Chapter(62)
Viewers 12k

မနက်စာစားချိန်မှထွက်ခွာချိန်အထိ လင်ခုံးလုမှာကောမန့်တောက်လျှောက်ဖတ်နေသဖြင့် လမ်းမီးတိုင်နှင့်တိုက်မိလုနီးပါးဖြစ်သွားပေမဲ့ လန်ဇယ်ကသူ့ကြောင်မြှီးကိုအချိန်မီလှမ်းဆွဲကာတားလိုက်နိုင်သည်။


လင်ခုံးလု: "?" ဒီဟာဘယ်တုန်းကထွက်လာတာတုန်းဟ?


သူအမြန်ပြန်ဖိသွင်းလိုက်ပြီး သူ့ခေါင်းကိုထိကြည့်လိုက်တော့၊ အမ်း၊ ကံကောင်းစွာဖြင့် ကြောင်နားရွက်များကတော့ထွက်မလာပေ။


ထို့နောက်ကောမန့်ဆက်ဖတ်လိုက်သည်။


လန်ဇယ်: "....." အင်း၊ တော်တော်လေးချစ်ဖို့ကောင်းသားပဲ။


လင်ခုံးလုဝေါလန်ကြယ်ဂြိုဟ်ကိုသွားသည့်စစ်သဘော်ပေါ်တက်မှသာရှင်းပေါ်ကထွက်ပြီး ပြောလိုက်မိသည်။

"အခုကစပြီး ခင်ဗျားအနုပညာအသိုင်းအဝိုင်းအကြောင်းဂရုစိုက်စရာမလိုတော့ဘူး။"


လန်ဇယ်သူ့ကိုတစ်ချက်ကြည့်ကာ တွေးလိုက်မိသည်၊ ဒီကြောင်ငပျင်းလေးကတကယ်ဆိုးဝါးပြီးအင်တာနက်သုံးစွဲသူတွေဆီကအမြဲဆူငေါက်ခံနေရတာကြောင့်မဟုတ်ရင် သူတကယ်ဂရုစိုက်မိမှာမဟုတ်လှ။


"ခင်ဗျားကသန့်ရှင်းအောင်လုပ်နေတာမဟုတ်ဘူး၊ မည်းနက်အောင်လုပ်နေတာပဲ!" လင်ခုံးလုသက်ပြင်းချမိသည်။


လန်ဇယ်: "?"


ဝေါလန်ဂြိုဟ်သားတတိယအခြေစိုက်စခန်း၊ ရုံးချုပ်။


အစည်းအဝေးခန်းမထဲတွင် ဗိုလ်ချုပ်မော့မှာနောက်ဆုံးတော့ "မဂ်လာပါ၊ အရှင့်သား၊ ကြင်ယာတော်၊ အရှင့်သားတို့ရဲ့ကြိုးစားပေးမှုအတွက်ကျေးဇူးတင်ပါတယ်"ဟူသည့်နောက်ဆုံးကောမန့်ကိုပို့စ်တင်ပြီးနောက်ဒီနေ့တာဝန်ပြီးဆုံးသွားသဖြင့် သက်မချလိုက်မိသည်။


"အကုန်ပြီးသွားပြီလား။" သူမျက်လုံးပင့်ကာ သူ့ရှေ့ကစီနီယာအရာရှိများကိုစကန်ဖတ်လိုက်သည်။


အရာရှိများမှာသူတို့၏ဆက်သွယ်ရေးစက်ကိုချက်ချင်းချကာ ခပ်တည်တည်ခေါင်းငြိမ့်ပြလိုက်ကြသည်။


လူတိုင်းဒီနေ့တာဝန်ပြီးဆုံးသွားမှန်းအတည်ပြုပြီးနောက် မော့ကစားပွဲပေါ်ရှိစစ်ဦးထုပ်ကိုယူဝတ်ကာ သေချာပြောလိုက်သည်။

"ဒါဆို အဲ့...ဘိုးဘေးလေးကိုသွားကြိုကြတာပေါ့။"


သူ"ဘိုးဘေးလေး"ဆိုသည့်စကားလုံးသုံးလုံးမှာသူ့လေသံကိုဖိပြောလိုက်ပြီး ၎င်းမှာအံကြိတ်ထားသယောင်။


အခြေစိုက်စခန်းကိုတာဝန်ယူထားသည့်ဒုတိယလူအနေဖြင့် မော့မှာတတိယအခြေစိုက်စခန်းကိုရသစုံရှိုးရိုက်ကွင်းတည်နေရာအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သတ်ပြီးအလွန်မကျေမနပ်ဖြစ်မိသည်။ သူတို့မှာနေ့တိုင်းလေ့ကျင့်ရေးဆင်းလိုက်တိုက်ခိုက်လိုက်နှင့်အလုပ်များနေကြတာဖြစ်သည်။ ဒါကအလွန်လေးနက်သောကိစ္စဖြစ်သည်ပင်။ သူတို့မှာဘယ်လိုလုပ်ပြီးရိုက်ကူးရေးနှင့်ပူးပေါင်းဆောင်ရွက်ဖို့အချိန်ရှိမှာလဲ။


နောက်ပိုင်း သူကြားမိတာကတော့ကြင်ယာတော်ကထိုအဖွဲ့ထဲပါမှာမို့လို့ အထက်အရာရှိများကရိုက်ကွင်းတည်နေရာကိုသူတို့အခြေစိုက်စခန်းသို့ယာယီပြောင်းလဲလိုက်တာဟုပင်။ ထို့အပြင် မနေ့ကတည်းက သူတို့ဟာကြင်ယာတော်အတွက်ကောမန့်ရေးပေးဖို့"တွန်းအားပေး"ခံခဲ့ရသည်။ ဒီလိုစိတ်မကျေမနပ်ဖြစ်မှုကတမဟုတ်ချင်းအထွတ်အထိပ်သို့ရောက်လာသည်။


မော့ကားလန်ဇယ်၏ခေါ်ဆိုမှုမရရှိခဲ့သဖြင့် လန်ဇယ်ကိုယ်တိုင်ဒီကိစ္စကိုအမိန့်ပေးခဲ့မှန်းမသိပေ။ ကြင်ယာတော်ကတမင်သက်သက်ကြွားလုံးထုတ်ကာသူတို့ကိုတမင်အမိန့်ပေးခြင်းဖြစ်သည်ဟုသူထင်မိသည်။


အဆုံးတွင် သူ့အမြင်မှာ အရှင့်သားလန်ဇယ်လိုမျိုးဉာဏ်ပညာရှိသောတစ်စုံတစ်ယောက်ကဒီလိုအရာမျိုးကိုလုပ်မှာမဟုတ်။


အခြေစိုက်စခန်းထဲကအခြားအရာရှိများကဲ့သို့ပင်၊ မော့မှာအခြေစိုက်စခန်းကိုအကူအညီမပါဘဲတိုးတက်အောင်လုပ်ခဲ့သည့်လန်ဇယ်ကိုရိုသေလေးစားပေမဲ့ သူတစ်ခါမှမမြင်ဖူးသည့်ကြင်ယာတော်အပေါ်ကိုတော့ဖြင့်ထင်မြင်ချက်တချို့ရှိသည်။


ဒီကြင်ယာတော်ကရသစုံရှိုးရိုက်ကူးချင်တာမို့ သူတို့ကိုကောမန့်များထိန်းချုပ်ခိုင်းခဲ့တာဖြစ်သည်။ ဒါကစစ်အခြေစိုက်စခန်းကိုကိုယ်ပိုင်ပစ္စည်းအဖြစ်ဆက်ဆံလိုက်တာဖြစ်ပြီး အခြေစိုက်စခန်းကအာကာသတပ်ဖွဲ့ကိုသူ့အစေခံများပမာဆက်ဆံလိုက်ခြင်းဖြစ်သည်။ သူလုပ်ချင်တာဘာမဆိုလုပ်လို့ရမလား။


မော့ရင်ထဲမှာဒေါသကိုထိန်းချုပ်ထားသည်။ ကြင်ယာတော်ကအခြေစိုက်စခန်းကိုရောက်လာပြီးနောက်ပိုင်းမှာမဆင်မခြင်ပြုမူနေအုံးမယ်ဆိုရင် သူဘာကိုမှအရေးမစိုက်ဘဲသူ့ကိုချက်ချင်းမောင်းထုတ်ပစ်မည်ဟုသူဆုံးဖြတ်ပြီးသားပင်။


ဉာဏ်အမျှော်အမြင်ရှိတဲ့အရှင့်သားလန်ဇယ်ကဒီလိုအရာမျိုးကိုသည်းခံမှာမဟုတ်မှန်းသူယုံကြည်သည်။ ကြင်ယာတော်ကအရှင့်သားကိုမပြောဘဲဒီကိစ္စကိုလုပ်ခဲ့တာဖြစ်ရမည်။


ဒါမှမဟုတ် သူတို့ဆုံတဲ့အခါ သူကြင်ယာတော်ကိုအရင်ဆုံးတိုက်ကွက်တစ်ကွက်ပေးလိုက်သင့်သည်၊ ဒါမှသာတစ်ဖက်လူကရှော့ခ်ရသွားပြီး နောက်ပိုင်းသေချာပေါက်ဘာမှလုပ်ရဲတော့မှာမဟုတ်ပေ။ ကြင်ယာတော်ကငယ်ရွယ်ကာအားနည်းပုံပေါ်တာမို့ အလွန်ကြောက်တတ်လိမ့်မည်ပင်။


ဤအခိုက်အတန့်မှာ မော့ကလန်ဇယ်လာမယ်မှန်းမသိထားသဖြင့် ထိုအကြောင်းစဥ်းစားပြီးနောက် သူ့မျက်နှာထားမှာချက်ချင်းအနည်းငယ်ပိုလေးနက်လာကာ သူ့မျက်နှာကိုတမင်ရည်ရွယ်ချက်ရှိရှိမည်းမှောင်ကာ သူ့မျက်လုံးများကိုပြူးထားပြီး ခက်ထန်ချင်ယောင်ဆောင်လိုက်သည်။


တော်ဝင်မြို့တော်ကစစ်သဘော်မှာမကြာခင်ဆိပ်ကမ်းမှာဆိုက်ရောက်လာသည်။ ဓာတ်လှေကားမှတဆင့်ဆင်းလာတော့မည့်"အလုပ်"လာလုပ်သည့်ကြင်ယာတော်ကိုမြင်လိုက်ရရင်း သူ့အနောက်ကအရာရှိများကိုအသိပေးလိုက်သည်။

"မင်းတို့ပိုပြီးခက်ထန်နေရမယ်။"


အခြားအရာရှိများမှာသူဘာကိုဆိုလိုမှန်းတမဟုတ်ချင်းနားလည်သွားကာ မြေအောက်လောကသားများတိုက်ခိုက်တော့မည့်အလား ချက်ချင်းခက်ထန်သောမျက်နှာထားဆင်မြန်းလိုက်ကြသည်။


ဓာတ်လှေကားမှာလျင်မြန်စွာမြေပြင်ပေါ်ကျလာပြီး တံခါးပွင့်လာချိန်တွင် သူ့ကိုလာနှုတ်ဆက်ကြသည့်အရာရှိအားလုံးမှာသက်မချလိုက်မိပြီး အထဲကထွက်လာဖို့ပြင်နေသည့်လူကိုခက်ထန်စွာစူးစိုက်ကြည့်လိုက်ကြသည်။


ဒါပေမဲ့ ထိုအားနည်းနုနယ်သောကြင်ယာတော်ကိုမမြင်ရသဖြင့် သူတို့အံ့အားသင့်သွားမိသည်။


ဝှီးချဲ၏အရှေ့အစွန်းကအရင်ပေါ်လာပြီးမှ ဝှီးချဲကဖြည်းညှင်းစွာအပြင်အတွန်းခံလာရကာ ဝှီးချဲပေါ်မှာထိုင်နေသည့်လူမှာအရိပ်ထဲမှထွက်ပေါ်လာပြီး ငွေရောင်ဆံနွယ်ရှည်၊ နားရွက်ဆူးတောင်နှင့်ဖြူဖျော့ဖျောအသားအရည်ကိုလှစ်ဟပြလာသည်။


"အိစ်!" မော့နှင့်သူ့နောက်ကအရာရှိများမှာအသက်အောင့်လိုက်မိကြပြီး သူတို့စိတ်ဝိညာဥ်မှာလှစ်ခနဲတင်းမာသွားရသည်။


ဒါက...သူတို့အခြေစိုက်စခန်းကိုတာဝန်ယူထားတဲ့ထိပ်ဆုံးပုဂ္ဂိုလ်အရှင့်သားလန်ဇယ်မဟုတ်လား။ သူကဘာလို့ဒီမှာပေါ်လာရတာတုန်း?


လန်ဇယ်မော့ကြည့်လိုက်တော့ ခက်ထန်သောအကြည့်စူးစူးများစွာတို့ဖြင့်အကြည့်ချင်းဆုံသွားသည်။ "....."


သူမျက်လုံးအသာမှေးစင်းလိုက်မိပြီး သူ့အနားရှိအရှိန်အဝါမှာတမဟုတ်ချင်းအနည်းငယ်အေးစက်လာရော့သည်။


ဒီလူတွေဘာလုပ်ချင်တာလဲ။ ပုန်ကန်မလို့လား။


"အ အရှင့်သား၊ ဘာလို့ဒီရောက်လာတာလဲဗျ?"

မော့အရင်ဆုံးတုံ့ပြန်မိကာ အလျင်စလိုရှေ့တိုးပြီးဂါရဝပြုလိုက်သည်။


"ငါလာလို့မရဘူးလား။" လန်ဇယ်ပြန်မေးလိုက်သည်။


ထို့နောက်သူ၏အေးစက်စက်မျက်ဝန်းစိမ်းမှာလူတိုင်းထံဝေ့ဝဲသွားလျက် သူမျက်နှာသေဖြင့်ပြောလိုက်သည်။

"မင်းတို့တွေကဒီမျက်နှာအမူအရာနဲ့ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ လူသတ်မလို့လား။ အခြေစိုက်စခန်းကလူတွေကဘယ်တုန်းကမြေအောက်လောကသားတွေဖြစ်ကုန်တာလဲ။"


"!" လူတိုင်းကြောက်လန့်သွားကြကာ သူတို့၏ခက်ထန်မှုကိုချက်ချင်းရုတ်သိမ်းလ်ုက်ကြပေမဲ့ အလွန်ကတိုက်ကရိုက်ဖြစ်သွားသဖြင့် လူတိုင်း၏မျက်နှာထားမှာပျက်ယွင်းသွားကြသည်။


လင်ခုံးလုအပြင်ထွက်လာချိန်ဒီမြင်ကွင်းကိုမြင်လိုက်ရသဖြင့် မနေနိုင်ဘဲကြောင်အမ်းသွားရသည်။


ဒီလူတစ်စုကဗိုက်မကောင်းလို့  အိမ်သာသွားချင်နေတာကို အောင့်ထားကြတာလား။


လန်ဇယ်မှာသိသိသာသာကို နားလည်မှုလွဲတာတစ်ခုခုရှိလောက်မှန်းခန့်မှန်းမိလိုက်ပြီး မျက်မှောင်ကြုတ်ကာ စွေစောင်းပြောလိုက်သည်။

"မနေ့ကကိစ္စကငါချောင်အန်းကိုလုပ်ခိုင်းလိုက်တာ၊ မင်းတို့ကောင်းကောင်းလုပ်ခဲ့ကြလို့ ဆုလဒ်တွေရှိတယ်ဆိုပေမဲ့ နောက်တစ်ခါကျရင်'ကြင်ယာတော်ကသဘောကောင်းတယ်'လို့ကောမန့်မပေးမိဖို့ဂရုစိုက်၊ ရေတပ်မှန်းတအားသိသာလွန်းတယ်။"


လူတိုင်း: "???" ဒီတော့ကျွန်တော်တို့ကိုကောမန့်ထိန်းချုပ်ခိုင်းခဲ့တာကအရှင့်သားပေါ့?


အာ အင်း၊ သူတို့တွေကြင်ယာတော်ကိုမှားယွင်းစွပ်စွဲမိသွားတာပဲ...


"နောက်တစ်ခေါက်လား။" လင်ခုံးလုမှာလန်ဇယ်၏ငွေရောင်ဆံနွယ်ကိုအမြန်လှမ်းကိုင်ကာသူ့ကိုလှမ်းဆွဲပြီး နားထဲမှာတိုးတိုးလေးပြောလိုက်သည်။

"ခင်ဗျားဘာသာဆုံးဖြတ်မနေနဲ့၊ မဟုတ်ရင်ကျွန်တော်ခင်ဗျားကိုမနှိပ်တော့ဘူးနော်။ ခင်ဗျားဒီနည်းလမ်းသုံးနေတာက ခင်ဗျားဦးနှောက်ထဲမှာပြင်းထန်တဲ့ရောဂါတစ်ခုခုရှိနေလို့ဖြစ်လောက်မယ်!"


လူတိုင်း: "အိစ်!"


ကြင်ယာတော်ကအရှင့်သားလန်ဇယ်ရဲ့ဆံပင်ကိုတောင်ဆွဲပြီးတော့ အရှင့်သားမှာပြင်းထန်တဲ့ရောဂါရှိတယ်လို့ပြောသေးတယ်လား။


အရှင့်သားလန်ဇယ်ဒေါသထွက်သွားလိမ့်မယ်၊ သူသေချာပေါက်ဒေါသထွက်သွားမှာ!


သို့သော်လည်း လန်ဇယ်ကဒီအတိုင်းမျက်မှောင်အသာကြုတ်ကာနူးညံ့စွာပြောလာသည်။ "သိပြီ။"


ထို့နောက်သူကမော့နှင့်အခြားသူတို့ကိုကြည့်ကာပြောလာသည်။

"ဒါဆိုအခုဆက်ရေးစရာမလိုတော့ဘူး။"


လူတိုင်း: "!" ဒေါသမထွက်ဘူးလား။


"ပြီးတော့လည်း ငါမင်းတို့ကိုပရိုဂရမ်အဖွဲ့ရဲ့ရိုက်ကူးရေးအတွက်ပြင်ဆင်ခိုင်းထားတယ်နော်။ ဘယ်လိုပြင်ဆင်နေလဲ။"

လန်ဇယ်စွေစောင်းရှင်းလိုက်သည်။


မော့နှင့်အခြားသူများ: "?" ဒီကိစ္စကိုလည်းအရှင့်သားစီစဥ်ခဲ့တာပေါ့?


သွားပြီ၊ သူတို့ကကြင်ယာတော်ကိုအထင်လွဲနေခဲ့မိတာပဲ။


လူတိုင်းတစ်အောင့်ကြာအပြစ်ရှိစိတ်ခံစားလိုက်ရကာ တိတ်တိတ်လေးစဥ်းစားနေမိသည်၊ ​ပြန်သွားပြီးကြင်ယာတော်အတွက်ကောမန့်ပိုရေးပေးပြီးတော့ ငါတို့ရဲ့တောင်းပန်မှုကိုပြသရမယ်။


စစ်သဘော်ဆိပ်နှင့်တတိယအခြေစိုက်စခန်းမှာအတူဆက်သွယ်ထားခြင်းပင်။ လင်ခုံးလုနှင့်လန်ဇယ်မှာဗိုလ်ချုပ်မော့ကိုယ်တိုင်လိုက်မောင်းပို့သည့်စစ်ယာဥ်စီးပြီးအခြေစိုက်စခန်းကိုရောက်လာသည်။


ကားပေါ်ကဆင်းလိုက်ချိန် ကားပါကင်အနီးမှာအာကာသတပ်ဖွဲ့ဝင်အများအပြားဆွဲလားရမ်းလားလုပ်နေကြပြီး လင်ခုံးလု၏မျက်လုံးများမှာချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။


ဒါကစည်းကမ်းဖောက်ဖျက်မှုပဲ။ လန်ဇယ်သိသိသာသာကိုသတိထားမိသွားကာ အလိုလိုမျက်မှောင်ကြုတ်လိုက်မိသည်။


မော့၏မျက်နှာရုတ်ခြည်းပြောင်းလဲသွားရကာ အမြန်ရှေ့တိုးပြီးပြစ်တင်ပြောဆိုလိုက်သည်။

"မင်းတို့ဘာလုပ်နေကြတာလဲ။ ဘာဖြစ်နေတာလဲ။ မင်းတို့ရဲ့စည်းမျဥ်းစည်းကမ်းတွေဘယ်ရောက်သွားလဲ။"


အပြောခံလိုက်ရသည့်လူအနည်းစုမှာချက်ချင်းလှည့်ကြည့်လာပြီး ထိုစဥ်အဆွဲခေါ်ခံနေရသည့်လူတစ်ယောက်ကလည်းအနောက်လှည့်လာကာ မယုံကြည်နိုင်ဖြစ်မိသောအကြည့်ဖြင့် အပြစ်ရှိစွာဂါရဝပြုလာသည်။

"ဗိုလ်ချု​ပ်ကိုသတင်းပို့ပါတယ်၊ ကျွန်တော်အငြိမ်းစားယူခွင့်လျှောက်ချင်လို့ပါ၊ ပြီးတော့သူတို့ကကျွန်တော့်ကိုစည်းရုံးချင်ခဲ့တာ..."


"အငြိမ်းစားယူခွင့်?" မော့မျက်မှောင်ကြုတ်လိုက်မိပြီး သူဘယ်သူမှန်းမှတ်မိသွားပြီးနောက် သူ့မျက်နှာမှာရုပ်ဆိုးသွားရပြန်သည်။


လင်ခုံးလုတစ်ဖက်လူ၏မျက်နှာကိုသေချာမြင်လိုက်ရတော့ သူ့မျက်လုံးများမှာအံ့အားသင့်မှုတစ်အောင့်ကြာဖြတ်ပြေးသွားသည်။ သူဒီလူ့ကိုသိတယ်၊ ခယ့်လီစစ်လို့ခေါ်သလိုပဲ။


သူအရင်ဘဝတုန်းက"ခိုးရာလိုက်ပြေး"သွားချိန်တွင် အာကာသဆိပ်ကမ်းကအရာရှိငယ်လေးဆီမှာဖမ်းမိသွားခဲ့သည်။ သူ၏ခိုးရာလိုက်ပြေးမှုကျဆုံးသွားကာ ဇာတ်ကြောင်းမစ်ရှင်မပြီးမြောက်တော့လောက်ဟုတွေးမိရုံသာရှိသေး၊ တစ်ဖက်လူကသူ့ကိုလွှတ်ပေးခဲ့သည်။


ထိုအရာရှိငယ်လေးမှာခယ့်လီစစ်ဖြစ်သည်။ ထိုအချိန်ကတစ်ဖက်လူမှာတစ်ခုခုအထင်လွဲနေပုံရမှန်းသူမှတ်မိသည်။ သူကသူ့ကိုလွှတ်ပေးလိုက်ချိန်မှာ သူကဖော်ပြမရအောင်ပြောလာသည်။

"အမှန်တော့ အရှင့်သားလန်ဇယ်ကပုံမှန်ဆိုမရက်စက်ပါဘူး၊ သူကဒီတိုင်း၊ ဒီတိုင်း...အင်း၊ ထလိုက်တော့၊ မင်းမိတ်ဆွေတွေနဲ့အတူသွားလိုက်တော့။"


လင်ခုံးလုထိုအချိန်ကပဟေဠိဖြစ်သွားမိပေမဲ့ သူထိုအကြောင်းသိပ်မစဥ်းစားခဲ့မိပေ။ ဒါပေမဲ့အခုတော့တစ်ဖက်လူဟာအင်တာနက်ပေါ်ကသတင်းကိုဖတ်ပြီး သူက"ဒေါသကြီးသော"လန်ဇယ်ထံမှနှိပ်စက်ညှင်းပန်းခံရကာ သူသည်းမခံနိုင်သဖြင့် ထွက်ပြေးဖို့ရွေးချယ်ခဲ့သည်ဟုထင်ခဲ့တာဖြစ်လောက်မည်....


လင်ခုံးလု: ဟေ့၊ တစ်စုံတစ်ယောက်ကငါ့ထက်ပိုပြီးသန့်ရှင်းပစ်ဖို့လိုတဲ့ပုံပဲနော်။


လန်ဇယ်ကသိသာစွာပင်ခယ့်လီစစ်ကိုမှတ်မိပြီး သူ့မျက်နှာထားမှာသိပ်မကောင်းပေ။ သူဝှီးချဲကိုထိန်းချုပ်ကာရှေ့တိုးပြီး မျက်မှောင်ကြုတ်လျက်မေးလိုက်မိသည်။

"ဘာဖြစ်တာလဲ။"


သူဒီလူကိုမှတ်မိသည်၊ သူဟာအရင်ဘဝတုန်းကကြောင်ငပျင်းလေးကိုခိုးပြေးသွားခဲ့တဲ့ကောင်ဖြစ်ပေမဲ့ သူဟာထူးကဲတဲ့မက်ခါပိုင်းလော့တစ်ယောက်ဖြစ်ပြီး စစ်မြေပြင်မှာရဲရဲရင့်ရင့်တိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းတစ်ယောက်ဆိုပေမဲ့ ကံမကောင်းစွာဖြင့်အင်းဆက်အဆိပ်မိကာအနားယူလိုက်ရမှန်းသူမှတ်မိသည်။


ဒီတော့သူအရင်ဘဝမှာထိုအကြောင်းသိခဲ့ပေမဲ့လည်း လိုက်မဖမ်းခဲ့ပေ။


လန်ဇယ်ပါရှိနေမှန်းမြင်လိုက်ရတော့ ခယ့်လီစစ်မှာသိသိသာသာကိုအနည်းငယ်အံ့အားသင့်ကာအနည်းငယ်မသက်မသာဖြစ်မိကာ အမြန်လှည့်ကာသူ့ကိုဂါရဝပြုလိုက်ပြီး သူခုနကပြောလိုက်သည့်စကားကိုတင်ပြလိုက်သည်။


ခယ့်လီစစ်၏အခြေအနေကား စစ်မြေပြင်မှာအင်းဆက်အဆိပ်ကူးစက်ခံခဲ့ရသည့်လန်ဇယ်နှင့်တစ်မျိုးတစ်ဖုံဆင်တူပေမဲ့ သူ့လက်မောင်းမှာကူးစက်ခံထားရပြီး ရှေးရိုးကုထုံးမှာကျရှုံးသွားကာ အဆိပ်ပျံ့နှံ့မှုကိုမတားနိုင်ခဲ့သဖြင့် နောက်ကျလက်ဖြတ်ပစ်ရပေမည်။


ဒါပေမဲ့လက်မောင်းမရှိဘဲနှင့် ပဲ့ကိုင်ကိုမကိုင်နိုင်တော့ပေ။ မက်ခါစစ်သည်တစ်ယောက်အနေဖြင့် ဒါဟာသံသယဖြစ်စရာမလိုအောင်ကြီးမားသောရိုက်ခတ်မှုဖြစ်သည်။


မော့ကသူ့ကိုအခြေစိုက်စခန်းမှာအလုပ်လုပ်ခွင့်ပေးမည်ဟုကတိပေးခဲ့ပေမဲ့လည်း ခယ့်လီစစ်ကခေါင်းခါကာအငြိမ်းစားယူမည်ဟုပြောနေတုန်းပင်။ သူဒီလိုမျိုးသနားညှာတာမှုကိုမလိုအပ်ပေ။ သူဟာအဖွဲ့ထဲမှာအတော်ဆုံးမက်ခါစစ်သည်ထဲကတစ်ယောက်ဖြစ်ကာ ထူးချွန်ပြောင်မြောက်ပြီးလင်းလက်တောက်ပခဲ့ဖူးပေမဲ့ လက်ဖြတ်ပစ်ရပြီးနောက်ပိုင်းမှာ သူကအသုံးမဝင်သောလူတစ်ယောက်သာဖြစ်လာလိမ့်မည်။


မင်းကအခြေစိုက်စခန်းမှာနေပြီး မင်းရဲ့အရင်ကရဲဘော်ရဲဘက်များကမက်ခါမောင်းနှင်ကာ ကောင်းကင်ယံထက်မှာလွတ်လပ်စွာပျံသန်းနေကြလျက် သူတို့ဆီကအထင်သေးမှု(သို့)သနားညှာတာမှုရရှိနေမယ်ဆိုရင် ၎င်းကမင်းကိုပို၍ပင်စိတ်ဓာတ်ကျစေလိမ့်မည်ပင်။ လက်မဖြတ်ပစ်ရခင်ထွက်သွားပြီးကိုယ်ဖျောက်နေတာကပိုကောင်းမယ်၊ ဒါမှမင်းလွမ်းဆွေးကာဆန္ဒမရှိဖြစ်မနေမှာပင်။


အရင်ဘဝကလန်ဇယ်လည်းဒီလိုဖြစ်ခဲ့လောက်မည်ဟုလင်ခုံးလုတွေးမိသည်။ သူပိုမိုဂုဏ်ယူဝံ့ကြွားလေလေ ၊ သူဖုန်မှုန့်ထဲကျသွားပြီးနောက်ပိုင်းမှာ သူတစ်ခါကဂုဏ်ယူဝံ့ကြွားကာချီးမြှောက်ခံခဲ့ရသည့်နေရာကိုပြန်သွားနိုင်စွမ်းမရှိလေလေ ၊ အတိတ်မှာသူနှင့်အတူဘေးချင်းကပ်တိုက်ပွဲဝင်ခဲ့ကြသည့်ရဲဘော်ရဲဘက်များကိုကြည့်နိုင်စွမ်းမရှိတော့လေလေပင်။


မော့နှင့်ခယ့်လီစစ်၏ရှင်း​ပြချက်ကိုနားထောင်ပြီးနောက် လန်ဇယ်အတော်ကြာတိတ်ကျသွားပြီးမှ နောက်ဆုံးခယ့်လီစစ်ကိုကြည့်ကာသြရှရှအသံဖြင့်ပြောလိုက်သည်။

"အရင်ဆုံးပြန်သွားတော့။"


ဒါပေမဲ့ခယ့်လီစစ်ကစိတ်ဆုံးဖြတ်ထားပြီးပြီဖြစ်ရာ ဒီတစ်ခေါက်မျှော်လင့်မထားစွာခေါင်းမာလို့နေသည်။


လန်ဇယ်မျက်မှောင်ကြုတ်လိုက်ပေမဲ့ ဒေါသမထွက်သွားပေ။ ထိုအစား သူ့အသံကအနည်းငယ်ပျော့ပြောင်းသွားကာပြောလိုက်သည်။

"နည်းလမ်းရှိမှာပါ။"


​နည်းလမ်းရှိတယ်၊ ဒါပေမဲ့...


သူကြောင်ငပျင်းလေးကိုဘယ်လိုကူညီခိုင်းရမလဲတွေးနေမိသည်၊ သူသေချာပေါက်ကြောင်လက်ဖဝါးလေးနှင့်တိုက်ရိုက်ထိတွေ့ခွင့်ပေးမှာမဟုတ်။ ကြောင်လက်ဖဝါးလေးကသူ့အပေါ်မှာလိုမျိုး အခြားလူအပေါ်နှိပ်ပေးလိမ့်မည်ကို သူတွေးမိချိန် သူဖော်ပြမရအောင်မသက်မသာဖြစ်သွားရသည်။


ဒါပေမဲ့သူတွေးလို့မပြီးသေးခင် လင်ခုံးလုကသူနားထဲမှာရုတ်တရက်တိုးတိုးလေးပြောလာသည်။

"အရှင့်သား၊ ကျွန်တော်ခင်ဗျားရဲ့ငါးမြှီးကိုငှားလို့ရမလား။"


လန်ဇယ်: "?"


"ဒီတိုင်းလေးပွတ်ခွင့်ပေးလေနော်။"

လင်ခုံးလုတိုးတိုးပြောလိုက်သည်။


ပြောပြီးနောက်လန်ဇယ်၏တုံ့ပြန်မှုကဘာကြီးပဲဖြစ်နေပါစေ သူကသူ့လက်ကိုစောင်အပါးထဲတိုက်ရိုက်ထိုးထည့်လိုက်သည်....


လန်ဇယ်: "!!!"


မော့နှင့်အခြားသူများ: "?!!!"


အာ အင်း၊ လူမြင်ကွင်းကြီးမှာ ကြင်ယာတော်၊ အဟမ်း....သိပ်ရိုင်းတာပဲဗျာ!


ပြီးတော့ အရှင့်သားလန်ဇယ်ရဲ့ဖောက်မြင်ရတဲ့နားရွက်ဆူးတောင်တွေနီရဲသွားပေမဲ့ မထင်မှတ်ထားစွာဒေါသမထွက်သွားမှန်း သူတို့သေချာမြင်လိုက်ရသည်။


လန်ဇယ်၏နားရွက်ဆူးတောင်များမှာနီစွေးသွားရုံတင်သာမက သူ့မျက်နှာပါပူနွေးလာရသည်။ သူထိုဒုက္ခပေးသည့်လက်ဖဝါးကိုအလိုလိုဖိချကာ အံကြိတ်လျက်ခပ်တိုးတိုးပြောလိုက်မိသည်။

"မင်းဘာလုပ်တာလဲ။"


လင်ခုံးလုသူ့ကြောင်နားရွက်ကိုထောင်ကာ အပြစ်ကင်းသောမျက်နှာပေးဖြင့်ပြောလိုက်သည်။

"သဘာဝကိုလှုံ့ဆော်ပြီး ကြောင်လက်ဖဝါးအဖြစ်ပြောင်းတာလေ။"


ပြောပြီးနောက် သူကြောင်လက်ဖဝါးဖြစ်လာသည့်သူ့လက်ကိုမြှောက်ကာ လန်ဇယ်ရှေ့မှာဝေ့ရမ်းပြလိုက်ပြီးမှ ခယ့်လီစစ်ဆီလျှောက်သွားကာပြောလိုက်သည်။

"လက်မောင်းဆန့်ပြီးကျွန်တော့်ကိုပြ။"


လန်ဇယ်၏မျက်နှာမှာတမဟုတ်ချင်းပင်နီရဲရာမှမည်းမှောင်သွားပြီး အံကြိတ်ကာတွေးလိုက်မိသည်၊ ဒီကြောင်ငပျင်းလေးကသူ့ကိုဘာထင်နေတာလဲ။ ငါးကိုအသုံးချတာလား။


လူတိုင်း: "!" ကြောင်၊ ကြောင်နားရွက်၊ ကြောင်လက်ဖဝါး?!


ခယ့်လီစစ်လည်းမိန်းမောသွားရသည်။ အကြောင်းတချို့ကြောင့် သူ့နားရွက်အောက်ခြေမှာရုတ်ခြည်းနီရဲသွားကာ သူတုံ့ဆိုင်းသွားမိသည်။

"မဖြစ် မဖြစ်ပါဘူး...."


လင်ခုံးလုမျက်မှောင်ကြုတ်ကာ အလေးအနက်ပြောလိုက်သည်။

"ကျွန်တော်မင်းကိုကုပေးနိုင်တယ်၊ အကျီလက်ကိုလိပ်တင်လိုက်။"


ဒါကိုကြားလိုက်ရတော့ ခယ့်လီစစ်၏တုံ့ပြန်မှုကိုမစောင့်ဘဲ သူ့ရဲဘော်ရဲဘက်များကသူ့ကိုအ​မြန်ဖိချကာ စိုးရိမ်တကြီးပြောလိုက်သည်။

"မြန်မြန်လုပ်၊ ဆရာဝန်ကိုကြည့်ခိုင်းလိုက်။"


မော့နှင့်အခြားသူများ: သောက်ကျိုးနည်းဆရာဝန်၊ ဒါကကြင်ယာတော်ဟဲ့!


ဒါပေမဲ့ကြင်ယာတော်ကအင်းဆက်အဆိပ်ကိုတကယ်ကုသနိုင်တာလား။


သူတို့လန်ဇယ်ကိုသံသယနှင့်စိုးရိမ်တကြီးကြည့်လိုက်မိသည်၊ ဒါသာအမှန်ဆိုရင် ဒါဆို ဒါဆို...


ဒီဖြစ်နိုင်ချေကိုတွေးမိရင်း လူတိုင်း၏မျက်လုံးထဲမှာအံ့အားသင့်မှုဖြတ်ပြေးသွားတော့သည်။


ထိုစဥ် လင်ခုံးလုမှာခယ့်လီစစ်၏ညာလက်မောင်းပေါ်ကအမည်းစင်းပေါ်ကြောင်လက်ဖဝါးဖိကာ ရွှေရောင်ကြောင်လက်ဖဝါးရာချန်ရစ်ခဲ့လိုက်သည်။ သူအကြိမ်ပေါင်းများစွာဖိလိုက်ပြီး သိပ်မကြာခင်ကြောင်လက်ဖဝါးရာပျောက်သွားကာ အမည်းစင်းမှာပုံမှန်မျက်စိဖြင့်မြင်နိုင်လောက်အောင်အများကြီးလျော့ပါးသွားချေသည်။


ခယ့်လီစစ်မှာသူ့ရှေ့ကမြင်ကွင်းကိုအထိတ်အလန့်ကြည့်နေမိပြီးမှ ခေါင်းမော့ကာလင်ခုံးလုကိုမယုံကြည်နိုင်ဖြစ်စွာကြည့်လိုက်မိလျက် သူ့မျက်လုံးမှာအံ့အားသင့်နေပေမဲ့ အံ့သြမှုနှင့်ကျေးဇူးတင်မှုကပိုသည်။


လင်ခုံးလုစိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်မိသည်။ ကြည့်ရတာတော့သူမှန်တဲ့ပုံပဲ။ ခရစ်ကသာမန်အင်းဆက်အဆိပ်ကူးစက်ခံထားရတာမို့ ​ကြောင်လက်ဖဝါးရာ၏ကုသမှုထိရောက်နှုန်းကပိုမိုသိသာသည်။


ဟုတ်တယ်၊ သူကြောင်လက်ဖဝါးရာချက်ချင်းဖိနှိပ်ပေးလိုက်တာက အရင်ဘဝကအာကာသဆိပ်ကမ်းမှာသူ၏"လွှတ်ပေးမှု"အတွက်ကျေးဇူးတင်လိုက်ရုံတင်သာမက ကြောင်လက်ဖဝါးရာကသာမန်အင်းဆက်အဆိပ်အပေါ်မှာပိုကောင်းတဲ့ထိရောက်မှုရှိမရှိ စမ်းသပ်ချင်လို့ပါဖြစ်သည်။


အဆုံးတွင် သူဒီရက်ပိုင်းလန်ဇယ်၏ငါးမြှီးကိုနေ့တိုင်းနှိပ်ပေးနေခဲ့ပေမဲ့ ထိရောက်မှုကသိပ်မသိသာပေ။ အပြည့်အဝကုသလို့မရမှာသူစိတ်ပူမိသည်။


ကံကောင်းစွာဖြင့် စမ်းသပ်မှု၏ရလဒ်ကသူ့ကိုကျေနပ်စေသည်။ ကြောင်လက်ဖဝါးကလန်ဇယ်၏ခန္ဓာကိုယ်အပေါ်မှာထိရောက်မှုနှေးကွေးတာဖြစ်သည်။ လန်ဇယ်မိထားသည့်အင်းဆက်အဆိပ်ကပိုပြင်းပြီး အင်းဆက်ဘုရင်၏အဆိပ်ဖြစ်တာကြောင့်ဖြစ်လိမ့်မည်။


ဒါကိုတွေးမိရင်း သူမနေနိုင်ဘဲခယ့်.ကြွက်လေး.လီစစ်ကိုပိုမိုကြင်နာသောမျက်ဝန်းများဖြင့်ကြည့်ကာ အမည်းစင်းအကုန်လုံးကိုတစ်ခါတည်းပျောက်အောင်လုပ်ပေးဖို့စီစဥ်လိုက်သည်။


ဒါပေမဲ့သူလက်မောင်းမြှောက်လိုက်သည်နှင့် ကြောင်လက်ဖဝါးမှာလှမ်းဆွဲခံလိုက်ရသည်။


လင်ခုံးလုအံ့သြတကြီးလှည့်ကြည့်မိတော့ လန်ဇယ်၏မည်းတူးနေသောမျက်နှာဖြင့် ခယ့်လီစစ်ကိုပြောလိုက်တာကို​မြင်လိုက်ရသည်။

"ကုသလို့ရမှန်းသိပြီကို ဘာလို့ပြန်မသွားတာလဲ။"


ပြောပြီးနောက် သူဝှီးချဲကိုလက်တစ်ဖက်ဖြင့်ထိန်းချုပ်ကာ အခြားတစ်ဖက်ဖြင့်ကြောင်လက်ဖဝါးကိုကိုင်ထားရင်း လင်ခုံးလုကိုတိုက်ရိုက်ဆွဲခေါ်သွားလေသည်။


ခယ့်လီစစ်မှာအနည်းငယ်ကြောင်အမ်းသွားရပြီး အသိပြန်ဝင်လာပြီးနောက် ထိုလူနှစ်ယောက်ထွက်သွားတာကိုမြင်လိုက်ရတော့ဖော်ပြမရအောင်စိတ်ပျက်သွားရပေမဲ့ အင်းဆက်အဆိပ်ကုသလို့ရနိုင်မှန်းတွေးမိသွားတော့ ပျော်ရွှင်သွားရပြန်သည်။


သူ့ပတ်ပတ်လည်ကရဲဘော်ရဲဘက်များမှာလည်းအလွန်စိတ်လှုပ်ရှားနေကြသည်။ မော့နှင့်အခြားသူတို့ထိုနေရာမှာရှိနေသေးတာကိုအရေးမစိုက်ဘဲ သူတို့ကသူ့ပုခုံးကိုလှမ်းဖက်ကာပြောလာသည်။

"သိပ်ကောင်းတယ် ခယ့်လီစစ်ရ၊ အဲ့ဆရာဝန်ကအင်းဆက်အဆိပ်ကိုတကယ်ကုသနိုင်တာပဲ။ အာ၊ ငါခုနကသူ့နာမည်ကိုမေးဖို့မေ့သွားတယ်။ ငါတို့သူ့ကိုကျေးဇူးအများကြီးတင်သင့်တယ်နော်၊ သူကဆရာဝန်အသစ်လား။"


ခယ့်လီစစ်ကထူးဆန်းသွားပုံရကာ သူ့ရဲဘော်ရဲဘက်များဆီခေါင်းလှည့်ပြီး ပြောလိုက်သည်။

"မင်းသူ့အတွက်ကောမန့်သွားမရေးပေးခဲ့ဘူးလား။ သူကကြင်ယာတော်လေ၊ ရှင်းပေါ်မှာပုံရှိတယ်။"


"အာ၊ သူကကြင်ယာတော်ဖြစ်လာတဲ့တစ်​ယောက်..."


မက်ခါစစ်သည်မှာအံ့အားသင့်သွားပေမဲ့ ပြောမပြီးသေးခင် သူဟာသူ့ဘေးကလူထံမှသစ်အယ်သီးဆုချခံလိုက်ရသည်။

"မင်းဘာပေါက်ကရတွေပြောနေတာလဲ။ အဲ့ဒါကရိုသေလေးစားစရာကောင်းတဲ့ကြင်ယာတော်၊ ချစ်စရာကောင်းတဲ့ကြောင်ဆရာဝန်ကွ!"


"ဟုတ်တယ်၊ ဟုတ်တယ်။ သူကရိုသေလေးစားစရာကောင်းတဲ့ကြောင်ဆရာဝန်ဆိုတော့ ငါတို့သူ့အတွက်ကောမန့်ပိုရေးပေးရမယ်၊ အင်တာနက်ပေါ်ကအဲ့လူတွေကသူ့ကိုအထင်လွဲနေတာပဲဖြစ်ရမယ်။"


ရှော့ခ်ရနေတဲ့အခြေအနေမှာရှိနေဆဲဗိုလ်ချုပ်မော့: "....."


ကြင်ယာတော်ကအင်းဆက်အဆိပ်ကိုတကယ်ကုသနိုင်တယ်လား။ ဒါ ဒါက တကယ်အံ့သြစရာပဲ!


မဟုတ်သေးဘူး၊ နေအုံး၊ မင်းတို့ကောင်တွေမြန်မြန်ရပ်လိုက်ကြ၊ အရှင့်သားလန်ဇယ်ကကောမန့်ဆက်ရေးစရာမလိုတော့ဘူးလို့ပြောသွား....အိမ်း၊ ထားလိုက်ပါတော့လေ၊ သူတားရင်တောင် ဒီအရူးကောင်လေးတွေကသေချာပေါက်တိတ်တိတ်လေးအကောင့်ဖွင့်ပြီး တိတ်တခိုးကောမန့်သွားရေးကြမှာပဲကို။


ပြီးတော့ ဒီမက်ခါစစ်သည်တွေပြောတာမှန်တယ်ဟုသူခံစားရတည်။ အင်တာနက်ပေါ်ကလူတွေကကြင်ယာတော်ကိုအထင်လွဲနေတာဖြစ်ရမယ်၊ သူလည်းအရင်ကအထင်လွဲခဲ့မိတယ်မလား။ ဒီတော့ ဒီမက်ခါစစ်သည်တွေကိုရှင်းပြခိုင်းရမယ်။


ဒီကိစ္စနှင့်ယှဥ်ရင် ကြင်ယာတော်ကအင်းဆက်အဆိပ်ကိုဘယ်လိုကုသနိုင်တာလဲ ၊ အင်းဆက်အဆိပ်ကူးစက်ခံထားရတဲ့အခြားစစ်သည်တွေကိုကြောင်လက်ဖဝါးနှင့်ဖိနှိပ်ပြီးကူညီပေးဖို့ တစ်ဖက်လူကိုတောင်းဆိုလို့မရလားဆိုတာ သူအရှင့်သားလန်ဇယ်ကိုအခုပဲမေးလိုက်ချင်သည်။


ဒါကိုတွေးကြည့်ရင်း ဗိုလ်ချုပ်မော့ရုတ်တရက်တစ်ဖန်စိတ်လှုပ်ရှားလာပုံမှာ အခြေစိုက်စခန်းထဲကအင်းဆက်အဆိပ်ကူးစက်ခံထားရတဲ့စစ်သည်ထောင်ချီပြန်ကောင်းလာသည့်မြင်ကွင်းကိုမြင်လိုက်ရသည့်အလား။


အာ ဟုတ်သားပဲ၊ သူကြင်ယာတော်ကိုသွားတွေ့ရင် အရင်ကသူ့ရဲ့အထင်လွဲမှားမှုအတွက်အရင်ဆုံးတောင်းပန်ရမယ်။


ဒါပေမဲ့ သူအခြေစိုက်စခန်းထဲကလန်ဇယ်၏အခန်းဆီစိတ်လှုပ်ရှားစွာတဟုန်ထိုးပြေးသွားမိချိန်တွင် အရှင့်သားကော၊ ကြင်ယာတော်ကောကဧည့်တွေ့လက်မခံကြောင်းအစောင့်ကပြောလာသည်။


မော့: "....." ဖော်ပြမရအောင်ပဲ၊ ဘာလို့နေလယ်ခင်းကြီးမှာဧည့်တွေ့လက်မခံတာတုန်း?


လန်ဇယ်ကလင်ခုံးလုကိုသူ့အခန်းထဲဆွဲခေါ်သွားပြီးနောက် သူကမျက်လုံးအောက်စိုက်ကာတိတ်ဆိတ်လျက်။


ဒါပေမဲ့သူဟာကြောင်လက်ဖဝါးကိုကိုင်ထားလျက် လက်ဖဝါးပေါ်ကအသားနုလေးကိုသူ့လက်ချောင်းထိပ်ဖြင့်ခပ်ဖွဖွတို့ထိနေပုံမှာ စိတ်ကောက်နေသည့်အလား။


လင်ခုံးလုသူ့ကိုတမင်လျစ်လျူရှူထားကာ သူ့လက်ဖဝါးကိုပြန်မဆွဲလိုက်ပေ။ သူသူ့ကိုပတ်လျှောက်ကာ အခန်းကိုဝေ့ဝဲကြည့်ပြီး ပြောလိုက်သည်။

"ကျွန်တော်ဘယ်မှာနေရမှာလဲ။"


လန်ဇယ်ကသူ့ကိုမျက်လုံးပင့်ကြည့်ကာနောက်ဆုံးတော့ပြောလာသည်။

"ဒီမှာပဲနေ!"


"?" လင်ခုံးလုမှာကြီးစွာသောစိတ်ဝင်စားမှုဖြင့်သူ့မျက်လုံးထဲစိုက်ကြည့်ကာမေးလိုက်သည်။

"ကျွန်တော့်မှာအခန်းမရှိဘူးလား။"


"....မရှိဘူး။" လန်ဇယ်မသိမသာအကြည့်လွှဲကာ တစ်မျိုးတစ်ဖုံသက်​တောင့်သက်သာမရှိသောလေသံဖြင့် လိမ်ပြောလိုက်သည်။

"အခြေစိုက်စခန်းရဲ့အခြေအနေတွေကအကန့်အသတ်ရှိတာမို့ ဒီမှာပဲနေရလိမ့်မယ်။"


ဒါပေါ့၊ အခန်းရှိတယ်။ ဒါပေမဲ့ သူခုနကခယ့်လီစစ်၏လက်မောင်းပေါ်ကြောင်လက်ဖဝါးဖိပေးနေတဲ့ကြောင်ငပျင်းလေး၏ပုံရိပ်ကိုပြန်မြင်ယောင်ရင်း သူဖော်ပြမရအောင်မသက်မသာဖြစ်နေမိကာ တစ်ဖက်လူကိုသူမမြင်နိုင်တဲ့နေရာမှာမနေစေချင်ပေ။


အရင်ဘဝမှာ ခယ့်လီစစ်ကကြောင်ငပျင်းလေးကိုတမင်ရည်ရွယ်ချက်ရှိရှိလွှတ်ပေးခဲ့သည်။ ဒီဘဝမှာ ကြောင်ငပျင်းလေးကလက်ဦးမှုရယူကာ တစ်ဖက်လူ၏အင်းဆက်အဆိပ်ကိုကုပေးခဲ့သည်။ ဒီအကြောင်းကြောင့် သူဟာသူ့ကိုအသုံးချခံငါးအဖြစ်အသုံးချရန်တုံ့ဆိုင်းမနေခဲ့ပေ။


ဟက်၊ သူငါးမြှီးကိုနှိပ်ပေးနေတုန်းက ကြောင်ငပျင်းရဲ့အခြေအ​နေကတစ်ခုပြီးတစ်ခုပဲ။ သူရွှေငါးဘယ်နှကောင်ကျွေးခဲ့ရမှန်းမသိဘူး။ သူအခြေစိုက်စခန်းကိုရောက်တော့ အခြေအနေတစ်ခုမှမရှိဘဲ လက်ဦးမှုရယူပြီးတော့တောင်နှိပ်ပေးလိုက်သေးတယ်။


ကြောင်ငပျင်းလေးကပုံမှန်ဆိုပျင်းရိပြီးရွံတတ်တာကို သူဘယ်တုန်းကဒီလောက်အလုပ်ကြိုးစားသွားတာလဲ။


လန်ဇယ်နှိုင်းယှဥ်မှုပိုလုပ်လေလေ သူမပျော်မရွှင်ဖြစ်လာလေလေ သူ့လက်အားမှာပြင်းထန်လာလေလေဖြစ်ကာ သူအသားနုလေးပေါ်အလိုလိုခပ်ပြင်းပြင်းဖိလိုက်မိသည်။


လင်ခုံးလု: "!" မင်းဘာလုပ်တာတုန်း?


လန်ဇယ်အသိပြန်ဝင်လာကာ သူဘာလုပ်ခဲ့မိမှန်းသဘောပေါက်သွားပြီးနောက် သူအသားနုလေးကိုအမြန်ပွတ်ပေးလိုက်မိသည်။


ဒါပေမဲ့ အရင်ဘဝတုန်းကခယ့်လီစစ်ကြောင်ငပျင်းဘေးကိုလွှတ်ပေးပြီးနောက် သူကသူ့အတွက်တမင်သက်သက်​ခြေရာများဖုံးကွယ်ပေးခဲ့ပြီး ထိုဖြစ်ရပ်အပြီးမှာ သူကကြောင်ငပျင်းလေး၏တည်နေရာကိုထုတ်ပြောဖို့ငြင်းဆန်ခဲ့တာကိုတွေးမိသွားချိန် သူ့မျက်နှာမှောင်မည်းသွားရပြန်ကာ သူ့လေသံမှာအနည်းငယ်ချဥ်တူးလျက် ပြောလိုက်သည်။

"ခယ့်လီစစ်ကမင်းအတွက်ထူးခြားတဲ့ပုံပဲ။"


လင်ခုံးလု: "?" ဘာကိုထူးခြားတာတုန်း?


သူသိချင်စိတ်ဖြင့်မေးလိုက်မိသည်။

"ခင်ဗျားအူတိုနေတာလား။"


လန်ဇယ်အေးခဲသွားရကာ အသားနုလေးကိုရုတ်ခြည်းလွှတ်ပေးကာ သူ့ကိုတစ်ချက်ကြည့်ပြီး ခပ်ဖွဖွနှာမှုတ်လိုက်မိသည်။

"ငါကငါ့ရွှေငါးလေးတွေအတွက်စိတ်မကောင်းဖြစ်မိရုံပဲ၊ နောက်ဆုံး မင်းရဲ့စိတ်စွမ်းအားကိုပိုမြင့်တဲ့အဆင့်ရောက်အောင်ကျွေးမွေးခဲ့ပေမဲ့ မင်းကသဘောထားကြီးပြီးတော့ သူများကိုသွားကုပေးလိုက်တယ်လေ။"


လင်ခုံးလု: ကျွတ်၊ အခန်းကရှာလကာရည်အပြည့်ပဲ။


"ဒါပေမဲ့ခင်ဗျားကျွန်တော့်ကိုအခြေစိုက်စခန်းဆီခေါ်လာတာက ဒီအင်းဆက်အဆိပ်ကူးစက်ခံထားရတဲ့စစ်သည်တွေကိုကူညီပေးဖို့ပဲမဟုတ်ဘူးလား။"

သူအချိန်ယူကာမေးလိုက်သည်။


"ဒါပေမဲ့ကိုယ်မင်းကိုသူများကိုတိုက်ရိုက်မကူညီပေးစေချင်ဘူးလေ။"

လန်ဇယ်အလိုလိုပြောလိုက်မိပြီးမှ ရုတ်တရက်အနည်းငယ်ရှက်သွားရကာ ချောင်းအသာဟမ့်ကာဖုံးလိုက်သည်။

"ပြီးတော့ငါမင်းကိုမလုပ်ခိုင်းရသေးဘူး။"


ဒီတော့မင်းဘာလို့ဒီလောက်တက်ကြွနေတာလဲ။


လင်ခုံးလု: ကျွတ်၊ အူတိုနေမှန်းဝန်မခံသေးဘူးကိုး။


"အင်းပါ။" သူချော့လိုက်သည်။

"ကျွန်တော်ခင်ဗျားကိုလည်းနှိပ်ပေးမယ်။"


လန်ဇယ်: "...." တူတူပဲလေ။


"ရွှေငါးလေးအတွက်။"

လင်ခုံးလုထပ်ဖြည့်ပြောလိုက်သည်။


လင်ခုံးလုမနေနိုင်ဘဲရယ်မောလိုက်မိပြီး နောက်ဆုံးမှာရှင်းပြလိုက်တော့သည်။

"တကယ်တော့ ကြောင်လက်ဖဝါးရာကခင်ဗျားအပေါ်မှာထိရောက်မှုနှေးမှန်းကျွန်တော်မြင်လိုက်ရတာမို့ အခြားသူတွေအပေါ်မှာဘယ်လိုနေမလဲဆိုတာကျွန်တော်စမ်းသပ်ကြည့်ချင်ခဲ့တာရယ်။ အခုခင်ဗျားကူးစက်ခံထားရတဲ့အင်းဆက်အဆိပ်ကပိုပြင်းပြီးတော့ကုသရခက်မှန်းအတည်ပြုလိုက်နိုင်ပြီ။ ဒါပေမဲ့သေချာပေါက်အကုန်ပြန်ကောင်းလာမှာပါ။"


လန်ဇယ်နှုတ်ခမ်းထောင့်ကော့တက်သွားကာ သူ့အေးစက်စက်မျက်ဝန်းစိမ်းမှာလည်းအပြုံးစွက်သွားပုံမှာ ရေခဲနှင့်နှင်းခဲတို့ကနွေဦးအဖြစ်ပြောင်းသွားသည့်အလား။


သူခပ်ဖွဖွ"အမ်း"ဟုပြောကာ လူငယ်လေးကိုမော့ကြည့်ပြီး မေးလိုက်မိသည်။

"ကိုယ့်အတွက်ပဲပေါ့?"


မေးပြီးနောက် သူဟာတစ်ခုခုမျှော်လင့်နေသည့်အလား စကားလုံးများမှာအနည်းငယ်မသဲမကွဲဖြစ်သွားသည်ဟုခံစားလိုက်ရသဖြင့် ချောင်းအသာဟမ့်ကာဖုံးကွယ်လိုက်သည်။

"ကိုယ်ဆိုလိုတာက အခုနှိပ်ပေးရင်ကောဘယ်လိုလဲ?"


လင်ခုံးလု: "...." မင်းပိုပြီးမောက်မာလို့ရမလား။


ဒါပေမဲ့လည်း စမ်းသပ်မှုအပြီးတွင် သူလန်ဇယ်ကိုကုသပေးရာမှာပိုမိုယုံကြည်မှုရှိလာပြီး ဤအခိုက်အတန့်တွင်သူ့မှာဒီစိတ်ကူးရှိနေသဖြင့် သဘောတူဟန်ခေါင်းငြိမ့်လိုက်သည်။


ဒါပေမဲ့ခယ့်လီစစ်၏အခြေအနေနှင့်မတူဘဲ လန်ဇယ်ကိုနှိပ်ပေးတာကစိတ်ထိန်းချုပ်မှုစမ်းသပ်ခြင်းအလွန်များလှသည်။ နှိပ်ပေးရင်းနှိပ်ပေးရင်း သူမနေနိုင်ဘဲငါးမြှီးကြီးဆွဲဆောင်တာခံလိုက်ရကာ ချွန်မြမြတိရစ္ဆာန်အစွယ်ထွက်လာပြီး မနေနိုင်ဘဲပါးစပ်ဟကာကိုက်လိုက်မိတော့သည်။


လန်ဇယ်: "......"


အခြားနည်းလမ်းမရှိိတော့ဘဲ သူအစောင့်များကိုရွှေငါးတစ်ပန်းကန်အမြန်ကြော်လာခိုင်းလိုက်ရသည်။ သူအကိုက်ခံရမှာကြောက်လို့မဟုတ်ဘဲ ကြောင်ငပျင်းလေးကိုက်မရဘဲ သူ့သွားသူချိုးမိသွားမှာစိုးရိမ်တာကြောင့်ဖြစ်သည်။


ငါး​ခြောက်လေးကသူ့အာရုံကိုလွှဲသွားပြီးနောက် လင်ခုံးလုနောက်ဆုံးမှာ"ဟေ့ ဟေ့ဟေ့ ဟေ့"နိုင်သွားပြန်ပြီဖြစ်ကာ ငါးခြောက်လေးစားနေစဥ် ငါးမြှီးကိုယုံကြည်မှုရှိရှိနှင့်ပွင့်လင်းစွာနှိပ်ပေးလိုက်သည်။ ဒါပေမဲ့ သူခပ်ပြင်းပြင်းဖိမိသွားချိန် သူ့လက်ဖဝါးမှာရုတ်တရက်ချော်သွားပြီး သူ့ကိုယ်သူငါးမြှီးပေါ်ပစ်ကျလုနီးပါးဖြစ်သွားတော့သည်။


ဘာအခြေအနေကြီးတုန်း?


သူသံသယဖြင့်လှမ်းကြည့်မိတော့ ဟင်? အကြေးခွံကနှိပ်ပေးမှု​ကြောင့်ကျွတ်သွားတာလား။


လင်ခုံးလုမယုံကြည်နိုင်ဖြစ်မိကာ သူ့မျက်လုံးကိုသူ့ကြောင်လက်ဖမိုးဖြင့်အ​မြန်ပွတ်သပ်လိုက်ပြီးမှ ကြည့်လိုက်တော့--


ဖာ့ခ်၊ တကယ်ကြီးအကြေးခွံကျွတ်သွားတာပဲ။


လင်ခုံးလုဖော်ပြမရအောင်အပြစ်ရှိစိတ်ခံစားလိုက်ရသည်၊ သူအဲ့လောက်အားသုံးမိသွားတာလား။


သူခေါင်းလှည့်ကာလန်ဇယ်ကိုကြည့်မိတော့ ဒီအခိုက်အတန့်မှာတစ်ဖက်လူကသူ့ကိုသတိမထားမိသည့်အလား အစီရင်ခံစာကိုငုံ့ကြည့်နေတာကိုမြင်လိုက်ရသဖြင့် သူအကြေးခွံကိုကြောင်လက်ဖဝါးနှစ်ဖက်ဖြင့်အပြစ်ရှိစွာကောက်ကာ သူ့အိတ်ကပ်ထဲသေချာထည့်လိုက်ပြီးမှ ဘာမှမဖြစ်ချင်ယောင်ဆောင်ကာဆက်နှိပ်ပေးလိုက်သည်။


ဒါပေမဲ့နှစ်ခါမနှိပ်ရဘဲ နောက်တစ်ခါချော်သွားပြန်သည်....


လင်ခုံးလု: "!"


သူအနီးကပ်ကြည့်လိုက်တော့ သေချာတာပေါ့၊ အကြေးခွံနောက်တစ်ခုကျွတ်သွားသည်။


လင်ခုံးလု: "...." သွားပြီ၊ သူလန်ဇယ်ကိုခေါင်းတုံးဖြစ်အောင်နှိပ်ပေးမိတော့မှာပဲ။


ထိုစဥ်လန်ဇယ်မှာမူမမှန်မှုကိုနောက်ဆုံးတော့သတိထားမိသွားကာ အစီရင်ခံစာကိုအောက်ချပြီး မေးလာသည်။

"ဘာဖြစ်လို့လဲ။"


လင်ခုံးလုမှာအခုလေးတင်ကျွတ်သွားသည့်အကြေးခွံပေါ်ကြောင်လက်ဖဝါးအမြန်ဖိချကာ မလုံမလဲပြောလိုက်မိသည်။

"ဘာ ဘာမှမဖြစ်ပါဘူး။"


လန်ဇယ်မျက်ခုံးအသာပင့်ကာ အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။

"မင်းမလုံမလဲဖြစ်နေရင် ကြောင်နားရွက်တွေရဲ့လှုပ်ခါနှုန်းကတစ်စက္ကန့်ကိုတစ်ကြိမ်ရှိတယ်။"


လင်ခုံးလု: "...." အဲ့ဒါတော့လွန်သွားပြီ၊ မင်းဒီလောက်အသေအချာကြီးစူးစမ်းခဲ့တာလား။


"အွန်းပါ။" သူကြောင်လက်ဖဝါးကိုဖယ်ကာဝန်ခံလိုက်သည်။

"ကျွန်တော်ခင်ဗျားရဲ့အကြေးခွံကိုမတော်တဆခွာမိသွားတယ်ရော်။"


လန်ဇယ်မသိမသာအံ့သြသွားရကာ အကြေးခွံကိုကောက်ယူကြည့်လိုက်ပြီးမှ ငါးမြှီးကိုသေချာစူးစမ်းလိုက်သည်။


လင်ခုံးလုမှာသူ့နောက်မှာကြောင်လက်ဖဝါးကိုတိတ်တိတ်လေးဖွက်ထားပြီး ကြောင်နားရွက်များငိုက်ကျလျက်ဘေးမှာရပ်နေပြီး လန်ဇယ်ဒေါသထွက်သွားလောက်ပြီဟုတွေးနေမိသည်။


ငါးမြှီးကရုပ်ဆိုးသည်ဟုတစ်ဖက်လူကထင်နေပြီးသားဖြစ်ပေမဲ့ သူ့အနှိပ်ကောင်းမှုကြောင့်အကြေးခွံတွေကွာကျသွားတော့ ပို၍ပင်စက်ဆုပ်ရွံရှာသွားလောက်သည်။


ဒါပေမဲ့ဘယ်သူသိမှာလဲ၊ လန်ဇယ်ကတစ်အောင့်ကြာကြည့်ပြီးနောက် ပြုံးကာပြောလာသည်။

"ဒါကအကြေးခွံလဲတာ၊ ကိုယ်မကြာခင်ပြန်ကောင်းလာတော့မယ်လို့ဆိုလိုတာပဲ။"


လင်ခုံးလု: "!"


"အကြေးခွံလဲတာ?" သူအံ့သြတကြီးပြောမိသည်။


"ဟုတ်တယ်။" လန်ဇယ်မနေနိုင်ဘဲသူ့ကြောင်နားရွက်ကိုပွတ်သပ်လိုက်မိပြီး သူ့လေသံမှာသူ၏ပျော်ရွှင်မှုကိုမဖုံးကွယ်နိုင်ဘဲ ပြောလိုက်သည်။

"အင်းဆက်အဆိပ်ပျောက်ခါနီးတော့မှာမို့လို့ ငါးမြှီးပြန်ကောင်းလာတော့မယ်လို့ဆိုလိုတာပဲ။"


အကြေးခွံလဲပြီးရင် ရေသူရဲ့အစွမ်းထက်တဲ့ပြန်လည်ပြုပြင်တဲ့စွမ်းရည်အောက်မှာ မပြည့်စုံတဲ့ငါးမြှီးပြန်ထွက်လာမှာဖြစ်တာမို့ ပြောရရင် သူ့ရဲ့ချို့ယွင်းနေတဲ့ညာခြေထောက်ပါအပြည့်အဝပြန်ကောင်းလာနိုင်တယ်။


လန်ဇယ်ဘယ်လောက်ချုပ်တည်းထားပါစေ ဒီအခိုက်အတန့်မှာတည်ငြိမ်မနေနိုင်ဘဲ လင်ခုံးလုကိုသူ့ရင်ခွင်ထဲဆွဲသွင်းကာခပ်တင်းတင်းပွေ့ဖက်လိုက်မိသည်။


"အကုန်လုံးအတွက်မင်းကိုကျေးဇူးတင်ပါတယ်၊ ကြောင်င...အဟမ်း၊ ရှောင်လု။"

သူကားသူ့စိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်ပုံရကာ သူ့ကိုတစ်အောင့်ကြာပွေ့ဖက်ပြီးနောက်မှ ကောင်လေးကိုပြန်လွှတ်ပေးလိုက်သည်။


သူလင်ခုံးလု၏ပုခုံးကိုဖိချကာ သူ့အေးစက်စက်မျက်ဝန်းစိမ်းထဲမှာအလင်းရောင်ရှိနေပုံရပြီး သူနူးညံ့စွာမေးလိုက်မိသည်။

"ရှောင်လု၊ မင်းလိုချင်တာရှိလား။"


ကောင်လေးတောင်းဆိုလိုက်တာနဲ့ သူအကောင်းဆုံးကြိုးစားပြီးတော့ကျေနပ်အောင်လုပ်ပေးမယ်။ ဒါပေါ့၊ အရင်ဘဝကလိုမျိုးသူ့ကိုဦးထုပ်ဆောင်းပေးချင်တာကလွဲလို့ပေါ့။


မထင်မှတ်ထားစွာဖြင့် လင်ခုံးလုတစ်အောင့်ကြာကြောင်အမ်းသွားမိပေမဲ့ သူငါးမြှီးကိုလှည့်ကြည့်ကာ အလိုလိုပြောလိုက်မိသည်။

"ဒါဆိုခင်ဗျားရဲ့ငါးမြှီးကမကြာခင်အကြေးခွံမရှိတော့ဘဲ ခေါင်းတုံးဖြစ်လာပြီးတော့ ငါးပြက်ဖြစ်သွားမှာလား။"


လန်ဇယ်: "....."


"ပြီးတော့အကြေးခွံတွေကွာကျသွားရင် ကျွန်တော်ကိုက်လို့ရသွားပြီလား။"

လင်ခုံးလုမှာအလွန်စိတ်သောကရောက်လျက်။


မကိုက်ရရင် ငါးမြှီးကိုနှိပ်နေတုန်းမင်းသွေးဆောင်ဖြားယောင်းမှုကိုတောင့်မခံနိုင်ဘူး။ ကိုက်လိုက်လို့ သွေးထွက်လာရင်ကော သူသတိလစ်သွားမှာမဟုတ်လား။


လန်ဇယ်: "......."


_______________________