အပိုင်း ၂၆
Viewers 19k

Chapter 26

ငါက နင့်ရဲ့ အဘိုးလေး.. 


ယောင်စစ် အိမ်သို့ ပြန်ရောက်ပြီး မကြာခင်မှာပင် ယောင်ချမ့်ဆီမှနေ၍ ချွီဇယ်သည် မည်သို့သော သူမျိုး ဖြစ်သည်ကို သိလိုက်ရလေသည်။သူက တကယ့်ကို သွေးစုပ်ဖုတ်ကောင်တို့၏ အကြီးအကဲ ဖြစ်သည်။အရည်အချင်းတွင်ဖြစ်ဖြစ် အသိဉာဏ် ဗဟုသုတွင်ဖြစ်ဖြစ် စွမ်းအားများတွင်ဖြစ်ဖြစ် မည်သည့်နေရာတွင်မဆို သူနှင့် ယှဉ်နိုင်သည့်သူ မရှိဟုပြောနိုင်ပေသည်။


စဉ်းစားတွေးခေါ်နိုင်စွမ်းကလည်း အားလုံးထဲတွင် မြင့်မားပြီး ၎င်းက တခြားသူများထက် အစွမ်းပိုကြီးရသည့် အကြောင်းပြချက်လည်းဖြစ်သည်။သူ့၏ အပြောင်မြောက်ဆုံး စွမ်းရည်က လိမ္မာပါးနပ်မှုပင်ဖြစ်၏။ထိုအချက်ကလည်း သူ့ကို တခြားသူများထက် ပို၍ ကြောက်စရာကောင်းစေသည်။


ယောင်ချမ့်၏ ပြောစကားများအရ ထိုသူသည် အမြဲတစေ လူနားမလည်နိုင်သော အကြောင်းကိစ္စများကို လုပ်လေ့ရှိလေသည်။သူ လိမ်လည်လှည့်ပတ်ခဲ့သူများကို တန်းစီမည်ဆိုလျှင် စကြာဝဠာ အကြီးအကဲမှစ၍ ဘုစုခရု ကလေးအထိ စကြာဝဠာ တစ်ခုလုံးကို ၁၀ပတ်ပတ်လို့ ရပေလိမ့်မည်။


တွေ့သမျှ လူတိုင်းကို လိမ်လည်စနောက်ရခြင်းက သူ့၏ ဝါသနာတစ်ရပ်ပင်ဖြစ်သည်။သူ့၏ အမြဲတမ်း လက်ဆွဲထားသော ဆောင်ပုဒ်မှာ "အိုး မိတ်ဆွေ တစ်ယောက်ကိုတွေ့ပြီ ငါသူ့ကို လိမ်လိုက်ပြီ..."


အရင်က စကြဝဠာတစ်ခုလုံးက်ို ပျက်စီးလုနီးပါးဖြစ်စေခဲ့သော ဇက်ဂ်ျများ၏ ရန်စွယ်မှ ကာကွယ်ပေးခဲ့သည့် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကို လူတိုင်း လေးစားကြသည်။


ထိုဂုဏ်သတင်းက ချွီဇယ်ပေါ်မလာခင်အထိသာ ဖြစ်သည်။ထိုသူပေါ်လာသည်နှင့် တစ်ပြိုင်နက် လေးစားရသော မျိုးနွယ်စုက စကြဝဠာတစ်ခွင်ကို ခေါင်းကိုက်စေသောမျိုးနွယ်စုအဖြစ်သို့ နှစ်ဝက်အတွင်း ပြောင်းလဲသွားလေသည်။


သို့သော် ထိုသူမည်သို့ ပြဿနာများရှာနေပါစေ တခြားမည်သူကမှ မကန့်ကွက်ပေ။မည်သို့ပင်ဆိုစေ သွေးစုပ်ဖုတ်ကောင် ဆိုသည်က နှစ်ရာထောင်ချီအောင် နေရသော မျိုးနွယ်များဖြစ်လေရာ အပျင်းပြေ စနောက်ခြင်းက အပြစ်တစ်ခုမဟုတ်ပေ။


ထို့ကြောင့် သွေးစုပ်ဖုတ်ကောင်များက ထိုသူ မည်မျှပင် ပတ်မွှေပါစေ မျိုးနွယ်စုချင်း ပြဿနာမဟုတ်သရွေ့ လွှတ်ထားကြလေသည်။ဥပမာဆိုရမည်ဆိုလျှင် သူ့၏ လုပ်ရပ်က မြို့ကြီးတစ်ခုလုံးကို ဖောက်ခွဲပစ်လိုက်တာမျိုး သို့မဟုတ် မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ဖြတ် သတ်ပြစ်လိုက်တာမျိုးမှ မဟုတ်သရွေ့ မသိချင်ယောင် ဆောင်ထားလိုက်လေသည်။


ထို့အပြင် ပြောရမည်ဆိုလျှင် ဤစကြာဝဠာအတွင်းရှိ မျိုးနွယ်များ၏ သက်တမ်းက အလွန်ဆုံးမှ နှစ်ပေါင်းတစ်ထောင် သို့မဟုတ် တစ်ချို့ မျိုးနွယ်များဆိုလျှင် နှစ်ပေါင်းရာကျော်ခန့်နှင့် သေဆုံးသွားခဲ့သည်သာဖြစ်သည်။


ထိုသို့ဆိုလေရာ သေခြင်းတရားက ဖြေရှင်းမပေးနိုင်တဲ့ အမှုကိစ္စ အဘယ်မှာများ ရှိပါလိမ့်မည်နည်း။


ကျယ်ပြောလှသည့် စကြာဝဠာ ကြီးအတွင်းတွင် တစ်ချို့လူများကို မည်မျှပင် ဆိုးဆိုးရွားရွား လိမ်လည်လှည့်ပတ်ခဲ့ပါစေ ထိုသူများ သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုမှတ်ဉာဏ်များကလည်း ပျောက်ကွယ်သွားမည်သာဖြစ်သည်။


သို့သော်လည်း ထိုအချက်ကို တခြားသွေးစုပ်ဖုတ်ကောင်များ သတိထားမိသလို ချွီဇယ်သည်လည်း သတိထားမိလေသည်။သူမည်မျှပင် ကြိုးစားပမ်းစားပလန်ချပြီး ဒုက္ခပေးပါစေ ထိုသူများကအချိန်တစ်ချိန်ကျလျှင် မေ့သွားခြင်း သို့မဟုတ် သေသွားခြင်းများဖြစ်သွားလေသည်။


သူ့လို ဉာဏ်ရည်မြင့်သော အရူးတစ်ယောက်အတွက် လက်မခံနိုင်စရာပင်။အခြားသူများအပေါ် စိတ်ဒုက္ခပေးသည့် စွမ်းရည်များ ထာဝရတည်မြဲအောင် ကြံစည်ရင်းကြံစည်ရင်းနှင့် ကိုယ့်မျိုးနွယ်စုအပေါ်ကို ပြန်၍ မျက်စိကျလာလေသည်။


ဒါပေါ့...ကိုယ့်မျိုးနွယ်ဆိုပြီး ဘယ်လိုလုပ် လွှတ်ပေးလ်ိုက်လို့ ဖြစ်မလဲ...သူ့ကို နှစ်သန်းပေါင်းများစွာ အမှတ်တရဖြစ်နိုင်အောင် လုပ်နိုင်မယ့် လူမျိုး တွေ့ပြီလေ...


ထိုသို့ဖြင့် သွေးစုပ်ဖုတ်ကောင် မျိုးနွယ်စုတစ်ခုလုံး ကလေးမှအစ ခွေးအဆုံး မျိုးဆက် ၃၀၊၄၀ အကြီးအကဲများနှင့် မျိုးဆက် ၇၀၀၊၈၀၀ အငယ်လေးများအထိ သူ စိတ်ဒုက္ခလိုက်ပေးခြင်းကို ခံရလေတော့သည်။


သူ ခပ်ပါးပါးလေးသာ စိတ်ဒုက္ခပေးသော်လည်း တစ်ချို့လူများကို အစလွန်သွားပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရူးသွပ်သွားပြီး ပြန်မကောင်းလာသည့် သူများ ရှိနေသေးလေသည်။


သူ့နာမည်ကြားလိုက်သည်နှင့် သွေးပွက်ပွက်ဆူလာနိုင်သည်အထိ သူ့၏ နာမည်ဂုဏ်သတင်းက မွှေးပျံ့လွန်းလှလေသည်။ထို့အပြင် သူစိတ်ဒုက္ခပေးသည်က်ို ခံရသူတိုင်းက ဒုက္ခပေးခံနေရမှန်း မရိပ်မိကြပေ။ရိပ်မိသွားသည့်အခါ၌ ထိုသူက အမြှီးပင် မမြင်ရအောင် ထွက်ပြေးသွားခဲ့လေပြီ။


ထို့ကြောင့်ပင် ထိုသူက သွေးစုပ်ဖုတ်ကောင် မျိုးနွယ်အပါအဝင် တခြား မျိုးနွယ်များထံမှ ပထမဦးဆုံး ဂြိုလ်ဝင်ခွင့်ပိတ်ထားခံရသည့်လူ ဖြစ်လာလေသည်။


"ဒုတိယအကြီးအကဲဆိုရင် သူ့လှည့်ကွက်မိသွားလို့ နှစ်သုံးရာလောက် အနားယူ(ဆောင်းခို) လိုက်ရတယ်...တတိယအကြီးအကဲဆိုရင်လည်း သူ့ကြောင့်ပဲ သူမိန်းမနဲ့ တခြားတစ်ယာက်ကိုသွားမှားဖက်လိုက်မိလို့ ကွာရှင်းလိုက်ရတယ်လေ...စတုတ္ထ အကြီးအကဲဆိုရင်လည်း ဆံပင်တွေအရမ်းပါးနေလို့ ဆံပင်ထူချင်တယ်လို့ပြောလိုက်မိတာ အခုသူလုပ်လိုက်လို့ ဆံပင်တစ်ချောင်းမှမပေါက်တော့ဘူးလေ...ပဉ္စမအကြီးအကဲပိုင်တဲ့ အရမ်းလှတဲ့ သားရဲကြီးဆိုရင်လည်း သူလုပ်လိုက်တာလေ စိတ်ဓာတ်ကျသွားလို့ အခုထိ ပြန်မကောင်းလာနိုင်တော့ဘူး...ဆဋ္ဌမအကြီးအကဲကတော့ ...."


ယောင်ချမ့်က သူသိထားသမျှ ချွီဇယ်လုပ်ထားသော ကိစ္စများအားလုံးကို အဆက်မပြတ် ပြောပြနေလေသည်။ယောင်စစ် နားထောင်လေလေ ပို၍ပင် ကသ်ိကအောင့် ဖြစ်လာလေလေပင်။


သူလုပ်သမျှ ကိစ္စက မျိုးနွယ်တစ်စုလုံးနဲ့ ဆိုင်တဲ့ တစ်စုံတစ်ရာ သို့မဟုတ် ဆွေစဉ်မျိုးဆက် ပတ်သတ်သည့် အမုန်းတရားမျိုး မဟုတ်သော်လည်း သူ့မျက်နာကို မြင်သည်နှင့် ပြေးရိုက်ချင်ပါသည်ဆိုသည့် အဆင့်ထိ ရောက်ပေသည်။


စကားလုံးတစ်လုံးထဲနှင့် ဖော်ပြရလျှင် စိတ်တိုစရာကောင်းသည်ဟုပင် သူလုပ်ခဲ့သမျှက တကယ့်တကယ့်ကို စိတ်တ်ိုစရာကောင်းလှသည်။သူမကို ရက်အနည်းငယ်လောက်ပဲ စနောက်ဖို့ ခေါ်သွားသည်ကပင် ကျေးဇူးတင်ရမလို ဖြစ်နေသည်။


"ဒါကြောင့်လည်း သူက သခင်မလေးအတွက် သီးသန့် ပြန်လာခဲ့တယ်လို့ ပြောတာက်ို..."


 ချီးပဲ ...


"သူက ငါ့ကို ဒီလို လိမ်လည် လှည့်ပတ်ဖို့အတွက်တောင် တကူးတကြီးပြန်လာသေးတယ်လား...တကယ်ပါပဲ တော်တော်စိတ်တိုဖို့ကောင်းလိုက်တာ  ..."


"ကျွန်တော်တို့အားလုံးလည်း သူ့ရဲ့လှည့်ကွက်တွေကို ခံဖူးကြတယ်..."


"အဲ့ဒီတော့ပြောချင်တာကငါခံလိုက်ရတာက အပျော့ဆုံးပဲပေါ့လေ..နှစ်ပေါင်းများစွာ ဒီလောက်လိမ်လည် လှည့်ဖျားပြီးတဲ့ နောက်မှာတော့ သူ့လှည့်ကွက်တွေကိုခံမယ့်လူ ရှားသွားပြီလေ...အဲ့ဒီတော့ ငါ့ကို မြင်လိုက်တာနဲ့ပဲ ချက်ချင်းကိုပဲ အူယားဖားယား ပြေးလာတော့တာပေါ့ ငါသူအကြောင်းတွေးမိတာနဲ့ ထပ်ရိုက်ချင်လာတယ်..."


ယောင်ချမ့်က ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ယောင်စစ်၏တရှူးရှူးတရှားတရှားဒေါသထွက်နေသည့် မျက်နာကို မြင်ပြီးနောက်ထပ်ဖြည့်၍ ပြောလိုက်သည်။


"သေချာတာကတော့ နောက်နှစ်အနည်းငယ်အတွင်းတော့ သူသခင်မလေးကို ဘာမှ ထပ်မလုပ်လောက်တော့ပါဘူး..."


"နောက်ထပ် နှစ်အနည်းငယ်... ငါ့ကို မတားနဲ့တော့ ငါဒီကောင်ကို သတ်ရမှကို ဖြစ်တော့မယ်..."


"အကြီးအကဲ အဖွဲ့က သူ့ကို ဂြိုလ်ပေါ်ကနေ ထွက်သွားခိုင်းမှာပါ..."


ယောင်စစ် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။သို့သော်လည်း သူမစိတ်ထဲ၌ မကျေမနပ်ဖြစ်နေသည့် ကိစ္စရှိနေသေးသည်။


"သူဒီလောက် လူအများကြီးကိုလှည့်ပတ်ခဲ့တာတောင် ဘယ်သူမှ သူ့ကို အရေးမယူကြဘူးလား...သူလုပ်ခဲ့တဲ့ ပြဿနာတွေက ဘယ်လောက်ပဲသေးသေးမွှားမွှား အများကြီးစုလိုက်ရင်တော့ ပြဿနာကြီးတစ်ခု ဖြစ်သွားတာပဲလေ ဒီလောက်ထိ နှစ်တွေ အကြာကြီးထဲမှာ သူစည်းမျဉ်းတစ်ခုမှ မချိုးဖောက်ဖူးတာတော့ မဖြစ်နိုင်ဘူး သူ့လိုလူတစ်ယောက်က စကြာဝဠာကြီးထဲမှာဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ် သွားလာနေနိုင်သေးတာလဲ..."


ယောင်ချမ့်၏ မျက်နာ ရှုံ့မဲ့မှောင်မဲသွားလေသည်။ခဏအကြာမှ သူ မသက်မသာအမူအရာမျိုးဖြင့် ပြောလာသည်။


"သခင်မလေးကျွန်တော်ပြောတာကို ယုံ...သူ့ကို ဂြိုဟ်ပေါ်မှာထားတာထက် အပြင်ထုတ်ထားတာက ပိုကောင်းတယ်..."


....


"အကြီးအကဲ အဖွဲ့အစည်းတွင်...


" သူ့ကို သေချာကော ကြည့်ထားရဲ့လား..."


"သူ့ကို နိုင်ငံရဲ့ လုံခြုံရေးအဆင့်ဆင့် ချထားတဲ့ အခန်းထဲမှာ ပိတ်ထားပါတယ်...အခန်းထဲမှာ ၂၄နာရီ လှုပ်ရှားမှု တည်ရှိမှုကို စကန်ဖတ်ပေးနိုင်တဲ့ စနစ်လည်းရှိပါတယ်..."


"သာမန်စောင့်ကြည့်တဲ့ စနစ်လေးပဲလား..."


"မဟုတ်ပါဘူး အဲ့ဒီမှာ အကြီးအကဲ ၇နဲ့ အကြီးအကဲ ၉တို့ကလည်း စောင့်ကြပ်နေပါတယ်..."


"Wကြယ် အစုအဝေးကို သွားတဲ့ အစောဆုံးယာဉ်ပျံက ဘယ်ချိန်လဲ..."


"မနက်ဖြန် မနက်၉နာရီပါ..."


"ဟုတ်ပြီ သူ့ကို အစောဆုံး ယာဉ်ပျံနဲ့ ချက်ချင်း ထွက်သွားခိုင်းလိုက် လုံးဝ နောက်မကျစေနဲ့..."


"နားလည်ပါပြီ ဒုတိယအကြီးအကဲ ..."


"သခင်မလေးကောဘယ်လိုလဲ သူ့ကျန်းမာရေးကို သေချာစစ်ဆေးပြီးပြီလား..."


"စစ်ဆေးပြီးပါပြီ သခင်မလေး အခြေအနေကောင်းပါတယ် သူအခု အိပ်ပျော်နေပါတယ်..."


"တော်သေးတာပေါ့ ..."


"အခုဖြစ်သွားတဲ့ ကိစ္စဟာ ငါတို့ရဲ့ ပေါ့လျော့မှုပဲ သခင်မလေးက အနားယူတာကနေ ထလာတာမကြာသေးလို့ ဒီလောကရဲ့ အကြောင်းကို သိပ်မရင်းနှီးသေးဘူး နောက်တစ်ခါ ချွီဇယ် သူ့နားမကပ်အောင် ဂရုစိုက်ရမယ်..."


အကြီးအကဲ မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ မျက်နှာထားက စိတ်သောက ရောက်နေပုံပေါ်လေသည်။


"ကျုပ်တို့ သူ့ကို ဒီတစ်ခါတော့ထွက်သွားခိုင်းလို့ရပေမယ့် သူက လက်မလျှော့ပဲနဲ့ နောက်တစ်ခေါက်ပြန်လာရင်ကော နောက်တစ်ခါဆိုရင် သခင်မလေးကို ..."


ဘာဖြစ်မယ်ဆိုတာဘယ်သူများသိနိုင်မလဲလေ...


"ဘယ်သူကများ သူ့ကို တားနိုင်မလဲ ..."


တစ်ခန်းလုံးအပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ခဏကြာမှ တစ်စုံတစ်ယောက်က ထ၍ စကားပြောလာသည်။


"ကျုပ်တို့ နန်းတော်ကိုသွားပြီး ဘုရင်ကြီးကို နှ်ိုးလ်ိုက်ကြမယ်ဆိုရင်ကော သူတစ်ယောက်ပဲ..."


အကြီးအကဲများ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။သူတို့၏ မျက်နာပေါ်တွင်လည်း သဘောတူညီမှုအထင်းသားပေါ် လွင်နေသည်။


"ဒါဆိုရင်လည်း ကောင်းပြီလေ..."


ဒုတိယအကြီးအကဲ မတ်တပ်ထရပ်လိုက်သည်။


"ငါတို့ နန်းတော်ကိုသွားပြီး..."


သို့သော် သူ့စကားမဆုံးလိုက်ခင်မှာပင် လူတစ်ယောက် အလောတကြီး ဝင်လာလေသည်။


"မကောင်းတော့ဘူး မကောင်းတော့ဘူး ဘုရင်ကြီး ပျောက်သွားပြီ..."


"ဘာ..."


.......


ထိုအချိန်၌ ယောင်စစ် အိပ်မောကျနေရာမှ နိုးလာပြီးသူမ အိပ်ယာဘေးသို့ ရုတ်တရက်ပေါ်လာသော လူတစ်ယောက်ကို ငေးကြောင်ကြောင်ကြည့်နေမိသည်။


"ငါ နောက်ထပ် ချွီဇယ်တစ်ယောက်နဲ့ ထပ်ကြုံပြန်တာလား..."


သူမ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။အိပ်ယာပေါ်မှ မတ်မတ်ထိုင်လိုက်ပြီးနောက်အမှောင်ရိပ်ထဲမှ ပုံရိပ်လေးကို ကြည့်နေမိသည်။ပြောရမည်ဆိုလျှင် သူမ၌ လုံးဝ ကြောက်စိတ်မရှိပေ။


"နင်အိပ်မက်ယောင်ပြီး လမ်းထလျှောက်နေတာလား..."


အမှောင်ထဲက ပုံရိပ်က ငြိမ်သက်သွားပြီးခေါင်းအသာ ခါပြလိုက်လေသည်။


"ဒါဆိုရင် ဗိုက်အင့်(အစာမကျေ)ပြီး အိပ်မရဖြစ်နေတာလား..."


ပုံရိပ်က ခေါင်းခါပြပြန်သည်။


"ဒါဆိုရင် တရေးနိုးထရင်းနဲ့ အခန်းမှားလာဝင်တာလား..."


လူရိပ်က ခေါင်းခါပြပြန်သည်။


"ဒါဆိုရင်လည်း ဘာလို့ ညကြီးသန်းခေါင်ကို မအိပ်သေးပဲနဲ့ ငါ့ကုတင်ဘေးနားမှာ သရဲလိုလာပြီးတော့ သရုပ်ဆောင်နေရတာလဲ..."


တစ်ဖက်လူက ခဏမျှ ငြိမ်သက်သွားလေသည်။ထို့နောက် အမှောင်ရိပ်ထဲမှနေ၍ အသက်ရှူမှားလောက်သော အလှမျက်နာလေးတစ်ခု ထွက်ပေါ်လာလေသည်။ထိုသူနေရာတွင် ရပ်နေရုံနှင့်ပင် ကောင်းကင်ကြီးတစ်ခွင်လုံးကို ထွန်းလင်းတောက်ပသွားစေသလိုပင်။


ကြမ်းပြင်ထိ ကျဆင်းနေသော ဆံနွယ်များက အကောင်းစား ပိုးချည်မျှင်များ ဖြန့်ကျဲထားသလိုမျိုး ပြန့်ဝဲနေသည်။သွေးနီရောင် ရဲရဲနီတောက်နေသော မျက်ဝန်းများက လှပဆွဲဆောင်မှုရှိလှသည့် အပြင် ကြည့်လိုက်ရုံနှင့် တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းလေသည်။


ယောင်စစ် စကားတစ်ခွန်းမှမဆိုနိုင်ပဲ နစ်မြော ပျော်ဝင်သွားလေသည်။အိပ်ယာက ရုတ်တရက် နိုးထလာရခြင်းကြောင့် စိတ်တိုနေမှုအားလုံး အစအန မကျန်အောင် ပျောက်ကွယ်သွား၏ 


သူထိုမျက်နာလေးကိုပဲမျက်လုံးမခွာနိုင်အောင် မက်မက်မောမောငေးကြည့်နေမိပြီး စိတ်ထဲ၌ အေးချမ်းနေမိသည်။


"နင်က ဘယ်သူလဲ..."


ထိုသူက ယောင်စစ်ကို အကြည့်မလွှဲပဲ အနားသို့ လျှောက်လာလေသည်။ထို့နောက် အေးစက်သော်လည်း လွှမ်းမိုးမှု ရှိလှသောအသံဖြင့် ပြောလိုက်၏။


"ငါက မင်းရဲ့ အဖေပဲ..."


ယောင်စစ်နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။


"ဟဟ...ဟုတ်လား ဒါဆိုရင် ငါက နင့်ရဲ့ အဘိုးလေးပဲ..."