အခန်း၉၃
Viewers 8k

Chapter 93

(စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများ အချင်းချင်း ချည်နှောင်ခြင်း)


Star Network မက်ခါတိုက်ပွဲပလက်ဖောင်းရှိ လင်းရွှမ် ၏ မက်ခါဧည့်ခန်းထဲတွင် ချောင်းမင်ယောင် က အဆင့်၆နေရာမှာ ရပ်တည်နေသည်။ ဝေ့ယွမ် ၏ စိတ်စွမ်းအင်သည် S အဆင့်သာရှိသော်လည်း သူကိုယ်တိုင်က ထိပ်တန်း 100 သို့ ရောက်နိုင်ခဲ့ပြီး အဆင့် 20 တွင် ရပ်တည်နေနိုင်သည်။ အများအားဖြင့် သူသည် ခွန်အားဖြင့်သာမက ဉာဏ်ပညာကို သုံးလျှင်လည်း အနိုင်ရသည်။သူက စကားစပြောလိုက်သည်။


"ဗိုလ်ချုပ် လင်း မှာ ထူးချွန်ထက်မြက်တဲ့ ခွန်အား၊ တိုက်ပွဲအတွေ့အကြုံ ကလည်း များပြီး ရှုံးပွဲမရှိ စစ်နတ်ဘုရားဆိုပြီးတော့လည်း လူသိများတယ်‌…ချောင်းလေး နဲ့ ကျွန်တော်က ကျောင်းမှာဆို ကျောင်းသားသစ်တွေပဲ… တရားမျှတသွားအောင် ကျွန်တော် ချောင်းလေးနဲ့ ပူးပေါင်းပါရစေ… ဗိုလ်ချုပ် လင်းကလည်း လင်းယွင်ကို မမောင်းပါနဲ့လို့ပဲ ပြောချင်တယ်...ဖြစ်နိုင်ပါ့မလား"


လင်းရွှမ် က ဂရုမစိုက်ပေ။

"ဟုတ်ပြီ.. ငါ B အတန်းစား မက်ခါ ကို မောင်းလိုက်မယ်… ငါးမိနစ်လောက်ကြာတဲ့အထိ ငါ့ကို တိုက်နိုင်ရင် မင်းအနိုင်ရတယ်"


ချောင်းမင်ယောင် က "ကျွန်တော်တို့အနိုင်ရရင် အစ်ကို ယောင်ယောင် နဲ့ တွဲခွင့်မရှိဘူး"


လင်းရွှမ် သည် လင်းယောင်ယောင် ကိုကြည့်ကာ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။


"ယောင်ယောင် က ဘယ်သူနဲ့ တွဲချင်လဲ ဆိုတာဟာ သူ့ကိုယ်ပိုင် ရွေးချယ်မှုပဲ…မင်းတို့ ဆုံးဖြတ်ဖို့ မလိုပါဘူး…မင်းတို့ ကန့်ကွက်သည်ဖြစ်စေ၊ မကန့်ကွက်သည်ဖြစ်စေ ငါက သူမကို လွှတ်မှာ မဟုတ်ဘူး…ငါက သူမကိုပဲ လိုချင်တာ"


ဝေ့ယွမ် နှင့် ချောင်းမင်ယောင်: "..."


လင်းရွှမ်ကို အနိုင်မယူနိုင်ပါက ညီမဖြစ်သူက သူတို့ဘက်မှာ လုံးဝမရှိနေနိုင်လောက်ပေ။ သူတို့ နှစ်ယောက်သား ဘာမှ မပြောနိုင်တော့ဘဲ စိတ်ဓာတ်တောင်ကျသွားရလေသည်။


လင်းရွှမ် စကားကို နားထောင်ပြီးနောက် လင်းယောင်ယောင်သည် အလွန်ဝမ်းသာသွားသော်လည်း ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့ဘက်မှ စဉ်းစားပေးရန် မမေ့ခဲ့ပေ။ ပြတ်ပြတ်သားသားပြောရလျှင် ဝေ့ယွမ် နှင့် ချောင်းလေး တို့သည် လင်းရွှမ် က သူမကို လုယူသွားသည့်အတွက် စိတ်မကောင်းဖြစ်နေကြသည်။ သူတို့ ညီအစ်ကိုနှစ်ယောက်သည် ညီမဖြစ်သူက အလွယ်တကူ လိုက်၍ မရကြောင်းကို လင်းရွှမ် သိစေရန်ပညာပြပေးလိုနေကြခြင်းသာ။


တစ်ကယ်တမ်းတွင်၊ လင်းရွှမ် က သူမကို မကြိုက်ခင်ကဆိုလျှင် မောက်မာစွာပြောဆိုခဲ့ဖူးသည်။ အကယ်၍ သူမသည် တက္ကသိုလ်တွင် သူ သဘောမတူဘဲ တခြားကောင်လေးတစ်ယောက်နှင့်ကြိုက်နှစ်သက်ပါက ထိုလူကို သူမ မမှတ်မိသည့်တိုင်အောင် ရိုက်နှက်မည်ဟု ပြောထားခဲ့ဖူးသည်။ အနည်းဆုံးတော့ ထိုလူနှင့် သဘောတူဖို့ နာရီဝက်လောက် တိုက်နိုင်ရမည်ဟုလည်း ပါသေးသည်။ယခုဆို ထိုကောင်စုတ်က သူကိုယ်တိုင်ပင် ဖြစ်နေလေသည်။ သူ့ကိုယ်သူ အနိုင်တိုက်ဖို့လိုမည်ဟု သူမ မမျှော်လင့်ထားပေ။ ထို့ကြောင့်၊ သူမကလည်း အလွယ်တကူ လိုက်၍မရသည့် မိန်းမတစ်ယောက်ဖြစ်ကြောင်းကို သူ သိနိုင်စေရန်အတွက် အခက်အခဲအနည်းငယ်ကို ကြုံတွေ့စေချင်သည်။ ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့ကလည်း သူမကို ကာကွယ်ချင်နေသည့်အတွက် သူတိူ့ဘက်က နေပေးချင်မိသည်။

လင်းယောင်ယောင် သည် သူမ လက်ကို လင်းရွှမ် လက်ထဲမှ ဆွဲထုတ်လိုက်ပြီး ဝေ့ယွမ် နှင့် ချောင်းမင်ယောင် နံဘေးတွင် ရပ်လိုက်သည်။


"အစ်ကိုရွှမ် က အရမ်းအစွမ်းထက်တယ် ဆိုတော့ ညီမလေးရဲ့ အစ်ကို နှစ်ယောက် အနိုင်ကျင့်မခံရအောင် သူတို့နဲ့ အဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပြီ…အစ်ကိုကြီး ရှုံးရင် စောင့်ကြည့်ကာလကို အကန့်အသတ်မရှိ သက်တမ်းတိုးပစ်လိုက်မယ်"


သူမ စကားမပြောခင်က လင်းရွှမ် သည် ညီအစ်ကိုနှစ်ယောက်ကို အလေးအနက်မထားခဲ့ပေ။ ယခုတော့ သူ့မျက်လုံးများသည် ဝေ့မိသားစုဘက်သို့ သွားရန်ပြင်နေသော မိန်းကလေးကို ကြည့်လိုက်ပြီး သူ့ရင်ထဲတွင် အနည်းငယ် ရောထွေးနေသည်။ သူမသည် ဝေ့ မိသားစုနှင့် ဆုံတွေ့ခဲ့သည်မှာ ရက်ပိုင်းမျှသာရှိသေးသော်လည်း သူနှင့် ဆန့်ကျင်ဘက်ဘက်တွင် ရပ်တည်ချင်နေသည်။


သူ့ခံစားချက် ထိခိုက်သွားမှာ မကြောက်ဘူးလား…


လင်းရွှမ် သည် သူ့နှလုံးသားထဲမှ မနာလိုသည့် ခံစားချက်ကို မျိုသိပ်လိုက်ပြီး


"အိုး…ဒါဆို မင်းတို့သုံးယောက်ကို နိုင်ရင် မင်းရဲ့တရားဝင်ချစ်သူဖြစ်ခွင့်ပေးမှာပေါ့"


လင်းယောင်ယောင် အံ့သြသွားသည်။ လင်းရွှမ် ပြောစကားက မှန်ကန်သော်လည်း သူမ၏ ရည်းစားအမြန်ဖြစ်လာဖို့ ယခုလိုမျိုး မတွေးခဲ့‌ဖူးပေ။


အကယ်၍ သူတို့သည် တရားဝင်ချစ်သူရည်းစားဖြစ်သွားပါက... နှာဘူး လင်းရွှမ် သည် သူမ လက်ကို ကိုင်ပြီး တစ်ခါတစ်လေသာ ဖက်ပါမည်ဟု တရားသေ တွက်ထား၍မရပေ။သူ ဘယ်လိုနည်းနှင့်မှ ထိုမျှနှင့် ကျေနပ်မည်မဟုတ်ပေ။


သို့သော် သူမ ငြင်းခုံရန် စောင့်ဆိုင်းမနေဘဲ လင်းရွှမ် ကပြောလာသည်။


"ကောင်းပြီ... ပြီးမှ နောင်တရမနေနဲ့"


ထို့နောက် သူ၏ မက်ခါအခန်းထဲသို့ လျှောက်သွားခဲ့သည်။ ထိုနေရာတွင် လင်းယွင်မှလွဲ၍ သူမ အချိန်အကြာကြီးအသုံးပြုခဲ့သော B-XI လည်း ရှိသည်။


လင်းယောင်ယောင်: "..."


ချောင်းမင်ယောင် က ပြောလိုက်သည်။


" ယောင်ယောင်…နင့်ရင်ထဲမှာ ငါတို့ အစ်ကို နှစ်ယောက် ရှိတယ်ဆိုတာ ငါသိပါတယ်… ဒါပေမယ့် နင်က အရန်ကုထုံးပညာရှင် တစ်ယောက်လေ…နင်က ဘာလုပ်နိုင်မှာလဲ"


မက်ခါ တိုက်ပွဲတွင် အရန်ကုထုံးပညာရှင် တစ်ယောက်သည် အကူအညီမဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။ သူတို့ရှုံးလျှင် လင်းယောင်ယောင် က အလိုလို လင်းရွှမ် ဘက်ရောက်သွားမှာစိုး၍ အတတ်နိုင်ဆုံး မရှုံးချင်ကြပေ။


လင်းယွင်၏ ဘေးတွင် အမျိုးသမီးဗားရှင်းဖြစ်သည့် SS-အတန်းအစား မက်ခါနောက်တစ်ခု ရှိနေသည်ကို ဝေ့ယွမ် သတိပြုလိုက်မိသည်။ထို့ကြောင့်၊အရင်က လင်းယောင်ယောင်သည် သူမ၏

စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများကို ပြသခဲ့ပြီး ချစ်စဖွယ်ကောင်းသည့် သွေးစပျစ်နွယ်ပင်အား အနိုင်ယူခဲ့သည်ကို သူ အမှတ်တမဲ့ သတိရမိသည်။


လင်းယောင်ယောင် က ချောင်းမင်ယောင် ကို ပြုံးပြလိုက်၍ လင်းယွင် ဘေးရှိ မက်ခါဆီသို့ လျှောက်သွားသည်။


"ဒါက ငါ့ရဲ့ လင်းပိုပဲ"


ဝေ့ယွမ် နှင့် ချောင်းမင်ယောင် : ...


ညီမဖြစ်သူမှာ လျှို့ဝှက်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်နေရခြင်းမှာ အံ့သြစရာကောင်းသော်လည်း သူတို့မပျော်နိုင်ကြချေ။ လင်းယွင် နှင့်တူသော လင်းပို ၏အသွင်အပြင်ကိုကြည့်လိုက်ပါက ထင်ရှားသော စုံတွဲ-မက်ခါ များဖြစ်မှန်း သိသာပေသည်။


ဒါပေမယ့် လင်းယောင်ယောင် ရဲ့ မက်ခါ တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်သူသင်ပေးတာလဲ… လင်းရွှမ် ကလွဲရင် ဘယ်သူဖြစ်နိုင်ပါ့မလဲ...


ထို့နောက် သူတို့သည် တိုက်ပွဲဧရိယာကို ကျပန်း သတ်မှတ်လိုက်ရာ နောက်ခံသည် ကြယ်ရောင်ကောင်းကင်၌ ဥက္ကာခဲခါးပတ်(ကွင်း)တစ်ခုပေါ်လာလေသည်။ အဝေးမှကြည့်လျှင် နောက်ခံအဖြစ် အဆုံးမရှိဟင်းလင်းပြင်ကြီး ဖြစ်ပြီး ပြိုးပြိုးပြက်ပြက်နှင့် အလွန်လှသည်။ လင်းယောင်ယောင် ယခင်က မက်ခါပြိုင်ပွဲပလက်ဖောင်းထဲသို့ မထင်မှတ်ဘဲ ပထမဆုံးအကြိမ် ဝင်လာသောအခါက၊ ယခုလို မြင်ကွင်းမျိုးဖြစ်သည်။ ထိုအချိန်က အာကာသထဲမှာ မျောလွင့်နေရသော အခြေအနေကို သူမ လုံးလုံး နားမလည်ခဲ့သဖြင့် မတ်တပ်မရပ်တတ်သဖြင့် လင်းရွှမ် လက်ကို အမြန်ဆွဲကိုင်လိုက်သည်။


သို့သော် ယခုဆို သူမသည် သာမာန်တိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ရပြီး ကြယ်ရောင်စုံသော ကောင်းကင်ယံမြင်ကွင်းများစွာကို သွားခဲ့သည်။ သို့နှင့်၊သူမ ကျင့်သားရလာခဲ့သည်။


ဤသည်က သုံးယောက်- တစ်ယောက် တိုက်ပွဲပင်။ လင်းရွှမ် တွင် B-အဆင့် မက်ခါသာရှိပြီး ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် လင်းယောင်ယောင် တို့ကို ငါးမိနစ်အတွင်း အနိုင်ယူရမည်ဖြစ်သည်။ သူတို့ သုံးယောက်လုံးမှာ S-အဆင့်နှင့် SS-အဆင့် မက်ခါ များရှိသဖြင့် အနည်းငယ် မတရားသလို ထင်ရသည်။


သို့သော် လင်းရွှမ်အား ဘယ်သူမှ လျှော့တွက်ခြင်းမပြုဝံ့ပေ။ ဤလူ၏ အစွမ်းက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ ဆိုသည်ကို အားလုံး သိကြသည်။ သူ့မှာ SSS အဆင့် စိတ်စွမ်းအားရှိပြီး စစ်မြေပြင်တွင်လည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျင်လည်ခဲ့သူလည်းဖြစ်သည်။ သူသည် ဒဏ္ဍာရီလာ အရှုံးမရှိ နတ်ဘုရားဖြစ်သည်။ သူတို့သုံးယောက်က သူ့ကို အနိုင်ယူဖို့တောင် မပြောနှင့်၊ ငါးမိနစ်ကျော်လောက်သာ တိုက်ဖို့ မျှော်လင့်ထားကြခြင်းဖြစ်သည်။


သုံးယောက်သား၏ အတွင်းပိုင်းချန်နယ်တွင် ဝေ့ယွမ် သည် နည်းဗျူဟာများအကြောင်းပြောခဲ့သည်။


" ယောင်ယောင်…လင်းရွှမ် က ညီမကိုဆို သိပ်ရက်စက်မှာ မဟုတ်ဘူး ဆိုတော့ ညီမက သူ့ကို နှောင့်ယှက်ရမယ်...မရရအောင် ရှောင်ရမယ်...ပြီးတော့ လေးမိနစ်လောက်အထိ ရေခဲရောင်ခြည်တွေ ထုတ်သုံးပေး…အစ်ကိုတို့ ကရတယ်…. ဒီကောင်းကင်မြေပုံက အရမ်းကြီးတယ်ဆိုတော့ အစ်ကိုတို့ ပြေးပုန်းလို့ရတယ်…သူ အစ်ကိုတို့ကို လိုက်မမီနိုင်သရွေ့တော့ နိုင်ပွဲပဲ"


လင်းယောင်ယောင် ရှက်သွားသည်။ ဝေ့ယွမ်၏ လှုပ်ရှားမှု ဗျူဟာက သူမလို တိုက်ခိုက်ရေးပလက်ဖောင်းတွင် ကျင်လည်နေသူ တစ်ယောက်အတွက်တော့ ဆိုးရွားလွန်းလှသည်။ သို့သော် ကျားပါးစပ်ထဲသို့ မြန်မြန်ဆန်ဆန် မခုန်ဆင်းလိုသောကြောင့် ဝေ့ယွမ်၏စကားကို နာခံစွာ နားထောင်ရမည်ဖြစ်သည်။


သို့သော် အမှန်တစ်ကယ် တိုက်ပွဲစတင်သောအခါ ဝေ့ယွမ်နှင့် အခြားသူများ သိသွားသည်မှာ ဤမျှမလွယ်ကူကြောင်းကိုပင်။


သီအိုရီအရ လင်းရွှမ်သည် လင်းယောင်ယောင် ကို တိုက်ခိုက်ရန် တွန့်ဆုတ်နေသင့်သည်။ သို့သော် ရက်စက်ကြမ်းကြုတ်သော လင်းရွှမ် သည် သူမ၏ အားနည်းချက်များကို သုံးကြိမ်မှ ငါးကြိမ်အထိ တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး မိနစ်ဝက်မပြည့်မီတွင် လင်းပို အရိုက်ခံခဲ့ရသည်။ အခြားနည်းလမ်းမရှိတော့ပေ။ သူမ၏ မက်ခါ ထိန်းချုပ်မှုစွမ်းရည်အားလုံးကို လင်းရွှမ် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး လင်းပို ကိုလည်း သူပေးထားခြင်းဖြစ်သည်။


လင်းပိုက ဘယ်နေရာက ဘယ်လိုအားနည်းနေတယ်ဆိုတာ သူဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ…


တစ်ချိန်တည်းမှာပင် ဝေ့ယွမ်နှင့် ချောင်းမင်ယောင်၏ ကြမ်းတမ်းသောတိုက်ခိုက်မှုများကိုလည်း သူ ဂရုစိုက်၍ ကိုင်တွယ်ခဲ့သည်။


လင်းယောင်ယောင် သည် သူမတွင် လှုပ်ရှားရန် အခွင့်အရေးပင် မရှိသည်ကို မြင်လိုက်ရသဖြင့် ဒေါသထွက်သွားသည်။သူမ၏ မက်ခါ ပျက်စီးမှုသည် 90% ရှိပြီး 95% အထိပျက်စီးဖို့နီးကပ်လာတော့မည်ကို မြင်လိုက်သောအခါ များစွာ မတွေးတောနိုင်ဘဲ သူမ၏ အစွမ်းထက်ဆုံး စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများကို တိုက်ကွက်ကို ထုတ်သုံးလိုက်တော့သည်။


တစ်ဖက်တွင် ဝေ့ယွမ်နှင့် ချောင်းမင်ယောင်တို့၏ တိုက်ခိုက်မှုကို တုံ့ပြန်နေသည့် လင်းရွှမ်သည် ‌တစ်ဖက်မှ လင်းယောင်ယောင်၏ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို ခံစားလိုက်ရသည်။ သူ၏ ပြင်းထန်ပြီး ထက်မြက်သော စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများသည်လည်း ရုတ်တရက် စတင်လည်ပတ်စပြုလာရ၏။


ပကတိမျက်စိဖြင့် မမြင်နိုင်သော စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများသည် အချင်းချင်း အာရုံခံစားနိုင်စွမ်းရှိသည်။ လင်းယောင်ယောင် ၏ ထက်မြက်သော စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းသည် စိမ်းလန်းသော အလင်းရောင် နှင့် ရွှေ ရောင်ဖျော့ဖျော့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများသည် မှင်အနက်ရောင်ဖြစ်ပြီး ခရမ်းရောင် လျှပ်စစ်အလင်းတန်းများဖြစ်သည်။


လင်းယောင်ယောင် မှာ တခြားစိတ်ပိုင်းဆိုင်ရာ အစွမ်းအစမျိုး တစ်ခုမှ မရှိသော်လည်း green star လူမျိုးတစ်ယောက်အနေနှင့် သူမ၏ စိတ်စွမ်းအင်များသည် အစိမ်းရောင်သန်းနေခြင်းပင်။သူမ၏ ဝိညာဉ်ကိုယ်ခန္ဓာသည် ရွှေရောင်ဖြစ်ပြီး green Star လူမျိုးတို့၏ တော်ဝင်သွေးကို ကိုယ်စားပြုခြင်းဖြစ်ပေသည်။ ထို့အတွက်ကြောင့် နုနယ်သော အရန်ကုထုံးပညာရှင်တစ်ဦးအနေဖြင့်၊သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို အသုံးပြုပြီး တိုက်ခိုက်နိုင်ပြီး တစ်ဖက်သားမှာ ထိုစက်ဝန်းများကို ခံနိုင်ရည်မရှိတတ်ပေ။


သို့သော်၊ လင်းရွှမ် ၏ စွမ်းရည်များမှာ အမည်းရောင် နှင့် မိုးကြိုးဒြပ်စင် တို့ဖြစ်သည်။


သာမာန်တိုက်ခိုက်သူများကြားရှိ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တိုက်ပွဲတွင်၊ သူတို့၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများသည် ပြင်းထန်လာမည်ဖြစ်သည်။ များပြားလှသော စိတ်စွမ်းအင် စက်ဝန်းများ အချင်းချင်း တိုက်ခိုက်ကြမည် ဖြစ်ပြီး အလွန်အန္တရာယ်များသည်။


ကံကောင်းထောက်မစွာပင်၊ တိုက်ခိုက်နေရင်း စိတ်ရူးပေါက်သွားခြင်း၊ ရူးသွပ်သွားခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနယ်ပယ်တို့ ထိခိုက်သွားမှာစိုး၍ Star Network အတွင်းတွင် စိတ်ပိုင်းဆိုင်ရာ အကာအကွယ်ယန္တရားတစ်ခု ပါရှိသည်။ သို့သော်၊ သူတို့၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများ အချင်းချင်း ဖြုတ်မရအောင် ရစ်ပတ်ထားလျှင် သို့မဟုတ် သူတို့ နှစ်ယောက်၏ ဝိညာဉ်ရေးဆိုင်ရာ နယ်ပယ်ကို ထိုးဖောက်ခံရပါက၊ နာကျင်မှုကို အမှန်တစ်ကယ်ခံစားရမည်ဖြစ်သည်။


လင်းရွှမ် သည် လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများကို ဖြတ်ဖို့ ဆန္ဒမရှိခဲ့ပေ။ သူသည် သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ချုပ်နှောင်ထားရန် သူ၏ စက်ဝန်းမှ တစ်ဝက်ကို ပိုင်းခြားကာ ဆုပ်ကိုင်ထားချင်မိသည်။ သို့သော် နှစ်ယောက်သား၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများက တစ်ယောက်ကိုတစ်ယောက် ထိတွေ့မိသွားသောအခါတွင်တော့ သူတို့နှစ်ယောက် ရင်ထဲမှာ ဖော်မပြနိုင်သော ထိတ်လန့်တုန်လှုပ်သည့်ခံစားချက်ကို ခံစားလိုက်ရသည်။ထို့နောက် လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများသည် ချွန်ထက်သော ပုံစံမှ လုံးဝန်းသော ပုံစံသို့ ပြောင်းလဲသွား၍ လင်းရွှမ် ၏ စက်ဝန်းများကို ရစ်နွှယ်ထားသည်။


မကြာမီ၊လင်းယောင်ယောင် ကိုယ်တိုင်မှာ လင်းပို၏ မောင်းနှင်သူ ထိုင်ခုံတွင် ပြုတ်ကျလုနီးပါးဖြစ်နေရသည်။ သူမမျက်နှာမှာ နီမြန်းနေပြီး အသံထွက်ကာပင် အော်ငြီးလိုက်ရသေးသည်။


လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများကို ထိလိုက်သောအခါတွင် သူမ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ပျော်ရွှင်မှုက ရုတ်တရက် ပြင်းထန်စွာ သူ့ရင်တွင်းသို့ ရောက်လာ၏။


တစ်ချိန်တည်းမှာပင် ၊ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့နှင့် ဘေးချင်းကပ်နေသော B-XI မက်ခါ သည် တုန်ခါသွားသည်။ယခုဆို၊ ညီအစ်ကိုဝမ်းကွဲနှစ်ယောက်သည် ပစ်ခတ်မှုအနည်းငယ်ကို အောင်မြင်စွာ ပစ်နိုင်ခဲ့သဖြင့် လင်းရွှမ်အား ပွဲသိမ်းတိုက်တော့မည်ဖြစ်သည်။ သို့သော်လည်း လက်မြန်ခြေမြန်ရှိသော လင်းရွှမ် က တစ်ဖန်တိုက်စစ်ဆင်လာပြန်သောကြောင့် ကြီးမားသော ဥက္ကာခဲကြီး၏ နောက်ကွယ်တွင် လျင်မြန်စွာ ပုန်းရှောင်လိုက်ရသည်။


တစ်ချိန်တည်းမှာပင် လင်းရွှမ် သည် သူ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်သည်။


အရန်ကုထုံး ပညာရှင်တွေက ဘာလို့ မက်ခါ မတိုက်နိုင်တာလို့ ပြောကြတာလဲ…


အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများက တိုက်ခိုက်နိုင်စွမ်း မရှိတာကြောင့်ပင်။ ပြောရမည်ဆိုလျှင်၊ 80% ပြင်းထန်သည့် တိုက်ပွဲများနှင့် ရင်ဆိုင်ရသောအခါ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများမှာ အလိုအလျောက် ပေါ်လာပြီး အချင်းချင်း ထိတွေ့လိုစိတ် ပေါ်လာ‌ေပလိမ့်မည်။ဥပမာ၊ ကြောင်တစ်ကောင်က ပိုင်ရှင်၏ လက်ဖဝါးကို သူ့အလိုလိုခေါင်းလေးနှင် ပွတ်သပ်နေသလိုမျိုးပင်၊ အလိုလိုဖြစ်တည်လာခြင်းဖြစ်ပေသည်။


ထို့အပြင်၊ တိုက်ပွဲဝင်သူများကလည်း ထို့အတူတူပင်။သူတို့၏ စူးရှပြီး ဆူးများသော စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများကို နူးညံ့ချောမွေ့စေသောအခါ ထိုခံစားချက်ကို ခံနိုင်ရည်ရှိသူ မရှိစလောက် ရှားပါးသည်။ထိုအခါမျိုးဆို အလိုလို စိတ်ကနူးညံ့ပျော်ရွှင်လာတတ်ပြီး တစ်ဖက်သားကို တိုက်ခိုက်လိုစိတ်မရှိတော့ပေ။


သို့သော် ဤစိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းကို အမြန်ပေါင်းစပ်ခြင်းသည် ဝိညာဉ်ရေးရာ လမ်းညွှန်မှု၏ အပေါ်ယံအဆင့်သာဖြစ်သည်။ ယေဘူယျအားဖြင့်၊ နှစ်ယောက်ကြားက စိတ်ပိုင်းဆိုင်ရာ ကိုက်ညီ လိုက်ဖက်မှုက တစ်ကယ်ကို မြင့်မားနေသည်ဆိုလျှင် အလွန်မပြင်းထန်နိုင်ပေ။


လင်းရွှမ် အသက်ပြင်းပြင်းရှူလိုက်သော်လည်း သူ့နှုတ်ခမ်းများမှာ ပျော်ရွှင်သော အပြုံးတစ်ပွင့်ခိုတွဲလျက်။ သူနှင့် ယောင်ယောင် အကြားမှ ပွဲစဉ်သည် အဆင့်အတန်း နိမ့်ကျမည်မဟုတ်သည်မှာ သေချာသည်။ 90% ထက်များသော စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုရှိသည့် အမျိုးသားနှင့် အမျိုးသမီးများသည် အရွယ်ရောက်ပြီးသည့်နောက် ထိန်းမနိုင်သိမ်းမရ အချင်းချင်း အမြဲလိုလို ဆွဲဆောင်နေကြသည်ဟု ဆိုသည်။


လင်းယောင်ယောင် သည် လင်းပို အတွင်းတွင် ထိုင်နေပြီး မျက်နှာကို အုပ်ထားသည်။


အခု ဘာဖြစ်သွားတာလဲ...


တိုက်ပွဲစစချင်း လေးမိနစ်ခန့်တွင် ဝေ့ယွမ် သည် သူမကို အဝေးမှ ပတ်ပြေးပြီး အာရုံလွှဲရန် သတိပေးသောအခါ သူမ မပြေးနိုင်ခဲ့ပေ။ တစ်ခုမှာ လင်းရွှမ် ၏ စိတ်စွမ်းအင်များသည် သူမ မ‌ေပြးနိုင်အောင် ချုပ်တည်းထားခြင်းကြောင့် ဖြစ်ပြီး၊ နောက်တစ်ခုကမူ သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများသည် သူ့အပေါ် လုံးဝသက်ရောက်မှုမရှိခဲ့ဘဲ သူ၏စက်ဝန်းများကသာ သူမကို ငြိတွယ်နေတာကြာင့်ပင်။


ဝေ့ယွမ် နှင့် ချောင်းမင်ယောင် ၏ မက်ခါ ပျက်စီးမှုနှုန်းသည် 95% ကျော်လွန်သွားသောအခါ လင်းရွှမ် ၏ မက်ခါ ပျက်စီးမှုနှုန်းသည် 90% သာရှိသေးသည်။ သူ စွမ်းအင်မကုန်ခင်မှာ လင်းယောင်ယောင် ၏ လင်းပို ဆီကို ဖြည်းညှင်းစွာ လျှောက်လာပြီး မက်ခါ လေဆာဓားကို ထုတ်ကာ လင်းပို ၏ ခြေလက်တွေကို ဖြတ်ပစ်လိုက်သည်။


အာလားလား...ရက်စက်လိုက်တာ

ကရုဏာလုံးဝမရှိပေ။ထိုအခါမှ သူမ အသိစိတ်ကပ်နိုင်ပြီး လင်းရွှမ်ကို စကားပြောခွင့်တောင်းလိုက်သောအခါ သူ့ဘက်မှနေ၍ စက္ကန့်ပိုင်းအတွင်း ပြောခွင့်ပေးလိုက်သည်။


"ခွေးစုတ်... လူယုတ်မာ...ခင်ဗျား ကျုပ်ကို အနိုင်ကျင့်တယ်"


လင်းရွှမ် သည် လင်းပို ၏ ခြေထောက်များကို ဖြတ်တောက်လိုက်သော်လည်း လဲမကျစေရန် သူ၏ မက်ခါ လက်နှစ်ဖက်ဖြင့် လင်းပိုအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထား၍ တခစ်ခစ်ရယ်ပြီးပြောလိုက်၏။


"ကိုယ် နိုင်တယ်… မင်းရှုံးသွားပြီနော်"


xxxx

Ei Thet Hmue