လန်ဇယ်အစာပြီးအောင်မစားနိုင်တော့ပေ။ သူမသိလိုက်ခင်အကြံသမားလေး၏သွားရည်ကိုအကြိမ်ပေါင်းများစွာစားမိသွားသလားမသိပေ။
ဒါပေမဲ့လင်ခုံးလုအမှားပြင်ဆင်ကာ သူ့အတွက်ကြီးမားသောငါးအသားတစ်ပိုင်းယူကာ အရိုးနွှင်ပြီးဖိချလိုက်ပြီးနောက်ဇွန်းထဲထည့်ပေးလိုက်သည်။
လန်ဇယ်: "....."
ထိုစဥ် ဧကရီအရှင်မအန်နာ၊ လင်ဝမ်ပိုင်နှင့်သူ့ဇနီးတို့ပြိုင်တူရောက်လာကြသည်။ ဒါကိုမြင်လိုက်ရသော် လန်ဇယ်ရုတ်ခြည်းနူးညံ့စွာပြုံးလိုက်ပြီး ဇွန်းထဲကငါးကိုလင်ခုံးလုပါးစပ်နားကပ်ကာ နူးညံ့စွာပြောလိုက်သည်။
"လာပါ၊ ရှောင်လု၊ များများစားနော်။"
လင်ခုံးလု: "...." ရုတ်တရက်ကြီးနည်းနည်းအေးလာသလားလို့?
ဒါပေမဲ့သူမော့ကြည့်လိုက်တော့ ဧကရီအရှင်မအန်နာ၏အံ့အားသင့်မှုနှင့်သူ့မိဘနှစ်ပါး၏အံ့အားသင့်မှုတို့ကိုမြင်လိုက်ရရာ ဘာဖြစ်သွားမှန်းသူတမဟုတ်ချင်းနားလည်သွားသည်။
သူကလန်ဇယ်သူ့ကိုခွံ့ကျွေးလာသည်နှင့်အသားတစ်ပိုင်းလုံးတစ်လုတ်တည်းစားပစ်ကာ ရှက်ရွံ့ချင်ယောင်ဆောင်ပြီးပြောလိုက်သည်။
"ကျွန်တော်ပင်လယ်ငါးပူပူလေးစားချင်သေးတယ်။"
လန်ဇယ်၏အပြုံးအေးခဲသွားရသည်၊ အဲ့မှာငါးအရိုးတွေအများကြီးပဲ။
ဒါပေမဲ့ဧကရီအရှင်မအန်နာရှေ့မှာ သူရွေးချယ်စရာမရှိဘဲအနောက်လှည့်ကာ စက်ရုပ်အိမ်တော်ထိန်းကိုပြောလိုက်သည်။
"တစ်ပိုင်းယူပြီးအရိုးနွှင်လိုက်။"
ဒါကိုမြင်လိုက်ရသော် ဧကရီအရှင်မအန်နာကအရိုးနွှင်ပြီးသားငါးများကိုလန်ဇယ်၏ဇွန်းထဲထည့်ပေးဖို့ စက်ရုပ်ကိုအမြန်အချက်ပြလိုက်သည်။
လန်ဇယ်: "...."
သူ့မှာရွေးချယ်စရာမရှိဘဲ ဇွန်းကိုလင်ခုံးလုပါးစပ်နားတိုးကပ်ပေးရန်သူ့ကိုယ်သူတွန်းအားပေးလိုက်ရပြီး လင်ခုံးလုကတစ်ကိုက်ကိုက်ကာအကုန်စားပစ်လိုက်ပြီးမှ အပြုံးလေးဖြင့်ပြောလိုက်သည်။
"ကျွန်တော်စားချင်သေးတယ်။"
လန်ဇယ်: "....."
"ထပ်နွှင်လိုက်။" သူမျက်နှာအမူအရာမပြောင်းဘဲပြောလိုက်သည်။
သို့ဖြစ်၍ ခုနကလင်ခုံးလုသူ့အတွက်ငါးဘယ်လောက်နွှင်ပေးခဲ့ပါစေ၊ သူဟာလင်ခုံးလုကို"ဘယ်နှခေါက်"မှန်းမသိသုံးကြိမ်တိုင်တိုင်ခွံ့ကျွေးဖို့"အမိန့်ပေး"ခံလိုက်ရသည်။
လန်ဇယ်မျက်နှာထက်မှာနူးညံ့စွာပြုံးထားပေမဲ့ ရင်ထဲမှာလှောင်ရယ်နေမိသည်။
ဟက်၊ သူ့နှာခေါင်းအောက်မှာသရုပ်ဆောင်ရဲတယ်ဆိုတော့ ဒီအကြံသမားလေးမှာသတ္တိအများကြီးရှိနေတာပဲ။ ပြီးတော့ ဒီကောင်ဘယ်လောက်စားနိုင်မှာလဲ။
လန်ဇယ်မှာမက်ခါ၏ပဲ့ကိုင်တံကိုကိုင်ခဲ့ရတုန်းကလက်များထုံကျင်မှုကိုမခံစားခဲ့ရပေမဲ့ အခုတော့ဖြင့်ဇွန်းကိုင်ထားရင်းသူ့လက်ကောက်ဝတ်များထုံကျင်လာသည်။
သူခွံ့ကျွေးနေရင်းမှ ထိုဇွန်းကိုသူသုံးခဲ့တာဖြစ်မှန်းရုတ်တရက်အလိုလိုသဘောပေါက်သွားသည်။ ဒီလိုဆိုတော့ အကြံသမားလေးကလည်းသူ့သွားရည်ကိုစားသွား....
"မင်းဗိုက်ပြည့်ပြီလား။"
လန်ဇယ်ရုတ်ခြည်းဇွန်းအောက်ချကာ "သိမ်မွေ့သော"လေသံဖြင့်မေးလိုက်သည်။
ဒီစကားကအံကြိတ်ထားပုံရမှန်းလင်ခုံးလုခံစားမိလိုက်ပေမဲ့ သူနည်းလမ်းငယ်လေးဖြင့်"ကလဲ့စားချေ"လို့ဝသွားပြီဖြစ်ရာ သဘောထားကြီးစွာပြောလိုက်သည်။
"ကျွန်တော်ဗိုက်ပြည့်ပါသွားပြီ၊ ကျေးဇူးပါအချစ်ရယ်။"
လန်ဇယ်၏လက်များတုန်ရီသွားကာ သူ့နှုတ်ခမ်းထောင့်မှာမသိမသာတွန့်သွားသည်။
ဒါပေမဲ့သူဧကရီအရှင်မ၏လှောင်ပြောင်နေသောမျက်လုံးများဖြင့်အကြည့်ချင်းဆုံသွားချိန်တွင် သူတည်ငြိမ်စွာပြောလိုက်သည်။
"ကိုယ်တို့ကလင်ခင်ပွန်းပဲကို ဘာလို့ယဥ်ကျေးနေတာလဲကွာ? မင်းစားချင်ရင် ဒီအတိုင်းပြောလိုက်လေ၊ ကိုယ်..."
"တကယ်လား။"
လင်ခုံးလုသူပြောပြီးတာကိုမစောင့်ဘဲ အံ့အားသင့်စွာမေးလိုက်သည်။
လန်ဇယ်: "....."
သူဇွန်းကိုအလိုလိုခပ်တင်းတင်းဆုပ်ကိုင်လိုက်မိပေမဲ့ လင်ခုံးလုကပြောလာသည်။
"ဒါပေမဲ့ကျွန်တော်ဗိုက်ပြည့်နေပြီရယ်၊ ကျေးဇူးတင်ပါတယ်အရှင့်သား။ အရှင့်သားကကျွန်တော့်အပေါ်အရမ်းကောင်းတာပဲ။"
လန်ဇယ်: "...."
ဘာကြောင့်မှန်းမသိ သူစိတ်သက်သာရာရမှုတစ်စွန်းတစခံစားလိုက်ရသည်။
ဧကရီအရှင်မအန်နာကလင်ဝမ်ပိုင်နှင့်သူ့ဇနီးကိုထိုင်ဖို့ဖိတ်ခေါ်ကာ ခုနကမနက်စာစားနေစဥ် သူမဟာငယ်ရွယ်သောစုံတွဲကိုတစ်ချိန်လုံးနီးကပ်စွာအာရုံစိုက်ထားခဲ့သည်။ သူတို့လိုက်ဖက်ညီစွာနှင့်တရင်းတနှီးသင့်မြတ်နေကြပုံကိုမြင်လိုက်ရရင်း သူမနေနိုင်ဘဲကျေနပ်သောအပြုံးထုတ်ပြလိုက်မိသည်။
ကြည့်ရတာတော့လန်ဇယ်ကမနေ့ညကသူမရဲ့စည်းရုံးစကားကိုနားထောင်ခဲ့တဲ့ပုံပဲ။
စားပြီးနောက် သူမဓားနှင့်ခက်ရင်းကိုချကာ စက်ရုပ်ထံမှလက်ကိုင်ပုဝါယူပြီး သူမနှုတ်ခမ်းကိုကျက်သရေရှိစွာသုတ်လိုက်ပြီးမှ ညင်သာစွာပြုံးလိုက်သည်။
"မင်းတို့ကောင်းကောင်းသင့်မြတ်နေတာကိုမြင်လိုက်ရတော့ အရှင်မင်းကြီးနဲ့မယ်တော်စိတ်သက်သာရာရသွားပါပြီ။"
သူမကလင်ဝမ်ပိုင်နှင့်သူ့ဇနီးကိုကြည့်ကာ အပြုံးလေးဖြင့်မေးလိုက်သည်။
"ခမည်းခမက်တို့စိတ်ပူစရာမလိုတော့ဘူးမလား။"
လင်ဝမ်ပိုင်နှင့်မြောင်ယာမှာပြုံးကာခေါင်းငြိမ့်ပြလိုက်ပေမဲ့ သူတို့သားကိုကြည့်လိုက်ချိန်မှာ သူတို့မျက်လုံးများမှာသံသယအပြည့်ပင်။
ဒီကလေးကလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကလက်ထပ်ဖို့ဆန္ဒမရှိတာကို တကယ်လက်ထပ်ပြီးတာနဲ့ဘာလို့တစ်ရက်အတွင်းမှာပြောင်းလဲသွားတာတုန်း? မင်းသား၂ကောပဲ၊ မနေ့ကတော့သူကအေးစက်ပြီးသူစိမ်းတွေကိုစိမ်းသက်နေပေမဲ့ ဒီနေ့ကျ....
တစ်ခုခုတော့မှားနေပြီ၊ သိပ်ကိုမှားနေပြီ!
မနက်စာစားပြီးနောက် ဆရာဝန်ကလန်ဇယ်ကိုရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်ဖို့အချိန်ဇယားလာပေးသည်။ ဧကရီအရှင်မမှာသူ့ကိုစိတ်ပူလျက် နံဘေးမှရပ်ကြည့်နေမိသည်။
မြောင်ယာကအခွင့်ကောင်းယူကာလင်ခုံးလုကိုအပြင်ဆွဲခေါ်သွားပြီး ခပ်တိုးတိုးမေးလိုက်သည်။
"မင်းနဲ့သူနဲ့ဘာဖြစ်သွားတာလဲ။"
"ဘယ်သူတုန်း?" လင်ခုံးလုနားမလည်ချင်ယောင်ဆောင်လိုက်သည်။
"ဘယ်သူဖြစ်ရမှာလဲ။"
မြောင်ယာသူ့ကိုစူးစိုက်ကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။
"အထဲကအရှင့်သားပေါ့ဟဲ့။"
မင်းသား၂ကသူတို့သားလေးကိုလက်ထပ်ခဲ့ပေမဲ့လည်း အမှန်အတိုင်းပြောရရင် သူမနှင့်သူမခင်ပွန်းမှာသူတို့သားမက်ကိုတကယ်ကောင်းကောင်းမဆက်ဆံနိုင်ဘဲ အနည်းငယ်ပင်ကြောက်နေမိသည်။
အရင်ကသူဇာတ်ကြောင်းထဲမှာကောင်းကောင်းလုပ်ခဲ့ပေမဲ့ အခုတော့သူရုတ်တရက်သဘောထားပြောင်းလိုက်ရာ တကယ်သံသယဖြစ်စေမှန်းလင်ခုံးလုသိသဖြင့် တုံ့ဆိုင်းချင်ယောင်ဆောင်ကာပြောလိုက်သည်။
"အရှင့်သားကရေသူဗီဇနိုးထလာပြီးနောက်ပိုင်းမှာတော်တော်လေကြည့်ကောင်းလာမှန်းကျွန်တော်သိလိုက်ရလို့...ထပ်ကြိုးစားကြည့်ကြည့်တာ။"
မြောင်ယာမှာတစ်အောင့်ကြာဆွံ့အသွားရပြီး မနေနိုင်ဘဲသူ့နှဖူးကိုတောက်ကာပြောမိသည်။
"မင်း မင်းကမင်းအဖေနဲ့ဗီဇတူတူပဲ။ ယန်ထိန်းချုပ်မှုနောက်ဆုံးအဆင့်မှာ မျှော်လင့်ချက်မရှိတော့ဘူးပဲ။"
လင်ခုံးလုသူ့ခေါင်းသူအမြန်အုပ်ကာပြောလိုက်မိသည်။
"မားကိုယ့်ကိုယ့်ကိုချီးကျူးနေတာလား။"
မြောင်ယာကားငယ်စဥ်တုန်းကကြယ်ဂြိုဟ်ထဲမှာနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ခဲ့ပေမဲ့ အခုဆိုသူ့သားမှာလက်ထပ်သွားသော်လည်း သူမမှာငယ်ရွယ်ကာလှပနေဆဲပင်။
သူမသားအပြောကိုကြားလိုက်ရပြီးနောက် သူမကသူ့ကိုအပြစ်တင်သောအကြည့်တစ်ချက်ပေးကာမေးလာသည်။
"မင်းသား၂ကဘာဖြစ်သွားတာတုန်း? ဘာလို့သူ့သဘောထားကရုတ်တရက်ကြီးပြောင်းလဲသွားတာလဲ။"
လင်ခုံးလု: "ဒါ...." ဒါပေါ့၊ သူသရုပ်ဆောင်နေတာမို့လို့လေ။
သူတုံ့ဆိုင်းမှုကိုမြင်လိုက်ရတော့ မြောင်ယာမှာရုတ်ခြည်းအံ့သြသွားရကာပြောလိုက်သည်။
"မင်းတို့ညက တစ်ခုခုဖြစ်ခဲ့တာတော့မဟုတ်ဘူးမလား။"
မင်းသား၂ကလည်းမျက်နှာထိန်းချုပ်နိုင်သူမဖြစ်နိုင်ပေရာ သူ့အရောင်ကြောင့်သာ သူမသား၏အရသာကိုသိသွားတာဖြစ်ရမည်။
မြောင်ယာကြေကွဲသွားရကာမေးလိုက်မိသည်။
"မင်းတို့တွေအန္တရာယ်ကင်းတဲ့ပစ္စည်းတစ်ခုခုသုံးခဲ့ကြရဲ့လား။"
လင်ခုံးလုတစ်အောင့်မျှဆွံ့အသွားရသည်။
"မားဘာတွေစဥ်းစားနေတာလဲဗျာ? ခုနကဆရာဝန်သူ့ခန္ဓာကိုယ်ကိုထပ်လာစစ်ဆေးပေးတာမမြင်ဘူးလား။"
"အိုး၊ ဟုတ်သားပဲ။" မြောင်ယာအမြင်ပြောင်းသွားကာခေါင်းငြိမ့်ပြီးပြောလိုက်မိသည်။
"ဟုတ်သားပဲ၊ သူကဒဏ်ရာအပြင်းအထန်ရထားပြီးတော့လဲလျောင်းနေရတုန်းပဲ။ သူမလုပ်နိုင်မှာစိုးတယ်။"
သူမပြောပြီးနောက် သက်ပြင်းချကာပြောမိပြန်သည်။
"အင်း၊ မင်းအတွက်တကယ်ခက်ခဲမှာပဲ။"
လင်ခုံးလု: "...."
အခန်းထဲတွင် ဧကရီအရှင်မအန်နာမှာလည်းဒီကိစ္စအကြောင်းစိုးရိမ်ပူပင်နေမိပေမဲ့ သူမကပိုမိုလျို့ဝှက်ကာ ညင်သာစွာပြုံးလိုက်သည်။
"သားတော်နဲ့ရှောင်လုတို့ကောင်းကောင်းသင့်မြတ်နေကြတာပဲ။ မယ်တော့်အထင် ဒီညသူ့ကိုသားတော်အခန်းထဲရွှေ့နေခိုင်းတာပိုကောင်းမလားလို့? ညားခါစစုံတွဲကဘယ်လိုလုပ်အခန်းခွဲအိပ်လို့ရမှာလဲ။ ပြီးတော့ သားတော်ကမငယ်တော့ဘူးလေ၊ မယ်တော်တို့ကိုမြေးတစ်ယောက်ပေးသင့်...."
"အဟမ်း အဟမ်း။"
လန်ဇယ်ရုတ်တရက်ချောင်းနှစ်ချက်ဟမ့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"မယ်တော်၊ ဆရာဝန်ပြောတာကတော့ သားတော်ကအားနည်းတာမို့ မလုပ်နိုင်မှာစိုးတယ်၊ မြေးရဖို့စောင့်ရအုံးမယ်ဆိုပဲ။"
လန်ဇယ်မှာအနည်းငယ်မသက်မသာဖြစ်နေမိပြီး ပျော်ရွှင်သောအိမ်ထောင်တစ်ခုဖြစ်ချင်ယောင်ဆောင်လိုက်ရသည်၊ ဒါမှဧကရီအရှင်မအန်နာကသူ့အကြောင်းစိတ်ပူရပ်သွားမှာဖြစ်သည်။ တစ်ဖက်လူကလက်ထပ်ပွဲကထွက်သွားလိမ့်မည်ဟုမထင်ထားလောက်ပေရာ အရှိန်မှာအလွန်မြန်လွန်းလှသည်။
ဧကရီအရှင်မအန်နာ: "...." မင်းမလုပ်နိုင်ဘူးလို့မင်းဘာလို့ပြောနိုင်ရတာလဲ။
သူမခေါင်းလှည့်ကာဆရာဝန်ကိုမေးလိုက်သည်။
"ဘာဖြစ်တာလဲ။"
ဆရာဝန်မှာအခုလေးတင်လန်ဇယ်ထံမှအရိပ်အမြွက်ပေးခံထားရသဖြင့် အလျင်စလိုပြောလိုက်မိသည်။
"အရှင့်သားကအားနည်းနေတာမို့ အဲ့ဒါလုပ်ဖို့တကယ်မသင့်တော်....အဟွတ်။"
တံခါးအပြင်မှာ စကားဝိုင်းကိုမတော်တဆကြားလိုက်ရသည့်လင်ဝမ်ပိုင်မှာအံ့သြသွားမိသည်။
မင်းသား၂ကမလုပ်နိုင်ဘူးတဲ့လား။ ဒါတကယ်...သနားစရာ(အံ့သြစရာ)ပဲ။
သူအပြင်ထွက်လာချိန် လင်ခုံးလုနှင့်ဆုံသဖြင့် သူ့သားဘေးကိုတိတ်တိတ်လေးဘေးကိုဆွဲခေါ်သွားကာ အံ့သြတကြီးပြောလိုက်သည်။
"မင်းဒီမှာစိတ်ချနေလို့ရတယ်၊ ဘာမှသိပ်မတွေးနဲ့။ မင်းသား၂ကမလုပ်နိုင်ဘူးလို့ပြောတယ်။"
လင်ခုံးလု: "...." သူ့ဘဝတစ်လျှောက်လုံးမလုပ်နိုင်ဘူးလို့ပြောရင်ပိုကောင်းမယ်။
လင်ဝမ်ပိုင်သူ့သားပုခုံးပေါ်ပုတ်ကာ သီချင်းအသာညည်းကာထွက်သွားလိုက်ပြီး သိသိသာသာကိုပျော်ရွှင်သောစိတ်အခြေအနေမှာရှိနေပေသည်။
သူ့အမြင် လင်ခုံးလုနှင့်လန်ဇယ်ကြားကအိမ်ထောင်မှာသေချာပေါက်ကြာရှည်ခံလိမ့်မည်မဟုတ်။ သူတို့အနှေးနှင့်အမြန်ကွာရှင်းလိုက်ရင် သူတို့ဝင်ပါဖို့နည်းသွားတာပုံမှန်ပဲ။
မင်းသား၂ကမလုပ်နိုင်ဘူးဆိုရင် ရှောင်လုကအနိုင်ကျင့်ခံရမည်မဟုတ်၊ ကွာရှင်းပြီးရင်သူ့မှာကလေးကဲ့သို့သောဝန်ထုပ်ဝန်ပိုးများရှိလိမ့်မည်မဟုတ်ဟုဆိုလိုခြင်းပင်။
နန်းတော်ကထွက်လာပြီးနောက် သူ့ဇနီးမြောင်ယာမှာသူမသားအတွက်စိတ်ပူနေသည့်အလား ဝမ်းနည်းနေပုံပေါက်တာကိုသူမြင်လိုက်ရသဖြင့် မနေနိုင်ဘဲသူမကိုနှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းသား၂ကမလုပ်နိုင်ပါဘူး....."
"ကျွန်မဘာလုပ်ရမလဲ။ မင်းသား၂ကမလုပ်နိုင်လောက်...."
တိုက်ဆိုင်စွာဖြင့် မြောင်ယာလည်းပြောလိုက်ပေမဲ့ သူမလေသံမှာသူနှင့်အတိအကျကိုဆန့်ကျင်ဘက်ဖြစ်သည်။
စကားလုံးများမထွက်ကျလာခင် သူတို့နှစ်ဦးလုံးမှာသူတို့မျက်နှာထက်မေးခွန်းသကေ်တများဖြင့်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
မြောင်ယာ: "ရှင်ဘာဖြစ်နေတာလဲ။" ဘယ်မှာပျော်စရာရှိလို့လဲ။
လင်ဝမ်ပိုင်: "ငါကမှမင်းကိုဘာဖြစ်နေလဲမေးရမှာ။ မင်းသား၂ကအရမ်းမကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် ရှောင်လုကသူ့ကိုမကြိုက်တဲ့အပြင် သူရှောင်လုကိုဘာမှမလုပ်နိုင်ဘူး။ သိပ်မကြာခင် သူတို့ကွာရှင်းကြပြီးတော့ ကလေးမရှိ..."
"ရှင်ဝမ်းနည်းလို့ရပြီ။" မြောင်ယာသူ့ကိုမျက်လုံးလှိမ့်ပြကာ ဒေါသတကြီးပြောလိုက်သည်။
"အခုဆိုရှင့်သားကသူ့ကိုထပ်ကြိုက်သွားပြန်ပြီ။"
"အာ၊ ဒါ...." လင်ဝမ်ပိုင်ကြက်သေသေသွားရကာရေရွတ်လိုက်မိသည်။
"ဒီကလေးရဲ့သဘောထားကဘာလို့နေ့တိုင်းပြောင်းလဲနေရတာတုန်းဟ?"
သူကားဆေးဝါးစီးပွားရေးလုပ်နေသဖြင့် တစ်အောင့်ကြာတုံ့ဆိုင်းသွားပြီးမှ သဘောထားပြောင်းကာပြောလိုက်သည်။
"ဒီလိုဆိုမှတော့...ဒါဖြင့်ရင်ငါတို့မင်းသား၂ဆီအားဆေးတချို့ပို့ပေးကြမလား။"
"လိုလို့လား။" မြောင်ယာကူကယ်ရာမဲ့သွားကာ သူမခင်ပွန်းထံမျက်လုံးထပ်လှိမ့်လိုက်ပြန်သည်။
"မင်းသား၂မှာဒါတွေမရှိလို့လား။ ပြီးတော့ရှက်စရာမကောင်းဘူးလား။"
လင်ဝမ်ပိုင်တုံ့ဆိုင်းသွားရသည်။
"သူ့မှာပေါများမှန်းငါသိပါတယ်၊ ဒါပေမဲ့အဲ့ဒါကငါတို့နှလုံးသား၊ ငါတို့သားလေးရဲ့ပျော်ရွှင်မှုအတွက်လေ။ ပြီးတော့ငါတို့ရှောင်လုကိုပေးပြီးတော့ ရှောင်လုကိုဆရာဝန်ဆီမေးခိုင်းပြီး သူ့အတွက်တိုက်ရိုက်ဆေးဖော်ပေးလိုက်လို့ရတာပဲ။"
ဒါကိုကြားလိုက်ရသော်မြောင်ယာ၏မျက်လုံးများတောက်ပသွားကာ သူမပြောလိုက်သည်။
"ဖြစ်နိုင်တယ်။"
သူ့မိဘနှစ်ပါးစီစဥ်နေသည့်အရာကိုလင်ခုံးလုမသိပေ၊ သူမနက်စာစားတုန်းကလန်ဇယ်ကိုစိတ်ဆိုးအောင်လုပ်ခဲ့မိသည်။ တစ်ဖက်လူသူ့အတွက်ညစာမချန်ထားပေးမှာစိုးသဖြင့် သူ့မိဘနှစ်ပါးကိုအဝေးပို့ပြီးနောက်မှာ သူအခွင့်ကောင်းယူကာအပြင်လမ်းထွက်လျှောက်ပြီး ပြန်မသွားခင်စားစရာရှာလိုက်သည်။
မထင်မှတ်ထားစွာဖြင့် သူနန်းတော်ကိုပြန်သွားသည်နှင့် သူဧကရီအရှင်မအန်နာဆီကဖိတ်ခေါ်ခံလိုက်ရသည်။
ဧကရီအရှင်မကဘာဖြစ်သွားမှန်းမသိပေ။ သူမကသူ့ကိုမြင်လိုက်ရချိန် သူ့လက်ကိုကိုင်ကာသက်ပြင်းချလာသည်။
"လှလိုက်တဲ့ကောင်လေး၊ တကယ်လို့....အိမ်း၊ မင်းအတွက်ခက်ခဲမှာပဲ။"
လင်ခုံးလု: "?"
ဘာမှမဟုတ်ဘဲ သူ့ကိုနှစ်သိမ့်ပေးကာ လန်ဇယ်၏အခြေအနေသေချာပေါက်တိုးတက်လာမှာမို့လို့ စိတ်ချနေလို့ရကြောင်းဆိုသည်။ ထို့နောက်သူမကလန်ဇယ်၏သူ့ခြေထောက်(ငါးမြှီး)ကိုကုသဖို့တွန့်ဆုတ်မှုအကြောင်းပြောကာ လင်ခုံးလုသူ့ကိုစည်းရုံးပေးဖို့မျှော်လင့်ကြောင်းဆိုသည်။
"သူမင်းကိုအရမ်းကြိုက်တာကိုငါမြင်ရတယ်။ မင်းသူ့ကိုစည်းရုံးလိုက်ရင် သူနားထောင်မှာပါကွယ်။"
လင်ခုံးလုရှက်ရွံ့သွားရသည်: "....." အဲ့ဒါကတကယ်တော့သရုပ်ဆောင်နေတာရယ်။
ဒါပေမဲ့လန်ဇယ်ကသူ့ခြေထောက်ကိုကုသဖို့ဆန္ဒမရှိပေ။ ဘာဖြစ်လို့ပါလိမ့်? ကုတာကအသုံးမဝင်ဘူးလို့ထင်လို့လား၊ ဒါမှမဟုတ် အနာဂတ်မှာအပြည့်အဝကုသဖို့နည်းလမ်းရှိလို့ နောက်မှကုဖို့စီစဥ်ထားတာလား။
သူ့ကိုမြင်လိုက်ရချိန်ဧကရီအရှင်မအန်နာမှာပဟေဠိဖြစ်သွားပုံရကာ သက်ပြင်းချလျက်ဆိုသည်။
"မင်းစဥ်းစားကြည့်လိုက်ရင် အင်ပါယာရဲ့ဆေးပညာကအင်းဆက်အဆိပ်ကိုမကုသနိုင်ဘဲ သွေးလွှတ်ကြောပေါ်ကအဆိပ်ရဲ့တိုက်စားမှုကိုပဲနှေးစေနိုင်တာမှန်းမင်းလည်းသိပါတယ်။ ခြေထောက်မကုနိုင်လောက်မှန်းသိလိုက်ရတော့ သူ့ကိုယ်သူလက်လျှော့အရှုံးပေးလိုက်တာဖြစ်မယ်...."
"အင်း၊ သူ့အစ်ကိုလိုမျိုးပဲ၊ သူ့မှာသန်မာတဲ့စိတ်ဓာတ်ရှိပေမဲ့ သူကချိုးဖောက်ရလွယ်တယ်။ အရင်တုန်းကသူ့အစ်ကိုပြီးတော့ အခုသူ...."
လင်ခုံးလုဒီအကြောင်းနည်းနည်းသိသည်။
လန်ဇယ်မှာလန်ခဲ့ဟုခေါ်သည့်အစ်ကိုတစ်ယောက်ရှိသည်။
လန်ဇယ်မမွေးလာခင်တုန်းက လန်ခဲ့ဟာလည်းအိမ်ရှေ့စံဖြစ်ဖို့မျှော်လင့်ထားကြပေမဲ့ လန်ဇယ်မွေးလာပြီးနောက်ပိုင်းမှာ လန်ဇယ်ဟာပိုမိုခွန်အားကြီးသောဗီဇနိုးထလာပြီး မင်းသားကြီးထက်အိမ်ရှေ့စံအရိုက်အရာနှင့်ပိုမိုသင့်တော်လိမ့်မည်ဟုလူတိုင်းထင်ခဲ့ကြသည်။
သူဟာသူ့ညီတော်လောက်မတော်ကြောင်းနေရာတိုင်းမှာအပြောခံရတော့ မင်းသားကြီးမှာထိုကဲ့သို့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုလက်မခံနိုင်ဖြစ်မိပေမဲ့ သူ့ညီတော်နှင့်မယှဥ်ပြိုင်ချင်သဖြင့် ရိုးရှင်းစွာပင်ရှေ့တန်းကိုသွားခဲ့သည်။ သူဟာသူ့ညီတော်ထက်မဆိုးဝါးကြောင်းသက်သေပြချင်ပုံရပေမဲ့ ဘယ်သူသိမှာလဲ၊ သူဟာတိုက်ပွဲအတွင်းမှာပျောက်ဆုံးသွားပြီး လူတိုင်းကသူသေပြီဟုထင်ခဲ့ကြသည်။
လန်ဇယ်ကထိုအကြောင်းသိလိုက်ရပြီးနောက် အကြာကြီးတိတ်ဆိတ်သွားပြီးမှ နောက်ဆုံးမှာအိမ်ရှေ့စံမင်းသားလုပ်ဖို့ငြင်းဆန်ကာ အနောက်လှည့်ပြီးရှေ့တန်းကိုသွားခဲ့သည်။ သို့ဖြစ်၍ နှစ်အနည်းငယ်အတွင်းမှာ တစ်ခုခုဖြစ်သွားခဲ့သည်။
လင်ခုံးလု: "ဘုရင်မဖြစ်ရတာမလွယ်ဘူး။ သားနှစ်ယောက်ရှိတာ၊ တစ်ယောက်ကနောက်တစ်ယောက်ထက်ပိုပြီးပုန်ကန်ထကြွတယ်။ ကံကောင်းချင်တော့ ငါ့သားလေးကဒီလိုမဟုတ်ဘူး...အိမ်း၊ ငါ့သားလေးကိုနည်းနည်းသတိရသွားပြီရယ်။"
0687: "...." ငါလည်းနည်းနည်းလေးတွေးမိသွားတယ်။
"လန်ခဲ့ရဲ့မတော်တဆမှုအပြီးမှာ သူတစ်ချိန်လုံးအပြစ်ရှိစိတ်ခံစားနေခဲ့ရတာ၊ အခုဆိုသူကရေသူအဖြစ်နိုးထလာတော့ ငါစိုးရိမ်မိတာက..."
ဧကရီအရှင်မအန်နာသက်ပြင်းချမိကာဆက်မပြောဘဲတောင်းဆိုလိုက်သည်။
"ဒီတော့မင်းသူ့ကိုပိုပြီးစည်းရုံးပေးပါကွယ်။"
လင်ခုံးလုလည်းလုပ်ပေးချင်ပေမဲ့ လက်ရှိလန်ဇယ်ကသူ့စကားနားထောင်ရင် ထူးဆန်းသွားလိမ့်မည်ဟုခံစားလိုက်ရသည်။
ဧကရီအရှင်မနှင့်စကားပြောပြီးနောက်မှာပင် သူလန်ဇယ်နှင့်အတူသူ့နေရာကိုပြန်လာတော့ အနည်းငယ်အပြစ်ရှိစိတ်ခံစားလိုက်ရသည်။
ဘာလို့လဲဆိုတော့မှောင်နေပြီမို့ပင်။
လက်ထပ်ပြီးဒုတိယနေ့မှာ သူကပြန်မလာခင်မမှောင်မချင်းအပြင်မှာလျှောက်သွားနေခဲ့ပြီး မနက်စာစားနေတုန်းမှာလန်ဇယ်ကို"မရည်ရွယ်ဘဲ"လက်စားချေ"ခဲ့မိသဖြင့် လင်ခုံးလုအိမ်ထဲဝင်လာချိန်တွင်ကြောင်လေးပမာအလွန်ဂရုစိုက်စွာဖြင့် မမှောင်မချင်းအပြင်မှာလျှောက်သွားနေပြီးမှအိမ်ပြန်လာသည့်ခင်ပွန်းကအမိခံရမှာစိုးသည့်အလားသတိထားလျက်။
လန်ဇယ်ကမနက်တုန်းကသူ့လုပ်ရပ်အတွက်"လက်တုံ့ပြန်"လာလိမ့်မည်ဟုသူခံစားလိုက်ရပေမဲ့ အခန်းထဲဝင်လာပြီးနောက် တစ်ဖက်လူကအောက်ထပ်မှာလုံးဝရှိမနေသည့်အပြင် ထမင်းစားပွဲပေါ်မှာသူ့အတွက်စားစရာချန်ပေးထားကြောင်းမြင်လိုက်ရသည်။
လင်ခုံးလု: "အာ၊ ဗီလိန်တစ်ယောက်ရဲ့ဝမ်းဗိုက်ကိုလူကြီးလူကောင်းနှလုံးသားနဲ့ဆက်ဆံခဲ့တဲ့တစ်ယောက်ကငါပဲကိုး။"
0687: "မင်းမှားပြောလိုက်တာလား။"
လင်ခုံးလု၎င်းကိုလျစ်လျူရှုကာ ထမင်းစားပွဲဘေးမှာရပ်နေသည့်စက်ရုပ်လေးကိုတန်းမေးလိုက်သည်။
"လန်ဇယ်ဘယ်မှာလဲ။"
စက်ရုပ်ကစက်ရုပ်လေသံဖြင့်ပြန်ဖြေသည်။
"အရှင့်သားကအင်းဆက်အဆိပ်ထလာလို့ အိပ်ခန်းပြန်ပြီးအနားသွားယူပါတယ်။"
"အင်းဆက်အဆိပ်? ပြင်းထန်လား။"
သူမျက်မှောင်ကြုတ်ကာမေးလိုက်မိသည်။
စက်ရုပ်လေး: "ဆရာဝန်ကကြည့်ပေးပြီးပြန်သွားပါတယ်။"
လင်ခုံးလု: "အော်။" မပြင်းထန်ဘူးပဲ။
ကော်ဖီစားပွဲပေါ်ကဆေးများကိုမြင်လိုက်ရတော့ သူလျှောက်သွားကာကောက်ယူပြီးတစ်ခုချင်းစီစစ်ဆေးကြည့်မိသည်။ ၎င်းတို့အကုန်လုံးကအင်းဆက်အဆိပ်နှင့်ခြေထောက်(ငါးမြှီး)ကိုကုသဖို့အတွက်ဖြစ်သည်။
"ဒီဆေးတွေကိုဘာလို့ဒီမှာတင်ထားတာလဲ။" လင်ခုံးလုခေါင်းလှည့်ကာထပ်မေးလိုက်သည်။
စက်ရုပ်လေးကတုံ့ဆိုင်းသွားကာဆိုသည်။
"အရှင့်သားကသုံးဖို့မစီစဥ်ထားပါဘူး။"
လင်ခုံးလု: "...." ဒါကတားမြစ်ရောဂါတွေဖြစ်တဲ့ငါ့အရင်ကမ္ဘာနဲ့အတူတူပဲမဟုတ်ဘူးလား။
မဟုတ်ဘူး၊ သူအရင်ကမ္ဘာမှာတုန်းကတကယ်နာမကျန်းမဖြစ်ခဲ့ပေ။
လင်ခုံးလုဆေးကိုအောက်ချကာ ဆိုဖာပေါ်မှာထိုင်ပြီး သူ့မေးစေ့ကိုပွတ်ကာတွေးကြည့်လိုက်မိသည်။
သူလန်ဇယ်ကိုဆေးသောက်ဖို့စည်းရုံးချင်ပေမဲ့ သူအခုအထဲဝင်သွားရင်ကန်ထုတ်ခံရမှာစိုးသည်။ သူတစ်ဖက်လူအမြန်ဆုံးကုသမှုခံယူအောင်ဘာလုပ်ရမလဲ။
ထိုအကြောင်းတွေးကြည့်တော့ ငါးနံ့ကသူ့နှာဖျားထဲတိုးဝင်လာသည်။
လင်ခုံးလု: "ဟင်? ငါ့ရဲ့အနံ့ခံနိုင်စွမ်းကဒီလောက်စူးရှလာတာလဲ။"
ထားလိုက်တော့၊ အရင်စားတာပေါ့၊ စားပြီးသွားမှထိုအကြောင်းစဥ်းစားတော့မယ်။
"ဒီဟာတွေကငါ့အတွက်သီးသန့်လုပ်ထားတာလား။"
သူစားပွဲဆီပြန်လျှောက်သွားကာ စက်ရုပ်လေးကိုမေးလိုက်သည်။
စက်ရုပ်လေး: "အရှင့်သားလန်ဇယ်တစ်ဝက်စားပြီးကျန်တာပါ။"
လင်ခုံးလု: "...." ဒါဆိုငါစားလိုက်ပါ့မယ်၊ စားစရာကိုဖြုန်းတီးတာကမကောင်းဘူးလေ။
လန်ဇယ်အတွက်ပြင်ဆင်ထားတာဖြစ်သောကြောင့် ဟင်းပွဲအားလုံးမှာထူးကဲလှပြီး အများစုမှာငါးဖြစ်တာမို့ လင်ခုံးလုမှာဖော်ပြမရအောင်စားချင်စိတ်ဖြစ်လာသည်။
လင်ခုံးလုငါးအကုန်စားပစ်လိုက်ပြီး စားပြီးနောက်သူ့အစာအိမ်ကိိုထိကာအိပ်ချင်လာပြန်သည်။
"မင်းဇာတ်လိုက်ကိုကုသမှုခံယူအောင်ဘယ်လိုလုပ်ရမလဲမစဥ်းစားရသေးဘူးနော်။" 0687ကအသိပေးသည်။
အခုလေးတင်သမ်းဝေလိုက်သည့်လင်ခုံးလု: "ဒါပေမဲ့ငါအရမ်းအိပ်ချင်နေပြီ၊ ထားလိုက်တော့ ငါဒီနေ့အလုပ်မကြိုးစားတော့ဘူး၊ မနက်ဖြန်ကျမှစဥ်းစားတော့မယ်။"
0687: "...."
"မင်းဘာလို့အများကြီးစားနေအိပ်နေတာလဲ။" ၎င်းကသံသယဖြင့်မေးမိသည်။
"ဖြစ်နိုင်တာက...."
လင်ခုံးလု: "!"
"တိတ်စမ်း၊ မင်းဘာတွေတွေးနေတာလဲ။ ငါဒီတစ်ခေါက်ဇာတ်လိုက်ကျွေးတာမစားခဲ့ဘူးလေ။" သူအမြန်ဖြတ်ပြောလိုက်မိသည်။
၎င်းမှာ"အများကြီးစားတာ၊ အများကြီးအိပ်တာ"ကဗီဇနိုးထခြင်း၏ရှေ့ပြေးနိမိတ်ဖြစ်နိုင်သည်ဟုပြောချင်ရုံသာ။ ဒါပေမဲ့ထားလိုက်တော့၊ Hostကအရင်ဘဝတုန်းကမနိုးထလာခဲ့တာမို့ ဒီဘဝမှာမဖြစ်နိုင်ဘူး၊ ၎င်းအတွေးလွန်သွားတာဖြစ်မယ်။
လင်ခုံးလုကနေ့ဘက်မှာအများကြီးစားပြီး ညဘက်မှာတစ်ဝက်တစ်ပျက်အိပ်ပျော်သွားကာ ရေဆာလာပြန်သည်။
အိပ်ခန်းထဲမှာရေရှိသည်ဟုမနေ့ကလန်ဇယ်သူ့ကိုအသိပေးခဲ့တာကိုမေ့သွားကာ သူနိုးလာချိန်တွင် အိပ်ချင်မူးတူးဖြင့်အောက်ထပ်ဆင်းလာမိပြန်သည်။
လန်ဇယ်၏အိပ်ခန်းမှာအလွန်ကြီးမားလှသည်။ ပထမထပ်ကထမင်းစားခန်း၊ ဧည့်ခန်းနှင့်ပင်မနန်းဆောင်ခန်းမအပြင် အပန်းဖြေဧရိယာပါရှိသည်။ Gym၊ 3Dပြဇာတ်ရုံ အစရှိသဖြင့်အပြင်၊ အပန်းဖြေဧရိယာမှာလည်းရေသူများအတွက်အလွန်သင့်တော်သည့် ရေကူးကန်နှင့်ရေပူစမ်းလည်းရှိသည်။
လန်ဇယ်ကသူ့ကိုယ်ပိုင်ငါးမြှီးကိုမုန်းတာဖြစ်သည်။ သူရေကူးကန်ကိုမြင်လိုက်ရချိန် သူဟာအခုဆိုအသုံးမဝင်သည့်ရေသူတစ်ကောင်ဖြစ်လာပြီဟုတွေးမိကာ ၎င်းတို့ကိုအကုန်ဖယ်နိုင်ပါစေဟုဆုတောင်းမိသည်။
သို့ဖြစ်၍ သူရေသူအဖြစ်နိုးထလာကတည်းက အပန်းဖြေဧရိယာကိုလုံးဝခြေမချသလောက်ပင်။
ဒါပေမဲ့ဒီညလင်ခုံးလုအောက်ထပ်ဆင်းကာရေသွားသောက်ချိန်မှာ အပန်းဖြေဧရိယာမှလာသည့်ရေသံကိုရုတ်ခြည်းကြားလိုက်ရသည်။
သူမနေနိုင်ဘဲရေခွက်ကိုအောက်ချကာ စပ်စပ်စုစုလျှောက်သွားမိသည်။
ရေသံနောက်လိုက်သွားတော့ ရေပူစမ်းခဲမှာတစ်စုံတစ်ယောက်ရှိနေပြီး ၎င်းမှာဒီနေရာနှစ်ခုလုံးကိုအမြဲဖယ်ပစ်ချင်နေသည့်လန်ဇယ်ဖြစ်ကြောင်းမြင်လိုက်ရသဖြင့်အံ့အားသင့်သွားရသည်။
ရေပူစမ်းအလယ်ကိုဖြတ်၍ လင်ခုံးလုရှင်းလင်းစွာမမြင်ရပေ။ လန်ဇယ်၏ငွေရောင်ဆံပင်ကရေထဲမှာပေါလောပေါ်နေတာကိုသာသူမြင်ရသည်။ သူ့မျက်နှာဘေးတိုက်အခြမ်းမှာအေးစက်ကာချုပ်တည်းထားသည်။ သူ့ပုခုံးမှာပိန်ပါးပေမဲ့ အားမနည်းဘဲ ခွန်အားကြီးမားသည်ဟုခံစားလိုက်ရသည်။
ဒါပေမဲ့လင်ခုံးလုကိုမျက်စိမလွှဲနိုင်အဖြစ်စေဆုံးအရာကား တစ်ဖက်လူ၏ငွေဖြူရောင်တောက်ပသောငါးမြှီးဖြစ်သည်။ အမြှီးထိပ်မှာအကြောင်းတချို့ကြောင့်တစ်ဝက်ပျောက်နေသော်ငြား ၎င်းမှာ....
"အကြီးကြီးပဲ၊ လှလိုက်တာ...."
လင်ခုံးလုအလိုလိုရေရွတ်လိုက်မိသည်။
ဒါပေမဲ့ငါးမြှီးပေါ်မှာဘာလို့အမည်းစင်းအပါးတွေအများကြီးရှိနေတာပါလိမ့်?
လန်ဇယ်သူ့အမြှီးကိုရေထဲမှာအမြန်ဝှက်ကာ သတိရှိရှိနောက်လှည့်ကြည့်လိုက်တော့ သူ၏အသစ်စက်စက်သတို့သားကခပ်လှမ်းလှမ်းမှာငတုံးလေးပမာမတ်တပ်ရပ်လျက် သူ့ကိုတုံးအစွာကြည့်နေသည်မှာ နှာဘူးကောင်လေးနှင့်တူနေတာကိုသူမြင်လိုက်ရသည်။
လန်ဇယ်၏မျက်နှာတမဟုတ်ချင်းမည်းမှောင်သွားရကာ အနည်းငယ်ရုပ်ဆိုးသွားရသည်။ သူခပ်တိုးတိုးပြောလိုက်သည်။
"ပြန်သွား။"
သူနှုတ်ဆိတ်နေလိုက်ရင် တစ်ဖက်လူကသူ့ကိုကြည့်ရင်းသွားရည်ကျလာလိမ့်မည်ဟုသူအလေးအနက်သံသယဖြစ်မိသည်။
လင်ခုံးလုရုတ်ခြည်းနိုးလာပြီး သူဟာလန်ဇယ်၏ငါးမြှီးကိုဝိညာဥ်လွင့်သွားသည့်အလားစိုက်ကြည့်နေမိမှန်းသဘောပေါက်သွားကာ သူ့ခေါင်းမှာပူလာပြီးမူးဝေလာပေသည်။
သူဘာဖြစ်နေတာလဲ။ ငါးမြှီးထိန်းချုပ်တာခံလိုက်ရတာလား။ ဒါမှမဟုတ် သူ့ချစ်သူရဲ့အလှတရားကသူ့ကိုသေစေနိုင်လောက်အောင်ဖြစ်သွားစေတာလား။ ချစ်မိသွားသလိုပဲ။
မဟုတ်ဘူး၊ ကူအဆိပ်ကဘဲလူတစ်ယောက်ကိုရူးရူးမိုက်မိုက်ချစ်မိလိမ့်မယ်၊ သူက...ဗိုက်ဆာတာနဲ့ပိုတူသလိုပဲ။
ထူးဆန်းလိုက်တာ၊ ရေသူတွေကိုစားလို့ရလို့လား။
လင်ခုံးလုသူ့ကိုယ်သူဆွံ့အသွားရကာ အနည်းငယ်ရှက်သွားမိသည်။ လန်ဇယ်၏မျက်နှာကမည်းမှောင်သထက်မည်းမှောင်လာတာကိုမြင်လိုက်ရရင်း သူ၏ဖျားနာနေသောခေါင်းကိုဆုပ်ကိုင်လျက် သူအမြန်လှည့်ထွက်လာမိသည်။
သူ"လိမ်လိမ်မာမာလေး"လှည့်ပြေးသွားတာကိုမြင်လိုက်ရရင်း လန်ဇယ်၏မျက်နှာမှာမတိုးတက်ရုံသာမက ပို၍ပင်အရုပ်ဆိုးလာသည်။
သူအကြာကြီးတိတ်ဆိတ်နေမိပြီးမှ သူ့ငါးမြှီးကိုကြည့်ဖို့အလား ကျောက်တုံးပေါ်အားဖြင့်မတင်လိုက်မိသည်။
"ရုပ်ဆိုးလိုက်တာ။" သူမျက်နှာထားမဲ့စွာပြောလိုက်ပြီး အချိန်အတော်ကြာပြီးနောက်စကားလုံးအနည်းငယ်ထုတ်ပြောလိုက်သည်။
"မသန်စွမ်းဖြစ်နေသေးတယ်။"
ဟုတ်တယ်၊ သူ့ငါးမြှီးကမပြည့်စုံပေ၊ ရေယက်တစ်ပိုင်းနှင့်အမြှီးထိပ်၏သေးငယ်သောတစ်ဝက်မှာမရှိပေ။ သူ၏ညာဘက်ခြေသလုံးကဲ့သို့ပင်၊ အသားနှင့်အရိုးအကုန်မရှိတော့ဘဲ သတ္ထုအရိုးစုသာထည့်ထားရသည်။
ဒါပေမဲ့လန်ဇယ်အမြင်မှာ ဒါကရုပ်အဆိုးဆုံးအရာမဟုတ်ပေ။ တကယ်ရုပ်ဆိုးတဲ့အရာကငါးမြှီးပေါ်ကတွန့်လိမ်ကောက်ကွေးနေသည့်အမည်းစင်းများဖြစ်ပြီး ၎င်းမှာရုပ်ဆိုးသောချည်ပိုးကောင်ကသူ့ကိုရစ်ပတ်ထားသည့်ပမာ။
၎င်းတို့မှာသွေးလွှတ်ကြောပေါ်ကအင်းဆက်အဆိပ်ထကြွမှုကြောင့်ကျန်ရစ်ခဲ့သည့်အရာများဖြစ်သည်။ အချိန်ကြာလာသည်နှင့် ဒီအရာများမှာပိုမိုများသထက်များပြားလာပြီး ငါးမြှီးမှာပိုမိုရုပ်ဆိုးသထက်ဆိုးလာသည်။
"သူဒီရုပ်ဆိုးတဲ့ဟာကြောင့်လန့်ပြေးသွားတာဖြစ်ရမယ်။" လန်ဇယ်မျက်မှောင်ကြုတ်ကာပြောမိသည်။
အရင်ဘဝတုန်းကသူဇွဲရှိစွာဖြင့်အရိပ်ထဲမှထွက်ကာ ဧကရာဇ်အဖြစ်ပလ္လင်ဆက်ခံခဲ့ပေမဲ့လည်း အင်းဆက်အဆိပ်ကိုအပြည့်အဝမရှင်းထုတ်နိုင်ခဲ့ပေ။ ထိုဆေးများမှာအင်းဆက်အဆိပ်မထကြွလာအောင်တကယ်တားဆီးပေးနိုင်ပေမဲ့ ၎င်းတို့ကသာမန်အင်းဆက်အဆိပ်ကိုသာရည်ရွယ်ခြင်းဖြစ်သည်။
သူမိထားသည့်အဆိပ်ကအင်းဆက်ဘုရင်၏အဆိပ်ဖြစ်သဖြင့် ဖြေရှင်းလျက်လုံးဝမရှိမှန်းသူကိုယ်တိုင်သာသိသည်။
ဒီတော့ ဆေးလိမ်းတာနဲ့မလိမ်းတာဘာကွာသွားလို့လဲ။
လင်ခုံးလုအိပ်ခန်းဆီပြန်လာပြီး ရေခွက်ကြီးတစ်ခွက်သောက်ပစ်ကာ သူ့ကိုယ်သူစိတ်ငြိမ်သွားအောင်သူ့ခေါင်းကိုအပြင်းအထန်ပွတ်လိုက်မိသည်။
"ငါမူမမှန်ဘူး။" သူပြောလိုက်ပေမဲ့တန့်သွားပြီးမှစနစ်ကိုပြောလိုက်သည်။
"ဒါပေမဲ့လန်ဇယ်ရဲ့ငါးမြှီးကဘာဖြစ်တာလဲ။ အဲ့အမည်းစင်းတွေက..."
"အင်းဆက်အဆိပ်ပဲ။" 0687ကဆိုသည်။
"ဒီတော့ငါတို့သူ့ကိုအမြန်ဆုံးကုသမှုခံယူအောင်စည်းရုံးရမယ်။"
"အဲ့လိုကိုး။" လင်ခုံးလုမျက်မှောင်ကြုလိုက်မိပြီး တစ်ဖက်လူ၏အမြှီးထိပ်တစ်ဝက်ပျောက်နေတာတွေးမိသွားရာ ဒီကိစ္စနှောင့်နှေးလို့မဖြစ်မှန်းခံစားလိုက်ရသည်။
ငါ့ချစ်သူကငါ့ကိုနာကျင်စေတယ်၊ ဒါပေမဲ့သူခုနကသူ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့မိသလိုပဲ၊ ငါဘာလုပ်ရမလဲ။
ရုတ်တရက်သူ့မှာအတွေးတစ်ချက်ပေါ်လာပြီး အရင်ကမ္ဘာကမျက်လုံးနီကျန့်ကိုတွေးမိသွားသည်။
"ငါသူအိပ်ပျော်တာကိုစောင့်ပြီး သူ့ကိုတိတ်တိတ်လေးဆေးသွားလိမ်းပေးလိုက်လို့ရတယ်။" လင်ခုံးလုမေးစေ့ပေါ်လက်တင်ကာပြောလိုက်သည်။
"ကောင်းသားပဲ။" 0687ကချက်ချင်းသက်တန့်လေများလွှတ်လိုက်သည်။
"သူသိသွားရင် သူ့နှစ်သက်မှုနှုန်းတိုးလာနိုင်သေးတယ်။"
အဲ့ဒါကသူပြောတာဖြစ်ပေမဲ့ တကယ်လုပ်ရတော့မည့်အချိန်မှာ သူအခွင့်အရေးရှာမရမှန်းလင်ခုံးလုသိလိုက်ရသည်။
လန်ဇယ်ကသူ့ကိုရှောင်နေပုံရသည်။ သူမနက်အိပ်ရာထလာချိန် တစ်ဖက်လူကမနက်စာစားပြီးသွားပြီဖြစ်သည်။ သူအပေါ်ထပ်တက်လာချိန် တစ်ဖက်လူကအောက်ထပ်မှာရှိနေပြီး သူအောက်ထပ်ဆင်းသွားရင် တစ်ဖက်လူကအပေါ်ထပ်တက်သွားသည်....
အရေးကြီးဆုံးအရာမှာသူညလယ်ခေါင်အထိမျက်လုံးဖွင့်ကာစောင့်နေလိုက်တော် တစ်ဖက်လူကတစ်နေရာရာမှာသွားအိပ်တာကိုသာသိလိုက်ရသည်။
လင်ခုံးလု: "ငါသူ့အမြှီးကိုပဲကြည့်လိုက်မိတာမဟုတ်ဘူးလား၊ သူဘာလို့အဲ့လောက်ရှက်သွားတာတုန်းဟ?"
0687: "စိတ်မလုံခြုံမှုကြောင့်ဖြစ်နိုင်တယ်။" အဆုံးမှာတော့အမြှီးကမပြည့်စုံပေ။
"မဖြစ်နိုင်ဘူး။" လင်ခုံးလုချက်ချင်းငြင်းလိုက်မိသည်၊ သူ့ချစ်သူကဒီလောက်ထိရှလွယ်လိမ့်မည်မဟုတ်။
ဒီလိုနှင့်သုံးရက်ကြာသွားပြီး သုံးရက်မြောက်ညမှာ လန်ဇယ်အိပ်နေစဥ်လန်ဇယ်၏အခန်းထဲခိုးဝင်ဖို့လင်ခုံးလုအခွင့်အရေးရှာတွေ့သွားသည်။
ဟုတ်တာပေါ့၊ တံခါးလော့ခ်နံပါတ်ကူဖော်ပေးသည့်0687ကိုကျေးဇူးတင်ရမည်။
အခန်းမှာအလွန်မှောင်မည်းနေပေမဲ့ လင်ခုံးလု၏အမြင်အာရုံမှာအံ့သြစရာကောင်းလောက်အောင်ကောင်းမွန်လှပြီး သူကအမှောင်ထဲမှာရှင်းလင်းစွာမြင်နိုင်သည်။ သူကသေချာသောပန်းတိုင်နှင့်အတူပြတင်းပေါက်ထံလျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ ငါးမြှီးကိုအုပ်ထားသည့်စောင်အပါးကိုတိတ်တိတ်လေးပင့်ကြည့်လိုက်သည်။
သူမမြင်နိုင်သည့်စောင်အောက်မှာ လန်ဇယ်ကရုတ်တရက်လက်သီးတင်းတင်းဆုပ်လိုက်သည်။
ကြည့်ရတာတော့လန်ဇယ်မှာလုံးဝအိပ်ပျော်နေပုံမရပေ။ ဒီရက်ပိုင်းလင်ခုံးလုတစ်ခုခုမှားနေမှန်းသူအာရုံခံမိသဖြင့် တမင်သက်သက်မထူးခြားမခြားနားဖြစ်ချင်ယောင်ဆောင်ကာ ဒီအကြံသမားလေးဘာလုပ်မလဲကြည့်ချင်နေမိသည်။
ဒါပေမဲ့တစ်ဖက်လူကသူ့ငါးမြှီးကိုကြည့်ဖို့ သူ့အခန်းထဲတိတ်တိတ်လေးခိုးဝင်လာလိမ့်မည်ဟုမထင်ထားမိပေ။
ဒီအကြံသမားလေးဘာလုပ်မလို့လဲ။
တစ်ဖက်လူမှာအရင်ဘဝတုန်းကဒီလိုအရာမျိုးလုပ်ခဲ့ပုံရမှန်းလန်ဇယ်ရုတ်ခြည်းသတိရသွားသည်။ ထိုအချိန်တုန်းက သူကသူ့ဒေါသကိုပုံချဖို့သူ့ကိုနှိပ်စက်ညှင်းပန်းချင်ပေမဲ့ သတ္တိမရှိတာမို့ ညဘက်မှာသူ့ငါးအကြေးခွံကိုတိတ်တိတ်လေးလာဆွဲခွာခဲ့သည်။
ထိုအချိန်တုန်းကသူကိုမာဝင်နေသဖြင့် အကြံသမားလေးလာသွားမှန်းမသိခဲ့ပေ။ နောက်ပိုင်းတစ်ဖက်လူထွက်ပြေးသွားသည့်အချိန်မှသာ အကြံသမားလေးကသူ့အခန်းထဲတိတ်တိတ်လေးခိုးဝင်ခဲ့မှန်းအစေခံပြောတာကိုသူကြားလိုက်ရသည်။
ဒီတော့ ဒီတစ်ခေါက်အကြံသမားလေးရောက်လာတာက သူ့အကြေးခွံကိုထပ်ပြီးဆွဲခွာချင်လို့လား။
လင်ခုံးလုသာသူစဥ်းစားနေသည့်အရာကိုသိရင် သေချာပေါက်တရားမမျှတမှုအတွက်ငိုယိုမိလိမ့်မည်ပင်။ သူ့အရင်ဘဝကဇာတ်ညွှန်းထဲမှာ သူဟာတကယ်ဇာတ်လိုက်၏အကြေးခွံကိုဆွဲခွာပြီး သူ့ဒေါသဖြေသိမ့်ခိုင်းခဲ့ပေမဲ့ သူကသွေးကြောက်တတ်သည်ပင်။
အကြေးခွံဆွဲခွာလိုက်ရင်သွေးထွက်မှာလား။
ဒီတော့သူတုံ့ဆိုင်းသွားရပြန်ကာ နောက်ဆုံးအမှောင်ထဲမှာ ဇာတ်လိုက်၏အိပ်ခန်းထဲခိုးဝင်ပြီး ငါးမြှီးကိုထိကာ သဘာဝအလျောက်ကွာကျတော့မည့်အကြေးခွံတစ်ခုကိုထိကာ ဆွဲကိုင်ပြီးပုန်းကာထွက်လာခဲ့မိသည်။ ထို့နောက်ခိုးရာလိုက်မပြေးမီ သူဟာသူ့ဒေါသကိုဖြေသိမ့်ဖို့ တမင်ရည်ရွယ်ချက်ရှိရှိအကြေးခွံကိုဆွဲခွာခဲ့သည်ဟုအစေခံကိုပြောပြကာ သူ့တာဝန်ပြီးဆုံးသွားခဲ့သည်။
ဒါပေမဲ့ဒီအခိုက်အတန့်မှာ လင်ခုံးလုဒါကိုမစဥ်းစားနိုင်ပေ။
သူစောင်အပါးကိုပင့်တင်ပြီးသည်နှင့် ဆေးအမှုန့်ကိုထုတ်ကာ ငါးမြှီးပေါ်ဖြန်းပေးလိုက်သည်။
ဒါပေမဲ့သူဖြန်းနေရင်းဖြင့် တစ်ခုခုမှားနေမှန်းရုတ်ခြည်းခံစားလိုက်ရသည်။ ဒီလှုပ်ရှားမှုက.... အရသာမှုန့်ဖြူးတာနဲ့ဘာလို့တူနေတာပါလိမ့်?
မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး!
သူခေါင်းအသည်းအသန်ခါရမ်းကာ ဒီထူးဆန်းသောအတွေးကိုဖယ်ရှားဖို့ကြိုးစားလိုက်ပေမဲ့ သူ့ခေါင်းကပူစပြုလာပြန်တာကိုခံစားလိုက်ရပြီး သူ့မျက်လုံးများကငါးမြှီးပေါ်ရောက်သွားချိန်တွင် သွားရည်စကျလာတော့သည်။
လင်ခုံးလု: "...." ပိုကောင်းနိုင်အုံးမလား။
လေးလေးနက်နက်ရှိစမ်းပါ၊ မင်းကငါးကိုကယ်နေတာ၊ ချက်နေတာမဟုတ်ဘူး။
သူ့ရင်ထဲမှာသူ့ကိုယ်သူအလျင်စလိုသတိပေးလိုက်ပေမဲ့ သူဆေးမှုန့်ဖြူးပြီးနောက် လက်ချောင်းများဆန့်ထုတ်ကာခပ်ဖွဖွလိမ်းပေးလိုက်သည်....
သေစမ်း! တကယ်အရသာမှုန့်ဖြူးနေသလိုပဲ၊ နောက်တစ်ဆင့်ကဒယ်အိုးထဲမှာကြော်ဖို့...အာ မဟုတ်ဘူးလေ!
လင်ခုံးလုခေါင်းအမြန်ခါလိုက်ရပြန်ကာ သူ့လက်ကငါးမြှီးကိုထိလိုက်ချိန်တွင် သူ့ခေါင်းမှာသိသိသာသာကိုပိုပူလာပြီး သူ့ခေါင်းထိပ်မှာတစ်ခုခုထွက်လာမည့်နှယ်၊ ထွက်လာတော့မယ်၊ ထွက်လာတော့မယ်....
"!!!" 0687ရုတ်ခြည်းထခုန်လိုက်မိကာ သူ့ခေါင်းထဲမှာထိတ်လန့်အံ့အားသင့်စွာအော်ပြောလိုက်သည်။
"ဖာ့ခ်၊ Host၊ မင်းမှာကြောင်နားရွက်တွေထွက်လာတယ်!"
လင်ခုံးလု၏စိတ်မှာဖရိုဖရဲဖြစ်လာပြီး မနေနိုင်ဘဲပါးစပ်ဟကာငါးမြှီးနားကပ်သွားလိုက်မိသည်။ ဒါကိုကြားလိုက်ရတော့ သူရုတ်ခြည်းနိုးလာကာအချိန်မီရပ်တန့်လိုက်ပေမဲ့ ကိုယ့်လျှာဖျားကိုယ်မတော်တဆကိုက်မိသွားသည်။
"ဖာ့ခ်၊ နာတယ်ဟ!"
သူတမဟုတ်ချင်းအော်ပြောလိုက်မိပြီး နှစ်စက္ကန့်ကြာမှမေးလိုက်မိသည်။
"မင်းခုနကဘာပြောလိုက်တာ?"
"ငါပြောလိုက်တာကမင်းမှာကြောင်နားရွက်တွေထွက်လာတယ်လို့၊ အမွှေးဖွဖွာနားရွက်လေးတွေဆိုတော့ မင်းကကြောင်ဗီဇနိုးထလာတာပဲ။"
0687မှာလည်းရှော့ခ်ရနေလေသည်။
လင်ခုံးလု: "!!!"
သူအမြန်လက်မြှောက်ကာသူ့ခေါင်းကိုထိကြည့်မိတော့ ဖာ့ခ်၊ တကယ်ကြီး အမွှေးဖွာဖွာနားရွက်နှစ်ဖက်ရှိနေတယ်ဟ။
သူအလိုလိုနားရွက်များကိုလှုပ်ခါကြည့်မိတော့ သေချာတာပေါ့၊ အမွှေးဖွာဖွာလေးကသူ့လက်ဖဝါးထဲမှာလှုပ်ခါသွားသည်။
လှုပ် လှုပ်နေသေးတယ်လား။
လင်ခုံးလု၏စိတ်ကူးထဲမှာ သွေးကန်ဗလာကျင်းသွားပြီ၊ ဒီတော့ တကယ်သွေးပြန်ဖြည့်ချင်နေပြီ။*
ဒါပေမဲ့ထိုစဥ် မီးရုတ်တရက်ပွင့်လာကာ လန်ဇယ်ကထထိုင်ပြီး မျက်နှာအမူအရာကင်းမဲ့စွာဖြင့် သူ့လေသံထဲမှာအန္တရာယ်တစ်စွန်းတစဖြင့်မေးလာသည်။
"မင်းဘာလုပ်နေတာလဲ။"
လင်ခုံးလု: "!"
သူ့ကြောင်နားရွက်လေးနှစ်ဖက်ကိုအလိုလိုခပ်တင်းတင်းအုပ်လိုက်မိချေသည်။
_________________________