ကျန့်စစ်ကသလင်းကျောက်စုပ်ယူဖို့သင်ယူပြီးနောက်ပိုင်း သူကအပြင်ထွက်ပြီးအခြားဇွန်ဘီတို့နှင့်တိုက်ရိုက်ရတာကိုနှစ်သက်လာသည်။ သူနိုင်ရင် သူကတစ်ဖက်လူ၏သလင်းကျောက်ကိုကလော်ထုတ်လိမ့်မည်ပင်။


သူကားအသိစိတ်တချို့ဖြည်းဖြည်းချင်းပြန်ရလာပုံရကာ လင်ခုံးလုကသွေးနှင့်ညစ်ပတ်မှုကိုသဘောမကျမှန်းသိနေရင်းဖြင့် တိုက်ခိုက်မှုတိုင်းအပြီးမှာ သူကပြန်မသွားခင်သူ့ကိုယ်သူသန့်ရှင်းအောင်ဆေးကြောပစ်လိမ့်မည်ပင်။


လင်ခုံးလုလည်းဒီရက်ပိုင်းအလုပ်မိားနေပြီး အဓိကအားဖြင့်တောင်အောက်ဆင်းကာကြက်ဖမ်းနေရခြင်းဖြစ်သည်။


သူဒီကမ္ဘာအနှေးနှင့်အမြန်ထွက်သွားရလိမ့်မည်ဟုခံစားလိုက်ရသည်။ သူမထွက်သွားခင် ကျန့်စစ်အတွက်စားစရာပိုစုဆောင်းပေးခဲ့ရင်ကောင်းမလား။


သိပ်မကြာခင် ကြက်အကောင်၃၀၊ အကောင်၄၀မှာအိမ်ငယ်လေးဘေးကကြက်ခြံထဲမှာပျိုးထောင်ခံလိုက်ရသည်။


သို့ဖြစ်၍ အပြင်ထွက်ပြီးသွားတိုက်ခိုက်တာအပြင် ကျန့်စစ်မှာလတ်တလောနောက်ဝါသနာတစ်ခုရှိလာပြီး ၎င်းမှာကြက်ခြံဘေးတွင်ဆောင့်ကြောင့်ထိုင်ပြီး ကြက်များကိုစိုက်ကြည့်ရတာဖြစ်သည်။


သူကတစ်နေ့ကိုကြက်ဥသုံးလုံးသာစားခွင့်ရှိသည်ဟုကလေးလေးကပြောပေမဲ့ သူကြက်ဥအလုံးသုံးဆယ်ငါးဆယ်လုံးကိုတကယ်စားပစ်ချင်မိသည်။


လင်ခုံးလုတဲအိမ်ထဲကထွက်လာချိန်တွင် သူကထိုကြက်များကိုစားဖို့ကြံနေပြန်တာကိုမြင်လိုက်ရတော့ မနေနိုင်ဘဲသက်ပြင်းချကာပြောမိသည်။

"အင်း၊ ငါမင်းအတွက်ယုန်နည်းနည်းပိုဖမ်းပေးအုံးမှပါ။"


ဒီဇွန်ဘီငတုံးရဲ့စားချင်စိတ်ကပိုပြီးကြီးသထက်ကြီးမားလာတယ်။


ထိုစကားများကိုကြားလိုက်ရသော် ကျန့်စစ်၏မျက်လုံးနီများမှာတောက်ပသွားပုံရပြီး သူ့အသံမှာအက်ရှလျက်။

"ကိုယ်လဲ...သွားမယ်..."


သို့ဖြစ်၍ တောင်ပေါ်ကယုန်များမှာခံစားရပြန်ကာ သစ်အိမ်လေးဘေးမှာယုန်သိုက်အမြန်လုပ်ပြီးယုန်မွေးရပြန်သည်။


0687ပြန်လာချိန်တွင် လင်ခုံးလုမှာကြက်၊ ဘဲ၊ ငါးနှင့်ကြက်များမွေးပြီးပြီဖြစ်ရာ စိုက်ပျိုးမွေးမြူရေးလုပ်နေတာနှင့်တူနေပေသည်။


0687: "...."


"ထွက်သွားဖို့အသင့်ဖြစ်ပြီ။"

စနစ်မှာရှုပ်ထွေးသောခံစားချက်များဖြင့်အသိပေးလိုက်မိသည်။


လင်ခုံးလုဒါကိုကြားလိုက်ရသော် ထိတ်လန့်သွားရကာ အကြာကြီးတိတ်ဆိတ်နေမိပြီးမှပြောလိုက်သည်။

"ငါကျန့်စစ်ကိုနှုတ်ဆက်စကားပြောပြီးတဲ့အထိစောင့်ပါအုံး။"


ဒါပေမဲ့...နှုတ်ဆက်စကားပြောဖို့ရာမဖြစ်နိုင်။ တုံးအသောဇွန်ဘီများမှာဘာမှနားမလည်ပေ။ သူကြက်သွားဖမ်းဖို့တောင်အောက်ဆင်းချင်သည်ဟုလင်ခုံးလုသူ့ကိုလိမ်ပြောကာ သူ့ကိုအိမ်စောင့်ခိုင်းခဲ့ရုံသာတတ်နိုင်သည်။


မထွက်သွားခင် သူကျန့်စစ်၏မျက်ခုံးနှစ်ဖက်ကြားထဲစွမ်းအားတစ်ခုထည့်လိုက်သည်။


0687သိချင်စိတ်ဖြစ်စွာမေးမိသည်။ "ဘာကြီးလဲ။" သူခန့်မှန်းတာမှန်ရင် Hostရဲ့စိတ်စွမ်းအားဖြစ်လိမ့်မယ်။


လင်ခုံးလုတစ်အောင့်ကြာကြောင်အမ်းသွားရသည်၊ ဘာကြောင့်မှန်းမသိ ခံစားချက်တချို့မှာအမြဲရှင်းထုတ်ခံလိုက်ရသ​ယောင်။


တစ်အောင့်ကြာသော်သူသက်ပြင်းချလိုက်မိသည်။

"အင်း၊ သူအသိစိတ်ပြန်မရလာရင် ဒီကမ္ဘာကငါ့မစ်ရှင်အလဟဿဖြစ်သွားမှာစိုးတယ်။"


ကျန့်စစ်မှာမကြာသေးခင်ကမှမှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းတဖြည်းဖြည်းချင်းပြန်ရလာခဲ့ပြီး လင်ခုံးလုကိုအံ့သြသွားစေချင်သဖြင့် တမင်သက်သက်အောင့်အီးကာဘာမှမပြောခဲ့ပေ။


လင်ခုံးလုတောင်အောက်ဆင်းသွားချိန်တွင် သူမီးပုံဘေးမှာဆောင့်ကြောင့်ထိုင်ကာ ကြက်နှင့်မှိုကိုနှပ်လိုက်သည်။ ဒါပေမဲ့သူအကြာကြီးစောင့်နေခဲ့သော်ငြား သူ့ကောင်လေးကပြန်မလာခဲ့ပေ။


သူတောင်အောက်ဆင်းကာသွားရှာကြည့်တော့ ကြက်ဖမ်းကာပါးစပ်မှာကြက်မွှေးအပြည့်နှင့်ကိုက်စားနေသည့်လှပသောဇွန်ဘီလေးတစ်ကောင်ကိုသူမြင်လိုက်ရမှသာ ကောင်လေးကသူ့အတွက်ကြက်သွားဖမ်းရင်း အခြားဇွန်ဘီများကိုက်တာခံလိုက်ရမှန်းသဘောပေါက်သွားသည်။


ဇွန်ဘီလေးမှာအသိစိတ်တို့လုံးဝကင်းမဲ့လျက်။ သူ့ကိုမြင်သွားချိန်မှာ သူကကြက်ကိုပစ်ချကာ သူ့ကိုခုန်အုပ်ကာကိုက်လာသည်။


"မ...ကိုက်..." ကျန့်စစ်မိန်းမောစွာပြောမိသည်။


သူလှုပ်ရှားမှုကင်းမဲ့လျက် ဇွန်ဘီလေးကိုသူ့ကိုကိုက်ခွင့်ပြုထားလိုက်သည်။


ဒါပေမဲ့သူကားအဆင့်၇ဇွန်ဘီဖြစ်နေပြီမို့ သူ့အရိုးနှင့်အရေပြားမှာသန်မာလာသည်။ ဇွန်ဘီလေးမှာသူ့ကိုကိုက်ဖို့အားနည်းလွန်းနေပေရာ နောက်ဆုံးသူ့လက်မောင်းကိုဖက်ရင်းတဝူးဝူးသာအော်မိတော့သည်။


ကျန့်စစ်ဇွန်ဘီလေး၏ပါးစပ်ကိုဟကြည့်ကာပြောမိသည်။

"မကိုက်နဲ့တော့၊ သွားနာသွားလား။ သွားမယ်၊ အိမ်ပြန်ပြီးကြက်မှိုနှပ်သွားစားမယ်။"


သူကဇွန်ဘီလေးကိုပြုစုပျိုးထောင်ရင်း ဇွန်ဘီလေးကသူ့ကဲ့သို့အဆင့်မြင့်ဇွန်ဘီဖြစ်လာလိမ့်မည်ဟုမျှော်လင့်ထားမိသည်။


ဒါပေမဲ့သူ့ချစ်သူဟာဒီကမ္ဘာကထွက်သွားပြီးဖြစ်ကာ အခွံအလွတ်ကိုသာချန်ထားခဲ့မှန်းသူမသိပေရာ သူမစောင့်နိုင်ခဲ့ပေ။


နောက်ပိုင်း ဇွန်ဘီလေးမှာလည်းလူသားတွေသတ်တာခံလိုက်ရသည်။


ကျန့်စစ်မှာကြီးစွာနာကျင်သွားပြီး လူသားများဆီကသန္ဓေပြောင်းသစ်ပင်၏အသက်ပုတီးစေ့ကိုလုယူကာ ဇွန်ဘီလေးပြန်ရှင်လာအောင်အတတ်နိုင်အောင်ကြိုးစားခဲ့ပေမဲ့ အသုံးမဝင်ဘဲ ဇွန်ဘီလေးမှာတဖြည်းဖြည်းချင်းပုပ်သိုးစပြုလာသည်။


ကျန့်စစ်နောက်ဆုံးမှာဇွန်ဘီဘုရင်ဖြစ်လာပြီး ဒီကမ္ဘာကတစ်ယောက်မှသူ့ကိုထပ်မသတ်နိုင်တော့ပေ။


ဒါပေမဲ့သူအသက်ပုတီးစေ့ကိုဆုပ်ကိုင်ရင်း တောင့်ခဲနေသည့်ဇွန်ဘီလေးကိုပွေ့ဖက်ထားပေမဲ့ သူကအသက်မဲ့နေဆဲပင်။


"လူလိမ်...."


သူ့ကိုယ်သူဘယ်နှစ်ကြိမ်လောက်ရေရွတ်ပြောဆိုမိလဲမသိပေ။


"ငါသူ့ကိုမေ့လိုက်သင့်တယ်။"


သူ့မျက်လုံးနက်ထဲမှာဗလာဖြစ်လျက်။


ဒါပေမဲ့ခဏကြာသော် သူ့မျက်လုံးမှာတစ်ဖန်နီရဲသွား​ပြန်ကာခေါင်းခါလိုက်သည်။

"ဟင့်အင်း၊ ငါမမေ့ချင်ဘူး...."


"မင်းသူ့ကိုပြန်လိုချင်လား။" အသံကားအချိန်နှင့်နေရာလွတ်ကိုဖြတ်ကျော်လာပုံရကာ သူ့နားထဲမှာသက်ပြင်းချလာသည်။


"မင်းကဘယ်သူလဲ။" မျက်လုံးနီနှင့်မျက်လုံးနက်တို့မှာပြိုင်တူသတိရှိရှိမေးလိုက်မိသည်။


"ငါက...နောက်ကမ္ဘာတစ်ခုကမင်းပဲ။"


"ငါတို့ကသူ့ကိုထပ်တွေ့ရဖို့အတွက်နဲ့ အကြိမ်ပေါင်းမရေတွက်နိုင်အောင်ပြန်ဝင်စားခဲ့ကြတာ။"


______End of Arc(3)_______________________________