လန်ဇယ်နှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေသည်ဟုလင်ခုံးလုခံစားလိုက်ရကာ ငါးမြှီးကိုကိုက်ကြည့်လိုက်မိသည်။ သူဟာဒေါသမထွက်ရုံတင်သာမက သူ့လက်ထောက်ချောင်အန်းကိုပင်ဖုန်းခေါ်ကာ လတ်လတ်ဆတ်ဆတ်ကြော်ထားသည့်ငါးခြောက်အစပ်ပန်းကန်အများအပြားပို့ခိုင်းပြီး ၎င်းကသူ့အတွက်ဆုလဒ်ဟုဆိုသည်။
လင်ခုံးလုငါးခြောက်လေးကိုယူကာ လန်ဇယ်ကိုသံသယဖြင့်ကြည့်လိုက်မိပြီး တွေးလိုက်မိသည်: ဘာမှယဥ်ကျေးနေစရာမလိုဘူး၊ ခိုးစားတာမဟုတ်သလိုလုစားတာလဲမဟုတ်ဘူးလေ။
လန်ဇယ်ကသူဘာတွေးနေမှန်းခန့်မှန်းမိပုံရကာ သူ့လက်ကောက်ဝတ်ကိုလှမ်းကိုင်ပြီး ငါးခြောက်ကိုသူ့ပါးစပ်ထဲသွင်းပေးကာ အပြုံးလေးဖြင့်ဆိုလာသည်။
"အရသာရှိလား။"
လင်ခုံးလုမျက်လုံးမှေးစင်းကာဝါးစားလိုက်မိပြီး ကြောင်နားရွက်လေးများစွာစိတ်လှုပ်ရှားစွာဖြင့်အလွန်လျင်မြန်စွာထောင်မတ်လာသည်။ ငါးကလေး၏တစ်ကိုယ်လုံးမှာရွှေဝါရောင်ရှိပြှး သူတစ်ခါမှမမြင်ဖူးသည့်ငါးအမျိုးအစားဖြစ်ကာ အကြွပ်ကြော်လိုက်ပြီးနောက်၎င်းမှာစပ်စပ်ကလေးဖြင့် အရသာရှိကာအလွန်ဝါးလို့ကောင်းလှသည်။
သူချက်ချင်းမျက်လုံးဖွင့်ကာ မျက်လုံးတောက်တောက်လေးဖြင့်ပြောလိုက်သည်။
"ကောင်းပါ့ဗျာ။"
လန်ဇယ်၏နှုတ်ခမ်းထောင့်ကော့တက်သွားကာ သူ့ဘေးကစက်ရုပ်လေးကိုဇွန်းထဲတချို့ထည့်ပေးဖို့အမူအရာပြလိုက်ပြီးမှ ဇွန်းလက်ကိုင်ကိုကိုင်ကာ ကောင်လေးကိုထပ်ခွံ့ကျွေးပြီးပြောလိုက်သည်။
"ကောင်းရင်အကုန်စား။"
ဒါကသာမန်ငါးခြောက်မဟုတ်ပေ။ ရှန်းအာရှင်းပင်လယ်နက်ထဲရှိ ပင်လယ်ရေညှိတစ်မျိုးဖြစ်သည်။ ရေညှိကိုဒီရွှေငါးလေးကစားလိုက်တော့ ရွှေငါးလေး၏ခန္ဓာကိုယ်ထဲမှာအာဟာရအသစ်ဖြစ်ပေါ်လာကာ ရွှေငါးလေး၏အသားထဲမှာစုဝေးသွားသည်။
ဤအာဟာရကားစွမ်းရည်နိုးထလာသည့်လူတစ်ယောက်ကိုစိတ်စွမ်းအားအမြန်ပြန်ပြည့်ဝလာအောင်ကူညီပေးသည်။ သူတို့ကံကောင်းရင် စွမ်းရည်နိုးထလာသည့်လူတစ်ယောက်ကသူတို့စိတ်စွမ်းအား၏အကန့်အသတ်ကိုကျော်လွန်သုံးစွဲလို့ရနိုင်ပေသည်။
ဒီအာဟာရကိုဓာတ်ပေါင်းပြုလုပ်လို့မရနိုင်သောကြောင့် ပင်လယ်ရေညှိနှင့်ရွှေငါး၏အရည်အသွေးမှာအကန့်အသတ်ရှိပြီး စျေးနှုန်းမှာအလွန်မြင့်မားသည်။
ဥပမာ၊ လင်ခုံးလုစားလိုက်သည့်ပန်းကန်ပြားထဲမှာ ငါးအသေးလေးတစ်ကောင်ချင်းစီမှာလက်တစ်ချောင်းစာအရှည်ရှိပြီး အရောင်မှာလှပသည်။ ပထမဆုံးအကြည့်တစ်ချက်တည်းဖြင့် ၎င်းမှာအရည်အသွေးမြင့်ငါးနှင့်တူပေသည်။ ငါးတစ်ကောင်၏စျေးနှုန်းမှာသာမန်မိသားစုတစ်စု၏တစ်နှစ်စာသုံးစွဲဖို့အတွက်လုံလောက်သည်။
ဒါပေမဲ့လန်ဇယ်ကပိုက်ဆံပြတ်လပ်သူမဟုတ်ပေ၊ သူပြတ်လပ်သွားရင်တောင် သူကမျက်ရည်စက်များကိုပုလဲလုံးအဖြစ်ပြောင်းလဲနိုင်သည်ပင်။ ငိုဖို့မဖြစ်နိုင်ပေမဲ့လည်း သမ်းဝေလိုက်ရင်တော့ဖြင့်ဖြစ်နိုင်စမြဲပင်။ ခြုံပြောရရင် ကြောင်တစ်ကောင်မွေးမြူတာကပြဿနာမရှိပေ။
လင်ခုံးလုမှာခုနကစိတ်စွမ်းအားဖြင့်ကြောင်လက်ဖဝါးရာများစွာနှိပ်ပေးခဲ့သဖြင့် တစ်ဖက်လူ၏စိတ်စွမ်းအားကုန်သလောက်ဖြစ်သွားလောက်မည်ဟုခန့်မှန်းမိရာ သူသုံးပန်းကန်ပေးလိုက်သည်။
အမှန်အတိုင်းပြောရရင် လင်ခုံးလုမှာဒီလောက်အရသာရှိသောငါးကလေးကိုတစ်ခါမှမစားဖူးပေ။ သုံးပန်းကန်လုံးအပြတ်ရှင်းပြီးနောက် သူကြောင်လက်ဖဝါးများကိုပါလျက်ချင်လာသည်။
0687: "မင်းရဲ့အသန့်ကြိုက်မှုကကော?"
လင်ခုံးလု: "ဟေ့၊ ငါမလျက်လိုက်ဘူးလားလို့?"
သူစားပြီးနောက်ကျေနပ်သွားမှန်းမြင်လိုက်ရတော့ လန်ဇယ်လည်းပြုံးကာမေးလိုက်သည်။
"ကြိုက်လား။"
"ကြိုက်တယ်။" လင်ခုံးလုအလိုလိုပြောမိသည်။
"မင်းကြိုက်ရင်နေ့တိုင်းစားလို့ရတယ်။"
လန်ဇယ်အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။
"မင်းကောင်းကောင်းပြုမူနေထိုင်ရင်ပေါ့။"
လင်ခုံးလု: "?" ဒီဟာကနည်းနည်းတော့လေးနက်သလိုပဲ။
"ငါသိသွားပြီ၊ ဒါကလန်ဇယ်ရဲ့အကြံဆိုးပဲ။"
သူရုတ်ခြည်းသဘောပေါက်သွားသည်။
0687: "?"
လင်ခုံးလု: "အနာဂတ်မှာ ငါအခြားငါးခြောက်လေးတွေကိုစားရင် အရသာရှိတော့မှာမဟုတ်ဘူး။"
0687: "အဲ့တော့?"
လင်ခုံးလု: "ဒီတော့သူသေချာပေါက်သူ့အတွက်အလုပ်လုပ်ပေးပြီးတော့ သူ့ငါးမြှီးကိုနေ့တိုင်းနှိပ်ပေးရမယ်။"
အဓိကအချက်မှာ လန်ဇယ်သူ့ကိုပေးတဲ့ငါးခြောက်ကသိသိသာသာကိုပုံမှန်မဟုတ်ပေ၊ သူဟာသစ်တုံးတစ်တုံးမဟုတ်တာမို့ ငါးစားပြီးနောက်မှာသူ့စိတ်စွမ်းအားပြန်ပြည့်လာတာကိုမခံစားမိဘဲနေမလား။
ထို့အပြင် သူ့မျက်လုံးကန်းမနေသဖြင့် သူကြောင်လက်ဖဝါးရာနှိပ်ပေးပြီးနောက်မှာလန်ဇယ်၏ငါးမြှီးပေါ်ကအမည်းစင်းများတစ်စတစ်စပျောက်ကွယ်သွားတာကိုသူမမြင်နိုင်သည်။
"ဒီတော့ငါ့ရဲ့နိုးထလာတဲ့စွမ်းရည်ကကုသရေးပေါ့?"
သူလက်မြှောက်ကာ သူ့လက်ဖဝါးကိုကြည့်လိုက်ပြီးမှ လန်ဇယ်၏အပေါ်ထပ်အခန်းကိုမော့ကြည့်ကာ တခစ်ခစ်ရယ်မောလိုက်မိသည်။
"ကျွတ်၊ ဘယ်လောက်ရက်စက်တဲ့လူလဲ။"
မြှောင်ကအချိန်ပိုင်းအလုပ်လုပ်ပေးခဲ့ပေမဲ့ ထိုကြောင်ဖြစ်သည့်လင်ခုံးလုမှာထောင်ချောက်ထဲဝင်ဖို့ဆုံးဖြတ်လိုက်သည်။ အကြောင်းရင်းကတော့ တစ်ခုမှာငါးခြောက်လေးကတကယ်အရသာရှိတယ်၊ နောက်တစ်ခုက.... သူ့ချစ်သူကိုသူကိုယ်တိုင်ကယ်တင်ရမယ်။
နောက်ရက်အနည်းငယ်အတွင်းမှာ အခြေအနေကလင်ခုံးလုထင်ထားတာနှင့်တစ်ထပ်တည်းဖြစ်သည်။ လန်ဇယ်ကသူ့ကိုရွှေငါးလေးနှင့်စတင်သွေးဆောင်ဖြားယောင်းလာတော့သည်။
ထိုတင်မကသေး၊ လန်ဇယ်ဟာလည်း"ဆွဲဆောင်မှု"ရှိလာမှန်းသူသိလိုက်ရသည်။
အတိတ်တုန်းကလန်ဇယ်မှာလူတိုင်းကသူ့အပေါ်၈သန်းအကြွေးတင်နေတဲ့အတိုင်း အေးစက်စက်မျက်နှာဖြင့်ဝှီးချဲပေါ်မှာထိုင်နေခဲ့သည်။ ငါးမြှီးမှာစောင်အပါးနှင့်ပို၍ပင်တင်းကြပ်စွာအုပ်ထားကာ အခြားသူများသူ့ငါးမြှီးကိုမြင်သွားမှာကြောက်ရွံ့ပြီး အိမ်ထဲမှာသာတတ်နိုင်သလောက်နေနေခဲ့သည်။
ဒါပေမဲ့အခုတော့ သူဟာငါးမြှီးကိုမအုပ်ထားတော့ဘဲ ဝှီးချဲကိုထိန်းချုပ်ကာ လင်ခုံးလုရှေ့ကမကြာခဏဖြတ်သွားလေ့ရှိကာ တစ်ခါတရံအပြင်မှာနေပူဆာသွားလှုံတတ်ပြီး ရေကူးကန်နှင့်ရေပူစမ်းမှာသူအနှစ်သက်ဆုံးနေရာများဖြစ်လာသည်...
"သောက်ရမ်းကောက်ကျစ်တာပဲ။"
လင်ခုံးလုကြေကွဲသွားရသည်။
"ငါ့ရှေ့မှာတမင်ရည်ရွယ်ချက်ရှိရှိလျှောက်သွားပြီးတော့ ငါ့ကိုငါးမြှီးနဲ့မြူဆွယ်နေတာ။"
0687တုံ့ဆိုင်းသွားကာပြောမိသည်။
"ဒါပေမဲ့ငါ့အထင်....သူဒီအတိုင်းဖြတ်သွားတာနေမယ်။" ပြီးတော့Host၊ မင်းဒါကိုပြောလိုက်ချိန်မှာ နှုတ်ခမ်းထောင့်သာမမြင့်တက်သွားရင် ယုံကြည်မှုပိုမြင့်သွားလောက်တယ်။
လင်ခုံးလု: "ဒါပေမဲ့သူအရင်ကဒီလိုမဟုတ်ပါဘူး။"
0687: "သူအိပ်ခန်းထဲမှာနေပြီးအပြင်လုံးဝမထွက်တာကမှ ပုံမှန်မဟုတ်တာ။"
ခြုံပြောရရင် လန်ဇယ်၏"သွေးဆောင်ဖြားယောင်းမှု"အောက်တွင် လင်ခုံးလု၏ကြောင်နားရွက်များထောင်လာပြီး ကြောင်လက်ဖဝါးမှာလည်းအကြိမ်ပေါင်းများစွာပြောင်းလဲသွားလေ့ရှိသည်။
ထိုစဥ် လန်ဇယ်ကသူ့ကြောင်လက်ဖဝါးကိုညှစ်ကာ သူ့ငါးမြှီးကိုပွတ်ဖို့သူ့ကို"တွန်းအား"ပေးလေ့ရှိသည်။
"ကောင်းကောင်းနှိပ်၊ ဆုရမယ်။"
လန်ဇယ်ကသူ့ဘေးမှာငါးခြောက်ပန်းကန်တင်ထားပြီး ၎င်းတို့အနက်တစ်ကောင်ယူကာ ကြောင်နားရွက်များထောင်နေသည့်လင်ခုံးလုရှေ့မှာဝေ့ရမ်းပြလိုက်သည်။
လင်ခုံးလုအလိုလိုသွားရည်ကျလာသည်။ အရည်အသွေးမြင့်ငါးခြောက်စားရရန်အလို့ငှာ သူ့မှာသူ့ပူဆွေးသောကနှင့်ဒေါသကိုခွန်အားအဖြစ်ပြောင်းကာ အနောက်လှည့်ပြီးကြောင်လက်ဖဝါးများကိုငွေရောင်ငါးမြှီးပေါ်ဖိတင်လိုက်ရသည်။
"ဟေ့ ဟေ့ ဟေ့..."
ဒါပေမဲ့သူနှိပ်ပေးရင်းနှိပ်ပေးရင်း သူ့ရှေ့ကငါးမြှီးကိုစိုက်ကြည့်ကာ သူ့မျက်လုံးများစတင်ဝေဝါးလာသည်။ ချွန်မြမြတိရစ္ဆာန်အစွယ်ထွက်လာချိန် သူအလိုလိုပါးစပ်ဟလိုက်ပြန်သည်နှင့်တစ်ပြိုင်နက် လန်ဇယ်ကသူ့ပါးစပ်ထဲကရွှေငါးလေးများစွာထည့်ပေးလာသည်။
လင်ခုံးလု: "အားး!" အများကြီးပဲ။
ဒါဆို "ဟေ့ ဟေ့ ဟေ့ ဟေ့။"
0687: "....." မင်းနှိပ်ပေးရတာအရမ်းကိုပျော်နေတာမဟုတ်ဘူးလား။
ငါးခြောက်တစ်ပန်းကန်ကျွေးပြီးနောက် လင်ခုံးလုနှိပ်ပေးနေပေမဲ့ လုံးဝပင်ပန်းခြင်းမခံစားဘဲ အားအင်အပြည့်နှင့်ပင်။
လင်ခုံးလုသူ့ဘေးရှိစက်ရုပ်ဆီကပုဝါစိုလှမ်းယူကာ သူ့လက်ကိုသုတ်ပေးလိုက်ပြီး သူ့ခေါင်းကိုပွတ်ပေးကာ ကြောင်နားရွက်လေးပါလှမ်းပွတ်ပေးလိုက်ပြီးမှ ချီးကျူးလိုက်သည်။
"မဆိုးပါဘူး၊ မနက်ဖြန်ဆက်မယ်။"
လင်ခုံးလုကြောင်နားရွက်များကိုခါကာပြောလိုက်သည်။
"မနက်ဖြန်မလုပ်နိုင်ဘူး၊ ကျွန်တော့်လက်တွေပင်ပန်းနေပြီ။"
လန်ဇယ်သူ့ကြောင်လက်ဖဝါးကိုတစ်ချက်ကြည့်ကာ လက်သုံးချောင်းထောင်ပြပြီးပြောလိုက်သည်။
"ငါးခြောက်သုံးပန်းကန်။"
လင်ခုံးလု: "!" ငါလုပ်နိုင်တယ်။
သူချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
လန်ဇယ်၏အေးစက်စက်မျက်ဝန်းစိမ်းထဲတွင်အပြုံးတစ်စွန်းတစရှိနေပြီး သူမနေနိုင်ဘဲသူ့ကြောင်နားရွက်များကိုပွတ်လိုက်မိပြန်သည်။
အရှင်မင်းကြီးနှင့်ဧကရီအရှင်မမှာသူတို့ကိုလာတွေ့ကြပြီး သူတို့ဥယျာဥ်ထဲဝင်လာသည်နှင့်တစ်ပြိုင်နက်ဒီမြင်ကွင်းကိုမြင်လိုက်ရရာသူတို့မိန်းမောသွားမိသည်။
လန်ဇယ်ကသူ၏ချို့ယွင်းနေသောငါးမြှီးကိုလှစ်ဟပြထားသဖြင့် ဧကရာဇ်အံ့အားသင့်သွားမိသည်။ ထိုတင်မကသေး၊ သူဟာမည်းမှောင်မနေတော့ဘဲ နေပူဆာလှုံဖို့ဥယျာဥ်ထဲသွားဖို့ရာဆန္ဒရှိနေပေသည်။
အဓိကအချက်က သူတကယ်ကြီးပြုံးနေတာလား၊ သူရယ်နေတာလား?!
ဧကရာဇ်မှာဒီရက်ပိုင်းအင်ပါယာကိစ္စများနှင့်အလုပ်ရှုပ်နေသဖြင့် သူ့သားတော်ဆီသွားလည်ခဲပေမဲ့ သူ့ကိုအမြဲသတိရနေခဲ့သည်။ ဒီတစ်ခေါက်သူ့သားတော်ပြောင်းလဲသွားပေမဲ့ ကောင်းတဲ့ဘက်မှာဖြစ်နေသေးမှန်းမြင်လိုက်ရတော့ သူ့မျက်လုံးများစိုစွတ်လာကာပြောမိသည်။
"ကောင်းတယ်၊ ကောင်းတယ်!"
လန်ဇယ်၏စိတ်ပိုင်းဆိုင်ရာအခြေအနေတဖြည်းဖြည်းချင်းတိုးတက်လာမှန်းဧကရီအရှင်မအန်နာသိပေမဲ့ လင်ခုံးလုကကြောင်ဗီဇနိုးထလာမှန်းမသိပေ။
အံ့အားသင့်သွားမိပြီးနောက် သူမသားတော်ထံမှပွတ်သပ်ခံနေရသည့်ကြောင်နားရွက်တစ်စုံကိုမြင်လိုက်ရချိန် သူမမနေနိုင်ဘဲယားကျိကျိခံစားလိုက်ရသည်။
"ရှောင်လုကဗီဇနိုးထလာပြီလား။ ဘယ်တုန်းကဖြစ်သွားတာတုန်း?"
သူမမနေနိုင်ဘဲရှေ့တိုးကာ လန်ဇယ်၏လက်ကိုတွန်းဖယ်ပြီး ကောင်လေး၏ခေါင်းကိုအမြတ်တနိုးပုတ်ပေးကာ သူ့နားရွက်များကိုအသာဖျစ်ညှစ်လိုက်မိသည်။
လန်ဇယ်: "?"
"အို၊ ကြောင်လက်ဖဝါးတွေပါရှိတာပဲ၊ ချစ်ဖို့ကောင်းလိုက်တာနော်။"
ဧကရီအန်နာအတော်လေးအံ့အားသင့်သွားမိပြီး လင်ခုံးလု၏လက်(ကြောင်လက်ဖဝါးများ)ကိုအမြတ်တနိုးဆုပ်ကိုင်ကာ အသားနုပေါ်ဖျစ်ညှစ်လိုက်မိသည်။
လင်ခုံးလု၏နားရွက်မှာအညှစ်ခံရခြင်းကြောင့်နီစွေးလာပေမဲ့ ၎င်းတို့မှာအမွှေးဖွာဖွာပေမို့မမြင်ရပေ။
ဧကရီအန်နာ: နူးညံ့နေတာပဲဟယ်၊ ကိုင်လို့ကောင်းလိုက်တာနော်၊ စိတ်ဖိစီးမှုဖြေဖျောက်ဖို့အတွက်မှော်ကိရိယာပဲ။
လန်ဇယ်: "???" မယ်တော်၊ ခမည်းတော်ကကျားဖြူမဟုတ်ဘူးလား။ မယ်တော်သူ့ကိုပွတ်သပ်လို့ရတယ်လေ၊ တကယ်ပဲ။
အကြံသမားလေးကိုတော့...
သူလင်ခုံးလုကိုပြန်ဆွဲလိုက်ပြီးနောက် လက်မြှောက်ကာကောင်လေး၏ခေါင်းကိုတစ်ဖက်စီပုတ်ပေးပြီး ကြောင်နားရွက်နှစ်ဖက်လုံးကိုပြန်သွင်းလိုက်သည်။
လင်ခုံးလု: "?"
သူလန်ဇယ်ကိုသက်ာမကင်းကြည့်လိုက်မိပြီး လန်ဇယ်ကသူ့လက်ချောင်းထိပ်များကိုပွတ်လိုက်ပေမဲ့ သူ့မျက်နှာမှာအတော်လေးတည်ငြိမ်အေးဆေးလျက် ပြောလာသည်။
"ကြောင်လက်ဖဝါးကိုလည်းပြန်ပြောင်းလိုက်လို့ရပြီ။"
လင်ခုံးလု: "အိုး။"
ဧကရီအန်နာကရယ်မောကာ ဘေးကဧကရာဇ်ကိုပြောလိုက်သည်။
"ဒီသဝန်တိုတဲ့စွမ်းရည်ကတော့ရှင်နဲ့ယှဥ်လို့ရတယ်။"
ဧကရာဇ်ကချောင်းအသာဟမ့်ကာသူမလက်ကိုလှမ်းညှစ်ပြီးကြောင်ကိုမပွတ်သပ်ခိုင်းတော့ဘဲ စကားဝိုင်းကိုအဓိကခေါင်းစဥ်အကြောင်းအရာဆီပြောင်းလိုက်သည်။
"ရှောင်လုဘယ်တုန်းကနိုးထလာတာလဲ။ ဘာစွမ်းရည်အမျိုးအစားလဲ။"
"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက၊ ကုသရေး။"
လန်ဇယ်ကလင်ခုံးလုကိုယ်စားပြန်ဖြေသည်။
လင်ခုံးလုပူးပေါင်းစွာခေါင်းငြိမ့်ပြလိုက်ပြီး သူတစ်ခုခုပြောဖို့ပြင်လိုက်ချိန်တွင် ဆက်သွယ်ရေးစက်ကရုတ်တရက်မြည်လာသည်။
သူအမြန်ချလိုက်ပေမဲ့ တစ်ဖက်လူကဇွဲရှိစွာဖြင့်ထပ်ခေါ်လာလိမ့်မည်ဟုမထင်ထားမိပေ။
ဧကရီပြုံးလိုက်ပြီး သူကဧကရာဇ်ရောက်ရှိမှုကြောင့်ထွက်သွားဖို့မလွယ်မှန်းသိနေသဖြင့် သူမပြောလိုက်သည်။
"သွားကိုင်လိုက်ပါ၊ မယ်တော်တို့အကုန်လုံးကတစ်မိသားစုထဲပဲလေ၊ ဒီတော့စိုးရိမ်မနေပါနဲ့ကွယ်။"
သူမပြောပြီးနောက် ဧကရာဇ်ကိုပြန်စိုက်ကြည့်ကာဒေါသတကြီးပြောလိုက်သည်။
"ဘာလို့ရှင်ကကောရှင့်သားလိုမျိုးအလေးအနက်ဖြစ်နေတာတုန်း?"
လန်ဇယ်မျက်မှောင်အသာကြုတ်ကာ မိန်းမကြောက်တဲ့အတွက်သူ့ကိုအပြစ်တင်သည့်အလား ဧကရာဇ်ကိုကြည့်လိုက်မိသည်။
ဧကရာဇ်မှာရွေးချယ်စရာမရှိဘဲ လင်ခုံးလုကိုညင်သာစွာပြောလိုက်ရသည်။
"သွားကိုင်လိုက်ပါကွယ်။"
လင်ခုံးလုရှက်ရွံ့စွာပြုံးကာ အမြန်ထထွက်သွားလိုက်သည်။
သူထွက်သွားပြီးနောက် ဧကရာဇ်ကလန်ဇယ်ကိုကြည့်ကာတုံ့ဆိုင်းစွာပြောလာသည်။
"သူကကုသရေးစွမ်းရည်နိုးထလာတယ်ဆိုတော့...... "
သူပြောရင်းဖြင့်လန်ဇယ်၏ငါးမြှီးကိုအလိုလိုကြည့်လိုက်မိသည်။
လန်ဇယ်ဘာမှဖုံးကွယ်မထားဘဲ ခေါင်းငြိမ့်ကာပြောလိုက်သည်။
"ခမည်းတော်ထင်တဲ့ဟာပဲ။"
"တကယ်?" ဧကရာဇ်အလွန်ရှော့ခ်ရသွားပြီး သူ့သား၏ပြန်ကောင်းလာမှုကိုတွေးကာ သူ့မျက်လုံးစိုစွတ်လာရပြန်ပြီး သူမပြောဘဲမနေနိုင်ပေ။
"သိပ်ကောင်းတယ်၊ တကယ်သိပ်ကောင်းတယ်၊ မင်းလက်ထပ်လိုက်တာကောင်းသွားတာပဲ!"
ဧကရီအန်နာအစကမတုံ့ပြန်မိပေမဲ့ နောက်မှလန်ဇယ်၏အမြှီးပေါ်ကအမည်းစင်းများအတော်လေးပျောက်ကွယ်သွားမှန်းမြင်လိုက်ရသဖြင့် သူမတမဟုတ်ချင်းနားလည်သွားကာ သူမ၏မျက်ဝန်းများမှာနီစွေးလာရပြီး အလိုလိုစိုးရိမ်တကြီးမေးမိသည်။
"ရှောင်လုကမင်းရဲ့အင်းဆက်အဆိပ်ကိုကုသပေးနိုင်တယ်လား။ ဖြစ်နိုင်တာကရှောင်လု...."
သူမကဧကရာဇ်ထက်ပို၍စိတ်လှုပ်ရှားနေပြီး သူမအသံမှာဆို့နင့်သွားသည်။ ဧကရာဇ်ကသူမ၏ကျောကိုအမြန်ပုတ်ပေးကာအကြံပေးလိုက်သည်။
"မင်းကကျန်းမာရေးမကောင်းဘူးလေ၊ သိပ်ပြီးစိတ်မလှုပ်ရှားနဲ့။"
လန်ဇယ်လည်းထိုင်လျက်နူးညံ့စွာပြောလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော်အဆင်ပြေတာမို့ မယ်တော်စိတ်ပူစရာမလိုပါဘူး။"
"ဒါ၊ ဒါအမှန်ပဲလား။"
ဧကရီမှာအလွန်စိတ်လှုပ်ရှားသွားပြီး ဗလုံးဗထွေးပြောမိလိုက်ပေမဲ့ သူမအမြန်စိတ်အေးအေးထားလိုက်ပြီးမှပြောလိုက်သည်။
"ဒီတစ်ခေါက်ရှောင်လုကမင်းရဲ့အသက်တစ်ဝက်ကိုကယ်ခဲ့တာမို့ မင်းသူ့ကိုကောင်းကောင်းဆက်ဆံရမယ်နော်။ ဒါနဲ့စကားမစပ်၊ မယ်တော်ရဲ့ကျေးဇူးတင်မှုကိုပြသတဲ့အနေနဲ့ မယ်တော်သူ့ကိုလက်ဆောင်တချို့ပေးချင်တယ်၊ သူ့ကိုဘာပေးရမလဲ။"
"အင်း၊ ဟုတ်တယ်။"
ဧကရာဇ်ကလည်းခေါင်းငြိမ့်ကာဆိုသည်။
"ကိုယ်တော့်ကိုပါထည့်တွက်လိုက်။"
လန်ဇယ်: "ငါးလေးပဲလုပ်လိုက်။"
ဧကရာဇ်နှင့်ဧကရီ: "အာ၊ ဒါ...." အရမ်းကိုခပ်ပေါ့ပေါ့နိုင်ပြီးတော့တန်ဖိုးသိပ်မကြီးဘူးလားလို့?
လင်ခုံးလုဟာသူ့အေးဂျင့်ဝမ်ပင်းဆီကဖုန်းကောလ်ရရှိခဲ့တာဖြစ်သည်။ ပြောရရင် သူဒီကမ္ဘာကိုရောက်လာကတည်းကတစ်ဖက်လူကိုမဆက်သွယ်ခဲ့သဖြင့် သူဟာမင်းသားပေါက်စတစ်လက်ဖြစ်နေသေးမှန်းမေ့သွားသလောက်ပင်။
"ဘာဖြစ်လို့လဲ။" သူစပ်စပ်စုစုမေးလိုက်သည်။
ဝမ်ပင်း၏လေသံမှာသတိရှိကာထူးခြားဆန်းကြယ်လျက်၊ သူကစိုးရိမ်တကြီးဆိုလာသည်။
"ရှောင်လု...အဟမ်း၊ အရှင့်သား၊ အဲ...မင်းနဲ့အရှင့်သားလန်ဇယ်ဟန်းနီးမွန်းထွက်လို့ပြီးသွားပြီလား။ မင်းအလုပ်ပြန်လာဖို့စိတ်ဝင်စားရဲ့လား။"
လင်ခုံးလုချက်ချင်းဆွံ့အသွားရသည်၊ သောက်ကျိုးနည်းဟန်းနီးမွန်း၊ သူငါးလေးစားရဖို့နေ့တိုင်းအလုပ်ကြိုးစားနေရတာကို သူ့မှာဟန်းနီးမွန်းအတွက်ဘယ်လိုလုပ်အချိန်ရှိနိုင်ပါ့မလဲ။
အိမ်း၊ ဘဝကမလွယ်ကူဘူးပဲ၊ မြှောင်သက်ပြင်းချလိုက်မိသည်။
ဒါပေမဲ့အလုပ်ပြန်လုပ်ဖို့က....
"ဘာအလုပ်တုန်း?" သူစိတ်ဝင်တစားမေးလိုက်မိသည်။
"အဟမ်း၊ အချစ်ရသစုံရှိုးလေ၊ ငါမင်းနဲ့အရှင့်သားလန်ဇယ်ကိုဖိတ်...."
"တိ"ခနဲမြည်သံနှင့်အတူ လင်ခုံးလုဖုန်းချကာ ဗလာမျက်နှာထားဖြင့်တွေးလိုက်မိသည်: လန်ဇယ်ကအချစ်ရသစုံရှိုးမှာပါမယ်တဲ့လား။ အို၊ သူ့ကိုသတ်လိုက်တာကပိုလွယ်တယ်။
ဥယျာဥ်ထဲမှာ ဧကရာဇ်ကလန်ဇယ်စိတ်အခြေအနေကောင်းနေပြီး အင်းဆက်အဆိပ်ကိုအနှေးနှင့်အမြန်ကုသနိုင်တော့မည်မှန်းမြင်လိုက်ရသဖြင့် သူ့ကိုအလုပ်ပြန်ဝင်ဖို့တိုက်တွန်းပြောဆိုလိုက်မိသည်။
"မင်းရဲ့လက်ထပ်ဖို့ခွင့်ရက်ပြီးသွားပြီမလား။"
လန်ဇယ်: "?" ဧကရာဇ်မှာဘာအကြံရှိနေလဲလန်ဇယ်ချက်ချင်းနားလည်သွားကာ တည်ငြိမ်စွာပြောလိုက်သည်။
"အလျင်မလိုပါဘူး၊ ကျွန်တော့်မှာနေမကောင်းတဲ့ခွင့်ရက်ရှိသေးတယ်။"
ဧကရာဇ်နင်သွားကာ သူတိုက်ရိုက်ငြင်းလို့မရမှန်းမြင်လိုက်ရကာ သူနူးညံ့စွာဆိုကာသက်ပြင်းချလိုက်သည်။
"မင်းမီဒီယာရှေ့မှာပေါ်လာရတာမကြိုက်မှန်းခမည်းတော်သိပါတယ်၊ ဒါပေမဲ့လက်တလောတော်ဝင်မိသားစုအပေါ်ပြည်သူလူထုရဲ့အမြင်ကသိပ်မကောင်းဘူး၊ အကုန်လုံးကမင်းနဲ့ရှောင်လုအကြောင်းကြီးပဲ။ မင်းကမကြာခင်သေတော့မယ်ဆိုပြီးတော့ ရှောင်လုကလက်ထပ်ဖို့ငြင်းဆန်ခဲ့တယ်လို့ပြောနေကြတယ်။ ပြီးတော့မနေ့တုန်းက မင်းမယ်တော်ရဲ့ဆေးမှတ်တမ်းကလည်းတစ်ယောက်ယောက်ဖော်ထုတ်တာခံလိုက်ရတယ်..."
ဧကရာဇ်မှာပြောပြီးနောက်အလွန်ဒေါသထွက်သည့်အလား လက်သီးတင်းတင်းဆုပ်လိုက်သည်။
အခုဆိုလန်ဇယ်ကယိုယွင်းနေပြီးအကြာကြီးနေရတော့မည်မဟုတ်ကြောင်း၊ ဧကရီကလည်းကျန်းမာရေးမကောင်းသဖြင့်မျိုးမပွားနိုင်တော့ ဧကရာဇ်မှာအမွေဆက်ခံသူမရှိပေရာ သူတို့ဝမ်းကွဲညီအစ်ကိုမောင်နှမများဆီကဆက်ခံသူရှာလိုက်ရမှာစိုးသည့်အကြောင်း ပြည်သူလူထုအမြင်ကပြောနေကြသည်။
သူဒေါသထွက်နေမှန်းမြင်လိုက်ရတော့ ဧကရီအန်နာကသူ့လက်ကိုအမြန်ဆုပ်ကိုင်လိုက်သည်။
လန်ဇယ်မျက်မှောင်ကြုတ်မိပြီး ဘယ်သူလှည့်ကွက်သုံးနေမှန်းတမဟုတ်ချင်းနားလည်သွားကာပြောလိုက်သည်။
"ဦးရီးတော်ဟွမ်ကခမည်းတော်ကိုသူ့ကိုနန်းတင်စေချင်နေတာလား။"
ဧကရာဇ်ကငြင်းဆန်မှုမပြုဘဲဆိုသည်။
"ဒီရက်ပိုင်းမှာအလှူစားသောက်ပွဲတစ်ခုလုပ်မှာ၊ မင်းနဲ့ရှောင်လုကလူလုံးထွက်ပြပြီးမီဒီယာကိုဓာတ်ပုံတစ်ပုံလောက်ရိုက်ခွင့်ပေးလိုက်၊ မင်းအကုန်အဆင်ပြေတယ်ဆိုတာအားလုံးသိသွားရင်ရပါပြီ။"
"တမင်လုပ်မှန်းသိသာလွန်းတယ်။"
လန်ဇယ်ခေါင်းခါကာပြောလိုက်သည်။
"ပြီးတော့တစ်ခေါက်နှစ်ခေါက်လူလုံးထွက်ပြတာက ထိရောက်မှုကသိပ်မရှိဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ဒီမှာပိုက်ဆံမရှိတာက နက်နဲတဲ့ထင်မြင်ချက်နဲ့ပူးပေါင်းကြံစည်တဲ့သီအိုရီတွေဆီဦးတည်သွားစေတဲ့ပုံပဲ။"
ဧကရာဇ်ကမျက်မှောင်ကြုတ်သည်။
"ဒါဆိုမင်းဘာကိုဆိုလို..."
လန်ဇယ်တစ်အောင့်ကြာတွေးကာပြောလိုက်သည်။
"ကျွန်တော်ရှောင်လုကိုစစ်တပ်ထဲခေါ်သွားလို့ရတယ်။"
"စစ်တပ်ထဲ?" ဧကရာဇ်နှင့်ဧကရီတို့နှစ်ယောက်လုံးပဟေဠိဖြစ်သွားကြသည်၊ လန်ဇယ်ကအခုဒီလိုဖြစ်နေတာကို စစ်တပ်ဆီသွားနိုင်လို့လား။
အင်းဆက်အဆိပ်ကအနှေးနှင့်အမြန်ကုသလို့ရတော့မယ်ဆိုပေမဲ့လည်း ပြန်မကောင်းသေး.... နေပါအုံး၊ စစ်တပ်ထဲမှာလန်ဇယ်လိုမျိုးအင်းဆက်အဆိပ်ကူးစက်ခံထားရတဲ့လူအများကြီးရှိတယ်။
လန်ဇယ်ချောင်းအသာဟမ့်ကာပြောလိုက်သည်။
"သူ့ကိုနောက်ထပ်အလုပ်ပတ်ဝန်းကျင်တစ်ခုပေးတာပေါ့။"
ဒီတစ်ခေါက်ထိုကြောင်ကိုခေါ်သွားဖို့ ငါးခြောက်ဘယ်နှကောင်လိုမလဲမသိရုံသာ။
____________________