Chapter(68)
Viewers 10k

လင်ခုံးလုကလန်ဇယ်ကိုခိုးကြောင်ခိုးဝှက်တိုက်ခိုက်ချင်နေသည့်ဧရာမပျားပိတုန်းကိုရွယ်လိုက်ချိိန်မှာ လန်ဇယ်ကလည်းအန္တရာယ်ကိုထက်ရှစွာသတိထားမိပြီး အချိန်တစ်ခုတည်းနီးပါးမှာ သူဘေးကိုရှောင်တိန်းကာ အနောက်လှည့်ပြီး တန်ပြန်တိုက်စစ်ဆင်လိုက်သည်-


ဒါပေမဲ့သူလှုပ်ရှားမှုမလှုပ်ရသေးခင် အင်းဆက်မှာပေါက်ကွဲသွားပြီဖြစ်ရာ လန်ဇယ်အနည်းငယ်အံ့သြသွားရပေမဲ့ ၎င်းမှာမျှော်လင့်ထားပြီးသားပင်။


သူလင်ခုံးလုကိုမျက်ဝန်းစိမ်းထဲမှာအပြုံးတစ်ပွင့်ဖြင့်မော့ကြည့်လိုက်သည်။


သူ့ကြောင်လေးကစွမ်းအားကြီးတယ် ၊ လူတိုင်းထင်နေသလိုမျိုးလုံးဝအားမနည်းဘူး။ ဒီလိုရွှန်းလဲ့တောက်ပနေတဲ့ရတနာမျိုးကိုသူတစ်ယောက်ထဲသာပိုင်ဆိုင်ခဲ့ဖူးတယ်၊ ဘယ်သူမှအဲ့အကြောင်းမသိခဲ့ပေမဲ့ အခုတော့...


ကျွတ်၊ သူ့ခွန်အားကိုအမြန်ဆုံးပြန်ကောင်းအောင်လုပ်ရမယ်၊ ဒါမှသာဘယ်သူမှမတပ်မက်ရဲမှာ။


အင်တာနက်ပေါ်မှာမောက်မောက်ကိုသူတို့ယောက်ျား၊ သူတို့ဇနီးဆိုပြီးတော့တစ်ချိန်လုံးအော်ပြောနေတဲ့လူတစ်စုရှိတာကိုသူမသိဘူးမထင်နဲ့။


လင်ခုံးလုမှာသူ့ချစ်သူ၏ချောမောကာသူရဲကောင်းဆန်သောပုံရိပ်(ငါးမြှီး)ကြောင့်ကန်းလုနီးပါးဖြစ်သွားရသည်။ သူစိတ်လှုပ်ရှားလွန်းလို့ ကြောင်နားရွက်များထောင်လာပြီး မနေနိုင်ဘဲမက်ခါကိုထိန်းချုပ်ကာလက်မထောင်ပြလိုက်သည်။


[ ဖာ့ခ်၊ ဒီလိုတင်းမာနေတဲ့အခိုက်အတန့်မှာ ဒီနှစ်ယောက်မှာသူတို့အချစ်ကိုထုတ်ပြဖို့တကယ်ကြီးအချိန်ရှိနေတာလားသိချင်မိတယ် ]


[ သံသယမဖြစ်နဲ့၊ သိသာနေတာကြီးကို! ]


[ ဖာ့ခ်၊ ငါသောက်ရမ်းစိုးရိမ်သွားခဲ့တာ! သူတို့နှစ်ယောက်လုံးကဒီလောက်ချောမောနေပြီးတော့ ဒီပိုးကောင်တွေကိုအမြန်ရိုက်သတ်ပစ်လိုက်တာဟ၊ မောက်မောက်ဖန်တွေကအဆိပ်ပြင်းတဲ့ဖန်တွေမဟုတ်တော့ဘူး၊ အရှင့်သားနဲ့မောက်မောက်cpဖန်ဖြစ်သွားပြီ! ]


[ ကယ်ဆယ်ရေးအသင်းကဘာလို့မရောက်လာသေးတာလဲ။ မြန်မြန်လုပ်၊ ငါအရမ်းစိုးရိမ်နေမိပြီ! ]


[ မောက်မောက်နဲ့အရှင့်သားနှစ်ယောက်လုံးကစွမ်းအားကြီးတာမို့ ကယ်ဆယ်ရေးအသင်းကိုမလိုလောက်ဘူး ]


[ ဒါပေမဲ့လည်း အရှင့်သားကမက်ခါတောင်မဟုတ်တဲ့ချပ်ဝတ်တန်ဆာအပါးလေးကိုဝတ်ထားတာ၊ မောက်မောက်ကလည်းရှေးဟောင်းမက်ခါမောင်းနေတာ၊ ဒါပေမဲ့သူတို့ရင်ဆိုင်နေရတာကဘာလဲ။ ဧရာမဇာ့ဂ်ျ၁၀ကောင်လေ၊ ကြောက်စရာပဲ ]


[ မောက်မောက်နဲ့အရှင့်သားပဲဇာ့ဂျ်တွေတိုက်ခိုက်တာခံနေရတာ၊ ငါသီအိုရီဆွဲကြည့်ရရင်.... ]


လန်ဇယ်နှင့်လင်ခုံးလုတို့ပထမဆုံးအကြိမ်အင်အားပူးပေါင်းလိုက်ပြီးနောက် သူတို့သဘောပေါက်လုနီးပါးဖြစ်သွားကာ အလိုလိုနားလည်စွာဖြင့်အမြန်ပူးပေါင်းဆောင်ရွက်ပြီး သူတို့ကိုတိုက်ခိုက်လာသည့်အခြားဧရာမပျားပိတုန်းကောင်အများအပြားကိုသတ်ပစ်လိုက်ကြသည်။


သို့သော်လည်း လင်ခုံးလု၏တိုက်ခိုက်ပုံကသိသိသာသာကိုပိုမိုပျော့ပြောင်းကာကွေးနိုင်ဆန့်နိုင်သဖြင့် အလေးချိန်နည်းသောလူတစ်ကိုယ်စာမက်ခါနှင့်ပိုမိုသင့်တော်ကာ လူအများမောင်းနှင်ရသောဒီလိုမက်ခါအကြီးစားနှင့်မသင့်တော်ပေ။


ထို့အပြင် သူကအင်အားကြီးလွန်းသည့်လက်နက်ကိုမပစ်လွှတ်ရဲပေ၊ အကြောင်းမှာချပ်ဝတ်တန်စာအပါးလေးသာဝတ်ထားပြီး ခံစစ်အားနည်းသည့်လန်ဇယ်ကိုထိခိုက်မိသွားမှာစိုးသောကြောင့်ပင်။ ဒီ့အတွက်ကြောင့် သူအနည်းငယ်ရုန်းကန်လှုပ်ရှားနေရကာ သူအာရုံမစိုက်မိလိုက်ချိန် ဧရာမကင်းမြီးကောက်တစ်ကောင်ကသူ့ကိုတိုက်ခိုက်လာသည်။


အခြေစိုက်စခန်းကပေးထားသည့်မက်ခါအကြီးစားမှာတကယ့်ကိုရှေးဟောင်းပစ္စည်းပေမို့ ၎င်း၏တုံ့ပြန်မှုနှုန်းမှာသူ့မောင်းနှင်မှုကိုအမီမလိုက်နိုင်သည့်အပြင် ၎င်းမှာသန်မာလွန်းသည့်အနီးကပ်လက်နက်များတပ်ဆင်ထားခြင်းမရှိပေ။ အဆုံးတွင် ဒီလိုဇာ့ဂျ်ကျူးကျော်ဝင်ရောက်မှုကဲ့သို့သောကိစ္စမျိုးဖြစ်လာမည်ဟုမည်သူမျှမထင်ထားပေ။


လင်ခုံးလုမျက်မှောင်ကြုတ်မိကာ ဧရာမကင်းမြှီးကောက်ကိုအရင်ဆုံးခပ်လှမ်းလှမ်းကိုသွေးဆောင်သွားဖို့ကြိုးစားလိုက်မိသည်၊ ဒါမှ ဗုံးပစ်လွှတ်သည့်အခါကျရင်လန်ဇယ်ကိုထိခိုက်သွားမှာမဟုတ်ပေ။ ဒါပေမဲ့တိုက်ပွဲအတွင်းမှာ ဧရာမကင်းမြှီးကောက်၏အဆိပ်ရှိအမြှီးကမက်ခါကိုသူမမြင်နိုင်သောရှုထောင့်မှထိုးစိုက်လာသည်။


တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းထဲရှိအင်တာနက်သုံးစွဲသူများမှာတမဟုတ်ချင်းကြောက်လန့်တကြားအော်ဟစ်လိုက်မိသည်၊ အဘယ်ကြောင့်ဆိုသော်တိုက်ခိုက်မှုကိုမတားဆီးနိုင်လို့ရှိရင် ခေါင်းခန်းမှာတည့်တိုးထိုးစိုက်မိသွားပြီး မက်ခါအကြီးစားမှာဦးတည်ရာပျောက်သွားကာ ပိုင်းလော့အတွက်မောင်းရခက်ခဲသွားလိမ့်မည်ပင်။


ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ လန်ဇယ်၏မျက်နှာရုတ်ခြည်းပြောင်းလဲသွားရကာ သူ၏မျက်စိသူငယ်အိမ်မှာရုတ်တရက်ကျုံ့သွားတော့သည်။


ပြင်းထန်သောစိတ်အတက်အကျဖြစ်မှုကသူ့ကိုယ်ထဲမှာပုန်းကွယ်ကာငုပ်လျိုးနေသည့်စွမ်းအားကိုလှုပ်နှိုးလိုက်ပြီး တမဟုတ်ချင်းပင်၊ သူ့ကိုယ်ထဲမှလွှမ်းခြုံနိုင်သောနှင်းခဲပျံ့ထွက်လာကာ အရာရာတိုင်းကိုတမဟုတ်ချင်းအေးခဲသွားစေသည်။


လောကတစ်ခုလုံးကားရုတ်ခြည်းအေးခဲကာရပ်တန့်သွားသယောင်၊ တိုက်ခိုက်ဖို့ပြင်နေသည့်ဧရာမပိုးကောင်းမှာမအေးခဲခင်အနေအထားအတိုင်းရှိနေပေမဲ့ ၎င်းကဆက်မသွားနိုင်တော့ပေ။


လန်ဇယ်၏မျက်လုံးမှာမတိုင်ခင်ကအတိုင်းအေးစက်မှုတို့ရှိနေဆဲပင်။ တစ်အောင့်ကြာသော် သူတစ်ခုခုနားလည်သွားပုံရပြီးမှ လက်မြှောက်လိုက်တော့ သူ့လက်ဖဝါးပေါ်မှာအပြာရောင်ရေခဲအပိုင်းအစတစ်ခုပေါ်လာပြီး အလင်းရောင်ကြောင့်အေးစက်စက်အရောင်ရောင်ပြန်ဟပ်လျက်ရှိသည်။


ရယ်သံတစ်ခုနှင့်အတူ သူမကျွမ်းကျင်သေးသည့်စွမ်းရည်ကိုသုံးကာ ဒီအေးခဲနေသည့်ဧရာမပိုးကောင်များဘေးကဖြည်းညှင်းစွာဖြတ်သွားလိုက်တော့ ထိုဧရာမပိုးကောင်များမှာရေခဲနှင့်နှင်းခဲတို့တလျှောက်အမှုန့်အဖြစ်တစစီကြေမွသွားတော့သည်။


[ ! ! ! ]


[ ကောင်းရော၊ အရမ်းချောတာပဲဟယ်! အရှင့်သားလန်ဇယ်ကသာမန်ရေသူအဖြစ်ပဲနိုးထလာပြီးတော့ အားနည်းလွန်းလို့ရပ်ကြည့်ရုံပဲတတ်နိုင်မယ်လို့ဘယ်သူပြောခဲ့တာလဲ။ ဒီဟာကသာမန်လို့ပြောတယ်ပေါ့? ဒါကိုရပ်ကြည့်ရုံပဲတတ်နိုင်တယ်လို့ခေါ်တာလား? ]


[ ဧရာမပိုးကောင်ဒါဇင်ကိုပေါက်ကွဲမှုမှာလှည့်မကြည့်ဘဲ ချေမွပြီးဖောက်ခွဲပစ်လိုက်တာ၊ ဒီလိုခွန်အားကြီးတဲ့ငါးကိုဘယ်သူကကြည့်ရဲမှာလဲလို့? ]


[ ဒါပေမဲ့လည်း မောက်မောက်ကြည့်ရဲတယ်! ]


[ အာ၊ ဟုတ်သလိုပဲ ]


[ အရှင့်သားတကယ်ချောတယ်၊ ဒါပေမဲ့မောက်မောက်ကတကယ်ကြည့်ရဲတယ် ]


[ မောက်မောက်ကကြည့်ရုံတင်မကဘူး ငါးမြှီးကိုပါပွတ်သပ်ရဲတယ်! ]


လင်ခုံးလုမှာလန်ဇယ်ကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်နေမိပြီး သူ့ကြောင်နားရွက်များမှာစိတ်လှုပ်ရှားစွာထောင်မတ်လာသည်။ 


လန်ဇယ်ကစွမ်းရည်နိုးထလာပြီးနောက်ပိုင်းမှာအလွန်သန်မာမည်မှန်းသူသိပေမဲ့ သူ့အတွက်ကြောင့်နိုးထလာလိမ့်မည်ဟုမထင်ထားမိပေ။ ဘာဖြစ်ရမလဲ၊ သူ့ရင်ထဲမှာဖော်ပြမရအောင်ချိုမြိန်သောပျော်ရွှင်မှုတစ်စွန်းတစရှိနေပေသည်။


0687: "ဒါပေမဲ့လည်း Host၊ မင်းနည်းနည်းအတွေးလွန်နေတာဖြစ်နိုင်တယ်နော်။ ဇာတ်လိုက်ကရေသူဘုရင်ဗီဇနိုးထလာခဲ့တာ။ ဒီစွမ်းရည်ကသူ့ဗီဇနိုးထလာတာနဲ့တည်ရှိနေတာ။ အရင်ကဇာတ်လိုက်ကအင်းဆက်အဆိပ်ဖိနှိပ်တာခံထားရတာမို့မသုံးနိုင်ရုံပဲ။ ဘယ်လိုရှိလာမှန်းမသိပေမဲ့ အဲ့ဒါကဒီအတိုင်းသဘာဝလွန်စွမ်းအားတစ်ခုပဲလေ။"


လင်ခုံးလု: "....." မင်းအ​ပြောမတတ်ရင် စကားလျှော့ပြောတာပိုကောင်းမယ်။


"ငါဂရုမစိုက်ဘူး၊ သူကငါ့ကိုကယ်ဖို့သူ့ရဲ့သဘာဝလွန်စွမ်းအားကိုပေါက်ကွဲပစ်လိုက်တာ၊ ငါ့အတွက်ကြောင့်နိုးထလာတာပဲ။"


0687: "....."


လန်ဇယ်မက်ခါအကြီးစားရှေ့လျှောက်သွားလိုက်ချိန် အေးခဲနေသည့်ဧရာမကင်းမြှီးကောက်မှာတမဟုတ်ချင်းအမှုန့်အဖြစ်တစစီကြေမွသွားချေသည်။


လင်ခုံးလုခေါင်းခန်းကိုဖွင့်ကာ သူ့ကိုမျက်ဝန်းထဲတွင်အပြုံးတစ်ပွင့်ဖြင့်ကြည့်လိုက်ပေမဲ့ သူ၏ကြောင်နားရွက်လေးနှစ်ဖက်မှာ​ခြောက်သွေ့ကာအေးစက်သောလေထဲတွင်အလိုလိုတုန်ရီလျက်။


လန်ဇယ်ဦးခေါင်းဒိုင်းကာကိုဖွင့်ကာ ပြုံးပြလိုက်ပြီး လက်ဆန့်ကာပြောလိုက်သည်။

"ဆင်းလာခဲ့။"


လင်ခုံးလုခေါင်းခန်းပေါ်ရပ်ကာထရပ်လိုက်ပြီး အရပ်ရှည်ရှည်မက်ခါပေါ်ကခုန်ဆင်းကာ လန်ဇယ်ထံတဟုန်ထိုးပြေးသွားလိုက်သည်။


ဘာပဲဖြစ်ဖြစ် သူကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်ကပေါ့ပါးကာလျင်မြန်ဖျတ်လတ်လာသဖြင့် သူမတိကျရင်တောင် ပြုတ်ကျပြီးမသေဘဲ မြေပြင်ပေါ်အလွယ်လေးဆင်းသက်နိုင်သည်ပင်။


လန်ဇယ်၏မျက်ဝန်းထဲမှာအံ့အားသင့်မှုတစ်ချက်လက်သွားပြီး သူအမြန်လက်မောင်းများဆန့်ကာကောင်လေးကိုဖမ်းလိုက်ပြီး ခါးမှတဆင့်ဆုပ်ကိုင်ထားလိုက်သည်။


ချပ်ဝတ်တန်ဆာအပါးဝတ်ပြီးနောက် သူ့အရပ်မှာပုံမှန်မဟုတ်စွာရှည်လျားနေသဖြင့် လင်ခုံးလုကိုအနည်းငယ်သေးငယ်သွားစေသည်။


သူလင်ခုံးလု၏မျက်ဝန်းထဲစိုက်ကြည့်လိုက်ပြီး လင်ခုံးလုကလည်းသူ့ကိုမော့ကြည့်နေကာ သူ့မျက်ဝန်းများမှာရွှန်းလဲ့တောက်ပလျက် ကြောင်နားရွက်လေးနှစ်ဖက်မှာတော့ဖြင့်တုန်ရီနေပုံမှာ အေးခဲနေတာလား စိတ်လှုပ်ရှားနေတာလားမသိပေ။


လန်ဇယ်ရုတ်ခြည်းရယ်မောလိုက်မိကာ လက်မြှောက်ပြီး အေးခဲသွားနိုင်လောက်သည့်ကြောင်နားရွက်လေးနှစ်ဖက်ကိုပြန်သွင်းလိုက်ပြီးမှ သူ့တစ်ကိုယ်လုံးတောင့်ခဲသွားရကာ ကောင်လေးကိုမက်ခါအကြီးစားပေါ်ရုတ်ခြည်းဖိကပ်ပြီး ခါးကိုင်းလိုက်သည်။


"အာ။" အကာအကွယ်မဲ့သွားလျက် လင်ခုံးလုမှာသူ့ထံမှမက်ခါပေါ်ဖိကပ်ခံလိုက်ရပြီး သူ့ခြေဖဝါးမှာမြေပြင်ကိုမထိတော့ဘဲ သူ့ခါးမှာဆုပ်ကိုင်ခံထားရကာ သု့တစ်ကိုယ်လုံးမှာလေးမြှားပမာဖိကပ်ခံထားရလေရာ သူအတတ်နိုင်ဆုံးကြိုးစားပြီးသူ့ကိုတွယ်ဖက်ထားရုံသာတတ်နိုင်သည်။


နှစ်ယောက်သား၏ကိုယ်နေဟန်ထားမှာတမဟုတ်ချင်းမပြတ်မသားဖြစ်လာပြီး လေထုမှာအလွန်အကျူးရမ္မက်ထန်လို့နေသည်။


တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းမှာမေးခွန်းသကေ်တများမျောလွင့်လျက်-


[ အား၊ အား၊ ငါသေပြီ! ]


[ ကူညီပါအုံး၊ ဒီဟာကငါဖရီးကြည့်လို့ရတဲ့တစ်စုံတစ်ခုလား။ သွေးတိုင်ကီဗလာကျင်းနေပြီဟ! ]


[ အရှင့်သား၊ လုပ်လိုက်တော့၊ ​မြန်မြန်လေး၊ မင်းမနမ်းရင်မင်းကလူသားမဟုတ်ဘူးပဲ! ]


[ ရှူးးးး! လူတိုင်းပဲ၊ ဆူညံမနေကြနဲ့၊ မင်းသူတို့သိသွားရင် သူတို့ကိုကြည့်ရတော့မှာမဟုတ်ဘူးနော် ]


လန်ဇယ်ကောင်လေး၏မျက်ဝန်းထဲစိုက်ကြည့်ကာ ဖြည်းဖြည်းချင်းအနားတိုးသွားလိုက်ပြီး သူ၏အေးစက်စက်ဝင်လေထွက်လေမှာသူ့ကိုအပြည့်အဝလွှမ်းခြုံသွားလုနီးပါးပင်။


သူအနားတိုးသထက်တိုးကပ်သွားပြီး သူ၏အေးစက်စက်မျက်ဝန်းစိမ်းတို့မှာနွေဦးရေပမာနူးညံ့သိမ်မွေ့လျက်။


လင်ခုံးလုဖော်ပြမရအောင်စိုးရိမ်သွားရကာ အလိုလိုမျက်စိမှိတ်လိုက်မိတော့ မျက်တောင်ရှည်များမှာတောင်ပံလေးများပမာတုန်ခိုက်လျက်ရှိသည်။


မက်ခါအကြီးစား၏ခေါင်းခန်းထဲတွင် ကျိချောင်ကဒီအခိုက်အတန့်မှာခေါင်းပြူထွက်ကာ သူတို့နှစ်ယောက်ကိိုစိတ်လှုပ်ရှားစွာကြည့်နေမိသည်။


ဒါပေမဲ့နှုတ်ခမ်းတို့ထိလုဆဲဆဲအခိုက်အတန့်မှာ လန်ဇယ်ကရုတ်ခြည်းရပ်တန့်လိုက်ပြီး တစ်ခုခုစဥ်းစားနေသည့်အလား သူတို့ကို"စိုက်ကြည့်"နေသည့်တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကိုမော့ကြည့်ကာ မျက်နှာသေဖြင့်ပြောလိုက်သည်။

"ဝေးဝေးသွား။"


လင်ခုံးလု: "???"


ပရိုဂရမ်အဖွဲ့: "?!!"


အင်တာနက်သုံးစွဲသူများ: "!!!"


[ မဖြစ်ဘူး၊ တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကိုမောင်းမထုတ်လိုက်နဲ့---- ]


[ မဝေါင်းနဲ့၊ ငါကအရွယ်ရောက်ပြီးသားမို့ အနမ်းတွေကိုကြည့်ချင်ပါတယ်ဆိုနေမှ! ]


[ တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးရေ၊ မထွက်သွားဖို့တောင်းဆိုပါတယ် ]


ဒါပေမဲ့မင်းတို့ဘယ်လောက်ပဲအော်ခေါ်ပါစေ ပရိုဂရမ်အဖွဲ့ကိုမင်းသား၂ကိုမကြောက်အောင်မလုပ်နိုင်ပေ။ တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးနှစ်လုံးမှာစိတ်ညစ်သောအမူအရာဖြင့်အမြန်လစ်ထွက်လာရသည်။ အဆုံးမှာ ဘယ်သူကမှရေခဲအဖြစ်မခဲသွားချင်ပါပေ။


[ စခရင်ကြီးမည်းသွားပြီ၊ စခရင်ကြီးမည်းသွားပြီ၊ ငါငိုနေပါပြီနော်! ]


[ ရုတ်တရက်ချောင်ချောင်ခွေးစာစားနိုင်တာကိုမနာလိုဖြစ်သွားတယ် ]


သို့ပေမဲ့လည်း မြင်ကွင်းကအခြေအနေမှာတော့ဖြင့် လန်ဇယ်ကတိုက်ရိုက်ထုတ်လွှင့်သူကို"မောင်းထုတ်"လိုက်ပြီးနောက် သူကကျိချောင်ကိုမော့ကြည့်ကာ ဗလာသက်သက်မေးလိုက်ပြန်သည်။

"မင်းဘာကြည့်နေသေးတာလဲ။"


"အာ....ကျွန်မရှုခင်းကြည့်နေတာရယ်။ ဟိုနားကရှုခင်းကအရမ်းကောင်းမဲ့ပုံပဲ၊ ကျွန်မဟိုမှာတစ်ချက်သွားကြည့်လိုက်အုံးမယ်နော်။"


ကျိချောင်မှာစိတ်ညစ်သောအမူအရာဖြင့်ခေါင်းခန်းထဲအမြန်ပြန်ဝင်သွားလိုက်ရပြီး လင်ခုံးလုကဒီအချိန်မှာမျက်လုံးဖွင့်လာပြီးပြီဖြစ်ကာ သူ့မျက်နှာမှာအနည်းငယ်နီစွေးလျက် မသက်မသာပြောလိုက်မိသည်။

"ခင်ဗျားဘာလို့ကလေးမလေးကိုခြောက်လိုက်တာလဲ။"


လန်ဇယ်လက်မြှောက်ကာထိုလှပသောကြောင်မျက်လုံးတစ်စုံအုပ်ကာလိုက်ပြီး ခါးကိုင်းကာသူ့နားထဲတွင်တီးတိုးပြောလိုက်သည်။

"ကိုယ်မင်းကိုနမ်းချင်လို့လေ။"


ဒါပေမဲ့ မင်းယစ်မူးရီဝေပြီးစိတ်ခံစားလွယ်နေချိန်မှာမင်းရဲ့လှပတဲ့ပုံစံလေးကိုကိုယ်သူများတွေကိုမမြင်စေချင်ဘူး။


လင်ခုံးလု၏မျက်နှာမှာပို၍ပင်ပူနွေးလာပေမဲ့ သူလန်ဇယ်၏နူးညံ့သောမျက်ဝန်းများနှင့်အကြည့်ချင်းဆုံသွားတော့ သူ့လည်ပင်းကိုလှမ်းချိတ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ချိုချဥ်ငါး။"


လန်ဇယ်၏မျက်လုံးမှိန်ကျသွားရပြီး သူခေါင်းငုံ့ကာသူ့ကိုခပ်ပြင်းပြင်းနမ်းရှိုက်လိုက်မိပြီး သူ့အသံမှာအက်ရှကာဝေဝါးလျက်။ "မင်းတစ်ယောက်ထဲအတွက်ပဲ။"


စိမ်းလန်းစိုပြေသောတောအုပ်မှာနှင်းခဲတို့ဖုံးလွှမ်းလျက် အိပ်မက်ဆန်သောနတ်သမီးပုံ​ပြင်ကမ္ဘာပမာ ကြည်လင်ရှင်းသန့်ကာလှပလို့နေသည်။


လေတစ်ချက်ဝေ့တိုက်သွားပြီး ရေခဲတို့ထိခတ်သွားကာ သံစဥ်ညီသောတချွင်ချွင်မြည်သံတို့ထွက်လာသည့်အပြင် အနည်းငယ်ချမ်းစိမ့်မှုကိုပါယူဆောင်လာသည်။


နှစ်ယောက်သားမှာအပြန်အလှန်ပွေ့ဖက်ထားကာ အအေးဓာတ်ကိုမခံစားရပေ၊ လင်ခုံးလုမှာလန်ဇယ်၏ရင်ခွင်ထဲတွင်နစ်မြုပ်လျက် အနမ်းကြောင့်မောပန်းနွမ်းနယ်လုနီးပါးဖြစ်သွားသည်။ လျှောမကျသွားရန်အလို့ငှာ သူအတတ်နိုင်ဆုံးကြိုးစားကာလန်ဇယ်ကိုတွယ်ကပ်ထားပေမဲ့ ထိုအစားသူ့အနားပိုတိုးကပ်သွားပြီး အနမ်းခံရခြင်းကြောင့်သူ့ကိုပို၍ပင်မူးဝေလာစေသည်။


မက်ခါခေါင်းခန်းထဲမှာ ချောင်ကျိကထိုင်ခုံထဲမှာကျောက်ချလျက် နှင်းဝေသောရှုခင်းကိုခံစားနေပုံရပေမဲ့ တကယ်တော့သူမတိတ်တိတ်လေးနားစွင့်ကာ အပြင်ကလှုပ်ရှားမှုကိုနားထောင်ဖို့ကြိုးစားနေတာဖြစ်သည်။


ဟေ့၊ လင်လောင်ရှီးအသက်ရှုကြပ်နေတဲ့ပုံပဲ၊ အရှင့်သားလန်ဇယ်ရဲ့အဆုတ်အားကတော်တော်သန်မာတာပဲ၊ သူငါးဖြစ်ရတာနဲ့တန်သားပဲ။


သူတို့နှစ်ယောက်တိုက်ရိုက်ထုတ်လွှင့်ပြသမှုမြင်ကွင်းထဲမှာပြန်ပေါ်လာချိန် လင်ခုံးလု၏မျက်ဝန်းများမှာစိုစွတ်လျက် သူ့မျက်ဝန်းထောင့်မှာခပ်ပါးပါးနီစွေးနေပြီး သူ့ကိုလန်ဇယ်ကမြဲမြဲရပ်နိုင်အောင်ကူတွဲပေးထားသည်။


လန်ဇယ်ကပုံမှန်ဖြစ်နေပုံပေါက်ပေမဲ့ သေချာဂရုတစိုက်ကြည့်မိသည့်ဘယ်သူမဆိုသူ့နှုတ်ခမ်းကအရင်ကထက်ပိုရဲနေပြီး သူ့မျက်နှာထားမှာဖော်ပြမရအောင်ကျေနပ်နေမှန်းရှာတွေ့နိုင်ပေသည်။


[ ကျွတ်ကျွတ်၊ ငါမြင်လိုက်ရပြီ၊ လင်မောက်မောက်ရဲ့နှုတ်ခမ်းကအနမ်းကြောင့်ဖူးယောင်နေတယ်ရော် ]


[ ဝူးဝူးဝူး၊ အရမ်းချိုတယ်၊ အရမ်းချိုတာပဲ ]


[ ဒီသောက်ကျိုးနည်းချိုချဥ်ငါးက ဘာလို့ဒီလောက်အူတိုတတ်ရတာလဲ။ နမ်းတာလေးတောင်မပြဘူး၊ ငါအကျယ်ကြီးအော်ငိုနေမိပြီနော်! ]


ဤကဲ့သို့ရုတ်တရက်အင်းဆက်တိုက်ခိုက်မှုကြောင့် ရှိုးကိုဆိုင်းငံ့ရန်သတိပေးခံထားရပြီး လန်ဇယ်ကလည်းထိုကိစ္စကိုဖြေရှင်းရန်အခြေစိုက်စခန်းကိုပြန်သွားဖို့လိုအပ်သည်။


ကံကောင်းစွာဖြင့် ကယ်ဆယ်ရေးအသင်းရောက်ရှိလာချိန် လင်ခုံးလုကတာဝန်ပြီးခါနီးပြီဖြစ်သည်။ သူထွက်သွားချိန်မှာ သူကလက်ကျန်ပစ်မှတ်ကိုဖျက်ဆီးပြီးအလံပြာလေးကိုယူသွားခဲ့ပြီး တစ်ရက်အတွင်းဖြေရှင်းခဲ့သည်။


ဒီတစ်ခေါက် သူတို့အဖွဲ့သာဧရာမအင်းဆက်များတိုက်ခိုက်တာခံခဲ့ရသဖြင့် သူနှင့်လန်ဇယ်တို့ဧရာမအင်းဆက်အကုန်လုံးကိုသတ်ဖြတ်ပြီးနောက်ပိုင်းမှာဒီလောက်တည်ငြိမ်အေးဆေးနေနိုင်တာဖြစ်သည်။


ဒါပေမဲ့ သူတို့တိုက်ခိုက်ခံရတုန်းကကိစ္စများမှာထူးဆန်းသယောင်၊ တစ်ယောက်ယောက်က...ကြံစည်ထားသလိုမျိုးပဲ။


လန်ဇယ်ကဝှီးချဲဖြင့်"မသန်စွမ်း"တစ်ယောက်အမြန်ဖြစ်လာကာ စောင်အပါးအုပ်ထားလိုက်သည်။ လင်ခုံးလုသူ၏တင်းကြပ်စွာအုပ်ကာထားသည့်ငါးမြှီးကိုတစ်ချက်ကြည့်ကာ သိချင်စိတ်ဖြင့်မေးလိုက်မိသည်။

"ခင်ဗျားခြေထောက်ပြန်ပြောင်းလို့ရလား။"


လန်ဇယ်ချောင်းအသာဟမ့်ကာ မျက်နှာထက်ထူးဆန်းသောအကြည့်ဖြင့် ပြောလိုက်မိသည်။

"ကိုယ်မသိဘူး။"


လင်ခုံးလု: "....." ကောင်းရော!


စွမ်းရည်သုံးနိုင်တယ်၊ ကျိုးပဲ့နေတဲ့ငါးမြှီးပြန်ထွက်လာတယ်ဆိုတော့ အင်းဆက်အဆိပ်ကလန်ဇယ်ကိုဖိနှိပ်ထားပြီးသူ့ကိုအားနည်းအောင်မလုပ်နိုင်တော့မှန်းညွှန်ပြနေတယ်။


လင်ခုံးလုမနေနိုင်ဘဲသူ့နားနားကိုင်းကာ တိုးတိုးပြောလိုက်မိသည်။

"ကျွန်တော်ကြည့်ချင်တယ်လို့၊ ကျွန်တော့်ကိုပြလေနော်။"


လန်ဇယ်: "....."


သူ၏နားရွက်ဆူးတောင်များမှာအကြောင်းမဲ့နီစွေးသွားရကာ မျက်နှာသေဖြင့်ပြောလိုက်သည်။

"ပြန်ရောက်မှကြည့်။"


လင်ခုံးလုကဘာစဥ်းစားနေမှန်းမသိဘဲ သိနေသလိုပြုံးကာ မနေနိုင်ဘဲသူ၏ငွေရောင်ဆံနွယ်ရှည်နှင့်နားရွက်ဆူးတောင်ကိုလှမ်းဆွဲလိုက်မိသည်။


လန်ဇယ်ကခေါင်းလှည့်ကာသူ့ကိုအထူးတဆန်းကြည့်လာသည်။


သူခါးကိုင်းကာတစ်ဖက်လူ၏နားထဲတိုးတိုးလေးပြောလိုက်ပြန်သည်။

"အဲ့ဒါကြောင့်ကျွန်တော်ခင်ဗျားကိုစကပ်ဝတ်ခိုင်းတာပေါ့။"


စကပ်ဝတ်လိုက်ရင် အချိန်မရွေးခြေထောက်ပြန်​ပြောင်းလို့ရတယ်၊ အခုကတော်တော်လေးအဆင်မပြေဘူး။


လန်ဇယ်: "...." သူအသတ်ခံရရင်တောင်ဝတ်မှာမဟုတ်ဘူး။


အခြေစိုက်စခန်းကိုပြန်ရောက်သွားတော့ လန်ဇယ်သူ့အခန်းကိုပင်ပြန်မသွားဘဲ မော့ကိုလှမ်းခေါ်ကာဆူငေါက်လိုက်သည်။


"ဇာ့ဂျ်ကျူးကျော်ဝင်ရောက်လာပေမဲ့ အခြေစိုက်စခန်းကမသိဘူး"လိုမျိုးကိစ္စမျိုးကသူ့စီရင်ပိုင်ခွင့်အော​က်ကနေရာမှာဖြစ်ပေါ်လာတာကသူ့အတွက်အရှက်ရစရာပင်။ သူအခြေစိုက်စခန်းကိုပြန်မလာတာလအနည်းငယ်ပဲရှိသေးတာကို သူတို့အကုန်လုံးကဒီလိုမျိုးပေါ့လျော့နေကြတာလား။


လေ့ကျင့်ရေးအပြီးတွင် သူ့အခန်းကိုပြန်မသွားခင် မော့ကိုထိုကိစ္စသေချာစုံစမ်းစစ်ဆေးဖို့အမိန့်ပေးလိုက်သည်။


လင်ခုံးလုကပရိုဂရမ်အဖွဲ့၏နေထိုင်ရာမှပြန်ရွှေ့လာပြီဖြစ်ကာ သူကအခန်းထဲမှာတစ်ခုခုကိုကိုင်ဆော့နေပေသည်။


လန်ဇယ်ပြန်လာတာကိုမြင်လိုက်ရတော့ သူချက်ချင်းအပြာနုရောင်ရေသူမစကပ်ကိုကိုင်လျက််ထရပ်ကာ မျက်လုံးတောက်တောက်လေးများဖြင့်ပြောလိုက်သည်။

"မြန်​မြန်လုပ်၊ ခင်ဗျားအတွက်စကပ်အသင့်ဖြစ်နေပြီ၊ ခင်ဗျားခြေထောက်ပြန်ပြောင်းလို့ရလားမြန်​မြန်ကြည့်ကြစို့လေ။"


လန်ဇယ်: "....." ​ခြေထောက်ပြန်ပြောင်းတာနဲ့စကပ်ဝတ်တာရဲ့ကြားမှာဘာများဆက်စပ်မှုရှိလို့တုန်း?


"ခင်ဗျားပြန်ပြောင်းတဲ့အခါကျမအုပ်ထားရင်ခင်ဗျားရှက်နေမှာစိုးလို့ပါ။"

လင်ခုံးလုယုတ္တိရှိရှိပြောလိုက်သည်။

"ကျွန်တော့်မှာ'ဆရာဝန်ရဲ့ မိဘရဲ့နှလုံးးသား'ဆိုတဲ့စိတ်ဓာတ်ရှိတယ်၊ ကျွန်တော့်မှာသေချာပေါက်မကောင်းတဲ့အတွေးတစ်ခုမှမရှိဘူးရယ်။ သိပ်မတွေးပါနဲ့။"


လန်ဇယ်၏နှုတ်ခမ်းထောင့်မသိမသာတွန့်သွားကာ စောင်အပါးကိုလှန်ပြီး သူ့ကိုတည့်တိုးပြလိုက်သည်။


လင်ခုံးလုမှာလှပသောငါးမြှီးကြီးကိုမြင်ရမယ်ထင်ပြီး စိတ်လှုပ်ရှားသွားကာကြောင်နားရွက်ထွက်လာခါနီးဖြစ်သွားရပေမဲ့----


လန်ဇယ်မတ်တပ်ထရပ်လိုက်တော့ စစ်ဘောင်းဘီအနက်ရောင်ဝတ်ထားသည့်သူ့ခြေထောက်များမှာပိန်သွယ်ကာခွန်အားကြီးမားလှပြီး သူ့ကိုအရပ်အနည်းငယ်ပိုရှည်သွားစေသယောင်။ သူကတောက်ပသောအနက်ရောင်စစ်ဘွတ်ဖိနပ်ရှည်များဝတ်ထားပြီး လူငယ်လေးဆီတစ်လှမ်းချင်းစီလျှောက်လှမ်းလာသည်။ အပြုံးနှင့်....အန္တရာယ်တစ်စွန်းတစကသူ့အေးစက်စက်မျက်ဝန်းစိမ်းထဲမှာတစ်ချက်လက်သွားလျက်။


လင်ခုံးလု: "အာ။"


သေတော့မှာပဲ၊ ကားမှောက်သွားပြီ။


သူငါးမြှီးစကပ်ကိုကျောနောက်မှာအမြန်ဝှက်ကာ ထစ်ထစ်အအပြောလိုက်မိသည်။

"ပြန် ပြန်ပြောင်း၊ ပြန်ပြောင်းလို့ရပြီကို ခင်ဗျားဘာလို့ဝှီးချဲပေါ်မှာအုပ်ထားသေးတာလဲ။ ပြီးတော့...."


ဘောင်းဘီဘယ်မှာသွားလဲလာတာလဲဟင်?


လန်ဇယ်နှာမှုတ်လိုက်ပြီး လက်မြှောက်ကာသူ့မေးစေ့ကိုဖျစ်ညှစ်ပြီးပြောလိုက်သည်။

"ကိုယ်ဟန်ဆောင်မနေရင် မင်းကိုယ့်အတွက်ဒီလိုစပရိုက်မျိုးပြင်ဆင်ထားမယ်မှန်းဘယ်လိုသိမှာလဲ?"


လင်ခုံးလု: .... အပြစ်ကင်းစင်သောကြောင်ပုံ။


ဒါပေမဲ့သူမသိဘူး၊ တစ်ခါတရံ မင်းဒီမျက်နှာထားကိုထုတ်ပြလေလေ ပိုပြီးအနိုင်ကျင့်ချင်လေ​လေပဲ။


လန်ဇယ်၏မျက်လုံးမှောင်မိုက်သွားကာ သူ့အနော​က်ကစကပ်ကိုဆွဲထုတ်ပြီး နူးညံ့စွာတိုးတိုးပြောလိုက်သည်။

"ဒီစကပ်ကကိုယ်နဲ့မသင့်တော်ဘူး၊ ဒါပေမဲ့...မင်းနဲ့သင့်တော်တယ်။"


လင်ခုံးလု: "?!!"


"၇ရက်နှင့်၇ည"ပရိုဂရမ်အဖွဲ့မှာတိုက်ရိုက်ထုတ်လွှင့်ပြသစဥ်အတွင်းအင်းဆက်များတိုက်ခိုက်တာခံခဲ့ရသဖြင့် ရေပန်းစားရှာဖွေမှုလျင်မြန်စွာဖြစ်လာသည်။ အင်တာနက်သုံးစွဲသူများမှာစိုးရိမ်သောအကြည့်ဖြင့်ဗီဒီယိုကိုဝင်ကြည့်လိုက်မိပြီး ကျေနပ်သောအကြည့်ဖြင့်ဗီဒီယိုကိုပိတ်လိုက်သည်။


[ ကြောက်စရာကောင်းတဲ့အရာလို့ငါထင်ခဲ့တာ၊ အသေအပျောက်တစ်ခုခုဖြစ်သွားမှာစိတ်ပူနေခဲ့မိပေမဲ့ လတ်စသတ်တော့ခွေးစာဖြစ်နေတာပဲ၊ ဟက်၊ ကန်ပစ်လိုက်ပြီ! ]


[ အသေအပျောက်ရှိတယ်လေ၊ ဇာ့ဂျ်အသေကောင်တွေကပြင်းထန်တယ် #ခွေးခေါင်း# ]


[ အရှင့်သားလန်ဇယ်ကအရမ်းချောတာပဲ၊ သူဘာဖြစ်သွားလဲငါသိချင်မိတယ်? ရေသူတွေမှာစွမ်းရည်မရှိဘူးလို့လူတိုင်းပြောခဲ့တယ်မဟုတ်လား? ]


[ အရှင့်သားလန်ဇယ်ကရေသူတွေအပေါ်ထားတဲ့ငါ့အမြင်ကိုပြောင်းလဲလိုက်တယ်လို့ငါပြောရလိမ့်မယ် ]


ဆားရယ်ကြယ်ဂြိုဟ်၏မြို့ငယ်လေးထဲတွင် လုကျားမှာတုံ့ဆိုင်းပြီးရင်းတုံ့ဆိုင်းနေမိပေမဲ့ ခဲ့အာနောက်ကွယ်မှာမျိုးနွယ်စုခေါင်ဆီသွားဖို့ဆုံးဖြတ်လိုက်သည်။


တော်ဝင်မိသားစုကသာမန်လူများကိုကြောင်လက်ဖဝါးရာထောက်ပံ့ချင်ပြီး စျေးနှုန်းကပေါကာ ပြင်းထန်သောအင်းဆက်အဆိပ်မိထားသည့်လူနာများကအရင်ဆုံးဝယ်နိုင်သည်ဟုသူကြားမိသည်။


လုကျားမှာဆားရယ်ဂြိုဟ်ကထွက်ခွာပြီး တော်ဝင်မြို့တော်ဂြိုဟ်မှာသူ့ကံကိုစမ်းကြည့်ချင်မိသည်။


ဒါပေမဲ့ဆားရယ်ဂြိုဟ်ကိုကြယ်သူခိုးအုပ်စုကအုပ်စိုးနေပြီး ၎င်းတို့ကနေရာကိုပိတ်ဆို့ကာ နေရာအနှံ့ကရေသူများကိုဖမ်းဆီးကရောင်းချလေ့ရှိသည်။ လုကျားကလည်းရေသူဖြစ်သည်။ သူဒီကထွက်သွားချင်ရင် သူ့သရုပ်မှန်ပေါ်ကာအန္တရာယ်ထဲကျရောက်သွားဖို့လွယ်ကူပြီး ခဲ့အာကသေချာပေါက်သူနှင့်အတူသွားဖို့သဘောတူလိမ့်မည်မဟုတ်။


သေချာစဥ်းစားကြည့်ပြီးနောက် သူတို့ရေသူများကိုကာကွယ်ပေးနေသည့်မျိုးနွယ်စုခေါင်းဆောင်ကိုအကူအညီသွားတောင်ရုံသာတတ်နိုင်သည်။


မျိုးနွယ်စုခေါင်းဆောင်ကသူ့ရည်ရွယ်ချက်ကိုသိပြီးနောက် အကြာကြီးတိတ်ကျသွားပြီးမှရုတ်တရက်မေးလာသည်။

"မင်းသတင်းဖတ်ပြီးပြီလား။ အရှင့်သားလန်ဇယ်အကြောင်းလေ?"


"ဘာသတင်းလဲ။ အရှင့်သားလန်ဇယ်ရဲ့ကြင်ယာတော်ကအင်းဆက်အဆိပ်ကိုကုသနိုင်တဲ့ဟာလား။"

လုကျားအလိုလိုမေးလိုက်မိသည်။


မျိုးနွယ်စုခေါင်းဆောင်ကခေါင်းခါကာ လန်ဇယ်ကခဏလေးအတွင်းသူ၏ရေခဲစွမ်းရည်နှင့်ဧရာမအင်းဆက်ဒါဇင်ကိုသတ်ပစ်ခဲ့သည့်ဗီဒီယိုကိုနှိပ်ပြလာသည်။ သူတကယ်ထိတ်လန့်သွားမှန်းမြင်ရတော့ သူကအဓိပ္ပါယ်ရှိရှိပြောလာသည်။

"ဒီအရှင့်သားကငါတို့ရေသူမျိုးနွယ်ရဲ့မျှော်လင့်ချက်ဖြစ်နိုင်တယ်။"


သူတို့မျိုးနွယ်၏ဘိုးဘေးဘီဘင်များမှာရေသူသွေးရှိကြပြီး သူတို့ကဆားရယ်ဂြိုဟ်မှာအမြဲနေထိုင်ကာ အပြင်လောကနှင့်မျိုးစပ်ခဲလှသည်။ ရလဒ်အနေဖြင့် မျိုးနွယ်ဝင်များမှာသူတို့ဗီဇနိုးထလာသည်နှင့် သူတို့ကရေသူဖြစ်လာနိုင်သည့်ဖြစ်နိုင်ချေမြင့်မားသည်။


၎င်းကကောင်းတဲ့အရာဖြစ်ပေမဲ့ မကောင်းတဲ့အရာလည်းဖြစ်သည်။


ရေသူများမှာအများအားဖြင့်လှပကြပေမဲ့ သူတို့ကိုယ်သူတို့ကာကွယ်ရန်စွမ်းရည်ရှိခဲလှသဖြင့် သူတို့ကိုတဖြည်းဖြည်းနှင့်ချမ်းသာသူတို့၏petဖြစ်လာစေသည်။ အမျိုးမျိုးသောတိုင်းပြည်တို့၏ဥပဒေများကရေသူရောင်းဝယ်ဖောက်ကားမှုကိုတားမြစ်ထားပေမဲ့လည်း တိတ်တခိုးမှောင်ခိုရောင်းဝယ်မှုများကထပ်တလဲလဲဖြစ်ပွားဆဲပင်။


အထူးသဖြင့်လွန်ခဲ့သောနှစ်အနည်းငယ်တုန်းက ကြယ်သူခိုးတစ်စုဆားရယ်ဂြိုဟ်ကိုရုတ်တရက်ရောက်လာပြီး သူတို့၏နာကျင်မှုဖြစ်လာသည်။


ထိုကတည်းက မြို့ငယ်ထဲရှိရေသူများမှာနှစ်တိုင်းအဖမ်းခံရ၊ ရောင်းချခံခဲ့ရသည်။ သူတို့ကဖွင့်မပြောရဲသည့်အပြင်ခထွက်မပြေးရဲကြသဖြင့် သူတို့၏ရေသူသရုပ်မှန်ကိုကြောက်စိတ်ဖြင့်ဖုံးကွယ်ထားရုံသာတတ်နိုင်သည်။


ဆားရယ်ဂြိုဟ်ကားသုံးလမ်းသွားကြယ်ဂြိုဟ်ဖြစ်ပြီး မည်သည့်တိုင်းပြည်ကမှမပိုင်ဆိုင်ပေရာ ဘယ်သူကမှသူတို့ကိုကယ်တင်လိမ့်မည်မဟုတ်။


"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အခုမှနိုးထလာပြီးသူ့ငါးမြှီးကိုဘယ်လိုဖုံးထားရမယ်မှန်းမသိတဲ့မြို့ထဲကဆင်းရဲတဲ့ကလေးနောက်တစ်ယောက်ကို အဲ့သူခိုးတွေကရှာတွေ့သွားလို့ခေါ်သွားတယ်။"

မျိုးနွယ်စုခေါင်းဆောင်ကသက်ပြင်းချသည်။


"ငါမင်းရဲ့သရုပ်မှန်ကိုကူဖုံးပေးပြီးတော့မင်းကိုတော်ဝင်မြို့တော်ဆီပို့ပေးမယ်၊ ဒါပေမဲ့မင်းအရှင့်သားလန်ဇယ်ဆီကအကူအညီကြိုးစားတောင်းပေးမယ်လို့ငါ့ကိုကတိပေးပါ။ သူကရေသူဆိုတော့....သူငါတို့ကိုကူညီလောက်တယ်။"


လုကျားထိုစကားကိုကြားလိုက်ရပြီး မှင်သေသေခေါင်းငြိမ့်လိုက်ပေမဲ့ တစ်အောင့်ကြာသော်သူလမ်းပျောက်သွားရကာမေးလိုက်မိသည်။

"ဒါပေမဲ့ကျွန်တော်သူ့ကိုဘယ်လိုသွားတွေ့ရမှာလဲ။"


မျိုးနွယ်စုခေါင်းဆောင်ကအကြာကြီးတုံ့ဆိုင်းသွားပြီးမှပြောလာသည်။

"ကြင်ယာတော်ကကြောင်မို့ ငါးမြှီးကြိုက်တယ်၊ ဖြစ်ချင်တော့မင်းကရေသူဖြစ်နေတယ်။"


လုကျား: "?"


မျိုးနွယ်စုခေါင်းဆောင်: "အင်း၊ ခြုံပြောရရင် ကြင်ယာတော်ကသာမန်လူဆိုတော့ မင်းသူ့ကိုတွေ့ရဖို့အခွင့်အရေးပိုများတယ်၊ မင်းသူ့ကိုအကူအညီအရင်တောင်းလို့ရနိုင်တယ်။ ပြီးတော့မင်းကြောင်လက်ဖဝါးရာလိုချင်တယ်မဟုတ်လား။"


"ခင်ဗျားကကျွန်တော့်ကိုငါးမြှီးသုံးပြီး ကြင်ယာတော်ကိုအရင်သွေးဆောင်စေချင်တာလား။"


မျိုးနွယ်စုခေါင်းဆောင်: "အဟမ်း၊ ငါဆိုလိုတာက သူ့မှာငါးမြှီးရှိတဲ့တစ်စုံတစ်ယောက်အတွက်နှစ်သက်မှုရှိလောက်တယ်။"


လုကျား: "?" စားစရာကိုချစ်သလိုမျိုးလား??


ဝေါလန်ကြယ်ဂြိုဟ်၏တတိယစစ်အခြေစိုက်စခန်းတွင် လင်ခုံးလုမနက်အိပ်ရာနိုးလာပြီးနောက်စကပ်အပြာကိုချက်ချင်းလွှတ်ပစ်လိုက်သည်။


လန်ဇယ်သူ၏တရားဝင်ဂျူတီပြီးသွားတဲ့နောက် ပြန်လာတော့လူငယ်လေး၏အမုန်းမျက်လုံးများကိုမြင်လိုက်ရသည်။


သူအူမြူးမှုတချို့ဖြင့်ရှေ့တိုးသွားကာ သူ့ကိုစောင်နှင့်အတူပွေ့ဖက်ပြီး နားထဲလေမှုတ်သွင်းလိုက်သည်။

"မောက်မောက်၊ ကိုယ်တို့တော်ဝင်မြို့တော်ကိုပြန်ရောက်တဲ့အခါကျရင် ကိုယ်တို့လက်ထပ်ပွဲအသစ်ပြန်ကျင်းပကြမယ်။"


လင်ခုံးလု: "?"


"ဘာဖြစ်လို့လဲ။ လုပ်ပြီးသွားပြီမဟုတ်လား။" သူအနည်းငယ်ဇဝေဇဝါဖြစ်သွားကာ အလိုလိုခေါင်းလှည့်ကြည့်လိုက်မိပေမဲ့ လန်ဇယ်ကိုသူ့နှုတ်ခမ်းများနှင့်မတော်တဆပွတ်ဆွဲမိသွားသည်။


လန်ဇယ်အခွင့်ကောင်းယူကာသူ့နှုတ်ခမ်းများကိုအသာနမ်းရှိုက်လိုက်ပြီး သူ့အသံကတိုးလျကာအက်ရှလျက်။

"အရင်တစ်ခေါက်တုန်းကဘယ်လိုလက်ထပ်ပွဲမျိုးလဲ?"


သူအရာရှိတစ်ယောက်မှတ်တမ်းတင်ထားသည့်လက်ထပ်ပွဲ​ဗီဒီယိာကိုကြည့်ပြီးသွားပြီ။ သူကတစ်ချိန်လုံးအေးစက်စက်မျက်နှာဆင်မြန်းထားပြီး ရံဖန်ရံခါတောင့်တောင့်ကြီးပြုံးလေ့ရှိသည်။ လင်ခုံးလုကတစ်ချိန်လုံးပြုံးနေပေမဲ့ မြင်ကွင်းကလူအနည်းငယ်စုကသာသူတို့ကိုရိုးသားစစ်မှန်စွာဆုတောင်းပေးသည်။


၎င်းကမအောင်မြင်သောလက်ထပ်ပွဲဟုလန်ဇယ်ခံစားလိုက်ရသည်။ သူထိုအချိန်တုန်းကမောက်မောက်နှင့်မချစ်သေးတာမို့ သူအလွန်ဆိုးဝါးစွာပြုမူခဲ့မိသည်။


သူတို့လက်ထပ်ပွဲမှာမနမ်းခဲ့ပေ၊ လက်စွပ်ဖလှယ်မှုမှာလည်းသူ့လက်ထောက်ချောင်အန်းလုပ်ခဲ့သဖြင့် အခုဆိုချောင်အန်းကိုမြင်တိုင်းသူအနည်းငယ်အူတိုနေရပြီး သူတို့ဟန်းနီးမွန်းပင်မဖြုန်းခဲ့ရပေ.....


ခြုံပြောရရင် သူအကုန်ထပ်လုပ်ချင်တယ်!


လင်ခုံးလု: "....."


တစ်စုံတစ်ယောက်နောင်တရလိမ့်မယ်လို့သူပြောခဲ့သားပဲ၊ ဟက်။


ဒါပေမဲ့နောင်တရတာအသုံးမဝင်ဘူး၊ အခုဆိုစားပွဲတွေအမှောက်ခံလိုက်ရပြီ။


လန်ဇယ်၏ရင်ခွင်ထဲမှာလဲလျောင်းရင်း မာစတာကြောင်ကပြောလိုက်သည်။

"ဒါပေမဲ့ကျွန်တော်ထပ်မလုပ်ချင်ဘူး။"


"ဘာလို့လဲ။" လန်ဇယ်မျက်မှောင်ကြုတ်ကာမေးမိသည်။


လင်ခုံးလု: "ကျွန်တော့်ကျောကုန်းနာတယ်၊ ကျွန်တော့်ခြေထောက်နာတယ်၊ အိမ်း၊ ကျွန်တော့်လက်လဲနာနေသလိုပဲ၊ ကျွန်တော်ကြောင်လက်ဖဝါးရိုက်နှိပ်တာများသွားလို့ဖြစ်မယ်။"


လန်ဇယ်: "....."


"ကိုယ်မင်းကိုနှိပ်ပေးမယ်။"

သူချက်ချင်းနားလည်သွားသည်။


လင်ခုံးလု: အဲ့လောက်ပြောရလွယ်တယ်လား။


သူလန်ဇယ်ကိုတစ်ချက်ခိုးကြည့်မိတော့ ဒီဟာကသိပ်မဆိုးဘူးဟုရုတ်ခြည်းခံစားလိုက်ရပေမဲ့ လက်ထပ်ပွဲကျင်းပတာကအရမ်းမနှေးလွန်းဘူးလားလို့?


ဒီရက်ပိုင်း လူတို့မှာအင်တာနက်ပေါ်တွင်ခွေးစာစားနေရသည်၊ အထူးသဖြင့်လန်ဇယ်သူ့ကိုမက်ခါပေါ်ဖိကပ်ကာနမ်းဖို့ပြင်နေသည့်မြင်ကွင်းဖြစ်ပြီး ၎င်းကိုလည်းအင်တာနက်သုံးစွဲသူများကcosplayလုပ်ကာလိုက်တုပကြသည်၊ ကားပေါ်ဖိကပ်ခြင်း၊ သစ်ပင်ပေါ်ဖိကပ်ခြင်း၊ ရှာရလွယ်သည့်နေရာတိုင်းမှာဖြစ်သည်။


ဧကရီအန်နာပင်ပုံကိုပြန်ရှဲကာ "အရမ်းချိုတာပဲ"ဟုမှတ်ချက်ပေးလာသည်။


ထို့နောက်ဧကရာဇ်ကနောက်ကောက်ကျမကျန်ချင်သဖြင့် သူ့ကိုယ်သူနှင့်ဧကရီအန်နာ၏ပုံစံတူposeပေးကာပို့စ်တင်ပြီး @ဧကရီကိုပြောလာသည်: မနာလိုမဖြစ်ပါနဲ့ကွာ။


ဒီတော့နောက်ထပ်တုပခြင်းရေပန်းစားမှုပေါ်လာသည်။


လန်ဇယ်ကလင်ခုံးလု၏အတွေးများကိုသိလိုက်ရပြီးနောက် ပြုံးကာပြောလိုက်မိသည်။

"ခမည်းတော်နဲ့မယ်တော်ကဒီလိုလုပ်ပြီးတော့ လူထုအမြင်ကိုပြောင်းပြီး လူတွေဆီဇာ့ဂျ်တိုက်ခိုက်မှုကသယ်ဆောင်လာတဲ့ထိတ်လန့်မှုကိုဖယ်ထုတ်လိုက်တာပဲ။"


သူလင်ခုံးလု၏ခေါင်းကိုပွတ်ပေးကာပြောလိုက်သည်။

"ဒါပေမဲ့မင်းပြောတာမှန်တယ်။ ဒီရက်ပိုင်းတော့တကယ်မသင့်တော်ဘူး။ စစ်ဌာနကသိပ်မကြာခင်တိုက်ပွဲဆင်နွှဲဖို့စီစဥ်ထားတယ်၊ အထူးသဖြင့်ဇာ့ဂျ်ကိုပစ်မှတ်ထားတာ။ ကိုယ်တို့လက်ထပ်ပွဲထပ်မကျင်းပခင် သူတို့အနိုင်ရတာကိုစောင့်ရလိမ့်မယ်ထင်တယ်။ ပြီးရင်...ဟန်းနီးမွန်းကိုလဲပြန်လုပ်ရမယ်။"


လင်ခုံးလုခပ်ဖွဖွ"အမ်း"ဟုဆိုလိုက်ပြီး သူအရေးမစိုက်ပေမဲ့ လန်ဇယ်ကမျှော်လင့်စောင့်စားနေပုံရသည်ဟုသူခံစားလိုက်ရသည်။


နောက်ရက်အနည်းငယ်မှာ လန်ဇယ်ကရုံးချုပ်မှာမာရှယ်မုန့်တျယ်နှင့်အခြားသူတို့နှင့်ဆက်တိုက်ဆက်သွယ်ပြီး တိုက်ပွဲအစီအစဥ်ကိုဆွေးနွေးခဲ့ကြသည်။


တစ်ပတ်ကြာပြီးနောက် တော်ဝင်စစ်တပ်၏အခြေစိုက်စခန်း၇ခုကအင်အားပေါင်းစည်းကာ ဇာ့ဂျ်များကိုအင်ပါယာအစွန်အဖျားကကြယ်ဂြိုဟ်ထဲရှိဂြိုဟ်သိမ်နယ်စပ်အပြင်ကိုမောင်းထုတ်လိုက်ကြသည်။


တိုက်ပွဲအပြီး၌ လန်ဇယ်ကအနားယူရက်တစ်လယူကာ နောက်ဆုံးလင်ခုံးလုကိုတော်ဝင်ကြယ်မြို့တော်ဆီပြန်ခေါ်သွားနိုင်ခဲ့သည်။


သူလက်ထပ်ပွဲချက်ချင်းကြီးပြင်ဆင်လိမ့်မည်ဟုလင်ခုံးလုထင်ထားမိပေမဲ့ မမျှော်လင့်ထားစွာဖြင့် ပြန်လာပြီးနောက်ပိုင်းမှာတစ်ဖက်လူကမကြာမခဏပျောက်သွားလိမ့်မည်ပင်။ သူမေးလိုက်တိုင်း လန်ဇယ်ကသူ့ခေါင်းကိုပွတ်ရုံသာပွတ်လာပြီးမှ အကြောင်းအရာပြောင်းပြောလေသည်။


လင်ခုံးလု: "ပြီးသွားပြီ! ငါ့ရဲ့စူးရှတဲ့အလိုလိုသိစိတ်အရဆို ဒါက၇နှစ်တာအကျင့်ပဲ။"


0687: "မင်းတို့အတူရှိတာ၇လ​အောက်ပဲရှိသေးတာ​မလား။"


လင်ခုံးလု: "အဲ့ဒါကသူအပြင်မှာအခြားကြောင်တွေရှိနေပြီလို့ဆိုလိုတာပဲ။"


0687: "...." မင်းကလွဲလို့ ဘယ်ကြောင်ကဒီငါးကိုစားရဲမှာတုန်း?


ဟုတ်တာပေါ့၊ လန်ဇယ်မှာအခြားကြောင်မရှိနိုင်မှန်းလင်ခုံးလုသိပေမဲ့ တစ်ဖက်လူဘာလုပ်နေလဲဆိုတာသူတကယ်သိချင်နေမိပြီး နောက်ဆုံးငါးမြှီးနှိပ်ပေးသည့်ကြောင်လက်ဖဝါးအဖိုးအခအနေဖြင့် လန်ဇယ်ကိုထုတ်ပြောစေလိုက်သည်။

"မင်းအတွက်မဂ်လာလက်ဖွဲ့ပြင်နေတာ။"


လင်ခုံးလု: "?" ဘာဖြစ်မလဲ။


ပြီးတော့လန်ဇယ်ကအသင့်ပြင်နေ​ပြီကို သူကောအသင့်မပြင်သင့်ဘူးလား။


ထိုစကားများကိုကြားသော်လန်ဇယ်ကအသာပြုံးကာ ကြောင်လက်ဖဝါးလေးကိုဖျစ်ညှစ်ပြီး ပြောလိုက်သည်။

"မလိုဘူး၊ မင်းကိုယ်တိုင်ကလက်ဖွဲ့ပဲ။"


နောက်တစ်နေ့ လင်ခုံးလုမနိုးသေးခင် လန်ဇယ်ကသူ့ကိုအိပ်ရာထဲကဆွဲထုတ်ကာ သူ့ကိုမျက်နှာသစ်ဆေးကြောပေးပြီးမှ သူ့ကိုကားဆီခေါ်သွားပြန်သည်။


"ဘယ်သွား​နေတာလဲ။"

နောက်ဆုံးအပြည့်အဝနိုးလာမှသူသိချင်စိတ်ဖြင့်မေးလိုက်မိသည်။


"လက်ဖွဲ့ကိုသွားကြည့်မလို့လေ။"

လန်ဇယ်ကအပြုံးတစ်ပွင့်ဖြင့်ဆိုသည်။


ကားပျံမှာမက်ခါသုတေသနစင်တာကိုသွားရာလမ်းတောက်လျှောက်မောင်းသွားသည်။ လင်ခုံးလုလမ်းကြောင်းကိုမှတ်မိသွားပြီးနောက် သူ့မျက်နှာထားရုတ်ခြည်းပြောင်းလဲသွားရကာ မရယ်မောဘဲမနေနိုင်ပေ။


လန်ဇယ်သူ့ကိုပေးချင်တဲ့လက်ဖွဲ့ကတကယ်တော့မက်ခါတစ်စီးတဲ့လား။


လင်ခုံးလုရင်ထဲမှာမျှော်လင့်စောင့်စားမှုတချို့ရှိနေပေမဲ့ ကားကမောင်းနေတုန်းလမ်းတစ်ဝက်မှာ ကံမကောင်းစွာဖြင့်ပျက်သွားသည်။


လန်ဇယ်၏မျက်နှာအနည်းငယ်မည်းတူးသွားရပြီး ကားပေါ်ကဆင်းလိုက်ပြီးနောက် လင်ခုံးလုကိုပြောလိုက်သည်။

"မင်းဟိုကကော်ဖီဆိုင်မှာခဏသွားစောင့်နေနော်၊ ကိုယ်မင်းကိုတစ်ယောက်ယောက်ကိုလာခေါ်ခိုင်းလိုက်မယ်။"


လင်ခုံးလုမှာမနေ့ညကနှိပ်စက်ညှင်းပန်းခံခဲ့ရသဖြင့် သူ့ခါးမှာအနည်းငယ်ထုံကျင်ကိုက်ခဲနေပြီး ထိုအကြောင်းတွေးကြည့်လိုက်ပြနောက် သဘောတူစွာခေါင်းငြိမ့်လိုက်မိသည်။


ဒါပေမဲ့သူကော်ဖီဆိုင်၏ထောင့်တစ်နေရာမှာဝင်ထိုင်လိုက်သည်နှင့် လူငယ်လေးတစ်ယောက်ကနှင်းဆီပန်းများပွေ့ပိုက်ကာ ငါးမြှီးအကူနှင့်အတူရှေ့တိုးလာပြီး စိုးရိမ်တကြီးမေးလာသည်။

"လူ၊ လူကြီးမင်း၊ ပန်းဝယ်အုံးမလားဗျ?"


သူ့နောက်လိုက်နေသည့်သက်တော်စောင့်များရှိပြီး ဒါကိုမြင်တော့သူတို့ကသူ့ကိုတားရန်ချက်ချင်းရှေ့တိုးလာကြသည်။


ဒါပေမဲ့ထိုစကားကိုကြားလိုက်ရစဥ်လင်ခုံးလုခေါင်းမော့ကြည့်မိတော့ တစ်ဖက်လူ၏ပုံပန်းသွင်ပြင်ကိုမြင်လိုက်ရပြီးနောက် သူရုတ်ခြည်းတားကာပြောလိုက်သည်။

"နေအုံး!"


သူအမှတ်မမှားရင် ဒီရေသူထီးလေးကအရင်ဘဝတုန်းကသူဖမ်းပြီးခိုးရာလိုက်ပြေးတဲ့လူအဖြစ်ဆွဲခေါ်သွားခဲ့တဲ့တစ်ယောက်မဟုတ်လား။ သူ့နာမည်ကလု၊ လု၊ ဘာပါလိမ့်?


____________________________________