Chapter(77)
Viewers 10k

လင်ခုံးလု၏ကုမ္ပဏီမှာ Cမြို့တော်၏စီးပွားရေးအထင်ကရနေရာတွင်တည်ရှိပြီး အမြင့်ဆုံးအဆောက်အဦးတစ်ခုလုံးကိုပိုင်ဆိုင်သည်။ အခြားCEOများကဲ့သို့ပင် သူ့ရုံးဟာလည်းထိပ်ဆုံးအထပ်မှာဖြစ်သည်။


ဤအခိုက်အတန့်တွင် လင်ခုံးလုကဇိမ်ရှိရုံးခန်းထဲကလည်သာဆိုဖာထိုင်ခုံပေါ်မှာထိုင်နေပြီး ကော်ဖီတစ်ငုံသောက်လျက် သက်တောင့်သက်တာဖြစ်နေပုံရသည်။


ကော်ဖီသောက်ပြီးနောက် သူထရပ်ကာလမ်းလျှောက်လိုက်ပြီး ကြီးမားသောပြင်သစ်ပြတင်းပေါက်ဆီသွားကာ မနက်ခင်းအလင်းရောင်အောက်ရှိမြို့တော်ကိုလှမ်းကြည့်လိုက်သည်။


မြင့်မားသောအဆောက်အဦးအတန်းလိုက်ကပြတင်းပေါက်အပြင်မှာတည်ရှိနေပြီး တောင်တန်းများကခပ်လှမ်းလှမ်းတွင်ဆန့်တန်းလျက် အောက်မှာတော့သေးငယ်သောယာဥ်အသွားအလာနှင့်လူအုပ်ကြီးရှိသည်။ မြင့်မားသောနေရာမှာရှိနေရသည့်ခံစားချက်ကသူ့ကိုသူရဲကောင်းဆန်သည်ဟုခံစားသွားရစေကာ လက်ပိုက်လျက်သားဖြင့်ပြောလိုက်မိသည်။

"ဒါကငါတည်ဆောက်ထားတဲ့နိုင်ငံပဲ။"


0687: "...." ဒီအဆောက်အဦးပါပဲနော်။ 


"ဒါပေမဲ့လည်း အရမ်းမြင့်မြင့်မှာရပ်နေတာကအဆင်မပြေဖြစ်ပြီးတော့ဒုက္ခများတယ်ရယ်။" လင်ခုံးလုရုတ်ခြည်းသူ့လက်များကိုသူ့တင်ပါးပေါ်တင်ကာ ဝမ်းနည်းစွာသက်ပြင်းချလိုက်မိသည်။ 


သူက"အမြင့်ကအရမ်းအေးလွန်းတယ်"ကဲ့သို့သောစကားလုံးတချို့ပြောလာလိမ့်မည်ဟု0687တွေးလိုက်မိပေမဲ့ သူကပြောလာသည်။ 

"ကြမ်းပြင်ကအရမ်းမြင့်လွန်းတယ်၊ ဓာတ်လှေကားစီးတာကအချိန်ကုန်တယ်၊ ထိပ်ဆုံးအထပ်မှာအလုပ်လုပ်ရတာကြိုက်တဲ့အဲ့CEOတွေကဘာတွေတွေးနေပါလိမ့်နော်?"


0687: "လူတွေကဟယ်လီကော်ပတာနဲ့အလုပ်သွားပြီးတော့ အမိုးပေါ်တန်းဆင်းပြီး အမိုးပေါ်ကနေအလုပ်လုပ်ဖို့ဆင်းလာကြတာ။"


လင်ခုံးလု: "....."


"ကုစစ်ကအဲ့လိုအလုပ်လာဖူးတယ်ကြားတယ်။"

0687ကထပ်ပေါင်းဆိုသည်။


"မ မပြောနဲ့တော့။" ရှောင်လုသူ့နှလုံးသားပေါ်လက်များတင်လိုက်ရပြီး သူ့မျက်နှာမှာမနာလိုမှုကိုကျော်လွန်လျက်။


သူဟယ်လီကော်ပတာမတတ်နိုင်တာမဟုတ်ဘဲ သူသည်းမခံနိုင်ရုံသာ။


ထိုစဥ် ကုစစ်ကတံခါးခေါက်ကာ ကော်ဖီတစ်ခွက်ကိုင်လျက်အထဲဝင်လာပြီး အပြုံးတစ်ပွင့်နှင့်ဆိုလာသည်။

"ဥက္ကဌလု၊ ကော်ဖီ။"


လင်ခုံးလုမှာသူ့အပြုံးကြောင့်မျက်စိကျိန်းသွားရပြီး သူကိုင်ထားသည့်ကော်ဖီကိုမြင်လိုက်ရသော် သူချက်ချင်းစိတ်သက်သာရာရသွားမိသည်။


ဇာတ်လိုက်ဘယ်လောက်ပဲသန်မာပါစေ အခုတော့သူ့အတွက်အလုပ်လုပ်ပေးနေရတယ်မလား။


"အင်း။" သူချောင်းအသာဟမ့်ကာ အလုပ်စားပွဲဆီပြန်လျှောက်သွားပြီး ထိုင်ချကာ စိုးရိမ်ပူပင်ချင်ယောင်ဆောင်လျက်မေးလိုက်သည်။

"အလုပ်လုပ်ရတာအဆင်ပြေရဲ့လား။"


ကုစစ်ကသူ့ကိုကော်ဖီကမ်းပေးကာ တည်ငြိမ်စွာဆိုလာသည်။

"အဆင်ပြေပါတယ်၊ လက်ထောက်စုန့်ကအရမ်းတော််တယ်လေ။"


ထို့နောက်သူမှတ်စုစာအုပ်ထုတ်ကာ လင်ခုံးလု၏ဒီနေ့အချိန်ဇယားကိုစီးပွားရေးသမားဟန်ဖြင့်ဖတ်ရှုလိုက်သည်။


လင်ခုံးလုပဟေဠိဖြစ်သွားရသည်၊ ရှောင်စုန့်ကအချိန်ဇယားကိုတာဝန်ယူထားတာမဟုတ်ဘူးလား။


သေချာတာပေါ့၊ ဖတ်ရှုမှုအဆုံးသတ်မှာ ကုစစ်ကနောက်စာသားတစ်ကြောင်းထပ်ဖြည့်ကာအဓိကအချက်ကိုထောက်ပြလိုက်သည်။

"ကျွန်တော်လက်ထောက်စုန့်ဆီကကြားတာကတော့ မနေ့ညကဥက္ကဌလုကကိုယ်ရေးကိုယ်တာဖိတ်ကြားမှုကိုပယ်ဖျက်ခဲ့တယ်ဆို။ ဥက္ကဌအတွက်နောက်အချိန်ဇယားတစ်ခုစီစဥ်ပေးဖို့လိုအပ်လား။"


လင်ခုံးလု: "......"


အကြောင်းတချို့ကြောင့် သူအနည်းငယ်အပြစ်ရှိစိတ်ခံစားလိုက်ရကာ အတွင်းရေးမှူးလေးကိုတစ်ချက်ကြည့်ပြီး ပြောလိုက်မိသည်။

"လို...."


"တယ်"ဆိုသည့်စကားလုံးမထွက်ရသေးခင် "ဂျွတ်"ဆိုသည့်အသံထွက်လာပြီး အတွင်းရေးမှူးလေးလက်ထဲကဖောင်တိန်မှာကျိုးသွားရော့သည်။


လင်ခုံးလုအလိုလိုတုန်တက်သွားရသည်၊ ဒီအတွင်းရေးမှူးလေးကတော်တော်ရက်စက်တာပဲ။


ကုစစ်ကကျိုးသွားသောဖောင်တိန်ကိုကိုင်ထားလျက် သူ့လက်ဆစ်များမှာဖြူဖျော့သွားပေမဲ့ သူ့မျက်နှာကတော့မျက်နှာသေဖြင့်ပြောလိုက်သည်။

"စိတ်မရှိပါနဲ့ ၊ ဥက္ကဌလုခုနကဘာပြောလိုက်တာလဲဗျ?"


"တင်၊ ပစ်မှတ်ရဲ့မကောင်းတဲ့စိတ်တန်ဖိုး ၁ ၁ ၁....."


လင်ခုံးလု: "......"


"မင်းဒေါသထွက်နေတာလား။"

သူမဝံ့မရဲမေးကြည့်လိုက်မိသည်။


ကုစစ်ကရုတ်ခြည်းပြုံးကာ နွေးထွေးစွာဆိုလာသည်။

"မထွက်ပါဘူး။"


"တင်၊ ပစ်မှတ်ရဲ့မကောင်းတဲ့စိတ်တန်ဖိုး၁၅၊ လက်ရှိမကောင်းတဲ့စိတ်တန်ဖိုး၃။"


လင်ခုံးလု: "......"


အင်း၊ သူနားလည်သွားပြီ၊ ကုစစ်ရဲ့မကောင်းတဲ့စိတ်တန်ဖိုးကမြင့်နေပြီးသားဆိုတော့ ၉၉ကတကယ့်တန်ဖိုးအစစ်ဟုခန့်မှန်းရသည်။ သူ့စိတ်ဝိညာဥ်အပိုင်းအစများပျောက်ဆုံးနေတာမို့ သူတစ်ခုခုမေ့နေတာဖြစ်လောက်ပေမဲ့ သူ့မသိစိတ်ကမှတ်မိနေသဖြင့် မကောင်းတဲ့စိတ်တန်ဖိုးက၃နှင့်၉၉ကြားမှာမကြာခဏအဖန်တလဲလဲခုန်ကူးလေ့ရှိသည်။


အပိုင်းအစပြန်ရလာသည့်နေ့ကဇာတ်လိုက်တကယ်မကောင်းတဲ့စိတ်ဖြစ်ပေါ်လာမည့်အချိန်ဖြစ်မည်ဟုခန့်မှန်းရသည်။


လင်ခုံးလုခေါင်းနည်းနည်းကိုက်လာရပေမဲ့ ခေါင်းကိုက်မှုကိုလျစ်လျူမရှုနိုင်ပေ၊ လက်သည်းခွံအရွယ်အပိုင်းအစဖြစ်ရင်တောင် သူ့ချစ်သူဖြစ်နေတုန်းပင်။


ဒီတော့သူမတ်မတ်ပြန်ထိုင်ကာ အာဏာရှင်ဥက္ကဌဟိတ်ဟန်ထုန်ပြီး ဝန်ခံလိုက်သည်။

"နေ့လယ်ခင်းမှာအချိန်ဖယ်ထားလိုက်၊ ငါကိုယ်တိုင်ဥက္ကဌယွီကိုချိန်းလိုက်မယ်။"


"ဂျွတ်!"


ဖောင်တိန်ကျိုးသွားပြန်ကာ ကုစစ်ကအံကြိတ်လျက်ဆိုလာသည်။

"ဟုတ်ကဲ့။"


လင်ခုံးလု: "......" အတွင်းရေးမှူးလေးကစိတ်ကြီးလိုက်တာနော်။


လူတို့ထွက်သွားပြီးနောက် သူရေရွတ်မိပြန်သည်။

"ဒါပေမဲ့ပြဿနာကသိပ်မကြီးဘူး။"


ကုစစ်ပြန်မွေးဖွားလာပြီး ၉၉ရာခိုင်နှုန်းနှစ်သက်မှုရှိနေကတည်းက သူ၏မကောင်းတဲ့စိတ်တန်ဖိုး၏အကြောင်းရင်းမှာသူကယွီမင်ရှို့ကိုသဘောကျသည်ဟုထင်နေသောကြောင့်ဖြစ်လိမ့်မည်။ အကြောင်းရင်းကိုသိနေတော့ ပြဿနာကဖြေရှင်းရမခက်ပေ။


ဒါကိုတွေးမိရင်း သူယုံကြည်ချက်ရှိရှိဖြင့်ဖုန်းထုတ်ကာ ယွီမင်ရှို့ကိုခေါ်လိုက်သည်။


ကုစစ်ရုံးခန်းထဲကထွက်သွားပြီးနောက် သူ့မျက်နှာမှာတမဟုတ်ချင်းမည်းတူးသွားကာ သူလည်းဖုန်းထုတ်ပြီးသူ့ငယ်သားယွီဟုန်ကိုခေါ်လိုက်သည်။


"ယွိဟုန်နည်းပညာကုမ္ပဏီကယွီမင်ရှို့ဒီရက်ပိုင်းအလုပ်ရှုပ်နေအောင် သူ့အတွက်လုပ်စရာတစ်ခုခုရှာထားလိုက်။"

သူဗလာမျက်နှာထားဖြင့်အမိန့်ပေးလိုက်သည်။


ဥက္ကဌယွီမှာပဟေဠိဖြစ်သွားရကာ တစ်အောင့်ကြာတွေးကြည့်ပြီးမှ တုံ့ဆိုင်းသွားကာပြောမိသည်။

"ဒါပေမဲ့ယွိဟုန်နည်းပညာကုမ္ပဏီကယွီမိသားစုရဲ့ကုမ္ပဏီလေ၊ ဥက္ကဌယွီကကုမိသားစုရဲ့ဝန်ထမ်းမှမဟုတ်တာ..."


သူကားယွီမိသားစု၏ကုမ္ပဏီနှင့်လူတို့ကိုမထိန်းချုပ်နိုင်။


"ဒါဆိုယွီဟုန်နည်းပညာကုမ္ပဏီအတွက်တစ်ခုခုရှာထားလိုက်။"

ကုစစ်အေးစက်စက်မျက်နှာဖြင့်ပြောလိုက်သည်။


ဥက္ကဌယွီ: "......"


လင်ခုံးလုကယွီမင်ရှို့ကိုစမ်းသပ်ချင်နေသည့်အပြင် ယွီမင်ရှို့ကလည်းသူလင်ခုံးလုနှင့်နီးကပ်လာတိုင်းတစ်ခါတရံသူ့ကိုယ်သူဘာကြောင့်ထိန်းချုပ်မရဖြစ်သွားမှန်းသိချင်နေလေသည်။


နှစ်ယောက်သားမှာတွေ့ဖို့ရန်အချိန်နှင့်နေရာခပ်မြန်မြန်ဆုံးဖြတ်ခဲ့ကြပေမဲ့ မွန်းတည့်ချိန်မှာယွီမင်ရှို့ကလင်ခုံးလုကိုရုတ်တရက်ဖုန်းဆက်ပြောလာသည်။

"စိတ်မရှိပါနဲ့၊ ကုမ္ပဏီကအလျင်လိုနေလို့ ဥက္ကဌလင်နဲ့ချိန်းဆိုထားမှုကိုမနက်ဖြန်ရွှေ့လို့ရမလားဗျ?"


"ဒါ....ရပါတယ်။" လင်ခုံးလုအနည်းငယ်နောင်တရသွားမိသည်။


ခုနကထိပ်တန်းအဆင့်မြင့်ပြင်သစ်စားသောက်ဆိုင်ကိုသွားဖို့သဘောတူထားခဲ့ပြီး ၎င်းမှာဥက္ကဌယွီ၏ကျွေးမွေးဧည့်ခံမှုဖြစ်ပေရာ သူအခုမစားထားဘဲမွန်းတည့်ချိန်ထိအောင့်ထားရန်စီစဥ်ထားခဲ့သည်။


ဒါပေါ့၊ ဒါကအဓိကအချက်မဟုတ်ပေ။ သူတကယ်နောင်တရမိသည်မှာ သူအပိုင်းအစများကိုမနက်ဖြန်မှမြင်ရမှာမို့လို့ဖြစ်ပြီး သေချာပေါက်အခမဲ့ညစာကြောင့်မဟုတ်ပေ။


သူနှလုံးသားကိုတိတ်တိတ်လေးထိကြည့်ကာ တွေးလိုက်မိသည်: ငါ့မှာအသိတရားရှိတုန်းပဲ။


ထိုစဥ် ခုနကယွီမင်ရှို့အတွက်တိတ်တခိုးပြဿနာရှာပေးခဲ့သည့်အတွင်းရေးမှူးလေးကတံခါးခေါက်ကာအထဲဝင်လာပြီး အလွန်ပျော်ရွှင်လျက်မေးလာသည်။

"ဥက္ကဌရှောင်လု၊ နေ့လယ်စာဘာစားချင်လဲ။ ပြင်သစ်အစားအစာမှာလိုက်ရင်ကော?"


လင်ခုံးလု: ဒီဒေါင်းဖိုအမြှီးဖြန့်ပြတဲ့အကြည့်ကဘာဖြစ်နေတာတုန်း?


သူတစ်အောင့်ကြာတုံ့ဆိုင်းသွားကာပြောလိုက်သည်။

"ကန်တင်းမှာစားမယ်။"


ကုစစ်: "....." 


ယွီမင်ရှို့နဲ့ကျပြင်သစ်အစားအစာသွားစားဖို့ချိန်းတယ်၊ သူနဲ့ကျတော့ကန်တင်းမှာပဲစားမယ်တဲ့လား။ ဟက်။


သူအပိုင်းအစများကိုမနက်ဖြန်မှမြင်ရလိမ့်မည်ဟုလင်ခုံးလုထင်ထားခဲ့ပေမဲ့ ဘယ်သူသိမှာလဲ၊ နောက်တစ်နေ့မွန်းတည့်ချိန်မှာ ယွီမင်ရှို့ကဖုန်းဆက်ပြောလာပြန်သည်။

"စိတ်မရှိပါနဲ့၊ ကုမ္ပဏီကအလျင်လိုနေလို့.... "


တတိယမြောက်နေ့၊ ယွီမင်ရှို့: "စိတ်မရှိပါနဲ့၊ ကုမ္ပဏီကနည်းနည်း...."


စတုတ္ထမြောက်နေ့၊ ယွီမင်ရှို့: "စိတ်မရှိပါနဲ့၊ ကုမ္ပဏီ...."


"ဥက္ကဌယွီ။" လင်ခုံးလုတည့်တိုးကြားဖြတ်ကာ ဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။

"ခင်ဗျားကျွန်တော်နဲ့မတွေ့ချင်ဘူးဆိုရင် ဒီအတိုင်းပြောလိုက်လို့ရပါတယ်ဗျ။"


ယွီမင်ရှို့မှာသိသိသာသာကိုတစ်စက္ကန့်မျှတိတ်ကျသွားပြီး စိတ်ဖိစီးစွာပြောလာသည်။

"စိတ်မရှိပါနဲ့၊ တကယ်အရေးကြီးနေလို့ပါ။"


လင်ခုံးလု: "....."


မထင်မှတ်ထားသောအခြေအနေများကလေးရက်ဆက်တိုက်ဖြစ်ပေါ်နေပြီး သူတို့ချိန်းဆိုမှုပြုပြီးသည်နှင့်ထိုသို့ဖြစ်ပေါ်လာပေရာ သိသိသာသာကိုမူမမှန်ပေ။


ဘေးရုံးခန်းကအတွင်းရေးမှူးလေးကိုတွေးမိတော့ သူတစ်ခုခုနားလည်သွားရကာ ရုတ်ခြည်းခေါင်းကိုက်လာရော့သည်။


"ဒီလိုလုပ်၊ ဥက္ကဌယွီမနက်ဖြန်အားရင် ချိန်းဆိုမှုမလုပ်ဘဲနဲ့ ကျွန်တော်တို့ကုမ္ပဏီကိုတန်းလာခဲ့လိုက်တော့။"

သူအကြုံပြုလိုက်သည်။


သူကုစစ်ရှေ့မှာတွေ့လိုက်ရင် တစ်ဖက်လူစိတ်သက်သာရာရသွားလိမ့်မည်။


ဒါပေမဲ့လည်း နောက်တစ်နေ့ ယွီမင်ရှို့တစ်ယောက်ကုမ္ပဏီ၏ထိပ်ဆုံးအထပ်ကိုရောက်ရှိလာချိန် လင်ခုံးလုဘယ်သူ့ကိုမှမတွေ့ရသေးခင် သူကြားလိုက်ရတာက အတွင်းရေးမှူးလေး၏မကောင်းတဲ့စိတ်တန်ဖိုး ၁ ၁ ၁.....


လင်ခုံးလုသူ့နှဖူးသူအုပ်ကာ ထရပ်ပြီးအပြင်ထွက်လိုက်သည်နှင့် လက်ထောက်စုန််ကယွီမင်ရှို့ကိုအစည်းအဝေးအခန်းထဲဦးဆောင်ခေါ်လာသည်နှင့်တန်းတိုး၏။


"ဥက္ကဌလင်။" ယွီမင်ရှို့ကလည်းသူ့ကိုမြင်သွားကာ အနောက်လှည့်ပြီး အရင်နှုတ်ဆက်လာသည်။


"ဥက္ကဌယွီ။" လင်ခုံးလုအလျင်စလိုတုံ့ပြန်လိုက်ရသည်။


"မကောင်းတဲ့စိတ်တန်ဖိုး ၁ ၁ ၁...."


လင်ခုံးလု၏ပါးစပ်မသိမသာတွန့်သွားရပေမဲ့ပြုံးထားလျက်ဖြင့် ရှေ့တိုးကာသူ့လက်ကိုယဥ်ကျေးစွာဆန့်ထုတ်လိုက်သည်။


သူတို့လက်ဆွဲနှုတ်ဆက်ဖို့ပြင်ကာရှိသေး၊ ကုစစ်ကအတွင်းရေးမှူးရုံးခန်းထဲမှာမတ်တပ်ရပ်ကာဖြင့် သူတို့နှစ်ဦးကိုဖန်တံခါးအကြည်ကိုဖြတ်၍စိုက်ကြည့်နေလေသည်။


"မကောင်းတဲ့စိတ်တန်ဖိုး ၁ ၁ ၁..... "


လင်ခုံးလုစနစ်၏အသိပေးချက်ကိုအရေးမစိုက်ဘဲ ယွီမင်ရှို့နှင့်ပုံမှန်အတိုင်းလက်ဆွဲနှုတ်ဆက်လိုက်ပြီး လက်များဆုပ်ကိုင်လိုက်သည့်အခိုက်--


"တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှုန်း၉၉၊ မကောင်းတဲ့စိတ်တန်ဖိုး၉၉။"


"ဘယ်တစ်​ယောက်လဲ။" လင်ခုံးလုအလိုလိုမေးလိုက်မိသည်။


0687: "နှစ်ယောက်လုံးပဲ။"


လင်ခုံးလု: "......" မကောင်းတဲ့စိတ်တန်ဖိုးကအပိုင်းအစပြန်မလာခင်ကနဲ့အတူတူပဲလား။ ယွီမင်ရှို့ကတကယ်လူသတ်သမားပဲ။


လင်ခုံးလုရုတ်တရက်ဒီလူနှင့်အကြာကြီးမနေရဲတော့ပေ၊ ဒါပေမဲ့အပိုင်းအစများကိုတွေးမိတော့ သူကျည်ဆံကိုက်ကာပြောလိုက်ရသည်။

"ဥက္ကဌယွီ ကြွပါဗျ။"


ယွီမင်ရှို့ကအပြုံးလေးနှင့်ခေါင်းငြိမ့်ပြလာပြီး နှစ်​​ယောက်သားအစည်းအဝေးခန်းထဲအမြန်လျှောက်ဝင်သွားကြသည်။


လက်ထောက်စုန့်ခေါင်းလှည့်ကြည့်လိုက်တော့ အပြင်ထွက်ကာလာဧည့်ခံရမည့်အတွင်းရေးမှူးအသစ်လေးကထိုနေရာမှာရှိမနေမှန်းမြင်လိုက်ရသဖြင့် သူအထဲလိုက်ဝင်ကာ သူတို့နှစ်ယောက်အတွက်ရေနွေးကြမ်းတစ်ခွက်စီလောင်းထည့်ပေးပြီးမှပြန်လာခဲ့လိုက်သည်။


ရုံးခန်းဆီပြန်လာချိန် လက်ထောက်စုန့်မှာအတွင်းရေးမှူးအသစ်လေး၏ရုံးခန်းကိုတစ်ချက်ကြည့်လိုက်မိသည်။ အတွင်းရေးမှူးအသစ်လေးကရုံးခန်းထဲမှာမတ်တပ်ရပ်နေတာကိုမြင်လိုက်ရတော့ သူမနေနိုင်ဘဲလျှောက်သွားကာတံခါးခေါက်ပြီး ပြောလိုက်သည်။

"အတွင်းရေးမှူးယန်း၊ မင်းခုနကဧည့်သည်ကိုသွားဧည့်ခံသင့်တယ်နော်။"


ကုစစ်ကခေါင်းလှည့်ကာ သူ၏မျက်လုံးနက်တို့ကစိတ်ခံစားချက်စိုးစဥ်းမျှမရှိဘဲ သူ့ကိုကြည့်လာသည်။


လက်ထောက်စုန့်မှာဖော်မပြတတ်အောင်ဖိအားတစ်ခုခံစားလိုက်ရပြီး အလိုလိုခြောက်ကပ်ကပ်ပြုံးလိုက်မိသည်။

"ဒါပေမဲ့မင်းအလုပ်ရှုပ်နေရင်မသွားပါနဲ့တော့၊ ငါပဲသွားလိုက်တော့မယ်၊ ဟဟ။"


ဒီအတွင်းရေးမှူးအသစ်လေးမှာသူ့အပေါ်လွှမ်းမိုးနိုင်တဲ့အရှိန်အဝါရှိပြီး ဖော်ပြမရအောင်ကြောက်ဖို့ကောင်းတာကိုသူမေ့သွားတာပဲ။


အဓိကအချက်ကားသူဟာလည်းသူ့အလုပ်မှာအလွန်တော်ပေသည်။ လွန်ခဲ့သောရက်အနည်းငယ်တုန်းက သူတစ်ဖက်လူကိုအစိုးရ၏ပရောဂျက်ကိုသိခွင့်ပေးခဲ့သည်။ မထင်မှတ်ထားစွာဖြင့် နှစ်ရက်အတွင်းမှာ ဒီကောင်လေးကဖိုင်တွဲအားလုံးကိုတိုက်ရိုက်ထုတ်ခဲ့သဖြင့် သူတို့ပရော်ဖက်ရှင်နယ်ဝန်ထမ်းထက်ပိုတော်လှသည်။


လက်ထောက်စုန့်မှာသိသိသာသာကိုဒီရက်ပိုင်းသူ့ပုခုံးထက်ကဝန်ထုပ်ဝန်ပိုးပေါ့ပါးသွားသည်ကိုခံစားလိုက်ရပြီး တာဝန်အများစုကိုကုစစ်ကလွှဲယူသွားခဲ့သည်ပင်၊ အထူးသဖြင့်ထိုအရာများမှာဥက္ကဌ၏နေ့စဥ်ဘဝနှင့်သက်ဆိုင်သည်။


အလုပ်ကတော့ တစ်ခါတရံသူပင်ကုစစ်ကိုအကြံသွားတောင်းရသည်။ သူ့ဘောစ်၏ဂုဏ်သိက္ခာကိုထိန်းချုပ်နေရတာကြောင့်မဟုတ်ရင် သူကုစစ်ကို"အစ်ကို"ဟုခေါ်မိလိမ့်မည်ပင်။


ဒီတော့ကုစစ်ကဧည့်သည်များကိုသွားမဧည့်ခံတာကိုသူဘာမှမပြောဘဲ ဟဟလုပ်ပြီးနောက် ဒီအတိုင်းလှည့်ထွက်လာခဲ့သည်။


ဒါပေမဲ့ကုစစ်ကရုတ်တရက်သူ့ကိုလှမ်းတားကာပြောလာသည်။

"ဥက္ကဌလုနဲ့အခြားသူတွေကိုကော်ဖီသွားပို့လိုက်အုံး။"


လက်ထောက်စုန့်: "အေး..." အိုးမဟုတ်ဘူး၊ သူကစီနီယာလေ။


ဒါပေမဲ့ထားလိုက်ပါတော့လေ၊ ဘာပဲဖြစ်ဖြစ် သူကုစစ်ကိုအမိန့်သွားမပေးရဲမှတော့ သူလိမ်လိမ်မာမာလေးကော်ဖီသွားပို့လိုက်ရသည်။


ဒါပေမဲ့ကော်ဖီပို့ပြီးနောက်ငါးမိနစ်အတွင်းမှာ ကုစစ်ကသူ့ဆီလာကာပြောလာပြန်သည်။

"သူတို့ကိုကော်ဖီနောက်တစ်ခွက်သွားပို့လိုက်အုံး။"


လက်ထောက်စုန့်: "?"


ထူးဆန်းသည်ဟုခံစားလိုက်ရသော်လည်း သူပြောတဲ့အတိုင်းလုပ်လိုက်မိတုန်းပင်။


ဒါပေမဲ့ ပို့ပြီးနောက်ငါးမိနစ်အတွင်းမှာ ကုစစ်ကပြောလာပြန်သည်။

"ထပ်သွားပို့လိုက်အုံး။"


လက်ထောက်စုန့်: "...." ရှုးခဏခဏပေါက်တာတောင်မင်းလောက်မမြန်ဘူးလားလို့?


အတွင်းရေးမှူးယန်းကဥက္ကဌလင်၏အိပ်ရာဖော်ဖြစ်ပြီး ဥက္ကဌယွီကဥက္ကဌလင်ကိုပိုးပန်းနေပုံရတာမို့ ဥက္ကဌယွီနှင့်ဥက္ကဌလင်တို့အတူရှိနေတာကိုမြင်လိုက်ရတော့ အတွင်းရေးမှူးယန်းကသဝန်တိုနေတာဖြစ်မှန်းသူပြောနိုင်သည်။ ခုနကဥက္ကဌယွီရောက်လာတုန်းက သူရုံးခန်းကမခွာတာအံ့သြစရာမရှိပါဘူးလေ။


"အင်း.....အတွင်းရေးမှူးယန်း၊ မင်းတကယ်စိတ်ပူနေရင် ဘာလို့မင်းကိုယ်တိုင်သွားမပို့လိုက်တာလဲ။"

လက်ထောက်စုန့်ကအကြုံပြုသည်။


ကုစစ်မှာငတုံးတစ်ယောက်ကိုကြည့်သည့်အလား သူ့ကိုတစ်ချက်ကြည့်လိုက်မိသည်။


သူသွားလို့ရရင် ဒီငတုံးကိုအမိန့်ပေးဖို့လိုမှာတဲ့လား။ သူအစောထဲကအထဲဝင်ပြီးယွီမင်ရှို့ကိုဆုံးမလိုက်ပြီပေါ့။


ဒါပေမဲ့သူလူလုံးထွက်ပြလိုက်သည်နှင့် ယွီမင်ရှို့ကသူ့ကိုမှတ်မိသွားကာ သူ့သရုပ်မှန်ကိုဖော်ထုတ်လိုက်လိမ့်မည်။ အာဏာရှင်လေးသာထိုအကြောင်းသိသွားရင် သူ့ကိုထပ်"ထောက်ပံ့"တော့မှာမဟုတ်လောက်။


အရင်ဘဝတုန်းကဒီလိုမျိုးဖြစ်ခဲ့သည်။ သူနှင့်ရှောင်ပါ့တို့မှာအစကစစ်အေးတိုက်ပွဲဆင်နွှဲခဲ့ကြသော်ငြား သူတို့မပြတ်စဲရသေးပေ။ ၎င်းမှာယွီမင်ရှို့တစ်ယောက်"ကြင်နာစွာဖြင့်"အမှန်တရားကိုပြောပြလာမှသာ သူတို့လုံးဝပြတ်စဲသွားတော့သည်။


ဒါကသူ၏တစ်ဖက်သတ်ဆုံးဖြတ်ချက်မဟုတ်ပေ။ အခြားသူများကသူမှတ်ဉာဏ်ပြန်ရလာပြီးနောက်ပိုင်းမှာရှောင်ပါ့ကိုမလိုချင်တော့တာကြောင့်ထင်ခဲ့ကြပေမဲ့ အမှန်ကတော့....ဟက်၊ ရှောင်ပါ့ကသူ့ကိုလိုပင်မလိုချင်ခဲ့တာဖြစ်သည်။


ကုစစ်၏မျက်လုံးလှုပ်ခါသွားကာ လက်ထောက်စုန့်ကိုရုတ်ခြည်းပြောလိုက်သည်။

"နောက်ဆုံးတစ်ခေါက်သွားလိုက်၊ ဒီတစ်ခါတော့ယွီမင်ရှို့ပေါ်ကော်ဖီတန်းလောင်းချခဲ့။"


ဆယ်မိနစ်ရှိနေပြီ၊ ဘာတွေပြောနေကြတာလဲ။ မင်းလရောင်ဖြူလေးကိုတွေ့ရလို့အရမ်းပျော်နေတာလား။


လက်ထောက်စုန့်လန့်သွားကာ အမြန်ပြောလိုက်မိသည်။

"ငါ ငါမလုပ်ရဲဘူး။"


နောက်နေတာလား၊ အဲ့ဒါကAမြို့တော်ကယွီမိသားစုရဲ့ဆက်ခံသူဟ။


ကုစစ်ကျွတ်ခနဲစုတ်သပ်ကာပြောလိုက်သည်။

"မင်းဦးနှောက်ကိုသုံးပြီး သူ့အပေါ်မတော်တဆလောင်းမိချင်ယောင်မဆောင်တတ်ဘူးလား။"


လက်ထောက်စုန့်မှာအားမရှိတော့ပေ။ အတွင်းရေးမှူးကပုံမှန်ဆိုတည်ငြိမ်ပြီးဉာဏ်အမျှော်အမြင်ရှိပုံရပြီးတော့ သန်မာတဲ့အလုပ်အရည်အချင်းရှိပေမဲ့ ချစ်ရေးချစ်ရာမှာပြိုင်ဘက်နှင့်ရင်ဆိုင်ရာတွင်တော့ သူ့နည်းလမ်းများမှာအလွန်ရိုးရှင်းကာရိုင်းစိုင်းလှသည်။


သေချာတာပေါ့၊ ပင်မနန်းဆောင်ရဲ့ပြင်းထန်တဲ့တိုက်ပွဲတွေမှာအရိုးရှင်းဆုံးနည်းလမ်းတွေပဲလိုအပ်တာလား။


_________________________