အပိုင်း၉၂
Viewers 12k

Chapter 92

Chapter 92


-----------------------


ထိုနေ့တွင် အဖေကျင်းက ငှက်ချီးများဖြင့် စိုရွှဲခဲ့ရသည်။ တုန်းဟိုင်ကျောင်းမှ ထွက်သွားသောအခါ သူက အိမ်သို့ တန်းတန်းမတ်မတ် မောင်းသွားလိုက်သည်။ သူက လမ်းတွင် မီးစိမ်းတာကို စောင့်ရင်း သူ့ဘောစ့်ထံသို့ ခွင့်တိုင်လိုက်သည်။


သူ့ရဲ့ ဘောစ့်က စာမပြန်သော်လည်း အဖေကျင်း ဂရုမစိုက်ပေ။


အင်တာနက် ကုမ္ပဏီများတွင် ပွင့်လင်းသော အခြေအနေရှိပြီး အလုပ်ချိန်များကလည်း လိုက်လျောညီထွေ ရှိလေသည်။ တစ်ရက်လောက် နှင့် နေ့ဝက်လောက် ခွင့်ယူခြင်းက သူတို့၏ လုပ်ဆောင်ချက်များအ​ပေါ် အကျိုးသက်ရောက်မှု မရှိပေ။ 


တုန်းဟိုင်စီရင်စုကျောင်းသို့ သွားရောက်ခြင်းက သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ အဖေကျင်းစိတ်တိုလာသောအခါ သူ့စိတ်ထဲတွင် ကျင်းစစ်ကို အကြိမ်ပေါင်းများစွာ ဆူပူမိလေသည်။ ထို့နောက် ကျင်းစစ် အနာဂါတ်တွင် သူ့ဆီသို့လာပါက လွယ်လွယ်လေး လွှတ်မပေးဘူး ဟု ကျိန်ဆိုလိုက်၏။


နောက်တစ်နေ့တွင် အဖေကျင်းက အလုပ်ကို ပုံမှန်ပင် သွားလိုက်သည်။ ဘာဖြစ်နေသလဲဆိုတာကို သူမသိပေမဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များက သူ့ကို ထူးဆန်းစွာ ကြည့်နေကြတာကိုမူ ခံစားမိလေသည်။


ငှက်ချီးနံ့တွေများ ကိုယ်မှာ စွဲနေလို့လား...


အဖေကျင်းကသူ့ခေါင်းကို တိတ်တိတ်လေး ငုံ့ကာ အနံခံကြည့်လေသည်။ မဖြစ်နိုင်တာ။ 


မနေ့ညတုန်းက သူတစ်နာရီလောက်ကြာအောင် ရေချိုးခဲ့လေသည်။ ယနေ့တွင်မူ ရေမွှေးများလည်း ဖျန်းလာသေးသည်။ ကျောင်းကျင်းဖုန်ပင် ပုံမှန် မဟုတ်တာကို သတိမထားမိပေ။


အဖေကျင်းက သိပ်ပြီး စိတ်ထဲမထားတော့ဘဲ ကော်ဖီဘားသို့ ပေါင်မုန့် ယူရန် သွားလိုက်သည်။ ကွန်ပြူတာကို ဖွင့်ကာ ပေါင်မုန့်ကို ကိုက်လိုက်ရင်း ကုမ္ပဏီရဲ့ ဖိုရမ်ထဲသို့ ဝင်ကြည့်လိုက်၏။


ကုမ္ပဏီရဲ့ ဖိုရမ်ကို များသောအားဖြင့် သိပ်မကြည့်ကြပေ။ ပင်မစာမျက်နှာမှ ပိုစ့်အသစ်များတွင် တုံ့ပြန်မှု သိပ်မရှိပေ။ ၎င်းတို့ထဲမှ အများစုက ကုမ္ပဏီ နှစ်ပတ်လည်တွင် ရထားသော ဆုများကို ပြန်လည်ရောင်းချခြင်း ဖြစ်၏။ သို့မဟုတ်လျှင် အခြား ကုမ္ပဏီများ၏ ပေါ်လစီ များကိုမေးထားခြင်းဖြစ်ပြီး အခြားအကြောင်းအရာများ သိပ်မရှိပေ။


အဖေကျင်းက မူလတွင် စစ်ဆေးပြီးနောက် ပိတ်ချင်ခဲ့သော်လည်း မမျှော်လင့်ထားစွာပင် ဝေဖန်ပြောဆိုမှု နံပါတ်များသော ပိုစ့်ကို တွေ့လိုက်ရ၏။ __


[မွေးတုန်းကမွေးထားပြီး ဘယ်လိုပဲ ကြီးပြင်းလာပါစေဆိုပြီး ကလေးကိုပစ်ထားတယ်ဆိုတဲ့ ကုမ္ပဏီက အတင်းအဖျင်းက အမှန်ပဲလား]


မွေးပြီး ဂရုမစိုက်ဘူး...


အဖေကျင်းက မျက်မှောင်ကြုံ့လိုက်မိသည်။ 


ဒီလိုတာဝန်ယူမှုမရှိတဲ့ မိဘမျိုးတွေ ရှိသေးတာလား...


သူ့ပါးစပ်ထဲမှ ပေါင်မုန့်ကို မြိုချလိုက်ပြီး ပိုစ့်ကို ဖွင့်ကြည့်လိုက်သည်။


အဖေကျင်း မျက်နှာက တဖြည်းဖြည်းချင်း နီလာပြီး နောက်ဆုံးတွင် သူ့လည်ပင်းအထိပါ နီရဲသွားရသည်။


[ပိုမမှန်နိုင်တော့ဘူး အဲ့ထဲက အဓိကဇာတ်လိုက်က ကလောက်ဒ့် ဒေါင်းလော့အဖွဲ့ ကျင်းကျောင်းကော်လေ သူ့အရင်ဇနီးနဲ့ ရထားတဲ့ သားနာမည်က ကျင်းစစ် သူက ငါတို့ပြည်နယ်ကနေ နိုင်ငံ့သင်္ချာလေ့ကျင့်ရေးအသင်းထဲကို ဝင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကလေးလေ သူကလွန်ခဲ့တဲ့ နှစ်နှစ်မှာ နည်းနည်းသောင်းကျန်းတော့ ကျင်းကျောင်းကော်က သဘောမကျဘူးလေ သူ့ရဲ့ နေထိုင်စရိတ်ကိုပါ ဖြတ်ပစ်လိုက်တာတဲ့]


[ငါ့ကလေးက နှစ်နှစ်ပဲ ရှိသေးတယ် အဲ့လိုကိစ္စမျိုးကို ကြားတိုင်း ငါအရမ်းစိတ်တိုတာပဲ ကျင်းကျောင်းကော်က တိရစ္ဆာန်ကောင်ပဲ]


[ငါတို့ဌာနက ကလောက်ဒ့် ဒေါင်းလော့ ဌာနနဲ့ အဆက်အသွယ် ခဏခဏ ရှိတယ်လေ အရင်တုန်းကတော့ ကျင်းကျောင်းကော် အပေါ်အထင်အမြင်ကောင်းတယ် ဒါပေမဲ့ ငါအဲ့လိုတော့ မထင်ထားမိခဲ့ဘူး...]


[ငါ့အဖေဆို စာကြိုးစားတဲ့ ကလေးတွေကို အရမ်းချစ်တာ နောက်ပြီး ငါ့မိသားစုဆို ကျင်းစစ်ပါသမျှ သတင်းစာဆောင်တွေကို သိမ်းထားတာ အဲ့ကောင်လေးက အရမ်းတော်တာ ကျင်းကျောင်းကော် ဘယ်လိုတွေတောင် တွေးတောနေတာတုန်း]


[ငါက ကျင်းကျောင်းကော်နဲ့ ဌာနတူတူပဲ အဲ့အကြောင်း ပြောရမယ်ဆိုရင် သူကျင်းစစ် အကြောင်းပြောတာ တစ်ခါမှ မကြားဖူးဘူး ငါတို့တွေ သူနဲ့ နှစ်အကြာကြီး အလုပ်အတူလုပ်လာတာ သူ့မှာ သားတစ်ယောက်ပဲ ရှိတယ်လို့တောင် ငါတို့က ထင်တာ]


[နည်းနည်းတော့ အတုအယောင်ဆန်တယ်လို့ ခံစားရတယ် အဖေတစ်ယောက်က အဲ့လောက်ရက်စက်ဖို့အထိ လိုလို့လား ငါ့မိသားစုထဲက ကလေးဆိုရင် သူ့အခန်းထဲကကြွေပြားတွေကို မနေနိုင်မထိုင်နိုင် လိုက်ခွာနေတာ ဒါပေမဲ့ သူ့စာမေးပွဲ နောက်ဆုံးနေ့မလို့ သူ့ကိုငါမထိနိုင်ခဲ့ဘူး ကျင်းစစ်လို အလားအလာကောင်းတဲ့ ကလေးမျိုးဆို ပြောမနေနဲ့တော့ အဲ့ဒါက ကောလဟာလတွေပါ ဟုတ်တယ်မလား]


[အဲ့ဒါက တကယ့်ကို ကောလာဟလ မဟုတ်ဘူးတဲ့ ငါ့မွေးရပ်မြေက ကောင်စုတ်လေးတစ်ကောင်က ကျင်းစစ်နဲ့ အခန်းတူတူပဲ သူပြောတာတော့ ကျင်းစစ်အဖေက ကျောင်းသားဆရာတွေ့ဆုံပွဲတွေမှာ တစ်ခါမှ မပါဝင်ခဲ့ဘူးတဲ့]


.............


အဖေကျင်းရဲ့ ခေါင်းမှာ တဝီဝီ မြည်နေပြီး သူ့လက်များမှာ တုန်ယင်နေလေသည်။ သူက ရံဖန်ရံခါချောင်းဟန့်သံများနှင့် ရယ်သံများကို ကြားနေရကာ ယင်းက သူ့ကိုလှောင်ရယ်နေတာဟု ခံစားနေရသည်။


သူ ထပ်သည်းမခံနိုင်တော့သဖြင့် ဖုန်းကိုဆွဲကိုင်ကာ ခုံပေါ်မှ ထရပ်လိုက်ပြီး ရုံးခန်းထဲမှ ဒယိမ်းဒယိုင် ထွက်သွားလိုက်သည်။


သူက ကျင်းမြောင်းကာ မှောင်နေသော အိမ်သာ အခန်းငယ်ထဲသို့ ဝင်လိုက်ကာ လောခ့် ချပြီးမှာသာ ခံစားရသည်မှာ အနည်းငယ်ပိုကောင်းလာ၏။


အဖေကျင်းသည် ထိန်းမရလောက်အောင် သူ့နှလုံးသားထဲတွင် ကြောက်စိတ်ဝင်နေပြီဖြစ်ကာ ထိုကိစ္စက ကုမ္ပဏီအထိ မည်သို့ ပြန့်နှံ့သွားကြောင်း နားမလည်နိုင်ပေ။


ကျင်းစစ်များ တစ်ခုခု ပြောလိုက်တာလား...


သို့သော် ၎င်းက မဖြစ်နိုင်ပေ။ ကျင်းစစ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များကို မသိပေ။


အဲ့ဒါဆို ဘယ်လိုလုပ် အဲ့ကိစ္စက ပြန့်သွားတာလဲ..... 


အဖေကျင်းမှာ ဦးနှောက်ခြောက်အောင် စဥ်းစားနေသော်လည်း သူအဖြေမရှာနိုင်ပေ။


အရေထူသောလူတစ်ယောက်တွင် ထိုကဲ့သို့ကိစ္စမျိုး ဖြစ်လာပါက ထိုသူလုပ်နိုင်သောအရာက အပြုံးဖြင့်သာ ငြင်းဆန်စကားဆိုပြီး တစ်နှစ်တာ အနားယူ ခွင့်တိုင်ကာ ထိုကိစ္စရဲ့ ရေပန်းစားမှုပြီးသွားလျှင် အလုပ်ဆက်လုပ်မည် ဖြစ်သည်။


စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံရန်တည်ဆောက်မှုများကို မရေမတွက်နိုင်အောင် တွေးနေသော်လည်း အဖေကျင်းမှာ သူ့သိက္ခာကို အထူးဂရုစိုက်သောသူ ဖြစ်လေသည်။ သူအခန်းထဲမှ ပြန်ထွက်လာသောအခါ သူ့လုပ်ဖော်ကိုင်ဖက်များရဲ့ ထူးဆန်းသော မျက်လုံးများအောက်တွင် တောင့်မခံနိုင်တော့ပေ။


သို့သော်လည်း ထိုအရာက အစသာ ဖြစ်လေသည်။ အင်တာနက် အသိုင်းအဝိုင်းက သေးငယ်ကျဥ်းမြောင်း၏။ ထိုကုမ္ပဏီတွင် လူငယ်များ ပေါများသော်လည်း မိဘဖြစ်နေေသာသူများလည်း ရှိလေသည်။ သူတို့က ထိုကဲ့သို့သော အကြောင်းအရာမျိုးကို သိပ်မကြားဖူးကြပေ။ တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ အယောက်တစ်ရာသို့ပင် ရောက်သွားချေသည်။ ထိုမနက်တွင် သတင်းမီဒီယာများက အဖေ့ကျင်းကို အင်တာဗျူးရန် ဆက်သွယ်လာကြ၏။


အဖေကျင်းက ဒေါသထွက်လာကာ အော်ပြောလိုက်သည်။


" သွားစမ်း ငါလက်မခံဘူး " 


ထို့နောက် သူက ဖုန်းချပစ်လိုက်သည်။


သို့ရာတွင် အဖေကျင်းမှာ သတင်းထောက်များနှင့် မကြုံတွေ့ဖူးသောကြောင့် သူ့တွင် အတွေ့အကြုံ မရှိပေ။ သူ ယဥ်ယဥ်ကျေးကျေး ငြင်းလျှင်ပင် အဆင်ပြေနိုင်သေးသည်။ သို့သော်သူက ပါးစပ်ဖွင့်လိုက်သည်နှင့် လူအများကို ဆူပူကြိမ်းမောင်းလိုက်မိကာ သတင်းထောက်များကို စကားတစ်ကြောင်းတည်းနှင့်ပင် စိတ်အနှောက်အယှက် ဖြစ်သွားစေမိ၏။


နောက်တစ်နေ့မရောက်ခင်အထိ မည်သည့် သတင်းများကို မကြားရသေးပေ။ ထိုတစ်နေ့ နံနက်တွင် သူ့ဇနီးဟောင်းနှင့် ရသော သားကို အနိုင်ကျင့်သည့် သတင်းများက အဓိက သတင်းမီဒီယာတွင် ဖော်ပြခံလိုက်ရလေသည်။


သူက သတင်းထောက်များကို မျက်နှာသာ မပေးသောကြောင့် သတင်းထောက်များကလည်း သူ့ကို သနားကြင်နာမှု မရှိပေ။ သတင်းသမားများက သူ့နာမည်ကို သတင်းတွင်ထည့်ရေးရုံသာမက သူ့ဓါတ်ပုံများကိုပင် ထည့်သွင်းဖော်ပြထားလေ၏။


ကျင်းစစ်ရဲ့ အခုနောက်ပိုင်း ကျော်ကြားမှုကြောင့် သူနှင့်သက်ဆိုင်နေသော ထိုသတင်း၏ ကျော်ကြားမှုမှာလည်း ပို၍ပို၍ မြင့်တက်လာလေသည်။


ထိုသတင်းကို တွေ့သောအခါ အဖေကျင်းရဲ့ သူငယ်ချင်းဟောင်းများနှင့် အတန်းဖော်ဟောင်းများက သူလို့ပင် မယုံကြည်နိုင်ခဲ့ကြပေ။ သို့သော် ဓါတ်ပုံများရဲ့ ကျေးဇူးဖြင့် သူ့ရဲ့ အထောက်အထားကို ချက်ချင်း အတည်ပြုလိုက်နိုင်ကာ သူတို့ရဲ့ မိတ်ဆွေများ နှင့်ဆွေမျိုးများက သီးသန့် ဆွေးနွေးကြလေတော့သည်။


ယခု တစ်ကြိမ်တွင်တော့ အဖေကျင်းမှာ တစ်ကိုယ်လုံး နီရဲ နေရချေပေပြီ။


သူ့ကို သိသူဖြစ်စေ မသိသူဖြစ်စေ... သူက လူရေခြုံထားသော ဝံပုလွေ အဖြစ်သာ သိသွားကြလေသည်။ သူ့ကိုယ်ပိုင်သား၏ စားဝတ်နေရေး စရိတ်ကို ဖြတ်တောက်သည်အား ကြည့်ခြင်းဖြင့် သူရ စရိုက်ကို သိနိုင်လေသည်။ 


ဘယ်သူက သူနဲ့ ထပ်ပြီး မိတ်ဆွေဖွဲ့ရဲမှာလဲ...


မိတ်ဆွေများထံမှ ဖယ်ကျဥ်ခံရကာ လုပ်ဖော်ကိုင်ဖက်များထံမှ အထင်သေးခံရပြီး သူစိမ်းများထံမှ အဆဲအဆို ခံရလေသည်။


ထိုတစ်နေ့တည်းတွင် အဖေကျင်းမှာ အရသာ မျိုးစုံကို ခံစားလိုက်ရသည်။


ယင်းကျောင်းသည် တစ်စုံတစ်ယောက်က သူ့အစား သူလုပ်ရမည့်ဟာတွေကို လုပ်သွားတာမသိပေ။ မနက် 5:30 တွင် သူ့ခေါင်းအုံးအောက်မှ ဖုန်းက တုန်ခါလာသည်။ ၎င်းမှာ သူမနေ့ညက ပေးခဲ့သော နှိုးစက် ဖြစ်လေ၏။


ကျင်းစစ် အိပ်ပျော်နေတာကို အနှောက်အယှက် ဖြစ်မည်ကို စိုးရိမ်ကာ ယင်းကျောင်းက သူ့မျက်လုံးကို အရင်က တစ်ခါမှ မဖွင့်ဖူးသော နှုန်းဖြင့် ဖွင့်လိုက်ပြီး နှိုးစက်ကို ထပိတ်လိုက်သည်။ ဘေးဘက်ရှိ ကျင်းစစ်ကို ကြည့်လိုက်ရာ မနိုးသေးတာကို တွေ့မှသာ သူစိတ်သက်သာရာ ရစွာ သက်ပြင်းချ လိုက်မိသည်။ သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး သူ့ဦးနှောက်ကအပြည့်အ၀ နိုးလာချိန်အထိ စောင့်နေလိုက်သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရန်အတွက် တစ်နှစ်နှင့် တစ်ဝက်သာ ကျန်တော့သဖြင့် သူနှင့်ကျင်းစစ်အတွက် အတူ ကစားရန် အချိန်အနည်းငယ်သာ ကျန်တော့ကာ သူတစ်မိနစ်လေးကိုပင် လက်မလွှတ်ချင်ပေ။


မနက် 6 နာရီတွင် ကျင်းစစ်က သူ့ရဲ့ဇီဝနာရီအတိုင်း သူ့မျက်လုံးများကို အချိန်မှန် ဖွင့်လိုက်သည်။


လေးလံသော လိုက်ကာများက တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အခန်းမှာ မှောင်မဲနေသည်။ သူ့ခန္တာကိုယ်အောက်မှ အိပ်ယာသည် သက်တောင့်သက်သာ ဖြစ်ကာ နူးညံ့နေပြီး သူရဲ့ အဆောင်မှ အနည်းငယ်လှုပ်ရှားရုံဖြင့် ပြန်ကန်ထွက်လာမည့် အိပ်ယာနှင့် မတူပေ။


ကျင်းစစ်မှာ စက္ကန့် အနည်းငယ်မျှ စိတ်ရှုပ်ထွေးသွားပြီးနောက် သူက အခုယင်းကျောင်း အိမ်တွင် ရောက်နေကြောင်း နားလည်သွားသည်။


သူတို့နှစ်ဦးသည် အရင်က အတူတူ မနေဖူးတာမျိုး မဟုတ်သော်လည်း ထိုအချိန်တွင် သူတို့က သာမန် သူငယ်ချင်းတွေသာ ဖြစ်ပြီး ယခုတွင်မူ...


ကျင်းစစ်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးများသည် ထိန်းမရစွာ ကော့တက်သွားပြီး သူ အချိန်အတော်ကြာ ပျော်ရွှင်နေပြီးမှ ဘေးသို့ လက်ဆန့်ကာ ယင်းကျောင်းကို တွန်းလှုပ်ပြီး နူးညံ့စွာ ခေါ်လိုက်၏။ 


" ယင်းကျောင်း ထတော့"


၎င်းမှာ သူတို့မနေ့ညက သဘောတူညီထားခြင်းဖြစ်သည်။ သူတို့ရဲ့ ကျန်နေသော အားလပ်ရက်များကို ကျောင်းတွင် နေသကဲ့သို့ပင် ဖြစ်နေရမည် ဖြစ်ပြီး ဒါမှ သူတို့ စိတ်အေးလက်အေး အနားယူနိုင်မည်ဖြစ်သည်။


နာရီဝက်လောက်ပင် ကြာနေပြီဖြစ်ပြီး ယင်းကျောင်းရဲ့ ထရန် အားအင်များမှာလည်း ပျောက်သွားပြီဖြစ်ပေမဲ့ သူတမင်တကာပင် အိပ်ချင်ယောင် ဟန်ဆောင်နေလိုက်သည်။


ကျင်းစစ်က သူ့ကို အကြိမ်ပေါင်းများစွာ နှိုးနေသော်လည်း သူ မတုံ့ပြန်သေးတာကို တွေ့သောအခါ သူ့အနားသို့ ရွေ့သွားလိုက်သည်။ သူထပ်ကာ တွန်းတော့မည့် အချိန်တွင် သူ့လက်ကောက်ဝတ်မှာ ရုတ်တရက် တင်းကျပ်သွားပြီး နောက်တစက္ကန့်တွင် တစ်စုံတစ်ယောက်က သူ့ကို ဖိကာလှဲချလိုက်သည်။


ယင်းကျောင်းရဲ့ ခြေတံလက်တံများသည် သွယ်လျ ကျစ်လစ်ကာ သန်မာပြီး သူက ကျင်းစစ်ကို သူ့လက်မောင်းထဲတွင် လေပင် မတိုးနိုင်လောက်အောင် ခပ်တင်းတင်း ဖက်ထားလိုက်သည်။ သူခန္တာကိုယ်အပူချိန်သည် ပါးလွှာသော ညအိပ်ဝတ်စုံကို ဖြတ်ကာ သူ့တစ်ကိုယ်လုံးကို ပူနွေးသွားစေပြီး ကျင်းစစ်ရဲ့ ဆံပင်စလေးများက သူ့ကို အနည်းငယ် ယားယံစေသည်။


သူတို့ရဲ့ ပုံစံက ဒွိဟ ဖြစ်စရာကောင်းနေကာ ကျင်းစစ်က အိပ်ပျော်နေရာမှ မနိုးသေးသော ယင်းကျောင်းကို တွန်းထုတ်ချင်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူနှိုးလိုက်သော သူက ယခုလေးတင် ရုတ်တရက် လှုပ်ရှားပြီး ပြောလာသည်။


" ဘာတွေဖြစ်နေတာလဲ"


ယင်းကျောင်းအသံက အလွန်အံ့အားသင့်နေပုံ ပေါ်လေသည်။


" မဟုတ်သေးပါဘူး ပေါင်ပေ့... မင်း ... အဲ့အကြောင်းတွေးနေတာလား"


"ငါမတွေးပါဘူး" 


ကျင်းစစ်မှာ ချက်ချင်းပင် ရှက်ရွံ့မှုများ ဖုံးလွှမ်းသွားကာ ထိုသူ့ကို ပိတ်ရိုက်ချင်သွားမိသည်။


ယင်းကျောင်းက အသာရယ်မောပြီး ကျင်းစစ်ကို စနောက်နေလိုက်သည်။


" မလုပ်ချင်ဘူးပေါ့လေ" 


သူ့ခေါင်းကို အနည်းငယ် အပေါ်သို့ပင့်လိုက်ကာ ကျင်းစစ် နားအနားသို့ကပ်ကာ ပြောလိုက်၏။


" ဒါဆို ဘာတွေဖြစ်နေတာလဲ"


___


Translated By IQ-Team.