Chapter 29
အရှင်မင်းကြီးစိတ်ထိန်းပါဦး...
ရုတ်တရက်ကြီး အဖေတစ်ယောက်ရသွားသည့်ခံစားချက်က ဘယ်လိုနေလဲဟု ယောင်စစ်ကိုလာမေးလျှင် သေလောက်အောင်စိတ်ညစ်ဖို့ကောင်းသည်ဟု ပြန်ဖြေရပေမည်။
"အဲ... ဒက်... ဖေဖေ...ကျွန်မ ကျန်းမာရေကကောင်းပါတယ်... အိပ်နေရင်းလမ်းလျှောက်တာလိုမျိုး ပြသာနာတွေမရှိပါဘူး...အင်း...ပြီးတော့လေ ကျွန်မကငယ်ငယ်ထဲက တစ်ယောက်တည်းနေလာတာဆိုတော့ နေသားကျနေပါပြီ...အမှောင်ကြောက်တာဘာတို့လဲမရှိဘူး..."
"အင်း..."
"ဟို...ကျွန်မကသွေးစုပ်ဖုတ်ကောင်တစ်ယောက်အနေနဲ့ဆိုရင်တော့ အခုမှ မွေးကာစလေးဖြစ်ရင်ဖြစ်လိမ့်မယ် ဒါပေမဲ့လူသားတစ်ယောက်အနေနဲ့ဆိုရင်တော့ ကျွန်မကအရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ပါ..."
"အင်း..."
"အဲဒါဆိုရင်..."
ယောင်စစ် သက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ကျွန်မအိပ်နေတုန်းဘေးနားကနေ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာကြီးကို ရပ်ပေးလို့ရမလားဟင်..."
ဟုတ်တယ်လေ... စဉ်းစားကြည့်လိုက်ဦး..အိပ်နေရာကနေ မျက်လုံး ဖွင့်လိုက်တိုင်း ဘေးနားမှာရပ်ကြည့်နေတဲ့တစ်ယောက်ကိုတွေ့လိုက်ရမယ်ဆိုရင် ဘယ်သူမဆိုလန့်မှာပဲလေ...ပြီးတော့ သူကခဏလေးပဲ ရပ်ကြည့်နေတာလဲမဟုတ်ဘူး...
တစ်ညလုံး...
ဘယ်လိုပဲ တောင်းဆိုတောင်းဆို မထွက်သွားပေးဘူး... တကယ်လို့ ထွက်သွားပေးရင်လည်း နောက်ငါးမိနစ်လောက်နေရင်ပြန်ရောက်လာတာပဲ...
"ဖေဖေ မပင်ပန်းဘူးလားဟင်..."
ထိုသူက ခေါင်းခါပြလေသည်။
နင်မပင်ပန်းရင်လည်း ငါပင်ပန်းလို့သေတော့မယ်လို့...
"ငါ အခုလေးတင်ပဲနှစ်ပေါင်းနှစ်ရာ အနားယူနေတာကနေ နိုးလာတာလေ..."
မူရွှမ် ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။ပြောရမည်ဆိုလျှင်ရှားရှားပါးပါးရှာတွေ့ထားသော သူ၏အမွေဆက်ခံသူလေးပျောက်သွားမှာစိုးရိမ်နေမိခြင်းဖြစ်သည်။
ယောင်စစ် မျက်နှာတစ်ခုလုံးရှုံ့မဲ့မိသွားမိသည်။
ငါဆိုလည်း ကမ္ဘာကြီးတစ်ခုလုံးပျောက်ကွယ်သွားတဲ့အထိကိုအိပ်ပျော်နေတာပဲလေ....
"ဗိုက်ဆာနေပြီလား..."
ထိုသူက ယောင်စစ်၏ ခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။
သူ၏မျက်နှာတွင် အမူအရာမဲ့နေသော်လည်း လှုပ်ရှားမှုများကနူးညံနေသည်။ သူ့ ကိုကြည့်ရသည်မှာ ကျိုးပဲ့လွယ်သည့်ပစ္စည်းလေးတစ်ခုကို တယုတယကိုင်တွယ်နေပုံရလေသည်။
ထိုပုံစံကိုကြည့်၍ ယောင်စစ်ရင်ထဲမှ တောက်လောင်နေသောဒေါသများပျောက်သွားလေသည်။
ယောင်စစ် အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။
မိုးတောင်လင်းပြီးပဲ ဟုတ်တာပေါ့...တစ်ခုခုထစားသင့်တယ်...
သူမ မြန်မြန်ဆန်ဆန် ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးနောက် တစ်ခုခုစားရန်အတွက် မူရွှမ်၏နောက်မှ လိုက်လာခဲ့လိုက်သည်။
မနေ့ညက ဤနေရာကိုရောက်သည့်အချိန်က အလွန်ညနက်နေသည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကိုသေချာမကြည့်ခဲ့ရပေ။ယခုမှ သူမရုတ်တရက်ကောက်ရလိုက်သော ဖေဖေ၏အိမ်ကိုသေချာကြည့်လိုက်ရသည်။
ယောင်ချမ့် သူမကိုစီစဉ်ပေးထားခဲ့သော နေအိမ်အပါအဝင် တစ်ခြားတွေ့မြင်ခဲ့ရသည့် အဆောက်အဦးများအားလုံးနှင့် ယှဉ်လိုက်လျှင် ယခုလက်ရှိအိမ်က ရှေးဆန်သည်ဟုဆိုရပေမည်။
ကုလားထိုင်၊ ပရိဘောဂပစ္စည်းများ၊ TV၊ ဗီဒို အားလုံးက သူမ အပြာရောင်ဂြိုလ်ပေါ်တွင်သုံးစွဲခဲ့သော ပစ္စည်းများအတိုင်းဖြစ်နေသည်။
"ဒီနေရာက ..."
ယောင်စစ် ဘာဆက်ပြောရမှန်းမသိစွာဖြင့်တောင့်တောင့်ကြီးရပ်လိုက်သည်။
"ဒီပစ္စည်းတွေက မင်းအတွက်ပိုပြီးတော့ သက်တောင့်သက်သာရှိမယ်လို့ ထင်လိုက်လို့..."
မူချန် သွေးခဲတစ်ပန်းကန်ကိုလှမ်းယူပြီးပြောလိုက်သည်။
အပြာရောင်ဂြိုလ်ပေါ်၏ နေထိုင်မှုများကိုသိရှိရန်အတွက် တစ်ညလုံးလေ့လာခဲ့ရသည့် အကြောင်းကိုတော့သူထည့်မပြောတော့ချေ။
"ကျေးဇူးတင်ပါတယ်..."
ဒီတော့... ဒါတွေအားလုံးက သူမတွက်အထူးတလည်ပြင်ဆင်ထားခဲ့တာပေါ့လေ...
ယောင်စစ်သည် ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရသောကြောင့် တစ်စုံတစ်ဦးက သူမအတွက် အထူးတလည်ပြင်ဆင်ထားခဲ့ပေးတာမျိုးမကြုံဖူးခဲ့ရပေ။ထို့ကြောင့် သူမ၏ရင်ထဲတွင် နွေးထွေးမှုလေးတစ်ခုစီးဆင်းနေပြီးငိုချင်သလိုဖြစ်လာလေသည်။
ဒီလိုအဖေမျိုး တစ်ယောက်ရှိတာသိပ်မဆိုးပါဘူးဟု တွေးချင်သော်လည်း...
"သွေးခဲတွေထည့်ဖို့ လက်ဖက်ရည်ကရားကြီး မသုံးလို့ မရဘူးလားဟင်..."
မူရွှမ်၏ လက်များတောင့်တင်းသွားသည်။
ငါအမှတ်မှားနေတာများလား...
"ဒါက နံရံကပ်ဗီဒိုလေ အလှဆင်စားပွဲမှ မဟုတ်တာ ဘာလို့ဧည့်ခန်းအလယ်မှာထားထားရတာလဲ...ပြီးတော့အဲဒါလေးကလေ ဖိနပ်စင် ဘာလို့စာအုပ်တွေထည့်ထားရတာလဲ..."
"ထပ်ပြောရမယ်ဆိုရင် အခုကျွန်မတို့ မုန့်ထိုင်စားနေတဲ့ စားပွဲက ကွန်ပျူတာတင်တဲ့စားပွဲ ဒီမှာကြည့် ကီးဘုတ်ထည့်ဖို့အံဆွဲလေးတောင်ပါသေး..."
သူ၏ ဆက်ခံသူလေးနှင့်ရင်းနှီးမှုတိုးတက်အောင် အားကုန်မတတ်ကြိုးစားထားရသောမူရွှမ်တစ်ယောက် သွေးအန်ချင်စိတ်ပေါက်သွားသည်။
ဒီပစ္စည်းတွေက နှစ်ပေါင်းများစွာကြာပြီလေ...သူကဘယ်နေရာဘယ်လိုသုံးတယ်ဆိုတာ ဘယ်လိုလုပ်မှတ်မိမှာလဲ...
ထမင်းစားခန်းက တံခါးဝဆီမှ ခေါင်းလောင်းသံ မြည်မလာခင်အချိန်ထိကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားလသည်။
တံခါးမြည်သံကြောင့် သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် လက်ဖက်ရည်ကရားအိုးကို စားပွဲပေါ်ပြန်ချခဲ့ကာ ကျားလိုက်လာသလိုမျိုး ထွက်သွားလေသည်။
မဲနှိုက်ဆုံးဖြတ်ပြီးနောက် ကံဆိုးသူမောင်ရှင်လေးဖြစ်ခဲ့သော စတုတ္တ အကြီးအကဲက သူတို့၏ ဘုရင်ကြီး ဆက်ခံသူရူး ရူးနေရာမှ အသိပြန်ဝင်လာအောင် အရိပ်အမြွက်ပြောဖို့ရောက်လာခဲ့ခြင်းဖြစ်သည်။
တံခါးပွင့်သွားသည့် အချိန်၌ မော့ကြည့်လိုက်ရာတွင် မျက်နှာမကောင်းတဲ့ဘုရင်ကြီးကိုတွေ့လိုက်ရလေသည်။
သူကိုယ်တိုင်တံခါးလာဖွင့်ပေးတယ်...
ငါလာတဲ့ရည်ရွယ်ချက်ကို သိသွားလို့များလား..မဟုတ်လောက်ပါဘူးနော်...
သူ၏ ခြေထောက်နှစ်ဖက်လုံး ဂျယ်လီလိုမျိုးပျော့ခွေချင်သွားသလိုခံစားလိုက်မိပြီး အကြီးအကဲများအဖွဲ့စည်းဆီသို့ ပြန်လှည့်ပြေးချင်စိတ်ပေါက်သွားလေသည်။
"အရှင်... အရှင်.. အရှင်မင်းကြီး..."
"တစ်ခုခုဖြစ်လို့လား..."
မူချန်၏မျက်နှာချက်ခြင်းပင် ပြောင်းလဲသွားပြီးသူ၏ မူပိုင်မျက်နှာသေ ဖြစ်သွားသည်။ သူ၏ဘေးနား၌လည်း အေးခဲနေသော လေများတိုက်ခိုက်လာသလိုခံစားရလေသည်။
စတုတ္တအကြီးအကဲ၏ ဒူးများ တဆတ်ဆတ် တုန်ခါလာလေသည်။
"ဘာ..ဘာမှ မဟုတ်ပါဘူး..."
ကြည့်ရတာတော့ သူလာတဲ့အကြောင်းကိုသိသွားပြီထင်တယ်....
"အဲ့တာဆို ဘာကိစ္စနဲ့လာတာလဲ..."
လက်ထဲ၌ ပန်းကန်တစ်ခုကိုင်ထားသောယောင်စစ်က မူချန်၏နောက်မှ ခေါင်းလေးထွက်လာပြီးမေးလိုက်သည်။
သူမ တစ်ဖက်သူ၏နာမည်ကိုစဉ်းစားနေသော်လည်း လုံးဝစဉ်းစားလို့မရပေ။
"ရှင်က ပထမ...မဟုတ်သေးဘူး... ဒုတိယ...အာ.. တတိယ ...စတုတ္တအကြီးအကဲလား..."
ဒါမှမဟုတ် ပဉ္စမများလား...
"သခင်မလေး..."
ယောင်စစ် စကားဆုံးအောင်မပြောရသေးခင်မှာပင် စတုတ္ထအကြီးအကဲက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောက်ပနေသောမျက်လုံးများဖြင့်ခေါ်လာလေသည်။
"ကျွန်တော်တို့တစ်ခါပဲတွေ့ဖူးပေမဲ့ သခင်မလေးက ကျွန်တော့်ကို စတုတ္ထအကြီးအကဲဆိုပြီးမှတ်မိနေတယ်နော်..."
ယောင်စစ်ရှက်ကိုးရှက်ကန်းဖြင့် သူမလက်ထဲက ပန်းကန်တွေကိုချလိုက်သည်။
သူမတကယ်ကိုမမှတ်မိသည့် အပြင် ထိုသည်ကလည်း သူမအပြစ်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲများက အလွန်များပြားပေသည်။ ရက်အနည်းငယ်အတွင်း လူအကုန်လုံးကိုမှတ်မိရန်မှာ သူမကဉာဏ်ကြီးရှင်မဟုတ်ပေ။
"အဲဒါဆိုရင်ဘာလို့ရောက်လာတာလဲ...ငါရဲ့စံအိမ်လေးပြန်ပြင်ပြီးသွားလို့လား..."
ယောင်စစ် ပထမဆုံးတွေးမိသည် သူမ၏ စံအိမ်လေးသာဖြစ်သည်။
စတုတ္ထ အကြီးအကဲငြိမ်သက်သွားသည်။ သူမျက်နှာပေါ်တွင် ရှုပ်ထွေးမှုများအပြည့်ဖြစ်နေသည်။ခဏအကြာ၌ ဖြစ်နိုင်ချေတစ်ခုကို သူစဉ်းစားမိသွားလေသည်။
သခင်မလေးက သူ့ကိုသနားခံနေတာများလား...သခင်မလေးက ဒီနန်းတော်ကြီး ထဲကထွက်သွားချင်နေပြီလို့ အရိပ်အမြွက်ပြောနေတာများလား...ငါသိနေတယ် ....
သခင်မလေးကအတင်းဖိအားပေးခေါ်ခံထားရတာပဲ...အခုတော့သူမအကူညီတောင်းခံနေရပြီ သနားစရာ ကောင်းလိုက်တာ...
အကြီးအကဲတစ်ယောက်အနေနဲ့ သူတိုရဲ့ သခင်မလေးကို ဒီထပ်ပိုပြီးခံစားစေရလို့မဖြစ်ဘူး...ဘုရင်ကြီးကိုအမြန်ဆုံးအသိပေးမှဖြစ်မယ်...
သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
အကြီးအကဲများ ခေါင်းချင်းရိုက်၍ စဉ်းစားခဲ့သော 'သခင်မလေးကို ကယ်တင်ရေး' စီမံကိန်းကြီးကိုစဉ်းစားရင်းဖြင့် ရှေ့က်ိုတစ်လှမ်းတိုး၍ စကားပြောရန်ပြင်လိုက်သည်။
"ဒီနေ့လာတဲ့အကြောင်းအရင်းက..."
သူစကားစစချင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးလေထဲလွင့်ထွက်သွားတော့မလိုခံစားလိုက်ရသောကြောင့် ခေါင်းမော့ကြည့်လိုက်ရာ သူတို့မျိုးနွယ် ရှင်ဘုရင်ကြီး၏ ဝင်းဝင်းတောက်နေသောအကြည့်စိမ်းစိမ်းများကိုရင်ဆိုင်လိုက်ရ၏။
ပြောစရာရှိရင် အဲဒီအနားကပဲပြောလေ
ဒါက ငါ့ကလေးလေးလေ ဘာလို့ အနားကို အရမ်းကပ်ချင်နေရတာလဲ...
စတုတ္တ အကြီးအကဲ၏ခြေထောက်များပျော့ခွေသွားပြီးကြိုးစားပမ်းစားစုစည်းထားရသော သတ္တိလေးများ ကြက်ပျောက်ဌက်ပျောက် ပျောက်သွားလေသည်။ဘုရင်ကြီးက တစ်စုံတစ်ယောက်ကိုလေထဲမထားသည်အား အမှုမှတ်အမဲ့မှတ်ပင် မေ့ထားလိုက်ပြီး သူ၏ကလေးဘက်သို့လှည့်လိုက်ပြီးကြင်နာစွာပြောလိုက်သည်။
"မနက်စာကိုကုန်အောင်စား အစားစာကိုအလေလွင့်မဖြစ်စေနဲ့..."
"အိုး..."
ယောင်စစ်လည်း စားပွဲဆီသို့ပြန်သွားလိုက်ပြီး သွေးခဲများကို တစ်လုတ်နှစ်လုတ်ဖြင့်ကုန်အောင်ပလုတ်ပလောင်းစားလိုက်သည်။ထို့နောက်တံခါးဝသို့ပြန်လျှောက်လာပြီးမေးလိုက်သည်။
" စတုတ္တအကြီးအကဲ ခုဏကဘာပြောမလို့လဲ"
"အဲ့...အဲဒါက..."
အရှင်ရဲ့မျက်ဝန်းတွေကကြောက်စရာကြီး သူဒေါသထွက်နေတယ်ထင်တယ်နော်... ဒေါသထွက်နေတာပဲဖြစ်ရမယ်....
"အဲဒါ ချွီဇယ်ကို လွန်ခဲ့တဲ့နှစ်နာရီထဲက ဂြိုလ်ပေါ်ကနေ ထွက်သွားခိုင်းလိုက်ပြီဆိုတဲ့အကြောင်းပြောမလို့ပါ..."
သခင်မလေးယောင်စစ်ရေ တောင်းပန်ပါတယ်ဗျာ...ဒီကျွန်တော်မျိုးကြီးက အရှင်မင်းကြီးကိုဘယ်လိုမှပြောမထွက်တော့လို့ပါ.... ဟုသာ စိတ်ထဲကနေ တောင်းပန်လိုက်သည်။
"ဟုတ်လား..."
ဟူး.....တော်ပါသေးရဲ့...သူအိမ်ပြင်ခလာတောင်းတယ်လို့ထင်နေမိတာ...
အကြီးအကဲများ ထိုမျှအလုပ်ကြိုးစားလိုက်မည်ဟု သူမမထင်ထားခဲ့ပေ။မနေ့ကတင် ယောင်ချမ့်က ချွီဇယ်နှင့် မည်သို့ဆက်ဆံရမည်ဟု သင်ပေးနေတုန်းရှိသေးသည်။ သို့သော်ဒီနေ့၌ ချွီဇယ်ကိုဂြိုလ်ပေါ်ကပင်မောင်းထုတ်လိုက်လေပြီ။
ယောင်စစ် သူမရှေ့မှ မေ့လဲတော့မယောင်မျက်နှာဖြင့် ဖြူဖတ်ဖြူရော်ဖြစ်နေသော စတုတ္တအကြီးအကဲကိုကြည့်၍ တွေးလိုက်မိသည်။
ကြည့်ရတာတော့ သူလဲ ချွီဇယ်နှင့်ပြဿာနာတွေရှိတယ်နဲ့တူတယ်...
"ဒီအထိလာပြီး တကူးတကပြောပေးတဲ့တွက် ကျေးဇူးတင်ပါတယ်နော်..."
"ရ....ရပါတယ်..."
သူ့ကို မကူညီပေးတဲ့တွက် အပြစ်တောင်မတင်ဘူးတဲ့လား...သခင်မလေးက တကယ်ကိုကြင်နာတတ်တဲ့သူပဲ...
စတုတ္ထအကြီးအကဲစိတ်တွင် သူကိုယ့်သူစိတ်ပျက်သွားမိသည်။
"တစ်ခြားပြောစရာရှိသေးလား..."
မူချန် အေးစက်စက်လေသံဖြင့်ဝင်ပြောလိုက်သည်။
ဒီကောင်ကတော့ ငါ့ကလေးလေးမနက်စာစားနေတာကိုလာနှောင့်ယှက်နေတယ်... အစားပျက်သွားရင်ဘယ်လိုလုပ်မလဲ...
"ဘာ...ဘာမှမရှိတော့ပါဘူး..."
စတုတ္ထအကြီးအကဲ တုန်တတ်သွားပေသည်။ သူနေရာမှာတင် အငွေ့ပျံပျောက်သွားချင်ပေပြီ။ ချက်ချင်းလှည့်ပြေးရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကိုတွေးလိုက်မိပြီးနောက် ပြန်လှည့်လိုက်သည်။
သူအိတ်ထဲမှ အလုံးလေးတစ်လုံးကိုထုတ်၍ ယောင်စစ်ဆီလှမ်းပေးလိုက်သည်။
"ချွီဇယ်ပြောတာတော့ ဒါက သခင်မလေးသူ့ ကို ထိန်းသိမ်းခိုင်းထားတာတဲ့... အဲဒါ အခု သူပြန်ပေးလို့ သခင်မလေးဆီယူလာပေးတာ..."
ယောင်စစ်ကြောင်အသွားသည်။
ငါလည်းသူကိုဘာမှမသိမ်းခိုင်းမိပါဘူး...
ဒါက ဟိုတစ်နေ့က တောထဲမှာ အစားကျူးပန်းတွေဝန်းရံထားတဲ့ အလုံးလေးမဟုတ်လား....သူကငါ့ကို ဘာလို့ဒါပေးသွားတာလဲ...
ယောင်စစ် ထိုအလုံးလေးကို လှမ်းယူလိုက်ချိန်မှာပင် တကျွတ်ကျွတ်အသံများမြည်လာပြီး အလုံးလေးက ထက်ခြမ်းကွဲသွားလေသည်။
လခွမ်း...နိမိတ်မကောင်းတော့ဘူး...
သူမထင်သည့်အတိုင်းပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများထွက်ပေါ်လာသည်။ အနီရောင် ဂြိုလ်၏ အရပ်ရှစ်မျက်နှာမှနေ၍ မိုးမြေသိမ့်တုန်သွားလောက်အောင် ကျယ်လောင်လှသော ဒေါသတကြီးအသံထွက်ပေါ်လာ၏။
"ချွီဇယ်... ငါ့သားလေးကိုသတ်ခဲ့တဲ့အတွက် မင်းပြန်ပေးဆပ်ရမယ်..."
သောက်ကျိုးနည်း...