အပိုင်း ၃၁
Viewers 15k

Chapter 31

ဘုရားသခင် အကြံပေးတော်မူပါ


မူရွှမ်၏ ရိုက်ချက်တစ်ချက်ကြောင့် ကျန်အကြီးအကဲများပင် ဆွံ့အသွားကြရသည်။သူတို့၏မျက်နှာတွင် ဂုဏ်ယူနေသောအမူအယာနှင့် အခြားဖော်ပြရန်ခက်သည့်အမူအယာတို့ရှိနေကြပြီး မူရွှမ်နောက်မှ နန်းတော်ထဲသို့ လိုက်ဝင်သွားကြလေသည်။


ယောင်စစ်က အရှိန်လျှော့ချလိုက်ပြီး ယောင်ချန်းနားသို့ကပ်ကာတီးတိုးမေးလိုက်သည်။


" ငါပဲအမြင်မှားတာလား  မူရွှမ်ကတကယ်ကြီးအဲ့ဂြိုလ်ကို နှစ်ခြမ်းခွဲလိုက်တာလား..."


"ဟုတ်တယ် သူခွဲလိုက်တာ..."


ယောင်ချမ့်က မျက်နှာသေဖြင့်ပြောလိုက်ပြီးနောက်ခေတ္တရပ်သွားကာ ထပ်လောင်းပြောလာသည်။


" မိုးကြိုးဆေလ်ဗာနီဂြိုလ်က ထူးကဲစွမ်းရည်တွေရှိတော့ ဂြိုလ်ကြီးနှစ်ခြမ်းခွဲခံရရင်တောင် သူတို့အမြစ်လည်ပတ်မှုစနစ်ကြီးကရှင်သန်နေဦးမှာပဲ..."


အေးပါ ငါမမေးပါဘူး...


" မူရွှမ်က တကယ်စတုတ္ထမျိုးဆက်လား..."


သူက ရိုက်ချက်တစ်ခုဖြင့်ဂြိုလ်အားနှစ်ခြမ်းခွဲခဲ့ပြီး ၎င်းမှာ ဒုတိယတိယမျိုးဆက်များပင် အလွယ်တကူမပြုလုပ်နိုင်သော ကိစ္စဖြစ်ပေသည်။ယခင်အချိန်များက ဒုတိယမျိုးဆက်များပင် အလွန်ဆုံး အက်ကွဲကြောင်းတစ်ခုသာပြုလုပ်နိုင်ပေလိမ့်မည်။


" အင်း..."


"..."


စတုတ္ထမျိုးဆက်တိုင်း အဲ့လိုအားကောင်းကြတာလားဟ... သူမအနေဖြင့် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စု၏ယေဘုယျဗဟုသုတများအား နှံ့စပ်စွာလေ့လာသင့်ပြီ ဟုခံစားလိုက်ရသည်။


" ဒါပေမဲ့..."


ယောင်ချမ့် တစ်စုံတစ်ခုအား အမှတ်ရသွားဟန်တူသည်။


" အရှင်မင်းကြီးက နည်းနည်းတော့ထူးခြားတယ်..."


" ထူးခြားတယ်..." 


ဘယ်လိုမျိုးထူးခြားတာလဲ။


" အရှင်မင်းကြီးက ကျွန်တော်တို့မျိုးနွယ်ထဲမှာ ဘိုးဘွားတွေရဲ့ သွေးမျိုးဆက်ကိုနိုးထနိုင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ပဲ အဲဒီတော့သူ့ကို စတုတ္ထမျိုးဆက်တစ်ယောက်လို့အတိအကျတော့ မသတ်မှတ်နိုင်ဘူးပေါ့..."


" ဘိုးဘွားသွေးမျိုးဆက်တဲ့လား..."


ဘာကြီးလဲဟေ...


"ဒါဆိုသူက..."


"ပထမမျိုးဆက်လေ..."


သူမ ဘုမသိဘမသိလူကိုမှ ဘူမသိကိုးမသိ မေးမိလေသလား...


.....


"ဒီကိုလာ..."


မူရွှမ်က လူအုပ်ကြီးအား ကြိုဆိုသည့်သဘောထားစိုးစဥ်းမျှမပါဘဲ အိမ်ထဲသို့ဦးဆောင်ခေါ်လာခဲ့သည်။သူက ယောင်စစ်ကိုလက်ပြ၍ အနားလာရန်ခေါ်လိုက်သည်။ယောင်စစ်စားပွဲတွင် ထိုင်လိုက်သည်နှင့် မူရွှမ်က ခေါက်ဆွဲတစ်ပန်းကန်ယူလာကာ သူမရှေ့တွင်ချပေးလိုက်၏။


" လာ ပူတုန်းလေးသောက်လိုက်..."


" အိုး..."


ယောင်စစ် ပန်းကန်လုံးဆီ လက်လှမ်းလိုက်သော်လည်း သူမ ဤအခြေအနေဖြင့်မစားနိုင်ဖြစ်လို့နေသည်။


သူမရှေ့တွင် လူအုပ်ကြီးက မူရွှမ်ကိုမျက်နှာမူလျက် အစီအစဥ်တကျရပ်နေကြပြီး ၎င်းတို့၏ရှေ့ဆုံးတွင်ရပ်နေသူမှာ မိုးကြိုးဆေလ်ဗာနီဧကရာဇ်ဖြစ်သည်။


ရိုးရိုးသားသား ပြောရလျှင် သူ၏လူသားသွင်ပြင်မှာ လတ်ဆတ်လှသည်။ သူ့ထံတွင် မြက်ပင်ကဲ့သို့အရောင်ဖြင့်နူးညံ့​ပျော့ပြောင်းဟန်ပေါ်သော ဆံနွယ်များနှင့် နုငယ်ပျိုမြစ်သော မျက်နှာချောလေးရှိပြီး ရုပ်ပြကာတွန်းများထဲမှဇာတ်ကောင်ကဲ့သို့ပင်။ သူ၏ သွင်ပြင်က အမှန်တကယ်ကို မျက်စိဖမ်းစားဖွယ်ဖြစ်လေ၏။


 

==!!


မူရွှမ်က ၎င်းတို့အားလုံး၏ဖြစ်တည်မှုအား မေ့လျော့နေဟန်တူပြီး အကြည့်တစ်ချက်ပင်မစွန့်ကြဲပေ။ထို့ကြောင့် လူအုပ်ကြီး စကားတစ်ခွန်းမျှပင်မဟဝံ့ကြဘဲ ကျောမတ်မတ်ဖြင့်ဖြောင့်တန်းစွာရပ်ကာ သူတို့၏ဦးခေါင်းများအား ပြစ်ဒဏ်စီရင်ချက်တစ်ခုကို စောင့်စားနေသကဲ့သို့ တစ်ချိုးတည်း ငုံထားကြသည်။ ယောင်စစ်တစ်ယောက် သူမ စည်းကမ်းထိန်းသိမ်းရေးမှူး၏ရုံးခန်းအတွင်း လမ်းမှားရောက်လာသလို ခံစားလိုက်ရချေသည်။


"အယ်..."


မူရွှမ်က သူမ၏ခေါင်းအား ပွတ်သပ်လိုက်ပြီးပြောလာသည်။


" မြန်မြန်စားလေ..."


ယောင်စစ်ရှက်ရွံ့လာမိသည်။ သို့သော် သူမဤခေါက်ဆွဲကိုမစားသ၍ မူရွှမ်တစ်ယောက် အခြားသူများအား ဆက်လက်လျစ်လျူရှုထားဦးမည်ကိုသိသဖြင့် ပန်းကန်လုံးဆီသို့သူမ၏ခေါင်းကိုနှိမ့်ချလိုက်ရသည်။ အခန်းတွင်း အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်လျက်ရှိပြီး သူမ၏ခေါက်ဆွဲစားသံကသာ ပဲ့တင်ထပ်လျက်ရှိလေ၏။


ဂလု ဂလု ဂလု


အရာရာက အလွန်အမင်း ရှယ်ဖွယ်လိလိဖြစ်နေချေသည်။


စွပ်ပြုတ်ဟင်းရည်လေးပဲသောက်ရမှာကို ဒီလောက်များတဲ့ ပရိတ်သတ်ကြီးက ရှိနေမှဖြစ်မှာလားနော်...


(╯﹏╰)


ယောင်စစ် ခေါက်ဆွဲပန်းကန်လုံးအား သုံးလုပ်ဖြင့် လက်စသတ်လိုက်ပြီး စားပွဲပေါ်သို့ပြန်ချလိုက်ကာ ပြောလိုက်သည်။


" ဗိုက်ပြည့်ပြီ..."


မူရွှမ် သူမကိုစိတ်ကျေနပ်စွာကြည့်လိုက်သည်။ထို့နောက်စားပွဲပေါ်ရှိ ပန်းကန်နှင့်အသုံးအဆောင်များ ပျောက်ကွယ်သွားသည်။မူရွှမ် ခေတ္တမျှစဥ်းစားနေလိုက်ပြီးနောက် မကြာခင် ပတ်ပတ်လည်ရှိ ခေတ်ဟောင်းပရိဘောဂအသုံးအဆောင်များသည် စကြဝဠာခေတ်ဆန်သော အနုပညာလက်ရာမြောက်ပရိဘောဂများအဖြစ်သို့ပြောင်းလဲသွားပြီး ယောင်စစ်ထိုင်နေသော ခွေးခြေလေးကပင် ကတ္တီပါအခင်းဖြင့် သလင်းကျောက်ထိုင်ခုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။


မူရွှမ် အနီးတွင်ရပ်နေကြသော လူအုပ်ကြီးအားတစ်ချက်ကြည့်လိုက်ကာ မျက်မှောင်တင်းတင်းကျုံ့လျက် ပြောလိုက်သည်။


" ကြည့်ကြပ်လုပ်လိုက်ကြ..."


ထို့နောက် သူက သူ၏ကွန်ပြူတာလက်ပတ်ကိုဖွင့်ကာ ယောင်စစ်ထံသို့ သွေးစုပ်ဖုတ်ကောင်များနှင့်ဆိုင်သော မှတ်တမ်းမှတ်ရာများအားပို့ပေးလိုက်သည်။မျှော်လင့်ထားသကဲ့သို့ သူက အုပ်ထိန်းသူပုံစံသို့ပြန်လည်စျာန်ဝင်သွားလေသည်။


ယောင်စစ် ငြိမ်ငြိမ်ထိုင်လျက် သူမရှေ့ကလူကိုကြည့်နေမိသည်။ 


ဆိုတော့ ဒီလူက ပြဿနာကိုထွက်ဖြေရှင်းဖိူ့ပျင်းလွန်းနေလို့... အပြင်မှာအရမ်းဆူညံနေတာကြားမှ မတိုက်ခိုက်ကြပဲ စကားနဲ့ပြောဖို့အထဲမှာနေရာရွေ့ပေးလိုက်တာပေါ့လေ...


အိုး... ကောင်းပါ့ အဖေပီသတယ်...


" အရှင်မင်းကြီး မူ ...မူရွမ်..."


မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူက အလွန်အမင်းတုန်လှုပ်နေခဲ့ပြီး မူရွှမ်၏အရေးမစိုက်သော အမူအယာကိုမြင်မှသာ သက်ပြင်းချနိုင်သွားချေသည်။သူက အခြားသူများနှင့်ယှဥ်လျင် မူရွှမ်၏ဖိအားအောက်တွင် အနည်းငယ်မျှ အသက်ရှူချောင်နိုင်သေးသူ ဖြစ်ပေ၏။ ထို့ကြောင့်သူက တစ်ဖက်လှည့်ကာ အကြီးအကဲများအား ဝေ့ဝဲကြည့်လျက် သူ၏ဖြစ်အင်ကိုစတင်ရှင်းပြလေသည်။


" တကယ်က ငါကစစ်ဖြစ်ဖို့လာတာမဟုတ်ပါဘူး..."


 သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုရဲ့ အုပ်ချုပ်သူက ဘိုးဘွားသွေးမျိုးဆက်နိုးထပြီးသားလူ ဆိုတာကိုသာသိရင် ဘယ်သတ္တိနဲ့သူကအနီရောင်ဂြိုလ်ကိုလာဆွရဲမှာတဲ့လဲ...


" ငါနဲ့ ငါ့မျိုးနွယ်စုက မင်းတို့လူခိုးသွားတဲ့  တော်ဝင်မျိုးစေ့ ကိုပြန်လာတောင်းတာပါ..."


" အမှိုက်ကောင်..."


ဒုတိယအကြီးအကဲက ပွဲဆူလာသည်။


" ငါတို့မျိုးနွယ်က တခြားလူတွေရဲ့အစာတွေကိုစိတ်မဝင်စားမှန်း တစ်လောကလုံးသိတယ်ကွ မင်းတို့အစေ့ကို ငါတို့လူကဘာကိစ္စခိုးရမှာတဲ့လဲ အံ့တယ်..."


" ငါကရော ဘယ်သိမှာလဲလို့..." 


မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူက ပြန်အော်သည်။


"  ချွီဇယ်ဆိုတဲ့သွေးစုပ်ဖုတ်ကောင်ယူသွားတာကိုငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာကွ သူ့ကို ဂလက်ဆီလေးခုလောက်လိုက်ဖမ်းနေရင်း နောက်ဆုံး ဒီရောက်လာတာပဲလေ .

. မကြာသေးခင်ကတောင် ငါ့ တော်ဝင်မျိုးစေ့ ပြင်းပြင်းထန်ထန်ပျက်စီးနေတာကိုအာရုံခံလိုက်မိသေးတယ်..."


သူ သိသိသာသာ တုန်ရီလာပြီး ဆက်ပြောသည်။


" ငါတို့မျိုးနွယ်စုက တော်ဝင်သစ်ပင်ကြီးကနေမွေးဖွားလာကြပြီး... မျိုးဆက်လက်ဆင့်ကမ်းဖို့ မျိုးစေ့တစ်စေ့ပဲရှိတာ ဂလက်ဆီတစ်ခုလုံးသိတယ်ကွ..."


မိုးကြိုးဆေလ်ဗာနီမျိုးနွယ်စု၏ အုပ်ချုပ်သူ၏အသံ အက်ကွဲလာကာ သူ၏မျက်နှာထက်တွင်မျက်ရည်စများ မထိန်းနိုင်မသိမ်းနိုင် ကျဆင်းလာသည်။သူ၏ သွင်ပြင်မှာ ချုံးချုံးကျလျက် အလွန်တရာစိတ်ထိခိုက်နေဟန်ပေါ်သည်။


" မင်းတို့မျိုးနွယ်စုက ငါ့ရဲ့ တစ်ခုတည်းရှိတဲ့မျိုးဆက်လေးကိုဖျက်ဆီးလိုက်တာ  ငါ့မျိုးနွယ်စုတစ်ခုလုံးကိုဖျက်ဆီးလိုက်တာနဲ့အတူတူပဲလေ..."


"ချွီဇယ်ဆိုတဲ့ကောင်..."


အကြီးအကဲများက ချီတုံချတုံဖြစ်လျက် တစ်ဦးနှင့်တစ်ဦးမသက်မသာကြည့်ရှုလိုက်ကြသည်။အခြားသူတစ်ဦးတစ်ယောက် စွပ်စွဲခံရသည်ဆိုပါက သူတို့အခိုင်အမာရပ်တည်ပေးနိုင်မည်ဖြစ်သော်လည်း ဤတစ်ယောက်ကမူ... သူခိုးဖြစ်နေနိုင်ချေ အတော်လေးများသည်ပေ။


" မင်းတို့ သွေးစုပ်ဖုတ်ကောင်တွေကသန်မာတာကိုသိတာမို့ အပြစ်မတင်ရဲပါဘူး..."


မိုးကြိုးဆေလ်ဗာနီ အုပ်ချုပ်သူ၏ စကားသံအဆုံးတွင်ဆို့နင့်လာပြီး မျက်ရည်စက်များကိုသုတ်လိုက်သည်။


" အခု ငါ့ဥလေးကိုပြန်ပေးဖို့တောင်းပန်ပါတယ် အခွံလေးကွဲသွားပြီဆိုပေမဲ့ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး ငါချက်ချင်းထွက်သွားမှာပါ အနီရောင်ဂြိုလ်ရဲ့အပျက်အစီးတွေအတွက် ဆယ်ဆပြန်လျော်ဆိုလည်းလျော်ပေးမှာပါ..."


အခွံကွဲနေတာလား...


ယောင်စစ်၏နှလုံးသားလေး လေးလံသွားပြီး သူမက အခွံကွဲနေသောခရမ်းရောင်အလုံးလေးကိုထုတ်ပြလာ၏။


"  ဒါလေးလားဟင်..."


မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သာက ချက်ချင်းလှည့်ကြည့်လိုက်သည်။နောက်ခဏတွင် သူ၏ကြေကွဲစို့နင့်နေသော အော်သံကအခန်းအတွင်းထိုးဖောက်သွားရချေသည်။


" ငါ့သားလေးးး..."

သူက မူရွှမ်၏တည်ရှိနေမှုကိုပင် မေ့လျော့သွားပြီး ယောင်စစ်လက်ထဲမှ ဥလေးအား ခုန်အုပ်လုယူလိုက်သည်။သူက ဥလေးကိုလက်ဖဝါးခုပ်အတွင်း တယုတယထွေးပိုက်လျက် ကြေကွယ်ဖွဲဖြစ်ရပ်ဆိုးတစ်ခုအားကြည့်ရှုနေရသကဲ့သို့ မျက်ရည်များစီးကျလာသည်။


" သားလေး ငါ့သားလေး အဖြစ်ဆိုးလှချည်လားသားရယ်..."


ထို့နောက်သူက ရုတ်တရက်ခေါင်းလှည့်ကာယောင်စစ်ကိုစိုက်ကြည့်လိုက်၏။


" အဲဒါမင်းပဲ..."


ယောင်စစ်က ထိုသူ၏သတ်ဖြတ်ချင်နေသောအကြည့်ကြောင့် ထခုန်လိုက်မိသည်။ မသိစိတ်၏စေ့ဆော်မှုအရ နောက်သို့တရွေ့ရွေ့ဆုတ်လာစဥ် တစ်စုံတစ်ရာက သူမ၏လက်ကိုလှမ်းဆွဲလိုက်သည်အား ခံစားလိုက်ရသည်။


မူရွှမ်က ယောင်စစ်ကိုသူ၏နောက်သို့ပို့၍ ကာကွယ်လိုက်ပြီး မိုးကြိုးဆေလ်ဗာနီအား စိုက်ကြည့်လိုက်သည်။


" ငါ့ကလေးက ဘာဖြစ်လဲပြော..."


မူရွှမ်၏အမူအယာက အလွန်အမင်းအေးစက်လျက်ရှိပြီး အခန်းတွင်းအပူချိန်မှာ ရေခဲမှတ်သို့ကျဆင်းလျက် နှင်းခဲများပင်ကျဆင်းလာတော့မယောင်ရှိနေသည်။


အခန်းတွင်း၌ တိတ်ဆိတ်မှုက ကြီးစိုးသွား၏။


မိုးကြိုးဆေလ်ဗာနီကတုန်ယင်သွားကာ သူ၏ခြေထောက်များပင်ပျော့ခွေသွားရပြီး ငိုကြွေးနေသည်ကိုပင်မေ့လျော့လျက် ကြမ်းပြင်ပေါ်သို့လဲကျလုမတတ်ဖြစ်သွားရသည်။ သွေးစုပ်ဖုတ်ကောင် အုပ်ချုပ်သူထံတွင် သားသမီး ရှိသည့်အကြောင်း သူမသိခဲ့ရပါချေလေ။


" ကျွန်မ ကအဲ့ဥကိုဒီတိုင်းရထားရုံပါ..."


ယောင်စစ်ကပြောသည်။


" ထိခိုက်အောင်ရည်ရွယ်ချက်နဲ့လုပ်တာလည်း မဟုတ်ရပါဘူး ဒီတိုင်းအမှတ်တမဲ့ကွဲသွားခဲ့တာပါ..."


" မဖြစ်နိုင်ဘူး..." 


မိုးကြိုးဆေလ်ဗာနီ အုပ်ချုပ်သူ၏ ခုခံပြောဆိုသံမှာ ကြွက်ကလေးတစ်ကောင်ကဲ့သို့တိုးတိမ်လှသည်။


" SSS အဆင့်ရှိတဲ့သူတောင်မှ ဒီဥခွံကိုခြစ်ရာထင်အောင်မလုပ်နိုင်ဘူး... ဘယ်လိုလုပ် သူ့ဘာသူအက်သွားရတာတဲ့လဲ..."


" ကျွန်မလည်းသေချာမသိဘူးလေ..."


ယောင်စစ် မျက်မှောင်ကျုံ့လိုက်သည်။


" ဒီဥက ကျွန်မကို ချွီဇယ်ပေးတာ ရှင်သေချာသိချင်ရင်သူ့ကိုမေးသင့်တယ်..."


ဂါး... ဒါတွေအကုန် ရူးကြောင်ကြောင်အကောင်တစ်ကောင်ကြောင့်ပဲ...


ယောင်စစ်က ချွီဇယ်တစ်ယောက် သူမအား ဤကဲ့သို့အန္တရာယ်တော့အတွင်းဆွဲသွင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။


" ကလေး ငါ့ရဲ့သနားစရာကလေးလေး..."


သူကဥကိုပွေ့ဖက်လျက် ထပ်မံငိုကြွေးပြန်လေသည်။မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူ၏ လတ်ဆတ်တက်ကြွသော ရောင်ဝါတို့မှာ ပျောက်ဆုံးသွားပြီဖြစ်ကာ သူ၏အမူအယာမှာ ဝိဉာဥ်ပြိုကွဲသွားသူကဲ့သို့ရှိနေသည်။


" အကြီးအကဲချုပ်ဘယ်မလဲ..."


ဒုတိယအကြီးအကဲက တစ်ဖက်သို့လှည့်လိုက်သည်။သူက ဤမြင်ကွင်းကိုဆက်လက်ကြည့်ရှုနိုင်စွမ်းမရှိတော့ချေ။


" မနက်စောစောကပဲ အနီရောင်ဂြိုလ်ကထွက်ခွာသွားပါတယ်..."


" နေ့တစ်ဝက်တောင်မရှိသေးတာ သူ Rဂလက်ဆီရဲ့ နယ်ခြားမျဥ်းကိုမကျော်လောက်သေးဘူး ယာဥ်ပြန်လှည့်လာဖို့အကြောင်းကြားလိုက်..."


" ကောင်းပါပြီ..."


တတိယအကြီးအကဲက သူ၏ကွန်ပျူတာလက်ပတ်ကိုဖွင့်၍ စစ်ဆေးပြီးသောအခါ ဖြူဖျော့သွားသည်။


" အကြီးအကဲချုပ် ဖြတ်ပြီးသွားနှင့်ပြီ..."


"ဘာရယ် သူ့တည်နေရာကိုမြန်မြန်ရှာပြီး လိုက်လေ..."


" ဂလက်ဆီအပြင်ရောက်တာနဲ့ သူ့ယာဥ်လည်းပျောက်သွားပါတယ်..."


"..." 


ဒုတိယအကြီးအကဲ ခေါင်းခဲလာရတော့သည်။  ဒေါသကြောင့်လော မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူ၏ အဆက်မပြတ်ငိုရှိုက်သံကြောင့်ပေလော မသိအသက်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာပြောလာသည်။


" မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူ ဒါကအမှန်ဆိုရင် ငါတို့အနီရောင်ဂြိုလ်ကအစစအရာရာတာဝန်ယူပါ့မယ် အခုပဲ အဖြစ်အပျက်ကိုဆုံးဖြတ်စစ်ဆေးဖို့ အကြီးအကဲချုပ်ကိုဆင့်ခေါ်နေပါပြီ..."


" ဟင့်အင်း..."


မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူ မတုံ့ပြန်ရသေးခင်ပဲ မူရွှမ်ကကြားဖြတ်လိုက်ပြီး လူအုပ်ကြီးအားဝေ့ကြည့်လိုက်၏။


" အလုပ်ရှုပ်တယ်..."


သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် လေထုအလယ်တွင် အနက်ရောင်တွင်းပေါက်တစ်ခုဖြစ်ပေါ်လာကာ ထိုတွင်းပေါက်အတွင်းမှ ပုံရိပ်တစ်ခု တဖြည်းဖြည်းရုပ်လုံးပေါ်လာသည်ပေ။


" အာကာသ ဆင့်ခေါ်ခြင်းပဲ..."

 ဒုတိယအကြီးအကဲကအော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများပြူးကျယ်သွားသည်။


မူရွှမ်က သူ၏လက်ကိုနှိမ့်ချလိုက်သည်နှင့် တွင်းပေါက်ထဲမှ ပုံရိပ်တစ်ခုထွက်ကျလာသည်။


" အ့..."


အော်သံတစ်ခုနှင့်အတူ အလင်းနှစ်သန်းပေါင်းများစွာသို့ ထွက်ပြေးလွတ်မြောက်နေသည်ဟုယူဆရသော သံသယရှိတရားခံက ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာသည်။


လူအုပ်ကြီး တိတ်ဆိတ်သွား၏။


" အဖေ..."


"အင်း..."


" သမီးကိုအဲ့အကွက်သင်ပေးလို့ရလား..."


"ရတယ်..."