လင်ခုံးလုကြောင်အမ်းသွားရသည်။ လန်ဇယ်တစ်ယောက်ညလယ်ခေါင်ကြီးနိုးလာလိမ့်မည်ဟုသူလုံးဝမမထင်ထားမိပေ။ သူထပြီးမီးဖွင့်လိုက်တော့ သူ၏ထွက်လာခါစကြောင်နားရွက်လေးမှာပေါ်သွားလုနီးပါးဖြစ်သွားသည်။
0687: "...သူကငါးသေမှမဟုတ်တာ မင်းကသူ့ကိုငါးနယ်သလိုနှိပ်ပေးနေတော့ သူမနိုးလာဘဲနေမလား။"
လင်ခုံးလုမှာစနစ်နှင့်စကားများဖို့အချိန်မရှိပေ၊ လန်ဇယ်၏မျက်လုံးများအေးစက်သထက်အေးစက်လာတာကိုသူမြင်လိုက်ရသဖြင့် အလျင်စလိုရှင်းပြလိုက်မိသည်။
"ကျွန်တော်အရသာမှုန့်လာဖြူး...အဲလေ၊ ကျွန်တော်ခင်ဗျားကိုဆေးလာထည့်ပေးတာရယ်။"
ပြောပြီးနောက် သူတစ်ဖက်လူ၏ငါးမြှီးကိုတစ်ချက်ခိုးကြည့်လိုက်မိသည်။ အလင်းရောင်အောက်မှာ ငွေရောင်ငါးမြှီးကပို၍ပင်လှပလို့နေပြီး အကြေးခွံတိုင်းမှာငွေရောင်တောက်လျက် ငါးဝမ်းဗိုက်မှာပုလဲပမာဖြူဖွေးနေပြီး ပထမဆုံးအကြည့်တစ်ချက်တည်းဖြင့်အလွန်နူးညံ့မည့်ပုံပင်၊ ကိုက်လို့ကောင်း....အဟမ်း။
လင်ခုံးလု"တံတွေး"မျိုချလိုက်မိပြီး သူ့လက်ဖဝါးအောက်မှာအုပ်ခံထားရသည့်နားရွက်လေးနှစ်ဖက်မှာထိန်းချုပ်မရအောင်တုန်ရီလျက် သူ့မြှီးညှောက်ရိုးမှာပူနွေးလာသည်မှာ ထူးဆန်းသောအရာတစ်ခုခုထွက်လာတော့မည့်အလား။
"?!" သူ့မှာကြောင်မြှီးရှိလာမှာလား။
သေစမ်း! သူဟာအခုဆိုကြောင်တစ်ကောင်ဖြစ်လာပြီး ခုနကငါးမြှီးကိုကိုက်ချင်နေခဲ့မှန်းသူလန်ဇယ်ကိုလုံးဝသိခွင့်ပေးလို့မဖြစ်ပေ။
လင်ခုံးလုဆက်မနေရဲတော့ပေ၊ လန်ဇယ်၏မျက်နှာပိုမိုရုပ်ဆိုးလာတာကိုအရေးမစိုက်တော့ဘဲ "ကောင်းကောင်းအနားယူပါနော်"ဟုပြောကာ ကြောင်လေးပမာ သူ့ခေါင်းပေါ်လက်မောင်းများတင်လျက်ချက်ချင်းအပြေးလေးလှည့်ထွက်လာခဲ့လိုက်သည်။
သူရွေးချယ်စရာမရှိဘဲအသားကုန်ပြေးလိုက်ရသည်၊ သူ့မှာထွက်လာတောမဲ့အမြှီးကိုအုပ်ကာဖို့တတိယမြောက်လက်မရှိလေတော့။
ဒါပေမဲ့ကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း သူ့မှာပေါ့ပါးကာပျော့ပြောင်းသောခန္ဓာကိုယ်ရှိလာကာ သူ၏အရှိန်မှာအတော်လေးလျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာအဝေးရောက်သွားမှန်းသူပြောရပေမည်။
ကောင်လေး၏ပုံရိပ်ချက်ချင်းပျောက်သွားတာကိုမြင်လိုက်ရသော် လန်ဇယ်မျက်မှောင်ကြုတ်မိသည်။
အစကတစ်ဖက်လူဟာသူ့အကြေးခွံကိုဆွဲခွာခြင်းအားဖြင့် ဒီမှာသူ့ဒေါသကိုလာဖြေသိမ့်သည်ဟုသူတွေးခဲ့မိပေမဲ့ အခုကြည့်ရတာတော့ သိသိသာသာကိုအဲ့လိုဖြစ်ပုံမပေါ်ပေ။
အကြံသမားလေးကသူ့ငါးမြှီးကိုထိကြည့်နေပြီး ခုနကသူမီးဖွင့်ကြည့်လိုက်တော့ တစ်ဖက်လူကသူ့(ငါးမြှီး)ကိုစွဲလမ်းစွာစိုက်ကြည့်ကာ သူ့ကိုဆေးလာထည့်ပေးသည်ဟုဆိုလာသည်။
လန်ဇယ်မှာသူ့ငါးမြှီးကိုမျက်နှာသေဖြင့်ကြည့်လိုက်မိသည်၊ ဒီလိုရုပ်ဆိုးပြီး မပြည့်စုံတဲ့အပြင် တွန့်လိမ်ကောက်ကွေ့နေတဲ့အင်းဆက်အဆိပ်ချည်တွေယှက်ဖြာနေတဲ့ဟာကို... ဒါကိုကြောက်ဖို့ကောင်းတယ်လို့အကြံသမားလေးကမထင်ဘူးလား။
သူမျက်လွှာချလိုက်မိပြီး သူ့မျက်နှာထားမှာမှောင်မိုက်လျက်၊ တစ်အောင့်ကြာသော် သူရုတ်ခြည်းလက်မြှောက်ကာလင်ခုံးလုထိသွားသည့်နေရာကိုသူ့လက်ချောင်းထိပ်တို့ဖြင့်အသာထိကြည့်မိတော့ ငါးမြှီးပေါ်မှာကျန်ရစ်ခဲ့သည့်အမှုန့်တချို့ပေသွားပြီး ထို့နောက်သူ့နှာခေါင်းနားတိုးကပ်ကာ အသာအနံ့ခံကြည့်လိုက်သည်။
တကယ့်ဆေးလား။
လန်ဇယ်၏မျက်လုံးထဲမှာအံ့အားသင့်မှုတစ်ချက်ဖြတ်ပြေးသွားရသည်။ ရေသူတစ်ယောက်၏အနံ့ခံနိုင်စွမ်းမှာအလွန်စူးရှထက်မြက်သဖြင့် အကြံသမားလေးကလိမ်ပြောတာမဟုတ်ဘဲ သူ့ကိုတကယ်ဆေးလာထည့်တာမှန်းသူချက်ချင်းသိလိုက်သည်။
ညလယ်ခေါင်ကြီး သူ့ကိုတိတ်တိတ်လေးဆေးလာခိုးထည့်ပေးပြီးတော့ ရှက်သွေးဖြာပြီး စွဲလမ်းမက်မောနေတဲ့မျက်လုံးတွေနဲ့....
အမိခံလိုက်ရတုန်းကအကြံသမားလေး၏တုံ့ပြန်မှုကိုပြန်တွေးကြည့်မိတော့ လန်ဇယ်မှာမျက်နှာထက်ထူးဆန်းသောအကြည့်ဖြင့် မျက်လုံးအသာမှေးစင်းလိုက်မိသည်။
အကြံသမားလေးက....သူ့ကိုတကယ်ကြိုက်တာလား။
လင်ခုံးလုမှာအိပ်ခန်းဆီကိုတောက်လျှောက်ပြေးသွားပြီး တံခါးကို"ဘန်း"ခနဲပိတ်ကာ ပင့်သက်အနည်းငယ်ရှိုက်လိုက်ပြီးမှ ကြောင်နားရွက်လေးများကိုအုပ်ထားသည့်သူ့လက်ကိုအောက်ချလိုက်သည်။
သူ့ဘောင်းဘီထဲမှာအမွှေးဖွာတာတစ်ခုခုလှုပ်ရှားနေတာကိုသူခံစားလိုက်ရတယ်၊ ယားလိုက်တာ!
သူရှက်သွေးဖြာသွားရကာ သူ၏ရှက်ရွံမှုကိုသည်းခံပြီး အံကြိတ်လျက်သူ့လက်ကိုအထဲလျိုဝင်လိုက်သည်... ထို့နောက်၊ သေချာတာပေါ့၊ သူကြောင်အမြှီးကိုဆွဲထုတ်လိုက်သည်။
လင်ခုံးလု: အဲ့ဒါက...အညိုရောင်ဖျော့ဖျော့လေး၊ အမွှေးဖွာဖွာလေးနဲ့ဆိုတော့ အတော်လေးချစ်ဖို့ကောင်းတယ်ရော်။
သူအမြှီးထိပ်ကိုအလိုလိုဆွဲဆိတ်ကြည့်မိတော့....
"ရှစ်၊ နာတယ်ဟ!" အတည်ပြုလိုက်ပြီ၊ အဲ့ဒါကသူ့ဟာပဲ။
သူသန့်စင်ခန်းဆီပြေးသွားလိုက်သည်။ ရှည်လျားသောအလျားအပြည့်မှန်ထဲတွင် လူငယ်လေးမှာထူးကဲသောမျက်ခုံးများရှိပေမဲ့ သူ့မျက်နှာမှာရှက်သွေးဖြာနေပြီး သူ၏သစ်အယ်သီးဆံပင်တိုမှာအနည်းငယ်နူးညံ့ပျော့ပြောင်းကာပွယောင်းလို့နေကာ သူ့ဆံပင်နှင့်အရောင်တူကြောင်နားရွက်လေးနှစ်ဖက်မှာသူ့ခေါင်းထက်မှတိတ်တိတ်လေးထောင်ထွက်လျက်။
လင်ခုံးလုနားရွက်များကိုခါလိုက်တော့ မှန်ထဲကကြောင်နားရွက်များမှာလည်းလှုပ်ခါသွားသည်။ လင်ခုံးလုသူ့နားရွက်များကိုခေါင်းနောက်ကပ်လိုက်တော့ မှန်ထဲကကြောင်နားရွက်လေးများမှာခေါင်းနောက်ကပ်သွားကာ လေယာဉ်ပျံနားရွက်များအဖြစ်ပြောင်းသွားလေတော့သည်။
လင်ခုံးလု: "..." အမှန်တော့တော်တော်လေးချစ်စရာကောင်းပြီးရယ်စရာကောင်းတယ်။
သူနောက်ဆုံးမအောင့်အီးနိုင်တော့ဘဲ သူ၏ကောက်ကျစ်သောလက်များကိုဆန့်ထုတ်ကာ သူ့ခေါင်းထက်ကကြောင်နားရွက်များပေါ်ခပ်ပြင်းပြင်းပွတ်သပ်လိုက်မိသည်။
ဖာ့ခ်၊ ငါငိုမိတော့မယ်၊ ဘာလို့ဒီလောက်ပွတ်လို့ကောင်းရတာလဲဟာ? အမွှေးဖွာဖွာလေးဆိုတော့ ထိတွေ့ရတာသိပ်ကောင်းလွန်းပြီးတော့ နားရွက်လေးတွေကဘယ်ညာယိမ်းနေတာကွာ။
0687: "...." မင်းနားရွက်တွေနီရဲလာပြီ၊ ဟေ့ကောင်!
လင်ခုံးလုမှာသူ့နားရွက်များပူလောင်လာသည်အထိဆက်တိုက်ပွတ်သပ်နေမိပြီး နောက်ဆုံးသူ၏စွဲလမ်းမှုကိုအပြီးသတ်လိုက်သည်။ သူ"ကိုယ့်ကိုယ်ကိုဖျက်ဆီးသည့်"အမူအကျင့်ကိုချက်ချင်းရပ်တန့်ကာ တည်ငြိမ်စွာမေးလိုက်သည်။
"ငါဘယ်လိုလုပ်ကြောင်ဗီဇနိုးထလာတာလဲ။ ပြီးတော့..."
သူအနောက်ကအမြှီးလေးကိုခါလျက် ခေါင်းလှည့်ကြည့်ကာပြောလိုက်သည်။
"ငါဒီဟာကိုဘယ်လိုပြန်ပြောင်းရမလဲ။"
ကြောင်နားရွက်ကအဆင်ပြေပေမဲ့ ကြောင်မြှီးကတော့...နည်းနည်းထားရခက်တယ်၊ ငါဘောင်းဘီအနောက်မှာအပေါက်ဖောက်ပြီးမထားနိုင်ဘူးနော်။
"အရင်ကမ္ဘာအနည်းငယ်ကဇာတ်လိုက်တွေကမင်းကိုစိတ်စွမ်းအားပေးခဲ့လို့ မင်းကိုပိုသန်မာလာစေပြီးမင်းခန္ဓာကိုယ်ကိုသက်ရောက်သွားတာဖြစ်နိုင်တယ်။ ပြီးတော့ဒီခန္ဓာကိုယ်မှာA-အဆင့်စွမ်းရည်နိုးထမှုရှိတဲ့အပြင် ဇာတ်လိုက်ရဲ့ငါးမြှီးလှုံ့ဆော်တာခံလိုက်ရတာကြောင့်လည်းပါလောက်တယ်...."
0687မှာဘာဖြစ်ကုန်မှန်းတကယ်ဖော်ထုတ်မရတော့ပေရာ အကောင်းဆုံးကြိုးစားစမ်းစစ်ကြည့်ပြီး နောက်ဆုံးမှာပြောလိုက်သည်။
"ပုံမှန်ဆို မင်းပြောင်းချင်ရင်ပြန်ပြောင်းလို့ရတယ်။ အဲ့အကြောင်းကြိုးစားစဥ်းစားကြည့်လိုက်။"
လင်ခုံးလုမျက်စိမှိတ်ကာ အတတ်နိုင်ဆုံးကြိုးစားတွေးကြည့်လိုက်သည်။ ဒါပေမဲ့မျက်နှာမှာတော့သူဟာဝမ်းချုပ်နေသည့်အလား သူ့နားရွက်နှင့်အမြှီးကပြန်မပျောက်သွားပေ။
"?" သူ့မျက်နှာထက်မေးခွန်းသကေ်တနှင့်အတူ သူ့မျက်လုံးဖွင့်ကြည့်လိုက်မိသည်။
0687: "...."
"မင်းရဲ့စိတ်ပိုင်းဆိုင်ရာအုတ်မြစ်ကအားနည်းလွန်းပြီးတော့ ကြောင်ဗီဇကသန်မာလွန်းတာမို့ နိုးထလာပြီးနောက်ပိုင်းမှာ ကြောင်ရဲ့သဘာဝစရိုက်ကလက်တစ်ကမ်းသာနေပြီးတော့ ကိုယ့်ကိုယ်ကိုထိန်းချုပ်မရဖြစ်သွားတာနေမယ်။"
စနစ်ကတုံ့ဆိုင်းသွားသည်။
ထို့နောက်အကြုံပြုလိုက်သည်။
"အဲ့ဒါကိုထိန်းသိမ်းဖို့ ပုံမှန်အချိန်တွေမှာလေ့ကျင့်ခန်းပိုလုပ်ရမယ်။ ဒါမှမဟုတ် ဇာတ်လိုက်ဘေးမှာမကြာခဏနေပြီးတော့ သူ့ငါးမြှီးကိုပိုကြည့်လိုက်၊ အကြည့်များသွားရင်မင်းကျင့်သားရသွားလောက်တယ်။ ဒါကို'ဝေဒနာလျော့ပါးစေတဲ့ကုထုံး'လို့ခေါ်တယ်၊ သဘာဝစရိုက်ကိုကျော်လွှားနိုင်ဖို့အကြောင်းပြချက်သုံးလိုက်လေ။ ကျားယို့၊ မင်းလုပ်နိုင်ပါတယ်!"
လင်ခုံးလု: "...."
သူတိုက်ရိုက်လက်မြှောက်ကာ ကြောင်နားရွက်များကိုခပ်ပြင်းပြင်းဖိချပစ်လိုက်တော့...အရမ်းကောင်းတယ်၊ ကြောင်နားရွက်တွေပြန်ဝင်သွားပြီ။ ထို့နောက် မြှီးညှောက်ရိုးပေါ်ခပ်ပြင်းပြင်းဖိပစ်လိုက်တော့၊ အရမ်းကောင်းတယ်၊ အမြှီးပြန်ဝင်သွားပြီ။
လင်ခုံးလု: "ဒီလိုဆိုမရိုးရှင်းဘူးလား။"
0687: "အာ။" အရမ်းကြမ်းတမ်းတာပဲဟယ်။
ကြောင်နားရွက်နှင့်အမြှီးပြဿနာကိုရှင်းပြီးနောက် လင်ခုံးလုနောက်ဆုံးခြေလက်ဆေးကြောကာအိပ်ရာဝင်လိုက်သည်။
ဒါပေမဲ့သူအိပ်ရာပေါ်မှာလှဲနေရင်း လန်ဇယ်ကိုအလိုလိုတွေးမိသွားရပြန်သည်။
ကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း သူအခုတလောဘာကြောင့်ငါးစားရတာကြိုက်နေမှန်း၊ သူလန်ဇယ်၏ငါးမြှီးကိုမြင်လိုက်ရချိန်တိုင်းဘာကြောင့်လမ်းမလျှောက်နိုင်ဖြစ်သွားကာ သွားရည်ကျလာပြီးသူ့ခေါင်းပူလာရမှန်း သူနောက်ဆုံးတော့နားလည်သွားရပြီ။
စနစ်ပြောတာမှန်တယ်၊ သူဟာတကယ့်ကိုကြောင်ဗီဇရဲ့အလေးအနက်လွှမ်းမိုးတာခံထားရတော့ ကြောင်တစ်ကောင်ရဲ့မသိလိုက်မသိဘာသာအပြုအမူတို့ကိုထိန်းချုပ်နိုင်စွမ်းမရှိဘူး၊ ဥပမာ...သူခုနကလန်ဇယ်အခန်းထဲမှာရှိနေတုန်းကဆိုရင် သူတစ်ဖက်လူရဲ့ငါးမြှီးကိုကိုက်မိတော့မလိုပဲ။
လင်ခုံးလုသူ့မျက်နှာကိုမအုပ်မိဘဲမနေနိုင်ပေ၊ မဖြစ်ဘူး၊ သူ့သဘာဝစရိုက်ကိုမထိန်းချုပ်နိုင်ခင် သူကြောင်ဗီဇနိုးထလာမှန်းလန်ဇယ်ကိုလုံးဝသိခွင့်ပေးလို့မဖြစ်ဘူး။
လန်ဇယ်ကသူ့ကိုမကြိုက်သေးဘူး၊ သူငွေရောင်ငါးမြှီးကိုတပ်မက်နေပြီး ငါးမြှီးကိုသွားရည်ပါယိုနေမှန်း ၊ ဒါမှမဟုတ် ဝါးပါဝါးစားချင်နေမှန်း တစ်ဖက်လူသာသိသွားလို့ရှိရင် သူ့ကိုအရေခွံမနွှာဘဲနေမယ်တဲ့လား။
လင်ခုံးလုမှာဒီအတွေးကြောင့်ကြောက်လန့်သွားရကာ နောက်ဆုံးအိပ်ပျော်သွားပြီးနောက် သူအိပ်မက်မက်တော့သည်၊ သူဟာကြောင်တစ်ကောင်အဖြစ်အပြည့်အဝပြောင်းလဲသွားပြီး လန်ဇယ်ကသူ့ကိုဂုတ်ပိုးကဆွဲကာကောက်မသွားပြီး ကောက်ကျစ်သောလေသံဖြင့်ခြိမ်းခြောက်လာသည်။
"ငါ့ငါးမြှီးကိုထပ်ကိုက်ရဲရင် ငါမင်းအမြှီးကိုချိုးပစ်မယ်!"
လင်ခုံးလုမှာကြောက်လွန်းလို့ သူ့အမြှီးလေးကိုသူ့ဝမ်းဗိုက်ပေါ်အမြန်တင်ကာ သူ့နောက်ခြေများကိုပါတင်ပြီးအမြှီးကိုဝှက်လိုက်သည်။ ဒါပေမဲ့အိပ်မက်ထဲကလန်ဇယ်ဟာသူ့ကိုအလွတ်မပေးဘဲ မည်းမှောင်သောမျက်နှာဖြင့်ဆိုလာသည်။
"အမြီီးကိုထုတ်လိုက်။"
ကြောင်လေးလင်: "ထုတ်ဝူး။"
လန်ဇယ်: "ထုတ်လိုက်စမ်း!"
ကြောင်လေးလင်: "ထုတ်ဝူး!"
လန်ဇယ်ကလက်ဆန့်ကာသူ့အမြှီးကိုလှမ်းဆွဲလိုက်တော့ ကြောင်လေးလင်မှာ"မြှောင်"ခနဲနိုးလာတော့သည်။
"ဖာ့ခ်!" လင်ခုံးလုနာရီအလန်းမ်မှားလုပ်ထားတာဖြစ်ပြီး ခပ်မြန်မြန်ထရပ်ကာ သူ့နှဖူးကချွေးကိုသုတ်ပစ်လိုက်ရသည်။
ထိုစဥ် ဆက်သွယ်ရေးစက်ကအဝင်ကောလ်မြည်သံထွက်လာသည်။
လင်ခုံးလုနှိပ်ကြည့်လိုက်တော့ မြောင်ယာဖြစ်ကြောင်းမြင်လိုက်ရသည်။ သူခပ်မြန်မြန်လက်ခံကာမေးလိုက်သည်။
"မား? ဒီလောက်အစောကြီးဘာကိစ္စရှိလို့လဲ။"
"ငါ့မှာကိစ္စမရှိရင်မင်းကိုခေါ်လို့မရဘူးလား။"
မြောင်ယာကပြစ်တင်ပြောဆိုလာသည်။
"ပြီးတော့ မနက်စာစားချိန်တောင်ကျော်နေပြီကို ဘယ်မှာစောနေသေးလို့တုန်း?"
"အမ်၊ ဒါပေမဲ့ကျွန်တော်ကခုမှနိုးတာကို။"
လင်ခုံးလုကောင်းကောင်းမအိပ်ရသဖြင့် သူ့အသံမှာအက်ရှလျက်။
မြောင်ယာမှာသိသိသာသာကိုအထင်လွဲသွားကာ မဝံ့မရဲမေးလာသည်။
"မင်း မင်းသား၂နဲ့sexလုပ်နေတာလား။"
လင်ခုံးလု: "...."
"ရိုင်းစိုင်းတဲ့ခန့်မှန်းချက်တွေမလုပ်ပါနဲ့ဗျာ။" သူချက်ချင်းပြောလိုက်ရသည်။
"ကျွန်တော်တို့ကအခန်းခွဲအိပ်တာဗျ။"
"အို၊ ငါ့သားကဒီလောက်ကြည့်ကောင်းတာကို သူကအခန်းခွဲအိပ်သေးတယ်ပေါ့။ သူမလုပ်နိုင်တာမဆန်းပါဘူးလေ။"
မြောင်ယာနူးညံ့စွာရေရွတ်လိုက်ပြီးမှ ချောင်းအသာဟမ့်ကာ ကိစ္စအကြောင်းပြောလိုက်သည်။
"မင်းအဖေနဲ့ငါခုလေးတင်မင်းဆီဆေးတချို့ပို့လိုက်တယ်။ မင်းသား၂အတွက်လေ၊ ဆရာဝန်ကိုမေးပြီးမှသူ့အတွက်ကျိုပေးဖို့သတိရအုံး။"
"?" လင်ခုံးလုအနည်းငယ်အံ့သြသွားရကာမေးလိုက်မိသည်။
"ဘာဆေးတုန်း?"
"ကျွတ်၊ အားဆေးပေါ့ဟဲ့၊ ဘာဖြစ်ရမှာလဲ။" မြောင်ယာကဒေါသတကြီးဆိုသည်။
"မင်းသား၂ကမလုပ်နိုင်ဘူးလို့မင်းမပြောခဲ့ဘူးလား။"
လင်ခုံးလု: "?!"
ကောင်းကင်ပြာမှမိုးကြိုးတစ်ချက်၊ ဘာလို့အားဆေးပို့လိုက်တာတုန်း?
"အဲ့ကိုရောက်သွားလောက်ပြီ။ အကုန်လုံးကစားစရာနဲ့အားဆေးတွေကြီးပဲ။ အောက်ထပ်ဆင်းပြီးတစ်ချက်သွားကြည့်လိုက်အုံး၊ ပြီးမှမင်းဘာလုပ်ရမလဲငါပြောပြမယ်...."
မြောင်ယာကပေါက်ပေါက်ဖောက်နေဆဲဖြစ်ပေမဲ့ လင်ခုံးလုမှာနားမထောင်နိုင်တော့ဘဲ ဖုန်းအမြန်ချကာ အောက်ထပ်ကိုအပြေးအလွှားဆင်းသွားမိသည်။
ဒါပေမဲ့လည်းခြေတစ်လှမ်းနောက်ကျသွားဆဲပင်။ သူအောက်ထပ်ရောက်သွားချိန်တွင် လန်ဇယ်ကဝှီးချဲပေါ်မှာထိုင်လျက် ဆေးထုပ်များကိုကောက်ယူကြည့်နေပြီဖြစ်သည်။
သူ့လက်ချောင်းများမှာရှည်သွယ်ပြီး သူ့လက်ဆစ်များမှာထင်ရှားလို့နေကာ သူ့အသားအရည်မှာဖြူစွတ်လွန်းပြီးဖောက်ထွင်းမြင်ရလုမတတ်ပင်၊ ဆေးထုပ်ကိုင်ထားသည့်သူ၏ကိုယ်နေဟန်ထားမှာလည်းပန်းချီကားတစ်ချပ်ပမာအလွန်လှပလျက်။
ဒါပေမဲ့လင်ခုံးလုမှာချီးကျူးဖို့စိတ်အခြေအနေရှိမနေပေရာ တဟုန်ထိုးရှေ့တိုးကာ ဆေးထုပ်ကိုလုယူပြီးသူ့နောက်မှာဖွက်ထားလိုက်သည်။ သူ့မျက်နှာထားထဲမှာရှက်ရွံ့မှုနှင့်စိုးရိမ်ပူပင်မှုအရိပ်အယောင်ရှိနေပြီး ထို့နောက်သူမသိမသာရွေ့ကာ ကော်ဖီစားပွဲပေါ်ကအခြားဆေးများအားလုံးကိုပိတ်ကာထားလိုက်သည်။
လန်ဇယ်မှာမျက်ခုံးအသာပင့်ကာ သူ့နောက်ကိုကြည့်ပြီးမေးလိုက်သည်။
"ဒါဘာတွေလဲ။"
"ဟုတ်၊ ဟုတ်...ဆေးပါ။" လင်ခုံးလုခြောက်ကပ်ကပ်ပြောလိုက်သည်။
လန်ဇယ်မှာတည်ငြိမ်လျက် မေးလာပြန်သည်။
"ငါ့အတွက်လား။"
"အာ၊ ဟုတ်၊ ဟုတ်ပါတယ်။" လင်ခုံးလုကျည်ဆံကိုက်ကာပြောလိုက်ရပြီး စဥ်းစားလိုက်မိသည်: ဒါပေမဲ့မင်းသေချာပေါက်စားချင်မှာမဟုတ်ဘူး။
ဘယ်သူသိမှာတုန်း၊ သူစဥ်းစားပြီးသည်နှင့် လန်ဇယ်ကကြည်လင်သောမျက်နှာထားဖြင့်ဆိုလာသည်။
"ဒါဖြင့်ရင်ကျိုလိုက်လေ။"
လင်ခုံးလု: "?!!" မင်းတော့တစ်ခုခုမှားနေပြီ။
လန်ဇယ်ဒါကိုပြောပြီးနောက် ဝှီးချဲကိုထိန်းချုပ်ကာလှည့်သွားပေမဲ့ လမ်းတစ်ဝက်တွင် သူ့နောက်မှာလှုပ်ရှားမှုတစ်ခုမျှမရှိမှန်းသဘောပေါက်သွားသဖြင့် မနေနိုင်ဘဲနောက်ပြန်လှည့်ကြည့်မိရာ သူပြောတာကိုမယုံနိုင်သည့်အလား အကြံသမားလေး၏ထိတ်လန့်အံ့အားသင့်နေသည့်မျက်နှာထားကိုမြင်လိုက်ရသည်။
"ဘာဖြစ်လို့လဲ။" လန်ဇယ်ကသူ့တုံ့ပြန်မှုကိုခန့်မှန်းမိထားသည့်မျက်နှာထားဖြင့် မျက်ခုံးပင့်လိုက်သည်။
လင်ခုံးလုသူ၏အံ့အားသင့်မှုကိုသိမ်းကာ ရှုပ်ထွေးသောစိတ်ခံစားချက်များဖြင့် မဝံ့မရဲမေးလိုက်မိသည်။
"ဒါကဘာဆေးလဲဆိုတာ...အရှင့်သားသိလား။"
"သိတယ်။" လန်ဇယ်ပြောလိုက်သည်။
သိဖို့လိုလို့လား။ ဒီဆေးကသူ့ခန္ဓာကိုယ်ကိုဂရုစိုက်ဖို့နှင့်အင်းဆက်အဆိပ်ကိုကုသဖို့အတွက်ဖြစ်မယ်မှန်းခန့်မှန်းကြည့်လို့ရတာပဲ။
မနေ့ညကသူခန့်မှန်းတာမှန်တဲ့ပုံပဲ၊ အကြံသမားလေးကသူ့ကိုတကယ်ကြိုက်တာမို့ သူရေပူစမ်းထဲမှာရေစိမ်တာကိုချောင်းကြည့်တယ်၊ သူ့ကိုတိတ်တခိုးဆေးလာထည့်ပေးတယ်၊ အစားအသောက်နှင့်တိုင်းရင်းဆေးဝယ်လာပေးတယ်။
၎င်းကအလွန်ဆန်းကြယ်သည်ဟုလန်ဇယ်ခံစားလိုက်ရပြီး အကြံသမားလေးသူ့အတွက်ဘာလုပ်ပေးမလဲဆိုတာပါသူသိချင်နေမိသည်။
လင်ခုံးလုသူ့အဖြေကိုကြားလိုက်ရပြီးနောက် သူ့စိတ်အခြေအနေမှာပိုမိုရှုပ်ထွေးလာတော့သည်။ ဒီကမ္ဘာကသူ့ချစ်သူတကယ်ဆိုးဝါးနေတာများလား။
ထားလိုက်တော့၊ အလုပ်ဖြစ်ဖြစ်မဖြစ်ဖြစ်၊ လုပ်ပေးလိုက်တာအကောင်းဆုံးပဲ။
သူအလျင်စလိုခေါင်းငြိမ့်ကာဟုတ်ကဲ့ဟုဆိုလိုက်ပြီးမှ ဆေးထုပ်ကိုင်လျက်မီးဖိုချောင်ထဲဝင်သွားကာ အရင်ဆုံးဆရာဝန်ကိုဖုန်းခေါ်ကာဆွေးနွေးလိုက်ပြီးမှ မြောင်ယာကိုဖုန်းခေါ်ကာဘယ်လိုကျိုရမလဲမေးလိုက်သည်။
စားစရာတိုင်းရင်းဆေးဖြစ်တာကြောင့် မည်းနက်ပြီးခါးသက်သောအရောင်အဖြစ်ကျိုပစ်ဖို့မလိုအပ်ပေ။ မြောင်ယာ၏လမ်းညွှန်မှုအောက်မှာ လင်ခုံးလုငါးဆန်ပြုတ်တစ်အိုးသေချာကျိုကာ အမျိုးမျိုးသောXအာဟာရဖြည့်စွက်စာ နှင့်သန်မာသောဆေးဖက်ဝင်ပစ္စည်းများထည့်လိုက်သည်။
သူငါးဆန်ပြုတ်ကိုလန်ဇယ်ရှေ့ယူသွားပေးစဥ် လင်ခုံးလုမှာအလွန်ရှုပ်ထွေးသောမျက်နှာထားရှိလျက် စိတ်ထဲမှာတွေးနေမိသည်: သူမလုပ်နိုင်ဘူး၊ သူတကယ်မလုပ်နိုင်ဘူး...
ထိုအကြောင်းတွေးကြည့်မိရင်း သူ့မျက်လုံးများမှာအလိုလိုအောက်ဆင်းသွားပြီးမှ မနေ့ညကသူငါးမြှီးကိုမြင်လိုက်ရတုန်းကဘာဖြစ်သွားခဲ့မှန်းသတိရသွားကာ ကြောင်နားရွက်များထွက်လာမှာစိုးသဖြင့် အလျင်စလိုအကြည့်လွှဲလိုက်ရကာထပ်မကြည့်ရဲတော့ပေ။
လန်ဇယ်ကသူ့တုံ့ပြန်မှုကိုမြင်သွားကာ နှုတ်ခမ်းကော့တက်လျက်မသိမသာပြုံးလိုက်မိသည်။
သိသိသာသာကိုပင်၊ သူ့အထင် အကြံသမားလေးကသူ့ကိုတိတ်တိတ်လေးခိုးကြည့်နေပေမဲ့ ရှက်သွားတာမို့ တိတ်တိတ်လေးအကြည့်လွှဲသွားတာဖြစ်သည်။
လန်ဇယ်မှာ ၎င်းကအလွန်စိတ်ဝင်စားစရာကောင်းမှန်းသိလိုက်ရသည်။ သူဇွန်းကိုလက်ဆစ်ဖြင့်ကိုင်လိုက်ပြီး ဆန်ပြုတ်တစ်ဇွန်းကိုတင့်တယ်စွာခပ်ကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။
ဒါကိုမြင်လိုက်ရသော် လင်ခုံးလုမှာအကြောင်းမဲ့အနည်းငယ်စိုးရိမ်လာမိသည်။
သူလန်ဇယ်ကိုစိုက်ကြည့်နေမိပြီး တစ်ဖက်လူကတစ်ဇွန်း၊ နှစ်ဇွန်း၊ သုံးဇွန်း...ဆန်ပြုတ်တစ်ပန်းကန်ကုန်သလောက်ဖြစ်သွားသည်အထိကြည့်နေရင်း သူ့စိတ်အခြေအနေမှာရှုပ်ထွေးတာထက်ပိုသွားသည်။
"ကောင်းလားဟင်?" သူမနေနိုင်ဘဲမေးလိုက်မိသည်။
လန်ဇယ်မျက်လုံးပင့်ကြည့်လိုက်တော့အကြံသမားလေးကသူ့ဖိဘတ်ကိုစောင့်နေပုံရမှန်းမြင်လိုက်ရသဖြင့် သင့်တော်စွာမှတ်ချက်ပေးလိုက်သည်။
"အဆင်ပြေပါတယ်။"
လင်ခုံးလု: "...."
"ဒါဆိုကျွန်တော်နောက်ကျရင်ခင်ဗျားအတွက်မကြာခဏကျိုပေးမယ်နော်။"
သူအလိုလိုပြောလိုက်မိသည်။
သူ့ချစ်သူကခွန်အားကြီးလွန်းရင် သူတောင့်ခံနိုင်စွမ်းမရှိပေမဲ့ အလုပ်မလုပ်ရင်လည်း....ကောင်းမဲ့ပုံမပေါ်။ အခုစတင်ပြင်ဆင်ပြီး အချိန်မီပြန်ကောင်းလာအောင်လုပ်နိုင်ပါစေမျှော်လင့်မိသည်။
ဤသို့တွေးကြည့်မိတော့ လန်ဇယ်ကတအားပိန်လွန်းသည်ဟုလင်ခုံးလုခံစားလိုက်ရသည်၊ သူမလုပ်နိုင်တာမဆန်းပါဘူးလေ။
သူတစ်ဖက်လူအတွက်အသားတချို့ပိုထည့်ပေးလိုက်ပြီး အကုန်လုံးမှာကြီးမားကာအဆီများသည်၊ သူအလေးအနက်ပြောလိုက်သည်။
"များများပိုစား၊ ပြန်ကောင်းလာအောင်လို့။"
လန်ဇယ်: "...." ဒီလိုလုပ်ပေးဖို့မလိုပါဘူး။
လင်ခုံးလုသူ့ချစ်သူ့ကိုချစ်ပေမဲ့ အနာဂတ်ကသူ့ကိုယ်သူပိုချစ်သည်။ ထို့နောက် သူလန်ဇယ်အတွက်နေ့စဥ်နေ့တိုင်းဆေးကျိုပေးတော့သည်။
အကြံသမားလေးကသူ့ကိုလိုက်ပိုးနေသည်ဟုလန်ဇယ်ခံစားလိုက်ရသည်။ အနာဂတ်မှာဦးထုပ်စိမ်းအဆောင်းမခံရရန်အလို့ငှာ သူတစ်ဖက်လူကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်ပြီး အကုန်လုံးကိုအပြုံးလေးဖြင့်လက်ခံလိုက်သည်။
နေ့တိုင်းအားဆေးသောက်ခြင်း၏အကျိုးဆက်ကား... ဒီရက်ပိုင်းလန်ဇယ်ရုတ်တရက်ဒေါသကြီးလာသည်၊ အထူးသဖြင့်ညဘက်မှာ သူဖော်ပြမရအောင်ပူလောင်ပြီးအိပ်မရပေ။
ထို့အပြင် အကြံသမားလေးကအရင်ဘဝကလုပ်ခဲ့တာကိုမလုပ်ဘဲ ဒီရက်ပိုင်းသူ့ကိုမကြာခဏပိုးပန်းကာသူ့ကိုဂရုစိုက်ပေးနေခဲ့လို့လားမသိ။ သူဖော်ပြမရအောင်ခံစားရသည်မှာ တစ်ဖက်လူပိုပိုပြီး... ဒါကြောင့်မျက်စိလွှဲမရပေ။
လန်ဇယ်သူ့နှဖူးကိုအုပ်ကာ သူ့မျက်ခုံးနှစ်ဖက်ကြားကနေရာလွတ်ကိုခေါင်းကိုက်စွာဖျစ်ညှစ်လိုက်မိသည်။
သူဘာဖြစ်နေတာလဲ၊ ဆင်ဂယ်ဖြစ်တာတအားကြာသွားလို့လား။ အကြံသမားလေးကိုကြည့်နေရင်းနဲ့တောင် သူကချစ်စရာကောင်းတယ်လို့ထင်မိနေတယ်။
နောက်တစ်နေ့ကျ ဆရာဝန်ကလန်ဇယ်ကိုရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအချိန်ဇယားလာပေးချိန်တွင် လန်ဇယ်ကအနည်းငယ်ဒေါသကြီးနေကြောင်းသူသိသိသာသာကိုရှာတွေ့သွားသည်။
သူဆေးဖက်ဝင်အစားအစာစားနေသည့်လန်ဇယ်ကိုတစ်ချက်ခိုးကြည့်ကာ တွေးလိုက်မိသည်၊ အရှင့်သားကသွေးအေးပြီးသီးသန့်ဆန်ပုံပေါ်ပေမဲ့ တိတ်တိတ်လေးအလုပ်ကြိုးစားပြီးတော့ နေ့တိုင်းအားဆေးစားနေမယ်မထင်ထားဘူး။
ဒါပေမဲ့.... အရှင့်သားကလှပပေမဲ့လည်း တစ်ချိန်လုံးဒီလိုဖြစ်နေတာမကောင်းဘူးလေ။
ဆရာဝန်မှာတစ်အောင့်ကြာတုံ့ဆိုင်းသွားရကာ မနေနိုင်ဘဲစည်းရုံးလိုက်မိသည်။
"အရှင့်သား၊ ဒီလိုအရာမျိုးကတော်ရုံသင့်ရုံပဲလုပ်သင့်ပါတယ်။ အားဆေးသောက်လို့ရပေမဲ့လည်း ပြန်ကောင်းလာနိုင်တဲ့ပမာဏကအကန့်အသတ်ရှိ...."
လန်ဇယ်မှာသူ့အပြောကိုနားမလည်ဘဲ မျက်မှောင်ကြုတ်ကာဖြတ်ပြောလိုက်မိသည်။
"ဘာကိုလဲ။"
"အာ..." ဆရာဝန်ကမဝံ့မရဲဆိုသည်။
"အရှင့်သားကXအာဟာရအားဆေးသောက်နေတာမဟုတ်ဘူးလား။"
ဒီတော့အရှင့်သားကနေ့တိုင်းခြောက်သွားအောင်ညှစ်ထုတ်ခံနေရတာမဟုတ်ဘူးလား။
လန်ဇယ်: "...."
သူပန်းကန်လုံးထဲကဆေးအစာကိုငုံ့ကြည့်ကာ ရုတ်တရက်တစ်ခုခုနားလည်သွားပြီး ပန်းကန်လုံးကိုလေးလံစွာအောက်ချကာ မည်းမှောင်သောမျက်နှာဖြင့်အပေါ်ထပ်ကိုလှမ်းအော်လိုက်သည်။
"လင်ခုံးလု၊ ငါ့ဆီဆင်းလာခဲ့!"
ဆရာဝန်မှာအခြေအနေမကောင်းမှန်းမြင်လိုက်ရသဖြင့် ထရပ်ကာနှုတ်ဆက်စကားဆိုလိုက်သည်။
မထွက်သွားခင် ဘေးကဖြတ်သွားရင်း လန်ဇယ်၏မျက်နှာမှာတစ်စုံတစ်ယောက်ကိုရိုက်တော့မည့်အလား မုန်တိုင်းပမာမည်းမှောင်နေတာကိုမြင်လိုက်ရသဖြင့် မနေနိုင်ဘဲမင်းသားနှင့်ဒေါသကိုရင်ဆိုင်ရတော့မည့်ကိုယ်လုပ်တော်ကိုစိတ်ပူသွားရကာ ဧကရီအရှင်မ၏နန်းတော်ဆီအလျင်စလိုသတင်းသွားတင်ပြမိသည်။
လင်ခုံးလုကအပေါ်ထပ်မှာရှိနေကြီး နားကြပ်တပ်ထားရင်းသီချင်းနားထောင်ကာ အွန်လိုင်းမှာရှော့ပင်းထွက်နေသဖြင့် လန်ဇယ်သူ့ကိုလှမ်းခေါ်တာကိုမကြားပေ။
သူလွန်ခဲ့သောရက်အနည်းငယ်တုန်းကအွန်လိုင်းပေါ်မှာငါးခြောက်လေးတစ်စည်းဝယ်ခဲ့ပြီး ၎င်းရောက်မလာခင် အခြားသူများအကြံပေးထားသည့်အခြားနာမည်ကြီးပစ္စည်းများကိုမြင်လိုက်ရတာမို့ အမြန်အော်ဒါမှာလိုက်မိပြန်သည်။
သူမကြားပေမဲ့0687ကကြားသွားကာ အလျင်စလိုအသိပေးလာသည်။
"ဇာတ်လိုက်ဒေါသထွက်ပြီးတော့မင်းကိုလှမ်းခေါ်နေပြီ။"
လင်ခုံးလုနားကြပ်အမြန်ချွတ်ကာမေးလိုက်သည်။
"သူဘာလို့ဒေါသထွက်သွားတာလဲ။"
0687: "မသိဘူးလေ။" ၎င်းမှာဇာတ်လိုက်ကိုတစ်ချိန်လုံးစောင့်ကြည့်နေတာမဟုတ်။
လင်ခုံးလုရုတ်တရက်အပြစ်ရှိစိတ်ခံစားလိုက်ရသည်။ သူတစ်ဖက်လူရဲ့ငါးမြှီးကိုစိုက်ကြည့်တုန်းကတံတွေးမျိုချလိုက်မိတာကိုသူသိသွားတာများလား။
သူဖြည်းညှင်းစွာထရပ်ကာ ဖြည်းညှင်းစွာအဝတ်အစားဝတ်ပြီး အောက်ထပ်ဆင်းသွားချိန်မှာ ဧကရီအန်နာရောက်လာသည်။
လင်ခုံးလုအပျော်လွန်သွားသည်။ သူဧကရီအန်နာကိုအရင်နှုတ်ဆက်လိုက်ပြီးမှ လန်ဇယ်ကိုကြည့်ကာတုံ့ဆိုင်းချင်ယောင်ဆောင်လိုက်သည်။
"အချစ်၊ ခုနကကျွန်တော့်ကိုခေါ်လိုက်တာလား။"
လန်ဇယ်အံကြိတ်လိုက်မိသည်။
"မခေါ်ဘူး၊ မင်းသွေးလေခြောက်ခြားနေတာ။"
ဧကရီအန်နာရှေ့မှာ လန်ဇယ်ကထုံးစံအတိုင်းအားဆေးအကြောင်းဘာမှမပြောနိုင်ပေ။
ဒါပေမဲ့ ဧကရီအန်နာကဒီကိုလမ်းပေါ်မှာဆရာဝန်ဆီကကြားခဲ့ပြီးပြီဖြစ်သည်။
သူလင်ခုံးလုကိုစကားလုံးအနည်းငယ်ဖြင့်နှစ်သိမ့်လိုက်ပြီးမှ သူမသားတော်ကိုဆူငေါက်လိုက်သည်။
"မင်းဘာသာမင်းစားချင်တာကို ဘယ်လိုလုပ်ပြီးရှောင်လုကိုအပြစ်တင်ရဲရတာလဲ။ ပြီးတော့ရှောင်လုကမင်းကောင်းဖို့အတွက်လုပ်တာလေ။"
လင်ခုံးလုအနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်၊ ဘာစားတာ?
လန်ဇယ်မှာတည်တင်းသောမျက်နှာဖြင့်နှုတ်ဆိတ်လျက် ဖော်ပြမရအောင်စိတ်သောကရောက်နေမိသည်။ ဟုတ်တယ်၊ သူကိုယ်တိုင်အရင်လုပ်ခိုင်းခဲ့တာဆိုကေမဲ့ သူ့ခြေထောက်အတွက်ဆေးဖြစ်မယ်ထင်ခဲ့မိလို့လေ။ ဒီအကြံသမားလေးက...အဲ့လိုဆေးအစာမျိုးကျိုခဲ့မှန်းဘယ်သူသိမှာလဲ။
ဧကရီအန်နာကသူအမှားလုပ်ခဲ့မှန်းမသိပေရာ သူမသားတော်၏အခြေအနေနှင့်ပတ်သတ်ပြီးအတော်လေးစိုးရိမ်ပူပင်နေမိသည်။ ထိုသို့ပြောပြီးနောက် သူမခပ်တိုးတိုးမေးလိုက်မိသည်။
"ဒီတော့ဒီလောက်အကြာကြီးသောက်ခဲ့တာ ထိရောက်မှုတစ်ခုခုရှိရဲ့လား။"
ထိရောက်မှု?
လန်ဇယ်မှာလင်ခုံးလုကိုအလိုလိုကြည့်လိုက်မိသည်။
လင်ခုံးလုကဆေးအစာကျိုပြီးနောက် သူ့ကိုယ်ပေါ်ကဆေးနံ့ကိုသဘောမကျပေ။ သူ့အခန်းကိုပြန်ပြီးနောက်ပိုင်း သူရေပြန်ချိုးလေ့ရှိသည်။
လန်ဇယ်စဥ်းစားကြည့်မိသည်၊ ထိရောက်မှုကသူညဘက်အိပ်မရပေ၊ ထို့အပြင်သူအကြံသမားလေးကိုမြင်လိုက်ရတိုင်း ဖော်ပြမရအောင်သူ့ကိုတစစီဆွဲဖြဲကာစားပစ်ချင်မိတာဖြစ်လောက်မည်။
လန်ဇယ်လင်ခုံးလုကိုအေးစက်စက်အကြည့်တစ်ချက်ပေးလိုက်ပုံမှာ "ငါ့ကိုစောင့်နေ"ဟုပြောလိုက်သည့်အလား။
လင်ခုံးလု: "?" နားမလည်နိုင်တော့ဘူး။
ငယ်ရွယ်သောစုံတွဲအချင်းမများတော့မှန်းမြင်လိုက်ရရင်း ဧကရီအန်နာမသိမသာစိတ်သက်သာရာရသွားကာ ခဏထိုင်ပြီးမှပြန်သွားသည်။
ဒါပေမဲ့သူမထွက်သွားသည်နှင့် လန်ဇယ်ကသူ၏သိမ်မွေ့သောအပြုံးကိုချက်ချင်းဖယ်ရှားကာ လင်ခုံးလုကိုမျက်နှာသေဖြင့်ပြောလာသည်။
"ဒီကိုလာ။"
လင်ခုံးလု: "...." ဘာဖြစ်သွားမှန်းသူမသိပေမဲ့လည်း အန္တရာယ်အရမ်းများမဲ့ပုံပဲ။
သူထိုနေရာကိုမသွားဖို့ဆုံးဖြတ်လိုက်သည်၊ လန်ဇယ်ကဝှီးချဲပေါ်မှာလေ၊ သူ့ကိုလာဖမ်းနိုင်မယ်တဲ့လား။
လန်ဇယ်၏အဆင်မပြေမှုကြောင့် သူရှေ့မတိုးသွားသည့်အပြင် အနောက်ပါဆုတ်လိုက်မိသည်။
လန်ဇယ်ကလှောင်ပြုံးပြုံးလိုက်ပြီး ဝှီးချဲပေါ်ကခလုတ်တချို့ကိုနှိပ်လိုက်တော့ ဝှီးချဲမှာချက်ချင်းမက်ခါအဖြစ်ပြောင်းသွားသည်။
လင်ခုံးလု: "!!!" ဖာ့ခ်၊ ဒါကဘယ်လိုတောင်မြင့်မားတဲ့နည်းပညာကြီးလဲဟ?
သူကြောက်သွားကာပျော့ပြောင်းစွာနောက်ပြန်ခုန်လိုက်မိသည်။ ကြောင်ဗီဇ၏သဘာဝစရိုက်ကသူ့ခန္ဓာကိုယ်ကိုတမဟုတ်ချင်းပေါ့ပါးကာဆတ်ဆတ်ထိမခံဖြစ်သွားစေသည်။ သူပထမထပ်မှဒုတိယထပ်ကလှေကားလက်တန်းပေါ်တိုက်ရိုက်ခုန်ချလိုက်သည်။ သူကလှေကားလက်တန်းကိုလက်နှင့်ခြေနှစ်ခုစလုံးဖြင့်ဆုပ်ကိုင်ထားလျက် ကြောင်လေးပမာဆောင့်ကြောင့်ထိုင်မိသွားသည်။
လင်ခုံးလု: "?!"
လန်ဇယ်: "....."
သူတို့နှစ်ဦးစလုံးကြောင်အမ်းသွားကြပြီး လန်ဇယ်၏ဝှီးချဲပင်အသွင်ပြောင်းနေရင်းတစ်ဝက်တစ်ပျက်မှာရပ်သွားသည်။
သူအလွန်မြင့်မြင့်ခုန်လိုက်မိပြီး လှေကားလက်တန်းပေါ်မှာထိုင်နေမိမှန်း လင်ခုံးလုနောက်မှသဘောပေါက်သွားသည်။ သူကြောက်သွားကာသူ့ခြေလက်များပျော့ခွေသွားလေတော့ သူဒုတိယထပ်မှတိုက်ရိုက်ကျသွားသည်။
လန်ဇယ်၏မျက်နှာထားမှာမသိမသာပြောင်းလဲသွားကာ သူ့ကိုကယ်ဖို့ဝှီးချဲပေါ်ကစက်ရုပ်လက်မောင်းထုတ်လိုက်ပေမဲ့ လင်ခုံးလု၏ကြောင်ဗီဇကသူ့စရိုက်ကိုထပ်ဖော်ပြလာပြန်ကာ သူဘယ်လိုကိုယ်နေဟန်ထားဖြင့်ကျသွားပါစေ သူကြမ်းပြင်ပေါ်ကျသွားချိန်သူ့ခြေလက်လေးချောင်းကိုထိန်းညှိကာအချိန်မှဆင်းသက်နိုင်ပေသည်။
ဒါပေမဲ့လည်း ကိုယ်နေဟန်ထားကိုထိန်းညှိလို့ရပေမဲ့ ဘယ်နေရာမှာဆင်းသက်မလဲဆိုသည့်အနေအထားကိုတော့ဖြင့်.....
"ခရက်ခ်"ခနဲအသံနှင့်အတူ သူလန်ဇယ်၏လက်မောင်းများကြားထဲတိုက်ရိုက်ကျသွားသည်။
လန်ဇယ်မှာသူ့ကိုဖမ်းလိုက်ချိန်ဗလုံးဗထွေးညည်းညူလိုက်မိပြီး တစ်ဝက်သာအသွင်ပြောင်းရသေးသည့်သူ့အောက်ကဝှီးချဲမှာလည်း မတည်ငြိမ်သောမြေဆွဲအားဗဟိုချက်ကြောင့်မှောက်ကျသွားသည်။
ကြောက်လန့်သွားကာ လင်ခုံးလုသူ့ကိုအမြန်ပွေ့ဖက်ပြီးကြမ်းပြင်ပေါ်လှိမ့်ချကာ မှောက်သွားသည့်ဝှီးချဲနှင့်မထိအောင်ရှောင်လိုက်သည်။
ဒါပေမဲ့တစ်ပတ်လှိမ့်သွားပြီးနောက် သူ့ကိုယ်နေဟန်ထားမှာလန်ဇယ်ကအောက်မှာရှိနေပြီး လင်ခုံးလုကမျက်နှာထက်ဇဝေဇဝါအကြည့်နှင့်အတူအပေါ်မှာရှိနေလျက်။
လင်ခုံးလု: "....."
လန်ဇယ်: "......"
သူတို့နှစ်ယောက်လုံးမျက်လုံးပြူးကာစိုက်ကြည့်နေမိပြီး ဖြည်းညှင်းစွာဖြင့်လန်ဇယ်၏ဖောက်မြင်ရသောနားရွက်ဆူးတောင်မှာအနည်းငယ်နီစွေးလာကာ လင်ခုံးလု၏ခေါင်းပေါ်ကတစ်ခုခုမှာလည်းထွက်လာချင်လာသည်။
ဒါပေမဲ့ထိုစဥ် အိမ်တော်ထိန်းကလက်မောင်းထဲမှာကတ်ထူဗူးကိုင်လျက်တံခါးဆီလျှောက်လာကာ ညှို့အားပြင်းသောလေထုကိုချိုးဖောက်လိုက်သည်။
"အရှင့်သား၊ အွန်လိုင်းမှာမှာထားတဲ့ဟာ၊ အာ၊ တောင်းပန်ပါတယ်၊ အနှောင့်အယှက်ပေးမိပါပြီ။"
နန်းဆောင်ခန်းမထဲကအခြေအနေကိုသေချာမြင်လိုက်ရတော့ အိမ်တော်ထိန်းမှာအလန့်တကြားဖြင့်အလျင်စလိုပြန်ဆုတ်လာကာ တွေးလိုက်မိသည်: လင်းထင်းနေတဲ့အချိန်ကြီးမှာ အရှင့်သားလန်ဇယ်ကတကယ်....ကျွတ်ကျွတ်။
ကြောက်လန့်သွားကာ လင်ခုံးလုအမြန်လက်ဆန့်ကာသူ့ခေါင်းကိုအုပ်ကာလိုက်ပြီး သူ့ဆံပင်ထဲမှအပြည့်အဝမထွက်လာသေးသည့်ကြောင်နားရွက်များကိုပြန်ဖိချကာ တွေးလိုက်မိသည်: ကံကောင်းချင်တော့ သူ့ဆံပင်ရှုပ်ပွနေပေလို့ပဲ။
လန်ဇယ်လည်းချက်ချင်းအသိပြန်ဝင်လာပြီး မျက်နှာထက်ရုပ်ဆိုးသောအမူအရာပေါ်လာသည်။ အကြံသမားလေးကသူ့ပေါ်မှာမိန်းမောစွာထိုင်နေသေးမှန်းမြင်လိုက်ရတော့ သူအံကြိတ်ကာပြောလိုက်သည်။
"မင်းမဆင်းသေးဘူးလား။"
လင်ခုံးလု: "...." ဘာဖြစ်လို့ဒီလောက်ဒေါသကြီးနေရတာတုန်း?
သူဟိုဘက်လှည့်ကာဖယ်ပေးလိုက်ပေမဲ့ သူခေါင်းလှည့်ကြည့်မိတော့ လန်ဇယ်၏စောင်အပါးကဘေးမှာကျနေပြီး ချို့ယွင်းချက်ရှိသည့်ငွေရောင်ငါးမြှီးကအေးစက်စက်ကြမ်းပြင်ပေါ်မှာခွန်အားမဲ့စွာလဲလျောင်းနေတာကိုမြင်လိုက်ရပြီး အနည်းငယ်သနားစရာကောင်းကာအထီးကျန်လှသည်။
လင်ခုံးလု၏ကြောင်နားရွက်များမှာဖိချလိုက်ပြီးနောက်ချက်ချင်းပြန်ထွက်လာဖို့အသင့်ပြင်နေပေမဲ့ ကံကောင်းစွာဖြင့်သူ့လက်များက၎င်းတို့ကိုအုပ်ကာထားဆဲဖြစ်ရာ သူ၎င်းတို့ကိုရက်စက်စွာဖိချပစ်လိုက်သည်။
လန်ဇယ်ကဝှီးချဲပေါ်ပြန်သွားဖို့ရုန်းကန်လှုပ်ရှားနေရပေမဲ့ သူမော့ကြည့်မိတော့ အကြံသမားလေးကသူ့ငါးမြှီး၏မပြည့်စုံသောအစိတ်အပိုင်းကိုစိုက်ကြည့်နေမှန်းမြင်လိုက်ရသဖြင့် သူမျက်လုံးမှာအလိုလိုမှောင်မိုက်သွားရသည်။
ထိုစဥ်မရေတွက်နိုင်သောစိတ်ခံစားချက်များကသူ့နှလုံးသားထဲမှာဖြတ်ပြေးသွားပြီး သူ၎င်းကိုစောင်အပါးဖြင့်ဖုံးအုပ်ပစ်ချင်နေမိသည်။
ကြည့်ရတာတော့ သူပြန်မွေးဖွားလာရင်တောင် သူဟာဒီမသန်စွမ်းသောငါးမြှီးကိုဂရုစိုက်နေမိသေးတဲ့ပုံပဲ၊ ဒါမှမဟုတ်....သူဒီလောက်အသုံးမကျဖြစ်လာတာကိုဂရုစိုက်မိနေတဲ့ပုံပဲ။
အခုလိုမျိုးပေါ့၊ အကူအညီမရှိရင် သူဝှီးချဲပေါ်ပြန်တွားသွားရလိမ့်မယ်၊ ဒီဘဝမှာတောင်ပေါ့။
လန်ဇယ်လက်သီးတင်းတင်းဆုပ်ကာမျက်လုံးမှိတ်လိုက်မိပြီး တစ်အောင့်ကြာတော့ပြန်ဖွင့်လိုက်သည်။
သူရုတ်ခြည်းတိတ်တဆိတ်လှောင်ရယ်လိုက်မိကာတွေးလိုက်မိသည်၊ ဒီတော့ဘာဖြစ်လဲ။ ဒီအကြံသမားလေးကသူ့ကိုအထင်သေးရဲလို့ရှိရင်...
သူရုတ်ခြည်းလင်ခုံးလုကိုကြည့်ကာ မျက်နှာသေဖြင့်ပြောလိုက်သည်။
"ဒီဟာကရုပ်ဆိုးတယ်ထင်လား။"
"အာ?" လင်ခုံးလုအသိပြန်ဝင်လာပြီး သူဘာမေးနေမှန်းနားလည်သွားပြီးနောက် ငါးမြှီးကိုအလိုလိုကြည့်ကာ"တံတွေး"မျိုချလိုက်မိပြီး ပြောလိုက်သည်။
"ရုပ်မဆိုးပါဘူး၊ လှပါတယ်...ဟုတ်တယ်၊ လှတယ်၊ အရမ်းလှတာ။"
လန်ဇယ်မှာမျက်နှာသေဖြင့်ရှိနေသေးပေမဲ့ သူ့နှုတ်ခမ်းထောင့်မှာမသိမသာကော့တက်သွားသည်။
"ငါ့ကိုဝှီးချဲပေါ်ကူပို့ပေး။"
သူပြောလိုက်သည်။
လင်ခုံးလု: "အိုး။"
သူတွန့်ဆုတ်စွာအကြည့်လွှဲကာ ကြောင်နားရွက်များထွက်လာသည့်နေရာကိုခပ်ပြင်းပြင်းဖိလိုက်သည်။ ထိုနေရာမှာပြဿနာမရှိမှန်းအတည်ပြုပြီးနောက်မှ သူထရပ်ကာလန်ဇယ်ကိုဝှီးချဲပေါ်ကူပို့ပေးလိုက်သည်။
ဒီအတိုင်း...ငါးမြှီးကကြမ်းပြင်ပေါ်တရွတ်တိုက်သွားကာ စောင်အပါးကလည်းကြမ်းပြင်ပေါ်ကျသွားသည်။ လင်ခုံးလု၏အသန့်ကြိုက်မှုပေါ်ထွက်လာကာ တုံ့ဆိုင်းသွားရသည်။
"ရေပူစမ်းသွားချင်လား။"
လန်ဇယ်ကသူ့စိတ်ကိုခန့်မှန်းမိသည့်အလားသူ့ကိုတစ်ချက်ကြည့်ကာ ဖော်ပြမရအောင်ပြောလာသည်။
"နောက်ကျရင်ပိုပြီးပွင့်လင်းမှုရှိပါစေ။"
အဲ့လိုဆေးမျိုးကျိုတာ ဒီအတိုင်းဗိုက်ဆာပြီးရေဆာရုံသက်သက်နဲ့ သူရေပူစမ်းထဲမှာရေစိမ်တာကိုမြင်ချင်တာလား။
လင်ခုံးလု: "?"
သူခေါင်းကိုအလိုလိုထိကြည့်မိလိုက်သည်၊ အမွှေးဖွာနားရွက်ကြောင့်မဟုတ်ရင် သူမပွင့်လင်းဘဲမနေပါဘူး။
သို့သော်လည်း လန်ဇယ်ကကြမ်းပြင်ပေါ်ငါးမြှီးရောက်နေတာကိုတကယ်သဘောမကျဖြစ်လာပြီး နောက်ဆုံးတော့ရေပူစမ်းထဲမှာရေသွားစိမ်ချင်လာသည်။
ဒါပေမဲ့သူအံ့သြသွားရသည်၊ အကြံသမားလေးကသူ့နောက်မလိုက်လာပေ။
လင်ခုံးလုကအော်ဒါဗူးကိုယူသွားပြီး လန်ဇယ်ရေပူစမ်းစိမ်ပြီးသွားချိန်တွင် သူကငါးခြောက်ဗူးကိုဖွင့်လို့ပြီးသွားသည်။
လန်ဇယ်ထွက်လာချိန်မှာ သူကသူ့ကိုတစ်ချက်လှမ်းကြည့်ကာဘာမှမဆိုပေ။
လင်ခုံးလုမှာလေဖိအားနိမ့်သွားသည်ဟုဖော်ပြမရအောင်ခံစားလိုက်ရပြီး သူထရပ်လိုက်ချိန်တွင် လန်ဇယ်ကငါးမြှီးကိုမအုပ်ထားမှန်းမြင်လိုက်ရသဖြင့် ကြောင်နားရွက်များမှာထွက်လာဖို့အသင့်ပြင်နေပြန်သည်။
သူအတတ်နိုင်ဆုံးသူ့ကိုယ်သူကြိုးစားချုပ်တည်းကာ ခက်ခက်ခဲခဲမေးလိုက်ရသည်။
"တစ်ခုခုဖြစ်လို့လား။"
လန်ဇယ်ကစကားမပြောဘဲ ကော်ဖီစားပွဲကိုစိုက်ကြည့်လိုက်သည်။
လင်ခုံးလုခေါင်းလှည့်ကာလှမ်းကြည့်လိုက်တော့ ကော်ဖီစားပွဲပေါ်မှာငါးခြောက်အပြင် ဆေးသာရှိသည်။
သူရုတ်ခြည်းသဘောပေါက်သွားကာပြောလိုက်သည်။
"ကျွန်တော်ဆေးကူထည့်ပေးမယ်လေ။"
လန်ဇယ်ကငါးမြှီးမအုပ်ထားသောကြောင့်ဆေးထည့်ချင်တာဖြစ်ရမည်ဟုသူခံစားလိုက်ရသည်။
လန်ဇယ်ကသူ့မျက်လုံးများကိုငါးခြောက်ထုပ်ထံမှတိတ်တိတ်လေးအကြည့်လွှဲကာ "အမ်း"ဟုပြောလိုက်သည်။
လင်ခုံးလုမှာဆေးထည့်တဲ့ကိစ္စနှင့်ပတ်သတ်ပြီးအလွန်စိုးရိမ်နေမိသည်။ သူသဘောတူမှန်းမြင်လိုက်ရတော့ သူချက်ချင်းဆေးမှုန့်သွားရှာလိုက်သည်။
ဆေးထည့်ချိန်တွင် သူအနှစ်သက်ဆုံးအရာမှာ ဆေးမှုန့်ဖြန်းတာကို အရသာမှုန့်ဖြူးသလိုလုပ်ရခြင်းဖြစ်သည်...
ခဏခဏဘာဘီကျူးလုပ်လေ့ရှိသောကြောင့်ဖြစ်မည်၊ သူအလွန်ကျွမ်းကျင်ပိုင်နိုင်စွာလှုပ်ရှားသွားသည်။ ဆေးမှုန့်ဖြူးပေးပြီးနောက် သူနှိပ်ပေးရင်းတိတ်တခိုးတံတွေးမျိုချလိုက်မိသည်။
"ကြောင်နားရွက်တွေထွက်လာတော့မယ်နော်။" 0687ကအသိပေးသည်။
လင်ခုံးလုကသူ့နည်းလမ်းမှာထူးချွန်လှပြီး ဆံပင်ပေါ်မှာကြောင်နားရွက်နှစ်ဖက်မပေါ်လာခင်လက်မြှောက်ကာဖိချပစ်လိုက်သည်။
လန်ဇယ်ကသတိမထားမိဘဲ သူ့မျက်လုံးများကငါးခြောက်ထုပ်ပေါ်ရောက်သွားပြန်ကာ သာမန်ကာလျှံကာမေးလိုက်သည်။
"မင်းဘာဝယ်ထားတာလဲ။"
"ငါးခြောက်။" လင်ခုံးလုအလိုလိုပြောလိုက်သည်။
လန်ဇယ်၏နှုတ်ခမ်းထောင့်များမှာအသာကော့တက်သွားသည်။
"သွားယူလာခဲ့။"
ရေသူအဖြစ်နိုးထလာပြီးနောက်ပိုင်းငါးစားရတာကြိုက်တဲ့သူ့အပြင် ဘယ်သူကငါးစားရတာကြိုက်လို့လဲ။ အကြံသမားလေးကသူ့အတွက်ဝယ်ခဲ့တာဖြစ်ရမယ်။
လင်ခုံးလု: "?" ကြောင်ရဲ့အစာကိုလုယူတာကမကောင်းဘူးလားလို့?
သူထိုသို့တွေးလိုက်ပေမဲ့ အနောက်လှည့်ကာငါးခြောက်ထုပ်ကိုယူလိုက်ပါသေးသည်။
သူအနောက်လှည့်လိုက်သည်နှင့် လန်ဇယ်ကထူးဆန်းတာတစ်ခုခုမြင်လိုက်ရပုံပေါ်ကာ အံ့အားသင့်ကာထူးဆန်းသောမျက်နှာထားပေါ်လာသည်။
လင်ခုံးလုနောက်ပြန်လှည့်လိုက်တော့ သူ့မျက်နှာထားမှားယွင်းနေမှန်းမြင်လိုက်ရသဖြင့် အလိုလိုမေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ။"
လန်ဇယ်: "...."
"မင်းအနောက်မှာတစ်ခုခုလှုပ်နေသလိုပဲ။" သူအလွန်မသက်မသာဖြစ်လျက် တန့်သွားကာထပ်ဖြည့်ပြောလိုက်သည်။
"ဘောင်းဘီထဲမှာ။"
လင်ခုံးလု: "!!!" ကြောင်မြှီးလား။
ဒီကြောက်လန့်မှုကသူ့ကြောင်နားရွက်ကိုတိုက်ရိုက်ထွက်လာစေကာ သူကြောက်လန့်သွားပြီး၎င်းတို့ကိုလေယာဥ်ပျံနားရွက်များအဖြစ်ခေါက်ကာ သူ့ခေါင်းထဲဖိသိပ်လိုက်မိသည်။
လန်ဇယ်: "!!!"
____________________________________