Chapter(78)
Viewers 12k

အခန်း(၇၈) သူဌေးကြီးနှင့်အစားထိုးခံ။


ရှောင်စုန့်သေချာပေါက်ကော်ဖီမလောင်းချရဲပေ။ နောက်နေတာလား၊ ဥက္ကဌယွီ၏သရုပ်မှန်နှင့်နောက်ခံအသိုင်းအဝိုင်းကမကောင်းရင်တောင် တစ်ဖက်လူဟာကုမ္ပဏီကိုစီးပွားရေးကိစ္စဆွေးနွေးဖို့ရောက်လာသည့်ဖောက်သည်တစ်ယောက်ဖြစ်နေဆဲပင်။


ဥက္ကဌ၏လက်ထောက်တစ်ယောက်အနေဖြင့် သူဖောက်သည်ကိုတစ်ခုခုသွားလုပ်မိရင် ဥက္ကဌလင်ကသူ့ကိုအပြစ်မတင်ဘဲနေမှာတဲ့လား။ လစာအနှုတ်ခံရမှာသေချာသည်။


ဒါပေမဲ့အမြှောက်စာဇာတ်ကောင်လေးကပင်မနန်းဆောင်ရဲ့တိုက်ပွဲမှာ"ဟင့်အင်း"လို့ပြောခွင့်ရပါ့မလား။ တိုက်ပွဲထဲမှာမတော်တဆဆွဲသွင်းခံလိုက်ရတဲ့လက်ထောက်လေးအဖို့ သူကံကြမ္မာရဲ့အကြင်နာတရားကင်းမဲ့မှုကနေဘယ်လိုလုပ်ရုန်းထွက်နိုင်မှာလဲ။ အထူးသဖြင့်.....အတွင်းရေးမှူးယန်းရဲ့မျက်လုံးမှာသိပ်ကိုကြောက်စရာကောင်းလွန်းသည်။


လက်ထောက်စုန့်၏ဦးခေါင်းခွံထုံကိင်သွားရသဖြင့် သူအလျင်အမြန်ကော်ဖီနှစ်ခွက်သွားလောင်းထည့်ကာ လင်ခုံးလုနှင့်ယွီမင်ရှို့ထံသွားပို့လိုက်သည်။


ကော်ဖီလောင်းချမချကတော့ ဘယ်လိုလုပ်တကယ်လောင်းချလို့ရမှာလဲ။ သူအကြပ်အတည်းကိုရှောင်လွှဲဖို့အတွက်သာ ဥက္ကဌလင်ဆီသွားလိုက်တာဖြစ်သည်။ အတွင်းရေးမှူးယန်းဘယ်လောက်ပဲမျက်နှာသာအပေးခံရပါစေ ဥက္ကဌလင်ရှေ့မှာတော့မောက်မာရဲလိမ့်မည်မဟုတ်ဟုသူတွေးလိုက်မိသည်။


ကုန်းတို့ဒရာမာထဲကမျက်နှာသာအပေးခံရဆုံးဧကရီက ဧကရာဇ်ဘေးကကုန်းကုန်းကိုလည်းယဥ်ကျေးတာကိုသူမမြင်ဖူးခဲ့ပါလား။


အစည်းအဝေးအခန်းထဲတွင် လင်ခုံးလုနှင့်ယွီမင်ရှို့မှာထူးဆန်းစွာစကားစမြည်ပြောနေကြတုန်းပင်။


အနည်းငယ်စမ်းသပ်ကြည့်ပြီးနောက် ယွီမင်ရှို့ကအနည်းဆုံးအခုတော့ အပိုင်းအစနှင့်ပတ်သတ်ပြီးဘာမှမသိမှန်း လင်ခုံးလုကောက်ချက်ချလိုက်သည်။


အပိုင်းအစများသူ့ပေါ်ဘယ်လိုရောက်သွားလဲသိဖို့ကမဖြစ်နိုင်မှတော့ သူအားသုံးပြီးရယူဖို့သာတတ်နိုင်တော့သည်။ အရင်ဘဝကသူ့ချစ်သူပေးခဲ့သည့်စွမ်းအားကိုသုံးပြီး အပိုင်းအစများကိုအပြင်ထွက်လာအောင်လမ်းပြနိုင်မလားဆိုတာ လင်ခုံးလုမြင်ချင်မိသည်။


ဒါပေမဲ့ လမ်းပြဖို့ကယွီမင်ရှို့ခေါင်းထိပ်ပေါ်တစ်အောင့်ကြာသူ့လက်တင်ရန်လိုအပ်ပေရာ လက်တင်ဖို့ဘယ်လိုဆင်ခြေရှာရမလဲဆိုတာကနောက်ပြဿနာတစ်ခုဖြစ်သည်။


ဥက္ကဌယွီ၊ ခင်ဗျားခေါင်းပေါ်မှာဆံပင်ဖြူတစ်ပင်ရှိနေတယ်ရော်၊ ကျွန်တော်နှုတ်ပေးရမလားဗျ? ဒါမှမဟုတ် ဥက္ကဌယွီ၊ ခင်ဗျားခေါင်းပေါ်မှာသန်းတစ်ကောင်ပြေးသွားတယ်ရယ်၊ ကျွန်တော်ဖမ်းပေးရမလားဗျ? ဒါမှမဟုတ် လူငယ်လေး၊ မင်းမှာထူးဆန်းတဲ့အရိုးရှိတာကိုငါမြင်လိုက်ရတယ်၊ ငါမင်းခေါင်းထိပ်ကိုဖိပြီး မင်းကိုပြိုင်ဘက်ကင်းစွမ်းရည်တွေပေးရမလားကွဲ့?


အိုင်း၊ ခေါင်းစားလိုက်တာနော်။


လင်ခုံးလုလျစ်လျူရှုပြီး သူ့လက်ကိုတန်းတင်ပစ်နေချင်စဥ်မှာ ယွီမင်ရှို့ကလည်းအတတ်နိုင်ဆုံးကြိုးစားကာ...သူ၏ပွေ့ဖက်ချင်စိတ်ကိုချုပ်တည်းနေရလေသည်။


သောက်ကျိုးနည်း၊ သူအရင်ကဥက္ကဌလင်ကိုတစ်ခါမှအရေးမစိုက်ဖူးကေမဲ့ အခုကျသူဘာလို့"ထပ်ခါတလဲလဲ"နီးကပ်ချင်နေရတာလဲလို့?


သူဟာရှင်းလင်းသောရည်မှန်းချက်ပန်းတိုင်ရှိသည့်ကျိုးကြောင်းဆီလျော်သောလူတစ်ယောက်ဟု ယွီမင်ရှို့အမြဲထင်ခဲ့မိသည်။ သူအသိစိတ်ရလာသည့်အခိုက်အတန့်မှစ၍ သူကားသူ့ဘဝကိုစီစဥ်နေခဲ့ပုံပင်: ကုစစ်ကိုချဥ်းကပ်ရန်၊ ကုစစ်နှင့်မိတ်ဆွေဖွဲ့ရန်၊ ကုစစ်၏အချစ်ကိုလှည့်စားရန်၊ ကုစစ်ကိုစိတ်ပိုင်းဆိုင်ရာအနိုင်ယူရန်နှင့် ကုစစ်ကိုအနိုင်ရရန်။ ကုစစ်၏စွမ်းအား... 


ဘယ်လိုစွမ်းအားလဲ၊ ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာကိုတော့ဖြင့် သူမသိပေ။ အချိန်ကျလာရင် သူအလိုလိုသိလာမည့်ပုံပင်။ 


ဒါတွေအားလုံးမှာမသိစိတ်သာဖြစ်ပြီး "အတွေးနိမိတ်"ကဲ့သို့ပင် စိတ်ဝိညာဥ်ထဲမှာနက်ရှိုင်းစွာနစ်မြုပ်နေကာ သူ့ကိုဆုံးဖြတ်ချက်တစ်ခုပြီးတစ်ခုချမှတ်ရန်လမ်းပြပေးလျက်ရှိသည်။ ဒါပေမဲ့ ယွီမင်ရှို့ကတော့ရှင်းလင်းစွာမခံစားမိဘဲ ဒါဟာသူ့ကိုယ်ပိုင်စိတ်ကူးဟုသာခံစားရလိမ့်မည်။


ယွီမင်ရှို့မှာဒီရည်မှန်းချက်ပန်းတိုင်မှတပါး အခြားအရာများကိုလုံးဝစိတ်မဝင်စားခဲ့ဖူးပေ။ တစ်ခါတရံ သူဟာဒီကမ္ဘာကလူမဟုတ်လောက်ဟုခံစားရပြီး သူထွက်မသွားနိုင်ခင်တစ်ခုခုပြီးမြောက်ရန်သာလိုအပ်သည်ဟုတဝိုးတဝါးခံစားရသည်။


ဒါပေမဲ့အခုမတူတော့ပေ၊ သူ့မှာရုတ်တရက်သူ့ရှေ့ကအာဏာရှင်အပေါ်သန်မာသောစိတ်ဝင်စားမှုရှိလာပြီး သူရှေ့တိုးကာသူ့ကိုပွေ့ဖက်ပြီး နမ်းပင်နမ်းရှိုက်ချင်မိလေသည်။


ယွီမင်ရှို့သူ့ကိုယ်သူချုပ်တည်းထားပေမဲ့ ဒီချုပ်တည်းမှုခံစားချက်ကအဆုံးမှာအဆင်မပြေပေ။ တစ်အောင့်ကြာသော် သူရုတ်ခြည်းရယ်မောကာ တွေးလိုက်မိသည်၊ ဒါဆိုမချုပ်တည်းနဲ့ ၊ သူလုပ်ချင်တာကိုဒီအတိုင်းလုပ်ပစ်လိုက်ပေါ့။


ဒါပေမဲ့သူလှုပ်ရှားဖို့ပြင်လိုက်သည်နှင့် သူခေါင်းထဲမှာထိုးစိုက်လာသည့်နာကျင်မှုတစ်ခုကိုခံစားလိုက်ရပုံမှာ အသံတစ်သံကသူ့ကို"လုပ်ရဲလား"ဟုခြိမ်းခြောက်လာသည့်အလား၊ ဒါပေမဲ့ သေချာနားထောင်ကြည့်လိုက်တော့ ထင်ယောင်ထင်မှားဖြစ်သွားသယောင်။


ယွီမင်ရှို့သူ့နှဖူးကိုနာကျင်စွာပွတ်သပ်လိုက်မိပြီး တမဟုတ်ချင်းသူ့အတွေးများကိုဖယ်ပစ်ကာ နာကျင်မှုလျော့ပါးစေရန် လင်ခုံးလု၏မြင်ကွင်းကိုအလိုလိုရှောင်ပြီး ခေါင်းလှည့်ကာ တံခါးဘက်ကိုကြည့်လိုက်မိသည်။


လင်ခုံးလုစိတ်ပူသွားသဖြင့် ဘယ်လိုလှုပ်ရှားရမလဲမသိလေတော့။ သူရုတ်ခြည်းသူ့ကိုမျက်နှာလွှဲသွားတာကိုမြင်လိုက်ရတော့ အခွင့်ကောင်းရောက်လာပြီဟုသူချက်ချင်းခံစားလိုက်ရကာ သူ့နောက်စိကိုထိရန် အလျင်စလိုလက်မြှောက်လိုက်မိသည်။


ထိုစဥ် လက်ထောက်စုန့်ကတံခါးခေါက်ကာ ကော်ဖီနှစ်ခွက်နှင့်အတူအထဲဝင်လာသည်။ တစ်ဝက်ဖွင့်ထားသောတံခါးမှတဆင့် ကုစစ်ကလက်ပိုက်လျက်ကော်ရစ်ဒါနှင့်သိပ်မဝေးသောနေရာမှာရပ်ကာဖြင့် တံခါးကိုမည်းမှောင်စွာစူးစိုက်ကြည့်နေတာကိုနှစ်ယောက်သားမြင်လိုက်ရသည်။


"....." ဖာ့ခ်!


လင်ခုံးလု၏မျက်လုံးမှာကုစစ်နှင့်ဆုံသွားသည်။ ဤအခိုက်အတန့်တွင် သူဟာတစ်ဝက်မတ်တပ်ထလျက်ရှိပုံမှာ သူကယွီမင်ရှို့၏ခေါင်းကိုထိရန်လက်ဆန့်နေသည့်အလား။ သူရုတ်ခြည်းအေးခဲသွားရကာ လက်မဆန့်နိုင်တော့သကဲ့သို့လက်ပြန်မရုတ်နိုင်လေတော့။


ကော်ရစ်ဒါနှင့်သိပ်မဝေးသောနေရာမှာရပ်နေသည့်ကုစစ်ကိုမြင်လိုက်ရတော့ ယွီမင်ရှို့မှာလည်းမိန်းမောသွားရကာ သူ့မျက်လုံးမှာအံ့အားသင့်မှုအပြည့်နှင့်ပင်။


သိပ်မကြာသေးခင်က Aမြို့တော်၏စီးပွားရေးလောကတွင် ကုစစ်ကမတော်တဆမှုမှာပျောက်သွားသည်ဟူသောကောလဟာလများရှိသည်။ ကုမိသားစု၏ဥက္ကဌယွီကနေ့စဥ်နေ့တိုင်းတစ်ယောက်ယောက်ကိုရှာနေပြီး သူဟာစိုးရိမ်ပူပင်လွန်းရလို့ သူ့ပါးစပ်မှာစက်ဝိုင်းများပေါက်လာသည်ဟုဆို၏။ အဆုံးမှာတော့ ဒီလူက....လင်ခုံးလုဆီမှာဝန်ထမ်းလေးလာဖြစ်နေတာလား။


ကုစစ်လည်းသူ့ကိုမြင်သွားမည်ဟုမထင်ထားမိပေ၊ ယွီမင်ရှို့ကတံခါးကိုကျောပေးထိုင်နေမှန်းသူသိတာမို့ သူထွက်လာပြီးလင်ခုံးလုကိုတစ်ချက်ကြည့်ချင်ရုံသာဖြစ်ပေမဲ့ ယွီမင်ရှို့ကခေါင်းလှည့်လာလိမ့်မည်ဟုမထင်ထားမိပေ။


အခုတော့သူတို့တစ်ယောက်ကိုတစ်ယောက်တွေ့သွားပြီမို့ ဖုံးကွယ်ထားစရာမလိုတော့ပေရာ ကုစစ်၏မျက်လုံးများမည်းမှောင်သွားကာ ရိုးရှင်းစွာဖြင့်ခြေလှမ်းကျဲဖြင့်ဝင်လာခဲ့လိုက်သည်။


သူတို့သုံးဦး၏မျက်နှာထားမှာမတူပေ၊ လေထုကားရုတ်ခြည်းအနည်းငယ်တင်းမာသွားလျက်။


လက်ထောက်စုန့်တစ်ယောက်သာသတိမူမူမိဘဲ ကော်ဖီနှစ်ခွက်ထဲကတစ်ခွက်ကိုလင်ခုံးလုဆီယဥ်ကျေးစွာယူလာကာ အပြုံးဖြင့်ပြောလာသည်။

"ဥက္ကဌလင်၊ ကော်ဖီ။"


ထို့နောက်သူကျန်တစ်ခွက်ကိုယူကာ ဟိုဘက်လှည့်ပြီး ယွီမင်ရှို့ဆီကမ်းပေးကာ ပြောလိုက်သည်။

"ယွီမင်ရှို့ လူကြီးမင်း...."


ယွီမင်ရှို့မှာသူ့ထံလျှောက်လာသည့်ကုစစ်ကိုတအံ့တသြကြည့်ကာ အလိုလိုပြောလိုက်မိသည်။

"ကု...."


ဒီအခိုက်အတန့်မှာ ကုစစ်ကအနားကပ်သွားပြီး ရှောင်စုန့်ကပါလှည့်လာလေရာ သူတို့လက်မောင်းများတိုက်မိသွားပြီး ကော်ဖီနွေးနွေးမှာယွီမင်ရှို့၏ကိုယ်ပေါ်ကျသွားသည်။


"ရှစ်!" ယွီမင်ရှို့ချက်ချင်းထရပ်ကာ သူ့အဝတ်အစား၏စိုသွားသောအပိုင်းကိုသူ့လက်ချောင်းများဖြင့်ဆွဲလိုက်မိသည်။


ကုစစ်: "....." ဒါကတိုက်ဆိုင်မှုမဟုတ်ဘူးနော်။


လက်ထောက်စုန့်မှာတစ်စက္ကန့်ကြာကြောင်အမ်းသွားရပြီး သဘောပေါက်သွားပြီးနောက် တစ်သျှူးထုတ်ကာ ယွီမင်ရှို့ကိုကူသုတ်ပေးရင်းပြောလိုက်သည်။

"ဥက္ကဌယွီ စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်ဂရုမဲ့သွားတယ်....."


ကော်ဖီကသိပ်မပူပေမဲ့ အဝတ်စိုကခန္ဓာကိုယ်ပေါ်ကပ်နေသဖြင့် အလွန်အဆင်မပြေဖြစ်ရပေရာ ယွီမင်ရှို့၏မျက်နှာအရောင်မှာသိသိသာသာကိုသိပ်မကောင်းလှ။


ကုစစ်ကရှောင်စုန့်၏တောင်းပန်သောကိုယ်ဟန်အမူအရာကိုပိတ်ဆို့ကာ ပြောလိုက်သည်။

"ကျွန်တော့်အမှားပါ၊ စိတ်မရှိပါနဲ့၊ ကျွန်တော်ဥက္ကဌယွီကိုအဝတ်လဲဖို့အရင်ခေါ်သွားပေးပါ့မယ်။"


ပြောပြီးနောက် သူလင်ခုံးလုကိုခေါင်းအသာငြိမ့်ပြကာ ယွီမင်ရှို့ဖြေမဖြေကိုအလေးမထားဘဲ သူ့ကိုဒီအတိုင်းလှမ်းကိုင်ကာ တစ်ဖက်လူ၏လက်မောင်းကိုဆွဲပြီး ဆွဲခေါ်ကာလျှောက်ထွက်သွားတော့သည်။


လက်ထောက်စုန့်: "....." အတွင်းရေးမှူးယန်းကဥက္ကဌယွီရှေ့မှာဒီလောက်....နိုင်လိုမင်းထက်ဆန်မယ်မထင်ထားမိဘူး။ ဒါကနန်းတော်ရဲ့ဒဏ္ဍာရီလာအရှိန်အဝါများလား။


လင်ခုံးလု: "....." ဘာဖြစ်သွားတာတုန်း? သူတို့ဘယ်မှာအဝတ်သွားလဲတာလဲလို့? ကုစစ်တော့ယွီမင်ရှို့ကိုမထိုးလောက်ပါဘူးနော်?


အဓိကအချက်က သူ့မှာဘယ်လိုလုပ်ယွီမင်ရှို့လဲဖို့အဝတ်ရှိနိုင်မှာလဲ။


သူလည်းအမြန်ထရပ်ကာ လက်ထောက်စုန့်ကိုပြောလိုက်သည်။

"သွား၊ ဘေးကရှော့ပင်းမောလ်ကိုသွားပြီးဥက္ကဌယွီအတွက်အဝတ်အစားတစ်စုံသွားဝယ်လိုက်။"


လက်ထောက်စုန့်အသိပြန်ဝင်လာကာ ခေါင်းငြိမ့်ပြီး "ဟုတ်ကဲ့"ဟုပြောလိုက်ပေမဲ့ သူတံခါးဆီလျှောက်သွားရုံသာရှိသေး လင်ခုံးလုကလှမ်းခေါ်လာပြန်သည်။


"နေအုံး၊ တစ်...တစ်စုံပဲနော်။" အရမ်းစျေးကြီးတာဝယ်ဖို့မလိုဘူးရယ်။


လက်ထောက်စုန့်: "ဟုတ်ကဲ့။"


"ခဏနေအုံး။" လင်ခုံးလုသူ့ကိုရုတ်ခြည်းတားကာပြောလိုက်ပြန်သည်။

"ကုမ္ပဏီအကောင့်ထဲကပေးဖို့မမေ့နဲ့။"


လက်ထောက်စုန့်: "....ဟုတ်ကဲ့။"


ကုစစ်၏မျက်နှာမည်းမှောင်ကာဖြင့် သူယွီမင်ရှို့ကိုရေချိုးခန်းဆီတောက်လျှောက်ဆွဲခေါ်လာခဲ့သည်။


"အားစစ်?" ယွီမင်ရှို့မှာပဟေဠိဖြစ်နေပုံပင်။


ကုစစ်ကသူ့ကိုနံရံဆီတည့်တိုးပစ်ပြီး သူ့လည်ပင်းကိုညှစ်ကာ အေးစက်စက်ပြောလာမည်ဟုဘယ်သူထင်မှာလဲ။

"ပါးစပ်ပိတ်ထားလိုက်၊ မင်းကအဲ့လိုခေါ်ဖို့တန်လို့လား။"


အသံထွက်လာသည်နှင့် သူတို့နှစ်ယောက်လုံးအေးခဲသွားရသည်။


ကုစစ်ကားသိသိသာသာကိုရင်ထဲမှာလူသတ်ချင်စိတ်ခံစားနေရပြီး သူယွီမင်ရှို့ကိုသတ်ပစ်ချင်ပေမဲ့ ဒီအတွေးကဖော်ပြမရအောင်ပေါ်လာသည်။ သူကယွီမင်ရှို့ကိုသဘောမကျဘဲ ယွီမင်ရှို့ကိုအနည်းငယ်မနာလိုရှုစိမ့်ဖြစ်မိပေမဲ့ သူ့ကိုသတ်ပစ်တဲ့အထိသွားလို့မရပေ။


ထို့အပြင် အရင်ဘဝမှာ ယွီမင်ရှို့ကခေါက်တုံ့ခေါက်ပြန်သွားလာကာ သူ့ကိုမှတ်ဉာဏ်ပြန်ရအောင်ကူညီပေးခဲ့သည်....


ယွီမင်ရှို့ကလည်းဒီတစ်ခေါက်အေးစက်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဥက္ကဌကုဘာကိုဆိုလိုတာလဲဗျ?"


ကုစစ်လက်ပြန်ရုတ်လိုက်ပေမဲ့ သူကသူ့ကိုထူးဆန်းစွာကြည့်နေမိပုံမှာ အေးစက်ကာ အနည်းငယ်ပဟေဠိဖြစ်နေသည့်အလား။


တစ်အောင့်ကြာသော် သူအကြည့်ပြန်ရုတ်ကာ သာမန်ကာလျှံကာပြောလိုက်သည်။

"'တစ်ပါးသူရဲ့ကိစ္စကိုဝင်မစွက်ဖက်ရဘူး'ဆိုတဲ့အခြေခံသဘောတရားကိုဥက္ကဌနားလည်သင့်တယ်နော်?"


ယွီမင်ရှို့မှာသိသိသာသာကိုနားမလည်ဘဲမေးလိုက်မိသည်။

"မင်းပြောချင်တာက?"


ကုစစ်ခြုံပတ်ရိုက်မနေတော့ဘဲ သူ့ကိုတည့်တိုးဖော်ထုတ်ကာ ပြောလိုက်သည်။

"လင်ခုံးလုကအမြဲတမ်းငါ့လူပဲမို့ ရှေ့လျှောက်သူနဲ့ဝေးဝေးနေ၊ ပြီးတော့မင်းငါ့ကိုဒီမှာအတွင်းရေးမှူးယန်းလို့ခေါ်ရမယ်။"


ယွီမင်ရှို့: "......"


ဒီတော့ဒီကောင်က ကုကတော်ကိုပြန်လာခွင့်မပေးဘဲ ဥက္ကဌလင်ကိုချစ်သွားတာလား။ ခုနကမင်းသဝန်တိုလို့ ငါ့ကိုအဲ့လိုဆက်ဆံခဲ့တာလား။ အဓိကအချက်က ဂုဏ်သိက္ခာရှိတဲ့ဥက္ကဌကုက တစ်စုံတစ်ယောက်ကိုလိုက်ဖို့အတွက်နဲ့ ဒီမှာအတွင်းရေးမှူးလေးအဖြစ်နဲ့ သူ့နာမည်ကိုတကယ်ကြီးဖုံးကွယ်ထားတယ်ပေါ့?


အာ။


ယွီမင်ရှို့အံ့သြသွားရပြီး အနည်းငယ်ရယ်စရာကောင်းသည်ဟုပါခံစားလိုက်ရကာ ပြောလိုက်မိသည်။

"ဥက္ကဌကုကတကယ်အေးဆေးနေတာကိုး။"


"အတွင်းရေးမှူးယန်းပါ။" ကုစစ်မျက်မှောင်ကြုတ်ပြီး အသိပေးကာပြောလိုက်သည်။

"မင်းရှောင်လုရှေ့မှာစကားမပေါက်ကြားရင်ပိုကောင်းမယ်၊ မဟုတ်လို့ကတော့....မင်းကိုကြိုသတိမပေးဘူးဆိုပြီးငါ့ကိုအပြစ်မတင်နဲ့၊ ရှောင်လုနဲ့ဝေးဝေးနေ။"


ယွီမင်ရှို့ခပ်ပေါ့ပေါ့ပြောလိုက်သည်။

"စိတ်မပူနဲ့၊ 'သူငယ်ချင်းရဲ့ဇနီးကိုအနိုင်မကျင့်သင့်ဘူး'ဆိုတဲ့အခြေခံသဘောတရားကိုငါနားလည်ပါသေးတယ်၊ ငါသူ့ကိုမဆက်ဆံ...."


"သူ့ခေါင်းကိုတိုက်လိုက်။" သူပြောလို့မပြီးခင် အသံတစ်သံကရုတ်တရက်သူ့ခေါင်းထဲမှာပေါ်လာသည်။


"....စိတ်မဝင်စားဖို့ကောင်းတယ်။"

ယွီမင်ရှို့အေးခဲသွားရကာ ပြီးအောင်ပြောဖို့တုံ့ဆိုင်းသွားမိသည်။


တစ်ခဏတန့်သွားပြီးနောက် သူကုစစ်ကိုမေးလိုက်မိသည်။

"မင်းတစ်ခုခုကြားလိုက်လား။"


ကုစစ်ကသူ့ကိုထူးဆန်းစွာကြည့်ကာ အသာပြောလာသည်။

"မကြားဘူး။"


ယွီမင်ရှို့: "......"


"ငါမင်းကိုသူ့ခေါင်းကိုတိုက်ခွင့်ပေးတယ်။" အသံကထပ်ပေါ်လာပြန်သည်။


ယွီမင်ရှို့: "!!!"


ဖာ့ခ်၊ သရဲရှိတယ်ဟ!


ရုတ်တရက် သူ့လက်နှင့်ခြေထောက်များအားနည်းလာပြီး သူကုစစ်ကိုအလိုလိုမေးလိုက်မိပြန်သည်။

"မင်း....ဘာမှမကြားဘူးလား။"


ဒီတစ်ခေါက်ကုစစ်ပြန်မဖြေခင် သူရုတ်တရက်တဆစ်ဆစ်နာကျင်စပြုလာပြန်ကာ အသံကသူ့စိတ်ထဲမှာတစ်လုံးချင်းစီ အံကြိတ်လျက်ပြောလာသည်။

"ငါမင်းကိုသူ့ခေါင်းကိုတိုက်ခိုင်းနေတာ၊ မင်းနားမလည်ဘူးလား။"


ယွီမင်ရှို့ကိုခေါင်းကိုနာကျင်စွာအုပ်ကာ ရင်ထဲမှာအော်ပြောလိုက်မိသည်။

"ဟဟ၊ ဘယ်ကသရဲရောက်လာတာလဲ။"


"မင်းကိုလက်စားချေဖို့ရောက်လာတဲ့သရဲပဲ။" အသံကလှောင်ရယ်လိုက်ပြီးမှ တိုက်တွန်းလာသည်။

"သူ့(ငါ့)ခေါင်းကိုသွားတိုက်လိုက်၊ ငါပြန်သွားချင်တယ်။"


ယွီမင်ရှို့မှာနာကျင်မှုကြောင့်ချွေးစေးပြန်လာကာ တွေးလိုက်မိသည်၊ ဒါကခေါင်းချင်းတိုက်ရတာကြိုက်တဲ့ကျွဲမိစ္ဆာဖြစ်လောက်မယ်။


သူ့ကိုဒီလိုမျိုးမြင်လိုက်ရတော့ ကုစစ်ကမျက်နှာထက်ထူးဆန်းသောအကြည့်ဖြင့် ဘာမှမလုပ်ဘဲ ဘေးမှဒီအတိုင်းရပ်ကြည့်နေပြီး သူ၏မထူးခြားမခြားနားမှုမှာမူမမှန်ပုံပင်။


ယွီမင်ရှို့မှာထိုအကြောင်းအဲ့လောက်စဥ်းစားဖို့အချိန်မရှိပေ၊ သူဟာသူ့ခေါင်းထဲကအသံတိုက်တွန်းတာခံရလွန်းလို့ သူ့ခေါင်းပေါက်ကွဲသွားတော့မည်ပင်။ သူအံကြိတ်လိုက်ပြီး တကယ်ရှေ့တိုးကာ ကုစစ်ပုခုံးပေါ်လက်တင်ပြီး ပြောလိုက်သည်။

"တောင်းပန်တယ် ညီအစ်ကို။"


သူကုစစ်ကိုခေါင်းနှင့်တိုက်ရန်ပြင်လိုက်စဥ် ကုစစ်၏မျက်နှာမသိမသာပြောင်းလဲသွားကာ သူ့ကိုတွန်းထုတ်ဖို့လက်မြှောက်လိုက်သည်။


ဒါပေမဲ့ ထိုစဥ် လင်ခုံးလုကရေချိုးခန်းတံခါးကိုတွန်းဖွင့်လာပြီး မော့ကြည့်ကာဒီမြင်ကွင်းကိုမြင်လိုက်ရတော့ အထိတ်တလန့်ပြောလိုက်မိသည်။

"မင်း....."


ကုစစ်တောင့်ခဲသွားရပြီးမှ ယွီမင်ရှို့ကိုဘေးကိုကန်ထုတ်ပစ်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ဥက္ကဌယွီကနေကောင်းပုံမရဘူး။"


လင်ခုံးလု: "....." သူနေမကောင်းရင် မင်းကန်ဖို့လိုသေးလို့လားဟ?


"အင်း!" ယွီမင်ရှို့ခေါင်းမှာရုတ်တရက်နာကျင်တာရပ်သွားပြီး သူထရပ်ကာ ကုစစ်ကိုဒေါသတကြီးပြောလိုက်မိသည်။

"ကုမျိုး..."


"စိတ်မရှိပါနဲ့၊ ဥက္ကဌယွီ၊ ကျွန်တော်ကအတွင်းရေးမှူးယန်းပါ၊ ဘာအလိုရှိပါသလဲဗျ?"

ကုစစ်သူ့ကိုလှည့်ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲမှာအေးစက်စက်အလင်းတစ်ချက်လက်သွားသည်။


ယွီမင်ရှို့: "...." သေစမ်း၊ လူစိတ်မရှိတဲ့ဆန့်ကျင့်ဘက်လိင်နဲ့ကောင်! မဟုတ်သေးဘူး၊ လိင်တူတာပဲကို။


လင်ခုံးလုကယွီမင်ရှို့ကိုအဝတ်လာပို့တာဖြစ်ပြီး သူဒါကိုမြင်လိုက်ရသော် အမြန်ရှေ့တိုးကာပြောလိုက်သည်။

"ဥက္ကဌယွီ၊ အဝတ်အရင်လဲလိုက်ပါအုံး။"


ယွီမင်ရှို့သူ့တည်ငြိမ်မှုပြန်ရလာကာ ပြောလိုက်သည်။

"ဟုတ်ကဲ့။"


သူအဝတ်ယူကာ တန့်သွားပြီးမှ လင်ခုံးလုကိုလှည့်ကြည့်ကာပြောလိုက်သည်။

"ဥက္ကဌလင်၊ မင်းအတွင်းရေးမှူးကိုအလုပ်ထုတ်လိုက်တာပိုကောင်းမယ်၊ သူကကော်ဖီခွက်ကိုခွဲလိုက်တယ်လေ။"


"အိုး၊ သူကဒီမှာအသစ်မို့လို့ပါ၊ ဥက္ကဌယွီရယ်၊ ကျွန်တော့်ကိုခွင့်လွှတ်ပါနော်။"

လင်ခုံးလုသူ့အတွင်းရေးမှူးကိုတော့ထုံးစံအတိုင်းလေသံပြောင်းကာ အသာပြောလိုက်သည်။

"ဥက္ကဌယွီ၊ အဝတ်အရင်လဲလိုက်နော်၊ ဒါဆို ကျွန်တော်တို့အနှောင့်အယှက်မပေးတော့ပါဘူး။"


ပြောပြီးနောက် သူကုစစ်ကိုဆွဲကာအတူထွက်သွားသည်။


ယွီမင်ရှို့: "....." မဟုတ်သေးဘူး၊ နေပါအုံး၊ ငါ ငါသရဲနည်းနည်းကြောက်တယ်လို့။


လင်ခုံးလုရေချိုးခန်းတံခါးအပြင်ထွက်လာပြီးနောက် သူကုစစ်လက်ကိုလွှတ်ကာ ရုံးခန်းဆီတည့်တည့်မတ်မတ်လျှောက်သွားသည်။


သူဒေါသထွက်နေပြီဟုကုစစ်ထင်မိသဖြင့် အနောက်မှတိတ်တိတ်လေးလိုက်သွားမိသည်။


လင်ခုံးလုရုံးခန်းထဲဝင်လိုက်ပြီး သူအထဲဝင်လာချိန် တံခါးပိတ်ကာမေးလိုက်သည်။

"မင်းကော်ဖီကိုတမင်မှောက်လိုက်တာလား။"


ကုစစ်ခေါင်းခါကာ ဗလုံးဗထွေးအသံဖြင့်ပြောလိုက်သည်။

"မဟုတ်ပါဘူး။"


တကယ်တိုက်ဆိုင်တာပါနော်၊ သူအရင်ကတကယ်လောင်းချချင်ခဲ့ပေမဲ့လည်းပေါ့။


"အဟမ်း၊ ဥက္ကဌယွီအတွက်အဝတ်ဝယ်လိုက်ရတဲ့ပိုက်ဆံကိုမင်းလစာထဲကနှုတ်လိုက်မယ်။" လင်ခုံးလုချောင်းအသာဟမ့်ကာ တမင်ရည်ရွယ်ချက်ရှိရှိတည်တင်းသောမျက်နှာဖြင့်ပြောလိုက်ပြီး ခဏတန့်သွားပြီးမှမေးလိုက်သည်။

"ဒါဆိုရှောင်စုန့်ကော်ဖီအများကြီးလာပို့တာက မင်းအချက်ပြလိုက်လို့မလား။"


ကုစစ်ဒီတစ်ခေါက်ခေါင်းငြိမ့်ကာဝန်ခံလိုက်သည်။

"ဟုတ်။"


"ဘာလို့လဲ။" လင်ခုံးလုသိရက်နှင့်မေးလိုက်သည်။


ကုစစ်တစ်အောင့်ကြာတိတ်ကျသွားပြီး မဖြေဘဲ မေးလိုက်သည်။

"ကျွန်တော်ကြားတာကတော့ ခင်ဗျားသူ့ကိုအမြဲတမ်းသဘောကျခဲ့တာဆို?"


"မဟုတ်ပါဘူး။" လင်ခုံးလုချက်ချင်းငြင်းဆန်ကာပြောလိုက်သည်။

"အဲ့ဒါကဥက္ကဌလုရယ်။"


ကုစစ်ကသိသိသာသာကိုမယုံကြည်ဘဲ ခပ်မြန်မြန်အကြည့်လွှဲကာ သူ့ကိုပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်အထင် သူကအကျင့်မကောင်းဘူး၊ ပြီးတော့အနှောင့်အယှက်ဖြစ်စရာကောင်းသလိုပဲ။"


လင်ခုံးလု: "?"


"ဥက္ကဌလုရဲ့ဆန္ဒတွေကိုအမြဲငြင်းတယ်။"

အထက်တန်းတုန်းက သူကရှောင်ပါ့ပေးတဲ့မနက်စာကိုအတန်းဖော်တွေဆီပေးခဲ့တဲ့အပြင် လက်ဆောင်တွေကိုရရှိချိန်မှာလွှတ်ပစ်ခဲ့တယ်။ သူအရင်ဘဝကအလွန်ရှင်းလင်းစွာစစ်ကြည့်ခဲ့သည်။


လင်ခုံးလုပဟေဠိဖြစ်သွားရသည်။ "....အဲ့တော့?"


ကုစစ်အကြည့်ပြန်လှည့်လိုက်ပြီး သူ့နားရွက်ဖျားများမှာအကြောင်းတချို့ကြောင့်နီစွေးလျက် ခပ်တိုးတိုးပြောလိုက်မိသည်။

"ကျွန်တော်သာဆို သူ့လိုလုပ်မှာမဟုတ်ဘူး။ ကျွန်တော်ကအကျင့်စာရိတ္တကောင်းပြီးတော့ ခင်ဗျားပေးတဲ့လက်ဆောင်တိုင်းကိုတန်ဖိုးထားမှာ၊ ကျွန်တော်စိတ်အနှောင့်အယှက်မဖြစ်ဘူး။"


__________________________________