အပိုင်း ၃၃
Viewers 16k

Chapter 33

 စွန်လွှတ်သွားကြရအောင်


ယောင်စစ် မူရွှမ့်ကို ဖခင်ကောင်းတစ်ဦးအဖြစ်မှတ်ယူမိသည်။သူက သူမတောင်းဆိုသမျှအားဖြည့်ဆည်းပေးကာ သူမ၏မေးခွန်းမှန်သမျှကိုလည်း တစ်ခွန်းချင်းစိတ်ရှည်စွာ ပြန်လည်ဖြေကြားပေးလိမ့်မည်ဖြစ်သည်။ ဆောင်းခိုကြာသွားခြင်းကြောင့်လား မသိသော်လည်း သူ၏မျက်နှာကမူ အမြဲလိုလိုအေးစက်၍ အလေးအနက်ဖြစ်နေတတ်သည်။


သူမ၏အထူးစွမ်းရည်နှင့်ပတ်သတ်သောမေးခွန်းကို မဖြေကြားနိုင်ခဲ့သည့်ဖြစ်ရပ်က သူ၏မာနအားထိခိုက်မှုရှိသွားဟန်တူသည်။  ထိုအချိန်မှစ၍ သူမ၏သာမန်ကာလျှံကာ မေးခွန်းမှန်သမျှအား အသေးစိတ်ကျကျပြန်လည်ဖြေကြားလိမ့်မည်ဖြစ်ပြီး အသေးစိတ်ကျမှုကြီးက ယောင်စစ်ကိုပင် အလန့်တကြားဖြစ်စေသည်။


" ဒါကဘာကြီးလဲ..."


" အထူးစွမ်းရည်အကြောင်း အချက်အလက်တွေ..." 


မူရွှမ် လေးနက်စွာ ပြန်လည်ဖြေကြားလိုက်သည်။


" စာအုပ်တွေလား..."


ယခင်တစ်ခေါက်က သူတို့ ကွန်ပြူတာလက်ပတ်ကိုသုံးခဲ့တာ မဟုတ်ဘူးလား...


" မင်းအတွက် စာအုပ်ကပိုအသားကျမယ်ထင်လို့..."


မူရွှမ် ရှင်းပြသည်။


" မင်းရဲ့ အထူးစွမ်းရည်ကမနိုးထသေးပေမဲ့ ကြိုတင်လေ့လာထားလို့အကျိုးမယုတ်ဘူးမဟုတ်လား...   ဒီစာအုပ်တွေထဲမှာ အကျဥ်းချုပ်အချက်အလက်တွေစုစည်းဖော်ပြထားတယ်..."


ယောင်စစ်၏မျက်လုံးများတောက်ပသွားကာ မူရွမ်ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ ကျပန်းခေါင်းစဥ်များစွာဖြင့် စာအုပ်အပုံလိုက်အား မြင်တွေ့လိုက်ရချေသည်။


< အထူးစွမ်းရည်များ၏ မူလအစနှင့် ဖွံဖြိုးတိုးတက်လာမှု >


< ကျယ်ပြန့်သောအထူးစွမ်းရည်များ >


< မတူညီသော အထူးစွမ်းရည်အမျိုးမျိုးအားအသုံးပြရန်နည်းလမ်းအဖြာဖြာ >


< အထူးစွမ်းရည် လမ်းညွှန် >


စသည်စသည်တို့အပြင် အခြားစာအုပ်ပေါင်းများစွာတို့လည်း ရှိနေသည်။


ဆိုတော့ မနေ့ညကသူမကို အိပ်ယာထဲအတင်းပို့ပြီး လာချော့မသိပ်တာ ဒါတွေကိုပြင်ဆင်ရင်းအလုပ်ရှုပ်နေခဲ့တာကြောင့်ပေါ့...


ဒါပေမဲ့လည်း နည်းနည်းတော့များလွန်းမနေဘူးလားဟင်....


ယောင်စစ်တစ်ယောက်  အထက်တန်းတတိယနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးဖြေရမည့် အချိန်သို့ရောက်ရှိသွားသလိုခံစားလိုက်ရသည်။


" ဒါတွေကိုအရင်ကြည့်လို့ရတယ်..."  


မူရွမ် မျက်နှာသေဖြင့် စာအုပ်တစ်အုပ်ကမ်းပေးလာသည်။


" ဒါကမီးစွမ်းရည်အကြောင်းပဲ အထူးစွမ်းရည်ငါးခုထဲက အသန်မာဆုံး..."


" ..."


" ဒါကရေစွမ်းရည်အကြောင်း သူကမီးစွမ်းရည်ထက် တစ်ဆင့်နိမ့်ပေမဲ့ ကုသခြင်းစွမ်းအားတွေပါတယ်..."


"..."


" ဒါက စိတ်ဝိဉာဥ်စွမ်းရည်  တစ်ဖက်လူရဲ့အသိစိတ်ကိုထိန်းချုပ်စေစားနိုင်လို့ အန္တရယ်အများဆုံးစွမ်းရည်အဖြစ်သတ်မှတ်ထားတယ်..."


"..."


" ဒါကအမှောင်စွမ်းရည် ဝါးမျိူခြင်းအတတ်က သူ့ရဲ့အဓိကတိုက်ခိုက်မှုစွမ်းအားပဲ..."


"..."


" ဒါကတော့ အလင်းစွမ်းရည် သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကမပြင်းထန်ပေမဲ့ တခြားစွမ်းရည်တွေကို အရန်အဖြစ်ပံ့ပိုးပေးနိုင်တယ်..."


သူက စာအုပ်တစ်အုပ်ချင်းစီအတွက် အတိုချုပ် အချက်အလက်များကိုရှင်းပြလာသည်။


" အချက်အလက်တွေအကုန်စုစည်းပေးထားတယ်... မင်းမှာမေးစရာရှိရင် ငါ့ကိုတိုက်ရိုက်မေးနိုင်တယ် ..."


" ပြ...ပြဿနာ သေးသေးလေးရှိနေတယ်..."


ယောင်စစ် သူမရဲ့လက်ကိုမြှောက်လိုက်ချိန်  အနည်းငယ်တုန်ယင်နေခဲ့သည်။


" အမ်..."


" ကျွန်မဒါတွေမဖတ်တတ်ဘူး..."


ငါ့ရဲ့ တက္ကသိုလ်ကဘွဲ့လေးခွေးစားသွားခဲ့ပြီ....


သူဘာလို့ ဒီစာအုပ်တွေအများကြီးကိုတကူးတကပြင်ဆင်လာခဲ့ရတာလဲ...ကွန်ပျူတာလက်ပတ်ကဆို အလိုအလျောက် ဘာသာပြန်သွားလို့ ပိုပြီးအဆင်ပြေနေတာကို...


ညလုံးပေါက် သတင်းအချက်အလက်များကို မနားတမ်း စီစစ်နေခဲ့သော တစ်စုံတစ်ယောက်ထံတွင် ပြောစရာစကားလုံးများ ပျောက်ရှသွားခဲ့ရသည်။


"..."


သူ၏ ကလေးက စာမတတ်ပေမတတ်လေးတစ်ဦးဖြစ်ကြောင်း မူရွှမ်မသိခဲ့ပေ။


မူရွှမ် အချိန်တစ်ခုမျှ တောင့်ခဲနေပြီးနောက် သူ၏လက်ကိုဝှေ့ယမ်း၍စာအုပ်များကို သိုလှောင်အိတ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်ရသည်။


သင်ကြားရေးဦးတည်ချက်ကို ပြောင်းလဲဖို့လိုအပ်လာပြီထင်တယ်...


ငါးရက်ခန့်ကြာသောအခါ ယောင်စစ်တစ်ယောက် နောက်ထပ်စာအုပ်ပုံကြီးတစ်ခုကို လက်ခံလိုက်ရပြန်သည်။


< စကြဝဠာအများသုံး ဘာသာစကားအဘိဓာန် >


< စကြဝဠာအများသုံးဘာသာစကားနှင့် တရုတ်စာ >


< စကြဝဠာအများသုံးဘာသာစကား ဆင့်ကဲပြောင်းလဲလာပုံ >


...


ဆယ်အုပ်ထက်မကသော စာအုပ်ပုံအစုအဝေးကြီးတစ်ခု ယောင်စစ်ရှေ့သိူ့ရောက်ရှိနေသည်။


" ဒါတွေကိုဖတ်လိုက်... နားလည်သွားလိမ့်မယ်..."


ယောင်စစ် သူမအရပ်ထက်မြင့်မားသောစာအုပ်ပုံကြီးအား ကြည့်ရှုလိုက်ပြီး သူမ၏မျက်နှာထက် အနက်ရောက်အစင်းကြောင်းများ ပေါ်ထွက်လာသည်။ သူမ၏စိတ်အားထက်သန်မှုလေးများ တခွမ်းခွမ်းကွဲကြေသွားရကာ ဦးနှောက်လည်ပတ်မှုတို့သည်လည်း ရပ်တန့်သွားရသည်။


ဒါကြီးကမလွန်လွန်းဘူးလားဟ...


ဤစာအုပ်ပုံကြီးအားမြင်ရခြင်းသည် ယောင်စစ်တစ်ယောက် အထက်တန်းစာမေးပွဲများအားလုံးကို နောက်တစ်ကြိမ်ဖြေခိုင်းလိုက်သလို ခံစားလိုက်ရသည်။ 

ကျောင်းသားတွေဆိုတာ မြေကမ္ဘာခေတ်မပြောနဲ့ စကြာဝဠာခေတ်ရောက်လာတာတောင်မှ  ဒီလိုတပြုံတခေါင်းကြီး သင်နေရသေးတာပါလား...


" ဖေ... မူရွှမ်..."


ယောင်စစ်က ပို၍ချောမွေ့သောအခေါ်အဝေါ်ကို အလျင်အမြန် ပြောင်းလဲခေါ်ဆိုလိုက်ရသည်။


" အင်း..."


" အရမ်းအရေးကြီးတဲ့မေးခွန်းတစ်ခုမေးမယ်နော်...."


" မေးလေ..."


" ကျွန်မကျောင်းမတက်ချင်ဘူးလို့ပြောရင် ရိုက်မှာလားဟင်..."


"..."


-


ယောင်စစ် အချိန်နောက်ပြန်ခရီးသွား၍ သူမ၏ဘွဲ့လက်မှတ်အားမီးရှို့ရန် စိတ်အားထက်သန်လျက်ရှိသည်။ တက္ကသိုလ်တွင်သူမ၏အချိန်အများစုကို မြှုပ်နှံခဲ့ရပြီး ယခုပြန်လှည့်ကြည့်သည့်အခါ ထိုတက္ကသိုလ်အောင်လက်မှတ်ဆိုသည်က စက္ကူစုတ်များလောက်ပင် တန်ဖိုးမရှိတော့ပေ။ မဟုတ် ထိုထက်ပင်ဆိုးမည်ဖြစ်သည်။


အပြာရောင်ဂြိုလ်မှပစ္စည်းများက ယခုအခါ ရှေးဟောင်းပစ္စည်းဟုပင် သတ်မှတ်၍ရနေပြီဖြစ်သည်။


သို့သော် ကျောင်းကမလွှဲမရှောင်သာ ပြန်တက်ရဦးမည်ဖြစ်ပေရာ အထွန့်တက်ခြင်းက ဘာမှအသုံးမဝင်ပါချေ။သူမ၏တစ်သက်တာကို ဘာသာပြန်ကိရိယာအပေါ်မှီခိုသွား၍မရနိုင်သလို  ဘာသာစကားအသစ်တစ်ခုကိုသင်ယူခြင်းကလည်း လွယ်ကူသောကိစ္စရပ်တစ်ခုဟုတ်မနေပေ။


အခြားသူများအားလုံးအတွက် စကြဝဠာအများသုံးဘာသာစကားမှာ မိခင်ဘာသာစကားတစ်ခုဖြစ်သော်လည်း သူမအတွက်မူ အစိမ်းသက်သက်ဘာသာစကားတစ်ခုဖြစ်နေသည်။


ယောင်စစ် အံကြိတ်၍ ဘာသာပြန်စက်အားပိတ်ချလိုက်သည်။ ဘာသာစကားအသစ်တစ်ခုအား သင်ယူရန် အသင့်တော်ဆုံးနည်းလမ်းမှာ ထိုဘာသာစကားနှင့် ရင်းနှီးရန်ကြိုးစားခြင်းဖြစ်သည်။


စာအုပ်ကိုဖွင့်လိုက်သောအခါ မူရွှမ်တစ်ယောက် သူမအတွက် မည်မျှတိကျစွာ ပြုလုပ်ပေးထားသည်ကို တွေ့ရှိလိုက်ရသည်။


စာအုပ်၏ ခေါင်းစီးများ၏အသံထွက်ကို သဒ္ဒါအသုံးအနှုန်းများအထိ အစီစဥ်တကျရေးဆွဲထားသည်။ ထို့အပြင် စဦးအဆင့် အလယ်အလတ်အဆင့်နှင့်  အဆင့်မြင့်အဆင့်ဟူ၍ ခွဲခြမ်းစိတ်ဖြာထားပြီး သူမ၏အင်္ဂလိပ်စာပြဌာန်းစာအုပ်အဟောင်းများကဲ့သို့ လေ့လာမှတ်သားရလွယ်ကူနေစေသည်။ အချို့နေရာများတွင်လည်း သူမအားမရှုပ်ထွေးစေရန် ကူညီရှင်းပြထားသော မူရွှမ်၏လက်ရေးမူများပင်ပါရှိလေသည်။


ယခင်က သူမ စကြဝဠာအများသုံးဘာသာစကားကိုသင်ယူလိုခဲ့စဥ်က ယောင်ချန်းကသူမအတွက် အပြာရောင်ဂြိုလ်ဘာသာစကားတတ်ကျွမ်းသူအားရှာဖွေပေးခဲ့သည်။ သို့သော် နှစ်သန်းပေါင်းများစွာကြာမြင့်ခဲ့ပြီးသည်နှင့်အမျှ ဘာသာစကားတို့မှာလည်းတိမ်မြုပ်​ပျောက်ကွယ်သွားခဲ့ပြီးဖြစ်ရာ ခက်ခဲသောကိစ္စရပ်တစ်ခုဖြစ်နေခဲ့သည်။ သို့သော်ယခု မူရွှမ်က သူမအတွက်ဤမျှများပြားသောအချက်အလက်များကို အချိန်ငါးရက်အတွင်းစုစည်းမှတ်တမ်းပြုပေးခဲ့သည်။ 


ဤသို့နှိုင်းယှဥ်ကြည့်သည့်အခါ မူရွှမ်၏ စွမ်းဆောင်ရည်များက မည်မျှအံ့အားသင့်ဖွယ်ဖြစ်ကြောင်း ပေါ်လွင်နေစေတော့သည်။


အကောင်းဆုံးအချက်မှာ မူရွမ်၏တွေးခေါ်တတ်မှုပင်ဖြစ်ချေသည်။ အေးတိအေးစက်မျက်နှာထားရှိသူ၏ရှေ့တွင် လူကိုယ်တိုင်သင်ယူရခြင်းနှင့်ယှဥ်လျင် စာအုပ်များမှတစ်ဆင့်လေ့လာခြင်းက ပို၍သင်ယူရလွယ်ကူစေသည်။ ရင်းနှီးကျွမ်းဝင်သောဘာသာစကား၏အကူအညီဖြင့်  ယောင်စစ်၏စာလေ့လာမှုကပိုမိုချောမွေ့လာကာ သူမ၏ကြိုးစားအားထုတ်မှုများ ဖြည်းညှင်းစွာအရာထင်လာခဲ့လေသည်။


ယောင်စစ် သူမ၏လုံလနှင့်စိတ်အားထက်သန်မှုများကို စာလေ့လာခြင်းတွင်နစ်မြှုပ်၍ အထက်တန်းစာမေးပွဲဖြေသလို ရုန်းကန်ခဲ့သည်။ တစ်ခါတစ်ရံတွင် အနားယူချိန်အတွင်း အခြားလူများနှင့်ဆက်သွယ်ပြောဆိုရန် အကြီးအကဲများ၏ကော်မတီသို့ သွားရောက်လည်ပတ်လေ့ရှိသည်။  


သို့သော်ထိုအကြီးအကဲများက သူမကို နားမလည်သောအမူအယာများဖြင့်ကြည့်ကာ သူမနားလည်ရန်ခက်ခဲနေသေးသော ဗလုံးဗထွေးစကားများစွာပြော၍ တွန်းထုတ်ကြလေ့ရှိသည်။


မည်သို့ပင်ဖြစ်စေ သူမ၏စိုက်ပျိုးမှုမှ အသီးအပွင့်များ ရရှိလာခဲ့ပေသည်။


အချိန်တစ်နှစ်အတွင်း ရေးသားခြင်းကစိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်သည့်တိုင် စကားစမြည်ပြောဆိုခြင်းအခြေခံအား သူမ တတ်ကျွမ်းခဲ့ပြီဖြစ်သည်။ လွယ်လွယ်ကူကူ ရခဲ့ခြင်းမဟုတ်ဘဲ သူမအရာအားလုံးအားကျက်မှတ်ခဲ့ရသည်။ မူရွှမ်ပေးခဲ့သော စာအုပ်များထဲမှ တစ်ဝက်ခန့်အား သူမလေ့လာကျက်မှတ်ခဲ့ပြီးဖြစ်ကာ ကျန်စာအုပ်များအတွက်အချိန်ထပ်ယူရပေဦးမည်။


သူမ၏ ဘာသာစကားသင်ယူခြင်းနှင့် နှိုင်းစာလျှင် သူမ၏အထူးစွမ်းရည်ကမည်သည့်အရိပ်လက္ခဏာမှမပြသသလို နိုးထလာခြင်းလည်းမရှိပေ။ မူရွှမ်က သွေးစုပ်ဖုတ်ကောင်မျိုးဆက်သစ်တိုင်း ၎င်းတို့၏အထူးစွမ်းရည်များအား ချင်းချွက်မရှိနိုးထနိုင်ကြသည်သာဖြစ်ပြီး အလျင်စလိုဖြစ်ရန်မလိုအပ်ကြောင်း သူမကိုပြောခဲ့သည်။


သို့သော်လည်း သူမယူနေသည့်အချိန်က ပုံမှန်မဟုတ်စွာ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ အများစုသော သွေးစုပ်ဖုတ်ကောင်မျိုးဆက်သစ်များသည် ၎င်းတို့၏အထူးစွမ်းရည်များအား နိုးထရန် လအနည်းငယ်သာအချိန်လိုအပ်ကြသည်။ သို့သော် ယောင်စစ်က အချိန်တစ်နှစ်​ကျော် ဖြုန်းခဲ့ပြီးဖြစ်၏။


သူမ၏ အထူးစွမ်းရည်နှင့်ပတ်သတ်၍ တစ်ခုခုကမှားယွင်းနေသည်လားဟု ယောင်စစ်စတင်၍ လေးနက်စွာတွေးတောမိလာသည်။ ထိုသို့မဟုတ်ပါကလည်း နှစ်အတော်ကြာအောင် နိုးထမလာသေး၍ တစ်စုံတစ်ရာ ပြောင်းလဲသွားခဲ့သည်ဖြစ်နိုင်သည်။


╮(╯﹏╰)╭


" ခဏနားလိုက်ဦး..."


မူရွှမ် သူမလက်တွင်းမှ စာအုပ်အားဆွဲယူ၍ အနီရောင်အရည်များပါရှိသော ကြွေခွက်တစ်ခွက် ကမ်းပေးလာသည်။


သူမတစ်ငုံသောက်လိုက်သည်။  အရသာက အလွန်ကောင်းမွန်ပြီး ပူတင်းကဲ့သို့ ချိုမြိုန်နူးညံ့နေသည်။ ယောင်စစ်ကခေါင်းမော့၍ သူမ၏စာအုပ်များအား ကူညီစီစဥ်ပေးနေသည့် မူရွှမ်ကိုငေးကြည့်မိသည်။


နှစ်ထောင်သောင်းချီ၍ မြှုပ်နှံခံခဲ့ရခြင်းက သူမအတွက် ကံဆိုးမိုးမှောင်ကျသောကိစ္စရပ်တစ်ခုဖြစ်ခဲ့ပါလျှင်  ကောင်းချီးဖြစ်ရပ်က ဤသို့သော နောက်ခံကောင်းနှင့်ဆုံတွေ့ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။  မူရွမ်က လွန်ခဲ့သောနှစ်များအတွင်း သူမအား အင်မတန်ကောင်းမွန်စွာဆက်ဆံခဲ့သည်။


သူမအား အတောမသတ်နိုင်အောင် ချစ်ခင်မြတ်နိုးကာ အလိုလိုက်ပေးခဲ့ပြီး သူမ၏တောင်းဆိုချက် တစ်ခုတစ်လေကိုမျှ ငြင်းပယ်ခြင်းမရှိဘဲ အစစအရာရာတွင် သူမဘက်မှအမြင်ကိုထည့်သွင်းစဥ်းစားပေးခဲ့သည်။


သူ့အတွက်သာမဟုတ်ပါက ယောင်စစ် စကြဝဠာအများသုံးဘာသာစကားကို သင်ယူရာတွင် ဤမျှမြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်မဟုတ်။  သို့သော်...


" မူရွှမ်..."


 ယောင်စစ်၏နှလုံးသားထဲ၌ အမျိုးအမည်မဖော်ပြတတ်သော အားနာစိတ်တစ်ခုအမြစ်တွယ်နေသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။


" အင်း..."


 မူရွှမ်က ထုံးစံအတိုင်း တည်ငြိမ်နေသောအမူအယာဖြင့် သူမစကားအားတုံ့ပြန်လာသည်။ချက်ချင်းဆိုသလို သူ၏အာရုံမှန်သမျှကသူမ အပေါ်လွှဲပြောင်းရောက်ရှိသည်။


" ကျွန်မ အထူးစွမ်းရည်ကို တကယ်ရောနိုးလာဦးပါ့မလား..." 


အဆုံးမှာတော် အချိန်အတော်ကြာခဲ့ပြီ မဟုတ်လား...


" အဓိပ္ပာယ်မရှိတာတွေ..."

 

သူ့ရဲ့မျိုးဆက်က ဘယ်လိုလုပ် ကိုယ်ပိုင်အထူးစွမ်းရည်တစ်ခုမှမရှိပဲ နေမှာတဲ့လဲ...


မူရွှမ် ယောင်စစ်၏ခေါင်းကိုအသာပွတ်သပ်ပေးလိုက်သည်။


" မင်းရဲ့အခြေအနေကနည်းနည်းထူးခြားနေလို့ပါ  ဆောင်းခိုတာလည်းအရမ်းကြာသွားခဲ့တာမို့ နှေးနေတာပုံမှန်ပါပဲ..."


" တကယ်လို့ ကျွန်မမလုပ်နိုင်တော့ဘူးဆိုရင်ရောလို့..."


 သူမနှင့်အတူ သူငယ်တန်းတက်ခဲ့သော ကလေးများပင်ယခု အောင်လက်မှတ်များရသွားခဲ့ပြီဖြစ်သည်။


" အကယ်၍များ တစ်ခုခုမှားယွင်းနေပြီး ကျွန်မကရှင့်မျိုးဆက်မဟုတ်ခဲ့ရင်ရော..."


 ဘိုးဘေးသွေးမျိုးဆက်အား နိုးထနိုင်ခဲ့သော ပြိုင်ဘက်ကင်းသွေးစုပ်ဖုတ်ကောင်တစ်ဦးတွင် သူမကဲ့သို့ အားနည်းသော မျိုးဆက်ရှိလာစရာ အကြောင်းမရှိပေ။


မူရွှမ် မျက်မှောင်ကျုံ့လိုက်ပြီး ယောင်စစ်၏ပခုံးနှစ်ဖက်အား အသာဖိချလိုက်သည်။


ထိုအခိုက်အတန့်တွင် သူမကိုယ်တွင်း မတည်ငြိမ်သောစွမ်းအင်တစ်ခုကို ခံစားလိုက်ရကာ သူမ၏သွေးများက တဒုတ်ဒုတ်စီးဆင်းနေသည်ကိုလည်းခံစားလိုက်ရသည်။  ထို့နောက်သူမ ကြမ်းပေါ်သို့ပြုတ်ကျသွားပြီး သူမအောက်ရှိထိုင်ခုံက ပြာဖြစ်လျက်ရှိသည်ကို မြင်တွေ့လိုက်ရသည်။


" ခံစားမိလား..."


ဖာ့ခ်...  ထပ်ပြီးဒီလှည့်ကွက်ကြီးသုံးဖို့လိုလို့လား...

နင့်မှာ အစွမ်းရှိတယ်ဆိုပြီး ရှိုးပြနေတာလား  လေးလေးနက်နက်လုပ်လို့မရဘူးလား...


 မူရွှမ် သက်ပြင်းချလိုက်ပြီး သူမအားဆွဲထူကာ ဆုံးမလာသည်။


" ဟို အကြီးအကဲငတုံးတွေဆီသွားမနေနဲ့တော့  သူတို့ကတော်တော်လေးတုံးကြတယ်... သူတို့ဆီကမသင်ယူနဲ့..."


ငတုံးဆိုတဲ့အကြီးအကဲတွေ ကြားရင်တော့ အသည်းကွဲနေတော့မှာပဲ...


" မင်း စကြဝဠာအများသုံးဘာသာစကားကိုသင်ယူနေခဲ့တာတော်တော်ကြာပြီမဟုတ်လား အခုကပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ရမယ့်အချိန်ရောက်ပြီ ငါမနက်ဖြန်ကျမင်းကို ထာဝရအလင်းဂြိုလ်ဆီ ခေါ်သွားပေးမယ်..."


" ဟင် ဟင် ထာဝရအလင်း ဂြိုလ်က မဟာမိတ်အဖွဲ့အစည်းထဲက အဓိကဂြိုလ်ကြီးမဟုတ်လား..."    


အိမ်တွင်းအောင်းရသည်မှာ အချိန်အတော်အတန်ပင် ကြာမြင့်ခဲ့ပြီဖြစ်ရာ အပြင်လျှောက်လည်ရမည်ဟူသောအသိက ယောင်စစ်ကို အင်မတန်စိတ်လှုပ်ရှားသွားစေ၏။


" အင်း..."


မူရွမ် ခေါင်းငြိတ်ပြသည်။


" စောစော အနားယူ..."


" ကောင်းပါပြီ အရှင်မင်းမြတ် ပြဿနာမရှိပါဘူးအရှင်မင်းမြတ်..."


" မြန်မြန်သွားအနားယူတော့..."


" ဟုတ်ကဲ့ အရှင်မင်းမြတ် ကျွန်တော်မျိုးမအရှင့်အမိန့်မှန်သမျှနာခံပါ့မယ်..."


"..."