Chapter(66)
Viewers 10k

CPဖန်တစ်ယောက်အနေဖြင့် ဝမ်ပင်းဟာလည်းအသိုင်းအဝိုင်းထဲကအတွင်းလူတစ်ယောက်ဖြစ်သည်။ ဖန်တို့၏မျက်နှာအမြန်ပြောင်းလဲတတ်မှန်းသူအမြဲသိနေခဲ့ပေမဲ့ ဒီလောက်မြန်လွန်းလှမည်ဟုမထင်ထားမိပေ။


သူရှင်းပေါ်၏ခေတ်စားနေသောရှာဖွေမှုထံဝင်ကြည့်မိတော့ သူ့ကိုယ်ပိုင်အနုပညာရှင်ကခေတ်စားနေသောရှာဖွေမှုမှာတကယ်ကြီးရှိနေတာကိုမြင်လိုက်ရသည်။ ၎င်းတို့မှာနှစ်ခုဖြစ်နေသေးသည့်အပြင် နှစ်ခုစလုံးမှာ"ပေါက်ကွဲစေနိုင်သော"စကားလုံးများပါဝင်သည်။


#လင်ခုံးလု ၇ရက်နှင့်၇ညကြောင်#


#လင်ခုံးလုဗီဇနိုးထခြင်း#


သူတစ်ခုကိုအသာနှိပ်ကြည့်လိုက်တော့-


[ ရှောခ့်ရသွားပြီ! "အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည"ပရိုဂရမ်အဖွဲ့ကတိုက်ရိုက်ထုတ်လွှင့်ပြသမှုမှာရုတ်တရက်ခက်ထန်တဲ့သားရဲကောင်ကြီးကိုထုတ်ပြခဲ့တယ်တဲ့၊ ငါးပေါ်ခုန်အုပ်လိုက်တဲ့ဆာလောင်နေတဲ့သားရဲကောင်ကြီးကိုနှိပ်ကြည့်လိုက်ပါ၊ ခက်ထန်တဲ့သားရဲကောင်ကြီးပေါ်လာပါလိမ့်မယ်! ]


[ လင်ခုံးလုရဲ့ဗီဇနိုးထလာတယ်ကြားတယ်၊ ငါ့အထင် ကျားကြီးဖြစ်လောက်မယ်မလား။ နှိပ်ပြီးတစ်ချက်ကြည့်ကြည့်လိုက်၊ ဘယ်လောက်တောင်ခက်ထန်ပြီးချစ်စရာကောင်းတဲ့"ကျား"ပါလိမ့်! ]


ဝမ်ပင်း: "?"


ခုနကတိုက်ရိုက်ထုတ်လွှင့်ပြသမှုအတောအတွင်းမှာ သူတစ်ဝက်အရောက်ရေသွားချိုးနေခဲ့ပြီး သူပြန်လာချိန်တွင် လန်ဇယ်ကလင်ခုံးလုကိုငါးခြောက်ကျွေးနေတာကိုသာမြင်လိုက်ရပေမဲ့ သူ"ကျား"တစ်ကောင်ကိုမှမမြင်မိပေ၊ သူမြင်လိုက်ရတာက---


ဝမ်ပင်း: "!!!" မဟုတ်ဘူး၊ ဒါကယောက်ျားဆန်လွန်းတဲ့ယောက်ျားတစ်ယောက်အတွက်တကယ်လက်လွတ်မခံသင့်တဲ့အရာပဲ!


ဘယ်သူကအမွှေးဖွာဖွာလေးတွေကိုတောင့်ခံနိုင်မှာတုန်းလို့? မင်းသား၂အတွက်စိတ်မကောင်းပေမဲ့ သူလည်းနံရံပေါ်တွယ်တက်ပြီး အဆိပ်ပြင်းတဲ့လူတစ်​ယောက်ဖြစ်ချင်တယ်ရယ်။


ဝမ်ပင်းမှာလူကောင်ကြီးကာအသားထူပေမဲ့ မထင်ထားစွာဖြင့်မိန်းကလေးဆန်သောနှလုံးသားရှိကာ အမွှေးဖွာဖွာလေးများကိုချစ်တတ်လေသည်။


ပထမနှစ်တုန်းကလေ့ကျင့်ရေးကွင်းပြင်ကထိုအမွှေးဖွာဖွာလေးက သူခေါ်လာသည့်အနုပညာရှင်ဖြစ်နေသေးတာကိုတွေးမိရင်း သူမနေနိုင်ဘဲစိတ်လှုပ်ရှားစွာတစ်ချက်လှမ်းကြည့်မိပေမဲ့ သူမျက်လုံးပင့်လိုက်သည်နှင့် လန်ဇယ်၏မသိမသာအေးစက်သောမျက်ဝန်းများနှင့်ဆုံသွားသည်။


ဝမ်ပင်း: "....." ထားလိုက်၊ ထားလိုက်ပါတော့လေ၊ cpဖန်ပဲလုပ်တာပေါ့။


လန်ဇယ်အကြည့်ပြန်ရုတ်လိုက်ပြီး ခုနကအတင်းအကြပ်အနမ်း၏ရှက်ရွံ့မှုကိုဖုံးကွယ်ရန်အလို့ငှာ သူအစောင့်မျကိုရွှေငါးနောက်တစ်ပန်းကန်အမြန်ယူလာခိုင်းကာ လင်ခုံးလုကိုဆက်ကျွေးပြီး စကားမစပ်မေးလိုက်သည်။

"မင်းရဲ့မန်နေဂျာ၊ မင်းလူလဲချင်လား။"


ကြောင်ငပျင်းလေးကဒီလောက်အကြာကြီးဖြတ်ခုတ်ခံခဲ့ရတာကို သေချာလေးဖြေရှင်းပေးနိုင်စွမ်းမရှိမှတော့ အသုံးမဝင်ပေ။ ဒီလိုမန်နေဂျာမျိုးကိုဘာလို့ခေါ်ထားအုံးမှာလဲ။


လင်ခုံးလုသူဘာစဥ်းစားနေမှန်းသိလိုက်ပေမဲ့ ခေါင်းခါကာပြောလိုက်သည်။

"မဟုတ်ဘူး၊ ကျွန်တော်သူ့ကိုလွှတ်ထားဖို့ပြောခဲ့တာ။"


နည်းလမ်းမရှိပေ၊ အရင်ဘဝ၏ဇာတ်ကြောင်းကသူ့ကိုအနုပညာအသိုင်းအဝိုင်းမှာနာမည်ဆိုးရစေရန်လိုအပ်ခဲ့သဖြင့် လူမိုက်ငှားတာဘာညာတကယ်မလိုအပ်ခဲ့ပေ။


ထိုစကားများကိုကြားသော်လန်ဇယ်တိတ်ကျသွားရသည်၊ သူဆက်မေးလိုက်ရင် ကောင်လေးကထိုအရာများကိုဂရုမစိုက်ဘဲ သူ့ကိုသာအရေးစိုက်ကြောင်းသေချာပေါက်ပြောလာမှာကို..သူသိနေသလားလို့?


လင်ခုံးလုကစားရတာကိုစွဲလမ်းနေပြီး သူရုတ်တရက်အကျွေးရပ်လိုက်တာကိုမြင်လိုက်ရတော့ သူမနေနိုင်ဘဲတိုက်တွန်းနှိုးဆော်လိုက်သည်။

"ငါး၊ ငါး။"


လန်ဇယ်: "....."


သူ့တည်ရှိမှုရဲ့တန်ဖိုးကငါး​ခြောက်ကျွေးဖို့လား။


ထိုစဥ် ဝဖြိုးနေသည့်လိမ္မော်ရောင်ကြောင်တစ်ကောင်မှာငါး​ခြောက်နံ့ရသွားပြီး သူတို့နှစ်ယောက်အနားမှာနှာခေါင်းရှုံ့အနံ့ခံပြီးနောက် ၎င်းကရုတ်တရက်ဝှီးချဲဘေးကိုမှီကာ မြေကြီးပေါ်လှဲချလိုက်သည်။


လန်ဇယ်: "......"


လင်ခုံးလု: "........"


နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည်၊ ထိုကြောင်မှာလွန်ခဲ့သောတစ်နှစ်ခန့်ကအခြေစိုက်စခန်းထဲမတော်တဆဝင်လာခဲ့ပြီး ထိုကတည်းကစားသောက်ဆိုင်အနီးမှာနေထိုင်လျက် စားလိုက်သောက်လိုက်နေခဲ့တာကိုလန်ဇယ်မှတ်မိသည်။


သို့သော် ဒီဝဖြိုးဖြိုးလိမ္မော်သီးအခြေစိုက်စခန်းကိုရောက်လာခဲ့စဥ်က ပိန်ကပ်ကပ်လိမ္မော်သီးဖြစ်ကြောင်းသူမှတ်မိနေတုန်းပင်။


သူရုတ်ခြည်းငါးခြောက်ကိုပြန်ယူကာ လင်ခုံးလုကိုတမင်မေးလိုက်သည်။

"မင်းနောက်ကျရင်....ဘာလို့လျှော့မစားတာလဲ။"


မင်းဒီနေ့အများကြီးစားခဲ့သလားလို့? ငါး​ခြောက်ငါးထုပ်နှင့်တစ်ဝက်အပြင် ရွှေငါးတစ်ပန်းကန်နှင့်တစ်ဝက်။


လင်ခုံးလု: "?!" မင်းဘာကိုဆိုလိုတာလဲ။ ငါကသူနဲ့မျိုးမတူဘူးလေ။ ဟေး၊ ငါသေချာပေါက်သူ့လိုသလာမှာမဟုတ်ဘူး။


ဒါပေမဲ့သူ့မျက်လုံးနှင့်ဘယ်လောက်အချက်ပြပြ လန်ဇယ်မှာအလွန်ခိုင်မာပြတ်သားလျက် တင့်တယ်စွာလှုပ်ရှားပြီး....သူ့ပါးစပ်ထဲကိုလက်ကျန်ငါးခြောက်အကုန်ထည့်ပေးလာသည်။


လင်ခုံးလု: "....." အရမ်း၊ အရမ်းများသွားပြီ၊ သန်ဘက်ခါကျရင်အနားယူမယ်၊ မင်းကိုနှိပ်ပေးဖို့မမျှော်လင့်နဲ့တော့။


ကံကောင်းစွာဖြင့် ​လန်ဇယ်ကသူ့ကိုဒီရက်ပိုင်းငါးမြှီးနှိပ်ခိုင်းဖို့အစီအစဥ်မရှိပေ။ တစ်ခုကသူ့အင်းဆက်အဆိပ်မှာပျောက်ခါနီးဖြစ်နေပြီမို့။ နောက်တစ်ခုက မတိုင်ခင်ကလင်ခုံးလု"ကြောင်လက်ဖဝါးရာ"နှိပ်တာများသွားပြီမို့ သူအနားပိုယူသင့်သည်ပင်။


ဒါပေမဲ့အစီအစဥ်ကအပြောင်းအလဲများနှင့်မကိုက်ပေ။ စစ်ဌာန၏မာရှယ်မုန့်တျယ်ကအားလပ်ချိန်မှာရှင်းပေါ်ကိုနှိပ်ကြည့်မိသွားပြီး တိုက်ဆိုင်စွာဖြင့် လင်ခုံးလု၏ရေပန်းစားနေသောရှာဖွေမှုကိုမြင်သွားသည်။


ဒီလူကမင်းသား၂လက်ထပ်ထားတဲ့လူဖြစ်ကြောင်းသူမှတ်မိသည့်အပြင် "အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည"ကသူတို့စစ်ပရိုဂရမ်ဌာန၏ပရောဂျက်ဖြစ်ကြောင်းသူမှတ်မိတာမို့ သူဒီအတိုင်းဝင်နှိပ်ကာတစ်ချက်ကြည့်လိုက်ခြင်းဖြစ်သည်။


ရလဒ်အနေဖြင့် သူကလက်လွတ်မခံသင့်တဲ့ဆွဲဆောင်မှုရှိသောအမျိုးသားနှင့်မင်းသား၂၏သဝန်တိုမှုကဲ့သို့သောကိစ္စမျိုးကိုသိပ်စိတ်မဝင်စား​ဘဲ ကင်မရာပေါ်မှာခယ့်လီစစ်ပေါ်လာတာကိုစိတ်ဝင်စားသည်။


ခယ့်လီစစ်ကတတိယအခြေစိုက်စခန်း၏မက်ခါစစ်သည်ဝိဇ္ဇာဖြစ်သည်။ သူကားစစ်လေ့ကျင့်ရေးဆင်းမှုမြောက်မြားစွာပြုလုပ်ခဲ့သည့်အပြင် သူ့ကိုယ်တိုင်ထံမှချီးကျူးခံခဲ့ရသည်ပင်။ သူဒီလူငယ်ကိုအလွန်အထင်ကြီးမိပေမဲ့ သူအင်းဆက်အဆိပ်ကူးစက်ခံထားရတာမို့ မသန်စွမ်းဖြစ်သွားမည့်ပုံရှိမှန်းလည်းမှတ်မိသည်။


သူသတင်းကြားခါစတုန်းက စိတ်မကောင်းဖြစ်ခဲ့ရသည်။ ဒါပေမဲ့ ကင်မရာပေါ်ကဒီတက်ကြွနေတဲ့လူငယ်လေးကိုမြင်လိုက်ရတော့ ဘယ်မှာမသန်စွမ်းနဲ့တူနေလို့လဲ။ လက်မောင်းတွေကအရမ်းကွေးနိုင်ဆန့်နိုင်နေတာကြီးကို။


မာရှယ်မှာတစ်ခုခုမှားနေမှန်းထက်ရှစွာသတိထားမိသွားပေမဲ့ လန်ဇယ်ကိုဖုန်းခေါ်မည့်အစား ဧကရာဇ်အရှင်မင်းကြီးကိုတိုက်ရိုက်သွားတွေ့လိုက်သည်။


နောက်နေတာလား၊ သူအဲ့ကလေးလန်ဇယ်ကိုနားမလည်ဘဲနေမလား။ တစ်ဖက်လူကသူ့ကိုပြောချင်ရင် သူ့ကိုဖုန်းခေါ်ပြီးတင်ပြပြီးတာကြာပြီပေါ့၊ သူသိသွားမှာကိုစောင့်နေစရာမလိုဘူးလေ။


ဧကရာဇ်ကမာရှယ်၏ရည်ရွယ်ချက်အကြောင်းကြားလိုက်ရချိန် သူမနေနိုင်ဘဲချက်ချင်းကြွားဝါပြောဆိုလိုက်သည်။

"အိမ်း၊ အဓိကအကြောင်းရင်းကလန်ဇယ်ရဲ့ဇနီးလေးကအံ့သြစရာကောင်းလို့ပဲကွ!"


လန်ဇယ်နှင့်လင်ခုံးလုလက်ထပ်တုန်းက လူအများစုမှာအကောင်းမမြင်ကြဘဲ ဟာသတစ်ခုကိုစောင့်နေခဲ့ကြသည်။ အခုဆိုသူ့သားတော်နှင့်ချွေးမတော်ကဆက်ဆံရေးကောင်းနေပြီး သူတို့ကျန်းမာရေးကကောင်း(လာ)နေပြီးတော့ သူတို့အသက်မွေးဝမ်းကြောင်းကလည်းကောင်းမွန်နေတာကို သူမပျော်ဘဲနေမလား။


ဘာပဲဖြစ်ဖြစ် မုန့်တျယ်ကသူ့မိတ်ဆွေဟောင်းမို့ ဘာမှဖုံးကွယ်နေစရာမလိုပေ။ သူပျော်နေရင် သူမကြွားဝါဘဲမနေနိုင်။


သို့ဖြစ်၍ ထိုနေ့လယ်ခင်းမှာ မာရှယ်မုန့်တျယ်ကလန်ဇယ်ကိုဖုန်းခေါ်ပြီး ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။

"မင်းတော့မရိုးသားဘူးပဲ၊ အဲ့ဒီ့အင်းဆက်အဆိပ်ကိုကုသနိုင်ခဲ့တဲ့ကိစ္စကြီးကိုငါ့ကိုမပြောခဲ့ဘူးနော်?"


"ကျွန်တော်စိတ်ဝိဉာဥ်အမှတ်ရာကိုသိုလှောင်ထားနိုင်တဲ့'ဆေးအကာ'ကိုသုတေသနလုပ်နေခဲ့လိုပါ။" လန်ဇယ်ခပ်တိုးတိုးရှင်းပြလိုက်သည်။


မာရှယ်ကမဝယ်ဘဲပြောလာသည်။

"ဒါဆိုအခုသုတေသနလုပ်နေတာမဟုတ်ဘူးလား?"


လန်ဇယ်: "ကြောင်လက်ဖဝါးရာနှိပ်ထားတဲ့လူတွေကအနားယူဖို့လိုတယ်။"


မာရှယ်: "....."


"ငါမပြောတတ်တော့ဘူး၊ မင်းကမင်းရဲ့ဇနီးကိုတကယ်ချစ်တာပဲ။" သူခပ်တိုးတိုးရေရွတ်လိုက်မိပြီးမှ စိတ်ခံစားချက်နှင့်အကြောင်းပြချက်တို့ကြောင့်လှုပ်ခတ်သွားရကာ အလေးအနက်ပြောလိုက်သည်။

"လန်ဇယ်၊ မင်းကိုယ်မင်းကြည့်အုံး၊ မင်းကိုယ့်ကိုယ်ကိုမကုသနိုင်ရင် အခြားအင်းဆက်အဆိပ်ကူးစက်ခံထားရတဲ့စစ်သည်တွေကိုမေ့လိုက်ပါတော့လား။ ငါလဲမင်းကြီးပျင်းလာတာကိုကြည့်ခဲ့ရတာမို့ မင်းမှာစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့ မင်းရဲ့ဇနီးကလည်းကြင်နာတတ်ပြီး လူကောင်းလေးဆိုတာသိ...."


လန်ဇယ်၏ပါးစပ်မသိမသာတွန့်သွားကာ သူ့ကိုဖြတ်ပြောကာအသိပေးလိုက်သည်။

"ခင်ဗျားရဲ့ပရိုဂရမ်ဌာနကခမည်းတော်ရှောင်လုကိုပေးတဲ့အရင်းအမြစ်တွေကိုသရုပ်ဆောင်ချူဖေးဆီပေးခဲ့တယ်။"


မာရှယ်: "?" အဲ့လိုကိစ္စရှိတာလား။ ချူဖေးကဘယ်သူတုန်း?


ဒါပေမဲ့ကိစ္စမရှိပေ၊ အရေးကြီးဆုံးအာကအခုအင်းဆက်အဆိပ်ကူးစက်ခံထားရတဲ့စစ်သည်များကိုကုသဖို့ဖြစ်သည်။


ထို့ကြောင့်သူချက်ချင်းပြောလိုက်သည်။

"စိတ်မပူနဲ့၊ ငါတစ်ယောက်ယောက်ကိုဖြေရှင်းခိုင်းလိုက်မယ်၊ ကြောင်လက်ဖဝါးရာ...."


လန်ဇယ်မှာစိတ်ကျေနပ်ဖွယ်အဖြေကိုရလိုက်ပြီးမှပြောလိုက်သည်။

"ကျွန်တော်ရှောင်လုနဲ့ဆွေးနွေးလိုက်ပါ့မယ်။"


လင်ခုံးလုထိုအကြောင်းသိပြီးနောက် မငြင်းဆန်ဘဲပြောလိုက်သည်။

"ရပါတယ်၊ ကြောင်လက်ဖဝါးရာနှိပ်ဖို့ကလွယ်ပါတယ်၊ လူတွေကိုကယ်လို့ရတာပေါ့။"


အဆုံးတွင် လက်ရှိမှာအင်းဆက်အဆိပ်ကိုကုသလို့မရနိုင်ဘဲ အဆိပ်ပျံ့နှံ့ခြင်းမှသာဖိနှိပ်နိုင်လေသည်။ ခြေလက်များကူးစက်ခံလိုက်ရရင် ပျံ့နှံ့သွားသည်နှင့်ခြေလက်များမသန်မစွမ်းဖြစ်သွားနိုင်သည်။ အတွင်းပိုင်းကိုယ်အဂ်ါများ(သို့)ဦးခေါင်းကူးစက်ခံလိုက်ရရင် လူပါသေသွားလိမ့်မည်ပင်။


သူ့မှာဒီစွမ်းရည်ရှိနေမှတော့ ဘာလို့လူပိုမကယ်ရမှာလဲ။


သူလက်ခံမည်မှန်းလန်ဇယ်ခန့်မှန်းမိပေမဲ့လည်း သူမနေနိုင်ဘဲသူ့ကိုရင်ခွင်ထဲဆွဲသွင်းကာခပ်တင်းတင်းဖက်ထားလိုက်မိပြီး ထိုအင်းဆက်အဆိပ်ကူးစက်ခံထားရသူတို့ကိုယ်စားပြောလိုက်သည်။

"ကျေးဇူးပါပဲ။"


လင်ခုံးလု၏မျက်လုံးများချက်ချင်းတောက်ပသွားကာ မျှော်လင့်တကြီးမေးလိုက်မိသည်။

"ဘာအတွက်ကျေးဇူးတင်တာလဲဟင်?"


လန်ဇယ်ချောင်းအသာဟမ့်ကာ ဧကရီအန်နာတစ်ခါတလေကြည့်သည့်အချစ်ဒရာမာဇာတ်လမ်းတွဲကိုရုတ်ခြည်းတွေးမိသွားကာ "ကိုယ်"ဟုအလိုလိုပြောလိုက်ချင်မိသည်။


ဒါပေမဲ့သူပါးစပ်မဟရသေးခင် လင်ခုံးလုကချက်ချင်းမေးလာသည်။

"ရွှေငါးရတယ်မလား။"


လန်ဇယ်: "....."


သူစိတ်ဆိုးသွားရကာ စောင်အပါးကိုလှန်ပြီး အံကြိတ်လျက်:

"ဘာရွှေငါးမှမရဘူး၊ မင်းငွေရောင်ငါးမြှီးကြီးလိုချင်လား။"


လင်ခုံးလု: "!!!"


လန်ဇယ်: "!"


ဖာ့ခ်၊ သူဘာလုပ်မိသွားတာလဲ။ သူဒီနှလုံးသားမရှိတဲ့ကြောင်ကြောင့်စိတ်လွတ်သွားတာဖြစ်ရမယ်။


လန်ဇယ်စောင်အပါးအမြန်ပြန်ဆွဲကာ ငါးမြှီးကိုတင်းကြပ်စွာအုပ်ကာပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ကိုယ်ဒီအတိုင်းနောက်လိုက်တာ။"


လင်ခုံးလု: "မဟုတ်ပါဘူး!"


သူစိတ်လှုပ်ရှားလွန်းကာ ကြောင်နားရွက်၊ အမြှီးနှင့်လက်ဖဝါးများအကုန်ပေါ်ထွက်လာသည်။ လုပ်စမ်းပါ၊ မင်းနောက်လိုက်တာလို့တကယ်ကြီးပြောနေတာလား။


သူ၏မျက်လုံးတောက်တောက်လေးများ၊ ခေါင်းထက်တုန်ရီနေသည့်ကြောင်နားရွက်တစ်စုံနှင့်အနောက်မှာမျှော်တင့်တကြီးခါယမ်းနေသည့်အမြှီးလေးကိုမြင်လိုက်ရရင်း လန်ဇယ်၏မျက်နှာတမဟုတ်ချင်းမည်းတူးသွားကာ အံကြိတ်လျက်ပြောလိုက်မိသည်။

"တံတွေးမျိုချဖို့ စဥ်းတောင်မစဥ်းစားနဲ့။"


လင်ခုံးလု: "?"


တံတွေးအလိုလိုမျိုချလိုက်မိပေမဲ့လည်း သူငါးမြှီးကိုတကယ်မကိုက်ဝါးချင်ပါဘူး၊ သူဝန်ခံချက်ကိုကြားလိုက်ရတော့ဒီအတိုင်းနည်းနည်းလေးစိတ်လှုပ်ရှားသွားမိတာရယ်။


မဟုတ်ဘူး၊ ဒီလိုငွေရောင်ငါးမြှီးလှလှလေးကို​မြင်လိုက်ရတော့ သွားနည်းနည်းယားလာတယ်၊ မင်းငါးမြှီးကိုမကိုက်နိုင်မှတော့ ဒါဆို...


သူကြောင်နားရွက်၊ ကြောင်လက်ဖဝါးနှင့်​ကြောင်မြှီးကိုပြန်ဖိချလိုက်ပြီး သူ့မျက်ဝန်းတစ်စုံကလန်ဇယ်၏ပိန်သွယ်ကာနီစွေးပြီးလှပသောနှုတ်ခမ်းပေါ်မှာမြဲမြံနေလျက် ရုတ်တရက်သူမနေနိုင်ဘဲတစ်ဖက်လူ၏လည်တိုင်ကိုချိတ်ကာကိုက်ချလိုက်မိတော့သည်။


လန်ဇယ်: "!"


သူအံ့သြတကြီးဖြင့်မျက်လုံးအသာဖွင့်ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်များကော့တက်သွားရကာ သူ့အေးစက်စက်မျက်ဝန်းစိမ်းမှာအပြုံးတစ်ပွင့်ဖြင့်ပြည့်နှက်သွားသည်။


ဒီကြောင်ငတုံးလေးကတကယ်....နမ်းတောင်မနမ်းတတ်ဘူး။


လင်ခုံးလုတစ်အောင့်ကြာကိုက်ထားပြီးမှ လန်ဇယ်ကိုကျေနပ်စွာလွှတ်ပေးလိုက်သည်။ ဒါပေမဲ့ဘယ်သူသိမှာလဲ၊ နောက်တစ်စက္ကန့်မှာသူ့နောက်စိကိုဖိချလာပြီး အနည်းငယ်ကျူးကျော်မှုနှင့်ပိုင်စိုးပိုင်နင်းဆန်မှုတို့နှင့်အတူ လန်ဇယ်၏အေးစက်စက်နှုတ်ခမ်းပါးတို့ကသူ့နှုတ်ခမ်းကိုထိလာပြန်သည်။


အနမ်းအပြီးတွင် လန်ဇယ်ကသူ့ကိုယ်ပေါ်မှာပျော့ပြောင်းစွာမှီလှဲနေသည့်လင်ခုံးလုကိုဖေးမကာ ကိုယ်ကိုင်းပြီး အသာပြုံးလိုက်သည်။

"ဒါကမှနမ်းတာလို့ခေါ်တယ်၊ နားလည်လား။"


လင်ခုံးလုပင့်သက်ရှိုက်ကာ သူ့ကိုခက်ထန်သောအကြည့်တစ်ချက်ပေးလိုက်မိသည်။ ဒါပေမဲ့ သူ့မျက်လုံးထောင့်များမှာနီစွေးနေပြီး သူ့မျက်လုံးများမှာနူးညံ့လျက် ဟန့်ထားလိုသောအမူအရာမရှိပေရာ လန်ဇယ်မနေနိုင်ဘဲသူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်မိပြန်သည်။


"?" လင်ခုံးလုချက်ချင်းထခုန်လိုက်မိသည်။


ဆိုးဝါးချက်၊ ငါးကခွန်အားကြီးလွန်းတော့ ကြောင်စားလို့မရဘူးဖြစ်နေတယ်ရော်။


လင်ခုံးလုကကြောင်လက်ဖဝါးရာကူနှိပ်ပေးဖို့သဘောတူလိုက်ပြီးနောက် သူအပြင်းအထန်ကြိုးစားလုပ်မှာကိုလန်ဇယ်စိုးရိမ်မိဆဲပင်။ အဆုံးတွင် ကြောင်လက်ဖဝါးရာနှိပ်တာကစိတ်စွမ်းအားကုန်စေသဖြင့် သူမာရှယ်မုန့်တျယ်ကိုပြောလိုက်သည်။

"သူသဘောတူတယ်၊ ဒါပေမဲ့ဒီရက်ပိုင်းကျွန်တော်တို့မှာအချိန်သိပ်မရှိဘူး။ နောက်နှစ်ပတ်နေမှအားမယ်။"


မာရှယ်: "?"


"ဘာလို့အချိန်မရှိတာလဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကတတိယအခြေစိုက်စခန်းအတွက်ကြောင်လက်ဖဝါးရာနှိပ်ပေးခဲ့တယ်မဟုတ်ဘူးလား။"

မာရှယ်ကဆန္ဒမရှိစွာဆိုသည်။


လန်ဇယ်: "ရသစုံရှိုးမှာပါဝင်ရလို့လေ။ တကယ်လို့အရေးတကြီးလိုအပ်ရင် ကျွန်တော်တစ်ယောက်ယောက်ကိုအဲ့ကိုတစ်သုတ်အရင်ပို့ခိုင်းလိုက်မယ်၊ ဒါပေမဲ့အရည်အသွေးကသိပ်မကောင်းလောက်ဘူး။"


မာရှယ်: "???"


ရသစုံရှိုးမှာပါရဖို့ ၊ ကြောင်လက်ဖဝါးကိုထိန်းသိမ်းထားဖို့ကအရေးကြီးလို့လား။ ထားလိုက်တော့၊ ဆင်ခြေပေးနေတာနဲ့တူသလိုပဲ၊ လန်ဇယ်ကသူ့ဇနီးလေးကိုပင်ပန်းအောင်လုပ်ဖို့တွန့်ဆုတ်နေတာဖြစ်ရမယ်။


မဖြစ်ဘူး၊ သူတတိယအခြေစိုက်စခန်းကိုကိုယ်တိုင်သွားဖို့လိုတဲ့ပုံပဲ။


နောက်တစ်နေ့ ပရိုဂရမ်အဖွဲ့တိုက်ရိုက်လွှင့်ချိန်မှာ နောက်ထပ်လူကြီးတစ်ယောက်ကလေ့ကျင့်ရေးကွင်းပြင်ကိုရောက်လာသည်။


လန်ဇယ်ခေါင်းလှည့်ကြည့်မိတော့ မာရှယ်ရောက်လာတာကိုမြင်လိုက်ရသဖြင့် သူ့ပါးစပ်ထောင့်မတွန့်သွားဘဲမနေနိုင်ပေ၊ သူဝှီးချဲကိုထိန်းချုပ်ကာရှေ့တိုးလျက်ပြောလိုက်သည်။

"နေကောင်းပါရဲ့လား၊ မာရှယ်။"


စစ်တပ်ကျင့်ဝတ်အရ သူကားလက်အောက်ငယ်သားဖြစ်သင့်ပေသည်။


ဒါပေမဲ့ သူဟာမင်းသားတစ်ပါးဖြစ်သည်။ စစ်တပ်နှင့်တော်ဝင်မိသားစု၏ဓလေ့ထုံးတမ်းအရ မာရှယ်ကလည်းသူ့ဦးထုပ်ကိုချွတ်ကာပြောဖို့လိုအပ်ပေသည်။

"နေကောင်းပါရဲ့လား၊ အရှင့်သား။"


နှုတ်ဆက်ပြီးနောက် လန်ဇယ်ယဥ်ကျေးမနေတော့ဘဲပြောလို​က်သည်။

"ကြောင်လက်ဖဝါးရာအခုတစ်ရာပို့လိုက်ပြီမလား။ ဘာလို့ဒီကိုရောက်လာတာလဲ။"


မာရှယ်ကသူ့ကိုတစ်ချက်ကြည့်ကာဆိုသည်။

"ငါရသစုံရှိုးလာကြည့်တာရယ်၊ ကြောင်လက်ဖဝါးရာလာတောင်းတာမဟုတ်ပါဘူး။"


လန်ဇယ်: "အော်။"


လေ့ကျင့်ရေးကွင်းပြင်မှာ အခြားဧည့်သည့်များကဲ့သို့ပင် လင်ခုံးလုမှာနည်းပြ၏လမ်းညွှန်မှုအရ မက်ခါ၏အရေးကြီးသောအစိတ်အပိုင်းမျိုးစုံကိုသေချာဂရတစိုက်ဖြုတ်ချလိုက်ပြန်တပ်လိုက်လုပ်နေရပြီး ဒါမှသာသေနတ်ကိုဖြုတ်လိုက်ပြန်တပ်လိုက်လုပ်နိုင်သည့်စနိုက်ပါသမားကဲ့သို့ မက်ခါကိုပိုမိုနားလည်လာနိုင်မည်ပင်။


ပရိုဂရမ်၏နောက်ဆုံးရက်အနည်းငယ်မှာ သူတို့ကဒီမက်ခါကိုမောင်းနှင်ပြီး ကွင်းဆင်းလေ့ကျင့်ရေးမှာပါဝင်ရလိမ့်မည်။


ဒါပေါ့၊ ရသစုံရှိုးကိုလာရောက်ကြသည့်ဧည့်သည်များမှာအခြေခံအားဖြင့် မက်ခါမောင်းနှင်မှုအပေါ်ကောင်းမွန်သောနားလည်နိုင်စွမ်းရှိကြသည်။ သူတို့ကကောလိပ်မှာတုန်းကမက်ခါမောင်းနှင်ခဲ့ကြရပြီး တရားဝင်ဟိုလိုဂရက်ဖစ်မက်ခါတိုက်ပွဲမှာအနည်းဆုံးAအဆင့်ရထားကြသည်။


ဒီတော့လူတိုင်းမှာအ​ခြေခံအုတ်မြစ်ရှိကြသည်။ ပရိုဂရမ်အဖွဲ့ကယာယီလေ့ကျင့်ရေးဆင်းမှုနှစ်ရက်အပြီးမှာ မက်ခါအကြောင်းဘာမှမသိသောလူတစ်​​ယောက်ကိုမက်ခါမောင်းခွင့်ပေးဖို့ကားတကယ်မဖြစ်နိုင်။


ဒါပေါ့၊ လင်ခုံးလုကချွင်းချက်ဖြစ်သည်။ သူကအကဲဖြတ်မှုမှာမပါဝင်ခဲ့သည့်အပြင် မက်ခါတစ်ခါမှမမောင်းနှင်ခဲ့ဖူးပေ။ ဒါကလည်းသူရှိုးမှာပထမဆုံးပေါ်လာစဥ်က လူအများစုဆီကအရည်အချင်းမပြည့်မှီဟုအပြောခံရသည့်အကြောင်းရင်းထဲကတစ်ခုဖြစ်သည်။


လန်ဇယ်ဒီအကြောင်းစိတ်မပူပေ။ အရင်ဘဝမှာ လူငယ်လေးကဟိုလိုဂရက်ဖစ်မက်ခါတိုက်ပွဲဆင်နွဲတာကိုသူမြင်ခဲ့ရပြီး တစ်ဖက်လူSအဆင့်ရှိနိုင်မှန်းသိထားပေမဲ့ သူဟာမက်ခါမောင်းနှင်မှုနှင့်ပတ်သတ်ပြီးဘာမှမသိတာမဟုတ်ပေ။


ကွင်းဆင်းလေ့ကျင့်မှုအပြင် အန္တရာယ်ကင်းလုံခြုံမှုအတွက် အခြေစိုက်စခန်းကမတော်တဆမှုကိုကာကွယ်ရန် အဖွဲ့တစ်ခုစီတိုင်းမှာမက်ခါစစ်သည်တစ်ယောက်ကိုလိုက်ပါစေဖို့စီစဥ်လိမ့်မည်ပင်။


လန်ဇယ်ကကောင်လေးနှင့်သူပါမောင်းနှင်ဖို့စီစဥ်ထားပြီးပြီမို့ သူစိတ်မပူပေ။


ဆန့်ကျင်ဘက်အနေဖြင့် ချူဖေးနှင့်အန်းစုစုမှာလင်ခုံးလုကိုတစ်ချက်လှမ်းကြည့်ကာ တွေးမိကြသည်: မင်းမှာရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိတော့ကောဘာဖြစ်လဲ၊ မက်ခါမောင်းနှင်ဖို့မင်းရဲ့ဦးနှောက်ကိုသုံးဖို့လိုအပ်နေတုန်းပဲ၊ ဒီအမှိုက်လေးကအခြေစိုက်စခန်းရဲ့မက်ခါကိုတစစီလုပ်ပစ်လိုက်လိမ့်မယ်။


အင်တာနက်သုံးစွဲသူများကသူတို့မျက်ဝန်းထဲကအကြည့်ကိုစူးရှစွာသတိထားမိသွားကာ ချက်ချင်းအံ့သြသွားကြသည်--


[ ဟေး၊ အန်းစုစုနဲ့သရုပ်ဆောင်ချူကရှိုးကမထွက်သွားကြသေးဘူးလား? ]


[ သူတို့ကဆက်သွယ်ရေးစက်မယူခဲ့ကြဘူးလေ၊ ဒီတော့အွန်လိုင်းမှာဘာဖြစ်နေမှန်းသူတို့မသိလောက်ဘူးပေါ့? ရယ်သေပြီ ဟားဟားဟား ]


[ သရုပ်ဆောင်ချူကိုပုံရိပ်မော်ဒယ်အဖြစ်ကထုတ်ပယ်ခံလိုက်ရပြီလို့ စစ်တပ်ကခုနကပဲကြေငြာချက်ထုတ်ပြန်လိုက်တယ် ]


လင်ခုံးလုကထိုလူနှစ်ယောက်၏မျက်လုံးများကိုလုံးဝသတိမထားမိဘဲ စိတ်အနှောင့်အယှက်မရှိ ဖြုတ်လိုက်တပ်လိုက်လုပ်လို့နေသည်။


ကမ္ဘာငယ်လေးအကုန်လုံးကပင်မကမ္ဘာမှမွေးဖွားလာခဲ့တာကြောင့်လား၊ ကမ္ဘာငယ်လေးများ၏တည်ဆောက်ပုံကပင်မကမ္ဘာ၏လူတို့ရေးသားထားတာကြောင့်လားမသိ။ ဒီကမ္ဘာများထဲကမက်ခါအကုန်လုံးမှာဆင်တူလှသည်။


သူအခြားကမ္ဘာများထဲမှာမက်ခါဘယ်လိုမောင်းနှင်ရမလဲသင်ယူလေ့လာခဲ့သည်၊ အထူးသဖြင့်သူဖိုင်ဖတ်ပြီးနောက်ကမ္ဘာထဲပြန်ဝင်လာချိန်တွင် လုစစ်ကဘယ်လိုမောင်းနှင်ရမလဲဆိုတာသင်ပေးခဲ့သည်။


နေရာအချို့ကွဲပြားသွားပေမဲ့လည်း သဘောတရားမှာသိပ်မပြောင်းသွားပေ။ အစကစတင်ဖို့အနည်းငယ်ခက်ခဲပေမဲ့ သူကျွမ်းကျင်လာပြီးနောက်ပိုင်း အရှိန်မှာချက်ချင်းမြန်လာပေသည်။


မာရှယ်ကလည်းကြည့်နေရင်းမှတ်ချက်ပေးလာပြီး 

"ဒီမက်ခါကရှေးဟောင်းပစ္စည်းပဲ၊ မင်းရဲ့အခြေစိုက်စခန်းမှာရှိနေတုန်းပဲကိုး"ဟုတစ်အောင့်ကြာမှပြောမိကာ

ထို့နောက်"ကြင်ယာတော်ဒုက္ခရောက်တော့မဲ့ပုံပဲ။"ဟုပြောမိပြီး တစ်အောင့်ကြာသော်အံ့သြသွားရသည်။

"ဟေ့၊ ဒီကလေးကမင်းလိုပဲ အရမ်းပါရမီရှိတယ်။"


လန်ဇယ်: "ဘေးမှာမှတ်ချက်သွားပေးလို့ရမလား။"


ကြောင်ငပျင်းလေးအလုပ်ကြိုးစားပြီးအလေးအနက်ဖြစ်နေတဲ့ပုံလေးက မထင်မှတ်ထားစွာနှင့် ကြည့်ကောင်းပြီးချစ်စရာကောင်းနေတာကို သူဒီအတိုင်းတိတ်တိတ်လေးရှုစားချင်တ၊ သူများတွေပြောတာနားမထောင်ချင်ဘူးရယ်။


မာရှယ်: "ကျွတ်၊ ကုမရတဲ့ရောဂါပဲ။"

သာလွန်ထူးချွန်တဲ့ပါရမီရှင်ကိုမြင်လိုက်ရတော် ငါမှတ်ချက်မပေးဘဲမနေနိုင်ဘူးကွ။


လင်ခုံးလုစတင်လိုက်ပြီးနောက် သူ့လှုပ်ရှားမှုများမှာပိုမိုထူးချွန်ကာမြန်ဆန်လာသည်။ သူ၏ဗီဇသဘာဝစရိုက်၏လွှမ်းမိုးမှုနှင့်ပေါင်းလိုက်တော့ သူလှုပ်ရှားသွားတိုင်းအရိပ်များကိုသာမြင်ရသလောက်ပင်။ တစ်အောင့်ကြာသော် သူအခြားသူများဖြုတ်လို့မပြီးသေးခင်သူပြန်တပ်ပြီးသွားသည်။


အခြားဧည့်သည်များ: "...." မင်းရက်စက်လိုက်တာ၊ လူတွေရှင်သန်ဖို့နည်းလမ်းရှိသေးရဲ့လား။


ခယ့်လီစစ်လည်းအလွန်ရှော့ခ်ရသွားသည်။ ဒီလောက်ပါရမီရှိတဲ့လူဆိုရင် သူအရှင့်သားလန်ဇယ်ကိုသာမြင်ဖူးသည်။


သူ့မျက်လုံးများမှာအတော်လေးအံ့သြနေပေမဲ့အနည်းငယ်ရှုပ်ထွေးနေကာ ​ပြောလိုက်မိသည်။

"အရင်ပြီးသွားတဲ့တစ်ယော​က်ကသွားနားလို့ရပါပြီ။"


မာရှယ်၏မျက်လုံးများတောက်ပသွားကာ လန်ဇယ်ပုခုံးပေါ်ပုတ်လျက် ပြောလိုက်သည်။

"အခုအချိန်ရပြီမလား။ မင်းကြောင်လက်ဖဝါးရာနှိပ်လို့ရပြီလေ။"


လန်ဇယ်လန့်သွားကာ ဝှီးချဲပေါ်ကပြုတ်ကျမတတ်ဖြစ်သွားရပြီး မည်းမှောင်သောမျက်နှာဖြင့်ပြောလိုက်သည်။

"ဒီလိုလုပ်တယ်လား။ ခင်ဗျားကကြောင်ကိုအနားမပေးချင်ဘူးပေါ့?"


မာရှယ်ကသူ့ကိုဝှီးချဲပေါ်အမြန်ပြန်ဆွဲတင်ကာရယ်မောလျက်ပြောလာသည်။

"စိတ်မရှိပါနဲ့ စိတ်မရှိပါနဲ့ကွာ၊ မင်းကအခုအားနည်းနေတာကိုငါမေ့သွားတယ်၊ အဲ့တော့ဘာဖြစ်တုန်း၊ ငါအချိန်အကြာကြီးပြင်ဆင်ခဲ့ရတာလေ၊ ငါရွှေငါးခြောက်ယူလာတယ်၊ အဲ့အကြောင်းမပြောကြရအောင်၊ ငါသူနဲ့ဆွေးနွေးလိုက်မယ်။"


လန်ဇယ်: "....." ဒီကြောင်မျှားတဲ့ဝှက်ဖဲကိုဘယ်သူထုတ်ပြောလိုက်တာလဲ။


လင်ခုံးလုကမာရှယ်မုန့်တျယ်ကိုမသိပေ။ တံဆိပ်နှင့်အရပ်ရှည်ရှည်စစ်သည်တစ်ယောက်သူ့ရှေ့လျှောက်လာနေတာကိုမြင်လိုက်ရသော် သူအနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။


ဒါပေမဲ့တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းမှာတမဟုတ်ချင်းပေါက်ကွဲသွားသည်--


[ ဖာ့ခ်! မာရှယ်မုန့်တျယ်ကြီး! ]


[ ပရိုဂရမ်အဖွဲ့ကကတိတည်တာပဲ၊ သယတို့ကကြင်ယာတော်မောက်မောက်နဲ့ မင်းသား၂ကိုဖိတ်ခဲ့ပြီးတော့ အခုဆိုမာရှယ်ပါရောက်လာတယ် ]


[ ကြင်ယာတော်မောက်မောက်ကငါ့ကိုရယ်သေအောင်လုပ်နေတာ ]


[ ဒီတော့မာရှယ်မုန့်တျယ်ကလူလုံးထွက်ပြလာပေမဲ့ အရှင့်သားလန်ဇယ်ကမပေါ်လာသေးပါလား? ]


မာရှယ်မှာလူထုရှေ့ပေါ်လာတိုင်းပုံမှန်ဆိုခပ်တည်တည်မျက်နှာဆင်မြန်းထားပေမဲ့ အခုလင်ခုံးလုကိုမြင်လိုက်ရချိန်မှာ သူကအလွန်သဘောကောင်းစွာပြုံးလိုက်သည်။

"ကြင်ယာတော်ပင်ပန်းနေပြီလား။ လက်ကိုနှိပ်ပေးဖို့လိုသေးလား။"


လင်ခုံးလု: "?"


"မ မလိုပါဘူးဗျ။" သူတစ်ဖက်လူကိုမသိပေမဲ့လည်း တစ်ဖက်လူ၏ရာထူးကိုတော့ဖြင့်ပြောနိုင်သည်။


မာရှယ်အပျော်လွန်သွားပြီးမှထပ်မေးလိုက်ပြန်သည်။

"ဒါဆိုငါး​ခြောက်ဘာလို့မစားတာလဲ။"


"အာ?" လင်ခုံးလုပို၍ပင်ဇဝေဇဝါဖြစ်သွားရသည်၊ ဒီလူဘယ်လုပ်မလို့ပါလိမ့်?


ထိုစဥ် လန်ဇယ်ကဝှီးချဲကိုထိန်းချုပ်ကာအနားတိုးကပ်လာပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမှုကင်မရာမြင်ကွင်းကိုရှောင်ကာ လင်ခုံးလုအစားပြန်ဖြေလိုက်သည်။

"သူမစားဘူး။"


သူစားချင်ရင် သူကျွေးလိုက်မယ်။


မာရှယ်မုန့်တျယ်: "ကျွတ်၊ မင်းရဲ့အစာကိုကာကွယ်ပုံကိုကြည့်လိုက်အုံး။"


[ အား၊ မင်းသား၂က တစ်ယောက်ယောက်ကငါးခြောက်သုံးပြီးကြောင်ကိုသွေးဆောင်ခေါ်သွားမှာကိုမြင်လိုက်ရတော့ဒီအတိုင်းထိုင်မနေနိုင်တော့ဘူးပေါ့? ]


[ ဆရာကြီးမာရှယ်ရေ၊ အဲ့ဒါကအစာကိုကာကွယ်တာမဟုတ်ဘူး၊ သဝန်တိုနေတာဗျ ]


[ ကြောင်ကငါးခြောက်စားပြီး ကြောင်နားရွက်ထုတ်ပြလာတယ် ]


[ ဒီတော့လင်ခုံးလုကိုအခုမောက်မောက်လို့ခေါ်ရမှာလား။ ရယ်သေပြီဟေ့ ]


[ သူ့မိဘတွေကသိသိသာသာကိုနာမည်အရွေးမှားသွားတာပဲ၊ သူ့ကိုလင်မောက်မောက်လို့ခေါ်ရမှာ#ခွေးခေါင်း# ]


လန်ဇယ်ပါရောက်လာမှန်းလင်ခုံးလုမြင်လိုက်ရတော့ ဒီလူဘယ်သူလဲဆိုတာချက်ချင်းနားလည်သွားကာ မနေနိုင်ဘဲတယဥ်တကျေးပြုံးလျက်မေးလိုက်မိသည်။

"မာရှယ်ခင်ဗျ၊ 'စိတ်ဝိညာဥ်အကာ'အတွက်ဒီကိုရောက်လာတာလား။"


"ဟုတ်တယ်၊ ကြောင်လက်ဖဝါးရာလေ။"

မာရှယ်မုန့်တျယ်ကစိတ်အားထက်သန်နေကာ ပြောလာသည်။

"ငါအခုမှထုတ်ထားတဲ့'ဆေးအကာ'တွေအကုန်လုံးကိုယူလာတယ်။"


လန်ဇယ်: "?" ခင်ဗျားတကယ်ကြီးကျွန်တော့်ကောင်းမှုကုသိုလ်တွေကိုကြားဖြတ်ဝင်ခုတ်သွားတယ်ပေါ့?


မာရှယ်မုန့်တျယ်က၎င်းကိုယူသွားဖို့တကယ်စိတ်အားထက်သန်နေမှန်းလင်ခုံးလုခန့်မှန်းမိတာမို့ မစဥ်းစားဘဲသဘောတူကာရိုးရှင်းစွာပြောလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်ခင်ဗျားကိုလုပ်ပေးပါမယ်။"


သူကဒီလောက်စကားပြောကောင်းမည်ဟုမာရှယ်မုန့်တျယ်မထင်ထားမိပေရာ မပျော်သွားဘဲမနေနိုင်ပေ။ သူအခြားလူများကိုအလျင်စလိုအမိန့်ပေးကာ 'ဆေးအကာ'များကိုစားပွဲပေါ်တင်ခိုင်းလိုက်သည်။ ပြီးနောက် သူလန်ဇယ်ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"ကြင်ယာတော်ကမင်းထက်ပိုပျော်တတ်သေးတယ်။"


လန်ဇယ်တွေးလိုက်မိသည်: ဟုတ်တာပေါ့၊ ဘယ်တူမလဲ၊ သူကဒီအတိုင်းရိုးအတဲ့ကြောင်လေးကို....


သူတွေးလို့မပြီးသေးခင် လင်ခုံးလုကရုတ်တရက်သူ့ဆီလျှောက်လာကာ အနည်းငယ်ရှက်သွေးဖြာလျက် မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ တိုးတိုးပြောလာသည်။

"အချစ်ရေ၊ ကျွန်တော်ခင်ဗျားရဲ့ငါးမြှီးကိုငှားဖို့လိုအပ်လောက်တယ်။"


လန်ဇယ်: "?"


တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကသူတို့ကိုမရိုက်ကူးမိသွားသောကြောင့် လင်ခုံးလုလူအုပ်ကိုကျောပေးကာ ၎င်းအမြင်ကိုကာထားလိုက်ပြီး စောင်အပါးအောက်ကငါးမြှီးကိုပွတ်သပ်လိုက်သည်။


လန်ဇယ်: "....."


သူ့နားရွက်ဆူးတောင်များမှာမြင်နိုင်လောက်အောင်နီစွေးသွားပြီး သူ့မျက်နှာမှာမသိမသာပူလောင်လျက်။ သူအံကြိတ်ကာပြောလိုက်မိသည်။

"နောက်ဆုံးတစ်ခေါက်ပဲ၊ အခုကစပြီး...အခန်းထဲမှာပဲလုပ်ရမယ်။"


လင်ခုံးလု: "?" ဒီတိုင်းငါးမြှီးကိုပွတ်သပ်ရုံလေးပဲကို၊ ဘာလို့အဲ့လိုပြောတာတုန်း?


0687: "သေချာတွေးကြည့်လိုက်အုံး၊ ငါးမြှီးကခြေထောက်ပဲလေ။ မင်းခုနကလုပ်လိုက်တဲ့အရာကတကယ်တော့သူ့ခြေထောက်ကိုသွားထိလိုက်တာပဲ။"


လင်ခုံးလု: "အာ။"


လင်ခုံးလုတိုက်ရိုက်ထုတ်လွှင့်ပြသမှုထဲမှာပြန်ပေါ်လာချိန်တွင် သူ့ခေါင်းပေါ်မှာကြောင်နားရွက်နှစ်ဖက်ရှိနေပြီး သူ့အနောက်ကြောင်မြှီးမှာလှုပ်လာနေလျက် လက်နှစ်ဖက်လုံးပင်အမွှေးဖွာဖွာကြောင်လက်ဖဝါးအဖြစ်ပြောင်းသွားသည်။


တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်း:


[ ဖာ့ခ်! သွေးတိုင်ကီဗလာကျင်းသွားပြီ၊ လူနာတင်ကား၊ ငါ့ကိုဆွဲထူပါအုံးဟ! ]


[ အားးးးးးးးးးး ငါငိုနေပြီ၊ ငါသေပြီ၊ ငါပြန်ရှင်လာပြီ! ]


[ ပွတ်ချင်လိုက်တာဟာ! ]


[ မင်းသား၂၊ ငါ့ဇနီးကိုခေါ်သွားတဲ့ကလဲ့စားကိုမကျေအေးပေးနိုင်ဘူး၊ တိုက်ကြစို့! ]


[ အရှေ့ကတစ်ယောက်၊ နေ့ခင်းကြီးမှာဘာတွေအိပ်မက်မက်နေတာတုန်း? အဲ့ဒါကတို့ယောက်ျားနော်၊ ကြောင်နားရွက်တွေကအရမ်းကောင်းတာပဲ၊ သူတို့ကငါ့လက်ထဲမှာ၊ zzz~ ]


[ မင်းတို့အကုန်အိပ်မက်မက်နေကြတာပဲ၊ ဒါပေမဲ့ခဏနေမင်းသား၂ရောက်လာပြီး ကြောင်နားရွက်တွေကို​ပြန်သိမ်းသွားမှာစိတ်ပူမိတယ် ]


[ တိတ်စမ်း! ]


[ ကျီးပါးစပ်ခွင့်မပြုဘူး အားးးးးးးးး ] 


လင်ခုံးလုကပြင်ဆင်ထားသည့်စားပွဲပေါ်မှာအမြန်ထိုင်ချလိုက်ပြီး မာရှယ်မုန့်တျယ်ကသူ့ကိုတည်ငြိမ်ကာစိတ်ပူသောမျက်နှာထားဖြင့်'ဆေးအကာ'ကိုယ်တိုင်ကမ်းပေးလာသည်။


ပြောရရင် သူအင်းဆက်အဆိပ်ကိုကုသပေးနိုင်တဲ့စိတ်ဝိညာဥ်အမှတ်ရာကဘယ်လိုပုံစံရှိလဲသူမမြင်ဖူးပေ။


လင်ခုံးလုကပုံမှန်ဖြစ်နေပြီး ပင့်သက်ရှိုက်ကာ ကြောင်လက်ဖဝါးကိုမြှောက်ပြီးဆေးအကာပေါ်အသာဖိနှိပ်ကာ ရွှေရောင်ကြောင်လက်ဖဝါးရာချန်ရစ်ခဲ့သည်။


[ ဟင်? စိတ်ဝိညာဥ်လက်ဖဝါးရာ? ]


[ ကြည့်ရတာတော့ကုသရေးဌာနကဖြစ်ပုံပဲ၊ ဒါဘာလုပ်နေတာတုန်း? ]


[ ဒါဘာလုပ်နေမှန်းငါမသိပေမဲ့ အရမ်းချစ်ဖို့ကောင်းတယ်လို့ခံစားရတယ်၊ ကြောင်ကစာချုပ်ချုပ်နေတာနဲ့တူသလိုပဲ ဟားဟားဟား ]


မာရှယ်မုန့်တျယ်မှာမျက်ဝန်းထဲတွင်အံ့သြမှုတစ်စွန်းတစထုတ်ပြလိုက်မိပြီးမှ တစ်ယောက်ယောက်ကိုကြောင်လက်ဖဝါးရာရှိသည့်ဆေးအကာကိုယူသွားခိုင်းကာ မဖိနှိပ်ရသေးတာနောက်တစ်ခုကမ်းပေးလိုက်သည်။


ထိုစဥ် လန်ဇယ်ကလည်းဝှီးချဲကိုထိန်းချုပ်ကာရှေ့တိုးလာသည်။ ကြောင်လက်ဖဝါးရာနှိပ်ဖို့ကြောင်လက်ဖဝါးရှိရင်လုံလောက်ပြီဟုသူခံစားလိုက်ရသည်။ အမြှီးလေးနဲ့ကြောင်နားရွက်ရှိစရာမလိုဘူးဟုတ်စ?


ထို့နောက်ဆိုးယုတ်သောလက်တစ်ဖက်ကတိုက်ရိုက်ထုတ်လွှင့်ပြသမှုမြင်ကွင်းထဲမှာပေါ်လာပြန်ကာ လင်ခုံးလုဆီတိတ်တိတ်လေးချဥ်းကပ်သွားသည်။


[ ? ? ? ]


[ ဒီကိုမလာနဲ့! ]


[ ဆိုးဝါးလိုက်တာ၊ မင်းသား၂ကကြောင်နားရွက်တွေကိုပြန်သွင်းဖို့ရောက်လာပြန်ပြီဟ! ]


[ ခုနကပါးစပ်သရမ်းသွားတာဘယ်သူတုန်း? ]


လန်ဇယ်မှာတိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကကောမန့်များကိုမမြင်နိုင်ပေ၊ သူမြင်ရင်တောင်အဖက်လုပ်မှာမဟုတ်။


သူကားအလွန်အကြင်နာတရားကင်းမဲ့ကာဆုံးဖြတ်ချက်ခိုင်မာပြတ်သားလှပြီး သူဟာလုံးဝမပုတ်ဘဲ အရင်ဆုံးကြောင်မြှီးကိုသွင်းပြီးနောက်ကြောင်နားရွက်နှစ်ဖက်ကိုသွင်းလိုက်သည်။


[ ငါ့ဇနီးရဲ့(ကြောင်နားရွက်)ကိုသတ်သွားတဲ့ကလဲ့စားကိုမကျေ​အေးပေးနိုင်ဘူး၊ မင်းသား၂ကိုတိုက်ခိုက်ကြစို့! ]


[ ငါ့ယောကျာ်းရဲ့(ကြောင်နားရွက်)ကိုသတ်သွားတဲ့ကလဲ့စားကိုမကျေအေးပေးနိုင်ဘူး ၊ အရှင့်သားလန်ဇယ်ကိုတိုက်ခိုက်ကြ! ]


လင်ခုံးလုကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း သူကြောင်လက်ဖဝါးရာကိုအလွန်လျင်မြန်စွာရိုက်နှိပ်သွားသည်။ တစ်အောင့်ကြာသော် မာရှယ်မှာ"ဆေးအကာ"ပို့သည့်နှုန်းကိုလိုက်မမီတော့ပေ။


လင်ခုံးလုရိုးရိုးလေးပြောလိုက်သည်။

"လူတစ်ယောက်ထက်ပိုပြီးကမ်းပေးလေ။"


သူ့မှာရသစုံရှိုးကိုသွားဖို့ရှိသေးတာမို့ မာရှယ်မလုပ်နိုင်ပေ။ လန်ဇယ်သူ့ကိုဆေးအကာလှမ်းပေးစဥ် လက်တစ်ဖက်ကသူ့လက်ဖဝါးနှစ်ဖက်ကိုလိုက်မီနိုင်သည်။


ဒါပေမဲ့မာရှယ်ဆီရောက်လာချိန်မှာ လိုက်မီဖို့လူသုံးယောက်စာကြာသည်။


နှိပ်ရင်းနှိပ်ရင်းဖြင့် သူဗိုက်ဆာလာပြန်ကာ သူ့အကြည့်ကရွှေငါးခြောက်ထံအလိုလိုရောက်သွားသည်။


လန်ဇယ်ကအရင်ဆုံးတွေ့သွားသဖြင့် ရွေးချယ်စရာမရှိပါဘဲငါး​ခြောက်ကိုလှမ်းယူကာသူ့ကိုတစ်ကောင်ချင်းစီခွံ့ကျွေးလိုက်ရသည်။


ဒါပေမဲ့စိတ်စွမ်းအားပင်ပန်းမှုကြောင့်လား၊ ရွှေငါးလေး၏သွေးဆောင်ဖြားယောင်းမှုကြောင့်လားမသိ။ စားပြီးနောက် ကြောင်နားရွက်များထွက်လာပြန်သည်။


လန်ဇယ်: "......"


သူတည်ငြိမ်စွာပုတ်သွင်းလိုက်ပြီးမှ ဆက်ကျွေးလိုက်သည်။


အင်တာနက်သုံးစွဲသူများ: ?


တစ်အောင့်ကြာသော် ကြောင်နားရွက်လေးများထွက်လာပြန်သည်။


လန်ဇယ်: "....."


အင်တာနက်သုံးစွဲသူများ: ပီတိဖြစ်နေပုံ။


ဒါပေမဲ့နှစ်စက္ကန့်ကြာပြီးနောက် လန်ဇယ်ကပုတ်သွင်းလိုက်ပြန်သည်။


အင်တာနက်သုံးစွဲသူများ: ဖာ့ခ် @#ý


ထို့နောက်ကြောင်နားရွက်များထွက်လာလိုက်ပုတ်သွင်းလိုက် ထွက်လာလိုက်ပုတ်သွင်းလိုက်နှင့်...သို့နှင့်သို့နှင့်။


အင်တာနက်သုံးစွဲသူများ: .....


[ ငါမောပန်းနေပြီ၊ ငါမောပန်းနေပြီ၊ ငါမဆဲနိုင်တော့ဘူး ]


[ ပုတ်လိုက်ပုတ်လိုက်နဲ့ ယုတ်မာတဲ့ချိုချဥ်ငါး! ]


[ မသိရင်မြှောင်မြှောင်ကလက်ဖဝါးရာနှိပ်တဲ့ပစ္စည်းကျန်နေတာပဲ။ မင်းသား၂ကဒီလောက်အခေါက်ပေါင်းများစွာပုတ်နေတာကို သူကတော့လှည့်တောင်မကြည့်ဘူး ဟားဟားဟား ]


လင်ခုံးလူတစ်နေ့လယ်ခင်းလုံးလက်ဖဝါးရာရိုက်နှိပ်ခဲ့ပြီး မာရှယ်မုန့်တျယ်ပြန်သွားချိန်မှာ သူရိုက်ကူးရေးလုပ်သည်။


လန်ဇယ်သာသူ့ကိုအူတိုသောမျက်လုံးများဖြင့်စိုက်ကြည့်မနေခဲ့ရင် သူကြင်ယာတော်ကိုပွေ့ဖက်ပြီး သူ့ပုခုံးကိုပုတ်ကာ သူ၏ကျေးဇူးတင်မှုကိုပြသမိလိမ့်မည်ပင်။


မာရှယ်မုန့်တျယ်ထွက်သွားသည်နှင့် လန်ဇယ်ကလင်ခုံးလုကိုသူ့ဆီဆွဲခေါ်ကာ ကြောင်လက်ဖဝါးကိုဖျစ်ညှစ်ပြီး မျက်လွှာချထားသောမျက်လုံးများဖြင့်ပြောလိုက်သည်။

"မင်းပင်ပန်းနေပြီလား။


လင်ခုံးလုခေါင်းခါလိုက်မိပေမဲ့ ခေါင်းငြိမ့်မိပြန်ကာပြောလိုက်သည်။

"နည်းနည်း။"


အစကသူမပင်ပန်းပေမဲ့ သူဆက်တိုက်နှိပ်နေလို့ရှိရင် သူ့လက်မောင်းများကတဖြည်းဖြည်းချင်းထုံကျင်လာသည်။ ဒါပေမဲ့ဒီကြောင်လက်ဖဝါးရာကလူများစွာကယ်နိုင်မယ်လို့တွေးမိတော့ တန်ပါတယ်။


လန်ဇယ်သက်​ပြင်းချမိကာ ကြောင်လက်ဖဝါးကိုဖျစ်ညှစ်ပြီး နူးညံ့စွာပြောလိုက်သည်။

"ဒါဆိုကိုယ်မင်းကိုနှိပ်ပေးမယ်။"


"အွန်း။" လင်ခုံးလုသူ့ပေါ်ပျင်းရိပျင်းတွဲမှီချကာ တစ်အောင့်ကြာမှရုတ်တရက်ပြောလိုက်မိသည်။

"ဒါနဲ့ မနက်ဖြန်ပရိုဂရမ်နားပြီးရင် သန်ဘက်ခါကျကွင်းဆင်းလေ့ကျင့်ရေးလုပ်ရမှာ။ ချောင်ချောင်နဲ့ကျွန်တော်ကတစ်ဖွဲ့ထဲကျတယ်၊ မက်ခါစစ်သည်တွေကမောင်းနှင်သူနဲ့အတူလိုက်ပါဖို့လိုအပ််တာမို့ ဧည့်သည်တွေကသူတို့ဘာသာရွေးချယ်ရလိမ့်မယ်၊ ခင်ဗျားကျွန်တော့်ကိုအကြုံပြုံချင်လား။"


လန်ဇယ်၏နှုတ်ခမ်းများမှာမသိမသာကော့တက်သွားပြီး သူပြောဖို့ပြင်လိုက်ပေမဲ့ လင်ခုံးလုကစိတ်သောကရောက်စွာပြောလာသည်။

"အစကကျွန်တော်ခယ့်လီစစ်ကိုရွေးချင်ပေမဲ့ သူကနည်းပြဖြစ်နေတော့သူ့ကိုရွေးလို့မရဘူးလေ၊ အိမ်း။"


လန်ဇယ်ကသူ့ကိုရင်ခွင်ထဲဆွဲသွင်းကာ မျက်နှာသေဖြင့်ပြောလာသည်။

"မင်းနောက်ကဒီလောက်ကြီးတဲ့သက်ရှိလူအကောင်လိုက်ကြီးကိုမမြင်ဘူးလား။"


လင်ခုံးလုအစကတည်းကသူ့ကိုသူနှင့်အတူလိုက်ပါစေချင်သဖြင့် ထိုစကားကိုတမင်ရည်ရွယ်ချက်ရှိရှိပြောခဲ့တာဖြစ်ပေမဲ့ အခုတော့သူမသိချင်ယောင်ဆောင်လိုက်သည်။

"အို? ဘယ်မှာလဲ?"


သူရှာလကာရည်ယိုဖိတ်နေတဲ့ငါးတစ်ကောင်ကိုပဲမြင်တယ်ရော်။


လန်ဇယ်အံကြိတ်ကာတည့်တိုးပြောလိုက်သည်။

"ကိုယ့်ကိုရွေး!"


______________