Chapter 91
-----------------------
"ဆရာ" ကျင်းစစ်က အရှေ့သို့တစ်လှမ်းတိုးကာ ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်။
" ကျွန်တော့် အဖေ ဒီရောက်နေတယ် "
ယင်းကျောင်းက ကျင်းစစ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ကျင်းစစ် ... သူဘယ်တုန်းက လူအိုကြီးလျိုကို သူ့မိသားစု အကြောင်း ပြောလိုက်တာလဲ...
ဆရာလျိုရဲ့ နောက်ထပ်ပြောလိုသော သူ့စကာလုံးများကိုရုတ်တရက် ဗိုက်ထဲပြန်မျိုချလိုက်ရသည် ။
ဆရာလျိုက အတော်ကြာ တိတ်ဆိတ်နေပြီးမှ ကျင်းစစ်ကို မေးလိုက်၏။
" မင်းဘယ်လို လုပ်ချင်လဲ"
ကျင်းစစ်က မတုံ့ဆိုင်းဘဲ ပြောလိုက်သည်။
" ကျွန်တော်သူနဲ့ ထပ်မဆက်ဆံချင်တော့ဘူး"
"ဒါဆို ဆောင်းတွင်း အားလပ်ရက်ကို ဘယ်လိုလုပ်မလဲ မင်းမပြန်တော့ဘူးလား"
တရားမျှမျှတတ တွေးရလျှင် ဆရာလျိုတွင်သာ ထိုကဲ့သို့ အဖေမျိုးရှိပါက သူကျင်းစစ်ထက်ပင် ပိုလုပ်မိလိမ့်မည်ပင်။
သို့သော် ဆောင်းတွင်း အားလပ်ရက်က ဒီလအတွက် တစ်ခုတည်းသော အားလပ်ရက် မဟုတ်ပေ။ ထိုအချိန်အကြာကြီး ကြားထဲတွင် နှစ်သစ်ကူးလည်း ရှိသေး၏။
ကျင်းစစ်က အိမ်မပြန်ဘဲ ဘယ်မှာနေမလဲ...
"သူပြန်မှာ မဟုတ်ဘူး"
ကျင်းစစ် မပြောခင် ယင်းကျောင်းကဖြတ်ပြောလိုက်သည်။
" ကျွန်တော့်အိမ်မှာနေမှာ"
ဆရာလျိုက အံ့အားသင့်သွားရသည်။
ယင်းကျောင်းနဲ့ ကျင်းစစ်ကြားက ဆက်ဆံရေးက ဒီလောက်တောင်ကောင်းသလား...
အိမ်မပြန်ဘဲ ယင်းကျောင်းနဲ့ နေမယ်...
ဆရာလျိုက အချိန်အတော်ကြာတွေးပြီးနောက် ထိုအကြံမှာ အတော်လေးကောင်းသည်ဟု ခံစားလိုက်ရ၏။
ယင်းကျောင်းက အမြဲ တစ်ယောက်တည်းနေခြင်းဖြစ်ပြီး ကျင်းစစ်သာ သူနှင့်သွားနေပါကသူ့တွင် အနည်းဆုံးတော့ အဖော်ရှိမည် ဖြစ်သည်။ ထို့အပြင် ကျင်းစစ်က ကိုယ့်ကိုယ်ကို ထိန်းချုပ်အားကောင်းပြီး သင်ကြားရေးစွမ်းအားကောင်းကာ ယင်းကျောင်းရဲ့ အိမ်စာများကို ထိုအချိန်တွင် သင်ပြပေးနိုင်လေသည်။
သူ့ရဲ့စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားကာ ထိုအကြောင်း မတွေးတော့ဘဲ ထိုနှစ်ယောက်ကို ပြောလိုက်သည်။
" မင်းတို့နှစ်ယောက် အတန်းကို အရင်ပြန်လိုက်ဦး"
ယင်းကျောင်းက တစ်ခုခုပြောချင်နေတာကို မြင်သောအခါ ဆရာလျိုက သူ့ကို ကြည့်ကာပြောလိုက်၏။
" ငါကဒီမှာ မင်းပြောရမယ့်အလှည့်ရောက်ပြီလို့ ငါပြောခဲ့လို့လား မြန်မြန်ပြန်တော့"
သူကပြောပြီးနောက် ကျင်းစစ်ကို မေးလိုက်သည်။
"မင်းအဖေ ဘယ်မှာလဲ"
ယင်းကျောင်းက ၀င်ဖြေပေးသည်။
" ကျောင်းပေါက်ဝက သစ်ပင်အောက်မှာ "
ဆရာလျို : "..."
ဆရာလျိုမှာ စိတ်လည်းတိုမိသလို သဘောလည်း ကျမိသည်။ သူတို့နှစ်ယောက်ကို ပြန်ခိုင်းလိုက်ပြီးနောက် သူကကျောင်းဝန်းထဲသို့ ထွက်လာလိုက်သည်။
အဖေ့ကျင်းကို တွေ့သောအခါ အဖေကျင်းက လက်များကို ဆုတ်ကိုင်ထားပြီး သစ်ပင်အောက်မှ ရှက်ရွံ့စွာ ပြေးထွက်လာသည်။ သူက အဖြူရောင် ငှက်ချီးများဖြင့် ဖုံးလွှမ်းနေကာ လဲကျမလိုပင် ဖြစ်နေ၏။
အချို့အကြောင်းများကြောင့် ဆရာလျိုတစ်ယောက် သူနှလုံးသားတစ်ခုလုံး ရုတ်တရက် လန်းဆန်းသွားသည့် ခံစားချက်ကို ခံစားရလိုက်သည်။
ဒီဆန်ကုန်မြေလေးက ယင်းကျောင်းနဲ့ အရင်တွေ့လိုက်တာ တကယ် ကောင်းတဲ့အရာပဲ...
"ကျင်းစစ်အဖေ"
ဆရာလျိုက ကြက်သေသေသွားသလိုဟန်ဆောင်လိုက်သည်။ ထိုမြင်ကွင်းကို အ၀ကြည့်ပြီးနောက် သူကလျှောက်သွားလိုက်ကာ အံ့သြနေဟန်ဖြင့်ပြောလိုက်၏။
" ကျွန်တော်က လျိုရှစ်ချန်ပါ ကျင်းစစ်ရဲ့ အတန်းပိုင်ဆရာပါ"
အဖေကျင်းက ရုတ်တရက် ရှက်ရွံ့သွားရသည်။ သူ့ရဲ့အသွင်အပြင်ကို ကျင်းစစ်၏အတန်းဆရာက တွေ့သွားပြီဖြစ်သည်။
ဆရာလျိုက သူရဲ့ မျက်နှာကို မမြင်ဟန်ဆောင်ကာ ပြောလိုက်သည်။
" ကျွန်တော့် ကျောင်းသားက လာပြောလို့ ကျွန်တော်လာတွေ့တာ ခင်ဗျားက ..."
သူက ရပ်တန့်လိုက်ပြီး အဖေကျင်းရဲ့ မျက်နှာက ခရမ်းရောင် ပြောင်းလာသောအခါ ဆက်ပြောလိုက်သည်။
" ကျွန်တော် ခင်ဗျားကို သန့်ရှင်းရေးလုပ်ဖို့ သန့်စင်ခန်းကို ခေါ်သွားပေးရမလား"
ရှက်ရွံ့မှုကြောင့် အဖေကျင်းက သူ့မျက်နှာကို အုပ်ရန် အဝတ်စပင် ရှာချင်နေသည်။ သူထပ်ကာ ထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဆရာ့ကို ဒုက္ခများစေမိပြီ "
ဆရာလျိုက သူ့ကို ပထမထပ်ရှိ သန့်စင်ခန်းသို့ ခေါ်သွားလိုက်သည်။
အထက်တန်းတတိယနှစ်သည် ပထမထပ်နှင့် ဒုတိယထပ်တွင် ဖြစ်ပြီး ဒုတိယနှစ်က တတိယထပ်နှင့် စတုတ္ထ ထပ်တွင် ဖြစ်သည်။ ၎င်းတို့ကြားတွင် ဆရာများအတွက် သန့်စင်ခန်းကို ပထမထပ်နှင့် တတိယထပ်တွင် ထားရှိပေးလေသည်။
ထိုငှက်ချီးများအပါခံရပြီးနောက် အဖေကျင်းက ကျင်းစစ်ကိုလည်း ထပ်မရှာချင်တော့ပေ။ သူရွံလွန်း၍ မထိန်းချုပ်နိုင်ဘဲ အန်မိလေသည်။ သူအလုပ်လည်းမသွားချင်တော့ဘဲ ကုမ္ပဏီမှ ခွင့်ယူပြီး အိပ်ပြန်၍သာ ရေချိုးချင်နေသည်။
"ကျင်းစစ် အဖေ ဒီနေ့တစ်ခုခုကြောင့် ဒီကိုလာတာလား"
သူတို့ သန့်စင်ခန်းက ထွက်လာပြီးတဲ့နောက် သူတိုက်ရိုက်သာ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
အဖေကျင်းက ရှက်ရွံ့စွာ ပြုံးပြီးပြောလိုက်သည်။
" ကျွန်တော် ကျင်းစစ်ကို နေ့လည်စာ အနားယူချိန်မှာ တွေ့ဖို့လာတာပါ"
"ကျင်းစစ်က တကယ်တော်တဲ့ ကောင်လေးပဲ"
ဆရာလျိုက မတုံ့ဆိုင်းဘဲ ကျင်းစစ်ကို မြှောက်ပင့်လိုက်၏။
" သူက ဒီတစ်ကြိမ်တော့ ပြည်နယ်တစ်ခုလုံးကို ဂုဏ်ကျက်သရေဆောင်ခဲ့တာလေ ကျွန်တော်တို့ ကျောင်းအုပ်က ကျင်းစစ်ကို အရမ်းချစ်တာလေ တစ်ခါတစ်လေ ကျင်းစစ်က သူ့ကလေး ဖြစ်ရင်ကောင်းမှာပဲလို့တောင် ပြောနေတာ"
သူက အဖေကျင်းရဲ့ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
" ခင်ဗျားရော သူ့မိဘ အနေနဲ့ မပျော်ဘူးလား"
အဖေကျင်းက အနည်းငယ်သဘာဝမကျ ဖြစ်နေမိသည်။ သူခန္တာကိုယ်ပေါ်တွင် မသန့်စင်ရသေးသော ငှက်ချီးများ ရှိနေသေးမည်ကို သံသယဝင်မိလေသည်။
"တကယ်တော့ ကျွန်တော်က ခင်ဗျားကိုစကားပြောချင်ခဲ့တာ ကြာပြီ ဒါပေမဲ့ ခင်ဗျားက မိဘဆရာဆွေးနွေးပွဲတွေ တစ်ခါမှ မတက်ဘူးလေ" ဆရာလျိုက ပြုံးကာ ဆက်ပြောလေသည်။
" ကျင်းစစ်က သူ့မိသားစုနဲ့ နားလည်မှုလွဲနေတယ်ကြားတယ် ... "
အဖေကျင်းက သူ့ကို မြန်မြန် စကားဖြတ်ပြောလိုက်သည်။
" နားလည်မှုမလွဲပါဘူး အဲ့လိုမျိုးမရှိပါဘူး"
သူက သူခိုးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။ ဆရာလျိုပြောတာကို ကြားပြီးနောက် ကျင်းစစ်က ဆရာလျိုကို သူ့အတွက် စရိတ်ဖြတ်ပစ်လိုက်ကြောင်း ပြောပြီးလောက်ပြီဟု ဝိုးတဝါး သိလိုက်ကာ သူ့ကိုယ်သူ ချက်ချင်းကာကွယ်ပြောဆိုတော့သည်။
" ဆရာ ဆရာလည်းသိတဲ့အတိုင်းပဲ ကျင်းစစ်က ကျွန်တော့် ဇနီးဟောင်းက မွေးတဲ့သားပါ"
ဆရာလျိုက အင်း ဟုပြန်ဖြေပေးလိုက်သည်။
"ဒီကလေးရဲ့စရိုက်က ကောက်ကျစ်တယ် ကျွန်တော်က ကျွန်တော့်ရဲ့ ဒုတိယကလေးကိုပဲ ချစ်တယ်လို့ သူက အမြဲထင်နေပြီး တစ်ခုခုပြောဖို့ဆို အသုံးမဝင်ဘူးဘဲထင်နေတာ မိဘအနေနဲ့ ကျွန်တော်က ကျွန့်တော့် ကလေးကို ဘယ်လိုလုပ် စရိတ်မပေးဘဲနေပါ့မလဲ အရင်လက ပရောဂျက်ကြီးတစ်ခုကို လုပ်နေတော့ ကျွန်တော် အလုပ်များပြီး မေ့သွားတာ သူက အဲ့ဒါကို နားလည်မှုလွဲသွားတာ"
"သူရဲ့ အဆင့်တွေက လွန်ခဲ့တဲ့ နှစ်နှစ်က မကောင်းခဲ့ဘူးလေ အဲ့တုန်းကတောင် ကျွန်တော်သူ့ကို ပုံမှန် မပေးခဲ့လို့လား"
"အဲ့လိုဖြစ်သွားတာကိုး" ဆရာလျိုကခေါင်းငြိမ့်လိုက်သည်။
" ကျွန်တော် ခင်ဗျားကို နားလည်ပါတယ် ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း ကျင်းစစ်က နိုင်ငံ့လေ့ကျင့်ရေးအသင်းထဲ ဝင်နိုင်သွားပြီဆိုတော့ အဲ့ဒီမှာနောက်ထပ် ရွေးချယ်ပွဲနှစ်ခု ကျန်သေးတယ် သူကသူကိုယ်တိုင်အတွက်ပဲ လုပ်နေတာ မဟုတ်ဘဲ တုန်းဟိုင်စီရင်စု ကျောင်းအတွက်ပါ လုပ်နေရတာဆိုတော့ ကျွန်တော်တို့ တုန်းဟိုင်ပြည်နယ် တစ်ခုလုံးအတွက် အရမ်းအရေးကြီးတယ်"
နောက်ထပ် ရွေးချယ်ပွဲ နှစ်ခု ကျန်သေးတယ်...တိုက်ရိုက် ဝင်လို့မရဘူးလား...
အဖေကျင်းက မူးနောက်လာကာ အခြေအနေကို လုံးဝ နားမလည်နိုင်ပေ။ ထို့ကြောင့် သူ့ခေါင်းကိုသာ ငြိမ့်ပြီး နားလည်သည့်အတိုင်း ဟန်ဆောင်ရလေသည်။
"ကျွန်တော်တို့ကျောင်းက သူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အရမ်း ဂရုစိုက်တယ် ပြီးတော့ သူခင်ဗျားကို အခု မတွေ့ချင်ဘူး ..."
ဆရာလျိုက ရပ်တန့်လိုက်ပြီး အဖေကျင်း၏ နီရဲနေသော မျက်နှာကို ကျေနပ်စွာ ကြည့်ပြီး ဆက်ပြောလိုက်သည်။
" အဲ့တော့ ခင်ဗျားက ဒါကို လေးစားသင့်တယ် သူ့ကို ထပ်မရှာပါနဲ့တော့"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ " အဖေကျင်းက သဘောမတူပေ။
ကျင်းစစ်က အာမခံနိုင်သည့် အနေအထားကို ရောက်နှင့်နေပြီး ဖြစ်သည့်အတွက် သူ မည်သည့်ပြိုင်ပွဲကိုမျှ ဂရုမစိုက်ပေ။
ယခုအချိန်တွင် သူက ကျင်းစစ်နှင့် ဆက်ဆံရေးကို မပြင်လျှင် နောင်တွင် ပိုခက်ခဲလိမ့်မည် ဖြစ်၏ ။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ"
ဆရာလျိုက သူ့ကို အပြုံးတစ်ဝက်ဖြင့်ကြည့်ကာ အဓိပ္ပါယ်ပါသော စကားလုံးများကို ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ကျင်းစစ်က သူ့ခံစားချက်တွေကို ထိန်းညှိနိုင်စွမ်း ရှိပါတယ် အရင်က ကျွန်တော်တို့ မိဘဆရာ ဆွေးနွေးပွဲတွေတုန်းက အတန်းထဲမှာ မိသားစုဝင်တွေ လိုက်မလာတာဆိုလို့ သူတစ်ယောက်တည်းပဲရှိတာ ဒါလောက်တော့ သူက အေးဆေးပါ"
အဖေကျင်းက သူ့မျက်နှာကို ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရကာ သူ့မျက်နှာမှာ အလွန်နာကျင်သွားကာ စကားမပြောနိုင်တော့ပေ။
ဆရာလျိုက အဖေကျင်းနှင့် ဆက်ပြီး မပြောချင်တော့သဖြင့် တိုက်ရိုက်သာပြောချလိုက်သည်။
" ဒီကလေးက စည်းကမ်းတင်းကျပ်စရာ မလိုဘဲ သူ့ကိုယ်သူ ဂရုစိုက်နိုင်တယ် သူ့ကိုယ်တိုင်ကိုက ပါရမီပါတာ အဲ့ဒါကြောင့် ခင်ဗျား အသေအချာ စိတ်ချထားလို့ ရပါတယ် "
အဖေကျင်းက စာသင်ဆောင်ထဲမှ ရှက်ရွံ့စွာ ခေါင်းပင် မမော့နိုင်ဘဲ ထွက်သွားလေသည်။ သူ့စိတ်ထဲတွင် ယခုလေးတင် ဆရာလျို၏ အထင်သေးသော မျက်လုံးများဖြင့်သာ ပြည့်နေတော့သည်။
သူ့သွားများကို အံကြိတ်လိုက်ကာ သူ့ကို မျက်နှာ ပျက်ရအောင် လုပ်သော ကျင်းစစ်ကို မုန်းနေမိသည်။
စကားပြောရုံလေးပဲမလား ဘာကအဲ့လောက်အရေးကြီးနေလို့လဲ ...
သူ့တွင် သားမရှားသောကြောင့် မြောင်မြောင်ကို လေ့ကျင့်ပေးပြီး ချင်းဟွာ တက္ကသိုလ် ဒါမှ မဟုတ် ပီကင်း တက္ကသိုလ် သို့သွားရအောင် လုပ်ပေးမည်။
သူ စရိတ်မပေးဘဲ ကျင်းစစ် ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရအောင်...
သူ ဆရာလျိုနှင့် စကားပြောကတည်းက ရောက်နေသော ထောင့်နားက အမျိုးသမီးတစ်ယောက်ကို သူသတိမထားမိပေ။
ထိုနေ့က အဖေကျင်းရဲ့ကံဆိုးသောနေ့ဖြစ်ထိုက်ပေသည်။ထိုအမျိုးသမီးက သူ့လုပ်ဖော်ကိုင်ဖက် ဖြစ်လေသည်။ သူမရဲ့ကလေးသည်လည်း အထက်တန်း ပထမနှစ်တွင် တက်နေကာ အိုလံပစ်အတွက်လည်း လေ့လာနေကြောင်းကို အရင်တစ်ခေါက်တွင် ပြောခဲ့ဖူးလေသည်။
သို့သော် ကောလိပ် ဝင်ခွင့်စာမေးပွဲတွင် အပိုမှတ်များကို ပယ်ဖျက်လိုက်သောကြောင့် တုန်းဟိုင်ပြည်နယ်စု၏ ပြိုင်ပွဲအတွက် အတန်းများက ဆိုင်းငံ့ထားပြီး ထပ်ဖွင့်ရန် အစီအစဉ် ရှိသည့်ပုံမပေါ်ပေ။ သူမစောင့်ပြီးရင်းစောင့်နေခဲ့သည်။ ဆောင်းတွင်းအားလပ်ရက်ရောက်တော့မည် ဖြစ်သောကြောင့် သူမ မတတ်နိုင်ဘဲ ကုမ္ပဏီ နေ့လည်စာချိန်ကို အခွင့်ကောင်းယူကာ ကျောင်းသို့လာပြီး ဆရာ့ကို အခြေအနေအကြောင်းမေးခြင်း ဖြစ်၏။
မမျှော်လင့်စွာဘဲ သူမက အဖေကျင်းကို ကော်ရစ်ဒါတွင် တွေ့လိုက်ရလေသည်။
သူမက သူနှင့် ဆရာလျု စကားပြောပြီးသည်အထိစောင့်နေပြီးမှ သွားနှုတ်ဆက်ကာ သူ့ကားဖြင့် ကုမ္ပဏီနောက်ပြန်လိုက်ရန် ရည်ရွယ်ထားသော်လည်း မထင်မှတ်ထားစွာဖြင့် ဖရဲသီးအကြီးကြီးကို စားလိုက်ရလေသည်။
နိုင်ငံ့လေ့ကျင့်ရေးအသင်းကို ဝင်နိုင်တဲ့ ကောင်လေးက ကျင်းကျောင်းကော် ရဲ့သားဖြစ်နေတာပဲ....
(Eng T/n : ကျင်းစစ် အဖေရဲ့နာမည် အပြည့်အစုံကို ခုမှ ပထမဆုံးဖော်ပြလိုက်တာပဲ နောက်ဆုံးလည်းဖြစ်နိုင်တယ် lol)
ဖာခ့် ဒါပေမဲ့ ဒါကဘယ်လိုတောင် ဘက်လိုက်တာမျိုးကြီးလဲ...
သူမက ထိုလုပ်ဖော်ကိုင်ဖက်ကို နှစ်အတော်ကြာသည်အထိ ရင်းနီးနေခဲ့တာပင်။
ဒါပေမဲ့ ကျင်းမြောင်ကိုတော့သိပြီး ကျင်းစစ်အကြောင်းကိုတော့ ဘာလို့ မသိရတာလဲ...
သူသာ ဘက်မလိုက်ဘူးဆိုရင် သူမတို့စကားပြောနေတုန်းက ကျင်းစစ်ကို သူ့ကလေးလို့ ဘာလို့ တိုက်ရိုက်မပြောပြတာလဲ...သူ့အသိစိတ်အရ အပြစ်ရှိတယ်လို့ ခံစားနေရလို့မလား...သူကတော့ သူသားဒီလို ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုမျိုး ရထားတာတောင် မသိဘူး ...
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်ရဲ့ ဒေါသက မြင့်တက်သွားရသည် ။
နောက်ပြီး ဘာကိုပရောဂျက်ကြီးလဲ...သူတို့အဖွဲ့က ပရောဂျက်ကို အရင်ထဲက ပြီးပြီးသားလေ အရင်လတုန်းက အားနေလိုက်တာမှ... နောက်ပြီးတော့ စရိတ်ပေးဖို့ မေ့နေတယ်ပေါ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ ဖြစ်ရမယ်...
ကလေးက လိမ်တာလား...ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ...
ဆရာ သူ့ကို ကြည့်တဲ့ အကြည့်ကို မတွေ့ဘူးလား...
ကျင်းကျောင်းကော်က တကယ့်ကို တိရစ္ဆာန်ကောင်ပဲ...
ထို အမျိုးသမီး လုပ်ဖော်ကိုင်ဖက်က ရယ်လိုက်ပြီး ဖုန်းကို ထုတ်ကာ wechat ကိုဖွင့်ပြီး စာစရေးတော့သည်။
နေ့လည်စာချိန်က မပြီးသေးချေ။ ကျင်းကျောင်းကော်၏ အရင်ဇနီးရဲ့သား ကျင်းစစ်ရဲ့အဆင့်တွေလည်းကောင်းလာရော စရိတ်တွေကို ဖြတ်လိုက်သည့် ဘက်လိုက်မှုကြီးအား ကုမ္ပဏီတွင် ဖြန့်လိုက်တော့သည်။
ထိုအရာပင်မဟုတ်သေးဘဲ အဖေ့ကျင်းက အင်တာနက် ကုမ္ပဏီတွင် အလုပ်လုပ်ပြီး သူတို့နယ်ပယ်သည် သေးငယ်သောကြောင့် သတင်းတစ်ခု ရှိလာလျှင် ကုမ္ပဏီ တစ်ခုလုံးသိမည်ဖြစ်၏။
အဖေကျင်းက ပို၍ ကံဆိုးလာတော့မည်ကို ကျင်းစစ် မသိပေ။ ညနေပိုင်းတွင် ကျောင်းဆင်းသောအခါ သူ့ပစ္စည်းများကို ယူလိုက်ပြီး ယင်းကျောင်းအိမ်သို့ သွားလေသည်။
"မင်းကြိုက်သလို ထည့်လို့ရတယ်"
ယင်းကျောင်းက ဘီဒို မီးကို ဖွင့်လိုက်ကာ ကျင်းစစ်ကို ပြောလိုက်သည်။
"မင်းကြိုက်တဲ့နေရာမှာထား"
ကျင်းစစ်က အကန့်နှစ်ခုကို တစ်ခုပြီးတစ်ခု ကြည့်လိုက်ပြီးနောက် နှစ်ခုလုံးတွင် အဝတ်များပြည့်နေတာကို တွေ့လိုက်ရသဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
"မင်းမှာ အဝတ်တွေ အရမ်းများတာပဲ"
"ဟမ်" ယင်းကျောင်းက ရပ်ပြီး သူ့ကို ပြန်လှည့်ကြည့်ကာ ပြောလိုက်။
"အဲ့ဒါ ကိုယ့်ဟာတွေ မဟုတ်ဘူး မင်းဟာတွေ"
ကျင်းစစ်မှာ အံ့အားသင့်သွားရသည်။
"ငါဟာတွေ"
"အင်း ကိုယ်ဝယ်ထားတာ"
ယင်းကျောင်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
" တံဆိပ်တွေဖြုတ်ပြီး လျှော်လည်းပြီးသွားပြီ မင်းအခု ဝတ်လို့ရတယ် မင်းကိုယ့်အိမ်ကို လာခဲ့တုန်းက တော်တဲ့ဝတ်စုံ မရှိခဲ့ဘူးလေ"
မနေ့က ကျင်းစစ် ထုတ်ပိုးတော့မည်ဟု ပြောသောအခါ ယင်းကျောင်းကတားချင်ခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူအဝတ်တွေကို လုံလောက်အောင် ပြင်ဆင်ပြီး ဖြစ်သဖြင့် အပို ဝတ်စုံများ မလိုပေ။ သို့သော် ပြန်တွေးကြည့်ပြီးနောက် သူရင်းနှီးသော အရာများကို သယ်ခွင့်ပြုလိုက်သည်။ ထိုမှသာ အိမ်ကို သူပိုင်ဆိုင်သောအရာများဖြင့် အလှဆင်နိုင်မည် ဖြစ်သောကြောင့် ဘာမျှ မပြောခဲ့ပေ။
"မင်းဘာလို့ ..."
ကျင်းစစ်က ဆို့နင့်သွားကာ ဆက်မပြောနိုင်တော့ပေ။
ယင်းကျောင်းက ဘယ်လိုလုပ် အရမ်းကောင်းနိုင်ရတာလဲ...
ကျင်းစစ် နှာခေါင်းမှာ နာကျင်နေကာ ယင်းကျောင်းအရှေ့တွင် သူ့ပုံစံ မပျက်ချင်တာကြောင့် စိတ်ခံစားချက်များကို နှလုံးသားထဲတွင် အတင်းအကျပ် ထိန်းချုပ်ထားလိုက်ပြီး ဆက်ပြောရန် အကြောင်းပြချက် ရှာလိုက်သည်။
" မင်း ငါ့ ခန္တာကိုယ်အတိုင်းအတာကို ဘယ်လိုလုပ်သိလဲ"
ယင်းကျောင်းက မျက်ခုံးကို ပင့်ကာ အဓိပ္ပာယ် ပါပါ ပြုံး၍ ပြောလိုက်၏။
"ကိုယ့်ချစ်သူပဲကို ကိုယ်ပွေ့တယ် ဖက်တယ် နမ်းတယ်လေ ကိုယ်ဘယ်လိုလုပ် မသိဘဲနေမှာလဲ"
ကျင်းစစ် မျက်နှာမှာ ရှက်သွေးဖြာကာ နီရဲသွားရပြန်သည်။
သို့သော် သူ့စိတ်ထဲတွင်မူ သူ ဖက်ရုံသာဖက်ခဲ့ရုံဖြင့် သိနိုင်တာကိုမတွေးဘဲ မနေနိုင်ဖြစ်ကာတွေးမိလေသည်။
"အိုကေ ရှင်းပြီး မင်းလုပ်ချင်တာသာလုပ်"
ယင်းကျောင်းက ခေါင်းငုံ့ကာ နမ်းလိုက်ပြီး " ဒါက မင်းအိမ်ပဲလေ ဟုတ်တယ်မလား"
ကျင်းစစ်က ခေါင်းငြိမ့်ပြလိုက်သည်။
ယင်းကျောင်းက ဘေးကို မှီလိုက်ပြီး ကျင်းစစ် အလုပ်ရှုပ်နေတာကို ကြည့်လိုက်လေသည်။
သူက ကျင်းစစ် သူ့အဝတ်အစားတွေဝတ်ထားတာကို ကြည့်ရတာကြိုက်ပေမဲ့ တချိန်လုံး ဆိုဒ်တစ်ဆိုဒ် ကြီးသော အဝတ်များကို ဝတ်ရသည်မှာ အဆင်မပြေပေ။
ယင်းကျောင်းက ခပ်ညစ်ညစ် ပြုံးလိုက်မိသည်။
သူကိုယ်တိုင် ရွေးပေးခဲ့တဲ့ အဝတ်တွေကို သူချွတ်ပေးရမယ်ဆိုရင်တော့ အရသာကထူးခြားနေမှာသေချာပေါက်ပဲ....
____
Translated By IQ-Team.