Chapter(60)
Viewers 10k

လင်ခုံးလုဖုန်းချကာ ဥယျာဥ်ဆီပြန်သွားလိုက်တော့ ဧကရာဇ်နှင့်ဧကရီအန်နာကသူနှင့်ပတ်သတ်ပြီးပိုမိုစိတ်အားထက်သန်နေမှန်းတွေ့လိုက်ရသည်။

ဧကရီအန်နာကသူ့လက်ကိုကိုင်ကာ နွေးထွေးသောအသံဖြင့်ပြောလာသည်။
"လိမ်မာတဲ့ကောင်လေး၊ မင်းရဲ့ကြိုးစားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ကွယ်။ လန်ဇယ်မင်းကိုလက်ထပ်ခွင့်ရတာတကယ်ကံကောင်းတယ်။"

ပြောပြီးနောက် သူမဒီတစ်ခေါက်ကြောင်လက်ဖဝါးလေးကိုမကိုင်လိုက်ရသဖြင့်အနည်းငယ်နောင်တရသွားမိသည်။

ဧကရာဇ်လန်ကျယ်ကပုံမှန်ဆိုတည်ငြိမ်အေးဆေးပေမဲ့ အခုတော့သူဟာလည်းလင်ခုံးလုပုခုံးကိုပုတ်ကာနူးညံ့စွာပြောလာသည်။
"အနာဂတ်မှာလန်ဇယ်မင်းကိုအနိုင်ကျင့်ရဲရင် ကိုယ်တော့်ကိုလာပြောနော်၊ ကိုယ်တော်သေချာပေါက်သူ့ကိုကိုင်တွယ်ပေးမယ်။"

လန်ဇယ်: "?" ခမည်းတော်တို့ရဲ့သားတော်ကဘယ်သူတုန်း?

လင်ခုံးလုပဟေဠိဖြစ်သွားမိပေမဲ့ လန်ဇယ်ကသူတို့နှစ်ယောက်ကို သူဟာအင်းဆက်အဆိပ်ကိုကုသနိုင်ကြောင်းပြောလိုက်တာဖြစ်ရမည်ဟုအမြန်ခန့်မှန်းမိလိုက်သည်။

ဒါကိုတွေးမိရင်း သူအမြန်ပြုံးကာသဘောတူလိုက်သည်။
"ဟုတ်ကဲ့၊ သေချာပေါက်ပေါ့ဗျာ။"

လန်ဇယ်: "...."

ဧကရီအန်နာ"ခွီ"ခနဲအော်ရယ်လိုက်မိပြီး လက်မြှောက်ကာကောင်လေး၏ခေါင်းကိုထိလျက် မနေနိုင်ဘဲချီးကျူးလိုက်မိသည်။
"လိမ်မာတဲ့ကောင်လေး။"

သူမပြောပြီးနောက် ဒီတစ်ခေါက်ကြောင်နားရွက်လေးများကိုမညှစ်လိုက်ရသဖြင့်သူမအနည်းငယ်နောင်တရသွားမိသည်။

ဒါကိုမြင်လိုက်ရသော် ဧကရာဇ်ချောင်းဟမ့်ကာအချက်ပြလိုက်သည်: သွားမပွတ်နဲ့တော့၊ ​နန်းတော်ပြန်ရောက်ရင်ကိုယ်တော်ကျားအကြီးကြီးအဖြစ်ပြောင်းပြီးမင်းကိုပွတ်ခိုင်းမယ်။

သူဘာကိုဆိုလိုမှန်းဧကရီအန်နာနားလည်သွားကာ သူမမျက်လုံးများဖြင့်ချက်ချင်းဖော်ပြလိုက်သည်: ရှင့်ကျားမွှေးကဆူးချွန်လိုမာတောင်နေပြီးတော့ လက်ဖဝါးကလည်းထူထဲနေတာကို မပွတ်ချင်ပါဘူးတော်။

စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ဧကရာဇ်: "....."

ကံကောင်းစွာဖြင့် လန်ဇယ်ကလင်ခုံးလုကိုမျက်နှာသေဖြင့်သူ့ဘက်ပြန်ဆွဲလိုက်သည်။

ဧကရာဇ်မှာသူ့သားတော်ကိုချီးကျူးသောအကြည့်တစ်ချက်မပေးဘဲမနေနိုင်ပေ၊ ထို့နောက်ဧကရီအန်နာ၏လက်ကိုလှမ်းကိုင်ပြီး သူတော်ကောင်းယောင်ဆောင်ကာပြောလိုက်သည်။
"ကိုယ်တော်နဲ့မင်းမယ်တော် မင်းတို့ကိုအနှောင့်အယှက်မပေးတော့ဘူး၊ မင်းတို့ကောင်းကောင်းအနားယူကြတော့။ ဒါနဲ့ အဲ့ကိစ္စကိုရှောင်လုနဲ့ဆွေးနွေးလိုက်အုံးနော်၊ ကိစ္စတိုင်းကိုမင်းဘာသာမင်းဆုံးဖြတ်မနေနဲ့။"

ဧကရာဇ်ကသူ့သားတော်၏စရိုက်ကိုကောင်းကောင်းကြီးသိသည်၊ သူ့လိုပင်၊ သူဟာမြင့်မားသောရာထူးအဆင့်အတန်းမှာအချန်အကြာကြီးရှိနေခဲ့သဖြင့် သူပြောတဲ့အတိုင်းလုပ်တတ်သည်။ ဒါပေမဲ့သူ့သားမက်တော်လေးကိုတော့ဖြင့်အဲ့လိုလုပ်လို့မရပေ။ သူကထိုနေရာတွင်ရှိနေခဲ့ပြီးအတွေ့အကြံရှိသည့်တစ်စုံတစ်ယောက်ဖြစ်သည်။

လန်ဇယ်ကတော့မယုတ်မလွန်ပင်ဖြစ်ကာ သူဟာဧကရာဇ်လိုမျိုး"မယက"ဖြစ်လာလိမ့်မည်ဟုမထင်ပေ။

လင်ခုံးလုမှာသူတို့ပြောနေတာကိုနားမလည်ပေ။ ဧကရာဇ်နှင့်ဧကရီအန်နာထွက်သွားပြီးနောက် သူသိချင်စိတ်ဖြင့်မေးလိုက်သည်။
"ဘာကိစ္စလဲဟင်?"

လန်ဇယ်: "...." ငါမင်းကိုအလုပ်လုပ်ဖို့ခေါ်သွားမလို့လေ။

သူခုနကဆုံးဖြတ်ချက်ပြတ်သားမှုရှိခဲ့ပေမဲ့ သူလင်ခုံးလုနှင့်အတူစစ်တပ်ဆီသွားပြီးမီဒီယာရှေ့မှာပေါ်လာရမယ်ဆိုတာလိုမျိုးကိစ္စကိုတကယ်ပြောရမယ်ဆိုတော့ သူရုတ်တရက်ဘယ်လိုပြောရမယ်မှန်းမသိတော့ပေ။

နေပါအုံး၊ သူမှတ်မိတာက အကြံသမားလေးကကြက်ပွင့်တစ်လက်ဖြစ်ပုံပေါ်သလားလို့?

လန်ဇယ်စိတ်ထဲမှာအကြံတစ်ခုရုတ်ခြည်းပေါ်လာပြီး "ဘာမှမဟုတ်ဘူး"ဟုပေါ့ပါးစွာဆိုကာ ဧည့်ခန်းကိုပြန်သွားပြီး ဆက်သွယ်ရေးစက်ကိုဖွင့်ကာအင်တာနက်ကြည့်လိုက်သည်။

လင်ခုံးလု: "?" ဘာလို့မှန်းမသိ။

လတ်တလောအင်တာနက်ပေါ်မှာ"အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည"ဟုခေါ်သည့်အလွန်နာမည်ကြီးသောပရိုဂရမ်တစ်ခုရှိတာကိုလန်ဇယ်မှတ်မိသည်။ ၎င်းမှာစစ်တပ်နှင့်အဓိကအင်တာတိန်းမန့်ကုမ္မဏီများကြားရှိပူးပေါင်းဆောင်ရွက်သောပရောဂျက်ဖြစ်ပေသည်။ အနုပညာရှင်တချို့မှာစစ်တပ်အခြေစိုက်စခန်းကိုဖိတ်ခေါ်ခံရပြီး အာကာသတပ်ဖွဲ့နှင့်အတူဝေမျှစားသောက်ကြကာ အတူနေထိုင်ပြီး အတူလေ့ကျင့်ရေးဆင်းကြကာ မက်ခါပင်မောင်းနှင်ပြီး စစ်မြေပြင်ကွင်းဆင်းကာ တကယ့်စစ်သည်ဘဝအတွေ့အကြုံကိုတွေ့ကြုံခံစားရန်ဖြစ်သည်။

စစ်တပ်ကအာကာသတပ်ဖွဲ့၏ပုံရိပ်ကိုမြှင့်တင်ရန် ဒီပရောဂျက်မှာအဓိကပါဝင်ထားသည်။

အခြားအကြောင်းရင်းမရှိပေ။ ဒီနှစ်ပိုင်းမှာ အာကာသတပ်ဖွဲ့ကဇာ့ဂျ်နှင့်တိုက်ပွဲဆင်နွှဲရာမှာထပ်ခါတလဲလဲကျရှုံးခဲ့သဖြင့် လူတို့၏စိတ်ကိုအဆိုးဘက်ရောက်သွားစေသည်။ အာကာသတပ်ဖွဲ့ထဲဝင်ဖို့ဆန္ဒရှိသည့်လူငယ်များနည်းသထက်နည်းလာပြီး အာကာသတပ်ဖွဲ့ဝင်ကိုလက်ထပ်လိုသည့်လူငယ်များလည်းနည်းသထက်နည်းပါးလာသည်။ စစ်တပ်အ​ခြေစိုက်စခန်းကသေဆုံးသူအရေအတွက်မှာရာနှင့်ချီရှိသည်။

ဒီအခြေအနေကြောင့် ခေါင်းဆောင်များမှာအလွန်စိတ်ပူနေကြပေရာ သူတို့ကဒီနည်းလမ်းသုံးပြီး အိုင်ဒေါလ်တို့၏စွမ်းအားကိုအသုံးချကာ လူငယ်များကိုအာကာသတပ်ဖွဲ့ကိုအာရုံစိုက်ဖို့ဆွဲဆောင်နိုင်ဖို့ရာမျှော်လင့်ထားကြသည်။

ဒီဟာ​ကြောင့် ပရိုဂရမ်အဖွဲ့မှာအိုင်ဒေါ်လ်များအပေါ်အလွန်မြင့်မားသောလိုအပ်ချက်များရှိကြသည်။ ပထမအချက်၊ ပုံရိပ်ကားအကောင်းမြင်စိတ်ရှိကာအပြစ်အနာအဆာမရှိရပေ။ ဒုတိယအချက်၊ ဖန်အရေအတွက်မှာများပြားပြီး လူကြိုက်များမှုမှာကျယ်ပြန့်ရမည်။ နောက်ဆုံးအချက်၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာသိပ်မဆိုးဝါးရပေ။ နှစ်ရက်ကြာလေ့ကျင့်ရေးမှာသတိလစ်မေ့မြောသွားလို့မဖြစ်ပေ။

တောင်းဆိုချက်ကိုဖတ်ရှုပြီးနောက် လန်ဇယ်ကရှင်းပေါ်မှာ"လင်ခုံးလု"ကိုသွားရှာလိုက်ပြီး မူလစာမျက်နှာကိုနှိပ်ပြီးနောက်ဖန်အရေအတွက်ကိုကြည့်ရင်းနှုတ်ဆိတ်သွားရသည်။

တစ်ဖက်လူကကြယ်ပွင့်သေးလေးလေးမှန်းသူသိထားပေမဲ့ ဒီလောက်"သေး"လိမ့်မည်ဟုမထင်ထားမိပေ၊ ဒီဖန်တစ်သန်းလောက်က ရှင်းပေါ်သိပ်မသုံးသည့်လူတစ်ယောက်အတွက်သိပ်မများပေ။

ဒါကစုတ်ပြတ်လွန်းတယ်။

လန်ဇယ်အကောင့်ဖွင့်ကာ တိတ်တဆိတ်followလုပ်လိုက်ပြီးမှ ပရိုဂရမ်အဖွဲ့၏ဒုတိယတောင်းဆိုချက်ကိုပယ်ကာ တတိယအချက်ကိုကြည့်လိုက်သည်။

ရုပ်ပိုင်းဆိုင်ရာခွန်အားကောင်းမွန်ရမယ်?

ငါးမြှီးကိုတစ်အောင့်ကြာနှိပ်ပေးပြီးနောက်သူ့လက်ကောက်ဝတ်ပင်ပန်းနေပြီဟုပြောကာ သူ့ကိုဆက်နှိပ်ပေးဖို့ငါး​ခြောက်နှစ်လုတ်စာထပ်စားတတ်သည့်ကြောင်ငပျင်းလေးကိုတွေးမိရင်း လန်ဇယ်တိတ်ကျသွားရပြန်သည်။

ထိုစဥ်လင်ခုံးလုကငါး​ခြောက်ထုပ်လေးကိုင်ကာ ကြောင်နားရွက်များထောင်လျက် ဆိုဖာပေါ်မှာထိုင်ပြီး တီဗွီကြည့်ဖို့အသင့်ပြင်နေသည်။

လန်ဇယ်: "...." ဒီကြောင်ငပျင်းကစားလိုက်အိပ်လိုက်နဲ့၊ လေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲမသိဘူးလား။

တကယ်ကန်းနေတာပဲ။ သူကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်ကပေါ့ပါးကာနူးညံ့ပျော့ပြောင်းလာသဖြင့် တတိယအချက်ကိုပါပယ်လိုက်သည်။

လန်ဇယ်မှာသံကိုသံမဏိအဖြစ်မလုပ်နိုင်တာကိုမုန်းတီးမိသဖြင့် အကြည့်လွှဲကာပရိုဂရမ်အဖွဲ့၏ပထမဆုံးတောင်းဆိုချက်ကိုဆက်ကြည့်လိုက်သည်။

လင်ခုံးလု: "?" မင်းငါ့ကိုဘာလို့ဘာမှမဟုတ်ဘဲစိုက်ကြည့်နေတာတုန်းဟ?

လန်ဇယ်ကသူ့တုံ့ပြန်မှုကိုသတိမထားမိဘဲ "ပုံရိပ်"ဟူသည့်စာလုံးကိုမြင်လိုက်ရချိန်မှာ သူနောက်ဆုံးသက်မချလိုက်မိသည်။

သူတွေးကြည့်လိုက်မိသည်၊ အရင်ဘဝကထက်ဉာဏ်ပိုကောင်းတာအပြင် ကြောင်ငပျင်းလေးကတစ်ခါမှခိုးဆိုးလုယက်မလုပ်သလိုဥပ​ဒေကိုမချိုးဖောက်ဖူးတဲ့အပြင် အခုဆိုသူကတော်ဝင်မိသားစုထဲလက်ထပ်ဝင်ရောက်လာတာဆိုတော့ သူ့ပုံရိပ်ကအဆင်ပြေလောက်တယ်။

ဒါပေမဲ့လည်း သူလင်ခုံးလုအကြောင်းသတင်းဖွင့်ကြည့်လိုက်တော့---

#အဆင့်၁၈ကြယ်ပွင့်လေးကအရှင့်သလန်ဇယ်ကိုရူးရူးမိုက်မိုက်အချစ်တွေထုတ်ပြခဲ့ပေမဲ့ တော်ဝင်မိသားစုဝင်တွေဆီကမျက်နှာဖြတ်ရိုက်ခံလိုက်ရ#

#လင်ခုံးလုကရုပ်ရှင်ဘုရင်ချူဖေးကိုစွပ်စွဲပြောဆိုခဲ့#

#လင်ခုံးလုအရက်မူးပြီးကားမောင်း#

#လင်ခုံးလု၏မပြောအပ်သောစည်းမျဥ်းများ#

#သတင်းထူး! လင်ခုံးလုကတော်ဝင်မိသားစုဝင်ထဲလက်ထပ်ဝင်သွားပြီတဲ့#

လန်ဇယ်: "....."

သူအင်တာနက်သုံးစွဲသူများ၏ကောမန့်မျိုးစုံကိုသွားဖတ်ကြည့်မိတော့--

[ငါနေ့တိုင်းမေးနေမိတဲ့မေးခွန်း၊ လင်ခုံးလုကအနုပညာအသိုင်းအဝိုင်းထဲကထွက်သွားပြီလား။]

[အရှက်မရှိလိုက်တာ၊ မိသားစုရဲ့ပိုက်ဆံပေါ်မှီခိုနေပေမဲ့ မိသားစုရဲ့မပြောအပ်တဲ့စည်းမျဥ်းကိုထုတ်ပြောချင်သေးတယ်ပေါ့၊ သွေးအန်နေပြီဟေ့!]*

[လင်ခုံးလုကဘယ်သူတုန်း? တစ်နေကုန်ကြွေထည်တွေနဲ့ထိတွေ့နေရတော့ ရုပ်ဆိုးလာပြီရော်]

[ချူးဖေးကသူ့လောက်မချောဘဲ သူ့ဆီကအကုန်လုယူခဲ့တာလို့သူကပြောသေးတယ်၊ ရယ်သေတော့မှာပဲ၊ ချူးဖေးကမှရုပ်ရှင်ဘုရင်ကွ!]

[နောက်နေတာမဟုတ်ဘူးနော်၊ သူကအရှင့်သားလန်ဇယ်နဲ့လက်ထပ်ချင်တာတဲ့]

[အပေါ်ထပ်ကတစ်ယောက်မရယ်နဲ့၊ သူကအရှင့်သားလန်ဇယ်နဲ့တကယ်လက်ထပ်သွားပြီရယ်]

လန်ဇယ်: "...."

သူအနည်းငယ်ပဟေဠိဖြစ်သွားရသည်၊ ဒီကြောင်ငပျင်းလေးကဘယ်လိုလုပ်နေရာတိုင်းမှာနာမည်ဆိုးနဲ့ကျော်စောနေရတာလဲ။

လန်ဇယ်မှာရသစုံရှိုးများမကြည့်ဖြစ်ပေ၊ တစ်ခါတရံတီဗွီကြည့်ပေမဲ့ သူဟာသတင်းနှင့်စစ်တပ်ချန်နယ်များကိုသာကြည့်သည်။ သူ"အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည"ရသစုံရှိုးအကြောင်းသိရသည့်အကြောင်းရင်းမှာ စစ်တပ်ပရိုဂရမ်ဌာနကားအစကသူ့တရားစီရင်ပိုင်ခွင့်အောက်ကဝေါလန်ကြယ်၏တတိယစစ်အခြေစိုက်စခန်းကိုရှုတင်တည်နေရာအဖြစ်သုံးချင်ခဲ့ပေမဲ့ သူငြင်းဆန်ခဲ့တာမို့။

သူအစကလင်ခုံးလုကိုဒီရှိုးထဲမှာစတားတစ်ယောက်အနေဖြင့်ပါဝင်ခိုင်းကာသူနှင့်အတူလိုက်ပါပြီး မီဒီယာဆီကမတော်တဆဓာတ်ပုံရိုက်ခံရချင်ယောင်ဆောင်ချင်ကာ တမင်သက်သက်မဟုတ်ဘဲသတင်းပျံ့သွားစေချင်ရုံသာမက ကြောင်ငပျင်းလေးကိုပါစစ်တပ်ထဲ(လိမ်)ခေါ်သွားချင်ခဲ့တာဖြစ်သည်။

ဒါပေမဲ့လင်ခုံးလု၏သတင်းအချက်အလက်ကိုဖတ်ပြီးနောက်မှာ သူလုံးဝတိတ်ကျသွားရသည်။ တစ်ဖက်လူ၏အ​ခြေအနေနှင့်ဆိုရင် ထိုအဖွဲ့ထဲကိုပုံမှန်အတိုင်းဝင်ရဖို့သေချာပေါက်မဖြစ်နိုင်ပေရာ အနောက်တံခါးကိုဖြတ်၍သာသွားလို့ရသည်။

သူအရင်ကပရိုပရမ်အဖွဲ့၏တောင်းဆိုချက်ကိုငြင်းခဲ့မိတာနောင်တရသွားသည်။ ပရိုဂရမ်ကတတိယစစ်အခြေစိုက်စခန်းမှာတကယ်ရိုက်ကူးချင်ရင် သူကြောင်ငပျင်းလေးကိုအနောက်တံခါးကဖြတ်ပြီးအလွယ်လေးကူညီနိုင်လိမ့်မည်ပင်၊ ဒါပေမဲ့အခုတော့ဖြင့်....

သူမနေနိုင်ဘဲငါး​ခြောက်စားကာပျော်ရွှင်နေသည့်လင်ခုံးလုကိုကြည့်ကာမျက်မှောင်ကြုတ်လျက်တွေးမိသည်:
ဒီကောင်လေးဘာလို့နည်းနည်းလေးတောင်မလုပ်ကိုင်နိုင်ရတာလဲ။

ဖန်တစ်သန်းသာရှိပြီး ၎င်းတို့အနက်တစ်ဝက်မှာဇွန်ဘီဖန်များဖြစ်ကြသည်။ လက်ကျန်တစ်ဝက်မှာ အမည်းဖန်အများကြီးရှိနေသေးလောက်တယ်၊ ဒါဖြစ်နိုင်ရဲ့လား။

လင်ခုံးလုမှာငါး​ခြောက်စားလျက် တီဗွီကြည့်နေရင်း သူထပ်မံစိုက်ကြည့်ခံနေရပြန်မှန်းသတိထားမိသွားကာ ပို၍ပင်ဖော်ပြမရဖြစ်လာပြီး သူမနေနိုင်ဘဲပြန်စိုက်ကြည့်ကာမေးလိုက်သည်။
"ခင်ဗျားဘာကြည့်နေတာလဲ။"

လန်ဇယ်ကဆက်သွယ်ရေးစက်ကိုတိုက်ရိုက်လှမ်းပေးကာ ဗလာမျက်နှာထားဖြင့်ပြောလာသည်။
"မင်းရဲ့ပုံရိပ်ကိုကြည့်နေတာ။"

လင်ခုံးလုနှစ်ချက်ကြည့်လိုက်ပြီး သူ့တုံ့ပြန်မှုမှာအလွန်တည်ငြိမ်လျက်။ သူကစက်မျက်နှာပြင်ကိုငါး​ခြောက်မဖဲ့ထားသည့်လက်ချောင်းလေးဖြင့်တို့ကာ လန်ဇယ်အကြောင်းသတင်းများရှာလိုက်ပြီး ပြောလိုက်သည်။
"​ကြည့်လေ၊ ခင်ဗျားလဲပိုမကောင်းပါဘူး။"

လန်ဇယ်: "?"

သူဆက်သွယ်ရေးစက်ကိုပြန်ကြည့်လိုက်တော့ မြင်လိုက်ရတာက ခေါင်းကြီးပိုင်းသတင်းအကုန်လုံးမှာ------

#မင်းသား၂ကရေသူအဖြစ်နိုးထလာပြီးတော့ သူ့ဗီဇကမသန်မာဘူး၊ သူဘယ်လိုလုပ်ပြီးအင်ပါယာရဲ့ဗိုလ်ချုပ်ဖြစ်လာတာလဲဟ?#

#မင်းသား၂ကသူ့ရဲ့တော်ဝင်အဆင့်အတန်းကိုအခွင့်ကောင်းယူပြီး စစ်အာဏာကိုလုယူခဲ့#

#မင်းသား၂မသန်မစွမ်းဖြစ်သွားပြီးနောက်ပိုင်းမှာ သူ့အကျင့်စရိုက်ကကြီးကြီးမားမားပြောင်းလဲသွားပြီးတော့ သူ့ဇနီးကိုရိုက်နှက်ပြီးဆူငေါက်တယ်တဲ့#

#မင်းသား၂....#

အင်တာနက်သုံးစွဲသူတို့၏ကောမန့်ကိုကြည့်လိုက်ပြန်တော့---

[သူကလူကောင်းမဟုတ်မှန်းငါသိသားပဲ၊ အရင်တုန်းကသူဖန်တစ်သိုက်လျက်တာခံခဲ့ရသေးတယ်]

[လင်ခုံးလုလည်းသနားစရာပဲ၊ သူကအနုပညာအသိုင်းအဝိုင်းမှာနာမည်ဆိုးနဲ့ကျော်ကြားပေမဲ့လည်း သူလက်ထပ်ပြီးတော့နှိပ်စက်ညှင်းပန်းမခံရသင့်ဘူးလေ]

[ဘုရားရေ၊ လင်ခုံးလုမပေါ်လာတာကြာလှပြီ၊ သူသေလောက်အောင်နှိပ်စက်ညှင်းပန်းခံလိုက်ရတာလား။]

[ဟုတ်မဲ့ပုံပဲ၊ ငါဟိုတစ်ခါကြားတာကတော့ သူလင်မိသားစုဆီပြန်သွားတော့ သူကဆိုးဆိုးဝါးဝါးကိုရိုက်နှက်ခံထားရပြီးတော့ သူ့တစ်ကိုယ်လုံးမှာဒဏ်ရာတွေရှိနေတာတဲ့၊ သူ့မိဘတွေကသူ့ကိုပွေ့ဖက်ပြီးငိုယိုခဲ့ကြပေမဲ့ သူတို့ကတော်ဝင်မိသားစုကိုပြဿနာသွားမရှာရဲဘူးလေ]

[ကျွတ်၊ မင်းသား၂ကအခုဒီလောက်ယုတ်မာနေပြီလား။]

[လင်ခုံးလုကိုသနားမနေနဲ့၊ သူကလည်းသိပ်ကောင်းမနေဘူး]

[ဟက်၊ သူတို့နှစ်ယောက်မှာတစ်ယောက်ကအသုံးမကျဘူး၊ နောက်တစ်​​ယောက်ကအသုံးမဝင်ဘူး၊ သူတို့ကလိုက်ဖက်ညီတဲ့အတွဲပဲ]

လန်ဇယ်နှဖူးပေါ်မှာအပြာရောင်သွေးကြောများထောင်လာပြီး သွေးဖိအားမြင့်တက်ခြင်းကဘာကိုဆိုလိုမှန်းသူပထမဆုံးအကြိမ်သဘောပေါက်သွားသည်။

လင်ခုံးလုငါးခြောက်ကိုင်ထားသည့်လက်ဖဝါးဖြင့်သူ့ကိုပုတ်ပေးကာနှစ်သိမ့်ပေးလိုက်သည်။
"အင်း၊ စိတ်အေးအေးထား၊ ဒါတွေအကုန်လုံးကရေတပ်တွေပါပဲ၊ ပြည်သူလူထုရဲ့တကယ့်အတွေးအစစ်မဟုတ်ဘူးရယ်။"

လန်ဇယ်ပင့်သက်ရှိုက်ကာ သူ့လက်ဖဝါးကိုလျစ်လျူရှုထားလိုက်သည်။

သူစစ်တပ်ပရိုဂရမ်ဌာနကိုတိုက်ရိုက်ဖုန်းခေါ်ကာပြောလိုက်သည်။
"မင်းတို့'အိပ်မက်စစ်သည်၊ ၇ရက်နဲ့၇ည'ပရောဂျက်အတွက်တတိယစစ်အခြေစိုက်စခန်းကိုသွားဖို့ရည်ရွယ်ထားသေးလား။"

အနောက်တံခါးကဖြတ်သွားရမယ်၊ သူသေချာပေါက်အနောက်တံခါးကဖြတ်သွားရပြီးတော့ ဒီလူတစ်သိုက်ကိုကောင်းကင်ဘုံကချီးမြှောက်ပေးတဲ့စုံတွဲကဘယ်လိုမျိုးလဲဆိုတာပြလိုက်တာပေါ့။

ပြီးတော့--

သူလင်ခုံးလုကိုတစ်ချက်ကြည့်ကာ အံကြိတ်ပြီးတွေးလိုက်မိသည်: ဒီကောင်လေးကသိသိသာသာကိုသူကျွေးထားတဲ့ရွှေငါးနဲ့ဖြူဖွေးပြီးနူးညံ့နေတာကို သူကဘယ်လိုလုပ်ပြီးနှိပ်စက်ညှင်းပန်းခံရမှာလဲ။

လင်ခုံးလု: အပြစ်ကင်းစင်ပုံ။

ပရိုဂရမ်ဌာနကလူတို့မှာဖုန်းလက်ခံရရှိချိန်လန့်သွားကြပြီးမှအပျော်လွန်သွားကာအလျင်စလိုပြောမိသည်။
"ဟုတ်၊ ဟုတ်၊ ဟုတ်!"

တတိယစစ်အခြေစိုက်စခန်းကအာကာကတပ်ဖွဲ့က ဒီနှစ်ပိုင်းမှာဇာ့ဂျ်နှင့်တိုက်တဲ့တိုက်ပွဲတိုင်းမှာအမြဲနိုင်လေ့ရှိတဲ့ရှားပါးတဲ့အဖွဲ့တစ်ခုဖြစ်သည်။ မင်းသာအာကာသတပ်ဖွဲ့၏ပုံရိပ်ကိုမြှင့်တင်ချင်ရင် ၎င်းကထုံးစံအတိုင်းပထမဆုံးရွေးချယ်မှုဖြစ်သည်။

ဒါပေမဲ့၎င်းမှာအရှင့်သားလန်ဇယ်တည်ထောင်ထားသည့်အ​ခြေစိုက်စခန်းဖြစ်သည်။ တစ်ဖက်လူကအခြေစိုက်စခန်းမှာပြောရေးဆိုခွင့်ရှိပြီး သူတို့မှာအရင်ကတိုက်ရိုက်အငြင်းခံခဲ့ရသည်။

ထို့အပြင် လန်ဇယ်ကားမင်းသားတစ်ပါးဖြစ်နေဆဲဖြစ်ရာ အဆင့်မြင့်စစ်တပ်အရာရှိတို့ကသူ့ကိုကျော်တက်ဖို့မကြာခဏအခက်တွေ့လေ့ရှိသည်။

ဒါပေမဲ့အခုတော့ အရှင့်သားလန်ဇယ်ကတကယ်ကြီးလက်ဦးမှုရယူပြီးဆက်သွယ်လာတယ်ဆိုတော့ ကိစ္စတွေကိုပြန်လှည့်လိုက်ပြီလို့ဆိုလိုတာလား။

သေချာတာပေါ့၊ လန်ဇယ်၏အေးစက်စက်အသံကအမြန်ထွက်လာကာဆိုသည်။
"ငါမင်းတို့ရဲ့တောင်းဆိုချက်ကိုလက်ခံတယ်၊ ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်...."

"ပြောပါဗျ။"
ပရိုဂရမ်ဌာနကလူမှာအမြန်ပြောလိုက်မိသည်။

အရှင့်သားလန်ဇယ်ကအာကာသတပ်ဖွဲ့၏ပုံရိပ်ကိုမြှင့်တင်ဖို့ သူတို့ကိုတတိယစစ်အခြေစိုက်စခန်းသုံးခွင့်ပေးသရွေ့၊ အခြေအနေတစ်ခုမပြောနဲ့ အခြေအနေ၁၀ခုတောင်လက်ခံလိုက်မယ်။

လင်ခုံးလုကလည်းခေါင်းလှည့်ကာ လန်ဇယ်ကိုစပ်စပ်စုစုကြည့်လာသည်။

လန်ဇယ်သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှ မျက်နှာသေဖြင့်ရှိနေသေးပေမဲ့ သူ့လေသံမှာအံကြိတ်ထားကာပြောလိုက်သည်။
"တစ်ခုပဲ၊ ငါလူတစ်​ယောက်ကိုထည့်ချင်တယ်။"

လင်ခုံးလု: "?"

ဖုန်းဖြေနေသည့်အရာရှိငယ်လေး: "?"

"တစ်ဆိတ်လောက်ခင်ဗျ... အရှင့်သားဘယ်သူ့ကိုထည့်ချင်တာလဲဟင်?"
အရာရှိငယ်လေးမေးလိုက်သည်။

"လင်! ခုံး! လု!"
လန်ဇယ်အံကြိတ်ကာတစ်လုံးချင်းပြောလိုက်သည်။

သူ့ဘဝမှာအနောက်တံခါးကိုတစ်ခါမှဖြတ်မလျှောက်ခဲ့ဖူးပေ၊ ဒါကပထမဆုံးအကြိမ်ဖြစ်ပေရာ သူအလွန်မသက်မသာဖြစ်မိသည်။

"တောက်!"

လင်ခုံးလု၏ငါးလေးမှာအသတ်ခံလိုက်ရပြီး သူ့မျက်နှာထက်ဇဝေဇဝါမျက်နှာထားဖြင့် အလွန်ပဟေဠိဖြစ်နေမိသည်။

"ကျွန်တော်ဘာလို့ရသစုံရှိုးကိုသွားရမှာလဲ။" သူနောက်အလုပ်တစ်ခုမလုပ်ချင်ဘူးနော်။

လန်ဇယ်: "မင်းကစတားမဟုတ်ဘူးလား။"

လင်ခုံးလု: "အွန်း။"

လန်ဇယ်: "မင်းမှာရည်မှန်းချက်မရှိဘူးလား။"

လင်ခုံးလုတစ်အောင့်ကြာတွေးကာ ရိုးသားစွာပြောလိုက်သည်။
"ရှိတယ်၊ ဒါပေမဲ့အနုပညာအသိုင်းအဝိုင်းမှာမဟုတ်ဘူးရယ်။"

"အော်? ဘယ်မှာလဲ။"
လန်ဇယ်လှောင်ပြုံးပြုံးလိုက်မိသည်၊ ဒီကြောင်ငပျင်းမှာရည်မှန်းချက်တစ်ခုမှတကယ်မမြင်မိပေ။

"ခင်ဗျားလေ။" လင်ခုံးလုရိုးသားစစ်မှန်စွာပြောလိုက်သည်။

တကယ်ပြောတာ၊ သူ့ရဲ့လက်ရှိတာဝန်ကလန်ဇယ်ကိုတိုက်ခိုက်ပြီး ဒီကမ္ဘာကိုတည်ငြိမ်အောင်လုပ်ပြီးတော့ ချစ်ကျွမ်းဝင်သွားဖို့ပဲ။ အနုပညာအသိုင်းအဝိုင်းကဟာတွေကတော့ အကုန်လုံးကအချိန်ပိုင်းအလုပ်တွေကြီးပဲ။

လန်ဇယ်မှာသိသိသာသာကိုမိန်းမောသွားရပြီး တစ်အောင့်ကြာမှအသိပြန်ဝင်လာကာ သူ့​လေသံမှာဖော်ပြမရအောင်မသက်မသာဖြစ်နေလျက် သူချောင်းအသာဟမ့်ကာပြောလိုက်မိသည်။
"မင်း....ပိုပြီးပွင့်လင်းမှုရှိစမ်းပါ။"

လင်ခုံးလု: "?" ငါပွင့်လင်းမှုမရှိလို့လား။

လန်ဇယ်သူ့ကြောင်နားရွက်ကိုလက်ညှိုးထိုးကာအသိပေးလိုက်သည်။
"နားရွက်တွေပျော်ပျော်ကြီးလှုပ်နေတယ်။"

သူစိတ်အခြေအနေမှန်မှာရှိမနေမှန်းသိသာနေတာကြီးကို!

__________________________