အပိုင်း ၃၀
Viewers 16k

Chapter 30

မျိုးနွယ်စုရန်ပွဲ 


စကားသံဆုံးသည်နှင့်တပြိုင်နက် ပြင်းအား 10.0ခန့်ပင်ရှိနိုင်သောမြေငလျင်တစ်ခုလှုပ်ခတ်လာသည်။မူလကနေသာနေလျက်ရှိသော ကောင်းကင်သည် ယခုတွင်တစ်စုံတစ်ရာဖြင့်ဖုံးအုပ်ခံလိုက်ရသကဲ့သို့မဲမှောင်လာသည်။


" မိုးကြိုးဆေလ်ဗာနီရဲ့ဧကရာဇ်ပဲ..."  


စတုတ္ထအကြီးအကဲက ရှုပ်ထွေးနေသောအမူအယာဖြင့် အလျင်စလိုပြေးဝင်လာပြီး ကောင်းကင်သို့မော့ကြည့်လိုက်သည်။


"သူကဒီမှာဘာလုပ်နေတာလဲ..."


မိုးကြိုးဆေလ်ဗာနီဧကရာဇ်ဆိုတာကြီးကဘာလဲဟေ...


ယောင်စစ်က သိချင်စိတ်ကိုမထိန်းချုပ်နိုင်ပဲ အကြီးအကဲဘေးသို့သွားကာ သူကြည့်နေရာသို့လှမ်းကြည့်လိုက်လေသည်။


ဧ...ဧရာမ သစ်ပင်ကြီးပဲ (⊙ o ⊙ )


ဘယ်နေရာမှရောက်လာလဲ ဆိုတာဘုရားသခင်သာသိမည့် အလွန်တရာကြီးမားသောဂြိုလ်ကြီးတစ်လုံးက သူတို့အပေါ်၌အုပ်မိုးရောက်ရှိနေသည်။၎င်းကအလွန့်အလွန်နီးကပ်နေကာ နေရောင်ကိုလုံးဝဥဿုံဖုံးကွယ်လျက် ပိန်းပိတ်နေသောအမှောင်ထုကိုဖြစ်ပေါ်စေသည်။ ထိုဂြိုလ်က အချိန်မရွေး အနီရောင်ဂြိုလ်အား ဝင်တိုက်မိတော့မယောင်ရှိနေသည်။


မည်သို့ဖြစ်စေ ထူးဆန်းသည်မှာ ဤ  'ဘယ်ကလာလဲဘုရားသာသိ ' ဂြိုလ်ကြီးတစ်ခုလုံးနီးပါးကို အင်မတန်မြင့်မားသောသစ်ပင်ကြီးတစ်ပင်ကနေရာယူထားခြင်းပေ။ ထူထဲသန်မာသောအမြစ်များက ဂြိုလ်၏​မျက်နှာပြင်အနှံ့ ပျံနှံပေါက်ရောက်နေပြီး  ဝေဆာသောအခက်အရွက်များက ထိုဂြိုလ်အား အစိမ်းရောင်ကုတ်တစ်ထည်ဖြင့်ဖုံးအုပ်ထားသကဲ့သို့ရှိသည်။


မိုးကြိုးဆေလ်ဗာနီရဲ့ ဧကရာဇ်ဆိုတာက... ဒါကြီးတစ်ခုလုံးကိုပြောနေတာလား။


" ချွီဇယ် ထွက်ခဲ့စမ်း..." 


မိုးချုန်းသံကဲ့သို့ ဆူညံသံများပဲ့တင်ထပ်လာပြီး ထိုအသံများမှာဂြိုလ်ကြီး၏မျက်နှာပြင်များအတွင်းမှ မြည်ဟီးထွက်ပေါ်လာသယောင်ရှိသည်။ စကားသံက နက်ရှိုင်း၍ အားပြင်းသည်။ ၎င်းအသံမှ ပြင်းထန်သောလှိုင်းများက အနီရောင်ဂြိုလ်သို့ လေလှိုင်းများအဖြစ်ရိုက်ခတ်လာကာ အနီးပတ်ဝန်းကျင်ရှိအဆောက်အဦများအား တုန်ခါသွားစေသည်။


" မိုးကြိုးဆေလ်ဗာနီရဲ့ဧကရာဇ်..."


စတုတ္ထအကြီးအကဲက မျက်မှောင်ကြုတ်လိုက်ကာ သူ၏ဖြူလျော်နေခဲ့သောမျက်နှာက ရုတ်ချည်းသွေးရောင်လွှမ်းလာသည်။ခေတ္တအကြာ သူ၏ပတ်ပတ်လည်၌လေစွမ်းအင်များလှည့်ပတ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ မြောက်တက်သွားလေသည်။သူ ဂြိုလ်ဆီသို့ပျံသန်းသွားကာ အော်ဟစ်လိုက်သည်။


" မင်းတို့လူတွေကို ငါတို့အနီရောင်ဂြိုလ်ပေါ်ကျူးကျော်ခွင့်ပေးထားလို့လားကွ  ငါတို့မျိုးနွယ်နဲ့စစ်ဖြစ်ချင်နေတာလား..."


"ဟမ့် ..."


ဧရာမသစ်ပင်ဂြိုလ်ကြီး လှုပ်ရမ်းသွားကာ  အသံထွက်လာပြန်သည်။


" တခြားသူတွေသာ မင်းတို့သွေးစုပ်ဖုတ်ကောင်တွေကိုကြောက်ချင်ကြောက်လိမ့်မယ် ငါတို့မိုးကြိုးဆေလ်ဗာနီတွေမပါဘူးကွ.... ချွီဇယ်ကိုထုတ်မပေးရင် ဒီနေရာကိုငါ့သားနဲ့အတူမီးလောင်တိုက်သွင်းပစ်မယ်..."


အိုး လုပ်ပြန်ပြီ... ချွီဇယ်ဆိုတဲ့ကောင်ပဲလား...


တစ်ဖက်က ဂြိုလ်တစ်လုံးလုံး သူတို့အိမ်တံခါးဝရှေ့လာသောင်းကျန်းရတဲ့ထိ သူဒီတစ်ခါရော ဘာပြဿနာတွေများရှာခဲ့ပြန်တာလဲ...


" ထောင်လွှားလိုက်တဲ့လေသံပါလား..."


စတုတ္ထအကြီးအကဲ လှောင်ပြောင်လိုက်သည်။  


"မင်းလို SSS အဆင့်ကောင်စုတ်လေးကို ငါတို့အနီရောင်ဂြိုလ်က ကြောက်မယ်ထင်နေလား..."


" နံပါတ်လေး..."  


စတုတ္ထအကြီးအကဲ၏စကားဆုံးသည်နှင့်  ဟန့်တားသည့်သဘောဆောင်သော ဒုတိယအကြီးအကဲ၏အသံ ထွက်ပေါ်လာသည်။


ယောင်စစ်က ပို၍အနီးကပ်မြင်ရရန် ကြိုးစားလိုက်သည်။ကော်မတီအတွင်းရှိနေသင့်သော အကြီးအကဲများက ယခုအခါလေပေါ်၌ပျံဝဲနေကြသည်။ထိုမျှသာမက ကောင်းကင်ယံ၌ သူမမျိုးနွယ်စုမှလူများတစ်စထက်တစများပြားလာကာ အချိန်တစ်ခုအကြာတွင် ရေတွက်၍မရနိုင်သောပမာဏတစ်ခုအဖြစ်သို့ ရောက်ရှိသွား၏။


ပျံသန်းခြင်းကလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ စွမ်းရည်တစ်ခုပဲလား။


ဒါဆိုသူမကျ ဘာလို့မပျံနိုင်ရတာလဲ (╥﹏╥)


" လေတွေဖြုန်းနေတာရပ်လိုက်စမ်းပါ ..."


ဒုတိယအကြီးအကဲက အပေါ်ရှိ ဂြိုလ်အားမျက်လုံးလှန်ကြည့်လိုက်သည်။


" သူကငါတို့ဂြိုလ်ကိုကျူးကျော်ဖို့ သတ္တိတွေသိပ်ရှိနေမှတော့ ... ငါတို့အနီရောင်ဂြိုလ်က ဘာလို့ချင်းချင်းနီနေရလဲဆိုတာ သေချာသင်ပေးလိုက်ရမှာပေါ့..."


သူ၏စကားဆုံးသည်နှင့် ကောင်းကင်ယံထက်တွင် လက်ခုပ်သြဘာသံများတုန်ဟီးသွားလေသည်။


" ဘယ်လောက်ပဲဝေးဝေး ငါတို့မျိုးနွယ်ကိုစော်ကားတဲ့သူမှန်သမျှ ပေးဆပ်ရမယ်..."


" သူ့ကိုဆော်ပစ်  ငါတို့အိမ်ရှေ့ထိအရိုက်ခံရဖို့လာတောင်းဆိုနေတာ ဘာလို့မဖြည့်ဆည်းပေးရမလဲ..."


" အမှန်ပဲ ဘာကိုမိုးကြိုးဆေလ်ဗာနီလဲ ငါတို့ဂြိုလ်လာပြီးဟောင်ဖွာဟောင်ဖွာလုပ်ပြနေသေးတယ်..."


" မင်းတို့ မိုးကြိုးဆေလ်ဗာနီက နှစ်သန်းပေါင်းများစွာအတွင်း ငါတို့အနီရောင်ဂြိုလ်ကို စိန်ခေါ်ရဲတဲ့ပထမဆုံးဂြိုလ်ပဲ... ငါတို့ကအမှတ်တရလေးနည်းနည်းလုပ်မပေးရင် မတရားရာကျမှာပေါ့ကွာ..."


လူတိုင်းထံတွင် နဂိုမူလတင်းမာနေသောအခြေအနေအား ပိုမိုပြင်းထန်လာစေသော စကားလုံးများ တစ်ခွန်းစနှစ်ခွန်းစရှိလို့နေသည်။တဖြည်းဖြည်းဖြင့် ဤစစ်ပွဲကရှောင်လွှဲ၍ ရဟန်မတူတော့ချေ။


ယောင်စစ်က ကြည့်ရှုနေရာမှ ရှူပ်ထွေးလာသည်။


ဟေး ဟေး ဟေး စစ်ဖြစ်ကြတော့မှာလား....


အရင်ဆုံးဘာတွေဖြစ်နေကြတာလဲ သေချာဖြေရှင်းကြည့်ကြပါဦးဟယ်... ဒါမှမဟုတ်လည်း စစ်မတိုက်ခင် ဗျူဟာလေးတော့ဆွဲဦးလေ...


ဒါစစ်ပွဲနော်...


နောက်ပြီးတော့  နှစ်သစ်ကူးကြိုဆိုပွဲလိုပျော်ရွှင်တက်ကြွနေကြတဲ့ ဒီလေထုကြီးကရောဘာလဲ....ဘာကြီးလဲလို့...


စစ်ပွဲနော်.... သူတို့ကဒါကို အုပ်စုဖွဲ့ရန်ဖြစ်တယ်ထင်နေကြတာလား...


ပြေပြေလည်လည်ရှိကြပါ ရောင်းရင်းတို့ရယ်...


" ငါဒီလိုစိတ်မလှုပ်ရှားရတာ ရာစုနှစ်တွေတောင်ကြာခဲ့ပြီ.... ဒီနေ့တော့မင်းပေါ်ကအမြစ်တစ်မျှင်တောင်မကျန်ဆွဲဆုတ်ပြမယ်..."


" ချကွာ အသေသာတီး..."


" ငါအရင်စမယ် မင်းတို့သာနောက်ကဝင်ချ..."


" ဘာလဲကွ အရင်ချမှာငါလေ..."


အင်းပါ ရှင်တို့ပျော်နေကြရင်ပြီးတာပါပဲ...

-_-|||


" မင်း... မင်း ငါ့ကိုလာဆွလိုက်တာပဲ..."


ဧရာမသစ်ပင်ကြီးက ဒေါသအမျက်ချောင်းချောင်းထသွားသည်။၎င်း၏သိပ်သည်းသော အရွက်များကြားမှ အစိမ်းရောင်စက်လုံးအမြောက်များထွက်ပေါ်လာပြီး အနီးသို့ရောက်လာသောအခါ တစ်စထက်တစ်စကြီးမားကာ ထူးခြားသောပုံစံကွက်များဖြင့်ဖုံးအုပ်နေသည့် စစ်ယာဥ်ပျံများအဖြစ်သို့ ပြောင်းလဲသွား၏။


" ဆုံးမလိုက်စမ်းငါ့သား..."


ဧရာမသစ်ပင်ကြီးက ဟစ်ကြွေးလိုက်သည်။


ရုတ်ချည်းဆိုသလို စက်လုံးစစ်ယာဥ်ပျံများအတွင်းမှ ထောင်သောင်းချီသော အလင်းစက်များထွက်ပေါ်လာကာ သွေးစုတ်ဖုတ်ကောင်အစုအဝေးဆီသို့ ဦးတည်နေလေသည်။အလင်းတန်းများဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်၌ အပျက်အစီးပေါင်းများစွာချန်ရစ်ခဲ့ကာ အချိန်တိုအတွင်းမြို့တော်တစ်ခုလုံးအား ဖုန်လုံးကြီးဖြင့်ဖုံးလွှမ်းသွားစေခဲ့သည်။


ကောင်းရော...  သူတို့တကယ်ကြီးစစ်ဖြစ်နေကြပြီ...


သွေးစုပ်ဖုတ်ကောင်များကလည်း နောက်တွန့်သွားခြင်းမရှိပေ။ထိုမျှသာမက ၎င်းတို့သည်အနည်းငယ်မျှပင်... မဟုတ်ဘူး.... အလွန့်အလွန်ပင်စိတ်လှုပ်ရှားနေကြဟန်ပေါ်သည်။အထူးစွမ်းရည်အမျိုးမျိုးတို့ တိုက်ပွဲမြေပြင်အတွင်းပေါ်ထွက်လာကာ စစ်ယာဥ်ပျံများအား အပြတ်အသတ်ရိုက်ချနေ၏။ ယောင်စစ်မျက်စိရှေ့ရှိမြင်ကွင်းမှာ အချိန်တိုအတွင်း ကသောင်းကနင်းစစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲလို့လာလေသည်။


ယောင်စစ် ဖြစ်ပျက်နေသည်များအပေါ် ဝမ်းနည်းဂရုဏာ အလျင်းမဖြစ်မိချေ။သူမက ပြိုင်ဘက်အပေါ် ကဲ့ပင် ကဲ့ရဲ့ချင်နေသည်။တိုက်ပွဲက အလွန်စည်းမဲ့ကမ်းမဲ့ဖြင့် ပရမ်းပတာရှိလှပေသည်။ ဤသို့ပြုမူပုံများဖြင့် သွေးစုပ်ဖုတ်ကောင်များတွင် ဆုံးရှုံးနစ်နာမှု အများအပြားမရှိလှပေ။


○| ̄|_


မိုးကြိုးဆေလ်ဗာနီဘက်မှ လက်နက်ကိရိယာများဖြင့် အစိမ်းရောင်စက်လုံးစစ်ယာဥ်ပျံများမှာချိုးဖဲ့ခံနေရသော်လည်း ကာယအားဖြင့် သွေးစုပ်ဖုတ်ကောင်တို့က ဖြိုလှဲမခံရသေးပေ။မည်သည့်ဘက်ကမျှ တိတိပပအသာစီးမရသေးသည့်တိုင် ပတ်ပတ်လည်ရှိ အဆောက်အဦများမှာ တစစီပျက်စီးယိုယွင်းလို့နေပြီဖြစ်သည်။အချို့စက်လုံးစစ်ယာဥ်ပျံများသည် ၎င်းတို့ကိုဆွဲချ၍ ရိုက်နှက်နေကြသော သွေးစုပ်ဖုတ်ကောင်များ၏လက်ချက်ဖြင့်ကြေမွလို့နေပြီပင်။


ယောင်စစ် သူမစိတ်ထင်သည်လားမသိသော်လည်း  မျက်စိရှေ့မှတိုက်ပွဲမည်မျှ ပြင်းထန်လာပါစေ ခမ်းနားသောနန်းတော်ကြီးကို ရှောင်ကွင်းလို့သွားသည်မှာ အပင်တစ်ပင်သော်မျှအထိအခိုက် မရှိချေ။


" သွေးစုပ်ဖုတ်ကောင်တွေ... "


ဧရာမသစ်ပင်ကြီးက ဟစ်အော်လိုက်ပြီး သူ၏အမြစ်များကြားမှ ယခင်စစ်ယာဥ်ပျံများထက် နှစ်ဆကြီးမားသော စစ်ယာဥ်ပျံကြီးအားထုတ်လွှတ်လိုက်သည်။


" ငါ မိုးကြိုးဆေလ်ဗာနီရှိနေသ၍... မင်းတို့မျိုးနွယ်ကို ဒီစကြာဝဠာထဲခြေမချစေရဘူးကွ..."


၎င်းမှာ အလွန်အမင်းဒေါသတကြီး ဖြစ်လို့နေကာ သူ၏ရှိရင်းစွဲကျယ်လောင်သောအသံက အဆပေါင်းများစွာ ပိုမိုကျယ်လောင်နေသည်။စူးရှသောဟစ်ကြွေးသံက ယောင်စစ်၏နားစည်များကို အူထွက်သွားစေသည့်အတွက် သူမကနားနှစ်ဖက်အားအုပ်ရန် လက်မြှောက်လိုက်သည်။သို့သော် တစ်စုံတစ်ဦးက သူမထက်ခြေတစ်လှမ်းသာ၍ သူမ၏နားနှစ်ဖက်အား ဆူညံသံများမှပိတ်ဆို့ပေးလာသည်။


" မူရွှမ်..."


သူဘာလို့ ထွက်လာတာလဲ...


သူစကားမပြန်သော်လည်း သူ၏မျက်ခုံးတန်းများကတွန့်ချိုးနေကာ မူလအေးစက်သောမျက်နှာက ရေခဲမှတ်သို့ကျဆင်းလာနေသည်။

သူရုတ်ချည်းဆိုသလို လက်တစ်ဖက်မြှောက်၍ လက်ဖဝါးအတွင်းမှ တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ထိုအလင်းက လေထုကိုထိတွေ့သည်နှင့်တစ်ပြိုင်နက် ကြီးထွားလာပြီး ဧရာမသစ်ပင်ဂြိုလ်ကြီးဆီသို့ တဟုန်ထိုးပြေးဝင်သွားပေသည်။


ယောင်စစ်ကြားလိုက်ရသမျှက  တစ်စုံတစ်ရာဆုတ်ဖြဲခံလိုက်ရသောအသံနှင့်တစ်ကွ မိုးချုန်းသကဲ့သို့ဆူညံသံများသာဖြစ်ပြီး  ယခုမူ အနီရောင်ဂြိုလ်ထက်ကြီးမားပြီး နေရောင်ကိုပင်ဖုံးအုပ်ထားနိုင်သည့် ဧရာမဂြိုလ်ကြီးက သစ်ပင်ကြီးနှင့်အတူ ထက်ခြမ်းကွဲသွားခဲ့ပြီဖြစ်သည်။


မူရွှမ် စကားလုံးအချို့ထုတ်ပြောလာ၏။


" နားငြီးတယ်..."


ယောင်စစ် : "..."


သွေးစုပ်ဖုတ်ကောင်များ :"..."


မိုးကြိုးဆေလ်ဗာနီ  : "..."


မကြာသေးမီကပင် ဝရုန်းသုန်းကားဖြစ်ပျက်နေခဲ့သည့် စစ်မြေပြင်သည် ယခုတွင် ရုတ်ချည်းငြိမ်သက်သွားလေသည်။


မူရွှမ် သူ့လက်ကိုပြန်ရုတ်လိုက်ကာ ယောင်စစ်၏ခေါင်းကိုအသာပွတ်သပ်ရန် အခွင့်အရေးယူလိုက်၏။ သူ၏အမူအယာက ပျော့ပြောင်းလာသည်။


" ဗိုက်ဝပြီလား..." 


သူ့ရဲ့မျိုးဆက်လေး မနက်စာစားနေချိန်ကို နှောင့်ယှက်ချင်တဲ့ အမျိုးနိမ့်လေးတွေကဘာလို့ရှိနေရတာလဲ...

သူမက အခုမှကလေးပဲရှိသေးတာကို.. နားမလည်ကြဘူးလား...


" ဟမ် ဝ...ဝပါပြီ..."


"ကောင်းပြီလေ.."  


သူခေါင်းငြိမ့်ပြလာသည်။


" အစာကြေသွားအောင် စွပ်ပြုတ်နွေးနွေးလေး နည်းနည်းလောက်သောက်လိုက်ဦး..."


မူရွမ် ပြောပြီးနောက် တစ်ဖက်လှည့်၍ အိမ်ထဲသို့ပြန်ဝင်သွားတော့သည်။


"... ဟုတ်သားပဲ..."


သူ တံခါးဝသို့ရောက်သောအခါ တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ ခြေလှမ်းတို့ရပ်တန့်သွားသည်။ထို့နောက် လေထုအလယ်တွင် နှစ်ခြမ်းကွဲနေသော ဧရာမဂြိုလ်အား တစ်ချက်လှမ်းကြည့်လိုက်ကာ ပြောသည်။


" မသေသေးရင်ဆင်းလာခဲ့ မေးစရာရှိတယ်..."


နှစ်ခြမ်းကွဲနေသော ဧရာမသစ်ပင်ဂြိုလ်ကြီး ထိတ်လန့်သွားကာ နှစ်ခြမ်းကွဲနေခြင်းကိုရပ်တန့်လိုက်သည်။သူ၏အသံကအနည်းငယ်တုန်ရီနေပြီး သစ်ရွက်စိမ်းများက အနီရောင်ဂြိုလ်ပေါ်သို့ တရှဲရှဲ ကြွေကျနေသည်။


" ဟုတ်... ဟုတ်ကဲ့ပါ သွေးစုပ်ဖုတ်ကောင်အရှင်ကြီးခင်ဗျ..."


ထောင်လွှားသောစစ်ကြေငြာသံနှင့် နှိုင်းယှဥ်ပါက ယခုဖြေကြားလိုက်သောအသံမှာ ရှက်ကြောက်နေသော ဇနီးတစ်ဦးအလားပင်။ထို့နောက် ဧရာမဂြိုလ်က အစိမ်းရောင်အလင်းတန်းတစ်ခုတောက်ပသွားကာ သစ်ပင်ကြီးလည်းပျောက်ကွယ်သွားပြီး အစိမ်းရောင်ဝတ်အမျိုးသားတစ်ဦးသာ ကျန်ရှိခဲ့သည်။


မျိုးနွယ်စုစစ်ပွဲကြီးက ဤသို့ ကိုးရို့ကားယားအဆုံးသတ်သွားရသည်။လူတိုင်း၏ဆူပွက်နေသောသွေးများ ငြိမ်ကျသွားကာ မည်သူတစ်ဦးတစ်လေမျှစတင်မလှုပ်ရှားရဲကြပေ။


ရှုပ်ထွေးနေသော ယောင်စစ်လေးက ပါးစပ်လေးဟလျက် နေရာ၌ယောင်နနကျန်နေခဲ့သည်။


ငါဘယ်သူလဲ... ငါဘယ်ရောက်နေတာလဲ...