Chapter(54): Arc(4)မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
Viewers 10k

Arc(4): မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။

ကမ္ဘာပျက်ကပ်အပြီး၇နှစ်မြောက်မှာ လူသားမျိုးနွယ်တို့မှာဇွန်ဘီဗိုင်းရပ်စ်ကိုအပြီးအပိုင်ရှင်းပစ်ပြီး မွေးရပ်ဌာနေအသစ်တည်ဆောက်ခဲ့ကြသည်။


လင်ခုံးလုဒီကမ္ဘာမှာသူချစ်သူနှင့်အတူတစ်ဘဝလုံးနေခဲ့ပေမဲ့ အရင်ကမ္ဘာနှစ်ခုထက်စာရင် ဒီတစ်ခေါက် သူ့မှာစိုးရိမ်ပူပင်များရှိနေသေးတာကြောင့် ဒီကမ္ဘာကထွက်သွားဖို့အနည်းငယ်တွန့်ဆုတ်နေမိသည်။


"ကလေးတစ်ယောက်အရွယ်ရောက်လာရင် သူ့မိဘတွေကိုထားသွားစမြဲပဲလေ။"

0687စည်းရုံးလိုက်သည်။


လင်ခုံးလု: "အိမ်း။"


0687: "ပြီးတော့ လင်ဇိုင်းဇိုင်းကကလေးမဟုတ်တော့ဘူး။"


လင်ခုံးလု: "အိမ်း။"


0687: "အေးပါ၊ အေးပါ၊ သူဒီဘဝပြီးသွားတာနဲ့ ငါသူ့နဲ့ပေါင်းစည်းပြီး နေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကိုခေါ်သွားပြီးတော့ မင်းနဲ့ပြန်ပေါင်းဆုံခိုင်းရင်ကော? ပြီးတော့မင်းအခြားကမ္ဘာတွေကိုပြန်ပြင်ပြီးရင် မင်းလည်းဒီကမ္ဘာကိုပြန်လာပြီးသူ့ကိုတွေ့လို့ရတယ်လေ။"


လင်ခုံးလု: "အင်း၊ အဲ့လိုရတယ်လား။ ဒါဆိုဆုံးဖြတ်ပြီးသွားပြီနော်။"


0687: "...." ငါHostထပ်လှည့်စားတာခံလိုက်ရသလိုခံစားလိုက်ရတယ်။


မထွက်ခွာခင် လင်ခုံးလုကလင်ဇိုင်းဇိုင်းကိုအမြန်ပြောလိုက်သည်။

"သားလေး၊ ဖေငယ်သားကိုလျို့ဝှက်ချက်တစ်ခုပြောပြမယ်။ အမှန်တော့ဖေငယ်ကအခြားကမ္ဘာကလာတာ။ ဖေငယ်ကမသေမျိုးလိုမသေနိုင်ဘူး။ အခုဖေငယ်မင်းရဲ့ဖေကြီးကိုအရင်သွားရှာလိုက်အုံးမယ်။ ဖေငယ်သူ့ကိုရှာတွေ့တာနဲ့ သားကိုပြန်လာရှာမယ်နော်။"


လင်ဇိုင်းဇိုင်း: "....." ဖေငယ်၊ သားကအလယ်တန်းကျောင်းသားမဟုတ်တော့ဘူးနော်။


ထပ်မံကူးပြောင်းပြီးနောက် လင်ခုံးလုမျက်လုံးမဖွင့်ရသေးခင် တစ်စုံတစ်ယောက်ကဆူငေါက်လာတာကိုသူ့နားထဲမှာကြားလိုက်ရသည်။

"ပါးပါးမင်းကိုမပြောခဲ့ဘူးလား၊ သူကမင်းသားတစ်ပါးလေ၊ မင်းသူ့ကိုဘာလို့ရေထဲတွန်းချခဲ့တာတုန်း? မင်းကသူ့ကိုသဘောကျတယ်လို့ပြောခဲ့တဲ့တစ်ယောက်ပဲလေ၊ အခုကျတော့လက်ထပ်ဖို့ငြင်းပြီး လက်မထပ်ချင်လို့ထွက်ပြေးပြန်ရော...."


"အိုက်ရား၊ မပြောနဲ့တော့၊ ရှောင်လုကြောက်နေတာရှင်မမြင်ဘူးလား။"

အမျိုးသမီးတစ်ဦး၏အသံကသူ့ကိုဖြတ်ပြောလိုက်ပြီးမှ စိတ်ပူတကြီးပြောလာသည်။

"ပြီးတော့ မင်းသား၂ဒဏ်ရာရပြီးမသန်မစွမ်းဖြစ်သွားပြီးတော့ အသုံးမဝင်တဲ့ရေသူထီးအဖြစ်နိုးထလာမယ်ဆိုတာဘယ်သူသိမှာလဲ။ အခုရှောင်လုလက်မထပ်ချင်တော့တာပုံမှန်ပဲမဟုတ်ဘူးလား။"


"မင်း၊ မင်းကသူ့ကိုလွှတ်ထားတာပဲ။"

အမျိုးသား၏အသံကအနည်းငယ်စိုးရိမ်ပူပင်လို့နေပေမဲ့ တစ်အောင့်ကြာသော်သူလည်းစိတ်ပူသွားသည်။

"လက်ထပ်ပွဲကထွက်ပြေးရင် ထွက်ပြေးသွားနိုင်ရင်တောင် ပြန်ဖမ်းခေါ်လာခံရမှာပဲလေ...."


စကားဝိုင်းကိုနားထောင်ပြီးနောက် သူဘယ်ရောက်နေမှန်းလင်ခုံးလုသိလိုက်ပြီ။


ဒီကမ္ဘာကလူအများစုမှာဂြိုဟ်သားတိရစ္ဆာန်မျိုးရိုးဗီဇသယ်ဆောင်ထားကြပြီး ၎င်းနိုးထလာသည်နှင့် သူတို့မှာအထူးစွမ်းရည်ရှိလာလိမ့်မည်ပင်။


ဇာတ်လိုက်လန်ဇယ်ကားမြင့်မြတ်စွာမွေးဖွားလာပြီး အင်ပါယာ၏ဒုတိယမင်းသားဖြစ်သည်။ သူမွေးဖွားလာပြီးနောက် သူ့မှာ3Sအဆင့်ရှိစွမ်းရည်နိုးထမည့်မျိုးရိုးဗီဇရှာတွေ့ခဲ့သည်။


လူတိုင်းမှာသူ့ကိုကြီးစွာမျှော်လင့်ထားကြပြီး သူကအင်ပါယာ၏အိမ်ရှေ့စံမင်းသားဖြစ်လာလိမ့်မည်ဟု၊ သူကသူ့ဖခမည်းတော်အရှင်မင်းကြီးလန်ကျယ်ကဲ့သို့ခွန်အားကြီးသောကျားနက်ဗီဇနိုးထလာလိမ့်မည်ဟု(သို့) တိုက်ခိုက်ရေးမှာအားမနည်းသည့်သူ့မယ်တော်ဧကရီအန်နာကဲ့သို့နှင်းဝံပုလွေဗီဇနိုးထလာလိမ့်မည်ဟုထင်မိကြသည်။


လန်ဇယ်လည်းထိုသို့ထင်ခဲ့ပုံပင်။ သူဘွဲ့ရပြီးရင်စစ်တပ်အကယ်ဒမီထဲဝင်ကာ ရှေ့တန်းကိုသွားခဲ့သည်။ သူကားစင်စစ်ပင်ထူးချွန်လှသည်။ သူ့ဗီဇမနိုးထလာခင် သူကစစ်တပ်စွန့်စားမှုများထပ်တလဲလဲပြုလုပ်ကာ ကြယ်ဂြိုလ်တစ်ခွင်စစ်တပ်တစ်ခုဖြန့်ချီခဲ့သည်။


ဒါပေမဲ့ဇာ့ဂျ်နှင့်တိုက်ပွဲအတွင်းမှာ သူ့မက်ခါပျက်ကျသွားပြီး သူဒဏ်ရာအပြင်းအထန်ရသွားခဲ့ကာ သူ့​ခြေထောက်မှာအင်းဆက်အဆိပ်မိပြီး မတ်တပ်မရပ်နိုင်တော့ပေ။ ကိစ္စကိုပိုဆိုးသွားစေတာက ထိုအချိန်မှာသူကရေသူဗီဇနိုးထလာခဲ့သည်....


ဂြိုဟ်သားတိရစ္ဆာန်မျိုးရိုးဗီဇအားလုံးအနက် ရေသူဗီဇကားအဆိုးဆုံးမဟုတ်ပေမဲ့အသုံးမဝင်ပေ။ ရေသူဗီဇနိုးထလာခဲ့သည့်လူအများစုမှာ ပိုမိုချောမောလှပလာပြီး သူတို့ခြေထောက်များကငါးမြှီးအဖြစ်ပြောင်းလို့ရနိုင်သည်မှအပ၊ အထူးစွမ်းရည်မရှိသလောက်ဖြစ်သည်။


အိုးဟုတ်သားပဲ၊ ယောက်ျားတစ်ယောက်ရေသူဗီဇနိုးထလာလို့ရှိရင် သူ့မှာကိုယ်ဝန်လွယ်နိုင်စွမ်းရှိလာလိမ့်မည်ပင်။


ဒါပေမဲ့လန်ဇယ်မှာထိုစွမ်းရည်ပင်ရှိမနေ။


သူနိုးထလာသည့်အရာမှာသာမန်ရေသူဗီဇဖြစ်ပြီး အများဆုံးအခြားသူများကြောင့်ကိုယ်ဝန်ရနိုင်ပေမဲ့ သူ့မှာထိုလုပ်ဆောင်ချက်မရှိပေ။ ထို့အပြင် အင်းဆက်အဆိပ်ကြောင့် သူသာအခုဆိုအားနည်းလွန်းလို့ သူ့ခြေထောက်များကိုပင်ငါးအမြှီးအဖြစ်မပြောင်းနိုင်ဘဲ သိပ်မကြာခင်သေသွားနိုင်ပေသည်။


ကောင်းကင်ဘုံ၏ဂုဏ်ယူဖွယ်သားတော်တစ်ပါးမှာဖုန်မှုန့်ထဲကျသွားတော့သည်။


လင်ခုံးလုကတော့ဖြင့် ဒီကမ္ဘာကသူ့ဇာတ်ကောင်မှာအတော်လေးချမ်းသာကြွယ်ဝသောမိသားစု၏အမြှောက်စာဇာတ်ကောင်မင်းသားပေါက်စလေးဖြစ်သည်။ အစောပိုင်းမှာ သူ၏မာနကြီးမှုကြောင့် သူဟာတော်ဝင်မိသားစုကိုလက်ထပ်ချင်ခဲ့သည်။ သူကဇာတ်လိုက်ကိုသဘောကျသည်ဟုငိုယိုကာပြောဆိုခဲ့ပေမဲ့ ဇာတ်လိုက်မသန်မစွမ်းဖြစ်သွားပြီး ရေသူအဖြစ်နိုးထလာပြီးနောက်ပိုင်းမှာ သူချက်ချင်းနောင်တရသွားတော့သည်။


ဇာတ်လိုက်ကဝမ်းနည်းဖွယ်တန်ပြန်တိုက်စစ်ဇာတ်ညွှန်းကိုအသုံးချနေမှန်း အမြှောက်စာဇာတ်ကောင်လေးမသိခဲ့ပေ။ ထွက်ပြေးမှုကျရှုံးသွားပြီးနောက် သူဟာတစ်ဖက်လူနှင့်လက်ထပ်ဖို့တွန်းအားပေးခံခဲ့ရကာ ကောင်းကင်နှင့်မြေကြီးပမာစတင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်လိုက်ဆီကအကန်ထုတ်မခံရခင် သူလက်ဦးမှုရယူကာဇာတ်လိုက်ကိုဦးထုပ်စိမ်းဆောင်းပေးပြီး အခြားလူနှင့်ထွက်ပြေးသွားလိုက်သည်။


အမှန်ပြောရရင် ဒီဟာကသူကူးပြောင်းခဲသည့်အကောင်းမွန်ဆုံးအမြှောက်စာဇာတ်ကောင်ဖြစ်သည်ဟုလင်ခုံးလုခံစားလိုက်ရသည်။ သူကဇာတ်လိုက်ကိုအဖန်တလဲလဲစိတ်ဆိုးအောင်လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာထိခိုက်ဒဏ်ရာမရဘဲလွတ်မြောက်ခဲ့သည်။


သို့သော်လည်း ဒီဟာကိုဇာတ်ညွှန်းဆရာကသူ့အခန်းကဏ္ဍအကြောင်းမေ့သွားတာဖြစ်ရမည်ဟုလင်ခုံးလုကြီးစွာသံသယဖြစ်မိသည်၊ ဒါကြောင့်မို့ သူခိုးရာလိုက်ပြေးသွားပြီးနောက်ပိုင်းမှာသူဘယ်ရောက်သွားလဲမသိရပေ။


အခုသူကူးပြောင်းလာသည့်အချိန်ကား သူလက်ထပ်ပွဲကထွက်ပြေးဖို့ကျရှုံးသွားပြီး လင်မိသားစုထံပြန်ပို့ခံလိုက်ရသည့်အချိန်မှန်းသိသာလှပေသည်။


အရင်ဘဝတုန်းက သူဟာအင်းဆက်အဆိပ်မိထားပြီးမကြာခင်သေသွားနိုင်သည့်မသန်စွမ်းရေသူမင်းသား၂ကိုလက်ထပ်ရတော့မည်မှန်းသိလိုက်ရပြီးနောက် သူဟာဇာတ်ကြောင်းအရအိမ်မှာဝုန်းဒိုင်းကြဲကာ ဘာမှမပြောချင်တော့ပေ။


ဒါပေမဲ့သူ့ပါးပါးလင်ဝမ်ပိုင်မှာသာမန်စီးပွားရေးသမားဖြစ်သည်။ သူဧကရာဇ်ဆီကဆင့်ခေါ်ခံလိုက်ရချိန်တွင် သူသေလောက်အောင်ကြောက်သွားသည်။ သူဘယ်လိုလုပ်ငြင်းဆန်ရဲမှာလဲ။


ကောင်းမွန်သောအမြှောက်စာဇာတ်ကောင်လေးအနေဖြင့် သူ့ပါးပါးမှာရွေးချယ်စရာမရှိဘဲဧကရာဇ်ကိုသွားတွေ့ရတော့မည်မှန်းမြင်လိုက်ရတော့ လင်ခုံးလုမှာဧကရီအရှင်မသူ့ကိုဆင့်ခေါ်လာချိန်တွင်လန်ဇယ်နှင့်တွေ့ဖို့အခွင့်ကောင်းယူကာ တစ်ဖက်လူကလက်ဦးမှုရယူပြီးမဂ်လာပွဲဖျက်ပါစေဟုမျှော်လင့်နေမိသည်။


ဒါပေမဲ့ သူလန်ဇယ်ကိုရေထဲမတော်တဆတွန်းချလိုက်မိသဖြင့် ကြောက်လန့်သွားကာ အိမ်ပြန်လာပြီးနောက်လက်ထပ်ပွဲမှထွက်​ပြေးလာခဲ့သည်။


ဒါပေမဲ့လန်ဇယ်ကထိုအကြောင်းတစ်နည်းနည်းဖြင့်သိသွားကာ တစ်စုံတစ်ယောက်လွှတ်ပြီးသူ့ကိုဖမ်းခိုင်းခဲ့သည်။


လန်ဇယ်၏လူများမှာသူ့ကိုပြန်ပို့ပေးချိန်တွင်ဘာမှမပြောကြပေမဲ့လည်း လင်ဝမ်ပိုင်မှာတော်တော်လေးစိုးရိမ်ကြောက်လန့်နေမိသည်။


"အရှင်မင်းကြီးနဲ့အရှင့်သားတို့မသိလောက်ပါဘူးနော်?"

သူစိတ်ပူစွာပြောမိသည်။


"အိုင်း၊ မင်းဘာလို့ဉာဏ်ပိုကောင်းပြီးတော့ဝေးဝေးထွက်မပြေးတာလဲ။"

အမေမြောင်ယာမှာဆူငေါက်လိုက်မိပြီးစိတ်ပူနေမိသည်။

"မနက်ဖြန်ကမဂ်လာပွဲဆိုတော့ အခုဆိုဝတ်စုံတွေတောင်ပို့လာပြီ၊ ကျွန်မဘာလုပ်ရမလဲ။"


လင်ခုံးလုမှာဒါကိုကြားလိုက်ရပြီး ရုတ်ခြည်းမျက်လုံးဖွင့်ကာပြောလိုက်မိသည်။

"ကျွန်တော့်ကိုထူပေး၊ ကျွန်တော်စမ်းဝတ်ကြည့်ချင်တယ်။"


လင်ဝမ်ပိုင်နှင့်မြောင်ယာ: "...." ငါ့သားလူပြောင်းသွားတာလား။ မဟုတ်ဘူး၊ ဒီလိုရုတ်တရက်စိတ်ပြောင်းသွားတာကမင်းသား၂ခြိမ်းခြောက်တာခံခဲ့ရတာဖြစ်ရမယ်။


ဒါပေါ့၊ လင်ခုံးလုအခြိမ်းအခြောက်မခံထားရပေ၊ သူ့အတွေးမှာအမှန်တော့အလွန်ရိုးရှင်းလှသည်၊ အရင်ကမ္ဘာသုံးခုမှာဇာတ်လိုက်ကသူ့ချစ်သူဖြစ်ခဲ့တာမို့ ဒီကမ္ဘာကလည်းအတူတူဖြစ်နိုင်မလား။


သူစစ်ဆေးကြည့်ရမည်။


နောက်တစ်နေ့ မဂ်လာပွဲမှာပုံမှန်အတိုင်းလုပ်ခဲ့သည်။


လင်ခုံးလုမှာလုပ်ငန်းစဥ်တစ်ခုလုံးတော်ဝင်အရာရှိနှင့်မိတ်ကပ်ဆရာတို့ထံမှဝန်းရံခံထားသဖြင့် လန်ဇယ်ကိုသွားရှာဖို့အခွင့်အရေးလုံးဝမရှိပေ။ သူမဂ်လာခန်းမထဲဝင်သွားမှသာလန်ဇယ်ကိုမြင်လိုက်ရသည်။


လန်ဇယ်ကားဝှီးချဲပေါ်တွင်ထိုင်နေပြီး သူ့လက်ထောက်ကအထဲတွန်းပေးလာသည်။


သူ့မျက်နှာသွင်ပြင်မှာနက်နဲသိမ်မွေ့ကာချောမောကြည့်ကောင်းလှသည်။ ရေသူဗီဇနိုးထလာပြီးနောက်ပိုင်း သူ့အသားအရည်မှာအရင်ကထက်အတော်လေးဖြူဖျော့သွားပြီး သူ၏ရွှေရောင်ဆံပင်တိုမှာငွေရောင်အဖြစ်ပြောင်းသွားကာ ခါးထိရှည်လျားလို့နေပြီး သူ့နားရွက်များမှာယန်တောင်ပုံစံဖောက်မြင်ရသောနားရွက်ဆူးတောင်များဖြစ်လာသည်။


သူဟာရှေ့တန်းမှာအချိန်ကြာမြင့်စွာတိုက်ခိုက်နေခဲ့သောကြောင့်ဖြစ်လိမ့်မည်၊ သူ့မျက်နှာထားမှာအေးစက်လျက် သူ့အရှိန်အဝါမှာခက်ထန်နေဆဲဖြစ်ရာ လူတို့ကိုသူ့ကိုသိပ်မကြည့်ရဲအောင်ဖြစ်သွားစေသည်။ ဒါပေမဲ့သူ့ဒူးပေါ်ကခြုံစောင်ပါးပါးမှာသူ့ကိုအနည်းငယ်နာမကျန်းသည့်ပုံပေါက်စေသည်။


လက်ရှိလူအများစုမှာရေသူဗီဇနိုးထလာသည့်မင်းသား၂ကိုပထမဆုံးအကြိမ်မြင်ဖူးသဖြင့် သူတို့်အကုန်လုံးအံ့အားသင့်မှုကိုဖုံးကွယ်ကာ တစ်ယောက်ကိုတစ်ယောက်တီးတိုးပြောမိကြသည်။


"အရှင့်သားလန်ဇယ်ကတကယ်ကြီးရေသူဗီဇနိုးထလာမယ်လို့ငါမထင်ထားမိဘူး။ မဖြစ်သင့်ဘူးလေ။ အရှင်မင်းကြီးကော၊ ဧကရီအရှင်မကကောကရေသူတွေမှမဟုတ်တာ။"


"ထူးဆန်းတာကလူသားတွေမျိုးပွားပြီးသန္ဓေပြောင်းလာတာတော်တော်ကြာပြီ၊ သူတို့သယ်ဆောင်ထားတဲ့ဂြိုဟ်သားတိရစ္ဆာန်ဗီဇကမျိုးဆက်ပေါင်းမရေတွက်နိုင်အောင်မျိုးရိုးဗီဇဆက်ခံခဲ့ကြတာ။ အရှင့်သားရဲ့ဘိုးဘေးတွေရဲ့...ဘိုးဘေးမှာရေသူဗီဇရှိတာဖြစ်လောက်မယ်။"


"အိမ်း၊ သူတို့တွေကသာမန်ရေသူဆိုပေမဲ့ အရှင့်သားကချောမောပြီးတော့ ပင်လယ်နက်ရေသူတွေထက်တောင်ပိုလှသေးတယ်။"


"အဆုံးမှာတော့ အရှင့်သားကစွမ်းရည်မနိုးထလာရင်တောင် အရမ်းကြည့်ကောင်းနေတုန်းပဲလေ။ ကျစ်၊ အဲ့ဒီ့ကြယ်ပွင့်လေးအတွက်တကယ်စျေးပေါသွားတယ်။"


"မင်းအဲ့လိုပြောလို့မရဘူးလေ။ ရေသူဗီဇကအသုံးမဝင်ဘူး၊ မင်းသား၂ကအင်းဆက်အဆိပ်ပါမိထားသေးတော့မကြာခင်သေတော့...အဟမ်း အဟမ်း၊ ဒါပေမဲ့အဲ့ဒီ့ကြယ်ပွင့်လေးက၊ ငါကြားမိတာတော့သူ့ရဲ့နိုးထမှုစွမ်းရည်ကA-အဆင့်ဆိုပဲ၊ သူ့ဘိုးဘေးတွေကကျားဖြူဗီဇနိုးထလာခဲ့တာဆိုတော့ သူ့မှာကျားဖြူဗီဇရှိနိုင်တယ်လေ။"


"ဒါဖြင့်ရင်အနာဂတ်မှာသူတို့ကလေးတွေကကျားဖြူဗီဇနိုးထလာနိုင်တာပေါ့နော်?"


"အရှင်မင်းကြီးနဲ့ဧကရီအရှင်မကအဲ့လိုစီစဥ်ထားတာဖြစ်မယ်၊ အဆုံးမှာအရှင်မင်းကြီးကကျားနက်ဗီဇနိုးထလာခဲ့တော့ အရှင့်သားလန်ဇယ်ကအနည်းနဲ့အများဆက်ခံရမှာပဲ။"


"ဟက်၊ မျိုးရိုးဗီဇစမ်းသပ်ချက်ကမယုံကြည်ရပါဘူး။ A-အဆင့်ပဲလေ၊ A-အဆင့်ရှိပေမဲ့စွမ်းရည်နိုးထမဲ့အခြေအနေမရှိတာမဟုတ်ဘူး၊ ဒါ့အပြင် အရှင့်သားလန်ဇယ်ရဲ့စွမ်းရည်နိုးထမှုက3Sအဆင့်ရှိပေမဲ့...." သာမန်ရေသူအဖြစ်နိုးထလာတာပဲကို။


ဒါပေမဲ့လည်း အဆုံးမှာ၎င်းကတော်ဝင်မဂ်လာဆောင်မြင်ကွင်းဖြစ်ပေရာ တက်ရောက်လာသည့်လူတို့မှာချမ်းသာကြွယ်ဝပြီးအဆင့်အတန်းမြင့်ကြပေမဲ့ မဆင်မမြင်မပြောရဲကြပေ။


လင်ခုံးလုမှာလန်ဇယ်အနားတိုးကပ်သွားချိန်တွင် အရင်ဘဝအနည်းငယ်ကနှင့်တူညီသည့်ရင်းနှီးသောခံစားချက်တစ်စွန်းတစရေးတေးတေးခံစားမိလိုက်သည်။


သူခန့်မှန်းတာမှန်တဲ့ပုံပဲ၊ ဒီဘဝကဇာတ်လိုက်ကလည်းသူ့ချစ်သူပဲ။


သူမနေနိုင်ဘဲနှုတ်ခမ်းကော့တက်သွားကာရယ်မောလိုက်မိပေမဲ့ လန်ဇယ်ကသူ့ကိုအေးစက်စက်အကြည့်တစ်ချက်သာပေးပြီးနောက်အကြည့်လွှဲသွားသည်။


0687: "တင်၊ နှစ်သက်မှုနှုန်းကအနုတ်၃၊ မကောင်းတဲ့စိတ်တန်ဖိုး၇၇။"


လင်ခုံးလု၏အပြုံးမှာအေးခဲသွားရသည်။

"အစပိုင်းတန်ဖိုးကိုပြောပြစရာမလိုဘူးလေ၊ ​နောက်ပိုင်းပိုကောင်းလာမှာပါ။"


အဆုံးတွင် ဒီကမ္ဘာမှာ သူကလန်ဇယ်ကိုရေထဲတွန်းချပစ်ခဲ့ပြီးနောက် လက်ထပ်ပွဲကထွက်ပြေးကာအဖမ်းခံလိုက်ရသည်။ လန်ဇယ်သူ့အပေါ်အမြင်ကောင်းရှိရင်သာ တော်တော်ထူးဆန်းသွားလိမ့်မည်ပင်။


ထိုအချက်မှာမှန်ကန်သည်၊ လန်ဇယ်ကဒီလက်ထပ်ပွဲကိုအလွန်အတိုက်အခံပြုခဲ့ပြီး လုပ်ငန်းစဥ်တစ်ခုလုံးမှာမျက်နှာအမူအရာကင်းမဲ့လျက် လက်စွပ်လဲလှယ်ချိန်မှာတောင် သူကရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုကြောင့် သူ့လက်ထောက်ကိုသူ့အစားလုပ်ခိုင်းလေသည်။


လင်ခုံးလု: "...." သတို့သားချင်းအပြန်အလှန်နမ်းတဲ့အခါကျရင်ကော မင်းအစားသူ့ကိုလုပ်စေချင်တာလား။


သို့သော် သူသိသိသာသာကိုအတွေးလွန်နေခြင်းပင်။ အနမ်းပေးချိန်ရောက်လာတော့ လန်ဇယ်ကရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုကြောင့်ဟုဆိုကာ ဒီအခန်းကိုကျော်သွားလိုက်သည်။


လင်ခုံးလု: "...သူနောင်တရလိမ့်မယ်၊ သူသေချာပေါက်နောင်တရလိမ့်မယ်။"


0687: "?" မင်းနောက်တစ်ယောက်ကိုအရမ်းမြန်မြန်ကြီးချစ်သွားတာလား။


ဒါကိုမြင်လိုက်ရသော် လင်ဝမ်ပိုင်နှင့်မြောင်ယာမှာမျက်မှောင်အသာကြုတ်လိုက်မိသည်။


မင်းသား၂ကသူတို့ရှောင်လုကိုသဘောမကျတဲ့ပုံပဲ၊ ဒီတော့သူတို့ဘာလို့လက်ထပ်ချင်ကြတာလဲ။ မင်းကျားဖြူဗီဇနဲ့ကလေးကိုတကယ်မမွေးပေးနိုင်ဘူးမလား။


ဒါပေမဲ့သူတို့စိတ်ပြောင်းလိုက်ကြပြီး သူတို့မကြိုက်ရင်ပိုကောင်းသည်ဟုခံစားလိုက်ရသည်။


မင်းသား၂က​ရှောင်လုကိုသဘောမကျရင် သူတို့ရက်အနည်းငယ်အတွင်းမှာကွာရှင်းလို့ရနိုင်လောက်သည်၊ ပြီးရင်သူတို့သားအတွက်နောက်ထပ်အကျင့်စရိုက်ကောင်းမွန်သည့်သားမက်တစ်ယောက်ရှာပေးလို့ရသည်။


အဆုံးတွင် မင်းသား၂ကအင်းဆက်အဆိပ်မိထားပြီး ရေသူအဖြစ်နိုးထလာကတည်းက သူ့ပင်ကိုယ်စရိုက်မှာကြိုတင်မှန်းဆမရဘဲ အဆက်အဆံလုပ်ဖို့အလွန်ခက်ခဲကြောင်းသူတို့ကြားသိခဲ့ရသည်။


ဤသို့တွေးလိုက်တော့ ဇနီးမောင်နှံမှာစိတ်သက်သာရာရသွားသည်။


ဒါပေမဲ့ဧကရီအရှင်မမှာ လန်ဇယ်၏မျက်နှာထားကမထူးခြားမခြားနားဖြစ်နေမှန်းမြင်လိုက်ရတော့ သူမမျက်နှာထက်ကအပြုံးမှာတဖြည်းဖြည်းချင်းအေးခဲသွားရသည်။


ဒါပေမဲ့သူမကားအမြဲတမ်းဂုဏ်ကျက်သရေရှိကာရည်မွန်ပြီး မဂ်လာပွဲပြီးဆုံးသည်အထိဆက်တိုက်ပြုံးထားကာ ခမည်းခမက်စုံတွဲကိုပင်ကြင်နာစွာနှစ်သိမ့်ပေးလိုက်သည်။


လင်ဝမ်ပိုင်နှင့်သူ့ဇနီးတို့ပြန်သွားပြီးနောက် သူမကသူမ၏အပြုံးတုကိုရုတ်သိမ်းကာ သူမသားတော်ကိုလှမ်းခေါ်ပြီး အရှင်မင်းကြီးနှင့်အတူနှလုံးသားချင်းစကားပြောလိုက်သည်။


ဒါပေမဲ့သားတော်ကဒီလိုဖြစ်လာတာမို့ သူတို့နှစ်ယောက်လုံးခက်ခက်ထန်ထန်ပြောဆိုဖို့စိတ်ကူးမရှိဘဲ သူတို့သူ့ကိုအကြံပေးလိုက်သည်: စိတ်လျှော့ပါကွယ်၊ လက်ထပ်ပွဲကိုမငြင်းနဲ့၊ အင်းဆက်အဆိပ်ကိုကုသနိုင်မှာပါ၊ သားတော်ကရေသူအဖြစ်နိုးထလာပေမဲ့လည်း သားတော်ရဲ့ကလေးကကျားပေါက်လေးတစ်ကောင်ဖြစ်လာနိုင်တယ်မလား။


ထိုစကားများကိုကြားလိုက်ရချိန် လန်ဇယ်ရယ်မောလိုက်ပေမဲ့ သူ့မျက်လုံးများမှာအနည်းငယ်ထေ့ငေါ့လျက်။


ကျား​ပေါက်လေး? ဟက်၊ သူမှတ်မိတာမှန်ရင် သူ့သတို့သားအသစ်စက်စက်လေးကသူ့ကိုဦးထုပ်စိမ်းဆောင်းပေးပြီး အခြားလူတစ်ယောက်နဲ့ခိုးရာလိုက်ပြေးသွားဖို့သိပ်မကြာတော့ဘူး၊ သောက်ကျားပေါက်လေး။


သူကသူ့အခန်းကိုပြန်သွားချိန်တွင် သူ့သတို့သားအသစ်ကလေးကလည်းထိုနေရာမှာရှိနေတာကိုလန်ဇယ်မြင်လိုက်ရသည်။


ဟုတ်သားပဲ၊ ဒါကအခုဆိုသူ့မဂ်လာဦးအခန်းဖြစ်သွားပြီ။ တစ်ဖက်လူကညစာစားပွဲမှာထိုင်ရင်း သူ့အစာကိုစိုက်ကြည့်နေလျက် - ငါးကြော်လေးတစ်ကောင်။


လင်ခုံးလု: "ဘာလို့မှန်းမသိ ငါရုတ်တရက်ဗိုက်အရမ်းဆာပြီးစားချင်လာသလိုပဲ။"


0687: "ဘာကို​မြင်ပြီးစားချင်နေတာတုန်း?"


လင်ခုံးလု: "မဟုတ်ဘူး၊ မတူဘူးကွ။ ဒီတစ်ခေါက်ငါအဲ့အတွေးဝင်လာတာနဲ့ သွားရည်မကျအောင်ထိန်းချုပ်မရဘူးဖြစ်နေတာ။"


0687: "...."


_____________________________________