Chapter(70)
Viewers 10k

ခဲ့အာမှာသိသိသာသာကိုလန်ဇယ်နှင့်လင်ခုံးလုကိုမယုံပေ။


ပုံမှန်ဆိုမိသားစုဝင်တစ်ယောက်ကိုပြန်တွေ့ရင်စိတ်လှုပ်ရှားစရာကောင်းတဲ့စပရိုက်ဖြစ်သင့်တာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးရောက်တာနဲ့လက်သီးနဲ့တန်းထိုးတာမျိုးရှိနိုင်မှာလဲ။ ထို့အပြင် ဒီလူနှစ်ယောက်မှာမတူညီတဲ့စကားရှိတယ်၊ တစ်ယောက်က"အစ်ကို"လို့ပြောပြီးတော့ နောက်တစ်ယောက်က"ညီ"လို့ပြောတယ်။


သူလက်မြှောက်ကာထွက်နေသည့်သွေးကိုသုတ်ပစ်ပြီး သူတို့နှစ်ယောက်ကိုမျက်နှာသေဖြင့်ကြည့်ကာ မေးလိုက်သည်။

"သက်သေကော?"


လန်ဇယ်: "ဟက်။"


လင်ခုံးလု: "အိစ်။" သွေး!


လန်ဇယ်ကလုကျားကိုတိုက်ရိုက်ဆက်သွယ်ကာ တစ်ဖက်လူကိုအ​ခြေအနေကူရှင်းပြခိုင်းလိုက်ပြီး လုကျားအဆင်ပြေကြောင်းလန်ခဲ့ကိုသိစေလိုက်သည်၊ ဒါမှဒီလူအိမ်မှာမုဆိုးမတစ်ယောက်လိုမျိုးတစ်ချိန်လုံးပူဆွေးသောကရောက်မနေမှာဖြစ်သည်။


လုကျားကိုမြင်လိုက်ရတော့ ခဲ့အာထိတ်လန့်အံ့သြကာဝမ်းသာပြီးစိတ်သက်သာရာရသွားခဲ့သည်။ လုကျားကလည်းအလွန်စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးရဲရဲတို့ဖြင့်ပြောလိုက်သည်။

"ခဲ့အာ၊ သူတို့ကတကယ်မင်းရဲ့မိသားစုဝင်ပါ။ အရပ်ရှည်ရှည်နဲ့လူကြီးမင်းကမင်းရဲ့ညီလေ။ သူကတကယ်တော့..."


သူပြောလို့မပြီးသေးခင် လန်ဇယ်မှာလင်ခုံးလု၏မျက်နှာဖြူဖျော့သွားတာကိုမြင်လိုက်ရသဖြင့် အလျင်စလိုစိုးရိမ်တကြီးမေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ။"


လင်ခုံးလုလက်ဝေ့ရမ်းကာ အားနည်းစွာပြောလိုက်သည်။

"ခေါင်း ခေါင်းနည်းနည်းမူးလို့။"


ထိုအခါမှသာ ခဲ့အာနှုတ်ခမ်းထောင့်မှာသွေးထွက်နေမှန်းလန်ဇယ်သတိထားမိသွားပြီး "ကျွတ်"ခနဲစုတ်သပ်ကာပြောလိုက်မိသည်။

"မင်းအခုအဲ့လောက်တောင်အားနည်းသွားတာလား။"


ပြောပြီးနောက် သူလင်ခုံးလုကိုရင်ခွင်ထဲမှာပိုက်လျက်အပြင်ထွက်သွားသည်။


သူထွက်သွားသည်နှင့် ဆက်သွယ်ရေးစက်ကိုပါယူသွားသဖြင့် သူတို့အချစ်ထုတ်ပြတာကိုကြားဖြတ်နှောင့်ယှက်ခံလိုက်ရတဲ့ခဲ့အာနှင့်လုကျား: "....."


"ပိုကောင်းလာပြီလား။"

လန်ဇယ်ကလင်ခုံးလုကိုအပြင်ခေါ်သွားပြီးနောက် သူ့ကိုလှမ်းကိုင်ကာ နှဖူးပေါ်စမ်းကြည့်လိုက်ပြီး သူ့လေသံမှာသူ၏စိုးရိမ်ပူပင်မှုနှင့်တင်းမာမှုကိုမဖုံးကွယ်နိုင်ပေ။


ဒီမြင်ကွင်းကိုအခန်းထဲကမြင်လိုက်ရတဲ့ခဲ့အာ: "......"


ဒီအရပ်ရှည်ပြီးချောမောတဲ့လူငယ်ကတကယ်ပဲသူ့ညီလား။


ဒါပေမဲ့သူ့ညီငယ်ကမုတ်ဆိတ်နှင့်ကုန်သည်ကိုသေချာဂရုတစိုက်"ခစား"နေတာကိုမြင်လိုက်ရတော့ သူတိတ်ကျသွားရပြန်သည်။


ကြည့်ရတာတော့ကုန်သည်ကသူ့ညီလေးရဲ့ခင်ပွန်းဖြစ်ပုံရတယ်။ သူက....အရပ်မပုပေမဲ့ သူ့ညီလေးနဲ့ယှဥ်ရင်တော်တော်လေးဆိုးဝါးတယ်။ သူ့ရုပ်ရည်ကသာမန်ဖြစ်ပုံပဲ။ သူပြောနိုင်တဲ့တစ်ခုတည်းသောကောင်းကွက်ကချမ်းသာတာပဲရှိတယ်။


ပြီးတော့သူ့ညီလေး....အနည်းဆုံးတော့အပြင်ပန်းအခြေအနေကကောင်းပုံရတာကို သူဘာလို့ဒီမုတ်ဆိတ်လေးကိုလက်ထပ်ခဲ့တာတုန်း? ပြီးတော့....သူ့ကိုနိမ့်ကျတဲ့အပြုအမူနဲ့"ခစား"နေတယ်လား?


သူနဲ့သူ့ညီလေးရဲ့မိသားစုအခြေအနေကသိပ်မကောင်းလို့ ဘဝပေးအခြေအနေကသူတို့ကိုဒီလိုဖြစ်အောင်တွန်းအားပေးခဲ့တာများလား။


ညစာကိုမျိုးနွယ်စုခေါင်းဆောင်အိမ်မှာစားကြပြီး မျိုးနွယ်စုခေါင်းဆောင်ကသူတို့ကြိုက်တာရွေးခိုင်းသဖြင့် စားပွဲပေါ်မှာငါးများစွာရှိလေသည်။


လန်ဇယ်နှင့်လင်ခုံးလုတို့မှာသူတို့ကိုယ်သူတို့ရုပ်ဖျက်ကာ သူတို့သရုပ်မှန်ကိုဖုံးကွယ်ဖို့လိုအပ်သောကြောင့် မျိုးနွယ်စုခေါင်းဆောင်ကသူတို့ကို"အရှင့်သား"ဟုတစ်ယောက်ချင်းမခေါ်နိုင်သဖြင့် လင်ခုံးလုပြောသကဲ့သို့"မောက်လောင်ရယ်"နှင့်"ယွီလူကြီးမင်း"ဟုသာခေါ်လိုက်သည်။


ယွီလူကြီးမင်းကစကားနည်းပြီး သူ့မျက်နှာမှာအမြဲမျက်နှာသေဖြင့် ညစာစားနေတုန်းသူကိုယ်တိုင်အတွက်အသီးအရွက်မယူဘဲ မောက်လောင်ရယ်အတွက်ငါးဆက်တိုက်ရွေးပေးကာ သူစိတ်ရှည်လက်ရှည်ငါးအရိုးနွှင်ပြီး ၎င်းတို့ကိုတစ်ဖက်လူ၏ပန်းကန်လုံးထဲထည့်ပေးသည်။


အပြင်လူတို့၏တည်ရှိမှုကြောင့်မဟုတ်ရင် လင်ခုံးလုအဆင်မပြေဖြစ်ပြီး သူ့ကိုကောက်ကျစ်လွန်းသည်ဟုပြောမှာစိုးလို့မဟုတ်ရင် လန်ဇယ်ငါးကိုလင်ခုံးလု၏ပါးစပ်ထဲတိုက်ရိုက်ခွံ့ကျွေးလိုက်မည်ပင်။


လင်ခုံးလုမှာလည်းသူခရေစေ့တွင်းကျလိုက်ဂရုစိုက်ပေးတာကိုကျင့်သားရနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူအတိတ်မှာတုန်းကလန်ဇယ်အတွက်ငါးရိုးနွှင်ပေးခဲ့ရသည်။ အခုဆိုသူတို့နှစ်ယောက်ကြားဆက်ဆံရေးပြောင်းလဲသွားပြီး လန်ဇယ်ကအမှားပြင်ဆင်မှရမည်မို့ သူနှစ်သက်ခံစားနေလိုက်သည်။ အဆင်မပြေဖြစ်စရာဘာအကြောင်းမှမရှိ။


ဒါပေမဲ့လန်ခဲ့မှာတော့ဒီမြင်ကွင်းကိုမြင်လိုက်ရသော် သူပို၍ပင်တိတ်ကျသွားရသည်။


သူတစ်အောင့်ကြာစားပြီးမှ ရုတ်ခြည်းခေါင်းမော့ကာမေးလိုက်သည်။

"ဒါနဲ့ ငါမင်းနာမည်ကိုမသိရသေးဘူး။"


လန်ဇယ်သူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"လန်ဇယ်။"


"အိုး။" လန်ခဲ့ခြောက်ကပ်ကပ်တုံ့ပြန်ကာ အလိုလိုပြောလိုက်မိသည်။

"အင်ပါယာရဲ့မင်းသားနဲ့နာမည်တူသလိုပဲနော်။"


ပြောပြီးနောက် သူအတွေးထဲနစ်သွားရသည်။


နာမည်တူတော့ကောဘာဖြစ်လဲ? အင်ပါယာရဲ့မင်းသားက အသက်ငယ်ငယ်လေးရှိတုန်းမှာချမ်းသာတဲ့ကုန်သည်နဲ့လက်ထပ်ခဲ့တဲ့သူ့ညီလေးလိုမျိုးဖြစ်မှာမဟုတ်ဘူး။ သူကသူ့ဘာသာသူအရင်မစားနိုင်ဘဲ မုတ်ဆိတ်ကောင်ကိုအရင်ဆက်သနေရတယ်။


တကယ့်ကိုနာမည်တူပေမဲ့ကွဲပြားတဲ့နာမည်ပဲ။


သူသည်းညည်းခံကြည့်ပေမဲ့ မအောင့်နိုင်တော့ပေ။ သူခေါင်းမော့ကာပြောလိုက်မိသည်။

"ညီလေး၊ မင်းအရင်စားသင့်တယ်၊ မဟုတ်ရင်စားစရာတွေအေးကုန်လိမ့်မယ်။"


အဲ့မုတ်ဆိတ်ကောင်မှာလက်မပါလို့ ကိုယ့်ဘာသာကိုယ်မစားနိုင်တာလား။


လန်ဇယ်သူ့ကိုတစ်ချက်အသာကြည့်ကာ သူ့ကိုလျစ်လျူရှုလိုက်ပြီး ပို၍ပင်ပြင်းထန်စွာ"ဆက်သ"လိုက်သည်။


လန်ခဲ့: "...."


သူ့ညီလေးနဲ့ဒီချမ်းသာတဲ့ကုန်သည်ကြားမှာဘာရှိမှန်းသူမသိဘူး။ သူတွေးကြည့်ပြီးနောက် သူစကားသိပ်မပြောဘဲ ရက်အနည်းငယ်စူးစမ်းလေ့လာကြည့်ဖို့ဆုံးဖြတ်လိုက်သည်။


လင်ခုံးလုသူတို့နှစ်ယောက်ကိုထူးဆန်းစွာကြည့်လိုက်မိပေမဲ့ဘာမှမပြောလိုက်ပေ။


ညစာစားပြီးနောက် သူနှင့်လန်ဇယ်ကမျိုးနွယ်စုခေါင်းဆောင်စီစဥ်ပေးထားသည့်အခန်းကိုသွားလိုက်ကြသည်။


အခန်းထဲဝင်ကာတံခါးပိတ်ပြီးနောက် သူသိချင်စိတ်ဖြင့်မေးလိုက်မိသည်။

"ခင်ဗျားဘာလို့သူ့ကိုခင်ဗျားရဲ့သရုပ်မှန်မပြောပြလိုက်တာလဲ။"


လန်ဇယ်နှာမှုတ်ကာပြောလိုက်သည်။

"ကိုယ်ပြောခဲ့တယ်မဟုတ်ဘူးလား။ သူသာတော်ဝင်မိသားစုကိုအာရုံပိုစိုက်ပြီး အင်တာနက်ပေါ်မှာသွားရှာကြည့်လို့ရှိရင် လန်ခဲ့ကမင်းသားကြီးရဲ့နာမည်မှန်းသိရမှာပဲ။"


ထို့အပြင် သူခုနကပဲသူ့နာမည်ကလန်ဇယ်လို့ပြောလိုက်တာကို အဲ့ဒါကသိသာနေပြီမဟုတ်ဘူးလား။


ဤသို့ဖြင့် သူကသူ့တကယ့်သရုပ်မှန်ကိုပင်မစဥ်းစားနိုင်။ သူ့အစ်ကိုတော်ကရွာထဲမှာနှစ်အနည်းငယ်ကြာအောင်နစ်မြုပ်နေခဲ့တာမို့ အတိတ်မှာအင်ပါယာနှင့်တော်ဝင်မိသားစုအကြောင်းလေ့လာဖို့လုံးဝမတွေးခဲ့ဖူးပေ။


"သူကမှတ်ဉာဏ်ပျောက်နေတာလေ။"

လင်ခုံးလုစည်းရုံးလိုက်သည်။

"ပြီးတော့ခင်ဗျားသေချာမပြောရင် ဘယ်သူကတွေးမိမှာလဲလို့?"


လန်ဇယ်မှာမျက်နှာထက်လှောင်ပြုံးပြုံးနေပေမဲ့ သူကလန်ခဲ့ကိုဂရုစိုက်နေတုန်းပင်။ လင်ခုံးလုအနားယူနေတုန်း သူကြောင်လက်ဖဝါးရာကပ်ခွာကိုယူကာ တစ်ဖက်လူကိုသွားရှာပြီး သူ့သရုပ်မှန်ကိုပါရှင်းပြဖို့စီစဥ်ထားလိုက်သည်။


လန်ခဲ့ကအခန်းထဲမှာစာဖတ်နေတာဖြစ်သည်။ သူကသူတံခါးခေါက်ပြီးအထဲဝင်လာတာကိုမြင်လိုက်ရတော့ သူကအပြုံးနုနုဖြင့်ခေါင်းမော့ကာ ပြောလာသည်။

"မင်းရောက်လာတာပဲ။"


ဒီမြင်ကွင်းကလန်ဇယ်ကိုသူ့ကလေးဘဝကိုပြန်သတိရသွားစေသည်။ သူ့မှတ်ဉာဏ်ထဲမှာ ဟိုးအရင်တုန်းက လန်ခဲ့ကားသူ့ကိုအလွန်ကောင်းမွန်စွာဆက်ဆံပြီး သူ့ကိုမကြာခဏအတူကစားဖို့​ခေါ်သွားတတ်သည့်နူးညံ့သိမ်မွေ့သောအစ်ကိုတစ်ယောက်ဖြစ်သည်။


လန်ဇယ်မှာရှုပ်ထွေးသောမျက်နှာထားရှိသွားသည်။ လင်ခုံးလု၏စည်းရုံးမှုကိုတွေးမိရင်း သူရှေ့တိုးကာပြောလိုက်သည်။

"ဘောင်းဘီလိပ်တင်လိုက်။"


လန်ခဲ့မှာပဟေဠိဖြစ်သောမျက်နှာထားဖြင့်စာအုပ်ကိုအောက်ချလိုက်မိသည်။


လန်ဇယ်ကအခြားသူများကိုဂရုစိုက်တတ်သည့်လူတစ်ယောက်မဟုတ်တာမို့ သူကလင်ခုံးလုရှေ့မှာသာနူးညံ့သောစကားလုံးများပြောနိုင်သည်။


ဒါကိုမြင်လိုက်ရတော့ သူကြောင်လက်ဖဝါးရာကပ်ခွာတန်းထုတ်ကာ ဗလာပြောလိုက်သည်။

"ခြေထောက်ကုဖို့။"


သူကြောင်လက်ဖဝါးရာကပ်ခွာဒါဇင်ကိုသာမန်ကာလျှံကာထုတ်လာတာမြင်လိုက်ရတော့ လန်ခဲ့တိတ်ကျသွားရပြန်သည်။


သူကြောင်လက်ဖဝါးရာကပ်ခွာကိုသိပ်သိတာပေါ့၊ အင်ပါယာမင်းသားရဲ့ကြင်ယာတော်ကိုယ်တိုင်ရိုက်နှိပ်ထားပြီး အင်းဆက်အဆိပ်ကိုကုသနိုင်တယ်။ ဒါပေမဲ့ဒီဟာဘယ်လောက်တန်ဖိုးရှိမှန်း စျေးကွက်ထဲမှာမရှိသေးမှန်းသူသိတယ်။


တော်ဝင်မိသားစုကပြည်သူများကိုစျေးနိမ့်နိမ့်​ဖြင့်ရောင်းချပေးမည်ဟုပြောခဲ့ပေမဲ့လည်း တော်ဝင်မျိုးနွယ်များအတွက်သာဖြစ်ပြီး သူတို့ကအပြင်းအထန်နာမကျန်းဖြစ်နေရမည်ပင်။


ဟုတ်တာပေါ့၊ သူဌေးများကတော့ရနိုင်တယ်။ သူသိသလောက်ကတော့ ဒီလိုကြောင်လက်ဖဝါးရာကပ်ခွာစျေးနှုန်းကမှောင်ခိုစျေးကွက်မှာအလွန်မြင့်မားသည်။


လန်ခဲ့အမြင် သူ့ညီလေးပေးတဲ့ဒီကြောင်လက်ဖဝါးရာကပ်ခွာကမုတ်ဆိတ်ကုန်သည်ပေးတဲ့ဟာဖြစ်ရမယ်။


သူကြောင်လက်ဖဝါးရာကပ်ခွာရနိုင်တယ်ဆိုတော့ ကုန်သည်ကချမ်းသာရုံတင်မကဘဲ အာဏာပါရှိတဲ့ပုံပဲ။ သူ့ညီလေးကသူ့ကိုဂရုစိုက်နေတာမဆန်းဘူး။


လန်ခဲ့တစ်အောင့်ကြာတိတ်ကျသွားရကာ ခေါင်းအသာခါလျက်ပြောလိုက်သည်။

"ငါမလိုဘူး၊ မင်းဒါတွေကိုပြန်ပေးလိုက်လို့ရတယ်။"


သူ့ညီလေးကိုဒီဟာတွေနဲ့မလဲနိုင်ဘူး။


လန်ဇယ်: "?"


"ငါတကယ်အဆင်ပြေပါတယ်။" လန်ခဲ့ချော့ချော့မော့မော့ပြောလိုက်သည်။

"အနည်းဆုံးတော့ငါကမသန်စွမ်းဖြစ်ဖို့ရွေးချယ်လို့ရသေးတယ်၊ ဒါပေမဲ့မင်းကတော့....."


သူတစ်အောင့်ကြာတုံ့ဆိုင်းသွားရပေမဲ့ လျို့ဝှက်စွာအကြံပေးလိုက်မိဆဲပင်။

"မင်းမပျော်ရွှင်ရင် မင်းကိုယ်မင်းအတင်းတွန်းအားပေးစရာမလိုဘူး၊ မင်းသူ့ကိုထားသွားလို့ရတယ်။"


မောက်လောင်ရယ်ရဲ့ပိုက်ဆံ....ကသိသိသာသာကိုသုံးဖို့မလွယ်ဘူး၊ ဒီတော့ သူကသူ့ကိုနိမ့်ကျတဲ့နည်းလမ်းနဲ့ခစားနေရတယ်လေ။


လန်ခဲ့မှာသူ့ညီလေးကထိုသို့လူစားမျိုးမဟုတ်ဘဲ ဒါကသူ့ကိုယ်ပိုင်ဆန္ဒမဟုတ်မှန်းမဖော်ပြနိုင်အောင်ခံစားလိုက်ရသည်။


လန်ဇယ်အနည်းငယ်ဇဝေဇဝါဖြစ်သွားရကာ သူ့မှတ်ဉာဏ်ပြန်မကောင်းသေးမှန်းခံစားလိုက်ရသဖြင့် ဒီအစ်ကိုကိုအရင်ဆုံးလက်မြှောက်ထားလိုက်သည်။


အဓိကအချက်ကိုမေးရရင် သူဘာပြောတာလဲ?


သူမျက်မှောင်ကြုတ်ကာမေးလိုက်သည်။

"မင်းဘာကိုဆိုလိုတာလဲ။"


လန်ခဲ့တုံ့ဆိုင်းသွားရကာပြောလိုက်သည်။

"မောက်လောင်ရယ်ရဲ့ပိုက်ဆံကိုဒီလိုသုံးတာမကောင်းဘူးလေ။"


လန်ဇယ်: "....."


သူ့မျက်နှာတမဟုတ်ချင်းမည်းမှောင်သွားရကာ ကြောင်လက်ဖဝါးရာကပ်ခွာများကိုလန်ခဲ့ပေါ်ပစ်ပေါက်ပြီး အေးစက်စက်အသံဖြင့်ပြောလိုက်သည်။

"မင်းကပ်ချင်ကပ်မကပ်ချင်နေတော့။"


ပြောပြီးနောက် သူတည့်တိုးအနောက်လှည့်ကာ တံခါးကိုကန်ပြီးထွက်သွားတော့သည်။


လန်ခဲ့: "...." မင်းဒီလောက်စိတ်ကြီးတာ၊ မောက်လောင်ရယ်ရှေ့မှာဆိုမင်းဒီလိုမျိုးမဟုတ်ဘူးလားလို့?


လန်ဇယ်အခန်းထဲပြန်သွားတော့ လင်ခုံးလုကမျက်နှာဖုံးကိုစစ်ဆေးနေမှန်းမြင်လိုက်ရရာ သူလျှောက်သွားပြီးမုတ်ဆိတ်လေးကိုဆွဲခွာလိုက်သည်။


လင်ခုံးလု: "!"


"ခင်ဗျားဘာလုပ်တာလဲ။" သူမုတ်ဆိတ်ကိုအမြန်ပြန်လုလိုက်မိသည်။


ဒါကသူ့လက်ရှိပုံရိပ်ရဲ့အရေးပါဆုံးအစိတ်အပိုင်းပဲ။ မုတ်ဆိတ်မပါရင် မောက်လောင်ရယ်ကသူ့အရှိန်အဝါသုံးခုကိုပျောက်ဆုံးသွားမှာ။


သူ့မုတ်ဆိတ်ကိုသေချာပြန်ကပ်ပြီးနောက် သူခေါင်းမော့ကာ အထူးတဆန်းမေးလိုက်သည်။

"ခင်ဗျားဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ။ ခင်ဗျားလန်ခဲ့ကိုသေချာရှင်းပြခဲ့ရဲ့လား။"


လန်ဇယ်: "ဟက်။"


လင်ခုံးလုသူ့မျက်နှာထားကိုမြင်လိုက်သည်နှင့် ဇာတ်လမ်းတစ်ခုခုရှိမှန်းသိလိုက်ကာ စိတ်လှုပ်ရှားစွာမေးလိုက်မိသည်။

"ဘာဖြစ်ခဲ့လို့လဲ။"


"ကိုယ့်အထင် သူအတိတ်မေ့နေတာမဟုတ်ဘဲရူးနေတာဖြစ်မယ်။"

လန်ဇယ်လှောင်ပြုံးပြုံးလိုက်သည်။


ထို့နောက်သူလင်ခုံးလု၏မုတ်ဆိတ်လေးကိုကြည့်လိုက်မိတော့ ဘယ်လောက်ပဲကြည့်ကြည့် မျက်စိနောက်စရာကောင်းသည်ဟုခံစားလိုက်ရသဖြင့် ထပ်ဆွဲခွာကာမျက်နှာသေဖြင့်ပြောလိုက်မိသည်။

"မင်းဖန်တီးထားတဲ့ပုံရိပ်ကကိုယ်ကအစားအသောက်အတွက်မောက်လောင်ရယ်အပေါ်မှီခိုနေတဲ့ကောင်လေးဆိုပြီးတော့သူ့ကိုမှားထင်သွားစေတယ်လေ။"


ငါစားနေတုန်းငါအစ်ကို့ပန်းကန်ထဲကိုထည့်ပေးလိုက်တဲ့စားစရာတစ်မျိုးပဲ။


လင်ခုံးလု: "....."


"ဘယ်လိုလုပ်သူ့ကိုအပြစ်တင်လို့ရမှာလဲ။" အပြစ်ကင်းစင်သောမျက်နှာပေးဖြင့်သူပြောလိုက်သည်။

"ခင်ဗျားအစထဲကသူ့ကိုသေချာမပြောပြခဲ့တာမှန်းသိသာနေတာကြီးကို။"


"ကိုယ်အခုသူ့ကိုပြောပြဖို့ပျင်းသွားပြီ။"

လန်ဇယ်ကြိတ်ရယ်လိုက်မိသည်။


သူလင်ခုံးလုဘေးမှာထိုင်ကာ သူ့မုတ်ဆိတ်ကိုပြန်ကပ်ပေးပြီး ပြောလိုက်သည်။

"သူ့ကိုတစ်ယောက်ထဲလွှတ်ထားလိုက်၊ ကြယ်သူခိုးတွေရဲ့ခံတပ်အနေအထားကိုရှာကြည့်ပြီး အဲ့ရေသူတွေကိုဘယ်မှာပိတ်လှောင်ထားလဲဆိုတာစုံစမ်းရအောင်။"


တော်ဝင်စစ်တပ်အတွက် ဆားရယ်ဂြိုဟ်ကိုတိုက်ခိုက်ဖို့ကတကယ်တမ်းမခက်ခဲဘဲ အလွန်လွယ်ကူသည်ဟုပင်ပြောလို့ရသည်။ ဒါပေမဲ့လန်ဇယ်ကပြည်သူအသေမပျောက်မဖြစ်စေချင်တာမို့ သူပိုပြီးပြင်ဆင်ရလိမ့်မည်။


"ကျွန်တော့်မှာဒီဟာအတွက်အဖြေရှိတယ်။" လင်ခုံးလုချက်ချင်းမုတ်ဆိတ်ဆွဲခွာကာ ပြောလိုက်သည်။

"ကျွန်တော်ပိုပြီးသန်မာလာမှန်းအခုပဲသိလိုက်ရတယ်။ ခင်ဗျားအရင်ဆုံးငါးမြှီးပြောင်းလိုက်။"


လန်ဇယ်: "?"


"မြန်မြန်ပြောင်းလေ!"


လင်ခုံးလုမျှော်လင့်စောင့်စားနေမိသည်။


လန်ဇယ်: "....."


သူစိတ်မရှိပေမဲ့ သူ့မျက်လုံးများမည်းမှောင်သွားကာ လင်ခုံးလု၏မျက်လုံးများကိုဆက်တိုက်စိုက်ကြည့်လျက် လက်မြှောက်ကာခါးပတ်ချိတ်ပေါ်ဖိချလိုက်သည်။


လင်ခုံးလု: "အဟွတ်။"


သူအမြန်ခေါင်းလှည့်ကာလန်ဇယ်ကိုကျောပေးထားလိုက်မိပြီး လှပသောငွေရောင်ငါးမြှီးပေါ်လာတော့ သူချက်ချင်းစိတ်လှုပ်ရှားစွာထခုန်လိုက်မိပြီး--


နောက်တော့ သူ့အဝတ်အစားများဗလာကျင်းသွားကာ သူပျောက်သွားတော့သည်။


လန်ဇယ်၏မျက်နှာထားအံ့သြသွားရကာ သူ့မျက်ဝန်းထဲမှာထိတ်လန့်မှုတစ်ခဏဖြတ်ပြေးသွားပေမဲ့ သူ့ငါးမြှီးပေါ်ကတစ်ခုခုကိုသတိထားမိသွားသည်။


သူချက်ချင်းငါးမြှီးကိုမြှောက်ကာ လင်ခုံးလု၏အဝတ်အစားများကိုခါလိုက်သည်။


"မြှောင်!" အစက်အပြောက်များနှင့်အညိုရောင်ကြောင်လေးကသူ၏ငါးဆူးတောင်ကိုပွေ့ဖက်ကာ မူးဝေစွာလှုပ်ခါလျက်အော်ပြောလာသည်။

"မခါနဲ့၊ ကျွန်တော်ပါ၊ ကျွန်တော်မေ့လဲတော့မှာပဲ။"


လန်ဇယ်: "....."


သူကြောင်လေး၏ကုပ်ပိုးကိုဖျစ်ညှစ်ကာ သူ့ရှေ့ကိုသယ်ပြီး ၎င်းကိုစိုက်ကြည့်ကာမေးလိုက်မိသည်။ "လင်ခုံးလု?"


ကြောင်လေးကအပြင်းအထန်ခေါင်းငြိမ့်ပြကာ ကြောင်နားရွက်များကိုလှုပ်ခါလျက်ပြောလာသည်။

"ကျွန်တော်ပါဆို၊ ကျွန်တော့်ကိုလွှတ်ပေးတော့။"


လန်ဇယ်ချက်ချင်းသက်မချလိုက်မိပြီးမှ သူ့ကိုလက်ဖဝါးထဲမှာကိုင်ထားကာ သေချာစူးစမ်းကြည့်မိသည်။


ကြောင်လေးမှာကြောင်ကျားသစ်နဲ့နည်းနည်းတူသလိုလို ၊ ခြေဖဝါးနက်ကြောင်နဲ့နည်းနည်းတူသလိုလို ရက်ကွန်းကြောင်နဲ့....နည်းနည်းတူသလိုလိုပဲ? ခြုံပြောရရင် ဘာကြောင်အမျိုးအစားမှန်းမပြောတတ်ပေမဲ့ ၎င်းမှာအလွန်သေးငယ်ကာချစ်စရာကောင်းလှသည်။


လန်ဇယ်မနေနိုင်ဘဲလက်မြှောက်ကာ ကြောင်လေးကိုခေါင်းမှကျောပြင်ဆီပွတ်သပ်ပေးလိုက်တော့ ကြောင်လေးကမျက်လုံးများမှေးစင်းသွားပြီး နားရွက်လေးများကလေယာဥ်ပျံနားရွက်အဖြစ်ခေါက်သွားလေသည်။ ထို့နောက်သူပြောလိုက်မိသည်။

"မင်းရဲ့ကြောင်ဗီဇကပိုသန်မာလာတာပဲ။"


ယေဘုယျအားဖြင့် ဗီဇနိုးထလာသည့်လူတို့မှာ နိုးထလာသည့်ဗီဇကအလွန်မသန်မာရင် သားရဲအသွင်သို့အပြည့်အဝပြောင်းနိုင်ခဲသည်။


အခုဆိုလင်ခုံးလုဗီဇနိုးထလာပြီးနောက်ပိုင်း သူ့ဗီဇသဘာဝကိုအမြဲထိန်းချုပ်ရခက်နေရသည့်အကြောင်းရင်းကို လန်ဇယ်နားလည်သွားရသည်။


လင်ခုံးလုကသူ့လက်ဖဝါးထဲမှရုန်းထွက်ကာ သူ့ပုခုံးပေါ်အသာခုန်တက်ပြီးပြောလာသည်။

"ကျွန်တော်ကြောင်အဖြစ်ပြောင်းပြီးတော့သူတို့ခံတပ်ကိုစစ်ဆေးပေးလို့ရတယ်။"


ဒါကိုကြားသော်လန်ဇယ်၏မျက်နှာတမဟုတ်ချင်းမည်းတူးသွားရပြီး သူ့ကိုလှမ်းဆွဲကာ သူ့လက်ဖဝါးထဲတွင်တစ်ဖန်ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"မရဘူး၊ အန္တရာယ်များလွန်းတယ်၊ အသေးစားစက်ရုပ်တွေလုပ်လို့ရတယ်။"


လင်ခုံးလု: "ဒါပေမဲ့စက်ရုပ်တွေကကျွန်တော့်လိုဉာဏ်ကောင်းပြီးတော့ခံစားမလွယ်တာမို့ ရှာတွေ့သွားဖို့လွယ်တယ်။ ပြီးတော့အခုဆိုကျွန်​တော်ကကြောင်တစ်ကောင်ဆိုတော့ ကျွန်တော့်ကိုတွေ့သွားရင်တောင် သံသယဖြစ်ကြမှာမဟုတ်ဘူး။"


လန်ဇယ်တစ်အောင့်ကြာတွေးကြည့်ကာပြောလိုက်သည်။

"ဒါဆိုမနက်ဖြန်ထိစောင့်၊ ကိုယ်မင်းကိုစုံစမ်းဖို့အတူခေါ်သွားမယ်။"


လင်ခုံးလုထပ်ပြောချင်ပေမဲ့ လန်ဇယ်ကသူဘာပြောမယ်မှန်းသိပုံရကာ ချက်ချင်းအရင်ပြောလာသည်။

"မရဘူး၊ စဥ်းတောင်မစဥ်းစားနဲ့၊ မင်းကိုယ်နဲ့အတူသွားရမယ်။"


လင်ခုံးလု: "....."


သူကကြောင်သဘာဝအရ ဒီအတိုင်းလမ်းခဏထွက်လျှောက်ချင်ရုံပါနော်။ ကြောင်အဖြစ်အပြည့်အဝေပြောင်းပြီးနောက်ပိုင်းမှာ သဘာဝစရိုက်ကဖိနှိပ်ရပိုခက်လာသယောင်။


ပြောင်းရခက်သည့်ပြဿနာကိုရှောင်ရှားရန်အလို့ငှာ လင်ခုံးလုတစ်ညလုံးကြောင်ပုံစံထိန်းထားပေမဲ့ လန်ဇယ်ကတော့ငါးမြှီးကိုအမြန်ပြန်ပြောင်းလိုက်သည်။


နောက်တစ်နေ့ မနက်စာစားချိန်မှာ လန်ဇယ်ကအစက်အပြောက်ရှိအညိုရောင်ကြောင်လေးတစ်ကောင်ကိုပွေ့ထားတာကိုမြင်လိုက်ရသဖြင့် မျိုးနွယ်စုခေါင်းဆောင်နှင့်လန်ခဲ့တို့အနည်းငယ်အံ့သြသွားရသည်။


ဒီတစ်ခေါက်မောက်လောင်ရယ်မှာအနားမှာမရှိပေမဲ့ လန်ဇယ်ကတော့ကြောင်ကိုအစာကျွေးဖို့သာဂရုစိုက်နေပြီး သူကိုယ်တိုင်ကသိပ်မစားဆဲ။


သူမနေ့ညကပြောလိုက်တဲ့စကားကသူ့ညီလေး၏မိမိကိုယ်ကိုတန်ဖိုးထားမှုကိုထိခိုက်သွားစေလောက်သည်ဟုလန်ခဲ့ခံစားလိုက်ရသည်။ သူအနည်းငယ်ရှက်ရွံ့မိကာစကားသိပ်မပြောပေမဲ့ မောက်လောင်ရယ်မလာတာကိုမြင်လိုက်ရတော့ သူမနေနိုင်ဘဲမေးလိုက်မိဆဲ။

"မောက်လောင်ရယ်ထွက်မစားဘူးလား။"


လန်ဇယ်သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သာမန်ကာလျှံကာလေသံဖြင့်ပြောလိုက်သည်။

"သူအလုပ်ရှုပ်နေတာ၊ စီးပွားရေးအကြောင်းဆွေးနွေးဖို့အပြင်ထွက်သွားတယ်။"


"အော်။" လန်ခဲ့ခေါင်းငြိမ့်လိုက်ပေမဲ့ အလုတ်အနည်းငယ်စားပြီး​နောက် သူ့ညီလေးကကြောင်စားပြီးတာစောင့်နေဆဲဖြစ်ကြောင်းမြင်လိုက်ရတော့သူတစ်အောင့်ကြာတုံ့ဆိုင်းသွားရပြီးမှ မသိမသာအကြုံ​ပြုချင်ယောင်ဆောင်လိုက်သည်။

"လန်၊ ညီလေး၊ မင်း...အပြင်ထွက်ပြီးအလုပ်ရှာဖို့ တွေးကြည့်ဖူးလား။"


သူ့ကိုဒီလိုမျိုးထောက်ပံ့ဖို့မောက်လောင်ရယ်ကိုအားကိုးတာကအဆင်မပြေပေ။ သူ့ခြေထောက်မကောင်းတာတောင် သူလုကျားနှင့်အလုပ်အတူလုပ်ပြီးပိုက်ဆံရှာသေးသည်။ ဒါပေမဲ့အခုသူ့ညီလေးကိုကြည့်ရတာတော့ လူကိုခစားလိုက် ကြောင်ကိုခစားလိုက်နှင့် ခင်ပွန်းရဲ့အထောက်အပံ့ကိုခံယူနေတဲ့ကိန္နရီနှင့်တူညီလုနီးပါးပင်။


လန်ခဲ့ဖော်မပြတတ်အောင်ကြေကွဲသံားရသည်။ အလိုလိုပင် သူ့ညီလေးကဒီလိုနူးညံ့သောလူစားမျိုးမဟုတ်ဘဲ ဂုဏ်ယူဝံ့ကြွားကာတောက်ပသောလူတစ်ယောက်ဖြစ်သင့်သည်ဟုသူအမြဲခံစားရသည်။


လန်ဇယ်၏နှုတ်ခမ်းထောင့်မှာမသိမသာတွန့်သွားရပြီး သူနောက်ဆုံးလင်ခုံးလုကိုသူ့ပေါင်ပေါ်တင်ကာ တစ်ဖက်လူ၏လက်သည်းများကိုဖိချလိုက်ပြီးမှ လန်ခဲ့ကိုကြည့်ကာ ဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။

"ရှင်းပေါ်ကိုသွားပြီး မင်းနာမည်ကိုရှာပြီးရင် ငါ့နာမည်ကိုရှာကြည့်လိုက်။"


လန်ခဲ့ပဟေဠိဖြစ်သွားပုံရပေမဲ့ ဆက်သွယ်ရေးစက်ကိုဖွင့်ကာ "လန်ခဲ့"ဟူသောစကားလုံးကိုရှာကြည့်လိုက်သည်။


ခဏကြာတော့ ရှင်းပေါ်မှာရှာဖွေမှုရလဒ်များတက်လာကာ ပထမဆုံးအရာမှာမင်းသားကြီး၏အသက်ဖြစ်သည်။


လန်ခဲ့: "....."


အင်ပါယာရဲ့မင်းသားကြီးကလည်းလန်ခဲ့လို့ခေါ်တာပဲ.....


သူတစ်အောင့်ကြာတိတ်ကျသွားရသည်။မင်းသားကြီးရဲ့နာမည်ကလန်ခဲ့၊ မင်းသား၂နာမည်ကလန်ဇယ်၊ သူတို့ကသူတို့ညီအစ်ကိုနဲ့နာမည်တူနေတာကို အရူးပဲတိုက်ဆိုင်မှုသက်သက်လို့ထင်လိမ့်မယ်။


လန်ခဲ့တမဟုတ်ချင်းအမှန်တရားကိုခန့်မှန်းမိသွားကာ သူ၏ယခင်ကအထင်လွဲမှုကိုတွေးမိသွားသော် သူအလွန်အမင်းရှက်ရွံ့သွားရသည်။


ဒါပေမဲ့လည်း ဒီဟာကသူ့သရုပ်မှန်ကိုပထမဆုံးသိလိုက်ရတုန်းကရှော့ခ်ရမှုကိုလျော့ပါးသွားစေသည်။ သူခေါင်းမော့ကာချောင်းအသာဟမ့်ပြီး အနည်းငယ်မသက်မသာဖြစ်စွာမေးလိုက်မိသည်။

"မင်းတို့တွေရုပ်ပြောင်းထားတာလား။ မောက်လောင်ရယ်ရဲ့နာမည်အစစ်ကလင်ခုံးလုပေါ့?"


လင်ခုံးလုမြှောင်ဟုအသံပေးကာ လန်ဇယ်၏လက်ကိုဆွဲဖယ်ပြီး တစ်ဖက်လူ၏ပုခုံးပေါ်ခုန်တက်ကာ သက်ပြင်းချလိုက်မိသည်: တကယ်အဆင်မပြေဘူးပဲ၊ ငါနောက်ဆုံးတော့သိလိုက်ပြီ။


လန်ဇယ်နှာမှုတ်လိုက်ပြီး လန်ခဲ့ထံနေရာလွတ်လက်ကောက်ပစ်ပေးကာ သိုဝှက်ဝန်ခံလိုက်သည်။

"မင်းမောင်းတဲ့မက်ခါကပျက်စီးမှုပြင်းထန်တော့ ပြန်ပြင်လို့မရတော့ဘူး။ အဲ့ဒါကိုတော်ဝင်မြို့တော်ဆီပြန်ဆွဲသွားပြီးနောက်မှာ မက်ခါသုတေသနစင်တာကနဂိုပုံစံအတိုင်းတိုးတက်အောင်လုပ်ပြီးတော့ ဒီဇိုင်းပြန်ဆွဲပြီးတစ်စီးထုတ်ခဲ့တယ်။"


"ငါဒီလက်ကောက်ထဲမှာမက်ခါအသစ်တစ်စီးထည့်ထားတယ်၊ စနစ်ကအတူတူပဲ၊ လုပ်ဆောင်ချက်ကအဆင့်မြှင့်ထားတာမို့ မင်းကိုမှတ်မိနေတုန်းပဲ။ မင်းမှတ်ဉာဏ်အမြန်ပြန်ကောင်းလာလိုက်တော့၊ ခမည်းတော်နဲ့မယ်တော်ကမင်းကိုအရမ်းသတိရနေကြတာ။"


သူ့လေသံမှာစိတ်မရှည်ဖြစ်နေပေမဲ့ သူဟာတကယ်တမ်းသူ၏စိုးရိမ်ပူပင်မှုကိုကွယ်ဝှက်ထားသည်။ သူတန့်သွားကာထပ်ပေါင်းပြောလိုက်သည်။

"မင်းရဲ့မရီးကကပ်ခွာတွေကိုကြိုးစားပမ်းစားလုပ်ထားတာ၊ မင်းမဖြုန်းတီးနဲ့တော့။"


လင်ခုံးလုသူ့မျက်နှာကိုကြောင်လက်ဖဝါးဖြင့်ပုတ်ကာ စူးစိုက်ကြည့်လိုက်သည်။


ဘာမရီးလဲ? သိသိသာသာကိုခဲအို၊ အဲ့လေ၊ ယောက်ဖဖြစ်သင့်တာလေ။


လန်ခဲ့လည်းထူးဆန်းသွားပုံရသည်၊ ဒီညီလေးကဘာလို့အမြဲတမ်းအစ်ကိုဖြစ်ချင်နေရတာလဲ။ ပြီးတော့ညီလေးကိုယ်ပေါ်ကကြောင်က....ခယ်မလေးတော့မဟုတ်ဘူးမလား။


မောက်လောင်ရယ်ရဲ့နာမည်က"ကြောင်"ဖြစ်နေတာမဆန်းပါဘူး၊ သူ့ညီလေးကဘယ်လိုပျော်ရမလဲတကယ်သိတာပဲ။


ဒါပေမဲ့လန်ဇယ်ခုနကပြောသွားတဲ့ဧကရာဇ်နှင့်ဧကရီကိုတွေးမိသွားတော့ သူမှတ်ဉာဏ်ပြန်ကောင်းလာရင်တောင် သူအကြောင်းမဲ့အပြစ်ရှိစိတ်နှင့်မျှော်လင့်စောင့်စားမှုခံစားလိုက်ရဆဲပင်။


လန်ဇယ်မှာဒီအကြောင်းဂရုစိုက်ဖို့အချိန်မရှိပေ၊ သူလက်မြှောက်လိုက်ပြီး သူ့မျက်နှာကိုမကောင်းဆိုးဝါးပမာဖြတ်ရိုက်နေသည့်ကြောင်​လေး၏လက်ဖဝါးကိုဆွဲချကာ ကြောင်လေးကိုသူ့ရင်ခွင်ထဲပြန်ထည့်လျက် ဆက်ပြောလိုက်သည်။

"ငါ့မှာမင်းမရီးနဲ့အတူလုပ်စရာတစ်ခုခုရှိသေးတယ်၊ မင်းပြန်ကောင်းလာရင် မင်းလာကူညီလို့ရတယ်၊ အခြားပြဿနာတွေကိုတော့ မျိုးနွယ်စုခေါင်းဆောင်ကမင်းကိုရှင်းပြလိမ့်မယ်။"


သူနှင့်လင်ခုံးလုမှာမျိုးနွယ်စုခေါင်းဆောင်ဆီကကြယ်သူခိုးအကြောင်းများစွာလေ့လာသိရှိခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင်ဆီကနှစ်ပေါင်းများစွာစုဆောင်းခဲ့သည့်လျို့ဝှက်သတင်းအချက်အလက်တချို့ပါရရှိခဲ့သည်။ နောက်လာမည့်ကိစ္စအတွက်ကတော့ မျိုးနွယ်စုခေါင်းဆောင်ကသိပ်မကူညီနိုင်သဖြင့် သူတို့ကိုခေါ်သွားတာကအဆင်မပြေပေ။


လန်ခဲ့ကလှုပ်ရှားရအဆင်မပြေတာမို့ သူမျိုးနွယ်စုခေါင်းဆောင်ကိုသူ့ကိုဂရုစိုက်ခိုင်းခဲ့သည်။


လန်ခဲ့သူတို့ထွက်သွားတာကိုကြည့်နေမိသည်။ အချိန်အတော်ကြာပြီးမှ သူနေရာလွတ်လက်ကောက်ကိုငုံ့ကြည့်ကာ မျိုးနွယ်စုခေါင်းဆောင်ကိုမေးလိုက်မိသည်။

"သူတို့အဲ့ကြယ်သူခိုးတွေကိုသွားရှင်းတာလား။"


"ဟုတ်တယ်။" မျိုးနွယ်စုခေါင်းဆောင်ကစိတ်လှုပ်ရှားကာပျော်ရွှင်နေပုံပင်။


လန်ခဲ့လက်ကောက်ဝတ်ကိုခပ်တင်းတင်းဖျစ်ညှစ်ကာ ပြုံးလိုက်ပြီးမှတစ်အောင့်ကြာတော့ အခန်းထဲပြန်လှည့်သွားကာ ကြောင်လက်ဖဝါးရာကပ်ခွာကိုထုတ်လိုက်သည်။


သူအမြန်ဆုံးပြန်ကောင်းမှရမယ်။ အစ်ကိုတစ်ယောက်ကဘယ်လိုလုပ်သူ့ညီလေးနဲ့သူ့ခယ်မကိုသူ့ကိုဂရုစိုက်ခိုင်းရမှာလဲ။


လင်ခုံးလုနှင့်လန်ဇယ်တို့မြို့ကအတူထွက်လာပြီးနောက် သူကအိမ်မွေးကြောင်ကကြောင်ရိုင်းအဖြစ်ပြောင်းသွားသည့်ပမာ ပတ်ပြေးနေတော့သည်။


လန်ဇယ်၏နှဖူးပေါ်မှာအပြာရောင်သွေးကြောများထောင်လာရပြီး သူသူ့ပုခုံးပေါ်တက်လာချိန်မှာ သူကုပ်ပိုးကိုအမြန်ဆွဲညှစ်ပြီးအသိပေးလိုက်သည်။

"မင်းရဲ့ဆင်ခြင်တုံတရားဘယ်ရောက်သွားလဲ။"


လင်ခုံးလုကအမြှီးနှင့်ခြေထောက်များကိုကွေးလျက် အပြစ်ကင်းစင်စွာဆိုလာသည်။

"ဗီဇကြောင့်ဖြစ်သွားတာရယ်။"


လန်ဇယ်ဆွံ့အသွားရကာ သူ့ကိုသူ့အိတ်ကပ်ထဲထည့်ပြီး ကြောင်လေး၏နားရွက်များကိုအသာညှစ်ကာပြောလိုက်သည်။

"ရိုးသားမှုရှိစမ်းပါ။"


"မလုပ်နဲ့၊ ကျွန်တော်အပြင်ထွက်ချင်တယ်၊ အပြင်ထွက်ခွင့်ပေးလို့။"

လင်ခုံးလုအိတ်ကပ်ထဲမှာအပြင်းအထန်ရုန်းကန်လှုပ်ရှားနေမိသည်။


လန်ဇယ်၏နှုတ်ခမ်းထောင့်အသာတွန့်သွားရကာ သူကြောင်လေး၏ခေါင်းကိုကိုင်ပြီးပြောလိုက်သည်။

"မင်းလျှောက်ပြေးနေတုန်းကြွက်နဲ့တိုးရင် မင်းရုတ်တရက်စိတ်လွတ်သွားမှာမကြောက်ဘူးလား။"


လင်ခုံးလု: "...."


ကြောင်အေးခဲသွားရသည်၊ ကြောင်မလုပ်နိုင်ဘူး။


သူကြွက်ကြောက်လို့မဟုတ်ဘဲ ကြွက်ကိုတကယ်မကိုက်ချင်တာ။


ဒါပေမဲ့ အဲ့လိုဖြစ်သွားမှာစိုးရိမ်မိတယ်။


ထိုညကသူနှင့်လန်ဇယ်အတူအပြင်ထွက်ခဲ့ကြသည်။ ​ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကြွက်တစ်ကောင်ကရုတ်တရက်သူတို့ရှေ့ကိုခုန်ဝင်လာသည်။


လင်ခုံးလု၏မျက်လုံးများတောက်သွားကာ ကြောင်လေး၏အမွှေးမှာစိတ်လှုပ်ရှားမှုဖြင့်တုန်ရီသွားသည်။ စဥ်းပင်မစဥ်းစားဘဲ သူဝှစ်ခနဲခုန်အုပ်လိုက်သည်။


ကြွက်ကသူ၏ပြိုင်ဘက်မဟုတ်တာမို့ ၎င်းကပတ်ပြေးပြီးတစ်ခဏအကြာမှာသူ့လက်ဖဝါးဖြင့်ဖိချခံလိုက်ရတော့သည်။


လင်ခုံးလုမှာတိုက်ပွဲနိုင်သွားသည့်အလား သူရဲကောင်းဆန်သောစိတ်အခြေအနေတွင်ရှိနေလျက်။ သူ့မုတ်ဆိတ်တုန်ခိုက်သွားကာ သူ့လက်ဝါးအောက်ကကြောင်ဆီပါးစပ်ဟလိုက်သည်--


"ရပ်လိုက်!" လန်ဇယ်နှင့်စနစ်မှာပြိုင်တူအော်ပြောလိုက်မိသည်။


0687ကြေကွဲသွားရသည်။

"စိတ်ငြိမ်ငြိမ်ထားစမ်းပါ၊ Hostရာ၊ ​ကြောင်ဗီဇလွှမ်းမိုးတာမခံနဲ့လေ၊ မင်းမှာအသန့်ကြိုက်ရောဂါရှိတာကို!"


လန်ဇယ်သူ့ကိုတိုက်ရိုက်ကောက်ချီလိုက်ပြီးမှ ကြွက်ကိုအဝေးကန်ထုတ်ပစ်ကာ မျက်နှာမည်းဖြင့်ပြောလိုက်သည်။

"ဒီတစ်ခေါက်ပြီးရင် ကိုယ်မင်းကိုဘယ်တော့မှကြောင်အဖြစ်မပြောင်းခိုင်းတော့ဘူး။"


လင်ခုံးလုမှာကောက်ချီခံလိုက်ရပြီးနောက် တစ်အောင့်ကြာကြောင်အမ်းသွားပြီးမှ အသိပြန်ဝင်လာကာ ချက်ချင်း"ဖွီ ဖွီ ဖွီ"ဟုဆိုတာကာထိုးနှက်လိုက်သည်။

"အဲ့ဒါခင်ဗျားအမှားပဲ၊ ကျီးပါးစပ်ရဲ့။"


သူ့ကိုကြွက်ကိုကိုက်မိလုနီးပါးဖြစ်သွားစေတာ။


လန်ဇယ်မျက်နှာထက်အမည်းစင်းများပေါ်လာရသည်၊ ဒီကြောင်မှာအခြားစွမ်းရည်မရှိပေမဲ့ အပြစ်တင်တဲ့စွမ်းရည်ကတော့တော်တော်လေးသန်မာတာပဲ။


ကံကောင်းစွာဖြင့် ထိုဖြစ်ရပ်အပြီးတွင်မတော်တဆဖြစ်ရပ်များမရှိတော့ဘဲ လူတစ်ယောက်နှင့်ကြောင်တစ်ကောင်မှာအလိုလိုနားလည်စွာပူးပေါင်းဆက်ဆံလိုက်ရာ ထိုကြယ်သူခိုးများ၏ခံတပ်နှင့်ဗဟိုစခန်းတည်နေရာကိုရှာတွေ့ဖို့အချိန်သိပ်မကြာလိုက်ပေ။


တတိယအခြေစိုက်စခန်း၏ရေတပ်မှာဝေါ်လန်ကြယ်ဂြိုဟ်မှထွက်ခွာလာပြီပင်။ လန်ဇယ်၏အမိန့်အရ ၎င်းကဆားရယ်ဂြို​ဟ်နှင့်သိပ်မဝေးသောနေရာကဟင်းလင်းပြင်မှာပုန်းကွယ်နေပြီး အချိန်မရွေးဝင်တိုက်ဖို့အသင့်ဖြစ်နေသည်။


ထို့အပြင် ဆားရယ်ဂြိုဟ်ကိုတိုက်ခိုက်ဖို့က စစ်တပ်ခွန်အားနှင့်အမိန့်အာဏာအရလွယ်ကူပေမဲ့ သံတမန်ရေးရာမှာတော့ပြဿနာတစ်မျိုးရှိသည်။


ဆားရယ်ဂြိုဟ်ကိုကြယ်သူခိုးနှင့်ဇာ့ဂျ်များကနှစ်ပေါင်းများစွာအပိုင်စီးထားသည်။ ၎င်းမှာလွတ်လပ်သောဂြိုဟ်ဖြစ်ပုံရပေမဲ့ တကယ်တော့အမည်အားဖြင့်ဖယ်ဒရယ်အစိုးရကပိုင်ဆိုင်သည်။


ဖယ်ဒရယ်ကဒီနေရာကိုရှင်းလင်းဖို့ရာမစွမ်းဆောင်နိုင်သဖြင့် သူတို့ကရိုးရှင်းစွာလွှတ်ထားလိုက်တော့သည်။ အချိန်ကြာလာတော့ ဒီနေရာကဂရုစိုက်မခံရသည့်ပရမ်းပတာကြယ်ဂြိုဟ်တစ်လုံးဖြစ်လာသည်။


သို့သော် ဖယ်ဒရယ်ကအရေးမစိုက်ပေမဲ့ ၎င်းကိုဖယ်ဒရယ်ကမပိုင်ဆိုင်ဟုမဆိုလို။ အင်ပါယာကစစ်သည်လွှတ်ချက်ရင် ဖယ်ဒရယ်နှင့်အရင်ကြိုဆွေးနွေးရမည်ပင်။ အဆုံးမှာ သူတို့ကကြယ်သူခိုးမဟုတ်ပေရာ သူတို့သာစကားတစ်ခွန်းမဆိုဘဲတိုက်ခိုက်လိုက်ရင် ပဋိပက္ခများဖြစ်လာဖို့လွယ်ကူသည်။


လန်ဇယ်ကသိသိသာသာကိုမဆွေးနွေးချင်ပေ။ သူ့အ​မြင်အရ စေ့စပ်ဆွေးနွေးအပြီးမှာလီလီပန်းအေးစက်သွားပေလိမ့်မည်။ ထို့အပြင် ဖယ်ဒရယ်ကမယုံကြည်ရပေ။ အထဲကကြယ်သူခိုးများထဲမှာစပိုင်ရှိနိုင်သည်။ သူတို့ကိုအသိပေးတာကကြယ်သူခိုးများကိုအသိပေးတာနှင့်ညီမျှသည်။


ဧကရာဇ်ကသူစေ့စပ်ဆွေးနွေးတာကိုမစောင့်ဘဲသွားတိုက်မှာစိုးသဖြင့် ထပ်ခါတလဲလဲခေါ်ဆိုကာပြောလာသည်။

"ခမည်းတော်မင်းကိုအသိပေးတဲ့အခါကျမှဝင်တိုက်နော်။"


လန်ဇယ်မှာဖုန်းဖြေတုန်းကဟုတ်ကဲ့ဟုပြောလိုက်ပေမဲ့ ဖုန်းချပြီးနောက်သူရေတပ်ကိုအမိန့်ပေးလိုက်သည်။

"ဒီညဝင်တိုက်မယ်။"


လင်ခုံးလုနားထောင်နေပြီး ကြောင်မှလူအဖြစ်ချက်ချင်းပြောင်းလဲကာ လက်ကောက်ကိုမြှောက်ပြီး မျှော်လင့်တကြီးမေးလိုက်မိသည်။

"ကျွန်တော်လဲပါရမှာလား။"


လန်ဇယ်: "...."


လင်ခုံးလု: "!" ဖာ့ခ်၊ အသွင်ပြောင်းပြီးနောက်မှာအဝတ်အစားမပါဘူးပဲ!


သူအလွန်စိုးရိမ်ကြောက်လန့်သွားရကာ သူ့ကိုယ်သူစောင်အပါးဖြင့်အမြန်ထုပ်ပိုးလိုက်မိသည်။


လန်ဇယ်ချောင်းအသာဟမ့်ကာ သူ့မျက်လုံးများကအကြည့်လွှဲသွားပြီး သူ့လေသံမှာတည်ငြိမ်မနေပေ။

"နောက်တစ်ခါကျ ဘာမှမပြောဘဲပြန်မပြောင်းနဲ့။"


သမာဓိအားကိုစမ်းသပ်တာများသွားပြီ။


သူဒီအတိုင်းထိုင်နေပြီးဘာမှမလုပ်ချင်တာမဟုတ်ဘဲ တကယ်နောက်ကျနေ​ပြီမို့လို့။


ထိုညတွင် အာကာသဟင်းလင်းပြင်ထဲမှာပုန်းနေသည့်တော်ဝင်ရေတ​ပ်ရုတ်တရက်ဆားရယ်ဂြိုဟ်ပေါ်တိုက်စစ်ဆင်လိုက်သည်။ တစ်ချိန်တည်း၌ ဆားရယ်ကြယ်ဂြိုဟ်ပေါ်ကကြယ်သူခိုး၏ဗဟိုစခန်းမှာလည်း ဖော်မပြတတ်အောင်ပေါ်လာသည့်မက်ခါနှစ်စီး၏ရုတ်တရက်ဝင်တိုက်ခြင်းခံလိုက်ရသည်။


မက်ခါနှစ်စီးမှာတစ္ဆေများပမာပေါ်လာပြီး တိုက်ခိုက်ပြီးနောက်ပျောက်သွားကာ သိပ်မကြာခင်နောက်ကိုသြဒိနိတ်မှာပေါ်လာပြီး အတိအကျတိုက်ခိုက်လာသည်။


ကြယ်သူခိုးများမှာအကာအကွယ်မဲ့သွားပြီး အပြင်ကရေတပ်မှာလည်းတော်ဝင်စစ်တပ်ထံမှတိုက်ခိုက်ခံလိုက်ရသည်။ ဗဟိုစခန်းကကြယ်သူခိုးများမှာရုတ်ခြည်းပြာယာခတ်လျက် တော်ဝင်စစ်တပ်ကဘာမှအသိမပေးဘဲဆားရယ်ဂြိုဟ်ပေါ်ရောက်လာသည်ဟုတွေးနေကြပေမဲ့ နာရီဝက်ကြာတိုက်ခိုက်မှုမှာသူတို့မှာတကယ်တမ်းမက်ခါနှစ်စီးသာရှိမှန်းသူတို့သတိမထားမိပေ။


သူတို့တုံ့ပြန်ချိန် နောက်ကျလွန်းသွားပြီ။


နေဝင်ရီတရောအချိန်မှမနက်စောစောအထိ တတိယစစ်အခြေစိုက်စခန်း၏ရေတပ်ကဆားရယ်ဂြိုဟ်ကိုအလင်းအရှိန်ဖြင့်ဖြိုချခဲ့ပြီး ရိုက်ချက်များမှာတိကျလျက် ဗုံးအားလုံးကကြယ်သူခိုး၏ဗဟိုစခန်းကိုဖျက်ဆီးပစ်သွားကာ ပြည်သူတစ်ယောက်မှဒဏ်ရာမရခဲ့ပေ။


လူအများအပြားမှာမနက်နိုးလာပြီး တော်ဝင်ရေတပ်အလံကိုမြင်လိုက်ရချိန်မှသာ မနေ့ညကမိုးကြိုးပစ်တာမဟုတ်ဘဲတကယ့်တိုက်ပွဲဖြစ်သွားမှန်းသဘောပေါက်သွားလေတော့သည်။


စစ်ပွဲပြီးဆုံးသွားချိန် လဝက်ကျော်ကြာကုန်ဆုံးသွားလေပြီ။


လန်ဇယ်၏ရေတပ်ကဆားရယ်ဂြိုဟ်ကိုယာယီတာဝန်ယူကာ ဖယ်ဒရယ်နှင့်စတင်စေ့စပ်ဆွေးနွေးတော့သည်။


ခွင့်ပြုချက်မရှိဘဲလုပ်ဆောင်သွားသည့်သူ၏လုပ်ရပ်မှာသူ့ကိုဧကရာဇ်ထံမှဆူငေါက်ခံရသွားစေခဲ့ပေမဲ့ ဧကရာဇ်ကဆူငေါက်ပြီးနောက် ပါလီမန်ထဲကမကျေနပ်သံများကိုကူညီဖိနှိပ်ပေးပြီးနောက် သူ့ကိုကူညီကာဖယ်ဒရယ်နှင့်စေ့စပ်ဆွေးနွေးပေးခဲ့သည်။


တော်ဝင်စစ်တပ်ရောက်ရှိလာမှုကြောင့် ဆားရယ်ကြယ်ဂြိုဟ်၏နေထိုင်သူအများစုမှာအလွန်ပျော်ရွှင်နေကြသည်။ အဆုံးတွင် သူတို့ကကြယ်သူခိုးများထံမှအကြာကြီးဖိနှိပ်ခံခဲ့ရပြီး အထူးသဖြင့်တော်ဝင်စစ်တပ်ကကြယ်သူခိုးများဖမ်းဆီးသွားခဲ့သည့်ရေသူများစွာကိုကယ်တင်ပေးခဲ့မှန်းသူတို့သိလိုက်ရသည်။


တဖြည်းဖြည်းချင်းနှင့် ရေသူများစွာမှာသူတို့၏သရုပ်မှန်ကိုဖုံးကွယ်မထားတော့ဘဲ ရေသူစကပ်ဝတ်ကာ လမ်းမပေါ်မှာပေါ်တင်လျှောက်ရဲလာကြသည်။


လင်ခုံးလုနှင့်လန်ဇယ်တို့မျိုးနွယ်စုခေါင်းဆောင်နေထိုင်သည့်မြို့ငယ်လေးဆီပြန်သွားတော့ မြို့ငယ်လေးမှာပြောင်းလဲသွားပြီဖြစ်ကြောင်းမြင်လိုက်ရသည်။ လူတို့၏မျက်နှာထားမှာထုံထိုင်းကာမှိုင်တွေမနေတော့ဘဲ ပျော်ရွှင်မှုတို့ပြည့်လျက်ရှိသည်။


သူတို့ကပွဲတော်တစ်မျိုးမျိုးကိုဂုဏ်ပြုနေပုံပင်။ ရေသူများစွာမှာလှပသောရေသူစကပ်ဝတ်ကာ လမ်းမပေါ်မှာသီဆိုကခုန်နေကြသည်။


လင်ခုံးလုအံ့သြသွားရသည်။ သူဒီလောက်လှပကာအရောင်စုံသောငါးမြှီးအများကြီးကိုတစ်ခါမှမမြင်ဖူးပေ။ သူ့မျက်လုံးများသွားရာနေရာတိုင်းမှာသူတို့ကိုမြင်နိုင်ပေရာ ကြောင်မျက်လုံးများမှာမှုန်ဝါးလာတော့မည်ပင်။


"ငါးအများကြီးပဲ၊ ဒါကနိဗ္ဗာန်ဘုံလား။"

သူကြောင်နားရွက်လေးများကိုစိတ်လှုပ်ရှားစွာလှုပ်ခါလိုက်မိသည်။


ဒါပေမဲ့နောက်တစ်စက္ကန့်တွင် ကြောင်နားရွက်လေးများမှာရုတ်ခြည်းဆွဲညှစ်ခံလိုက်ရပြီး လန်ဇယ်ကသူ့မျက်နှာကိုမည်းမှောင်ကာ သူ့နားထဲမှာတီးတိုးပြောလာသည်။

"မဟုတ်ဘူး၊ ငရဲပဲ!"


"မြှောင် ဝ် ဝ်-----"


______________________________________