အပိုင်း ၃၂
Viewers 16k

Chapter 32

 မင်းမိဘတွေနဲ့တွေ့ချင်တယ်


မိုးကြိုးဆေလ်ဗာနီ အုပ်ချုပ်သူ သူ၏မျိုးနွယ်စုကိုခေါ်၍ ထွက်ခွာသွားခဲ့သည်။


ချွီဇယ်က အရူးတစ်ယောက်ဖြစ်သော်ငြား အခြားမျိုးနွယ်စုတစ်ခုလုံးအား မျိုးဆက်ပြတ်စေရန် မရည်ရွယ်ခဲ့ပေ။ သူ ယောင်စစ်ကိုပေးခဲ့သော ခရမ်းရောင်အလုံးလေးမှာ အက်ကွဲသွားသောမျိုးစေ့လေး၏ အခွံလွတ်သာဖြစ်ပြီး ယောင်စစ်အား ပြဿနာအတွင်းဆွဲသွင်းလိုခဲ့ခြင်းသာ ဖြစ်ပေသည်။


အစက ဒုတိယအကြီးအကဲသည် ချွီဇယ်အား မိုးကြိုးဆေလ်ဗာနီမျိုးနွယ်စုနှင့် လိုက်ပါသွားရန်အကြံပြုခဲ့သည်။ မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူ၏လက်ထဲရှိမျိုးစေ့မှာ သားမပေါက်သေးသည်ဖြစ်ရာ မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပွားစေရန် ကျွမ်းကျင်သူချွီဇယ်၏ အကူအညီကိုယူစေလိုခဲ့သော်လည်း  မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူက ယတိပြတ်ငြင်းပယ်ခဲ့၏။


သူက အစေ့လေးအားထွေးပိုက်လျက် ဧရာမသစ်ပင်ကြီးအသွင်သို့ ပြန်လည်ပြောင်းလဲကာ ဂြိုလ်ပေါ်တွင်အမြစ်တွယ်လိုက်သည်။ထို့နောက် စက္ကန့်အနည်းငယ်အတွင်း အဝေးတစ်နေရာသို့ အလင်းစက်တစ်ခုအဖြစ်ပျောက်ကွယ်သွားတော့သည်။ သူ၏အရှိန်မှာ အလွန်တရာလျင်မြန်လျက်ရှိကာ ချွီဇယ်လိုက်ပါလာမည်အား ထိတ်လန့်နေသကဲ့သို့ဖြစ်နေသည်။


ရက်အနည်းငယ်ကြာသောအခါ အနီရောင်ဂြိုလ်သည် အပျက်အစီးများစွာအတွက် မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူထံမှ လျော်ကြေးများလက်ခံရရှိခဲ့လေသည်။


.. ပြဿနာက အေးအေးဆေးဆေးပြီးသွားပြီထင်ပါတယ်...


ယောင်စစ်တွေးတောလိုက်သည်။


သို့သော်လည်း မျိုးနွယ်စုနှစ်ခုအကြားမှပြင်းထန်သော ရန်ပွဲကြောင့်ဖြစ်ပေါ်လာသည့်အပျက်အစီးများအား ပြန်လည်ပြုပြင်ထိန်းသိမ်ရင်းဖြင့် လူတိုင်းအလုပ်များနေကြသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သွေးစုပ်ဖုတ်ကောင်များအားလုံး၏ အမူအယာမှာထိုင်းမှိုင်းလျက် ခေါင်းငိုက်စိုက်ကျကာသက်ပြင်းတချချရှိနေကြသည်။ မည်သူမျှ ရန်ဖြစ်နိုင်သောအခြေအနေတွင် ရှိမနေကြပေ။


╮(╯﹏╰)╭


ကျန်ရှိနေသည့်ပြဿနာမှာ ချွီဇယ်နှင့်စာရင်းရှင်းရန်သာဖြစ်ချေသည်။အကြီးအကဲချုပ်က ဤပြဿနာမှာ မိုးကြိုးဆေလ်ဗာနီဂြိုလ်နှင့်စစ်ပွဲ ဖြစ်ပွားခြင်း မဖြစ်ပွားခြင်းထက် ပို၍ရှုပ်ထွေးပြင်းထန်သည်ဟုထင်မြင်သည်။အကြီးအကဲများက နေ့လယ်မှ ညခင်းအချိန်အထိ ဆွေးနွေးနေကြသည့်တိုင် အဖြေမထုတ်နိုင်ကြသေးချေ။


အဆုံးတွင် ၎င်းတို့အားမောင်းထုတ်ရန် စိတ်အားထက်သန်နေပြီဖြစ်သော တစ်စုံတစ်ယောက်က ညွှန်ကြားလာသည်။


" မင်းဒီလောက်ကစားရတာကြိုက်နေတာ ဘာလို့   သုခညွတ်ကွင်း ကိုမသွားလဲ..."


လူတိုင်းတိတ်ဆိတ်သွားရသည်။


မူရွှမ်၏ရှေ့၌ ကျိုးနွံနာခံစွာနေနိုင်ရန် ရုန်းကန်နေသော ချွီဇယ်၏မျက်နှာသည်ပင် စိမ်းဖန့်သွားရသည်။


ယောင်စစ်က ' သုခညွတ်ကွင်း ' ဆိုသည်က မည်သည်ကလာသည့်မည်သည့်အရာမှန်း မသိသော်လည်း သူ၏ဖြူဖျော့သွားသောမျက်နှာအရ ထိုနေရာကကောင်းသည့်နေရာ မဟုတ်မှန်း ခပ်ရေးရေးလေးသဘောပေါက်သွားသည်။


မူရွှမ်၏ စကားလုံးများက အဆုံးသတ်အမိန့်ဖြစ်သည်။ သူက ထွက်သွားရန်အချိန်ဆွဲနေသည့် လူအုပ်ကြီးအား မဲမှောင်နေသောမျက်နှာထားဖြင့်မောင်းထုတ်လိုက်လေသည်။


သူတို့က သူ့ရဲ့ဆက်ခံသူလေး လည်းမဟုတ်ဘဲနဲ့ ...ဘာလို့ထွက်မသွားကြသေးတာလဲ...


ညစာစားဖို့များ စောင့်နေတာလား...


မူရွှမ်တွင် သူ၏ကိုယ်ပိုင် ကလေးဆိုးအား ထိန်းကျောင်းရန်အချိန်လိုသေးသည်။


အမ်... ဒီလောက်တောင်ကြာသွားပြီဆိုတော့ သူ့ရဲ့ကလေးလေးတော့သေချာပေါက်ဗိုက်ဆာနေလောက်ပြီပေါ့...


ထို့နောက်တွင် ယောင်စစ်တစ်ယောက် ခံတွင်းတွေ့ဖွယ် သွေးအာဟာရစွပ်ပြုတ်တစ်ခွက် ထပ်မံတည်ခင်းခံလိုက်ရပေသည်။


ရက်အနည်းငယ်ကြာသောအခါ  သုခညွတ်ကွင်း ၏အကြောင်းအား ယောင်ချမ့်ဆီမှပြန်ကြားခဲ့ရသည်။ ရိုးရှင်းစွာပြောရလျှင် ထိုသည်က သူမစိတ်အာရုံဖြင့် ဝင်ရောက်ခဲ့သောနုံချာချာဂိမ်းနှင့် များစွာကွာခြားသည့် လက်တွေ့ဘဝဂိမ်း ဂြိုလ်တစ်ခုဖြစ်သည်။

ထိုဂြိုလ်ပေါ်တွင် လူတစ်ဦး၏စွမ်းဆောင်ရည်အား အဆုံးအစွန် ထုတ်လွှတ်နိုင်သော အနေအထားမျိုးရှိရာ ဂိမ်းကုမ္ပဏီက ဂြိုလ်၏မူလအခြေအနေအားထိန်းသိမ်း၍ ဂိမ်းအဖြစ်တည်ဆောက်ယူခဲ့သည်။


ဂိမ်းကစားရန်အတွက် လူကိုယ်တိုင်ဝင်ရောက်ပါဝင်ရန်လိုအပ်ပြီး ပြန်လည် အသက်သွင်းပေးသောစနစ်မပါရှိပေ။ ဂိမ်းကစားနေစဥ်အတွင်းသေဆုံးသွားပါက ထိုသည်ကအဆုံးသတ်သာဖြစ်သည်။ ထိုအကြောင်းများကြောင့် ထိုဂြိုလ်အား မျိုးနွယ်စုအသီးသီးမှ  လေ့ကျင့်ရေးနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားကြသည်ပေ။


မည်သို့ပင်ဖြစ်စေ ဤသည်က ဂိမ်းတစ်ခုသာဖြစ်သည့်အတွက် ဂိမ်းကုမ္ပဏီသည်  မတော်တဆသေဆုံးမှုများကိုရှောင်ရှားနိုင်ရန် ဂိမ်းကမ္ဘာ၏ဇာတ်ကြောင်းနှင့် လိုအပ်သောNPCများကိုထည့်သွင်းထားသည်။ဆိုလိုသည်မှာ ဂိမ်းကမည်မျှခက်ခဲနေပါစေ ကစားသမားများ၏အသက်ကို မုချလောင်းကြေးထပ်ရန်မူမလိုအပ်ပါချေ။


သို့သော်လည်း ထိုအရာက ကစားသမားများအတွက်ကန့်သတ်ထားပြီး ချွီဇယ်က ထိုနေရာသို့ ကစားသမားတစ်ဦးအဖြစ်သွားရောက်ရမည်မဟုတ်ဘဲ NPCတစ်ဦးအဖြစ်သွားရောက်ရမည်ဖြစ်သည်။


ဂိမ်း၏လမ်းစဥ်အရ ကစားသမားများက ဂြိုလ်ပေါ်တွင် ရက်၁၀၀ အသက်ရှင်ရန်လိုအပ်ပေသည်။ ချွီဇယ်၏NPCဇာတ်ကောင်သည်  ကစားသူများကိုပင် နှိမ့်ချပြောဆိုနိုင်သော အခြားNPC ဇာတ်ကောင်များနှင့် ကွာခြားပေသည်။


သူ့ထံတွင် စွမ်းဆောင်ရည်တစ်ဝက်သာရှိမည်ဖြစ်ကာ သူလုပ်ဆောင်ရန်လိုအပ်သည့် အပြုအမူများကလည်း ပြောစရာပင်မလိုချေ။သူက ကစားသမားများအား သတင်းအချက်အလက်များ တင်ပို့ပေးခြင်းနှင့် ကစားသမားများ၏ အသက်ကိုကာကွယ်ပေးခြင်းတို့သာလုပ်ဆောင်နိုင်ပေသည်။


ဤသည်က ချွီဇယ်ကဲ့သို့ ဝမ်းတွင်းရူးတယောက်အတွက် ငရဲကျခြင်းပင်နှင့်မခြားပေ။သူက နာနီတစ်ယောက်ကဲ့သို့ ကစားသမားများကိုလိုက်လံစောင့်ရှောက်ရင်းဖြင့် မိမိကိုယ်ကိုယ်သေကြောင်းကြံမိမည့်အဖြစ်အပျက်များမှလည်း ကာကွယ်ပေးရန်လိုအပ်သေးသသည်။


ယောင်စစ်တစ်ယောက် အဆုံးတွင် မူရွှမ်၏  'မင်းက ကစားရတာကြိုက်တယ်မလား ' ဟူသောစကား၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားခဲ့သည်။


ချွီဇယ်လိုကောင်မျိုး တကယ်ကိုတစ်ခါလောက်ပြန်ကစားခံရသင့်တယ်...


(⊙_⊙)


ချွီဇယ် သူမအပေါ်မလှိမ့်တပါတ် လုပ်သွားခဲ့သည်အား ဒုတိယအကြီးအကဲက မသိလိုက်မသိဘာသာ ကျော်ချသွားခဲ့သည်ကို ယောင်စစ်အမှတ်ရလိုက်မိသည်။


မူရွှမ်က သူမအတွက် လက်တုံ့ပြန်ပေးလိုက်တာလားအခု...


သူမ ရုတ်တရက်ဆိုသလို မတွေးဘဲမနေနိုင်တော့ချေ။


လှလိုက်တဲ့အကွက်...


အခုလိုဆိုတော့လဲ ကာကွယ်ပေးတတ်တဲ့ အဖေတစ်ယောက်ရှိတာက သိပ်မဆိုးလှဘူးပဲ... ဟုယောင်စစ်တွေးလိုက်မိပေသည်။


.....


မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် ယောင်စစ်တစ်ယောက် သူမမည်မျှအားနည်းကြောင်းနှင့် စကြာဝဠာကြီးသည်လည်း သူမတွေးထင်ထားခဲ့သည်လောက် ငြိမ်းချမ်းမနေကြောင်းကို သဘောပေါက်သွားခဲ့သည်။


အသေးအဖွဲဟုယူဆရသော အငြင်းပွားမှုလေးတစ်ခုကပင် ကြီးကျယ်သောရန်ပွဲတစ်ခုကို ယူဆောင်လာနိုင်လေသည်။ သူမပိုင်ဆိုင်ထားသော မသေမျိုးစွမ်းရည်ကြောင့်သာမဟုတ်ပါက သူမနိုးထပြီးသုံး စက္ကန့်အတွင်းလည်း သေသွားနိုင်ပေသည်။


ထို့ကြောင့်ယောင်စစ်သည် ရှင်သန်ခြင်းအနုပညာတွင် ဆရာတစ်ဆူဖြစ်လာရန် ဆုံးဖြတ်ခဲ့သည်။


မူရွှမ်က ယောင်စစ်၏လုံ့လဝီရိယကြောင့် ရွှင်မြူးပီတိဖြစ်ကာ အခြားငတုံးများအား ကဲ့ရဲ့လိုစိတ်တို့ပင်ဖြစ်ပေါ်သွားရသည်။


ကြည့်ကြစမ်းပါဦး...


ဒီအသက်အရွယ်လေးနဲ့တောင် ကြီးမားတဲ့ပန်းတိုင်တွေရှိနေပြီ.... ဟုတ်တယ် ဒါငါ့ရဲ့မျိုးဆက်လေးပဲ သံသယဖြစ်စရာကိုမလိုတော့ဘူး...


မျိုးနွယ်စုအတွင်း ဘိုးဘေးသွေးမျိုးဆက်အားနိုးထစေခဲ့သော တစ်ဦးတည်းသော သွေးစုပ်ဖုတ်ကောင်အနေဖြင့် မူရွှမ်က သွေးစုပ်ဖုတ်ကောင်တို့၏ စွမ်းရည်နှင့် လုပ်ဆောင်နိုင်မှုများအား အနှံ့စပ်ဆုံးသိရှိသူဖြစ်ကာ မည်သည့်စွမ်းရည်မဆို သင်ကြားပြသပေးနိုင်သူဖြစ်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။


" မသိဘူး ..." 


ယောင်စစ်ကခေါင်းခါပြလာသည်။


" အသွင်ပြောင်းပြီးတဲ့အချိန်ကစလို့ အခုထိ ဘာမှမူမမှန်တာမခံစားရလို့ ဘာဖြစ်မလဲဆိုတာမသေချာဘူး..."


မူရွှမ်အံ့အားသင့်သွားသည်။


" မင်း မစစ်ဆေးကြည့်ခဲ့ဘူးလား..."


ယောင်စစ် လီကျန်းသူမကိုပေးခဲ့သော ကိုယ်ဝန်စစ်ကိရိယာလေးအား အမှတ်ရမိသွားသည်။


" အထူးစွမ်းရည် ငါးမျိုးထဲကတစ်ခုမှမဟုတ်တာတော့ သေချာတယ်..."


ယောင်စစ် စိတ်ဓာတ်ကျသွားမိသည်။အလွန်သန်မာသောခွန်အားနှင့် ပြန်လည်ကုသခြင်းစွမ်းရည်များကြောင့်သာမဟုတ်ပါက သူမက သွေးစုပ်ဖုတ်ကောင်တစ်ဦးနှင့်ပင်မတူပါချေ။


" ကျွန်မမှာ ဘာစွမ်းရည်မှမရှိတာရော ဖြစ်နိုင်မလား..."


ပဥ္စမမျိုးဆက်တစ်ဦးအနေဖြင့်ရော မူရွှမ်၏မျိုးဆက်အနေဖြင့်ပါ မည်သည့်အထူးစွမ်းရည်မှမရှိသူဖြစ်နေလျှင် ယောင်စစ်သည် စကြာဝဠာတစ်ခုလုံး၏ပြက်လုံးအကြီးအစားတစ်ခု ဖြစ်ရချေတော့မည်။


" မျက်လုံးမှိတ်လိုက်..."


မူရွမ် သူမ၏နဖူးအားငြင်သာစွာထိတွေ့လိုက်သည်နှင့် ယောင်စစ်သူမ၏မျက်လုံးအစုံအား အလိုအလျောက်မှိတ်လိုက်မိသည်။ အေးမြသော စွမ်းအင်အချို့က သူမကိုယ်အတွင်းစိမ့်ဝင်လာကာ ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်စီးဆင်းလို့သွားသည်။


စက္ကန့်အနည်းငယ်မျှကြာသောအခါ မူရွှမ်ကသူ၏လက်ချောင်းများကို ပြန်ရုပ်သိမ်းလိုက်သည်။


" စိတ်မပူပါနဲ့ အထူးစွမ်းရည်ကမနှိုးရသေးရုံပါ ရှိနေတာကိုငါခံစားမိပါတယ်..."


ယောင်စစ်လည်း သူမ အစွမ်းမရှိတာမဟုတ်ကြောင်း သိလိုက်ရသည့်အတွက် စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။ သူမအဖေကသာ သူမ၏စွမ်းရည်အားခန့်မှန်းနိုင်လိမ့်မည်ဟူသော လီကျန်း​၏စကားကမှန်နေနိုင်သည်။


" ဘာစွမ်းရည်ဆိုတာကိုရော ပြောပြနိုင်လားဟင်..."


မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။


" မသေချာဘူး..."


မနိုးထသေးသည့်တိုင် သိသာစွာတည်ရှိနေသောစွမ်းရည်အား သူခံစားမိခဲ့သည်။ သူမြင်ခဲ့ရသော သူမ၏အထူးစွမ်းရည်၏ပုံသဏ္ဍာန်က...


" မင်းရဲ့စွမ်းရည်က... ထူးခြားတယ်... ငါလည်းအတိအကျတော့မပြောနိုင်လို့ မင်းစွမ်းရည်နိုးထလာတဲ့အချိန်မှပဲ သိလိမ့်မယ်..."


မူရွှမ် တိတ်ဆိတ်သွားရသည်။ သူ့ထံတွင် လူတစ်ယောက်၏စွမ်းရည်အား တိုးတက်စေနိုင်သော နည်းလမ်းများမကုန်မခမ်းနိုင်ရှိသော်လည်း အထူးစွမ်းရည်ကို နှိုးထနိုင်သောနည်းလမ်းကိုမူမသိပါချေ။ သူ့အလှည့်ကမည်ကဲ့သို့ နိုးထစေခဲ့သည်ကို အမှတ်ရရန်ကြိုးစားကြည့်ခဲ့ပါသော်လည်း အချိန်ကြာညောင်းလှပြီဖြစ်၍ မှတ်မိနိုင်စွမ်းမရှိပါတော့ပေ။


မူရွမ် သူ၏မျိုးဆက်လေး မည်မျှလုံလစိုက်နေသည်ကိုမြင်တွေ့ရသောအခါ သူမ၏အကောင်းမြင်စိတ်လေးများလွင့်ပျယ်မသွားအောင် မပြောတော့ပေ။ 


အထူးစွမ်းရည်နိုးထရုံပဲမဟုတ်ဘူးလား....


သူမမှတ်မိဘူးဆိုလည်း မှတ်မိတဲ့တခြားလူတော့ရှိကိုရှိရမယ်လေ...


အကြီးအကဲများက မူရွှမ် ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရမောင်းထုတ်လိုက်သောအခါ အိမ်ပြန်၍ ကောင်းကောင်အနားယူကြရန်ပြင်လိုက်ကြသည်။ သို့သော် သူ့တို့ တစ်ဖက်လှည့်လိုက်သည်နှင့် ရုတ်တရက်ပေါ်ထွက်လာသော အရှင်မင်းကြီးနှင့် ရင်ဆိုင်လိုက်ကြရလေသည်။


မူရွှမ်က ၎င်းတို့ဘက်မှ တစ်စုံတစ်ရာစကားစလာမည်ကိုပင် မစောင့်ဘဲ မေးခွန်းတစ်ခုဖြင့်ဆီးကြိုလိုက်လေသည်။


" အထူးစွမ်းအင်နိုးထအောင် ဘယ်လိုလုပ်ရလဲ..."


"..."


အထူးစွမ်းရည်နိုးထဖို့က အကူအညီလိုသေးလို့လား အဲတာပင်ကိုယ်ဗီဇလေ...


အရှင်မင်းကြီးရဲ့ အထူးစွမ်းရည်နဲ့ပတ်သတ်ပြီး ပြဿနာတစ်ခုခုများ ရှိနေလို့လား...


အကြီးအကဲများက လေးနက်သွားပြီး မေးခွန်းအား အစွမ်းကုန်အာရုံစိုက်လိုက်သည်။


" အရှင်မင်းမြတ် သခင်မလေးယောင်စစ်အကြောင်းကိုများပြောနေပါသလား..."


ဒုတိယအကြီးအကဲက တီးခေါက်ကြည့်လိုက်သည်။


" အင်း..."


" ဒါ ဒါက... အရှင် သွေးစုပ်ဖုတ်ကောင်ငယ်တော်တော်များများက သူတို့ရဲ့အထူးစွမ်းရည်ကို ကိုယ်တိုင်နှိုးထကြရပါတယ် သခင်မလေးယောင်စစ်လည်း အချိန်တစ်ခုရောက်ရင် နှိုးထနိုင်သွားမှာပါ အရှင်မစိုးရိမ်ပါနဲ့..."


မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။


" မျိုးနွယ်စုထဲက အငယ်တွေဘယ်လိုနှိုးကြသလဲ..."


ဒုတိယအကြီးအကဲ ခေတ္တမျှတွေးတောလိုက်ပြီးနောက်ပြောလိုက်သည်။


" မျိုးနွယ်စုထဲက အသစ်မွေးဖွားလာတဲ့ အငယ်အများစုကတော့  ' သွေးစုပ်ဖုတ်ကောင်တော်ဝင်သူငယ်တန်းကျောင်းကိုသွားကြတယ်...  အများစုကအဲ့မှာသင်ကြားရင်းနဲ့ သူတို့ရဲ့အဓိက အထူးစွမ်းရည်တွေကိုနိုးထသွားကြတာပဲ... အမြန်ဆုံး လေးငါးလကနေ အနှေးဆုံး သုံးလေးနှစ်ကြာတတ်ပြီး အဲဒီ့ကနေအောင်လက်မှတ်ရကြတယ်..."


" သူငယ်တန်းကျောင်းကိုပို့ရမယ်..."


မူရွှမ်ကမျက်မှောင်ကျုံ့လိုက်သည်။ သူမကိုပြန်ရှာတွေ့သည်ပင် မကြာသေးမီကဖြစ်ပြီး ထပ်မံခွဲခွာရန်တွန့်ဆုတ်နေမိသည်။


" သခင်မလေးက အဲဒီကိုရောက်ခဲ့ပြီးပါပြီ..."


ဒုတိယအကြီးအကဲက ချီတုံချတုံဖြစ်လို့နေသည်။


" ဒါပေမဲ့ သခင်မလေးရဲ့အခြေအနေက တခြားအငယ်တွေနဲ့ယှဥ်ရင် တမူထူးခြားနေပြီး အဲဒီနေရာနဲ့ အံ့ဝင်ခွင်ကျ မဖြစ်ဘူးဖြစ်နေတယ်... နောက်ပြီး သခင်မလေးလည်းအဲဒီနေရာကိုသိပ်ကြိုက်ပုံမပေါ်ဘူး..."


" မကြိုက်ဘူးလား ဘာကြောင့်လဲ..."


မူရွှမ် တစ်ဖက်သို့လှည့်၍ ဒုတိယအကြီးအကဲအားစိုက်ကြည့်လိုက်သည်။


" အာ... ပျော်စရာမကောင်းတဲ့ကိစ္စလေးတွေ ကြုံတွေ့ခဲ့ရတယ်ထင်ပါတယ်..."


"ဘာဖြစ်ခဲ့တာလဲ..."


" ကြားမိတာကတော့ ပထမဆုံးရက်မှာတင် သခင်မလေးက တခြားသွေးစုပ်ဖုတ်ကောင်အငယ်တွေအားလုံးကို ငိုအောင်လုပ်ခဲ့မိတယ်တဲ့..."


မူရွှမ်၏မျက်နှာ မဲမှောင်သွားသည်။


" သူတို့သူမကိုအနိုင်ကျင့်ကြတာပေါ့..."


" အယ်..."


"မနက်ဖြန် သူတို့မိဘတွေကို ငါနဲ့လာတွေ့ခိုင်းလိုက်..."


အနိုင်ကျင့်ခံရတာဘယ်သူလို့များပြောလိုက်တာလဲအရှင်ရယ်...


စည်းမျဥ်းတွေ တရားမျှတမှုတွေက ဘယ်ရောက်သွားရတာလဲ...

 

အရှင့်ရဲ့ကလေးအတွက် ခုခံ​ပြောဆိုချင်ရင်တောင် ဒါကတော့နည်းနည်းများသွားပြီလေ....