လင်ခုံးလုလည်းရေသူကယ်ဆယ်မှုမှာပါဝင်ခဲ့သည်။ သူကရွှေရောင်တောက်ပနေသည့်မက်ခါကိုမောင်းနှင်ပြီး ကြယ်သူခိုးဗဟိုစခန်းဆီချောမောခန့်ညားစွာတဟုန်ထိုးပြေးဝင်သွားခဲ့ကာ အကယ်တင်ခံရေသူများစွာပေါ်တွင်နက်ရှိုင်းသောအမြင်တစ်ခုချန်ရစ်ထားခဲ့သည်။
သူနှင့်လန်ဇယ်မှာမြို့ငယ်လေးထဲကရေသူအများအပြားကိုကယတင်ခဲ့သည်။ သူတို့ကသူ့ကိုမြင်လိုက်ရချိန် ဒီရေသူများကငါးခြောက်ကိုစိတ်အားထက်သန်စွာဖြင့်(သို့)ရှက်ရွံ့စွာပေးလာကြသည်။
ဟုတ်တာပေါ့၊ ရေသူများမှာလန်ဇယ်ကိုပါပေးချင်ပေမဲ့ လန်ဇယ်၏မျက်နှာကအရမ်းကြောက်စရာကောင်းနေတာမို့ သူတို့အနားမကပ်ရဲဘဲ အဆုံးမှာသူတို့အကုန်လုံးကငါးခြောက်ကိုလင်ခုံးလုဆီပေးလိုက်တော့သည်။
လင်ခုံးလုကငါးခြောက်လေးကိုပွေ့ပိုက်ကာ သီဆိုကခုန်နေသည့်ရေသူများကိုမျက်လုံးတောက်တောက်လေးများဖြင့်ကြည့်လိုက်ပေမဲ့ "ဒါကနိဗ္ဗာန်ဘုံပဲ"ဟုသူသက်ပြင်းချမိရုံရှိသေး လန်ဇယ်ကသူ့ကြောင်နားရွက်လေးကိုလှမ်းဆွဲလာသည်။
"ငါးအများကြီးပဲ၊ ဟုတ်တယ်မလား။"
လန်ဇယ်ကမည်းတူးသောမျက်နှာဖြင့်သူ့နားထဲမှာအံကြိတ်ပြောလာသည်။
လင်ခုံးလုတုန်ခိုက်သွားရကာ အဆွဲမခံထားရသည့်အခြားကြောင်နားရွက်တစ်ဖက်မှာလေယာဥ်ပျံနားရွက်အဖြစ်အလိုလိုခေါက်သွားပြီး သူ့ခေါင်းနားကပ်သွားကာ သူအမြန်ရှင်းပြလိုက်ရသည်။
"ကျွန်တော်ဆိုလိုတာက ဒီမှာအကယ်ခံထားရတဲ့ရေသူတွေအများကြီးပဲလို့၊ သူတို့ကအခုဆိုအရမ်းပျော်နေကြတာ၊ ကောင်းကင်ဘုံမှာနေနေသလိုပဲ။"
လန်ဇယ်ဒါကိုမယုံပေ၊ သူကသူ့ကိုစစ်သဘော်ထံတိုက်ရိုက်ပြန်ဆွဲခေါ်သွားကာ အခန်းထဲဝင်ပြီး တံခါးပေါက်ကိုပိတ်လိုက်ပြီးမှ သူ့ကိုအိပ်ရာပေါ်မှာဖိချလိုက်သည်။
လင်ခုံးလု: "!" ဒီလောက်လင်းထင်းနေတဲ့နေ့အချိန်ကြီးမှာ မင်းဘာလုပ်မလို့တုန်း?
လန်ဇယ်ကြောင်နားရွက်လေးများကိုပုတ်သွင်းလိုက်ပြီး ခါးကိုင်းကာသူ့ကိုတစ်အောင့်ကြာစိုက်ကြည့်လိုက်ပြီးမှ ရုတ်တရက်သူ့ခေါင်းပေါ်ကိုစောင်အပါးဆွဲအုပ်လိုက်သည်။
"ဘာလုပ်မလို့လဲ။"
သူအတတ်နိုင်ဆုံးကြိုးစားကာစောင်အပါးကိုဆွဲဖယ်လိုက်ပြီး သူထထိုင်လိုက်ချိန်မှာ လန်ဇယ်ကသူမမြင်လိုက်ခင်မှာခြေထောက်ကိုငါးမြှီးအဖြစ်ပြောင်းလိုက်ပြီဖြစ်ကြောင်းသူမြင်လိုက်ရသဖြင့်အံ့အားသင့်သွားရသည်။
လင်ခုံးလု: "???"
လန်ဇယ်သူ့မေးစေ့ကိုဖျစ်ညှစ်ကာ မျက်နှာသေဖြင့်ပြောလိုက်သည်။
"မင်းနောက်ကျငါးမြှီးကိုမြင်ချင်ရင် ကိုယ့်ကိုပြော၊ အခြားလူတွေဟာတွေကိုသွားမကြည့်နဲ့။"
သူကားတည်ငြိမ်နေပုံရပေမဲ့ သူ့နားရွက်ဆူးတောင်များတော့ဖြင့်နီစွေးနေလျက်။
လင်ခုံးလုမှာသိသိသာသာကိုသတိထားမိသွားပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စိတ်သောကရောက်ချင်ယောင်ဆောင်လိုက်သည်။
"ဒါပေမဲ့ခင်ဗျားရဲ့ငါးမြှီးကအရောင်မစုံဘူးလေ။"
လန်ဇယ်: "....." အရင်ကလှလိုက်တဲ့ငါးမြှီးဆိုပြီးချီးကျူးခဲ့တာဘယ်သူတုန်း?
"ခင်ဗျားရေသူစကပ်ဝတ်လိုက်ရင် အရောင်ပိုစုံသွားမှာရယ်။"
လင်ခုံးလုရိုးသားစစ်မှန်စွာပြောလိုက်သည်။
"အပြင်ကအဲ့ရေသူတွေရေသူစကပ်ဝတ်ထားတော့ သူတို့တွေအရမ်းလှတာပဲ။"
လန်ဇယ်အံကြိတ်ကာတစ်အောင့်ကြာမှခေါင်းငြိမ့်ပြီးပြောလိုက်သည်။
"ရတယ်၊ ဒါပေမဲ့နောက်ကျရင်မင်းအခြားရေသူတွေကိုလုံးဝကြည့်ခွင့်မရှိဘူး။"
လင်ခုံးလု၏မျက်လုံးများတောက်ပသွားရကာ သူတကယ်လက်ခံမည်ဟုလုံးဝမထင်ထားမိသဖြင့် ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
"အမ်းးး၊ သေချာပေါက်မကြည့်ဘူး။"
နာရီဝက်ကြာပြီးနောက် လန်ဇယ်ကမထင်မှတ်ထားစွာဖြင့်အပြာရင့်ရောက်ရေသူစကပ်တကယ်ဝတ်ကာ လင်ခုံးလုရှေ့မှာရပ်ပြလာသည်။
သူ့မျက်လုံးမှာအေးစက်စက်စိမ်းလဲ့နေပြီး သူ့အပေါ်ပိုင်းခန္ဓာကိုယ်မှာတော်ဝင်စစ်တပ်ယူနီဖောင်းဝတ်ထားကာ သူ့ကိုယ်အောက်ပိုင်းမှာတော့ဖြင့်ညကောင်းကင်ပမာအပြာရင့်ရောင်ရေသူစကပ်ဝတ်ထားသည်။ ၎င်းမှာမထူးဆန်းပေမဲ့ ထူးခြားဆန်းကြယ်ကာခမ်းနားကြီးကျယ်မှုအနည်းငယ်ထပ်ပေါင်းဖြည့်လျက်ရှိသည်။
လင်ခုံးလု၏မျက်နှာထားမှာဗလာကျင်းသွားရပြီး အိပ်မက်ထဲမှာရှိနေသည့်အလား သူမယုံကြည်နိုင်သေးပေ။
"ခင် ခင်ဗျား...." သူ့မျက်နှာအနည်းငယ်နီစွေးသွားပြီး သူ့ကြောင်မျက်လုံးများစိုစွတ်သွားလျက် သူကြည့်ချင်ပေမဲ့မကြည့်ရဲဘဲ သူကစကပ်ဝတ်ထားရသည့်တစ်ယောက်ပမာ ဟိုဟိုဒီဒီရှောင်တိမ်းနေမိသည်။
ဆန့်ကျင်ဘက်အနေဖြင့် မတိုင်ခင်ကအမြဲတစေမည်းမှောင်သောမျက်နှာရှိနေတတ်သည့်လန်ဇယ်မှာတော့ ဒီအခိုက်အတန့်မှာတည်ငြိမ်အေးဆေးနေပုံရပြီး ရှေ့တိုးကာသူ့မေးစေ့ကိုပင့်လျက် မေးလိုက်သည်။
"ကြိုက်လား။"
"ကြိုက် ကြိုက်တယ်။" လင်ခုံးလုအလိုလိုခေါင်းငြိမ့်လိုက်မိသည်။
လန်ဇယ်နှုတ်ခမ်းကွေးကာရယ်မောလိုက်ပြီး ခါးကိုင်းကာသူ့ကိုဖိချလိုက်ပြီး သူ့နားထဲမှာပြောလိုက်သည်။
"ဒါဆို...အမြဲကြိုက်ရမယ်ဆိုတာမှတ်ထား။"
သူပြောရင်းဖြင့် သူစကပ်ကိုလှန်ကာ ကောင်လေးကိုအေးစက်စက်မျက်ဝန်းစိမ်းတို့ဖြင့်စိုက်ကြည့်လျက် အခြားလက်တစ်ဖက်ကတစ်ဖက်လူ၏ခါးကိုဖိချလိုက်ပြီး ကြက်သွန်နွှာနေသည့်အလား သူကအရမ်းအလျင်စလိုမဖြစ်ပေ။
လင်ခုံးလုကြောင်အမ်းသွားရသည်၊ ဒီလူဘယ်တုန်းကခြေထောက်ပြန်ပြောင်းလိုက်တာလဲ။
(*ကိုယ်ပျောက်ကားတစ်ဖြတ်*)
နောက်တစ်နေ့ မောက်လောင်ရယ်မှာသူ၏ထုံကျင်နေသောခါးကိုကိုင်ကာ စကပ်ကိုဒေါသတကြီးလွှင့်ပစ်လိုက်မိသည်။
ယွီလူကြီးမင်းကသူ့နားထဲလေမှုတ်သွင်းလာသည်။
"ကိုယ်သေချာတွေးကြည့်လိုက်တော့ စကပ်ဝတ်တာကတကယ်ပိုအဆင်ပြေသားပဲ။"
လင်ခုံးလုသူ့ကိုခါးသီးစွာစူးစိုက်ကြည့်ကာပြောလိုက်သည်။
"ကျွန်တော်မနက်စာကိုငါးလိုချင်တယ်။"
"အွန်း။" လန်ဇယ်မျက်လုံးအသာမှေးစင်းကာ ပျင်းရိပျင်းတွဲအသံဖြင့်ပြောလိုက်သည်။
ဒီအခိုက်အတန့်ကား သူကားသူ့ဇနီးလေးဘာမေးမေး အလိုလိုသဘောတူမည့်အလား စိတ်ကျေနပ်နေသယောင်။
လင်ခုံးလု: "ကျွန်တော်အူတိုငါး၊ ငါးသနပ်၊ ချိုချဥ်ငါး၊ ရှာလကာရည်နဲ့နှပ်ထားတဲ့ငါးလိုချင်တယ်...."
လန်ဇယ်: "....."
လင်ခုံးလုနှင့်လန်ဇယ်မှာလန်ခဲ့ကိုခေါ်ဖို့ မြို့ငယ်လေးဆီပြန်သွားခဲ့ကြသည်။
တစ်ဖက်လူကမှတ်ဉာဏ်ပြန်မကောင်းလာပေမဲ့လည်း အင်းဆက်အဆိပ်ကပျောက်ကင်းလုနီးပါးဖြစ်ကာ သူ့ခြေထောက်မှာမတ်တပ်ရပ်ကာလမ်းလျှောက်နိုင်ပြီဖြစ်သည်။
ယခင်စစ်ပွဲ၏အဆုံးသတ်တွင် အရှက်ရစွာထွက်ပြေးသွားကြသည့်ကြယ်သူခိုးတစ်အုပ်မှာမြို့ငယ်လေးထဲဝင်ရောက်လာပေမဲ့ သူမက်ခါမောင်းပြီးသူတို့ကိုရှင်းပစ်ခဲ့တာကိုကျေးဇူးတင်ရမည်။
လန်ဇယ်မှာဗိုက်ပြည့်ကာစိတ်အခြေအနေကောင်းလျက်ရှိသည်။ သူလန်ခဲ့ကိုမြင်လိုက်ရသော် သူဆက်တိုက်ပြုံးကာပြောလိုက်သည်။
"မဆိုးပါဘူး၊ နောက်ဆုံးတော့အရင်ကနဲ့နည်းနည်းတူလာပြီပဲ၊ ကြောင်လက်ဖဝါးရာကပ်ခွာကသုံးရလွယ်တယ်မဟုတ်လား။ ဒါနဲ့ အစ်ကို၊ မောက်မောက်မက်ခါမောင်းတာကိုမင်းမမြင်ဖူးလောက်ဘူး၊ ငါ့အထင် သူကအခုဆိုမင်းထက်ပိုတော်နေပြီလေ။"
လန်ခဲ့: "....." ဒီလူကအမြှီးဖြန့်ပြနေတဲ့ဒေါင်းလိုပဲ၊ နေရာတိုင်းမှာကြွားဝါနေသလိုငါအမြဲခံစားရတယ်။
တစ်ပတ်ကြာပြီးနောက် အင်ပါယာနှင့်ဖယ်ဒရယ်ကြားကစေ့စပ်ဆွေးနွေးမှုမှာလည်းရလဒ်ရှိလာပြီဖြစ်သည်။
ဖယ်ဒရယ်ကဆားရယ်ကြယ်ဂြိုဟ်မပေါ်ထိန်းချုပ်မှုဆုံးရှုံးသွားခဲ့တာကြာပြီဖြစ်သည်။ ၎င်းကဒီတစ်ခေါက်၎င်း၏စိတ်မကျေမနပ်ဖြစ်မှုကိုဖော်ပြလာပေမဲ့လည်း ဒီအတိုင်းပြောရရင် ၎င်းကဒီကိစ္စကိုအခွင့်ကောင်းယူပြီး အကျိုးအမြတ်ရှာကာကြောင်လက်ဖဝါးရာကပ်ခွာကိုလိုချင်လာလိမ့်မည်ပင်။
လန်ဇယ်ကလင်ခုံးလုကိုမပင်ပန်းစေချင်သဖြင့် သူကသေချာပေါက်သဘောမတူပေ။ ကံကောင်းစွာဖြင့် ဧကရာဇ်ကကြောင်လက်ဖဝါးရာကပ်ခွာကိုသုတေသနလုပ်ပြီး နောက်ထပ်ဆေးကပ်ခွာတီထွင်ခဲ့သည်။ ဆေးကပ်ခွာအသစ်ဟာလည်းအင်းဆက်အဆိပ်ကိုကုသနိုင်ပေမဲ့ ကြောင်လက်ဖဝါးရာကပ်ခွာ၏၁၀ရာခိုင်နှုန်းသာဖြစ်သည်။
ဒါပေမဲ့ဒါကလုံလောက်ပြီပင်၊ ပြင်းထန်သောကိစ္စမဟုတ်သရွေ့ ကပ်ခွာအနည်းငယ်ပိုကပ်ပြီး နှစ်အနည်းငယ်ဖြည်းညှင်းစွာကပ်ခြင်းအားဖြင့်ပျောက်ကင်းနိုင်ပေသည်။
အဆုံးမှာဖယ်ဒရယ်ကအင်ပါယာ၏ဆေးကပ်ခွာအသစ်နှင့်အလဲအလှယ်အနေဖြင့် ဆားရယ်ကြယ်ဂြိုဟ်ကိုအင်ပါယာဆီလွှဲပြောင်းပေးရန်သဘောတူလက်ခံခဲ့သည်။
တော်ဝင်နိုင်ငံသားများမှာဒီဟာကိုကန့်ကွက်ခြင်းမရှိပေ၊ ဘာပဲဖြစ်ဖြစ် ၎င်းကရောဂါကိုကုသပြီးအသက်ကယ်ဖို့ဖြစ်သည်ပင်။ ဖယ်ဒရယ်ကလည်းဒါကိုတော်တော်လေးကျေနပ်နေတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဆားရယ်ဂြိုဟ််မှာဇာ့ဂ်ျနှင့်ကြယ်သူခိုးများနှစ်ပေါင်းများစွာအပိုင်စီးထားတာဖြစ်လို့ သူတို့လက်လျှော့အရှုံးပေးထားတာကြာပြီဖြစ်သည်။
ဆားရယ်ဂြိုဟ်၏နေထိုင်သူများကတော့ သူတို့ထဲကလူနည်းစုကသာဖယ်ဒရယ်လူများဖြစ်ပြီး အများစုမှာဒီကိုကံမကောင်းစွာမျက်စိလည်ရောက်ရှိလာသည့်တော်ဝင်နိုင်ငံသားများ၊ (သို့) အခြားဂြိုဟ်များကလူများ (သို့) အိမ်ခြေမဲ့လူများဖြစ်ကြသည်။
ဥပမာပြောရရင် မျိုးနွယ်စုခေါင်းဆောင်နှင့်လုကျား၊ မြို့ငယ်လေးထဲမှာနေထိုင်ကြသည့်လူတစ်စုမှာ သူတို့ဘိုးဘေးများကတကယ်တမ်းရေသူသွေးနှင့်တော်ဝင်နိုင်ငံသားများဖြစ်ကြသည်။ လွန်ခဲ့သောနှစ်ရာခန့်၊ သူတို့ဘိုးဘေးများဆားရယ်ဂြိုဟ်ကိုရောက်ရှိလာတုန်းက ဆားရယ်ကြယ်ဂြိုဟ်မှာလွတ်လပ်သောဂြိုဟ်တစ်လုံးဖြစ်ကာ ဖယ်ဒရယ်၏တရားစီရင်ပိုင်ခွင့်အောက်မှာမရှိသေးပေ။
ဒီတော့ အမှန်ဆို ဆားရယ်ကြယ်ဂြိုဟ်မှာတကယ်တမ်းအင်ပါယာအပိုင်ဖြစ်သည်။
"မင်းတို့ကအင်ပါယာကဆိုမှတော့ အဲ့တုန်းကဘာမှမရှိသေးတဲ့ဆားရယ်ဂြိုဟ်ကိုဘာလို့ပြောင်းလာခဲ့တာလဲ။"
တော်ဝင်မြို့တော်စစ်သဘော်ပေါ်မှာ လင်ခုံးလုကလုကျားကိုသိချင်စိတ်ဖြင့်မေးလိုက်သည်။
လုကျားကချောင်းအသာဟမ့်ကာဆိုသည်။
"ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်၇ရာ၈ရာတုန်းက အဲ့တုန်းကအင်ပါယာကမကောင်း...အဟမ်း။"
"အဲ့အချိန်တုန်းကကိုယ်တို့လန်မျိုးရိုးကဧကရာဇ်မဖြစ်သေးတော့ အင်ပါယာကရေသူအရောင်းအဝယ်လုပ်တာကိုမတားမြစ်ခဲ့တာမို့ သူတို့ရဲ့ဘိုးဘေးတွေကကပ်ဘေးကိုရှောင်ဖို့ဆားရယ်ကိုပြောင်းရွှေးတာဖြစ်မယ်။"
လန်ဇယ်ကလုကျားကိုယ်စားပြောပြီးနောက် လင်ခုံးလုကိုဖော်ညွှန်းကာပြောလိုက်သည်။
"မင်းသိချင်ရင် ကိုယ့်ကိုပဲမေးလိုက်ပါလား။"
မင်းအခုကစပြီးအခြားငါးတွေကိုမကြည့်တော့ဘူးလို့ကတိမပေးခဲ့ဘူးလား။ မျက်စိတစ်မှိတ်အတွင်းမှာ သူကပျောက်သွားပြီးနောက် မျက်နှာဖြူငါးလေးနဲ့စကားထပ်ပြောနေပြန်ပြီ။
လင်ခုံးလု: "....."
သို့သော် အင်ပါယာကရေသူအရောင်းအဝယ်ကိုတားမြစ်ပိတ်ပင်ထားပေမဲ့လည်း တိတ်တခိုးစွန့်စားနေသည့်လူများရှိနေဆဲပင်။
ဒီတစ်ခေါက်ကြယ်သူခိုးဗဟိုစခန်းကိုရှင်းပစ်ပြီးနောက် လန်ဇယ်ကအင်ပါယာပါဝင်နေသည့်မှောင်ခိုလုပ်ငန်းများစွာရှာတွေ့ခဲ့သည်၊ သူအရင်ကထင်ခဲ့တဲ့အတိုင်း သူ့ဦးရီးတော်လန်ဇယ်ကလည်းပါဝင်နေသည်။
တော်ဝင်မြို့တော်မှာ ဧကရာဇ်နှင့်ဧကရီကလည်းလန်ရုန်ကိုစစ်ဆေးလိုက်တော့ ရှေ့တန်းကလန်ဇယ်၏မတော်တဆမှုမှာလည်းတစ်ဖက်လူ၏လုပ်ရပ်ဖြစ်ကြောင်းပါသိလိုက်ရသည်။
လန်ဇယ်ကတော်ဝင်မြို့တော်ကိုပြန်ရောက်လာပြီးနောက်ပိုင်း သူကသက်သေအကုန်ယူလာကာ လန်ရုန်ကိုဧကရာဇ်နှင့်အတူကိုင်တွယ်ဖြေရှင်းခဲ့သည်။
ဒီကိစ္စများကိုဖြေရှင်းပြီးနောက် လန်ဇယ်နောက်ဆုံးမှာအားလပ်ချိန်ရကာ သူဆန္ဒရှိခဲ့သလိုမျိုးလင်ခုံးလုနှင့်လက်ထပ်ပွဲပြန်ကျင်းပသည်။
ဒါပေမဲ့ကံမကောင်းစွာဖြင့် ဖြစ်ချင်တော့လန်ခဲ့ကပါလုကျားနှင့်လက်ထပ်ပွဲကျင်းပလေသည်။ ဧကရာဇ်အပျော်လွန်သွားကာ တိုက်ရိုက်ဆုံးဖြတ်ချက်ချခဲ့သည်။
"မင်းတို့တွေတစ်ရက်ထဲသာလက်ထပ်လိုက်ကြတော့။"
လန်ခဲ့အလွန်စိတ်သောကရောက်သွားရကာ လန်ဇယ်ဆီသွားပြောလိုက်မိသည်။
"မင်းတို့တွေလက်ထပ်ပြီးပြီကို ဘာလို့ငါ့မဂ်လာရက်ကိုလာလုနေသေးတာလဲ။"
လန်ဇယ်လည်းစိတ်သောကရောက်လျက် ပြောလိုက်မိသည်။
"ငါ့အထင်မင်းကမှငါ့မဂ်လာရက်ကိုလုသွားတာပါနော်၊ မှတ်ဉာဏ်ကပြန်မကောင်းသေးဘဲနဲ့ ဘယ်လိုအိမ်ထောင်မျိုးရမှာလဲ။"
လန်ခဲ့: "....."
ကံကောင်းစွာဖြင့် ဟန်းနီးမွန်းမှာ သူတို့တစ်ယောက်နှင့်တစ်ယောက်ထပ်ဝင်မတိုးတော့ပေ။
လန်ခဲ့ကလုကျားနှင့်အတူဆားရယ်ဂြိုဟ်ကိုပြန်သွားကာ ခါးသက်မှုနှင့်ချိုမြိန်မှုကိုပြန်လည်ခံစားဖို့ဆုံးဖြတ်ခဲ့သည်။ လင်ခုံးလုကသူတို့နှင့်အတူတကယ်သွားချင်ပေမဲ့ လန်ဇယ်ကငြင်းဆန်ခဲ့သည်။
"ဆားရယ်ဂြိုဟ်မှာသာမန်ရှုခင်းပဲရှိပြီးတော့အရသာရှိတဲ့အစားအစာမရှိဘူး၊ မင်းသေချာပေါက်ပျင်းလိမ့်မယ်။"
လန်ဇယ်မျက်မှောင်ကြုတ်လိုက်သည်။
အဓိကအချက်ကအဲ့မှာရေသူတွေအများကြီးရှိတယ်၊ ဒါကအဓိကပဲ။
လင်ခုံးလုမျက်တောင်ခတ်ကာပြောလိုက်သည်။
"ဒါပေမဲ့အဲ့မှာငါးအများကြီးရှိတယ်လေ။"
"မင်းတကယ်ငါးကြည့်ချင်တယ်ဆို ကိုယ်တို့ရှန့်အာရှင်းကိုသွားလို့ရတယ်။ အဲ့ပင်လယ်မှာရွှေငါးလေးတွေသားဖောက်တဲ့နေရာရှိတော့ ရွှေငါးတွေအများကြီးရှိတယ်။"
လန်ဇယ်အံကြိတ်ကာ "ရွှေငါးလေး"ဆိုသည့်စကားလုံးကိုဖိပြောလိုက်သည်။
လင်ခုံးလုမနေနိုင်ဘဲရယ်မောလိုက်မိကာ အူတိုငါး၏လက်သန်းလေးကိုချိတ်ပြီး ပြောလိုက်သည်။
"အင်းပါ၊ စနေရုံပါဗျာ၊ ရှန့်အာရှင်းကိုသွားတာပေါ့။"
သူတန့်သွားပြီးမှ ရုတ်ခြည်းတစ်ခုခုသတိရသွားကာပြောလိုက်မိသည်။
"ပြောရရင် အရင်တုန်းကခင်ဗျားကျွန်တော့်ကိုရှန့်အာရှင်းကပြန်ခေါ်လာခဲ့တာပဲ။"
သူကလက်ထပ်ပွဲမှထွက်ပြေးသွားခဲ့သည့်အချိန်အကြောင်းပြောနေတာဖြစ်ပြီး လန်ဇယ်သိသိသာသာကိုမှတ်မိလေရာ သူ၏အေးစက်စက်မျက်ဝန်းစိမ်းထက်အပြုံးတစ်ပွင့်ပေါ်လာကာ သူပျော်ရွှင်စွာပြောလိုက်မိသည်။
"ကံကောင်းချင်တော့ ကိုယ်မင်းကိုတစ်ယောက်ယောက်လွှတ်ပြီးဖမ်းခိုင်းလိုက်တယ်လေ၊ ဒါပေမဲ့ကိုယ်ကိုယ်တိုင်မသွားနိုင်တာကံဆိုးတာပဲ။"
ဒါပေမဲ့ပို၍ပင်ကံကောင်းတာကသူ၏ပြန်လည်မွေးဖွားမှုဖြစ်ပြီး ၎င်းကသူ့ကိုကောင်လေးအစစ်ကိုသိဖို့အခွင့်အရေးပေးလာခဲ့သည်။
တကယ်တော့ သူပြန်မွေးဖွားလာတုန်းကသူအနည်းငယ်စိတ်သောကရောက်နေခဲ့ရသည်။ သူကဘဝ၏အခက်အခဲကိုဖြတ်ကျော်ခဲ့ပေမဲ့ ထီးနန်းဆက်ခံရတော့မည့်အချိန်မှာသူပြန်မွေးဖွားလာခဲ့သည်။ ၎င်းကရိုးရှင်းစွာဖော်ပြမတတ်အောင်ပင်။
ဒါပေမဲ့ဒီတစ်ခေါက်မှာသူအလွန်ကံကောင်းသည်၊ ဘုရားသခင်ကသူ့နောင်တများကိုပြန်ပြင်ဆင်ဖို့သူ့ကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးလာတာဖြစ်လောက်မည်ဟုတွေးနေမိသည်။
ရှန့်အာရှင်း၏ကိုယ်ပိုင်သမုဒ္ဒရာနယ်မြေကိုရောက်ရှိပြီးနောက် လန်ဇယ်ကလက်ခုံးလု၏လက်ကိုဆုပ်ကိုင်ကာရုတ်ခြည်းပြောလိုက်သည်။
"လက်ထပ်ပွဲညမှာတုန်းက မင်းရှန့်အာရှင်းမှာလက်ဆောင်လာဝယ်တာလို့ပြောခဲ့တာကိုကိုယ်မှတ်မိသေးတယ်။"
လင်ခုံးလု: "?" မင်းဘာလို့ဒါကိုဗြုန်းစားကြီးပြောလာတာတုန်း?
"ဒါပေမဲ့မင်းနောက်ကျမဝယ်ခဲ့ဘူးလေ။"
လန်ဇယ်ကဖိပြောသည်။
လင်ခုံးလု: "ခင်ဗျားလွှတ်လိုက်တဲ့လူဖမ်းတာခံလိုက်ရလို့မဟုတ်ဘူးလား။"
မထင်မှတ်ထားစွာဖြင့် လန်ဇယ်ကသူ့နားထဲမှာတီးတိုးပြောလာသည်။
"လူလိမ်လေး၊ မင်းအဲ့တုန်းကလက်မထပ်ချင်လို့ထွက်ပြေးသွားတာ၊ ကိုယ့်အတွက်လက်ဆောင်ဝယ်ပေးချင်လို့မဟုတ်ဘူး။"
လင်ခုံးလု: "အာ...." အကုန်လုံးကကြာပြီပဲကို အကြွေးဟောင်းတွေကိုပြန်မလှန်ပါနဲ့တော့လား။
"မရဘူး၊ မင်းကိုယ့်ကိုပြန်ပေးဆပ်ရမယ်။" လန်ဇယ်ကခပ်တိုးတိုးအသံဖြင့်သူ့နားသန်သီးကိုကိုက်လာသည်။
လင်ခုံးလုမှာအနမ်းခံရခြင်းကြောင့်ထုံထိုင်းသွားရပြီး သူ့ခြေထောက်မှာအနည်းငယ်အားနည်းသွားကာ သူမတည်မငြိမ်ပြောလိုက်မိသည်။
"ခင် ခင်ဗျားဘာလိုချင်တာလဲ။"
လန်ဇယ်: "မင်းကို။"
ငါးနှစ်ကြာပြီးနောက် လန်ဇယ်ကတော်ဝင်စစ်တပ်ကိုဦးဆောင်ကာဇာ့ဂျ်ကိုအနိုင်တိုက်ခဲ့သည်။
ဧကရာဇ်လန်ကျယ်မှာအလွန်ပျော်ရွှင်သွားပြီး စျေးဆိုင်ပိုင်ရှင်အဖြစ်နန်းစွန့်ကာ လန်ဇယ်ကိုအချိန်ဇယားကိုပိုစောစွာနန်းတက်စေခဲ့သည်။
ရလဒ်မှာအရင်ဘဝကနှင့်အတူတူပင်ဖြစ်ပေမဲ့ ထီးနန်းဆက်ခံသည့်နေ့မှာ လန်ဇယ်ကလင်ခုံးလုကိုခပ်တင်းတင်းပွေ့ဖက်ထားကာ အိပ်ရာပေါ်မှာလှဲပြီး တစ်စက္ကန့်တောင်မလွှတ်ပေးပေ။
"ဒီတစ်ခေါက်ဗြုန်းစားကြီးပြန်မမွေးဖွားလာဖို့မျှော်လင့်မိတယ်။" လင်ခုံးလုအသက်ရှုနှုန်းတဖြည်းဖြည်းချင်းပုံမှန်ဖြစ်လာချိန်မှာလန်ဇယ်နူးညံ့စွာတီးတိုးပြောလိုက်မိသည်။
လင်ခုံးလုအိပ်ချင်ယောင်ဆောင်လျက်: "......" စိတ်မပူနဲ့၊ ဒီတစ်ခေါက်တော့မဖြစ်နိုင်ဘူး။
နောက်တစ်နေ့လန်ဇယ်မျက်စိဖွင့်လိုက်တော့ သူ့ချစ်သူကသူ့ရင်ခွင်ထဲမှာရှိနေသေးမှန်းမြင်လိုက်ရသဖြင့် တိတ်တိတ်လေးသက်မချလိုက်မိသည်။
လင်ခုံးလုရွေးချယ်စရာမရှိပါဘဲ နန်းတက်ပွဲအခမ်းအနားကျင်းပစဥ်အတောအတွင်းမှာသူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ သူ့နားထဲမှာတိုးတိုးလေးပြောလိုက်မိသည်။
"ကျွန်တော်ခင်ဗျားနဲ့အမြဲတမ်းအတူရှိနေမှာပါ။"
လန်ဇယ်မသိမသာတောင့်တင်းသွားရကာ သူ့ကိုလှည့်ကြည့်လိုက်မိသည်။
လူတိုင်း၏မျက်လုံးထဲမှာ သူတို့ကလက်ချောင်းများဆုပ်ကိုင်ကာ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ပြုံးပြလိုက်ကြလေသည်။
______End of Arc(4)_____________